← Chapters

အခန်း ၃-၄

Vol. 1 Ch. 3-4

အခန်း ၃-၄

Vol. 1 Ch. 3-4

အခန်း (၃) : အွန်လိုင်းသင်တန်း

နောက်တစ်နေ့တွင် စူးချီကသူ၏ရာထူးသစ်ကို စတင်ထမ်းဆောင်ရန်ရောက်ရှိလာခဲ့သည်။

အလုပ်နေရာမှာစူးချီ၏ ကျောင်းနှင့်မဝေးလှသောသီးသန့်အဆောက်အအုံလေးတစ်ခုပင် ဖြစ်သည်။

ရောက်ရောက်ချင်းမှာပင် အသားကပ်ခြေအိတ်အမည်းရောင်နှင့်အတွင်းရေးမှူးလေးယဲ့ရှူးယောင်းက စူးချီကို သူ၏ရုံးခန်းသို့လိုက်လံပို့ဆောင်ပေးသည်။

ပြတင်းပေါက်နံဘေးတွင်ရှိသော ထိုရုံးခန်းမှာသီးသန့်ဆန်လှပြီး ဧည့်သည်နှင့်စကားပြောရန် ဆိုဖာအစုံအလင်လည်း ရှိသည်။ စားပွဲပေါ်တွင်မူ ကျောင်းနှင့်ပတ်သက်သော အခြေခံအချက်အလက်များကို တင်ထားပေးသည်။

"ဆရာစူး... အရင်ဆုံး ကျောင်းရဲ့အခြေအနေနဲ့ ကျောင်းသားစာရင်းကိုလေ့လာထားလိုက်ပါဦး"

"သင်ကြားရေးအစီအစဉ်နဲ့ပတ်သက်လို့ကတော့ ကျောင်းအုပ်ကြီးရှန်ရောက်လာတဲ့အခါကျမှ ဆရာကိုယ်တိုင်ပဲတိုက်ရိုက်အစီရင်ခံလိုက်ပါ"

ယဲ့ရှူးယောင်းသည် စူးချီကိုစိတ်ထဲမှသဘောမတူသော်လည်း သူမ၏အလုပ်တာဝန်ပိုင်းမှာမူ အပြစ်ပြောစရာမရှိအောင် စေ့စပ်သေချာလှသည်။

စူးချီက ခေါင်းညိတ်ပြလိုက်ပြီးလက်ထဲရှိ ကျောင်းသားလက်ခံရေးလက်ကမ်းစာစောင်အဟောင်းကို ဖွင့်ဖတ်ကြည့်လိုက်သည်။

“နယူဗွိုင်ယေးချ် သိုင်းပညာလေ့ကျင့်ရေးကျောင်း၊ ၂၂၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်... ထူးချွန်ကျောင်းသားပေါင်း ၁၆၄၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး...”

“ဆန်းသစ်သော အွန်လိုင်းသင်တန်း သင်ကြားမှုပုံစံဖြင့်...”

“အွန်လိုင်းသင်တန်းကြေးတစ်လလျှင် ယွမ် ၂၀၀”

စူးချီသည်ဖတ်ရင်းဖတ်ရင်းနှင့် အမူအရာမှာထူးဆန်းလာတော့သည်။

အင်တာဗျူးတုန်းကနည်းပြချုပ်ဖြစ်ဖို့ကိုပဲအာရုံရောက်နေသဖြင့် ကျောင်း၏ အသေးစိတ်အချက်အလက်ကို သူသေချာမကြည့်ခဲ့မိပေ။ ယခုကျောင်းမိတ်ဆက်ကို ဖတ်ကြည့်မှပင် ဤကျောင်း၏ သဘာဝကိုသူနားလည်သွားတော့သည်။

ဒီကျောင်းက... အွန်လိုင်းသင်တန်းတွေကိုပဲအဓိကထားတဲ့ ကျောင်းပေါ့လေ။

ဆိုလိုတာက... ငါက နည်းပြချုပ်ဆိုပြီးအလုပ်လျှောက်လိုက်ပေမဲ့ တကယ်တမ်းကျတော့အွန်လိုင်းမှာ လိုက်ဖ်လွှင့်ပြီး စာသင်ရမယ့်သူဖြစ်သွားတာပေါ့

ခေတ္တမျှအံ့အားသင့်သွားပြီးနောက် စူးချီချက်ချင်းပင် တစ်ခုခုကိုသဘောပေါက်သွားသည်။

"ဒါက ငါ့ရဲ့စနစ်အတွက် ပိုတောင်အဆင်ပြေသေးတယ်"

မှန်ပါသည်။ စနစ်၏ သတ်မှတ်ချက်မှာကျောင်းသားများကို သိုင်းပညာသင်ကြားပေးရန် ဖြစ်သည်။ ကျောင်းသားဦးရေများလေလေ သူရမည့်အကျိုးကျေးဇူးက များလေလေမဟုတ်ပါလား။

အကယ်၍ သူသာသာမန်မူလတန်း သို့မဟုတ် အထက်တန်းကျောင်းက ဆရာဆိုလျှင် ပြဿနာကြီးတစ်ခု ရှိနေမည်ဖြစ်သည်။

ကျောင်းသားဦးရေ ကန့်သတ်ချက်ရှိသလို သင်ကြားရေး ကာလကလည်း အလွန်ရှည်လျားလွန်းသည်။

မူလတန်းဆရာဆိုလျှင် ကျောင်းသားတစ်သုတ်ကို ၆ နှစ်ကြာ သင်ရမည်ဖြစ်ပြီး အထက်တန်းဆိုလျှင် ၃ နှစ်ကြာမည်ဖြစ်သည်။ သို့ဆိုလျှင် ကျင့်စဉ်အသစ်တွေထပ်ပွင့်ဖို့အတွက် သူကျောင်းသား ဘယ်လောက်တောင်စုနေရဦးမည်နည်း။

တော်သေးသည်မှာ... သူကအစိုးရဆရာဖြစ်ဖို့ စာမေးပွဲဖြေရမည့်အရွယ်အထိမရောက်သေးခြင်းပင်။

ယခုမူ သူမရည်ရွယ်ဘဲနှင့်ပင်သူ၏စနစ်အတွက် အသင့်တော်ဆုံးနေရာကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။

တစ်ခုပဲရှိသည် ဤကျောင်းနှင့် ပတ်သက်၍သူနားမလည်နိုင်သော ထူးဆန်းသည့်အရာအချို့ ရှိနေသေးသည်။

ဥပမာအားဖြင့် မနေ့ကအင်တာဗျူးကိစ္စပေါ့။

စူးချီ နောက်ပိုင်းမှသိလိုက်ရသည်မှာ မနေ့ကလာဖြေသူများထဲတွင် အရည်အချင်းရှိသူတွေအများကြီး ပါခဲ့သည်။

တက္ကသိုလ်သိုင်းပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့ ထူးချွန်ကျောင်းသား၊ နာမည်ကျော်ဆရာကြီးတစ်ဦးရဲ့ တပည့်ဖြစ်သူ၊ နောက်ဆုံး တက္ကသိုလ်ကနေအနားယူထားတဲ့ဝါရင့်ဆရာကြီးတွေတောင်ပါသေးသည်။

လှပတဲ့ကျောင်းအုပ်ကြီးရှန်ကဒီလူတွေကို တစ်ယောက်မှမျက်စိမကျဘဲ သူ့ကိုမှရွေးခဲ့ခြင်းဖြစ်သည်။

ဒါကတကယ်ကိုထူးဆန်းလွန်းလှသည်။

သို့သော် စူးချီထိုအကြောင်းကို အကြာကြီးစဉ်းစားမနေတော့ပေ။ အချိန်စောနေသေးသဖြင့် ကျောင်း၏ အခြေအနေနှင့်ကိုက်ညီမည့်သင်ကြားရေး အစီအစဉ်’ကို စတင်ရေးဆွဲတော့သည်။

သူစာရေးနေစဉ်မှာပင်

‘ဒေါက် ဒေါက် ဒေါက်’

ရုံးခန်းတံခါးကိုခေါက်သံကြားလိုက်ရသည်။ စူးချီကသတိပြန်ဝင်လာပြီး

"ဝင်ခဲ့ပါ!"

‘တောက်... တောက်... တောက်’

ဒေါက်ဖိနပ်သံက တဖြည်းဖြည်းနီးကပ်လာသည်။ လူမမြင်ရသေးခင်မှာပင် မွှေးပျံ့လှသောရနံ့တစ်ခုက အခန်းထဲသို့ အရင်ဦးဆုံးပျံ့လွင့်ဝင်ရောက်လာသည်။

ထို့နောက် တံခါးပွင့်သွားကာရင့်ကျက်လှပသော ကျောင်းအုပ်ကြီးရှန်ကျစ်ရှား ပေါ်လာတော့သည်။

"ဆရာစူး အနှောင့်အယှက် ဖြစ်သွားလားရှင်"

စူးချီ ချက်ချင်းပင် ထရပ်ကာနှုတ်ဆက်လိုက်သည်။

"ကျောင်းအုပ်ကြီးရှန် ၊ ကြွပါ၊ ထိုင်ပါဦး"

ရှန်ကျစ်ရှားသည် အားနာမနေဘဲဆိုဖာတွင် တိုက်ရိုက်ဝင်ထိုင်လိုက်ကာ စူးချီကိုလက်ယပ်ခေါ်လိုက်သည်။

"ကျောင်းအကြောင်းအချက်အလက်တွေကို ကြည့်ပြီးပြီမဟုတ်လား။ ကျွန်မအခုလာတာက ဆရာ့ရဲ့ ရှေ့ဆက်မယ့်သင်ကြားရေးအစီအစဉ်ကို သိချင်လို့ပါ"

စူးချီက ခေါင်းညိတ်ပြကာ

"ကျောင်းရဲ့ သင်ကြားမှုပုံစံနဲ့မူဝါဒတွေက တော်တော်လေးကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်"

"သင်ကြားရေးနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့အစီအစဉ်ကတော့ သင်တန်းကြေးပေးထားတဲ့ ကျောင်းသားတွေကို သူတို့ရဲ့အရည်အချင်းအလိုက်တစ်ဦးချင်းစီခွဲခြားပြီး သင်ပေးဖို့စီစဉ်ထားပါတယ်"

"ကျောင်းသားတွေရဲ့အခြေခံပေါ်မူတည်ပြီး အုပ်စု ၃ စုခွဲပါမယ်။ ပြီးရင် သူတို့လိုအပ်တဲ့အပိုင်းတွေကို အဓိကထားပြီး လေ့ကျင့်ပေးမှာပါ။ ဥပမာအားဖြင့်..."

"ထူးချွန်တဲ့သူတွေကို တစ်ဦးချင်း သင်ကြားမှုပေးမယ်... အဆင့်မြင့်ကျောင်းသားတွေကို အုပ်စုလိုက် သင်ကြားမှုပေးမယ်..."

"ဒါကတော့... ကျွန်တော်ပြင်ဆင်ထားတဲ့ သင်ကြားရေးအစီအစဉ်ပါ။ မပြီးသေးပေမဲ့ ကျောင်းအုပ်ကြီး တစ်ချက်လောက်ကြည့်ပေးပါဦး"

စူးချီကပြောပြောဆိုဆိုဖြင့် သူရေးလက်စသင်ကြားရေးအစီအစဉ်ကို ရှန်ကျစ်ရှားဆီကမ်းပေးလိုက်သည်။

စနစ်ကို ရရှိပြီးကတည်းက စူးချီသည်ပြင်ဆင်မှုမရှိဘဲ နေခဲ့သည်မဟုတ်။ ဆယ်နှစ်ကျော်ကြာ ပညာရေးနှင့် ပတ်သက်သောဗဟုသုတများကို သူကိုယ်တိုင်လေ့လာခဲ့ဖူးသည်။ သင်ကြားရေး အတွေ့အကြုံလည်းရှိသဖြင့်စူးချီ၏ အရည်အချင်းမှာမညံ့လှပေ။

ထို့ကြောင့် သူတင်ပြလိုက်သော သင်ကြားရေးအစီအစဉ်မှာ အလွန်ပင်ပရော်ဖက်ရှင်နယ်ဆန်လှသလို လက်တွေ့လည်းကျလွန်းလှသည်။

ရှန်ကျစ်ရှားသည် တစ်ချက်ကြည့်ရုံနှင့်ပင်ဤအစီအစဉ်မှာအလွန်အကျိုးရှိမည်ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍သာ ဤအတိုင်းအကောင်အထည်ဖော်လိုက်လျှင် ကျောင်း၏နာမည်ဂုဏ်သတင်းမှာ တဟုန်ထိုးတက်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

‘သွားပြီ’

ဒီစီမံချက်ကိုမြင်လိုက်ရချိန်မှာ ရှန်ကျစ်ရှား၏စိတ်ထဲတွင် အချက်ပေးသံတွေမြည်လာတော့သည်။

‘ဟိုအဖိုးကြီးအနားယူသွားမှအခုနောက်ထပ်လူလည်လေးတစ်ယောက် ထပ်ရောက်လာပြန်ပြီလား’

‘ဒီကောင်လေးကလည်း ငါ့ရဲ့ နတ်ဘုရားဖြစ်မယ့်လမ်းကြောင်းကိုလာပိတ်မယ့်သူပဲလား မသိဘူး’

‘ဒီလောက်ကောင်းတဲ့သင်ကြားရေးပုံစံနဲ့ဆိုရင် ဘယ်ကျောင်းသားကများ ကျောင်းထွက်ချင်တော့မှာလဲ’

‘မဖြစ်ဘူး လုံးဝ မဖြစ်ဘူး’

ရှန်ကျစ်ရှားသည် ပညာရေးလောကထဲတွင် နှစ်ပေါင်းများစွာအစီအစဉ်ဆွဲခဲ့သော်လည်း သူမသည် တကယ်တမ်းပညာသင်ပေးရန်ရည်ရွယ်ချက်မရှိပေ။

ထိုခဏအတွင်းမှာပင် ရှန်ကျစ်ရှား၏ဦးနှောက်မှာ အလျင်အမြန်အလုပ်လုပ်တော့သည်။ ဤသင်ကြားရေး အစီအစဉ်ကို ပယ်ချရန်အကြောင်းပြချက်တစ်ခုသူမရှာရမည်...။

အကောင်းဆုံးကတော့... စူးချီကို ဟိုအားမကိုးရတဲ့ ဖားပြုတ်သိုင်းကိုပဲ အတင်းသင်ခိုင်းဖို့ပင်။

ထို့ကြောင့်ရှန်ကျစ်ရှားသည် ခေတ္တမျှစဉ်းစားဟန်ပြုပြီးနောက် စကားစလိုက်သည်။

"ကျွန်မအကြံပေးချင်တာကတော့ တစ်ဦးချင်းသင်ကြားရေးဆိုတာကို ခဏဖယ်ထားလိုက်ပါ။ ဆရာစူးအနေနဲ့ ဖားပြုတ်သိုင်းတစ်ခုတည်းကိုပဲ သင်ပေးပါ"

စူးချီသည် ထိုစကားကိုကြားသောအခါအံ့အားသင့်သွားသည်။ ကျောင်းအုပ်ကြီးဘာကိုဆိုလိုသည်ကို သူ နားမလည်ပေ။

ကျောင်းသားတွေကို သေချာမသင်ပေးရင်သင်တန်းကျောင်းဖွင့်ထားတာ ဘာထူးတော့မှာလဲ။

စူးချီဇဝေဇဝါဖြစ်နေစဉ်မှာပင် ရှန်ကျစ်ရှားကရုတ်တရက်မတ်တတ်ထရပ်လိုက်ရာ မွှေးပျံ့တဲ့ရနံ့က တစ်ခန်းလုံးပျံ့သွားပြန်သည်။ ထို့နောက် သူမ၏နူးညံ့သောလက်ကလေးဖြင့် စူးချီ၏ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

"အဲဒီဖားပြုတ်သိုင်းကိုမြင်ကတည်းက ကျွန်မသိလိုက်တယ်၊ ဒါဟာ 'ဆရာကြီးအဆင့်' သိုင်းပညာပဲ"

"ဒီလိုအဆင့်မြင့်သိုင်းပညာတွေဆိုတာ မိသားစုကြီးတွေရဲ့လျှို့ဝှက်ချက်တွေမဟုတ်လား။ အခုလို အပြင်ကိုထုတ်ပြနိုင်တာတင်ပဲကံကောင်းလှပြီ"

"ဒီလောက်အစွမ်းထက်တဲ့ သိုင်းပညာကိုရနေပြီပဲ၊ ကျောင်းသားတွေကို တခြားဟာတွေ အတင်းသင်ခိုင်းဖို့လိုသေးလို့လား"

ပြောရင်းနှင့်ရှန်ကျစ်ရှားက စူးချီကိုခိုးကြည့်လိုက်သည်။ စူးချီ ခေါင်းညိတ်နေသည်ကိုမြင်မှ သူမ စိတ်ထဲကနေ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။

‘ဟဲဟဲ ငါကတော့ တကယ့်ပါရမီရှင်ပဲ၊ ဒီလောက်ကောင်းတဲ့အကြောင်းပြချက်ကို ချက်ချင်း စဉ်းစားမိတယ်’

‘ဒီလို မြေကြီးပေါ် ဝပ်နေရတဲ့သိုင်းမျိုးကို မိသားစုကြီးတွေကဘယ်တော့မှထုတ်ပြမှာမဟုတ်ဘူးလေ၊ သူတို့သိက္ခာကျမှာပေါ့’

ရှန်ကျစ်ရှားက စူးချီ၏ ပုခုံးကို ထပ်မံ ပုတ်လိုက်ပြန်သည်။

"ဒါကြောင့်... နောက်ပိုင်းလိုက်ဖ်လွှင့်တဲ့အခါကျရင်ဖားပြုတ်သိုင်းကလွဲပြီး တခြားဘာမှ မသင်ပါနဲ့"

ကျောင်းအုပ်ကြီး၏ သရုပ်ဆောင်မှုမှာအလွန်ပင် ကောင်းမွန်လှသည်။ သူမ၏ စိတ်မပါသော စကားများက စူးချီကိုအောင်မြင်စွာလှည့်စားနိုင်ခဲ့သည်။

စူးချီသည်ခေတ္တမျှစဉ်းစားကြည့်ပြီးနောက် ကျောင်းအုပ်ကြီး၏စကားမှာအဓိပ္ပာယ်ရှိသည်ဟု ယူဆလိုက်မိသည်။

စနစ်ကသူ့ကိုသိုင်းပညာ သင်ပေးခိုင်းရုံသာဖြစ်သည်။ ကျောင်းသားတွေကို တိုးတက်အောင် လုပ်ပေးရမည်ဟု မဆိုထားပေ။

တစ်နည်းအားဖြင့် ကျောင်းအုပ်ကြီးပြောသလိုသင်ကြားခြင်းက အားလုံးအတွက်အကျိုးရှိမည့် အခြေအနေပေါ့။

ထိုသို့တွေးမိသည်နှင့် စူးချီမဆိုင်းမတွတော့ဘဲ သင်ကြားရေးပစ္စည်းများကိုအလျင်အမြန်စုစည်းကာ အွန်လိုင်းမှလိုက်ဖ်လွှင့်သင်ကြားရန်စတင်ပြင်ဆင်တော့သည်။

အဆင့်မြင့်သိုင်းလောက၏ရှန်းရှဆရာ

အခန်း (၄) : ငါ့ပိုက်ဆံပြန်ပေးပြီးကျောင်းထွက်

နံနက် ၁၁ နာရီ။

‘ပင်ဂွင်း ကွန်တက်’အွန်လိုင်းသင်ကြားရေးပလက်ဖောင်းတစ်ခုပေါ်တွင်။

စူးချီသည် ဝန်ထမ်းများ၏ညွှန်ကြားချက်အတိုင်း လိုက်ဖ်လွှင့်ခန်းမထဲသို့ဝင်ရောက်လိုက်သည်။

ထိုအချိန်တွင် အွန်လိုင်း၌ကျောင်းသား ၃၀ ခန့်ရှိနေပြီး ကျန်ရှိသောကျောင်းသားအများစုမှာ ညနေပိုင်းမှသာ လေ့လာနိုင်သူများဖြစ်ကြသည်။

စူးချီ အွန်လိုင်းတက်လာသည်နှင့် တစ်ပြိုင်နက်မှတ်ချက်ကဏ္ဍတွင်စာတန်းများတရစပ် တက်လာတော့သည်။

"ဟင် ဘာလို့ ဆရာကြီးကျန်းကျင့်ချင်း မဟုတ်ရတာလဲ"

"ဒီလူငယ်က ဘယ်သူလဲ ဆရာကြီးရဲ့ တပည့်လား"

"ငါ့ရဲ့သိုင်းပညာတိုးတက်မှုနှုန်းကပညာရေးနိမ့်ကျမှုဒဏ်ကိုမခံနိုင်တော့ဘူး ထင်တယ်၊ အခုတော့ အွန်လိုင်းသင်တန်းတွေပါအရည်အသွေးကျကုန်ပြီလား"

လိုက်ဖ်လွှင့်ခန်းမအပြင်ဘက်တွင်မူ ယဲ့ရှူးယောင်းသည်မျက်နှာပြင်ပေါ်ရှိစာတန်းများကို ကြည့်ကာ စိုးရိမ်တကြီးမေးလိုက်သည်။

" ကျောင်းအုပ်ကြီးရှန် ဆရာကြီးကျန်း အနားယူသွားတဲ့အကြောင်း ကျောင်းသားတွေကို ကြိုမအသိပေးထားတာ တကယ်ပဲ အဆင်ပြေပါ့မလား"

"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်"

ရှန်ကျစ်ရှားက လက်ကာပြလိုက်သည်။

ကျန်းကျင့်ချင်းဆိုသည်မှာစူးချီမတိုင်ခင်က နည်းပြချုပ်ဟောင်းဖြစ်သည်။

သူသည် ဟာသနှော၍သင်ကြားတတ်သူဖြစ်ပြီး အွန်လိုင်းမမေးခွန်းများကိုလည်း ကောင်းမွန်စွာ ဖြေကြားပေးတတ်သဖြင့် ကျောင်းသားများအကြားအလွန်ရေပန်းစားသူဖြစ်သည်။ လက်ရှိ ကျောင်းတွင်ရှိသော အွန်လိုင်းကျောင်းသား ၁၃၇ ဦးလုံးမှာ သူရှိ၍သာတက်နေကြခြင်းဖြစ်သည်။

ပုံမှန်အတိုင်းဆိုလျှင် နည်းပြချုပ်အနားယူသွားပါကကျောင်းသားများကို ချက်ချင်းအသိပေးရမည် ဖြစ်သော်လည်း...

ရှန်ကျစ်ရှား၏ စနစ်တွင်မူစီမံခန့်ခွဲမှုညံ့ဖျင်း၍ ကျောင်းသားထွက်သွားပါက ပြန်အမ်းငွေရရှိမည်မဟုတ်ဟု ကန့်သတ်ထားသည်။ အကယ်၍ သူမသာဆရာကြီးအနားယူသွားကြောင်း ကြိုတင်ကြေညာလိုက်လျှင် ကျောင်းသားများမှာစူးချီ၏သင်တန်းကို မတက်ဘဲကြိုတင်ထွက်သွားကြပေလိမ့်မည်။

ထိုသို့ဖြစ်၍ မရပါ။

သူမ၏ အစီအစဉ်မှာသတင်းကို ဖုံးဖိထားပြီးယနေ့စူးချီ၏အတန်းကိုတက်ဖြစ်အောင် လုပ်ရန်ဖြစ်သည်။ ထို့နောက်မှ ကျောင်းသားများကဆရာသစ်၏ကျင့်စဉ်ကိုနားမလည်ဘဲစိတ်ပျက်၍ ကျောင်းထွက်သွားပါက သူမအတွက်ပြန်အမ်းငွေရရန် ၉၈ ရာခိုင်နှုန်း သေချာသွားပေလိမ့်မည်။

ကျောင်းသား ၁၃၇ ဦး၊ တစ်ဦးလျှင် ပျမ်းမျှသွေးသားစွမ်းအင်အမှတ် ၁၀၀ စီရှိကြရာ သူတို့အားလုံး ကျောင်းထွက်သွားလျှင် သူမသည်စုစုပေါင်းအမှတ် ၁,၀၀၀,၀၀၀ ခန့်အထိ ရရှိနိုင်သည်။

ဆိုလိုသည်မှာ သူမ၏ကျင့်ကြံမှုသည်မျက်တောင်တစ်ခတ်အတွင်း အဆင့် ၈ သို့ရောက်ရှိကာ တစ်ညတွင်းချင်း အထွတ်အထိပ်သို့ ခုန်တက်သွားနိုင်ခြင်းပင်။

ဤသို့တွေးမိသည်နှင့် ရှန်ကျစ်ရှား၏နှုတ်ခမ်းဖျားမှအပြုံးမှာ AK သေနတ်ထက်ပင် ထိန်းရခက်နေပြီး စူးချီကို အမြန်ဆုံးသင်ကြားစေချင်နေတော့သည်။ ထို့ကြောင့် သူမကလိုက်ဖ်လွှင့်ခန်းမထဲရှိ စူးချီကို ‘အိုကေ’ ဟု အချက်ပြလိုက်သည်။

...

စူးချီသည် ကျောင်းအုပ်ကြီး၏အချက်ပြမှုကိုမြင်သောအခါခေါင်းညိတ်ပြလိုက်ပြီး ကင်မရာကို ကြည့်ကာစတင်သင်ကြားတော့သည်။

"အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ နယူဗွိုင်ယေးချ်သိုင်းပညာလေ့ကျင့်ရေးကျောင်းရဲ့ နည်းပြချုပ်သစ်စူးချီဖြစ်ပါတယ်"

ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက်လိုက်ဖ်လွှင့်ခန်းမမှာ ပေါက်ကွဲထွက်သွားတော့သည်။ ကျောင်းသားများမှာဆရာကြီးကျန်းကိုမျှော်လင့်နေကြသူများဖြစ်သဖြင့် ယခုလို ဆရာပြောင်းသွားခြင်းကိုလက်မခံနိုင်ကြပေ။

"သွားပြီ မင်းက ဘယ်သူလဲ"

"ဆရာကြီးကျန်း မရှိတော့ဘူးလား ကျောင်းဘက်ကနေဘာရှင်းပြချက်မှမပေးတော့ဘူးလား"

"အခုချက်ချင်း ထွက်သွားစမ်း"

ဒေါသတကြီးရေးသားထားသောမှတ်ချက်များက မျက်နှာပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။

"ကျောင်းအုပ်ကြီးရှန်၊ ဆရာစူးကိုရှင်းပြခိုင်းဖို့ တကယ်ပဲမလိုဘူးလား ကြည့်ပါဦး ကျောင်းသားတွေ အကုန်ဆူညံနေကြပြီ"

ထိုစာတန်းများကိုမြင်ရသောအခါရှန်ကျစ်ရှားမှာ စိတ်ထဲမှဝမ်းသာလုံးဆို့နေသော်လည်းအပြင်ပန်းတွင်မူ တည်ငြိမ်စွာပင်

"ဘာမှ ရှင်းပြနေဖို့မလိုဘူး ဆရာစူးရဲ့သင်ကြားမှုကို ငါတို့ ဝင်မနှောင့်ယှက်သင့်ဘူး"

ဟု ဆိုလိုက်သည်။

ယဲ့ရှူးယောင်းသည် သူမ၏အဒေါ်ကိုတစ်ချက်ကြည့်ကာသက်ပြင်းချလိုက်သည်။

‘ဝင်မနှောင့်ယှက်ရဘူး’ ဟုဆိုသော်လည်း ထိုကဲ့သို့ထူးဆန်းသော ကျင့်စဉ်မျိုးနှင့်ဆိုလျှင်ဘာတွေ ဖြစ်လာမည်ကိုသူမကြိုတွေးမိနေသည်။ သူမ၏အဒေါ်သည်အဘယ်ကြောင့်ဤမျှအထိ ထိုကျင့်စဉ်ကို ယုံကြည်နေရသနည်း။ သို့သော်လည်း သူမသည်ဝန်ထမ်းကောင်းတစ်ဦးဖြစ်သည့်အတွက် အထက်လူကြီး၏ဆုံးဖြတ်ချက်ကို မလွန်ဆန်ခဲ့ပေ။

ထိုအချိန်တွင် စူးချီကဖားပြုတ်သိုင်းကို စတင်ရှင်းပြနေပြီဖြစ်သည်။

"ဒီကျင့်စဉ်ကို ဖားပြုတ်သိုင်းလို့ ခေါ်ပါတယ်။"

"ဒါကိုအနောက်ဒေသက ဆရာကြီးအို့ယန်ဖုန်းက တီထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီဆရာကြီးဟာ ဒီကျင့်စဉ်ကို အသုံးချပြီးအလယ်ပိုင်းဒေသရဲ့ 'အကြီးအကဲကြီးငါးဦး' ထဲက တစ်ဦးအဖြစ် သိုင်းပညာရှင်ကြီးဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်"

လိုက်ဖ်လွှင့်ခန်းမ၏အပြင်ဘက်တွင်မူယဲ့ရှူးယောင်းက ရှန်ကျစ်ရှားကိုထူးဆန်းသောအမူအရာဖြင့် ကြည့်ကာ

"ကျောင်းအုပ်ကြီး... အဲဒီအို့ယန်ဖုန်းဆိုတာကို သိလား"

ဟု မေးလိုက်သည်။

ရှန်ကျစ်ရှားက ခေါင်းခါပြသည်။ ရှန်မိသားစုမှာ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော သိုင်းမိသားစု ဖြစ်သဖြင့် သမိုင်းတစ်လျှောက်သိုင်းပညာရှင်များကို သူမနှံ့နှံ့စပ်စပ်သိသည်။ သို့သော် ‘အကြီးအကဲကြီး ငါးဦး’ သို့မဟုတ် ‘အို့ယန်ဖုန်း’ ဟူသော အမည်ကိုမူသူမတစ်ခါမျှမကြားဖူးပေ။

သို့သော်လည်း... စူးချီ၏ အားတက်သရောရှင်းပြနေပုံကို ကြည့်ပြီးသူမစိုးရိမ်စိတ်အနည်းငယ် ဝင်လာမိသည်။

"ဒီကလေး... သူ့ကျင့်စဉ်က တကယ်များ အစွမ်းထက်နေတာလား"

ထိုစိုးရိမ်စိတ်ဖြင့်ပင် သူမသည်လိုက်ဖ်လွှင့်ဗီဒီယိုကိုဆက်ကြည့်နေမိသည်။

ကျင့်စဉ်၏နောက်ခံသမိုင်းကိုရှင်းပြပြီးနောက်စူးချီက သွေးသားစွမ်းအင်လှည့်ပတ်ပုံကို စတင် မျှဝေတော့သည်။

"ဒီကျင့်စဉ်ရဲ့သွေးသားစွမ်းအင်လှည့်ပတ်ပုံကတော့ စွမ်းအင်တွေကိုဒန်ထျန်းဆီကို ပို့ဆောင်ရပါမယ်။ အသက်ကိုပြင်းပြင်းရှူသွင်းပြီးမျိုချလိုက်ပါ၊ ပြီးရင်စိတ်အာရုံနဲ့အဲဒီစွမ်းအင်ကို ဒန်ထျန်းဆီ လမ်းညွှန်ပေးရပါမယ်..."

စူးချီက ပြောပြောဆိုဆိုဖြင့်သွေးသားစွမ်းအင်လှည့်ပတ်မှုပုံကြမ်းတစ်ခုကို ပြသလိုက်သည်။

"ဒါကတော့ သွေးသားစွမ်းအင်လှည့်ပတ်ပုံဇယားပါ။ ကျောင်းသားတွေအနေနဲ့ Screenshot ရိုက်ထားလို့ ရပါတယ်... ဒါဟာ ဒီကျင့်စဉ်တစ်ခုလုံးရဲ့အနှစ်သာရပါပဲ..."

ဇယားတွင် သွေးသားစွမ်းအင်ကို မည်သည့်နေရာကိုမည်သို့ ပို့ဆောင်ရမည်။ ဘာတွေကို သတိထားရမည်ကို အသေးစိတ် ဖော်ပြထားသည်။

အရာအားလုံးကို သေသေချာချာရှင်းပြပြီးနောက် စူးချီကလက်တွေ့လှုပ်ရှားမှုများကို စတင် သင်ကြားပေးသည်။

"နောက်ဆုံးအဆင့်ကတော့သိုင်းကွက်တွေပါ။ ခြေထောက်ကို ပုခုံးထက်အနည်းငယ်ပိုကျယ်အောင် ကားထားပါ။ ဒူးကိုဖြောင့်ထားပါ..."

"ဒီကျင့်စဉ်ကိုသာအပတ်တကုတ်ကျင့်ကြံမယ်ဆိုရင် ခင်ဗျားတို့ရဲ့မူလခွန်အားကို နှစ်ဆအထိ တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်..."

ပြောရင်းနှင့်စူးချီသည် ဖားပြုတ်သိုင်း၏ကိုယ်ဟန်အနေအထားအတိုင်း မြေကြီးပေါ်တွင် ဝပ်ပြလိုက်သည်။

ထိုစကားနှင့်ထိုလှုပ်ရှားမှုများ ထွက်လာသည်နှင့်တစ်ပြိုင်နက်ကျောင်းသားများမှာ ချက်ချင်းပင် ဒေါသပေါက်ကွဲကုန်ကြတော့သည်။

"သူက ခွန်အားကို နှစ်ဆတိုးပေးမယ် ဟုတ်လား"

"သွားပြီ! ဒါဟာ သိသိသာသာကို လိမ်ညာနေတာပဲ"

"ဒီလောက်အထိ ကြွားလုံးထုတ်ရသလား"

"သေချာတောင် လေ့လာမထားဘဲ လျှောက်ပြောနေတာပဲ"

ကျောင်းသားအချို့က စူးချီ၏စကားမှာယုတ္တိမရှိဟုယူဆကြသည်။ ခွန်အားကို နှစ်ဆတိုးပေးနိုင်သည့် ကျင့်စဉ်မျိုးမှာမိသားစုကြီးများ၌ပင်ရှားမှရှားသည်။ ၎င်းကို အွန်လိုင်းသင်တန်းတွင် အလကားသင်ပေးနေသည်ဆိုသည်ကို မည်သူကယုံမည်နည်း။

နောက်ထပ် ကျောင်းသားတစ်အုပ်က

ဖားပြုတ်သိုင်းမှာ အလွန်ကြည့်ရဆိုးပြီးထူးဆန်းလွန်းသည်ဟုခံစားရသည်။ မြေကြီးပေါ်တွင် ‘ကုန်း’စာလုံးပုံစံမှောက်နေရခြင်းမှာ အလွန်ပင်ရှက်ဖို့ကောင်းလှသည်။

"ဒီပုံစံက တကယ်ကို အရှက်ရစရာပဲ"

"တိုက်ခိုက်တော့မယ်ဆိုရင် အရင်ဆုံးဒူးထောက်ပြားဝပ်နေရမှာလား တကယ်ပဲ လိုလို့လား"

"ငါတို့မကျင့်နိုင်အောင် သူကတမင်အရှက်ရစရာပုံစံတွေသင်ပေးနေတာထင်တယ်"

"ဒါကို သိုင်းပညာလို့ ခေါ်လို့ရသေးလား"

"သိပြီ ဒီလူက လိမ်လည်နေတာပဲ"

"ပိုက်ဆံပြန်အမ်း ကျောင်းထွက်မယ်"

"သွားပြီ ပိုက်ဆံပြန်အမ်း အခုချက်ချင်းပြန်အမ်း"

လူပေါင်း၃၀ ကျော်မှာ မျက်နှာပြင်တစ်ခုလုံးပြည့်သွားအောင်ကန့်ကွက်နေကြသည်။ ခေတ္တမျှ ကြာပြီးနောက်သူတို့သည်မှတ်ချက်ကဏ္ဍတွင် အချင်းချင်းတိုင်ပင်ကြကာ နောက်ဆုံးတွင် သဘောတူညီချက်တစ်ခုရရှိသွားကြသည်။

သူတို့သည် ကျောင်း၏အွန်လိုင်းဝန်ဆောင်မှုဌာနသို့ဆက်သွယ်ကာကျောင်းထွက်ရန် စတင် လျှောက်ထားကြတော့သည်။

ယခုအခါ ကျောင်းထွက်လိုသူများတိုးပွားလာသည်ကို မြင်ရသောအခါယဲ့ရှူးယောင်းမှာ စိတ်ပူသွားသည်။

"ကျောင်းအုပ်ကြီးရှန်၊ အခြေအနေမကောင်းတော့ဘူး"

"သူတို့တွေ အကုန်ပိုက်ဆံပြန်တောင်းပြီးကျောင်းထွက်ဖို့ လျှောက်ထားနေကြပြီ အခုချက်ချင်း မတားရင် ၂၄ နာရီအတွင်းမှာပိုက်ဆံတွေ အလိုအလျောက်ပြန်အမ်းသွားလိမ့်မယ်"

‘ဟင်’

ရှန်ကျစ်ရှားသည် ပိုက်ဆံတွေကိုအခုချက်ချင်းပြန်အမ်းပေးလိုက်ချင်လှပြီ။ သို့သော် ယခင်က ဤကဲ့သို့သောလစ်ဟာချက်ကို အသုံးချသူများ ရှိခဲ့ဖူးသဖြင့်တရားဝင်စည်းမျဉ်းအရ ၂၄ နာရီပြည့်မှသာ ပြန်အမ်းငွေလုပ်ငန်းစဉ်ပြီးမြောက်မည်ဖြစ်သည်။

ထို့အပြင် သူမ၏ကြိုးစားလှသောတူမလေးနှင့်အသည်းအသန်သင်ပြနေသော စူးချီကိုကြည့်ကာ သူမအနေဖြင့် အားလုံး၏စိတ်ဓာတ်ကို ရိုက်ချိုးသလိုဖြစ်မည့်အလုပ်မျိုး သို့မဟုတ် ပိုက်ဆံတွေကို ကြိုတင်ပြန်အမ်းပေးသည့်အလုပ်မျိုးကိုတော့ လုပ်မည်မဟုတ်ပါ ဟုတ်တယ်မလား။

"အဆင်ပြေပါတယ် ငါဖားပြုတ်သိုင်းကိုယုံကြည်တယ်"

"ဒီကျောင်းသားတွေသာ ကိုယ်တိုင်ကျင့်ကြံကြည့်လိုက်မယ်ဆိုရင် ကျောင်းထွက်ဖို့စိတ်ကူးတွေ ပျောက်သွားကြမှာပါ"

ရှန်ကျစ်ရှားကိုယ်တိုင်ပင် ထိုစကားကို ယုံကြည်ချက်ရှိရှိပြောနေခြင်းမဟုတ်ပေ။ တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲ၌ဝမ်းသာလွန်း၍ ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေသည်။

‘စူးချီ... မင်းကငါ့အတွက်တော့ တကယ့်ပါရမီရှင်ပဲ’

‘ဆယ်နှစ်တောင် စီစဉ်ခဲ့ရတဲ့ငါ့ရဲ့အစီအစဉ်က ဒီနေ့မှာတော့အောင်မြင်တော့မယ်’

‘ငါမကြာခင်အစွမ်းထက်တဲ့ ဧကရာဇ်မင်းကြီးဖြစ်တော့မယ်’

...

မွန်းလွဲ ၂ နာရီ။

ကျန်းမြို့၊ ရှီတက္ကသိုလ် နောက်ဆက်တွဲအထက်တန်းကျောင်း၊ ကျောင်းငါးကျောင်းပူးပေါင်း ထူးချွန်ကျောင်းသားရွေးချယ်ရေးစစ်ဆေးမှုပြုလုပ်ရာနေရာ။

ဒါမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်မီနာမည်ကျော် ၉၈၅ တက္ကသိုလ်များက ကျောင်းသားများကို ကြိုတင်ရွေးချယ်သည့် အစီအစဉ်ဖြစ်သည်။ သတင်းမီဒီယာအချို့လည်း သတင်းဓာတ်ပုံများ ရိုက်ကူးရန် ရောက်ရှိနေကြသည်။

ယနေ့စစ်ဆေးမှုမှာ ခွန်အားစမ်းသပ်မှုဖြစ်ပြီး ရရှိလာသောခွန်အားအမှတ်များကို အမှတ်စာရင်းအဖြစ် တိုက်ရိုက်သတ်မှတ်မည်ဖြစ်သည်။ ကျောင်းတစ်ခုလုံးမှ ထိပ်သီးကျောင်းသား ၂၀ သာ ဤစစ်ဆေးမှုတွင်ပါဝင်ခွင့်ရရှိကြသည်။

မူအားဖြင့်တော့ ဤစစ်ဆေးမှုမှာလုံးဝတရားမျှတရမည် ဖြစ်သော်လည်း...

လက်တွေ့တွင်မူ လူကြီးသားသမီးများမှာအခွင့်ထူးခံအမှတ်များစွာ ရရှိထားကြသည်။

"ကျန်းဖန် သွေးသားစွမ်းအင် ၁၈၁ မှတ်၊ ခွန်အား ၅၅၀ ကျင်း၊ ပြည်နယ်အဆင့် ထူးချွန်ကျောင်းသားဆုအတွက် အပိုအမှတ် ၅၀၊ စုစုပေါင်း ၆၀၀ မှတ်..."

"လီမင်း သွေးသားစွမ်းအင် ၁၈၀ မှတ်၊ ခွန်အား ၅၄၆ ကျင်း၊ စာတမ်းပြုစုမှုအတွက် အပိုအမှတ် ၄၅၊ စုစုပေါင်း ၅၉၁ မှတ်..."

"လီချန်ချင်း သွေးသားစွမ်းအင် ၁၈၃ မှတ်၊ ခွန်အား ၅၆၁ ကျင်း၊ အပိုအမှတ် မရှိ... ဒုတိယအကြိမ် ထပ်မံ စမ်းသပ်လိုသလား"

လီချန်ချင်းသည် ဘေးပတ်ပတ်လည်မှကျောင်းသားများကို ကြည့်ကာမကျေမနပ်ဖြစ်နေမိသည်။

"ကျွန်တော့်ရဲ့ ခွန်အားက ကျန်းဖန်ထက်အများကြီးသာနေတာပဲ၊ ဘာလို့ ကျွန်တော့်ရဲ့ စုစုပေါင်းအမှတ်က သူတို့ထက်နိမ့်နေရတာလဲ"

စစ်ဆေးရေးဆရာသည် ဤကဲ့သို့နောက်ခံမရှိသောကျောင်းသားများကို တွေ့ဖူးနေကျဖြစ်သဖြင့် စိတ်မဆိုးဘဲလေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"မင်းအဖေကသာ ပညာရေးဌာနမှာရာထူးရှိပြီး ပြည်နယ်အဆင့်ထူးချွန်ဆုရအောင်လုပ်ပေးနိုင်ရင် မင်းလည်းအပိုအမှတ်ရမှာပေါ့"

လီချန်ချင်း ဆွံ့အသွားပြီးနောက်

"ဒါဆို လီမင်းကရော"

"မင်းမှာသာ အဆင့် ၉ ကျင့်ကြံသူအဖေရှိပြီးမင်းရဲ့စာတမ်းကိုထောက်ခံပေးနိုင်ရင် မင်းလည်း အမှတ်ရမှာပေါ့"

"ဒါပေမဲ့... ကျွန်တော့်ရဲ့ ပါရမီက သူတို့ထက်ပိုကောင်းတာပဲ"

စစ်ဆေးရေးဆရာက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ကာ

"ဒါဆို ဘာဖြစ်လဲ ဒီလောကမှာ ပါရမီမရှိတဲ့သူဘယ်သူရှိလို့လဲ"

"မင်းမှာနောက်ခံမရှိတာကိုး။ မင်းကနောက်ခံတွေကို လျစ်လျူရှုနိုင်လောက်အောင်အထိ ထူးချွန်နေတဲ့သူမှ မဟုတ်တာ"

မျှော်လင့်ချက်လုံးဝမရှိလျှင် သူဤမျှအထိနာကျည်းနေမည်မဟုတ်ပေ။ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ပန်းတိုင်ရောက်ခါနီးမှမိမိ၏ပန်းတိုင်မှာအခြားသူများအတွက် အစပြုမှတ်သာ ဖြစ်နေသည်ကို သိလိုက်ရခြင်းမှာမည်မျှခံရခက်သနည်း။

လီချန်ချင်းတွန့်ဆုတ်နေသည်ကို မြင်သောအခါစစ်ဆေးရေးဆရာက စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်သည်။

"မင်း စစ်ဆေးမှုဆက်လုပ်မှာလား မလုပ်ဘူးလား တခြားသိုင်းကျင့်စဉ်တွေရှိရင်လည်းအမြန်ထုတ်ပြ မဟုတ်ရင် မင်းရဲ့လက်ရှိအမှတ်ကိုပဲစာရင်းသွင်းလိုက်တော့မယ်"

တခြား သိုင်းကျင့်စဉ်

ဆင်းရဲတဲ့ကျောင်းသားတစ်ယောက်အနေနဲ့သိုင်းပညာသင်ယူခွင့် ဘယ်မှာရှိမှာလဲ။

သူသိထားသမျှထဲမှာ သိုင်းပညာနဲ့အနီးစပ်ဆုံးဆိုလို့ဒီနေ့မနက်ကကြည့်ခဲ့ရတဲ့ အွန်လိုင်းသင်တန်းပဲ ရှိတော့သည်။

အဲဒီကျင့်စဉ်မှာ သွေးသားစွမ်းအင်လှည့်ပတ်ပုံအပြည့်အစုံပါပေမဲ့... အဲဒါက တကယ်ပဲသိုင်းပညာ ဟုတ်ပါ့မလား။

ထားလိုက်ပါတော့ ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ချက်ကမရှိတော့ဘူးပဲ။ တကယ်လို့ အဲဒါက တကယ်ပဲအစွမ်းထက်နေရင်ရော

ငါ အဲဒီ ဖားပြုတ်သိုင်းကိုပဲ စမ်းကြည့်ရရင်ကောင်းမလား။

All Chapters