ရှန်ကျစ်ရှားဟာ အဆင့်အနိမ့်ဆုံးဖြစ်နေတဲ့ သိုင်းပညာသင်တန်းကျောင်းတစ်ကျောင်းကို အမွေရပြီး ကျောင်းထွက်ပြန်အမ်းငွေစနစ် နိုးထလာခဲ့တယ်။ ကျောင်းသားတွေသာ သူတို့သဘောနဲ့သူတို့ ကျောင်းထွက်သွားမယ်ဆိုရင် သူတို့ရဲ့ကျင့်စဉ်စွမ်းအားတွေက သူ့ဆီကို အဆတစ်ရာ ပြန်ရောက်လာလိမ့်မယ်။ ဒါကြောင့် ဒီအထက်စီးဆန်ဆန် ကျောင်းအုပ်မမရဲ့ ရည်မှန်းချက်က ကျောင်းမှာရှိတဲ့ ကျောင်းသားတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးပြီး အားလုံးကို အထွတ်အထိပ် သိုင်းဧကရာဇ်တွေ ဖြစ်လာစေဖို့ပဲ။ ***** စူးချီကတော့ တခြားကမ္ဘာတစ်ခုကနေ ကူးပြောင်းရောက်ရှိလာပြီးနတ်ဘုရားဆရာသခင်စနစ်နဲ့ ချိတ်ဆက်မိသွားခဲ့တယ်။ ကံကောင်းချင်တော့ အဲဒီစနစ်ထဲမှာ မရေမတွက်နိုင်တဲ့ သိုင်းကျမ်းတွေ ရှိနေတယ်။ ကျောင်းသားတွေကို သေချာသင်ကြားပေးနိုင်သရွေ့ မှော်ဆန်တဲ့သိုင်းပညာတွေနဲ့ လဲလှယ်ပြီး သိုင်းဧကရာဇ်တွေဖြစ်အောင် မြေတောင်မြှောက်ပေးနိုင်တယ်။ ဒါကြောင့် သူ့ရဲ့ရည်မှန်းချက်က ခေတ်အဆက်ဆက်က အတုယူရမဲ့ စံပြဆရာတစ်ဆူအဖြစ် ရပ်တည်ပြီး ထာဝရရှင်သန်ခွင့်ရဖို့ပဲ။ ***** အာဏာရှင်ဆန်တဲ့ ကျောင်းအုပ်မမနဲ့ အတွေ့အကြုံနုနယ်သေးတဲ့ ဆရာပေါက်စလေးတို့ တွေ့ဆုံကြတဲ့အခါမှာတော့...။ ဒီကျောင်းရဲ့ သင်ကြားရေးက တော်တော်လေးကို ထူးဆန်းသွားပါတော့တယ်။ "ကျောင်းသားတွေကို ခွေးဘယ်လိုရိုက်ရမလဲဆိုတာ သင်ပေးနေတာလား။ ကောင်းတယ်။ ကောင်းတယ်။ ဒါပေမဲ့ ခွေးရိုက်တုတ်သိုင်းဆိုတာက ဘာလဲဟ" "ကျောင်းသားတွေကို မျိုးပွားအင်္ဂါ ဖြတ်ထုတ်ခိုင်းနေတယ်ဟုတ်လား။ သိပ်ကောင်းတယ်။ နေဦး... ဒီနေကြာသိုင်းကျမ်းဆိုတာကရော သောက်ကျိုးနည်း ဘာကြီးလဲ" ကျောင်းရဲ့ နာမည်ဂုဏ်သတင်း တစ်နေ့တခြား ကျော်ကြားလာတာနဲ့အမျှ လှပတဲ့ကျောင်းအုပ်မမ ရှန်ကျစ်ရှားရဲ့ ရင်ထဲမှာတော့ သွေးစိမ်းရှင်ရှင် ထွက်လာပါတော့တယ်။ "ဒီနေ့ကစပြီး မင်း လမ်းလွဲသိုင်းတွေကိုပဲ သင်ပေးရမယ်" အဲဒီစကားကို ကြားတဲ့အခါ စူးချီက စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်တယ်။ "ကျောင်းသားတွေက ပက်လက်လှန်ပြီး အေးအေးဆေးဆေး ကျင့်ကြံချင်ကြတယ်ပေါ့။ ငါ့ဆီမှာ ဟဲဟွမ်လျှို့ဝှက်ကျမ်းရှိတယ်။ ဘာလဲ သိပ်မကောင်းဘူးထင်လို့လား" "မင်းတို့ တစ်ယောက်တည်း အက်ဖ်အေဘဝနဲ့ နေနိုင်ရင် ယန်ငါးပါးမိုးကြိုးကျင့်စဉ်ကိုလည်း သင်လို့ရတယ်" "လူဆက်မဖြစ်ချင်တော့ဘူး ဟုတ်လား။ ကိစ္စမရှိဘူး။ ငါ့ဆီမှာ မြေမိစ္ဆာအသွင်ပြောင်းနည်း ခုနှစ်ဆယ့်နှစ်မျိုး ရှိတယ်..."

