အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း (၁၂၅) - ဤကမ္ဘာလောကကြီးမှာ ကယ်တင်၍ မရနိုင်တော့ပြီ
လူတွေ ရောက်မလာဘဲနဲ့ ဘာလို့ အဆင့်တွေ တိုးတက်နေရတာလဲ။ မြို့တော် ငှက်သိုက်အားကစားကွင်းကြီးအတွင်း ဆူညံသံများက ရှန်ကျစ်ရှား၏ အံ့သြတုန်လှုပ်သံကို ဖုံးလွှမ်းသွားခဲ့သည်။ ရှန်ကျစ်ရှားမှာ ငါးမျှားထွက်တိုင်း လက်ဗလာဖြင့် ပြန်လာရသော ငါးဖမ်းသမားတစ်ဦးကဲ့သို့ အားကိုးရာမဲ့စွာဖြင့် ရပ်နေမိသည်။
ထိုစဉ် သူမ၏ ဖုန်းမြည်လာသည်။ စူးချီက ပြုံးရွှင်သော မျက်နှာဖြင့် ဗီဒီယိုတစ်ခုကို ဖွင့်ကာ ရှန်ကျစ်ရှား၏ အရှေ့သို့ ကမ်းပေးလာသည်။
"ကျောင်းအုပ်ကြီးရှန် သားသတ်ရုံမှာ ကျန်ခဲ့တဲ့ ဒါရိုက်တာလျိုထောင်ရဲ့ သူငယ်ချင်း ကျန်းကျစ်ရှုံလည်း အဆင့်ရှစ်ကို တက်သွားပါပြီ။ နောက်တစ်ယောက်ဖြစ်တဲ့ ဟွမ်ပြန်လည်း ဝိညာဉ်တွေ စုပ်ယူနေတုန်းပါပဲ။ မနက်ဖြန် မနက်စောစောလောက်ဆိုရင်တော့ သူလည်း အဆင့်တက်မှာ သေချာသလောက် ရှိနေပါပြီ။ ဒီတစ်ခါ သင်ကြားမှုကတော့ တကယ့်ကို အောင်မြင်မှု အကြီးအကျယ် ရခဲ့တာပါပဲ" ဟု စူးချီက ဆိုလိုက်သည်။
ရှန်ကျစ်ရှားမှာ နားမလည်နိုင်သော ပုစ္ဆာများစွာဖြင့် ခေါင်းမူးသွားခဲ့သည်။ သူမသည် စူးချီကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။ သားသတ်ရုံမှာ ဝိညာဉ်တွေ ဘယ်က ရောက်လာတာလဲ။ အဲ့ဒီမှာများ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးကြီး ပေါ်လာတာလားဟု သူမက တွေးနေမိသည်။
သူမ စူးချီ၏ ဖုန်းကို ယူကြည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်သွားရသည်။ ဗီဒီယိုထဲတွင် ဒါရိုက်တာလျိုထောင်ကဲ့သို့ပင် အလံကို ဝှေ့ယမ်းနေသော လူတစ်ဦးကို တွေ့ရသည်။ သို့သော် သူစုပ်ယူနေသော ဝိညာဉ်များမှာ ကြက်၊ ဘဲ၊ ဝက်နှင့် နွားများ၏ ပုံသဏ္ဌာန်များ ဖြစ်နေကြသည်။
‘ဒါ ဘာသဘောလဲ။ လှည့်ကွက်တစ်ခုခု သုံးနေတာလား’ ဟု သူမက တွေးတောနေမိသည်။ ‘ငါက မင်းကို တရားဓမ္မတွေ သင်ခိုင်းတာကို မင်းက ခြေထောက်နှိပ်တာလည်း တရားပဲလို့ ပြောနေတာလား။ ငါက မင်းကို မြင်းစီးခိုင်းတာကို မင်းက တခြားအရာတွေကို ပြောနေတာလား။ ငါက မင်းကို ဝိညာဉ်တွေ စုခိုင်းတာကို မင်းက ကြက်ဝိညာဉ်၊ ဘဲဝိညာဉ်တွေကလည်း ဝိညာဉ်ပဲလို့ ပြောနေတာလား။ ဝိညာဉ်သောင်းချီအလံတော်က ဘာဝိညာဉ်ဖြစ်ဖြစ် မရွေးဘဲ စုပ်ယူနိုင်တာလား။’
ရှန်ကျစ်ရှား၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ အရာအားလုံးကို ရိပ်မိသွားခဲ့သည်။ စူးချီ၏ ထူးဆန်းသော လုပ်ရပ်များအားလုံးအတွက် အဖြေကို သူမ သိလိုက်ရပြီဖြစ်သည်။ စူးချီက သားသတ်ရုံကို ဘာလို့ ဝယ်ချင်ခဲ့တာလဲဆိုသည်မှာ အံ့သြစရာ မရှိတော့ပေ။ ဝိညာဉ်သောင်းချီအလံတော်နှင့် သားသတ်ရုံမှ မရေမတွက်နိုင်သော ဝိညာဉ်များပေါင်းစပ်လိုက်လျှင် ပါရမီရှင်များကို အစုလိုက်အပြုံလိုက် မွေးထုတ်ပေးနိုင်တော့မည် မဟုတ်ပါလား။
စူးချီက ဤကျင့်စဉ်သည် သွေးနတ်ဘုရားဂိုဏ်းထက် ညံ့ဖျင်းသည်ဟု ပြောခဲ့သဖြင့် သူမအနေဖြင့် စိတ်ချလက်ချ ရှိနေခဲ့ခြင်းဖြစ်သည်။ သူမသည် စူးချီ၏ လှည့်စားမှုကို ခံလိုက်ရသည်ဟု ယူဆကာ နောင်တရနေခဲ့သည်။ အစကတည်းက ဤမျှအစွမ်းထက်မှန်း သိခဲ့လျှင် သူမအနေဖြင့် ဤသို့သော အစီအစဉ်မျိုးကို ဆွဲမည်မဟုတ်ပေ။ ကမ္ဘာကြီးက မှားနေတာလား၊ ခေတ်ကြီးက မှားနေတာလားတော့ မသိသော်လည်း ဧကန်မုချ သူမ၏ အမှားတော့ မဟုတ်ပေ။ စူးချီက ကျောင်းအုပ်ကြီးကို လမ်းမှားအောင် ပို့ဆောင်ခဲ့ခြင်းသာ ဖြစ်ရမည်။
ရှန်ကျစ်ရှားသည် သွားကြိတ်ကာ စူးချီကို မေးလိုက်သည်။ "ကျွန်မ အရင်က သွေးနတ်ဘုရားဂိုဏ်းရဲ့ ကျင့်စဉ်အကြောင်း မေးတုန်းက ဝိညာဉ်တွေကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်စုပ်ယူတာဟာ အရမ်းကို ကြမ်းတမ်းတယ်လို့ ရှင် ပြောခဲ့ဖူးတယ် မဟုတ်လား"
စူးချီက ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေသည်။ "ဪ မှတ်မိပါပြီ။ ဝိညာဉ်တွေမှာ အသိစိတ်တွေနဲ့ အညစ်အကြေးတွေ အများကြီး ရှိတာလေ။ အဲ့ဒါတွေကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်သွင်းတာက ကိုယ့်ရဲ့ ဝိညာဉ်ကို ညစ်နွမ်းစေပြီး ရူးသွားနိုင်တဲ့အထိ အန္တရာယ်ရှိတာကိုး။ အဲ့ဒီလို အလုပ်မျိုးကို လုပ်ရဲတဲ့သူဆိုတော့ တကယ့်ကို ကြမ်းတမ်းတဲ့သူလို့ ကျွန်တော် ပြောတာပေါ့"
ရှန်ကျစ်ရှားက ဆက်မေးပြန်သည်။ "အဲ့ဒါဆို ဝိညာဉ်ခြောက်ရာ စုပ်ယူတာကို မြင်ပြီး ရှင် အရမ်းအံ့သြသွားတယ်ဆိုတာကရော"
"ဟုတ်ပါတယ်။ ဝိညာဉ်ခြောက်ရာလောက်ကို ဝိညာဉ်သောင်းချီအလံတော်က မျက်စိတစ်မှိတ်အတွင်း စုပ်ယူနိုင်တာလေ။ အဲ့ဒီလောက် အနည်းအကျဉ်းကို စုပ်ရတာဟာ တကယ့်ကို အလဟဿ ဖြစ်လွန်းလို့ ကျွန်တော် အံ့သြသွားတာပါ" ဟု စူးချီက ဆိုသည်။
ရှန်ကျစ်ရှားမှာ ငိုချင်လျက် လက်တို့ ဖြစ်နေရသည်။ စူးချီက ကျောင်းသားများကို သားသတ်ရုံတွင် ထားခဲ့ခြင်းမှာ ထိုနေရာ၌သာ အဆင့်တက်နိုင်မည်ဖြစ်သောကြောင့်ပင်။ သူမသည် ဖုန်းကို ထုတ်ကာ အွန်လိုင်းပေါ်က အခြေအနေကို ကြည့်လိုက်သည်။ သူမ၏ နောက်ဆုံးမျှော်လင့်ချက်မှာ ကျောင်းထွက်လိုသူများ သတင်းမရသေးဘဲ ရှိနေရန်ပင် ဖြစ်သည်။
သို့သော်လည်း သူမ၏ မျှော်လင့်ချက်မှာ ပျက်စီးသွားခဲ့သည်။ အွန်လိုင်းပေါ်တွင် ခရီးသစ်ကျောင်းနှင့် ဝိညာဉ်သောင်းချီအလံတော်မှာ နာမည်ကြီးနေသလို သူမကိုယ်တိုင်လည်း လူပြောများနေခဲ့သည်။ လူမှုကွန်ရက်ပေါ်တွင် သူမ၏ အမည်ကို ရှာဖွေကြည့်သောအခါ သူမအား ချီးမွမ်းထားသော ဆောင်းပါးများစွာကို တွေ့လိုက်ရသည်။
"မိဖုရားကြီး ရှန်ကျစ်ရှား၏ အံ့ဖွယ်အကြံအစည်၊ မျိုးနွယ်စုကြီးများကို အနိုင်ယူလိုက်ပြီ"
"မျိုးနွယ်စုကြီးတွေက ငါတို့ကို တိရစ္ဆာန်တွေလို ဆက်ဆံနေချိန်မှာ သူမကတော့ စူးချီကို ရှာဖွေပြီး သာမန်လူတွေအတွက် ကျင့်စဉ်တွေကို ဖန်တီးပေးခဲ့တယ်။ သားသတ်ရုံကို ဝယ်ခဲ့တာဟာလည်း သူမရဲ့ အမြော်အမြင်ရှိမှုပဲ ဖြစ်တယ်။ သူမဟာ ကမ္ဘာကြီးကို ပြောင်းလဲပေးမယ့် အမျိုးသမီးပဲ" ဟု ရေးသားထားကြသည်။
ထိုသို့ ချီးမွမ်းခံရသည်ကို မြင်သောအခါ ရှန်ကျစ်ရှားမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။ သူမက "တကယ်တော့ သူမကိုယ်တိုင်တောင် ဒီလိုအောင်မြင်မယ်လို့ မထင်ထားပါဘူး။ အမှန်တော့ ဒီလိုကြီး မအောင်မြင်ချင်ခဲ့ပါဘူး" ဟု မှတ်ချက်တစ်ခု ဝင်ရေးလိုက်သည်။
သို့သော် ထိုမှတ်ချက်ကြောင့် သူမမှာ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
"ဒီလို မြင့်မြတ်တဲ့သူကို ဘယ်သူက အဆင့်မရှိ လာပုတ်ခတ်နေတာလဲ။ တကယ့်ကို ရွံစရာကောင်းလိုက်တာ"
"မင်းရဲ့ အဖေက မင်းကို မမွေးခင်ကတည်းက နံရံမှာ ရိုက်သတ်လိုက်သင့်တာ"
"ဒီလိုလူကြီးလူကောင်းတွေအပေါ် အပြစ်ရှာတာဟာ အကြီးမားဆုံး အပြစ်ပဲ"
"ဒီလူက မျိုးနွယ်စုတွေရဲ့ လက်ပါးစေပဲ ဖြစ်ရမယ်"
ရှန်ကျစ်ရှားမှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ကြီးပင် နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့သည်။ သူမသည် ခရီးသစ်ကျောင်း၏ ကျောင်းအုပ်ကြီး ဖြစ်သော်လည်း ယခုအခါ အွန်လိုင်းတွင် ဝိုင်းဝန်းပုတ်ခတ်ခြင်းကို ခံနေရပြီဖြစ်သည်။ သူမက ရှင်းပြရန် ကြိုးစားသော်လည်း မည်သို့ပင်ပြောစေကာမူ တိုက်ခိုက်သူများကသာ အနိုင်ရနေခဲ့သည်။
ရှန်ကျစ်ရှားသည် ဖုန်းကို ရိုက်ခွဲပစ်ချင်စိတ် ပေါက်သွားပြီးနောက် ညည်းတွားလိုက်မိသည်။
"တော်ပြီ။ ငါ တအားပင်ပန်းနေပြီ။ ဒီကမ္ဘာလောကကြီးမှာ ဘယ်သူ့ကိုမှ ကယ်တင်လို့ မရနိုင်တော့ဘူး။ နောက်တစ်ခါကျရင်တော့ စူးချီကို တကယ့်ကို ထူးဆန်းတဲ့ ကျင့်စဉ်တစ်ခု ဖော်ထုတ်ခိုင်းပြီး ဒီလူတွေကို အပြတ်အသတ် နှိမ်နင်းခိုင်းရမယ်" ဟု သူမက ဆုံးဖြတ်လိုက်လေတော့သည်။
အခန်း (၁၂၆) - ငါ့အတွက် သားသတ်ရုံတွေကို ဝယ်ပေးပါ
"ခရီးသစ်ကျောင်းရဲ့ နောက်ဆုံးသင်ခန်းစာတွေကို သွားကြည့်ကြစမ်း။ ပြီးရင် ဝိညာဉ်သောင်းချီအလံတော်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အမြန်ဆုံး သွားစုဆောင်းကြတော့"
"ဟုတ်ကဲ့ အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"
ငှက်သိုက်အားကစားကွင်းကြီး၏ ပွဲကြည့်စင်ထက်တွင် ပရိသတ် ကိုးသောင်းခန့်မှာ ဖုန်းများကိုယ်စီ ထုတ်လိုက်ကြသည်။ ခဏချင်းမှာပင် လေထုထဲတွင် ဖုန်းခေါ်ဆိုသံများဖြင့် ပြည့်နှက်သွားခဲ့သည်။ စူးချီ၏ သင်ကြားမှုမှတ်တမ်းကို ကြည့်ပြီးနောက် ဒါရိုက်တာ လျိုထောင်၏ လက်တွေ့စမ်းသပ်မှုကို မျက်မြင်တွေ့လိုက်ရသောအခါ လူတိုင်းမှာ ဆွံ့အသွားကြရသည်။
ဝိညာဉ်သောင်းချီအလံတော်သည် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်း၏ အလောင်းများကို ထိန်းချုပ်နိုင်စွမ်းမှာ မော်မျိုးနွယ်စုနှင့် ယွမ်တောင်ကြားအဖွဲ့တို့ကို အပြတ်အသတ် အနိုင်ယူနိုင်သည်။ ဝိညာဉ်စုပ်ယူနိုင်စွမ်းမှာလည်း အနောက်တိုင်း သွေးနတ်ဘုရားဂိုဏ်းထက် အဆပေါင်းများစွာ သာလွန်နေသည်။
ထို့ထက် ပို၍ အံ့သြစရာကောင်းသည်မှာ ဤမျှအစွမ်းထက်သော လက်နက်ကို သာမန်လက်မှုပညာဖြင့်ပင် ဖန်တီးနိုင်ခြင်း ဖြစ်သည်။ လေမျိုးနွယ်စု၏ နည်းပညာမြင့် ဒီဇိုင်းများလောက် အမြင်မလှသော်လည်း စွမ်းဆောင်ရည်အပိုင်းတွင်မူ လက်ပစ်ဗုံးတစ်လုံးနှင့် မဟာပေါက်ကွဲမှုကြီးတစ်ခုကဲ့သို့ ကွာခြားနေသည်။ ဆိုလိုသည်မှာ စူးချီသည် လူသားတို့အား အလင်းအလျင်ထက် မြန်သော အာကာသယာဉ်ကို ကိုယ်တိုင်လုပ်နည်း သင်ပေးနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤအချက်ကို ရိပ်မိသွားသူများမှာ ရူးမတတ် ဖြစ်ကုန်ကြသည်။
"မင်းဆီမှာ ခရီးသစ်ကျောင်းရဲ့ အက်ပလီကေးရှင်း မရှိသေးဘူးလား။ အခုချက်ချင်း ဒေါင်းလုဒ်လုပ်လိုက်စမ်း"
"အဖွဲ့ဝင်ကြေး သွင်းရမယ်ဆိုရင်လည်း သွင်းလိုက်။ ငွေနှစ်ရာဆိုတာ အလကားပေးနေတာနဲ့ အတူတူပဲ။ အခုချက်ချင်း ငွေဖြည့်လိုက်တော့"
ခဏချင်းမှာပင် ခရီးသစ်ကျောင်း၏ အက်ပလီကေးရှင်းတွင် ကျောင်းသားသစ် သန်းနှင့်ချီ၍ တိုးလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆာဗာကို အစိုးရဘက်မှ တာဝန်ယူပေးထားသဖြင့်သာ ဆာဗာမကျသွားခြင်း ဖြစ်သည်။ တစ်ပြည်လုံးရှိ ကျောင်းသားသစ်များမှာ ဖုန်းများကိုယ်စီ ကိုင်ကာ သင်ကြားမှုဗီဒီယိုများကို စိုက်ကြည့်နေကြတော့သည်။ အစပိုင်းတွင် အဝတ်စုတ်များ ဖာထေးနေသည်ကို ကြည့်ကာ မထီမဲ့မြင် ပြုခဲ့ကြသော်လည်း ဝိညာဉ်အမြောက်အမြားကို စုပ်ယူလိုက်ချိန်တွင်မူ လူတိုင်း၏ မျက်လုံးများမှာ ပြူးထွက်သွားခဲ့ကြသည်။
အထူးသဖြင့် ဒါရိုက်တာ လျိုထောင်၏ ကိုယ်ရေးမှတ်တမ်းကို ရှာဖွေကြည့်လိုက်သောအခါ ပို၍ပင် အံ့အားသင့်သွားကြသည်။ သူသည် စစ်ဌာနချုပ်မှ အထူးဗိုလ်မှူးကြီးဟောင်းတစ်ဦး ဖြစ်ပြီး ဝိညာဉ်ဒဏ်ရာကြောင့် စွမ်းအားမဲ့သွားသူဖြစ်ကြောင်း သိရှိလိုက်ရသည်။ ထိုဒဏ်ရာကို မည်သည့်မျိုးနွယ်စုနှင့် ပညာရှင်ကမျှ မကုသနိုင်ခဲ့သော်လည်း ယခုအခါ ကြက်၊ ဘဲ၊ ဝက်နှင့် နွားများ၏ ဝိညာဉ်များကို စုပ်ယူရုံဖြင့် ဝိညာဉ်ဒဏ်ရာ ပျောက်ကင်းသွားရုံသာမက အဆင့်ပါ တက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။
ဤမြင်ကွင်းကြောင့် လူတိုင်းမှာ ရူးသွပ်သွားကြတော့သည်။ ဒုက္ခိတဖြစ်နေသူပင် သင်ယူနိုင်သည်ဆိုလျှင် ပါရမီမရှိသူများလည်း သင်ယူနိုင်မည် မဟုတ်ပါလား။ အဆင့်ခုနစ်သို့ မရောက်သေးလျှင်ပင် ဤကျင့်စဉ်ကို ကျင့်ကြံနိုင်မည် မဟုတ်ပါလား။ ဤအတွေးများဖြင့် လူတိုင်းမှာ စတင်လှုပ်ရှားလာကြသည်။
"ဝိညာဉ်သောင်းချီအလံတော်အတွက် ပစ္စည်းတွေ ဘယ်မှာ ဝယ်လို့ရမလဲ"
"မြန်မြန် သွားစုကြစမ်း။ အနည်းဆုံး အခု ငါးသောင်းလောက် ရအောင်လုပ်။ များလေ ကောင်းလေပဲ"
"ဘာ။ ပစ္စည်းတွေ ပြတ်သွားပြီ ဟုတ်လား။ ငါတို့ တရုတ်ပြည်ကြီးမှာ ဒီပစ္စည်းတွေ ပြတ်သွားတယ်ဆိုတာ ဖြစ်နိုင်လို့လား"
မျိုးနွယ်စုကြီးများအတွင်း၌လည်း အလားတူ ဆူညံသံများ ထွက်ပေါ်နေသည်။
"မျိုးနွယ်စုကြီးတွေထဲမှာ ချူမျိုးနွယ်၊ ထန်မျိုးနွယ်နဲ့ ရှောင်မျိုးနွယ်တွေပဲ ဒီပစ္စည်းတွေကို ကြိုစုထားတယ် ဟုတ်လား။ မင်းတို့တွေ ဘာလုပ်နေကြတာလဲ"
"ခရီးသစ်ကျောင်းက ကောင်းတဲ့ကျင့်စဉ်တွေ မသင်ပေးနိုင်ဘူးလို့ ငါ ဘယ်တုန်းက ပြောခဲ့လို့လဲ"
"ပစ္စည်းအများစုကို သာမန်လူတွေက အကုန်ဝယ်သွားပြီ ဟုတ်လား။ တစ်ယောက်တည်းက ၁၀ စုံလောက်အထိ ဝယ်ထားကြတယ် ဟုတ်လား"
မျိုးနွယ်စုကြီးများမှာ စူးချီကို အထင်သေးခဲ့မိသည့်အတွက် နောင်တကြီးစွာ ရနေကြသည်။ အကယ်၍သာ စူးချီကို ယုံကြည်ခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။ ယခုမူ သာမန်လူများက အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်သွားကြပြီ ဖြစ်သည်။ ပစ္စည်းများကို ကြိုတင်စုဆောင်းထားနိုင်ခဲ့သော သာမန်လူအချို့မှာမူ ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းဖြင့် အမြတ်အစွန်းများစွာ ရရှိနေကြသည်။
ပစ္စည်းများအပြင် နောက်ထပ် အရေးကြီးသောအရာမှာ ဝိညာဉ်များပင် ဖြစ်သည်။ ယခင်က ဝိညာဉ်များကို ရှာဖွေရန် ခက်ခဲလှသဖြင့် ဝိညာဉ်ကျင့်စဉ်ကို လူအများက စိတ်မဝင်စားခဲ့ကြပေ။ သားရဲဝိညာဉ်များကို ရရှိရန်မှာလည်း ရှေ့တန်းစစ်မျက်နှာသို့ သွားရန် လိုအပ်သည်။ သို့သော် စူးချီ၏ ဝိညာဉ်သောင်းချီအလံတော်မှာမူ မည်သည့်ဝိညာဉ်ကိုမဆို စုပ်ယူနိုင်သဖြင့် သားသတ်ရုံများမှာ ရတနာတွင်းကြီးများ ဖြစ်လာခဲ့သည်။
ဤအချက်ကို သိရှိသွားချိန်တွင် မျိုးနွယ်စုကြီးများမှာ သားသတ်ရုံများကို ဝယ်ယူရန် ကြိုးပမ်းလာကြတော့သည်။ ရှန်မိသားစုက သားသတ်ရုံများကို ဝယ်ယူခဲ့စဉ်က လှောင်ပြောင်ခဲ့သူများမှာ ယခုအခါ မိမိကိုယ်မိမိ ပြန်လည်အပြစ်တင်နေကြသည်။ သားသတ်ရုံများ၏ တန်ဖိုးမှာလည်း ခဏချင်းအတွင်း အဆပေါင်းများစွာ တက်သွားခဲ့သည်။ အခြားသော မျိုးနွယ်စုကြီးအချို့မှာလည်း သားသတ်ရုံအချို့ကို တိတ်တဆိတ် ဝယ်ယူထားခဲ့ကြသဖြင့် အကျိုးအမြတ်များစွာ ရရှိနေကြသည်။
သားသတ်ရုံကြီးများကို မရရှိနိုင်သူများမှာမူ သာမန်လူများ ပိုင်ဆိုင်သော သားသတ်ရုံငယ်လေးများကိုပင် အတင်းအဓမ္မ လုယူရန် ကြံစည်လာကြတော့သည်။
ထိုအချိန်တွင် စင်မြင့်အောက်၌ ရှိနေသော ရှန်ကျစ်ရှားမှာမူ ပရိသတ်များ၏ ပြောဆိုသံများကို နားထောင်ရင်း တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ မျက်နှာမှာ ဖြူလျော်နေခဲ့သည်။ လူကသာ အသက်ရှင်နေသော်လည်း စိတ်ကမူ သေဆုံးနေပြီ ဖြစ်သည်။ ထိုစဉ် သူမ၏ ဖုန်းမြည်လာပြန်သည်။ ဖုန်းခေါ်ဆိုသူမှာ သူမ၏ ဖခင် ရှန်ကျန့်လင် ပင် ဖြစ်သည်။
"သားသတ်ရုံကိစ္စကို မင်း တကယ်တော်တော်လေး လုပ်နိုင်ခဲ့တာပဲ။ မင်းမှာ ဒီလို အမြော်အမြင်ရှိတာကို ငါ တကယ်ပဲ ဝမ်းသာမိပါတယ်။ ရှန်မိသားစုအတွက်လည်း ဒီတစ်ခါမှာ ဝင်ငွေတွေ အများကြီး ရတော့မှာပဲ။ မင်းဟာ ငါတို့မိသားစုအတွက် တကယ့်ကို အကျိုးပြုတဲ့သူပါပဲ" ဟု သူမ၏ဖခင်က ချီးမွမ်းလိုက်သည်။
ရှန်မိသားစုသည် စူးချီကို ယုံကြည်သည့်အတွက် သားသတ်ရုံများစွာကို ကြိုတင်ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ အစကမူ အမြတ်မရနိုင်သော လုပ်ငန်းဟု ထင်ခဲ့သော်လည်း ယခုအခါတွင်မူ အကြီးအကျယ် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် ရှန်ကျစ်ရှားမှာမူ ထိုချီးမွမ်းစကားများကို ကြားရသောအခါ ရင်ထဲတွင် ပို၍သာ နာကျင်ရသည်။
"ကျေးဇူးပြုပြီး တော်ပါတော့။ ကျွန်မ ဘာမှ ကြိုတင်မစီစဉ်ထားပါဘူး" ဟု သူမက စိတ်ထဲမှ အော်ဟစ်နေမိသည်။
မိမိကိုယ်မိမိ နတ်ဘုရားမတစ်ပါးအဖြစ် အဆင့်တက်လိုသော ဆန္ဒမှာ ငွေကြေးအနည်းငယ်နှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။ သူမ စိတ်မသက်မသာ ဖြစ်နေစဉ်မှာပင် သူမ၏ဖခင်က ဆက်ပြောလာသည်။
"စူးချီ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကိုလည်း ငါ မြင်ပြီးပြီ။ တကယ့်ကို အစစအရာရာ သေချာစဉ်းစားထားတာပဲ။ ဝိညာဉ်စုပ်ယူနိုင်တဲ့ နေရာတစ်ဝက်ကို ကျောင်းသားတွေအတွက် အခမဲ့ ဖွင့်ပေးလိုက်တာဟာ တကယ့်ကို ကောင်းမွန်တဲ့ လုပ်ရပ်ပဲ။ မင်းတို့တွေ အကျိုးအမြတ်တစ်ခုတည်းကို မကြည့်ဘဲ အများအကျိုးကို ငဲ့တာကို ငါ တကယ်ပဲ သဘောကျမိတယ်"
ထိုသတင်းကို ကြားလိုက်ရချိန်တွင် ရှန်ကျစ်ရှား၏ စိတ်ထဲ၌ သွားပြီဟူသော အတွေးတစ်ခုသာ ရှိတော့သည်။ ဝိညာဉ်သည် စွမ်းအားဖြစ်သည်ဟု လူတိုင်း သိကြသည်။ ခရီးသစ်ကျောင်းသားများအနေဖြင့် ဝိညာဉ်များကို အခမဲ့ စုပ်ယူခွင့် ရရှိမည်ဆိုလျှင် မည်သူကများ ကျောင်းထွက်ချင်ကြပါတော့မည်နည်း။