← Chapters

နှင်းဝံပုလွေများ၏ လက်တွေ့လေ့ကျင့်ရေးတိုက်ပွဲ၊ လင်းထျန်းလုံ၏ စွမ်းပကား (၂)

Vol. 19 Ch. 185

နှင်းဝံပုလွေများ၏ လက်တွေ့လေ့ကျင့်ရေးတိုက်ပွဲ၊ လင်းထျန်းလုံ၏ စွမ်းပကား (၂)

Vol. 19 Ch. 185

ရှောင်ယင်းက စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။ “ငါတို့နိုင်တော့မယ်၊ ငါတို့ နိုင်တော့မယ်”

ရှောင်လန်ကလည်း စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ပြလိုက်သော်ငြား အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါပေမယ့်... သူတို့ရဲ့ သေခါနီး တန်ပြန်တိုက်ခိုက်မှုတွေက အရမ်း အန္တရာယ်များနိုင်တယ်”

တကယ်တမ်း သေဆုံးရတော့မည့် အန္တရာယ်ကို ခံစားလိုက်ရသဖြင့် နဂါးနှစ်ကောင်လုံးသည် သူတို့၏ နောက်ဆုံး ရုန်းကန်မှုကို စတင်လိုက်ကြသည်။

ယင်းဖုန်း၏ လက်သည်းချက်က ထိတော့မည့်ဆဲဆဲတွင် ရေခဲနဂါးစပါးအုံး၏ သေခါနီး တန်ပြန်တိုက်ခိုက်မှုက နောက်ဆုံးတွင် ရောက်ရှိလာသည်။

သူ၏ မျက်လုံးတစ်လုံးတည်းတွင် ရူးသွပ်မှုအရိပ်အယောင်တစ်ခု လျှပ်တစ်ပြတ် ပေါ်လာပြီး ကိုယ်ပေါ်ရှိ ရေခဲသလင်းကြေးခွံများအားလုံး ရုတ်တရက် ထောင်မတ်လာကာ မူလကပင် အလွန်နိမ့်ကျနေသော အပူချိန်မှာ နောက်တစ်ကြိမ် ထိုးကျသွားပြန်သည်။

“အားလုံး နောက်ဆုတ်” လင်းထျန်းလုံ၏ အသံက မိုးကြိုးပစ်သကဲ့သို့ နှင်းဝံပုလွေတိုင်း၏ အသိစိတ်ထဲတွင် ပေါက်ကွဲထွက်လာသည်။

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲနဂါးစပါးအုံး၏ ဧရာမခန္ဓာကိုယ်ကြီးက ရုတ်တရက် ဖောင်းကားလာပြီး အတွင်းပိုင်းမှ မျက်စိကျိန်းမတတ် အပြာရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။

ဘုန်းးးး။

အကြွင်းမဲ့ရေခဲတိုက်ကွက်သည် မိမိကိုယ်ကိုယ် ဖောက်ခွဲလိုက်သည့်ပုံစံဖြင့် အရပ်မျက်နှာအနှံ့ ရူးသွပ်စွာ ပြန့်နှံ့သွားသည်။

ဤသည်မှာ တိကျသော တိုက်ခိုက်မှုတစ်ခုမဟုတ်ဘဲ ဖျက်ဆီးခြင်းစွမ်းအင်များက ဦးတည်ချက်မရှိ ပေါက်ကွဲထွက်လာခြင်းပင်။

“နှင်းခဲအကာအကွယ်” မဟာနှင်းအစောင့်အရှောက်ခြောက်ဦးလုံး တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ရာ သူတို့၏ ရေခဲပြာရောင် အလင်းများ ပေါင်းစပ်သွားပြီး ထူထဲသော ရေခဲတံတိုင်းကြီးတစ်ခု မြေကြီးထဲမှ ချက်ချင်း မြင့်တက်လာကာ နှင်းဝံပုလွေအုပ်ကို ကာကွယ်ပေးလိုက်သည်။

သို့သော် ပထမ ဘုရင်အဆင့် အဆင့်မြင့် မိစ္ဆာတစ်ကောင်၏ သေခါနီးတိုက်ခိုက်မှုက အင်မတန် ကြောက်မက်ဖွယ်ကောင်းလေသည်။

အကြွင်းမဲ့ရေခဲလှိုင်း၏ ရိုက်ခတ်မှုအောက်တွင် ရေခဲတံတိုင်းမှာ ဝန်ပိနေသည့်အလား အက်ကွဲသံများ ထွက်ပေါ်လာပြီး သေးငယ်သော အက်ကွဲကြောင်းများ လျင်မြန်စွာ ပြန့်နှံ့လာသည်။

“မကောင်းတော့ဘူး” ရန့်မြဲ့၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ခု လျှပ်တစ်ပြတ် ပေါ်လာပြီး အကြွင်းမဲ့ရေခဲဝိညာဉ်ကို အပြည့်အဝ အသက်သွင်းကာ ဖြူဖျော့ဖျော့ ရေခဲမီးတောက်များဖြင့် သူ၏ရှေ့တွင် ဒုတိယ ကာကွယ်ရေးလိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

ထျန်းပင်းသည်လည်း ရှေ့တက်လာကာ အရှေ့ဆုံးမှ ပိတ်ဆို့လိုက်ပြီး သူ၏ ထာ၀ရဗာဂျရာခန္ဓာမှ ရွှေရောင်ရင့်ရင့် အလင်းများမှာ မျက်စိကျိန်းမတတ် တောက်ပနေလေသည်။

ဤအရေးကြီးသော အခိုက်အတန့်တွင် တိုက်ပွဲကို တည်ငြိမ်စွာ စောင့်ကြည့်နေသော လင်းထျန်းလုံသည် နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီဖြစ်သည်။

အကြွင်းမဲ့ရေခဲ၏ ဖျက်ဆီးခြင်းစွမ်းအင်များက ကာကွယ်ရေးလိုင်းကို ထိုးဖောက်တော့မည့် ဆဲဆဲတွင် လင်းထျန်းလုံ၏ ပုံရိပ်က စစ်မြေပြင် အလယ်ဗဟိုတွင် တစ္ဆေတစ်ကောင်ပမာ ပေါ်လာသည်။

သူသည် မည်သည့် ထူးဆန်းသောစွမ်းရည်မျှ အသုံးမပြုဘဲ သူ၏ လက်သည်းကိုသာ မြှောက်လိုက်သည်။

ငွေပြာမိုးကြိုးလက်သည်း။

သို့သော် ဤတစ်ကြိမ်တွင် လျှပ်စီးနှင့် ရေခဲများက အပြင်ဘက်သို့ ပေါက်ကွဲမထွက်သွားဘဲ သူ၏ လက်သည်းများကြားတွင် အသေးစား လေဝဲတစ်ခုအဖြစ် ဖွဲ့တည်သွားသည်။

ဝိညာဉ်ကို အေးခဲစေနိုင်သော ထိုအကြွင်းမဲ့ရေခဲစွမ်းအင်သည် ဤလေဝဲနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မြစ်များ ပင်လယ်ထဲသို့ စီးဝင်သွားသကဲ့သို့ လုံးဝ စုပ်ယူခံလိုက်ရသည်။

“ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ရေခဲနဂါးစပါးအုံး၏ မျက်လုံးတစ်လုံးတည်းတွင် လုံး၀ ထိတ်လန့်သွားသော အမူအရာတစ်ခု ပထမဆုံးအကြိမ် ပေါ်လာသည်။

မိမိ၏ အသက်ကို လောင်ကျွမ်းပြီး ထုတ်လွှတ်လိုက်သော နောက်ဆုံးတိုက်ကွက်က အားစိုက်စရာမလိုဘဲ ဤမျှအလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်လော။

လင်းထျန်းလုံ၏ လက်သည်းများကြားရှိ လေဝဲက ရုတ်တရက် ပြောင်းပြန်လည်ပတ်သွားသည်။

“မင်းကို ပြန်ပေးမယ်”

အဆုံးစွန်အထိ ဖိသိပ်ထားပြီး ငွေပြာရောင်မိုးကြိုးစွမ်းအားများ ရောနှောနေသော ရေခဲစွမ်းအင်သည်ဖြူမွဲမွဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လေကိုခွင်းသွားပြီး ရေခဲနဂါးစပါးအုံး၏ ခေါင်းကို တိကျစွာ ထိုးဖောက်သွားသည်။

တစ်ချိန်တည်းမှာပင် အသက်ရှိနေသကဲ့သို့ ရိုက်ခတ်မှုလှိုင်းတစ်ခုက လမ်းကြောင်းပြောင်းသွားပြီး နောက်ကွယ်မှ အခွင့်ကောင်းယူကာ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေသော ကြေးနီမြေအောက်မီးနဂါး၏ ရင်ဘတ်ကို ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။

“ဝေါင်းး”

အလွန်စူးရှသော နဂါးဟိန်းဟောက်သံ နှစ်ခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။

ရေခဲနဂါးစပါးအုံး၏ ဧရာမ ခန္ဓာကိုယ်ကြီးက ရပ်တန့်သွားပြီး သူ၏ မျက်လုံးထဲမှ အလင်းရောင်များ လျင်မြန်စွာ မှေးမှိန်သွားကာ ခေါင်းပေါ်ရှိ ရေခဲသလင်းကြေးခွံများမှာ တစ်လက်မချင်း အက်ကွဲသွားပြီးနောက် နောက်ဆုံးတွင် ဘုန်းခနဲ လဲကျသွားသည်။

အခြားတစ်ဖက်တွင် ကြေးနီမြေအောက်မီးနဂါးမှာ ရုန်းကန်နေဆဲဖြစ်သော်လည်း သူ၏ ရင်ဘတ်တွင် ပေါက်ထွက်သွားသော ဧရာမ အပေါက်ကြီးက သူ၏ နိဂုံးကို ထင်ဟက်ပြသနေချေပြီ။

စစ်မြေပြင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

လောင်ကျွမ်းထားသော မြေကြီးပေါ် တိုက်ခတ်နေသည့် လေအေးများနှင့် ကျောက်ဆောင်များပေါ်သို့ နဂါးသွေးများကျဆင်းနေသည့် “တောက်...တောက်” သံမှလွဲ၍ အားလုံးတိတ်ဆိတ်သွားလေသည်။

အေးဆေးတည်ငြိမ်ဆုံးဖြစ်သည့် ရန့်မြဲ့နှင့် အတက်ကြွဆုံး ထျန်းပင်းအပါအဝင် နှင်းဝံပုလွေအားလုံး မှင်သက်သွားကြသည်။

သူတို့၏ ဘုရင်မင်းမြတ်က စွမ်းအားကြီးမှန်း သိသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု ဘယ်သောအခါကမှ မတွေးထားခဲ့ဖူးချေ။

ပထမ ဘုရင်အဆင့် အဆင့်မြင့် နဂါးသားရဲနှစ်ကောင်၏ သေခါနီး တန်ပြန်တိုက်ခိုက်မှုများကို ဤမျှ လွယ်လွယ်ကူကူဖြင့် အဆုံးသတ်လိုက်နိုင်သည်လော။

“ဘာရပ်လုပ်နေကြတာလဲ” လင်းထျန်းလုံ၏ တည်ငြိမ်သော အသံက တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်သည်။ “စစ်မြေပြင်ကို ရှင်းကြ”

ဤအခိုက်အတန့်တွင် ဝံပုလွေအုပ်စုတစ်ခုလုံး အမှန်တကယ်ပင် စိတ်လှုပ်ရှား ဆူပွက်သွားသည်။

“အာဝူးး (ဘုရင်မင်းမြတ်ကြီး ဘုန်းတန်ခိုးအာဏာကြီးပါစေ၊ အသက်ရာကျော်ရှည်ပါစေ)”

ဘယ်သူစလိုက်မှန်း မသိသော်လည်း နားကွဲမတတ် ဝံပုလွေအူသံများက မြေရိုင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး နှင်းဝံပုလွေတိုင်း၏ မျက်လုံးများထဲတွင် ရူးသွပ်သော ကိုးကွယ်ယုံကြည်မှုများ တောက်လောင်နေသည်။

ထျန်းပင်းက မီးနဂါးဆီသို့ ပထမဆုံး ပြေးသွားသည်။

သားရဲကြီး လုံးဝ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သည်။ “အရမ်း စွမ်းတာပဲ ဘုရင်မင်းမြတ်ရဲ့ စောစောက အကွက်က...”

“ဒါက စွမ်းအင်အသုံးပြုမှု အခြေခံလေးပါပဲ” လင်းထျန်းလုံက သူ့ကို စကားဖြတ်ပြောလိုက်ပြီး သူ၏ အကြည့်က စစ်မြေပြင်တစ်ခုလုံးကို ဖြတ်သန်းသွားသည်။

“မှတ်ထား၊ ရန်သူရဲ့ သေခါနီး ရုန်းကန်မှုကို ဘယ်တော့မှ မကြောက်နဲ့၊ တည်တည်ငြိမ်ငြိမ်နဲ့ ခွဲခြမ်းစိတ်ဖြာ၊ အားနည်းချက်ကိုရှာပြီး သေစေလောက်တဲ့ တိုက်ကွက်တစ်ခုထုတ်လိုက်”

သူ၏ စကားလုံးများက နှင်းဝံပုလွေတိုင်း၏ ရင်ထဲသို့ ရေခဲရေဖြင့် လောင်းချလိုက်သည့်အလား သူတို့၏ စိတ်လှုပ်ရှားမှုများကို အေးစက်သွားစေပြီး ယခုလေးတင် ပြီးဆုံးသွားသော တိုက်ပွဲ၏ အားသာချက် အားနည်းချက်များကို လေးလေးနက်နက် ပြန်လည်သုံးသပ်လာစေသည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ ဤအခိုက်အတန့်မှသာ ထိတ်လန့်မှုမှ သတိပြန်ဝင်လာကြသည်။

“ဖေဖေ... အရမ်းမိုက်တာပဲ” ရှောင်ယင်းက တိုးတိုးလေး ပြောလိုက်ပြီး သူမ၏ လက်လေးဖြင့် လင်းထျန်းလုံ၏ အမွေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။

ရှောင်လန်ကမူ ဘာမှမပြောသော်လည်း သူမ၏ မျက်လုံးများထဲတွင် တောက်ပနေသော အလင်းများက ရင်ထဲမှ ထိတ်လန့်မှုကို ဖော်ပြနေလေသည်။

ထိုတိုက်ကွက်၏ အရေးပါမှုကို ရှောင်ယင်းထက် သူမ ပို၍နားလည်သည်။

၎င်းမှာ ခွန်အားအသုံးပြုကာ ဖျက်ဆီးလိုက်ခြင်းမဟုတ်ဘဲ စွမ်းအင်နိယာမများအား အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်မှုပင် ဖြစ်သည်။

“ရှောင်ယင်း နင် မြင်လိုက်လား။ အဲဒါက ရိုးရှင်းတဲ့ စွမ်းအားသက်သက် မဟုတ်ဘူး...” သူမ စိတ်ထဲတွင် တီးတိုးပြောလိုက်သည်။

“ငါ မြင်တယ်။ ဝံပုလွေဖေဖေရဲ့ စွမ်းအင်ထိန်းချုပ်မှုက ပုံမှန်အကန့်အသတ်ကို ကျော်လွန်နေပြီ...” ရှောင်ယင်းကလည်း စိတ်ထဲမှ ပြန်လည်တုံ့ပြန်လိုက်သည်။

သူတို့နှစ်ဦးလုံးသည် ယခုလေးတင် တွေ့လိုက်ရသော တိုက်ကွက်မှ ဗဟုသုတအချို့ ရရှိလိုက်ကြသည်။

ထိုအချိန်တွင် ယင်းဖုန်း၏ ပုံရိပ်က အရိပ်များထဲမှ ထွက်ပေါ်လာပြီး သူ၏ ရှေ့လက်သည်းများထဲတွင် အံ့မခန်း စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသော အမြုတေနှစ်ခုကို ကိုင်ဆောင်ထားသည်။

တစ်ခုသည် အတွင်းတွင် နဂါးပုံရိပ် ကူးခတ်နေသော ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော ရေခဲပြာရောင်အမြုတေဖြစ်ပြီး၊ နောက်တစ်ခုမှာ မျက်နှာပြင်ပေါ်တွင် ချော်ရည်များ စီးဆင်းနေသကဲ့သို့ အနီရင့်ရင့် သွေးရောင်အမြုတေဖြစ်သည်။

“ဘုရင်မင်းမြတ် အမြုတေတွေကို ထုတ်ယူပြီးပါပြီ” ယင်းဖုန်းက ရိုသေစွာ ပြောလိုက်သည်။

လင်းထျန်းလုံ ခေါင်းညိတ်လိုက်သော်လည်း သူ၏အကြည့်မှာ ဟင်းလင်းပြင်အက်ကွဲကြောင်း အတွင်းပိုင်းသို့ ကျရောက်နေသည်။ “တိုက်ပွဲရဲ့ ဆုလာဘ်အစစ်က အထဲမှာ ရှိသေးတယ်”

မီးတောင်ဗဟိုချက်မှ ထွက်ပေါ်လာသော ပူပြင်းသန့်စင်သည့် စွမ်းအင်လှိုင်းများကို သူ ရှင်းလင်းစွာ ခံစားနေရသည်။ မြေကမ္ဘာအမြုတေ မီးကြာပန်းက သူ၏ သခင်အသစ်ကို စောင့်ကြိုနေသည်။

“ထျန်းပင်း… မင်းလူတွေကိုခေါ်ပြီး အဝင်ဝမှာစောင့်နေ၊ ရန့်မြဲ့… ပတ်ဝန်းကျင်ကိုတာဝန်ယူထား၊ ယင်းဖုန်း ငါနဲ့အတူအထဲဝင်ခဲ့” လင်းထျန်းလုံက တာဝန်များကို တိုတိုတုတ်တုတ် ခွဲဝေပေးလိုက်သည်။

“ရှောင်လန်၊ ရှောင်ယင်း သမီးတို့နှစ်ယောက်လည်းလိုက်ခဲ့”

လင်းထျန်းလုံသည် သမီးနှစ်ဦးနှင့် ယင်းဖုန်းကို ခေါ်ကာ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ဖြတ်သန်းပြီး မီးတောင်အတွင်းပိုင်းသို့ ခြေချလိုက်သောအခါ စိတ်ထဲတွင် ပြင်ဆင်ထားသော်လည်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားကြလေသည်။

ဤနေရာမှာ အလယ်တွင် ဆူပွက်နေသော ချော်ရည်အိုင်ကြီးရှိသည့် ဧရာမမြေအောက်ချော်ရည်ဂူကြီး တစ်ခုဖြစ်ပြီး ပူပြင်းလှသော အငွေ့များကြောင့် လေဟာနယ်မှာ တွန့်လိမ်နေသည်။

ရေကန်အလယ်ရှိ ကျောက်တုံးစင်မြင့်ပေါ်တွင် အနီရင့်ရောင် ကြာပန်းတစ်ပွင့် ဖြည်းညင်းစွာ ပွင့်လန်းနေသည်။

ပွင့်ဖတ်တိုင်းမှာ အသန့်စင်ဆုံး ပတ္တမြားဖြင့် ထုဆစ်ထားသကဲ့သို့ ဖြစ်နေပြီး ကြာပန်းဗဟိုတွင် ရွှေရောင်မီးတောက်များ ကခုန်နေကာ ရင်တုန်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။

မြေကမ္ဘာအမြုတေ မီးကြာပန်း (ရွှေရောင် အဆင့်မြင့်)

လင်းထျန်းလုံ ရှေ့တက်ကာ ဤသဘာဝရတနာကို သိမ်းယူရန် ပြင်လိုက်စဉ် ရှောင်လန်က သူ၏ အမွေးများကို ရုတ်တရက် ညင်သာစွာ ဆွဲလိုက်သည်။

“ဖေဖေ ခဏနေဦး” သူမ၏ အသံမှာ အလွန်တိုးညှင်းသော်လည်း ရှားရှားပါးပါး လေးနက်မှုတစ်ခု ပါဝင်နေသည်။

“ဟို၊ ပန်းက... အသက်ရှူနေသလိုပဲ”

လင်းထျန်းလုံ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ငွေပြာဘုရင်မျက်၀န်းကို ချက်ချင်း အသက်သွင်းလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း မြေကမ္ဘာအမြုတေ မီးကြာပန်းပတ်လည်တွင် အလွန်သိမ်မွေ့သော ဟင်းလင်းပြင်လှုပ်ခတ်မှုလှိုင်းများကို သူခံစားလိုက်ရသည်။

ချော်ရည်အောက်ခြေတွင် တစ်စုံတစ်ရာက ပုန်းကွယ်နေပြီး ဤဝိညာဉ်ရတနာကို စောင့်ရှောက်နေသည်။

“ဒီအမဲလိုက်ပွဲက မပြီးသေးဘူးထင်တယ်” လင်းထျန်းလုံ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခုပေါ်လာလေတော့သည်။

All Chapters