အခန်း ၁၅-၁၆
Vol. 2 Ch. 15-16
အခန်း (၁၅) : နောက်ထပ်သိုင်းကျင့်စဉ်လား။
ထိုအချိန်တွင် ပင်ဂွင်းအွန်လိုင်းသင်တန်း ပလက်ဖောင်းပေါ်၌ ကျောင်းသားများသည် လိုက်ဖ်လွှင့်ခန်းထဲသို့ ကြိုတင်ရောက်ရှိနေကြပြီဖြစ်သည်။
ဆရာစူးကြောင့် ကံကြမ္မာပြောင်းလဲခဲ့ရသော ကျောင်းသားများသည် မှတ်ချက်ကဏ္ဍတွင် စာတန်းများကို တရစပ် ရိုက်နေကြတော့သည်။
“ဆရာစူးရေ... ကျွန်မက မိန်းကလေးပါ၊ အသားပေး ဆက်သွယ်ချင်ပါတယ်... ဖားပြုတ်သိုင်းနဲ့လေ”
“အပေါ်ကတစ်ယောက်ကတော့ တကယ့်ကို အလန်းပဲဟေ့... ကျွန်တော်က ယောကျ်ားလေးပါ ဆရာ၊ ကျွန်တော်လည်း အသားပေး ဆက်သွယ်ချင်ပါတယ်... ဖားပြုတ်သိုင်းအတွက်ဆိုရင် ဘာမဆို ဖြစ်ပါတယ်”
“ဆရာ... ကျွန်မ အရင်က မြှူဆွယ်ပြပြီး ပိုက်ဆံရှာခဲ့တဲ့ မိန်းကလေးပါ၊ ဆရာ့ကို လူကိုယ်တိုင် လာပြီး ကျေးဇူးတင်ချင်ပါတယ်...”
“အပေါ်က ဆရာမလေးရေ... ဘယ်လို ကျေးဇူးတင်မှာလဲဆိုတာ အသေးစိတ် ပြောပြပါဦး... လိုက်ဖ်လွှင့်ခန်းထဲမှာပဲ လက်တွေ့ သရုပ်ပြပါလား၊ ကျွန်တော် ကြည့်ချင်လို့”
“ကျွန်တော့်ရဲ့ ဓားအရိုး အလုခံရပြီး မိသားစုက နှင်ထုတ်ခံရတုန်းက ကျွန်တော့်ကို မျှော်လင့်ချက်ပေးခဲ့တာ ဆရာစူးပါပဲ...”
“ဆရာ... ကျွန်တော် ခွန်အား နှစ်ဆအထိ ထုတ်ဖော်နိုင်နေပြီ! ကျွန်တော့်ကို ဖားပြုတ်သိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်တပည့်ကြီးလို့ သတ်မှတ်လို့ ရပြီလား”
…
အလားတူပင် နာမည်ကျော် မီဒီယာများနှင့် အင်တာနက်ဆယ်လီ များသည်လည်း ကြိုတင်ချိတ်ဆက်ထားသကဲ့သို့ လိုက်ဖ်လွှင့်ခန်းထဲတွင် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
“ဗီဒီယို ရိုက်ဖို့ အဆင်သင့်လုပ်ထား။ သတင်းစာမူကြမ်း ရေးဖို့လည်း ပြင်ထားကြ”
“ဒီအကြောင်းအရာသစ်ကို ငါတို့ အမိအရ ဖမ်းရမယ်”
တရားဝင်မီဒီယာဖြစ်စေ၊ ကိုယ်ပိုင်မီဒီယာဖြစ်စေ အားလုံးသည် ဆရာစူး၏ သင်တန်းများမှတစ်ဆင့် ကြည့်ရှုသူဦးရေနှင့် လူကြိုက်များမှု အများအပြား ရရှိခဲ့ကြသည်။ ထို့ကြောင့် အွန်လိုင်းသင်တန်း စသည်နှင့် ထိုသူများသည် ဗီဒီယိုများကို စတင်မှတ်တမ်းတင်ကြပြီး၊ ပြန်လည်တည်းဖြတ်ကာ သတင်းဦးတင်ရန် အပြိုင်အဆိုင် ပြင်ဆင်နေကြတော့သည်။
တကယ်တမ်းတွင်မူ ဤသည်မှာ မူပိုင်ခွင့်ကို ဗြောင်ကျကျ ချိုးဖောက်နေခြင်း ဖြစ်သည်။ သို့သော် ကျောင်းအုပ်ကြီးရှန်ကမူ ထိုလုပ်ရပ်ကို သိလျက်နှင့် ခွင့်ပြုထားခဲ့သည်။ အကြောင်းမှာ... သူမ၏ ရည်မှန်းချက်မှာ သင်တန်းရောင်းပြီး ပိုက်ဆံရှာရန်မဟုတ်ဘဲ ကျောင်းသားတွေ ကျောင်းထွက်သွားအောင် လုပ်ရန်သာ ဖြစ်သောကြောင့်ပင်။
ကြည့်ရှုသူများလေလေ ကျောင်းသားသစ် တိုးလာလေလေ ကျောင်းထွက်သွားလျှင် ပြန်အမ်းငွေ ပိုရလေလေပဲ မဟုတ်ပါလား။ အားလုံး အစီအစဉ်အတိုင်းပါပဲ။
လူအများ၏ မျှော်လင့်ချက်များအကြားတွင် လိုက်ဖ်လွှင့်သင်တန်းမှာ နောက်ဆုံးတွင် စတင်ခဲ့ပြီဖြစ်သည်။ ဤသင်တန်းကို တစ်ပြိုင်နက်တည်း ကြည့်ရှုသူဦးရေမှာ ၄,၀၀၀ ကျော်ရှိနေပြီး ကျောင်းသားများ၏ တက်ရောက်မှုနှုန်းမှာ ၈၁ ရာခိုင်နှုန်းအထိ ရှိနေသည်။
“ဒီနေ့ ကျွန်တော် သင်ပေးမယ့် သိုင်းပညာကတော့ ‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ လို့ ခေါ်ပါတယ်။”
“ဒီသိုင်းကို တတ်သွားပြီဆိုရင် ခင်ဗျားတို့ဟာ လူတစ်ယောက်တည်း မဟုတ်တော့ပါဘူး”
ဆရာစူး၏ စကားကြောင့် မှတ်ချက်ကဏ္ဍတွင် ရယ်သံများ ပျံ့လွင့်သွားသည်။
“လူတစ်ယောက်တည်း မဟုတ်တော့ဘူး ဟုတ်လား? ဒီကျင့်စဉ်က ငါ့ကို ဝက်တစ်ကောင် ဖြစ်အောင် ပြောင်းပေးမှာလား?”
“မင်းတို့က ဆရာစူးရဲ့ အဓိပ္ပာယ်ကို နားမလည်ကြတာပဲ။ ဒီကျင့်စဉ်ကို ကျင့်ပြီးရင် ဝိညာဉ်ခွဲထုတ်တာမျိုး လုပ်နိုင်မှာ ဖြစ်ရမယ်... အခုမှ တကယ့် သိုင်းပညာစစ်စစ်ကို သင်ပေးတော့မှာ”
“နားလည်ပြီ တတ်သွားရင် လူသားဧကရာဇ် ဖြစ်ပြီပေါ့! တခြား ကမ္ဘာက သက်ရှိတစ်ခုလို ဖြစ်သွားမှာလား။”
“ဘုရားရေ... ပြောရင်းပြောရင်းနဲ့ ပိုပြီး အံ့ဩစရာတွေ ဖြစ်လာပြီ။”
မှတ်ချက်မျိုးစုံ ပျံနှံ့နေပြီး အားလုံးသည် ဆရာစူး၏ သိုင်းပညာ ရှင်းပြချက်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
“ဒီသိုင်းကို သင်ယူခြင်းဟာ ခင်ဗျားတို့ရဲ့ ဘယ်လက်နဲ့ ညာလက်ကို လူနှစ်ယောက်က တစ်ပြိုင်တည်း ထိန်းချုပ်နေသလိုမျိုး ဖြစ်သွားစေမှာပါ။”
“တစ်နည်းအားဖြင့် ခင်ဗျားတို့ဟာ မတူညီတဲ့ သိုင်းကျင့်စဉ် နှစ်ခုကို တစ်ပြိုင်တည်း သုံးနိုင်မှာဖြစ်လို့၊ အချိန်တိုအတွင်းမှာ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေသလို အသာစီး ရသွားစေမှာ ဖြစ်ပါတယ်။”
ဆရာစူးသည် ဤသို့ပြောနေချိန်တွင် ယုံကြည်မှုအပြည့်ဖြင့် ပြုံးနေသော်လည်း၊ သင်တန်းတက်နေသည့် ကျောင်းသားအားလုံးမှာမူ မှင်တက်သွားကြတော့သည်။
သိုင်းပညာကို အနည်းငယ် သိနားလည်သူတိုင်း၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိသည်။ ‘ဘုရားရေ... ဒါဟာ တကယ့်ကို လိမ်လုံးညာလုံးပဲ ဖြစ်ရမယ်။’
တိုက်ခိုက်ရေးလောကတွင် ကျင်လည်နေသူတိုင်း သိကြသည်မှာ လူတစ်ယောက်ကို ဓားဖြင့် ခုတ်လိုက်လျှင် ခန္ဓာကိုယ်၏ ဟန်ချက်မှာ မလွဲမသွေ ပြောင်းလဲသွားတတ်သည်။ ထိုအချိန်တွင် အခြားလက်တစ်ဖက်ဖြင့် ထိုမျှ ပြင်းအားရှိသော နောက်ထပ် သိုင်းကွက်တစ်ခုကို ထုတ်ဖော်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ခန္ဓာကိုယ်ဟန်ချက်ကို မယိမ်းယိုင်အောင် ထိန်းထားနိုင်လျှင်ပင် လက်နှစ်ဖက်ကို ဆန့်ကျင်ဘက် လှုပ်ရှားမှုများ လုပ်ရန် ခိုင်းစေခြင်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။ သို့သော် သူတို့ နားမလည်လေလေ၊ ရှေ့ဆက် သင်ပြမည့်အရာကို ပို၍ စိတ်ဝင်စားလာလေလေပင်။
“ကျောင်းသားတွေ ဘာလုပ်ရမှန်း မသိဖြစ်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်... ဒီနေ့အတန်းမှာ ဒီသင်ကြားရေးလက်ထောက် နှစ်ယောက်က ကျွန်တော်နဲ့အတူ လက်တွေ့ သရုပ်ပြပေးမှာ ဖြစ်ပါတယ်။”
“ကျွန်တော် အာမခံနိုင်တာ တစ်ခုကတော့၊ သူတို့နှစ်ယောက်ဟာ ဒီကျင့်စဉ်အကြောင်းကို သင်တန်းမစခင်က တစ်ခါမှ မကြားဖူး၊ မထိတွေ့ဖူးကြသေးတာပဲ ဖြစ်ပါတယ်”
ဆရာစူးက ပြောပြောဆိုဆိုဖြင့် သူ ကြိုတင်ပြင်ဆင်ထားသော ကျင့်စဉ်လမ်းညွှန်စာရွက်ကို ထိုနှစ်ယောက်အား ကမ်းပေးလိုက်သည်။
“ဒါကတော့ သွေးသားစွမ်းအင် လည်ပတ်ပုံ ဇယားပါ။ လက်ထောက်နှစ်ယောက် အရင်ဆုံး လေ့လာထားလိုက်ပါဦး...”
အစပိုင်းမှာတော့ ပုံမှန်အတိုင်းပင်။ သို့သော် မကြာမီမှာပင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ချက်ချင်း ဖြစ်ပေါ်လာတော့သည်။
ထိပ်ပြောင်နေသော ပေါင်ပေါင်သည် ကျင့်စဉ်ကို တစ်ခေါက် ကြည့်လိုက်ပြီးနောက်၊ ရုတ်တရက် တစ်စုံတစ်ခု ဝင်ပူးသွားသကဲ့သို့ပင် မီးခြစ်တစ်ခုကို ထုတ်လိုက်သည်။
‘ချောက်...’
လိုက်ဖ်လွှင့်ခန်းထဲရှိ ကျောင်းသား ၄,၀၀၀ ၏ ရှေ့မှောက်မှာတင် သူသည် ကျင့်စဉ်စာရွက်ကို မီးရှို့ပစ်လိုက်တော့သည်...။
မျက်နှာတွင် အမာရွတ်နှင့် ဝမ်ရွှမ်းက အံ့သြတကြီး အော်လိုက်မိသည်။
“မင်း ဘာလို့ ကျင့်စဉ်ကို မီးရှို့ပစ်တာလဲ။”
ပေါင်ပေါင်က ဘာမှမဖြစ်သကဲ့သို့ပင် ပြန်ပြောလိုက်သည်။
“ဒါက လျှို့ဝှက်ကျမ်းလေ။ ဖတ်ပြီးရင် ဖျက်ဆီးပစ်ရမယ်။ မီးရှို့ပစ်တာကမှ ပိုပြီး ပရော်ဖက်ရှင်နယ် ဆန်တာပေါ့။”
‘သွားပြီ’ ဆရာစူးမှာ ထိုအရူးနှစ်ယောက်ကြောင့် ဆွံ့အသွားရတော့သည်။
ဆရာစူးကဲ့သို့ပင် သင်တန်းတက်နေသည့် ကျောင်းသားများမှာလည်း မှင်တက်ကုန်ကြသည်။
“ဟင်... လျှို့ဝှက်ထားရမယ် ဟုတ်လား”
“ဘာကြီးလဲဟ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေတာလား”
“ဒီလိုဆိုရင်တော့ ငါ စိတ်ဝင်စားသွားပြီဟေ့။”
“မြန်မြန်သင်ပါတော့ ဆရာ၊ ကျွန်တော် ကြည့်ချင်လှပြီ။”
အင်း... သူတို့ရဲ့ အံ့ဩပုံက လမ်းကြောင်း နည်းနည်း လွဲနေသလိုပါပဲ။
ဒီအရူးလက်ထောက် နှစ်ယောက်၏ လုပ်ရပ်ကြောင့် ကျောင်းသားများသည် ‘ဘယ်လက် ညာလက် အတတ်’ အပေါ် ပို၍ စိတ်ဝင်စားသွားကြသည်။ သို့သော် ဆရာစူးမှာမူ စိုးရိမ်စိတ် အနည်းငယ် ဝင်လာမိသည်။ ဒီအရူးနှစ်ယောက်ဟာ သူအရင်ဘဝက ကွန်ပျူတာထဲမှာ မြင်ဖူးတဲ့ ‘လူဖျက်’ နှစ်ယောက်နဲ့ တူနေသဖြင့် အလုပ်တွေ ရှုပ်ကုန်တော့မည်လားဟု စဉ်းစားနေမိသည်။
သို့သော် လိုက်ဖ်လွှင့်နေပြီဖြစ်သဖြင့် လူလဲရန်မှာလည်း နောက်ကျသွားပြီ ဖြစ်သည်။
“ကဲ... ဒီသွေးသားစွမ်းအင် လည်ပတ်ပုံကို မှတ်ထားကြပါ။ မှတ်မိပြီဆိုမှ နောက်တစ်ဆင့်ကို သွားကြမယ်”
ဆရာစူး၏ သင်ကြားရေး အရှိန်မှာ ပျက်သွားခဲ့ရပြီ။ သူသည် ထိုအရူးလက်ထောက် နှစ်ယောက်ကို မတတ်သာဘဲ ထပ်မံ သတိပေးရသည်။
“ကျင့်စဉ်ကို မှတ်မိကြပြီလား”
ဘွဲ့လွန်အတွဲမှာ ပြိုင်တူ ခေါင်းခါပြကြသည်။
“သွေးသားစွမ်းအင် လည်ပတ်ပုံက အရင်ဆုံး သွေးသားစွမ်းအင်ကို ထိပ်ခေါင်ကနေ စီးဆင်းစေမယ်၊ ပြီးရင် မျက်လုံးနှစ်ဖက်ထဲ ထည့်မယ်၊ အဲဒီနောက် နှာခေါင်းနဲ့ ပါးစပ်ဆီ ပို့မယ်... မှတ်မိကြပြီလား”
ဘွဲ့လွန်အတွဲမှာ ၁၈ ကြိမ်မြောက်အထိ ခေါင်းခါပြနေဆဲပင်။
ဆရာစူးက ၁၉ ကြိမ်မြောက် သင်ပေးနေချိန်တွင် ပေါင်ပေါင်၏ မျက်လုံးများမှာ ကြောင်တောင်တောင် ဖြစ်လာကာ
“ယောက်ဖရေ... အလုပ်ပြောင်းရတာ ခက်လိုက်တာ ကျွန်တော် မသင်ချင်တော့ဘူး။”
ဝမ်ရွှမ်းက သူ၏ခေါင်းကို ပြင်းထန်စွာ ပုတ်လိုက်ပြီး
“ဘာတွေ လျှောက်ပြောနေတာလဲ! ငါတို့က အတွေ့အကြုံ မရှိသေးလို့ ပိုသင်ရမှာပေါ့၊ ဒါကို အလုပ်ကို ချစ်မြတ်နိုးတာလို့ ခေါ်တယ်ကွ။”
…
ထိုအချိန်တွင် မှန်တစ်ဖက်မှ ကြည့်နေသော အတွင်းရေးမှူးလေး ယဲ့ရှူးယောင်း၏ မျက်လုံးများမှာ ပြူးကျယ်နေတော့သည်။ ဆရာစူး တင်ပြခဲ့သော သင်ကြားရေး အစီအစဉ်တွင် ဤအပိုင်းမှာ လုံးဝ မပါဝင်ခဲ့ပေ။
ဆိုလိုသည်မှာ ဤဘွဲ့လွန်လောင်းလျာ နှစ်ယောက် ပေါ်လာပြီးနောက်တွင် တစ်ခန်းလုံးမှာ ထိန်းမရ သိမ်းမရ ဖြစ်ကုန်ပြီ ဖြစ်သည်။ ဒါဟာ တကယ့်ကို အစကတည်းက လွဲချော်နေခြင်းဖြစ်သဖြင့် ယဲ့ရှူးယောင်းမှာ ခေါင်းပင် မူးလာတော့သည်။
ဆရာစူး၏ ကျင့်စဉ် - လူတွေကို ရူးသွပ်စေသော ကျင့်စဉ်။
ဘွဲ့လွန်လောင်းလျာ နှစ်ဦး - အရူးများ။
ရှေ့ဆက် ဘာတွေဖြစ်လာမည်ကို သူမ စိတ်ကူးပင် မယဉ်ဝံ့တော့ပေ။ ‘ဒီအတန်းကို အခုပဲ ရပ်ပစ်လိုက်ရင် ကောင်းမလား။ မနက်ဖြန်မှ အစားထိုး အတန်းပြန်သင်မယ်၊ ဒီနေ့ကတော့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်လို့ပဲ ပြောလိုက်ရမလား’
ဤသို့တွေးကာ ယဲ့ရှူးယောင်းသည် ကျောင်းအုပ်ကြီးရှန်ကို အားကိုးတကြီး ကြည့်လိုက်သည်။ ကျောင်းအုပ်ကြီးအနေဖြင့် ဤအခြေအနေကို တားဆီးပေးလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။
သို့သော်လည်း သူမ မြင်လိုက်ရသည်မှာ...
သူမ၏ အဒေါ်ဖြစ်သူ ကျောင်းအုပ်ကြီးရှန်သည် တစ်စုံတစ်ခု ဝင်ပူးနေသကဲ့သို့ပင် နှုတ်ခမ်းဖျားတွင် ကျေနပ်သော အပြုံးတစ်ခု ရှိနေပြီး သူမ၏ မျက်ဝန်းများမှာလည်း တောက်ပနေတော့သည်။
‘ဒုတိယသမီးပျို ငါတော့... အောင်မြင်တော့မယ်။’
ရှန်ကျစ်ရှား၏ လက်ရှိ ခံစားချက်မှာ ‘စွန်းဝူခုန်း’ တိမ်စီးဂါထာကို ပထမဆုံး ရရှိလိုက်သကဲ့သို့ပင် ဝမ်းသာလွန်း၍ ပျံတက်မတတ် ဖြစ်နေသည်။
‘ငါရှာထားတဲ့ ပါရမီရှင်အတွဲကတော့ တကယ်ကို အစွမ်းပြနေပြီဟေ့။’
‘သူတို့ရှိနေမှတော့ ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီနေတာပဲ။ ဒီအရူးနှစ်ယောက်သာ ရှိနေရင် ဆရာစူးက ဘယ်လောက်ပဲ တော်တော်၊ ဒီအတန်းကတော့ ပျက်စီးဖို့ပဲ ရှိတော့တယ်။’
‘ဒီနှစ်ယောက်ရဲ့ IQ နဲ့သာ သင်တန်းမှာ တစ်ခုခု တတ်မြောက်သွားမယ်ဆိုရင်တော့ ဝက်တွေ သစ်ပင်တက်နိုင်ရုံတင်မကဘူး၊ ကောင်းကင်ပေါ်အထိ ပျံတက်နိုင်လိမ့်မယ်။’
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဒါဟာ အွန်လိုင်းသင်တန်း ဖြစ်နေတာပဲ။ ဆရာစူးကတော့ အသေအလဲ သင်ပေးနေတာပေါ့။ ဒါပေမဲ့ ဒီအရူးနှစ်ယောက်က မတတ်ဘူးဆိုရင် ကျောင်းသားတွေက ဘယ်လို မြင်ကြမလဲ။ ‘သောက်သုံးမကျတဲ့ အတန်း’ လို့ ပြောကြမှာပေါ့။ လိမ်လည်မှုနဲ့ တိုင်မခံရရင်တောင် ကံကောင်းလှပြီ။
အဲဒီအချိန်ကျရင် သူတို့အားလုံးကို ငါ ပိုက်ဆံပြန်အမ်းပြီး ကျောင်းထုတ်ပစ်မယ်။
ဒုတိယသမီးပျို ငါကတော့ ကောင်းကင်ပေါ် ပျံတက်ပြီး ဧကရာဇ် ဖြစ်တော့မယ်။
ရှန်ကျစ်ရှားသည် ပို၍ပင် ပြုံးပျော်လာတော့သည်။ အကြောင်းမှာ လိုက်ဖ်လွှင့်ခန်းထဲတွင် ဆရာစူးသည် ထိုဘွဲ့လွန်အတွဲကို ပုံဆွဲနည်း စတင် သင်ကြားပေးနေပြီ ဖြစ်သောကြောင့်ပင်။
“ကဲ... သွေးသားစွမ်းအင် လည်ပတ်ပုံကို တတ်ပြီဆိုရင်၊ စွမ်းအင်တွေကို လည်ပတ်စေရင်းနဲ့ ကျွန်တော် ပြောတဲ့အတိုင်း လုပ်ပါ... ဘယ်လက်နဲ့ လေးထောင့်ပုံဆွဲပြီး၊ ညာလက်နဲ့ အဝိုင်းပုံကို တစ်ပြိုင်တည်း ဆွဲကြည့်ကြရအောင်”
အဆင့်မြင့်သိုင်းလောက၏ရှန်းရှဆရာ
အခန်း (၁၆) : စာမေးပွဲချခြင်း။
“ဘယ်လက်က လေးထောင့်ပုံဆွဲ၊ ညာလက်က အဝိုင်းပုံဆွဲရမယ် ဟုတ်လား”
အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားပြီးနောက် ထုံအအလက်ထောက်နှစ်ယောက်မှာ သွေးသားစွမ်းအင်လည်ပတ်ပုံဇယားကို နောက်ဆုံးတွင် အလွတ်မှတ်မိသွားကြသည်။
ထိုအချိန်အတောအတွင်း အွန်လိုင်းသင်တန်းကို ကြည့်ရှုနေကြသည့် ကျောင်းသားများအတွက်မူ ဤသည်မှာ အလွန်ပင် စိတ်ပျက်စရာကောင်းလှသော ဝေဒနာတစ်ခု ဖြစ်နေခဲ့သည်။
ပို၍ပင် စိတ်ပျက်နေကြသူများမှာ ဗီဒီယိုခိုးယူမှတ်တမ်းတင်နေကြသည့် ကိုယ်ပိုင်မီဒီယာသမားများပင် ဖြစ်သည်။ သူတို့မှာ ဘာလုပ်ရမှန်းမသိ မှင်တက်နေကြတော့သည်။
“ဒီလောက်အထိ ၁၉ ကြိမ်တောင် ထပ်ခါတလဲလဲ သင်နေတာကို ဘယ်လိုများ တည်းဖြတ်ရမလဲ”
“အခုတော့ သိမ်းထားလိုက်ဦး။ တရားဝင်သင်ကြားမှု အခုမှ စတာ။ မကြာခင်မှာ အချက်အလက်ကောင်းတွေ ရတော့မှာပါ။”
ထိုသို့ မျှော်လင့်ချက်ထားနေစဉ်မှာပင် သူတို့သည် ဒုတိယအကြိမ်မြောက် တုန်လှုပ်စရာနှင့် တိုးပြန်သည်။
ဆရာစူးချီသည် ဦးနှောက်သိပ်မပြေးလှသော လက်ထောက်နှစ်ယောက်ကို အတူတူထိုင်ခိုင်းပြီး တစ်ယောက်ကို ဘောပင်တစ်ချောင်းစီပေးကာ ဘယ်လက်ဖြင့် လေးထောင့်၊ ညာလက်ဖြင့် အဝိုင်းကို တစ်ပြိုင်တည်း ဆွဲခိုင်းလိုက်ပြန်သည်။
စိတ်ပျက်စရာ သံသရာအသစ်တစ်ခု ထပ်မံစတင်လာခဲ့သည်။
တစ်မိနစ်ကြာသောအခါ ဆရာစူးချီက မတတ်သာသလို ခေါင်းခါယမ်းကာ “မဟုတ်သေးဘူး”
နှစ်မိနစ်ကြာသောအခါ ဆရာစူးချီက ဆက်လက်ခေါင်းခါရင်း “မဟုတ်သေးဘူး၊ နောက်တစ်ခါ”
ငါးမိနစ်ကြာသောအခါ ဆရာစူးချီက နဖူးကိုလက်ဖြင့်အုပ်ကာ သက်ပြင်းချလိုက်သည်။ “အခုထိ မဟုတ်သေးဘူး ပြန်လုပ်”
…
မိနစ်နှစ်ဆယ်ကြာသောအခါ ဆရာစူးချီမှာ အပြစ်တင်ဖို့ပင် အားမရှိတော့ပဲ “ပုံစံတော့ အနည်းငယ် ထွက်လာပြီ၊ ဒါပေမဲ့ မကောင်းသေးဘူး ပြန်စ”
…
သုံးဆယ့်ခုနစ်မိနစ်ကြာသောအခါ ပေါင်ပေါင်မှာ စိတ်ထားအနည်းငယ် ပိုရိုးရှင်းသောကြောင့်လားမသိ၊ လေးထောင့်နှင့်အဝိုင်းကို ပထမဆုံး အောင်မြင်အောင် ဆွဲနိုင်သွားခဲ့သည်။
နောက်ဆုံးတော့ နောက်တစ်ဆင့်ကို တက်နိုင်သူ တစ်ယောက်ရှိလာခဲ့ပြီ။ ဆရာစူးချီမှာ သင်ကြားမှုကိုသာ ဆက်လုပ်နေလျှင် ကျောင်းသားများ ပေါက်ကွဲကုန်တော့မည်ကို စိုးရိမ်နေမိသည်။
ထို့ကြောင့် ဆရာစူးချီက ပေါင်ပေါင်ကို လက်နှစ်ဖက်ဖြင့် မတူညီသော စာလုံးများကို တစ်ပြိုင်တည်း ရေးခိုင်းလိုက်ပြန်သည်။
ထိုအခါ သံသရာအသစ်က ထပ်မံလည်ပတ်ပြန်သည်။
“မဟုတ်ဘူး”
“မကောင်းဘူး”
“ဆက်လုပ်”
…
ဆယ့်နှစ်မိနစ်ကြာသောအခါ မျက်နှာတွင် အမာရွတ်နှင့် ‘ယောက်ဖ’ ဝမ်ရွှမ်းမှာ နောက်ဆုံးတွင် အောင်မြင်အောင် ဆွဲနိုင်သွားခဲ့သည်။
မိနစ်သုံးဆယ်ကျော် ကြာသောအခါ... ပေါင်ပေါင်မှာ လက်တစ်ဖက်စီဖြင့် စာလုံးနှစ်လုံးစီကို မနည်းရေးနိုင်ခဲ့သည်။
လေးဆယ့်ခုနစ်မိနစ်ကြာသောအခါ ပေါင်ပေါင်၏ လက်နှစ်ဖက်မှာ မတူညီသော စာသားများကို ရေးနိုင်သွားခဲ့ပြီ။
ဘယ်လက်က “အပြင်ထွက်ရင် မူဝါဒကို စွဲကိုင်ပါ” ဟု ရေးသည်။
ညာလက်က “ကိုယ့်အလုပ်ကို ချစ်မြတ်နိုးပါ” ဟု ရေးသည်။
နောက်တစ်ဆင့်မှာမူ လက်နှစ်ဖက်ဖြင့် မတူညီသော သိုင်းကွက်များကို အသုံးပြုခိုင်းခြင်းပင်။
ဒါဟာ ဝေဒနာအသစ်တစ်ခု ထပ်ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“သိုင်းကွက်တွေ မတူရဘူးလေ မင်း နားမလည်ဘူးလား”
“ဘယ်လက်ရော၊ ညာလက်ရော လုံးဝ မတူရဘူး...”
ဒီတစ်ကြိမ်တွင်မူ ၅၁ မိနစ်ခန့် ထပ်မံကြာမြင့်သွားပြန်သည်။
ထိုအချိန်အတောအတွင်း လိုက်ဖ်လွှင့်ခန်း၏ မှတ်ချက်ကဏ္ဍမှာ ဆူညံပွက်လောရိုက်လာတော့သည်။ ကိုယ်ပိုင်မီဒီယာအဖွဲ့များမှာ အရင်ဆုံး လက်လျှော့သွားကြသည်။
တည်းဖြတ်သူများမှာ ကီးဘုတ်ကို ရိုက်ခွဲတော့မတတ် ဒေါသထွက်နေကြပြီး မျက်နှာပြင်ကို ကြည့်ကာ ဆဲဆိုနေကြတော့သည်။
“ဒါ ဘာသောက်သုံးမကျတဲ့ အတန်းလဲ။ နှစ်နာရီတောင် ရှိပြီ... သုံးရမယ့် ဗီဒီယိုက သုံးကွက်ပဲ ရှိတယ်။ ကျန်တာတွေက ထပ်ခါတလဲလဲတွေချည်းပဲ၊ ငါ ဒါကို တည်းဖြတ်လို့ မရဘူး”
“စာရေးတဲ့သူကို တစ်ခုခု စဉ်းစားခိုင်းလိုက်စမ်းပါ! ငါ့ကို စိတ်ကူးတစ်ခုခု ပေးဦး”
စာရေးသူမှာလည်း ထိုစကားကို ကြားသောအခါ ပြန်လည်အော်ဟစ်တော့သည်။
“ငါ့မှာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပြိုင်ဘက်ကင်းဖြစ်သွားမယ့် နည်းလမ်းတွေ ရှိနေတယ်လို့ ထင်နေလား။ မင်း ရေးနိုင်ရင် မင်းဘာသာ ရေးလိုက်”
ကိုယ်ပိုင်မီဒီယာအဖွဲ့များအတွင်း အချင်းချင်း ရန်ဖြစ်ရာမှတစ်ဆင့် ဆရာစူးချီကို ဆဲဆိုသည့်ဘက်သို့ ကူးစက်သွားတော့သည်။
ထို့နောက် သင်တန်းကို ကြည့်ရုံသာကြည့်ပြီး ကိုယ်တိုင် လက်တွေ့မစမ်းသပ်သည့် ကျောင်းသားများကလည်း မကျေမနပ် မှတ်ချက်များ စတင်ရေးသားလာကြသည်။
ခေတ္တမျှအတွင်း လိုက်ဖ်လွှင့်ခန်း၏ မှတ်ချက်ကဏ္ဍမှာ “ဆူညံသံများ” ဖြင့် ပြည့်နှက်သွားတော့သည်။
“သူက ငါ့ဆီက ပိုက်ဆံလိမ်ဖို့ အချိန်ဆွဲနေတာလား”
“အရမ်းအတယ် ပိုက်ဆံပြန်အမ်း၊ ကျောင်းထွက်မယ်”
“ဖားပြုတ်သိုင်းတုန်းက ကံကောင်းလို့ ဖြစ်သွားတာနေမှာ၊ အခု ဒါကမှ သူ့ရဲ့ အရည်အချင်းအစစ် ဖြစ်ရမယ်”
“ငါ့ရဲ့ နှစ်နာရီစာ ပိုက်ဆံကို အလဟဿ ဖြစ်အောင် သူ လုပ်နိုင်သွားပြီ၊ တောက်”
“…”
…
တစ်ချိန်တည်းမှာပင်။
ကျန်းမြို့ ပညာရေးရုပ်သံဌာန၏ အစည်းအဝေးခန်းမ၌။
‘ဘယ်လက် ညာလက် အပြန်အလှန် တိုက်ခိုက်ခြင်း အတတ်’ အွန်လိုင်းသင်တန်း အကြောင်းအရာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခု ကျင်းပနေသည်။
လီယန်သည် လိုက်ဖ်လွှင့်ဗီဒီယိုကို ကြည့်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေမိသည်။ ဌာနမှူး ကျန်းထောင်းမှာမူ ဗီဒီယိုကို ကြည့်ရင်း တစ်ခုခုကို မှတ်သားနေသည်။
“ဌာနမှူး... အဲဒါ... ဆရာစူးချီက... ဖြစ်နိုင်တာကတော့ ဒါဟာ ထုတ်လွှင့်မှုဆိုင်ရာ မတော်တဆမှုတစ်ခုပါ...”
ဒီအစည်းအဝေး ဖြစ်မြောက်အောင် လီယန်က အတင်းတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ယခင်က ဖားပြုတ်သိုင်းဖြင့် သူ သတင်းထူး ရရှိခဲ့ဖူးသည်။ ထို့ကြောင့် ဆရာစူးချီက ဤကျင့်စဉ်သစ်ကို သင်ကြားပေးမည်ဆိုသောအခါ သူက ဌာနသို့ အထူးညွှန်းဆိုခဲ့ခြင်း ဖြစ်သည်။
ရလဒ်မှာမူ ဌာနမှူးများ အတူတူထိုင်ကြည့်နေကြသည့် ဤဗီဒီယိုမှာ တကယ့်ကို ပျက်စီးယိုယွင်းနေသည့် အခြေအနေ ဖြစ်နေသည်။ ဤ ‘ဘယ်လက် ညာလက် အတတ်’ ဆိုသည်မှာလည်း ဟာသတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ လီယန်တစ်ယောက် ဌာနတစ်ခုလုံး၏ လှောင်ပြောင်ခြင်းကို ခံရတော့မည်မှာ သေချာသလောက်ပင်...။
လီယန် စိတ်ပျက်နေစဉ်မှာပင် ဌာနမှူး ကျန်းထောင်းက စကားစလာသည်။
“ဒီဆရာက... တကယ့်ကို အရည်အချင်းရှိတာပဲ”
“ဒီကျင့်စဉ်ကလည်း ကျွန်တော့်ကို အံ့ဩမှင်တက်သွားစေတယ်”
အစည်းအဝေးခန်းထဲရှိ လူအားလုံး ဌာနမှူးကို အံ့သြတကြီး ကြည့်လိုက်ကြသည်။
ဒါရှရှားနိုင်ငံရှိ ခေါင်းဆောင်များသည် များသောအားဖြင့် နားလည်ရခက်သော စကားများကို ပြောတတ်ကြသည်။ စကားလုံးတစ်လုံးတည်းကိုပင် အကောင်းဘက်ကရော၊ အဆိုးဘက်ကပါ နားလည်နိုင်သည်။ ဆန့်ကျင်ဘက် အဓိပ္ပာယ်အဖြစ်ပင် ယူဆနိုင်သည်။ ထို့ကြောင့် ဌာနမှူးက ချီးကျူးနေသည်လား၊ ဒါမှမဟုတ် လှောင်ပြောင်နေသည်လား ဆိုသည်ကို မည်သူမှ ဝေခွဲမရ ဖြစ်နေကြသည်။
ဌာနမှူးက အားလုံး နားမလည်ကြသည်ကို သိသည့်အလား လီယန်ကို မေးလိုက်သည်။
“လီယန် မင်း ဖုန်းထဲမှာ မိုဘိုင်းဂိမ်းကြော်ငြာ ဗီဒီယိုလေးတွေ တွေ့ဖူးလား”
လီယန် ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် ဌာနမှူး၏ ဆူပူကြိမ်းမောင်းမှုကို ခံရန် ပြင်ဆင်ထားသော်လည်း ယခုမူ သိုင်းပညာနှင့် လုံးဝမဆိုင်သည့် မေးခွန်းကို အမေးခံလိုက်ရခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ ကျန်းထောင်းက လီယန်၏ အဖြေကို စောင့်မနေခဲ့ခြင်းပင်။
“မိုဘိုင်းဂိမ်း တော်တော်များများက အရည်အသွေး ညံ့ကြပေမဲ့၊ သူတို့ရဲ့ ကြော်ငြာဗီဒီယိုတွေထဲမှာ ဆော့တဲ့သူက တမင်တကာ အရမ်းထုံအတဲ့ အမှားတွေလုပ်ပြပြီး ရှုံးပြတတ်တယ်။ အဲဒါကို ကြည့်နေတဲ့သူတွေက ‘ဒါလောက်လေးကို ငါဆိုရင် အလွယ်လေး နိုင်တာပေါ့’ ဆိုတဲ့ သာလွန်တဲ့ စိတ်ခံစားချက်မျိုး ရသွားပြီး အဲဒီဂိမ်းကို ဝင်ဆော့ကြတော့တာပဲ”
အားလုံးမှာ ထိုစကားကို ကြားသောအခါ မှင်တက်သွားကြသည်။ လီယန်က မယုံကြည်နိုင်သလို မေးလိုက်သည်။
“ဌာနမှူး ပြောချင်တာက ဆရာစူးချီက ဒီထုံအတဲ့ ကျောင်းသားနှစ်ယောက်ကို တမင်တကာ ရှာထားတာလို့ ဆိုလိုတာလား”
ကျန်းထောင်းက ခေါင်းညိတ်ပြလိုက်သည်။
“ဒါကို စိတ်ပညာအရ ‘မိမိကိုယ်ကို စွမ်းဆောင်နိုင်ရည် ယုံကြည်မှု’ နဲ့ ‘နှိုင်းယှဉ်ချက် သက်ရောက်မှု’ လို့ ခေါ်တယ်။”
“တခြားသူတွေရဲ့ ‘ရှုံးနိမ့်မှု’ ဒါမှမဟုတ် ‘နိမ့်ကျတဲ့ စွမ်းဆောင်ရည်’ ကို ချဲ့ကားပြခြင်းအားဖြင့် ကြည့်ရှုသူတွေရဲ့ စိတ်ထဲမှာ ဒီကျင့်စဉ်က ခက်ခဲလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို လျှော့ချပေးလိုက်တာပဲ။ အဲဒီအခါ ‘ငါဆိုရင် ဒါကို အလွယ်လေး ကျော်ဖြတ်နိုင်တယ်’ ဆိုတဲ့ အတွေးနဲ့ စမ်းသပ်ကြည့်ချင်စိတ်ကို ဖြစ်ပေါ်စေတာပေါ့။”
“မင်းတို့ကို ငါမေးမယ်။ ဒီနှစ်ယောက် အစွမ်းကုန် ထုံအပြနေတာကို မြင်ရတဲ့အခါ မင်းတို့ကိုယ်တိုင်ရော စမ်းကြည့်ချင်စိတ် မပေါက်ခဲ့ကြဘူးလား”
ရုပ်သံဌာနမှ လူများအားလုံး ဆွံ့အသွားကြသည်။ သူတို့အားလုံးမှာလည်း ထိုကဲ့သို့သော စိတ်ခံစားချက်မျိုး ဖြစ်ခဲ့ကြသည်ကို ဌာနမှူး ထောက်ပြမှပင် သတိထားမိကြတော့သည်။
ယခုအခါ လီယန်သည် ဌာနမှူး၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီ။ သူ့ကို အပြစ်တင်နေခြင်း မဟုတ်ဘဲ ဆရာစူးချီ၏ သင်ကြားမှုကို ချီးကျူးနေခြင်း ဖြစ်သည်။
သို့သော်... ဤဗီဒီယိုကို ကြည့်ရုံနှင့် ‘ကောင်းကောင်းသင်နိုင်သည်’ ဟု ဘယ်လို ပြောနိုင်မည်နည်း။
“ဌာနမှူး၊ ဒါဆို ဒီသင်ကြားမှုပုံစံက အားလုံးရဲ့ သင်ယူချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုလိုတာလား။ ဒါပေမဲ့ ဆရာစူးချီက ဘာလို့ အဲဒီလို လုပ်ရတာလဲ”
ကျန်းထောင်းက အသာအယာ ပြုံးလိုက်သည်။
“အကြောင်းကတော့... ဒီကျင့်စဉ်ကို ဒီလိုနည်းနဲ့ပဲ သင်လို့ရမှာမို့လို့ပေါ့။”
အားလုံး ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ဌာနမှူး ကျန်းထောင်းက ဆက်ပြောသည်။
“ဒီဆရာ သင်နေတဲ့အချိန်မှာ ကျွန်တော်လည်း လိုက်ပြီး ကျင့်ကြည့်နေတာ။ အခု ကျွန်တော် တတ်သွားပြီ။ မင်းတို့ နားမလည်ရင် ဒီမှာတင် လက်တွေ့ စမ်းကြည့်လိုက်ရအောင်။”
“ဒါရိုက်တာ ရှောင်... ကျွန်တော်နဲ့ တစ်ကွက်လောက် စမ်းကြည့်ချင်လား”
ဒါရိုက်တာ ရှောင် (ရှောင်ကျင်း) သည် အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ကြည့်ရသည်မှာ ထက်မြက်ဖျတ်လတ်ပုံရသည်။ သူ၏ ကျင့်ကြံမှုမှာလည်း ဌာနမှူးကျန်းထောင်းကဲ့သို့ပင် အဆင့် (၃) ဖြစ်သည်။
သူသည် သိုင်းမိသားစုမှ ဆင်းသက်လာသူဖြစ်၍ တိုက်ခိုက်ရေးစွမ်းအားမှာ ဌာနမှူးထက် သာလွန်သည်။ ပုံမှန်အားဖြင့် ဌာနမှူးက သူ့ကို ခေါ်၍ သိုင်းစမ်းလေ့ရှိပြီး၊ သူသည်လည်း ဌာနမှူး ကျေနပ်အောင် သူ၏စွမ်းအားကို ထိန်းညှိပြီး ရှုံးပေးတတ်သဖြင့် ကျန်းထောင်း၏ ယုံကြည်မှုကို ရရှိထားသူ ဖြစ်သည်။
ထို့ကြောင့် ရှောင်ကျင်းသည် မငြင်းဆန်ဘဲ ရှောင်မိသားစု၏ လက်သီးသိုင်းဖြင့် စမ်းသပ်တိုက်ခိုက်လိုက်သည်။ သို့သော် သူ မထင်မှတ်ထားသည်မှာ ကျန်းထောင်းက သူ၏ လက်သီးကို ရှောင်လိုက်ပြီး ရုတ်တရက် ပြန်လည် တိုက်ခိုက်လာခြင်းပင်။
ကျန်းထောင်း၏ ညာလက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လေထုပင် တုန်ခါသွားသည်။
‘ဒါ သံမဏိလက်သီးပဲ... ဌာနမှူးက ဘာလို့ အစကတည်းက ဒီလောက် ပြင်းထန်တဲ့ အကွက်ကို သုံးတာလဲ’
ရှောင်ကျင်းမှာ လန့်သွားပြီး အစွမ်းကုန် ပြန်လည် ခုခံလိုက်သည်။ သို့သော် ညာလက်ဝါးက ရောက်မလာသေးခင်မှာပင် ဌာနမှူး၏ ဘယ်လက်က ပေါ့ပါးနူးညံ့သော ပုံစံသို့ ပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်သည်။
‘ဒါ သစ်ရွက်ကြွေ တိမ်လွင့်လက်ဝါးလား’
‘ဒီသိုင်းနှစ်မျိုးက ဆန့်ကျင်ဘက် စတိုင်တွေပဲ၊ ဌာနမှူးက ဘယ်လိုလုပ် တစ်ပြိုင်တည်း သုံးနိုင်တာလဲ’
‘အဆင်ပြေပါတယ်၊ တစ်ဖက်ကို အာရုံစိုက်ရင် နောက်တစ်ဖက်က လျော့သွားမှာပဲ။ သံမဏိလက်သီးကလည်း သိပ်မပြင်းနိုင်သလို၊ တိမ်လွင့်လက်ဝါးကလည်း သိပ်မနူးညံ့နိုင်တော့ဘူး...’
ဤသို့ တွေးလိုက်မိစဉ်မှာပင် သစ်ရွက်ကြွေ တိမ်လွင့်လက်ဝါးမှာ လမ်းကြောင်းပြောင်းသွားပြီး သူ၏ အကာအကွယ်မရှိသော ခါးဆီသို့ ရောက်လာတော့သည်။ သူသည် အလန့်တကြားဖြင့် ညာလက်ကို ပြောင်းလဲခုခံလိုက်ချိန်တွင်မူ သံမဏိလက်သီး၏ ပြင်းထန်သော ရိုက်ချက်ကို သူ၏ ဘယ်လက်က တိုက်ရိုက် ခံလိုက်ရတော့သည်။
‘ဝုန်း...’ ရှောင်ကျင်း မြေကြီးပေါ်သို့ လဲကျသွားသည်။
သံမဏိလက်သီးမှာ လုံလောက်အောင် ပြင်းထန်ပြီး၊ တိမ်လွင့်လက်ဝါးမှာလည်း လုံလောက်အောင် နူးညံ့နေခဲ့သည်မှာ သက်သေပင်။
ဌာနမှူးက ဘယ်လိုလုပ်လိုက်တာလဲ။ အစည်းအဝေး တက်ရောက်လာသူအားလုံး မှင်တက်သွားကြတော့သည်။ သူတို့၏ စိတ်ထဲတွင် ‘ဒါဟာ ဘယ်လက် ညာလက် အတတ်လား’ ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။
အားလုံး အံ့ဩနေကြစဉ် ဌာနမှူးက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ကျွန်တော် ပြောနိုင်တာကတော့... ဒီအတန်းဟာ တကယ့်ကို အောင်မြင်တဲ့ အတန်းပဲ။”
“အဲဒီ သွေးသားစွမ်းအင် လည်ပတ်ပုံဇယားက တကယ့်ကို ပါရမီရှင်တစ်ယောက်ရဲ့ လက်ရာပဲ။ လူတွေကို စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေတယ်”
ကျန်းထောင်းက ခေတ္တရပ်လိုက်ပြီး သင်ကြားနေဆဲဖြစ်သော ဆရာစူးချီကို ကြည့်ကာ
“ဒီလူငယ်ရဲ့ စိတ်ဓာတ်က တကယ့်ကို လေးစားဖို့ ကောင်းတယ်။”
“ဒီသိုင်းပညာကို လူတွေ ပိုပြီး တတ်မြောက်စေဖို့အတွက် သူက ပါရမီ အညံ့ဆုံးကျောင်းသားတွေကို တမင်တကာ ရှာထားတာပဲ။”
“ဒီကျောင်းသားနှစ်ယောက်တောင် တတ်နိုင်တယ်ဆိုရင်၊ ကျန်တဲ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းကတော့ ဧကန်အမှန် အကျိုးရှိသွားမှာပေါ့။”
ဌာနမှူး၏ ခွဲခြမ်းစိတ်ဖြာချက်ကို ကြားရသောအခါ အားလုံး သဘောပေါက်သွားကြသည်။
ပထမအချက် ဆရာစူးသည် ထုံအအလက်ထောက်များကို တမင်ရှာထားသည်။ ၎င်းက ကျောင်းသားများ၏ ‘ငါလည်း လုပ်နိုင်တယ်’ ဆိုသည့် စိတ်ကို နှိုးဆွပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားအမြောက်အမြားသည် သင်တန်းတွင် လက်တွေ့ လိုက်ပါကျင့်ကြံကြပေလိမ့်မည်။
ဒုတိယအချက် ဆရာစူးသည် ထုံအအကျောင်းသားများကို တမင်ရှာထားခြင်းဖြင့် သင်ကြားချိန်ကို ဆွဲဆန့်လိုက်ခြင်း ဖြစ်သည်။ ၎င်းက လူတွေ ပိုမို တတ်မြောက်နိုင်စေရန် အချိန်ပေးလိုက်ခြင်းပင်။
ဒါဟာ တကယ့်ကို စေတနာအပြည့်နဲ့ လုပ်ဆောင်ခဲ့တာပဲ။ ပညာရေးလောကအတွက် စံပြပုဂ္ဂိုလ်ပဲ။
ဒီလို လုပ်ရပ်မျိုးကို သေချာ လူသိအောင် မလုပ်ပေးရင် သူတို့ရဲ့ ရာထူးနဲ့ မထိုက်တန်တော့ဘူး။ ဒါကို လူသိအောင် လုပ်ရုံတင်မကဘဲ၊ ဒီကျင့်စဉ်ကို သင်ယူပြီး ဘဝပြောင်းလဲသွားတဲ့ ဆင်းရဲသားကျောင်းသားတွေကိုပါ ရှာဖွေပြီး ဖော်ပြပေးရမည်။
ဤသို့တွေးမိသည်နှင့် ရုပ်သံဌာနရှိ လူအားလုံး၏ မျက်ဝန်းများ တောက်ပသွားတော့သည်။
…
တစ်ချိန်တည်းမှာပင်။
ကျောင်းအုပ်ကြီးရှန်သည် လိုက်ဖ်လွှင့်ဗီဒီယိုကို စိုက်ကြည့်နေသည်။
မွန်းလွဲ ၁ နာရီခွဲ ရှိပြီဖြစ်သော်လည်း ဆရာစူးချီ၏ သင်ကြားမှုမှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ ထုံအအ လက်ထောက်နှစ်ယောက်မှာ တတ်သလိုလိုနှင့် မတတ်သလိုလို ဖြစ်နေဆဲပင်။ အကြောင်းမှာ သူတို့နှစ်ယောက်လုံးသည် သိုင်းကွက်တစ်ခုတည်းကိုသာ သိကြပြီး လက်နှစ်ဖက်ဖြင့် မတူညီသော သိုင်းကွက်များကို မပြသနိုင်ကြသေးသောကြောင့် ဖြစ်သည်။
ဤအခြေအနေက ကျောင်းအုပ်ကြီးရှန်ကို အလွန်ပင် ပျော်ရွှင်စေသည်။ မှတ်ချက်ကဏ္ဍတွင် ပေါက်ကွဲနေသော “ဝေဖန်သံများ” နှင့် “ပိုက်ဆံပြန်တောင်းသံများ” ကို ကြည့်ရင်း ရှန်ကျစ်ရှား သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်မိသည်။
ယခင်က ဆရာစူးချီ၏ သင်ကြားမှုတွင် တစ်ခုခု လွဲချော်သွားမည်ကို သူမ စိုးရိမ်ခဲ့သည်။ အခုတော့ ဘာမှ စိုးရိမ်စရာ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အစကတည်းက သင်ကြားရေးအစီအစဉ်အတိုင်း မလုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။
“ပြီးပြည့်စုံသွားပြီ”
“ဟူး... ကျောင်းအုပ်ကြီးရှန် တစ်ယောက် အလုပ်ဆင်းပြီး ကျောင်းသားတွေ ကျောင်းထွက်မယ့်အချိန်ကိုပဲ ထိုင်စောင့်နေဖို့ပဲ ရှိတော့တယ်။”