အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
41
ချင်ရန်အသံကြားတော့ သူ့ကိုလှည့်ကြည့်လိုက်သည်။
သက်လတ်ပိုင်းလူသည် လျှောက်လှမ်းလာသည်နဲ့တကွ ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ ကိုယ်ဟန်အနေအထားက တည်ငြိမ်နေပြီး မျက်လုံးတွေကလည်းစူးရှကာ ဩဇာအပြည့်ဖြစ်ပြီး မြင်ရသူအဖို့ သူသည် သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည်ဟု ထင်ရစေသည်။
လောလောလတ်လတ်ဝင်လာသူကို မြင်သောအခါ ချောင်ကျန့်ကျွင်းရဲ့ မျက်နှာသည် ပျော်ရွှင်မှုနှင့်အတူ ချက်ချင်းလင်းလတ်သွားပြီး ပြောလိုက်သည်။
“အစ်ကိုကြီးစွန်း”
“ကျွန်တော်က အစ်ကိုကြီးကျောင်းကို ဘယ်လိုလုပ်စိန်ခေါ်ရဲမှာလဲ၊ အစ်ကိုကြီးရဲ့ ဟုန်ရန်သိုင်းပညာကျောင်းက ဆရာတွေ နည်းနည်းနောနောရှိတာမဟုတ်ဘူး"
‘ကျွန်တော်သာ ဒီနေရာမှာ စိန်ခေါ်ခဲ့မယ်ဆိုရင် ကျွန်တော့ကို အမှောက်သိပ်နိုင်တဲ့သူ အနည်းဆုံးငါးယောက်လောက်ရှိမှာ” ချောင်ကျန့်ကျွင့် အပြုံးလေးနှင့်ပြောလိုက်၏။
“ဟားဟား မင်းကသိပ်နှိမ့်ချလွန်းနေပါပြီ” ထိုသတ်လတ်ပိုင်းလူမှာ တစ်ခစ်ခစ်ရယ်လေတော့သည်။
“ ကျွန်တော်တို့ပါလီမြစ်မှာ လုပ်တတ်ကိုင်တတ်ရှိတဲ့ လူငယ်လေးတစ်ယောက်ကို မွေးထုတ်လိုက်ပြီဗျ၊
တာဝန်ထမ်းဆောင်တာတော့ သိပ်မကြာသေးဘူး သိုင်းပညာလည်း ကျွမ်းကျင်ပြီး မစ်ရှစ်တော်တော်များများကိုလည်း ပြီးမြောက်ထားတယ်”
“သူ့ကို ဒီမှာ ရင်းရင်းနှီးနှီးနဲ့ လေ့ကျင့်တိုက်ခိုက်ကြည့်စေချင်လို့လေ၊ ဒီမှာက နေရာကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့”
“အို့၊ ရင်းရင်းနှီးနှီးတိုက်ခိုက်ကြည့်စေချင်တာလား”
ထိုသက်လတ်ပိုင်းလူ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ချောင်ကျန့်ကျွင်းကို အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် ချင်ရန်နဲ့ တခြားသူများကိုလည်း ကြည့်လိုက်လေ၏။
သိပ်မကြာမီမှာပင် လီတဝေ၊ ကျောက်ကျီဝေ့နှင့် ယန်ရှုတို့ထံ ဝေ့ဝိုက်ကြည့်လိုက်ပြီး ချင်ရန်ထံတွင် အကြည့်ရပ်တန့်သွားသည်။
ဤသုံးယောက်သည်တော့ ကလေးများသာ၊ သူတို့တွင် အစွမ်းအစမရှိသလို သိုင်းဝိညာဉ်တောင်မရှိပေ။
သက်လတ်ပိုင်းလူအကြည့်တို့မှာ ချင်ရန်ထံ အချိန်အတော်ကြာသည်အထိ တစ်ဝဲလည်လည်ဖြစ်နေတော့သည်။
သူတို့မျက်လုံးချင်းဆုံသောအခါ ချင်ရန်အကြည့်မှာ တည်ငြိမ်ပြီး တုန်လှုပ်မှုမရှိသည်ကို တွေ့လိုက်ရသည်။ ချင်ရန်သည် နှစ်တစ်ထောင်ထင်ရှူးပင်အလား မလှုပ်မယှက်ရပ်နေလေ၏။
သက်လတ်ပိုင်းလူက ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ “မင်းပြောတာ ဒီကောင်လေးလား”
ချင်ယန်ကို ညွှန်ပြလိုက်ခြင်းပင်။
ချောင်ကျန့်ကျွင်း ခေါင်းငြိမ့်ပြလိုက်လေသည်။ “ဟုတ်ပါတယ် အစ်ကိုကြီးစွန်း၊ အသက်ငယ်လို့ဆိုပြီး အထင်တော့မသေးလိုက်နဲ့နော်၊ သူတော်တော်လေးသန်မာတယ်”
“ကျွန်တော် ပါလီမြစ်က လူတွေဆီက ကြားရတာတော့ သူတစ်ယောက်ထဲနဲ့တောင် လူအယောက်နှစ်ဆယ်ကို အမှောက်သိပ်ခဲ့တာဆိုပဲ” ထိုစကားကိုကြားတော့ အစ်ကိုကြီးစွန်း အားရပါးရ ရယ်မောလေတော့သည်။
‘အယောက်နှစ်ဆယ်လား၊ လာနောက်နေတာလား၊ မင်းကိုမင်းဘာထင်နေတာလဲ၊ ဆရာသခင်အဆင့် သိုင်းပညာကျွမ်းကျင်သူလို့ ထင်နေတာလား။ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ သိုင်းပညာရှင်တွေအတွက်တောင် လူအယောက်နှစ်ဆယ်ကို တစ်ခါထဲတိုက်ဖို့ တော်တော်လေးခက်တယ်ဆိုတာ နားလည်ဖို့ အရေးကြီးတယ်’
“မင်းကအဲ့တာကို ယုံတယ်ပေါ့၊ ဟုတ်လား” အစ်ကိုကြီးစွန်း ချောင်ကျန့်ကျွင်းကို ကြည့်နေပုံက အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
ချောင်ကျန့်ကျွင်းသည် သူ့ခေါင်းသူကုတ်ရင်း ပြောလိုက်လေသည်။ “စခန်းကလူတွေအကုန်လုံးတော့ အဲ့လိုပြောတာပဲ”
ထို့နောက် ချောင်ကျန့်ကျွင်းက ချင်ရန်နဲ့ တခြားသူများကို လက်ယက်ခေါ်ကာ ပြောလိုက်သည်။ “ ဒီကိုလာကြ၊ ငါမင်းတို့ကို မိတ်ဆက်ပေးမယ်”
ချောင်ကျန့်ကျွင်း ပြုံးရင်းပြောလိုက်၏။
“ဒီလူကြီးမင်းရဲ့ နာမည်အပြည့်အစုံက စွန်းချန့်ယန်၊ သူက ဒီဟုန်ရန်သိုင်းပညာခန်းမရဲ့ ပိုင်ရှင်ပဲ၊ သိုင်းပညာလောကမှာ နာမည်ကြီးတယ်၊ တာ့ရှားသိုင်းပညာအစည်းအရုံးရဲ့ ဒုဥက္ကဠဆိုလည်း ဟုတ်တယ်”
ချင်ရန်နှင့် အခြားသူများ စွန်းချန့်ယန်ထံလျှောက်သွားလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
လီတဝေမျက်လုံးများ ချက်ချင်းလင်းလတ်သွားပြီး စွန်းချန့်ယန်အား ပြောလိုက်သည်။ “ဆရာဦးလေး တပည့်တွေဘာတွေလက်ခံလားဟင်၊ တစ်ခါထဲနဲ့ ဆယ်ယောက်လောက်ကို အမှောက်သိပ်နိုင်အောင် ရက်ဘယ်လောက်ကြာကြာ လေ့ကျင့်ဖို့လိုလဲဗျ”
လီတဝေတစ်ယောက် တစ်ယောက်ယောက်ဆီက အကွက်တစ်ချို့ သင်ချင်နေလေသည်။ ချင်ယန်သည် သူ့ကို မသင်ပေးချေ။
ထိုစကားကိုကြားတော့ စွန်းချန့်ယန် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ပြောလိုက်၏။ “ငါတပည့်လက်မခံတော့တာ ကြာပြီကွ၊ ပြီးတော့ မင်းတစ်ယောက်ထဲနဲ့ လူဆယ်ယောက်လောက်ကို တိုက်ဖို့ဆိုရင် ရုပ်ရှင်ထဲမှာပဲရမယ်၊ လူငယ်တွေကတုံးလိုက်တာကွာ၊ အကုန်လုံးကို တကယ်ကြီးယုံနေတော့တာပဲ”
သူ့လေသံထဲတွင် ဘဝင်မြင့်ပြီး မတူမတန်သလို ပြောလိုဟန် တစ်စွန်းတစ်စပါဝင်နေသည်။ သူ၏ ဝါရင့်လုပ်သက်ကြောင့် ပြောနိုင်နေသကဲ့သို့ပင်။
သူ့လိုလူသည် ရာထူးအမြင့်ပိုင်းတွင် အချိန်အတော်ကြာနေခဲ့ရပြီး သိုင်းပညာအစည်းအရုံး ဒုဥက္ကဠလည်းဖြစ်ရာ ပညာရှင်ပေါင်းများစွာနှင့် ဆုံခဲ့ပြီးသည်မှာ အသေအချာပင်ဖြစ်သည်။
လီတဝေ ယခုကဲ့သို့ကလေးဆန်သည့် စကားများပြောနေသည်ကို ကြားရတော့ သူအထင်သေးသလိုခံစားလိုက်ရသည်။
“အာ”
လီတဝေ အံ့အားသင့်စွာပြောလိုက်၏။ “ဘယ်လိုဖြစ်နိုင်မှာလဲ၊ အစ်ကိုကြီးရန်ဆို ဆယ်ယောက်လောက်ကို အသာလေးအမှောက်သိပ်နိုင်မှာ သေချာတယ်”
လီတဝေ သံသယဝင်နေပြီဖြစ်သည်။ ကောင်းချောင်၊ ဝမ်ရှောင်ယီ၊ ချန်ရှင်းချန်နှင့် အကုန်လုံးကလည်းပြောလေ၏။ ချင်းရန်သည် မယုံနိုင်စရာကောင်းလောက်စွာ သန်မာကာ ခြင်္သေ့တစ်ကောင်ကိုတောင် အလဲထိုးနိုင်လေသည်။ ဤလူမှာတော့ လူဆယ်ယောက်မျှလေးတောင် တစ်ခါထဲ အမှောက်မသိပ်နိုင်ဘူးလော။
စွန်းချန့်ယန်သည် လီတဝေကို ဖြေရမည့်အစား မျက်မှောင်ကျုံ့လိုက်ပြီး ချောင်ကျန့်ကျွင်းကို မေးလိုက်သည်။ “ဘယ်လိုဖြစ်လို့လဲ ကျန့်ကျွင်း၊ မင်းတို့ဠာနကလူတွေ ရူးသွားကြပြီလား”
လီတဝေက စိတ်အနှောင့်အယှက်ဖြစ်စွာ လှမ်းပြောလိုက်၏။ “ဟေး၊ ခင်ဗျားဘယ်လိုပြောလိုက်တာလဲဗျာ”
ချောင်ကျန့်ကျွင့်က အလျင်စလို သူ့တို့ကိုတားလိုက်ရလေသည်။ “ငြင်းမနေကြနဲ့တော့ ကျွန်တော်တို့အားလုံးက တစ်လှေတည်းစီးနေကြတာပဲဟာ၊ ဘာလို့အငြင်းအခုံဖြစ်နေမှာတုန်း၊ အဟွတ် အဟွတ် ဆယ်ယောက်တစ်ယောက်တိုက်တာက ငါကြားတော့ကြားဖူးပင်မယ့် မမြင်ဖူးသေးဘူး ဒါကြောင့် ဒီကိုလာခဲ့လိုက်တာ၊ ပါလီမြစ်ရဲ့ အကျော်ဇေယျအသစ်လေး တိုက်တာကိုကြည့်ချင်လို့”
သူထိုသို့ပြောပြီးသည်နှင့် ချောင်ကျန့်ကျွင်း ချင်ရန်ကိုလှမ်းကြည့်လိုက်သည်။
စွန်းချန့်ယန် နားလည်လိုက်လေပြီ။ ‘လီတဝေပြောတဲ့ ဆယ်ယောက်တစ်ယောက်ချတဲ့ အစ်ကိုရန်ဆိုတာ ဒီကောင်လေးကိုပြောတာလား’
‘သူ့ကြည့်ရတာတော့ ခန္ဓာကိုယ်အနေအထားရပ်တည်ပုံနှင့် မျက်စိလျင်အောင် လေ့ကျင့်ထားပုံပဲ သိုင်းပညာ နည်းနည်းတတ်ထားတယ် ထင်ရတာပဲ’
ဘယ်လိုနေနေ စွန်းချန့်ယန်သည်တော့ ထိုကဲ့သို့ အခြေအမြစ်မရှိသော ဆယ်ယောက်တစ်ယောက်တို့ တစ်ယောက်ထဲနှင့် အယောက်နှစ်ဆယ်ကို တိုက်သည်ကဲ့သို့သော အရာများအား ယုံကိုမယုံပေ။
သူတည်တည်ငြိမ်ငြိမ်နှင့်ပဲ ပြောလိုက်သည်။ “ကျန့်ကျွင်း မင်ဒီအလိမ်အညာတွေကို ဖော်ထုတ်ဖို့ ရောက်လာတာမလား၊ ကောင်းပြီ ကောင်းပြီ ငါမင်းပြောတာကို လက်ခံတယ်ညီလေး၊ နောက်ဆုံးမှာတော့ ခုခေတ်လူငယ်တွေက ဘဝင်မြင့်ပြီး လေလုံးထွားရတာကြိုက်ကြတာပဲလေ၊ ငါတို့က သူတို့အကျင့်တွေကို ပြင်ပေးရုံပဲ ရှိတော့တာပေါ့”
ဤသည်ကိုကြားတော့ ချင်ရန် မနေနိုင်ပဲ ပြုံးလိုက်မိ၏။
စွန်းချန့်ယန် ပြောသည့်အတိုင်း သူလေလုံးထွားနေခြင်းလော။
သူတစ်ခါမှ သူ့ကိုယ်သူ ကြွားလုံးမထုတ်ဖူးပေ၊ သူ့တို့ပြောနေကြ ကြီးကျယ်ခမ်းနားသည့် စွမ်းဆောင်ချက်များကလည်း တခြားသူများက ပြောကြခြင်းပင်။
ချင်ရန်ဘယ်တော့မှ သူ့လုပ်နိုင်စွမ်းနှင့်ပတ်သတ်ပြီး သူ့ကိုယ်သူ ကြွားလုံးထုတ်မည် မဟုတ်ချေ။ ကြွားလုံးထုတ်ရန်လည်း မလိုချေ။
“ဟုတ်လား ကျွန်တော်လည်း ကျွန်တော့်အကျင့်တွေကို တစ်ယောက်ယောက်က ပြင်ပေးမယ်လို့ မျှော်လင့်မိပါတယ်” ချင်ရန် ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။
စွန်းချန့်ယန်၏ တင်းစီးသော စိတ်နေစိတ်ထားနှင့် ခေတ်နောက်ကျကာ သူတစ်ပါးအပေါ် အရိုအသေကင်းမဲ့မှုများသည် ချင်ရန်အား အတော်လေး စိတ်ထဲဘဝင်မကျဖြစ်စေသည်။
ထို့အပြင် သူသည် လီတဝေကိုပါ ဝေဖန်ရှုံ့ချလိုက်သေး၏။ သူ့ရဲဘော်တစ်ယောက်အနေဖြင့် လီတဝေအား ထိုသို့ဆက်ဆံခြင်းကို ချင်ရန်လက်မခံနိုင်ပေ။
သေချာပေါက်ပင်။ စွန်းချန့်ယန်မျက်နှာထားက ချင်ရန်၏ စကားကြောင့် အေးစက်သွားသည်။ “ကောင်းပြီ ကျန့်ကျွင်း၊ အလိမ်အညာကို မြန်မြန်လေးဖော်ထုတ်လိုက်ရအောင်၊ ငါအကဲဖြတ်ပေးမယ်”
‘ဒီလူငယ်တွေက တကယ့်ကို ဂရုမစိုက်ဟန်ရှိပြီး ဘဝင်မြင့်နေကြတာပဲ’
‘ငါငယ်ငယ်ကဆို လောကကြီးအတွက်ဆိုပြီး သိုင်းပညာအရည်အချင်းကို တလေးတစားနဲ့ လေ့ကျင့်လာခဲ့ရတာ အဲ့တာကြောင့်လည်း ဒီနေ့ ဒီနေရာအထိရောက်လာပြီး နှိမ့်ချတတ်တဲ့စိတ်နေစိတ်ထားနဲ့ အတူ ကြွားလုံးထုတ်တာတွေ ချဲ့ကားပြောတာတွေ မရှိခဲ့ဘူး'
စွန့်ချန့်ယန်သည် သူတို့၏ သိုင်းပညာအကြောင်းကို ကြွားလုံးထုတ်သူများအား အင်မတန်မှ စက်ဆုပ်ရွံရှာတတ်၏။ ထိုအချက်ကြောင့်ပင် သိုင်းရုပ်ရှင်များကို မကြိုက်ခြင်းဖြစ်သည်၊ မတရားချဲ့ကားပြောပြီး သိုင်းပညာကို စော်ကားနေကြသည်ဟုသာ သူမြင်ပေသည်။
‘ဆယ်ယောက်တစ်ယောက် ချတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ အယောက်နှစ်ဆယ်ချတာက ပိုတောင်ဆိုးသွားပြီ စိတ်ကူးယဉ်နေကြတာပဲဖြစ်မယ်’
ချောင်ကျန့်ကျွင်းက ချင်ရန်ဘက်လှည့်လိုက်ပြီး ပြောလိုက်၏။ “လာစမ်းပါ ငါတို့စမ်းတိုက်ကြည့်ကြမလား ချင်ရန်၊ စမ်းတိုက်ကြည့်ရုံပါပဲ ငါတတ်နိုင်သလောက်ကြိုးစားပြီးရင် ရပ်လိုက်တော့မယ်"
“နောက်ဆုံးမှာတော့ ငါတို့ကရဲဘော်ရဲဘက်တွေပဲလေ အလုပ်ဆင်းတဲ့အချိန် စမ်းတိုက်ကြည့်တာ ထုံးစံပါပဲ၊ လောင်ဝမ်နဲ့ လောင်ချန်ကို ငါမင်းကို အနိုင်ကျင့်နေပါတယ်ဆိုပြီး သွားမပြောနဲ့ဦး”
ချောင်ကျန့်ကျွင်း၏လေသံအရ အနည်းငယ် ဘဝင်လေဟပ်နေပုံပင်။
ချင်ရန်၏အပြုံးက ပို၍တောင် ထင်ရှားလာခဲ့လေသည်။
ချောင်ကျန့်ကျွင်းသည် သူ့လုပ်ဆောင်ချက်အကြောင်း ကြားဖူးပြီးဖြစ်မည်၊ သူကအဘယ်ကြောင့် သူ့လုပ်ဆောင်နိုင်စွမ်းကို မယုံရသနည်း။
ချင်ရန် ဝမ်ပါ့ကို ဖမ်းတုန်းကလည်း ချောင်ကျန့်ကျွင်းရှိသည်၊ ချင်ရန် ကြေးစားတွေကို မည်သို့နှိမ်နင်းပြီး ကျည်ဆံတွေကို မည်သို့ရှောင်ရှားခဲ့သည်ကို သူမြင်သင့်ပေသည်။
ချင်ရန်က ပြုံးကာ ပြောလိုက်၏။ “လာလေ၊ လောင်ချောင်၊ ကျွန်တော်ဒီမှာပဲ ရပ်နေမယ်”
ချောင်ကျန့်ကျွင်း စိတ်ထဲမှ သရော်လိုက်သည်။ ‘တိုက်ပွဲကဖြင့် စတော့မယ် မင်းကရယ်ပြီး နောက်ပြောင်နိုင်သေးတယ်ပေါ့၊ ချင်ရန်၊ မင်းရှုံးတဲ့အခါကျ ဒီလိုပဲဆက်လုပ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့’
ချောင်ကျန့်ကျွင်းသည် အတော်လေးခေါင်းမာသူထဲတွင် ပါလေ၏။ သူသည် အုတ်နံရံကို မတိုက်မိမချင်း နောက်ဆုတ်မည့်သူ မဟုတ်ပေ၊ ချင်ရန် ရဲစွမ်းသတ္တိရှိသည်ကို သူကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ မမြင်ရမချင်း ယုံမည်မဟုတ်ချေ။
ချင်းရန်နှင့် ချောင်ကျန့်ကျွင်းတို့ လက်ဝှေးစည်းဝိုင်းထဲ ရောက်သွားလေသည်။
လီတဝေ၊ ယန်ရှု နှင့် ကျောက်ကျီဝေ့တို့လည်း ကြိုးဝိုင်းအတွင်းကို မျှော်လင့်စောင့်စားလျက် ကြည့်ရှုနေကြသည်။
ချင်ရန်နှင့် ချောင်ကျန့်ကျွင်း မည်သူကပိုသန်မာသည်ကို သူတို့လည်း သိချင်မိသည်။ ယန်ရှုသည် ချောင်ကျန့်ကျွင်း တပည့်ဖြစ်၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချောင်ကျန့်ကျွင်းသည် သူပါလီမြစ်မှာ မည်မျှ လုပ်ဆောင်နိုင်ကြောင်း ကြွားလုံးထုတ်ထားခြင်းပဲဖြစ်သည်။
ချင်ရန်၏ လုပ်ဆောင်နိုင်စွမ်းမှာလည်း ဖိန်လျင်မြို့တော် တစ်ခုလုံးကို သိစေသည်အထိ ဖြစ်ခဲ့သည်။
‘သူတို့နှစ်ယောက်တိုက်တဲ့အခါကျ တကယ်ပဲ ဘယ်သူကပိုသန်မာလဲဆိုတာ သိချင်လိုက်တာ'
42
လီတဝေမျက်နှာမှာ မျှော်လင့်စောင့်စားခြင်းအပြည့်နှင့်ပင်။
ပြီးခဲ့သောရက်ပိုင်းအတွင်း ချင်ရန် သူရသတ္တိအပြည့်နှင့် စွမ်းဆောင်ထားသည်များကို ကြားရသည့်နောက် လီတဝေမှာ ချင်ရန်အား သူ့အိုင်ဒေါလ်အဖြစ် သတ်မှတ်ပြီးဖြစ်သည်။
သူသည် ချင်ရန်အနာဂတ်မှာ သူ့အားသင်ကြားပေးမည်ကို မျှော်လင့်လျက် အဆက်မပျက် ကြိုးစားနေခဲ့သည်။
ယခု ချောင်ကျန့်ကျွင်းနှင့် ချင်ရန် ယှဉ်တိုက်တော့မည်ကိုကြည့်ရင်း စွန်းချန့်ယန်မှာ လုံးဝမထီမဲ့မြင်ပြုလျက်ရှိကာ စောင့်ကြွားကြွားဖြစ်နေသည်ကို မြင်လိုက်ရသည်။
လီတဝေကတော့ ချင်ရန် ချောင်ကျန့်ကျွင်းအား အနိုင်ပိုင်းလိုက်မည်ကိုသာ မျှော်လင့်နေမိတော့သည်။
“ရန်ကော ကျွန်တော်အစ်ကို့ကိုယုံတယ်၊ ကြိုးစားထား”
လီတဝေက ချက်ချင်း အားပေးစကားပြောလိုက်၏။
ချောင်ကျန့်ကျွင်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ သူတစ်ခုခုပြောဖို့ လုပ်လိုက်သော်လည်း မပြောပဲနေလိုက်သည်။
ယန်ရှူမှာ မည်သို့ အားပေးစကားပြောရမည်ကို မသိပေ။ ထိုကြောင့် ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်၏။ “ဆရာ၊ ချင်ရန်၊ နှစ်ယောက်လုံးဂရုစိုက်ကြနော်”
တစ်ဖက်တွင်တော့ စွန်းချန့်ယန်သည် တည်ငြိမ်စွာဖြင့် “ကျန့်ကျွင်း ချုပ်တည်းထားမနေနဲ့၊ ဒီကောင်လေးကို သင်ခန်းစားကောင်းကောင်းပေးပြီး သူ့ရဲ့ကြွားလုံးထုတ်တဲ့ အကျင့်ကိုပြင်ပေးလိုက်စမ်းပါကွာ၊ အဲ့တာမှသူ့ကို တိုးတက်အောင် ကူညီရာရောက်မှာ”
လီတဝေ ထိုစကားကိုကြားသော် မသက်မသာခံစားလိုက်ရလေ၏။ ချောင်းခြောက်တစ်ချက်ဆိုးကာ ချင်ရန်လှုပ်ရှားလာမည်ကိုသာ စောင့်နေလိုက်တော့သည်။
သူ ချင်ရန်၏အစွမ်းအစကို ယုံသဖြင့် ချောင်ကျန့်ကျွင်းကို နိုင်မည်ဟုသာ တွေးမိနေ၏။
“ဟီးဟီး ကျွန်တော်အကောင်းဆုံးကြိုးစားလိုက်မယ် အစ်ကိုကြီး”
ချောင်ကျန့်ကျွင်းပြုံးပြလိုက်သည်။ သူ့ကိုယ်ကို လှည့်လိုက်ပြီး အကြိမ်ရေအနည်းငယ်လှုပ်ရှားလိုက်ရာ တဂျွတ်ဂျွတ်မြည်သံများထွက်လာပြီးနောက် ချင်ရန်အား စူးစူးရဲရဲစိုက်ကြည့်လိုက်၏။
သူသည် ချင်ရန် ခြင်္သေ့ဖမ်းသည့် ဗွီဒီယိုကိုကြည့်ပြီးဖြစ်သည်။ ထိုဗွီဒီယိုကို ကြည့်ခြင်းအားဖြင့် ချင်ရန်အတော်သတ္တိရှိကြောင်းနှင့် ပေါက်ကွဲလွယ်သည့် အစွမ်းရှိသည်ကို မြင်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ချောင်ကျန့်ကျွင်းကတော့ အဲ့တုန်းက ခြင်္သေ့မှာ ခွန်အားအပြည့်အဝ မသုံးလိုက်နိုင်ခြင်းကြောင့်ဟုသာ ထင်နေလေ၏။
‘ခြင်္သေ့လေးတစ်ကောင်ပဲလေ အားဘယ်လောက်ရှိမှာမို့လို့လဲ’
ချောင်ကျန့်ကျွင်းတွေးလိုက်သည်။
‘ချင်ရန်တောင်လုပ်နိုင်တာ ငါလည်းလုပ်နိုင်မှာ အသေအချာပဲ’
ချင်ရန်သည် ခြင်္သေ့မှာရှိတဲ့စွမ်းအင်ကို ဖြုန်းတီးရန်အတွက် ပါးနပ်သောနည်းလမ်းကို အသုံးပြုခဲ့သည်။
‘အဲ့တာသိပ်မှမခက်တာ၊ ခက်လို့လား’
ချောင်ကျန့်ကျွင်း ပြောလိုက်လေ၏။ “ချင်ရန် စလိုက်ကြရအောင် ငါထိန်းနိုင်အောင်ကြိုးစားမှာပါ”
“အစ်ကိုကြီးချောင် ထိန်းထားစရာမလိုပါဘူး၊ အဲ့လိုဆို အစ်ကိုချောင့်မျက်နှာပျက်ပြီး အဆုံးသတ်သွားမှာ စိုးရိမ်ရတယ်” ချင်ရန်က ပြုံးကာ ပြောလိုက်သည်။
ချောင်ကျန့်ကျွင်း အမူအရာမှာ အေးခဲသွားတော့သည်။
‘ချင်ရန်က အတော်လေးကို ဘဝင်လေဟပ်နေတာပဲ’
ချင်ရန်သည် အသက်နှစ်ဆယ်စွန်းစွန်းဖြစ်ပြီး ချောင်ကျန့်ကျွင်းမှာ လေးဆယ်စွန်းစွန်းရှိပြီဖြစ်လေ၏။
ချောင်ကျန့်ကျွင်းမှာ ချင်ရန့်အဖေအရွယ်ပင် ရှိပြီဖြစ်သည်။ အခုတော့ သူ့သားအရွယ် ကောင်လေးထံမှ အထင်သေးခံလိုက်ရသည်ဖြစ်ရာ ချောင်ကျန့်ကျွင်းအတော်လေး အရှက်ကွဲသလိုခံစားလိုက်ရသည်။
“ကောင်းပြီလေ အဲ့တာဆိုလည်း ငါမထိန်းချုပ်ထားတော့ဘူးနော် သင်ခန်းစာကောင်းကောင်း ပေးရသေးတာပေါ့” ချောင်ကျန့်ကျွင်းသရော်လိုက်၏။
ချောင်ကျန့်ကျွင်း အကြိမ်ရေအနည်းငယ် ပတ်လျှောက်လိုက်ပြီး ချင်ရန်ထံသို့ ဖြေးဖြေးချင်း ချဉ်းကပ်လာကာ လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်တော့သည်။
သူ့ခြေထောက်အား သုံးတော့မည့်ပုံစံပြကာ ရန်သူကို စိတ်ရှုပ်ထွေးအောင်လုပ်ရင်း လက်သီးကို ရုတ်တရက်ပစ်သွင်းလိုက်ခြင်းမှာ အတော်လေး သေသပ်သည်ပြောရမည်။ နောက်ဆုံးမှာတော့ ချောင်ကျန့်ကျွင်းက သိုင်းပညာအခြေခံကို ကောင်းကောင်းတတ်မြောက်သူ ဖြစ်နေတုန်းပင်။
သို့သော်လည်း ချင်ရန်ကတော့ မျက်မှောင်တောင်မကျုံ့ပေ။ သူ့ခေါင်းကို အသာလေးရှောင်လိုက်ပြီး ချောင်ကျန့်ကျွင်း၏ ထိုးချက်ကို မျက်နှာဘေးမှ ချော်ထွက်သွားစေလိုက်သည်။
“ဟမ်” ချောင်ကျန့်ကျွင်း တစ်ခုခုလွဲနေသလို ခံစားလိုက်ရပြီး လက်သီးချက်များစွာကို ထပ်မံပစ်သွင်းလိုက်သည်။
ပွဲကြည့်သူများထဲမှ စွန်းချန့်ယန်မှာ သူတို့နှစ်ယောက်တိုက်နေသည်ကို ကြည့်တောင်ကြည့်မနေပေ။ နောက်ဆုံးကျလျှင် ချောင်ကျန့်ကျွင်းက ချင်ရန်ကို နှစ်ကွက်လောက်နှင့် အနိုင်တိုက်လိုက်နိုင်မည်ဟု သူထင်နေလေသသည်။
စွန်းချန့်ယန်က လီတဝေကိုကြည့်ကာ ပြောလိုက်လေသည်။ “လူငယ်လေး သိုင်းပညာကို လေးစားကြည်ညိုသင့်တယ်၊ သိုင်းရုပ်ရှင်ထဲကဟာတွေကြည့်ပြီး သိုင်းပညာအစစ်လို့ ထင်မနေနဲ့ကွ”
လီတဝေက သူဩဝါဒပေးသည်ကို နားထောင်ပြီး မပျော်မရွှင်ဖြစ်သွား၏။ သို့သော် မည်သည်မျှတော့ ပြန်မပြောလိုက်ပေ။
ရုတ်တရက် လီတဝေမျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ စတင်ပေါ်လာတော့သည်။
ချင်ရန်က ချောင်ကျန့်ကျွင်းအား တည့်တည့်ကန်လိုက်ခြင်းကြောင့်ပင်။
ထိုအချိန်တွင် စွန်းချန့်ယန်၏ အကြည့်သည်လည်း ကြိုးဝိုင်းထဲသို့ ရောက်သွားတော့သည်။
စွန်းချန့်ယန် မြင်လိုက်ရသည်မှာ ချင်ရန်၏ လျှပ်စီးကဲ့သို့မြန်သော ကန်ချက်ပင်ဖြစ်သည်။ နေရာအနေအထားသာမက အရှိန်ကပါ ပြောစရာမရှိအောင် ပြည့်စုံနေတော့၏။ ချောင်ကျန့်ကျွင်း သူကိုယ်သူ မကာကွယ်နိုင်ခင်မှာပင် ကန်ချက်သည် သူ့ဘယ်ဘက်ခြမ်း ရင်ဘက်တည့်တည့်ကို ထိမှန်သွားတော့သည်။
ဘန်းး။
ဘုတ်ကနဲမြည်သံနှင့်အတူ ချောင်ကျန့်ကျွင်းသည် ရင်ဘက်ကို တူကြီးဖြင့် ထုလိုက်သလိုခံစားရကာ ဧရာမဖိအားကြီးကြောင့် သူ့မျက်နှာမှာလည်း နီမြန်းလာတော့သည်။
“ဘုရားရေ”
ချောင်ကျန့်ကျွင်းမှာ ချင်ရန်ကန်ချက်ကြောင့် အနောက်သို့ ခြေလှမ်းတော်တော်များများ ရွေ့သွားလေ၏။ ရင်ဘက်မှနာကျင်မှုသည် သူ့မျက်နှာကိုပင် ရှုံ့မဲ့သွားစေသည်။
စွန်းချန့်ယန်က မျက်နှာထား မသိမသာပြောင်းလဲသွားပြီး…. “ကျန့်ကျွင်း မင်းဘာဖြစ်နေတာလဲ၊ အဲ့လောက်တောင် အာရုံမစိုက်ပဲနေရသလား၊ ကိုယ့်ရန်သူကို ဘယ်တော့မှအထင်မသေးရဘူး”
သူတွေးလိုက်သည်မှာ ချောင်ကျန့်ကျွင်းက ရန်သူကို အထင်သေးလိုက်ခြင်းကြောင့် ချင်ရန်သည် ဟာကွက်ကိုရှာတွေ့နိုင်သွားခြင်း ဖြစ်သည်ဟုပင်။
သို့သော် ချင်ယန် ယခုလေးတင် ပစ်သွင်းလိုက်သော ကန်ချက်ကြောင့် စွန်းချန့်ယန်အမူအရာမှာ အလေးအနက်ဖြစ်သွားတော့သည်။ ထိုကန်ချက်အရ ချင်ရန်မှာ သိုင်းပညာအား ကျွမ်းကျင်ကြောင်း သက်သေပြနေလေ၏။
ချောင်ကျန့်ကျွင်း ငြီးငြူရုံမှလွဲ၍ မတတ်နိုင်ပေ။
ပိုဆိုးတာက သူအတွက်မှားသွားခြင်းအင်၊ ထိုကန်ချက်တွင် ချင်ယန်က သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံစာမျှသာ သုံးလိုက်ခြင်းဖြစ်ပြီး အားကုန်သာသုံးလိုက်ပါက သူကြိုးဝိုင်းထဲကနေတောင် လွင့်ထွက်သွားလောက်ပြီ ဖြစ်သည်။
“မဖြစ်ဘူး လူအများကြီးကြည့်နေကြတာ၊ ငါလက်စားချေမှကိုဖြစ်မယ်”
ထို့နောက် ချောင်ကျန့်ကျွင်းသည် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများဖြင့် ချင်ရန်ထံသို့ တိုး၀င်လာလေသည်။ လက်သီးနှင့် ကန်ချက်များသည် ရှိသမျှအားကုန်သုံးကာ တိုက်ခိုက်နေသကဲ့သို့ ပြင်းထန်ရက်စက်နေတော့၏။
လီတဝေ၊ ယန်ရှုနှင့် ကျောက်ကျီဝေ့တို့သည်လည်း အံ့ဩမှုကြောင့် ပင့်သက်ရှိုက်လိုက်မိကြသည်။
သို့သော် ချောင်ကျန့်ကျွင်း၏လက်သီးချက်များနှင့် ကန်ချက်များမှာ ချင်ရန်အတွက်တော့ လုံးဝသက်ရောက်မှုမရှိသည်ကို သူတို့ လုံးလုံးလျားလျား နားလည်လိုက်သည်။ ချင်ရန် အမူအရာကိုကြည့်ရသည်မှာ ချောင်ကျန့်ကျွန်းနှင့် ကစားနေသည့်အလားပင်။
‘ဒါက အရမ်းကိုမိုက်လွန်းတယ်’
“အစ်ကိုရန်က တော်တော်အံ့ဩဖို့ကောင်းတာပဲ” လီတဝေ ဂုဏ်ယူသလို ခံစားလိုက်ရကာ စွန်းချန့်ယန်အား ကြည့်ပြီးပြောလိုက်သည်။ “ကျွတ် ကျွတ် လူအိုကြီးချောင်ကတော့ တကယ်ကို အသက်ကြီးလာပြီပဲ၊ လူငယ်တွေကိုတောင် မနိုင်တော့ဘူး”
ယန်ရှုလည်းတွေးလိုက်မိသည်။ “ငါ့ဆရာက သူ့ကိုယ်သူသာ တင်တင်စီးစီးတွေပြောနေတာ တကယ့်တကယ်တမ်းကျ ချင်ရန်လောက်တောင် မတော်ဘူးဟ”
တစ်ဖက်တွင်မူ စွန်းချန့်ယန်မျက်နှာမှာ အတော်လေး ဖြူဖက်ဖြူရော် ဖြစ်နေလေပြီ။ သူသည်မျက်ကန်းမဟုတ်လေရာ သူတို့နှစ်ယောက်ကြားမှ ကွာခြားချက်ကြီးကို သေချာပေါက် မြင်နိုင်လေ၏။
ချင်ရန်ရှေ့တွင် ချောင်ကျန့်ကျွင်းမှာ ကလေးသာသာဖြစ်သည်။ သူ့ထိုးချက်နှင့် ကန်ချက်များသည် မည်မျှပင် ကြမ်းကြုတ်ဟန်ရှိစေကာမူ ချင်ရန်၏ အင်္ကျီအစွန်းအစလေးတောင် ထိခွင့်မရလိုက်ချေ။
“ဒီကလေးဘယ်ကလာတာလဲ၊ သူကကွန်ဖူးပညာကိုတောင် သိတယ်” စွန်းချန့်ယန် တွေးလိုက်မိ၏။
စင်ပေါ်တွင်တော့ ချောင်ကျန့်ကျွင်း၏ မျက်နာမှာ နီရဲနေပြီး အားကုန်သုံးကာ လက်သီးချက်ဒါဇင်ပေါင်းများစွာကို လျင်လျင်မြန်မြန်ပစ်လွှတ်နေသော်လည်း အားအင်ကုန်ခမ်းခြင်းသာ အဖတ်တင်လေသည်။
ထို့နောက် ချင်ရန်အား မျက်စိတစ်ဖတ်မှိတ်ပြလိုက်လေသည်။ “ငါ့ကိုမျက်နှာသာလေးပေးပါဦး လွတ်မြောက်ခွင့်ပေးပါကွာ” ဟုပြောချင်နေသယောင်ပင်။
ချင်ရန် မသိမသာလေးအပေါ်ကို မော့ကြည့်လိုက်သည်၊ သူဘာမှမမြင်လိုက်သည့်အတိုင်းပင်။
ချောင်ကျန့်ကျွင်းကို သင်ခန်းစာပေးမှဖြစ်ပေမည်၊ မဟုတ်လျှင် သူ့စရိုက်က ပြသနာရှိလာမည်ဖြစ်သည်။
“ဘုရားရေ ဒီကလေး”
ချင်ရကန် သူ့ကို မျက်နှာသာမပေးသည်ကို မြင်ပြီး ချောင်ကျန့်ကျွင်း၏ရုပ်မှာ ကြည့်ရဆိုးလာတော့သည်။
ဘာပဲဖြစ်ဖြစ် အခုအချိန်တွင် ချောင်ကျန့်ကျွင်းသည် သူ့ကိုတိုက်ဖို့ရာ အရမ်းအားနည်းလွန်းနေသေးသဖြင့် ချင်ရန်ဟာ ထိုရယ်စရာကိစ္စကြီးကို အဆုံးသတ်ဖို့ အချိန်ကျပြီလို့ တွေးလိုက်လေသည်။
ချင်ရန်မှာ နေရာကနေရွေ့ရန်ပင် မလိုလိုက်ချေ။ အရင်ကတွေ့ဖူးသည့် ကြေးစားလီကွမ်းလိုလူပင် ချောင်ကျန့်ကျွင်းအား အကွက်ဆယ်ကွက်အောက်သာ သုံးကာ အလဲထိုးနိုင်လောက်ပေသည်။
ထို့နောက် ချင်ရန်က ချောင်ကျန့်ကျွင်း၏လက်သီးကို ရှောင်တိမ်းရင်း မထင်ထားလောက်သော ရှုထောင့်မှ အတော်ပြင်းထန်သော ကန်ချက်ဖြင့် ကန်လိုက်လေသည်။
ဘန်းး။
ချင်ရန်က ထိုကန်ချက်တွင် သူ့အား၏ ဆယ်ပုံနှစ်ပုံမျှကိုသာ ထည့်သုံးခဲ့သော်လည်း ချောင်ကျန့်ကျွင်းအတွက်မူ အနောက်သို့ ခြေဆယ်လှမ်းထပ်မက ဆုတ်သွားစေပြီး ကြိုးဝိုင်းကိုထိကာ ပြုတ်ကြမလိုပင်ဖြစ်သွားတော့၏။
“အို့ အစ်ကိုချောင်၊ ခင်ဗျားရဲ့ သက်ညှာမှူအတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ တကယ်ကို ချုပ်တည်းထားခဲ့တာပဲ” ချင်ရန်က ပြုံးကာ ပြောလိုက်သည်။
တစ်ဖက်တွင်တော့ ချောင်ကျန့်ကျွင်း၏ မျက်နှာမှာ ရှုံ့မဲ့နေကာ အနီရောင်တောက်တောက်သို့ပင် သမ်းနေပြီဖြစ်သည်၊ သူအတော်လေးကို ကသိကအောက်ဖြစ်ကာ အရှက်ကွဲသလိုခံစားနေရလေ၏။
လူတော်တော်များများ ကြည့်နေရာ ချောင်ကျန့်ကျွင်းမှာ သိက္ခာဆယ်မရဖြစ်သွားချေပြီ။
“ငါဘာလို့များ သောက်ရူးထပြီး သူ့နဲ့သွားတိုက်ချင်ခဲ့ပါလိမ့်” ချောင်ကျန့်ကျွင်းတွေးမိနေတော့သည်၊ ကသိကအောက်ဖြစ်ရလွန်း၍ သူ့မျက်နှာမှာ လောင်မတတ်ပင်။
ဒါသက်သက် အရှက်ခွဲရဖို့ ဖိတ်ခေါ်ခြင်းပဲမဟုတ်ဘူးလား။
ချင်ရန် စင်အောက်တွင်ရှိနေသော စွန်းချန့်ယန်အားကြည့်ကာ ပြုံးလိုက်သည် “လူအိုကြီးစွန်း ဘယ်လိုခံစားရလဲ ဆယ်ယောက်တစ်ယောက်ဆိုတာ သိပ်မခက်ပါဘူး၊ အမြဲတမ်းမှန်တယ်ဆိုတာမရှိဘူးလေ”
ထိုစကားကိုကြားသော် စွန်းချန့်ယန်မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အံတင်းတင်းကြိတ်ကာ ပြောလေသည် “ကျန့်ကျွင်း ဒီလူအိုကြီးကတော့ ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ၊ သူမင်းလို လူငယ်လေးကိုတောင် နိုင်အောင်မတိုက်နိုင်ဘူး”
“မင်းလည်း ငါ့သိုင်းပညာကျောင်းကို ရောက်နေလက်စနဲ့ ဒီမှာရှိတဲ့ သိုင်းဆရာတွေနဲ့များ ယှဉ်တိုက်ချင်မလားလို့ သိချင်ပါရဲ့” စွန်းချန့်ယန် ချင်ရန်အားကြည့်ကာ ပြောလိုက်သည်။
သူသည် အထက်လူကြီးဖြစ်ပြီး အင်အားကြီးမားသော်လည်း ချင်ရန်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလောက်အောင် သူ့မျက်နှာအား ဖြတ်ရိုက်နေပြီဖြစ်သည်။
ပြောစရာတောင်မလိုပါ၊ စွန်းချန့်ယန်သည် သူ့မျက်နှာကို ပြန်လည်အဖတ်ဆည်ချင်ပေသည်။