← Chapters

အခန်း ၇-၈

Vol. 1 Ch. 7-8

အခန်း ၇-၈

Vol. 1 Ch. 7-8

အခန်း (၇) : ဆာဗာ ပြိုကျသွားခြင်း

ရှန်မိသားစု၏ ဒုတိယသမီးပျို၏ ကားမှာ ‘လူဆိုးကြွက်ကြီး’ ဟု အမည်ပြောင်ပေးထားသည့် အပြာရောင် နံပါတ်ပြားတပ်ထားသော တက်စလာ ကားလေး ဖြစ်သည်။

နံပါတ်ပြားအပြာရောင်နှင့် လျှပ်စစ်ကားကို စီးသည့် ကျောင်းအုပ်ကြီးရှန်မှာ ချမ်းသာကြွယ်ဝသူဖြစ်သလို တစ်ဖက်တွင်လည်း ‘ဂျင်း’ ခဏခဏ အမိခံရသူတစ်ဦး ဖြစ်သောကြောင့် သူမကို ‘ဂျင်းမိနတ်မိမယ်လေး’ ဟုပင် အမည်ပြောင် ပေးထားကြသည်။

ယခုမူ ထို ‘လူဆိုးကြွက်ကြီး’ ကားလေးမှာ လမ်းမပေါ်တွင် အရှိန်ဖြင့် မောင်းနှင်လာပြီး ကျောင်းရှေ့တွင် ထိုးရပ်သွားတော့သည်။

ရှန်ကျစ်ရှားက ကျော့ရှင်းသော အလှဖြင့် ကားပေါ်မှ ဆင်းလာချိန်တွင် အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းမှာ စောင့်ကြိုနေသည်မှာ ကြာပြီဖြစ်သည်။

"အဒေါ်လေး..."

စိတ်ကြည်လင်နေသော ကျောင်းအုပ်ကြီးရှန်က စနောက်လိုက်သည်။

"အလုပ်လုပ်နေတဲ့အချိန်မှာ ရာထူးနဲ့ပဲ ခေါ်ပါလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ။ ကဲ... ပြောပါဦး၊ ဘာတွေ ထပ်ဖြစ်ပြန်ပြီလဲ။ ဘာလို့ ကျောင်းထဲမှာ မရှိနေတာလဲ"

ယဲ့ရှူးယောင်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး

"ဒီလိုပါ၊ မနေ့က အွန်လိုင်းသင်တန်း လိုက်ဖ်လွှင့်ပြီးတဲ့နောက်မှာ အသစ်လာအပ်တဲ့ ကျောင်းသားတွေ အများကြီး ရှိနေလို့ပါ!"

"ဘာ?" ရှန်ကျစ်ရှားမှာ မှင်တက်သွားပြီး မအောင့်နိုင်ဘဲ အာမေဍိတ်သံ ထွက်သွားသည်။ "အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျောင်းအုပ်ကြီးရှန်၏ တုံ့ပြန်ပုံကြောင့် ယဲ့ရှူးယောင်းမှာ ဇဝေဇဝါ ဖြစ်သွားရသည်။

"ဘာလို့လဲ အဒေါ်... ကျောင်းအုပ်ကြီး၊ ကျောင်းသားအသစ်တွေ ရောက်လာတာကို မပျော်ဘူးလားဟင်"

"အဲ... အဲ့ဒါက..."

စနစ်၏ လျှို့ဝှက်ချက်ကို ထုတ်ပြော၍ မရသဖြင့် ရှန်ကျစ်ရှားသည် သူမ၏ အမူအရာ ပျက်သွားသည်ကို ချက်ချင်း ပြန်ထိန်းလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူမ၏ စိတ်ထဲ၌လည်း ‘ဘယ်လိုဖြစ်ပြီး လာအပ်ရတာလဲ။ အဲဒီလို ကျင့်စဉ်မျိုးကို ဘယ်သူက သဘောကျလို့ လာအပ်ရတာလဲ’ ဟု အသည်းအသန် မေးခွန်းထုတ်နေမိသည်။

သို့သော်လည်း ရှန်ကျစ်ရှားသည် စိတ်ကို အမြန်ပြန်အေးစေလိုက်သည်။

‘ဟုတ်သားပဲ! ဘယ်လောက်ပဲ ညံ့တဲ့ရုပ်ရှင်ဖြစ်ဖြစ် ကြည့်မယ့်သူ ရှိတာပဲလေ။’

‘ဘယ်လောက်ပဲ ရုပ်ဆိုးတဲ့ ကျင့်စဉ်ဖြစ်ဖြစ် ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတဲ့သူတွေကတော့ တစ်ခုခု ထူးခြားသွားနိုင်တာပဲ။ ဟိုတုန်းကလည်း မီးနဲ့မြွေနဲ့ ကစားရတာ ဝါသနာပါတဲ့ ‘ရန်’ ဆိုလား ဘာဆိုလားဆိုတဲ့ တစ်ယောက်တောင်မှ အနိမ့်စားကျင့်စဉ်နဲ့ ဧကရာဇ်အဆင့်အထိ ရောက်သွားသေးတာပဲ မဟုတ်လား။’

‘ဒါကြောင့်...’

စူးချီပြတဲ့ အဓိပ္ပာယ်မရှိတဲ့၊ ပုံစံတုံးလှတဲ့ ကျင့်စဉ်ကိုလည်း တစ်ယောက်စ၊ နှစ်ယောက်စတော့ သဘောကျပြီး လာအပ်ကြမှာပေါ့။ ဖြစ်နိုင်တာကတော့ သူတို့က ဒီလို ရုပ်ဆိုးတဲ့ ပုံစံမျိုးကိုမှ သဘောကျတာ ဖြစ်မှာပါ။

ဒါ့အပြင်…

ငါတို့က တစ်လမှ ယွမ် ၂၀၀ ပဲ ယူတာလေ။ တစ်နေ့ကို ၇ ယွမ်တောင် မရှိဘူး။ ၇ ယွမ်ဆိုတာ မကောင်းတဲ့ နို့လက်ဖက်ရည်တစ်ခွက်ကိုတောင် ပိုက်ဆံပြန်တောင်းဖို့မသင့်တဲ့ ပမာဏပဲ။ အခုတော့ ဒီလောက်နဲ့ သိုင်းပညာ သင်ရမယ်ဆိုတော့ တွက်ခြေကိုက်တယ်လို့ ထင်ကြတာ နေမှာပါ။

ကျင့်စဉ်က ဘယ်လောက်ပဲ ညံ့ညံ့၊ ကျောင်းသားအသစ် တိုးလာတာက ပြဿနာမရှိပါဘူး။

ကျောင်းသားအသစ် နည်းနည်းပါးပါး တိုးလာရုံနဲ့ မူလကျောင်းသား ၁၀၀ ကျော်က ကျောင်းထွက်သွားမယ့် ကိစ္စကို ထိခိုက်မှာ မဟုတ်ပါဘူး။ သူတို့လည်း ခဏတက်ကြည့်လို့ ဖားပြုတ်သိုင်းက ဘာမှအသုံးမကျဘူးဆိုတာ သိသွားရင် ဧကန်အမှန် ကျောင်းထွက်သွားကြမှာပဲလေ။

အဲဒီကျမှ ငါက ပြန်အမ်းငွေတွေ ပိုတောင် ရဦးမယ်။

ပြန်အမ်းငွေလို့ ပြောမှ...

ငါတို့ ဝဘ်ဆိုဒ်က ဘယ်တော့ ပြန်ကောင်းမှာလဲ မသိဘူး။ လူတိုင်း ကျောင်းမထွက်ရင်တောင် အနည်းဆုံး ဟို ၃၀ ကျော်လောက်တော့ မြန်မြန် ထွက်သွားကြရင် ကောင်းမှာပဲ။ အဲဒါမှ ငါက အဆင့် ၈၊ အဆင့် ၉ လောက်ကို ရောက်မှာ။

ဤသို့တွေးကာ ရှန်ကျစ်ရှားသည် သက်ပြင်းဖွဖွချလိုက်ပြီး စိတ်ကို ပြန်ထိန်းကာ ပြောလိုက်သည်။

"မနေ့က ကျောင်းသားတွေ ကျောင်းထွက်မယ်လို့ အော်ဟစ်နေကြတာ မြင်ခဲ့ရတော့၊ ဒီနေ့ ကျောင်းသားအသစ်တွေ လာအပ်တယ်ဆိုတာ သိရလို့ တော်တော်လေးတော့ အံ့သြမိသား"

"ဒီရလဒ်က လက်ရှိမှာတော့ သိပ်ပြီး မကောင်းလှသေးပေမဲ့ ငါတို့ ကြိုးစားသွားမယ်ဆိုရင် တစ်နေ့ကျရင် အောင်မြင်မှာပါလို့ ငါ ယုံကြည်တယ်"

"နောက်ကျရင် ဆရာစူးကို သွားပြောလိုက်ပါဦး။ ရလဒ်တွေက မကောင်းရင်တောင် စိတ်မပျက်ပါနဲ့လို့။ ငါတို့ ဒီအွန်လိုင်းသင်တန်း လုပ်ငန်းကို အောင်မြင်အောင် ဆက်ပြီး လုပ်ဆောင်သွားကြမယ်လို့ပေါ့"

ရှန်ကျစ်ရှားက ပြောရင်းနှင့် သူမကိုယ်သူမ နူးညံ့သိမ်မွေ့ကာ အမြင်ကျယ်သော ခေါင်းဆောင်ကောင်းတစ်ဦးကဲ့သို့ လှပစွာ ပြုံးပြလိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ ကျောင်းသားတွေ ကျောင်းထွက်သွားရင် ရမည့် ပြန်အမ်းငွေများကိုသာ ဂဏန်းပေါင်းစက်ဖြင့် တွက်ချက်နေတော့သည်။

သူတို့နှစ်ဦး စကားပြောရင်း ကျောင်းတံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။ ရှန်ကျစ်ရှား၏ စိတ်မပါသော စကားများကြောင့် ယဲ့ရှူးယောင်း ခေတ္တမျှ မှင်တက်သွားပြီးမှ

"အဒေါ်လေး ကျောင်းထဲကို ဝင်ကြည့်လိုက်ပါဦး။ အတွင်းက အခြေအနေက အဒေါ်လေး ထင်ထားတာနဲ့ တခြားစီဖြစ်နေလိမ့်မယ်" ဟု ဆိုလိုက်သည်။

တခြားစီ ဟုတ်လား။

ဘာတွေ တခြားစီ ဖြစ်နေမှာလဲ။ ကျောင်းသား နည်းနည်းပါးပါး တိုးလာတာပဲ မဟုတ်လား။

ရှန်ကျစ်ရှားသည် ဤသို့တွေးကာ ‘နယူဗွိုင်ယေးချ် သိုင်းပညာလေ့ကျင့်ရေးကျောင်း’ ၏ တံခါးမကြီးကို ဝုန်းခနဲ တွန်းဖွင့်လိုက်သည်။

ကျောင်းအုပ်ကြီးရှန်၏ ကျောင်းမှာ (၃) ထပ် အဆောက်အအုံဖြစ်ပြီး ပထမထပ်ရှိ ဧည့်ခန်းမကြီးမှာ စတုရန်းမီတာ ၃၀၀ ခန့် ကျယ်ဝန်းသည်။ အမြဲတမ်း ကျယ်ဝန်းလှသော ထိုခန်းမကြီးမှာ အခုတော့ တရုတ်နှစ်သစ်ကူးကာလက ရထားဘူတာရုံကြီးနှင့် တူနေတော့သည်။

ကျောင်းသား ၁၀၀ ကျော်မှာ တန်းစီနေကြသလို၊ အချို့က ထိုင်နေကြပြီး ဘာတွေလုပ်နေကြသည်မသိ။ ကျောင်းသားတွေအပြင် ‘အဝေးရိုက်မှန်ဘီလူး’ ကြီးတွေ ကိုင်ထားသည့် သတင်းထောက်တစ်စုလည်း ဘာတွေရိုက်နေကြသည်မသိ ရောက်နေကြသည်။

"ဟင် ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ။ ကျောင်းသားအသစ် ဒီလောက်အများကြီး လာအပ်တာတော့ မဖြစ်နိုင်ဘူး"

"ဟုတ်ပြီ... ဒါဆို ဒီလူတွေအကုန်လုံးက ကျောင်းထွက်ပြီး ပိုက်ဆံပြန်တောင်းဖို့ လာကြတာပေါ့လေ"

"ဒါပေမဲ့... ကျောင်းထွက်ဖို့ကို ဘာလို့ သတင်းထောက်တွေပါ ခေါ်လာရတာလဲ"

ဉာဏ်ကောင်းလှပါသည်ဆိုသော ရှန်ကျစ်ရှား၏ ဦးနှောက်မှာ ခေတ္တမျှ ရပ်တန့်သွားသည်။ သို့သော် မကြာမီမှာပင် သူမ၏ ထက်မြက်သော ဉာဏ်ဖြင့် အခြေအနေအရပ်ရပ်ကို ဆက်စပ်တွေးတောလိုက်သည်။

‘ဟုတ်ပြီ ဒါဟာ ဒီလို ဖြစ်ရမယ်။’

‘မနေ့က ကျောင်းသား ၁၀၀ ကျော်က ဟိုလို ရုပ်ဆိုးလှတဲ့ ဖားပြုတ်သိုင်းကို ကြည့်ပြီး ဒေါသထွက်သွားကြတာပဲ။ အဲဒီထဲက ကွန်ပျူတာ တတ်တဲ့သူတွေက ငါ့ရဲ့ ဆာဗာကို ဟက်ပစ်လိုက်ကြတာပေါ့။’

‘ပြီးတော့ ကျန်တဲ့ ကျောင်းသားတွေက ကျောင်းထွက်ပြီး ပိုက်ဆံပြန်တောင်းချင်ပေမဲ့ ဝဘ်ဆိုဒ်ဖွင့်မရတော့ ငါတို့ ထွက်ပြေးမှာ ကြောက်လို့ သတင်းထောက်တွေပါ ခေါ်ပြီး လာဝိုင်းကြတာပေါ့လေ’

‘ဟုတ်တယ် အဲဒါ အဓိပ္ပာယ်အရှိဆုံးပဲ’

‘ခုတလော စီးပွားရေးကလည်း မကောင်းတော့ သင်တန်းကျောင်းတွေကလည်း ပိုက်ဆံယူပြီး ထွက်ပြေးတာတွေ များနေတာကိုး။ လူတွေကြားမှာ အခြေခံ ယုံကြည်မှုတောင် မရှိကြတော့ဘူးပဲ။’

‘စိတ်ချကြပါ ကျောင်းသားတို့... ငါက တခြားသူတွေလို ပိုက်ဆံယူပြီး ထွက်ပြေးမယ့်သူ မဟုတ်ပါဘူး။ ရှုံးချင်ရှုံးပါစေ၊ မင်းတို့ကို ပိုက်ဆံတွေ အကုန် ပြန်အမ်းပေးမယ်’

ရှန်ကျစ်ရှားသည် ဤသို့တွေးကာ လက်ကို ဝေ့ယမ်းပြလိုက်ပြီး တည်ငြိမ်စွာပင်

"ကျောင်းသားတို့... အားလုံးက ကျောင်းထွက်ဖို့ လာကြတာလား။ ကျောင်းထွက်ချင်ရင် ဒီမှာ လာပြီး စာရင်းပေးလို့ ရပါတယ်"

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အားလုံးက ထိုလှပလှသော ကျောင်းအုပ်ကြီးကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေကြသည်။

"အားလုံး စိတ်ချပါ။ ကျွန်မတို့က တာဝန်ယူမှုရှိတဲ့ ပညာရေးဌာနတစ်ခုပါ။ ကျောင်းသားတွေအနေနဲ့ ကြိုက်တဲ့အချိန် ထွက်နိုင်ပါတယ်။ ကျွန်မတို့ လုံးဝ မတားပါဘူး..."

"သင်တန်း တက်ပြီးသွားရင်တောင် သင်တန်းကြေး ယွမ် ၂၀၀ လုံးကို ချက်ချင်း ပြန်အမ်းပေးပါမယ်။ ဘာလိုအပ်တာရှိရှိ ရှေ့က ကောင်တာမှာ လာပြောကြပါ။ ကျွန်မက ပိုက်ဆံပြန်အမ်းပေးဖို့ပဲ ခွင့်ပြုထားတာပါ"

"ယဲ့ရှူးယောင်း... သေချာ စာရင်းမှတ်ထားလိုက် ကျောင်းထွက်ချင်တဲ့သူတိုင်းကို အခုချက်ချင်း ပိုက်ဆံလွှဲပေးလိုက်..."

ခန်းမတစ်ခုလုံးမှာ ပို၍ပင် တိတ်ဆိတ်သွားတော့သည်။ နောက်ဆုံးတွင် အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းက ရှန်ကျစ်ရှား၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်ရသည်။

"ကျောင်းအုပ်ကြီး... သူတို့တွေက ကျောင်းသားအသစ်တွေပါ၊ သင်တန်းလာအပ်ကြတာပါ..."

"App နဲ့ ဝဘ်ဆိုဒ်က ဆာဗာကျနေလို့ ကျောင်းကို လူကိုယ်တိုင် လာပြီး စာရင်းပေးနေကြတာပါ"

‘ဘာ’ ရှန်ကျစ်ရှား၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များ စတင် ခံစားလိုက်ရသည်။ ထိုစဉ်မှာပင် ယဲ့ရှူးယောင်းက ဆက်ပြောလိုက်သည်။

"ဒါနဲ့ပတ်သက်လို့ ကျွန်မ အဒေါ်လေး... ကျောင်းအုပ်ကြီးကို တောင်းပန်စရာ ရှိပါတယ်"

"မနေ့က အဒေါ်လေးက ဆရာစူးကို ယုံကြည်တယ်၊ ဖားပြုတ်သိုင်းက အစွမ်းထက်ပြီး အလားအလာရှိတဲ့ ကျင့်စဉ်လို့ ပြောတုန်းက ကျွန်မ မယုံခဲ့ဘူး..."

"အခုတော့ အဒေါ်လေးရဲ့ အမြင်က တကယ့်ကို စူးရှလှပါတယ်။ လူကို ကြည့်တာရော၊ ကျင့်စဉ်ကို ကြည့်တာရော တကယ့်ကို မှန်ကန်လွန်းပါတယ်။ ဖားပြုတ်သိုင်းက တကယ်ကို အံ့ဖွယ်ကျင့်စဉ်ကြီးပါပဲ"

သာမန်လူတစ်ယောက်ဆိုလျှင် ဤသို့ မြှောက်ပင့်ခြင်း ခံရပါက ဝမ်းသာအားရ ဖြစ်နေပေလိမ့်မည်။ သို့သော် ရှန်ကျစ်ရှားမှာမူ မတူပေ။

သူမ၏ စိတ်တစ်ခုလုံးမှာ ကျောင်းသားတွေ ကျောင်းထွက်သွားရင် ရမည့် သွေးသားစွမ်းအင် ပြန်အမ်းငွေများအပေါ်တွင်သာ ရှိနေသည်။ ဤစကားများကို ကြားလိုက်ရချိန်တွင် သူမသည် ဝမ်းမသာသည့်အပြင် စိတ်ထဲတွင် ကြောက်ရွံ့မှုများပင် စတင် ဝင်ရောက်လာတော့သည်။

‘ဘာတွေ ဖြစ်ကုန်တာလဲ။ အခြေအနေတွေက ငါထင်ထားတာနဲ့ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီလား’

‘အံ့ဖွယ်ကျင့်စဉ် ဟုတ်လား? အဲဒါက ဘာကို ဆိုလိုတာလဲ’

‘ကျောင်းသားတွေ ကျောင်းမထွက်ကြတော့ဘူးလား’

ရှန်ကျစ်ရှားမှာ နှုတ်ခမ်းများ ခြောက်ကပ်လာပြီး တုန်ယင်နေသော အသံဖြင့်

"ဒါဆို... သူတို့က ကျောင်းထွက်ဖို့ လာတာမဟုတ်ဘူးပေါ့"

ယဲ့ရှူးယောင်းက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူး ကျောင်းအုပ်ကြီး၊ သူတို့တွေက ကျောင်းသားအသစ်တွေပါ..."

ရှန်ကျစ်ရှားမှာ ရင်ထဲရှိ မောဟိုက်မှုကို အသာထိန်းကာ ဆက်မေးလိုက်ပြန်သည်။

"ဒါဆို ဆာဗာကျသွားတာက ကျောင်းထွက်ချင်တဲ့ ကျောင်းသားတွေ တိုက်ခိုက်လို့ မဟုတ်ဘူးလား"

"မဟုတ်ပါဘူး၊ ကျောင်းသားအသစ်တွေ အများကြီး တစ်ပြိုင်နက်တည်း ဝင်လာလို့ ဆာဗာက မခံနိုင်ဘဲ ကျသွားတာပါ"

ဤသတင်းကို ကြားလိုက်ရချိန်တွင် ရှန်ကျစ်ရှားသည် နောက်ဆုံးမျှော်လင့်ချက်ဖြင့်

"ဒါဆို မနေ့က ကျောင်းထွက်ဖို့ လျှောက်ထားတဲ့ ကျောင်းသား ၃၀ ကျော်ကရော? သူတို့ကို မြန်မြန် ပိုက်ဆံပြန်အမ်းပေးလိုက်လေ"

ယဲ့ရှူးယောင်းက ခေါင်းခါပြလိုက်ကာ ပျော်ရွှင်သောလေသံဖြင့်

"သူတို့လား? သူတို့လည်း သူတို့ရဲ့ ကျောင်းထွက်မယ့် လျှောက်လွှာတွေကို ပြန်ဖျက်သွားကြပြီ ဒါကြောင့် ဒီတစ်ခေါက်မှာ ဘယ်သူမှ ကျောင်းမထွက်ဘူးပေါ့"

"ဒီနေ့တင် ကျောင်းသား ၂၀၀၀ ကျော်လောက် ထပ်တိုးမယ်လို့ ကျွန်မ ခန့်မှန်းထားပါတယ်"

‘တောက်!’ ရှန်ကျစ်ရှားမှာ မျက်စိရှေ့တွင် အမှောင်အတိ ကျသွားတော့သည်။

အဆင့်မြင့်သိုင်းလောက၏ရှန်းရှဆရာ

အခန်း (၈) : တကယ်ပဲဖားပြုတ်သိုင်းကအစွမ်းထက်တာလား?

"အဒေါ်... ကျောင်းအုပ်ကြီး"

အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းက သူမ၏မျက်နှာကို အနီးကပ်ကပ်ကာ စိတ်လှုပ်ရှားစွာဖြင့်

"ဒီလောက်အထိ တုံ့ပြန်မှုပြင်းထန်လိမ့်မယ်လို့ အဒေါ် မထင်ထားဘူး မဟုတ်လား။ ဒါဟာ တကယ့်ကို အံ့ဩစရာကြီး မဟုတ်ဘူးလား။ တကယ့်ကို မထင်မှတ်ထားတဲ့ ရလဒ်ကြီးပဲနော်"

ဒါက ဘာအံ့ဩစရာလဲဟဲ့။

ငါ့ကိုပြောစမ်း... ဘာက အံ့ဩစရာလဲ။

ဘာက အံ့ဩစရာလဲလို့။

ဘာတွေ ဘာတွေ ဘာတွေ အံ့ဩစရာ ဖြစ်နေတာလဲ။

ကျောင်းအုပ်ကြီးရှန်မှာ အံ့ဩလွန်းသဖြင့် သူမ၏ အရှိန်ပြင်းလှသော ‘လူဆိုးကြွက်ကြီး’ ကားပေါ်မှာတင် ပြားပြားဝပ် လှဲချလိုက်ချင်တော့သည်။ ပြီးတော့... ငါက ကားထဲမှာ ရှိနေရမှာ မဟုတ်ဘူး၊ ကားအောက်မှာပဲ ရောက်နေသင့်တာ

ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်တာလဲ။

ကျောင်းသား ၁၃၇ ယောက်။

တစ်ယောက်ကို သွေးသားစွမ်းအင် ၁၀၀ စီ ရှိရင်တောင် သွေးသားစွမ်းအင် ပြန်အမ်းမှတ်ပေါင်း ၁၃၇,၀၀၀ ရမှာလေ။

လျော့တွက်လိုက်လို့ ၃၀ ယောက်ပဲ ကျောင်းထွက်တယ်ဆိုဦးတော့၊ တစ်ယောက်ကို ပျမ်းမျှ ၁၃၀ မှတ်နဲ့ဆိုရင်တောင် ၄၀,၀၀၀ ကျော် ပြန်အမ်းငွေ ရဦးမှာ။

အခုတော့ ဒါက ဘာသဘောလဲ။

ငါ ဆယ်နှစ်လုံးလုံး အစီအစဉ်ဆွဲခဲ့တယ်၊ ကျောင်းတစ်ကျောင်းဖွင့်ဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့တယ်၊ ဟိုအဖိုးကြီး အနားယူသွားတဲ့အထိ စောင့်ခဲ့တယ်၊ အခုမှ အသီးအပွင့် ခူးဆွတ်ရမယ့် အချိန်ရောက်ကာမှ...

ဒုတိယသမီးပျိုရဲ့ ကြိုးစားအားထုတ်မှုတွေက အချည်းနှီး ဖြစ်သွားတာပေါ့လေ။

တစ်ယောက်မှ ကျောင်းမထွက်ဘူးလား။

ငါ မယုံဘူး။

နင် ငါ့ကို လိမ်နေတာ ဖြစ်ရမယ်။

ရှန်ကျစ်ရှားသည် မျှော်လင့်ချက်အနည်းငယ်ဖြင့် သူမ၏ ‘စနစ်’ ကို ဖွင့်ကြည့်လိုက်သည်။

“ကျောင်းထွက်ပြန်အမ်းငွေစနစ်”

“လက်ရှိ စာရင်းသွင်းထားသော ကျောင်းသား - ၁၃၇ ဦး”

“ကျောင်းတက်ရန် လျှောက်ထားသူ - ၂၃၁ ဦး”

“ကျောင်းထွက်ရန် လျှောက်ထားသူ - ၃၁ ဦး”

“ခန့်မှန်းခြေ ကျောင်းထွက်မည့်သူ - ၀ ဦး”

“ခန့်မှန်းခြေ ပြန်ရမည့် သွေးသားစွမ်းအင် - ၄၀,၃၀၀ မှတ်”

“အိမ်ရှင်အဆင့် - ဒုတိယအဆင့် အထွတ်အထိပ်”

“လက်ရှိ ကျောင်းအဆင့်အတန်း - ၆၈၉,၁၈၆၊ အဆင့်တက်ရန် ၅,၁၄၃ အဆင့်သာ လိုတော့သည်”

အချက်အလက်တွေကို မြင်လိုက်ရချိန်တွင် ရှန်ကျစ်ရှား၏ မျက်ဝန်းများ တောက်ပသွားသည်။

ကျောင်းထွက်မယ့်သူ ရှိသေးတာပဲ! စနစ်ကတော့ လိမ်မှာ မဟုတ်ဘူး။

အဲဒီတော့ နင်တို့တွေ မှားနေတာပဲ ဖြစ်ရမယ်။

ဒုတိယသမီးပျို ခန့်မှန်းထားသလိုပါပဲ၊ ကျောင်းထွက်သွားတဲ့ ၃၁ ယောက်ဟာ ပျမ်းမျှ ၁၃၀ မှတ်စီ ရှိကြပြီး ပြန်အမ်းမှတ် ၄၀,၀၀၀ ကျော် ရမှာပဲ။

ဒါဆိုရင် အနည်းဆုံးတော့ အဆင့် (၇) ကို ရောက်နိုင်သေးတာပေါ့။

ဒုတိယသမီးပျိုဟာ မကြာခင်မှာ သမိုင်းတစ်လျှောက် အငယ်ဆုံး ‘အဆင့် ၇ သိုင်းဘုရင်’ ဖြစ်လာတော့မယ်... ဟဲဟဲဟဲ

နောက်ဆုံးအပိုင်းဖြစ်တဲ့ ‘ကျောင်းအဆင့်အတန်း’ နဲ့ ပတ်သက်လို့ကတော့...

ပျင်းရိလှတဲ့ ကျောင်းအုပ်ကြီးရှန်ဟာ ကျောင်းအဆင့်တက်လို့ရမယ့် ကျင့်ကြံမှုကို တစ်ခါမှ ထည့်မတွက်ခဲ့ပါဘူး။ အဲဒါက နှေးလွန်းတယ်လေ... သူမရဲ့ ပြတ်သားတဲ့ စရိုက်နဲ့ မကိုက်ညီဘူး။

တွေးရင်းနှင့် ရှန်ကျစ်ရှားသည် ကျောကို ဆန့်လိုက်သည်။

ထို့နောက် ဝင့်ကြွားသော အကြည့်ဖြင့် ယဲ့ရှူးယောင်းကို ကြည့်ကာ

"ငါ့ရဲ့ တူမလေးလည်းဖြစ်၊ အတွင်းရေးမှူးလေးလည်းဖြစ်တဲ့ နင်ကတော့ အလုပ်ပိုင်းမှာ ပရော်ဖက်ရှင်နယ် မဆန်သေးပါဘူး။ ကျောင်းထွက်မယ့် ကျောင်းသားတွေ ဒီလောက်အများကြီး ရှိနေတာကို"

"နောက်ကျရင်တော့ အမှန်တရားကို ဘယ်လို ရှာဖွေရမလဲဆိုတာကို ငါ သူ့ကို သေချာ သင်ပေးရမယ်..."

ရှန်ကျစ်ရှားသည် သူမ၏ အတွင်းရေးမှူးလေးကို ဆုံးမရန် ပြင်လိုက်စဉ်မှာပင်

ကွန်ပျူတာနည်းပညာဌာနမှ ပရိုဂရမ်မာ ‘ဝူမင်’ က ရုတ်တရက် ပြေးထွက်လာသည်။

"ကျောင်းအုပ်ကြီး အတွင်းရေးမှူးယဲ့ ကျွန်တော်တို့ရဲ့ ဆာဗာကို ပြင်ဆင်ပြီးပါပြီ၊ ပိုပြီးလည်း ချဲ့ထွင်ထားပါတယ်။ အခုဆိုရင် နောက်ကွယ်ကနေ စာရင်းသွင်းလို့ ရပါပြီ"

နည်းပညာဌာနက လီမင်း (ဝူမင်) ဤစကားကို ပြောလိုက်သည့် ခဏမှာပင် ရှန်ကျစ်ရှား၏ စနစ်ဝင်းဒိုးမှာ ပိတ်မသွားသေးပေ။

ထို့ကြောင့်... စနစ်ဝင်းဒိုးပေါ်ရှိ အချက်အလက်များ၊ အထူးသဖြင့် ‘ခန့်မှန်းခြေ ပြန်ရမည့် သွေးသားစွမ်းအင် အမှတ်များ’ သည်... ကိုယ်အလေးချိန် တိုင်းစက်ပေါ်မှ ဆင်းလိုက်သည့် ကိန်းဂဏန်းများကဲ့သို့ပင် ချက်ချင်း ‘သုည’ (၀) ဖြစ်သွားတော့သည်။

ဆက်တိုက်ဆိုသလိုပင် စနစ်၏ အသိပေးချက်များ ရူးမတတ် မြည်လာတော့သည်။

“တင်း... ကျောင်းသားဦးရေ ၁,၀၀၀ ကျော်သွားသဖြင့် ကျောင်းအဆင့်အတန်း ၁၂,၅၀၁ အဆင့် မြင့်တက်သွားပါသည်”

“တင်း... ကျောင်း၏ လူကြိုက်များမှုနှုန်း ၂ သန်းကျော်သွားသဖြင့် ကျောင်းအဆင့်အတန်း ၄၅,၆၃၁ အဆင့် မြင့်တက်သွားပါသည်”

“တင်း... ကျောင်းအဆင့်အတန်း ၄၀ ရာခိုင်နှုန်း မြင့်တက်သွားသဖြင့် အိမ်ရှင်အား အဆင့်မြှင့်တင်ပေးလိုက်ပါပြီ”

“လက်ရှိ အိမ်ရှင်အဆင့် - တတိယအဆင့် အစောပိုင်း”

“တင်း... လက်ရှိကျောင်းအဆင့် ၆၃၁,၀၅၄၊ နောက်တစ်ဆင့်တက်ရန် ၂၂၀,၆၂၈ အဆင့် လိုပါသည်”

‘ဝုန်း...’

ဤစနစ်အသိပေးသံများကို ကြားလိုက်ရချိန်တွင် ရှန်ကျစ်ရှား၏ ဦးနှောက်ထဲ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

‘ဂျောက်...’

ထို့နောက် သူမ၏ အရိုးများထဲမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ အရိုးများမှာ ပို၍ မာကျောလာသလို ခံစားလိုက်ရသည်။

နေ့စဉ်နေ့တိုင်း ခေါင်းမော့ထားသည့်အခါ သူမ၏ ရင်ဘတ်အလှကြောင့် လည်ပင်းပေါ်တွင် ခံစားရလေ့ရှိသော ဖိအားများမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူမသည် ဒေါက်ဖိနပ်ဖြင့် ကြမ်းပြင်ကို အသာလေး တောက်လိုက်သည်။

‘ဂျောက်...’ ထူထဲလှသော စကျင်ကျောက် ကြမ်းပြင်ပေါ်တွင် တွင်းငယ်လေးတစ်ခု ပေါ်လာခဲ့သည်။

"ဘုရားရေ... တတိယအဆင့်"

တတိယအဆင့် သွေးသားစွမ်းအင်မှာ ၇၀၀ မှတ်ဝန်းကျင်ရှိပြီး ခွန်အားအားဖြင့် ၂,၁၀၀ ကျင်းခန့် ရှိသည်။ ဆိုလိုသည်မှာ သူမ၏ သာမန် လက်သီးတစ်ချက်သည် ၁ တန်ရှိသော အရာဝတ္ထုတစ်ခု ပြုတ်ကျလာသကဲ့သို့ ပြင်းထန်လှသည်။

ဤနယ်ပယ်မှာ လူပေါင်းများစွာ အိပ်မက်မက်ရသော အဆင့်ဖြစ်သည်။ သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦး ဘွဲ့လွန်တက်ခွင့်ရရန် အခွင့်အလမ်း ၁ ရာခိုင်နှုန်း ရှိပါက ဒုတိယအဆင့်မှ တတိယအဆင့်သို့ တက်နိုင်ရန်မှာ ၂၀ ရာခိုင်နှုန်းသာ ရှိသည်။ ဆိုလိုသည်မှာ ဒုတိယအဆင့် ဘွဲ့လွန်ကျောင်းသား ၅ ယောက်တွင် ၁ ယောက်သာ ဤအဆင့်သို့ ရောက်နိုင်သည်။

ရှန်ကျစ်ရှားမှာမူ ၎င်းကို အလွယ်တကူ ရရှိခဲ့သည်။

သို့သော်... ယခုအချိန်တွင် သူမသည် ဝမ်းမသာနိုင်သည့်အပြင် မျက်ရည်မထွက်ဘဲ ငိုချင်နေတော့သည်။

“ကျောင်းထွက်ပြန်အမ်းငွေစနစ်”

“လက်ရှိ စာရင်းသွင်းထားသော ကျောင်းသား - ၁၃၇ ဦး”

“ကျောင်းတက်ရန် လျှောက်ထားသူ - ၄,၂၀၁ ဦး”

“ကျောင်းထွက်ရန် လျှောက်ထားသူ - ၀ ဦး”

“ခန့်မှန်းခြေ ပြန်ရမည့် သွေးသားစွမ်းအင် - ၀ မှတ်”

ဆာဗာ ပြန်ကောင်းလာပြီးနောက် ပြောင်းလဲသွားသော ကိန်းဂဏန်းများကို ကြည့်ကာ ရှန်ကျစ်ရှား၏ ရင်ထဲတွင် အေးစိမ့်သွားတော့သည်။

မူလက သူမသည် သွေးသားစွမ်းအင် ၁ သန်းကျော် ရရှိကာ အဆင့် (၈) သို့ တက်လှမ်းပြီး ‘ရွှေရောင်ကိုယ်ထည် ကျောက်သားတင်ခြင်း’ လေးကြိမ်မြောက်ကို အောင်မြင်ရန် မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

အနည်းဆုံးတော့ သွေးသားစွမ်းအင် ၄၀,၀၀၀ ကျော် ရရှိကာ အဆင့် (၇) ‘ဒုတိယဝိညာဉ်ပြုစုခြင်း’ နယ်ပယ်သို့ ရောက်မည်ဟု တွေးထားခဲ့သည်။

ဘယ်သူသိမှာလဲ... အသည်းအသန် ကြိုးစားခဲ့သမျှ အခုတော့ သူမ၏ အဆင့်ကို ကြည့်ပြီး ငိုချင်စိတ်သာ ပေါက်နေတော့သည်။ ယခုအခါ ရှုံးနိမ့်သွားသော အမျိုးသမီးသူဌေးကြီးတစ်ဦးကဲ့သို့ သူမ၏ မျက်ဝန်းထဲတွင် နာကျည်းမှုများ ပြည့်နှက်နေပြီး သွေးအန်တော့မတတ် ဖြစ်နေသည်။

တော်တော်ကြာမှ ရှန်ကျစ်ရှား စကားပြန်ပြောနိုင်တော့ကာ

"ဒါ... ဒါက တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ"

ဖားပြုတ်သိုင်းက သောက်သုံးမကျတဲ့ ကျင့်စဉ်လို့ ပြောကြတယ် မဟုတ်လား။ ငါ မှားသွားတာလား၊ ဒါမှမဟုတ် ယဲ့ရှူးယောင်းကပဲ မှားသွားတာလား။

ဟိုမြေကြီးပေါ် ဝပ်နေရတဲ့ သိုင်းပညာက တကယ်ပဲ အစွမ်းထက်နေတာလား။

မဖြစ်နိုင်တာ။

စူးချီက ပထမနှစ်ကျောင်းသားလေးပဲ ရှိသေးတာ၊ သူက ဘယ်လိုလုပ် အစွမ်းထက်တဲ့ ကျင့်စဉ်ကို တီထွင်နိုင်မှာလဲ... ငါ မယုံဘူး။

အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းမှာမူ သူမကျောင်းအုပ်ကြီး၏ မေးခွန်းတိုလေးနောက်ကွယ်တွင် ဤမျှအထိ ရှုပ်ထွေးသော အတွေးများ ရှိနေမည်ကို မသိရှာပေ။ သူမက ရှန်ကျစ်ရှားသည် ဘာကြောင့် ကျောင်းသားတွေ ဒီလောက်များနေရတာလဲဟု မေးသည်ဟုသာ ထင်ကာ ပြန်ဖြေလိုက်သည်။

"ကျွန်မတို့ ကံကောင်းသွားတာပါ။ ကျောင်းသားတစ်ယောက်က 'ကျောင်းငါးကျောင်း ပူးပေါင်း ထူးချွန်ရွေးချယ်ပွဲ' ရဲ့ ခွန်အားစမ်းသပ်မှုမှာ ပါဝင်ခဲ့တယ်လေ။"

"သူက အရွေးမခံရတော့မယ့် အခြေအနေမှာ ဖားပြုတ်သိုင်းကို အသုံးပြုလိုက်ပြီး ကျောင်းတစ်ခုလုံးမှာ အမှတ်အများဆုံး ရသွားခဲ့တယ်။ ဒါကြောင့် ချင်းဟွာနဲ့ ပေကျင်းတက္ကသိုလ်တွေက သူ့ကို အထူးအခွင့်အရေးနဲ့ ကျောင်းခေါ်လိုက်ကြတယ်"

"တိုက်တိုက်ဆိုင်ဆိုင်ပဲ ပညာရေးရုပ်သံက သတင်းထောက်က ဒီမြင်ကွင်းကို ရိုက်ကူးထားခဲ့တယ်လေ..."

ပြောရင်းနှင့် ယဲ့ရှူးယောင်းက သူမ၏ဖုန်းကို ထုတ်ကာ ဗီဒီယိုပလက်ဖောင်းတစ်ခုကို ဖွင့်ပြလိုက်သည်။ ထို့နောက် ကြည့်ရှုသူ သန်းနှင့်ချီရှိနေသည့် ခေါင်းစဉ်တစ်ခုကို ပြကာ

"ကြည့်ပါဦး၊ ဒီမှာလေ... (ဖားပြုတ်သိုင်းရဲ့ တုန်လှုပ်ဖွယ်ရာ အစွမ်း၊ သွေးသားစွမ်းအင် ၂၀ ရာခိုင်နှုန်း တိုးတက်မှုဆိုတာ အစပဲ ရှိသေးတယ်)"

"သတင်းထောက်က အဲဒီအဖြစ်အပျက်တစ်ခုလုံးကို ထုတ်လွှင့်ပြပြီးတဲ့နောက် သတင်းက အစပိုင်းမှာတော့ အေးအေးဆေးဆေးပါပဲ။"

"ဒါပေမဲ့... ကျောင်းသား အင်တာနက်ဆယ်လီတစ်ယောက်က ဒါကို စမ်းသပ်ပြလိုက်တယ်။ ၂ နာရီလောက် ကျင့်လိုက်တာနဲ့ ခွန်အားက ၂၀ ရာခိုင်နှုန်း တိုးသွားတယ်ဆိုတော့... သတင်းက ချက်ချင်း ပေါက်ကွဲသွားတော့တာပဲ"

ရှန်ကျစ်ရှားသည် ဇဝေဇဝါဖြင့် ဖုန်းကို ယူကြည့်လိုက်ရာ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။

"ဟူး... အဲဒီ ဖားပြုတ်သိုင်းက ဒီလောက်အထိ အစွမ်းထက်တာလား"

ပြောရင်းနှင့် သူမသည် ဗီဒီယိုအမျိုးမျိုးကို ကြည့်နေမိသည်။ ပထမဆုံး မြင်လိုက်ရသည်မှာ ပညာရေးရုပ်သံလိုင်း၏ သတင်းဖြစ်သည်။

မျက်နှာပြင်ပေါ်တွင် ကျောင်းသားတစ်ဦးမှာ မြေကြီးပေါ်တွင် ဒူးထောက်ဝပ်နေပြီး အသက်ရှူလိုက်တိုင်း သူ၏ပါးစပ်နှင့် လည်ပင်းမှာ ဖောင်းကားလာသည်။

"အင်း... ကိုယ်ဟန်အနေအထားကတော့ တကယ်ကို ရုပ်ဆိုးတာပဲ..." ရှန်ကျစ်ရှားက ထိုပုံစံကို ကြည့်ကာ အနည်းငယ် နှာခေါင်းရှုံ့လိုက်မိသည်။

ထိုစဉ် မျက်နှာပြင်ပေါ်ရှိ လူငယ်သည် လက်သီးတစ်ချက်ကို ပြင်းထန်စွာ ပစ်သွင်းလိုက်သည်။

ချက်ချင်းပင် ‘တီ တီ တီ’

"သွေးသားစွမ်းအင် ၁၈၃ မှတ်၊ ခွန်အား ၆၂၇ ကျင်း..."

ဤတန်ဖိုးကို ကြားလိုက်ရချိန်တွင် ရှန်ကျစ်ရှား၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။ ပုံမှန်ဆိုလျှင် ဤကျောင်းသား၏ ခွန်အားမှာ ၅၅၀ ဝန်းကျင်သာ ရှိသင့်သည်။

သူက ၆၂၇ မှတ်အထိ ရသွားတယ်! ဒါဟာ သိုင်းကျင့်စဉ်တစ်ခု ပြောင်းလိုက်ရုံနဲ့ ခွန်အား ၁၄ ရာခိုင်နှုန်း တိုးလာတဲ့ သဘောပဲ။

ဒါကို မြင်လိုက်ရချိန်တွင် ရှန်ကျစ်ရှား၏ စိုးရိမ်စိတ်မှာ ပို၍ ကြီးထွားလာသည်။

"ဒီဖားပြုတ်သိုင်းကို... ငါ တကယ်ပဲ အထင်သေးခဲ့မိတာလား"

သူမသည် စိုးရိမ်စိတ်ဖြင့် ဆယ်လီမလေး ‘လင်းယွန်း’ ၏ ဗီဒီယိုကို ဆက်နှိပ်ကြည့်လိုက်သည်။ လင်းယွန်းသည် ဖော်လိုဝါ သန်းချီရှိသော ကျောင်းသူလေး ဖြစ်သည်။ သူမသည် သိုင်းအခြေခံရှိပြီးသားဖြစ်ကာ ရှူးကျုံးတက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသူ တစ်ဦးလည်း ဖြစ်သည်။

"ဒီကလေးမက သိုင်းပါရမီ တော်တော်ကောင်းတာ ငါမှတ်မိတယ်... သူတောင်မှ ဖားပြုတ်သိုင်းကို လက်ခံတာလား"

ရှန်ကျစ်ရှားသည် ဗီဒီယိုကို ဆက်ကြည့်လိုက်ရာ

လင်းယွန်းသည် ဖားပြုတ်သိုင်း မကျင့်မီနှင့် ကျင့်ပြီး ကွာခြားချက် ၃ ခုကို ပြထားသည်။

မကျင့်မီ - ၉၅၁ ကျင်း။

နာရီဝက် ကျင့်ပြီးနောက် - ၁,၀၅၀ ကျင်း။

၂ နာရီကြာ ကျင့်ပြီးနောက် - ၁,၁၄၀ ကျင်း။

တိတ်ဆိတ်ခြင်း...

၂ နာရီတည်းနဲ့... ခွန်အား ၂၀ ရာခိုင်နှုန်း တိုးသွားတယ်။

သိုင်းမိသားစုမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် ရှန်ကျစ်ရှားသည် ဤအချက်၏ တန်ဖိုးကို မည်သူထက်မဆို ပို၍ နားလည်သည်။

ချက်ချင်းပင် သူမ တစ်ခုခုကို သဘောပေါက်သွားသည်။

ငါ... အလိမ်ခံလိုက်ရတာလား။

အနားယူသွားတဲ့ အဖိုးကြီးတစ်ယောက်ကို ငါ လွှတ်လိုက်မိပြီး၊ အခုတော့ ပိုပြီး ပါရမီပါတဲ့ လူငယ်တစ်ယောက်ကိုမှ ငါ ခေါ်မိပြန်ပြီ။

တောက်! စိတ်တိုစရာကြီး၊ စနစ်ရဲ့ စည်းကမ်းအရလည်း နည်းပြချုပ်ကို အလုပ်ထုတ်လို့ မရဘူး။

ငါက ဧကရာဇ်ဖြစ်ဖို့ စူးချီ အနားယူမယ့်အချိန်အထိ စောင့်နေရမှာလား။

သူက အသက် ၁၉ နှစ်၊ အသက် ၆၅ နှစ်မှ အနားယူမယ်ဆိုရင်... နောက်ထပ် ၄၆ နှစ်တောင် ကျန်သေးတာပဲ။ အေးလေ... အဲဒီအချိန်ကျရင် ငါက အသက် ၇၄ နှစ်ရှိနေပြီ၊ အိုမင်းမစွမ်းဖြစ်မှ သိုင်းဧကရာဇ် ဖြစ်လာမှာပေါ့... မဖြစ်နိုင်တာ။

သူမ အိုမင်းမှ နတ်ဘုရားမ သို့မဟုတ် ဧကရာဇ် ဖြစ်လာမည့်အကြောင်းကို တွေးမိသည်နှင့် ရှန်ကျစ်ရှား၏ ရင်ထဲတွင် မကျေမနပ် ဖြစ်လာသည်။

"မဟုတ်ဘူး ကျင့်စဉ်တစ်ခုက အစွမ်းလည်းထက်၊ လူတိုင်းလည်း ကျင့်လို့ရတယ်ဆိုတာမျိုး မရှိနိုင်ပါဘူး..."

"အဲဒီ သောက်ကျိုးနည်း ဖားပြုတ်သိုင်းမှာ ကြီးမားတဲ့ အားနည်းချက် တစ်ခုခုတော့ ရှိရမယ်"

ဤသို့တွေးလိုက်ခြင်းမှာ အမှားတော့ မဟုတ်ပေ။

အလွန်ဆုံး ရိုးရှင်းလှပါသည်ဆိုသော ‘ယန်ဟောင် သွေးသားစွမ်းအင်ကျင့်စဉ်’ (ကျောင်းက ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း) မှာပင် ကျောင်းသား ၅ ရာခိုင်နှုန်းမှာ သွေးသားစွမ်းအင် မထုတ်ဖော်နိုင်ကြပေ။

အကယ်၍ ဖားပြုတ်သိုင်းက ဤမျှအထိ အစွမ်းထက်နေလျှင် ၎င်းကို စတင်ကျင့်ကြံရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။ ကျင့်စဉ်က ခက်ခဲလျှင် လူအများအပြားမှာ နားမလည်ဘဲ ရှိနေကြလိမ့်မည်။

ထို့ကြောင့်... ဖားပြုတ်သိုင်းကို မကျင့်နိုင်ကြသော ကျောင်းသားတစ်အုပ်စုမှာတော့ ဧကန်အမှန် မကျေမနပ် ဖြစ်ကြပေလိမ့်မည်။

ဤသို့တွေးမိသည်နှင့် ရှန်ကျစ်ရှား၏ မျက်ဝန်းများတွင် မျှော်လင့်ချက်အရောင်အဝါလေးများ ပြန်လည် တောက်ပလာတော့သည်။

All Chapters