← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

45

ထိုစဉ် လက်ဝှေ့စင်မြင့်၏ ထောင့်လေးထောင့်တွင် နည်းပြလေးဦးမှာ ကျောက်ရုပ်များသဖွယ် တည်ငြိမ်စွာ နေရာယူထားကြပြီး သူတို့၏ အကြည့်များမှာ ချင်ရန်ထက်သို့ စုပြုံကျရောက်နေသည်။

သူတို့၏ မျက်နှာထက်တွင် မကျေမနပ်ဖြစ်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ အထင်အရှားပေါ်လွင်နေ၏။ ဟုန်ရန်သိုင်းပညာကျောင်း၏ ဂုဏ်သိက္ခာကို လာရောက်စိန်ခေါ်ရဲသည့် ဤကဲ့သို့သော အသိဉာဏ်ကင်းမဲ့သည့် လူငယ်မျိုးကို သူတို့တစ်သက်တွင် တစ်ခါမျှ မကြုံဖူးချေ။

ဤသည်မှာ သူတို့၏ထမင်းအိုးဖြစ်သလို ဂုဏ်သိက္ခာလည်းဖြစ်သဖြင့် ချင်ရန်ကို ပြတ်ပြတ်သားသား အနိုင်ယူပြရမည်ကို သူတို့အားလုံးနားလည်ထားကြသည်။

ယခုအခါ ကျောင်းသားပေါင်းများစွာမှာလည်း ဝိုင်းအုံကြည့်ရှုနေကြပြီဖြစ်သဖြင့် ချင်ရန်ကို လျင်မြန်လှပစွာ အလဲထိုးပြနိုင်မှသာ ကျောင်း၏အရှိန်အဝါကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

လက်ဝှေ့နည်းပြက ရှေ့သို့ နှစ်လှမ်းခန့် တိုးထွက်လာပြီး အေးစက်စွာ ပြောလိုက်၏။ “တို့ လေးယောက်လုံး ဝိုင်းတိုက်ရင်တော့ အနိုင်ကျင့်ရာ ရောက်လိမ့်မယ်။ ငါပဲ အရင်စလိုက်မယ်”

သူက ရှေ့သို့ တက်ရန်ပြင်လိုက်သော်လည်း သူ၏ဘေးနားရှိ ပိန်ပိန်ပါးပါးနှင့် ကြွက်သားများကျစ်လျစ်နေသည့် မွေထိုင်းနည်းပြက လက်တားလိုက်ကာ စကားစလာလေသည်။ “ငါပဲ လုပ်ပါရစေ။ မင်းရဲ့ ကိုယ်အလေးချိန်အတန်းအစားက အရမ်းကြီးလွန်းတယ်။ မင်း နိုင်သွားရင်တောင် ဒါက သိက္ခာရှိတဲ့ အနိုင်ရမှု ဖြစ်မှာမဟုတ်ဘူး”

သူ၏ အသံမှာ အက်ရှရှနှင့် အေးစက်နေပြီး ချင်ရန်ကို ကြည့်နေသည့်အကြည့်များမှာ အကြွင်းမဲ့ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။

“ကောင်းပြီလေ” လက်ဝှေ့နည်းပြက ခဏမျှစဉ်းစားပြီးနောက် မွေထိုင်းနည်းပြကို နေရာပေးလိုက်သည်။

အခြားတစ်ဖက်တွင်မူ ချင်ရန်က သူ၏ဦးခေါင်းကို အသာအယာခါယမ်းလိုက်ရင်း ခပ်အေးအေး ဆိုလိုက်၏။ “တစ်ယောက်ချင်းစီတက်လာမယ်လို့ တကယ်ပဲဆုံးဖြတ်ထားတာလား၊ ဒါကအချိန်ဖြုန်းတာပဲဖြစ်လိမ့်မယ်။ ဒါပေမဲ့ ခင်များတို့က ဒီလိုပဲဆန္ဒရှိတယ်ဆိုရင်လည်း ကျွန်တော်ကပဲ အမြန်ဆုံး အဆုံးသတ်ပေးလိုက်ပါ့မယ်”

ဤစကားကြောင့် နည်းပြလေးဦးလုံး၏ မျက်နှာများမှာ ဒေါသကြောင့် နီမြန်းသွားကြသည်။ ဤမျှ စိုးရိမ်စရာကောင်းသည့် အခြေအနေတွင်ပင် သူက မောက်မာမြဲ မောက်မာနေဆဲ မဟုတ်လော။

စင်အောက်ရှိ ကျောင်းသားများမှာလည်း အံ့အားသင့်ကာ ဝိုင်း၍ကဲ့ရဲ့ကြသည်။ “အမြန်ဆုံးအဆုံးသတ်ပေးမယ် ဟုတ်လား၊ သူဆိုလိုတာက သူကိုယ်တိုင်ပဲ အမြန်ဆုံး အသတ်ခံရမယ်လို့ ပြောတာလား”

“ဒါပေါ့၊ မင်းတို့ ငါတို့မွေထိုင်းနည်းပြရဲ့အစွမ်းကို မမြင်ဖူးသေးလို့ပါ။ သူ့ရဲ့ အရှိန်က လျှပ်စီးလိုပဲ၊ လက်သီးတစ်ချက်တည်းနဲ့ ဆယ်စင်တီမီတာ အထူရှိတဲ့ သစ်သားပြားကို အပေါက်ဖောက်နိုင်တာကွ၊ ဒီကောင့်ကို ဘယ်လိုတောင်အလဲထိုးမလဲဆိုတာ စောင့်ကြည့်နေလိုက်”

ကျောင်းသားများသည် သူတို့၏နည်းပြများအပေါ် အကြွင်းမဲ့ယုံကြည်ကိုးစားနေကြသည်။ အဘယ်ကြောင့်ဆိုသော် သင်တန်းကျောင်း၏အရှိန်အဝါကို ပြသရန် နည်းပြများမှာ သူတို့၏အစွမ်းအစများကို အမြဲတမ်း ထုတ်ဖော်ပြသလေ့ရှိသောကြောင့်ပင်။

တစ်ခါက ကျောင်းသားတစ်ဒါဇင်ကျော်က မွေထိုင်းနည်းပြကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့သော်လည်း အားလုံးမှာ တစ်ယောက်မကျန် အလဲထိုးခံခဲ့ရဖူးသည်။

“နည်းပြ၊ တက်လိုက်စမ်းပါ။ ဒီစိန်ခေါ်တဲ့ကောင်ကို လက်သီးတစ်ချက်တည်းနဲ့ အပြတ်ရှင်းလိုက်ပါ”

“လုပ်လိုက်စမ်းပါနည်းပြ”

မွေထိုင်းနည်းပြ၏တပည့်များမှာ စင်အောက်မှနေ၍ အားကြိုးမာန်တက် အော်ဟစ်နေကြသည်။ စင်မြင့်ပေါ်တွင်မူ ချင်ရန်က ပခုံးကို အသာအယာတွန့်လိုက်ရင်း ပြောလိုက်၏။ “မြန်မြန်ပဲ အဆုံးသတ်ကြစို့”

“ငါလည်း အဲဒီအတိုင်းပဲရည်ရွယ်ထားပါတယ်” မွေထိုင်းနည်းပြက ခေါင်းညိတ်လိုက်သည်။ တပည့်များ၏အားပေးသံများက သူ့ကို ပိုမိုခွန်အားဖြစ်စေပြီး သူ၏အစွမ်းအစကို ပြသရန် အကောင်းဆုံးအခွင့်အရေးဟု မှတ်ယူထားလေ၏။

ရုတ်တရက် မွေထိုင်းနည်းပြ၏မျက်ဝန်းများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားကာ သားကောင်ကို စိုက်ကြည့်နေသည့် တောဝံပုလွေတစ်ကောင်အလား ခက်ထန်လာသည်။

သူက မွေထိုင်း တိုက်ခိုက်ရေးပုံစံကို ယူလိုက်ပြီး ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းကို အစွမ်းကုန်တောင့်တင်းထားလိုက်၏။

မွေထိုင်းပညာရပ် သို့မဟုတ် အင်္ဂါရှစ်ပါး အတတ်ပညာသည် လက်သီး၊ ခြေထောက်၊ ဒူးနှင့် တံတောင်တို့ကို အသုံးပြုရကာ ပြိုင်ဘက်ကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်လှပေသည်။

“လာတိုက လေ” ချင်ရန်က တည်ငြိမ်စွာ ပြောလာ၏။

ဝုန်းးး။

ချင်ရန်၏စကားပင် မဆုံးသေးမီ မွေထိုင်းနည်းပြသည် လေထဲသို့ခုန်တက်ကာ ပြင်းထန်လှသောကန်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

သူ၏ ခြေထောက်အရှိန်မှာ လျှပ်စီးကဲ့သို့ပင် မြန်ဆန်လှသဖြင့် လေထုကို ခွဲထွက်သွားသည့် ဝှစ် ဟူသော အသံကိုပင် အတိုင်းသား ကြားလိုက်ရ၏။

စင်အောက်ရှိကျောင်းသားများအားလုံး အံ့သြတုန်လှုပ်ကာ အသက်ပင် မရှူဝံ့ကြချေ။ ထိုကန်ချက်သာ သူတို့ဆီသို့ ဦးတည်လာပါက အဝေးသို့ လွင့်စင်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

စင်ပေါ်ရှိအခြားနည်းပြသုံးဦးမှာလည်း တည်ကြည်သွားကြသည်။ ထိုကန်ချက်မှာ အဆင့်မြင့်လွန်းလှသဖြင့် သူတို့ကိုယ်တိုင်ပင် ရှောင်တိမ်းရန် ခက်ခဲပေလိမ့်မည်။ သို့သော် ထိုကန်ချက်က ချင်ရန်၏ကိုယ်ပေါ်သို့ ကျရောက်တော့မည့်ဆဲဆဲတွင် ချင်ရန်က လှုပ်ရှားလိုက်သည်။

သူသည် မွေထိုင်းနည်းပြ၏ ခြေထောက်နှင့်အတူ လိုက်ပါလှုပ်ရှားကာ လျှပ်စီးသဖွယ်မြန်ဆန်သောလက်များဖြင့် ခြေသလုံးကို ဖမ်းကိုင်လိုက်၏။ ထို့နောက် ပြိုင်ဘက်၏အရှိန်အဟုန်ကို လက်နက်သဖွယ် ပြန်လည်အသုံးပြုကာ အရှိန်ပြင်းပြင်းဖြင့် လွှဲရမ်းပစ်လိုက်လေတော့သည်။

ဘုန်းးးး။

ချင်ရန်၏ ကြီးမားလှသောအင်အားနှင့် မွေထိုင်းနည်းပြ၏ ကန်ချက်အရှိန်တို့ ပေါင်းစပ်သွားသောအခါ နည်းပြမှာ ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ထက်သို့ အရှိန်အဟုန်ဖြင့် လဲကျသွားကာ အကြိမ်ပေါင်းများစွာ လိမ့်ထွက်သွားတော့သည်။

မွေထိုင်းနည်းပြ၏မျက်နှာမှာ ပြာနှမ်းသွားပြီး သူသည် မြေပြင်ပေါ်တွင် လိမ့်ထွက်သွားပြီးနောက်မှ အသည်းအသန် ပြန်လည်ရပ်တည်နိုင်ခဲ့သော်လည်း သူ၏မျက်ဝန်းများတွင်မူ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။

စောစောက သူ၏ကန်ချက်မှာ အရှိန်ရောအင်အားပါ ပြည့်စုံလွန်းလှသည်ကို ဤလူငယ်က မည်သို့များ ဖမ်းကိုင်နိုင်ခဲ့သနည်း။

သူသာမက အခြားနည်းပြသုံးဦးလုံးမှာလည်း တုန်လှုပ်သွားကြကာ ချင်ရန်ကို အကဲဖြတ်သည့်အကြည့်များမှာလည ပြောင်းလဲသွားသည်။ ဤပိန်ပါးပါးလူငယ်မှာ တကယ်ပင် အစွမ်းထက်လှပေ၏။

စင်အောက်ရှိကျောင်းသားများမှာမူ မှင်တက်နေကြပြီဖြစ်သည်။ ပြီးပြည့်စုံသောထိုကန်ချက်ကို ချင်ရန်က ရှောင်တိမ်းခြင်းပင်မပြုဘဲ အသာအယာဖမ်းကိုင်ကာ လွှင့်ပစ်လိုက်သည်မဟုတ်လော။

“နည်းပြရဲ့ကန်ချက်က မထိဘူးလား”

“ဒီလောက်မြန်တဲ့ခြေထောက်ကိုတောင် သူကဖမ်းမိတယ်လား”

“ဒီစိန်ခေါ်တဲ့လူကလည်း သာမန်တော့မဟုတ်ဘူးပဲ”

စွန်းချန့်ယန်၏ မျက်နှာမှာလည်း ကြည့်မကောင်းတော့ချေ။ ကျောင်းသားများအားလုံး၏ရှေ့တွင် မွေထိုင်းနည်းပြမှာ အရှက်တကွဲ ဖြစ်သွားရသည် မဟုတ်လော။

ဤသည်မှာ ဟုန်ရန် သိုင်းပညာကျောင်း၏ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေသဖြင့် စွန်းချန့်ယန်က အော်ဟစ်လိုက်သည်။ “လက်တွန့်မနေနဲ့။ မင်းရဲ့ အစွမ်းအစတွေကို အကုန်ထုတ်သုံးစမ်း၊ လူတွေအများကြီး ကြည့်နေတာ၊ သိက္ခာအကျမခံနဲ့”

ဘေးနားရှိ လီတဝေ့ကမူ တိုးတိုးလေး ရေရွတ်လိုက်သည်။ “သူ့အစွမ်းတွေ အကုန်ထုတ်သုံးလည်းဘာထူးမှာလဲ။ ခြင်္သေ့တစ်ကောင်ထက် အစွမ်းထက်နိုင်ပါ့မလား၊ စီနီယာချင်ရန်က ခြင်္သေ့ကိုတောင်အနိုင်ယူခဲ့တာလေ၊ ဒီမွေထိုင်းနည်းပြလောက်ကတော့ အေးဆေးပဲ”

စင်မြင့်ပေါ်တွင် မွေထိုင်းနည်းပြမှာ ဒေါသနှင့် အရှက်ရမှုကြောင့် တုန်ယင်နေသည်။ သူသည် ချင်ရန်ကို သင်ခန်းစာ ကောင်းကောင်း ပေးရမည်ဟု ဆုံးဖြတ်လိုက်ပြီး အေးစက်စွာ ဆိုလိုက်၏။

“မင်း တကယ်ပဲ အစွမ်းထက်သားပဲ။ ဒါပေမဲ့ဒီနေ့တော့ မင်း ဒဏ်ရာအကြီးအကျယ်ရသွားစေရမယ်”

“လာလေ” ချင်ရန်က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။

ဝုန်းးးး။

မွေထိုင်းနည်းပြသည် တစ်ဖန် ရှေ့သို့တိုးဝင်လာပြီး လျင်မြန်လှသော လက်သီးချက်များကို တရစပ် ပစ်လွှတ်လိုက်သည်။ ဖြောင့်လက်သီး၊ ဝိုက်လက်သီးနှင့် အခြားသော နည်းစနစ်များမှာ ပြင်းထန်သောမုန်တိုင်းတစ်ခုသဖွယ် ချင်ရန်ထံသို့ ကျရောက်လာ၏။

ဤကဲ့သို့သော တိုက်စစ်မျိုးကို ဆက်တိုက်ခံရပါက အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။ သို့သော် ချင်ရန်မှာမူ ထိုမုန်တိုင်းသဖွယ်တိုက်စစ်များကို အသာအယာပယ်ဖျက်နေပြီး လက်သီးတစ်ချက်မျှပင် သူ့ကိုယ်ပေါ်သို့ မကျရောက်ရလာချေ။

ထိုအချိန်တွင် ချင်ရန်၏စိတ်ထဲ၌ ကျေနပ်မှုတစ်ခုဖြစ်ပေါ်နေသည်။ ‘ဒီမွေထိုင်းပညာက တကယ်ကို မဆိုးဘူးပဲ။ အရှိန်ကလည်း တကယ်ကို ချီးကျူးစရာပဲ၊ ငါသာ ချီတာရဲ့အရှိန်အဟုန်ကို မရထားဘူးဆိုရင်၊ ငါလည်း သတိအကြီးအကျယ် ထားရမှာပဲ၊ ဒါပေမဲ့ အခု ငါ့ရဲ့တုံ့ပြန်မှုက လေးဆလောက်ပိုမြန်နေပြီ။ မင်း ဘယ်လောက်ပဲမြန်မြန် ငါ့မျက်လုံးထဲမှာတော့ ကလေးငယ်တစ်ယောက်ရဲ့ လက်သီးတွေလိုပဲ နှေးကွေးနေတာပဲ။’

ချင်ရန်က ခေါင်းခါယမ်းလိုက်ပြီးနောက် မွေထိုင်းနည်းပြ၏အနားသို့ တိုးကပ်ကာ လက်သီးများကို တိုက်ရိုက် ဖမ်းကိုင်လိုက်သည်။

ဘုန်းးး။

ချင်ရန်က သူ၏ ညာဘက်ကိုယ်လုံးအင်အားကို အသုံးပြုကာ မွေထိုင်းနည်းပြကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်၏။

ဤသည်မှာ သာမန်တိုက်မိခြင်းမျိုး မဟုတ်ဘဲ မြန်နှုန်းမြင့်ကားတစ်စီးနှင့် တိုက်မိသကဲ့သို့ ပြင်းထန်လှပေသည်။ မွေထိုင်းနည်းပြမှာ လွင့်စင်ကာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားပြီး သူ၏တိုက်စစ်များမှာလည်း ချက်ချင်းပင် ကွယ်ပျောက်သွားတော့၏။

“အာ့...”

မွေထိုင်းနည်းပြမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ကွဲကြေသွားသကဲ့သို့ ခံစားနေရသည်။

သူသည် အရိုးများ ကျိုးသွားမည်ကို စိုးရိမ်သဖြင့် မလှုပ်ဝံ့ဘဲ ရှိနေရှာသည်။ သူ၏မျက်နှာတွင်မူ ထိတ်လန့်တုန်လှုပ်မှုများသာ အထင်အရှားရှိနေတော့၏။ ကမ္ဘာ့အဆင့်မီ ဆုတံဆိပ်ရှင်တစ်ဦးဖြစ်သော်လည်း ချင်ရန်၏ရှေ့တွင်မူ သူသည် အားကိုးရာမဲ့သော ကလေးတစ်ယောက်အလား အလွယ်တကူရှုံးနိမ့်ခဲ့ရသည်။

မွေထိုင်းနည်းပြ အလဲထိုးခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ စင်အောက်ရှိကျောင်းသားများမှာလည်း ပွက်လောရိုက်ကာ အုတ်အော်သောင်းနင်း ဖြစ်သွားကြလေတော့သည်။

46

“ငါတို့နည်းပြ လဲကျသွားတာလား”

“ဒီလူကဘယ်သူလဲ၊ သူက ငါတို့နည်းပြကို အနိုင်ယူလိုက်တာလား”

“အိုး မြတ်စွာဘုရား၊ ငါ့ကမ္ဘာကြီးရပ်သွားပြီ၊ ငါ့နည်းပြက အသန်မာဆုံးလို့ အမြဲထင်ခဲ့တာ၊ သွားပြီပေါ့”

ကျောင်းသားများသည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်နေကြသည်။ အထူးသဖြင့် မွေထိုင်း နည်းပြများထံတွင် ရက်ပေါင်းများစွာ ပညာသင်ယူခဲ့ကြသည့် ကျေင်းသားဖြစ်ကြ၏။

၎င်းတို့သည် မွေထိုင်းနည်းပြ၏ သန်မာမှုကို ကောင်းကောင်းသိကြသည်။ သို့သော် ယခုအခါ ထိုနည်းပြမှာ လူငယ်တစ်ယောက်၏ လက်ချက်ဖြင့် မြေပြင်ပေါ်တွင် လဲကျနေပြီဖြစ်သည်။

စောစောက မွေထိုင်းနည်းပြ၏ ပြင်းထန်လှသည့် တိုက်ခိုက်မှုများသည် လူအများကို ထိတ်လန့်စေခဲ့၏။ အဆိုပါနည်းပြသည် အလွန်အစွမ်းထက်လှသော်လည်း ချင်ရန်အပေါ်သို့ လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက် မျှပင် ထိရောက်ခြင်းမရှိခဲ့ပေ။

ချင်ရန်သည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသည်ဟု ကဲ့ရဲ့အထင်သေးခဲ့ကြသော ကျောင်းသားများသည် ယခုအခါတွင် မယုံနိုင်အောင်ဖြစ်သွားပြီး သူတို့ကိုသူတို့ ရှက်နေကြသည်။

ထိုကျောင်းသားများကြားတွင် ရပ်ကြည့်နေသည့် စွန်းချန်ယန်၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

အထူးသဖြင့် မွေထိုင်းနည်းပြအား ချင်ရန်က အလဲထိုးအနိုင်ယူလိုက်သည်ကို လုံးဝလက်မနိုင်ဖြစ်နေသည်။

ထို့အပြင် ယခုလို အလဲထိုးခံလိုက်ရမှုသည် သာမန်အလဲထိုးခံရမှုနဲ့မတူပေ။ အဘယ်ကြောင့်ဆိုသော် မွေထိုင်းနည်းပြသည် ပြန်ထလာနိုင်ခြင်းမရှိသောကြောင့် ဒဏ်ရာပြင်းထန်စွာရသွားသည်မှာ သေချာ၏။

စွန်းချန်ယန်၏ မျက်နှာသည် အလွန်အမင်း ပျက်ယွင်းသွားသည်။ မိမိ၏နည်းပြ လဲကျသွားပြီး ပြန်မထနိုင်တော့လျှင် ဤသိုင်းပညာကျောင်းအား မည်သို့ ဆက်လက်လည်ပတ်ရမည်ကို မသိတော့ပေ။

ဤအချိန်တွင် စွန်းချန့်ယန် ဆက်လက် သည်းမခံနိုင်တော့ဘဲ အော်ဟစ်ပြောလိုက်သည်။

“ဒီအတိုင်း ရပ်ကြည့်မနေကြနဲ့၊ မင်းတို့တွေ အဲဒီကောင်ကို မြန်မြန်သွားပြီးနှိမ်နင်းလိုက်ကြစမ်း”

စွန်းချန့်ယန်သည် အသားကုန်အော်ဟစ် လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျောင်းသားများကြည့်ရှုနေကြသောကြောင့် ဖြစ်ပြီး အကယ်၍ သူသာချင်ရန်အား အမြန်ဆုံးမဖြေရှင်းနိုင်လျှင် ဟုန်ရန်သိုင်းပညာကျောင်း၏ ဂုဏ်သိက္ခာသည် လုံးဝ ပျက်စီးသွားပေတော့မည်။

စင်မြင့်ပေါ်တွင်ကျန်ရှိနေသည့် ဂျူဒို၊ နပန်း၊ လက်ဝှေ့ နည်းပြသုံးဦးစလုံးသည်လည်း ချင်ရန်သည် ခဲယဉ်းသော ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်းကို သိသွားကြပြီဖြစ်သည်။

ချင်ရန်ကို တစ်‌ယောက်ချင်းစီသာ ရင်ဆိုင်တိုက်ခိုက်ရပါက အနိုင်ရရန်မသေချာပေ။ အဘယ်ကြောင့်ဆိုသော် ချင်ရန်၏ စောစောက တိုက်ခိုက်မှုများမှာ အလွန်အစွမ်းထက်လှသောကြောင့် ဖြစ်သည်။

ယခုအခါ ကျောင်းဥက္ကဠကြီးကိုယ်တိုင် အမိန့်ပေးလိုက်ပြီဖြစ်ရာ ၎င်းတို့သည် အံကြိတ်၍ ချင်ရန်ကို စုပေါင်းတိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြသည်။

“အားလုံး တူတူတိုက်မယ်”

“ဒီကောင်ကို စင်ပေါ်ကနေပစ်ချလိုက်၊ ဒါမှ ငါတို့မျက်နှာနည်းနည် ပြန်ရမှာ”

“တက်မယ်”

နည်းပြသုံးဦးသည် တစ်ပြိုင်နက်ထဲ လှုပ်ရှားလိုက်ပြီး ချင်ရန်အား တြိဂံပုံစံဖြင့် ဝိုင်းရံလိုက်ကြပြီး စင်ပေါ်မှ ရိုက်ချရန်ကြိုးစားကြတော့သည်။

စင်အောက်တွင်ကြည့်နေသော ကျောင်းသားများသည်လည်း အံ့အားသင့်သွားကြသည်။ ယခုလို လူသုံးယောက်မှ တစ်ယောက်အား ဝိုင်းဝန်းတိုက်ခိုက်ခြင်းသည် ကောင်းသောဗျူဟာမဟုတ်ပေ။

ထိုသို့တိုက်ခိုက်ခြင်းကြောင့် သူတို့ကျောင်းအနိုင်ရခဲ့လျှင်ပင် ကြည့်ရသည်မှာ မမျှတသလိုခံစားရပေမည်။

လီတာဝေ၊ ယန်ရှုနှင့် ကျောက်ကျိဝေတို့သည် ချင်ရန်အတွက် စတင်ပြီး စိုးရိမ်လာကြသည်။

သူတို့သည် ထိုနည်းပြများ ဤသို့ စုပေါင်းတိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ထိုသို့စုပေါင်းတိုက်ခိုက်လျှင် ချင်ရန် မတောင့်ခံနိုင်မည်ကို စိတ်ပူလာကြသည်။

ထိုနည်းပြများစုပေါင်း တိုက်ခိုက်လို့ အနိုင်ရလျှင်ပင် ဤသည်မှာ မတရားသောအောင်ပွဲသာ ဖြစ်လိမ့်မည်။

ထိုအချိန်တွင် စင်မြင့်ပေါ်၌ နည်းပြသုံးယောက်လုံး သူ့အနားသို့ နီးကပ်လာသည်ကို မြင်သောအခါ ချင်ရန်သည် ခပ်မှိန်မှိန်လေးပြုံးလိုက်သည်။

“ခင်ဗျားတို့အားလုံး တူတူလာမှာကို ကျွန်တော်ကစောင့်နေတာ၊ ကျွန်တော်က အဖိုးကြီးစွန်းနဲ့ ညစာစားဖို့လောနေတာ၊ ဒီတော့ တစ်ယောက်ချင်းစီလာနေရင် အချိန်ကုန်တယ် မြန်မြန်လေးပြီးသွားအောင် သုံးယောက်လုံးလာခဲ့လိုက်”

“ဘုန်း”

ချင်ရန် နောက်ဆုံး၌ လှုပ်ရှားလိုက်ပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် သူက အရင်ဦးအောင်တိုက်ခိုက်လိုက်၏။

အားနည်းချက်ဖြစ်သော ဆံပင်ရွှေရောင်၊ မျက်လုံးပြာနှင့် ဂျူဒိုနည်းပြကို အရင်ဆုံးအာရုံစိုက်လိုက်သည်။ သူမအားအနိုင်ယူပြီးမှ ကျန်သည့်နှစ်ယောက်ကို ရင်ဆိုင်မည်ဖြစ်၏။

“ဒုန်း”

ချင်ရန်သည် ဂျူဒိုနည်းပြအား လက်သီးဖြင့် ထိုးလိုက်ရာ သူမ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လက်နှစ်ဖက်ဖြင့် အမြန်ကာကွယ်လိုက်သည်။

သို့သော် သူမသည် ချင်ရန်ကို ပြန်လည်ဖမ်းချုပ်ရန် နောက်ကျသွားသဖြင့် ချင်ရန်သည် ထိုအခွင့်အရေးအား အရယူကာ သူမ၏ပေါင်ဘေးကို အားပြင်းပြင်းဖြင့် ကန်လိုက်သည်။

ချင်ရန်သည် ထိုဂျူဒိုနည်းပြအား သူ၏ ဂျူဂျစ်ဆုပညာကို အသုံးချရန် အခွင့်အရေးလုံးဝမပေးဘဲ လှုပ်ရှားမှု အနည်းငယ်ဖြင့်ပင် ကန်ထုတ်လိုက်၏။

နောက်တစ်ဆင့်တွင် သူသည် အခြားနည်းပြနှစ်ဦးကို ရင်ဆိုင်လိုက်သည်။ လက်ဝှေ့နည်းပြနှင့် နပန်းနည်းပြတို့မှာ ကိုယ်အလေးချိန်စီးသူများဖြစ်ကြသဖြင့် ကန်ထုတ်ရန်မှာ ခက်ခဲလိမ့်မည်။

ထို့ကြောင့် ချင်ရန်သည် မြန်ဆန်သော သူ၏လက်သီးချက်များကိုသာ အဆက်မပြတ် အသုံးပြု၍ တိုက်ခိုက်လိုက်သည်။ လက်ဝှေ့နည်းပြ၏ လက်သီးချက်များသည် သူ့အပေါ်သို့လုံးဝ မကျရောက်လာပေ။

သူ၏ လက်သီးများသည် ပြင်းထန်လွန်းပြီး ထိမှန်ပါက သတိမေ့သွားနိုင်သော်လည်း ချင်ရန်၏ အလွန်လျင်မြန်သော လှုပ်ရှားမှုများကြောင့် တစ်ချက်ကလေးမှ မထိခဲ့ပေ။

ချင်ရန်သည် လက်ဝှေ့နည်းပြကို အချက်ပေါင်းတစ်ရာမက ထိုးနှက်လိုက်ရာ လက်‌ဝှေ့နည်းပြ၏ တစ်ကိုယ်လုံးမှာရှိ ကြွက်သားများသည် နာကျင်မှုကို စတင်ခံစားလာရသည်။

အခွင့်အရေးရသည်နှင့် ချင်ရန်သည် လက်ဝှေ့နည်းပြ၏ရင်ဘတ်ကို အားပြင်းပြင်းဖြင့် ထိုးလိုက်ရာ နည်းပြမှာ အော်ဟစ်ပြီးလဲကျသွားတော့သည်။

“ဘုန်း”

လက်ဝှေ့နည်းပြ မြေပြင်ပေါ်သို့ ပြန်လည်လဲကျသွားသည်ကိုကြည့်ရင်း အခြားတစ်ဖက်မှ နပန်းနည်းပြမှာ ကြောင်တောင်တောင်ဖြစ်ကျန်နေခဲ့၏။

သူ၏ လှုပ်ရှားမှုများသည် လက်ဝှေ့နည်းပြထက်ပင် ပိုမိုနှေးကွေးသည်။ အဘယ်ကြောင့်ဆိုသော် နပန်းပညာသည် ပြိုင်ဘက်ကို ကိုင်မိဖမ်းမိမှသာ နည်းစနစ်ကို အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ချင်ရန်၏လျင်မြန်မှုကြောင့် သူသည် ချင်ရန်ကို ထိပင်မထိနိုင်ခဲ့ပေ။

ယခုအခါ သူ၏အဖော်နှစ်ဦးဖြစ်သော လက်ဝှေ့နည်းပြနှင့် ဂျူဒိုနည်းပြတို့မှာ လဲကျနေပြီဖြစ်ရာ သူတစ်ဦးတည်းသာ ကျန်တော့သည်။ နပန်းနည်းပြသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများပြည့်နှက်နေ၏။

“ငါ့ရှေ့ကလူက သာမန်ဆရာကြီးတစ်ယောက်မဟုတ်ဘူး၊ သူက ဆရာ့ဆရာကြီးပဲဟ”

ဤလက်ဝှေ့နည်းပြသည် တစ်ချိန်က ပြည်တွင်း ဝိတ်တန်းလက်ဝှေ့ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ဖူးသူ ဖြစ်သဖြင့် အလွန်သန်မာကြောင်း သူသိသည်။

ချင်ယန်သည် နပန်းနည်းပြအားကြည့်ကာ သူ ဆက်မတိုက်ချင်တော့သည်ကို ရိပ်မိသဖြင့် ရယ်မောကာ မေးလိုက်၏။

“ဘာဖြစ်လို့လဲနည်းပြ၊ ဆက်မတိုက်တော့ဘူးလား”

နပန်းနည်းပြသည် သက်ပြင်းချကာ ခါးသီးသောအပြုံးဖြင့် ခေါင်းခါလိုက်သည်။ ထို့နောက် စင်အောက်တွင် ဒေါသကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေသော ကျောင်းဥက္ကဠစန်းချန်ယန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်ယန်အား ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေ၏။

“ငါတို့နပန်းက အရမ်းနှေးတယ်၊ မင်းက မြန်လွန်း‌နေတော့ ငါ မင်းကို ဘယ်လိုမှဖမ်းမိမှာမဟုတ်ဘူး”

ချင်ယန်က အခုတော့သိသွားပြီပေါ့ဆိုသည့် အဓိပ္ပယ်ဖြင့် မျက်ခုံးပင့်ပြလိုက်သည်။ ဤနပန်းနည်းပြမှာ အခြေအနေကို‌ ကောင်းကောင်းနားလည်တတ်သူဖြစ်သဖြင့် သူအံ့သြမိသွား၏။

“ဒါဆိုရင် ငါတို့ရဲ့အစမ်းလေ့ကျင့်မှုကို ဒီမှာပဲအဆုံးသတ်လိုက်ကြတာပေါ့”

နပန်းနည်းပြသည် ချင်ရန်အား ဘာမှထပ်မပြောတော့ဘဲ နာကျင်မှုကြောင့်လဲကျနေသည့် နည်းပြသုံးဦးအားကြည့်ကာ သူ တုန်လှုပ်သွားမိသည်။ နိုင်ငံတော်အဆင့် လက်ဝှေ့ချန်ပီယံ၊ ကမ္ဘာ့မွေထိုင်း ကြေးတံဆိပ်ဆုရှင်နှင့် အမျိုးသမီးဂျူဒို ကမ္ဘာ့ချန်ပီယံတို့မှာ ချင်ရန်၏လက်ထဲတွင် အလွန်လွယ်ကူစွာရှုံးနိမ့်သွားခဲ့ရ၏။

စင်အောက်ရှိ လက်ထောက်နည်းပြများနှင့် ကျောင်းသားများမှာလည်း ရုတ်ရုတ်သဲသဲဖြစ်နေကြပြီဖြစ်သည်။

“ငါတို့နည်းပြတွေက တကယ်ပဲ မနိုင်ကြဘူးပဲ”

“သူတို့က ဒီလူကိုမနိုင်ဘူးလား လေးယောက်လုံးပေါင်းတိုက်တာတောင် အနိုင်မရနိုင်ဘူးဆိုတာ မဖြစ်နိုင်တာ”

“ပြီးသွားပြီ ဒီတစ်ခါစိန်ခေါ်မှုကတော့ ပြောင်းပြန်ဖြစ်သွားပြီ”

ကျောင်းသားတစ်စု၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများ ဖြစ်ပေါ်လာကြ၏။ သူတို့ ဤသင်တန်းကျောင်းကို လာရောက်တက်ကြချင်းမှာ အစွမ်းထက်ဆုံးကိုယ်ခံပညာကို သင်ယူရန်ဖြစ်ကြသည်။

သို့သော် ယခုအခါ သူတို့၏နည်းပြများမှာ အခြားသူတစ်ဦး၏စိန်ခေါ်မှုတွင် ရှုံးနိမ့်သွားခဲ့ရပြီဖြစ်ရာ ဤ‌ကျောင်းတွင် သူတို့ ဆက်မသင်ကြလိုသောစိတ်များ ဝင်လာကြသည်။ ကျောင်းသားအများအပြားသည် ချင်ရန်အား အော်ဟစ်မေးမြန်းလာကြ၏။

“ဆရာကြီး ခင်ဗျားတကယ်တော်တာပဲ၊ ဆရာကြီးရဲ့ ကိုယ်ခံပညာကျောင်းနာမည်က ဘယ်လိုခေါ်လဲခင်ဗျ”

“ဟုတ်တယ်၊ ဆရာကြီးက အရမ်းတော်တာပဲ၊ ကျွန်တော်တို့ ဆရာကြီးဆီမှာ ကိုယ်ခံပညာသင်ယူချင်ပါတယ်”

“လက်ဝှေ့ချန်ပီယံတွေ၊ မွေထိုင်းချန်ပီယံတွေကို အနိုင်ယူနိုင်တဲ့ ဒီလိုပညာမျိုးကို ကျွန်တော်လည်းသင်ချင်ပါတယ် ဆရာကြီး”

ထိုအသံများသည် ကျောင်းဥက္ကဠစွန်းချန့်ယန်ကို မေ့လဲမတတ် ဖြစ်သွားစေသည်။ သူ၏ သင်တန်းကျောင်းမှာတော့ နာမည်လုံးဝပျက်စီးသွားပြီဖြစ်သည်။

ထိုအချိန်တွင် ချင်ရန်သည် စင်ပေါ်မှ ပေါ့ပါးစွာခုန်ဆင်းလာပြီး ကျောင်းသားများ၏ မေးခွန်းများကိုမဖြေပဲ ၎င်းတို့ကို ပြုံးသာပြလိုက်သည်။ ထို့‌နောက် သူက စွန်းချန့်ယန်အနားသို့ လျှောက်သွားကာ သူ၏ပုခုံးအားဖက်လိုက်ပြီး ပြုံးလျက်ပြောလိုက်၏။

“ငါက တပည့်မလက်ခံဘူး၊ လွတ်လွတ်လပ်လပ် နေတဲ့သူတစ်ယောက်ပါ၊ ငါက ဒီကို စိန်ခေါ်ဖို့လာတာမဟုတ်ဘူး၊ အဖိုးကြီးစွန်းရဲ့ သူငယ်ချင်းမို့လို့ သူ့ဆီလာလည်တာ”

ဤမျှ အစွမ်းထက်သောသူက တပည့်မလက်ခံသည်ကို ကြားသောအခါ ကျောင်းသားများသည် အလွန်စိတ်ပျက်သွားကြသည်။

သို့သော် သူသည် ဟုန်ရန်သိုင်းပညာကျောင်းသို့ စိန်ခေါ်ရန် လာခြင်းမဟုတ်ဘဲ ကျောင်းအုပ်၏သူငယ်ချင်းဖြစ်သောကြောင့် အလည်လာခြင်းဖြစ်သည်ဟု ပြောလာလေသည်။

“ကျောင်းအုပ်ကြီးရဲ့အဆက်အသွယ်က တော်တော်များတာပဲ”

“ကျောင်းအုပ်ရဲ့သူငယ်ချင်းက နည်းပြတွေရဲ့အရည်အချင်းကို လာစမ်းသပ်ပေးတာထင်တယ်နော်”

သိုင်းပညာကျောင်းမှ ထွက်သွားချင်ကြသော ကျောင်းသားများသည် ယခုအခါ ပြန်လည်ငြိမ်သက်သွားကြလေပြီ။

ကျောင်းအုပ်စွန်းချန်ယန်သည် ချင်ရန် ပခုံးဖက်ထားသည်ကိုခံရင်း မေ့လဲလုနီးပါးအခြေအနေမှ တဖြည်းဖြည်း နိုးကြားလာသည်။

ချင်ရန်သည် လူမှုဆက်ဆံရေးတွင် အမှန်တကယ်ပင် ကျွမ်းကျင်လှ၏။ နောက်ဆုံးမိနစ်တွင် သူသည် စန်းချန်ယန်၏မျက်နှာကို ထောက်ထားပေးခဲ့ပြီး သင်တန်းကျောင်း၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးခဲ့သည်။

ထို့နောက်ချင်ရန်သည် ပြုံးကာ ပြောလိုက်သည်။

“ကဲ. အဖိုးကြီးစွန်း၊ ကျွန်တော်တို့ကို ခင်ဗျားကတိပေးထားတာနော်၊ ကြယ်ငါးပွင့်ဟိုတယ်မှာ ညစာလိုက်ကျွေးမယ်လို့ပြောထားတာကို မေ့သွားလို့မရဘူးနော်”

သူ၏ ဂုဏ်သိက္ခာအား ဝင်ထိန်းကာ မျက်နှာသာပေးလိုက်သည့် ချင်ရန်၏စကားကြောင့် စန်းချန်ယန်၏ရင်ထဲတွင် တစ်မျိုး‌ဖြစ်သွားလေ၏။

“မင်းက ငါ့ရဲ့ နည်းပြတွေကို စိတ်ထင်တိုင်းရိုက်ပြီးတော့မှ မင်းလိုချင်တာက ကြယ်ငါးပွင့်ဟိုတယ်က ညစာပဲလား”

တကယ်တော့ စန်းချန်ယန်သည် ပိုက်ဆံမရှားပါးတဲ့ သူတစ်ယောက်ဖြစ်၏။

ကြယ်ငါးပွင့်ဟိုတယ်မှာ ညစာလိုက်ကျွေးခြင်းရသည် သူအတွက် ဘာမှမဟုတ်သော်လည်း သူ့သင်တန်းကျောင်း၏ဂုဏ်သိက္ခာမှာမူ ကျောင်း၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်‌နေသောကြောင့် သူ၏အမူအရာမှာ များစွာရှုပ်ထွေးနေသော်လည်း မသက်သာပဲ ပြောလိုက်ရသည်။

“မင်းက ငါ့ထက် ပိုပြီးသဘောထားကြီးတာပဲ၊ ငါ့ကိုမျက်နှာသာ‌ပေးပြီး ကျောင်းရဲ့ဂုဏ်သိက္ခာကို ကယ်တင်ပေးခဲ့တာဆိုတော့ ကျေးဇူးတင်တဲ့အနေနဲ့ ညစာကို ဖိန်လင်ဟိုတယ်မှာ လိုက်ကျွေးမယ်”

“မင်းတို့ကြိုက်သလောက်စား ငါအကုန်ဒကာခံမယ်၊ သွားကြစို့၊ ညနေတောင်စောင်းနေပြီ”

All Chapters