အခန်း ၁၁-၁၂
Vol. 2 Ch. 11-12
အခန်း (၁၁) : နောက်ကျင့်စဉ်အသစ်ကဘာလဲ။
ရက်အနည်းငယ် ကြာပြီးနောက်... ‘နယူဗွိုင်ယေးချ် သိုင်းပညာလေ့ကျင့်ရေးကျောင်း’ ၏ အစည်းအဝေးခန်းမတွင် အနှစ်ချုပ် ဂုဏ်ပြုချီးမြှင့်ပွဲ အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။
“ဒါကတော့ ကျွန်မတို့ကျောင်းရဲ့ လက်ရှိ တိုးတက်မှု အခြေအနေပါ။ အားလုံးပဲ အချက်အလက် အစီရင်ခံစာကို ကြည့်ပေးကြပါ...”
အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းသည် အွန်လိုင်းသင်တန်း အချက်အလက်များကို ဝမ်းသာအားရ အစီရင်ခံနေသည်။
“အခုအချိန်အထိ စာရင်းသွင်းထားတဲ့ ကျောင်းသားဦးရေဟာ ၅,၇၄၂ ဦးအထိ ရှိလာပါပြီ။ ရရှိတဲ့ စုစုပေါင်း သင်တန်းကြေးကတော့ ၁,၁၄၈,၄၀၀ ယွမ် ဖြစ်ပါတယ်။”
“ကျောင်းသားတွေသာ ကျောင်းမထွက်ကြဘူးဆိုရင် ကျွန်မတို့ဆီမှာ တစ်လကို သိန်းချီတဲ့ ပုံမှန်ဝင်ငွေ ရှိနေတော့မှာပါ။”
ဤသို့ပြောရင်း ယဲ့ရှူးယောင်းက စူးချီကို လှမ်း၍ လက်ညှိုးညွှန်ပြလိုက်ကာ
“ဆရာစူးရဲ့ ပထမဆုံး အတန်းဟာ ၂၄ နာရီအတွင်းမှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဟိုးဟိုးကျော်သွားခဲ့ပြီး၊ အရှုံးပေါ်နေတဲ့ကျောင်းကို အမြတ်ထွက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ အားလုံးပဲ လက်ခုပ်တီးပြီး ဂုဏ်ပြုပေးကြပါဦး။”
‘ဖြောင်း... ဖြောင်း... ဖြောင်း...’
လက်ခုပ်သံများ ထွက်ပေါ်လာသည်။
ယခင်က ရှန်ကျစ်ရှား၏ ထူးဆန်းသော စီမံခန့်ခွဲမှုပုံစံကြောင့် ‘နယူဗွိုင်ယေးချ်’ သည် အမြဲတမ်း ‘သေးငယ်သော်လည်း လှပသော’ သင်တန်းကျောင်းလေးတစ်ခုသာ ဖြစ်ခဲ့သည်။
ထို့ကြောင့် ကိုယ်ပိုင်အဆောက်အအုံနှင့် ဆိုသော်လည်း သန့်ရှင်းရေးဝန်ထမ်းများမှလွဲ၍ ကျောင်းတွင် ဧည့်ကြိုတစ်ဦး၊ HR တစ်ဦး၊ ဘဏ္ဍာရေးမှူးတစ်ဦး၊ နည်းပညာပိုင်းဆိုင်ရာ တာဝန်ခံတစ်ဦးနှင့် စီမံခန့်ခွဲရေး မန်နေဂျာတစ်ဦးသာ ရှိသည်။
ဆိုလိုသည်မှာ ကျောင်းအုပ်ကြီးရှန်နှင့် အတွင်းရေးမှူးယဲ့ကို ဖယ်လိုက်လျှင် ဝန်ထမ်း ၅ ဦးသာ ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ဤဂုဏ်ပြုပွဲမှာ အနည်းငယ် အင်အားနည်းနေသလို ခံစားရသည်။
ထို့အပြင် လက်ခုပ်သံများမှာလည်း ကျဲတောက်တောက်သာ ရှိလှပြီး ဂုဏ်ပြုပွဲနှင့်ပင် မတူလှပေ။ အထူးသဖြင့် အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းက အားတက်သရော လက်ခုပ်တီးနေသဖြင့် အခြားဝန်ထမ်းများက လိုက်တီးကြသော်လည်း...
ကျောင်းအုပ်ကြီးရှန်မှာမူ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသည်ကို မြင်လိုက်ရသောအခါ အားလုံးက လက်ခုပ်သံများကို တဖြည်းဖြည်း တိတ်သွားစေလိုက်ကြသည်။
ဘာကြောင့် ကျောင်းအုပ်ကြီးရှန်က လက်ခုပ်မတီးရသနည်း။
စနစ်ကို ရရှိပြီးကတည်းက သူမသည် နှစ်ပေါင်းများစွာ စီစဉ်ခဲ့ရသည်၊ အချစ်ရေးကိုပင် ဘေးဖယ်ထားပြီး သူမ၏ ရည်မှန်းချက်နောက်ကိုသာ လိုက်ခဲ့သည်။ သူမကိုယ်သူမ ၂၈ နှစ်အရွယ် အပျိုကြီးဖြစ်သည်အထိ စောင့်ခဲ့ရသည်။ သူမ ထင်ထားသည်မှာ အခုဆိုလျှင် အထွတ်အထိပ်သို့ ရောက်နေလောက်ပြီဟူ၍ ဖြစ်သည်။
ဘယ်သူသိမှာလဲ... စူးချီ၏ ဖားပြုတ်သိုင်းကြောင့် သူမသည် အဆင့် (၈) နှင့် လွဲချော်ခဲ့ရသလို၊ အဆင့် (၇) ကိုလည်း လှမ်းကိုင်ခွင့် မရခဲ့ပေ။ နောက်ဆုံးတွင်တော့ အဆင့်ငယ်လေးတစ်ခုသာ တိုးတက်ခဲ့ရသည်။
အကယ်၍သာ ဒါဟာ ဝတ္ထုတစ်ပုဒ်ဆိုရင် စူးချီရဲ့ လုပ်ရပ်ဟာ သူမရဲ့ နတ်ဘုရားဖြစ်မယ့် လမ်းကြောင်းကို ‘အတားအဆီး’ လုပ်လိုက်သလိုပါပဲ။ လက်ခုပ်တီးဖို့နေနေသာသာ၊ အစည်းအဝေးမှာ ဒီအတိုင်း ထိုင်နေပေးတာတင်ပဲ ကျောင်းအုပ်ကြီးရှန်၏ စိတ်ထားကြီးမြတ်မှုကို ပြသနေခြင်း ဖြစ်သည်။
သို့သော်လည်း အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းမှာမူ အခြေအနေကို နားမလည်ရှာပေ။ သူမ၏ အထက်လူကြီး စိတ်ပျက်နေသည်ကို သူမ သတိမထားမိဘဲ အသည်းအသန်ပင် ဆက်၍ ‘ဒဏ်ရာပေါ် ဆားပက်’ နေတော့သည်။
“ကျွန်မ နောက်ဆက်တွဲ စုံစမ်းကြည့်ချက်အရ ကျောင်းသား ၅,၇၄၂ ယောက်လုံးဟာ ဖားပြုတ်သိုင်းကို တတ်မြောက်သွားကြပါပြီ။”
“ပြီးတော့ ကျောင်းသားတွေက အချင်းချင်း အကောင့်တွေ ပြန်ရောင်းကြတဲ့အတွက်... ပါရမီ သိပ်မရှိတဲ့သူတွေက အကောင့်တွေ ရောင်းပြီး ထွက်သွားကြပြီ။”
“ဆိုလိုတာက... အခု ကျန်နေတဲ့ ကျောင်းသားတွေဟာ ကျောင်းအပေါ် သစ္စာအရှိဆုံးနဲ့ ကျေနပ်မှု အရှိဆုံး ကျောင်းသားတွေပဲ ဖြစ်ပါတယ်။”
‘ဖူး...’ ရှန်ကျစ်ရှားမှာ သွေးအန်တော့မတတ် ခံစားလိုက်ရသည်။
အစပိုင်းတွင် အကောင့်အရောင်းအဝယ် ကိစ္စကို သူမ အလေးမထားခဲ့မိပေ။ ယခုမှ စဉ်းစားကြည့်မှ ဒါဟာ သူမစနစ်အတွက် ကြီးမားလှသော ဟာကွက်တစ်ခု ဖြစ်နေသည်။ မူလက ကျောင်းသား ၁၃၇ ယောက်ရှိရာ ပါရမီမရှိသူများ ကျောင်းထွက်သွားမည်ဟု မျှော်လင့်ထားသော်လည်း သူတို့က အကောင့်ကို စျေးကောင်းဖြင့် ရောင်းကာ တစ်ပါးသူကို လက်ဆင့်ကမ်းလိုက်ကြသည်။
အကွက်တစ်ခု မှားလိုက်သည်နှင့် တစ်ပွဲလုံး ရှုံးသွားခြင်းပင်။
အကယ်၍ ဒီဟာကွက်ကို မပြင်နိုင်ဘဲ အကောင့်တွေ ဆက်ပြီး ရောင်းနေကြဦးမည်ဆိုလျှင် သူမအတွက် ကျောင်းထွက်ပြန်အမ်းငွေဆိုသည်မှာ အိပ်မက်သာ ဖြစ်ပေတော့မည်။
ဤသို့တွေးကာ ရှန်ကျစ်ရှားက နာကျည်းစွာဖြင့်
“အခုချက်ချင်း အမည်ရင်းနဲ့ စာရင်းသွင်းတဲ့စနစ်ကို ကျင့်သုံးပါ။ မျက်နှာဖတ်ပြီးမှ Login ဝင်ရမယ့်စနစ်ကိုလည်း ထည့်လိုက်ပါ။ ကျောင်းသားတွေ အကောင့်ရောင်းတာကို လုံးဝ ခွင့်မပြုတော့ဘူး။”
နွားပျောက်မှ ခြံကာရခြင်း ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင်တော့ အလွန်ပင် နာကျင်နေရဆဲဖြစ်သည်။ ဒီအကြောင်းကို ဆက်ပြောနေလျှင် သူမ တစ်ယောက်ယောက်ကို ဓားနဲ့ထွက်ခုတ်မိတော့မည်။
“ဒီအကြောင်းတွေကို ဒီမှာပဲ ရပ်ထားလိုက်ကြရအောင်”
ရှန်ကျစ်ရှားက အတင်းအဓမ္မ ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ တကယ်ပင် စိတ်မပါလှပေ။
“ငါတို့ အများကြီး တိုးတက်လာတယ်ဆိုပေမဲ့ ဒီမှာတင် ရပ်နေလို့ မဖြစ်ဘူး”
“အခု ငါ ဆွေးနွေးချင်တာက... နောက်လာမယ့် သင်တန်းတွေမှာ ဘာတွေကို သင်ပေးသင့်တယ်လို့ အားလုံးက ထင်ကြသလဲ”
ဤစကားကို ကြားသောအခါ အားလုံးက အချင်းချင်း ကြည့်လိုက်ကြသည်။
‘ကျောင်းအုပ်ကြီးက ဆရာစူးနဲ့ တစ်ခုခု ဖြစ်နေတာလား။ သင်ကြားရေးပိုင်းကို ဆရာစူးကပဲ ဆုံးဖြတ်ရမှာ မဟုတ်ဘူးလား။ အစည်းအဝေးမှာ ဒီလိုမေးတာက သူ့ကို သတိပေးလိုက်တာလား’
စူးချီမှာမူ ထိုကဲ့သို့သော ရုံးတွင်းနိုင်ငံရေးများကို လုံးဝ သတိမထားမိပေ။ သူ စကားမပြောရခြင်းမှာ... သူကိုယ်တိုင်လည်း နောက်ထပ် ဘာသင်ပေးရမည်ကို စဉ်းစားနေပြီး မဆုံးဖြတ်ရသေးသောကြောင့် ဖြစ်သည်။
ဘယ်သူမှ စကားမပြောကြသဖြင့် ယဲ့ရှူးယောင်းကပင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ရသည်။
“အဟမ်း... အားလုံးပဲ၊ ကျွန်မရဲ့ အကြံပြုချက်လေးကို ပြောပြပါရစေ။”
“ဆရာစူး ပြောတာကတော့ ဖားပြုတ်သိုင်းဟာ ခွန်အားကို ၁၀၀ ရာခိုင်နှုန်းအထိ တိုးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကျောင်းသားတွေက အခုထိ ၃၀ ရာခိုင်နှုန်းလောက်ပဲ တတ်ကြသေးတာပါ။”
“ဒါကြောင့် နောက်ပိုင်းမှာ ဒီကျင့်စဉ်ကိုပဲ ပိုပြီး ကျွမ်းကျင်လာအောင် အမေးအဖြေ ကဏ္ဍတွေလုပ်ပြီး ဆက်သင်ပေးရင် ကောင်းမယ်လို့ ထင်ပါတယ်”
သို့သော်လည်း...
ယဲ့ရှူးယောင်း စကားပင် မဆုံးသေးခင်မှာပင်
အစည်းအဝေးခန်းမထဲမှ ကျားတစ်ခွန်း၊ မတစ်ခွန်းဖြင့် ပြိုင်တူ ငြင်းဆိုလိုက်သံ ထွက်ပေါ်လာသည်။
“မဖြစ်ဘူး”
“အဲဒါ မလုပ်နိုင်ဘူး”
ပြောလိုက်သူများမှာ စူးချီနှင့် ရှန်ကျစ်ရှားတို့ပင် ဖြစ်သည်။
ပုံမှန် စီးပွားရေးနှင့် သင်ကြားရေး ရှုထောင့်အရဆိုလျှင် ယဲ့ရှူးယောင်း၏ အယူအဆမှာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်သည်။ ဖားပြုတ်သိုင်းကို ပိုပြီး အသေးစိတ် ရှင်းပြပေးခြင်းဖြင့် ကျောင်းသားတွေ ပိုသန်မာလာမည် ဖြစ်သလို ကျောင်းသားတွေ ကျောင်းမှာ မြဲနေအောင်လည်း ဆွဲဆောင်ထားနိုင်မည် ဖြစ်သည်။
ဤသို့ဖြင့် တစ်လလျှင် သန်းချီသော ဝင်ငွေကိုလည်း အာမခံထားနိုင်မည် မဟုတ်ပါလား။ ထို့အပြင် စူးချီ၏ ဗီဒီယိုများ ပြန့်နှံ့သွားသဖြင့် ကျင့်စဉ်ကို နားမလည်သူများက အမေးအဖြေ ကဏ္ဍကို တက်ရောက်ရန်အတွက် ကျောင်းလာအပ်ကြပေလိမ့်မည်။
သို့သော်...
စူးချီနှင့် ရှန်ကျစ်ရှားတို့တွင်မူ ကိုယ်ပိုင် အကျိုးစီးပွားနှင့် အတွေးအခေါ်များ ရှိနေကြသည်။
ရှန်ကျစ်ရှား၏ အတွေးမှာ ရိုးရှင်းပါသည်။ အကယ်၍ ကျောင်းသားတွေက ကျေနပ်နေပြီး ကျောင်းမှာပဲ ဆက်မြဲနေကြမည်ဆိုလျှင် သူမအတွက် ကျောင်းထွက်မည့်သူ ဘယ်မှာရှိတော့မည်နည်း။
စူးချီကသာ တစ်နှစ်ခွဲလောက် ဆက်သင်နေဦးမည်ဆိုလျှင် တစ်နှစ်ခွဲလုံး ဘယ်သူမှ ကျောင်းထွက်ကြမည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူမသည် အသက် ၂၉ နှစ် ရှိသွားမည် ဖြစ်သည်။
အသက် ၁၈ နှစ်အရွယ် ကျောင်းသားတွေက သူမကို ‘အဒေါ်ကြီး’ ဟု ခေါ်မည့်အရွယ်ပေါ့...။ ဧကရာဇ်ဖြစ်ဖို့အတွက်ဆိုလျှင် ဒုတိယသမီးပျို ရှန်သည် စက္ကန့်ပိုင်းမျှပင် မစောင့်ချင်ပေ။
စူးချီ၏ အတွေးမှာလည်း မရှုပ်ထွေးလှပါ။ သူ၏ ရှုထောင့်အရ ဖားပြုတ်သိုင်းကို ထပ်မံ လေ့လာနေစရာ မလိုတော့ပေ။ ယခုအခါ စူးချီ၏ စနစ်ဝင်းဒိုးပေါ်တွင် အချက်အလက်များ ပို၍ ရှင်းလင်းစွာ မြင်နေရပြီ ဖြစ်သည်။
“လက်ရှိ သင်ကြားနေသော ကျင့်စဉ် - ဖားပြုတ်သိုင်း”
“ဆရာကောင်းအမှတ် - ၁၆၈၃ မှတ်”
“သင်ကြားမှု အခြေအနေ - ၅,၀၁၁ / ၅၁၄,၅၂၃”
စနစ်၏ အချက်အလက်များအရ အနည်းဆုံး လူပေါင်း ၅ သိန်းခန့်မှာ ဖားပြုတ်သိုင်းကို စမ်းသပ် ကျင့်ကြံခဲ့ကြသည်။ သို့သော် ၁ ရာခိုင်နှုန်းအောက်သာ အောင်မြင်ခဲ့ကြသည်။
အသေအချာ စဉ်းစားကြည့်လျှင် ဒါဟာလည်း အဓိပ္ပာယ်ရှိလှပါသည်။ အကယ်၍ ဖားပြုတ်သိုင်းက သင်ယူရလွယ်ကူပြီး အစွမ်းထက်သည့် ကျင့်စဉ်မျိုးသာဆိုလျှင် သမိုင်းတစ်လျှောက်တွင် အို့ယန်ဖုန်း တစ်ယောက်တည်းသာ ကျော်ကြားနေစရာ အကြောင်းမရှိပေ။ ဆိုလိုသည်မှာ ဤကျင့်စဉ်သည် သင်ယူရန် အလွန်ခက်ခဲလှသော ကျင့်စဉ်ဖြစ်သည်မှာ သိသာလှသည်။
ဤသိုင်းအဆင့်မြင့်ကမ္ဘာတွင်လည်း လူနည်းစုသာ ဤကျင့်စဉ်ကို တတ်မြောက်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် လူ ၅ သိန်းအထိ ပြန့်နှံ့သွားခြင်းမှာလည်း ဤကျင့်စဉ်၏ အကန့်အသတ်သို့ ရောက်သွားပြီဟု ဆိုနိုင်သည်။
သင်ခန်းစာဟောင်းကိုသာ ဆက်သင်နေလျှင် ကျောင်းသားသစ်တွေ တိုးလာနိုင်သော်လည်း သင်ကြားရေး ထိရောက်မှုမှာ သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။ ထို့ကြောင့် သင်ခန်းစာဟောင်းကို ဆက်သင်နေခြင်းမှာ သူ့အတွက် ဘာမှ အကျိုးမရှိပေ။
သူသည် အသစ်တစ်ခုခုကို ထုတ်ပြရမည်။ ဘယ်လို သိုင်းကျင့်စဉ်မျိုးကို သူ သင်ပေးသင့်သနည်း။
အဆင့်မြင့်သိုင်းလောက၏ရှန်းရှဆရာ
အခန်း (၁၂) : ကိုယ့်ကိုကိုယ်စိတ်ဝဒနာရှင်ဖြစ်အောင်လုပ်ရမှာလား။
မှန်ပါသည်။ သူ အသစ်တစ်ခုခုကို ရှာကြံပြီး သင်ကြားပေးရပေတော့မည်။
သို့သော် မည်သည့်ကျင့်စဉ်အသစ်ကို သင်ပေးရမည်နည်းဟူသော အချက်မှာ စူးချီအတွက် ဆုံးဖြတ်ရခက်ခဲနေသည်။
တောင်ကိုဖြို၊ ပင်လယ်ကိုဖို့နိုင်သည့် နတ်ဘုရားအဆင့် ကျင့်စဉ်တွေကို သင်ပေးရမလား။ နေပါဦးလေ... ထိုကျင့်စဉ်မျိုးအတွက် လိုအပ်သည့် ဆရာကောင်းအမှတ်မှာ သိန်းချီ၊ သန်းချီ ရှိသည်ကို ထားလိုက်ဦး၊ ထိုကျင့်စဉ်များကို အွန်လိုင်းသင်တန်းအနေဖြင့် သင်ကြားပေးမည်ဆိုပါက...
တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ် သင်ကြားပြီး သုံးလလောက်ကြာသည့်တိုင် အခြေခံအဆင့်ကိုပင် မရောက်ကြသေးလျှင် ကျောင်း၏ နာမည်ဂုဏ်သတင်းမှာ ပျက်စီးသွားပေလိမ့်မည်။
နတ်ဘုရားအဆင့် ကျင့်စဉ်များကို သင်ကြားပေးမည်ဆိုလျှင်ပင် တဖြည်းဖြည်းနှင့် အဆင့်လိုက်သာ သင်ကြားပေးသင့်သည်။
ကျောင်းသားများ၏ ယုံကြည်မှုကို အခိုင်အမာ ရရှိပြီးမှသာ အဆင့်မြင့်ကျင့်စဉ်များကို သင်ပေးရမည် ဖြစ်သည်။
လောလောဆယ်တွင်မူ ကျောင်းသားများအနေဖြင့် သင်ယူရလွယ်ကူပြီး ကိုယ်တိုင် သန်မာလာသည်ကို ချက်ချင်း သိရှိနိုင်မည့် သိုင်းပညာမျိုးကိုသာ သင်ပေးရန် လိုအပ်သည်။
ဤသို့ စီစဉ်မှသာ ဆရာကောင်းအမှတ်များ တဟုန်ထိုး တက်လာမည် မဟုတ်ပါလား။
ထို့အပြင် ကျောင်းသားဦးရေ တိုးပွားလာခြင်းက ကျောင်းအုပ်ကြီးရှန်၏ ဝင်ငွေကိုလည်း တိုးတက်စေမည်ဖြစ်သည်။
ရှန်ကျစ်ရှားကဲ့သို့ အမြင်ကျယ်ပြီး ကိုယ့်ကို အစွမ်းကုန်ပံ့ပိုးပေးသည့် ကျောင်းအုပ်မျိုးမှာ ရှားပါးလှသည်။ သူမ၏ ကျောင်းလေးကို ပျက်စီးမသွားစေရန် သူ သေချာ ဂရုစိုက်ရမည် ဖြစ်သည်။
ဒါဆို နောက်ထပ် ဘာသင်ပေးရင် ကောင်းမလဲ။
စူးချီသည် သူ၏ ဆရာကောင်းအမှတ် ၁၆၈၃ မှတ်ကို ကြည့်ကာ စနစ်ဝင်းဒိုးကို ဖွင့်လိုက်သည်။
ဤအမှတ်ပမာဏနှင့်ဆိုလျှင် အခြေခံ သိုင်းပညာရပ်အချို့ကိုသာ လဲလှယ်နိုင်သည်။ အချို့မှာ ဖားပြုတ်သိုင်းလောက်ပင် အစွမ်းမထက်လှပေ။
- လက်ချောင်းတောက်ခြင်း အတတ် - ၁၄၅၀ မှတ်
- ရန်စွမ်းအင် လက်ချောင်းတစ်ချောင်းတည်း ကျင့်စဉ် - ၁၅၅၀ မှတ်
- လျှပ်စီးခြေလှမ်း - ၁၅၅၀ မှတ်
- စိန်ကိုယ်ထည် မပြိုကွဲနိုင်သော နတ်ဘုရားကျင့်စဉ် - ၁၆၅၀ မှတ်
- နဂါးနိုင်လက်ဝါး ၁၈ ကွက် - ၁၈၅၀ မှတ်။
စူးချီသည် သိုင်းကျင့်စဉ်အမျိုးမျိုးကို လှန်ကြည့်နေသော်လည်း အဆုံးအဖြတ် မပေးနိုင်သေးပေ။
“မထူးတော့ပါဘူး... ဝေခွဲမရဖြစ်နေရင် မဲခွဲလိုက်တာ အကောင်းဆုံးပဲ။”
ဤသို့တွေးကာ စူးချီက အစည်းအဝေး တက်ရောက်လာသူများကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
“စီးပွားရေး အမြတ်အစွန်း ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အတွင်းရေးမှူးယဲ့ရဲ့ အကြံပြုချက်က မှန်ပါတယ်။ ဒါပေမဲ့... အဲဒါက ‘မျောက်သင်တန်း’ လို ကျောင်းကြီးတွေအတွက်ပဲ အဆင်ပြေမှာပါ။ သူတို့မှာက သင်ရိုးညွှန်းတမ်းတွေ အများကြီးရှိတော့ ဒါကို မသင်ချင်ရင် တခြားဟာ သင်လို့ရတယ်လေ။”
စူးချီက အားလုံးကို အလေးအနက် ကြည့်ကာ ဆက်ပြောသည်။
“ကျွန်တော်တို့ကတော့ နာမည်မရှိတဲ့ ကျောင်းသေးသေးလေးပဲ ရှိပါသေးတယ်။ ကျင့်စဉ်တစ်ခုတည်းကိုပဲ အားကိုးပြီး ရေရှည်ရပ်တည်ဖို့ဆိုတာ လက်တွေ့မကျပါဘူး။ အားလုံး သိတဲ့အတိုင်း ဒါရှရှားနိုင်ငံမှာ ဗီဒီယို မူပိုင်ခွင့်ဆိုတာ မရှိသလောက်ပါပဲ။ အခုဆိုရင် ဖားပြုတ်သိုင်းရဲ့ ခိုးကူးဗီဒီယိုတွေက အနှံ့အပြား ဖြစ်နေပြီ။”
“ဒါကြောင့် ကျောင်းသားအသစ်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် အသစ်အဆန်းဖြစ်မယ့် ကျင့်စဉ်တွေကို ထပ်ပြီး မိတ်ဆက်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။”
‘ကောင်းပြီလေ။’
ရှန်ကျစ်ရှားမှာ စူးချီကသာ ဖားပြုတ်သိုင်းကို ဆက်သင်မယ်လို့ ဇွတ်ပြောနေရင် ဘယ်လိုနားချရမလဲလို့ စဉ်းစားနေခြင်းဖြစ်သည်။
ယခုမူ စူးချီကိုယ်တိုင်ကပင် လမ်းကြောင်းပြောင်းရန် ပြောလာသဖြင့် သူမ စိတ်သက်သာရာ ရသွားသည်။ အထူးသဖြင့် ‘အသစ်အဆန်း ကျင့်စဉ်များ’ ဟူသော စကားလုံးက ရှန်ကျစ်ရှား၏ မျက်ဝန်းများကို တောက်ပသွားစေသည်။
ကျင့်စဉ်အသစ်တွေ သင်ပေးမယ်ဆိုတာ တကယ်ကို ကောင်းတဲ့အချက်ပဲ! စူးချီက ဘယ်လောက်ပဲ တော်နေပါစေဦး၊ ဖားပြုတ်သိုင်းလောက် အစွမ်းထက်တဲ့ နောက်ထပ်ကျင့်စဉ်တစ်ခုကို ထပ်ပြီး တီထွင်နိုင်လိမ့်မယ်လို့ သူမ မယုံကြည်ပေ။
သို့သော်လည်း... သဘောထားကြီးလှပါသည်ဆိုသော ဒုတိယသမီးပျို ရှန်ကျစ်ရှားတွင် အကွက်တစ်ခု ရှိနေပါသေးသည်။ မတော်တဆမှုတွေ မဖြစ်အောင် ကြိုတင် ကာကွယ်ရမည် မဟုတ်ပါလား။
ရှန်ကျစ်ရှားသည် ထို ‘ကျင့်စဉ်အသစ်’ ပေါ်တွင် နောက်ထပ် ကန့်သတ်ချက်များစွာ ထပ်တိုးရန် ဆုံးဖြတ်လိုက်သည်။ အလုပ်လုပ်ဖူးသူတိုင်း သိကြသည်မှာ အလုပ်တစ်ခုကို ပျက်စီးစေချင်လျှင် ထိုအလုပ်ကို ကန့်ကွက်နေစရာ မလိုပေ။ ယုတ္တိမရှိသော တောင်းဆိုချက်များကိုသာ အပုံလိုက် တင်ပြလိုက်ရုံပင်။
ဥပမာအားဖြင့်... ဟင်းမချက်ချင်လျှင် တစ်ဖက်လူကို ဟင်းချက်စရာတွေ ပြင်ခိုင်းလိုက်ပါ။ ပြီးလျှင် “အဆီမပါတဲ့ အသားချည်းပဲ ဆယ်ပိဿာ၊ အသားမပါတဲ့ အဆီချည်းပဲ ဆယ်ပိဿာ၊ အသားတစ်စက်မှ မကပ်တဲ့ အရိုးနု ဆယ်ပိဿာ” ရှာပေးဖို့ ပြောလိုက်ရုံပင်။ ထိုဟင်းကို သင် ဘယ်တော့မှ ချက်ရတော့မည် မဟုတ်ပေ။
ယခုလည်း ရှန်ကျစ်ရှား၏ လှပသော မျက်ဝန်းများက မှေးစင်းသွားကာ
“ဆရာစူး ပြောတာ မှန်ပါတယ်။ ဒါပေမဲ့... ကျင့်စဉ်အသစ်နဲ့ ပတ်သက်လို့ ကျွန်မမှာ ရင့်ကျက်မှု မရှိသေးတဲ့ အကြံပြုချက်လေး တစ်ခုရှိတယ်။ ဆရာစူးအနေနဲ့ ဒါကို လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ခေါင်းဆောင်တစ်ယောက်က ဤသို့ပြောလာလျှင် ယဉ်ကျေးပြနေသည်ဟု မထင်လိုက်ပါနှင့်။ သူမ ဆိုလိုသည်မှာ ‘မင်း ဒါကို မဖြစ်မနေ လက်ခံရမယ်’ ဟူ၍ ဖြစ်သည်။
စူးချီ ပြန်မပြောနိုင်ခင်မှာပင် ရှန်ကျစ်ရှားက သူမ၏ သရုပ်ဆောင်မှုကို စတင်တော့သည်။
“ဒီတစ်ခေါက်မှာ ဖားပြုတ်သိုင်းက လူပေါင်း ၅ သိန်းလောက်အထိ ပြန့်နှံ့သွားခဲ့တာကို ကျွန်မ သတိထားမိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျောင်းသား ၅,၀၀၀ ပဲ ရခဲ့တယ်ဆိုတာက ဒီကျင့်စဉ်ဟာ ပါရမီအပေါ်မှာ အရမ်း မူတည်နေလို့ပဲ မဟုတ်လား။”
ရှန်ကျစ်ရှားက ခေတ္တမျှ ရပ်လိုက်ပြီး စူးချီကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
“ဆရာစူးအနေနဲ့ ပါရမီ မလိုတဲ့၊ သင်ယူရ လွယ်ကူတဲ့၊ ပြီးတော့ ကိုယ့်ရဲ့ ခွန်အားကိုလည်း တိုးတက်စေမယ့် ကျင့်စဉ်မျိုးကို ဖန်တီးပေးနိုင်မလား”
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ အတွင်းရေးမှူးလေး ယဲ့ရှူးယောင်းမှာ သူမ၏ ကျောင်းအုပ်ကြီးကို ကြည့်ကာ ဆွံ့အသွားရသည်။
‘ကျောင်းအုပ်ကြီးရယ်... ဒါက ဆုတောင်းနေတာလား’
ပါရမီ မလိုရဘူး လူတိုင်း ကျင့်လို့ရရမယ်။
သင်ယူရ လွယ်ကူရမယ် အလွန်ရိုးရှင်းရမယ်။
ခွန်အားတိုးရမယ် အစွမ်းထက်ရမယ်။
အွန်လိုင်းသင်တန်း စျေးလည်း ပေါရမယ်။
အားလုံးသိကြသည့်အတိုင်း “လူတိုင်းကျင့်နိုင်ရမယ်၊ ရိုးရှင်းရမယ်၊ အစွမ်းထက်ရမယ်၊ စျေးပေါရမယ်” ဆိုသည့်အရာမှာ ဤကမ္ဘာတွင် မရှိနိုင်ပါ။
ကျောင်းအုပ်ကြီးက ဆရာစူးကို တမင်တကာ ကျပ်ပိတ်အောင် လုပ်နေတာပဲ။
စူးချီသည်လည်း ခေါင်းဆောင်၏ တောင်းဆိုချက်ကို ကြားသောအခါ ဆွံ့အသွားမိသည်။
သို့သော် သူသည် စနစ်ထဲမှ စာရင်းများကို အမြန်လှန်ကြည့်လိုက်သည်။
ပါရမီ မလိုတဲ့... သင်ရလွယ်တဲ့... အစွမ်းထက်တဲ့...
ဟော ဒီအချက်တွေနဲ့ အနီးစပ်ဆုံး တူညီတဲ့ ကျင့်စဉ်တစ်ခု ရှိနေပါလား။
ထိုကျင့်စဉ်မှာ ‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ ပင် ဖြစ်သည်။
၎င်းမှာ ပါရမီ လုံးဝမလိုပါ။ အကြောင်းမှာ ဤကျင့်စဉ်ကို သင်ယူရန်အတွက် ရိုးသားသော စိတ်ထားနှင့် ကြိုးစားအားထုတ်မှုသာ လိုအပ်သောကြောင့် ဖြစ်သည်။ သင်ယူရမည့် အချိန်မှာလည်း အလွန်တိုတောင်းလှသည်... မူရင်းဝတ္ထုထဲတွင် ‘နဂါးမလေး’ ပင်လျှင် ခဏလေးအတွင်း တတ်မြောက်သွားခဲ့သည် မဟုတ်ပါလား။
အစွမ်းထက်မှုအပိုင်းတွင်မူ ဤကျင့်စဉ်ကို ကျွမ်းကျင်သွားပါက မိမိကိုယ်ကိုယ် နှစ်ယောက်စာ တိုက်ခိုက်နေသကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းအားမှာ ချက်ချင်း နှစ်ဆတိုးသွားမည် ဖြစ်သည်။
သေချာ စဉ်းစားကြည့်လျှင် ဤသိုင်းပညာမှာ စူးချီ၏ စနစ်အတွက် အလွန် သင့်တော်လှသည်။
ဖားပြုတ်သိုင်းကို သင်ကြားပေးစဉ်က စူးချီသည် ထူးခြားချက် နှစ်ခုကို တွေ့ရှိခဲ့သည်။ ပထမအဆင့် ကျောင်းသားတစ်ဦးက သူ့ကို ဆရာကောင်းအမှတ် ၁ မှတ် ပေးသော်လည်း၊ ဒုတိယအဆင့် ကျောင်းသားတစ်ဦးကမူ ၅ မှတ်အထိ ပေးသည်။ ဆိုလိုသည်မှာ ကျင့်ကြံသူ၏ အဆင့် မြင့်လေလေ၊ သူ ရမည့် အမှတ်က များလေလေပင်။
ဒုတိယ တွေ့ရှိချက်မှာ အဆင့်မြင့်ကျင့်ကြံသူ အများစုမှာ ဖားပြုတ်သိုင်းကို လေ့လာသူ ရှားပါးခြင်းပင် ဖြစ်သည်။
ဒါဟာလည်း အဓိပ္ပာယ်ရှိပါသည်၊ အဆင့်တစ်ခု တက်တိုင်း သွေးသားစွမ်းအင်က နှစ်ဆတိုးလာတတ်သဖြင့် သူတို့အတွက် ကျင့်စဉ်တစ်ခုကို အချိန်ကုန်ခံ လေ့လာနေမည့်အစား သွေးသားစွမ်းအင်ကို မြှင့်တင်ခြင်းက ပို၍ လွယ်ကူသောကြောင့် ဖြစ်သည်။
သို့သော် ‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ ကမူ မတူပေ။ မည်သည့်အဆင့်မှာပဲ ရှိနေပါစေ၊ ဤကျင့်စဉ်ကို တတ်မြောက်သွားပါက အဆင့်တူသူများထဲတွင် ပြိုင်ဘက်ကင်း ဖြစ်သွားမည် ဖြစ်သည်။
ထို့အပြင် ဤကမ္ဘာရှိ သိုင်းပညာရှင်များမှာ သွေးသားစွမ်းအင် မြှင့်တင်ရန်အတွက်သာ အာရုံစိုက်နေကြသူများ ဖြစ်သဖြင့် သူတို့အားလုံးတွင် တူညီသော အချက်တစ်ခု ရှိသည်။ ၎င်းမှာ သူတို့အားလုံးသည် ‘သိုင်းရူး’ များ ဖြစ်ကြခြင်းပင်။
တစ်နည်းအားဖြင့် ကျင့်ကြံမှုအဆင့် မြင့်လေလေ၊ သူတို့၏ စိတ်ဓာတ်မှာ ပို၍ ရိုးသားဖြူစင်လေလေ ဖြစ်နိုင်သဖြင့် ဤကျင့်စဉ်ကို သင်ယူရန် ပို၍ပင် သင့်တော်နေပေလိမ့်မည်။
ဤသို့တွေးမိသည်နှင့် စူးချီတွင် အစီအစဉ်တစ်ခု ရလာတော့သည်။
“အဲ... ကျောင်းအုပ်ကြီးရှန် တောင်းဆိုတဲ့အတိုင်း... လုပ်ပေးလို့ ရပါတယ်”
“ဒါပေမဲ့... ဒီကျင့်စဉ်ကို ရှင်းပြဖို့ကတော့ နည်းနည်း ခက်လိမ့်မယ်...”
စူးချီ၏ စကားကြောင့် အစည်းအဝေးခန်းမထဲရှိ လူအားလုံး စိတ်ဝင်စားသွားကြသည်။ စူးချီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ထိုသိုင်းပညာကို စတင် ရှင်းပြလိုက်သည်။
“ကျွန်တော့်ရဲ့ ဒီသိုင်းပညာကို ‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ လို့ ခေါ်ပါတယ်။”
“အလွယ်ပြောရရင် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်တတ်အောင် သင်ပေးတာပါ။ ဘယ်လက်က သိုင်းကွက်တစ်ခုကို သုံးနေချိန်မှာ ညာလက်က နောက်ထပ် သိုင်းကွက်တစ်ခုကို သုံးရမှာ ဖြစ်ပါတယ်။”
“ဒါဟာ ခင်ဗျားတို့ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်နေသလိုပါပဲ။ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းကို လူတစ်ယောက်က ထိန်းချုပ်ပြီး ညာဘက်ခြမ်းကို နောက်တစ်ယောက်က ထိန်းချုပ်နေသလိုမျိုးပေါ့...”
ဘုရားရေ။
ဒါက သိုင်းပညာ ဟုတ်ရဲ့လား။
ရှန်ကျစ်ရှားနှင့် ယဲ့ရှူးယောင်းတို့သာမက ဧည့်ကြို၊ စီမံ၊ HR နှင့် ဘဏ္ဍာရေး ဝန်ထမ်းများပါ မှင်တက်သွားကြတော့သည်။
ဘယ်လက်နဲ့ ညာလက်ကို... သီးခြားစီ ထိန်းချုပ်ရမယ် ဟုတ်လား။
ယဲ့ရှူးယောင်း၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။
အကြောင်းမှာ မနေ့ညကမှ သူမသည် ကားတိုက်ခံရသဖြင့် ဦးနှောက်ထိခိုက်သွားကာ မိမိ၏ လက်တစ်ဖက်ကို မိမိဘာသာ အမိန့်ပေး၍ မရတော့သည့် လူတစ်ဦးအကြောင်း မှတ်တမ်းတင် ဗီဒီယိုတစ်ခုကို ကြည့်ခဲ့ရသောကြောင့် ဖြစ်သည်။
ဆေးပညာအရ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်သည်။
အခု စူးချီ ပြောနေတာက ဘာသဘောလဲ။
သူ့ဆီမှာ သိုင်းသင်ဖို့ဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စိတ်ဝေဒနာရှင် ဖြစ်အောင် လုပ်ရမှာလား။