အခန်း ၁၃-၁၄
Vol. 2 Ch. 13-14
အခန်း (၁၃) : ဘယ်လိုသင်ရမလဲ။
ဤစကားကို ကြားလိုက်ရချိန်တွင် ရှန်ကျစ်ရှား၏ လှပသောမျက်နှာထက်၌ ဝမ်းသာအားရဖြစ်သွားသည့် အမူအရာတစ်ခု ပေါ်လာတော့သည်။
‘ဒီအရာက ကြည့်ရတာ တကယ်ကို အားကိုးလို့မရတဲ့ ပုံစံပဲ။’
ဘယ်လိုလူမျိုးက ကိုယ့်ညာလက်ကို ကိုယ့်ဘယ်လက်နဲ့ ပြန်ချမှာလဲ။ ဒါက သိသိသာသာကြီး အရူးလုပ်နေတာပဲ။
လူတွေကို အရူးဖြစ်အောင်လုပ်မည့် ကျင့်စဉ်မျိုးပေါ့။ ကျောင်းအုပ်ကြီးရှန်တစ်ယောက် ဒီလောကထဲ ရောက်နေတာ ကြာပြီဖြစ်သော်လည်း ယခုကဲ့သို့သော ကျင့်စဉ်မျိုးကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
‘ငါရွေးထားတဲ့ ပါရမီရှင်လေးကတော့ တကယ်ကို ဆရာသခင်ကြီးဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပေတယ်။’
“ဆရာစူး... ဒီလောက် ‘အစွမ်းထက်’ တဲ့ သိုင်းပညာကို ဘယ်လိုများ သင်ပေးမှာလဲဟင်”
“အင်း... အသေးစိတ် ပြောရရင်တော့ ဒီလိုပါ...”
စူးချီသည် သူ၏စကားလုံးများကို အစီအစဉ်တကျ ပြင်ဆင်လိုက်သည်။ မူရင်းဝတ္ထုထဲမှ ဇာတ်ကွက်များကို ပြန်လည်အမှတ်ရရင်း သင်ကြားရေးအစီအစဉ်ကို အရိုးရှင်းဆုံးပုံစံဖြင့် ရှင်းပြလိုက်တော့သည်။
“ကျွန်တော်ကတော့ သင်ကြားရေးကို အဆင့်လေးဆင့် ခွဲထားပါတယ်”
“ပထမအဆင့်မှာ ကျောင်းသားတွေအနေနဲ့ ဘယ်လက်နဲ့ လေးထောင့်ပုံဆွဲပြီး ညာလက်နဲ့ အဝိုင်းပုံကို တစ်ပြိုင်တည်း ဆွဲတတ်အောင် လေ့ကျင့်ရပါမယ်။ လုံးဝ ကျွမ်းကျင်သွားတဲ့အထိပေါ့”
“ဒုတိယအဆင့်မှာတော့ လက်နှစ်ဖက်နဲ့ စာသားတွေကို တစ်ပြိုင်တည်း ရေးခိုင်းမှာပါ”
ဤစကားကို ကြားလိုက်ရချိန်တွင် ရှန်ကျစ်ရှား၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။
သိုင်းပညာ အွန်လိုင်းသင်တန်းမှာ လူတွေကို ပုံဆွဲတာနဲ့ စာရေးတာ သင်ပေးမယ် ဟုတ်လား။
ဒါဟာ အားကစားချိန်ကို အင်္ဂလိပ်စာချိန်အဖြစ် ပြောင်းလဲလိုက်တာထက်တောင် ပိုပြီး ဒေါသထွက်စရာ ကောင်းနေသေးသည်။ အဲဒီအချိန်ကျရင် ကျောင်းသားတွေက ဆဲရုံတင်မကဘဲ ဘိုးဘေး ၁၈ ဆက်လုံးကိုပါ တိုင်တည်ပြီး မေတ္တာပို့ကြတော့မှာ အသေအချာပဲ။
ဤသို့တွေးကာ ရှန်ကျစ်ရှားမှာ ဝမ်းသာလွန်း၍ ပျံတက်တော့မတတ် ဖြစ်နေသည်။ စူးချီကမူ သူ၏အစီအစဉ်ကို ဆက်လက်ရှင်းပြနေဆဲပင်။
“တတိယအဆင့်မှာတော့ ကျောင်းသားတွေက လက်နှစ်ဖက်နဲ့ မတူညီတဲ့ သိုင်းကွက်တွေကို စတင်အသုံးပြုရပါမယ်”
“စတုတ္ထအဆင့်မှာတော့ လက်နှစ်ဖက်ကို အပြန်အလှန် တိုက်ခိုက်ခိုင်းမှာပါ။ ဒီတိုက်ခိုက်ရေး နည်းစနစ်ကို ကျွမ်းကျင်သွားပြီဆိုရင်တော့ သူတို့ ကျင့်စဉ်တတ်သွားပြီလို့ ဆိုနိုင်ပါတယ်။”
တိတ်ဆိတ်ခြင်း... ဆက်လက်၍ တိတ်ဆိတ်နေခြင်း...
စူးချီ၏ ရှင်းပြချက်ကြောင့် အစည်းအဝေးခန်းထဲရှိ ဝန်ထမ်းအားလုံး ဆွံ့အသွားကြသည်။ တော်တော်ကြာမှ အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းက သက်ပြင်းဖွဖွချကာ
“ဆရာစူး... ဒီသိုင်းပညာကို တစ်ချက်လောက် သရုပ်ပြပေးလို့ အဆင်ပြေမလား”
“အခုတော့ သရုပ်ပြဖို့ သိပ်အဆင်မပြေလောက်သေးဘူး ထင်တယ်။”
စူးချီက သရုပ်မပြချင်၍ မဟုတ်ပါ။ ‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ ကို သူ မလဲလှယ်ရသေးသောကြောင့် ဖြစ်သည်။ စနစ်ဝင်းဒိုးပေါ်တွင် သူ၌ ဆရာကောင်းအမှတ် ၁၆၈၃ မှတ်ရှိပြီး ကျင့်စဉ်ကို လဲလှယ်ရန် ၁၆၅၀ မှတ် လိုအပ်သည်။
သို့သော် ရှန်ကျစ်ရှားက သဘောမတူသေးသဖြင့် စူးချီက အလောတကြီး မလဲလှယ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် သရုပ်မပြနိုင်သည့် အနေရခက်သော အခြေအနေမျိုး ဖြစ်လာခဲ့ရခြင်းပင်။
‘တောက်’
စူးချီ ပြောချင်တာက... သူကိုယ်တိုင်တောင် ဒါကို သေချာမတတ်သေးဘူးလို့ ဆိုလိုတာလား။ ယဲ့ရှူးယောင်း၏ စိတ်ထဲတွင်တော့ မျှော်လင့်ချက်တွေ စတင် ပျောက်ဆုံးလာပြီဖြစ်သည်။
“ဒါဆို... ဒီကျင့်စဉ်ကို ဆရာက ဘယ်လိုမျိုး လေ့လာသင်ယူခဲ့တာလဲ”
‘အဲ... လူကြီးတွေကြားမှာ အလိုက်တသိနဲ့ ထပ်မမေးကြေး၊ ရှင်းမပြကြေးလို့ သဘောတူထားကြတယ် မဟုတ်လား။ နင်က ဒီလိုကြီး လာမေးရင် ငါက ဘယ်လိုပြန်ဖြေရမလဲဟဲ့’
စူးချီမှာ မတတ်သာသည့်အဆုံး အံကြိတ်ကာ ရှင်းပြလိုက်ရသည်။
“ကျွန်တော်က တခြားသူတွေရဲ့ တိုက်ပွဲတွေကို လေ့လာပြီး ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး တီထွင်ခဲ့တာပါ။”
စူးချီသာ မုတ်ဆိတ်ဖြူကြီးနဲ့ ဆရာကြီးတစ်ဦး ဖြစ်နေလျှင် ဤစကားကို လူတွေ ယုံကြပေလိမ့်မည်။ သို့သော်... သူက အသက် ၁၉ နှစ်ပဲ ရှိသေးသည် မဟုတ်ပါလား။ သူက ဘယ်နေရာမှာ သွားတိုက်ခိုက်ပြီး ဒီလိုနည်းစနစ်တွေကို သိလာတာလဲ။
“ဒါပေမဲ့ ကျွန်တော် အာမခံပါတယ်။ ဒါဟာ တကယ့်ကို ထိပ်တန်း တိုက်ခိုက်ရေး နည်းစနစ်တစ်ခုပါ။”
စူးချီက ပြောရင်းနှင့် ယဲ့ရှူးယောင်းနှင့် အခြားဝန်ထမ်းများ၏ သံသယအကြည့်များကို ကြည့်ကာ အတင်းပြုံးလိုက်ရသည်။ နောက်ဆုံးတွင်တော့ သူသည် လှပသော ကျောင်းအုပ်ကြီးရှန်ကိုသာ အားကိုးတကြီး ကြည့်လိုက်မိတော့သည်။
ထိုအချိန်တွင်...
လှပသော ကျောင်းအုပ်ကြီးရှန်သည် သူမ၏ ကုလားထိုင်တွင် အေးဆေးစွာ မှီထိုင်နေသည်။ သူမ၏ လက်ညှိုးနှင့် လက်ခလယ်ကို သူမ၏ ဝိုင်းစက်နီမြန်းသော နှုတ်ခမ်းလေးပေါ် တင်ထားသည်။
ဒါကတော့ စဉ်းစားနေသည့် ပုံစံပေါ့။ အမှန်စင်စစ် သူမသည် ပြုံးချင်စိတ်ကို အတင်းအောင့်ထားခြင်းသာ ဖြစ်သည်။
‘အံဩစရာပဲ’
‘တကယ့်ကို အံ့ဩစရာပဲ။’
‘ငါ စူးချီကို ခေါ်ကတည်းက နင်ဟာ ပါရမီရှင်တစ်ယောက်ဆိုတာ ငါသိပြီးသားပဲ။ ဒုတိယသမီးပျို ရှန်ကျစ်ရှားရဲ့ လူအကဲခတ်နိုင်စွမ်းကတော့ လုံးဝ မမှားဘူးဟေ့။’
ဟိုဖားပြုတ်သိုင်းက ပုံစံရုပ်ဆိုးပေမဲ့ တစ်ခုခုတော့ ထိရောက်မှုရှိခဲ့သည်။ သို့သော် စူးချီက အသက် ၁၉ နှစ်ပဲ ရှိသေးသည် မဟုတ်ပါလား။
သူ၏ အစွမ်းမှာ ဖားပြုတ်သိုင်းမှာတင် ကုန်ဆုံးသွားလောက်ပြီ ဖြစ်သည်။ သူက ဘယ်လိုလုပ်ပြီး နောက်ထပ် သိုင်းပညာအသစ်တစ်ခုကို ထပ်ပြီး တီထွင်နိုင်ဦးမှာလဲ။
ဒါကြောင့်... ဒီ ‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ ဆိုတာကတော့ သင်တန်းချိန်ပြည့်အောင် လျှောက်သင်မယ့် အမှိုက်ကျင့်စဉ်ပဲ ဖြစ်ရမယ်။
ဒီကျင့်စဉ်ကိုသာ သင်ခိုင်းလိုက်စမ်း။ ကျောင်းသားတွေသာ ပေါက်ကွဲမထွက်လာရင် ငါ့နာမည်ကို စူးကျစ်ရှားလို့ ပြောင်းခေါ်လိုက်။
အဲဒီအချိန်ကျရင် ကျောင်းသားတွေ အုပ်စုလိုက်ကြီး ကျောင်းထွက်ကြတော့မှာ မဟုတ်လား။ ဒီလိုသာ တွက်ကြည့်ရင် ဖားပြုတ်သိုင်း နာမည်ကြီးသွားတာကတောင် မဆိုးလှပါဘူး။ အဲဒီတုန်းက ကျောင်းသား ၁၃၇ ယောက်ပဲရှိလို့ သူမအတွက် အဆင့် ၈ လောက်အထိပဲ ရနိုင်ခဲ့ပေမဲ့၊ အခုတော့ ကျောင်းသား ၅,၀၀၀ ကျော်တောင် ရှိနေတာလေ။
သူတို့အားလုံး ကျောင်းထွက်သွားရင် သွေးသားစွမ်းအင် ပြန်အမ်းမှတ်ပေါင်း ၆၅ သန်းတောင် ရမှာ။ အဲဒီအခါ ကျောင်းအုပ်ကြီးရှန်ဟာ အဆင့် ၉ အထိ တိုက်ရိုက် ရောက်သွားတော့မှာပေါ့။
ဤသို့တွေးမိသည်နှင့် ရှန်ကျစ်ရှားမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ခြေထောက်တွေပင် တုန်ယင်နေတော့သည်။
“သိပ်ကောင်းတာပဲ။ ဒီတိုက်ခိုက်ရေး နည်းစနစ်က တော်တော်လေး ကောင်းတယ် (တကယ်တော့ မဟုတ်ဘူး)။”
“အရေးကြီးဆုံးကတော့ ဒါဟာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတာကို ငါမြင်နေရတယ်။”
‘အင်း တကယ့်ကို ကောင်းတဲ့ကျင့်စဉ်ပဲ။’
“ဆရာစူး... မြန်မြန်ပြင်ဆင်ပါတော့။ ဘာလိုအပ်တာပဲရှိရှိ ပြောပါ၊ ငါ အစွမ်းကုန် ပံ့ပိုးပေးမယ်။”
ဘာလဲဟ ဒီလိုနဲ့တင် ပြီးသွားတာလား။
လုပ်ဖော်ကိုင်ဖက်တွေ သံသယဝင်နေကြချိန်မှာ ကျောင်းအုပ်ကြီးက ဘာကန့်ကွက်မှုမှမရှိဘဲ သူ့ကို အပြည့်အဝ ထောက်ခံလိမ့်မည်ဟု စူးချီ မထင်ထားခဲ့ပေ။ ဒါဟာ ယုံကြည်မှု အပြည့်အဝပေးခြင်းပဲ။
သူမ တစ်ခါမှ မမြင်ဖူးသည့် နည်းစနစ်ကိုတောင် သရုပ်ပြခိုင်းစရာမလိုဘဲ တိုက်ရိုက် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ဤသို့တွေးကာ စူးချီသည် ကျောင်းအုပ်ကြီး၏ ယုံကြည်မှုကို မပျက်ပြားစေရန် ဤအတန်းကို အကောင်းဆုံး သင်ကြားပေးမည်ဟု စိတ်ထဲမှ ကျိန်ဆိုလိုက်တော့သည်။
ထို့ကြောင့် စူးချီသည် စနစ်ဝင်းဒိုးကို ဖွင့်လိုက်သည်။ သူသည် ‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ ကျမ်းကို လဲလှယ်လိုက်တော့သည်။
“လက်ရှိ ဆရာကောင်းအမှတ် - ၁၆၈၃ မှတ်”
“ကျင့်စဉ်လဲလှယ်ရန် ၁၆၅၀ မှတ် လိုအပ်ပါသည်”
“လဲလှယ်ရန် သဘောတူပါသလား”
“သဘောတူသည် / သဘောမတူပါ”
စူးချီသည် မဆိုင်းမတွပင် သဘောတူလိုက်သည်။
“တင်း... ဤကမ္ဘာ၏ ကျင့်ကြံမှုစနစ်တွင် ဝိညာဉ်ပိုင်းဆိုင်ရာ ပါဝင်နေသဖြင့်၊ အစွမ်းထက်သော ဝိညာဉ်ပိုင်ရှင်များသည် အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်နိုင်စွမ်းကို အလိုအလျောက် ရရှိမည်ဖြစ်သည်ကို စနစ်က တွေ့ရှိရပါသည်။”
“ဝိညာဉ်ကျင့်ကြံမှုနှင့် ကွဲပြားစေရန်အတွက် စနစ်သည် ဤကျင့်စဉ်ကို အိမ်ရှင်အတွက် အလိုအလျောက် ပြုပြင်ပြောင်းလဲပေးပါမည်။”
“တင်း... ပြုပြင်ပြောင်းလဲမှု အောင်မြင်ပါသည်၊ ကျင့်စဉ်နှင့်အတူ ‘စိတ်ငြိမ်ကျင့်စဉ်’ကိုလည်း လက်ဆောင်ပေးလိုက်ပါသည်။”
ဟင် ဒါက ဘာကို ဆိုလိုတာလဲ။
အကြာကြီး စဉ်းစားမနေနိုင်ခင်မှာပင် ကျင့်စဉ်နှင့် ပတ်သက်သော အချက်အလက်များအားလုံး စူးချီ၏ ဦးနှောက်ထဲသို့ စီးဝင်လာတော့သည်။ သူသည် မျက်တောင်တစ်ခတ်အတွင်း ကျင့်စဉ်တစ်ခုလုံးကို တတ်မြောက်သွားခဲ့သည်။
ထို့နောက်တွင်မှ စနစ်က ဘာကြောင့် ဤကျင့်စဉ်ကို ပြုပြင်ပေးရသနည်းဆိုသည်ကို သူ နားလည်သွားခဲ့သည်။ မူရင်းကျင့်စဉ်မှာ ဝူရှကမ္ဘာမှ သိုင်းပညာတစ်ခု ဖြစ်သည်။
သို့သော် ဤကမ္ဘာတွင်မူ အဆင့် ၅ ရောက်လျှင် ဝိညာဉ်ပြုစုခြင်း၊ အဆင့် ၆ ရောက်လျှင် ဝိညာဉ်ခွဲထုတ်ခြင်း အဆင့်များ ရှိကြသည်။ ဝိညာဉ်ခွဲထုတ်နိုင်သူများသည် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်စွမ်း ရှိပြီးသား ဖြစ်သည်။
ထို့ကြောင့် ဤကျင့်စဉ်၏ ‘ထူးခြားချက်’ ပျောက်ဆုံးမသွားစေရန်အတွက် စနစ်က ‘စိတ်ငြိမ်ကျင့်စဉ်’ ကို ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် ဦးနှောက်ကို ထိန်းချုပ်ပေးကာ လက်နှစ်ဖက်ကို သီးခြားစီ စိတ်အာရုံစူးစိုက်နိုင်အောင် ကူညီပေးမည်ဖြစ်သည်။
ဒါဟာ စူးချီအတွက်တော့ တကယ်ကို ကောင်းတဲ့အချက်ပါပဲ။ ဒီစိတ်ငြိမ်ကျင့်စဉ်ရဲ့ အကူအညီနဲ့ဆိုရင် သူ ကျောင်းသားတွေကို ပိုပြီး မြန်မြန်ဆန်ဆန် သင်ပေးနိုင်တော့မှာ မဟုတ်ပါလား။
အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ အတန်းစမယ့်အချိန်ကိုပဲ စောင့်ရတော့မယ်။
အဆင့်မြင့်သိုင်းလောက၏ရှန်းရှဆရာ
အခန်း (၁၄) : အူကြောင်ကြောင် သင်ကြားရေးလက်ထောက်၏ ပို့ချချက် စတင်ခြင်း။
နောက်တစ်နေ့၊ နံနက် ၁၀ နာရီခွဲ။
ဆရာစူးသည် သူ၏ရုံးခန်းထဲတွင် သင်ခန်းစာများ ပြင်ဆင်နေသည်။
သူ့ဦးနှောက်ထဲတွင် သင်ကြားရေးစိတ်ကူးများစွာကို စီစဉ်နေသော်လည်း တစ်ခုခုတော့ လိုအပ်နေသလို သူ အမြဲခံစားနေရသည်။
ပုံမှန်သင်တန်းတွေမှာ သွေးသားစွမ်းအင် လည်ပတ်ပုံနဲ့အတူ သက်ဆိုင်ရာ သိုင်းကွက်တွေပါ ပါဝင်လေ့ရှိသည်။
ဒါပေမဲ့... ‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ မှာက သီးသန့် သိုင်းကွက်ဆိုတာ မရှိဘူး။
သတ်မှတ်ထားတဲ့ သိုင်းကွက်တွေမပါတဲ့ အွန်လိုင်းသင်တန်းတစ်ခုဟာ ဘယ်လိုပဲတွေးတွေး အရမ်းပျင်းစရာကောင်းနေလိမ့်မည်။ ဒီခြောက်ကပ်ကပ် သင်ကြားမှုကို ဘယ်လိုစိတ်ဝင်စားအောင် လုပ်ရမလဲဆိုတာကို ဆရာစူး စဉ်းစားမရဘဲ ဖြစ်နေတော့သည်။
သူ စိတ်ရှုပ်နေစဉ်မှာပင်
‘ဒေါက် ဒေါက် ဒေါက်’
တံခါးခေါက်သံနှင့်အတူ လန်းဆန်းမွှေးပျံ့သော ရနံ့တစ်ခုက အခန်းထဲသို့ ပျံ့လွင့်လာသည်။ ကြည့်စရာပင်မလိုဘဲ ဒါဟာ ကျောင်းအုပ်ကြီးရှန်မှန်း ဆရာစူး သိလိုက်သည်။
မှန်ပါသည်၊ နောက်တစ်ခဏမှာပင် ခေတ်မီလှပသော ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည့် ရှန်ကျစ်ရှားသည် ကြောင်လေးတစ်ကောင်လို ညင်သာသော ခြေလှမ်းများဖြင့် ရုံးခန်းထဲသို့ လှမ်းဝင်လာသည်။
“ဆရာစူး... အနှောင့်အယှက် ဖြစ်သွားလားရှင်။ ဆရာ့ကို လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ။”
သူမက ပြောပြောဆိုဆိုဖြင့် နောက်ကလူတွေကို လက်ယပ်ခေါ်လိုက်သည်။
ဆရာစူး မော့ကြည့်လိုက်ရာ အမျိုးသားနှစ်ဦးကို မြင်လိုက်ရသဖြင့် ကိုယ်လေးပင် အနည်းငယ် တုန်သွားမိသည်။
တစ်ယောက်က မျက်ခုံးထူထူ၊ ဆံပင်တိုတိုနှင့် ဘယ်ဘက်ပါးပေါ်တွင် ဓားဒဏ်ရာ အမာရွတ်တစ်ခု ရှိပြီး ကြည့်ရသည်မှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။
နောက်တစ်ယောက်ကမူ ထိပ်ပြောင်ပြောင်၊ နှုတ်ခမ်းမွေးစလေးနှင့် ကြည့်ရသည်မှာ တစ်ခုခုကို ကြောင်တောင်တောင် ဖြစ်နေသလိုနှင့် ချစ်စရာကောင်းနေပြန်သည်။
“ဒီလိုပါ၊ ဖားပြုတ်သိုင်း သင်တုန်းက ကျွန်မ သတိထားမိတာက... သင်တန်းမှာ ဆရာနဲ့အတူ လက်တွေ့သရုပ်ပြပေးမယ့် ကျောင်းသားတစ်စုံ ရှိရင် ပိုကောင်းမယ်ဆိုတာပဲ။”
“ကျင့်စဉ်ကို လူကိုယ်တိုင် လက်တွေ့ သရုပ်ပြပေးတာက သင်ကြားမှုကို ပိုပြီး မြင်သာထင်သာ ရှိစေမှာပါ... ဒါကြောင့် ဆရာ့အတွက် သင်ကြားရေးလက်ထောက်နှစ်ယောက် ကျွန်မ ခေါ်ပေးထားပါတယ်။”
“ဒီအမာရွတ်နဲ့ တစ်ယောက်က ‘ဝမ်ရွှမ်း’ ပါ၊ ထိပ်ပြောင်ပြောင်နဲ့ တစ်ယောက်ကတော့ ‘ပေါင်ပေါင်’ တဲ့။ သူတို့က တကယ့်ကို တက်ကြွတဲ့သူတွေပါ။ သူတို့နှစ်ယောက်လုံးက ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေကြတာဆိုတော့ ဆရာ့ရဲ့ သင်ကြားရေးတာဝန်တွေကို ကောင်းကောင်း ကူညီပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”
ရှန်ကျစ်ရှားက ဤသို့ပြောနေချိန်တွင် မျက်နှာမှာ အလွန်တည်ကြည်နေသော်လည်း စိတ်ထဲမှာတော့ ဝမ်းသာလုံးဆို့နေပြီ ဖြစ်သည်။
‘ဘယ်လက် ညာလက် အတတ်’ ဆိုတာကတော့ ပျက်စီးဖို့ သေချာနေတဲ့ အမှိုက်ကျင့်စဉ်ဆိုတာ သိသာလှသည်။
သို့သော်လည်း... အကယ်၍ တစ်စုံတစ်ယောက်သော ပါရမီရှင်က ဒီအားကိုးမရတဲ့ ကျင့်စဉ်ကို နားလည်သွားပြီး တတ်မြောက်သွားရင် စူးချီအတွက် အခြေအနေတွေ ပြန်ကောင်းသွားနိုင်သည် မဟုတ်ပါလား။
အသေအချာ စဉ်းစားပြီးနောက် ကျောင်းအုပ်ကြီးရှန်သည် စူးချီအတွက် သင်ကြားရေးလက်ထောက်တွေ စီစဉ်ပေးဖို့ အကြံရခဲ့ခြင်း ဖြစ်သည်။
ထိုလက်ထောက်တွေဟာ ပါရမီ လုံးဝမရှိတဲ့သူတွေဖြစ်ဖို့လည်း သူမ သေချာ ဂရုစိုက်ခဲ့သည်။
ကျောင်းအုပ်ကြီးရှန်သည် အလုပ်အကိုင်ရှာဖွေရေး ဝဘ်ဆိုဒ်တွေမှာ ‘ပါရမီပျက်သွားတဲ့ ပါရမီရှင်’၊ ‘အရိုးထုတ်ခံရတဲ့ မိဘမဲ့’၊ ‘စိတ်ကျန်းမာရေးဆေးရုံက ဆင်းလာတဲ့ လူငယ်’ စတဲ့ အသုံးမကျတဲ့သူတွေကို အသည်းအသန် ရှာဖွေခဲ့သည်။
မူလက သူမသည် တစ်လောကလုံးက အသိအမှတ်ပြုထားသည့် ‘အသုံးမကျသူ’ တစ်ဦးကို ရွေးရန် ကြံစည်ခဲ့သော်လည်း ထိုသူ၏ ကိုယ်ရေးရာဇဝင်တွင် “ဆင်းရဲတဲ့ လူငယ်တစ်ယောက်ကို အထင်မသေးပါနဲ့” ဟူသော စာသားကို မြင်လိုက်ရချိန်တွင် သူမ တွန့်ဆုတ်သွားခဲ့သည်။
အင်း... အေးအေးဆေးဆေး နေခဲ့တဲ့ နှစ်တွေတုန်းက ရှန်ကျစ်ရှားဟာ ဝတ္ထုတွေ၊ ကာတွန်းတွေ အများကြီး ဖတ်ခဲ့ဖူးသည်။ အဲဒီလို အသုံးမကျတဲ့ လူငယ်တွေဟာ နောက်ဆုံးမှာ အံ့ဩစရာကောင်းအောင် ပြန်လာတတ်ကြသည် မဟုတ်ပါလား။
အွန်လိုင်းသင်တန်းမှာ အဲဒီလိုလူမျိုးတွေကြောင့် အံ့ဩစရာတွေ ဖြစ်မလာအောင် တားဆီးဖို့အတွက်
နောက်ဆုံးမှာတော့ သူမသည် အသုံးမကျသူတွေထဲကမှ အသက်အကြီးဆုံး နှစ်ယောက်ကို ရွေးချယ်လိုက်တော့သည်။ သူတို့ကတော့ ဘာမှမယ်မယ်ရရ မအောင်မြင်သေးဘဲ ဘွဲ့လွန်စာမေးပွဲကိုပဲ ဇွတ်မှိတ်ဖြေဖို့ ကြိုးစားနေကြတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားကြီးတွေ ဖြစ်သည်။
“ဆင်းရဲတဲ့ လူလတ်ပိုင်းကြီးတစ်ယောက်ကို အထင်မသေးပါနဲ့” လို့တော့ ဘယ်သူမှ မပြောကြဘူး မဟုတ်လား။ လူလတ်ပိုင်းအရွယ်ရောက်မှ အံ့ဩစရာတွေ ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ထို့အပြင် အင်တာဗျူးကြည့်လိုက်သည့်အခါ ထိုနှစ်ယောက်မှာ ဦးနှောက်သိပ်မပြေးဘဲ အေးအေးကြောင်ကြောင် ဖြစ်နေသည်ကိုလည်း ရှန်ကျစ်ရှား ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့် ကျောင်းအုပ်ကြီးရှန်သည် ထို ‘ပါရမီရှင်’ နှစ်ဦးကို တစ်ချက်တည်းနှင့်ပင် ခန့်အပ်လိုက်တော့သည်။ လျှို့ဝှက်ထားချင်သဖြင့် အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းကိုပင် သူမ အသိမပေးခဲ့ပေ။
တစ်ချိန်တည်းမှာပင် စူးချီအနေဖြင့် ပြင်ဆင်ချိန်မရအောင် သင်တန်းမစမီ နာရီဝက်အလိုကျမှ လူခေါ်လာပြပြီး အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်းပင်။
ယခုအခါ ကျောင်းအုပ်ကြီးရှန်သည် အချင်းချင်း မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေကြသည့် အမျိုးသားသုံးဦးကို ကြည့်ကာ အလွန် ကျေနပ်နေတော့သည်။
နဂါး တီရှပ်ဝတ်ထားပြီး ထူးဆန်းတဲ့ ကျင့်စဉ်ကို သင်ပေးမယ့် ထက်မြက်လှတဲ့ နည်းပြချုပ်လေး။
ဆံပင်တိုတို၊ မျက်နှာက ခက်ထန်သယောင်ရှိတဲ့ ဘွဲ့လွန်ဖြေမယ့် ဦးလေးကြီး။
ကြောက်တတ်ပြီး ကြောင်တောင်တောင်နိုင်တဲ့ ဘွဲ့လွန်ဖြေမယ့် လူငယ်လေး။
ဒီသုံးယောက်ပေါင်းလိုက်ရင်တော့ ကျောင်းသားတွေရဲ့ မျှော်လင့်ချက်တွေ အကုန် ပျောက်ဆုံးကုန်တော့မှာ အသေအချာပဲ။
သာမန်လူဆိုရင် ဒီသုံးယောက် အတူတူ အွန်လိုင်းသင်တန်း သင်ပေးမယ်ဆိုတာကို စိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်ဘူး။
‘ငါကတော့ တကယ့် ပါရမီရှင်ပဲ။ ဒီလို လူအတွဲအစပ်ကို ဘယ်လိုများ စဉ်းစားမိပါလိမ့်။’
‘ဟဲဟဲ ငါတော့ အောင်မြင်တော့မယ်။’
“အင်း... အခြေအနေကတော့ ဒါပါပဲ။ ရှေ့လျှောက် ဘယ်လိုသင်မလဲဆိုတာကို ခင်ဗျားတို့ သုံးယောက် သေချာ တိုင်ပင်ထားကြပါ။ ငါတော့ အနှောင့်အယှက် မပေးတော့ဘူးနော်။”
ပြောပြီးသည်နှင့် ကျောင်းအုပ်ကြီးရှန်သည် လှည့်ထွက်သွားတော့သည်။ သူမ၏ ခါးလေးမှာ မော်တာတစ်လုံးထက်ပင် ပိုမြန်သော အရှိန်ဖြင့် လှုပ်ခါသွားကာ စူးချီ လိုက်လာမှာကို ကြောက်နေသည့်အလား အမြန်ဆုံး ထွက်ခွာသွားခဲ့သည်။
…
ရှန်ကျစ်ရှား ထွက်သွားသည်နှင့် လူလတ်ပိုင်း အမျိုးသားနှစ်ဦးမှာ တိုးတိုးလေး စတင် စကားပြောကြတော့သည်။
“ယောက်ဖ ကျွန်တော်တို့ တကယ်ပဲ ဒီသင်ကြားရေးလက်ထောက် လုပ်ရမှာလား။ အလုပ်ခဏခဏ ပြောင်းနေတာက ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ မကိုက်ညီဘူး မဟုတ်လား”
မျက်နှာမှာ အမာရွတ်နှင့် ဝမ်ရွှမ်းက ထိပ်ပြောင်နေသော ပေါင်ပေါင်၏ ခေါင်းကို ပုတ်လိုက်ကာ
“ဒါကို လုပ်ရင် ပိုက်ဆံအများကြီး ရမှာကွ! အခွင့်အရေးက ကံကြမ္မာကို ဆုံးဖြတ်တာပဲ”
ပေါင်ပေါင်မှာ သူ၏ခေါင်းကို အုပ်ထားရင်း အားငယ်စွာဖြင့်
“ဒါပေမဲ့... ကျွန်တော်က ဘာမှလည်း မလုပ်တတ်ဘူးလေ...”
ဝမ်ရွှမ်းက မျက်လုံးအပြူးသားဖြင့်
“မင်းမှာ ပိုက်ဆံမရှိရင် ငါ့ညီမကို ဘယ်လိုယူမှာလဲ။ မင်းက ငါ့ညီမကို မယူချင်ဘူးဆိုရင်တောင်၊ ငါက မင်းညီမကို ယူချင်သေးတယ်ကွ။”
“နောက်ကျရင် ဆရာပြောတာကိုပဲ နားထောင်ကြမယ်! ဆရာ ခိုင်းတာမှန်သမျှ အကုန်လုပ်မယ်၊ ဟုတ်ပြီလား။”
ထိုအချိန်တွင် စူးချီမှာ ထွက်သွားသော ရှန်ကျစ်ရှားကို ငေးကြည့်နေမိသည်။ ထို့နောက် ရှေ့မှ ‘ဘွဲ့လွန်အတွဲ’ ကို ကြည့်ကာ အတွေးနက်သွားတော့သည်။
‘ဘယ်လက် ညာလက် အတတ်’ ဆိုတာ အတွေးများတဲ့သူတွေအတွက် မသင့်တော်ပေ။ သို့သော်... စိတ်ထားရိုးသားပြီး အေးအေးကြောင်ကြောင်နိုင်သူတွေအတွက်တော့ အလွန်သင့်တော်လှသည်။
ရှေ့က ဘွဲ့လွန်အတွဲမှာ ကြည့်ရသည်မှာ ဦးနှောက်သိပ်မပြေးဘဲ အေးဆေးကြောင်တောင် ဖြစ်နေကြသည်။ အထူးသဖြင့် ထိပ်ပြောင်နေသော ပေါင်ပေါင်မှာ တကယ့်ကို အေးဆေးလှသဖြင့် ကြီးကျယ်သော အောင်မြင်မှုတစ်ခု ရနိုင်မည့်သူနှင့် တူနေသည်။
အကယ်၍ ဒီ ‘အရူး’ နှစ်ယောက်သာ ဒီကျင့်စဉ်ကို တတ်သွားခဲ့ရင်...
ဒါဟာ အွန်လိုင်းသင်တန်းကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားစေမှာ မဟုတ်လား။
ပါရမီရှင်တွေက အရူးနှစ်ယောက် ကျင့်ပြနေတာကို မြင်လိုက်ရရင် ‘ငါတို့က သူတို့ထက် ပိုတော်တာပဲ’ ဆိုတဲ့ စိတ်မျိုး သဘာဝအတိုင်း ဝင်လာကြလိမ့်မည်။
ဒါဟာ မိုဘိုင်းဂိမ်းကြော်ငြာတွေလိုပါပဲ။ ဂိမ်းက အရမ်းရိုးရှင်းပေမဲ့ ကြော်ငြာထဲမှာတော့ အရူးတွေက မဆော့တတ်ပဲ ဆော့ပြနေကြသည်။ အဲဒီအခါ ကြည့်နေတဲ့သူက ‘ငါသာဆိုရင် ဒီထက် ကောင်းကောင်း ဆော့ပြနိုင်တယ်’ ဆိုပြီး ကိုယ်တိုင် ဝင်ဆော့ချင်လာကြတာမျိုးပေါ့။
အွန်လိုင်းသင်တန်းမှာလည်း ဒီဘွဲ့လွန်အတွဲ ပေါ်လာတဲ့အခါ သူတို့ရဲ့ ထုံအအ အမူအရာတွေကြောင့် ကျောင်းသားတွေကလည်း လိုက်ပြီး စမ်းသပ်ကြည့်ချင်စိတ်တွေ ပေါက်လာကြလိမ့်မည်။ ဤနည်းဖြင့် ပျင်းစရာကောင်းလှသော ပုံဆွဲတာ၊ စာရေးတာတွေကို သူတို့ စိတ်ဝင်တစား လုပ်လာကြပေလိမ့်မည်။
‘ကျောင်းအုပ်ကြီးရှန်ရဲ့ ဒီတစ်ကွက်ကတော့ တကယ့်ကို အဆင့်မြင့်လှပါလား။’
…
နံနက် ၁၁ နာရီတွင် လိုက်ဖ်လွှင့်ခြင်းကို တရားဝင် စတင်လိုက်သည်။
စူးချီသည် ကင်မရာရှေ့တွင် ပထမဆုံး ဝင်ထိုင်လိုက်သည်။ မှန်အပြင်ဘက်မှနေ၍ ရှန်ကျစ်ရှားက ‘အိုကေ’ ဟု အချက်ပြလိုက် ရာ စူးချီ စတင်နိုင်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် စူးချီသည် တရားဝင် နှုတ်ခွန်းဆက်လိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော် ဆရာစူး ဖြစ်ပါတယ်။”
“ဒီနေ့ သင်တန်းမှာတော့ ကျွန်တော်တို့နဲ့အတူ သင်ကြားရေးလက်ထောက် နှစ်ယောက် ပါဝင်မှာ ဖြစ်ပါတယ်။ ဝမ်ရွှမ်းနဲ့ ပေါင်ပေါင်ကို ကြိုဆိုပေးကြပါဦး”
စူးချီက ပြောပြောဆိုဆိုဖြင့် တံခါးဘက်ကို လက်ယပ်ခေါ်လိုက်သည်။
ထို့နောက်... လူလတ်ပိုင်း အမျိုးသားနှစ်ဦး ကင်မရာရှေ့သို့ လျှောက်ဝင်လာကြသည်။
“ယောက်ဖ... ကျွန်တော် နည်းနည်းကြောက်တယ်ဗျာ။ ကျွန်တော့်မျက်နှာကို မပြလို့ ရမလား”
ပေါင်ပေါင်က ပြောပြောဆိုဆိုဖြင့် ခြေအိတ်အရှည်တစ်ခုကို ထုတ်ကာ သူ၏မျက်နှာကို စွပ်လိုက်တော့သည်။
“ဘာကို ကြောက်နေတာလဲကွ။ သတ္တိမရှိရင် ဘာမှ ဖြစ်မလာဘူး။ အားတင်းပြီး သင်စမ်းပါ၊ ငါတို့ ဘွဲ့လွန်စာမေးပွဲကို ဧကန်အမှန် အောင်ရမယ်”
လိုက်ဖ်လွှင့်ရန်အတွက် ဝမ်ရွှမ်းသည် နီပန်းလု အမှတ်တံဆိပ် ပိုလိုရှပ်တစ်ထည်ကို သေသေချာချာ ဝယ်ဝတ်ထားသည်။
ထိပ်ပြောင်နေသော ပေါင်ပေါင်မှာမူ သူနှင့် လုံးဝမဆံ့သော ပန်းပွင့်ပုံပါ ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ထားသဖြင့် သူ၏ ဗိုက်ကြီးမှာ ထွက်တော့မတတ် ဖြစ်နေသည်။
သူတို့၏ အမူအရာနှင့် ရုပ်ရည်မှာ လူမိုက်ဟု ခေါ်လျှင်ပင် လူမိုက်များကို စော်ကားရာ ရောက်ပေလိမ့်မည်။ ‘သင်ကြားရေး’၊ ‘လက်ထောက်’ သို့မဟုတ် ‘ဘွဲ့လွန်’ ဆိုသည့် စကားလုံးများနှင့် သူတို့မှာ လုံးဝကို မအပ်စပ်လှပေ။
လိုက်ဖ်လွှင့်ခန်းမ အပြင်ဘက်တွင်မူ...
ယဲ့ရှူးယောင်းသည် ထိုနှစ်ယောက်ကို ကြည့်ကာ ဆွံ့အမှင်တက်နေတော့သည်။
“အဒေါ်လေး... ဒါတွေက အဒေါ်လေး ကိုယ်တိုင် အင်တာဗျူးပြီး ဆရာစူးအတွက် အသင့်တော်ဆုံးပဲလို့ ပြောခဲ့တဲ့ လက်ထောက်တွေလား”
အစောပိုင်းက ရှန်ကျစ်ရှားသည် စူးချီအတွက် လက်ထောက်ရှာပေးရန် အကြံပြုခဲ့စဉ်က ယဲ့ရှူးယောင်းသည် အလုပ်ခန့်ထားရေး ဝဘ်ဆိုဒ်တွေမှာ ကြော်ငြာတင်ရန် ပြင်ဆင်ခဲ့သည်။
ဘယ်သူသိမှာလဲ... ရှန်ကျစ်ရှားက သူမ၏ ရင်ဘတ်ကို ပုတ်ကာ သူမကိုယ်တိုင် စီစဉ်ထားပြီးသားဟု ပြောခဲ့သည်ကိုး။
အခုတော့... ဒါဟာ သူမ ဆိုလိုတဲ့ ‘စီစဉ်ထားပြီးသား’ ဆိုတဲ့ အရာလား။
မူလက စူးချီ၏ ထူးဆန်းလှသော ကျင့်စဉ်ကပင် လုံလောက်နေပြီ ဖြစ်သော်လည်း၊ အခုတော့ ဦးနှောက်သိပ်မပြေးတဲ့ လက်ထောက်နှစ်ယောက်ကိုပါ သူမ ထပ်ရှာလာပေးခဲ့ပြီ။
ဘုရားရေ... သူမ၏ ခံစားချက်ကို ဘယ်လိုမှ ဖော်ပြ၍ မရနိုင်တော့ပေ။ ဒါဟာ Idol တစ်ယောက်ရဲ့ မန်နေဂျာ ဖြစ်နေသလိုပါပဲ။
ကိုယ့်အနုပညာရှင်ကလည်း အဆင့်မမီတဲ့အပြင်၊ အပြင်ကနေ ကျောက်ပတ်လွန် လာမယ်လို့ ကြော်ငြာပြီး တကယ်တမ်းကျတော့ ကျိုးပင်းလွန် ကို ခေါ်လာသလိုမျိုး ဖြစ်နေပြီ။
အတိုချုပ်ပြောရလျှင်တော့... ငါတော့ ပင်ပန်းလှပြီ။
ဒီကျောင်းကြီးပဲ ပျက်စီးသွားပါစေတော့။