အခန်း ၁၉-၂၀
Vol. 2 Ch. 19-20
အခန်း (၁၉) - အရှိန်အဟုန်က ပေါက်ကွဲထွက်သွားပြီ
“ဝဋ်ကြွေးပါပဲလားရှင်”
မိနစ်အတော်ကြာအောင် ရှန်ကျစ်ရှားတစ်ယောက် ကြောင်အမ်းအမ်းကြီး ဖြစ်နေမိသည်။ ရင်ဘတ်ထဲတွင် မွန်းကျပ်နေသည့် ဒေါသအရှိန်များ လျော့ကျသွားတော့မှ ၃၆-အက်ဖ်အရွယ်အစားအထိ ဖောင်းကားနေသော သူမ၏ ရင်အစုံမှာ အီး-ကပ်ပ် အဆင့်သို့ ပြန်လည်ကျဆင်းသွားတော့သည်။
သူမသည် သက်ပြင်းကို ခပ်ဖွဖွချရင်း ရေတစ်ငုံ သောက်လိုက်သည်။ လက်မလျှော့ချင်သေးသော ကျောင်းအုပ်ကြီး ရှန်သည် စနစ်ပန်နယ် ကို တစ်ဖက်က ပြန်ဖွင့်ကြည့်နေမိသည်။
‘ဒင် သင်တန်းသား ၅ ဦးက နုတ်ထွက်ခွင့် လျှောက်ထားမှုကို ပြန်လည်ပယ်ဖျက်လိုက်ပါပြီ။’
‘ဒင် သင်တန်းသား ၁ ဦးက နုတ်ထွက်ခွင့် လျှောက်ထားမှုကို ပြန်လည်ပယ်ဖျက်လိုက်ပါပြီ။’
‘လက်ရှိ သင်တန်းနုတ်ထွက်ရန် လျှောက်ထားသူ - ၁,၀၁၈ ဦး’
စနစ်ပေါ်ရှိ ကိန်းဂဏန်းများကို မြင်လိုက်ရသောအခါ သူမ သတိပြန်ဝင်လာသည်။
“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ ငါ့မှာ အခွင့်အရေး ရှိသေးတယ်။”
လက်ရှိအချိန်တွင် သင်တန်းကြေး ပြန်အမ်းရန် လျှောက်ထားသူ တစ်ထောင်ကျော် ကျန်သေးသည် မဟုတ်ပါလော။
ဤအရေအတွက်က ရှန်ကျစ်ရှား၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်ကို တစ်ဖက်က ပြန်လည်တောက်ပလာစေသည်။ တစ်ခါတစ်ရံမှသာ အလုပ်လုပ်တတ်သော သူမ၏ ဦးနှောက်လေးမှာ အပြင်းအထန် စတင်တွက်ချက်တော့သည်။
“အစည်းအဝေးက ၉ နာရီခွဲမှာ စတာ၊ အခု ၁၀ နာရီပဲ ရှိသေးတယ်။ ဆိုလိုတာက မိနစ် ၃၀ အတွင်းမှာ ၆ ယောက်ပဲ လျှောက်လွှာ ပြန်ရုပ်သိမ်းတာပေါ့။”
“မနေ့က သင်တန်းက နေ့လယ် ၁ နာရီမှာ ပြီးတာဆိုတော့ အဲဒီအချိန်က သင်တန်းထွက်တဲ့သူ အများဆုံးပဲ။ ဒီနေ့ ၁ နာရီ ထိုးဖို့က ၃ နာရီတောင် လိုသေးတာပဲလေ။”
“နာရီဝက်မှာ ၆ ယောက်နှုန်းနဲ့ဆိုရင် ၃ နာရီအတွင်းမှာမှ ၃၆ ယောက်ပဲ နုတ်ထွက်ခွင့် ပြန်ဖျက်မှာပေါ့။ ဟုတ်တာပေါ့”
ထိုသို့ တွေးလိုက်မိသည်နှင့် ရှန်ကျစ်ရှားသည် ယုံကြည်မှုများ ပြန်လည်ရရှိလာကာ သူမ၏ ကျောပြင်ကို ပြန်လည်ဆန့်တန်းလိုက်ရာ ဆွဲဆောင်မှုရှိသော ကိုယ်ဟန်မှာ ပြန်လည်ပေါ်လွင်လာတော့သည်။
“မှန်တယ် လူအနည်းအကျဉ်းလောက် နုတ်ထွက်ခွင့် ပြန်ဖျက်တာကတော့ ငါ့အတွက် အရှုံးမရှိပါဘူး။”
“ပြီးတော့ ဒီသတင်းဆိုတာကလည်း ကျွမ်းကျင်သူတွေ ပြောတဲ့စကားပဲလေ။ ဒီကျွမ်းကျင်သူတွေဆိုတာက တမင်တကာ ပုံကြီးချဲ့တတ်ကြတာ။ ဒီလောက် အသုံးမကျတဲ့ သင်တန်းကိုတောင် စေတနာပါတယ် ဘာညာနဲ့ လျှောက်ပြောနေကြတာ။”
“ကျွမ်းကျင်သူတွေ စကားကို ဘယ်သူက ယုံမှာလဲ။ တကယ်တော့ အင်တာနက်သုံးစွဲသူ အများစုက ဦးနှောက်ရှိကြပါတယ်။ သူတို့စကားကို အလွယ်တကူ ယုံမှာမဟုတ်ဘူး။”
“နာမည်ကြီးတွေသာ ဝင်မပြောသရွေ့တော့ သင်တန်းနုတ်ထွက်မယ့်သူတွေက သူတို့စိတ်ကူးကို ပြောင်းမှာမဟုတ်ပါဘူး”
ဒါက အွန်လိုင်းပေါ်က သတင်းထူးတွေရဲ့ သဘာဝပဲလေ။ မီဒီယာတွေက အလုံးအရင်းနဲ့ အာရုံမစိုက်သရွေ့တော့ ဒီကိစ္စက အရှိန်တက်လာမှာ မဟုတ်ဘူး။ ကျောင်းအုပ်ကြီး ရှန်က အပျော်အပါးမက်သူ ဖြစ်သော်လည်း လူမှုဆက်ဆံရေး နယ်ပယ်၏ အခြေခံသဘောတရားကိုမူ နားလည်ထားသည်။
“အင်း”
“ငါက အမြဲတမ်း ကံဆိုးနေမှာ မဟုတ်ပါဘူး။ ရင်ဘတ်ကြီးတဲ့ မိန်းကလေးတွေက ကံသိပ်မဆိုးတတ်ကြဘူးလေ”
မိမိကိုယ်မိမိ အားပေးစကား ပြောပြီးနောက်တွင်လည်း စိတ်မချနိုင်သေးသဖြင့် ကျောင်းအုပ်ကြီး ရှန်သည် ကောင်းကင်ဘုံသို့ စတင်ဆုတောင်းတော့သည်။
“ဆန်းချင်းဆရာကြီး၊ မြတ်စွာဘုရား၊ အရှင်ထာဝရဘုရား... ဘယ်သူပဲဖြစ်ဖြစ် ကယ်ကြပါဦး။ ဆရာစူးချီ တစ်သက်လုံး ပန်းသေပန်းညှိုး ဖြစ်သွားပါစေလို့ပဲ ကျိန်စာတိုက်ပြီး လောင်းကြေးထပ်ပါ့မယ်... နောက်ထပ် ပြဿနာတွေ ထပ်မတက်ပါစေနဲ့တော့။”
သို့သော် သူမ၏ ဆုတောင်းက မဖြောင့်မတ်၍ ဖြစ်ပေလိမ့်မည်။ ခဏအကြာတွင် ကျောင်းအုပ်ကြီး ရှန်သည် နောက်ထပ် သတင်းတစ်ပုဒ်ကို မြင်လိုက်ရပြန်သည်။
“လက်နှစ်ဖက်သုံး အတတ်ပညာတစ်စုံက သာမန်လူတန်းစားတို့၏ ကံကြမ္မာကို ပြောင်းလဲစေခဲ့ပြီ”
ကြည့်ရှုသူ - ၁၂,၀၀၀ ဦး
မဖြစ်နိုင်တာ နောက်တစ်ပုဒ် ထပ်တက်လာပြန်ပြီလား။
ရင်ခုန်သံများ မြန်လာကာ သတင်းကို နှိပ်ကြည့်လိုက်သောအခါ သူမကို အံကြိတ်မိစေသည့် နာမည်တစ်ခုကို တွေ့လိုက်ရသည်။ ‘လီယန်’ တဲ့။ ဟုတ်ပါသည်။ ဤသတင်းထောက်သည် ‘ဖားခုန်ကျင့်စဉ်’ တုန်းကလည်း သတင်းများ ဖြန့်ဝေခဲ့သဖြင့် သူမကို အဆင့် (၈) သို့ မရောက်အောင် တားဆီးခဲ့သူ ဖြစ်သည်။ ဤသည်မှာ ကျင့်ကြံခြင်းလမ်းစဉ်ကို ပိတ်ပင်သည့် ရန်ငြိုးပင် မဟုတ်ပါလော။
သတင်းကို ဆက်ဖတ်နေစဉ်အတွင်း ကြည့်ရှုသူဦးရေမှာ ၂၀,၀၀၀ အထိ တက်သွားသည်ကို မြင်လိုက်ရပြီး ရှန်ကျစ်ရှားတစ်ယောက် ထိတ်လန့်သွားတော့သည်။
“ဟူး... ဒါက လွန်လွန်းတယ်။ ပျံ့နှံ့နှုန်းက မြန်လွန်းနေတာပဲ”
သူမသည် တုန်လှုပ်ချောက်ချားစွာဖြင့် ဆောင်းပါးကို ဆက်ဖတ်လိုက်သည်။
“ဂုဏ်ပြုမှတ်တမ်းလွှာတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးအကြောင်းလား? ဒါက သတင်းအဟောင်းပဲလေ၊ အဲဒီတုန်းက လူတွေအများကြီးကတောင် သူမကို လှောင်ပြောင်ခဲ့ကြသေးတာ။”
“အဲဒီတုန်းက အင်တာနက်သုံးစွဲသူတွေ ပြောကြတာက အဖြူစင်ဆုံး အသက်အရွယ်မှာ အဖြူစင်ဆုံးသော ဆင်းရဲချမ်းသာ ကွာခြားမှုကို မြင်လိုက်ရတယ် ဆိုတာပဲ။”
ထိုသတင်းကို မြင်လိုက်ရသောအခါ ရှန်ကျစ်ရှားသည် ဇဝေဇဝါ ဖြစ်နေမိသည်။ ဤသည်မှာ သတင်းဟောင်းတစ်ခုပင်။ ထိုမိန်းကလေးမှာ အမှန်တကယ် သနားစရာကောင်းလှသည်။
ငယ်စဉ်ကတည်းက မိဘများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ သူမ၏ အဘွားဖြစ်သူက မြေကွက်လပ်လေးတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးကာ သူမကို ကျွေးမွေးပြုစုခဲ့ရသည်။ အဘွားဖြစ်သူမှာ ဆယ်ဂဏန်းအထိပင် မရေတွက်နိုင်ရှာဘဲ ကြက်ကလေးများ ပျောက်သွားမှသာ သိရှာသူ ဖြစ်သည်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ဂုဏ်ပြုမှတ်တမ်းလွှာများစွာ ရရှိခဲ့သည်မှာ သူမ၏ ထူးချွန်သော ပါရမီကို ပြသနေခြင်း ဖြစ်သည်။ သို့သော်လည်း... သူမ၏ ဆယ်နှစ်တာ ကြိုးစားအားထုတ်မှုသည် မျိုးရိုးကြီး မိသားစုများ၏ မျိုးဆက်ပေါင်းများစွာ စုဆောင်းထားသော အရှိန်အဝါကို ကျော်လွန်နိုင်ပါ့မည်လော။
ထို့အပြင် မျိုးရိုးကြီး မိသားစုများသည် အစွမ်းထက်သော ကျင့်စဉ်များနှင့် ဆရာကောင်းများကို လက်ဝါးကြီးအုပ်ထားကြသည်။ ကံကြမ္မာကို ပြောင်းလဲဖို့ ဆိုတာက လွယ်ပါ့မလား။
ချမ်းသာသူများသည် မျိုးဆက်နှင့်ချီ၍ စုဆောင်းထားသော ငွေကြေးများကို ပုံအောကာ ကောင်းမွန်သော ကျင့်စဉ်များကို ရယူကြသည်။ အခြားသော ပါရမီရှင်ဟု ဆိုသူများမှာမူ မျိုးရိုးကြီး မိသားစုများအတွက် ကျွဲလို နွားလို အစေခံနေကြရရုံသာ ရှိသည်။
“ဟူး... ကံကြမ္မာကို ပြောင်းလဲဖို့ ဆိုတာက ဒီလောက် လွယ်ပါ့မလား။”
ရှန်ကျစ်ရှားသည် တစ်ကိုယ်တည်း ရေရွတ်ရင်း သတင်းကို ဆက်ဖတ်လိုက်သည်။ ဆောင်းပါး၏ ကျန်ရှိသော အပိုင်းမှာ ထိုမိန်းကလေးသည် ‘ဖားခုန်ကျင့်စဉ်’ မှတစ်ဆင့် ‘ရှင်းဟန်’ ကျောင်းနှင့် ဆရာစူးချီအကြောင်း သိရှိသွားပုံ ဖြစ်သည်။ ထို့နောက် သူမ စုဆောင်းထားသည့် ငွေကြေးအနည်းငယ်ထဲမှ ယွမ် ၂၀၀ ကို ခက်ခက်ခဲခဲ ဖဲ့ထုတ်ကာ သင်တန်းအပ်နှံခဲ့သည်။
ထို့နောက် သူမသည် ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ကို လေ့ကျင့်ခဲ့ရာ သူမ၏ ခွန်အားမှာ နှစ်ဆတိုးလာခဲ့သည်။ နောက်ဆုံးတွင် သတင်းထောက် လီယန် ကိုယ်တိုင် သူမ၏ ခွန်အားကို စမ်းသပ်ကြည့်ရာတွင် “လက်နှစ်ဖက်က လက်လေးဖက်ကို မယှဉ်နိုင်” ဆိုသည့် ခံစားချက်မျိုး ရရှိခဲ့သည်ဟု ဆိုသည်။
ဤသည်ကို မြင်လိုက်ရသောအခါ ရှန်ကျစ်ရှားသည် မျက်နှာသေဖြင့် သတင်းစာမျက်နှာကို ပိတ်လိုက်သည်။
“ဘာတွေလဲ သတင်းကပဲ လိမ်နေတာလား၊ ဒါမှမဟုတ် ငါ ရှန်ကျစ်ရှားကပဲ မျက်စိကန်းပြီး ရတနာကို အမှိုက်လို့ ထင်နေမိတာလား။”
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီမိန်းကလေးမှာ ပါရမီရှိလို့ လျှောက်ကျင့်ရင်းနဲ့ တစ်ခုခု ဖြစ်သွားတာ နေမှာပါ။”
“အင်း သတင်းထောက်ကပဲ လျှော့ပေးပြီး မြှောက်ပင့်ရေးထားတာလည်း ဖြစ်နိုင်ပါတယ်။ သူ့အထက်လူကြီးကလည်း ဒီအတတ်ပညာကို ချီးကျူးထားတာဆိုတော့ အထက်လူကြီး စိတ်ကျေနပ်အောင် သတင်းအမှား လုပ်ကြံရေးတာ ဖြစ်မှာပါ... ဟုတ်တယ် ဒါကို ထည့်တွက်လို့ မရဘူး။”
ဤအချိန်အထိပင် ရှန်ကျစ်ရှားသည် နောက်ဆုံးလက်ကျန် မျှော်လင့်ချက်လေးကို ဖက်တွယ်ကာ လက်မလျှော့နိုင်သေးပေ။ သို့သော်လည်း ကြည့်ရှုသူ တစ်သိန်းကျော်ရှိသည့် နောက်ထပ် သတင်းတစ်ပုဒ်က တက်လာပြန်သည်။
“စာမေးပွဲကျပြီး ကျောင်းပြန်တက်နေသူ လူငယ်က ဘွဲ့ရလူရမ်းကားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့၊ လက်နှစ်ဖက်သုံး အတတ်ပညာက သူ့ခွန်အားကို ဘယ်လို မြှင့်တင်ပေးခဲ့သလဲ။”
ဤသတင်းတွင် ဗီဒီယိုမှတ်တမ်း အစစ်အမှန်ပါ ပါဝင်သည်။ ဗီဒီယိုထဲတွင် ကျောင်းသားတစ်ဦးက လူရမ်းကားတစ်ဦးကို ချုပ်နှောင်ထားသည်ကို တွေ့ရသည်။ အကယ်၍ ဤဗီဒီယိုတွင် နောက်ခံစကားပြောသာ မပါလျှင် ရှန်ကျစ်ရှားအနေဖြင့် ရဲရင့်သော ကျောင်းသားတစ်ဦး၏ လုပ်ရပ်ဟုသာ ထင်မိမည် ဖြစ်သည်။ သို့သော် နောက်ခံစကားပြောက ဤဗီဒီယိုကို မီးလောင်ရာ လေပင့်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
“ဒါဟာ သမိုင်းတစ်လျှောက် အပြည့်စုံဆုံးသော တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာပါပဲ။”
“ယွီတုန်းချင်းဟာ စာမေးပွဲကျခဲ့လို့ ကျောင်းပြန်တက်နေရသူပါ။ သူဟာ သူ့ရဲ့ အနာဂတ်အတွက် လမ်းပျောက်ပြီး စိတ်ဓာတ်ကျနေခဲ့သူ ဖြစ်ပါတယ်။”
“ရထားပေါ်မှာ သူဟာ လူရမ်းကားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲဒီလူဟာ သွေးလေအင်အား ၂၅၀ နီးပါး ရှိတဲ့သူပါ။”
“ဒါပေမဲ့ လူငယ်ဆိုတာ သတ္တိရှိရမယ် မဟုတ်လား။”
“စာမေးပွဲအတွက် သုံးနှစ်လုံးလုံး ကြောက်ရွံ့ခဲ့ရတယ်၊ အခက်အခဲတွေ အများကြီးကို အံတုခဲ့ရတယ်၊ ကိုယ်ခံပညာတွေ အများကြီး လေ့ကျင့်ခဲ့ရတယ်။ အခုလို လူဆိုးနဲ့တွေ့ချိန်မှာ လူငယ်တစ်ယောက်အနေနဲ့ နောက်ဆုတ်နေရဦးမှာလား”
“သွေးလေအင်အား ၁၈၀ ပဲ ရှိပေမဲ့ သူဟာ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ခဲ့ပါတယ်။”
“အဲဒီအချိန်မှာ သူ အကြိမ်ကြိမ် လေ့ကျင့်ခဲ့တဲ့ ပညာရပ်တွေကို သူ့ရဲ့ ဘယ်ညာလက်နှစ်ဖက်ကနေ တစ်ပြိုင်နက်တည်း ထုတ်ဖော်ခဲ့ပါတယ်။”
“ဒါဟာ သူ အခုလေးတင် သင်ယူထားတဲ့ ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ပါပဲ”
“ဒါကြောင့် စာမေးပွဲကျနေတဲ့ ကျောင်းသားတစ်ယောက်ဟာ အသစ်စက်စက် သင်ယူထားတဲ့ ပညာရပ်နဲ့ သတ္တိကို အရင်းခံပြီး ဘွဲ့ရပညာတတ်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။”
“ဒီရလဒ်ဟာ ရိုးရာကိုယ်ခံပညာ ပညာရေးစနစ်ကို အကြီးအကျယ် ရိုက်ခတ်သွားစေခဲ့ပါပြီ။”
“စာမေးပွဲရမှတ်ဆိုတာ ဘဝရဲ့ အပိုင်းအစတစ်ခုမျှသာ ဖြစ်ပြီး၊ သတ္တိရှိရှိနဲ့ လက်မလျှော့ဘဲ ကြိုးစားခြင်းကသာ အပြည့်စုံဆုံးသော အဖြေလွှာ ဖြစ်ပါတယ်။”
တက္ကသိုလ်ဝင်စာမေးပွဲ၊ ကျောင်းပြန်တက်ခြင်း၊ လူဆိုးကို ရဲရဲဝံ့ဝံ့ ဖမ်းဆီးခြင်း၊ ရိုးရာပညာရေးစနစ်ကို ဝေဖန်ခြင်းနှင့် ‘လက်နှစ်ဖက်သုံး အတတ်ပညာ’။
ဤအချက်များအားလုံး ပေါင်းစပ်သွားသောအခါ ဗီဒီယိုမှာ အကြီးအကျယ် ပျံ့နှံ့သွားတော့သည်။ ယခင်က ဆရာစူးချီကို ဝေဖန်ခဲ့ကြသော မီဒီယာသမားများမှာလည်း ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ဘက်သို့ ပြန်လည်လှည့်လာကြသည်။
ထို့နောက် သတင်းများ ပိုမိုထွက်ပေါ်လာသည်။ တောင်ပေါ်ဒေသမှ စေတနာ့ဝန်ထမ်း ဆရာမလေးတစ်ဦးကလည်း “ဆရာစူးချီရဲ့ အရင်ကျင့်စဉ်က ပါရမီရှိတဲ့ ကလေးအချို့အတွက် မျှော်လင့်ချက်ပေးခဲ့သလို၊ အခု ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ကတော့ သင်ယူချင်စိတ်ရှိတဲ့ ကလေးတိုင်းအတွက် မျှော်လင့်ချက်ပါပဲ” ဟု ပြောလာသည်။
မိသားစုမှ စွန့်ပစ်ခံထားရသော မျိုးရိုးကြီးမိသားစုဝင် တစ်ဦးကလည်း “ဒီပညာရပ်ဟာ တတိယအဆင့်အောက်မှာဆိုရင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ပညာရပ်တွေထက် မနိမ့်ပါဘူး။ ဆရာစုဟာ တကယ်ကို စေတနာထားတဲ့သူပါ” ဟု မှတ်ချက်ပေးခဲ့သည်။
အတိုချုပ်ပြောရလျှင် ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ သည် တောမီးကဲ့သို့ ပျံ့နှံ့ကျော်ကြားသွားလေပြီ။
သာမန်ပါရမီသာရှိသော ကျောင်းသားများသည် ဤကျင့်စဉ်၏ တကယ့်အကျိုးကျေးဇူးကို ခံစားကြရသည်။ သင်တန်းသားအသစ်များစွာ ‘ရှင်းဟန်’ ကျောင်းသို့ အလုံးအရင်းနှင့် ရောက်ရှိလာကြပြီး၊ ယခင်က နုတ်ထွက်ရန် လျှောက်ထားသူများမှာလည်း လျှောက်လွှာများကို ပြန်လည်ရုပ်သိမ်းကာ ကြိုးစားပမ်းစား သင်ယူကြတော့သည်။
ဤအချက်အလက် အပြောင်းအလဲများကြောင့် ကျောင်းအုပ်ကြီး ရှန်၏ နှလုံးသားမှာမူ... ကြိုးမပါပဲ ခုန်ချလိုက်ရသကဲ့သို့ ဟာခနဲ ဖြစ်သွားတော့သည်။
အခန်း (၂၀) - ပန်းတိုင်အသစ်များ
‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ၏ ရေပန်းစားမှုသည် တရှိန်ထိုး ပေါက်ကွဲထွက်သွားသည်နှင့်အမျှ အခြေအနေကို ရိပ်မိသွားကြသော မီဒီယာသမားများသည်လည်း ချက်ချင်းဆိုသလို အစည်းအဝေးများ ဖိတ်ခေါ်ကြတော့သည်။
ဗီဒီယိုတည်းဖြတ်သူများနှင့် စာသားရေးသားသူများသည်လည်း တစ်ယောက်ကိုတစ်ယောက် ပြန်လည်လက်ဆွဲနှုတ်ဆက်ကြပြီး ဗီဒီယိုအသစ်များ ဖန်တီးရန် စိတ်အားထက်သန်စွာ တိုင်ပင်ကြလေသည်။
ထိုသို့ ပြင်ဆင်နေကြစဉ်မှာပင် သူတို့သည် သင်တန်းနုတ်ထွက်ရန်နှင့် ငွေပြန်အမ်းရန် တင်ထားသော လျှောက်လွှာများကိုလည်း တစ်ပါတည်း ပယ်ဖျက်လိုက်ကြသည်။
ဤအခြေအနေသည် ကျောင်းအုပ်ကြီး ရှန်၏ စနစ်ပန်နယ်ပေါ်တွင်မူ ဒေတာအချက်အလက်များကို ထိုးဆင်းသွားစေတော့သည်။
‘သင်တန်းနုတ်ထွက်မှု ပြန်အမ်းစနစ်’
‘ဒင် သင်တန်းသား ၃၁ ဦးက နုတ်ထွက်ခွင့် လျှောက်ထားမှုကို ပယ်ဖျက်လိုက်ပါပြီ။’
‘ဒင် သင်တန်းသား ၅၃ ဦးက နုတ်ထွက်ခွင့် လျှောက်ထားမှုကို ပယ်ဖျက်လိုက်ပါပြီ။’
…
‘လက်ရှိ အပ်နှံထားသော သင်တန်းသား - ၅,၇၉၈ ဦး’
‘သင်တန်းသားအသစ် - ၂,၆၅၆ ဦး’
‘သင်တန်းနုတ်ထွက်ရန် လျှောက်ထားသူ - ၅၇၇ ဦး’
‘ခန့်မှန်းခြေ ပြန်ရမည့် သွေးလေအင်အား - ၇,၆၇၄,၁၀၀ မှတ်’
“သွားပါပြီ... သွားပါပြီအေ”
ကိန်းဂဏန်းတွေက တရိပ်ရိပ် ထိုးဆင်းနေသည်။ နာမည်ကြီးတယ်ဆိုတာက ဝမ်းသွားသလိုပါပဲလား။ ပုံမှန်ရက်တွေမှာ ဘာမှမရှိပေမဲ့ တစ်ခါလာပြီဆိုရင်တော့ တောင်ပြိုသလို တားမနိုင်ပါပဲ။
စောစောက နာရီဝက်မှာ ၆ ယောက်ပဲ နုတ်ထွက်ခွင့် ဖျက်တာလေ။ အခု နာရီဝက်အတွင်းမှာ ၅၇၇ ယောက်ပဲ ကျန်တော့တယ်ဆိုတာ ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။
အဲဒီလို အသုံးမကျတဲ့ ပညာရပ်ကို အဲဒီလိုပုံစံနဲ့ သင်နေတာတောင် ရှင်တို့က သင်ချင်နေကြတုန်းလား။ ငါပဲ ရူးနေတာလား၊ ဒါမှမဟုတ် တစ်ကမ္ဘာလုံးပဲ ရူးကုန်ကြပြီလား။
အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ကျောင်းအုပ်ကြီး ရှန်၏ နှလုံးသားမှာ လုံးဝ သေဆုံးသွားခဲ့ရလေပြီ။ နှလုံးခုန်စက်လည်း မကူနိုင်သလို အိုင်စီယူ လည်း မကယ်နိုင်တော့ပါ။ ပြန်လည်ရှင်သန်ခြင်း ကားစင်တိုင်နဲ့တောင် မရနိုင်တော့တဲ့ စိတ်ပျက်အားငယ်မှုမျိုးပင်။
အဘယ်ကြောင့်ဆိုသော် စနစ်ပန်နယ်ပေါ်ရှိ သင်တန်းနုတ်ထွက်လိုသူ အရေအတွက်သည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် ရှိပြီဖြစ်ရာ ၁ နာရီထိုးရန် မိနစ် ၂၀ သာ လိုတော့သည်။
‘လက်ရှိ အပ်နှံထားသော သင်တန်းသား - ၁၄,၉၅၁ ဦး’
‘သင်တန်းသားအသစ် - ၉,၀၅၃ ဦး’
‘သင်တန်းနုတ်ထွက်ရန် လျှောက်ထားသူ - ၀ ဦး’
‘ခန့်မှန်းခြေ ပြန်ရမည့် သွေးလေအင်အား - ၀ မှတ်’
သို့သော်လည်း အခြားတစ်ဖက်တွင်မူ ကျောင်း၏ အဆင့်သတ်မှတ်ချက်မှာ တဟုန်ထိုး တက်လာခဲ့သည်။
‘အိမ်ရှင်အဆင့် - တတိယအဆင့်’
‘လက်ရှိ ကျောင်းအဆင့်သတ်မှတ်ချက် - ၄၇၈,၉၁၄။ အဆင့်တက်ရန် ၆၈,၄၈၈ နေရာ လိုအပ်သည်။’
ခဏအတွင်းမှာပင် ကျောင်း၏အဆင့်မှာ နေရာပေါင်း ၁၅၀,၀၀၀ ကျော် တက်လှမ်းနိုင်ခဲ့သည်။ ဤနှုန်းအတိုင်းဆိုလျှင် ကျောင်းအုပ်ကြီး ရှန်သည် မကြာမီ စတုတ္ထအဆင့် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်လာတော့မည်။
လူသားမျိုးနွယ်၏ အမာခံအင်အားစုထဲတွင် ပါဝင်လာမည်ဖြစ်ပြီး ရှန်မိသားစုအတွင်း၌ပင် ထူးချွန်သော ကျင့်ကြံသူတစ်ဦးအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။
ဒါပေမဲ့... ရှန်ကျစ်ရှားကတော့ သူမ၏ရင်အစုံကို ထုရိုက်ရင်း မပျော်နိုင်ရှာပါ။ နဝမအဆင့်၊ တတိယနယ်ပယ်ကို ရောက်တော့မယ်လို့ မျှော်လင့်ထားကာမှ မျက်စိတစ်မှိတ်အတွင်းမှာ စတုတ္ထအဆင့်ပဲ ရတော့မယ်ဆိုတာ လူရိုးတွေကို နှိပ်စက်တာ မဟုတ်ပါလား။
…
ထိုအချိန်မှာပင်...
‘ရှင်းဟန်’ ကိုယ်ခံပညာသင်တန်းကျောင်း၊ အဓိပတိဆရာကြီး၏ ရုံးခန်းအတွင်း၌။
စူးချီသည် သူ၏ရုံးခန်းတွင် အွန်လိုင်းမှ သတင်းများကို စိတ်အေးလက်အေး ဖတ်ရှုနေလေသည်။ ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ၏ ရေပန်းစားမှုမှာ အကြီးအကျယ် ပေါက်ကွဲသွားခဲ့ပြီ။ ဤသည်မှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။
တိုတောင်းသော အချိန်အတွင်း တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော ပညာရပ်တစ်ခု ကျော်ကြားမလာလျှင်မှသာ ထူးဆန်းပေလိမ့်မည်။
သို့သော် စူးချီ မမျှော်လင့်ထားသည့် အချက်တစ်ခု ရှိသည်။ ထိုအမှားအယွင်းများလှသော သင်ခန်းစာက လူအများအပြားကို ဤပညာရပ်အပေါ် စိတ်ဝင်စားသွားစေခဲ့ခြင်းပင်။
အင်း... အကယ်၍ ထိုဘွဲ့လွန်လက်ထောက် နှစ်ယောက်သာ အဲဒီလောက်အထိ အသုံးမကျမပြခဲ့လျှင် သာမန်လူတန်းစားများအနေဖြင့် “ငါဆိုရင်တော့ ဒီထက်တော်အောင် လုပ်နိုင်တယ်” ဆိုသည့် အသာစီးရလိုစိတ်မျိုး ဖြစ်ပေါ်လာမည် မဟုတ်ပေ။
သူ၏ သာမန်သင်ကြားမှုသက်သက်ဖြင့်ဆိုလျှင် ဤမျှအကျိုးသက်ရောက်မှု ရှိချင်မှ ရှိလိမ့်မည်။ ရှိခဲ့လျှင်တောင် ရက်အတော်ကြာ အချိန်ယူရပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ စူးချီသည် ကျောင်းအုပ်ကြီး ရှန်ကို ရုတ်တရက် အသိအမှတ်ပြုလိုက်မိသည်။ ထိုလက်ထောက်နှစ်ယောက်ကို ကျောင်းအုပ်ကြီး ရှန်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်ပါလော။
“ကျောင်းအုပ်ကြီးကတော့ တကယ်ကို လူကဲခတ်တော်တာပဲ။”
“ပထမတော့ စနစ်ပိုင်ဆိုင်ထားတဲ့ ငါ့ကို ရှာတွေ့တယ်၊ ပြီးတော့မှ ဒီသင်ခန်းစာနဲ့ ကွက်တိကျတဲ့ လက်ထောက်တွေကို ထပ်ရှာပေးပြန်တယ်။”
စူးချီသည် ရှန်ကျစ်ရှား၏ အမြော်အမြင်ကို စိတ်ထဲမှ ချီးကျူးနေမိသည်။ ထိုစဉ် သူ၏ စနစ်ပန်နယ်မှာလည်း တဆက်တည်း မြည်ဟည်းနေတော့သည်။
‘ဒင် သင်တန်းသား ဖန်းယွမ် (ဒုတိယအဆင့်) သည် ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ကို သင်ယူပြီးမြောက်ခဲ့သည်။ ဆရာကောင်းရမှတ် +၅’
【ဒင် သင်တန်းသား ဟန်လီ (ပထမအဆင့်) သည် ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ကို သင်ယူပြီးမြောက်ခဲ့သည်။ ဆရာကောင်းရမှတ် +၁’
…
‘ဆရာကောင်းရမှတ် စုစုပေါင်း - ၁၂,၅၂၁ မှတ်’
‘သင်ကြားမှု ပြီးမြောက်မှုနှုန်း - ၁၁,၈၂၁ / ၃၀,၃၅၂’
‘သင်ကြားမှု အခြေချချိန် - ၅ ရက်၊ ၂၁ နာရီ လိုအပ်သည်။’
သင်ကြားမှုပြီးဆုံးရန် ၆ ရက်ခန့် လိုသေးသဖြင့် ရမှတ်များမှာ နောက်ထပ် တိုးလာဦးမည်ဖြစ်သည်။ ယခု ရရှိထားသော ဆရာကောင်းရမှတ်များဖြင့် သူ၏ သွေးလေအင်အားကို မြှင့်တင်ကာ အဆင့်တက်ရန် ဆုံးဖြတ်လိုက်သည်။
“ဆရာကောင်းရမှတ်ကို သွေးလေအင်အားအဖြစ် လဲလှယ်နှုန်း - ၂၀:၁။ လဲလှယ်မည်လား။”
“လက်ရှိ သွေးလေအင်အား - ၃၅၂ မှတ်။”
ဒုတိယအဆင့် သတ်မှတ်ချက်မှာ ၃၅၂ မှတ် ဖြစ်ပြီး တတိယအဆင့်အတွက်မူ ၇၀၀ မှတ် လိုအပ်သည်။ သူသည် နောက်ထပ် ၃၄၈ မှတ် လိုအပ်နေသေးသည်။
၂၀:၁ နှုန်းဖြင့် တွက်ချက်လျှင် ဆရာကောင်းရမှတ် ၆,၉၆၀ ခန့် လိုအပ်မည်ဖြစ်သည်။ စူးချီသည် တွန့်ဆုတ်မနေဘဲ လဲလှယ်လိုက်တော့သည်။
သွေးလေအင်အား ၇၀၀ မှတ်သို့ ရောက်ရှိသွားသည့် ခဏမှာပင် စူးချီသည် သူ၏ ဝမ်းတွင်းကလီစာများအတွင်း ထူးဆန်းသော ယားယံမှုကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ထဲတွင် ပိုးကောင်လေးများစွာ တွားသွားနေသကဲ့သို့ပင်။
“ဒုတိယအဆင့်ကနေ တတိယအဆင့်ကို တက်လှမ်းတာက ဝမ်းတွင်းကလီစာတွေကို သန့်စင်ကျစ်လျစ်စေတဲ့ လုပ်ငန်းစဉ်ပဲ။”
“သွေးလေအင်အားက ကလီစာတွေကို သန့်စင်ပေးပြီးရင် သက်တမ်းကို ရှည်စေတယ်လို့ ကြားဖူးတယ်။ ဘယ်လောက်ပဲ နေရခက်ပါစေ၊ ငါ အောင့်ထားရမယ်...”
သူသည် ဝေဒနာကို အောင့်ခံရင်း ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးလေအင်အားနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေမိသည်။
“ဒိတ်... ဒိတ်...”
ရုတ်တရက် သူ၏ နှလုံးခုန်သံကို သူ ပြန်ကြားနေရသည်။ ပို၍ပင် အားကောင်းလာသယောင် ရှိသည်။ သူ၏ အသက်ရှူသံမှာလည်း ပို၍ ပြင်းထန်လာကာ နောက်ဆုံးတွင် ရှည်လျားသော အသက်ရှူမှုကို ရရှိသွားတော့သည်။
ခဏအကြာတွင် ယားယံမှုများ ပျောက်ကွယ်သွားပြီး လန်းဆန်းမှုကို ခံစားလိုက်ရသည်။ “ကလီစာသန့်စင်ခြင်း” လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်သည်။ စူးချီသည် သူ၏ ဇီဝအင်အားများ ပိုမိုတက်ကြွလာသည်ကို ခံစားနေရသည်။
“တတိယအဆင့်ကို ရောက်ရင် သက်တမ်း ၂၀ နှစ် ပိုရှည်လာတယ်လို့ ကြားဖူးတယ်။ ငါသာ ဆက်ပြီး သင်ပြနေရင် ပိုပြီး သန်မာလာမယ်၊ ထာဝရအသက်ရှင်နိုင်တဲ့ နတ်ဘုရားကျင့်စဉ်တွေနဲ့တောင် လဲလှယ်နိုင်တဲ့ အခွင့်အရေး ရလာမှာပဲ။”
“ဒါကြောင့် အရေးကြီးဆုံးက ဆရာကောင်းရမှတ်တွေ ပိုရဖို့ပဲ။”
စူးချီသည် ကျန်ရှိသော ဆရာကောင်းရမှတ် ၅,၅၆၁ မှတ်ကို ကြည့်ရင်း နောက်ထပ် ဘာသင်ပေးရမလဲဟု စဉ်းစားနေမိသည်။ ဤမေးခွန်းမှာ နေ့လယ်စာ ဘာစားရမလဲဟု ဆုံးဖြတ်ရသကဲ့သို့ ခက်ခဲလှသည်။
သူသည် စနစ်ပန်နယ်ရှိ ကိန်းဂဏန်းများကို ပြန်ကြည့်သောအခါ ထူးခြားချက်တစ်ခုကို တွေ့လိုက်ရသည်။ ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ ကို လေ့ကျင့်သူ ၃၀,၀၀၀ ကျော်တွင် ၁၁,၈၀၀ ကျော်မှာ အောင်မြင်ခဲ့သည်။ အောင်မြင်မှုနှုန်း ၄၀ ရာခိုင်နှုန်းနီးပါး ရှိသည်။ ဤသည်မှာ ‘ဖားခုန်ကျင့်စဉ်’ ထက် များစွာ သာလွန်သည်။
“ဒီပညာရပ် နှစ်ခုကြားက ခြားနားချက်က ဘာလဲ။”
စူးချီ ချက်ချင်းပင် အဖြေရှာတွေ့သွားသည်။ တစ်ခုက ‘ပါရမီ’ အပေါ် အခြေခံပြီး၊ နောက်တစ်ခုကတော့ ‘လုံ့လဝီရိယ’ အပေါ် အခြေခံခြင်း ဖြစ်သည်။
ကိုယ်ခံပညာလောကတွင် ပါရမီရှင်ဆိုသည်မှာ အမြဲတမ်း လူနည်းစုသာဖြစ်ပြီး၊ လုံ့လဝီရိယနှင့် ကြိုးစားသူများမှာသာ လူအများစု ဖြစ်သည်။
ဆရာကောင်းရမှတ်များ ပိုရရန်အတွက် သူသည် ထိုလုံ့လဝီရိယရှိသော လူအများစုကို ဦးတည်ကာ သင့်တော်သော ပညာရပ်များကို သင်ကြားပေးရမည် ဖြစ်သည်။ အမှန်စင်စစ် ထို “လူအများစု” မှာ အခွင့်အရေးနည်းပါးသူများ ဖြစ်ကြသည်။
သတင်းထဲတွင် သာမန်လူတန်းစားများ တက်လမ်းရလာသည်ဟု ဖော်ပြထားသော်လည်း၊ အမှန်တကယ်တွင် သာမန်လူများအတွက် တက်လမ်းဆိုသည်မှာ အလွန်ကျဉ်းမြောင်းလှသည်။
ရှေ့က လွယ်ကူသောလမ်းတိုင်းကို လူကဲကောင်းများက ဦးထားကြပြီ မဟုတ်ပါလော။ ဤအခြေအနေတွင် စူးချီ၏ သင်ကြားမှုမှာ သာမန်လူများအတွက် ‘မရှိမဖြစ်’ လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
စူးချီသည် မိမိကိုယ်မိမိ ပြောလိုက်သည်။
“နောင်လာမယ့် သင်ခန်းစာတိုင်းမှာ သာမန်လူတွေ သင်ယူနိုင်တဲ့ အစွမ်းထက်တဲ့ ကိုယ်ခံပညာတွေနဲ့ နတ်ဘုရားကျင့်စဉ်တွေကိုပဲ ငါ သင်ပေးတော့မယ်။”
…
ထိုအချိန်မှာပင်...
မှော်မြို့တော်ရှိ ဝေးလံသော စံအိမ်ကြီးတစ်ခုအတွင်း၌။
ညာဘက်ပါးပြင်တွင် အမာရွတ်ပါရှိပြီး ဝတ်စုံနက် ဝတ်ဆင်ထားသော လူတစ်ဦးသည် စားပွဲပေါ်ရှိ ကိုယ်ခံပညာကျမ်းနှစ်စောင်ကို ခက်ထန်စွာ ကြည့်နေလေသည်။ ‘ဖားခုန်ကျင့်စဉ်’ နှင့် ‘လက်နှစ်ဖက်သုံး အတတ်ပညာ’ တို့ပင် ဖြစ်သည်။
“ဒီလောက် ကောင်းတဲ့ ပညာရပ်တွေကို သာမန်လူတွေကို အလကား သင်ပေးနေတယ် ဟုတ်လား ဒါဟာ ငါတို့ မျိုးရိုးကြီးမိသားစုတွေရဲ့ အုတ်မြစ်ကို လာတူးနေတာပဲ။”
“ရှန်မိသားစုက ဒီကိစ္စကို ဘယ်လို တုံ့ပြန်လဲ”
သူ၏ လက်အောက်ငယ်သားက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ဖြေသည်။
“ရှန်မိသားစုရဲ့ အိမ်စေစကားအရဆိုရင်တော့ ဒါတွေက တတိယအဆင့်အောက် ပညာရပ်တွေပဲမို့ သင်ပေးတာ ဘာမှမဖြစ်ဘူးလို့ သူတို့က ယူဆထားပါတယ်ခင်ဗျာ။”
“ဖြန်း” လူရမ်းကားက စားပွဲကို ဒေါသတကြီး ရိုက်လိုက်သည်။
ခဏအကြာတွင် သူက ညွှန်ကြားလိုက်သည်။
“သတင်းတစ်ခု လွှင့်လိုက်စမ်း... ‘အဆင့်မြင့်ကိုယ်ခံပညာတွေကို လူသိရှင်ကြား သင်ကြားပေးခြင်းဟာ လူငယ်တွေရဲ့ ကြိုးစားအားထုတ်လိုစိတ်ကို ပျက်ပြားစေတယ်’ ဆိုတာမျိုးပေါ့။”
“ပြီးတော့ သူတို့ကို သက်ကြီးတက္ကသိုလ်က အဘိုးကြီး အဘွားကြီးတွေကို သွားသင်ခိုင်းလိုက်။ အဲဒီက လူကြီးတွေက ခေါင်းမာကြတာ၊ သူတို့သာ ကောင်းကောင်း မသင်ပေးနိုင်ရင် အဲဒီလူကြီးတွေက သူတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။”