← Chapters

အနှိုင်းမဲ့ မေတ္တာတရား.. အမှတ်များ ထပ်မံ ပေါင်းထည့်ခြင်း

Vol. 1 Ch. 9-10

အနှိုင်းမဲ့ မေတ္တာတရား.. အမှတ်များ ထပ်မံ ပေါင်းထည့်ခြင်း

Vol. 1 Ch. 9-10

Chapter 9+10

~

အခန်း ၉+၁၀ : အနှိုင်းမဲ့ မေတ္တာတရား.. အမှတ်များ ထပ်မံ ပေါင်းထည့်ခြင်း

~

​ဂူချန်က လက်တစ်ချက်ဝေ့ယမ်းလိုက်ရာ သူ့နောက်ရှိ နောက်လိုက်တစ်ရာကျော်မှာ လက်ဆစ်များကို တစ်ဖြောက်ဖြောက်မြည်အောင် ချိုးလိုက်ကြပြီး မူရုံချင်းရွှယ်ထံသို့ တစ်လှမ်းချင်း တိုးကပ်သွားကြသည် ။

​ ဤသည်ကိုမြင်လျှင် မူရုံချင်းရွှယ်၏ စင်ယော်တောင် မျက်ခုံးအစုံက အနည်းငယ် ​တွန့်ကွေးသွား၏ ။ သူမက တိုးကပ်လာသော လူအုပ်ကြီးကို တင်းမာသောမျက်နှာထားဖြင့် ကြည့်ကာ အေးစက်စွာ မေးခွန်းထုတ်လိုက်သည် ။

“ နင် ဘာလုပ်ချင်တာလဲ.."

​ အရင်က သူမနောက်သို့ တကောက်ကောက်လိုက်ပြီး အလိုလိုက်ခဲ့သော ထိုလူစားမှာ ယခုကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားလိမ့်မည်ဟု သူမ လုံးဝထင်မထား ။

​ ပုံမှန်ဆိုလျှင် ဂူချန်သည် သူမကို မြင်သည်နှင့် ဖားယားသော အပြုံးများဖြင့် မျက်နှာချိုသွေးရမည်ဖြစ်သည် ။ သူမက တောင်းဆိုမှုတစ်ခု လုပ်လိုက်လျှင်လည်း သူ ဘယ်တော့မှ ငြင်းဆန်လိမ့်မည်မဟုတ် ။

​ ယခုမည်သို့ ဖြစ်သွားပါသနည်း ။

​“..ငါ ဘာလုပ်ချင်တာလဲ ဟုတ်စ..”

​ ဂူချန်က ထိုစကားကို ကြားသောအခါ တစ်ဖက်လူ၏ ဉာဏ်ရည်ကိုပင် သံသယဝင်မိသွား၏ ။ လူတွေအားလုံးက လက်သီးလက်မောင်းတန်းပြီး ချဖို့ရန် အဆင်သင့်ဖြစ်နေသည်ကို မြင်နေသော်လည်း ဘာလုပ်မလို့လဲဟု မေးနေသေးသည်လော ။

​ ထို့နောက် သူက သူမကို လျစ်လျူရှုလိုက်ပြီး နောက်လိုက်များကို အမိန့်ပေးလိုက်သည် ။

“ သူ့ကို နှင်ထုတ်လိုက်.. "

​ စကားဆုံးသည်နှင့် နောက်လိုက်များက အရပ်မျက်နှာအနှံ့မှ မူရုံချင်းရွှယ်ထံသို့ ပြေးဝင်သွားကြတော့သည် ။

​ “ သူ တကယ်ကြီး လုပ်နေတာလား.."

မူရုံချင်းရွှယ် အံ့အားသင့်သွားသည် ။ သူမက လက်ဖဝါးဖြင့် တစ်ချက်ရိုက်ထုတ်လိုက်ရာ အပြာဖြူရောင် ချီစွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်သွားပြီး အနားသို့ ကပ်လာသော လူအချို့ကို လွင့်ထွက်သွားစေသည် ။

​ တစ်ချိန်တည်းမှာပင် သူမက ခြေတစ်ချက်ဆောင့်ကာ လျင်မြန်လှသော ကျားသစ်တစ်ကောင်ကဲ့သို့ အနောက်သို့ ဆုတ်ခွာလိုက်သည် ။

အဆင့်နိမ့် သုံးဆင့် သိုင်းပညာရှင် များ၏ ခွန်အားကို ချီစွမ်းအင်အပေါ် အခြေခံပြီး ကွာခြားမှုရှီ၏ ။

​ ပုံမှန်အခြေအနေတွင်ဆိုလျှင် သူမအနေဖြင့် ဤလူအုပ်စုကို အားချင်းယှဉ်တိုက်နိုင်မည်လောဟု စမ်းသပ်ကြည့်မိပေမည် ။ သို့သော် အနားတွင် ဒုတိယအဆင့် အထွတ်အထိပ်ရှိသော ဒိုင်လူကြီးက သူမကို ဒီအတိုင်းရပ်ကြည့်နေမည်မဟုတ်သည်မှာ သိသာလှသည် ။

​ သူမသာ အချိန်ဆွဲခံလိုက်ရပါက ဝိုင်းရံပိတ်ဆို့ခံရပြီး အန္တရာယ်ရှိသော အခြေအနေသို့ ရောက်သွားနိုင်သည် ။

​ဂူချန် ပြောင်းလဲသွားပြီဖြစ်ကြောင်း မုရုံချင်းရွှယ် သဘောပေါက်သွား၏ ။ သူက သူမရှေ့တွင် ယခင်ကလို ပြုမူခြင်း မရှိတော့ ။

​နှစ်နှစ်ကျော်တိုင်တိုင် အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံရရုံနှင့် လက်လျှော့သွားသည်လော ။ အမှန်တကယ်ပင် အသုံးမကျသည့်သူဖြစ်သည် ။

​ သို့သော် သူမတွင် အခြားရွေးချယ်စရာမရှိသဖြင့် ကိုယ်ဖော့ပညာကို သုံးကာ တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ အမြန်ထွက်ပြေးသွားသည် ။ မထွက်ခွာမီ သူမက ဂူချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး လုဖန်ကိုလည်း တစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားတော့သည် ။

​သူမ၏ ကျင့်စဉ်နှင့် သိုင်းပညာကျွမ်းကျင်မှုမှာ အခြားကျောင်းသားများထက် အများကြီးသာလွန်သဖြင့် လွယ်လွယ်ကူကူပင် လွတ်မြောက်သွားခဲ့သည် ။ သူမ၏ အမြင်တွင် ဂူချန်က မည်မျှပင် ရဲတင်းစေကာမူ မဟာမိတ်အဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး မြို့တော်အတွင်း လူသတ်ရန်အထိ လုပ်ရဲလိမ့်မည်ဟု မထင်ချေ ။

​ ထို့ကြောင့် လုဖန်၏ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိ ။ သို့သော်လည်း သူမသာ မတားဆီးနိုင်ပါက နောက်တစ်ကြိမ်တွင်လည်း လုဖန်ကို ထပ်မံပစ်မှတ်ထားဦးမည်ဖြစ်သည် ။

​' ငါ ကျောင်းအုပ်ကြီးကို အမြန်သွားရှာရမယ်..ဒါမှ ဂူချန်ကို လုံးဝရပ်တန့်အောင် လုပ်နိုင်မှာ..'

​ မူရုံချင်းရွှယ်က သူမကဲ့သို့ ထိပ်သီးကျောင်းသူတစ်ဦးက ပြောဆိုလျှင် ကျောင်းဘက်က သေချာပေါက် ကြားဝင်လိမ့်မည်ဟု တွေးထားသည် ။ ဂူချန်၏ အထက်စီးဆန်သော အမူအရာကို တွေးမိတိုင်း သူမက ပို၍ ရွံရှာမိလာသည် ။

​ကျောင်းအုပ်ကြီးက ဂူချန်ကို ထိန်းချုပ်ထားစဉ်မှာပင် မကြာမီကျင်းပမည့် စစ်ဆေးမှုများ၌ သူ့ကို အပြတ်အသတ် ချေမှုန်းပစ်မည်ဟု သူမ ဆုံးဖြတ်လိုက်သည် ။

​စစ်မှန်သော ပါရမီရှေ့မှောက်တွင် ရင်းမြစ်များနှင့် နောက်ခံဆိုသည်မှာ အလကားပင်ဖြစ်ကြောင်း ထိုသူဌေးသားကို သူမ သိအောင်လုပ်ပြမည်ဖြစ်သည် ။

​...

​[ အိမ်ရှင် သည် လက်ရှိအခြေအနေကို ထိန်းသိမ်းရန်နှင့် အတန်းဖော်များ၏ ဘေးကင်းလုံခြုံရေးအတွက် ကိုယ်ကျိုးစွန့်ပြီး ကျောင်း၏ ထိပ်သီးအနိုင်ကျင့်သူကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သည် ။ ဤသည်က စစ်မှန်သော အနှိုင်းမဲ့ မေတ္တာတရားပင် ။စေတနာတန်ဖိုး +၈၀ ]

​ [ လက်ရှိ စေတနာတန်ဖိုး: ၄၆၀ ]

​အခြားတစ်ဖက်တွင်မူ ဂူချန်သည် မူရုံချင်းရွှယ် တွေးနေသည်ကို လုံးဝမသိ ။ သူ့ ရှေ့ရှိ အလင်းမျက်နှာပြင်ကို ကြည့်ကာ သဘောကျနေသည် ။

' ဟီးဟီး စနစ်ရဲ့ ကောင်းမှုကိုတော့ ကြိုက်သွားပြီ..ဒီကလေးမနဲ့ ရန်ဖြစ်ရတာ စေတနာတန်ဖိုး အများကြီး ရလိုက်တာပဲ.. ငါ နောက်ထပ် အဆင့်တက်လို့ ရလောက်ပြီ.. '

​ သူက လုဖန်ကို ခြေထောက်နှင့် နှစ်ချက်ခန့် ခတ်ကြည့်လိုက်သည် ။ တစ်ဖက်လူက သွေးထွက်လွန်ပြီး သတိလစ်နေကာ စေတနာတန်ဖိုးလည်း ထပ်မတက်တော့သည်ကို တွေ့ရသောအခါ ဂူချန်က နှမြောတသသော အကြည့်ဖြင့် ခြေထောက်ကို ဖယ်လိုက်သည် ။

​' နှမြောစရာပဲ... ဒီသိုးလေးတော့ အမွေးပြောင်သွားပြီ ..'

​ဂူချန်က လက်ဝေ့ယမ်းကာ ပြန်ကြရန် အချက်ပြလိုက်ပြီး အနောက်ကို လှည့်မကြည့်ဘဲ ထွက်ခွာလာခဲ့သည် ။ သူက အမှတ်တွေကို စုထားပြီးမှ အဆင့်တက်ရတာမျိုးကို စိတ်မဝင်စား ။ သူ့အမြင်တွင် တစ်ယောက်ယောက်ကို နှိပ်စက်နိုင်လျှင် ချက်ချင်းနှိပ်စက်ရမည်၊ အစွမ်းအစကို ဝှက်ထားရသည်မျိုးကို သူ မကြိုက် ။

​...

​ အိမ်ပြန်ရောက်သောအခါ ဂူချန်သည် သူ၏ ခမ်းနားထည်ဝါသော ကျင့်စဉ်ခန်းမသို့ တန်းသွားလိုက်သည် ။ အတွင်း၌ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်များ သိပ်သည်းနေပြီး ဝိညာဉ်ဆေးပင်များနှင့် ပန်းမန်များစွာ စိုက်ပျိုးထားသဖြင့် အနံ့ခံလိုက်ရုံဖြင့်ပင် လန်းဆန်းသွားစေသည် ။

​ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ ဤအခန်းမှာ သူ၏ဖခင်က အဆင့်တက်နှုန်း မြန်စေရန် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ တည်ဆောက်ပေးထားခြင်းဖြစ်ပြီး အလွန်ပင် တန်ဖိုးရှိလှသည် ။

​ “ စနစ်က ပြောတဲ့အတိုင်းဆိုရင် ပြင်ပပစ္စည်းတွေကို သုံးပြီးတော့လည်း အဆင့်တက်နှုန်းကို မြှင့်လို့ရတာပဲ..”

​ ပထမအကြိမ် အမှတ်များဖြည့်စဉ်က စနစ်၏ သတိပေးချက်ကို ဂူချန် မမေ့သေးပေ ။ နေမင်းစကြာ ယန်ကျင့်စဉ် ကို ဒုတိယအဆင့်အထိ ကျင့်ကြံခြင်းက ကျင့်စဉ်နှုန်းကို ဆယ်ရာခိုင်နှုန်း တိုးစေသည် ။ အကယ်၍ ဤကျင့်စဉ်ကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံနိုင်ပါက ကျင့်ကြံသည့်အမြန်နှုန်းက ပိုမြန်လာမည် မဟုတ်လော ။

​ ဤကမ္ဘာတွင် အောက်ခြေသုံးဆင့်ရှိ သိုင်းပညာရှင်များသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သွေးစွမ်းအင် မြင့်မားလာစေရန် အသက်ရှူကျင့်စဉ် များမှတစ်ဆင့် ချီ ကို သန့်စင်ကြရသည် ။ အသက်ရှူကျင့်စဉ်၏ အဆင့်နှင့် ကျွမ်းကျင်မှုမှာ အဆင့်တိုးတက်မှုအပေါ် များစွာ သက်ရောက်မှုရှိပေသည် ။

​ ထို့အပြင် ဤကျင့်စဉ်များသည် ကျင့်စဉ်တိုးတက်မှုအတွက်သာမက တကယ့်တိုက်ပွဲစွမ်းရည်အပေါ်မှာလည်း တိုက်ရိုက်သက်ရောက်မှု ရှိသည် ။ နေမင်းစကြာ ယန်ကျင့်စဉ် မှာ ချင်းဟယ် ဂူမိသားစုမှ ဆင်းသက်လာသော တန်ဖိုးကြီးကျင့်စဉ်ဖြစ်ပြီး အဆင့် ၁၈ ဆင့် ရှိသည်။ ထိုမှရရှိသော ယန် စွမ်းအင်မှာ အလွန်ပင် အစွမ်းထက်လှသည် ။

​ မှတ်ဉာဏ်များအရ ဤကျင့်စဉ်ကို ကျင့်ကြံခြင်းက တစ်ကိုယ်လုံးကို ပူလောင်စေသဖြင့် ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ အဆင့် ၂ အထိသာ တတ်မြောက်ခဲ့ခြင်းဖြစ်သည် ။

' ကံကောင်းတာက ငါတော့ အဲ့လို ခံစားနေရမှာ မဟုတ်ဘူး..'

​ ဂူချန်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ အနားရှိ ဗီရိုထဲမှ အံဆွဲလေးတစ်ခု ပေါ်ထွက်လာသည် ။ ထိုအံဆွဲထဲမှ ပူပြင်းသော အပူရှိန်နှင့်အတူ မွှေးကြိုင်သော အနံ့တစ်ခု ထွက်ပေါ်လာ၏ ။ အတွင်း၌ နဂါးမောက်သီးနှင့် တူသော အသီးတစ်လုံး ရှိနေသည် ။

​ ၎င်းမှာ ကြာနီသီး ဖြစ်ပြီး နေမင်းစကြာ ယန်ကျင့်စဉ် ကျင့်ကြံရာတွင် အထောက်အကူပြုသော ကောင်းကင်နှင့်မြေကြီး ရတနာတစ်မျိုးဖြစ်သည် ။ တစ်လုံးလျှင် ငွေသောင်းချီ တန်ဖိုးရှိပြီး ပြင်ပတွင် ဝယ်ယူရန် ခဲယဉ်းလှကာ ဂူမိသားစုတွင်သာ ရှိသည် ။

​ ဂူချန်က ထိုအသီးကို တစ်လုပ်တည်းနှင့် မျိုချလိုက်သည် ။ ၎င်းက ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး နွေးထွေးသော အရှိန်အဟုန်ဖြင့် ဗိုက်ထဲသို့ စီးဝင်သွားသည် ။

​ တစ်ချိန်တည်းမှာပင် သူက စနစ်ကို အမိန့်ပေးလိုက်သည် ။

“ စနစ်... ငါ့ရဲ့ စေတနာတန်ဖိုးတွေကို သုံးပြီး နေမင်းစကြာ ယန်ကျင့်စဉ်ကို အဆင့်၅ အထွတ်အထိပ်အထိ ရောက်အောင် မြှင့်တင်ပေးစမ်း..”

​စုစုပေါင်း ၁၈ ဆင့် ရှိသော်လည်း အဆင့်မြင့်လေလေ ယန်စွမ်းအင်က ပြင်းထန်လေလေ ဖြစ်သည် ။ ခန္ဓာကိုယ်က လုံလောက်အောင် မသန်မာပါက ပေါက်ကွဲသေဆုံးနိုင်သည့်အတွက် စတုတ္ထအဆင့် သိုင်းပညာရှင် မရောက်မီတွင် အဆင့်၅အထိသာ ကျင့်ကြံနိုင်ပေလိမ့်မည် ။

​ [ ဒင်..]

All Chapters