← Chapters

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အခန်း ၈၄၁ - ဒါကို 'အဖွဲ့တွင်းစီမံခန့်ခွဲရေး'လို့ ခေါ်တယ်

"မစ္စတာရှောင်ခယ်.. ဒီလက်နက်ကို ကျုပ်တို့ ခဏလောက်ကြည့်လို့ရမလား"

လူတိုင်းက စိတ်ဝင်တစားရှိနေကြပြီး အကယ်၍ လူသူကင်းဝေးသော နေရာ၌သာဖြစ်ပါက လူအုပ်လိုက် ဝိုင်းဝန်းလုယူကြပေလိမ့်မည်။ အဆင့်ခုနစ်သိုင်းလက်နက်၏ ဆွဲဆောင်မှုမှာ မည်သူမှမတွန်းလှန်နိုင်လောက်အောင် ပြင်းထန်လှပေသည်။

သို့သော် ဤနေရာမှာ ပြပွဲကျင်းပရာ နယ်မြေဖြစ်သဖြင့် မည်သူကမှ ထိုကဲ့သို့သော ပြစ်မှုမျိုးကို မကျူးလွန်ရဲကြပေ။ ထို့ပြင် ဤလက်ရာကို ဖန်တီးခဲ့သည့် အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်မှာလည်း ဤနေရာ၌ပင် ရှိနေချေသည်။ ကုန်ကြမ်းများ ရှိနေသရွေ့ အဆင့်ခုနစ်သိုင်းလက်နက်များကို ဆက်တိုက်သွန်းလုပ်နိုင်သူဖြစ်လေရာ မည်သည့်အရာက ပိုအရေးကြီးသည်ကို သူတို့ ကောင်းကောင်းနားလည်ကြသည်။

"စိတ်ကြိုက်ကြည့်နိုင်ပါတယ်"

ရှောင်ခယ်သည် ထိုလူများ မိုက်မိုက်ကန်းကန်း မလုပ်ရဲကြောင်း သိနေသဖြင့် လက်နက်ကို ရက်ရက်ရောရော ကမ်းပေးလိုက်သည်။

"ဝိုး... လက်ရာက အရမ်းပြောင်မြောက်တာပဲ။ ကုန်ကြမ်းတွေက တစ်သားတည်း ဖြစ်နေတာ။ တကယ့်ကို စံပြလက်ရာပါပဲ"

"ဟုတ်ပါရဲ့။ ဒီအက္ခရာခုနစ်ခုကလည်း တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျဖြစ်ပြီး စွမ်းအားတွေကို အဆင့်ဆင့်တိုးမြှင့်ပေးထားတာ.. ထွင်းထုထားတာတွေကလည်း အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံနေရော"

"နေပါဦး"

'အိုင်ရီးလ်'ဟုခေါ်သော အဆင့်ခုနစ်သက်ရှိတစ်ယောက်က ရုတ်တရက် သတိပြုမိသွားသည်။

"ဒီကုန်ကြမ်းတွေက အဆင့်ခုနစ်သိုင်းလက်နက် သွန်းလုပ်ဖို့အတွက် မသင့်တော်ဘူး မဟုတ်လား"

"အိုင်လာသတ္တုစပ်၊ ဘာ့ဂ်မန်ဒါသတ္တုစပ်... ဒါတွေက အဆင့်ခြောက်လက်နက်တွေအတွက်သုံးတဲ့ စံသတ်မှတ်ချက်ကုန်ကြမ်းတွေမလား"

"ဘာ.. ငါ့ကို ပြကြည့်စမ်းပါဦး"

"တကယ်ကြီးဟ"

"ဟားဟားဟား.. ခင်ဗျားတို့ ဆက်ကြည့်နေစရာ မလိုပါဘူး။ ဆရာကြီးက အဆင့်ခြောက်သိုင်းလက်နက် သွန်းလုပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကုန်ကြမ်းတွေကို သုံးခဲ့တာပါ"

ရှောင်ခယ်က ရယ်မောလျက် ပြောလေ၏။

"အခု ဆရာကြီးက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ခင်ဗျားတို့ နားလည်ကြပြီမလား"

ချက်ချင်းဆိုသလိုပင် ကျန်းမုန့်လောင်အပေါ် ထားသော အားလုံး၏အကြည့်မှာ ဆယ်ဆမက ပိုပြင်းထန်လာသည်။

စကြဝဠာအတွင်း၌ အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်များမှာ အများကြီးမရှိသော်လည်း အနည်းငယ်မျှသာရှိသည်တော့ မဟုတ်ပေ။ သို့သော် အဆင့်ခြောက်ကုန်ကြမ်းများဖြင့် အဆင့်ခုနစ်သိုင်းလက်နက်ကို သွန်းလုပ်နိုင်ခြင်းမှာမူ တစ်ခါမှမကြားဖူးချေ။ အစဉ်အလာကို ချိုးဖျက်နိုင်ခဲ့သည့် ပထမဆုံးသော အောင်မြင်မှုပင်။

ဤအချက်ကပင် ထိုလူငယ်ပညာရှင်၏ အဂ္ဂိရတ်ပညာမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သွယ်ဝိုက်၍ ပြသနေသည်။

အထူးသဖြင့် နှစ်ပေါင်းသိန်းနှင့်ချီ၍ စုဆောင်းလာခဲ့သော အဆင့်ခုနစ်သိုင်းလက်နက်ကုန်ကြမ်းများကို ပိုင်ဆိုင်ထားသည့် အိုင်ရီးလ်အတွက်မူ ပိုထူးခြားလေသည်။ သူသည် ဤဆရာကြီးက သူ့ကုန်ကြမ်းများကို အသုံးပြု၍ အဆင့်ရှစ်သိုင်းလက်နက်တစ်ခုကို သွန်းလုပ်ပေးနိုင်မလားဟုပင် စိတ်ကူးယဉ်နေတော့သည်။

"ဆရာကြီး.. ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်က လိုင်ခွန်စကြဝဠာအင်ပါယာရဲ့အရှင်သခင် အိုင်ရီးလ်ပါ။ အခုလိုတွေ့ရတာ ဝမ်းသာပါတယ်"

"ဟုတ်ကဲ့.. ခင်ဗျားအကြောင်းတွေကို ကြားထားပါတယ်"

ကျန်းမုန့်လောင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။

"ခင်ဗျားက မိုးကြိုးနဲ့လျှပ်စစ်နိယာမတွေကို အထူးနားလည်ထားတာပဲ။ တကယ်လို့ ခင်ဗျားသာ ကျွန်တော်တို့ဂြိုဟ်က 'Thor' ရုပ်ရှင်မှာ သရုပ်ဆောင်မယ်ဆိုရင် အထူးပြုလုပ်ချက်တွေတောင် လိုမှာမဟုတ်ဘူး"

အိုင်ရင်းမှာမူ ကျန်းမုန့်လောင်၏ နောက်ဆုံးစကားကို နားမလည်သော်လည်း ၎င်းမှာ အရေးမကြီးပါပေ။

"ဆရာကြီး.. ဒီပြပွဲပြီးရင် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲဗျ"

"အင်း..."

ကျန်းမုန့်လောင် ခဏမျှ စဉ်းစားလိုက်သည်။ ကမ္ဘာဂြိုဟ်သို့ စစ်သင်္ဘောတချို့ ပြန်လည်ပို့ဆောင်ရန်မှလွဲ၍ အခြား အစီအစဉ်ရှိပုံမရပေ။

"ကျွန်တော့်မှာ သီးသန့်အစီအစဉ်ရယ်တော့ မရှိသေးပါဘူး"

အိုင်ရီးလ်၏ မျက်နှာမှာ ဝမ်းသာရိပ်သမ်းသွားလေသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်များမှာ ပုံမှန်အားဖြင့် စကြဝဠာအင်ပါယာ အရှင်သခင်များစွာက ဖိတ်ကြားရန် တန်းစီစောင့်ဆိုင်းနေကြသဖြင့် အချိန်ဇယားမှာ အမြဲပြည့်နေတတ်ပေသည်။ သို့သော် ဤပုဂ္ဂိုလ်က အစီအစဉ်မရှိဟု ဆိုလိုက်သည် မဟုတ်ပါလော။

အခြားစကြဝဠာအင်ပါယာ အရှင်သခင်များလည်း ခဏမျှ ကြောင်အသွားကြချေသည်။ အိုင်ရီးလ်က အခွင့်အရေးကို လက်ဦးအောင် အရယူလိုက်နိုင်သဖြင့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နေကြတော့သည်။

"အချိန်ရမယ်ဆိုရင် ကျွန်တော်တို့ လိုင်ခွန်စကြဝဠာအင်ပါယာကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ယဉ်ကျေးမှုကြွယ်ဝသလို လှပတဲ့ ရှုခင်းတွေလည်း အများကြီးရှိပါတယ်"

အိုင်ရီးလ်က အဆိုပြုလိုက်သည်။

"အခြေအနေကြည့်ရဦးမှာပေါ့.. အချိန်ရရင်တော့ သွားကြည့်ပါ့မယ်"

ကျန်းမုန့်လောင်က ထူးခြားဆန်းပြားသော စကြဝဠာမျိုးနွယ်စုများကို စိတ်ဝင်တစားဖြင့် ဖြေလိုက်သည်။

"ဝမ်းသာဖို့ကောင်းလိုက်တာ"

အိုင်ရီးလ်၏ ပျော်ရွှင်မှုကား ဖုံးကွယ်၍မရပေ။ ကျန်းမုန့်လောင်သာ သူ့မျိုးနွယ်စုသို့ လာရောက်လည်ပတ်လျှင် သူ့ထံမှ အကူအညီရရှိရန် အခွင့်အလမ်းရှိလာမည်ဖြစ်၏။

"ဒီမြေခွေးအိုကြီး"

"အားကျလိုက်တာ"

"မနာလိုဖြစ်နေပါပြီ"

...

ရုတ်ခြည်းပင် တစ်စုံတစ်ယောက်က အဝေးရှိ အိုင်ရင်းနှင့် အခြားလူများကို သတိပြုမိသွားသည်။

စကြဝဠာအင်ပါယာအရှင်သခင်များကလည်း အဆင့်အတန်းအမျိုးမျိုး ကွဲပြားကြလေရာ အချို့အင်ပါယာများမှာ 'အမြွှာဝေလငါး'စကြဝဠာအင်ပါယာနှင့် အရွယ်အစား တူညီကြသော်လည်း အချို့မှာမူ အင်ပါယာပေါင်း ဒါဇင်နှင့်ချီ၍ သို့မဟုတ် ရာနှင့်ချီ၍ အုပ်ချုပ်ထားကြသဖြင့် သြဇာအာဏာချင်း မတူညီကြပေ။

အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ ရှေ့မှောက်တွင်မူ သူတို့သည် စကားပြောရန်ပင် မထိုက်တန်ဘူးဟု မှတ်ယူကြသော်လည်း ဆရာကြီးထံသို့ တိုက်ရိုက် ချဉ်းကပ်ရန်တော့ မလိုအပ်ပါပေ။

ဤလူငယ်များမှာ ဆရာကြီး၏သူငယ်ချင်းများ ဖြစ်ကြလေရာ အကယ်၍ သူတို့ကိုသာ စည်းရုံးနိုင်လျှင် ဆရာကြီးထံတွင် စကားကောင်းပြောပေးနိုင်လိမ့်မည်ဖြစ်၏။ ၎င်းမှာ အောင်မြင်နိုင်သည့် အစီအစဉ်တစ်ခု ဖြစ်နိုင်လေသည်။

ထိုအတွေးဖြင့် ထိုလူတစ်သိုက်မှာ အိုင်းရင်းတို့ထံသို့ လျှောက်လှမ်းလာကြ၏။

အာဏာစက်များလွှမ်းခြုံနေသော ဤအဆင့်ခြောက်သက်ရှိများကို မြင်လိုက်ရသောအခါ အိုင်းရင်း၏ ခြေထောက်များမှာ အနည်းငယ် တုန်ယင်လာပြီး ရှာယန်နာ ညီအစ်မနှစ်ယောက်လည်း ထိတ်လန့်သွားချေသည်။

"မင်းတို့က ဆရာကြီးရဲ့ သူငယ်ချင်းတွေလား"

စကြဝဠာအင်ပါယာ အရှင်သခင်တစ်ယောက်က ရှေ့သို့ကိုင်း၍ မေးလိုက်သည်။ သူ့မျက်နှာမှာ ဖော်ရွေမှုများဖြင့် ပြည့်နှက်နေပြီး သာမန်လူများကို မောင်းထုတ်စဉ်က ရှိခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုး လုံးဝမရှိတော့ပေ။

အိုင်းရင်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဆရာကြီးရဲ့ သူငယ်ချင်းဆိုတော့ မင်းတို့သုံးယောက်မှာလည်း ထူးခြားတဲ့ အရည်အချင်းတွေရှိမှာ သေချာတယ်။ ငါက ဂိုယာစကြဝဠာအင်ပါယာရဲ့ အုပ်ချုပ်သူ တီမူဂေးပါ"

"ဗျာ... ဟယ်လို"

စကြဝဠာအင်ပါယာအရှင်သခင်တစ်ဦးက သူ့ကို ဤကဲ့သို့သောအမူအရာဖြင့် စကားပြောလာလိမ့်မည်ဟု အိုင်းရင်း လုံးဝမတွေးဖူးခဲ့ပေ။ အဆင့်နှစ်မျိုးနွယ်စုပေါင်းဆယ်ခု​ကျော်၏ အရှင်သခင် ဖြစ်လာခဲ့သော်လည်း အိုင်းရင်းမှာ လက်ရှိအခြေအနေကို လိုက်မမီနိုင်သေးပေ။

တီမူဂေးက ဖောက်ထွင်းမြင်ရသော သလင်းဖန်သားကတ်တစ်ခုကို ကမ်းပေးလေသည်။ ၎င်းမှာ ကမ္ဘာပေါ်ရှိ ချက်လက်မှတ်နှင့်တူပြီး စကြဝဠာဘဏ်ခွဲများရှိသည့် မည်သည့်နေရာတွင်မဆို ငွေသားဖြင့် လဲလှယ်နိုင်သည်။

"ဒါက စကြဝဠာဒင်္ဂါးပြား၁၀ဘီလီယံပါ။ ဒါက ငါ့စေတနာမို့ လက်ခံပေးပါ"

"အဟွတ် အဟွတ်"

အိုင်းရင်းမှာ အံ့သြလွန်းသဖြင့် ချောင်းပင် ဆိုးလိုက်မိသည်။

စကြဝဠာဒင်္ဂါး၁၀ဘီလီယံတဲ့လား။ နဂါးငွေ့တန်းဂလက်ဆီတစ်ခုလုံး၏ တန်ဖိုးမှာပင် ၁၀ဘီလီယံမရှိပါချေ။

"ကျွန်တော် လက်မခံနိုင်ပါဘူး"

အိုင်းရင်းက အမြန်ငြင်းဆိုလိုက်သည်။

"နည်းတယ်လို့ထင်လို့လား"

တီမူဂေးက စဉ်းစားလိုက်သည်။ ဆရာကြီး၏ သူငယ်ချင်းတစ်ယောက်အတွက်ဆိုလျှင် ဆယ်ဘီလီယံမှာ နည်းနေနိုင်သည်ဟု သူ တွေးလိုက်မိသည်။

အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်တစ်ဦးအတွက်မူ ကြယ်ပေါင်းဒါဇင်နှင့်ချီ၍ သို့မဟုတ် ရာနှင့်ချီ၍ အလွယ်တကူ ရှာဖွေနိုင်သည်ဖြစ်ရာ ဤဆယ်ဘီလီယံမှာ စင်စစ်နည်းပါးလှသည်။

သူသည် နောက်ထပ်သလင်းဖန်သားကတ်တစ်ခုကို ထုတ်လိုက်ပြန်သည်။

"ဒါက စကြဝဠာဒင်္ဂါး၅၀ဘီလီယံပါ။ ငါက မင်းနဲ့ မိတ်ဆွေဖြစ်ချင်လို့လေ"

"ကျွန်တော့်မှာ ခင်ဗျားနဲ့ သူငယ်ချင်းဖြစ်ဖို့ ဘာအရည်အချင်းရှိလို့လဲဗျာ"

အိုင်းရင်းခမျာ မှင်တက်သွားလေသည်။

"ကျွန်တော်က သာမန်အဆင့်နှစ်မျိုးနွယ်စုရဲ့ အရှင်သခင်သက်သက်ပါပဲ။ ခင်ဗျားနဲ့ ရင်းနှီးပါတယ်လို့တောင် ကျွန်တော် မပြောရဲပါဘူး"

"ဘာဖြစ်လဲ"

အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်တစ်ဦးက အဆင့်နှစ်မျိုးနွယ်စုအရှင်သခင်တစ်ဦးနှင့် သူငယ်ချင်းဖြစ်နေခြင်းမှာ ထူးဆန်းနေသော်လည်း ဤသည်မှာ အိုင်းရင်း၏ အရေးပါမှုကို မထိခိုက်စေပေ။

"မင်းက ဆရာကြီးနဲ့တောင် သူငယ်ချင်းဖြစ်နိုင်တယ်ဆိုရင် ငါနဲ့လည်း သူငယ်ချင်းဖြစ်ဖို့ အရည်အချင်းပြည့်မီပါတယ်"

"ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို မကူညီနိုင်တာလည်း ဖြစ်နိုင်တယ်နော်"

"ကောင်လေး.. အဲ့လိုပြောဖို့ မလိုပါဘူး။ ငါက ဘာရည်ရွယ်ချက်မှမရှိဘဲ စိတ်ရင်းနဲ့ မိတ်ဆွေဖွဲ့ချင်တာပါ"

တီမူဂေးက အကြင်နာတရားများ ယိုဖိတ်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။

သူ့အတွက်မူ ကျန်းမုန့်လောင်နှင့် ချက်ချင်း မရင်းနှီးရလျှင်ပင် အလျင်မလိုကြပေ။ စိတ်ရှည်သည်းခံမှုက အကျိုးကျေးဇူးကို ဖြစ်ထွန်းစေမည်ဖြစ်လေရာ ကြိုးစားမှုကလည်း အရာထင်လာလိမ့်မည်။

ကျန်းမုန့်လောင်၏ဘေးနားတွင် လူအမြောက်အများဝိုင်းအုံလာပြီး နောက်ထပ်လူအယောက်နှစ်ရာသုံးရာခန့် ထပ်ရောက်လာသည်။ ဤသည်မှာ စကြဝဠာအင်ပါယာအရှင်သခင်များ၏ စုဝေးပွဲကြီးတစ်ခုအလားပင်။

"အိုင်းရင်း ငါ့ကိုလာကူပါဦး"

ကျန်းမုန့်လောင်က သူ့ကို အမြန်လှမ်းခေါ်လိုက်သည်။

ကယ်တင်ရှင်ရောက်လာသလို ခံစားလိုက်ရသော အိုင်းရင်းသည် မိနစ်အနည်းငယ်အတွင်းမှာပင် စကြဝဠာဒင်္ဂါးပြားထရီလီယံနှင့်ချီ၍ ရရှိထားပြီးဖြစ်၏။ ယခုမူ သူ့ကြွယ်ဝချမ်းသာမှုမှာ လာနီယာကီးယားရှိ အဆင့်လေးမျိုးနွယ်စု အရှင်သခင်ထက်ပင် ကျော်လွန်နေပြီဖြစ်၏။

ရှာယန်နာညီအစ်မနှစ်ယောက်လည်း ငြင်းပယ်၍မရသော လက်ဆောင်များဖြင့် ပြည့်နှက်နေသည်။

တစ်ယောက်က ငါးရာဘီလီယံပေးလျှင် နောက်တစ်ယောက်က ခြောက်ရာဘီလီယံဖြင့် ပြန်တုံ့ပြန်ကြသည်။ တစ်ယောက်က ရတနာတစ်ခု ပေးလျှင် နောက်တစ်ယောက်က နှစ်ခုပေးကြသည်။ ရူးသွပ်ဖွယ်ကောင်းသော ဤပေးကမ်းမှုကြီးမှာ အံ့မခန်းပါပင်။

"အစ်ကိုကျန်း.. ဘာဖြစ်လို့လဲ"

"အိုင်းရင်း စကြဝဠာမျိုးနွယ်စုတွေမှာ သုံးတဲ့ လူမှုကွန်ရက်အက်ပလီကေးရှင်းရှိလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"စကြဝဠာတစ်ခုလုံးမှာသုံးတဲ့ အရာမျိုးကို လိုချင်တာ"

"ရှိတာပေါ့"

အိုင်ရင်းက ပြန်ဖြေလိုက်သည်။

"'စကြဝဠာမက်ဆင်ဂျာ'လို့ခေါ်တဲ့ အက်ပ်တစ်ခုရှိတယ်။ အဲ့ဒါကို စကြဝဠာဆက်သွယ်ရေးကုမ္ပဏီက ထုတ်ထားတာ။ လူတိုင်းနီးပါး သုံးကြတယ်"

"အဲ့ဒီမှာ အဖွဲ့ဖွဲ့လို့ရလား"

"အဖွဲ့..ဖွဲ့မယ် ဟုတ်လား"

"ဟုတ်တယ်လေ။ လူတိုင်း တစ်နေရာတည်းမှာ စုပြီး စကားပြောကြ၊ အာပေါင်အာရင်းသန်သန် ဆွေးနွေးကြဖို့ပေါ့"

"ရတာပေါ့။ အဲ့ဒါက အခြေခံ လုပ်ဆောင်ချက်ပဲလေ။ ဒါပေမဲ့ လူတွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ဆက်သွယ်ကြတာပဲများတော့ အစ်ကို့ရဲ့ တောင်းဆိုချက်က..."

"မင်း နားမလည်သေးပါဘူး"

ကျန်းမုန့်လောင်က တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ဒီလူတွေကို မြင်လား။ သူတို့အားလုံး ပေါင်းလိုက်ရင် ကြီးမားတဲ့အင်အားနဲ့ စည်းစိမ်ဥစ္စာတွေ ဖြစ်လာမှာလေ။ ဒါကို ငါတို့ဂြိုဟ်မှာ 'အုပ်စုတွင်းစီမံခန့်ခွဲရေး'လို့ ခေါ်တယ်"

*******************

အခန်း ၈၄၂ - ဘာဂရုလဲ.. ငါ့ကိုပါ အပ်ပေးဦး

"အုပ်စုတွင်းစီမံခန့်ခွဲမှုတဲ့လား.. တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ"

ဤသို့သော အသုံးအနှုန်းအသစ်ကို အိုင်ရင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

"အစ်ကိုကျန်း.. အဲ့ဒါက ဘာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရလားဟင်... သိုင်းကျမ်းစာအုပ်လိုမျိုးလား"

"မင်း ဖြည်းဖြည်းချင်း နားလည်လာမှာပါ"

ကျန်းမုန့်လောင်သည် "မက်ဂါချက်"ဟုခေါ်သော ဆော့ဖ်ဝဲတစ်ခုကို ဒေါင်းလုတ်ဆွဲပြီးသွားပြီဖြစ်၏။ ဤဆော့ဖ်ဝဲအတွင်းရှိ အဖွဲ့များမှာ အဖွဲ့ဝင်အရေအတွက် ကန့်သတ်ချက်မရှိဘဲ သီအိုရီအရ လူပေါင်း မည်မျှပင်ဖြစ်စေ ထည့်သွင်းနိုင်ပေသည်။

ထို့အပြင် ဤအဖွဲ့များသည် စကြဝဠာကွန်ရက်မှတစ်ဆင့် ဆုံရပ်နယ်မြေတစ်ခုကို ဖန်တီးနိုင်ပြီး အဖွဲ့ဝင်များမှာ အွန်လိုင်းကတစ်ဆင့် သီးသန့်တွေ့ဆုံပွဲများပင် ကျင်းပနိုင်ကြသည်။ ကမ္ဘာသူကမ္ဘာသားများ တွေးမိသောအရာဖြစ်စေ၊ မတွေးမိသောအရာပင်ဖြစ်စေ အရာအားလုံးကို ဤနေရာတွင် လက်တွေ့အကောင်အထည်ဖော်ထားပြီးဖြစ်၏။

"ကဲ... အဖွဲ့တော့ဖွဲ့လိုက်ပြီ"

ကျန်းမုန့်လောင်က ဆိုလေသည်။

"ငါ မင်းကို အက်ဒမင်ခန့်ထားတယ်။ ဒါမှ နောက်ပိုင်း စီမံခန့်ခွဲတဲ့နေရာမှာ မင်း ကူညီလို့ရမှာ"

"ဒါပေမဲ့ ကျွန်တော် ဘယ်လိုစီမံခန့်ခွဲရမှန်း မသိဘူးလေ"

အိုင်းရင်းအနေနှင့် အုပ်စုတွင်းစီမံခန့်ခွဲမှုအကြောင်း မည်သို့နားလည်နိုင်မည်နည်း။ ဤနေရာရှိ လူတိုင်းမှာ အရှိန်အဝါကြီးမားသူများဖြစ်လေရာ သူ့စကားမှာ အလေးအနက်ရှိမည်မဟုတ်ချေ။ မည်သူက သူ့ကို ဂရုစိုက်မည်နည်း။

"မင်း ဒီအတိုင်း စောင့်ကြည့်နေလိုက်စမ်းပါ"

ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။

"အားလုံးပဲ... ခဏလောက် ငြိမ်ပေးကြပါ"

ကျန်းမုန့်လောင် စကားပြောလိုက်သည်နှင့် အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိများအားလုံး ချက်ချင်းတိတ်ဆိတ်သွားကြသည်။ ဆရာသခင့်မှာ တစ်ခုခုကြေညာစရာရှိပုံရသဖြင့် သူတို့ သေချာနားထောင်ရပေမည်။

"လူတိုင်းက ကျွန်တော်နဲ့ သူငယ်ချင်းဖြစ်ချင်ကြတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ လူတွေက အရမ်းများလွန်းတော့ ကျွန်တော့်မှာ အချိန်ဘယ်လောက်ပဲရှိရှိ လူတိုင်းကို တစ်ယောက်ချင်းစီ စကားပြန်ပြောပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"

ကျန်းမုန့်လောင်က ဆိုသည်။

"ဒါကြောင့် ကျွန်တော် 'မက်ဂါချက်'အဖွဲ့တစ်ခု ဖွဲ့လိုက်တယ်။ စိတ်ဝင်စားတဲ့သူတွေက ကျွန်တော့်ညီလေးကတစ်ဆင့် အဖွဲ့ထဲဝင်ဖို့ လျှောက်ထားနိုင်ပါတယ်"

"မက်ဂါချက်လား"

ဤအဆင့်မြင့်သက်ရှိများမှာ ငြီးငွေ့ဖွယ်ကောင်းသော ကျင့်ကြံခြင်းကာလများတွင်သာ အချိန်ကုန်ဆုံးလေ့ရှိပြီး အခြားသူများနှင့် ဆက်သွယ်မှုနည်းပါးလှလေရာ ဤကဲ့သို့သောအရာများကို အသုံးပြုသူအများစုမှာ စကြဝဠာမျိုးနွယ်စုများရှိ လူငယ်များ သို့မဟုတ် ခေတ်မီသော လူကြီးပိုင်းအချို့သာ ဖြစ်ကြသည်။

"ဘယ်သူဒေါင်းလုတ်ဆွဲပြီးပြီလဲ.. ဘယ်လိုဒေါင်းလုတ်ဆွဲရမလဲဆိုတာ ဘယ်သူသိလဲ"

"အဲ့ဒါက ဘာလဲ။ ငါ့ကို ဘယ်လိုဒေါင်းလုတ်ဆွဲရမလဲဆိုတာ တစ်ယောက်ယောက် သင်ပေးနိုင်မလား"

"သင်ပေးတဲ့လူကို စကြဝဠာဒင်္ဂါးပြား၁၀ဘီလီယံပေးမယ်"

"ငါက၂၀ဘီလီယံ ပေးမယ်"

...

"တကယ်ကြီးလား"

အိုင်းရင်းတို့တစ်သိုက်ခမျာ ထိုအရှင်သခင်များကို ကြည့်ရင်း မှင်တက်နေကြသည်။ သူတို့ ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သာမန်ဆော့ဖ်ဝဲတစ်ခုကို ထည့်သွင်းရန်အတွက် ဤမျှများပြားသော အဖိုးအခကို ပေးနေကြလေသလော။

"ကျွန်မ လုပ်ပေးနိုင်ပါတယ်။ ကျွန်မ ဒေါင်းလုတ်ဆွဲပြီးသားပါ"

လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်ဟန်တူသော ရှာဇီနာသည် အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိများ၏ရှေ့တွင်ပင် ကြောက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်သည်။

ဤသည်မှာ ပိုက်ဆံရှာရန် အခွင့်အရေးတစ်ခုပင် မဟုတ်ပါလော။ ပိုက်ဆံနှင့် အသက်။ ဘယ်အရာက ပိုအရေးကြီးသလဲ။

သူ(မ) စကားပြောလိုက်သည်နှင့် ကျန်းမုန့်လောင်ကလွဲ၍ သူ(မ)သည် လူအုပ်အတွင်းရှိ အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်လာလေသည်။

"ညီမလေး.. ငါ့ကို မြန်မြန်သင်ပေးပါ။ ဘယ်ကဒေါင်းလုတ်ဆွဲရမလဲ"

"ဟားဟားဟား.. ဒီလောက်လွယ်တာလား။ မိန်းကလေး... မင်းကို ငါ ပိုက်ဆံလွှဲလိုက်ပြီနော်"

အဆင့်ခြောက်သက်ရှိတစ်ယောက်က ဒေါင်းလုတ်ဆွဲပြီးသွားသောအခါ ကျေကျေနပ်နပ်ဖြင့် ပိုက်ဆံကို ချက်ချင်းလွှဲပေးလိုက်သည်။

အဆင့်ငါးမျိုးနွယ်စုများရှိ အရှင်သခင်များပါ ဤပြပွဲသို့ လာရောက်ကြခြင်းဖြစ်လေရာ တစ်ဦးစီတွင် ပစ္စည်းဝယ်ယူရန်အတွက် ငွေကြေးအမြောက်အမြား အသင့်ရှိနေကြသည်။ တစ်ဦးချင်းစီတွင်ရှိသော ငွေကြေးစီးဆင်းမှုမှာ ထရီလီယံပေါင်းများစွာမှ သူတို့၏မျိုးနွယ်စုတစ်ခုလုံးကို ပေါင်နှံထားသည့်တိုင်အောင် ကြယ်ပေါင်းများစွာ ချမ်းသာကြွယ်ဝသူများပင်။

သူတို့အတွက်မူ စကြဝဠာဒင်္ဂါးပြားဘီလီယံအနည်းငယ်မှာ ပြောပလောက်သည့် ပမာဏ မဟုတ်ပေ။

"မြန်မြန်လုပ်။ ငါ့အလှည့်ရောက်ပြီ"

"ညီမလေး.. ငါ ၅၀၀ဘီလီယံပေးမယ်။ ငါ့ကို အရင်ကူညီပေးပါလား"

"ငါက ၆၀၀ဘီလီယံ"

"ငါက ၈၀၀ဘီလီယံပေးမယ်"

ဆရာသခင်က ဘယ်အချိန်ပြန်မလဲဆိုသည်ကို မသိနိုင်သဖြင့် သူတို့ခမျာ မက်ဂါချက်အဖွဲ့ထဲသို့ ဝင်ခွင့်မရမည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် ဆရာကြီးနှင့် ပိုမိုနီးစပ်ခွင့်ရရန် ပထမဆုံးဖြစ်အောင် အလုအယက် ကြိုးစားနေကြခြင်းပင်။

"မဖြစ်နိုင်တာ"

အိုင်းရင်း၏ပါးစပ်မှာ မရပ်မနား တုန်ယင်နေချေသည်။ ဤကဲ့သို့ အခြေအနေမျိုးမှာ အမှန်တကယ် ဖြစ်နိုင်ပါသလား။

ဒေါင်းလုတ်ဆွဲပြီးသည်နှင့် အရှင်သခင်များမှာ ကျန်းမုန့်လောင်၏အဖွဲ့ထဲသို့ ဝင်ရန် ချက်ချင်း လျှောက်ထားကြသော်လည်း ကျန်းမုန့်လောင်က အက်ဒမင်သာလျှင် အဖွဲ့ဝင်အသစ်များကို လက်ခံနိုင်ရန် ကန့်သတ်ထားခဲ့သည်။

"အက်ဒမင်ရေ.. ဘယ်သူက အက်ဒမင်လဲ။ ဆရာသခင်... ကျွန်တော်တို့ကို လက်ခံပေးပါဦး"

"ဪ... ကျွန်တော်က အက်ဒမင်တာဝန်ကို ကျွန်တော့်သူငယ်ချင်းဆီ လွှဲထားတာပါ။ ကျွန်တော်က အရမ်းအလုပ်များတော့ အဖွဲ့ကိုစီမံခန့်ခွဲဖို့ အချိန်မရှိဘူးလေ"

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်... ဆရာသခင်က ဒီလောက်အလုပ်များတာ။ ဒီလို သာမန်ကိစ္စလေးတွေကို ဘယ်လိုလုပ်ပြီး အချိန်ပေးနိုင်မှာလဲ"

"ညီလေး... ငါ့ကို လက်ခံပေးလို့ရမလား။ ငါက ကိုဒီယာပါ။ ခဏလောက် ကြည့်ပေးပါဦး"

"ညီလေး.. ငါ့မှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုရှိတယ်။ စိတ်ဝင်စားလား.. ငါ့ကိုတန်းစီတဲ့နေရာက ကျော်လို့ရအောင် ကူညီပေးပါ့လား။ ငါ အဖွဲ့ထဲကို အရင်ရောက်ချင်လို့ပါ"

အိုင်းရင်းခမျာ ရုတ်တရက်ဝင်ရောက်လာသော ပိုက်ဆံများကြောင့် ခေါင်းပင် မူးနောက်လာသည်။ အချို့လူများမှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုကိုပင် လာဘ်ထိုးငွေအဖြစ် ထုတ်သုံးလာကြသည်။

"အဟမ်း.. အဟမ်း"

ကျန်းမုန့်လောင်က ချောင်းဟန့်၍ ဆိုလိုက်ချေသည်။

"ဒါနဲ့... အဖွဲ့ထဲဝင်တာက အလကားတော့ မဟုတ်ဘူးနော်။ အဖွဲ့ထဲမှာ ဆက်နေချင်တဲ့လူတိုင်းက တစ်နှစ်ကို အသင်းဝင်ကြေး စကြဝဠာဒင်္ဂါးပြားတစ်ထရီလီယံ ပေးရမယ်"

"တစ်ထရီလီယံလား"

များပြားလှသော ဤပမာဏကြောင့် လူတိုင်း မှင်တက်သွားကြသည်။ အချိန်ကား လျင်မြန်စွာ ကုန်ဆုံးတတ်ပြီး နှစ်ပေါင်းတစ်ရာဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်သည်။ ဤပမာဏမှာ အဆင့်ငါးမျိုးနွယ်စုတစ်ခု၏ ပိုင်ဆိုင်မှုနှင့် ညီမျှပေသည်။

အဖွဲ့တစ်ခုထဲ ဝင်ရန်အတွက် ဤမျှများပြားလှသော အဖိုးအခကို ပေးရခြင်းမှာ အလွန်များလွန်းသည်ဟု ထင်စရာရှိသည်။

"ခင်ဗျားတို့အားလုံး ကျွန်တော် ခေါင်းပုံဖြတ်နေတယ်လို့ ထင်နေကြတာ မဟုတ်လား"

လူတိုင်း ထိုသို့ထင်နေကြသော်လည်း မည်သူကမှ အသံထွက်၍ မပြောရဲကြပေ။

"အဖွဲ့ဝင်တွေအနေနဲ့တော့ အကျိုးခံစားခွင့်တွေရှိတာပေါ့"

ကျန်းမုန့်လောင်က ဆို၏။

"အဖွဲ့ဝင်တွေထဲကနေ တစ်နှစ်မှာ လူဆယ်ယောက်ကို ကံစမ်းမဲဖောက်ပြီး ရွေးချယ်သွားမှာပါ။ သူတို့အတွက် သိုင်းလက်နက်တွေကို ကျွန်တော်ကိုယ်တိုင် အခမဲ့သွန်းလုပ်ပေးသွားမယ်"

"အခမဲ့လား"

"တစ်နှစ်ကို ဆယ်ယောက်တောင်လား"

"ငါ ဝင်မယ်။ ငါ ဝင်မယ်"

"မင်းတို့ထဲက တစ်ယောက်ယောက် ဝင်ခွင့်ရရင် ငါ့ကိုပါ ဆွဲထည့်ပေးကြဦး"

ဤသတင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလိုပင်။

ဒါက ဘာကိုဆိုလိုတာလဲ။ တစ်နှစ်ကို အခွင့်အရေး အကြိမ်ပေါင်းများစွာ ရှိနေခြင်းဖြစ်ပြီး သူတို့ကိုယ်တိုင် မလိုအပ်လျှင်ပင် အခြားသူများကို ပြန်လည်ရောင်းချနိုင်သည် မဟုတ်ပါလော။

အဆင့်ခြောက်နည်းစနစ်များဖြင့် အဆင့်ခုနစ်သိုင်းလက်နက်များကို သွန်းလုပ်နိုင်သော အဂ္ဂိရတ်ပညာရှင်၏ လက်ရာမှာ အဖိုးမဖြတ်နိုင်ပေ။ ထို့ကြောင့် သူတို့လည်း ဤဆရာသခင်မှာ အဆင့်ရှစ်လက်နက်များကိုပင် သွန်းလုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။

အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ရန်အတွက် ကနဦးကုန်ကျစရိတ်မှာတင် ကြယ်ထောင်ပေါင်းများစွာရှိသည်ဖြစ်ရာ ထိုပမာဏနှင့် နှိုင်းယှဉ်လျှင် တစ်နှစ်လျှင် တစ်ထရီလီယံဆိုသည်မှာ အလွန်ဈေးပေါလှသည်။

"ကျွန်တော် ဝင်မယ်။ ကျွန်တော် အသင်းဝင်ဖြစ်ချင်တယ်"

"ကျွန်တော်လည်း အသင်းဝင်ဖြစ်ချင်ပါတယ်"

"ကောင်းပြီ။ ကောင်းပြီ။ အသင်းဝင်ဖြစ်ချင်တဲ့လူတွေက အဖွဲ့အက်ဒမင်ဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်းအိုင်းရင်းကို ဆက်သွယ်ကြပါ။ အရင်ဆုံး ဂရုထဲကိုဝင်။ ပြီးမှ အသင်းဝင်ဖြစ်ဖို့ လုပ်ကြပါ"

အရှိန်အဝါကြီးမားသူများ၏ စိတ်အားထက်သန်သော တုံ့ပြန်မှုများအကြား ကျန်းမုန့်လောင်မှာ ကျေကျေနပ်နပ်ပြုံးလိုက်လေ၏။ နောင်တွင် တစ်စုံတစ်ယောက်က သူ့ကို ရန်စရဲလျှင် အဖွဲ့ထဲတွင် စကားတစ်ခွန်းပြောလိုက်ရုံဖြင့် အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိ ရာပေါင်းများစွာက သူ၏သစ္စာအရှိဆုံး အခမဲ့အစောင့်အရှောက်များ ဖြစ်လာကြပေလိမ့်မည်။

အဖွဲ့ဝင်ကိစ္စများ ပြီးစီးသွားသောအခါ ကျန်းမုန့်လောင်နှင့် သူ့သူငယ်ချင်းများလည်း ချက်ချင်းပြန်သွားခဲ့ကြသည်။ သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ရန်အတွက် ဆွဲသီးတစ်ခုကို ကိုယ်တိုင်သွန်းလုပ်ခဲ့ပြီး ထိုအရာကိုအသုံးပြု၍ ရုပ်ရည်ကို အနည်းငယ် ပြောင်းလဲလိုက်သဖြင့် မည်သူကမှ သူတို့ကို မှတ်မိနိုင်တော့မည်မဟုတ်ပေ။

သို့သော် အဆင့်ခြောက်နှင့်အထက်ရှိသော သက်ရှိများ၏ အသိုင်းအဝိုင်းတွင်မူ ဤသတင်းမှာ ရောင်ခြည်ဖြာထွက်သည့်နှယ် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

"ဘာ.. ဒီပြပွဲမှာ အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်တစ်ယောက် ရှိနေတာလား။ ပြီးတော့ သူက ရှောင်ခယ်အတွက် အဆင့်ခုနစ်လက်နက်ကို အခမဲ့သွန်းလုပ်ပေးခဲ့တယ်ပေါ့"

"ဒီကောင်တော့ ကံထူးတာပဲ။ အဲ့ဒါကို တစ်ဆင့်ပြန်ရောင်းရင်တောင် ကြယ်ထောင်ပေါင်းများစွာရမှာ"

"သူက အဖွဲ့တောင် ဖွဲ့ထားတာလား။ အဖွဲ့ဝင်တွေကို အခမဲ့လက်နက်တွေ လုပ်ပေးဦးမှာတဲ့လား။ အသင်းဝင်ကြေးက တစ်နှစ်ကို တစ်ထရီလီယံပဲ ရှိတာပေါ့။ မြန်မြန်ပြောစမ်း။ အဲ့ဒါ ဘာဆော့ဖ်ဝဲလဲ။ ငါ အခုချက်ချင်း ဒေါင်းလုတ်ဆွဲလိုက်မယ်"

"ဆရာသခင်က အဖွဲ့ထဲမှာ ရှိနေတာလား။ ဘယ်အဖွဲ့လဲ။ ငါ့ကို မြန်မြန်ဆွဲထည့်ပေးကြပါဦး"

ထိုထိပ်သီးပုဂ္ဂိုလ်များမှာ ဤအဖွဲ့ကို ရှာဖွေရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြလေရာ လျှောက်ထားသူအရေအတွက်ကား မူလ နှစ်ရာသုံးရာမှသည် ခုနစ်ရာရှစ်ရာ၊ ထို့နောက် လူပေါင်းနှစ်ထောင်သုံးထောင်အထိ တိုးလာခဲ့သည်။ ဤအရေအတွက်မှာ ထိန်းမနိုင်သိမ်းမရ ဆက်လက်တိုးပွားနေခဲ့သည်။

"ဆရာသခင်က ငါ့ကို ဘာလို့အတည်မပြုပေးသေးတာလဲ"

"ငတုံး.. ဆရာသခင်က ဒီလိုသာမန်ကိစ္စတွေကို ကိုယ်တိုင်လုပ်ပါ့မလား။ သူက စီမံခန့်ခွဲတာကို သူ့သူငယ်ချင်းဆီ လွှဲထားတာ။ ဟဲဟဲ... ငါကတော့ သူ့သူငယ်ချင်းရဲ့ မက်ဂါချက်ကို အပ်ထားပြီးပြီ"

"ငါ မင်းကို အဆင့်လေးမျိုးနွယ်စုဆယ်ခု ပေးမယ်။ ဆရာသခင့်သူငယ်ချင်းရဲ့ မက်ဂါချက်ကို ငါ့ဆီပို့ပေးစမ်းပါ"

*****************

အခန်း ၈၄၃ - ငါတို့က အထက်တန်းလွှာတွေပဲ

ကျန်းမုန့်လောင်သည် တစ်ခဏအတွင်း ကြွယ်ဝချမ်းသာသွားသလို အိုင်းရင်း၊ ရှာဇီနာနှင့် ရှာယာနာညီအစ်မတို့လည်း ကံထူးသွားကြလေသည်။ သူတို့၏ လက်ရှိပိုင်ဆိုင်မှုမှာ အဆင့်ငါးမျိုးနွယ်စုဖြစ်သည့် 'အမြွှာဝေလငါး'စကြဝဠာအင်ပါယာ၏ အရှင်သခင်ထက်ပင် သာလွန်နေပြီဖြစ်၏။

အထူးသဖြင့် အက်ဒမင်အဆင့်အတန်း ရရှိထားသော အိုင်းရင်းမှာ ပိုက်ဆံများကို မရပ်မနားသဲ့ယူနေရသည်။ အဖွဲ့ထဲသို့ ဝင်ရောက်လိုသူများမှာ အိုင်းရင်းက လောဘပိုတက်လာမည်ကို မစိုးရိမ်ကြဘဲ ပိုက်ဆံလက်မခံမည်ကိုသာ စိတ်ပူနေကြသည်။

'Giant Signal'ဆက်သွယ်ရေးစနစ်တွင် ငွေသားအပြင် ဂြိုဟ်များ၊ သတ္တုတွင်းများ၊ ကုမ္ပဏီများနှင့် အခြားပိုင်ဆိုင်မှုများ စသည့် စကြဝဠာမဟာမိတ်အဖွဲ့က အသိအမှတ်ပြုထားသည့် မည်သည့်အရာကိုမဆို 'စာအိတ်နီ'အနေနှင့် တိုက်ရိုက်ပေးပို့နိုင်သည်။

ကျန်းမုန့်လောင် ဆွဲသီးကို သွန်းလုပ်နေစဉ်အတွင်း အိုင်းရင်း၏ 'Giant Signal'မှာ ပေါက်ကွဲထွက်မတတ်ဖြစ်နေချေသည်။

"ဟေး... ညီလေး ငါက အိုဇာမျိုးနွယ်စုရဲ့အရှင်သခင်ပါ။ ဆရာသခင်ရဲ့ အဖွဲ့ထဲကို ဝင်ချင်လို့ ငါ့ရဲ့လျှောက်လွှာကို အတည်ပြုပေးလို့ရမလား။ မင်းကို အဆင့်လေးမျိုးနွယ်စု၁၀ခုပေးမယ်လေ"

(Giant Signalစာအိတ်နီ: မျိုးနွယ်စု လွှဲပြောင်းခြင်း သဘောတူညီချက် - လက်မှတ်ထိုးရန် စောင့်ဆိုင်းဆဲ)

"ညီလေး... မင်းက ဆရာသခင်ရဲ့ သူငယ်ချင်းလို့ ကြားတယ်။ ငါ့သူငယ်ချင်းက မိတ်ဆက်ပေးလို့ အဖွဲ့ထဲဝင်ဖို့ လျှောက်ထားပြီးပြီ။ ငါ့ကို အတည်ပြုပေးပါဦးနော်"

(Giant Signalစာအိတ်နီ: စကြဝဠာဒင်္ဂါးပြား၁၀၀ဘီလီယံ - လက်ခံရန် စောင့်ဆိုင်းဆဲ။

မှတ်ချက် - ကျေးဇူးပြုပြီး အတည်ပြုပေးပါ။ တောင်းဆိုပါတယ်ကွာ)

...

အိုင်းရင်း၏ 'Giant Signal'မက်ဆေ့ခ်ျများမှာ ၉၉၉+ ကျော်လွန်သွားခဲ့ချေပြီ။ ယခင်က အရှိန်အဝါအကြီးဆုံး သူ့သူငယ်ချင်းမှာ အဆင့်သုံးအရှင်သခင်၏ သားတစ်ယောက်မျှသာ။

သို့သော် ယခုမူ သူ့မိတ်ဆွေစာရင်းတွင် အဆင့်ခြောက်နှင့် အဆင့်ခုနစ်သက်ရှိပေါင်း ထောင်ဂဏန်းအထိ ရှိနေပြီး အားလုံးနီးပါးကလည်း သူထံသို့ စာအိတ်နီများ ပေးပို့ထားကြသည်။

အချို့စာအိတ်နီများကို မဖွင့်ရသေးသဖြင့် အမြန်ဆုံးလက်ခံပေးရန် ထိုလူများက အပူတပြင်း လှမ်းပြောနေကြသည်။

"အစ်ကိုကျန်း.. ဒီလူတွေအားလုံးကို ထည့်လိုက်ရမလား"

"အဆင့်ငါးမျိုးနွယ်စုပိုင်ရှင်တွေ ဒါမှမဟုတ် အဆင့်ခြောက်နဲ့အထက်ရှိတဲ့လူတွေဆိုရင် ထည့်လိုက်လို့ရတယ်။ ဒါပေမဲ့ လူတိုင်း စည်းကမ်းလိုက်နာမှရမယ်။ မလိုက်နာရင်တော့ ကန်သာထုတ်ပစ်လိုက်"

ကျန်းမုန့်လောင်ကတော့ မည်သူ့မျက်နှာမှ ထောက်ထားနေမည်မဟုတ်ချေ။ အကူအညီလာတောင်းနေသူမှာ သူမဟုတ်ပေ။

အိုင်းရင်းက စာအိတ်နီများကို နှိပ်ရလွန်းသဖြင့် လက်ချောင်းများပင် ကြွက်တက်မတတ်ဖြစ်နေသော်လည်း တစ်ဝက်ခန့်သာ နှိပ်ရသေးသည်။ ထိုတစ်ဝက်ထဲမှ ငွေသားသီးသန့်ကပင် ကြယ်တစ်လုံးနီးပါးရှိပြီး သူ့ပိုင်ဆိုင်မှုတွင် အဆင့်လေးမျိုးနွယ်စုရာဂဏန်းနှင့် အခြားဓနဥစ္စာများစွာ ပါဝင်နေပြီဖြစ်၏။

ယခုတွင်မူ သူသည် အဆင့်ငါးမျိုးနွယ်စု ပိုင်ရှင်တစ်ဦးထက်ပင် ပိုမိုကြွယ်ဝသွားပြီ ဖြစ်၏။

"အစ်ကိုကျန်း.. ခဏနေရင် ဒီပစ္စည်းတွေအားလုံးကို အစ်ကို့ဆီလွှဲပေးပါ့မယ်"

အိုင်းရင်းသည် သူကိုယ်တိုင် ဘာမှမလုပ်ဘဲ ဤမျှများပြားသော ပစ္စည်းများကို လက်ခံရန် ဝန်လေးနေသဖြင့် ပြောလိုက်သည်။

"ငါတို့ညီအစ်ကိုတွေကြားမှာ ဒါတွေက အရေးမကြီးပါဘူး"

ကျန်းမုန့်လောင်က ထိုအရာများကို ယူရန် စိတ်မကူးထားပေ။

"ဒါတွေက မင်းကို ပေးထားတာ။ ငါ့ကို ပေးတာမဟုတ်ဘူး။ ပြီးတော့ ပြောရရင် ဒါတွေက အများဆုံးရှိမှ ကြယ်လေးနည်းနည်းပဲ တန်တာ။ ငါ စိတ်မဝင်စားဘူး"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။

အိုင်းရင်းတို့တစ်သိုက်ခမျာ ကျန်းမုန့်လောင် တစ်ခုခုဖြစ်သွားသည်ဟု ထင်မှတ်ကာ ကြည့်နေကြစဉ်မှာပင် ကျန်းမုန့်လောင်က ဆက်ပြောလာ၏။

"ကဲ... မင်း အခုလေးတင် ရလိုက်တဲ့ ပိုက်ဆံတွေကို ငါ ရှာပြီးသွားပြီ"

အိုင်းရင်းခမျာ ရယ်ရအခက်ငိုရအခက် ဖြစ်သွားရသည်။ ဤသည်မှာ ဒဏ္ဍာရီလာ စွမ်းအားရှင်များ၏ စွမ်းရည်မျိုးလော။

သို့သော် ကျန်းမုန့်လောင်၏ ငွေရှာနိုင်စွမ်းကိုမူ သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်ရာ စက္ကန့်ပိုင်းအတွင်း ကြယ်တစ်လုံးရှာနိုင်သည်မှာ သူ့အတွက်တော့ အသေးအဖွဲမျှသာ ဖြစ်သဖြင့် အိုင်ရင်းလည်း ဆက်ငြင်းမနေတော့ပေ။

"ဒါပေမဲ့ ဒီအသင်းဝင်ကြေးတွေကိုတော့ ကျွန်တော် မယူနိုင်ဘူးနော်"

အဖွဲ့ဝင်ကား ထောင်ပေါင်းများစွာရှိလေရာ စုစုပေါင်း စကြဝဠာဒင်္ဂါးပြားထရီလီယံပေါင်းများစွာအထိ ရှိနေလေသည်။ ဥပမာဏမှာ ကြယ်ဒါဇင်ပေါင်းများစွာနှင့် ညီမျှသော ငွေသားပမာဏပင်။

"မင်း နည်းနည်းယူထားလိုက်ပါ"

ကျန်းမုန့်လောင်က ကိုးဆယ်ရာခိုင်နှုန်းကိုသာယူရန် ဆုံးဖြတ်လိုက်သည်။

"ကျန်တဲ့ဟာကိုတော့ အဖွဲ့ကို စီမံခန့်ခွဲတဲ့အတွက် မင်းရဲ့လုပ်အားခအဖြစ် ယူထားလိုက်။ နောက်ကျရင် အဖွဲ့တွင်းစီမံခန့်ခွဲမှုအကြောင်း စာအုပ်တစ်အုပ်ကို ငါပေးမယ်။ မင်းရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အဖွဲ့ဝင်တွေဆီက တစ်ပြားမကျန် ညှစ်ထုတ်ဖို့ပဲ"

...

ကျန်းမုန့်လောင်နှင့် သိကျွမ်းခဲ့သည်မှာ နာရီအနည်းငယ်သာ ရှိသေးသော်ငြား ရှာယန်နာ တို့ညီအစ်မ၏ လောကအမြင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ရလေပြီ။ အိုင်းရင်း၏ သူငယ်ချင်းမှာ ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူတို့ လုံးဝမထင်မှတ်ထားခဲ့ကြချေ။

အဆင့်ငါးမျိုးနွယ်စုပိုင်ရှင် ထောင်ပေါင်းများစွာမှာ သူနှင့် ဆက်သွယ်ခွင့်ရရန် ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး အလုအယက် ကြိုးစားနေကြသည်။

အိုင်းရင်း၏ လက်ရှိအဆင့်အတန်းအရ သူနှင့် ရှာယန်နာတို့၏ ချစ်မှုရေးရာကို မည်သည့်ပြင်ပအင်အားစုကမှ ဟန့်တားနိုင်တော့မည်မဟုတ်ပေ။

"ဆရာသခင်... ကျွန်မတို့ အမြင်ကျဉ်းမြောင်းခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ဆရာသခင့်အပေါ် မရိုမသေလုပ်ခဲ့မိတာတွေကို ခွင့်လွှတ်ပေးပါ"

"ရပါတယ်။ မင်းတို့က အိုင်းရင်းရဲ့ သူငယ်ချင်းတွေပဲလေ။ အိုင်ရင်းရဲ့ သူငယ်ချင်းဆိုတာ ငါ့သူငယ်ချင်းပဲပေါ့။ သာမန်သူငယ်ချင်းတွေတောင် မဟုတ်ဘူး"

ကျန်းမုန့်လောင်က ရယ်မောလျက် ဆိုလေ၏။

"အိုင်းရင်း... မင်းလည်း မြန်မြန်လုပ်ဦး။ ယောက်ျားကောင်းဆိုတာ အချိန်မဆွဲရဘူးကွ"

အိုင်ရင်းခမျာ ရှက်ကိုးရှက်ကန်းဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

"အစ်ကိုကျန်း.. အစ်ကို့ကို အဂ္ဂိရတ်ပညာ ဘယ်သူသင်ပေးတာလဲ"

"ငါ မပြောရသေးဘူးလား။ ငါတို့ဂြိုဟ်မှာ ကိုးနှစ်တာမသင်မနေရပညာရေးစနစ် ရှိတယ်လေ။ ဒါက အဲ့ဒီမှာ မသင်မနေရ ဘာသာရပ်တစ်ခုပဲ။ အဲ့ဒီကိုးနှစ်တာပညာရေးကို မီတဲ့လူမှန်သမျှ ငါတို့ဂြိုဟ်က လူတိုင်း လုပ်တတ်ကြတယ်"

"မယုံနိုင်စရာပဲ"

အိုင်းရင်းခမျာ အံ့သြသွားလေသည်။ နည်းပညာအဆင့်အတန်း နိမ့်ပါးသော မျိုးနွယ်စုတစ်ခုက ဤမျှမြင့်မားသော သက်ရှိအဆင့်အတန်းနှင့် အဆင့်မြင့်အဂ္ဂိရတ်ပညာမျိုး ရှိနေသည်မှာ ထူးဆန်းလှပေသည်။

"ဒါဆို အခု အစ်ကိုက ဘယ်အဆင့် အဂ္ဂိရတ်ပညာရှင်လဲ"

"အဲ့ဒါတော့ ငါလည်း သေချာမသိဘူး"

ကျန်းမုန့်လောင် ခေါင်းတကုတ်ကုတ်ဖြင့် ဆက်ပြောလိုက်၏။

"အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်စံနှုန်းကို ရောက်မရောက် စမ်းကြည့်တာ။ ငါ့အဆင့်က အဲ့ဒီထက်အများကြီး ပိုမြင့်နေပုံရတယ်။ ကုန်ကြမ်းတွေသာ ကောင်းမယ်ဆိုရင် အဆင့်၈နဲ့ အဆင့်၉လက်နက်တွေ သွန်းလုပ်ဖို့ဆိုတာ ပြဿနာမဟုတ်ဘူး"

"အဆင့်၈နဲ့၉ ဟုတ်လား"

အဆင့်ခုနစ်အဂ္ဂိရတ်ပညာရှင်မျှဖြင့် မလုံလောက်သေးဘူးလား။ ယခုမူ ကျန်းမုန့်လောင်က အဆင့်ရှစ်နှင့် အဆင့်ကိုးလက်နက်များကိုပါ သွန်းလုပ်နိုင်သည်ဟု ပြောလာပြန်လေပြီ။

ယနေ့အချိန်အထိ တရားဝင်ထုတ်ပြန်ထားသော အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်မှာ အယောက်နှစ်ရာအောက်သာ ရှိပြီး အဆင့်ကိုးမှာမူ ရှစ်ဦးသာရှိ၏။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်မှာ မည်သို့သော မကောင်းဆိုးဝါးမျိုးလဲ။

ကျန်းမုန့်လောင်၏စကားကို သူတို့ လုံးဝ မသံသယဖြစ်ကြပေ။ အဘယ်ကြောင့်ဆိုသော် အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင် တစ်ဦးပင်လျှင် အဆင့်ခုနစ်လက်နက်တစ်ခုကို စကြဝဠာအချိန်နှစ်နာရီအတွင်း သွန်းလုပ်နိုင်ခြင်းမရှိသောကြောင့်ပင်။

"မင်းတို့လိုချင်ရင် ငါ လုပ်ပေးလို့ရတယ်နော်"

ကျန်းမုန့်လောင်က ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"ထားလိုက်ပါတော့ဗျာ။ ကျွန်တော်တို့မှာ အဲ့ဒီလောက်ကောင်းတဲ့ ကုန်ကြမ်းတွေ ဝယ်ဖို့ ပိုက်ဆံမရှိပါဘူး။ ပြီးတော့ အဆင့်သုံးတို့ အဆင့်လေးတို့လို လက်နက်တွေကို အစ်ကိုကျန်းကို သွန်းလုပ်ခိုင်းတာက အစ်ကို့ကို စော်ကားသလို ဖြစ်နေလိမ့်မယ်။ ကျွန်တော် ကျင့်ကြံရေးမှာပဲ အာရုံစိုက်လိုက်တာ ပိုကောင်းပါတယ်"

အိုင်းရင်းက သူ့အဆင့်အတန်းနှင့် ကိုက်ညီအောင်သာ တွေးတောတတ်သူ ဖြစ်သည်။

"ဒါဆို အခု ငါတို့ ဘယ်သွားကြမလဲ"

လမ်းတစ်လျှောက် နေရာတိုင်းတွင် ကျန်းမုန့်လောင်အကြောင်းကိုသာ ပြောဆိုနေကြသော်လည်း သူတို့၏ရုပ်ရည်နှင့် အရှိန်အဝါကို ပြောင်းလဲထားသဖြင့် မည်သူကမှ မမှတ်မိကြပေ။

"အဆင့်ငါးမျိုးနွယ်စု တိုက်လေယာဉ်တွေ ဝယ်လို့ရမယ့်နေရာရှိလား။ ငါ အဲဒါတွေ အများကြီးလိုချင်လို့"

ကျန်းမုန့်လောင်က မေးမြန်းလိုက်သည်။

"ရှိတော့ရှိပါတယ်။ ဒါပေမဲ့ ခဏလောက်တော့ စောင့်ရမယ်"

အိုင်းရင်းက ဆို၏။

"အဲ့ဒီပစ္စည်းတွေက ကုန်စည်ပြပွဲမှာ အဓိကရောင်းတဲ့ ပစ္စည်းတွေဆိုတော့ ပြပွဲတရားဝင်စတာနဲ့ အစ်ကို ရွေးရတာတောင် လက်မလည်ဘဲနေလိမ့်မယ်"

"ဒါပေမဲ့ ပြပွဲစဖို့ ရက်တွေအများကြီး လိုသေးတာကို"

ကျန်းမုန့်လောင်ခမျာ အားမလိုအားမရဖြစ်သွားသည်။

"တခြားပစ္စည်းဝယ်ချင်တယ်ဆိုရင်တော့ လမ်းဘေးဈေးသည်လေးတွေ ဆိုင်ဖွင့်ထားတဲ့ ဂြိုဟ်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ တန်ဖိုးကြီးတာတွေ တစ်ခုမှမရှိပါဘူး။ အလိမ်ခံရဖို့လည်း များတယ်။ အစ်ကို့စည်းစိမ်နဲ့ဆိုရင် အဲ့ဒါတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"

"ဘာပျော်စရာရှိလို့လဲ.."

ကျန်းမုန့်လောင်က စိတ်မရှည်လေဟန်ဖြင့် မေးမြန်းလိုက်၏။

"လူတွေက ဘာလို့ ဒီလောက်စောစောလာကြတာလဲ"

"ဟဲဟဲ... အစ်ကို မသိသေးလို့ပါ"

အိုင်ရင်းက ရယ်မောလျက် ဆိုလာလေသည်။

"ဒီကုန်စည်ပြပွဲမှာ ကုန်သွယ်မှုအပြင် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ရှိသေးတယ်"

"ငါ့ကိုသိချင်အောင် လာဆွမနေနဲ့။ မြန်မြန်ပြော"

"မိတ်ဆွေဖွဲ့တာလေ"

အိုင်းရင်းက ဆို၏။

"ဒီပြပွဲကို လာတဲ့လူတွေထဲမှာ ကျွန်တော်တို့လိုလူတွေက ဆယ်ပုံတစ်ပုံလောက်ပဲ ရှိတာ။ ကျန်တဲ့လူတွေအားလုံးက သူဌေးတွေနဲ့ အထက်တန်းလွှာတွေချည်းပဲ"

"သူဌေးတွေနဲ့ အထက်တန်းလွှာတွေလား"

ကျန်းမုန့်လောင်က ဘေးနားရှိ လူတစ်ယောက်ကို လက်ညှိုးထိုးပြပြီး ​ပြောလိုက်၏။

"ဒီလူတွေက သူဌေးတို့ အထက်တန်းလွှာတို့နဲ့လည်း မတူပါဘူး"

"ဒါက ကုန်စည်ပြပွဲရဲ့ အပြင်ဘက်ဧရိယာမို့လို့ပါ"

အိုင်းရင်းက ရှင်းပြလိုက်သည်။

"ဗဟိုနားမှာတော့ ပွဲစီစဉ်သူတွေက စကြဝဠာအထက်တန်းလွှာတွေ မိတ်ဆွေဖွဲ့ဖို့အတွက် သီးသန့်နေရာတွေ ပြင်ဆင်ပေးထားတယ်။ အဲ့ဒီကိုဝင်ဖို့အတွက် သတ်မှတ်ချက်က အရမ်းမြင့်တာ။ အနည်းဆုံး အဆင့်သုံးအရှင်သခင် အဆင့်အတန်းရှိရမယ့်အပြင် အဲဒါနဲ့ညီမျှတဲ့ ကြွယ်ဝချမ်းသာမှုလည်း ရှိရမယ်"

အိုင်းရင်းက သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။

"ကျွန်တော်တို့လို လူမျိုးတွေကတော့ အရင်က အဲ့လိုနေရာတွေကို ဝင်ခွင့်မရခဲ့ဘူး"

"အဲ့ဒါကို အတိတ်မှာပဲ ထားခဲ့လိုက်"

ကျန်းမုန့်လောင်က အိုင်းရင်း၏ပခုံးကို ပုတ်၍ပြောလိုက်သည်။

"အခုတော့ ငါတို့တွေ ခေါင်းမော့ရင်ကော့ပြီး ဝင်သွားကြမယ်။ ဘယ်သူက ငါတို့ကို တားရဲမလဲဆိုတာ ကြည့်ရသေးတာပေါ့။ ငါတို့ကမှ တကယ့်အထက်တန်းလွှာတွေပဲ"

"ဘာဖြစ်လို့လဲ"

အိုင်းရင်း ခဏမျှမှင်တက်သွားသည်ကို ကျန်းမုန့်လောင် သတိပြုမိသည်။

"အစ်ကိုကျန်း... အဆင့်ရှစ်သက်ရှိတစ်ယောက်က အဖွဲ့ထဲဝင်ချင်လို့တဲ့။ ကျွန်တော့်ဆီကို ကြယ်ဆယ်ပွင့်တန် စာအိတ်နီတစ်ခု အခုလေးတင်ပို့လိုက်တယ်"

All Chapters