အခန်း (၈၅၀-၈၅၂)
Vol. 57 Ch. 850-852
အခန်း ၈၅၀ - မင်းအိမ် ဓားပြတိုက်ခံရပြီ
"အမှတ်၈တပ်မ.. အရှင်သခင်ရဲ့အမိန့်ကို နာခံပြီး စစ်သင်္ဘောယာဉ်စုတွေကို ဖြတ်သွားခွင့်ပြုလိုက်"
ဩဂတ်စတပ်စ်အနေနှင့် အလွန်ကူကယ်ရာမဲ့သလို ခံစားနေရသော်လည်း ဘာမှမတတ်နိုင်ပေ။
"တပ်မှူး နောက်ထပ်စစ်သင်္ဘောယာဉ်စုလေးစု လာနေပါသေးတယ်။ သူတို့လည်း လမ်းဖြတ်ခွင့်တောင်းနေပါတယ်"
"ဖြတ်သွားခိုင်းလိုက်။ အကုန်လုံးကို ဖြတ်ခွင့်ပေးလိုက်"
ဩဂတ်စတပ်စ်ခမျာ ခါးသီးစွာပြုံးရင်း ခေါင်းခါလိုက်သည်။
"ဒါ ဘာတွေဖြစ်နေတာလဲ။ ဘယ်သူ့အသိုက်ကို သွားဆွမိလို့လဲ။ သူတို့တွေအားလုံးက ဘာလို့ လမ်းကြောင်းတစ်ခုတည်းကို ဦးတည်နေကြတာလဲ။ အဲဒီဘက်မှာ ဘာတွေများရှိနေလို့လဲ"
"တပ်မှူး... ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးဌာနက အဲဒီစစ်သင်္ဘောအုပ်စုတွေရဲ့ ခရီးစဉ်လမ်းကြောင်းတွေကို အခုလေးတင် ခွဲခြမ်းစိတ်ဖြာကြည့်ပြီးပါပြီ။ သူတို့အားလုံးနီးပါးက ဘုံဦးတည်ရာနေရာတစ်ခုတည်းကိုပဲ သွားနေကြပါတယ်"
"ဘယ်နေရာလဲ"
"ကျွန်တော်တို့စကြဝဠာအင်ပါယာရဲ့ လက်အောက်ခံ အဆင့်လေးမျိုးနွယ်စုဖြစ်တဲ့ လာနီယာကီးယားဂလက်ဆီအစုအဝေးနဲ့ အဆင့်သုံးမျိုးနွယ်စုတွေဖြစ်တဲ့ အန်ဒရိုမီဒါ မျိုးနွယ်စု၊ ဂူဂေါမျိုးနွယ်စုတို့ရှိတဲ့ နယ်မြေပါ"
"အဲဒီလောက်သေးတဲ့ အဆင့်သုံးမျိုးနွယ်စုနှစ်ခုမှာ ဒီအဆင့်ငါးမျိုးနွယ်စုစစ်သင်္ဘောယာဉ်စုတွေကို ဆွဲဆောင်နိုင်လောက်တဲ့ ဘယ်လိုမှော်အစွမ်းတွေများ ရှိနေလို့လဲ"
ဩဂတ်စတပ်စ်က ပြောလိုက်သည်။
"သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံး အခုချက်ချင်းစုံစမ်းလိုက်စမ်း"
"ကျွန်တော်တို့ စုံစမ်းပြီးပါပြီ"
ဩဂတ်စတပ်စ်၏ လက်အောက်ငယ်သားက ပြန်ဖြေသည်။
"အဲဒီမျိုးနွယ်စုနှစ်ခုက စကြဝဠာနှစ်၅၇၂နှစ်ကြာအောင် စစ်မီးတောက်လောင်ခဲ့တာပါ။ အရင်ကတော့ အနိုင်အရှုံးမပေါ်ဘဲ အခြေအနေတင်းမာနေခဲ့ပေမဲ့ မကြာသေးခင်ကမှ ဂူဂေါမျိုးနွယ်စုဘက်က တခြားအဆင့်လေးမျိုးနွယ်စုတစ်ခုနဲ့ ပူးပေါင်းသွားပုံရပါတယ်။ ဒါကြောင့် သူတို့ဘက်က အသာစီး ရသွားတာပါ"
"ဒီစစ်သင်္ဘောယာဉ်စုတွေက ဒီစစ်ပွဲကို ကြားဝင်ဖို့ သွားနေကြတာလို့ မင်းထင်လား"
ဩဂတ်စတပ်စ်၏ ခေါင်းထဲတွင် ရဲတင်းသော အတွေးတစ်ခု ဝင်လာသော်လည်း မည်သို့စဉ်းစားကြည့်စေကာမူ ယုတ္တိမတန်လှပေ။
သေးငယ်သော အဆင့်သုံးမျိုးနွယ်စုတစ်ခုအနေနှင့် သူတို့၏ မျိုးနွယ်စုတစ်ခုလုံးကို ရောင်းချလိုက်လျှင်ပင် ဤစစ်သင်္ဘောများ၏ စွမ်းအင်သုံးစွဲမှုကုန်ကျစရိတ်ကို ကာမိမည်မဟုတ်ပေ။ သို့ဆိုလျှင် သူတို့က ဤအဆင့်ငါးမျိုးနွယ်စုများကို စစ်ပွဲထဲဝင်ပါလာအောင် မည်သို့နှယ် လုပ်နိုင်မည်နည်း။
"ထားလိုက်တော့။ ဒီကိစ္စကို ငါတို့ ကိုင်တွယ်လို့မရဘူး"
ဩဂတ်စတပ်စ်က အမိန့်ပေးလိုက်သည်။
"ဒီသတင်းအချက်အလက်ကို တပ်မအားလုံးဆီ မျှဝေလိုက်ပါ။ အဲဒီနယ်မြေမှာ ဘာတွေပဲဖြစ်ဖြစ် ငါတို့ မမြင်သလိုပဲနေရမယ်။ လုံးဝဝင်မပါနဲ့။ သူတို့ ကိစ္စပြီးသွားရင် အလိုလိုပြန်ထွက်သွားကြလိမ့်မယ်"
"ဒါပေမဲ့ တပ်မှူး.. တကယ်လို့ ဒီပြင်ပမျိုးနွယ်စုတွေက ကျွန်တော်တို့အင်ပါယာရဲ့ မျိုးနွယ်စုကို အန္တရာယ်ပြုလာရင်ရော။ ကျွန်တော်တို့..."
"ငါတို့ ဂရုမစိုက်ချင်လို့ မဟုတ်ဘူး။ ဂရုစိုက်ဖို့ မတတ်နိုင်လို့ကွ"
ဩဂတ်စတပ်စ်က ဆိုသည်။
"စကြဝဠာမဟာမိတ်အဖွဲ့မှာ သက်ဆိုင်ရာ ဥပဒေတွေ ရှိတယ်ဆိုပေမဲ့ စည်းမျဉ်းတွေဆိုတာ အင်အားကြီးတဲ့လူတွေကို ထိန်းချုပ်ဖို့ သုံးတာလေ။ တကယ်လို့ သူတို့ဘက်က ငါတို့ကို ရှင်းပစ်ချင်တယ်ဆိုရင် ဆင်ခြေပေါင်းသောင်းခြောက်ထောင် ပေးလို့ရတယ်"
"တခြားဟာတွေ ထားလိုက်ဦး"
ဩဂတ်စတပ်စ်က ဆက်ပြောသည်။
"တကယ်လို့ သူတို့က နှစ်ဦးနှစ်ဖက် ရုတ်တရက် အငြင်းပွားမှုဖြစ်ပြီး မျိုးနွယ်စု နှစ်ခုရဲ့ စစ်သင်္ဘောယာဉ်စုတွေ ရုတ်တရက် တိုက်ခိုက်ကြရင်း မတော်တဆအမြောက်ဆန်တစ်ချက် ထိမှန်သွားလို့ ငါတို့ မျိုးနွယ်စု ပျက်စီးသွားတယ်လို့ပြောရင် စကြဝဠာမဟာမိတ်အဖွဲ့ဆီကို ရောက်သွားရင်တောင်မှ ဒါက မတော်တဆမှု သက်သက်ပဲ ဖြစ်တာမို့ လျော်ကြေးနည်းနည်းပေးရုံနဲ့ ပြီးသွားမယ့်ကိစ္စပဲ"
"သူတို့ဘက်က ငွေနည်းနည်းပါးပါး ထုတ်ပေးရုံနဲ့ရပေမဲ့ ငါတို့က နာလန်ပြန်ထူဖို့ နှစ်ပေါင်းသောင်းနဲ့ချီပြီး အချိန်ယူရမှာ။ ငါတို့ သူတို့ကို ရန်သွားစဖို့ တတ်နိုင်ပါ့မလား"
ဩဂတ်စတပ်စ်၏ စကားကြောင့် သူ့လက်အောက်ငယ်သားများမှာ ဆွံ့အသွားကြသည်။
"နတ်ဘုရားတွေ တိုက်ခိုက်ရင် လူသားတွေ ဒုက္ခရောက်တယ်"ဟူသော ဆိုရိုးစကားအတိုင်းပင်။ သူတို့တွင် ဤအဆင့်မြင့်အဆင့်ငါး သို့မဟုတ် အထွတ်အထိပ်မျိုးနွယ်စုများ လုပ်ချင်သည့်အရာများကို ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။
သင်သည် တံတားတစ်စင်းကို ဖြတ်ကူးရာတွင် ထိုတံတားပေါ်တွင် နေထိုင်သော ပုရွက်ဆိတ်များ၏ ခွင့်ပြုချက်ကို တောင်းခံနေစရာ လိုပါသလော။
...
လခြမ်းကွေးမျိုးနွယ်စုစစ်သင်္ဘောအုပ်စု..
"တပ်မှူး.. ကျွန်တော်တို့ ခွင့်ပြုချက်ရပါပြီ"
"ကောင်းပြီ။ ပစ်မှတ်နယ်မြေဆီကို ချက်ချင်းထွက်ခွာကြစို့"
"တပ်မှူး.. ကျွန်တော်တို့ရဲ့မျဉ်းကွေးအင်ဂျင်တွေကို အစွမ်းကုန်မောင်းနှင်မယ်ဆိုရင် ပစ်မှတ်နေရာကိုရောက်ဖို့ စကြဝဠာနာရီ ၀.၈နာရီလောက် အချိန်ယူရပါလိမ့်မယ်"
"အဲဒီလောက်တောင် ကြာမှာလား။ မဖြစ်ဘူး"
လခြမ်းကွေးမျိုးနွယ်စုစစ်သင်္ဘောအုပ်စု၏ တပ်မှူးက ပြောလိုက်သည်။
"အရှင်သခင်က တစ်ချက်လွှတ်အမိန့်ပေးထားတာ။ တခြားမျိုးနွယ်စုတွေထက် အရင်ဦးအောင် ရောက်ရမယ်တဲ့။ အာကာသဖြတ်လမ်းကို ထပ်ဖွင့်ပြီး အမြန်ဆုံးအရှိန်နဲ့ သွားကြစမ်း"
"ဒါပေမဲ့ တပ်မှူး.. ဒီလိုလုပ်တာက စွမ်းအင်တွေ အရမ်းဖြုန်းတီးရာမကျလွန်းဘူးလား"
"စွမ်းအင်ဖြုန်းတီးတာကို စိတ်မပူနဲ့။ အရှင်သခင်တောင် စိတ်မပူတာ။ မင်းက ဘာလို့ စိတ်ပူနေရတာလဲ"
"ဟုတ်ကဲ့ပါ"
...
"သူ... သူတို့တွေ ရူးနေကြပြီ"
ဩဂတ်စတပ်စ်ခမျာ ကင်းလှည့်သင်္ဘောများမှ ပေးပို့လာသော ပုံရိပ်များကို ကြည့်နေလေသည်။ စစ်သင်္ဘောယာဉ်စုတစ်ခုပြီးတစ်ခုက သူတို့၏ အာကာသဖြတ်လမ်းစနစ်များကို အသက်သွင်းနေကြပေသည်။
ပုံမှန်အခြေအနေမျိုးဆိုလျှင် စစ်သင်္ဘောယာဉ်စုများမှာ အလင်းနှစ်ဘီလီယံဆယ်ဂဏန်းအထိ ဝေးကွာသော အင်ပါယာဖြတ်ကျော်စစ်ဆင်ရေးများ လုပ်ဆောင်သည့်အခါမှသာ ဤစနစ်ကို အသုံးပြုလေ့ရှိသည်။
သို့သော် သူတို့သည် အန်ဒရိုမီဒါနှင့် ဂူဂေါလ်မျိုးနွယ်စုများကဲ့သို့ ခေါင်ဖျားသော မျိုးနွယ်စုများနှင့် အလင်းနှစ်သန်းဆယ်ဂဏန်း အနည်းငယ်သာ ကွာဝေးတော့သည်။ ဤသည်မှာ အလွန်အကျွံဖြုန်းတီးလွန်းရာ မကျပေဘူးလား။
ပိုက်ဆံပေါလျှင်ပင် ဤသို့သုံးပစ်ကြလေသလော။ အာကာသဖြတ်လမ်းကို တစ်ကြိမ်အသက်သွင်းရန်အတွက် ကုန်ကျစရိတ်မှာ အနည်းဆုံး စကြဝဠာဒင်္ဂါးပြားထရီလီယံတစ်ဆယ်ကျော် ရှိပြီး အမြွှာဝေလငါး စကြဝဠာအင်ပါယာတစ်ခုလုံး၏ ပိုင်ဆိုင်မှု ပမာဏမှာ ဤကဲ့သို့ အသက်သွင်းခြင်းမျိုးအတွက် အခေါက်ရေဆယ်ဂဏန်းခန့်သာ လောက်ငှသည်။
သူတို့က အဲဒီလောက်တောင် သေချင်နေကြတာလား...
...
ထိုအချိန်တွင် ဂူဂေါလ်မျိုးနွယ်စုနှင့် နတ်မိမယ်မျိုးနွယ်စုတို့ကြားရှိ စစ်မြေပြင်တွင် ပြင်းထန်သော အမြောက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး မိုင်ပေါင်းများစွာ ရှည်လျားသော စစ်သင်္ဘောသောင်းဂဏန်း၊ မီးတောက်များ၊ ပေါက်ကွဲမှုများ၊ အပျက်အစီးများ...။ မျိုးနွယ်စုများကြားရှိ စစ်မြေပြင်မှာ နှစ်ဖက်စစ်သည်များ၏ အသက်ကို ရိတ်သိမ်းနေသော အသားကြိတ်စက်ကြီးတစ်ခုနှင့် တူလှသည်။
တစ်ဖက်တွင် လက်နက်အင်အားက သိသိသာသာ ပိုပြင်းထန်နေပြီး အန်ဒရိုမီဒါမျိုးနွယ်စု၏ စစ်သင်္ဘောအုပ်စုသည် ဂူဂေါလ်မျိုးနွယ်စုထက် နှစ်ဆမှ သုံးဆခန့် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ပျက်စီးဆုံးရှုံးနေရသည်။
"တပ်မှူး.. ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲနှုန်းနဲ့ဆိုရင် ကျွန်တော်တို့ တစ်နှစ်လောက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး"
နတ်မိမယ်မျိုးနွယ်စု၏ တပ်မကွပ်ကဲရေးအခန်းထဲတွင် လေထုကား လေးနက်နေပေသည်။
"သေစမ်း"
တပ်မှူးက စားပွဲကို လက်သီးဖြင့် ထုလိုက်သည်။
"ရှီကျစ်မျိုးနွယ်စု တောက်... သူတို့က ဘာဖြစ်လို့ ဟိုဘက်ကို သွားကူညီရတာလဲ"
"တပ်မှူး.. အရှင်သခင်တို့ဘက်က စစ်ကူ လာမယ့်သတင်းများ ရှိလား"
"ခက်တယ်"
တပ်မှူးကမူ သက်ပြင်းချလိုက်သည်။
"အရှင်သခင်က လက်ထပ်ထိမ်းမြားတဲ့ မဟာမိတ်ပြုမှုတွေကတစ်ဆင့် ခိုလှုံခွင့်ရဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ လက်ထပ်ပွဲကိစ္စ အောင်မြင်သွားရင်တောင် စစ်ကူတွေက ဒီလောက်မြန်မြန်ကြီး ရောက်လာနိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်ဆိုရင် ငါတို့ရဲ့ခံစစ်မျဉ်းတွေ ကျိုးပေါက်သွားတာ ကြာလှရောပေါ့"
"တပ်မှူး.. ပြဿနာတက်ပါပြီ။ စွမ်းအင်ပမာဏအကြီးကြီးတစ်ခု ကျွန်တော်တို့ စစ်မြေပြင်ဘက်ကို ဦးတည်နေပါတယ်။ စွမ်းအင်အဆင့်က အဆင့်သုံးပမာဏထက် အများကြီး သာလွန်ပါတယ်"
"ဘာ... ဒါ ရှီကျစ်မျိုးနွယ်စုရဲ့ စစ်သင်္ဘောအုပ်စုများ ဖြစ်နေမလား"
တပ်မှူး၏ အမြင်အာရုံထဲတွင် အမှောင်ထုတစ်ခု လွှမ်းမိုးသွားသည်။ ရှီကျစ်မျိုးနွယ်စုက အဆင့်မြင့်အဆင့်သုံးမျိုးနွယ်စု စစ်သင်္ဘောယာဉ်စုတစ်စုကို စစ်ကူလွှတ်ပေးလိုက်ရုံမျှဖြင့် သူတို့ဘက်က စစ်ရှုံးသွားပြီဖြစ်၏။ အကယ်၍ အဆင့်လေး စစ်သင်္ဘောယာဉ်စုသာ ရောက်လာပါက သူတို့ တွေးပင်မတွေးရဲတော့ပေ။
"မဟုတ်ဘူး။ ဒီစွမ်းအင်အဆင့်က အထွတ်အထိပ်အဆင့်လေးမျိုးနွယ်စုရဲ့ စစ်သင်္ဘောတွေထက်တောင် ပိုမြင့်နေသေးတယ်"
"အဆင့်ငါးသင်္ဘောလား။ ဒါက... အင်ပါယာရဲ့ စစ်သင်္ဘောယာဉ်စုက စည်းကမ်းထိန်းသိမ်းဖို့ ရောက်လာတာများလား။ မဖြစ်နိုင်တာ။ သူတို့က ဘယ်တော့မှကိုယ်ထင်မပြတတ်ပါဘူး"
ထိုစဉ် သူတို့၏ အမြင်အာရုံထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး အစွမ်းထက်အလင်းတန်းတစ်ခုက အန်ဒရိုမီဒါမျိုးနွယ်စု၏ စစ်သင်္ဘောယာဉ်စုအစီအရင်ကို ထိုးဖောက်ကာ တစ်ဖက်ရှိ ဂူဂေါလ်မျိုးနွယ်စု၏ စစ်သင်္ဘောယာဉ်စုကို ဖြတ်သန်းရိုက်ခတ်သွားသည်။
ဂူဂေါလ်မျိုးနွယ်စု၏ အမြောက်ဆန်များမှာ ဤအလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး မျက်စိကျိန်းမတတ် တောက်ပလှသော မီးတောက်များအကြား စကြဝဠာအာကာသ၏ စွန့်ပစ်သံတိုသံစများအဖြစ် ပြောင်းလဲသွားလေသည်။
"ဘာတွေဖြစ်နေတာလဲ"
နတ်မိမယ်မျိုးနွယ်စုရှိ လူများမှာလည်း အံ့အားသင့်သွားကြသည်။
ဒီသင်္ဘောက သူတို့ကို ကူညီဖို့ ရောက်လာတာလား။
"တပ်မှူး.. စစ်သင်္ဘောယာဉ်စုတွေ။ အဆင့်ငါးစစ်သင်္ဘောယာဉ်စုတွေ။ တစ်ခုတည်းတောင် မဟုတ်ဘူး"
ဧရာမအရိပ်ကြီးတစ်ခုက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။
"ဟားဟားဟား.. ငါတို့ အရင်ဆုံးရောက်တာပဲ။ တိုက်ကြဟေ့။ တစ်ကောင်မှ အရှင်မထားနဲ့"
"ဝိုး.. မင်းတို့က ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ကြီး ရောက်လာတာလဲ။ ငါတို့လည်း နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး။ တိုက်ကြ။ အဲဒီဂူဂေါလ်မျိုးနွယ်စုကို ဖျက်ဆီးပစ်ကြ"
"မင်းတို့တွေ တိုက်နေကြပြီလား။ ဒါဆိုရင် ငါတို့က သူတို့ရဲ့ဌာနချုပ်ကို သွားမွှေမယ်။ သူတို့ရဲ့တပ်မကွပ်ကဲရေးစင်တာကို ငါ သွားလိုက်မယ်"
"ငါက သူတို့မျိုးနွယ်စုရဲ့ မြို့တော်ဂြိုဟ်ဆီကို သွားမယ်"
...
အင်ပါယာသလင်းကျောက်ကြယ်ပေါ်တွင်မူ ကျန်းမုန့်လောင်တို့တစ်သိုက် ဂူဒယ်လ်နှင့် ထိပ်တိုက်ရင်ဆိုင်နေကြဆဲပင်။
ကျန်းမုန့်လောင် ရုတ်တရက်ပေါ်ထွက်လာသောကြောင့် ဂူဒယ်လ်ခမျာ ခေတ္တကြက်သေသေသွားခဲ့ရသည်။
အကြောင်းမှာ ကျန်းမုန့်လောင်၏ ရင်ဘတ်ပေါ်ရှိ တောက်ပနေသော ကြယ်ငါးပွင့်အဆင့်မြင့်ဧည့်သည်တော်တံဆိပ်ကို သတိထားမိလိုက်သောကြောင့်ပင်။
အန်ဒရိုမီဒါနှယ် သာမန်အဆင့်သုံးမျိုးနွယ်စုလေးတစ်ခုက အဆင့်ငါးမျိုးနွယ်စုရှိ လူတစ်ယောက်ကို သိနေသည်တဲ့လား။
နိမိတ်မကောင်းသော ခံစားချက်တစ်ခုက သူ့နှလုံးသားကို ရုတ်ခြည်းဆုပ်ညှစ်ထားလိုက်သည်။
"ဆရာသခင်.. အကုန်ရှင်းလင်းသွားပါပြီ။ ဂူဂေါလ်မျိုးနွယ်စု စစ်သင်္ဘောအုပ်စုတစ်ခုမှ အရှင်မကျန်တော့ပါဘူး။ သူတို့ရဲ့တပ်မကွပ်ကဲရေးစင်တာနဲ့ မြို့တော်ဂြိုဟ်လည်း အထိနာသွားပါပြီ။ သူတို့ရဲ့အရှင်သခင်ကလည်း သနားညှာတာဖို့ တောင်းပန်နေပါပြီ။ ဘာဆက်လုပ်လိုက်ရမလဲ"
"ဆရာသခင်.. ရှီကျစ်မျိုးနွယ်စုက စစ်ကူလာတဲ့ စစ်သင်္ဘောယာဉ်စုကိုလည်း ကျွန်တော်တို့ ကြားဖြတ်ဟန့်တားထားပါတယ်။ သူတို့ကို ဖျက်ဆီးပစ်လိုက်ရမလား။ ဒါမှမဟုတ် ဘယ်လိုလုပ်ရမလဲ"
"သူတို့ကို သင်ခန်းစာနည်းနည်းလောက်ပဲ ပေးလိုက်ပါ။ ငါက သွေးဆာနေတဲ့ မိစ္ဆာမှ မဟုတ်တာ"
ကျန်းမုန့်လောင်က ပြန်ဖြေချေသည်။
"အားလုံးပဲ ပင်ပန်းသွားကြပြီ။ ပစ္စည်းတွေသာ အသင့်ပြင်ထားကြ။ ငါ အချိန်ရတဲ့အခါ မင်းတို့အားလုံးအတွက် လက်နက်တွေ သွန်းလုပ်ပေးမယ်"
"ဟားဟားဟား ဆရာသခင် လောစရာမလိုပါဘူး။ ကျွန်တော်တို့လည်း မလောပါဘူး"
"ဟုတ်ပါတယ် ဆရာသခင်... အချိန်ရတဲ့အခါမှ သွန်းလုပ်ပေးပါ"
အရှင်သခင်များမှာ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။ ဤသည်မှာ အကျိုးအမြတ် အလွန်ကြီးမားလှသော အပေးအယူတစ်ခုပင်။
ဤစစ်ဆင်ရေးအတွက် အများဆုံးကုန်ကျစရိတ်မှာ ကြယ်အနည်းငယ်သာ ရှိသော်ငြား သူတို့အနေနှင့် ကျန်းမုန့်လောင်၏ မျက်နှာသာပေးမှုကို ရရုံသာမက ကြယ်ဒါဇင်ပေါင်းများစွာပေးရသော သွန်းလုပ်ခများကိုပါ သက်သာသွားစေသည်။
အကယ်၍ သူတို့အနေနှင့် ဤသို့ အကြိမ်တစ်ရာ လုပ်ရမည်ဆိုလျှင်လည်း အကြိမ်တစ်ရာလုံး လုပ်ကြမည်သာ။
"လူကြီးမင်း ခင်ဗျား..."
ဂူဒယ်လ်လမျာ ပြောစရာစကားရှာမရတော့သဖြင့် ကျန်းမုန့်လောင်ကို ဗလုံးဗထွေးဖြင့် ပြောလိုက်လေသည်။
"ခင်ဗျားနဲ့ အာပါချီတို့က..."
"ငါ့ကိုလာမကြည့်နဲ့။ ငါက သူနဲ့ ဘာမှမပတ်သက်ဘူး။ ဒါပေမဲ့ သူက ငါ့သူငယ်ချင်းရဲ့ ယောက်ဖလေ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ကိုယ့်လူ.. မင်းအိမ်ဓားပြတိုက်ခံနေရပြီဆိုတာကိုရော သိရဲ့လား"
*****************
အခန်း ၈၅၁ - အစ်ကို... တစ်ခုခုလိုလို့လား
"အိမ်ကို ဓားပြတိုက်ခံရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"
ဂူဒယ်လ်ခမျာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"မင်းဆီကို အရေးပေါ်မက်ဆေ့ချ်တွေ၊ အသိပေးချက်တွေ ရောက်နေမလားဆိုတာ စစ်ကြည့်သင့်တယ် မဟုတ်ဘူးလား"
"အသိပေးချက်တွေ ဟုတ်လား"
ဂူဒယ်လ် အံ့ဩသွားလေသည်။ ယနေ့က အလွန်အရေးကြီးသော ပွဲတစ်ပွဲဖြစ်ပြီး အနောက်ပိုင်းမီးတောက်မျိုးနွယ်စုတပ်မမှူး၏ သားဖြစ်သူနှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့် ဤအချိန်အတွက် မက်ဆေ့ချ်များအားလုံးကို ယာယီပိတ်ထားခဲ့သည်။
ဂူဒယ်လ်က ဂူဂေါလ်မျိုးနွယ်စု၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေဆဲပင်။ ယခုတစ်ကြိမ်တွင် ပြပွဲသို့တက်ရောက်ရန် ခွင့်ယူခဲ့ခြင်းပင်။ အနောက်ပိုင်းမီးတောက်မျိုးနွယ်စုထံမှ စစ်ကူများ ရောက်ရှိနေပြီဖြစ်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် ဘာမှဖြစ်စရာအကြောင်းမရှိဟုတွေးကာ သိပ်စိတ်မပူခဲ့ပေ။
သို့သော် ကျန်းမုန့်လောင်၏ စကားများက သူ့ကို တစ်ခုခုလွဲချော်နေပြီဟု ခံစားရစေသည်။
"အိမ်ဓားပြတိုက်ခံရသည်"ဆိုခြင်းမှာ သူ့တပ်မတွင် တစ်ခုခုဖြစ်သွားလို့များလား။
ထို့နောက် မက်ဆေ့ချ်ကို ချက်ချင်းဖွင့်လိုက်လေရာ မကြာခင်မှာပင် မက်ဆေ့ချ်များ အဆက်မပြတ် ဝင်ရောက်လာတော့သည်။
"တပ်မမှူးကို အစီရင်ခံပါတယ်။ ကျွန်တော်တို့ဘက်က တိုက်ပွဲတိုင်းမှာ အနိုင်ရနေပြီး ဒီနေ့ဆိုရင် အန်ဒရိုမီဒါမျိုးနွယ်စုရဲ့ စစ်သင်္ဘော၂၄စင်းကို ဖျက်ဆီးနိုင်ခဲ့ပါတယ်"
"တပ်မမှူးကို အစီရင်ခံပါတယ်။ ရှေ့တန်းက ဆက်လက်ချီတက်နေဆဲပါ။ သုံးလအတွင်း နယ်မြေသစ်တစ်ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ပါလိမ့်မယ်"
အစောပိုင်းမက်ဆေ့ချ်များမှာ စစ်မြေပြင်မှ အောင်ပွဲခံသည့် အစီရင်ခံစာများသာ ဖြစ်ပြီး ရက်အနည်းငယ်ခြားတစ်ခါ ပေးပို့ထားသည်။ သို့သော် လွန်ခဲ့သည့်မိနစ်အနည်းငယ်ကမူ အသိပေးစာဒါဇင်ပေါင်းများစွာ ရုတ်တရက် အလုံးအရင်းဝင်ရောက်လာခဲ့သည်။
"တပ်မမှူး.. ကျွန်တော်တို့ရဲ့စစ်မြေပြင်မှာ အဆင့်ငါးမျိုးနွယ်စုစစ်သင်္ဘောတွေရဲ့ စွမ်းအင်တုံ့ပြန်မှု အမြောက်အမြားပေါ်လာပါတယ်"
"တပ်မမှူး သူတို့က ကျွန်တော်တို့ကို ပစ်မှတ်ထားနေတာပါ။ သူတို့ တိုက်ခိုက်နေပါပြီ"
"တပ်မမှူး.. ကျွန်တော်တို့ အကြီးအကျယ် ရှုံးနိမ့်နေပါပြီ။ ရှေ့တန်းက စစ်ရေယာဉ်စု သုံးခုလုံး ပျက်စီးသွားပြီး စစ်သင်္ဘော ၃၃၃၀ထဲက တစ်စီးမှ မကျန်တော့ပါဘူး"
"တပ်မမှူး... အနောက်ပိုင်းမီးတောက်မျိုးနွယ်စုက စစ်ရေယာဉ်စုလည်း တိုက်ခိုက်ခံရပြီး အကုန်ချေမှုန်းခံလိုက်ရပါပြီ"
"တပ်မမှူးကို အစီရင်ခံပါတယ်။ ကျွန်တော်တို့ကို စစ်ကူပေးဖို့လာတဲ့ အနောက်ပိုင်းမီးတောက်မျိုးနွယ်စုရဲ့ စစ်သင်္ဘောတွေက မက်ဆေ့ချ် ပို့လာပါတယ်။ သူတို့ကို အဆင့်ငါးမျိုးနွယ်စုရဲ့ စစ်ရေယာဉ်စုတစ်ခုက ကြားဖြတ်တိုက်ခိုက်ပြီး သူတို့ရဲ့ပင်မစစ်သင်္ဘောကြီးကို ဖျက်ဆီးပစ်လိုက်ပါတယ်တဲ။ ပြီးတော့ ချက်ချင်းနောက်ဆုတ်ဖို့နဲ့ ဒီကိစ္စမှာ ဝင်မစွက်ဖက်ဖို့ တောင်းဆိုထားပါတယ်"
...
နောက်ဆုံးမက်ဆေ့ချ်ကတော့ ဂူဂေါလ်မျိုးနွယ်စု၏ မြို့တော်ဂြိုဟ်တွင် တပ်စွဲထားသော သူ့ညီဖြစ်သူထံမှဖြစ်၏။
အမည်မသိအဆင့်ငါးမျိုးနွယ်စု စစ်သင်္ဘောတစ်စီးသည် သူတို့၏ မြို့တော်ဂြိုဟ်အနီးတွင် ပေါ်လာပြီး သူတို့၏အစောင့်စစ်ရေယာဉ်စုကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ကာ ဖယ်ရီမျိုးနွယ်စုနှင့် ဖြစ်ပွားနေသော စစ်ပွဲကို ရပ်တန့်ရန်နှင့် အငြင်းပွားနေသော နယ်မြေမှ ဆုတ်ခွာရန် သတိပေးခဲ့သည်တဲ့လား။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဂူဒယ်လ်၏မျက်နှာကား ဖြူရော်သွားသည်။ ရှေ့တန်းစစ်မျက်နှာတွင် ဤကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။ အဆင့်ငါးမျိုးနွယ်စု စစ်သင်္ဘောများက ဘာကြောင့် ရုတ်တရက် ပေါ်လာရသလဲ။
ရှေ့တန်းမှ သတင်းအချက်အလက်များအရ စစ်ရေယာဉ်စုအရေအတွက်က ဒါဇင်နှင့်ချီ၍ ရှိ၏။ သူတို့တွင် ဤသို့သော ဩဇာလွှမ်းမိုးမှုမျိုး ဘယ်အချိန်တည်းကများ ရှိနေခဲ့လေသလဲ။ သေးငယ်သော အဆင့်သုံးမျိုးနွယ်စုစစ်ပွဲတစ်ခုက အဆင့်ငါးစစ်ရေယာဉ်စု ဆယ်ခုကျော်ကို မမျှော်လင့်ဘဲ ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့မှာ ဘယ်လိုကောင်းချီးမျိုး ရှိနေလေသလဲ။
"မြို့တော်"
စစ်ရေယာဉ်စုကတော့ ကိစ္စတုံးသွားပြီဖြစ်၍ ယခု သူ့မိခင်ဂြိုဟ်၏လုံခြုံရေးကို စစ်ဆေးရမည်။
"ဂူဒယ်လ်... ရှေ့တန်းမှာ ဘာတွေဖြစ်နေတာလဲ"
ထိုစဉ် အခြားခန်းမတစ်ခုမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် လျှောက်လာသည်။ သူ့ရုပ်ရည်သွင်ပြင်က ဂူဒယ်လ်နှင့် အလွန်ဆင်တူလှသည်။
"အဖေ... အဖေရော မက်ဆေ့ချ်ရလိုက်လား"
ဂူဒယ်လ်၏ မျက်နှာကား မှုန်ကုပ်နေတော့သည်။
"ရှေ့တန်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်ရေယာဉ်စုအကုန်လုံး ချေမှုန်းခံလိုက်ရပြီ။ ဘာတွေဖြစ်နေတာလဲ။ အမြွှာဝေလငါး စကြဝဠာအင်ပါယာကို တစ်ယောက်ယောက်ကများ တိုက်ခိုက်နေတာလား"
"အခုလေးတင် လာနီယာကီးယားမျိုးနွယ်စုက အကြီးအကဲတွေကို မေးကြည့်လိုက်တော့..."
"သူတို့က ဘာပြောလဲ"
"သူတို့ ဘာမှမသိဘူးတဲ့။ ဘာမှလည်း မမြင်ပါဘူးတဲ့..."
ထိုအဖြေက ဂူဒယ်လ်ကို စိတ်ပျက်အားငယ်သွားစေသည်။
တကယ်ပဲ သူတို့ ဘာမှမသိ၊ ဘာမှမမြင်ကြဘူးလား။
အဆင့်ငါးမျိုးနွယ်စုစစ်ရေယာဉ်စုအများအပြား သူတို့၏စစ်မြေပြင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူတို့အထက်မှ အဆင့်လေးမျိုးနွယ်စုက မသိလျှင်ပင် တိုက်ခိုက်မှု စတင်ချိန်၌ သူတို့ လုံးဝမသိခြင်းကား မဖြစ်နိုင်ပေ။
သူတို့အနေနှင့် ဝင်မစွက်ဖက်ချင်သောကြောင့် သို့မဟုတ် ဝင်မစွက်ဖက်ရဲသောကြောင့်သာ။ ဒုတိယအချက်မှာမူ အလားအလာအများဆုံးပင်။
"အဆင့်ငါးမျိုးနွယ်စုရဲ့ စစ်ရေယာဉ်စုဆိုတော့ လာနီယာကီးယားမျိုးနွယ်စုကို ထည့်ပြောမနေနဲ့။ အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ အရှင်သခင်တောင် အလျှော့ပေးရမယ့် အနေအထားမျိုးပဲ မဟုတ်လား"
အာပါချီ၏ မျက်နှာထက်တွင် ထီပေါက်လိုက်သည့်အလား အလွန်ဝမ်းသာရွှင်မြူးနေသော အမူအရာကို မြင်နေရသည်။
"ညီမလေးရေ သတင်းကောင်း။ သတင်းကောင်းကွ"
"အစ်ကို... ဘာတွေများ ဒီလောက်ပျော်နေတာလဲ"
ရှာယန်နာနှင့် ရှာဇီနာတို့က ဝမ်းသာလုံးဆို့နေသော သူတို့၏အစ်ကိုကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။
"ရှေ့တန်းက မက်ဆေ့ချ်ရောက်လာတယ်။ အဆင့်ငါးစစ်ရေယာဉ်စုတစ်စုဆီက ငါတို့ အကူအညီရလိုက်တယ်။ သူတို့ဂူဂေါလ်မျိုးနွယ်စု စစ်သင်္ဘောယာဉ်စုတစ်ခုလုံး ချေမှုန်းခံလိုက်ရပြီး ငါတို့ဘက်ကတောင် ပြန်တိုက်ခိုက်နေပြီတဲ့"
"တကယ်လား"
ရှာယန်နာအနေနှင့် ခန့်မှန်းနေစရာပင် မလိုတော့ပေ။ ဤသည်မှာ ကျန်းမုန့်လောင်၏ လက်ချက်ပင် ဖြစ်ရမည်။
အဆင့်ခုနစ်သိုင်းလက်နက်များကို သွန်းလုပ်နိုင်ပြီး များပြားလှသော စကြဝဠာအင်ပါယာ အရှင်သခင်များကို အရူးအမူး လေးစားအားကျစေနိုင်သော သူတစ်ဦးတည်းသာလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို လွယ်လွယ်ကူကူ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပေမည်။
ထိုစကြဝဠာအင်ပါယာအရှင်သခင်များ မည်မျှ နှိမ့်ချနေကြသည်ကို မမြင်လေဘူးလား။ သူတို့၏အန်ဒရိုမီဒါမျိုးနွယ်စုကို ကူညီရန် စစ်တပ်များ စေလွှတ်ခိုင်းဖို့ သူ့အနေနှင့် စကားတစ်ခွန်းတည်းသာ ပြောရန်လိုသည်။
သို့သော် စစ်ကူရောက်လာသည့် ဤအရှိန်ကတော့ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသည် မဟုတ်လား။
"တောင်းပန်ပါတယ် ဂူဒယ်လ်... ဒီစစ်ပွဲမှာ ငါတို့အနိုင်ရသွားပြီ ထင်တယ်"
အာပါချီ၏ရင်ထဲရှိ လေးလံမှုများ လုံးဝ ပျောက်ကွယ်သွားလေပြီ။
ယခုတစ်ကြိမ်တွင် ဂူဂေါလ်မျိုးနွယ်စုသည် ဤစစ်ပွဲအတွက် သူတို့၏ စစ်တပ်၉၀ရာခိုင်နှုန်းခန့်ကို စေလွှတ်ခဲ့သည်။ ယခု သူတို့၏ စစ်သင်္ဘောယာဉ်စုကြီးမှာ လုံးဝချေမှုန်းခံလိုက်ရပြီး မြို့တော်ပင် ပြင်းထန်သော ထိုးနှက်မှုဒဏ်ကို ခံလိုက်ရပြီဖြစ်လေရာ သူတို့၏တိုက်ခိုက်ရေးစွမ်းအားက သေးငယ်သော အဆင့်နှစ်မျိုးနွယ်စုလောက်ပင် ကောင်းချင်မှ ကောင်းတော့မည်ဖြစ်၏။
ယခုမူ သူတို့၏ ဖယ်ရီမျိုးနွယ်စုနှင့် ဆက်လက်တိုက်ခိုက်နိုင်ရန် နည်းလမ်းမရှိတော့ပေ။ ပြည်တွင်းပဋိပက္ခတစ်ခုတည်းကပင် သူတို့ကို စိုးရိမ်ပူပန်အောင်လုပ်ရန် လုံလောက်နေချေပြီ။ အစွမ်းထက်အဆင့်နှစ်မျိုးနွယ်စုအချို့က အုပ်စိုးရှင်အသစ်များအဖြစ် ပေါ်ထွက်လာနိုင်ချေရှိသည်။
သူတို့၏ ဖယ်ရီမျိုးနွယ်စုအတွက်မူ ဤစစ်မြေပြင်တွင် ဖြစ်ပျက်ခဲ့သည့် အရာများမှာ လာနီယာကီးယားမျိုးနွယ်စုတစ်ခုလုံးနှင့် အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးအထိ ပျံ့နှံ့သွားလောက်ပြီဖြစ်၏။
အဆင့်ငါးမျိုးနွယ်စုပေါင်းများစွာ၏ ကျောထောက်နောက်ခံဖြင့်ဆိုလျှင် အဆင့်သုံးမျိုးနွယ်စုများကို မဆိုထားနှင့်။ အဆင့်လေးမျိုးနွယ်စုများနှင့် အမြွှာဝေလငါး စကြဝဠာအင်ပါယာအရှင်သခင်များပင် သူတို့၏အလိုကို ဖြည့်ဆည်းပေးချင်ကြလိမ့်မည်။ သို့ဖြစ်လေရာ သူတို့၏ အန်ဒရိုမီဒါမျိုးနွယ်စုကို မည်သူကများ ရန်စရဲမည်နည်း။
"ဘာလို့လဲဆိုတာ မင်း သိချင်လား"
အာပါချီက ဂူဒယ်လ်ကို အေးစက်စက် ကြည့်လိုက်သည်။
"မင်းရှေ့မှာရပ်နေတဲ့ ဒီလူကြီးမင်းက ငါ့ညီမလေးရဲ့ချစ်သူပဲ"
ဂူဒယ်လ်၏စိတ်ထဲတွင် လျှပ်စီးတစ်ကြောင်း ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။
သူ(မ)၏ ချစ်သူတဲ့လား။ အဆင့်ငါးမျိုးနွယ်စုရှိ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်၏ အာရုံစိုက်မှုကို ရအောင် သူ(မ) ဘယ်လိုလုပ်နိုင်ခဲ့လေသလဲ။
သို့သော် အိုင်းရင်းနှင့် ကျန်းမုန့်လောင်တို့၏ ရင်ဘတ်ပေါ်ရှိ တံဆိပ်များမှာ လိမ်ညာနေခြင်း မဟုတ်ပေ။ အဆင့်ငါးမျိုးနွယ်စုစစ်သင်္ဘောယာဉ်စုအများအပြားကို လွယ်လင့်တကူအမိန့်ပေးနိုင်ခြင်းမှာ သူတို့နောက်ကွယ်ရှိ အဆင့်ငါးမျိုးနွယ်စုသည် သာမန်မဟုတ်ကြောင်း ပြသနေသည်။
"အဖေ... ကျွန်တော်က ဒီမှာ"
ထိုစဉ် အာပါချီကလည်း လူအုပ်ထဲတွင် သူ့အဖေကို တွေ့လိုက်ရသည်။ သူ့အဖေ၏ဘေးတွင် အဆင့်လေးမျိုးနွယ်စုကို ကိုယ်စားပြုသည့်တံဆိပ်ကို ရင်ဘတ်တွင်တပ်ထားသည့် အခြားလူငယ်တစ်ယောက်လည်း ရှိနေသေးသည်ဖြစ်ရာ ထိုလူမှာ တပ်မမှူး၏သားဖြစ်မည်ဟု ခန့်မှန်းရသည်။
"မင်းတောက်ပရမယ့် အခွင့်အရေး ရောက်လာပြီ"
ကျန်းမုန့်လောင်က အိုင်းရင်း၏ကျောကို ပုတ်ကာ အချက်ပြလိုက်သည်။
အိုင်းရင်းကလည်း ဤသည်မှာ သူ့ယောက္ခမလောင်းရှေ့တွင် မျက်နှာပန်းလှမည့် အခွင့်အရေးဖြစ်ကြောင်း သိလိုက်သည်။
"စစ်မြေပြင်ကနေ ချက်ချင်းဆုတ်ခွာပြီး ဖယ်ရီမျိုးနွယ်စုကို လုံလောက်တဲ့ လျော်ကြေးငွေ ပေးဆောင်ပါ။ မဟုတ်ရင် မင်းတို့ရဲ့မြို့တော်ဂြိုဟ်ကို တစ်ချက်တည်းနဲ့ ဖောက်ခွဲပစ်ဖို့ ငါ လူလွှတ်လိုက်မယ်။ ငါ့စကားတွေကို သံသယမဝင်နဲ့နော်။ လာနီယာကီးယားမျိုးနွယ်စုရဲ့ အုပ်စိုးရှင်မပြောနဲ့။ အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ အရှင်သခင်တောင် စကားတစ်ခွန်းဟရဲမှာ မဟုတ်ဘူး။"
"ဟုတ်... ဟုတ်ကဲ့ပါ အရှင်။ အရှင့်အမိန့်အတိုင်း ကျွန်တော်တို့ တိတိကျကျလိုက်နာပါ့မယ်"
ထိုအခိုက်အတန့်တွင် ဂူဂေါလ်မျိုးနွယ်စု၌ ညှိနှိုင်းရန် အင်အားမရှိတော့ပေ။ သူတို့အနေနှင့် ခြွင်းချက်မရှိ လိုက်နာရန်သာ ရှိတော့သည်။
"သွားတော့။ နောက်ပိုင်းကိစ္စတွေကို ဖယ်ရီ မျိုးနွယ်စုက လူတွေက မင်းတို့နဲ့ ဆက်သွယ်ဖို့ စီစဉ်လိမ့်မယ်။ ဉာဏ်များဖို့ မကြံနဲ့နော်။ ငါ သူတို့ကို အချိန်မရွေးထပ်လာခိုင်းလို့ ရတယ်"
...
"အဖေ.. အဖေ့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးရစေ"
အာပါချီက သူ့အဖေရှေ့တွင် အိုင်းရင်းကို ပျော်ရွှင်စွာ မိတ်ဆက်ပေးလိုက်သည်။
"ဒါက ရှာယန်နာရဲ့ ချစ်သူပါ"
"ရှာယန်နာရဲ့ချစ်သူ ဟုတ်လား"
သူ့ဘေးရှိ လူငယ်လေးက ဒေါသထွက်နေလေဟန် အမူအရာကို ပြသလိုက်ပြီး အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်ကို မေးခွန်းထုတ်လိုက်သည်။
"ဒါဆို ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ခင်ဗျားက ကျွန်တော်တို့ကို ကစားနေတာလား"
"ကိုယ့်လူ... ခင်ဗျားမှာ ပြဿနာတစ်ခုခုများ ရှိလို့လား"
အိုင်းရင်းက ထိုလူငယ်ကို စိုက်ကြည့်လိုက်၏။
တပ်မမှူး၏သားက ပြန်လည်ချေပချင်သော်လည်း အိုင်းရင်း၏ ရင်ဘတ်ပေါ်ရှိ တံဆိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်ဝယ် သူ့လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ညှစ်လိုက်သလို ခံစားလိုက်ရသည်။
သူစိတ်အစဉ်ကား ပြိုလဲသွားတော့သည်။
ခင်ဗျားသမီးက အဆင့်ငါးမျိုးနွယ်စုဝင်နဲ့ ချစ်သူဖြစ်နေပါရက်နဲ့ ကျွန်တော်တို့လို ပါ့မွှားအဆင့်လေးမျိုးနွယ်စုနဲ့ ထိမ်းမြားမဟာမိတ်ဖွဲ့ဖို့ လုပ်နေသေးတာလား။
အဓိပ္ပာယ်မရှိလိုက်တာ..
*******************
အခန်း ၈၅၂ - ခင်ဗျားမှ ကျွန်တော့်ကို မမေးဘဲနဲ့
"ဘာ... ဘာမှမဖြစ်ပါဘူး..."
ဂါလာမျိုးနွယ်စုတပ်မမှူး၏ သားဖြစ်သူမှာ နဖူးထက်ဝယ် ချွေးပြန်လာသည်။ သူ့အနေနှင့် အခြားစကားများ ပြောရဲပါဦးမည်လော။
အမြွှာဝေလငါးစကြဝဠာအင်ပါယာထဲတွင် သူတို့၏ဂါလာမျိုးနွယ်စုမှာ သာမန်အဆင့်လေးမျိုးနွယ်စုတစ်ခုသာ ဖြစ်ပြီး စစ်ရေးအင်အားမှာ ရှီကျစ်မျိုးနွယ်စုထက် များစွာ အားနည်းပေသည်။
ယခုတစ်ကြိမ် အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်က သူတို့၏ကာကွယ်မှုကို ရလိုရငြား ချဉ်းကပ်လာခဲ့ခြင်းပင်။ သို့သော် အမှန်တကယ်တွင် သူတို့၌ ရှီကျစ်မျိုးနွယ်စုကို ရင်ဆိုင်ရန် လုံးဝသတ္တိမရှိပေ။
သူတို့၏အစီအစဉ်က ရိုးရှင်းလှသည်။ ရှာယန်နာကို လက်ထပ်ပြီးသည့်အခါ သူတို့က စစ်သင်္ဘောယာဉ်စုအနည်းငယ်ကို ဟန်ပြအဖြစ် စေလွှတ်တိုက်ခိုက်မည်။ မနိုင်လျှင် အမြန်ထွက်ပြေးမည်။ အန်ဒရိုမီဒါမျိုးနွယ်စု ရှုံးနိမ့်သွားလျှင်ပင် တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်ကြီးမားလွန်းသည်ဟု ဆင်ခြေပေးနိုင်သည်။
သူ၏ တစ်ခုတည်းသော ပစ်မှတ်မှာ ရှာယန်နာပင်။ အန်ဒရိုမီဒါမျိုးနွယ်စု ဘာဖြစ်ဖြစ် သူ ဂရုမစိုက်ပေ။ ဖယ်ရီမျိုးနွယ်စုတစ်ခုလုံးကို မကာကွယ်နိုင်လျှင်ပင် မိန်းမတစ်ယောက်ကိုတော့ မကာကွယ်နိုင်ဘဲနေပါ့မလား။
သို့သော် အရာအားလုံး အထမြောက်တော့မည့်ဆဲဆဲတွင် မမျှော်လင့်ထားသူတစ်ဦး ရုတ်တရက်ဝင်ပါလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အဆင့်ငါးမျိုးနွယ်စုမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်လာလေရာ သူ့ကို သတ္တိဆယ်ခုပေးထားလျှင်ပင် မိန်းမတစ်ယောက်အတွက် အဆင့်ငါးမျိုးနွယ်စုရှိ လူတစ်ယောက်နှင့် အပြိုင်လုရဲမည်မဟုတ်ပေ။
သစ္စာဖောက်မှုအတွက် အန်ဒရိုမီဒါ အရှင်သခင်ကို လက်စားချေရမည်လော။ သစ်ပင်ကြီးကို မှီခိုပြီး အဆင့်ငါးမျိုးနွယ်စု၏ အကာအကွယ်ကို ရနေသူများက သူတို့လို သေးငယ်လှသော အဆင့်လေးမျိုးနွယ်စုကို ကြောက်စရာလိုပါဦးမည်လော။
"ဘာမှမဖြစ်ဘူးဆိုရင် မင်းက ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ။ ငါတို့က အရက်တိုက်ဖို့ ဖိတ်ခေါ်မှာကို စောင့်နေတာလား"
အိုင်းရင်းက ယခုအချိန်တွင် အလွန်ယောက်ျားပီသလှသော အသွင်ကို ပြသလိုက်သည်။
ဂါလာမျိုးနွယ်စုတပ်မမှူး၏ သားအကြီးဆုံးခမျာ ဒေါသကိုထုတ်မပြရဲဘဲ အပြုံးတုတစ်ခုဖြင့် အမြန်ထွက်ခွာသွားရတော့သည်။
"ဒါ... ဒါ ဘာတွေဖြစ်နေတာလဲ"
အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်မှာ အိုင်းရင်း၏ ရင်ဘတ်ပေါ်ရှိ အဆင့်ငါးမျိုးနွယ်စုမှ လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြထားသောတံဆိပ်ကို ကြည့်ကာ ဇဝေဇဝါဖြစ်သွားလေသည်။ သူ့သားက ဤလူသည် သူ့သမီးရှာယန်နာ၏ ချစ်သူဟု ပြောလိုက်သည်မဟုတ်လော။
သို့သော် ဤသည်မှာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ သူ့သမီးတွင် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးရှိမရှိ မဆိုထားနှင့်။ ရှိခဲ့လျှင်ပင် သူ(မ)၏အဆင့်အတန်းနှင့် အဆင့်ငါးမျိုးနွယ်စုမှ လူတစ်ယောက်ကို တွေ့ဆုံနိုင်ရန်ပင် မဖြစ်နိုင်ချေ။ သို့ဖြစ်လေရာ မည်သို့နှယ် ချစ်ကြိုက်သွားနိုင်မည်နည်း။
လက်ရှိအခြေအနေကို ရှာယန်နာ၏အဖေဖြစ်သူ အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်ကလွဲ၍ ကျန်လူအားလုံးနီးပါး ရှင်းရှင်းလင်းလင်းသိထားကြပြီဖြစ်၏။
သူကတော့ ဘာမှမသိသေးချေ။
"အဖေ မသိသေးဘူးလား။ ကျွန်တော်တို့စစ်တပ်က အနိုင်ရသွားပြီလေ။ ဂူဂေါလ်မျိုးနွယ်စုလည်း လက်နက်ချသွားပြီဗျ"
"မင်း ဘာပြောလိုက်တယ်"
အန်ဒရိုမီဒါမျိုးနွယ်စု၏ အရှင်သခင်မှာ စစ်မြေပြင်သတင်းကို မသိရသေးပေ။
ထိုအချိန်မှာပင် အန်ဒရိုမီဒါမျိုးနွယ်စုအရှင်သခင်၏ မျက်နှာအမူအရာလည်း ရုတ်တရက် တောင့်တင်းသွားသည်။ အစောက သူ မမျှော်လင့်ဘဲ အီးမေးလ်အမြောက်အများကို လက်ခံရရှိခဲ့သည်။
လွန်ခဲ့သည့်မိနစ်အနည်းငယ်က အစောဆုံး ရရှိခဲ့သော အီးမေးလ်မှာ လာနီယာကီးယား မျိုးနွယ်စုအရှင်သခင်က သူတို့၏ မြို့တော်ဂြိုဟ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားသောစာ ဖြစ်ပြီး စကားအသုံးအနှုန်းမှာ အလွန်ယဉ်ကျေးပြီး အနည်းငယ်နှိမ့်ချထားသယောင်ပင် ရှိနေပေသည်။
အဆင့်သုံးမျိုးနွယ်စုရာပေါင်းများစွာ ပါဝင်သော လာနီယာကီးယားမျိုးနွယ်စုတစ်ခုလုံးတွင် အန်ဒရိုမီဒါမျိုးနွယ်စု၏ အဆင့်အတန်းမှာ အမြဲနိမ့်ကျနေခဲ့သည်။ ယခုအချိန်အထိ လာနီယာကီးယားမျိုးနွယ်စု၏ အရှင်သခင်နှင့် တွေ့ဆုံခွင့်ပင် တစ်ခါမှ မရခဲ့ဖူးပေ။ သို့သော် ယခုမူ တစ်ဖက်လူက သူ့ကို ကိုယ်တိုင်ကိုယ်ကျဖိတ်ကြားနေသည်တဲ့လား။
ထိတ်လန့်၍မဆုံးသေးခင် သူ့စာတိုက်ပုံးထဲသို့ နောက်ထပ် စာတစ်စောင် ရောက်လာပြန်သည်။ ဤတစ်စောင်မှာ အမြွှာဝေလငါး အင်ပါယာအရှင်သခင်ထံမှ ဖြစ်၏။
"မစ္စတာတူနာလူ... မကြာသေးခင်က အန်ဒရိုမီဒါမျိုးနွယ်စုနဲ့ ဂူဂေါလ်မျိုးနွယ်စုတို့ကြားမှာ ပြင်းထန်တဲ့အငြင်းပွားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ခင်ဗျားတို့ရဲ့ အပြီးသတ်အောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ပြီးတော့ မစ္စတာတူနာလူအနေနဲ့ တွေ့ဆုံဖို့ အချိန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားရဲ့ အကြောင်းပြန်စာကို စောင့်မျှော်နေပါ့မယ်"
"ဒီမက်ဆေ့ချ်က တကယ် အရှင်ဘုရင့်ဆီကလား"
တူနာလူခမျာ သူ အိပ်မက်မက်နေသလားဟုပင် တွေးထင်မိသည်။ သူတို့၏အမြွှာဝေလငါးစကြဝဠာအင်ပါယာ အရှင်ဘုရင်က သူ့ထံသို့ လာရောက်လည်ပတ်ရန် မေးမြန်းနေသောလေသံဖြင့် ပြောဆိုနေခြင်းမှာ လုံးဝမဖြစ်နိုင်သော ကိစ္စပင်။
"အာပါချီ... ဘာတွေဖြစ်နေတာလဲ။ ဒီ... ဒီဂုဏ်သရေရှိပုဂ္ဂိုလ်က..."
"အဖေ... ကျွန်တော် ပြောပြီးပြီလေ။ ဒီလူကြီးမင်းက ရှာယန်နာရဲ့ ချစ်သူပါ။ သူက အဆင့်ငါးမျိုးနွယ်စုတွေဆီက စစ်သင်္ဘောယာဉ်စုတွေကို စုစည်းပြီး ကျွန်တော်တို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာထဲကို အတင်းဝင်ရောက်လာခဲ့တယ်။ ဂူဂေါလ်မျိုးနွယ်စုကို အနိုင်ပိုင်းဖို့ ကျွန်တော်တို့ဘက်က ကူညီပေးခဲ့ပြီး ရှီကျစ်မျိုးနွယ်စုကိုတောင် ကြားဖြတ်တားဆီးပေးခဲ့သေးတာ"
အာပါချီ ရှင်းပြလိုက်သောအခါ တူနာလူလည်း အဆုံးတွင် အရာအားလုံးကို နားလည်သွားတော့သည်။
အဆင့်လေးနှင့် အဆင့်ငါးမျိုးနွယ်စုများရှိ အရှင်သခင်များမှာ တစ်ယောက်ပြီးတစ်ယောက် ဂရုတစိုက်ဆက်ဆံလာကြသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ အန်ဒရိုမီဒါမျိုးနွယ်စုမှာ ကျောထောက်နောက်ခံကြီးကြီးမားမား ရနေပြီဖြစ်ကြောင်း သူတို့ သိသွားသဖြင့် ယခုလို အဆက်အသွယ်လုပ်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပေသည်။
"အရှင်... ကျွန်တော် ရှာယန်နာကို တကယ်သဘောကျပါတယ်။ အရှင်လည်း ကျွန်တော်တို့ကို မကန့်ကွက်ဘူးမလား"
အိုင်းရင်းက အခွင့်အရေးကို ဆုပ်ကိုင်လိုက်လေရာ ရုတ်တရက်ဆန်သော ဤဖွင့်ဟဝန်ခံမှုကြောင့် ရှာယန်နာ၏မျက်နှာတစ်ခုလုံး နီမြန်းသွားချေသည်။
အိုင်းရင်း ယခုပိုင်ဆိုင်ထားသမျှ အရာအားလုံးမှာ ကျန်းမုန့်လောင်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သူ(မ) သေချာပေါက်သိထားသည်။ သို့သော် လူတိုင်းက ဤကဲ့သို့သော ဘုန်းကျက်သရေကို ခံစားခွင့်မရှိပေ။ ဤသည်မှာ အိုင်းရင်းတွင် လူကဲခတ်နိုင်သည့် အမြင်ရှိ၍ မဟုတ်လော။
"သေချာပေါက်မကန့်ကွက်ပါဘူး။ သေချာပေါက် မကန့်ကွက်ပါဘူးဗျာ"
တူနာလူကလည်း အမြန်တုံ့ပြန်လိုက်သည်။ သူ့အနေနှင့် ကန့်ကွက်စရာ အကြောင်းပြချက် တစ်ခုခုများ ရှိလေသလား။ ဤမျှ ချမ်းသာကြွယ်ဝသော သမက်မျိုးဆိုလျှင် အိပ်မက်ထဲမှာပင် ထိုင်ရယ်မောနေမိလိမ့်မည်။
"အရှင် သင့်တော်တယ်လို့ထင်ရင် ပြပွဲပြီးတာနဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်လို့ရပါပြီ"
တူနာလူကမူ အိုင်းရင်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေဟန်ဖြင့် မင်္ဂလာပွဲကို ချက်ချင်းကျင်းပရန် စိတ်အားထက်သန်နေသည်။
"ရှာယန်နာ... မင်း သဘောတူရဲ့လား"
အိုင်းရင်းက ရှာယန်နာကို နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာမျက်ဝန်းများဖြင့် ငေးကြည့်လိုက်သည်။
ရှာယန်နာကမူ စကားပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြလိုက်သည်။
သူတို့အတွက် ဤပြပွဲမှာ မူလက ဗဟုသုတ တိုးပွားစေရန်နှင့် သူတို့၏မျိုးနွယ်စုကို ကယ်တင်ပေးနိုင်မည့် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဦးကို တွေ့ဆုံနိုင်မည့် အခွင့်အရေးတစ်ခုမျှသာ။
ယခု အကျပ်အတည်းများအားလုံး ပြေလည်သွားပြီဖြစ်ရာ သူတို့အတွက် ဤပြပွဲက မလိုအပ်တော့ပေ။
"အစ်ကိုကျန်း... ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့မလား။ ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ အစ်ကို့ကို စိတ်ရင်းအမှန်နဲ့ဖိတ်ကြားချင်ပါတယ်။"
"မင်းကို ကြည့်စမ်းပါဦး။ ဘယ်လောက်တောင် လောနေသလဲလို့"
ကျန်းမုန့်လောင်သည် အိုင်းရင်း၏ စိတ်အားထက်သန်မှုကို ခံစားမိနေပြီဖြစ်၏။
"ငါ မလိုက်တော့ဘူး။ ဒီမှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးတယ်။ ဒီကကိစ္စတွေ ပြီးသွားရင် မင်းတို့ဆီ အလည်လာခဲ့မယ်"
"လေးစားအပ်ပါသော စကြဝဠာဘဏ် အသုံးပြုသူ... သင့်အကောင့်ထဲကို ကြယ်ပွင့်တစ်ရာ လွှဲပြောင်းလက်ခံရရှိထားတာကြောင့် သင့်အကောင့်ကို စကြဝဠာဘဏ်မှာ ကြယ်နှစ်ပွင့်အဆင့်သို့ အဆင့်မြှင့်တင်လိုက်ပါပြီ"
ရုတ်ခြည်းပင် အိုင်းရင်းသည် စကြဝဠာဘဏ်မှ အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။
"ဒါက... အစ်ကိုကျန်း အစ်ကို..."
"ဒါက ငါတို့ဂြိုဟ်ရဲ့ ဓလေ့တစ်ခုပဲ။ အန်ပေါင်းလို့ ခေါ်တယ်"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"မင်းတို့နှစ်ယောက်အတွက် ငါ့ရဲ့မင်္ဂလာလက်ဖွဲ့လို့သာ သဘောထားလိုက်"
"ဒီလက်ဆောင်က တန်ဖိုးကြီးလွန်းပါတယ်။ ကျွန်တော်..."
စကြဝဠာအင်ပါယာ အုပ်စိုးရှင်များထံမှ လာဘ်ငွေအများအပြား ရရှိခဲ့လျှင်ပင် အိုင်းရင်းတွင် စုဆောင်းငွေကြယ်တစ်ပွင့် သို့မဟုတ် နှစ်ပွင့်မျှသာ အများဆုံးရှိခဲ့သည်။ ကျန်းမုန့်လောင်က သူ့ကို တစ်ကြိမ်တည်းဖြင့် ကြယ်ပွင့်တစ်ရာလက်ဆောင်ပေးခဲ့ခြင်းမှာ သူသာမက သူ့မျိုးဆက်များပါ တစ်ခါမှမရခဲ့ဖူးသော အဖိုးတန်ဆုံး လက်ဆောင်ပင်။
"ကျန်းမုန့်လောင်ရဲ့ ညီတစ်ယောက်က ဒီလိုလက်ဆောင်မျိုးနဲ့ ထိုက်တန်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပနော်။ ပြီးတော့ ရှာယန်နာ့အပေါ် နှမြောတွန့်တိုမနေနဲ့"
"စိတ်မပူပါနဲ့။ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး မင်္ဂလာပွဲလေးကို သူ့အတွက် ကျွန်တော် ဖန်တီးပေးမှာပါ"
...
"ပျင်းစရာကြီး... ပြပွဲ တရားဝင်စတင်ဖို့ ရက်နည်းနည်းလိုသေးတယ်။ အခု ငါ ဘယ်သွားပြီး လျှောက်လည်ရမလဲ"
ကျန်းမုန့်လောင်လည်း သလင်းကျောက်ဂြိုဟ်မှ ထွက်ခွာလာပြီး ပျင်းရိစွာဖြင့် လမ်းပတ်လျှောက်နေတော့သည်။
သူသည် ပြပွဲလမ်းညွှန်ကိုဖွင့်၍ ပြခန်းအားလုံး၏ အနေအထားကို ကြည့်လိုက်သည်။
ရုတ်ခြည်းပင် အသိပေးချက်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။
"စကြဝဠာမြေအောက်ပြပွဲ တရားဝင် စတင်သည်နှင့် အရောင်းအဝယ်အားလုံးကို အမှောင်ဒင်္ဂါးပြားများ အသုံးပြု၍သာ ပြုလုပ်ရမည်"
"ဒီအမှောင်ဒင်္ဂါးပြားဆိုတာ ဘာလဲကွ"
ကျန်းမုန့်လောင်လည်း သူနားမလည်သည့်အရာများကို အိုင်းရင်းထံသို့ အလျင်အမြန် ဆက်သွယ်မေးမြန်းလိုက်သည်။
"အစ်ကိုကျန်း.. ကျွန်တော် အစ်ကို့ကို ပြောဖို့ မေ့သွားတယ်။ ဒီပြပွဲ တရားဝင်မစခင်လေးပဲ စကြဝဠာဘဏ်က ထုတ်ပေးတဲ့ ငွေကြေးကို အသေးစားအရောင်းအဝယ်တွေအတွက် သုံးလို့ရတာ။ ပြပွဲတရားဝင်စတာနဲ့ အမှောင်ဒင်္ဂါးပြားလို့ခေါ်တဲ့ ငွေကြေးကိုပဲ လည်ပတ်သုံးစွဲခွင့်ရှိပါတယ်။ စကြဝဠာဒင်္ဂါးပြားတွေကို စာရင်းရှင်းဖို့ အသုံးပြုလို့မရတော့ဘူး"
ယင်းကဲ့သို့သော ကိစ္စများမှာ မသင်္ကာဖွယ်ရာ ကောင်းသောကြောင့် ကျန်းမုန့်လောင်လည်း နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ စကြဝဠာ မြေအောက်ပြပွဲကို ကျင်းပသည့် အင်အားစုများမှာ ကြီးမားကျယ်ပြန့်လှသော်လည်း စကြဝဠာမဟာမိတ်အဖွဲ့အတွက် မျက်နှာပန်းလှအောင် လုပ်ပေးရန်လည်း လိုအပ်သေးသည်။
ဤနေရာရှိ အကြီးစားအရောင်းအဝယ်များကို ဖြိုခွင်းခြင်းမရှိပါက စကြဝဠာမဟာမိတ်အဖွဲ့တွင် အာဏာမရှိသလို ဖြစ်သွားလိမ့်မည်။ သို့သော် သူတို့ဘက်က အင်အားသုံး၍ ကိုင်တွယ်မည်ဆိုပါက နှစ်ဦးနှစ်ဖက် ပျက်စီးခြင်းကိုသာ ဖြစ်ပေါ်စေပေမည်။
စကြဝဠာ၏ ငြိမ်းချမ်းမှုသည် အင်အားစုအားလုံးက ဟန်ချက်ညီအောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း နားလည်ထားသောကြောင့် တည်ရှိနေခြင်းပင်။
"ဒါဆို ငါ အမှောင်ဒင်္ဂါးပြားတွေကို ဘယ်မှာသွားလဲရမလဲ"
"အဲ့ဒါက သိပ်လွယ်မယ်မထင်ဘူး"
အိုင်းရင်းက ပြန်ဖြေသည်။
"အမှောင်ဒင်္ဂါးပြားဆိုတာ တကယ်တော့ လည်ပတ်နေတဲ့ ငွေကြေးတစ်မျိုးပါပဲ။ ဒီမြေအောက်အဖွဲ့အစည်းကပဲ တညီတညွတ်တည်း ထုတ်ဝေတာ။ ပုံမှန်အားဖြင့်တော့ မြေအောက်အဖွဲ့အစည်းတချို့ကတစ်ဆင့် လဲလှယ်လို့ရပါတယ်။ လက်ရှိပေါက်ဈေးက စကြဝဠာဒင်္ဂါးပြားနဲ့ယှဉ်ရင် တစ်အချိုး တစ်သောင်းဝန်းကျင်မှာ ရှိတယ်။ ဒါပေမဲ့ မြေအောက်ပြပွဲ စတင်တာနဲ့ ဝယ်လိုအားက ပြောင်းလဲသွားတဲ့အတွက် စကြဝဠာဒင်္ဂါးပြားနဲ့ အမှောင်ဒင်္ဂါးပြားကို လဲလှယ်လို့မရတော့ဘူး"
ကျန်းမုန့်လောင်က ဤအချက်ကို အကြမ်းဖျင်း နားလည်လိုက်၏။ အမှောင်ဒင်္ဂါးပြားဆိုသည်မှာ ကမ္ဘာပေါ်ရှိ ဘစ်ကွိုင်ကဲ့သို့ ဘလော့ချိန်းပစ္စည်းများနှင့် ဆင်တူပုံရသည်။ အစပိုင်းတွင် တန်ဖိုးသိပ်မရှိသော်လည်း အချိန်ကျလာသည့်အခါ ငွေကြေးနှင့်ညီမျှသော အရည်အသွေးတချို့ကို ရရှိလာခြင်းပင်။
"သေစမ်း.. မင်း ငါ့ကို စောစောစီးစီး ပြောရောပေါ့။ ဒါဆို အခု ငါ့ပိုက်ဆံတွေက အသုံးမဝင်တော့ဘူးဆိုတဲ့ သဘောလား"
အိုင်းရင်းကလည်း မကျေနပ်လေဟန်ဖြင့် ချက်ချင်းဆန္ဒပြလိုက်သည်။
"အစ်ကိုမှ ကျွန်တော့်ကို မမေးခဲ့တာ။ အစ်ကိုက စကြဝဠာမြေအောက်ပြပွဲအကြောင်း သိတယ်ဆိုလို့ ဒီစည်းကမ်းတွေကိုလည်း သိပြီးသားလို့ ကျွန်တော်ထင်လိုက်တာပေါ့"