အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
47
ပထမဆုံးအားလပ်ရက်မှာပင် သူ့အတွက်တော့ ပြီးပြည့်စုံသော ညတစ်ညဖြစ်ခဲ့သည်။ စွန်းချန့်ယန်သည် ချင်ရန်နှင့် အခြားသူများအား ဖိန်လင်ဟိုတယ်တွင်ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့၏။
သူသည် ချင်ရန်တို့ကို စိတ်ကြိုက် အားမနာတမ်းမှာကာ သုံးဆောင်ခွင့်ပြုထားသောကြောင့် ချင်ရန်တို့ကလည်း အားမနာနေတော့ပဲ ဈေးကြီးသည့်ဟင်းပွဲအချို့ကိုပင် ပေါ့ပေါ့ပါးပါးပင် မှာယူလိုက်ကြသည်။
သို့သော် လီတာဝေ၊ ကျောက်ကျိဝေနှင့် ယန်ရှုတို့မှာမူ ထိုသို့ လွတ်လပ်စွာမမှာရဲကြပေ။ ဒါကိုရိပ်မိသွားသည့် စွန်းချန့်ယန်သည် နောက်ဆုံးတွင် သူကိုယ်တိုင်ပင် ဖိန်လင်ဟိုတယ်၏ အဈေးအကြီးဆုံး ဟင်းလျာများနှင့် အကောင်းဆုံး ဝိုင်များကိုမှာယူပေးခဲ့သည်။
ထိုညနေခင်း ညစာစားပွဲအတွက် ကုန်ကျစရိတ်မှာ ယွမ် ၃ သိန်းကျော်အထိ ရှင်းခဲ့ရသော်လည်း စွန်းချန့်ယန်သည် ငွေပေးချေရာတွင် နှမြောတွန့်တိုခြင်း လုံးဝမရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ချင်ရန်သည် နောက်ဆုံးအချ်ိန်တွင် ဟုန်ရန်ကိုယ်ခံပညာကျောင်း၏ ဂုဏ်သိက္ခာကို ထောက်ထားပေးခဲ့ခြင်းမှာ သူ၏ ကျောင်းအတွက် အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။
စွန်းချန့်ယန်သည် ချင်ယန်၏အစွမ်းအစအား အထင်အရှား မြင်တွေ့ခဲ့ရသည်။ ကမ္ဘာ့အဆင့် ဆုတံဆိပ်ရခဲ့သည့် သူ၏နည်းပြများပင် ချင်ရန်အား မယှဉ်နိုင်ဘဲ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရ၏။
ညစာစားနေစဉ်အတွင်း စွန်းချန့်ယန်သည် ချင်ရန်အား ပါလီမြစ်ရဲစခန်းမှ ထွက်ပြီး သူ၏သင်တန်းကျောင်းတွင် နည်းပြလာလုပ်ရန်နှင့်၊ လစာကိုလည်း ဂဏန်းခြောက်လုံးအထိ ပေးမည်ဟု အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သည်။
ထိုအချိန်တွင် ချောင်ကျန့်ကျွင်း၊ လီတာဝေ၊ ကျောက်ကျိဝေနှင့် ယန်ရှုတို့မှာ အလွန်အမင်းအံ့အားသင့်သွားကြ၏။ လစဉ်လစာ သိန်းဂဏန်းဆိုသည်မှာတကယ်ကို များလွန်းလှသည့် ပမာဏဖြစ်ပြီးမယုံနိုင်စရာပင်၊ စွန်းချန့်ယန်ကတော့ တကယ်ကို ငွေတွေကို ပုံအောပေးကာ ချင်ရန်အား အမှန်ကိုခေါ်ယူချင်နေသည်။
သို့သော် ချင်ရန်သည် ငြင်းပယ်မြဲ ငြင်းပယ်ဆဲသာ။
ဟုန်ရန်ကိုယ်ခံပညာကျောင်းတွင် နည်းပြလုပ်ရသည်မှာ သူ့အတွက်တော့ ပျင်းစရာကောင်းလွန်းလှသည်။ စွန်းချန့်ယန်သည် ချင်ရန်အား ဘယ်လိုမှ စည်းရုံး၍မရတော့သောကြောင့် အလွန်နှမြောတသစွာဖြင့်သာ လက်လွှတ်ပေးလိုက်ရတော့သည်။
ဟုန်ရန်ကိုယ်ခံပညာကျောင်းသည် တရုတ်ပြည်တွင် စတုတ္ထအဆင့်ခန့်သာရှိသော ကိုယ်ခံပညာကျောင်းတစ်ကျောင်း ဖြစ်သည်။ ထိပ်တန်းကျောင်းများတွင် ကမ္ဘာ့အဆင့်ချန်ပီယံများက တာဝန်ယူဦးစီးထားကြ၏။
ထိုထိပ်တန်းကျောင်းများအား ကျော်တက်ရန်အတွက်ဆို နာမည်ကျော်နည်းပြ သို့မဟုတ် ထူးခြားသော အရည်အချင်းရှိသူများ လိုအပ်သည်။ ချင်ရန်တွင်
ထိုအရည်အချင်းမျိုး ပိုင်ဆိုင်ထားသည်မှာ သိသာလှသဖြင့် စွန်းချန့်ယန်သည် သူ့အား ယခုလို အတင်းအကျပ် ဖိတ်ခေါ်နေရခြင်းပင်။
ညစာစားပြီးနောက် စွန်းချန့်ယန်သည် ချင်ရန်အား သူ၏ဖုန်းနံပါတ်ပေးခဲ့ပြီး စိတ်ပြောင်းသွားပါက သူ့ထံသို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ပြောခဲ့လေသည်။
ထိုအချိန်တွင် ချင်ရန်နှင့် အခြားသူများသည် အိမ်ပြန်ရန်အတွက် ချောင်ကျန့်ကျွင်း၏ကားပေါ်သို့ ရောက်နေကြပြီဖြစ်သည်။
ချောင်ကျန့်ကျွင်းသည် ကားမောင်းရမည်ဖြစ်သဖြင့် ဝိုင်တစ်ခွက်မှ မသောက်ခဲ့သော်လည်း တစ်ပုလင်းလျှင် ယွမ်တစ်သောင်းကျော်တန်သည့် ဝိုင်နှစ်ပုလင်းအား အိမ်တွင်သောက်ရန် ဝယ်ယူလာခဲ့၏။ သူသည် နောက်ကြည့်မှန်မှတစ်ဆင့် ချင်ရန်အားကြည့်ရင်း ရယ်မောကာ ပြောလိုက်သည်။
"ချင်ရန် မင်း ဒီနေ့ပါလာတာ တကယ်ကံကောင်းတာပဲ၊ အစ်ကိုစွန်းက တခြားသူကို ဒီလိုဧည့်ခံကျွေးမွေးဖို့ဆိုတာ မလွယ်ဘူးကွ”
ထိုအခါ ချင်ရန်သည် ပခုံးတွန့်ပြကာ ပြန်ပြောလိုက်၏။
"ဘာမှမဟုတ်ပါဘူး၊ အားလုံးပျော်ပျော်ရွှင်ရွှင် စားသောက်ရရင်ပြီးတာပါပဲ"
ချောင်ကျန့်ကျွင်းသည် ယခုအခါ ချင်ယန်အား အမှန်တကယ် လေးစားသွားပြီဖြစ်သည်။ သူသည် ချင်ရန်၏ ခွန်အားကို မျက်မြင်တွေ့ခဲ့ရသလို၊ နာမည်ကျော် နည်းပြလေးဦးအား တစ်ယောက်တည်း အပြတ်အသတ် အနိုင်ယူလိုက်သည်ကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးလေ၏။
အကယ်၍ သူသာ ချင်ရန်အား အသိအမှတ်မပြုသေးလျှင် သူရူးနေလို့သာ ဖြစ်ပေလိမ့်မည်။
"ငါကတော့ အရင်က မင်းနဲ့ ယှဉ်နိုင်မယ်ထင်ပြီး မာန်တွေတက်နေခဲ့တာ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ချောင်ကျန့်ကျွင်းသည် ယနေ့ညတွင် သူ၏ ရှုံးနိမ့်မှုကို ဝန်ခံကာ သက်ပြင်းချလိုက်သည်။
ချင်ရန်သည် ခပ်မှိန်မှိန်ပြုံးကာ ချောင်ကျန့်ကျွင်းအား ဂရုမစိုက်သလိုပြောလိုက်၏။
"ဘာဖြစ်လို့လဲ အဖိုးကြီးချောင်၊ ဒီလောက်လေးကိုတောင် ဒီလိုခံစားပြနေရင်၊ ခင်ဗျား ပြည်သူ့အကျိုးကို ဘယ်လိုဆောင်ရွက်ပေးမှာလဲပြော”
"အေးပါ၊ အေးပါ၊ မင်းပြောတာမှန်ပါတယ် မင်းက အသက်မကြီးသေးပေမဲ့ စကားပြောတာကတော့ တကယ် လူကြီးတစ်ယောက်လိုပဲ"
ရင်ဘက်ထဲကအစိုင်အခဲတစ်ခု အရည်ပျော်သွားသကဲ့သို့ ချောင်ကျန့်ကျွင်းသည် ခါးသက်သက်အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
ဘေးနားကထိုင်နေသည့် လီတာဝေ၊ ယန်ရှုနှင့် ကျောက်ကျိဝေတို့မှာ ဝေဝေဝါးဝါး ဖြစ်နေကြသည်။ သူတို့သည် ကားမောင်းစရာမလိုသဖြင့် ညစာစားနေတုန်း အရက်အား အတော်အတန်သောက်ထားကြရာ ယခုအခါတွင်မူ သတိမရှိသလောက် ဖြစ်နေကြပြီဖြစ်၏။
သိပ်မကြာမီအချိန်တစ်ခုတွင် သူတို့လိုက်ပါလာသည့် ကားသည် ချင်ရန်နေထိုင်ရာ လူနေရပ်ကွက်၏ အဝင်ဝသို့ ရောက်ရှိလာသည်။ ထို့နောက် ချင်ရန်သည် ကားတံခါးဖွင့်၍ ဆင်းလိုက်ကာ နှုတ်ဆတ်လိုက်သည်။
"ဖြည်းဖြည်းမောင်းဦး"
ချောင်ကျန့်ကျွင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ကားထဲတွင် ကျန်ရှိနေသော ဘိုးဘေးသုံးယောက်အား အိမ်သို့ပြန်ပို့ရန် ကားကို ဆက်လက်မောင်းထွက်သွားတော့သည်။
အိမ်သို့ ပြန်ရောက်သောအခါ ချင်ရန်သည်
မရင်းနှီးသည့်ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ဤကမ္ဘာတွင် သူသည် မိဘမဲ့ဂေဟာ၌ ကြီးပြင်းခဲ့သော မိဘမဲ့တစ်ဦးဖြစ်ပြီး အမျိုးမျိုးသောထောက်ပံ့ကြေးများဖြင့် ကျောင်းတက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုအခါ အားလုံးသည် ပို၍ကောင်းလာပြီဖြစ်သည်။
သူသည် ပါလီမြစ်ရဲစခန်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းများကိုလည်း အကြိမ်ကြိမ်ပြသနိုင်ခဲ့သည်။
သူသည် ဒုတိယအဆင့်ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း ရရှိတော့မည်ဖြစ်ပြီး ဆုကြေးငွေများမှာလည်း အတော်အတန်များပြားလှ၏။ နေထိုင်မှုအဆင့်အတန်းအရ လူမှုဖူလုံရေးမှာ လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
ထို့အပြင် ရဲအရာရှိဖြစ်လာခြင်းက သူ၏ဘဝအား ပိုပြီးပြည့်စုံစေခဲ့သည်။ ရာဇဝတ်ကောင်များအား ဖမ်းဆီးရတိုင်း သူသည် အလွန်ကျေနပ်အားရမှု ရှိခဲ့လေ၏။
ချင်ရန်၏အားလပ်ရက်မှာ မရှည်လျားဘဲ နှစ်ရက်သာ ရှိခဲ့ပြီး၊ ထိုနှစ်ရက်မှာလည်း မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတော့သည်။ချင်ရန်သည် ပါလီမြစ်ရဲစခန်းသို့ ပြန်ရောက်သောအခါ ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်တော့မည့် အခြေအနေအားတွေ့လိုက်ရ၏။
ပါလီမြစ်ရဲစခန်းရှိ လူတိုင်းသည် လီတာဝေအား ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
စခန်းမှူး ဝမ်ရှောင်ရီကပင် သူ့ကို ဆူပူကြိမ်းမောင်းနေသည်။
"မင်း အခုဘာတွေလုပ်ထားလဲဆိုတာကို
ကိုယ့်ကိုကိုယ်ကော သိရဲ့လား၊ ဒီယူနီဖောင်းကို ဝတ်ထားတာက မင်းကို စိတ်ကြိုက်လုပ်ချင်တာလုပ်လို့ရတယ်လို့ ထင်နေစေတာလား”
“အခု မင်း သက်ကြီးရွယ်အိုတစ်ယောက်ကို တွန်းထိုးနေတဲ့ဗီဒီယိုက အွန်လိုင်းမှာပြန့်နေတာ ကြည့်ရှုသူ ဆယ်သန်းကျော်သွားပြီဆိုတာကိုကော မင်းသိရဲ့လား၊ အခု တစ်မြို့လုံးတင်မကဘူး၊ တစ်နိုင်ငံလုံးသိကုန်ပြီကွ၊ ဌာနချုပ်က ခေါင်းဆောင်တွေတောင် ဖုန်းဆက်နေကြပြီ၊ မင်းဘယ်လိုဖြေရှင်းချက်ပေးမလဲ ပေးစမ်း”
စခန်းမှူးဝမ်ရှောင်ရီသည် သူ၏ရှေ့က ထိုင်ခုံတွင် ထိုင်နေသည့် လီတာ့ဝေအား အငြိုးတကြီးဖြင့် လက်ညှိုးထိုးကာ အော်ငေါက်လိုက်၏။
ချင်ရန် စခန်းထဲသို့လျှောက်ဝင်လာစဉ် လီတာဝေသည် သူ၏ထိုင်ခုံတွင် တည်ငြိမ်သောမျက်နှာထားဖြင့် ထိုင်နေပြီး ဝမ်ရှောင်ရီက သူ့မျက်နှာအား လက်ညှိုးထိုးကာ ဆူပူနေသည်ကို တွေ့လိုက်ရသည်။
ဝမ်ရှောင်ရီ၏ ဆူပူမှုကို ခေါင်ငုံရင်ဆိုင်ရင်း လီတာဝေသည် နှုတ်ခမ်းအား တင်းတင်းစေ့ကာ ခေါင်းမာစွာဖြင့် ဘာမှပြန်မပြောဘဲ တင်းခံနေဧ။်။
"ပြောစမ်းပါဦး၊ မင်းက ဘာလို့ အဲဒီလူကို သွားတွန်းရတာလဲ၊ ဟမ်၊ မင်း သူ့အပေါ် ဘာရန်ငြိုးတွေရှိနေလို့ အဲလိုလုပ်ရတာတုန်း”
ဝမ်ရှောင်ရီသည် လီတာ့ဝေအား အော်ဟစ်တော့သည်။
"စခန်းမှူး၊ဒီကိစ္စက စခန်းနဲ့ဘာမှမဆိုင်ပါဘူး”
လီတာဝေသည် လေသံတိုးတိုးဖြင့် မဝံ့မရဲပြန်ရှင်းပြလေသည်။
"မဆိုင်ဘူးဟုတ်လား၊ မဆိုင်ဘူးပေါ့လေ”
ဝမ်ရှောင်ရီသည် ဒေါသကြောင့် မျက်လုံးများပင် ပြာဝေသွား၏။
‘မင်းက ယူနီဖောင်းဝတ်ထားပြီး လူကြီးတစ်ယောက်ကို ဒီလိုတွန်းထိုးနေတာကို ဘာမှမဆိုင်ဘူးလို့ပြောရသလား ငတုံးရဲ့’
ထိုသတင်းသည် အွန်လိုင်းမှာပျံ့နေပြီး၊ လူများက လီတာဝေအား ယူနီဖောင်းဝတ်ပြီး ပြည်သူအား အနိုင်ကျင့်သည့်ရဲဟု ထင်နေကြသည်။
အွန်လိုင်းမှ မှတ်ချက်တွေကလည်း တစ်နေ့ထက်တစ်နေ့ ချဲ့ကားကာ ပိုပိုပြီးဆိုးလာကြလေ၏။
"မင်း မပြောဘူးလား၊ ဘာလို့ အဲလိုလုပ်ရတယ်ဆိုတာကိုလေ၊
အေး မပြောရင် ဒီယူနီဖောင်းကို ချွတ်ပြီး ရဲအလုပ်ကနေထွက်တော့၊ ဒါမှသာ ဖိန်လင်တစ်မြို့လုံးရဲ့ပြည်သူတွေကို ငါတို့ ရှင်းပြလို့ရမှာ သောက်ငတုံးရဲ့”
ဝမ်ရှောင်ရီသည် ဒေါသတကြီးဖြင့် လီတာဝေ၏ရင်ဘက်အား လက်ညိုးနှင့်ထောက်ကာ ဆဲဆိုလိုက်သည်။
ရုံးခန်းထဲရှိ အခြားသူများဖြစ်သော ကောင်းချောင်နှင့် ချန်ရှင်းချန် တို့ကလည်း ခေါင်းခါရင်း လီတာဝေ၏ လုပ်ရပ်သည် အတော်ဆိုးဝါးလွန်သည်ဟု ခံစားနေကြရသည်။ လီတာဝေသည် မျက်မှောင်ကြုတ်ထားသော်လည်း အံ့သြစရာကောင်းလောက်အောင် ပြန်လည်မချေပဘဲ တင်းခံနေ၏။
ထိုအချိန်တွင် ချင်ရန်လျှောက်ဝင်လာပြီး၊ ဤမြင်ကွင်းအား မြင်သောအခါ သူသည် မူရင်းဇာတ်လမ်း၏ ထိုအပိုင်းကို ပြန်လည်သတိရသွားသည်။
လီတာဝေတွန်းထိုးလိုက်သော ထိုလူကြီးမှာ သူ၏ဖခင် မဟုတ်လော။ လီတာဝေသည် သူ့မိသားစုကိစ္စအား လူတိုင်းကို မသိစေချင်သောကြောင့် ယခုကဲ့သို နှုတ်ဆိတ်နေခြင်းဖြစ်သည်။
"အဟမ်း၊ အဟမ်း ဟိုလေ စခန်းမှူး လီတာဝေမှာ အခက်အခဲတစ်ခုခု ရှိနေလို့ အခုလိုဘာမှမပြောဘဲ နေနေတာလို့ စခန်းမှူးမထင်ဘူးလား၊ သူ့မှာ ပြောပြလို့မရတဲ့ အကြောင်းပြချက်တစ်ခုခုရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်”
ချင်ရန်သည် ရုတ်တရက်ကြီး လီတာဝေဘက်မှ ဝင်ပြောလိုက်၏။
ချင်ရန်၏ စကားကြောင့် ဝမ်ရှောင်ရီသည် သူ့အား လှည့်ကြည့်လိုက်သည်။ ချင်ရန်အား မြင်သောအခါ သူ၏မျက်နှာအမူအရာမှာ သိသိသာသာကို ပျော့ပျောင်းသွားသည်။
ချင်ရန်နှင့် ယှဉ်လျှင် လီတာဝေနှင့် ချင်ရန်နဲ့ကြားမှ ကွာဟချက်မှာ မနည်းလှပေ။ ချင်ရန်သည် နေ့တိုင်း စွမ်းဆောင်ရည်ကောင်းတွေကို ပြသနေသော်ငြား လီတာဝေကတော့ ပြဿနာအကြီးကြီး တွေကိုပဲ လှိမ့်ရှာနေတော့သည်။
ဝမ်ရှောင်ရီသည် ချင်ရန်၏စကားကြောင့် လီတာ့ဝေအား နှာမှုတ်ကာ မမြင်ချင်ယောင်သာဆောင်လိုက်သည်။
"အကြောင်းပြချက် ဟုတ်လား၊ ဘာအကြောင်းပြချက်တွေ ရှိနိုင်မှာမို့လို့လဲ၊ အဲဒီ အကြောင်းပြချက်ရှိတာနဲ့ ပြည်သူကို အခုလိုတွန်းထုတ်ပိုင်ခွင့် သူ့မှာရှိလို့လား၊ ဒီယူနီဖောင်းကို ဝတ်ထားရင် ကိုယ့်ရဲ့ အပြုအမူတွေကိုအမြဲ သတိထားရမယ်ကွ”
ဝမ်ရှောင်ရီသည် ပြောလေ ဒေါသထွက်လေ၊ ထပ်ပြောလေ ဒေါသထပ်ထွက်လေ ဖြစ်နေ၏။
ချင်ရန်သည် ခဏလောက် စဉ်းစားပြီးနောက် သူ၏ဖုန်းအားထုတ်ကာ အွန်လိုင်းတွင် ပျံနှံ့နေသော လီတာဝေသည် လူကြီးတစ်ဦးအား တွန်းထိုးနေသည့် ဗီဒီယိုကို စစ်ဆေးကြည့်လိုက်သည်။ ချင်ရန်သည် ထိုဗီဒီယိုအား တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်၏။
"စခန်းမှူး ကျွန်တော်ထင်တာကတော့ ဒီအတွန်းခံရတဲ့လူကြီးက လီတာဝေနဲ့ တော်တော်တူတာပဲ၊ သူက လီတာဝေရဲ့ အဖေများလား မသိဘူး”
ထိုစကားအားကြားသောအခါ တစ်ဖက်တွင်ထိုင်နေသော လီတာဝေသည် တွေဝေသွားဟန်ဖြင့် ချက်ချင်းပင် ခေါင်းမော့ကြည့်လာသည်။
‘ဘာတွေဖြစ်ကုန်တာလဲ၊ ချင်ရန်ရဲ့ မျက်လုံးတွေက တော်တော်စူးရှတာပဲ၊ ဒါကိုတောင် သူ ဘယ်လိုလုပ် သိသွားတာလဲ’
48
ထိုစကားအား ကြားလိုက်ရသောအခါ ဝမ်ရှောင်ရီသည် ခေတ္တမျှကြောင်အသွားသည်။ ထို့နောက် သူ ချင်ရန်အားမေးလိုက်လေ၏။
"ချင်ရန် မင်းဘာပြောလိုက်တယ်၊ ဘယ်သူ့ရဲ့အဖေ”
ထို့နောက် ချင်ရန်သည် သူ၏ဖုန်းအားထုတ်ယူ၍ လီတာဝေသည် လူတစ်ယောက်အား တွန်းထိုးနေသည့် ဗီဒီယိုကို ဖွင့်ပြလိုက်သည်။
ဗီဒီယိုထဲတွင် လီတာ့ဝေ၏တွန်းထုတ်ခြင်းကို ခံနေရသူ၏မျက်နှာမှာ နှစ်စက္ကန့်ခန့်အကြာတွင်ပေါ်လာခဲ့၏။ သူ၏ရုပ်ပုံမှာ သိပ်ပြီးမကြည်လင်လှသော်လည်း သူ ကျောခိုင်းလှည့်ထွက်မသွားမီ နှစ်စက္ကန့်မျှကြာမြင့်သည်။
ချင်ယန်သည် ထိုနှစ်စက္ကန့်စာ အပိုင်းတိုလေးကို ဆယ်ကြိမ်ထက်မက သေချာပြန်ဖွင့်ကြည့်နေသည်။
နောက်ဆုံးတွင် ဝမ်ရှောင်ရီသည် ပါးစပ်ဟလိုက်ပြီး တအံ့တဩပြောလိုက်တော့၏။
"အင်း၊ ကြည့်ရတာတော့ တော်တော်လေး တူသလိုပဲဟ"
တကယ်တော့ မျက်နှာမှာ နှစ်စက္ကန့်သာ
ပေါ်ခြင်းဖြစ်ပြီး တစ်ချိန်လုံးလှုပ်ရှားနေသဖြင့် အသေအချာ မြင်ရန်မှာ ခဲယဉ်းလှသည်။ ချင်ရန်ကမူ ၎င်းအား သေချာ မြင်အောင်ကြည့်နိုင်ခဲ့လေ၏။ သူ၏ မျက်လုံးများမှာ မည်မျှ စူးရှလိုက်သနည်း။
ထိုအချိန်တွင် ချင်ရန်သည် လီတာ့ဝေအနီးသို့ လျှောက်သွားပြီး တည်ငြိမ်သောလေသံဖြင့် မေးလိုက်သည်။
"တာ့ဝေ မင်းတွန်းလိုက်တဲ့သူက မင်းအဖေမဟုတ်လား”
ဤမေးခွန်းကို ချင်ရန်က မေးလိုက်သောအခါ လီတာဝေသည် ငြင်းဆိုခြင်းမပြုဘဲ အသံတိတ်ကာ ခေါင်းငုံ့ထားလိုက်သည်။ စခန်းထဲရှိ အခြားသူများသည်လည်း ဤမြင်ကွင်းကို ကြည့်ရင်းစိတ်ထဲမှ ကိုယ်စီဆုံးဖြတ်ချက်ချလိုက်ကြ၏။
လီတာဝေ ယခုလိုမငြင်းဆိုခြင်းမှာ သူတွန်းလိုက်က သူ့ဖခင်ဖြစ်ကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်မည်။ ထိုသို့ မဟုတ်လျှင်တော့ မည်သူက သူစိမ်းတစ်ယောက်အား မိမိ၏အဖေပါလို့ စွပ်စွဲခံမည်နည်း။
ထိုအချိန်တွင် ချင်ရန်သည် ဝမ်ရှောင်ရီအား အမြန်ပြောလိုက်လေသည်။
"စခန်းမှူး ကြည့်ပါဦး၊ တာ့ဝေ ဘာမှပြန်မပြောတော့ဘူး၊ သူတွန်းလိုက်တာက သူ့အဖေဆိုတာ ကျွန်တော်လောင်းရဲတယ်၊ ဒါက မိသားစုအရေးကိစ္စမို့ သူ ထုတ်မပြောချင်တာ ဖြစ်မှာပေါ့၊ ဟုတ်တယ်မလား တာ့ဝေ”
ဝမ်ရှောင်ရီမှာ ခေတ္တမျှ ပြောစရာစကားမဲ့သွားပြီး လီတာ့ဝေနှင့် ချင်ရန်အား တစ်လှည့်စီကြည့်လိုက်မိသည်။ ချင်ရန်သည် ယခုအခါ ပါလီမြစ်တွင် သြဇာအတော်အတန် ရှိနေပြီဖြစ်၏။
သူက လီတာဝေဘက်မှ မဆိုင်းမတွ ရှေ့နေလိုက်ပေးသောအခါ တခြားသူများသည်လည်း ထောက်ခံလာ ကြသည်။ ဘေးနားတွင်ရှိသော ချောင်ကျန့်ကျွင်းမှာလည်း ရုတ်တရက်ကြီး မတ်တပ်ထရပ်ကာ ပေါ်လာပြီး ဗီဒီယိုအား သေချာကြည့်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
"စခန်းမှူး၊ ချင်ရန်ပြောတာမှန်လောက်တယ်လို့ ကျွန်တော်ထင်တယ် ဒီလူက လီတာဝေရဲ့မျက်နှာနဲ့ တော်တော်တူတာပဲ ၊ အဖေဖြစ်နိုင်တယ်”
ရုတ်တရက် တရေးနိုးမှပေါ်လာသည့် ချောင်ကျန့်ကျွင်းအား မြင်သောအခါ ဝမ်ရှောင်ရီသည် အမြင်ကပ်စွာဖြင့် မကျေမနပ်စိုက်ကြည့်ကာ ပြောလိုက်၏။
"မင်းကရော သေချာမြင်လိုက်တယ်ပေါ့၊ ဒါမှမဟုတ် မြင်သလိုလိုနဲ့ လျှောက်ပြီးလာပြောနေတာလား”
ချောင်ကျန့်ကျွင်းသည် သူခိုးလူမိသွားသကဲ့သို့ စခန်းမှူးဝမ်အား အရှက်ပြေချောင်းဟန့်ကာ ပြောလိုက်လေသည်။
"ချင်ရန်က သေချာမြင်တယ်လို့ ပြောထားတာပဲလေ"
ဝမ်ရှောင်ရီသည် နောက်ထပ်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။ ချောင်ကျန့်ကျွင်းသည် ချင်ရန်၏စကားကို အကြောင်းပြချက်အဖြစ် သုံးလိုက်ခြင်းဖြစ်၏။ ထိုအချိန်တွင် ဝမ်ရှောင်ရီသည် လီတာ့ဝေအနီးသို့ ချဉ်းကပ်သွားပြီး လေသံမာမာဖြင့် မေးလိုက်သည်။
"လီတာ့ဝေ၊ ငါ့ကို သေသေချာချာ ရှင်းအောင်ပြောစမ်း၊ ဒီလူက တကယ်ပဲမင်းအဖေလား၊ ဒါမှမဟုတ် တခြားသူစိမ်းတစ်ယောက်လား”
ဘေးတွင်ရပ်နေသော ချင်ရန်သည် လီတာ့ဝေအား မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး အခြေအနေကို နားလည်ရန် အချက်ပြလိုက်သည်။ ဒါကို မြင်လိုက်သည့် လီတာဝေသည် နောက်ဆုံးတွင် မျက်မှောင်ကြုတ်ထားရာမှ စိတ်ကို လျှော့ချလိုက်ပြီး ခေါင်းညိတ်ပြကာ ဝန်ခံလိုက်တော့၏။
"ဟုတ်ပါတယ်"
ထိုစကားအား ကြားရသောအခါ
ဝမ်ရှောင်ရီသည် သူ့ပေါင်သူ ခပ်ပြင်းပြင်းလေး ရိုက်လိုက်သည်။
"တောက်စ်၊ ဘာလို့ စောစောကမပြောတာလဲ၊ မင်းသာစောစောပြောရင် ငါလည်း ညွှန်ကြားရေးမှူးဆုန့်ဆီက ဆူပူတာ ခံရမှာမဟုတ်ဘူးကွ”
ချင်ရန် ခပ်ဖွဖွလေးပြုံးလိုက်မိသည်။ လီတာ့ဝေသည် အမှန်တရားအား ကြိုတင်ဖွင့်ပြောလိုက်သဖြင့် ဖြစ်ပေါ်လာမည့် ပြစ်ဒဏ်များမှ လွတ်ကင်းသွားခဲ့၏။
ဝမ်ရှောင်ရီက ဆက်ပြီးပြောလာသည်။
"မင်းကလည်းကွာ မိသားစုကိစ္စကြောင့် မတော်တဆ စကားများကြတာ၊ ရန်ဖြစ်ကြတာတော့ ရှိကြတာပေါ့၊ အဲလိုဖြစ်လို့ ဒေါသအလျောက် နဲနဲပါးပါးတွန်းထိုးမိတာက ပြဿနာမဟုတ်ပေမယ့်၊ မင်းက ဒီယူနီဖောင်းကို ဝတ်ထားတာက ပြဿနာဖြစ်သွားတာပဲ”
“အဲဒါက ကွာခြားချက်အကြီးကြီးဖြစ်သွားစေတယ်။ အခု လူတွေက အဲဒါကိုပဲပြောပြီး မင်းကို ဝေဖန်နေကြတာ”
အခြေနေအရပ်ရပ်ကို နားလည်သွားသည့် စခန်းမှူးဝမ်သည် အဓိကပြဿနာဖြစ်စေသည့် အချက်အားဆွဲထုတ်ကာ ပြောလိုက်၏။
ဤအချိန်တွင် ချင်ရန်သည် ဘေးမှဝင်ပြောလိုက်ပြန်သည်။
"စခန်းမှူး၊ ကျွန်တော့်အမြင်တော့ ဒါက ဖြေရှင်းရလွယ်ပါတယ်၊ လီတာ့ဝေနဲ့ သူ့အဖေကို ဗီဒီယိုတစ်ခုအတူတူရိုက်ခိုင်းပြီး အခြေအနေကို ရှင်းပြခိုင်းလိုက်ရင် ပြီးတာပဲမဟုတ်လား၊ ပြည်သူတွေရဲ့ ခံစားချက်က ရိုးရှင်းပါတယ်၊ လီတာ့ဝေကို ဗီဒီယိုထဲမှာ တောင်းပန်ခိုင်းပြီး သူ့အဖေကိုလည်း အဖြစ်မှန်ကို သက်သေပြခိုင်းလိုက်ရင်ရပါပြီ၊ ဟုတ်တယ်မလား စခန်းမှူး”
ချင်ရန်၏ အကြံပြုချက်ကြောင့် ဝမ်ရှောင်ရီ၏ မျက်လုံးများ ဝင်းလက်သွား၏။
"ကောင်းလိုက်တဲ့အကြံပဲ၊ လီတာဝေ၊ မင်းကြားတယ်မလား၊ မင်းအဖေကို မြန်မြန်ခေါ်လိုက်၊ ဗီဒီယိုရိုက်ပြီး သက်သေပြခိုင်းလိုက်၊ ဒါမှမဟုတ် ငါကိုယ်တိုင်ပဲ မင်းအဖေဆီကို ဖုန်းဆက်ခေါ်လိုက်ရမလား"
“အဖြစ်မှန်ကို ပြည်သူတွေသိအောင် ရှင်းလင်းချက်ဗီဒီယိုတစ်ခု ရိုက်ရမယ်ဆိုပြီး ခေါ်လိုက်မယ်”
ထိုစကားအား ကြားသောအခါ လီတာ့ဝေမှာ အတော်လေး ဝန်လေးနေပုံရသည်။ ဒါကိုသိလိုက်သည့် ချင်ရန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"တာ့ဝေ မင်း ဒီကိစ္စမှာ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့၊ ဝေဖန်မှုတွေက စနေပြီ၊ လူတွေအများကြီးက မင်းကို ယူနီဖောင်းဝတ်ထားပြီး သာမန်လူတွေကို အနိုင်ကျင့်တယ်လို့ ထင်နေကြတာ”
“အကျိုးသက်ရောက်မှုက အကြီးကြီးပဲ နောက်ဆုံး မင်းရဲ့ရဲဝန်ထမ်းဘဝကိုပါ ထိခိုက်လာနိုင်တယ်”
ဖြစ်လာနိုင်မည့်အကျိုးဆက်အား ရှင်းပြပြီးသည့်နောက် ချင်ရန်သည် ထပ်မံပြောဆိုလာပြန်သည်။
"မင်းနဲ့ မင်းအဖေရဲ့ဆက်ဆံရေးက အဆင်မပြေတာဖြစ်နိုင်ပေမဲ့ ဒီကိစ္စက မင်းတစ်ယောက်တည်းရဲ့ကိစ္စလို့ မတွေးနဲ့”
မင်းကြောင့်ဖြစ်လာတဲ့ ထိခိုက်မှုက မင်းတစ်ယောက်တည်းတင်မဟုတ်ဘဲ ပါလီမြစ်ရဲစခန်း၊ ဖိန်လင်မြို့တစ်ခုလုံးနဲ့ တရုတ်ပြည်တစ်နိုင်ငံလုံးက ရဲတပ်ဖွဲ့အပေါ်မှာပါ အမြင်စောင်းသွားစေနိုင်တယ်"
ထိုစကားအား ကြားလိုက်ရသောအခါ လီတာ့ဝေ စိတ်လှုပ်ရှားသွားသည်။ သူက ချက်ချင်းပင် ချင်ရန်အား ခေါင်းမော့ကြည့်လိုက်ပြီး မေးလိုက်၏။
"အစ်ကိုယန် ဒါက တကယ်ပဲ အဲဒီလောက်ကြီးထိ ပြဿနာကြီးသွားနိုင်တာလား”
"ဒါပေါ့ မဟုတ်ရင်ဘာဖြစ်မလဲ”
ချင်ရန်သည် အားကိုးရာမဲ့စွာဖြင့် ပြောလိုက်၏။ ပြည်သူများ၏ ခံစားချက်က အလွန်ရိုးရှင်းလေသည်။ ယူနီဖောင်းဝတ်ရဲအရာရှိတစ်ဦးသည် သာမန်လူအား တွန်းထိုးနေသည်ကို မြင်ပါက ၎င်းတို့ မည်သို့ ထင်ကြမည်နည်း။
၎င်းတို့သည် ပြည်သူနှင့် ရဲတပ်ဖွဲ့ကြား သဟဇာတဖြစ်မှုအား ပျက်ပြားစေသည် မဟုတ်လော။
ဝမ်ရှောင်ရီသည်လည်း ဘေးမှဝင်ပြောလာ၏။
"ချင်ရန် မင်းကတော့ တကယ့်ကို တရားမျှတတဲ့သူပဲ၊ လီတာ့ဝေ၊ မင်းကြားတယ်မလား၊ ဒီကိစ္စမှာ မင်းရွေးချယ်စရာမရှိတော့ဘူး၊ ကိစ္စပြေလည်သွားအောင် မင်းအဖေကိုအမြန်ခေါ်ပြီး ရှင်းလင်းချက်ဗီဒီယိုရိုက်ရမယ်
မြန်မြန်ခေါ်လိုက်ချေ”
နောက်ဆုံးတွင် လီတာ့ဝေသည် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး သူလုပ်ဆောင်မည့်အကြောင်းကို ပြောလိုက်ရတော့သည်။
"ကောင်းပါပြီ ကောင်းပါပြီ၊ ကျွန်တော် ဗီဒီယို ရိုက်ပါ့မယ်၊ ဟုတ်ပြီလား”
ထို့နောက် သူသည် ဝန်လေးစွာဖြင့် ဖုန်းထုတ်လိုက်ပြီး သူ၏ဖခင်အား ဖုန်းဆက်ရန် ပြင်လိုက်သည်။ လီတာ့ဝေ အလျှော့ပေးလိုက်သည်ကို မြင်သောအခါမှသာ ချင်ရန်မှာ စိတ်အေးသွားရ၏။
ကံကောင်းထောက်မစွာဖြင့် လီတာ့ဝေသည် ဆက်လက် ငြင်းခုံခြင်း မပြုခဲ့ပေ။
မိနစ်သုံးဆယ်ခန့်အကြာတွင် လီတာဝေနှင့် တော်တော်လေး တူသော အမျိုးသားတစ်ဦးသည် ပါလီမြစ်ရဲစခန်းသို့ ရောက်ရှိလာသည်။ သူသည် လီတာဝေ၏ဖခင် လီယိရှန်းပင် ဖြစ်၏။
ဝမ်ရှောင်ရီသည် လီယိရှန်းအား အခြေအနေများကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီး လီတာဝေနှင့်အတူ ရှင်းလင်းချက်ဗီဒီယိုရိုက်ရန် တောင်းဆိုလိုက်သည်။
ထိုစကားအား ကြားသောအခါ လီယိရှန်းသည် အခြေအနေမှာ ဤမျှအထိ ပြင်းထန်သွားပြီး သူ့သားဖြစ်သူ၏ အနာဂတ်ကိုပင် ထိခိုက်နိုင်သည်ကို သိလိုက်ရသဖြင့် အံ့သြသွားသည်။ ထို့ကြောင့် လီယိရှန်းသည် ဗီဒီယိုရိုက်ရန် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။
ထို့နောက် ရှကျဲသည် ကင်မရာကိုယူ၍ လီတာ့ဝေနှင့် လီယိရှန်းတို့အား ပါလီမြစ်ရဲစခန်းရှေ့တွင် ရှင်းလင်းချက် ဗီဒီယိုရိုက်ပေးခဲ့သည်။ ထိုဗီဒီယိုကို လျင်မြန်စွာ ရိုက်ကူးပြီးနောက် ရှကျဲသည် ဝမ်ရှောင်ရီထံသို့ ပေးအပ်ခဲ့၏။
ဝမ်ရှောင်ရီသည် ဗီဒီယိုအားစစ်ဆေးပြီးနောက် ဖိန်လင်မြို့တော် ပြည်သူ့လုံခြုံရေးဌာနမှ တစ်ဆင့်ဤဗီဒီယိုအား ထုတ်ပြန်စေရန် ဌာနချုပ်ထံသို့ အလျှင်အမြန်ပေးပို့လိုက်သည်။
ဗီဒီယိုရိုက်ပြီးနောက် လီယိရှန်းသည် ဝမ်ရှောင်ရီကို သူ့သားအား စောင့်ရှောက်ပေးပါရန်နှင့် လိုအပ်သည်ရှိပါက သူ့ကိုဆက်သွယ်ရန် အကြိမ်ကြိမ် မှာကြားခဲ့သည်။ ဝမ်ရှောင်ရီသည် သူ၏ရုံးခန်းတွင် ထိုင်ရင်း ဌာနချုပ်မှ အကြောင်းပြန်ကြားလာမည်ကို စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေခဲ့၏။
“ဒီ ၊ ဒီ ၊ ဒီ”
ရုတ်တရက် ဖုန်းမြည်သဖြင့် ကြည့်လိုက်ရာ ညွှန်ကြားရေးမှူးဆုန့်ထံမှ ဖြစ်နေသည်။ ဝမ်ရှောင်ရီသည် ဖုန်းအား အချိန်မဆိုင်းပဲ ချက်ချင်းဖြေကြားလိုက်လေ၏။
"ဟုတ်ကဲ့ ညွှန်ကြားရေးမှူးဆုန့်”
"လူအိုကြီးဝမ် မင်းပို့လိုက်တဲ့ဗီဒီယိုကို ငါရပြီ၊ ဒါက သားအဖတွေကြားထဲက ပဋိပက္ခဖြစ်နေတာပဲ၊ ငါနားလည်သွားပြီ၊ မင်းတို့ဘက်က ဒီရှင်းလင်းချက်ဗီဒီယိုကို ရိုက်ပြီးပြီဆိုတော့ ဘာပြဿနာမှမရှိတော့ဘူး”
ညွှန်ကြားရေးမှူးဆုန့်က ဆက်ပြောလာသည်။
"ဒါပေမဲ့ အဲဒီကောင်လေးကို နောက်တစ်ခါကျ သတိထားဖို့ပြောလိုက်ဦး၊ ဒီလိုအမှားမျိုး ထပ်မလုပ်စေနဲ့၊ နားလည်လား”
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ စိတ်ချပါ ညွှန်ကြားရေးမှူးဆုန့်၊ ကျွန်တော် သေသေချာချာမှာထားလိုက်ပါ့မယ်”
ထိုအခါ ဝမ်ရှောင်ရီသည် ပြုံးလျက်ပြောလိုက်သည်။
ထို့နောက် ညွှန်ကြားရေးမှူးဆုန့်သည် ဖုန်းချသွားတော့၏။ ယခုမှ ဝမ်ရှောင်ရီ သက်ပြင်းချနိုင်တော့သည်။
နောက်ဆုံးတွင်တော့ ဤပြဿနာမှာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ထိုပြဿနာ ပြေလည်သွားပြီးနောက် ဝမ်ရှောင်ရီသည် လီတာ့ဝေ၏စားပွဲဆီသို့ လျှောက်သွားပြီး တိုက်ရိုက်ပင် ပြောလိုက်လေ၏။
“လီတာ့ဝေ၊ ဌာနချုပ်က ဒီကိစ္စကို ဖြေရှင်းပြီးပြီလို့ ပြောလိုက်တယ်၊ ဘာပြဿနာမှမရှိတော့ဘူး၊ မင်း နောက်ဆိုရင် ပိုပြီးသတိထားဦး၊ နားလည်လား၊ ပြီးတော့ မင်းရဲ့ ဆိုးဝါးတဲ့ဒေါသကိုလည်း နဲနဲလျှော့အုန်း”
“အကယ်၍ ဒီနေ့ ချင်ရန်သာ မျက်စိမစူးရှလို့ မင်းတွန်းလိုက်တဲ့သူက မင်းအဖေဆိုတာ မသိခဲ့ရင်၊ မင်းကတော့ ဘာရှင်းပြချက်မှမပေးဘဲ ရဲစခန်းက အထုတ်ခံရတဲ့အထိ စောင့်နေမှာပဲမလား”
လီတာ့ဝေသည် ရှက်ရွံ့စွာဖြင့် ခေါင်းသာငုံ့ထားရာ ချင်ရန်က ဘေးမှ ဝင်ပြောပေးလိုက်ရ၏။
"စခန်းမှူးရယ် တစ်ခါတလေကျတော့လည်း မိသားစုကိစ္စတွေက ထုတ်ပြောဖို့မလွယ်တာမျိုး ရှိတတ်တာပဲလေ၊ တာ့ဝေ နောက်ဆိုရင် ပိုပြီးသတိထားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
ဝမ်ရှောင်ရီသည် ချင်ရန်အားကြည့်ကာ ပြောလိုက်လေသည်။
"အေးပါ ငါကလည်း သတိထားဖို့ပြောတာပါ၊ ချင်ရန်မင်းကတော့ တကယ့်ကို သူတစ်ပါးကိုကူညီတတ်တဲ့ ကောင်လေးပဲ၊ ငါတောင် သူ့ကို ဆက်မဆူနိုင်တော့ဘူး"
ချင်ယန်မှာတော့ ဘာမှမပြောဘဲ ခပ်ဖွဖွသာ ပြုံးနေတော့သည်။