← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁) - အသီးအပွင့်များ ရိတ်သိမ်းခြင်း

အခြားတစ်ဖက်တွင်မူ။

ထိုက်ကျိပညာကို သင်ကြားပြီး မကြာမီမှာပင် အစီအစဉ် တင်ဆက်သူက သင်ကြားမှု အစီအစဉ် ပြီးဆုံးကြောင်း ကြေညာလိုက်ပြီး စစ်ပြန်ကြီးများအနေဖြင့် သင်တန်းအပေါ် ဆန္ဒမဲပေးရန်နှင့် အမှတ်ပေးရန် သတိပေးလိုက်သည်။

စစ်ပြန်ကြီးများသည် ထိုက်ကျိပညာကို အလွန်မြင့်မားသော အမှတ်များ ပေးခဲ့ကြသည်မှာ ယုံမှားသံသယ ရှိစရာ မလိုပေ။ စစ်ပြန်ကြီး အတော်များများမှာ သူတို့၏ သူငယ်ချင်းများကိုပင် ဖုန်းဆက်၍ သင်ကြားမှု ဗီဒီယိုကို ပြန်လည် ကြည့်ရှုခိုင်းကြသည်။

ထို့ကြောင့် ထိုက်ကျိပညာ သင်တန်းတွင် ထူးခြားသော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ အမှန်တကယ် သင်ယူခဲ့သည့် ကျောင်းသားမှာ ၇၀၃ ဦးသာ ရှိသော်လည်း စစ်ပြန်ကြီးပေါင်း ၁၅၀၀ ကျော်က အမှတ်ပြည့် ပေးခဲ့ကြခြင်း ဖြစ်သည်။ လူကိုယ်တိုင် လာရောက် မသင်ယူနိုင်ခဲ့သည့် စစ်ပြန်ကြီး အမြောက်အမြားမှာလည်း ဤကဲ့သို့ ကောင်းမွန်သည့် သင်ခန်းစာမျိုးကို လွဲချော်ခဲ့ရသည့်အတွက် အကြီးအကျယ် နောင်တရနေကြတော့သည်။

…

တစ်ချိန်တည်းမှာပင် အရှက်တကွဲ ရှုံးနိမ့်သွားခဲ့သည့် အရှေ့တိုင်းဟောင်း အဖွဲ့သည်လည်း တိတ်တဆိတ် ထွက်ခွာသွားကြပြီ ဖြစ်သည်။ ထိုက်ကျိပညာကဲ့သို့ မြင့်မားသည့် ကိုယ်ခံပညာမျိုးကို ထုတ်ပြနိုင်သည့် ပါရမီရှင် ဆရာတစ်ဦးအတွက် ဖားပြုတ်ပညာကို ဖန်တီးရန်မှာ အဘယ်မှာ ခက်ခဲပါမည်နည်း။

အွန်လိုင်းပေါ်ရှိ ဖားပြုတ်ပညာနှင့်ငြင်းခုံမှုများမှာလည်း ချက်ချင်း ရပ်တန့်သွားတော့သည်။ ဖားပြုတ်သိုင်းမှာ ခိုးယူထားခြင်း ဖြစ်ကြောင်း မည်သူမျှ စဉ်းစားစရာ မလိုဘဲ သိရှိသွားကြသည်။ ဤဖြစ်ရပ် ဖြစ်ပွားပြီး မကြာမီမှာပင် အာဏာပိုင်များက ဖားပြုတ်သိုင်း ခိုးယူမှုအတွက် ဒဏ်ငွေ အမြောက်အမြား ချမှတ်ခဲ့သည်။ အမှုဆောင်အရာရှိချုပ် စွန်းရွှိမှာလည်း ဤကိစ္စကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့ရသလို ဆရာကော်ချန်မှာလည်း ဘေးဖယ်ခြင်း ခံလိုက်ရတော့သည်။ သူတို့အားလုံးသည် မိမိတို့၏ လုပ်ရပ်အတွက် ထိုက်တန်သည့် အကျိုးဆက်ကို ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

…

သင်ကြားမှု အစီအစဉ် ပြီးဆုံးပြီးနောက် စူးချီတို့အဖွဲ့သည် သက်ကြီးရွယ်အို အထွေထွေတက္ကသိုလ်မှ စီစဉ်ပေးထားသည့် နားနေဆောင်သို့ ရောက်ရှိလာကြသည်။ ထိုက်ကျိပညာကို လေ့ကျင့်သူ ပိုမို များပြားလာသည်နှင့်အမျှ စူးချီသည်လည်း အသီးအပွင့်များကို အမြောက်အမြား ရိတ်သိမ်းနိုင်ခဲ့သည်။

“ကျောင်းသား ကျောက်ရှန့်ဝေ “စတုတ္ထအဆင့်” က ထိုက်ကျိပညာကို သင်ယူခဲ့သဖြင့် ဆရာကောင်း ရမှတ် +၁၂၅”

“ကျောင်းသား မစ္စတာ လီပေါ် “တတိယအဆင့်” က ထိုက်ကျိပညာကို သင်ယူခဲ့သဖြင့် ဆရာကောင်း ရမှတ် +၂၅”

“ကျောင်းသား ကျိန့်ယွဲ့ဟုန် “တတိယအဆင့်” က ထိုက်ကျိပညာကို သင်ယူခဲ့သဖြင့် ဆရာကောင်း ရမှတ် +၂၅”

“ကျောင်းသား ကျန်းလေ “ဒုတိယအဆင့်” က ထိုက်ကျိပညာကို သင်ယူခဲ့သဖြင့် ဆရာကောင်း ရမှတ် +၅”

“ကျောင်းသား လီဟိုင် “ပထမအဆင့်” က ထိုက်ကျိပညာကို သင်ယူခဲ့သဖြင့် ဆရာကောင်း ရမှတ် +၁”

…

“လက်ရှိ သင်ကြားနေသည့် ကျင့်စဉ် - ထိုက်ကျိ”

“ဆရာကောင်း ရမှတ် - ၂၄၄၁၄ မှတ်”

“ကျင့်စဉ် သင်ကြားမှု အခြေအနေ - ၂၀၈၃၇ / ၄၇၇၃၅၂”

“သင်ကြားမှု အခြေချ တွက်ချက်မည့်ရက် - ၆ ရက် ၂၂ နာရီ”

တကယ့်ကို အကြီးအကျယ် ရိတ်သိမ်းနိုင်ခြင်းပင်။ ဆရာကောင်း ရမှတ် နှစ်သောင်းကျော်နေသည်ကို ကြည့်ပြီး စူးချီ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သုံးနာရီ မပြည့်မီ အချိန်အတွင်းမှာပင် ရမှတ် နှစ်သောင်း ရရှိခဲ့ခြင်း ဖြစ်သည်။ ၇ ရက် ပြည့်သွားချိန်တွင် ဤရမှတ်မှာ တစ်သိန်းကျော်သွားနိုင်သည် မဟုတ်ပါလား။

“ကျောင်းသားရဲ့ ကျင့်စဉ်အဆင့် မြင့်လေလေ၊ ငါရတဲ့ ဆရာကောင်း ရမှတ်က ပိုများလေလေပဲ”

တစ်ချိန်တည်းမှာပင် စနစ်စာမျက်နှာပေါ်ရှိ အချက်အလက်များက စူးချီ၏ ယခင် ခန့်မှန်းချက်တစ်ခုကို အတည်ပြုပေးလိုက်သည်။ တတိယအဆင့် ကျောင်းသားတစ်ဦးက ကိုယ်ခံပညာ သင်ယူပါက ဆရာကောင်း ရမှတ် ၂၅ မှတ် ရရှိသည်။ စတုတ္ထအဆင့် ကျောင်းသားဆိုပါက ၁၂၅ မှတ် ရရှိသည်။ အကယ်၍ အဆင့် ၉ ရှိသည့် ကိုယ်ခံပညာရှင်ကြီး တစ်ဦးသာ ဤပညာကို သင်ယူမည် ဆိုပါက သူသည် ရမှတ် ၃၉၀၀၀၀ အထိ ရရှိပေလိမ့်မည်။

နေဦးလေ... ဤသို့ တွေးတောရင်း စူးချီသည် စနစ်၏ ချို့ယွင်းချက်တစ်ခုကို ရှာတွေ့သွားသည်။ အကယ်၍ အဆင့် ၉ ကိုယ်ခံပညာရှင်ကြီး တစ်ဦးက ထိုက်ကျိပညာကို သင်ယူမည် ဆိုပါက သူသည် ဆရာကောင်း ရမှတ် ၃၉၀၀၀၀ ကို တစ်ကြိမ်တည်းနှင့် ရရှိမည် မဟုတ်ပါလား။ ထိုက်ကျိပညာမှာ အသက်အရွယ်မရွေး လေ့ကျင့်နိုင်သည့် လက်သီးပညာ ဖြစ်ရာ ထိပ်တန်း ကိုယ်ခံပညာရှင်ကြီး အချို့က စိတ်ဝင်စား၍ လေ့ကျင့်ကြည့်ရန်မှာလည်း ဖြစ်နိုင်ခြေ ရှိပေသည်။ အကယ်၍ ထိုသို့သော သူမျိုးကသာ သင်ယူခဲ့မည် ဆိုပါက သူသည် တစ်လှမ်းတည်းနှင့် ကောင်းကင်ဘုံသို့ ရောက်သွားမည် မဟုတ်ပါလား။

ထိုသို့ တွေးတောရင်း စူးချီက စနစ်ကို မေးလိုက်သည်။

“စနစ်ရေ... ကျွန်တော့်မှာ မေးစရာ ရှိတယ်။ ကျွန်တော့်ရဲ့ ထိုက်ကျိပညာကို သင်ယူတဲ့ အဆင့် ၈ ဒါမှမဟုတ် အဆင့် ၉ ပညာရှင်ကြီးတွေ တစ်ယောက်မှ မရှိဘူးလား။ ကျွန်တော် ဘာလို့ သက်ဆိုင်ရာ ရမှတ်တွေ မရတာလဲ”

“စနစ်၏ စစ်ဆေးချက်အရ ထိုက်ကျိပညာကို သင်ယူခဲ့သည့် အဆင့် ၉ ပညာရှင် ၈ ဦးနှင့် အဆင့် ၈ ပညာရှင် ၂၃ ဦး ရှိပါသည်”

“သို့သော်... စနစ်သည် အိမ်ရှင်၏ အဆင့်ထက် တစ်ဆင့်သာ ပိုမြင့်သည့် ကျောင်းသားများထံမှ ရမှတ်ကိုသာ အသိအမှတ်ပြုပါသည်”

“တောက်... ဒါကို ဘာလို့ ကြိုမပြောတာလဲ”

“အိမ်ရှင်ဘက်မှ သက်ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းခြင်း မရှိခဲ့သောကြောင့် ဖြစ်ပါသည်”

ဒါကြောင့်ကိုး။ ဖားပြုတ်ပညာကို သင်ကြားစဉ်က ဆရာကောင်း ရမှတ် ရရှိသည့် အမြင့်ဆုံး ကျောင်းသားမှာ ဒုတိယအဆင့်သာ ဖြစ်ခဲ့သည်။ ထိုစဉ်က သူသည် ပထမအဆင့်သာ ရှိသေးသည်။ ယခု ထိုက်ကျိပညာ သင်ကြားရာတွင်လည်း သူသည် တတိယအဆင့် ရှိနေသဖြင့် အမှတ်ပေးနိုင်သည့် အမြင့်ဆုံး ကျောင်းသားမှာ စတုတ္ထအဆင့်သာ ဖြစ်သည်။ သူသည် ဆရာကောင်း ရမှတ် သန်းပေါင်းများစွာကို ဆုံးရှုံးလိုက်ရခြင်းပင်။

ထို့ကြောင့် ဆုံးရှုံးမှု နည်းပါးစေရန် သူ၏ အဆင့်ကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်ပေသည်။ သို့သော် သူ၏ အဆင့်တက်မှုနှုန်းက အရမ်း မြန်နေပါက ထူးဆန်းသည့် သတ္တဝါကြီးကဲ့သို့ ထင်မြင်ခံရနိုင်သဖြင့် စူးချီသည် ကျောင်းရှိ လေ့ကျင့်ရေးခန်းမတစ်ခုကို ခေတ္တ ငှားရမ်းလိုက်သည်။ လေ့ကျင့်ရေးခန်းမထဲ ရောက်သည်နှင့် စူးချီက စနစ်စာမျက်နှာကို ဖွင့်လိုက်သည်။ သူသည် ဆရာကောင်း ရမှတ် ၂၄၄၁၄ မှတ်ကို ကြည့်ကာ သွေးလေအင်အား အမှတ်များအဖြစ် လဲလှယ်ရန် မဆိုင်းမတွ ဆုံးဖြတ်လိုက်သည်။

“ဆရာကောင်း ရမှတ်ကို သွေးလေအင်အား အမှတ်အဖြစ် လဲလှယ်နှုန်း - ၂၀ : ၁၊ လဲလှယ်မည်လား”

“လက်ရှိ သွေးလေအင်အား - ၇၀၅ မှတ်”

သူ၏ လက်ရှိ သွေးလေအင်အားမှာ ၇၀၅ မှတ် ဖြစ်ပြီး စတုတ္ထအဆင့်သို့ ရောက်ရှိရန် လိုအပ်သည့် ၁၅၀၀ မှတ် ရရှိရန် ၇၉၅ မှတ်သာ လိုတော့သည်။ ၂၀ : ၁ လဲလှယ်နှုန်းအရ ဆိုပါက ဆရာကောင်း ရမှတ် ၁၅၉၀၀ သာ လိုအပ်ပေသည်။ စူးချီက လဲလှယ်ရန် ချက်ချင်း နှိပ်လိုက်သည်။

“စနစ်သည် ဆရာကောင်း ရမှတ် ၁၅၉၀၀ ကို သွေးလေအင်အား အမှတ်များအဖြစ် လဲလှယ်လိုက်ပါပြီ”

“လက်ရှိ သွေးလေအင်အား - ၁၅၀၀ မှတ်”

“ဆရာကောင်း ရမှတ် - ၈၅၁၄ မှတ်”

သွေးလေအင်အား လဲလှယ်မှု ပြီးဆုံးသွားသည့် ခဏတွင် စူးချီသည် လေထဲရှိ ဆန်းကြယ်သော အမှုန်အမွှားများကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ထိုအမှုန်အမွှားများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြသည်။

“စာအုပ်တွေထဲမှာတော့ တတိယအဆင့်ကနေ စတုတ္ထအဆင့်ကို တက်လှမ်းဖို့အတွက် အဓိကအချက်က အရိုးအကြော သန့်စင်ခြင်းနဲ့ အရိုးပြောင်းလဲခြင်းလို့ ဖော်ပြထားတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံကို အလုံးစုံ ပြောင်းလဲပစ်တဲ့ ဖြစ်စဉ်ပဲ။ ခန္ဓာကိုယ်က ကမ္ဘာလောကရဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်အောင် ပြုလုပ်ပေးတာ။ ဒါတွေ ပြီးသွားရင်တော့ သက်တမ်းက အနှစ် ၃၀ လောက် တိုးလာလိမ့်မယ်”

စူးချီက တိုးတိုးလေး ရေရွတ်နေစဉ်မှာပင် သူ၏ အရိုးများအတွင်းမှ အလွန်အမင်း ယားယံသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့ပေ။ သူ၏ အရိုးများအတွင်းမှ ပဲစေ့များ ပေါက်ကွဲသံကဲ့သို့သော အသံများကို သူ တစ်ဦးတည်း ကြားနေရသည်။ အကယ်၍ စူးချီသာ သူ၏ အရိုးများကို မြင်နိုင်မည် ဆိုပါက အသံတစ်ချက် ထွက်ပေါ်လာတိုင်း သူ၏ အရိုးများမှာ ကျောက်စိမ်းကဲ့သို့ ချောမွတ်ပြီး ကြည်လင် တောက်ပလာသည်ကို တွေ့ရပေလိမ့်မည်။

အချိန် မည်မျှ ကြာသွားသည် မသိသော်လည်း ထိုထူးဆန်းသည့် ခံစားချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး စူးချီက သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

“ဟမ်... အရိုးတွေကို သန့်စင်ပြီးတဲ့နောက် ငါ့ရဲ့ ခန္ဓာကိုယ်က ပြင်ပစွမ်းအင်တွေကို အချိန်တိုင်း စုပ်ယူနေသလို ခံစားရပါလား”

ထိုသို့ တွေးတောရင်း စူးချီက ထိုက်ကျိပညာကို ထပ်မံ လေ့ကျင့်ကြည့်လိုက်သည်။ ထိုက်ကျိအဖွင့်၊ မြင်းရိုင်း၏ လည်ဆံမွေးကို ခွဲထုတ်ခြင်း၊ စာကလေးအမြီးကို ဆုပ်ကိုင်ခြင်း... တိုက်ကွက် တစ်စုံ ပြီးသွားသောအခါ သွေးလေလည်ပတ်မှု အရှိန်မှာ ယခင်ကထက် နှစ်ဆ ပိုမြန်နေသည်ကို စူးချီ အံ့ဩစွာ တွေ့ရှိလိုက်ရသည်။ သွေးလေလည်ပတ်မှု တစ်ပတ် ပြည့်ပြီးနောက် စူးချီက စနစ်စာမျက်နှာကို ထပ်မံ ဖွင့်ကြည့်လိုက်သည်။

“လက်ရှိ သွေးလေအင်အား - ၁၅၁၀ မှတ်”

သွေးလေလည်ပတ်မှု တစ်ပတ်မှာတင် သွေးလေအင်အား ၁၀ မှတ် တိုးလာတာလား။ ဆိုလိုသည်မှာ အရိုးအကြော သန့်စင်ပြီးနောက် ကျင့်ကြံမှု အရှိန်မှာ နှစ်ဆ တိုးတက်လာခြင်း ဖြစ်သည်။ ဤသည်မှာ ထိုက်ကျိပညာသည် အဆင့်မြင့် ကိုယ်ခံပညာရှင်များအတွက်လည်း ထိရောက်မှု ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

ဒါဆိုရင် ငါ အဆင့်တက်သွားတဲ့အတွက် နောက်ဆိုရင် ပဉ္စမအဆင့် ပညာရှင်တွေဆီက ပိုပြီး မြင့်မားတဲ့ ဆရာကောင်း ရမှတ်တွေကို ရနိုင်တော့မှာပေါ့။ ၆ ရက်အတွင်းမှာ ဆရာကောင်း ရမှတ်တွေ အများကြီး ရလာတော့မှာ သေချာတယ်။ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အချိန်တန်ပြီ။ နောက်ထပ် သင်ကြားမည့် ကိုယ်ခံပညာအတွက် အဆင့်မြင့် ပညာရှင်တွေ သင်ယူမယ့် အရာမျိုးကို ရွေးချယ်ရမယ်။ ဘယ်လို ကိုယ်ခံပညာမျိုးကို လဲလှယ်ရမလဲ။

…

တစ်ချိန်တည်းမှာပင် ကျောင်းအုပ်ကြီးရှန်၏ ဘက်တွင်မူ။

သူသည် ဤအကြိမ် ရှုံးနိမ့်မှုအတွက် စိတ်မကောင်း ဖြစ်နေစဉ်မှာပင် အတွင်းရေးမှူးလေး ရဲ့ရှူးယောင်က သူ့ထံသို့ လျှောက်လာသည်။

“ကျောင်းအုပ်ကြီး... ဒီပွဲကြောင့် ကျွန်မတို့ သင်တန်းကျောင်းက တကယ့်ကို နာမည်ကြီးသွားပြီရှင့်။ ကျောင်းအုပ်ကြီးနဲ့ ဆရာစူးချီက ခေါင်းဆောင်တွေရဲ့ အထူး အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အို အထွေထွေတက္ကသိုလ်က ခေါင်းဆောင်တွေနဲ့ ပညာရေးဌာနက ညွှန်ကြားရေးမှူး ကျန်းတို့က ဒီည ပြုလုပ်မယ့် အတွေ့အကြုံ ဖလှယ်ပွဲနဲ့ ဂုဏ်ပြုပွဲကို တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်”

ဟမ်။

ကျောင်းအုပ်ကြီးရှန်သည် ထိုကဲ့သို့သော ပွဲမျိုးကို စိတ်မဝင်စားပေ။ အထူးသဖြင့် “နာမည်ကြီးသွားပြီ” ဆိုသည့် စကားကို ကြားရသည်မှာ သူ ကံဆိုးနေသည်ဟု ခံစားရစေသည်။ အကယ်၍ စူးချီက ထိုပွဲကို တက်ပြီးနောက် စိတ်ကူးသစ်တွေ ရလာပြီး ပိုပြီး အစွမ်းထက်တဲ့ ကိုယ်ခံပညာတွေ ထပ်မံ ဖန်တီးခဲ့ရင် ငါ့ဘဝမှာ ကျောင်းသားတွေ သင်တန်းကြေး ပြန်တောင်းမယ့်နေ့ ရောက်ပါဦးမလား။ ထို့ကြောင့် အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူရင်း ဤရှုံးနိမ့်မှုအတွက် ပြန်လည် သုံးသပ်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထိုသို့ တွေးတောရင်း သူက ငြင်းပယ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ရဲ့ရှူးယောင်က ဆက်ပြောလိုက်သည်။

“ကျွန်မတို့အပြင် ပညာရေးလောကက ကျွမ်းကျင်သူ ပါရဂူတွေ အမြောက်အမြားလည်း တက်ရောက်ကြမှာပါရှင့်”

ဪ။ ပညာရေး ကျွမ်းကျင်သူတွေလည်း တက်ကြမှာလား။

ကျောင်းအုပ်ကြီးရှန်၏ စိတ်ကူးမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ထိုကျွမ်းကျင်သူများနှင့် စကားပြောဆိုရန် အမှန်တကယ် လိုအပ်ပေသည်။ လူတိုင်း သိကြသည့်အတိုင်း ပြည်တွင်းမှ ကျွမ်းကျင်သူ ပါရဂူများမှာ တစ်မူထူးခြားကြသူများ ဖြစ်ကြသည်။

ကျွမ်းကျင်သူများ၏ အဆိုအရ လူငယ်များသည် မိမိတို့၏ မိသားစု ပိုင်ဆိုင်မှုများ အားလုံးနှင့် ဆယ်စုနှစ်တစ်ခုစာ ကြိုးစားအားထုတ်မှုများကို အသုံးပြု၍ ကိုယ်ခံပညာ လေ့ကျင့်ကာ ဘွဲ့လက်မှတ် တစ်ခုကို ရယူသင့်ပြီးနောက် အောက်ခြေတွင်သာ အေးအေးဆေးဆေး အလုပ်လုပ်သင့်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ကျွမ်းကျင်သူများက ချီးကျူးပြီး အကြံပေးသမျှ၏ ဆန့်ကျင်ဘက်ကိုသာ လုပ်ဆောင်ပါက အမှန်ကန်ဆုံး ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ ထိုကျွမ်းကျင်သူများနှင့် စကားပြောဆိုပြီး သူတို့၏ အကြံဉာဏ်များကို နားထောင်လိုက်ပါက အလွန်တရာ ညံ့ဖျင်းလှသည့် ကိုယ်ခံပညာတစ်ခုကို သူ ဖန်တီးနိုင်မည် မဟုတ်ပါလား။

ထိုသို့ တွေးတောလိုက်မိသည်နှင့် ကျောင်းအုပ်ကြီးရှန်၏ မျက်လုံးများမှာ တောက်ပလာပြီး ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်တော့သည်။

“ကောင်းပြီ၊ ငါ သိပြီ။ ဆရာစုကိုလည်း ပြင်ဆင်ထားဖို့ ပြောလိုက်ဦး”

အခန်း (၄၂) - အတွေ့အကြုံဖလှယ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ

ယခင်က ကျောင်းအုပ်ကြီးရှန်သည် အေးအေးဆေးဆေးသာ နေထိုင်တတ်သူ ဖြစ်သောကြောင့် “ခရီးသစ်” အဖွဲ့အနေဖြင့် ဤကဲ့သို့ တရားဝင် အခမ်းအနားမျိုးကို တစ်ခါမျှ မတက်ရောက်ဖူးပေ။ အဓိက အကြောင်းရင်းမှာ သူတို့၏ အဖွဲ့အစည်းမှာ ယခင်က အလွန် သေးငယ်လွန်းသောကြောင့်ပင် ဖြစ်သည်။ လူဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ သေးငယ်နေပါက အထင်အမြင်သေးခြင်းကို ခံရမြဲ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မည်သည့် လှုပ်ရှားမှုတွင်မဆို ပါဝင်ရန် ဖိတ်ကြားခြင်း မခံခဲ့ရပေ။

ယခုမူ စူးချီ၏ ကြိုးပမ်းမှုကြောင့် “ခရီးသစ်” သည် အစမှ အဆုံး တဖြည်းဖြည်း ကြီးထွားလာပြီး လက်တစ်ဖက်တည်းနှင့် မဖုံးနိုင်လောက်အောင်ပင် အင်အားကြီးမားလာသည်။ နောက်ဆုံးတွင် သူတို့သည် အစိုးရ၏ တရားဝင် အတွေ့အကြုံဖလှယ်ပွဲတွင် ပါဝင်ခွင့် ရရှိခဲ့ကြပြီ ဖြစ်သည်။

အတွင်းရေးမှူးလေး ရဲ့ရှူးယောင်မှာမူ ဤကိစ္စအတွက် အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။ ထို့အတူပင် “ခရီးသစ်” သို့ အသစ်ဝင်ရောက်လာသော ဆရာမ ယွမ်ယွမ်သည်လည်း လုပ်ဖော်ကိုင်ဖက်များနှင့် ပညာရှင်များစွာ တက်ရောက်ကြမည်ဟူသော သတင်းကြောင့် အတိုင်းထက်အလွန် ဝမ်းသာနေမိသည်။ စေတနာ့ဝန်ထမ်း ဆရာမဟောင်းတစ်ဦး ဖြစ်သော သူမအတွက်မူ ပညာရှင်များနှင့် ထိတွေ့ခွင့်ရခြင်းမှာ အိပ်မက်တစ်ခု အမှန်တကယ် ဖြစ်လာခြင်းပင် ဖြစ်သည်။

မကြာမီမှာပင် စူးချီသည်လည်း ကျင့်ကြံမှု ပြီးဆုံး၍ လေ့ကျင့်ရေးခန်းမထဲမှ ထွက်လာခဲ့သည်။ အတွေ့အကြုံဖလှယ်ပွဲ သတင်းကို ကြားရသောအခါ စူးချီက ကန့်ကွက်ခြင်း မရှိပေ။

သွေးလေအင်အားကို မြှင့်တင်ပေးနိုင်သော ထိုက်ကျိပညာကဲ့သို့သော ကိုယ်ခံပညာမျိုးကို သင်ကြားပေးပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် လူအများအပြားမှာ သွေးလေအင်အား တိုးတက်လာကြမည် ဖြစ်ပြီး တတိယအဆင့် ကျင့်စဉ်မှာ သာမန်လူများအတွက် အဟန့်အတားတစ်ခု မဟုတ်တော့ပေ။ ထိုကဲ့သို့သော တိုးတက်မှုအောက်တွင် မည်သို့သော ကိုယ်ခံပညာ လိုအပ်ချက်သစ်များ ပေါ်ပေါက်လာမည်ကို စူးချီ အမှန်တကယ် သိလိုနေမိသည်။ အနာဂတ်နှင့် ပတ်သက်၍ အစိုးရ၏ အမြင်နှင့် သဘောထားများကိုလည်း သူ နားလည်လိုသည်။ ဤသည်မှာ သူ၏ နောက်ထပ် ကိုယ်ခံပညာ ဖလှယ်မှုများအတွက် အကြံပြုချက်များကို ရရှိစေနိုင်မည် မဟုတ်ပါလား။

နောင်တွင်မူ လီလေး၏ ပျံလွှားဓား ဖြစ်မလာနိုင်ဟု မည်သူ ပြောနိုင်မည်နည်း။ သို့မဟုတ် ဘုန်းကြီးကျောင်း တစ်ကျောင်းမှ အရိုးအကြော ပြုပြင်ခြင်း ကျင့်စဉ်နှင့် အရိုးအကြော သန့်စင်ခြင်း ကျင့်စဉ်များ ဖြစ်လာနိုင်မလား။ သို့မဟုတ် စွမ်းအင်များကို အကန့်အသတ်မရှိ ပြန်လည် ဖြည့်တင်းပေးနိုင်သည့် ဆန်းကြယ်သော ကျင့်စဉ်များ ဖြစ်လာမည်လား။ သို့မဟုတ်ပါကလည်း ဒဏ်ရာရလေလေ ပိုမို အစွမ်းထက်လေလေ ဖြစ်သည့် ဆရာကြီးတစ်ဦး၏ ဓားသိုင်းပညာမျိုး ဖြစ်လာမည်လား။

“ကိုယ်ခံပညာက ကံကြမ္မာကို ပြောင်းလဲစေပြီး ပညာရေးက အနာဂတ်ကို ဖန်တီးပေးပါတယ်။ အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်ကတော့ မြို့ပြပညာရေး ရုပ်သံလိုင်းက သတင်းထောက် လီယန် ဖြစ်ပါတယ်”

ညနေ ၆ နာရီ။

သက်ကြီးရွယ်အို အထွေထွေတက္ကသိုလ်၏ အားကစားရုံ အပြင်ဘက်တွင် ကျောင်းအုပ်ကြီးရှန်ကို နှစ်ကြိမ်တိုင်တိုင် လမ်းပိတ်ခဲ့ဖူးသော သတင်းထောက် လီယန်သည် ကင်မရာကို ကြည့်ကာ မိုက်ခရိုဖုန်းကို ကိုင်ထားသည်။

“ဒီအထူးအစီအစဉ်ကနေ ကြိုဆိုပါတယ်”

သူက ပြောပြောဆိုဆိုဖြင့် သူ၏ နောက်ကွယ်မှ အခမ်းအနား ကျင်းပရာ နေရာကို ညွှန်ပြလိုက်သည်။

“ဒီနေ့မနက်က ကျင်းပခဲ့တဲ့ သက်ကြီးရွယ်အို တက္ကသိုလ် နေဝင်ဆည်းဆာ ယဉ်ကျေးမှုပွဲတော်ကတော့ ပြီးဆုံးသွားပါပြီ။ အဖွဲ့အစည်းပေါင်း ၂၀ ကျော်က ကောင်းမွန်တဲ့ ကိုယ်ခံပညာတွေကို တင်ဆက်ခဲ့ကြပြီး အဲဒီအထဲမှာ လူကြိုက်အများဆုံး ကိုယ်ခံပညာကတော့ “ခရီးသစ်” အဖွဲ့ရဲ့ ထိုက်ကျိပညာပဲ ဖြစ်ပါတယ်။ ခဏနေရင် “ခရီးသစ်” ရဲ့ ကျောင်းအုပ်ကြီးနဲ့ ထိုက်ကျိပညာကို ဖန်တီးခဲ့တဲ့ ဆရာစူးချီတို့ဟာ ဒီစင်မြင့်ပေါ်ကို ရောက်ရှိလာကြတော့မှာ ဖြစ်ပါတယ်”

“ကဲ... ကျွန်တော်တို့ရဲ့ ကင်မရာနဲ့အတူ အခမ်းအနား ကျင်းပရာ နေရာထဲကို ဝင်လိုက်ကြရအောင်”

လီယန်သည် ပြောပြီးသည်နှင့် အဓိက တံခါးကြီးကို တွန်းဖွင့်လိုက်သည်။ ထိုအချိန်တွင် အားကစားရုံအတွင်း၌ လူများဖြင့် အလွန်ပင် စည်ကားနေပြီ ဖြစ်သည်။ ပညာရေးနှင့် လေ့ကျင့်ရေး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များနှင့် ဆရာများမှာ နေရာအသီးသီးတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သတင်းထောက် လီယန်ကဲ့သို့သော သူများအပြင် ဖုန်းများကိုယ်စီ ကိုင်ကာ တိုက်ရိုက် ထုတ်လွှင့်နေကြသည့် ကိုယ်ပိုင်မီဒီယာသမား အမြောက်အမြားလည်း ရှိနေသည်။ ဤသည်မှာ အစိုးရ၏ ပွဲတစ်ခု ဖြစ်သော်လည်း သူတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် အထဲသို့ ခိုးဝင်ခဲ့ကြခြင်းပင်။

နေရာတစ်ခုလုံးတွင် လူများ ပြည့်နှက်နေသည်။ ပွဲမှာ ညစာစားချိန်နှင့် တိုက်ဆိုင်နေသဖြင့် ခန်းမ၏ ဘေးတစ်ဖက်တွင် မုန့်မျိုးစုံ၊ အအေးစာများနှင့် ခေါက်ဆွဲဆိုင် အချို့ကိုလည်း ပြင်ဆင်ထားသည်။ ခန်းမ၏ ရှေ့ဆုံးတွင် ယာယီ စင်မြင့်ကြီးတစ်ခု ရှိပြီး စင်မြင့်၏ အလယ်တွင် မြင်ကွင်းကျယ် ဖန်သားပြင်ကြီး တစ်ခုကို တပ်ဆင်ထားသည်။ ထိုဖန်သားပြင်ပေါ်တွင် “သက်ကြီးရွယ်အို အထွေထွေတက္ကသိုလ် နေဝင်ဆည်းဆာ ယဉ်ကျေးမှုပွဲတော် အတွေ့အကြုံဖလှယ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ” ဟူသော စာလုံးကြီးများကို ဖော်ပြထားသည်။

စင်မြင့်အောက်တွင် စားပွဲနှင့် ထိုင်ခုံများကို စနစ်တကျ စီစဉ်ထားပြီး စားပွဲများ၏ နောက်ကွယ်တွင် သင်တန်းကျောင်း အသီးသီး၏ အမည်များကို ကပ်ထားသည်။ သင်တန်းကျောင်းများ၏ နောက်ဘက် ထိုင်ခုံများတွင်မူ “ကျောင်းသား ကိုယ်စားလှယ်များ” ဟု ရေးသားထားသည်။ ထောင်နှင့်ချီသော စစ်ပြန် ကျောင်းသားအားလုံးကို ဖိတ်ကြားရန်မှာ မဖြစ်နိုင်သဖြင့် ဤကဲ့သို့ စီစဉ်ထားခြင်း ဖြစ်သည်။

စူးချီသည် “ခရီးသစ်” အဖွဲ့၏ နေရာမှာ ရှေ့ဆုံးတန်းတွင် ရှိနေသည်ကို သတိပြုမိလိုက်သည်။ ဤသည်မှာ သူတို့၏ ကျောင်းသည် သက်ဆိုင်ရာ ဌာနများ၏ အသိအမှတ်ပြုမှုကို အကြီးအကျယ် ရရှိထားကြောင်း ပြသနေခြင်းပင်။ လောလောဆယ်တွင် ထိုင်ခုံများ၌ ထိုင်နေသူ မရှိသလောက်ပင် ဖြစ်သည်။ အကြောင်းမှာ ပညာရေးလောကမှ လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူ ပါရဂူများမှာ အုပ်စုငယ်လေးများ ဖွဲ့ကာ အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်နေကြသောကြောင့် ဖြစ်သည်။ ဝန်းကျင်၏ အခြေအနေမှာ အလွန်ပင် လွတ်လပ်ပေါ့ပါးလှသည်။

စူးချီနှင့် ရှန်ကျစ်ရှားတို့ နှစ်ဦးမှာမူ ခေါက်ဆွဲဆိုင်တွင် ထိုင်ကာ ခေါက်ဆွဲတစ်ပန်းကန်စီကို အရသာရှိရှိ စားနေကြသည်။

“ကျောင်းအုပ်ကြီးရှန်၊ ကျွန်တော် ထင်တာကတော့ ကျောင်းအုပ်ကြီး ဝတ်ထားတာက အရမ်း လေးနက်လွန်းမနေဘူးလား”

“စူးချီ၊ ငါ ထင်တာကတော့ နင် ဝတ်ထားတာက အရမ်း ပေါ့ပျက်ပျက် နိုင်လွန်းနေတယ်”

ရှန်ကျစ်ရှားသည် အနက်ရောင် ပွဲတက်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ လှပသော ခန္ဓာကိုယ် အချိုးအစားမှာ ပေါ်လွင်နေသည်။ သူ၏ သွယ်လျသော လည်တိုင်တွင်မူ တန်ဖိုးကြီး ရတနာဆွဲကြိုး တစ်ကုံးကို ဆင်မြန်းထားရာ အလွန်ပင် မြင့်မြတ်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ စူးချီမှာမူ အနီနှင့် အဖြူ ရောထားသော အားကစားဝတ်စုံနှင့် အဖြူရောင် အားကစားဖိနပ်ကိုသာ ဝတ်ဆင်ထားရာ ကျောင်းသားတစ်ဦးနှင့်သာ တူနေတော့သည်။

သူတို့နှစ်ဦးမှလွဲ၍ “ခရီးသစ်” အဖွဲ့မှ အခြားသူများမှာမူ ရုံးဝတ်စုံ အကျီတိုလေးများနှင့် စတိုင်လ်ကျလှသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထို့ကြောင့် ပညာရှင်ဆန်လှသည့် လုပ်ဖော်ကိုင်ဖက်များ ကြားတွင် ရှန်ကျစ်ရှားမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်လာကာ စူးချီ၏ ဘေးနားသို့ အမှတ်မထင် တိုးကပ်သွားမိသည်။

သူတို့နှစ်ဦးကို ကြည့်ရသည်မှာ ကုမ္ပဏီ၏ နှစ်ပတ်လည် ပွဲတစ်ခုကို ပထမဆုံးအကြိမ် တက်ရောက်လာသည့် လူသစ်ကလေးများနှင့် တူနေသည်။ တစ်ဦးက အလွန်အကျွံ ပြင်ဆင်ထားပြီး ကျန်တစ်ဦးကမူ အလွန် ပေါ့ပေါ့ပါးပါး နေထိုင်နေသည်။ သူတို့၏ ဆန့်ကျင်ဘက် ဖြစ်နေသော ဝတ်စားဆင်ယင်မှုကြောင့် မည်သူမျှ သူတို့ထံသို့ လာရောက် စကားမပြောကြပေ။ လူအများက သူတို့အကြောင်း တိုးတိုးတိတ်တိတ် ပြောနေကြသည်ကိုသာ ကြားနေရသည်။

“ကြည့်စမ်း၊ ဟိုက မိန်းမလှလေးကို။ အဲဒီ ဝတ်စုံနဲ့ သူ့ရဲ့ အလှကတော့ တကယ့်ကို ရင်သပ်ရှုမောစရာပဲ...”

“ဒီလို ပွဲမျိုးမှာ သူက ဘာလို့ ပွဲတက်ဝတ်စုံကြီး ဝတ်လာတာလဲ။ ပြီးတော့ ဟို ဆွဲကြိုးကလည်း တကယ့်ကို တန်ဖိုးကြီးပုံပဲ”

ဤအချိန်တွင် ရှန်ကျစ်ရှား၏ ကျင့်စဉ်မှာ စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်အတွင်း စီးဝင်နေသဖြင့် သူ၏ အလှမှာ ပိုမို ထူးကဲလာပြီး ပွဲတက်ဝတ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ ပို၍ပင် သန့်ရှင်းစင်ကြယ်ကာ ကျော့ရှင်း မြင့်မြတ်နေတော့သည်။

“သူ့ရဲ့ အရှိန်အဝါအရဆိုရင် စတုတ္ထအဆင့် ဖြစ်ရမယ်။ ဒီအသက်အရွယ်နဲ့ ဆိုရင်တော့ မျိုးရိုးကြီး မိသားစုက သမီးလေးပဲ ဖြစ်မှာပါ။ သူက စူးချီကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား”

“ခရီးသစ်ရဲ့ နောက်ကွယ်မှာ ရှန်မိသားစု ရှိနေတယ်လို့ ငါကြားဖူးတယ်။ ရှန်မိသားစုက ဘာလို့ ဝင်မပါတာလဲ။ သူတို့ရဲ့ ပါရမီရှင်ကို သူများက ဒီလို ဆွဲဆောင်နေတာကို ဒီအတိုင်း ကြည့်နေတာလား”

“မျိုးရိုးကြီး မိသားစုတွေက တကယ့်ကို အနှိုင်းမဲ့ ပေးဆပ်နိုင်ကြတာပဲ။ ဒီလောက် လှတဲ့ မိန်းကလေးကတောင် စူးချီကို ဆွဲဆောင်ဖို့အတွက် ပွဲတက်ဝတ်စုံကြီးနဲ့ ခေါက်ဆွဲ လိုက်စားနေတယ်နော်”

“ငါ ပြောသားပဲ၊ ကိုယ်ခံပညာ သင်ထားတာ တကယ် အသုံးဝင်တယ်လို့။ ဒီလောက် လှတဲ့သူက မင်းနဲ့ ခေါက်ဆွဲ အတူစားဖို့ ဝန်မလေးဘူးလေ...”

တစ်ချက်ကြည့်လိုက်လျှင်မူ လူမှုပတ်ဝန်းကျင်သို့ အသစ်ဝင်ရောက်လာသည့် မျိုးရိုးကြီး မိသားစုမှ အစ်မကြီး တစ်ဦးက စူးချီကို ဆွဲဆောင်ရန် ကြိုးစားနေသည့် ပုံစံမျိုး ပေါက်နေသည်။ လူသားတို့သည် မိမိတို့၏ အောက်တန်းကျသော အတွေးများဖြင့်သာ တစ်ပါးသူကို ခန့်မှန်းတတ်ကြသည်ဟု ဆိုရပေမည်။ ထိုသို့ ဆွေးနွေးပြီးနောက် ရောက်ရှိနေသည့် အမျိုးသားများမှာ စူးချီကို မနာလိုဝန်တိုစိတ်ဖြင့် ကြည့်နေကြတော့သည်။

မကြာမီမှာပင် ရှန်ကျစ်ရှားနှင့် စူးချီတို့သည် ခေါက်ဆွဲပန်းကန်များကို တစ်ပြိုင်နက် ချလိုက်ကြသည်။ အစီအစဉ် တင်ဆက်သူက စင်ပေါ်သို့ တက်လာပြီး အတွေ့အကြုံဖလှယ်ပွဲ စတင်ကြောင်း ကြေညာလိုက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးမှာလည်း သူတို့၏ ထိုင်ခုံများဆီသို့ မတတ်သာဘဲ သွားလိုက်ကြရသည်။

လက်ခုပ်သံများ ဆူညံသွားပြီးနောက် မီဒီယာများနှင့် လူအများ၏ အာရုံစိုက်မှုမှာ စင်မြင့်ထက်သို့ ရောက်ရှိသွားသည်။ နောက်ထပ် အစီအစဉ်မှာမူ ညွှန်ကြားရေးမှူးကျန်းက အစိုးရကို ကိုယ်စားပြု၍ အဖွင့်မိန့်ခွန်း ပြောကြားခြင်း ဖြစ်သည်။ တာဝန်ရှိသည့် ဌာန၏ အကြီးအကဲ ဖြစ်သော ကျန်းလိချွမ်းသည် သက်ကြီးရွယ်အို အထွေထွေတက္ကသိုလ် တည်ထောင်ရခြင်း၏ အရေးပါပုံကို အရင်ဆုံး ပြောကြားသည်။ သူသည် ပညာရေးနှင့် လေ့ကျင့်ရေး လုပ်ငန်းများ တိုးတက်လာမှုအပေါ် သူ၏ မျှော်လင့်ချက်နှင့် ယုံကြည်ချက်များကို မြင့်မားသော အမြင်ဖြင့် တင်ပြသွားသည်။ ဤမိန့်ခွန်းသည် လုပ်ငန်းရှင် အများအပြားကို စိတ်အေးသွားစေသည်။ အကြောင်းမှာ အထက်လူကြီးများက ပညာရေးလုပ်ငန်းများကို ဖိနှိပ်တော့မည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။

“...သက်ကြီးရွယ်အို ပညာရေးအပြင် ပညာရေးလောကတစ်ခုလုံး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်အတွက် ပါရမီရှင်တွေ ပိုမို မွေးထုတ်ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

မိန့်ခွန်းပြောပြီးနောက် ကျန်းလိချွမ်းသည် စင်ပေါ်မှ ဆင်းသွားသည်။ အစီအစဉ် တင်ဆက်သူက ချက်ချင်းပင် ဆက်လက် ပြောကြားသည်။

“ညွှန်ကြားရေးမှူးကျန်းရဲ့ ကောင်းမွန်လှတဲ့ မိန့်ခွန်းအတွက် ကျေးဇူးတင်ပါတယ်”

“ဒီပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်တာဟာ ညွှန်ကြားရေးမှူးရဲ့ ဦးဆောင်မှုအပြင် ပညာရေးအဖွဲ့အစည်း အသီးသီးရဲ့ တက်ကြွတဲ့ ပါဝင်မှုကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီအထဲမှာ အဖွဲ့အစည်းတစ်ခုက ဖန်တီးခဲ့တဲ့ ကိုယ်ခံပညာဟာ မဲအများဆုံး ရရှိခဲ့ပါတယ်။ သင်တန်းကို ကျောင်းသား ၇၀၃ ဦးပဲ တက်ရောက်ခဲ့ပေမဲ့ စစ်ပြန် ကျောင်းသား ၁၇၃၁ ဦးက တခဲနက် မဲပေးခဲ့ကြတာ ဖြစ်ပါတယ်”

“ကဲ... အခုဆိုရင် “ခရီးသစ်” ကိုယ်ခံပညာ လေ့ကျင့်ရေးကျောင်းရဲ့ ကျောင်းအုပ်ကြီး မရှန်ကျစ်ရှားကို မိန့်ခွန်းပြောကြားပေးဖို့ လက်ခုပ်သံများနဲ့အတူ စင်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်”

အစီအစဉ် တင်ဆက်သူ၏ စကားဆုံးသည်နှင့် လူတိုင်း၏ အကြည့်များမှာ “ခရီးသစ်” အဖွဲ့၏ နေရာဆီသို့ ရောက်ရှိသွားသည်။

“ဘယ်သူက ကျောင်းအုပ်ကြီးလဲ”

“ခရီးသစ်ရဲ့ ကျောင်းအုပ်ကြီးက အမျိုးသမီးတစ်ယောက်လို့ ငါ ကြားဖူးတယ်”

“ဟို ရုံးဝတ်စုံနဲ့ တစ်ယောက်လား”

လူတိုင်း၏ အကြည့်မှာ အတွင်းရေးမှူးလေး ရဲ့ရှူးယောင်ထံသို့ ရောက်ရှိသွားသည်။ အဓိက အကြောင်းရင်းမှာ သူမမှာ ရုံးဝတ်စုံနှင့် အရှိန်အဝါရှိနေသောကြောင့် ဖြစ်သည်။ သူမမှာ ဤပွဲနှင့် ပိုမို သင့်တော်သည်ဟု ထင်ရသည်။ သို့သော် မထင်မှတ်ဘဲ အသက် ၂၈ နှစ်အရွယ်၊ အနက်ရောင် ပွဲတက်ဝတ်စုံနှင့် တန်ဖိုးကြီး ရတနာဆွဲကြိုးကို ဆင်မြန်းထားသော မိန်းမလှလေး တစ်ဦးက စင်ပေါ်သို့ တိုက်ရိုက် လျှောက်လှမ်းသွားတော့သည်။

တစ်ခဏချင်းအတွင်းမှာပင် ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။

“သူ... သူက တကယ်ပဲ ခရီးသစ်ရဲ့ ကျောင်းအုပ်ကြီးလား”

All Chapters