← Chapters

အခန်း ၅-၆

Vol. 1 Ch. 5-6

အခန်း ၅-၆

Vol. 1 Ch. 5-6

အခန်း (၅) : တစ်ဟုန်ထိုးနာမည်ကြီးသွားတာပဲ။

ထိုအချိန်တွင် မြို့ပြပညာရေးရုပ်သံလိုင်းမှ သတင်းထောက်လီယန်သည် ကင်မရာကိုဟိုဟိုဒီဒီ ပျင်းရိပျင်းတွဲလှည့်ရိုက်နေသည်။

သူ့အတွက်တော့ ဒီလိုသတင်းလိုက်ရခြင်းမှာ အလွန်ပင်ငြီးငွေ့စရာကောင်းလှသည်။

နှစ်စဉ်နှစ်တိုင်း ဒီလိုရွေးချယ်ပွဲတွေရှိမြဲ သတင်းပုံရိပ်တွေကလည်း ဒီပုံစံအတိုင်း သတင်းထုတ်ပြန်ချက်တွေကလည်း တစ်ပုံစံတည်းပင်။

သို့သော်လည်း နာမည်ကျော်ထိပ်တန်းတက္ကသိုလ်တွေက ကျောင်းသားလာရွေးသည့်ပွဲ ဖြစ်နေသဖြင့် မြို့ပြရုပ်သံလိုင်းအနေဖြင့် သတင်းလာယူရန် လူလွှတ်လိုက်ရခြင်းဖြစ်သည်။

"အူး... ထူးထူးခြားခြား သတင်းအကြီးကြီးတစ်ခုလောက်နဲ့ တိုးပါစေလို့ပဲဆုတောင်းရတော့မယ်"

ထိုစဉ် ကျောင်းသားတစ်ဦးက သူ့အာရုံကိုဖမ်းစားလိုက်သည်။

ထိုကျောင်းသားသည် ရုတ်တရက်နောက်ပြန်ကျွမ်းတစ်ပတ်ပစ်လိုက်သည်ကို သူမြင်လိုက်ရသည်။

ထို့နောက်တွင် ထိုကျောင်းသားသည်တစ်ကိုယ်လုံးကိုမြေကြီးပေါ်တွင် ဖားတစ်ကောင်ကဲ့သို့ ပြားပြားဝပ်လိုက်သည်။

ဆက်တိုက်ဆိုသလိုပင် သူ၏ပါးစပ်ကြီးမှာဖောင်းကားလာပြီး ကြည့်ရသည်မှာ ဖားတစ်ကောင်နှင့် ပိုပိုတူလာတော့သည်။

"ဒီကျောင်းသားသိုင်းကျင့်ရင်းနဲ့ စိတ်ဖောက်ပြန်သွားတာလားမသိဘူး"

ဤမြင်ကွင်းကိုမြင်လိုက်ရသည်နှင့်လီယန်မှာ ချက်ချင်းပင်နိုးကြားသွားတော့သည်။

သတင်းခေါင်းစဉ်တစ်ခုကို သူ့မျက်စိထဲ မြင်ယောင်သွားသည်။

‘’စစ်ဆေးမှုဒဏ်ကိုမခံနိုင်တော့ဘဲ ကျောင်းသားတစ်ဦးစိတ်ဖောက်ပြန်လာမှု ဒါဟာလူသားမျိုးနွယ် နိမ့်ကျလာမှုလား ဒါမှမဟုတ် ပညာရေးရဲ့ အနိဋ္ဌာရုံလား’’

ဤသို့တွေးမိသည်နှင့်လီယန်မှာ စိတ်လှုပ်ရှားသွားပြီးကင်မရာကို ထိုကျောင်းသားဆီသို့အသေအချာ ချိန်လိုက်တော့သည်။

"လီချန်ချင်း မင်းဒူးထောက်ပြားဝပ်နေရုံနဲ့ အမှတ်မတိုးလာဘူးနော်"

"နောက်မှာတန်းစီနေတဲ့သူတွေ အများကြီးရှိသေးတယ်။ မင်း စမ်းသပ်မှာလား၊ မစမ်းသပ်ဘူးလား အချိန်မဖြုန်းနဲ့ မြန်မြန်လုပ်..."

စစ်ဆေးရေးဆရာက လေသံတိုးတိုးဖြင့် တိုက်တွန်းလိုက်သည်။

ထိုစဉ် ထိုကျောင်းသားသည် ခြေထောက်နှစ်ဖက်ကို အားပြုကာအရှိန်ဖြင့် ရှေ့သို့ခုန်တက်လိုက်ပြီး လက်ဖဝါးတစ်ချက်ကို ခွန်အားတိုင်းစက်ပေါ်သို့ပြင်းထန်စွာရိုက်ချလိုက်တော့သည်။

‘တီ... တီ... တီ...’

စက်မှအသံများ မြည်လာသည်ကို လီယန်ကြားလိုက်ရသည်။

ထို့နောက် စစ်ဆေးရေးဆရာသည်တံတွေးတစ်ချက်မျိုချလိုက်ပြီး စက်ကိုအသေအချာ စစ်ဆေးနေသည်။

ခလုတ်တွေကို အကြိမ်ကြိမ်နှိပ်ကြည့်ပြီး ဗီဒီယိုမှတ်တမ်းကိုပါပြန်ကြည့်ပြီးနောက် စစ်ဆေးရေးဆရာ၏အသံမှာမယုံနိုင်လောက်အောင် တုန်ယင်နေတော့သည်။

"လီ... လီ... လီချန်ချင်း၊ သွေးသားစွမ်းအင် ၁၈၃ မှတ်၊ ခွန်အား ၆၂၇ ကျင်း၊ အပိုအမှတ် မရှိ..."

‘ဝုန်း...’

ဤအချက်အလက်ကို ကြားလိုက်ရချိန်တွင်ပညာရေးသတင်းထောက်ဖြစ်သူ လီယန်၏ဦးနှောက်မှာ ‘ဂျင်း’ ခနဲ ဖြစ်သွားသည်။

သာမန်လူတစ်ယောက်၏ ခွန်အားမှာသွေးသားစွမ်းအင်၏ ၃ ဆခန့်သာ ရှိတတ်သည်။

ယခု ဤလူငယ်၏ခွန်အားမှာ သွေးသားစွမ်းအင်၏ ၃.၄ ဆနီးပါး ရှိနေသည်။ သူ၏ ခွန်အားသည် သာမန်ရွယ်တူများထက် ၁၀ ရာခိုင်နှုန်းခန့်ပိုများနေခြင်းဖြစ်သည်။

လီယန်၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများချက်ချင်းပေါ်လာတော့သည်။

၆၁၀ ကျင်းထက် ကျော်သွားပြီ

မနှစ်က မြို့နယ်အဆင့်အမှတ်အများဆုံးရသူရဲ့ ခွန်အားတောင် ၆၀၀ ကျင်းပဲ ရှိတာ

ဒါဆို ဒါက ဒီနှစ်အတွက် တစ်မြို့လုံးမှာအဆင့် ၁ ပဲပေါ့

အဲဒါတင်မကဘူး၊ တခြားသူတွေလိုက်မမီနိုင်တဲ့ ပြိုင်ဘက်ကင်းအဆင့် ၁ ပဲ!

ငါတကယ်ပဲ ဒီလိုလူမျိုးနဲ့ တိုးတာလား

သတင်းကြီးပဲ

သတင်းအကြီးကြီးပဲ

...

ထိုအချိန်တွင် လီချန်ချင်းမှာဖားပြုတ်သိုင်းကို အသုံးပြု၍ လက်ဖဝါးတစ်ချက် ရိုက်ထုတ်ပြီးကာစ ရှိသေးသည်။

သူ၏ စစ်ဆေးမှုမှတ်တမ်းပေါ်တွင် တစ်ခါမျှမပေါ်ဖူးသော ကိန်းဂဏန်းတစ်ခုပေါ်လာခဲ့သည်။

ခွန်အား ၆၂၇ မှတ်။

ဤကိန်းဂဏန်းကို မြင်လိုက်ရသောအခါ လီချန်ချင်း မှင်တက်သွားသည်။

ထို့နောက် သူ၏နှလုံးသားမှာပြင်းထန်စွာတုန်ယင်လာတော့သည်။

အကယ်၍ဒီကိန်းဂဏန်းသာ အမှန်ဆိုရင်...

ဒါဆို သူနောက်ဆုံးမျှော်လင့်ချက်အနေနဲ့ စမ်းသပ်ကြည့်လိုက်တဲ့ ဖားပြုတ်သိုင်းက တကယ်ပဲ အစွမ်းထက်နေတာပေါ့။

ဒီကျင့်စဉ်ကသာ အစစ်အမှန်ဆိုရင်၊ အွန်လိုင်းက ဆရာပြောခဲ့တဲ့ စကားတွေကလည်း အမှန်တွေ ဖြစ်ကုန်တော့မှာပေါ့

ဒီကျင့်စဉ်ကို ဆုံးခန်းတိုင်အောင်ကျင့်ရင်ခွန်အားကို ၂ ဆတိုးပေးနိုင်မယ်ဆိုတာကော

ဆိုလိုတာက သူသာဆက်ပြီး ကျင့်ကြံသွားရင် ခွန်အား ၁၂၀၀ ကျင်းအထိ ထုတ်ဖော်နိုင်မယ်ဆိုတဲ့ သဘောလား

တက္ကသိုလ်ဝင်တန်း စာမေးပွဲ သူပြိုင်ဘက်ကင်း အဆင့် ၁ ရနိုင်ပြီ။

ထိုစဉ် လီချန်ချင်း၏ဘေးပတ်ပတ်လည်မှ အသံပေါင်းစုံထွက်ပေါ်လာတော့သည်။

‘’မောင်လေး မင်းဘယ်အတန်းကလဲ’’

‘’မောင်လေး မင်းဘယ်ကျောင်းကလဲ’’

"မောင်လေး... အခုနကသုံးလိုက်တာ သိုင်းကျင့်စဉ်လား ဒါကို ဘယ်သူသင်ပေးတာလဲဆိုတာ ပြောပြလို့ရမလား"

ခဏအစောပိုင်းကမှ အရေးမလုပ်ခြင်းကိုခံခဲ့ရသော လီချန်ချင်းမှာ ယခုအခါလူအုပ်ကြီး၏ ဝိုင်းအုံခြင်းကိုခံနေရပြီဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျောင်းပေါင်းစုံက သူ့ကိုကမ်းလှမ်းမှုတွေ လုပ်လာကြသည်။

လီချန်ချင်းမှာ မှင်တက်နေဆဲဖြစ်ကာမေးသမျှကို စက်ရုပ်တစ်ရုပ်လိုပြန်ဖြေနေမိသည်။

သို့သော် သူ၏စိတ်ထဲတွင်မူ စစ်ဆေးရေးဆရာပြောခဲ့သော ‘မင်းမှာ နောက်ခံမရှိတာကိုး’ ဟူသော စကားမှာပဲ့တင်ထပ်နေဆဲဖြစ်သည်။

ဟုတ်တယ် ငါတို့လို ဆင်းရဲသားမိသားစုက ကလေးတွေမှာနောက်ခံမရှိဘူး!

ဒါပေမဲ့... ငါ့ရဲ့ အွန်လိုင်းသင်တန်းက ဆရာကတော့ငါ့ရဲ့ နောက်ခံပဲ

မှန်တယ်။

ဒီလို သိုင်းကျင့်စဉ်မျိုးဟာ မိသားစုကြီးတွေထဲမှာပဲ တိတ်တဆိတ်လက်ဆင့်ကမ်းတဲ့ လျှို့ဝှက်ချက် ဖြစ်ရမယ်။

ဒါကို သူကငါ့ကိုအွန်လိုင်းကနေ သင်ပေးခဲ့တာ

သူ့ကို... ငါတစ်သက်လုံးနောက်လိုက်လုပ်သွားမယ်

ထိုစဉ် လီချန်ချင်းရုတ်တရက်အသံတစ်သံ ကြားလိုက်ရသည်။

"မောင်လေး၊ ဦးလေးက မြို့ပြရုပ်သံလိုင်းကပါ။ ဦးလေးတို့ရဲ့ အင်တာဗျူးကိုလက်ခံပေးလို့ ရမလား"

‘’ရုပ်သံလိုင်း’’

လီချန်ချင်းခေတ္တမျှ မှင်တက်သွားသည်။

ဟုတ်သားပဲ ဆရာက အွန်လိုင်းမှာသင်ပေးနေတာဆိုတော့... ငါသူ့ကိုပိုပြီးလူသိများအောင် ကူညီပေးရမယ်။

ဤသို့တွေးကာ လီချန်ချင်းခေါင်းညိတ်ပြလိုက်သည်။

...နာရီဝက်ခန့် ကြာပြီးနောက်။

လီယန်သည် လီချန်ချင်းကို အံ့အားသင့်စွာကြည့်နေမိသည်။ သူ၏မျက်နှာတွင် မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ အမူအရာမျိုး ရှိနေသည်။

"မင်းပြောချင်တာက... မင်းရဲ့ ဒီကျင့်စဉ်ကို တစ်လမှ ယွမ် ၂၀၀ ပဲပေးရတဲ့ အွန်လိုင်းသင်တန်းကနေ သင်ခဲ့တာ ဟုတ်လား"

နာရီအနည်းငယ်ကြာပြီးနောက် မြို့ပြပညာရေးရုပ်သံလိုင်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် သတင်းတစ်ခုထင်ထင်ရှားရှားပေါ်ထွက်လာတော့သည်။

‘’အွန်လိုင်းသင်တန်းကလည်း တကယ့်သိုင်းစစ်စစ်ကို သင်ပေးနေပြီ။ ‘နယူဗွိုင်ယေးချ် သိုင်းပညာလေ့ကျင့်ရေးကျောင်း’ ၏ ဖားပြုတ်သိုင်းတစ်ခုက နိုင်ငံတော်အဆင့် ၉၈၅ တက္ကသိုလ်များကိုပါ ကိုင်လှုပ်လိုက်ပြီ’’

ထိုသတင်းကို တက္ကသိုလ်အသီးသီးမှ ဆရာများကအရင်ဆုံးမြင်တွေ့သွားကြသည်။

ကျောင်းဆရာတစ်အုပ်စုက အရင်ဆုံးတွေးလိုက်မိသည်မှာ ‘’ အကယ်၍ သူတို့ရဲ့ ကျောင်းသားတွေသာ ဒီကျင့်စဉ်ကို တတ်မြောက်သွားရင် တစ်ခန်းလုံးချင်းဟွာနဲ့ ပေကျင်းတက္ကသိုလ်တွေကို တက်နိုင်တော့မှာပေါ့...’’

ထို့နောက်တွင် တက္ကသိုလ်အသီးသီး၌ ဂယက်များ စတင်ရိုက်ခတ်တော့သည်။

"ဆရာ၊ ဆရာက နယူဗွိုင်ယေးချ် သင်တန်းကို အပ်ထားတယ်လို့ ကြားတယ်၊၊ ကျွန်တော့်ကို အကောင့်လေး ခဏပေးကြည့်ပါဦး"

"မင်းဖားပြုတ်သိုင်းကို တတ်သွားပြီလို့ကြားတယ်၊ တစ်ချက်လောက် သရုပ်ပြပါဦး"

"မင်းက အဲဒီကျင့်စဉ်ကို အတုလို့ပြောနေတာလား၊ သွား... သတင်းတွေ သွားကြည့်လိုက်ဦး ပြီးရင် မင်းအကောင့်ကို ငါ့ကို ခဏပေး’’

မူလက ဤသတင်းမှာ လူနည်းစုကြားတွင်သာ ပျံ့နှံ့နေခြင်းဖြစ်သည်။ အကြောင်းမှာ ပညာရေးရုပ်သံလိုင်းကို ကြည့်သူအလွန်နည်းပါးသောကြောင့် ဖြစ်သည်။

သို့သော်လည်း ‘လင်းယွန်း’ ဟု အမည်ရသော အင်တာနက်ဆယ်လီကျောင်းသူလေးတစ်ဦးက ထိုကျင့်စဉ်ကို ရရှိသွားပြီးလက်တွေ့စမ်းသပ်ပြလိုက်သည့်အခါတွင်မူ...

ဖားပြုတ်သိုင်းကို မကျင့်ရသေးခင်တွင် သူမ၏ အားကုန်ထိုးချက်မှာ ၉၅၁ ကျင်း ရှိသည်။

ထို့နောက် သွေးသားစွမ်းအင်လှည့်ပတ်ပုံနှင့် သိုင်းကွက်များကို နာရီဝက်ခန့်လေ့ကျင့်ပြီးနောက်တွင်မူ သူမ၏ ထိုးချက်မှာ ၁၀၅၀ ကျင်း ဖြစ်သွားခဲ့သည်။

ဆိုလိုသည်မှာ နာရီဝက်မျှလေ့ကျင့်ရုံနှင့် ခွန်အား ၁၀ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်သည်။

ထိုအခါတွင် သတင်းမှာ ရုတ်တရက်ပေါက်ကွဲသွားတော့သည်။

ကျောင်းသားအမြောက်အမြားမှာ သူမ၏ လိုက်ဖ်လွှင့်ဗီဒီယိုဆီသို့ စုပြုံရောက်ရှိလာကြသည်။ လူပေါင်း ၂ သိန်းကျော်က သူမ ၂ နာရီကြာ လေ့ကျင့်နေသည်ကို ကြည့်ရှုခဲ့ကြပြီးနောက်ဆုံးတွင် သူမသည် ၁၁၄၀ ကျင်းအထိ ခွန်အား ထုတ်ဖော်နိုင်ခဲ့သည်။ ၎င်းမှာ ခွန်အား ၂၀ ရာခိုင်နှုန်း တိုးလာခြင်းပင် ဖြစ်သည်။

"ဒီကျင့်စဉ်က တကယ်အစစ်အမှန်ကြီးပါ"

"ဒါပေမဲ့ ဒီကျင့်စဉ်က ပါရမီအနည်းငယ် လိုအပ်တယ်ဆိုတာကိုတော့ ကျောင်းသားတွေကို သတိပေးချင်ပါတယ်။ လူတိုင်းအတွက်တော့ သင့်တော်ချင်မှ သင့်တော်မှာပါ"

ဒါကတော့ ထိုဆယ်လီမလေး၏ နောက်ဆုံးသတိပေးချက်ပင်...။

ဤဗီဒီယိုထွက်လာသည်နှင့်တစ်ပြိုင်နက် ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားများမှာ လုံးဝရူးသွပ်ကုန်ကြတော့သည်။

‘’ပါရမီလိုအပ်တယ် ဟုတ်လား’’

‘’ကိုယ်တိုင် မစမ်းကြည့်ဘဲ ဘယ်သူကကိုယ့်ပါရမီကို သံသယဝင်မှာလဲ’’

‘’တစ်သောင်းမှာ တစ်ယောက်ပဲ ဖြစ်နိုင်ခြေရှိရင်တောင်၊ ဒီနောက်ဆုံးအချိန်မှာ ကြိုးစားကြည့်လို့ အောင်မြင်သွားမလားဆိုပြီး လူပေါင်းများစွာက စမ်းသပ်ချင်နေကြပြီ’’

ထို့ကြောင့် ကျောင်းသားအမြောက်အမြားသည် နယူဗွိုင်ယေးချ်သိုင်းပညာလေ့ကျင့်ရေးကျောင်း၏ ဝဘ်ဆိုဒ်ကို စတင်ရှာဖွေကြတော့သည်။

သို့သော် လူဦးရေအလွန်အမင်းများပြားလွန်းသဖြင့် ဆာဗာမှာကျသွားခဲ့ပြီး ကျောင်းသားများအနေဖြင့် စာရင်းသွင်း၍ မရတော့ပေ။

စာရင်းသွင်း၍မရသော ကျောင်းသားများမှာအခြားသူများဆီမှ အကောင့်ကိုငှားယူရန် ကြိုးစားကြတော့သည်။

"မင်းအရင်က နယူဗွိုင်ယေးချ်မှာ သင်တန်းတက်နေတာ မဟုတ်လား"

"ဘာ မင်းကကျောင်းထွက်ဖို့နှိပ်လိုက်ပြီ ဟုတ်လား မင်းအရူးပဲ၊ အမြန်ဆုံး ပြန်ဖျက်လိုက်စမ်း"

"ဝန်ဆောင်မှုဌာနက ပိုက်ဆံပြန်အမ်းဖို့ လုပ်နေပြီတဲ့လား မအမ်းခိုင်းနဲ့ အမြန်ဆုံး ပြန်ဖျက် လူကိုယ်တိုင်ဝန်ဆောင်မှုပေးတဲ့သူကို ဖုန်းဆက်ပြီးတားခိုင်းလိုက်"

"မင်း မယုံရင် သတင်းတွေထဲကလင်းယွန်းရဲ့ ဗီဒီယိုကိုသွားကြည့်လိုက်ဦး"

မှန်ပါသည် ဤကျင့်စဉ်မှာ တကယ်ပင်ပါရမီလိုအပ်သဖြင့် လူတိုင်းသင်ယူ၍မရနိုင်ပါ။

"ဒါ ဘာကြီးလဲ၊ ငါ အကုန်ကြည့်ပြီးပြီ၊ ဘာမှ နားမလည်ဘူး၊ ဘာမှလည်း ဖြစ်မလာဘူး"

"သိပ်ရှုပ်တာပဲ"

"ငါ့အမြင်တော့ ဒီကျင့်စဉ်ကအလိမ်အညာပဲ"

"အစ်ကို... အစ်ကို နားမလည်ရင် အဲဒီအကောင့်ကိုကျွန်တော့်ကို ပြန်ရောင်းပါလား"

"..."

သို့သော်လည်း ဤဆူညံပွက်လောရိုက်မှုများအပြီးတွင်

မူလက ကျောင်းထွက်ရန် ပြင်ဆင်နေသူအားလုံးသည် သူတို့၏ လျှောက်လွှာများကို ပြန်လည် ပယ်ဖျက်လိုက်ကြသည်။

သင်တန်းတက်ရန် လျှောက်ထားသူဦးရေမှာ အလွန်များပြားလွန်းသဖြင့် ကျောင်း၏ဝဘ်ဆိုဒ်ဆာဗာမှာ တိုက်ရိုက်ပျက်စီးသွားတော့သည်။

တစ်ဖက်တွင်မူ... ကျွန်ုပ်တို့၏ လှပပျိုမြစ်လှသော ကျောင်းအုပ်ကြီးရှန်မှာ ဝဘ်ဆိုဒ်ဆာဗာ ကျသွားလိမ့်မည်ဟု တစ်ခါမျှထည့်မတွက်ထားခဲ့သဖြင့် ဝဘ်ဆိုဒ်ကိုပြုပြင်ထိန်းသိမ်းမည့်သူပင် မထားခဲ့ပေ။

ထို့ကြောင့် ဤအဖြစ်အပျက်များအားလုံး ဖြစ်ပျက်နေချိန်တွင်

ကျောင်းအုပ်ကြီးရှန်မှာမူမျက်နှာကို ပေါင်းတင်ကာအိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေပြီး သူမကိုယ်သူမ နတ်ဘုရားမ သို့မဟုတ် ဧကရာဇ်မင်းကြီး ဖြစ်လာမည့်အကြောင်း အိပ်မက်ကောင်းနေလေတော့သည်။

အဆင့်မြင့်သိုင်းလောက၏ရှန်းရှဆရာ

အခန်း (၆) : ဒုတိယအဆင့်လား?

တစ်ချိန်တည်းမှာပင်...

ကျန်းမြို့ ဆရာအတတ်သင်တက္ကသိုလ်၊ အဆောင် (၉)၊ အခန်း (၅၂၇)။

"စူးချီက အဆောင်ပြောင်းသွားပြီလား။ ဒါဆို သူက ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်သွားပြီပေါ့လေ"

ဤအခန်းမှာ မူလက စူးချီ နေထိုင်ခဲ့သော အဆောင်ခန်း ဖြစ်သည်။ သို့သော် ယခုအခါ သူ၏ ခုတင်ပေါ်တွင် စာတိုတစ်စောင်နှင့် USB တစ်ခုသာ ကျန်ရစ်တော့သည်။

စာထဲတွင် စာသားအချို့ကို ရေးသားထားသည်။

“အစ်ကိုကြီးက ဒုတိယအဆင့်ကို ရောက်သွားလို့ အပြင်ထွက်နေပြီဟေ့”

“အစ်ကိုကြီးက မင်းတို့ကို အစွမ်းထက်ဆုံး ကျင့်စဉ်တစ်ခုနဲ့အတူ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တဲ့ 'ဆရာမကြီး' တွေရဲ့ သင်ကြားရေး ဗီဒီယိုတွေကို လက်ဆောင်ပေးခဲ့တယ် စူးချီ”

အဆောင်ဖော်များမှာ စူးချီ ချန်ထားခဲ့သော စာကိုဖတ်ပြီး ရင်ခုန်သံများ မြန်လာကြသည်။

"အသက် ၁၉ နှစ်နဲ့ ဒုတိယအဆင့် ဟုတ်လား။ ကျန်းမြို့မှာ ဒီလောက်အထိ အံ့ဩဖို့ကောင်းတဲ့သူဆိုလို့ ကျန်းမြို့တက္ကသိုလ်က ‘မိုးကြိုးထမင်းကြီး’ ပဲ ရှိခဲ့တာ မဟုတ်လား။ သူတောင် အသက် ၂၀ ကျမှ ဒုတိယအဆင့်ကို ရောက်တာ"

"သူ အသက် ၃၈ နှစ်မှာ သွေးသားစွမ်းအင်က ၄ ဘီလီယံအထိ ရှိခဲ့တာ။ အခုဆိုရင် ဘီလီယံ ရာနဲ့ချီတဲ့ သွေးသားစွမ်းအင်နဲ့ လူသားဧကရာဇ် အဆင့်အထိ ရောက်နေပြီ..."

ဤသို့ ပြောရင်း အဆောင်ဖော်တစ်စုမှာ ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။ သူတို့အားလုံး၏ မျက်စိထဲတွင် မြင်ကွင်းတစ်ခုက ပေါ်လာသည်။

ပထမဆုံး ဆုံတွေ့မှု - စာပဲဖတ်တတ်တဲ့ အဆောင်ဖော် စာကြမ်းပိုးလေး။

နောက်ဆုံး ရလဒ် - စကြဝဠာကို စိုးမိုးတဲ့ လူသားဧကရာဇ်ကြီး။

မှတ်ချက် အခုအချိန်မှာ သူ့ခြေထောက်ကို သွားဖက်ထားရင် နောက်ကျသေးလား?

...

ထိုအချိန်မှာပင်...

ဗဟိုဆရာအတတ်သင်တက္ကသိုလ် ဝင်းအတွင်း အနောက်ဘက်ခြမ်းရှိ ကွေ့ရှန်း ထူးချွန်ကျောင်းသား အဆောင်အဆောက်အအုံ။

စူးချီသည် သူ၏ သီးသန့်အဆောင်ခန်းထဲတွင် အွန်လိုင်းပေါ်မှ သတင်းများကို ဖတ်ရှုနေသည်။

ဖားပြုတ်သိုင်းနှင့် ပတ်သက်သော ခေါင်းစဉ်များမှာ ပေါက်ကွဲထွက်နေတော့သည်။ သို့သော် ဤသည်မှာလည်း ဖြစ်သင့်သောအရာပင်။ သိုင်းပညာ ခေါင်းပါးလှသော ဤကမ္ဘာတွင် ဖားပြုတ်သိုင်းမှာ မူလဝတ္ထုထဲကလောက် အစွမ်းမထက်သော်လည်း...

ခွန်အားကို နှစ်ဆတိုးပေးနိုင်ခြင်းမှာ မည်သည့်စစ်ဆေးမှုမှာမဆို ‘ဂိမ်းဟက်’ လုပ်ထားသကဲ့သို့ပင် ဖြစ်သည်။

မိသားစုကြီးများတွင်လည်း ဆင်တူသော ကျင့်စဉ်များ ရှိနိုင်သော်လည်း စူးချီ၏ ကျင့်စဉ်လောက် အစွမ်းထက်ချင်မှ ထက်ပေလိမ့်မည်။

ထို့အပြင် မိသားစုကြီးများ၏ ကျင့်စဉ်များမှာ အလွန်စျေးကြီးလှသည်။ သင်ယူချင်ပါသလား။ မိမိကိုယ်ကို ကျွန်အဖြစ် ရောင်းချရမည်၊ သို့မဟုတ် မျိုးရိုးနာမည်ပြောင်းပြီး သားသမက်အဖြစ် ဝင်နေရမည်၊ သို့မဟုတ် သိက္ခာချပြီး အောက်ကျို့ရမည် ဖြစ်သည်။

စူးချီ၏ ကျင့်စဉ်မှာမူ... တစ်လလျှင် ယွမ် ၂၀၀ သာ ပေးရသဖြင့် အလကားပေးနေသည်နှင့် ဘာမှမခြားပေ။

ဤကျင့်စဉ်မှာ နာမည်ကြီးသွားပြီးနောက်တွင် အယ်ဒီတာများစွာက စူးချီ၏ သင်ကြားမှုဗီဒီယိုများကို အပိုင်းပိုင်းဖြတ်ကာ ပြန်လည်ဖြန့်ဝေကြသည်။

ထို့ကြောင့် စူးချီ၏ ကျင့်စဉ်မှာ ‘ဆရာကောင်း’ တစ်ဦးကဲ့သို့ပင် ပိုမိုပြန့်နှံ့သွားခဲ့သည်။ ကျင့်စဉ်ကောင်းတစ်ခုကို လူပေါင်းတစ်သိန်းကျော်က အခမဲ့ လိုက်ပါကျင့်ကြံနေကြခြင်းပင်။

ထို့ကြောင့် တစ်နေ့လုံး စူးချီ၏ နားထဲတွင် စနစ်၏ အသိပေးသံများ မြည်နေတော့သည်။

“တင်း၊ ကျောင်းသား ဟန်မေမေ (အဆင့် ၁) ဖားပြုတ်သိုင်းကို တတ်မြောက်သွားပါပြီ၊ ဆရာကောင်းအမှတ် +၁”

“တင်း၊ ကျောင်းသား လီလေး (အဆင့် ၂) ဖားပြုတ်သိုင်းကို တတ်မြောက်သွားပါပြီ၊ ဆရာကောင်းအမှတ် +၅”

“တင်း၊ ကျောင်းသား ယဲ့ဖန်... +၁”...

“စုစုပေါင်း ဆရာကောင်းအမှတ် - ၁၄၀၈”

“သင်ကြားမှု အခြေအနေ တွက်ချက်ရန် ကျန်ရှိချိန် - ၅ ရက် နှင့် ၁၉ နာရီ”

မွန်းလွဲပိုင်းတွင် တရိပ်ရိပ် တက်လာသော အမှတ်များကို ကြည့်ရင်း စူးချီသည် အခြားသော ကျင့်စဉ်များကို စတင် ရှာဖွေကြည့်ရှုလိုက်သည်။

‘လွတ်လပ်စွာ ပြောင်းလဲခြင်း အနုပညာ’၊

‘ရှစ်ကိုး နတ်ဝိဇ္ဇာကျင့်စဉ်’၊

‘ကောင်းကင်ကျမ်းစာ’၊

‘နတ်ဓားမိုးကြိုးဆင့်ခေါ်ခြင်း’၊

‘ဓားကျမ်း’၊ ‘ကောင်းကင်နတ်ဆိုးကျမ်း’၊ ‘နေကြာပန်းကျမ်း’

‘ရှောင်လင် လက်သီးရှည်’၊ ‘ရွှေဖရဲသီး ဓားသိုင်း’…

မျက်စိလည်လောက်အောင် များပြားလှသော ကျင့်စဉ်များကို ကြည့်ရင်း စူးချီ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

"ငါသာ ကျင့်စဉ်အသစ်တွေကို ဒီလိုပဲ ဆက်ထုတ်နေရင် လူတွေ သံသဃဝင်ကုန်ကြမလား"

သံသဃဝင်မှာကတော့ အသေအချာပင်

စူးချီသာ မိသားစုကြီးတစ်ခုက ဆင်းသက်လာသူ ဖြစ်နေဦးတော့၊ ဤကဲ့သို့ ကျင့်စဉ်များကို လှိုင်လှိုင်ကြီး ထုတ်ပေးနေလျှင် လူတိုင်းက မေးခွန်းထုတ်ကြပေလိမ့်မည်။

ဖားပြုတ်သိုင်း တစ်ခုတည်းဆိုလျှင်တော့ သူ နှစ်ပေါင်းများစွာ သုတေသနပြုထားတဲ့ သိုင်းပညာလို့ အကြောင်းပြလို့ ရနိုင်သေးသည်။ သို့သော် ကျင့်စဉ်တွေ အများကြီး ထပ်ထုတ်လာရင်ကော

အဆင့် ၁ ကျင့်ကြံသူလေး၊ သီးသန့် လေ့ကျင့်ရေးခန်းတောင် မရှိတဲ့သူတစ်ယောက်က သိုင်းကျင့်စဉ်တွေကို ကိုယ်တိုင် တီထွင်ခဲ့တာပါလို့ ပြောရင် ဘယ်သူက ယုံမှာလဲ။

အသေအချာ စဉ်းစားပြီးနောက် စူးချီ ဆုံးဖြတ်လိုက်သည်။

‘မိမိ၏ ခွန်အားကို အရင်ဆုံး မြှင့်တင်ရမည်’။

အဆင့် ၁ အဆင့်လေးနဲ့ သိုင်းကျင့်စဉ်တွေ အမြဲထုတ်ပြနေရင်တော့ အစိုးရိမ်ခံရမှာ အမှန်ပဲ။ ဒါပေမဲ့ မင်းက ဒုတိယအဆင့် ဘွဲ့လွန်ကျောင်းသား၊ တတိယအဆင့် ပါမောက္ခ၊ ဒါမှမဟုတ် စတုတ္ထအဆင့် အရာရှိတစ်ယောက်ဆိုရင်ကော

ထို့အပြင် ဤကမ္ဘာတွင် ခံစားခွင့်များမှာ ခွန်အားနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သူ၏ ခွန်အားကို ဒုတိယအဆင့်သို့ မြှင့်တင်နိုင်သည်နှင့် သူသည် ဘွဲ့လွန်ကျောင်းသားအဖြစ် လျှောက်ထားနိုင်ကာ ဇိမ်ခံ သီးသန့်အဆောင်ခန်းတွင် နေထိုင်ခွင့် ရမည်ဖြစ်သည်။ တစ်ဦးတည်း နေထိုင်ရခြင်းမှာ လုပ်ငန်းဆောင်တာများအတွက် ပို၍ အဆင်ပြေမည် မဟုတ်ပါလား။

ဤသို့တွေးကာ စူးချီသည် ရရှိထားသော အမှတ်အားလုံးကို သွေးသားစွမ်းအင်အဖြစ် လဲလှယ်လိုက်သည်။

“ဆရာကောင်းအမှတ်မှ သွေးသားစွမ်းအင်သို့ လဲလှယ်မှုနှုန်း - ၂၀:၁၊ လဲလှယ်ရန် သဘောတူပါသလား”

“တင်း... စနစ်သည် ဆရာကောင်းအမှတ် ၁၄၀၀ ကို သွေးသားစွမ်းအင် ၇၀ အဖြစ် လဲလှယ်ပေးလိုက်ပါပြီ”

“လက်ရှိ သွေးသားစွမ်းအင် - ၃၅၂ မှတ်”

သွေးသားစွမ်းအင်မှာ ထိုတန်ဖိုးသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက်

စူးချီသည် သူ၏ အရေပြားနှင့် ကိုယ်တွင်းအင်္ဂါများတွင် ပြင်းထန်သော ယားယံမှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက်တွင် သူ၏ အပေါ်ယံအရေပြားမှာ သိသိသာသာ အက်ကွဲလာပြီး အောက်မှ ပို၍ နုပျိုသော အရေပြားအသစ်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

စူးချီက အသစ်ထွက်လာသော အရေပြားကို ဖွဖွလေး ဆွဲကြည့်လိုက်ရာ ယခင်ကထက် ပို၍ နူးညံ့ချောမွေ့နေသည်ကို တွေ့ရသည်။ ထို့နောက် ဘေးနားရှိ ဓားငယ်တစ်ချောင်းကို ယူကာ လက်ဖဝါးပေါ်တွင် အသာအယာ ခြစ်ကြည့်လိုက်သည်။

ထက်မြက်လှသော ဓားငယ်မှာ သူ၏ လက်ဖဝါးကို မရှမိဘဲ အစင်းရာလေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"ပထမအဆင့်ရဲ့ ‘ခန္ဓာကိုယ်ကျောက်သားတင်ခြင်း’ ပေါ့၊ ငါ့ရဲ့ အရေပြားက အရင်ကထက် ပိုပြီး မာကျောလာပြီ"

ယခုအခါ စူးချီ၏ သွေးသားစွမ်းအင်မှာ ဒုတိယအဆင့် ကျင့်ကြံမှုသို့ တိတိကျကျ ရောက်ရှိသွားပြီ ဖြစ်သည်။

ထို့အပြင် စူးချီမှာ အသက် ၁၉ နှစ်သာ ရှိသေးသဖြင့် ဗဟိုဆရာအတတ်သင်တက္ကသိုလ် သမိုင်းတလျှောက် အသက်အငယ်ဆုံး ဘွဲ့လွန်ကျောင်းသား ဖြစ်လာခဲ့သည်။ ဘွဲ့လွန်ကျောင်းသားဆိုသည်မှာ လူဦးရေ၏ ၀.၉၇ ရာခိုင်နှုန်းသာ ရှိသဖြင့် သာမန်လူ ၉၉.၀၃ ရာခိုင်နှုန်းမှာ ဒုတိယအဆင့်သို့ မရောက်နိုင်ကြပေ။

တစ်နည်းအားဖြင့် စနစ်၏ တစ်ချက် လှုပ်ခတ်မှုမှာ သာမန်လူတစ်ယောက်၏ တစ်သက်တာ ကြိုးစားအားထုတ်မှုကို ကျော်လွန်သွားခြင်းပင်။

ထို့အပြင်... ထိုနေ့ညနေပိုင်းအထိ စနစ်ဝင်းဒိုးပေါ်ရှိ ‘ဆရာကောင်းအမှတ်’ များမှာ ဆက်လက်၍ တရိပ်ရိပ် တက်နေဆဲဖြစ်သည်။ စူးချီသည် တိုးပွားလာသော သွေးသားစွမ်းအင်များကို ကြည့်ကာ အလွန် ကျေနပ်သွားတော့သည်။

"အွန်လိုင်းသင်တန်းတွေက ငါ့စနစ်အတွက် တကယ်ကို အသင့်တော်ဆုံးပဲ။ ဒီအတိုင်းသာ ကျင့်စဉ်အမျိုးမျိုးကို ဆက်သင်ပေးသွားမယ်ဆိုရင် တစ်နေ့ကျရင် ငါဟာ သွေးသားစွမ်းအင် ဘီလီယံပေါင်းများစွာနဲ့ ဧကရာဇ်မင်းကြီး ဖြစ်လာတော့မှာပဲ"

...

နောက်တစ်နေ့ နံနက်။

နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျလာသောအခါ

ရှန်ကျစ်ရှားမှာ ပါးစပ်လေး အနည်းငယ်ဟကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။ တန်ဖိုးကြီး ပိုးသားစောင်မှာလည်း တစ်ဝက်ခန့် ကန်ထုတ်ခြင်း ခံထားရသည်။ သူမ၏ ဝိုင်းစက်ပြည့်ဖြိုးသော ရင်အစုံနှင့် ရှည်လျားလှသော ခြေတံအလှတို့မှာ စောင်ကို ကျစ်ကျစ်ပါအောင် ဖက်ထားကြသည်။

ဖြူဝင်းနုနယ်သော အသားအရေမှာ အနည်းငယ် တုန်ယင်နေပြီး

"ဟဲဟဲ... ဒါက... ငါ့ရဲ့ ဧကရာဇ်နန်းပလ္လင်ပဲ... တကယ်ကို... ခန့်ညားလိုက်တာ..."

သူမသည် ဧကရာဇ်မင်းမတ် ဖြစ်လာမည့်အကြောင်း အိပ်မက်မက်နေသည်မှာ အသေအချာပင်။

ခေတ္တမျှကြာသော် သူမသည် စောင်ကို ရုတ်တရက် တွန်းဖယ်လိုက်ပြီး နှုတ်ခမ်းဖျားမှ စကားအချို့ ထွက်ပေါ်လာပြန်သည်။

"ချောက်နက် နတ်ဆိုးဘုရင်... ဘယ်သူက... ဒီဧကရာဇ်ကို... တည့်တည့်ကြည့်ခွင့် ပေးလို့လဲ"

‘တီ... တီ... တီ...’

ရုတ်တရက် အရေးပေါ် ဖုန်းခေါ်သံက ဒုတိယသမီးပျို ရှန်၏ အိပ်မက်လှလှလေးကို နှောင့်ယှက်လိုက်တော့သည်။

"အင်း..."

သူမသည် မျက်စိမှိတ်လျက်ပင် ဖုန်းကို စမ်းတဝါးဝါး ရှာဖွေပြီး ကိုင်လိုက်သည်။ ဖုန်းမျက်နှာပြင်မှ ထွက်ပေါ်လာသော အလင်းရောင်ကြောင့် ရှန်ကျစ်ရှား မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်ရာ - ဖုန်းခေါ်သူမှာ သူမ၏ တူမလေး ‘ယဲ့ရှူးယောင်း’ ဖြစ်နေသည်။

"ရှူးယောင်း ဘာဖြစ်လို့လဲ"

ဖုန်းထဲမှ ယဲ့ရှူးယောင်း၏ အသံမှာ အနည်းငယ် စိုးရိမ်နေပုံရသည်။

"အဒေါ် သွားပြီ၊ ကျွန်မတို့ကျောင်းရဲ့ ဝဘ်ဆိုဒ်နဲ့ App က ဆာဗာကျသွားပြီ"

"ဟင်"

ရှန်ကျစ်ရှား ချက်ချင်းပင် အိပ်ချင်ပြေသွားသည်။

‘ဒေါသထွက်နေတဲ့ ကျောင်းသားတွေက ကျောင်းကို လာဝိုင်းကြတာလား’

‘ဒါဆို ပိုက်ဆံပြန်အမ်းတာနဲ့ ကျောင်းထွက်တဲ့ ကိစ္စတွေကရော?’

ဤသို့တွေးကာ ရှန်ကျစ်ရှားသည် သူမ၏ ခန္ဓာကိုယ်ကို အလျင်အမြန် စမ်းသပ်ကြည့်လိုက်သည်။

"သွေးသားစွမ်းအင်... သွေးသားစွမ်းအင်က တစ်စက်ကလေးတောင် မတိုးလာသေးဘူး"

"အခုထိ ဘယ်သူမှ ကျောင်းထွက်ပြီး ပိုက်ဆံပြန်မထုတ်ရသေးဘူးပေါ့ တောက် ဒါက ငါ့ရဲ့ နတ်ဘုရားဖြစ်မယ့် လမ်းကြောင်းကို နှောင့်နှေးအောင် လုပ်နေတာပဲ"

‘တောက်... အင်တာနက် အစုတ် နင်က ငါ့ရဲ့ ဧကရာဇ်ဖြစ်မယ့် လမ်းကို ပိတ်နေတာပဲ။ ငါသာ ဧကရာဇ်ဖြစ်လာရင် နင့်ကို ကြိမ်ဒဏ်ပေးပစ်မယ်’

ရှန်ကျစ်ရှားက အလျင်အမြန်ပင် ပြန်မေးလိုက်သည်။

"ဝဘ်ဆိုဒ်နဲ့ ဆာဗာ ကုမ္ပဏီကို ဆက်သွယ်ပြီးပြီလား။ ဘယ်တော့ ပြန်ကောင်းမလဲတဲ့လဲ"

ဖုန်းတစ်ဖက်မှ ယဲ့ရှူးယောင်းမှာ ရှန်ကျစ်ရှား၏ အလောတကြီး မေးသံကြောင့် ပို၍ စိုးရိမ်သွားသည်။

"သူတို့ ပြင်နေကြပါပြီ နာရီဝက်လောက်ဆိုရင် ပြန်ကောင်းမယ်လို့ ပြောပါတယ်"

"ဒါပေမဲ့... အခု ကျောင်းရှေ့မှာ လူတွေအများကြီး ရောက်နေကြပြီ! အဒေါ်နဲ့ တွေ့ချင်တယ်လို့ ပြောနေကြတယ်"

‘အို’

ဤစကားကို ကြားလိုက်ရချိန်တွင် ရှန်ကျစ်ရှားမှာ ချက်ချင်းပင် တက်ကြွသွားတော့သည်။

‘ဒီကျောင်းသားတွေက ပိုက်ဆံပြန်ထုတ်ဖို့ စောင့်မနေနိုင်တော့လို့ ကျောင်းအထိ လာကြတာနေမှာ’

‘ယွမ် ၂၀၀ ထဲကို ဒီလောက်အထိ ဖြစ်နေကြတာလား’

‘ဒါပေမဲ့ သူတို့တွေ လူကိုယ်တိုင် လာပြီး ကျောင်းထွက်ကြရင် ပိုတောင် ကောင်းသေးတာပေါ့!’

ကျောင်းသားတွေက ပိုက်ဆံပြန်ထုတ်၊ ကျောင်းအုပ်ကြီးက ခွန်အားတွေ တိုးလာ!

အသိပညာနည်းတဲ့ ကျောင်းသားတွေဟာ ဒီလှပတဲ့ ကျောင်းအုပ်ကြီးရဲ့ ခွန်အားကို မြင်လိုက်ရရင် အံ့သြမှင်တက်ကုန်ကြမှာ အသေအချာပဲ။

ဒါကို ‘အသက် ၂၈ နှစ်အရွယ် သမီးပျိုလေးကို အထင်မသေးနဲ့’ လို့ ခေါ်တယ်ဟဲ့

ရှန်ကျစ်ရှားသည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ကာ

"အားလုံးက ငါ့ကို စောင့်နေကြတယ် ဟုတ်လား။ ကောင်းပြီ... ငါ အခုချက်ချင်း လာခဲ့မယ်"

All Chapters