အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း ၂၁၅ - အထက်လူကြီးများ၏ သတိပေးချက်နှင့် တောင်းဆိုချက်
“မူလဝိညာဉ် အစအနလေးတစ်ခုတည်းနဲ့ အသိစိတ်က ပြန်နိုးထလာနိုင်တာလား”
ဒေတာကျွမ်းကျင်သူတစ်စုသည် စမ်းသပ်ခံစစ်သည်ကို ဝိုင်းအုံကြည့်ကာ အချက်အလက်များကို
အလျင်အမြန် မှတ်တမ်းတင်နေကြသည်။
“ရုပ်ခန္ဓာကတော့ ပျက်စီးသွားပြီ၊ ဒါပေမဲ့... ဝိညာဉ်အခြေအနေနဲ့တင်
ရုပ်ခန္ဓာရှိနေတုန်းကလိုပဲ ဘာမှမခြားနားဘူး”
“စွမ်းအားတွေ အကြီးအကျယ် ကျဆင်းသွားပေမဲ့... ဝိညာဉ်က စွမ်းအင်တွေကို
ပြန်စုပ်ယူနေတာကြောင့် ၁၀ ရက်အတွင်းမှာ
မူလစွမ်းအားရဲ့ ထက်ဝက်လောက် ပြန်ရလာလိမ့်မယ်”
“ရက်ပေါင်း ၃၀ အတွင်းမှာ ၈၀ ရာခိုင်နှုန်း ပြန်ရလာနိုင်ပြီး...
တစ်နှစ်ခွဲလောက်ဆိုရင်တော့ မူလစွမ်းအား
၁၀၀ ရာခိုင်နှုန်းလုံး ပြန်ရလာမှာပါ”
ဤကိန်းဂဏန်းများက စစ်တပ်မှ လူများကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံးအရာမှာ ဘာနည်း။ သေချာပေါက်
ပါရမီရှင်များပင် ဖြစ်သည်။ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာရန်မှာ
မွေးရာပါအရည်အချင်း လိုအပ်သလို ကျင့်ကြံရန် အချိန်မှာလည်း နှစ်ပေါင်း ၂၀၊
၃၀ သို့မဟုတ် ၄၀ အထိ ကြာမြင့်တတ်သည်။ သို့သော် သူတို့ သေဆုံးရန်မှာမူ ခဏလေးသာ
ကြာသည်။
အကယ်၍ စစ်သည်တစ်ဦး သေဆုံးသွားသော်လည်း တစ်နှစ်ခွဲအတွင်း တိုက်ပွဲဝင်နိုင်စွမ်း
ပြန်ရလာမည်ဆိုပါက ရှပြည်ကြီးစစ်တပ်၏ အင်အားမှာ ယခင်ထက် နှစ်ဆမက
တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
“ဆရာစူး... မူလဝိညာဉ်နဲ့ ပြန်ရှင်လာတာမှာ ဘာဘေးထွက်ဆိုးကျိုးတွေ ရှိမလဲ။ ဝိညာဉ်က
မတည်မငြိမ် ဖြစ်နေမလား” ဟု အရာရှိတစ်ဦးက အလောတကြီး မေးမြန်းလိုက်သည်။
စူးချီက ခေါင်းခါပြလိုက်ပြီး -
“ခေတ္တခဏတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဝိညာဉ်ရဲ့ အားနည်းချက်ကို
ဝိညာဉ်ပေါင်းစုံအလံနဲ့ ပြန်ဖြည့်ဆည်းပေးလို့
ရပါတယ်”
ပြန်လည်ရှင်သန်လာပြီးနောက် ခဏအတွင်းမှာ ထပ်မံအသတ်ခံရပါက သေချာပေါက်
လုံးဝပျက်စီးသွားပေလိမ့်မည်။ ထို့ပြင်
မူလဝိညာဉ်စွမ်းအား အပြည့်အဝ မရသေးမီတွင်
ကျင့်စဉ်အဆင့်မှာလည်း တိုးတက်လာမည်မဟုတ်ပေ။
သို့သော် စူးချီသင်ကြားပေးထားသော ဝိညာဉ်ပေါင်းစုံအလံသည် ထိုအားနည်းချက်ကို
ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်သည်။ ဝိညာဉ်ပေါင်းစုံအလံကို မိစ္ဆာကျင့်စဉ်ဟု
ခေါ်ဆိုကြခြင်းမှာလည်း ပါရမီနည်းပါးသူ သို့မဟုတ် ဝိညာဉ်အားနည်းသူတိုင်း
ကျင့်ကြံနိုင်သောကြောင့် ဖြစ်သည်။
“ဆိုလိုတာက ဝိညာဉ်စွမ်းအား မလုံလောက်ရင် မူလဝိညာဉ်ကို ဒုတိယအကြိမ် ထပ်ပြီး
အပ်နှံလို့ရတယ်ပေါ့”
စူးချီက ခေါင်းညိတ်လိုက်ပြီးမှ ပြန်၍ ခေါင်းခါပြပြန်သည်။
“မှီခိုစရာ ရုပ်ခန္ဓာမရှိရင်တော့ မူလဝိညာဉ်ဟာ မြွေနက်စင်း ဆန္ဒပြည့်ပုလဲနောက်ကိုပဲ
လိုက်နေရမှာပါ။ အဲဒီလိုဆိုရင် စွမ်းအားက အလွန်ကန့်သတ်ချက် ရှိနေပါလိမ့်မယ်”
အကယ်၍ အကန့်အသတ်မရှိ ပြန်လည်ရှင်သန်လိုပါက ရုပ်ခန္ဓာကို ပြန်လည်သန့်စင်နိုင်သည့်
နည်းလမ်းကို ရှာဖွေရမည်ဖြစ်သည်။ ဤအချက်မှာ စူးချီအတွက်ပင်
သိမြင်မှုနယ်ပယ်ထဲတွင် မရှိသေးသော
အရာဖြစ်သည်။ ရှေးဟောင်းကျင့်စဉ်လောကတွင်ပင် ရုပ်ခန္ဓာဆိုသည်မှာ
အလွန်ရှားပါးလှသည်။ ရုပ်ခန္ဓာကို ပြန်လည်ဖန်တီးနိုင်မည်ဆိုပါက သံတောင်ဝှေးလီသည်
ခြေကျိုးလက်ကျိုး တောင်းစားသူ၏ ကိုယ်ထဲသို့ ဝင်စားမည်မဟုတ်သလို၊
နကျားသည်လည်း ကြာပန်းများနှင့် ခန္ဓာကိုယ်ကို
ပြန်လည်တည်ဆောက်နေစရာ မလိုပေ။
“ရုပ်ခန္ဓာ ဟုတ်လား... ဆရာစူး၊ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်”
“ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ ရုပ်ခန္ဓာကို မျိုးပွား (Clone) လို့ ရမလား။
အဲဒီလိုသာဆိုရင်...”
ဘုရားရေ... စူးချီ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။
ရှေးဟောင်းကျင့်စဉ်လောကတွင် မဖြေရှင်းနိုင်ခဲ့သော ကိစ္စကို ခေတ်မီနည်းပညာနှင့်
ပေါင်းစပ်လိုက်ပါက အမှန်တကယ် ဖြေရှင်းနိုင်ပေလိမ့်မည်။ ရှပြည်ကြီး၏
မျိုးပွားနည်းပညာမှာ ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့်၌ ရှိနေသည်။
ကြီးမားလှသော ကုန်ထုတ်လုပ်မှု စွမ်းအားစုများနှင့်
ပေါင်းစပ်လိုက်ပါက အနာဂတ်တွင် ပြည်သူအားလုံးအတွက်
စိတ်ကြိုက်ရွေးချယ်နိုင်သော ရုပ်ခန္ဓာများ ထုတ်လုပ်ပေးနိုင်သည့်
ခေတ်ကိုပင် ရောက်ရှိသွားနိုင်သည်။ မျိုးပွားနေစဉ်အတွင်း ဗီဇကုဒ်များကို
ပြုပြင်ပြောင်းလဲခြင်းဖြင့် ခန္ဓာကိုယ်ကို
ပိုမိုအစွမ်းထက်အောင်လည်း
လုပ်ဆောင်နိုင်သည်။
“အင်း... ငါ့ရဲ့ ရှန်ကျစ်ရှားကတော့ ဘာမှ ပြုပြင်စရာ မလိုပါဘူး။ အရာအားလုံးက
ကွက်တိပဲ”
စူးချီသည် တွေးတောရင်း သူ၏ ကျောင်းအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။
ရှန်ကျစ်ရှားမှာ ဘာကို တွေးနေမှန်းမသိဘဲ
ငိုင်နေသည်ကို တွေ့ရသည်။ သူမ၏ မျက်နှာတွင် ငွေသန်းပေါင်းများစွာ
ဆုံးရှုံးလိုက်ရသူတစ်ဦးကဲ့သို့ ပုံစံမျိုး ပေါက်နေသည်။ စူးချီက သူမအနားသို့
တိုးကပ်ရန် ကြိုးစားသော်လည်း သူမက စိတ်မပါသလို ဖြစ်နေဆဲပင်။
ထိုစဉ် စစ်ဘက်ကျွမ်းကျင်သူ၏ မေးခွန်းကို သူ ပြန်ကြားလိုက်ရသည်။
“ဆရာစူး... ကျွန်တော့်နည်းလမ်းက ဖြစ်နိုင်မယ် ထင်လား”
စူးချီက သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။
“တကယ်ကို စမ်းသပ်ကြည့်သင့်တဲ့ အရာပဲ။ ဒီစစ်သည်အတွက် ရုပ်ခန္ဓာတစ်ခု အရင်ဆုံး
ဖန်တီးပေးပြီး စမ်းကြည့်လိုက်ကြတာပေါ့”
ယခင်က မျိုးပွားခြင်းသည် ဝိညာဉ်အသစ်ကို ပေါ်ထွက်လာစေကာ မိမိကိုယ်ကိုယ်
အစားထိုးခံရမည်ကို ကြောက်ရွံ့ကြသဖြင့် ဤနည်းပညာကို
အသုံးမပြုဝံ့ခဲ့ကြပေ။ သို့သော် ယခုအခါ ဝိညာဉ်များက လွတ်လပ်စွာ
ရွေ့လျားနိုင်ပြီဖြစ်ရာ ရုပ်ခန္ဓာတစ်ခုသာ လိုအပ်တော့သည်။ ဤအချက်က
နည်းပညာကို လက်တွေ့အသုံးချရန် လမ်းစဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ နောင်တွင်
ဤလုပ်ငန်းကို စီးပွားရေးအဖြစ်ပင် လုပ်ဆောင်နိုင်သည်။ စူးချီက
ဝိညာဉ်အပ်နှံမည့် မှော်ပစ္စည်းကို ထုတ်လုပ်ပြီး အာဏာပိုင်များက
ရုပ်ခန္ဓာကို ထုတ်လုပ်မည်ဆိုပါက နှစ်ဖက်စလုံး ကမ္ဘာအနှံ့
ငွေရှာနိုင်မည် မဟုတ်ပါလား။
စမ်းသပ်မှု ပြီးဆုံးသွားသောအခါ စူးချီသည် ရှန်ကျစ်ရှားကို ခေါ်ဆောင်၍ ထွက်ခွာရန်
ပြင်လိုက်သည်။ သို့သော် တိုင်းမှူး လီယီက သူတို့ကို လှမ်းခေါ်လိုက်သည်။
“ခဏလောက် စောင့်ပါဦး။ ခင်ဗျားတို့ နှစ်ယောက်လုံးနဲ့ ဆွေးနွေးစရာတစ်ခု ရှိသေးလို့ပါ”
မကြာမီမှာပင် စစ်တပ်၏ ဆွေးနွေးမှုခန်းမအတွင်းသို့ ရောက်ရှိသွားသည်။ လီယီသည်
တံခါးကို သေသေချာချာ ပိတ်လိုက်ပြီးမှ စကားစလိုက်သည်။
“ဆရာစူးကို မေးစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ကျင့်ကြံပြီးတာနဲ့ အလိုအလျောက်
အဆင့်တက်သွားစေမယ့် ကျင့်စဉ်မျိုးကို ဆရာစူး ဖန်တီးပေးနိုင်မလား”
ကျင့်စဉ်ဆိုသည်မှာ ဖန်တီး၍လည်း ရနိုင်သလို မရနိုင်သည်လည်း ရှိသည်။ အဓိကအချက်မှာ
တစ်ဖက်လူ၏ ရည်ရွယ်ချက်နှင့် ထိုအရာက လဲလှယ်ရန် ထိုက်တန်မှု
ရှိမရှိအပေါ်တွင်သာ မူတည်သည်။ စူးချီသည် တစ်ဖက်လူ၏
ရည်ရွယ်ချက်ကို မသိသေးသဖြင့် နှုတ်ဆိတ်နေလိုက်သည်။
စူးချီ စကားမပြောသည်ကို မြင်သောအခါ လီယီက ဆက်လက် ရှင်းပြသည်။
“ဆရာစူးနဲ့ ကျောင်းအုပ်ရှန် သိထားတဲ့အတိုင်း ကမ္ဘာပေါ်က ဧကရာဇ်အဆင့်
ကျွမ်းကျင်သူတွေ အားလုံးဟာ ကံကုမ္ဗ (Qiankun)
နယ်မြေထဲမှာပဲ ရှိကြပါတယ်။ မကြာသေးမီက ရှပြည်ကြီးရဲ့
အထက်လူကြီးတွေဆီကို သူတို့ဆီက အကူအညီတောင်းခံစာ
ရောက်လာပါတယ်။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေ ပိုပြီး လာရောက်ကူညီပေးဖို့
သူတို့ မျှော်လင့်နေကြတာပါ”
လီယီသည် ဤကမ္ဘာ၏ လျှို့ဝှက်ချက်များနှင့် ရှေ့တန်းတွင် စောင့်ကြပ်နေကြသော
ဧကရာဇ်အဆင့် ကျွမ်းကျင်သူများအကြောင်းကို ရှင်းပြခဲ့သည်။
ထိုစကားကို ကြားသောအခါ စူးချီ ထိတ်လန့်သွားသည်။ သူသည် ဤကမ္ဘာ၏
အခြေအနေကို သိရှိထားသည်။ ရှေ့တန်းတွင် စောင့်ကြပ်နေသူများမှာ
ရှပြည်ကြီး၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ပြီး ဧကရာဇ်အဆင့် အမြင့်ဆုံးတွင်
ရှိနေသူများပင် ဖြစ်သည်။ သူတို့ကပင် အကူအညီ တောင်းခံလာသည်ဆိုပါက
ရှေ့တန်းစစ်မျက်နှာမှာ အလွန်ပင် တင်းမာနေပြီလား။
“ရှေ့တန်းက အခြေအနေက တကယ်ကို စိုးရိမ်စရာ ကောင်းနေပါပြီ။ ဒါပေမဲ့ မိသားစုကြီးတွေထဲက
ဧကရာဇ်လောင်း (Quasi-Emperor) အဆင့်ရှိသူတွေကတော့ ဘယ်သူမှ အဆင့်တက်ပြီး ရှေ့တန်းကို
မသွားချင်ကြဘူး။ သူတို့ပေးတဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံနေတယ်... သူတို့
ထွက်သွားရင် သူတို့ရဲ့ မိသားစုတွေကို တခြားသူတွေက ရန်ရှာမှာကို
ကြောက်နေကြတာ”
စူးချီက ခေါင်းခါလိုက်ပြီး -
“ဒါက အကြောင်းပြချက် မဖြစ်နိုင်ပါဘူး။ အဆင့်ကိုး ထိပ်တန်း ဧကရာဇ်လောင်း အဆင့်ဆိုတာ
တာ့ချန်းမှတ်တမ်းရဲ့ တိုက်ခိုက်မှုကို တစ်ချက်တည်းတောင် ခံနိုင်မှာ မဟုတ်ဘူး။
ဘယ်သူပဲဖြစ်ဖြစ် အနစ်နာခံဝံ့တဲ့သူ ရှိနေသရွေ့တော့ သူတို့ရဲ့
ပိုင်ဆိုင်မှုတွေကို ဘယ်သူမှ ထိရဲမှာ မဟုတ်ပါဘူး”
ယခင်ကဆိုလျှင် ထိုသို့သော သံသယများ ရှိနိုင်သော်လည်း ယခုအခါ တာ့ချန်းမှတ်တမ်းက
ထိန်းချုပ်ထားသဖြင့် ထိုသံသယကွင်းဆက်မှာ အသုံးမဝင်တော့ပေ။
တိုင်းမှူး လီယီက ခေါင်းခါလိုက်ပြန်သည်။
“ပြည်တွင်းမှာတော့ အဲဒီအတိုင်း မှန်ပါတယ်။ ဒါပေမဲ့... မိသားစုကြီး အတော်များများရဲ့
စီးပွားရေးတွေက ကမ္ဘာအနှံ့မှာ ရှိနေတာ။ အမှန်အတိုင်း ပြောရရင် ပြည်တွင်းမှာ
ဧကရာဇ်လောင်း အဆင့်ရှိသူတွေ မကျန်တော့သလောက်ပါပဲ၊ သူတို့အားလုံးက
ပြည်ပမှာရှိတဲ့ မိသားစု စီးပွားရေးတွေကို သွားပြီး စောင့်ကြပ်နေကြတာ။ အခု
သံသယကွင်းဆက်က ပြည်ပအထိ ပျံ့နှံ့သွားပါပြီ”
စူးချီမှာ ဆွံ့အသွားရသည်။ တာ့ချန်းမှတ်တမ်းကြောင့် ပြည်တွင်းအခြေအနေများ
ပြောင်းလဲသွားပြီး မိသားစုကြီးမှ ကျွမ်းကျင်သူများမှာ
ပြည်ပသို့ ထွက်ခွာသွားကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူတို့
အဆင့်မတက်လိုခြင်းမှာလည်း အကြောင်းရှိနေသည်။
“တိုင်းမှူးလီ... ဆိုလိုတာက တစ်ခါသင်ယူပြီးတာနဲ့ ပြင်ပစွမ်းအင်တွေကို အလိုအလျောက်
စုပ်ယူမယ့် ကျင့်စဉ်မျိုး ရှိမယ်ဆိုရင်... သူတို့ အဆင့်မတက်အောင် တားထားလို့
မရတော့ဘဲ ရှေ့တန်းကို သွားရတော့မယ်ပေါ့”
လီယီက ခေါင်းညိတ်ပြလိုက်သည်။ ၎င်းမှာ အာဏာပိုင်များနှင့် စစ်တပ်၏ ရည်ရွယ်ချက်ပင်
ဖြစ်သည်။ ယခုအခါ စူးချီ၏ ကျောင်းသားများမှာ ပြည်ပအထိ ပျံ့နှံ့နေပြီ ဖြစ်သည်။
စူးချီ ထုတ်သမျှ ကျင့်စဉ်မှန်သမျှကို ထိုဧကရာဇ်လောင်းများက စမ်းသပ်
ကျင့်ကြံကြမည်သာ ဖြစ်သည်။ အကယ်၍ ကျင့်ကြံပြီးနောက်
အဆင့်တက်ခြင်းကို မတားဆီးနိုင်တော့ဘဲ ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပါက
ရှေ့တန်းအတွက် လူအင်အား လိုအပ်ချက်ကို ဖြေရှင်းနိုင်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် လီယီ ထုတ်မပြောခဲ့သော အမှောင်ဘက်ခြမ်းမှ အကြောင်းရင်းတစ်ခုလည်း
ရှိနေသေးသည်။ ထိုအဆင့်ကိုး ထိပ်တန်း ကျွမ်းကျင်သူများ ဤကမ္ဘာမှ ထွက်ခွာသွားပါက
တာ့ချန်းမှတ်တမ်းကို ထိန်းချုပ်ထားသော ရှပြည်ကြီးသည် ကမ္ဘာပေါ်တွင်
အတားအဆီးမဲ့ အစွမ်းထက်ဆုံး အင်အားစု ဖြစ်လာပေလိမ့်မည်။
“တိုင်းမှူးလီ... ခင်ဗျားပြောတဲ့ အဲဒီကျင့်စဉ်အကြောင်းကိုတော့ ကျွန်တော် သေချာ
စဉ်းစားရပါဦးမယ်”
အခန်း ၂၁၆ - ကမ္ဘာကြီးကို လွှမ်းခြုံမည့် အင်းကွက်ကြီး
“ဧကရာဇ်လောင်းတွေအတွက် ကျင့်စဉ်လား... ရှင်တစ်ခုခု စဉ်းစားလို့ ရပြီလား”
ပြန်လမ်းတွင် ရှန်ကျစ်ရှားသည် သူမ၏ အပြာရောင်လိုင်စင်ပြားတပ် “တောက်တဲ့ဆိုးလေး” ဟု
အမည်ရသော ကားလေးကို အရှိန်ပြင်းပြင်း မောင်းနှင်နေသည်။ လေညင်းပျိုဖြူလေး၏
ကျင့်စဉ်သည် အဆင့်ရှစ်သို့ ရောက်ရှိသွားပြီးနောက် သူမ၏
တုံ့ပြန်မှုအရှိန်မှာ အလွန်ပင် ထူးကဲလာခဲ့သည်။ ထို့ကြောင့် သူမ၏
ကားမောင်းစွမ်းရည်မှာလည်း ထိပ်တန်းအဆင့်တွင် ရှိနေသည်။ သူမသည်
ကားများကြားတွင် ကျွမ်းကျင်စွာ
တိုးဝှေ့မောင်းနှင်ရင်း စူးချီနှင့်
ကျင့်စဉ်အစီအစဉ်အကြောင်း ဆွေးနွေးနေခြင်း ဖြစ်သည်။
“ကျွန်တော် ဆုံးဖြတ်လို့ မရသေးဘူး” ဟု စူးချီက ကားအလှုပ်တွင် ခေါင်းခါရင်း
ပြောလိုက်သည်။
“ဒီကမ္ဘာမှာ ဧကရာဇ်လောင်း ဘယ်နှယောက်ရှိလဲဆိုတာ ကျွန်တော် မသိဘူး။ ပြီးတော့
သူတို့ရဲ့ စိတ်ကူးနဲ့ လိုအပ်ချက်တွေကိုလည်း သေချာမသိတော့
ချက်ချင်းကြီး စဉ်းစားလို့ မရသေးတာပါ”
အမှန်စင်စစ် စူးချီသည် အစပိုင်းတွင် “စုပ်ယူခြင်းပညာ” ကဲ့သို့သော ကျင့်စဉ်မျိုးကို
စဉ်းစားခဲ့သည်။ သို့သော် ထိုကဲ့သို့သော ကျင့်စဉ်မျိုးသည် တခြားသူများကို
စုပ်ယူမှသာ အဆင့်တက်နိုင်မည်ဖြစ်ရာ ရည်မှန်းချက်နှင့် ကိုက်ညီမှု
မရှိပေ။ တခြားသော ကျင့်စဉ်များထဲတွင်မူ “သုံးပါးညီညွတ်ခြင်းပညာ” ကဲ့သို့သော
ကျင့်စဉ်မျိုးက ဖြစ်နိုင်ချေ ရှိသည်။ ၎င်းသည် ကမ္ဘာမြေ၏
စွမ်းအင်များနှင့် နေလတို့၏ အနှစ်သာရကို အလိုအလျောက်
စုပ်ယူနိုင်စွမ်း ရှိသည်။
သို့သော် ထိုသို့ ကျင့်ကြံခြင်းမှာ အလွန်နှေးကွေးပေလိမ့်မည်။ အဆင့်မြင့်
ကျင့်စဉ်များတွင်လည်း ထိုကဲ့သို့သော စွမ်းရည်မျိုး
ရှိကြသော်လည်း စူးချီသည် နှမြောနေမိသည်။ ထိုကဲ့သို့သော
ကျင့်စဉ်တစ်ခုကို လဲလှယ်ရန်အတွက် ဆရာကောင်းတန်ဖိုးမှတ်
သန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံနှင့်ချီ၍ ပေးရမည်
ဖြစ်သည်။ ဧကရာဇ်လောင်းအဆင့် ကျွမ်းကျင်သူအနည်းငယ်အတွက် ထိုမျှအထိ
အကုန်အကျခံရန်မှာ သူ၏ဘက်မှ အရှုံးပေါ်ပေလိမ့်မည်။
“ရှန်အဘိုးကြီးကို မေးကြည့်ပါလား”
“ဘယ်က အဘိုးကြီးလဲ၊ ငါ့မှာ ဘယ်မှာ အဘိုးကြီး ရှိလို့လဲ”
“အိုး... ရှန်အဘိုးကြီးဆိုတာ ကျွန်တော့်ရဲ့ ဦးလေးလေး ရှန်ကျန်လင်းကို ပြောတာပါ”
“တော်စမ်းပါ...”
ရှန်ကျစ်ရှား၏ နောက်ပြောင်သော စကားကြောင့် စူးချီက ခပ်ဖွဖွ ပြုံးလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူသည် ကမ္ဘာပျက်မည့် ဘေးဒုက္ခအတွက် တစ်ခုခု
လုပ်ဆောင်ပေးရမည် ဖြစ်သည်။ ၎င်းမှာ သူ၏ ချစ်စဖွယ် ကျောင်းအုပ်ကြီးကို
ကာကွယ်ပေးခြင်းလည်း ဖြစ်သည်။
“ဟားဟား... ရှင်က မသွားချင်ဘူးဆိုပေမဲ့ အဘိုးကြီးကတော့ ရှင်နဲ့
အရက်သောက်ချင်သေးတယ်လို့ အမြဲပြောနေတာ။
အဲဒီတုန်းက ရှင်က ‘ခြောက်ကြောသန့်စင် နတ်ဓားကျင့်စဉ်’ ကို သုံးပြီး လိမ်ခဲ့တာ
မဟုတ်လား”
ရှန်ကျစ်ရှား၏ မွေးနေ့တုန်းက စူးချီသည် ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ခြင်း
ဖြစ်သည်။ ထိုစဉ်က ရှန်ကျန်လင်းသည် စူးချီကို “ဧကရာဇ်မူးယစ်ဆေး” ဟု
ခေါ်သော ပြင်းထန်သည့် အရက်များကို အတင်းအကျပ် တိုက်ခဲ့ဖူးသည်။ ထိုအရက်သည်
ဧကရာဇ်အဆင့် ကျွမ်းကျင်သူများပင် အများကြီးသောက်လျှင် မူးနိုင်သည်ဟု ဆိုကြသည်။
အကယ်၍ စူးချီသာ ထိုစဉ်က ခြောက်ကြောသန့်စင် နတ်ဓားကျင့်စဉ်ဖြင့်
အရက်များကို လက်ချောင်းများမှတစ်ဆင့် ပြန်မထုတ်ခဲ့ပါက
ထိုနေရာမှာပင် မူးလဲသွားပေလိမ့်မည်။
ခြောက်ကြောသန့်စင် နတ်ဓားကျင့်စဉ်...
ထိုကျင့်စဉ်အကြောင်းကို စဉ်းစားမိသည်နှင့် စူးချီ၏ ခေါင်းထဲသို့ နဂါးကျောင်းတော်မှ
အကြောင်းအရာများ ရောက်ရှိလာသည်။ ထိုကျင့်စဉ်ကို လူတစ်ယောက်တည်းက ကျွမ်းကျင်ရန်
ခက်ခဲသော်လည်း နဂါးကျောင်းတော်မှ ဆရာတော်ကြီးများမှာမူ တစ်ဦးလျှင်
အကြောတစ်ခုစီ ကျင့်ကြံကာ အင်းကွက်တစ်ခုအသွင်
ဖော်ဆောင်ခဲ့ကြသည်။
အင်းကွက်... ဟုတ်ပြီ... အင်းကွက်တွေပဲ။
ထိုသို့ တွေးမိသောအခါ စူးချီ၏ စိတ်ထဲတွင် အကြံတစ်ခု ရလာသည်။
“ငါက ဘာလို့ ကျင့်စဉ်တွေကိုပဲ လဲလှယ်ဖို့ စဉ်းစားနေရတာလဲ။ စွမ်းအင်တွေကို
စုပ်ယူနိုင်မယ့် ‘ဝိညာဉ်စုစည်းမှု အင်းကွက်’ တစ်ခုကိုပဲ
ရှာလိုက်ရင်ကော။ ကမ္ဘာပေါ်က စွမ်းအင်တွေအားလုံးကို ဧကရာဇ်လောင်းတွေဆီ
အတင်းအကျပ် စုစည်းပေးလိုက်ရင် သူတို့ အဆင့်မတက်ဘဲ နေလို့ရတော့မှာ မဟုတ်ဘူး”
စူးချီသည် စဉ်းစားလေလေ ဤနည်းလမ်းမှာ ဖြစ်နိုင်ချေ ပိုရှိလေလေဟု ခံစားရသည်။
အင်းကွက်တစ်ခုကို ဖန်တီးခြင်းမှာ ကျင့်စဉ်ကျင့်ကြံခြင်းထက် ပို၍
ရိုးရှင်းသလို လူအများကြားတွင်လည်း ပြန့်နှံ့ရန် လွယ်ကူသည်။ သူ လဲလှယ်လိုက်ရသော
ဆရာကောင်းတန်ဖိုးမှတ်များကိုလည်း ပြန်လည်ရရှိရန် လွယ်ကူပေလိမ့်မည်။
သို့သော်... ထိုအင်းကွက်က ဧကရာဇ်လောင်းများကို မည်သို့ လွှမ်းခြုံနိုင်မည်နည်း။
ဧကရာဇ်လောင်းများက အင်းကွက်တွင် တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိပါက
ထွက်ပြေးသွားကြပေလိမ့်မည်။ ထိုသို့ဆိုပါက သူ၏ အစီအစဉ်မှာ
အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
စူးချီသည် တစ်ဖန် ပြန်လည် အကျပ်ရိုက်သွားရပြန်သည်။
“အကယ်၍ ကျွန်တော်က ဧကရာဇ်လောင်းတွေ အထဲမှာ ရှိနေရုံနဲ့ အလိုအလျောက်
စွမ်းအင်စုပ်ယူပြီး အဆင့်တက်စေမယ့် အင်းကွက်မျိုး
လုပ်မယ်ဆိုရင် သူတို့ကို အဲဒီအင်းကွက်ထဲမှာ ရှိနေအောင် ဘယ်လိုလုပ်ရမလဲ”
ထိုအချိန်တွင် ရှန်ကျစ်ရှားသည် အရှိန်ကန့်သတ်ချက် တစ်နာရီ ကီလိုမီတာ ၁၀၀ ရှိသော
လမ်းပေါ်တွင် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေသည်။ သူမသည်
ကားမောင်းခြင်းကိုသာ အာရုံစိုက်နေသဖြင့်
ဘာမှမစဉ်းစားဘဲ လွှတ်ကနဲ ပြန်ပြောလိုက်သည်။
“ဧကရာဇ်လောင်းတွေကို အကုန် ဖမ်းချည်ထားမလား... ဒါမှမဟုတ် ရှင့်ရဲ့ အင်းကွက်ကို
တစ်နိုင်ငံလုံး ဒါမှမဟုတ် တစ်ကမ္ဘာလုံး လွှမ်းခြုံသွားအောင်
လုပ်လိုက်မလား။ အဲဒီလိုဆိုရင်တော့ သူတို့ ဘယ်ပြေးပြေး
လွတ်မှာ မဟုတ်ဘူးလေ”
ဘုရားရေ...
စူးချီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူသည် သက်ပြင်းရှည်ကြီး
တစ်ချက်ကို ချလိုက်မိသည်။ သူ၏ အတွေးများမှာ ကျင့်စဉ်ထဲတွင်သာ
ပိတ်မိနေခဲ့သည်။ ဟုတ်ပေသည်... အင်းကွက်ဆိုသည်မှာ နေရာအကျဉ်းလေးမှာပဲ
ရှိရမည်ဟု ဘယ်သူပြောသနည်း။
စူးချီသည် သူ၏ ယခင်ဘဝက မြင်တွေ့ခဲ့ဖူးသော “သံမဏိသန့်စင်ဆရာ” ဟု အမည်ရသည့်
ရုပ်ရှင်ကားထဲမှ အကြောင်းအရာကို သတိရသွားသည်။ ထိုဇာတ်လမ်းထဲမှ
ဗီလိန်သည် တိုင်းပြည်တစ်ခုလုံးကို အင်းကွက်တစ်ခုအဖြစ် အသုံးချခဲ့သည်။
တိုင်းပြည်အတွင်းရှိ လူအားလုံးမှာ ဗီလိန်အတွက် အသုံးချခံ
ပစ္စည်းများ ဖြစ်သွားကြသည်။ ထို့နောက် ဇာတ်လိုက်ကလည်း တစ်ကမ္ဘာလုံးကို
လွှမ်းခြုံသွားသော နေကြတ်မှု၏ အရိပ်ကို အသုံးပြုကာ ဗီလိန်ကို
ပြန်လည် တိုက်ခိုက်ခဲ့သည်။
ငါကော ကမ္ဘာကြီးတစ်ခုလုံးကို ဝိညာဉ်စုစည်းမှု အင်းကွက်ကြီးတစ်ခုအဖြစ်
ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရှိနိုင်မလား။
ထိုသို့ တွေးမိသောအခါ စူးချီ၏ မျက်လုံးများ တောက်ပလာသည်။ ဤအစီအစဉ်မှာ ရူးသွပ်စရာ
ကောင်းသော်လည်း စိတ်ဝင်စားစရာတော့ ကောင်းလှသည်။ ထို့ကြောင့် နောက်ဆုံး
မေးစရာတစ်ခုသာ ကျန်တော့သည်။
“ရှကျီ... အကယ်၍ ကျွန်တော်တို့က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အင်းကွက်ကြီးတစ်ခု
ဖန်တီးမယ်ဆိုရင် စွမ်းအင်ကို ဘယ်နေရာကနေ ရယူတာ ပိုကောင်းမလဲ”
ရှန်ကျစ်ရှားမှာ ကားမောင်းသည့် အရှိန်ကြောင့် စိတ်လှုပ်ရှားနေဆဲပင် ဖြစ်သည်။ သူမက
မစဉ်းစားဘဲ ထပ်မံ ပြောလိုက်ပြန်သည်။
“အပေါ်နဲ့ အောက်မှာ စွမ်းအင်တွေ အပုံအပင် ရှိနေတာပဲ မဟုတ်လား။ အပေါ်မှာ နေမင်းကြီး
ရှိတယ်၊ ကမ္ဘာပေါ်က စွမ်းအင်အားလုံးက နေဆီက လာတာပဲ။ အောက်မှာလည်း ချောက်ကမ္ဘာကြီး
ရှိနေတာပဲ။ ဝိညာဉ်ပေါင်းစုံအလံက ဝိညာဉ်တွေကို စုပ်ယူနိုင်ရင် ရှင့်ရဲ့
အင်းကွက်ကလည်း စွမ်းအင်တွေကို စုပ်ယူနိုင်မှာပေါ့”
တကယ်ပါပဲ။
ဒါဟာ ရူးသွပ်သော အတွေးဟု ထင်ရသော်လည်း တကယ်တမ်း စဉ်းစားကြည့်လျှင် ဖြစ်နိုင်ချေ
ရှိနေသည်။ စကြဝဠာထဲမှ စွမ်းအင်များကို စုပ်ယူမည်၊ ချောက်ကမ္ဘာထဲမှ
စွမ်းအင်များကို စုပ်ယူပြီး ကမ္ဘာကြီးတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်
အဆင့်အတန်းကို မြှင့်တင်ပစ်မည်။ ထိုအခါ ဧကရာဇ်လောင်းမှန်သမျှသည် အချိန်တန်လျှင်
အဆင့်တက်ကာ ကမ္ဘာပေါ်မှ ထွက်ခွာသွားရပေလိမ့်မည်။ စကြဝဠာထဲသို့
ထွက်မပြေးသရွေ့တော့ မည်သူမျှ လွတ်မြောက်နိုင်မည်
မဟုတ်ပေ။ ဤနည်းလမ်းမှာ ကျင့်စဉ်သင်ကြားပေးခြင်းထက် ပို၍ ထိရောက်လှသည်။
ထိုသို့ တွေးမိသောအခါ စူးချီ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာသည်။ ဤတစ်ကြိမ်တွင်
သူသည် အင်းကွက်အသေးလေးများကို အင်းကွက်ကြီးတစ်ခုအတွင်း ပေါင်းစပ်အသုံးပြုမည်
ဖြစ်သည်။ မြေပြင်ပေါ်ရှိ အင်းကွက်များအတွက် ချောက်ကမ္ဘာများ၏ တည်နေရာကို
ဗဟိုချက်အဖြစ် အသုံးပြုမည်။ ထို့နောက် အင်းကွက်ရေးဆွဲသည့်
နည်းပညာကို သင်ကြားပေးမည်။
ဤကျင့်စဉ်ကိုသာ လူသိရှင်ကြား သင်ကြားပေးလိုက်ပါက မည်သည့်အင်အားစုကမျှ ၎င်းကို
တည်ဆောက်ရန် ငြင်းဆိုမည် မဟုတ်ဟု စူးချီ ယုံကြည်သည်။ ထို့နောက်
သူလုပ်ရန်မှာ ထိုအမှတ်များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးရန်သာ
ဖြစ်သည်။ ထိုအခါ စစ်မှန်သော ဝိညာဉ်စုစည်းမှု အင်းကွက်ကြီး
ပေါ်ပေါက်လာပေလိမ့်မည်။
ဤအင်းကွက်ကြီး ပြီးဆုံးသွားပါက ဧကရာဇ်လောင်း အားလုံးသည် ဧကရာဇ်အဆင့်သို့ တိုက်ရိုက်
ရောက်ရှိသွားကြပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် လူထုအားလုံးက ဤအင်းကွက်၏
အရေးပါပုံကို သိရှိသွားပါက သူတို့ကိုယ်တိုင်ပင် ဝိုင်းဝန်း
ကာကွယ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤအင်းကွက်သည် လူတိုင်းအတွက် တန်းတူညီမျှသော
ကျင့်ကြံမှု အခွင့်အရေးများကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
ထို့ပြင် ဤအင်းကွက်သည် ကျင့်စဉ်မကျင့်ကြံနိုင်သော သာမန်လူများကိုလည်း
အကျိုးပြုနိုင်သည်။ စုစည်းလာသော စွမ်းအင်များကြောင့်
သာမန်ပြည်သူများမှာ ပိုမို ကျန်းမာလာမည်ဖြစ်ပြီး အသက်ရှည်ကာ ရောဂါဘယများ
ကင်းဝေးကြပေလိမ့်မည်။
စူးချီသည် အစီအစဉ်တစ်ခုကို ချမှတ်လိုက်သည်။ သူလုပ်ရန်မှာ ချောက်ကမ္ဘာများ၏
အချက်အလက်အားလုံးကို စုဆောင်းရန်နှင့် စနစ်ထဲမှ ကိုက်ညီသော
အင်းကွက်များကို ရှာဖွေကာ ပြုပြင်မွမ်းမံရန်သာ ဖြစ်သည်။ ဤအလုပ်မှာ
အလွန်ပင် ကြီးမားလှသော်လည်း စူးချီသည် ၎င်းကို တစ်ဦးတည်း လုပ်ဆောင်ရန်
မရည်ရွယ်ပေ။
ဤမျှ ကြီးမားသော တွက်ချက်မှုများကို အာဏာပိုင်များထံ လွှဲပြောင်းပေးရမည် ဖြစ်သည်။
ယခင်က အာဏာပိုင်များသည် ဂဏန်းပေါင်းစက်လေးဖြင့်ပင် အနုမြူဗုံး၏
မှိုပွင့်တိမ်တိုက်ကို တွက်ချက်နိုင်ခဲ့ကြသူများ
မဟုတ်ပါလား။ ယခုအခါတွင်မူ ထိပ်တန်း ကွန်ပျူတာများကို အသုံးပြု၍ အင်းကွက်များကို
ချိန်ညှိပြုပြင်ရန်မှာ သူတို့အတွက် ခက်ခဲမည် မဟုတ်ပေ။