← Chapters

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း ၈၅၃ - ဒီဆိုင်ခန်းကို ရောင်းမှာလား

"ဟန်မလုပ်ခဲ့သင့်ဘူး"

ကျန်းမုန့်လောင်ခမျာ တတွတ်တွတ် ရေရွတ်နေမိသည်။ သူ့မှာ မကုန်နိုင်မခမ်းနိုင်သော ကြွယ်ဝမှုများ ရှိနေပါလျက်နှင့် ဤပိုက်ဆံများမှာ စကြဝဠာမြေအောက်ပြပွဲတွင် သုံးမရချေ။ ဤအဖြစ်ကို သူ ဘယ်သူ့ကို သွားတိုင်ရမလဲ။

"နည်းလမ်းမရှိတော့ဘူးလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"အန္တရာယ်လည်းနည်းပြီး ပိုက်ဆံအမြန်ရမယ့် အလုပ်မျိုး မရှိဘူးလား"

"ရှိတော့ရှိတယ်။ ဒါပေမဲ့ အဲဒီအလုပ်တွေအားလုံးက စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ ရာဇဝတ်မှုဥပဒေထဲမှာ ရေးထားတဲ့အလုပ်တွေချည်းပဲ"

အိုင်းရင်းက ပြောလိုက်သည်။

"အဆင့်သုံးနဲ့အထက် မျိုးနွယ်စုတိုင်းမှာ အမှောင်ဒင်္ဂါးပြား စုဆောင်းထားတာတွေ ရှိတတ်ကြတယ်။ အစ်ကိုကျန်းသာ သတ္တိရှိမယ်ဆိုရင် တစ်အိမ်တက်ဆင်းလိုက်လုရုံပဲ"

"ဓားပြတိုက်တာက နှေးလွန်းတယ်"

ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။ တစ်နေ့ကို မျိုးနွယ်စုတစ်ခုနှုန်းနှင့် လုယက်လျှင်ပင် မြေအောက်ပြပွဲ တရားဝင်စတင်ချိန်တွင် ငွေများများစားစားရမည်မဟုတ်ပေ။ ထိုအချိန်မှသာ သူ တကယ်လိုချင်သော ပစ္စည်းပေါ်လာခဲ့လျှင် ဝယ်နိုင်တော့မည်မဟုတ်ပေ။

ဤတစ်ခေါက်မှာ သူသည် အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စု၏ စစ်သင်္ဘောယာဉ်စုအနည်းငယ်ကို အိမ်ပြန်သယ်သွားရန် စီစဉ်ထားသည်။ စစ်သင်္ဘောတစ်စီးကို စကြဝဠာဒင်္ဂါးပြား တစ်ဆယ်ထရီလီယံခန့် တန်ကြေးရှိပြီး ဤ"မှောင်ခိုဈေးကွက်"ထဲတွင် တစ်စီးဝယ်ရန်ပင် အမှောင်ဒင်္ဂါးပြား တစ်ဘီလီယံခန့် လိုအပ်မည်ဖြစ်၏။

စံနှုန်းမီစစ်ဆင်ရေးယာဉ်တန်းတစ်ခု ဖြစ်လာရန် စစ်သင်္ဘောယာဉ်စုတစ်စုမှာ အနည်းဆုံး စစ်သင်္ဘောအစီးရေတစ်ထောင် လိုအပ်သည်။ ဤသည်မှာ အမှောင်ဒင်္ဂါးပြား တစ်ဆယ်ထရီလီယံပင် ဖြစ်နေချေပြီ။

"ဒါလည်း ဟုတ်တာပဲ။ အသေးစားအဆင့်ငါးမျိုးနွယ်စုတစ်ခုမှာတောင် အမှောင်ဒင်္ဂါးပြား ဘီလီယံဆယ်ဂဏန်းလောက်ပဲ ရှိမှာဆိုတော့ လုရတာ တကယ်နှေးလိမ့်မယ်"

"တခြားနည်းလမ်းရော ရှိသေးလား"

"ရှိတာပေါ့"

အိုင်းရင်းက ပြောလိုက်၏။

"ကျွန်တော်ပြောပြခဲ့တဲ့ ကုန်သွယ်ရေးဈေးကွက်ကို မှတ်မိလား။ အဲဒီမှာဆိုရင် အရောင်းအဝယ်လုပ်ဖို့ ငွေကြေးကို စိတ်ကြိုက်ရွေးချယ်လို့ရတယ်။ ငွေသားအမြန်လိုချင်တဲ့လူတွေက အဲဒီမှာ ပစ္စည်းတွေ ဝယ်တတ်ကြတယ်။ တစ်ခါတလေ အဲဒီက သာမန်ဈေးသည်တစ်ယောက်က ဂြိုဟ်တစ်ခုမှာ ဈေးလာရောင်းနေတဲ့ အဆင့်ငါးမျိုးနွယ်စုရဲ့ အရှင်သခင်လည်း ဖြစ်နေနိုင်တယ်"

"မင်းပြောချင်တာက ငါ့ကို အဲဒီမှာ ပစ္စည်းသွားရောင်းခိုင်းတာလား"

"အစ်ကိုကျန်းရဲ့ သိုင်းလက်နက်သွန်းလုပ်နိုင်စွမ်းနဲ့ဆိုရင် ပိုက်ဆံမရမှာ စိတ်ပူနေသေးတာလား"

အိုင်းရင်းက ဆိုလိုက်သည်။

"ဒါပေမဲ့ သတိတော့ထားနော်။ အဲဒီနေရာက လူကို အရိုးပါဝါးစားမယ့်နေရာမျိုး။ ဈေးကလည်း အရမ်းခေါင်းပုံဖြတ်တာ။ ပုံမှန်ဆိုရင် တစ်အချိုးတစ်သောင်းဆိုပေမဲ့ အဲဒီမှာဆိုရင် တစ်အချိုး တစ်သောင်းနှစ်ထောင် ဒါမှမဟုတ် အဲဒီထက်တောင် ပိုသွားနိုင်တယ်"

"နားလည်ပြီ"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ငါ သွားပြီ"

"သေစမ်း... ငါ့တစ်သက် ပိုက်ဆံထပ်ရှာစရာ မလိုတော့ဘူးလို့ ထင်ထားတာ။ ငါက ဝါအရမ်းနုသေးတာပဲ"

ကျန်းမုန့်လောင်မှာ ကူကယ်ရာမဲ့လေဟန် အမူအရာကို ပြသလိုက်သည်။ စစ်သင်္ဘောယာဉ်စုအနည်းငယ်ကို ရရှိရန်မှာ စင်စစ်ဒုက္ခများလှပေသည်။

"ဟန်လုပ်မိရင် ပြဿနာတက်တာပဲ"

အကယ်၍ သူသာ စောစောစီးစီးလှုပ်ရှားခဲ့မည်ဆိုလျှင် ဈေးကွက်ထဲတွင် စကြဝဠာဒင်္ဂါးပြားများကို အမှောင်ဒင်္ဂါးပြား အမြောက်အများနှင့် လဲလှယ်နိုင်ခဲ့မည်သာ။

သို့သော် ယခုအချိန်တွင် ဈေးကွက်ထဲရှိ အမှောင်ဒင်္ဂါးအားလုံးနီးပါးကို အင်အားကြီးအဖွဲ့အစည်းများက လက်ဝါးကြီးအုပ်ထားပြီးဖြစ်၏။ သူတို့ကို ဆွဲဆောင်နိုင်လောက်သော တန်ဖိုးကြီးပစ္စည်းတစ်ခုခုကို မပြနိုင်ပါက သူတို့ဆီက ပိုက်ဆံထွက်လာရန် အလွန်ခက်ခဲလိမ့်မည်။

မြေပုံညွှန်ကြားချက်အတိုင်း လိုက်လာရင်း ကျန်းမုန့်လောင်တစ်ယောက် ကုန်သွယ်ရေးဈေးကွက်ဟုခေါ်သော ထိုနေရာကို အမြန်ရှာတွေ့လိုက်သည်။

၎င်းမှာ အလွန်စိတ်ဝင်စားဖို့ကောင်းသော ဂြိုဟ်တစ်ခုပင်။ ဂြိုဟ်လည်ပတ်မှုက ရပ်တန့်လုနီးပါးဖြစ်နေပြီး လေထုလည်း မရှိပေ။ တစ်ဖက်ခြမ်းမှာ လူလုပ်ကြယ်ကို မျက်နှာမူထားပြီး ကျန်တစ်ဖက်ခြမ်းကမူ အေးစက်မှောင်မိုက်သော စကြဝဠာကြီးကို မျက်နှာမူထားလေရာ နေ့နှင့်ည အပူချိန်ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။ နေရောင်ရသောဘက်တွင် သုံးရာဒီဂရီဆဲလ်စီးယက်ကျော်ရှိပြီး အခြားတစ်ဖက်မှာတော့ အနှုတ်၁၈၀ဒီဂရီနီးပါး ရှိ၏။

သို့သော် ပွဲစီစဉ်သူများက အလွန်စိတ်ကူးကောင်းကြသည်။ ထိုအစွန်းရောက် ပတ်ဝန်းကျင်နှစ်ခုဆုံရာနေရာတွင် အိုအေစစ်တစ်ခုကို တည်ဆောက်ထားသည်။ ထိုကုန်သွယ်ရေးဈေးကွက်ကို ဂြိုဟ်၏ နေ့နှင့်ညကြားရှိ အလင်းတန်းတစ်လျှောက် တည်ထောင်ထားခြင်းဖြစ်၏။

ဈေးဆိုင်ခန်းများအားလုံးကလည်း အလကားပင်။ နေရာရွှေ့ပြောင်းရေးဝင်ပေါက်နားရှိ ဆိုင်များကတော့ လူအစည်ဆုံးပင်။ မည်သူလာလာ ထိုဆိုင်များကို အရင်ဆုံးမြင်ရတတ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အော်ဟစ်ရောင်းချသံများနှင့် ဆူညံနေသည်။ အဆင့်မြင့်မျိုးနွယ်စုများ၏ အရှင်သခင်များမှာ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ ဆိုင်ဖွင့်မည်မဟုတ်ပေ။ အများစုမှာ သူတို့၏ လက်အောက်ငယ်သားများကိုသာ လွှတ်ထားခြင်းဖြစ်၏။ အဆုံးမှာ ဤအလုပ်မျိုးမှာ သူတို့၏ဂုဏ်သိက္ခာနှင့် မကိုက်ညီဘူးဟု ယူဆထားကြသည်။

"အဆင့်တစ်မျိုးနွယ်စုတွေကို အ​များကြီးရောင်းပေးပါ့မယ်။ အမှောင်ဒင်္ဂါးပြားနဲ့ပဲ လက်ခံပါတယ်နော်။ တစ်ခုကို တစ်ပြားပဲ။ အများကြီးဝယ်ရင် ပိုလျှော့ပေးမယ်။ လက်ဦးတဲ့လူ အရင်ရမယ်နော်"

"ရှားပါးစကြဝဠာသတ္တဝါတွေ ရောင်းမယ်နော်။ ကောင်းကောင်းမွေးမြူရင် ခင်ဗျားတို့ရဲ့ အကောင်းဆုံးလက်ရုံးဖြစ်လာမှာပါ။ စကြဝဠာဒင်္ဂါးပြားနဲ့လည်း လက်ခံပါတယ်။ အမှောင်ဒင်္ဂါးပြားနဲ့ဆိုရင် ၁၀ရာခိုင်နှုန်း လျှော့ပေးမယ်"

"အဆင့်ငါးသိုင်းလက်နက်ကို အမှောင်ဒင်္ဂါးပြားငါးဘီလီယံနဲ့ ရောင်းပါ့မယ်"

"အဆင့်ငါးသက်ရှိတွေအတွက် မျိုးရိုးဗီဇမြှင့်တင်ရေးလျှို့ဝှက်ချက်တွေကို အမှောင်ဒင်္ဂါးပြား၂၀ဘီလီယံနဲ့ ရောင်းပါ့မယ်"

"ဝိုး... ဟင်းသီးဟင်းရွက်ဈေးထက်တောင် စည်နေသေးတယ်"

ကျန်းမုန့်လောင်မှာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ကုန်သွယ်ရေးဈေးကွက်ထဲတွင် ပစ္စည်းမျိုးစုံ အမှန်တကယ်ရှိနေပေသည်။ ဂြိုဟ်များကတော့ အရောင်းရဆုံးပစ္စည်းများပင်။ ရံဖန်ရံခါတွင် စကြဝဠာသတ္တဝါများ၊ လက်နက်ကျမ်းစာများ၊ တစ်ပတ်ရစ် အာကာသသင်္ဘောတပ်စုများနှင့် ကျွန်များကိုပါ တွေ့ရတတ်သော်လည်း အားလုံးက လက်လီပုံစံမျိုးသာဖြစ်၍ အရေအတွက် နည်းပါးလှသည်။

"အဲဒါ ရွှေရောင်အမွှေးနဲ့ ကြောင်လေးလား"

ကျန်းမုန့်လောင်သည် လှောင်အိမ်ထဲရှိ ကြောင်တစ်ကောင်ကို သတိထားမိလိုက်သည်။ ထိုအကောင်လေးမှာ သူ့သားမွေးလေးများကို သန့်ရှင်းရေးလုပ်နေပြီး ဘာအန္တရာယ်မှမရှိလေဟန်ပင်။

"လူငယ်လေး... ဒီစကြဝဠာအသားစားသတ္တဝါကို ကြည့်လိုက်ပါဦး။ စကြဝဠာထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ သတ္တဝါဖြစ်ပေမဲ့ ပိုင်ရှင်အပေါ်တော့ အရမ်းသစ္စာရှိတယ်။ သေချာမွေးမြူမယ်ဆိုရင် အဆင့်၈သက်ရှိအထိတောင် ကြီးထွားလာနိုင်တယ်။ ကျွန်တော် အမှောင်ဒင်္ဂါးပြား၅ထရီလီယံနဲ့ပဲ ရောင်းမယ်။ စကြဝဠာဒင်္ဂါးပြားနဲ့ဆိုရင် ကြယ်ယူနစ်၆၀ပဲ ကျသင့်မယ်။ ဘယ်လိုလဲ။ အရှုံးမရှိစေရဘူးနော်"

ဆိုင်ပိုင်ရှင်မှာ အဆင့်သုံးသက်ရှိတစ်ဦးဖြစ်ပြီး လူမိုက်လက်ပါးစေတစ်ယောက်နှင့် အလွန်တူနေချေသည်။

"စကြဝဠာအသားစားသတ္တဝါ ဟုတ်လား။ ဝိုး... ဒါမျိုးက တကယ်ရှိတာလား"

ကျန်းမုန့်လောင်သည် "Captain Marvel"ကားထဲတွင် ထိုကဲ့သို့သော သတ္တဝါမျိုးကို တွေ့ဖူးသည်။ ကြည့်ရသည်မှာ လိမ္မော်ရောင်ကြောင်လေးနှင့် တူသော်လည်း တကယ်တမ်းမှာမူ ကြောက်စရာကောင်းသော စကြဝဠာသတ္တဝါဖြစ်၏။ သူ့ဗိုက်ထဲတွင် အခြားအတိုင်းအတာတစ်ခုအထိ ကျယ်ဝန်းသော နေရာလွတ်ရှိပြီး ဂြိုဟ်တစ်ခုလုံးကိုပင် ဝါးမျိုပစ်နိုင်စွမ်းရှိသည်။

အကယ်၍ ဤသည်မှာ အမှန်တကယ်သာ ထိုသတ္တဝါမျိုးဆိုလျှင် ကြယ်ယူနစ်၆၀နှင့် ဝယ်ရသည်မှာ တန်လှပေသည်။

"ညီလေး... သူ့အလိမ်စကားကို မယုံမိစေနဲ့။ အဲဒါ စကြဝဠာအသားစားသတ္တဝါ မဟုတ်ဘူး"

ယခုမှရောက်လာသော ဘေးနားရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စေတနာဖြင့် သတိပေးလိုက်သည်။

"အဲဒါက အသားစားသတ္တဝါဖြစ်ဖို့မပြောနဲ့။ တကယ့်အစစ်ရဲ့သားမွေးက လိမ္မော်ရောင်။ သေချာကြည့်ရင် အများကြီးကွာတယ်။ ဒါက သာမန်စကြဝဠာသတ္တဝါလေးပါ။ အများဆုံးရှိလှ အဆင့်နှစ်သက်ရှိပေါ့"

"ထွက်သွားစမ်း။ မင်းက ငါ့စီးပွားရေးကို လာဖျက်ဆီးနေတာလား"

အလိမ်ပေါ်သွားသဖြင့် ဆိုင်ရှင်လည်း ဒေါသထွက်သွားတော့သည်။

"စိတ်တိုသွားတယ်ပေါ့"

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကလည်း မခေလှပေ။

"ဒီနားမှာ အဆင့်၆သက်ရှိတွေ ကင်းလှည့်နေတာနော်။ ခင်ဗျား ရမ်းကားချင်တယ်ဆိုရင်တော့ ကိုယ့်ပြဿနာကိုယ်ရှာတာပဲ။ လူသစ်တွေကို လိမ်ညာလှည့်ဖြားနေတဲ့ ခင်ဗျားလို လူလိမ်မျိုးကို ကျုပ် အထင်မကြီးဘူး"

ဆိုင်ရှင်က ထိုဂြိုဟ်ပေါ်ရှိ တစ်ခုတည်းသော အဆောက်အအုံဖြစ်သည့် လုံခြုံရေးရုံးရှိရာဘက်သို့ မကျေမနပ်ဖြင့် ကြည့်လိုက်မိသည်။ အဆင့်ခြောက်သက်ရှိများ စောင့်ကြပ်နေသည့်အတွက် ဤနေရာတွင် မည်သူကမှ စည်းကမ်းမဖောက်ဖျက်ရဲကြပေ။

"ကျေးဇူးတင်ပါတယ် အစ်ကို"

ကျန်းမုန့်လောင်က ထို"ရွှေရောင်"ကြောင်လေးကို တစ်ချက်ထပ်ကြည့်လိုက်မိသည်။ ဤသည်မှာ သူထင်ထားသော မျိုးစိတ်မဟုတ်ဘူးလား။

ဘိုးဘေးတစ်ယောက်ယောက်က ရွှေရောင်ကြောင်လေးတစ်ကောင်ကို အာကာသထဲ ခေါ်သွားပြီး စကြဝဠာကြီးကို သိမ်းပိုက်ခိုင်းခဲ့ခြင်းများလား။

"ဘာမှမဟုတ်ပါဘူး။ မင်းက လူသစ်မှန်း သိသာနေလို့ပါ။ ပြီးတော့ သူပြောတဲ့ဈေးနှုန်းနဲ့ဆိုရင် မင်း ဝယ်နိုင်ပါ့မလားပဲ"

ထိုလူက ကျန်းမုန့်လောင်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးနောက် ကြယ်ယူနစ်၆၀ကို သူ တကယ်ပေးနိုင်ပါ့မလားဟု တွေးတောနေသည်။

ကျန်းမုန့်လောင်မှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေမိသည်။ နေရာရွှေ့​ပြောင်းရေးဆုံမှတ်နှင့် ဝေးလေလေ ပစ္စည်းဈေးနှုန်းများက သက်သာလေလေဖြစ်သော်လည်း လူနည်းသွားသဖြင့် ပိုက်ဆံရဖို့ ခက်ခဲနိုင်ပေသည်။

ဤသည်မှာ ကြော်ငြာသုံးပြီး လူအဝင်အထွက်များအောင် လုပ်နိုင်သည့် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက်မဟုတ်ချေ။ ဝယ်သူများကို ဆွဲဆောင်နိုင်ရန် အချက်အချာကျသော နေရာတစ်ခု လိုအပ်လေသည်။

သို့သော် နေရာလုရန်မှာမူ မဖြစ်နိုင်ပေ။ အဆင့်ခြောက်သက်ရှိများ စောင့်ကြပ်နေသဖြင့် ဝီချက်ကတစ်ဆင့် တစ်ယောက်ယောက်ကို ခေါ်လာလျှင်ပင် မြေအောက်ပြပွဲစီစဉ်သူများကို ဆန့်ကျင်ရဲမည် မဟုတ်ပေ။ သို့သော် သူ့တွင် ပိုက်ဆံရှိ၏။

ကျန်းမုန့်လောင်လည်း လူအစည်ဆုံးဆိုင်သို့ တည့်တည့်လျှောက်သွားလိုက်သည်။ ဆိုင်ရှင်မှာ အဆင့်၅သက်ရှိတစ်ဦးဖြစ်ပြီး ဂြိုဟ်များ၊ ကျွန်များ၊ တစ်ပတ်ရစ်သင်္ဘောများ၊ မျိုးနွယ်စုများကြားရှိ ကုမ္ပဏီရှယ်ယာများနှင့် သူ နာမည်မသိသည့် ပစ္စည်းတော်တော်များများကို ရောင်းချနေပေသည်။

ဖြတ်သွားဖြတ်လာအားလုံးနီးပါးက ဘာပစ္စည်းများရှိလဲဆိုသည်ကို ဝင်ကြည့်ကြသည်။ ဈေးအပေါဆုံးမဟုတ်သော်လည်း စီးပွားရေးကတော့ အလွန်ကောင်းမွန်လှသည်။

"ညီလေး... လူကြီးတွေနဲ့အတူ အမြင်ကျယ်အောင် လိုက်ကြည့်တာလား"

ဆိုင်ရှင်က ကျန်းမုန့်လောင်ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်သည်။

"ဝင်ကြည့်ဦးမလား။ မင်း စိတ်ဝင်စားမယ့် ပစ္စည်းတွေ အများကြီးရှိနိုင်တယ်နော်"

"ကျွန်တော်က ဘာမှဝယ်ဖို့ လာတာမဟုတ်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ခင်ဗျား ဒီဆိုင်ခန်းကို ရောင်းမှာလားလို့ သိချင်လို့ပါ"

*****************

အခန်း ၈၅၄ - ဆိုင်ခန်းကို ပစ္စည်းများနှင့်အတူ ဝယ်ယူခြင်း

"မင်းက ငါ့ဆိုင်ခန်းကို ဝယ်ချင်တာလား"

ဈေးသည်က ဖော်ပြ၍မရသော အပြုံးတစ်ခုကို လှစ်ဟပြလိုက်သည်။

"ဒီလိုအချက်အချာကျတဲ့နေရာကိုရဖို့ ငါ ဘယ်လောက်တောင် ကြိုးစားပမ်းစား လုခဲ့ရလဲဆိုတာ မင်းသိလား"

သူသည် အဆင့်ငါးသက်ရှိတစ်ဦးဖြစ်သော်လည်း အမှန်တကယ်တွင် စကြဝဠာအင်ပါယာအရှင်သခင် ဝယ်ယူထားသော ကျွန်တစ်ယောက်မျှသာ။ သူ့အရှင်သခင်က နဂါးငွေ့တန်းပြပွဲ တရားဝင်မစတင်ခင် ဤပစ္စည်းများကို အမှောင်ဒင်္ဂါးပြားများအဖြစ် တတ်နိုင်သလောက် ခပ်များများပြောင်းထားရန် အမိန့်ပေးခဲ့သည်။

ပြပွဲကျင်းပမည့်နေရာကို စတင်ဆောက်လုပ်ကတည်းက သူသည် အကောင်းဆုံးနေရာတွင် စခန်းချနေခဲ့ပြီး နောက်ဆုံးတွင် အချက်အချာကျသော ဤနေရာကို ရရှိရန် အခြားမျိုးနွယ်စုများရှိ လူပေါင်းများစွာနှင့် ပြင်းထန်လှသော တိုက်ပွဲများကိုပင် ဆင်နွှဲခဲ့ရသည်။ ထို့ကြောင့် ဤဆိုင်ခန်း၏တန်ဖိုးမှာ အလွန်မြင့်မားလှသည်။

"လူငယ်လေး... မင်း ဒီဆိုင်ခန်းရဲ့တန်ဖိုးကို ပေးနိုင်မှာမဟုတ်ဘူး"

တစ်စုံတစ်ယောက်က သူ့နေရာကို ကြယ်တစ်ပွင့်တန်ကြေးဖြင့် ဝယ်ယူရန် ကမ်းလှမ်းဖူးသော်လည်း သူကတော့ ငြင်းပယ်ခဲ့သည်။

ယခုတစ်ကြိမ်တွင် သူရောင်းချနေသော ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကြယ်ပွင့်၁၂၀ကျော်လွန်နေချေသည်။ ဤဆိုင်ခန်းရှိနေသရွေ့ ပစ္စည်းများ၏ ထက်ဝက်နီးပါးကိုတော့ သူ အနည်းဆုံး ရောင်းချနိုင်မည်ဖြစ်၏။ သို့သော် နေရာပြောင်းလိုက်ပါက အရောင်းစာရင်းမှာ သိသိသာသာလျော့ကျသွားနိုင်သည်။ ပေးအပ်ထားသော တာဝန်ကို မထမ်းဆောင်နိုင်ပါက သူ့အရှင်သခင်က သူ့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးမည်ဖြစ်၏။

"မင်း ပစ္စည်းတစ်ခုခုလာဝယ်တာဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြဿနာလာရှာတာဆိုရင်တော့ ငါ့ကို ရိုင်းတယ်လို့ မပြောနဲ့နော်"

ထိုဈေးသည်က သတိပေးလိုက်သည်။

"ကျွန်တော် မဝယ်နိုင်ဘူးလို့ ခင်ဗျား ဘယ်လိုလုပ်ပြီးသိလဲ"

ကျန်းမုန့်လောင်က ပြုံးလိုက်သည်။

"ဈေးသာခေါ်လိုက်။ ကျွန်တော် ဝယ်မယ်"

"လေလုံးကတော့ တော်တော်ထွားတာပဲ"

ဈေးသည်က ပြောလိုက်၏။

"ကြယ်၁၀ပွင့်"

ကျန်းမုန့်လောင်သည် ဆိုင်ခန်းက ဘယ်လောက်တန်သည် သို့မဟုတ် ဤပစ္စည်းများအားလုံး ဘယ်လောက်တန်သည်ကို မသိသဖြင့် အသင့်အတင့်ဟုယူဆသော ဈေးနှုန်းတစ်ခုကို စမ်းသပ်ပြီး ဈေးခေါ်ကြည့်လိုက်သည်။

ဈေးသည်၏မျက်ဝန်းထောင့်စွန်းများ သိသိသာသာ တုန်လှုပ်သွားသည်။ ဤလူငယ်ကဈေးနှုန်းကို ခပ်ရဲရဲခေါ်ရဲချေသည်။ ယခင်က သူရခဲ့ဖူးသော ကမ်းလှမ်းငွေ၏ ဆယ်ဆကို တန်းပေးလာသည်။

ဤလူငယ်က သာမန်ပုံပေါက်သော်ငြား ဤမျှအထိ ချမ်းသာနေလေသလား။

ဤလူ ရောင်းချနေသည့် ဂြိုဟ်များ၏ စုစုပေါင်းတန်ဖိုးမှာ ကြယ်ဆယ်ပွင့်ကျော်ကြောင်း ကျန်းမုန့်လောင် သတိပြုမိလိုက်သည်။ ဤသည်မှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုအတွက်မူ အလွန်များပြားလှသော ပမာဏပင်။ ထို့ကြောင့် ဤပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးက ကြယ်ပွင့်တစ်ရာဝန်းကျင်ခန့် ရှိမည်ဟု ရဲရဲဝံ့ဝံ့ခန့်မှန်းလိုက်သည်။ ထို့ကြောင့် တန်ဖိုး၏ဆယ်ပုံတစ်ပုံ ဟူသောဈေးနှုန်းက မမြင့်သော်ငြား သေချာပေါက်တော့ မနိမ့်လှပေ။

သိထားရမည့်အချက်မှာ ကမ္ဘာပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ရောင်းချသူများ၏ ရောင်းအားနှင့် ကော်မရှင်များက ပစ္စည်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းကျော်အထိ ရှိနိုင်သည်။

သို့သော် ဈေးသည်၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားပုံမရသဖြင့် ကျန်းမုန့်လောင် အနည်းငယ်သံသယဖြစ်သွားသည်။

ငါပေးတဲ့ဈေးက နည်းလွန်းနေတာလား။

"ကြယ်ပွင့်၂၀"

"ဝိုး"

ဤဈေးနှုန်းက အနီးအနားရှိ ဆိုင်ရှင်များကိုပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

ရိုးရိုးသားသားပြောရလျှင် ဤဆိုင်ခန်းများမှာ တန်ဖိုးရှိသလို တန်ဖိုးလည်းမရှိပြန်ချေ။ လူအများစုကတော့ ပိုပြီး အေးအေးဆေးဆေး နေတတ်ကြသည်။ ပစ္စည်းရောင်းရလျှင် ကောင်းသည်။ မရောင်းရလည်း ကိစ္စမရှိဘူးဟူသော သဘောမျိုးပင်။

စုတ်ပြတ်နေသော ဤနေရာလေးကို ရက်နည်းနည်းလောက်သာ သုံးနိုင်မည်ဖြစ်ပြီး အဆင့်ငါးမျိုးနွယ်စုအခု၂၀စာလောက် တန်ကြေးပေးပြီး ဝယ်နေခြင်းမှာ ရယ်စရာမကောင်းပေဘူးလား။

"ကောင်လေး... ကြယ်ပွင့်နှစ်ဆယ်ဆိုရင် ငါ ရောင်းမယ်ကွာ"

နေရာကောင်းရထားသော အနီးအနားရှိ ဆိုင်ရှင်များမှာ သွေးဆောင်ဖြားယောင်းခံလိုက်ရသဖြင့် သူ့ကို လာရောက်ချဉ်းကပ်ကြသည်။

"ဆောရီးပဲ.. ကျွန်တော်က ပစ္စည်းဝယ်ရင် အကောင်းဆုံးကိုပဲ ရွေးတတ်လို့ပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကြယ်ပွင့်သုံးဆယ်ဆိုရင်ရော ဘယ်လိုလဲ"

ဈေးသည်၏လက်များမှာ အနည်းငယ် တုန်ယင်နေချေပြီ။ ဤဈေးနှုန်းမှာ သူ လက်ခံနိုင်သော အနိမ့်ဆုံးစံနှုန်းကိုပင် ကျော်လွန်ပြီး ပစ္စည်းများ၏ ထက်ဝက်တန်ဖိုးနီးပါး ရှိလေသည်။ တစ်ဝက်ကို သူ့အတွက် ယူထားလိုက်ပြီး သူ့အရှင်သခင်ကို အစီရင်ခံ၍ရသေးသည်။

"ကောင်လေး... ဒါကတော့ မတန်ပါဘူးကွာ"

ဘေးနားရှိ လူတစ်ယောက်က သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

"သူ့ပစ္စည်းတွေအားလုံးပေါင်းမှ ကြယ်ပွင့်၁၀၀ကျော်လေးပဲ ရှိတာ။ ကြယ်၁၀ပွင့် ပေးတာတောင် ငါ့အထင်တော့ များလှပြီ"

"သြော်... ကြယ်ပွင့်၁၀၀ကျော်ပဲ ရှိတာလား"

ကျန်းမုန့်လောင်သည် ပတ်ဝန်းကျင်ရှိ လူများထံမှ အချက်အလက်များကို ရရှိပြီးနောက် ချက်ချင်းပင် သက်ပြင်းချလိုက်သည်။ သူ့ခန့်မှန်းချက်က အလွန်မှန်ကန်ပုံရသည်။

"ဒီလိုလုပ်.. ခင်ဗျား အဆင်ပြေမပြေ ကျွန်တော့်ကိုပြော"

ထိုဈေးသည်က ကျန်းမုန့်လောင် ဘာပြောမည်ကို မသေချာသဖြင့် လှမ်းကြည့်လိုက်သည်။

"ခင်ဗျားဆိုင်က ပစ္စည်းတွေ ရောင်းကုန်သွားရင် ထွက်သွားဖို့ စီစဉ်ထားတယ် မဟုတ်လား။ အဲဒီကျရင် ဆိုင်ခန်းက မလိုအပ်တော့ဘူးလေ"

ကျန်းမုန့်လောင်က အကြံပြုလိုက်သည်။

"ခင်ဗျားဆိုင်က ပစ္စည်းတွေ ဘယ်လောက်ပဲတန်တန် အဲဒီတန်ကြေးရဲ့ နှစ်ဆပေးပြီး အကုန်လုံးကို ကျွန်တော်ဝယ်မယ်။ ပိုက်ဆံကိုလည်း တစ်ခါတည်းရှင်းပေးမယ်။ ပြီးရင် ခင်ဗျား ချက်ချင်းထွက်သွားလို့ရပြီ။ ဘယ်လိုလဲ"

ငါ ပိုက်ဆံတန်းရှင်းမယ်။ မင်း ချက်ချင်းထွက်သွားတဲ့လား။

ဤသည်မှာ နှစ်သောင်းပေါင်းများစွာအတွင်း သူတို့ ကြားဖူးသမျှထဲတွင် အရဲတင်းဆုံးစကားပင်။ ဤမျှမိုက်မဲလှသော လုပ်ရပ်မျိုးကို လုပ်နိုင်ရန်အတွက် ဘယ်လောက်တောင် ချမ်းသာနေရမလဲ။

ဤပစ္စည်းများ၏ ဈေးနှုန်းက အပြင်ဈေးထက် အများကြီးပိုမြင့်နေလေပြီ။ သို့တိုင် ထိုဈေးနှုန်းထက် နှစ်ဆပိုပေးပြီး ဝယ်ချင်နေသေးသည်မှာ မိုက်မဲလွန်းရာမကျပေဘူးလား။ ဤသည်မှာ အဆင့်မြင့်မျိုးနွယ်စုတစ်ခုခုက ငတုံးတစ်ယောက် သူ့အဖေ၏ ခရက်ဒစ်ကတ်ကိုယူပြီး လာကစားနေခြင်းများလား။

"မင်း တကယ်ပြောနေတာလား"

ထိုဈေးသည်မှာ တိုက်ကြီးအသစ်တစ်ခုကို ရှာတွေ့သွားသည့်အလားပင်။

"သဘောတူတယ်။ ငါ့ပစ္စည်းတွေက ကြယ်ပွင့်၁၂၀တန်တယ်။ မင်း ငါ့ကို ကြယ်ပွင့်၂၄၀ တကယ်ပေးနိုင်လို့လား"

"ငွေလွှဲလိုက်မယ်"

ကျန်းမုန့်လောင်သည် စကားအပိုမပြောတော့ဘဲ ဘဏ်စနစ်ကိုသာ ဖွင့်လိုက်သည်။

မကြာခင်မှာပင် ထိုဈေးသည်၏ ဘဏ်အကောင့်ထဲသို့ ကြယ်ပွင့်၂၄၀ ရောက်သွားချေသည်။

ဈေးသည်၏မျက်လုံးများမှာ အရောင်လက်သွားပေသည်။ အနည်းငယ်လှည့်စားလိုက်ရုံဖြင့် အမြတ်ငွေ ကြယ်ပွင့်၁၂၀ကို ရလိုက်ပြီဖြစ်၏။ သူ့လွတ်လပ်ခွင့်ကို ပြန်ဝယ်ယူနိုင်ရုံသာမက အဆင့်ငါးမျိုးနွယ်စုတစ်ခုကိုပါ ဝယ်ယူပြီး အင်ပါယာဘုရင်တစ်ပါး ဖြစ်လာနိုင်သေးသည်။

ကျန်းမုန့်လောင် စကားပြန်ရုပ်သိမ်းသွားမည်ကို စိုးရိမ်သဖြင့် သူလည်း နေရာရွှေ့ပြောင်းရေးဝင်ပေါက်ကတစ်ဆင့် အပြေးအလွှား ထွက်သွားတော့သည်။

"ဘုရားရေ... ဒီကောင်လေးမှာ ကြယ်ပွင့်၂၄၀ တကယ်ရှိနေတာလား"

"ဒီဆိုင်ခန်းကို ဈေးနှစ်ဆပေးပြီး ဝယ်တာက ဘာသဘောလဲ။ သူ အကုန်ရောင်းရရင်တောင် အရင်းပြန်ရမှာမဟုတ်ဘူး"

"သူက ဘဝအတွေ့အကြုံယူဖို့ ဒီကိုရောက်နေတာများလား"

"သူ ရူးနေတာလား။ ပိုက်ဆံကို ဒီလိုသုံးရတယ်လို့"

"ရှူး... တိုးတိုးလုပ်စမ်းပါ။ ကြယ်ပွင့်၂၄၀ကို အလွယ်တကူ သုံးနိုင်တဲ့လူဆိုတာ အနည်းဆုံးတော့ အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုက အရေးပါတဲ့အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ရမယ်။ မင်း သူ့ကို ဒေါသထွက်အောင် လုပ်ချင်လို့လား"

"တကယ်မိုက်မဲတာပဲ။ ဦးနှောက်ထက် ပိုက်ဆံက ပိုများနေတာကိုး"

လူတိုင်းက ကျန်းမုန့်လောင်ကို အကဲခတ်နေကြပြီး သူ့နောက်ခံအကြောင်းကိုပင် တိတ်တဆိတ် ခန့်မှန်းနေကြသည်။ အချို့ကတော့ ပြပွဲပြီးသွားသည့်အခါ တစ်ခုခုစမ်းသပ်ကြည့်ရန် စီစဉ်နေကြပြီဖြစ်၏။

...

ပတ်ဝန်းကျင်ရှိ အတင်းအဖျင်းများကို လျစ်လျူရှုထားရင်း ကျန်းမုန့်လောင်ကတော့ ဘဝအတွေ့အကြုံယူမည့် ခရီးစဉ်ကို စတင်လေတော့သည်။

အမှန်တကယ်တော့ ဤပစ္စည်းများ ဘယ်လောက်တန်သည်ကို သူ မသိပေ။ ယခုအချိန်တွင် သိုင်းလက်နက်များကို စတင်ဖန်တီး၍ မရနိုင်ပေ။ အချိန်အများကြီး ယူရမည်ဖြစ်လေရာ ဆိုင်ပေါ်ရှိ ပစ္စည်းများကလည်း အမြန်ရောင်းထွက်သွားမည့် အရာများ မဟုတ်ပေ။

ကျန်းမုန့်လောင် နေရာယူပြီးနောက် လူအများစုက ဂြိုဟ်များကို ဝယ်ယူရန် ပိုစိတ်ဝင်စားကြကြောင်း သိလိုက်ရသည်။ ဤနေရာတွင် အပြင်ကထက် ပိုမိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချနေသည့် တစ်ခုတည်းသောအရာမှာ ဂြိုဟ်များသာ။

အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်မျိုးနွယ်စုများမှ အရှင်သခင်များအတွက် သူတို့နာမည်ဖြင့်ရှိသော ဂြိုဟ်များမှာ အနည်းဆုံး ၁ဘီလီယံမှ စတင်လေ့ရှိရာ အနည်းငယ် ရောင်းလိုက်ရုံဖြင့် သိပ်ရင်နာစရာမရှိပေ။ အထူးသဖြင့် မြေအောက်ပြပွဲတစ်ခုလုံးတွင် အမှောင်ဒင်္ဂါးပြားများက အမာခံငွေကြေး ဖြစ်နေလေသည်။

"သာမန်အဆင့်တစ်မျိုးနွယ်စုက ဂြိုဟ်တစ်ခုကို အမှောင်ဒင်္ဂါးပြားတစ်ပြားပါ"

"ဒါကတော့ ဂြိုဟ်၆လုံးကို အမှောင်ဒင်္ဂါးပြား၅ပြားပါ"

"ဝိုး... လေးလုံးဝယ်ရင် တစ်လုံးအလကားတဲ့။ ဒီနေရာမှာ ပြိုင်ဆိုင်မှုက တော်တော်ပြင်းထန်တာပဲ"

ကျန်းမုန့်လောင် ရုတ်တရက် အကြံတစ်ခု ရလိုက်သည်။ စကြဝဠာကုန်သွယ်ရေး ဈေးကွက်တွင် နေ့စဉ်နှင့်အမျှ ယဉ်ကျေးမှုထွန်းကားသော ဂြိုဟ်အမြောက်အများကို အရောင်းအဝယ် လုပ်နေကြသည်။ သူ့အနေနှင့် ထိုနေရာရှိ ဂြိုဟ်များကို စကြဝဠာဒင်္ဂါးပြားများဖြင့် ဝယ်ယူပြီး ဤနေရာတွင် အမှောင်ဒင်္ဂါးပြားများဖြင့် ပြန်လည်ရောင်းချနိုင်သည်။

ပွဲစားများက အမြတ်ဖြတ်ယူသွားမည်ဖြစ်သော်ငြား ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ့ကြွယ်ဝချမ်းသာမှုအရ ဤမျှနည်းပါးလှသောအရှုံးလေးက မပြောပလောက်ပေ။ လက်ရှိအချိန်တွင် သူ၏ တစ်ခုတည်းသော ရည်မှန်းချက်က အမှောင်ဒင်္ဂါးပြားများကို တတ်နိုင်သမျှ အများဆုံးစုဆောင်းရန်ပင်။

ကျန်းမုန့်လောင်လည်း စကြဝဠာကုန်သွယ်ရေးဈေးကွက်စနစ်ကို ဖွင့်လိုက်ပြီး ဂြိုဟ်အရောင်းအဝယ်ကဏ္ဍသို့ ဝင်ရောက်လိုက်သည်။

အရောင်းစာရင်းတင်ထားသော ဤဂြိုဟ်များအားလုံးကို နိုထရီလုပ်ပြီးသားဖြစ်လေရာ ဝယ်ယူလိုက်သည်နှင့် ချက်ချင်းဆိုသလို မိမိပိုင်ဆိုင်မှုဖြစ်သွားပြီး နိုထရီထပ်လုပ်ရန် မလိုအပ်တော့ပေ။

"ထောင် သန်း ဘီလီယံ..."

"ဝိုး... အများကြီးပါလား"

ကျန်းမုန့်လောင်သည် ရောင်းချရန်ရှိသော ဂြိုဟ်အများအပြားကို မြင်လိုက်ရသောအခါ တအံ့တသြရေရွတ်လိုက်သည်။

မနေ့က စကြဝဠာနေ့တစ်နေ့စာ အရောင်းအဝယ်ပမာဏမှာ ယဉ်ကျေးမှုထွန်းကားသော ဂြိုဟ်ပေါင်း၈၀ဘီလီယံအထိ ရှိခဲ့သော်ငြား ဤအရေအတွက်က လက်ရှိရောင်းချရန်ရှိသော အဆင့်တစ်မျိုးနွယ်စုဂြိုဟ်များ၏ တစ်ထောင်ပုံတစ်ပုံလောက်သာ ရှိသေးသည်။

ကျန်းမုန့်လောင်က ခမ်းနားကြီးကျယ်လေဟန် အမူအရာဖြင့် ပြောလိုက်သည်။

"ကောထန်... ဒီမျိုးနွယ်စုတွေအားလုံးကို ဝယ်လိုက်"

******************

အခန်း ၈၅၅ - မင်းတို့အားလုံးကို ငါ ချေမှုန်းပစ်မယ်

စကြဝဠာကုန်သွယ်ရေးဈေးကွက်ဌာနချုပ်တွင် စစ်ဆင်ရေးနှင့် အရောင်းဝန်ထမ်းတစ်စု ကြိုးစားပမ်းစား အလုပ်လုပ်နေကြသည်။

တကယ်တော့ ဂြိုဟ်အရောင်းအဝယ်လုပ်ခြင်းမှာ တစ်ပတ်ရစ်အိမ်များ အရောင်းအဝယ်လုပ်ခြင်းနှင့် အလွန်ဆင်တူလှသည်။ သူတို့၏နေ့စဉ်အလုပ်က အဆင့်နှစ်မျိုးနွယ်စုများရှိ လူချမ်းသာတချို့ကို ရှာဖွေပြီး လက်ရှိရောင်းချနေသည့် ဂြိုဟ်များကို အရောင်းမြှင့်တင်ရန် နည်းလမ်းမျိုးစုံဖြင့် ဆက်သွယ်ရခြင်းပင်။

ဥပမာအားဖြင့် စကြဝဠာဈေးကွက်၏ ဂြိုဟ်အရောင်းအဝယ်ဌာနမှာ အခြေခံအားဖြင့် ကမ္ဘာမြေပေါ်ရှိ တစ်ပတ်ရစ်အိမ် အရောင်းအဝယ်ပလက်ဖောင်းတစ်ခုနှင့် ကွာခြားမှုမရှိလှပေ။

"ဟယ်လို... ကျွန်တော်က စကြဝဠာ ကုန်သွယ်ရေးဈေးကွက်က ဝန်ထမ်းပါ။ ယဉ်ကျေးမှုထွန်းကားတဲ့ ဂြိုဟ်တစ်လုံးကို အကြံပြုချင်လို့ ဆက်သွယ်လိုက်တာပါ..."

"ဒီဂြိုဟ်က သယံဇာတပေါကြွယ်ဝပြီး အမြဲတမ်းနေထိုင်တဲ့လူဦးရေကလည်း ၁၀ဘီလီယံလောက် ရှိပါတယ်။ စကြဝဠာ ပတ်ဝန်းကျင်ကလည်း အရမ်းတည်ငြိမ်တဲ့အတွက် နေထိုင်ဖို့သင့်တော်ပါတယ်"

"ရပါတယ်။ ချေးငွေနဲ့လည်း ကျွန်တော်တို့ လက်ခံပါတယ်။ ကျွန်တော်တို့က စကြဝဠာဘဏ်နဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းထားတာပါ။ လက်ရှိမှာ နှစ်၃၀၀အတွက် အတိုးနှုန်းက ၅.၁၅ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ချေးငွေကို စကြဝဠာနှစ်ဝက်အတွင်း စီစဉ်ပေးလို့ရပါတယ်"

"ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေလည်း ပေးပါတယ်။ ဉာဏ်ရည်တုကတစ်ဆင့် ဂြိုဟ်ကို ကြည့်ရှုရတာ သံသယရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာဂြိုဟ်ကို သွားကြည့်တဲ့ ဝန်ဆောင်မှုကို အခမဲ့ပေးနိုင်ပါတယ်..."

ဌာနချုပ်ရှိ ဝန်ထမ်းအရေအတွက်မှာ ဘီလီယံပေါင်းများစွာအထိ ရှိ၏။ ဌာနချုပ်တွင် အလုပ်လုပ်နိုင်သူများမှာ စကြဝဠာကုန်သွယ်ရေးဈေးကွက်၏ ဂြိုဟ်အရောင်းအဝယ်ဌာနမှ ထိပ်တန်းအရောင်းကိုယ်စားလှယ်များသာ။ သူတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကလည်း ဌာနတစ်ခုလုံးတွင် အကောင်းဆုံးပင်။

မိုးမျှော်အဆောက်အအုံကြီး၏ အလယ်ဗဟိုတွင် နေ့စဉ်ဂြိုဟ်အရောင်းအဝယ်အရေအတွက်နှင့် အရောင်းအဝယ်ပမာဏများကို မှတ်တမ်းတင်ထားသော ဧရာမဟိုလိုဂရမ်ပရိုဂျက်တာကြီးတစ်ခု ရှိသည်။ ယနေ့ အလုပ်စတင်သည်မှာ စကြဝဠာနာရီဝက်ပင် မရှိသေးသော်လည်း ဂြိုဟ်အရောင်းအဝယ်အရေအတွက်မှာ ဘီလီယံဆယ်ဂဏန်းအထိ ရှိလာပြီး ပမာဏအားဖြင့် ကြယ်၁၀ပွင့်ပင် ကျော်လွန်နေပြီဖြစ်၏။

"ကောင်းပါပြီ။ စာချုပ်ကို အခုချက်ချင်းပို့ပေးလိုက်ပါ့မယ်။ အဆင်မပြေတာရှိရင် ပြောပါနော်"

ဝန်ထမ်းတစ်ယောက်က ဂြိုဟ်ပေါင်းတစ်သိန်းပါဝင်သော အရောင်းအဝယ်တစ်ခုကို ယခုတင် ပြီးမြောက်သွားခဲ့သည်ဖြစ်ရာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤသုံးလပတ်အတွက် သူ့တားဂတ်ပြည့်သွားချေပြီ။

ဖောက်သည်ရွေးချယ်ထားသော ထိုဒေသရှိ ဂြိုဟ်များအတွက် အော်ဒါကို အတည်ပြုရန် စနစ်ကို ဖွင့်လိုက်သော်လည်း မျက်နှာပြင် ပွင့်လာသည်နှင့်တစ်ပြိုင်နက် စာရင်းက လုံးဝဗလာဖြစ်နေပေသည်။

"ဘာဖြစ်တာလဲ"

ထိုဝန်ထမ်းမှာ အကြိမ်ပေါင်းများစွာ ပြန်ဖွင့်ကြည့်သော်လည်း ဂြိုဟ်ရာဂဏန်း၏ အချက်အလက်များသာ ပေါ်လာသည်။

သူတို့ဆီတွင် ယဉ်ကျေးမှုထွန်းကားသော ဂြိုဟ်ပေါင်း၉၀၀ထရီလီယံအထိ လက်ကျန်စာရင်းရှိသည်။ ဖွင့်လိုက်တိုင်း ပြည့်ကျပ်နေရမည်မဟုတ်လော။ ထိုဂြိုဟ်များမှာ မျက်စိတစ်မှိတ်အတွင်း အငွေ့ပျံသွားလေသလား။

"နည်းပညာပိုင်းဆိုင်ရာ ပြဿနာများလား"

ထိုဝန်ထမ်းက နည်းပညာဌာနသို့ ချက်ချင်း ဆက်သွယ်လိုက်သော်လည်း နည်းပညာဌာနက စနစ်တွင် အမှားအယွင်း တစ်စုံတစ်ရာမရှိဟု အခိုင်အမာပြောလေသည်။

နောက်နေတာလား။ ဒီလို ဧရာမစနစ်ကြီးတစ်ခုကို တည်ဆောက်ဖို့ဆိုတာ နှစ်ပေါင်းထောင်ဂဏန်းလောက် အချိန်ပေးပြီး ရှိသမျှ ချို့ယွင်းချက်တွေကို အနည်းနဲ့အများ ဖြေရှင်းထားပြီးသားလေ။ ဘယ်လိုလုပ် အမှားအယွင်းရှိနေဦးမှာလဲ။

"တစ်ယောက်ယောက်ကများ တိတ်တဆိတ် အော်ဒါတင်ပြီး ဂြိုဟ်တွေအားလုံးကို ဝယ်သွားတာများလား"

သူ့ခေါင်းထဲသို့ ယုတ္တိမတန်သော အတွေးတစ်ခု ဝင်လာသည်။

ဤသို့သောအခြေအနေမျိုးက တစ်ခါတရံ ဖြစ်လေ့ရှိသော်ငြား ဂြိုဟ်အရေအတွက်ကမူ ဤမျှမများပြားလှပေ။ ဤသည်မှာ သက်ရှိဂြိုဟ်ပေါင်း ၉၀၀ထရီလီယံပင်။ ဂြိုဟ်တစ်လုံးကို စကြဝဠာဒင်္ဂါးတစ်သောင်းမျှဖြင့် ဈေးဖြတ်လျှင်ပင် စုစုပေါင်းပမာဏက ကြယ်ပွင့်ကိုးသောင်းအထိ ရှိနေပေမည်။

ဘယ်သူကများ ဂြိုဟ်ဝယ်ဖို့ ဤမျှပိုက်ဆံအများကြီး ထုတ်သုံးမည်နည်း။ များပြားလှသော ဂြိုဟ်များကို ဝယ်နိုင်စွမ်းရှိသူများမှာ များသောအားဖြင့် အဆင့်ခုနစ်နှင့်အထက် သက်ရှိများဖြစ်ပြီး သူတို့သည် ဂြိုဟ်များကို စိတ်ဝင်စားမှုမရှိတော့သည်မှာ ကြာလှလေပြီ။ ထိုပိုက်ဆံဖြင့်ဆိုလျှင် သူတို့၏သိုင်းလမ်းစဉ်အတွက် အကျိုးရှိမည့် သိုင်းလက်နက်များ၊ အံ့ဖွယ်ဆေးလုံးများ သို့မဟုတ် တခြားတစ်ခုခုကိုရအောင် လုပ်ခြင်းက ပိုမကောင်းပေဘူးလား။

"ဝိုး"

ထိုအချိန်တွင် အဆောက်အအုံတစ်ခုလုံး တအံ့တဩအာမေဍိတ်သံများ ထွက်ပေါ်လာသည်။

ထိုဝန်ထမ်းမှာ နေရာကထရပ်ပြီး အဆောက်အအုံ၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်သည်။ မူလက ၉၀၀ဘီလီယံကျော်ရှိသော အရေအတွက်ကား ရုတ်တရက် အဆပေါင်းတစ်သောင်းခန့် တက်သွားလေသည်။

"ခုနက တစ်ယောက်ယောက်များ လက်ကျန်ဂြိုဟ်တွေအကုန်လုံးကို ဝယ်သွားတာလား"

ထိုဝန်ထမ်း၏ အမူအရာမှာ တောင့်တင်းသွားသည်။ အစက သူ ဖွင့်လိုက်တိုင်း လက်ကျန်စာရင်းက ဘာကြောင့် ဗလာဖြစ်နေရသလဲဆိုသည်ကို ယခုမှသာ နားလည်တော့သည်။ တစ်ယောက်ယောက်က ရှိသမျှဂြိုဟ်အားလုံးကို ဝယ်သွားပေသည်။

နောက်ထပ်ပေါ်လာသော မျိုးနွယ်စုများမှာ စနစ်အမှားအယွင်းကြောင့်မဟုတ်ဘဲ စနစ်က အတည်ပြုပြီးနောက် လက်ကျန်စာရင်းထဲကို အသစ်ထပ်ထည့်လိုက်သည့် မျိုးနွယ်စုများပင်။

"ဟာသပဲ။ ဒီလူ ရူးနေတာလား"

"သူတို့ တကယ်ပိုက်ဆံရှင်းပါ့မလား"

"မဖြစ်နိုင်ဘူး။ အကြံအစည်မကောင်းတဲ့ အော်ဒါတွေကို တားဆီးဖို့ စည်းမျဉ်းချမှတ်ထားတယ်။ အော်ဒါတင်ဖို့အတွက် အနည်းဆုံး အော်ဒါပမာဏရဲ့၃၀ရာခိုင်နှုန်းက စကြဝဠာဘဏ်မှာ ငွေသားပိုင်ဆိုင်မှုအဖြစ် ရှိနေရမယ်။ ဒီလူ့ရဲ့ ဘဏ်အကောင့်ထဲမှာ အနည်းဆုံး စကြဝဠာဒင်္ဂါးပြား ကြယ်နှစ်သိန်းဖိုး ငွေသားအဖြစ်ရှိနေရမယ်"

"ဒီလူက အနည်းဆုံး ကြယ်သုံးပွင့်အဆင့်ရှိတဲ့ အသုံးပြုသူတစ်ယောက်ပဲ ဖြစ်ရမယ်။ သူ တကယ် ပိုက်ဆံရှင်းပါ့မလား"

သက်ပြင်းချသံများနှင့် အံ့ဩတကြီးရှိုက်သံများမှာ လေထုထဲတွင် ပြည့်နှက်သွားသည်။ လူတိုင်းက ထိုလူ ပိုက်ဆံရှင်းလေမလားဟု ခန့်မှန်းနေကြစဉ် ခန်းမအလယ်ရှိ နောက်ထပ်ဂဏန်းတစ်ခု ပြောင်းလဲသွားလေသည်။

ယနေ့ မျိုးနွယ်စုအရောင်းအဝယ်စုစုပေါင်း - ကြယ်၆၅၂၇၁၁ပွင့်

"ဒါက..."

"ဒီလူ တကယ်ပိုက်ဆံရှင်းသွားပြီ။ ဂြိုဟ်ပေါင်း ၉၀၀ထရီလီယံကို သူ တကယ်ဝယ်သွားတာပဲ"

"သူက ဘယ်သူများလဲ"

...

စကြဝဠာဘဏ်၏ ကြယ်သုံးပွင့်အသုံးပြုသူတစ်ဦးအတွက်ပင် ဤမျှကြီးမားလှသော ငွေသွင်းငွေထုတ်ပမာဏမျိုး ရှိခဲလှသည်။ သို့သော် ကျန်းမုန့်လောင်၏ အကောင့်အတွက်မူ သိသာထင်ရှားသော အပြောင်းအလဲတစ်ခုကိုပင် မဖြစ်စေခဲ့ပေ။

မတတ်နိုင်ဘူးလေ။ သူက အရမ်းချမ်းသာလွန်းနေတာကိုး။

စကြဝဠာကုန်သွယ်ရေးဈေးကွက်၏ အလုပ်လုပ်ပုံမှာ မြန်ဆန်လှသည်။ ကျန်းမုန့်လောင် ငွေရှင်းပြီးသည်နှင့် ထိုဂြိုဟ်များကို ကြိုတင်သတ်မှတ်ထားသော သူ့ပိုင်ဆိုင်ခွင့်ထဲသို့ ချက်ချင်းထည့်သွင်းပေးလိုက်သည်။

ကြိုတင်သတ်မှတ်ထားသော ပိုင်ဆိုင်ခွင့်ဆိုတာ ဘာလဲ။

လူတော်တော်များများမှာ ဂြိုဟ်များကို လက်ဆောင်ပေးရန် သို့မဟုတ် အခြားရည်ရွယ်ချက်များဖြင့် ဝယ်ယူလေ့ရှိပြီး သူတို့နာမည်အောက်တွင် ချက်ချင်းမထားချင်သောကြောင့်ပင်။

ဝယ်ယူပြီးသောအခါတွင်လည်း မည်သူ့ကိုမှ ချက်ချင်းလွှဲပြောင်းမပေးရသေးဘဲ ယာယီပိုင်ဆိုင်မှုအခြေအနေဖြင့်သာ ရှိနေပေသည်။ မဟုတ်ပါက ပိုင်ဆိုင်မှုလွှဲပြောင်းသည့်အခါ နိုထရီလုပ်ရသည်မှာ ရှုပ်ထွေးသွားနိုင်သည်။

ဤကာလအတွင်း ဈေးကွက်၏ ရောင်းလိုအားနှင့် ဝယ်လိုအားအခြေအနေကို ကျန်းမုန့်လောင် အကြမ်းဖျင်း နားလည်ထားပြီးဖြစ်၏။ ဤနေရာတွင် စကြဝဠာဒင်္ဂါးပြားတစ်သောင်းတန်ဖိုးရှိသော ဂြိုဟ်တစ်လုံးကို အနည်းဆုံး အမှောင်ဒင်္ဂါးပြား၀.၆ပြားခန့်အထိ ဈေးနှိမ်၍ ရောင်းချနိုင်သည်။

သို့သော် ကျန်းမုန့်လောင်ကတော့ ဂရုမစိုက်ပေ။ သူ့ဆိုင်ရှေ့ရှိ ကြော်ငြာသင်ပုန်းပေါ်မှ ဈေးနှုန်းများကို ပြင်ဆင်လေတော့သည်။

ယဉ်ကျေးမှုထွန်းကားသော ဂြိုဟ်များကို လက်ကားရောင်းချမည်။ (အမှောင်ဒင်္ဂါးပြားဖြင့်သာ အရောင်းအဝယ်လုပ်မည်)

အဆင့်တစ်အခြေခံမျိုးနွယ်စုဂြိုဟ် : ဂြိုဟ်၁၀လုံးလျှင် အမှောင်ဒင်္ဂါးပြား၅ပြား။

အဆင့်တစ်အလယ်အလတ်မျိုးနွယ်စုဂြိုဟ် : တစ်လုံးလျှင် အမှောင်ဒင်္ဂါးပြား၁ပြား။

အဆင့်တစ်အလယ်အလတ်မျိုးနွယ်စုဂြိုဟ် : တစ်လုံးလျှင် အမှောင်ဒင်္ဂါးပြား၃ပြား။

အဆင့်တစ်အဆင့်မြင့်မျိုးနွယ်စုဂြိုဟ် : တစ်လုံးလျှင် အမှောင်ဒင်္ဂါးပြား၅ပြား။

အခုတစ်သောင်းဝယ်လျှင် ၃ရာခိုင်နှုန်း၊ တစ်သိန်းဝယ်လျှင် ၅ရာခိုင်နှုန်း၊ တစ်သန်းဝယ်လျှင် ၁၀ရာခိုင်နှုန်း လျှော့ပေးမည်။ အရေအတွက်များလေ လျှော့ဈေးပိုများလေ။

ကျွန်တော့်ဆီမှာ ပစ္စည်းပြတ်သွားမှာကို မပူပါနဲ့။ ခင်ဗျားတို့ဆီမှာ ပိုက်ဆံရှိမရှိကိုသာ ပူပါ။

ကျန်းမုန့်လောင်၏ ဈေးနှုန်းများမှာ အခြားဆိုင်များထက် ၁၀ရာခိုင်နှုန်းနီးပါး သက်သာနေသည်။

ဤကြေညာချက်ကြောင့် ဤအသိုင်းအဝိုင်းလေးအတွင်း ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

"ဒီလောက်တောင် ဈေးပေါတာလား။ ပိုက်ဆံတွေအများကြီးအကုန်ခံပြီး ဒီဆိုင်အစုတ်ကိုဝယ်ပြီးတော့ ဂြိုဟ်တွေကို အရှုံးခံရောင်းနေတဲ့ ဒီငတုံးက ဘယ်သူလဲ"

"သေစမ်း... ပြန်ရောင်းရင်တောင် အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းလောက် အမြတ်ရနိုင်တယ်ဟ"

"ဒီလိုအခွင့်အရေးမျိုးကို အရမယူရင်တော့ မင်းက ငတုံးပဲ"

"ညီလေး.. မင်းရဲ့ဈေးနှုန်းတွေက တကယ်လား"

"တကယ်ပေါ့ဗျာ"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"ခင်ဗျားတို့က ပိုက်ဆံပေး။ ကျွန်တော်က ပစ္စည်းချပေးမယ်။ ဒါပေမဲ့ အကြောင်းပြချက်မရှိဘဲ ခုနစ်ရက်အတွင်း ပြန်အမ်းတာမျိုးတော့ လက်မခံဘူးနော်"

"မင်းက တကယ်လန်းတာပဲ။ အဆင့်တစ် အဆင့်မြင့်ယဉ်ကျေးမှုဂြိုဟ်တစ်သောင်းလောက် ဝယ်ချင်တယ်။ စကြဝဠာအင်ပါယာတစ်ခုတည်းကဆိုရင် ပိုကောင်းမယ်"

"ရတာပေါ့"

ကျန်းမုန့်လောင်သည် ဖောက်သည်အလိုရှိသော ဂြိုဟ်အလုံးတစ်သောင်းကို အမြန်စစ်ထုတ်လိုက်ပြီး အရောင်းအဝယ်စာချုပ်တစ်ခုကို ဖန်တီးလိုက်သည်။

ငွေပေးချေခြင်း၊ လက်မှတ်ရေးထိုးခြင်းစသည့် လုပ်ငန်းစဉ်တစ်ခုလုံး ချောမွေ့မြန်ဆန်စွာ ပြီးဆုံးသွားသည်။

"အရမ်းမိုက်တယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့သူငယ်ချင်းများကို ချက်ချင်းဆက်သွယ်လေတော့သည်။

"ကုန်သွယ်ရေးဈေးကွက်ကို မြန်မြန်လာခဲ့။ ဒီမှာ ငတုံးတစ်ယောက် ရှိတယ်။ သူရောင်းတဲ့ဂြိုဟ်တွေက စကြဝဠာကုန်သွယ်ရေးဈေးကွက်က ဈေးရဲ့ တစ်ဝက်ပဲရှိတယ်။ အမှောင်ဒင်္ဂါးပြားတွေ များများယူခဲ့ကြ"

...

"ဒီကောင်လေးက စီးပွားရေးလာလုတာလား"

ဖောက်သည်အများစုမှာ ဂြိုဟ်များဝယ်ယူရင်း အခြားပစ္စည်းများကိုပါ ကြည့်ရှုဝယ်ယူလေ့ရှိသဖြင့် အနီးအနားရှိ ဆိုင်ရှင်များမှာ အံတကြိတ်ကြိတ်ဖြင့် ကြည့်နေကြသည်။

လူဝင်လူထွက်များလာသည်နှင့်အမျှ အရောင်းအဝယ်လည်း ပိုသွက်လာသည်။ သူ့ဆိုင်ပေါ်ရှိ ပစ္စည်းများမှာ မျက်စိရှေ့မှာပင် အမြန်လျော့သွားလေတော့သည်။

"သူက ဂြိုဟ်ဈေးနှုန်းတွေကို ငါးစာအဖြစ် အသုံးချနေတာ"

"အရှုံးခံရောင်းတာ ဘာများဆန်းလို့လဲ။ ဘယ်သူကရော မလုပ်နိုင်လို့လဲ"

တစ်ခါတလေ စိတ်လိုက်မာန်ပါလုပ်မိရန် အခိုက်အတန့်လေးတစ်ခုသာ လိုအပ်သည်။

အခြားဆိုင်ရှင်များကလည်း ဈေးနှုန်းများ လျှော့ချလာကြပြီး ကျန်းမုန့်လောင်ထက်ပင် ဈေးလျှော့ရောင်းလာကြသည်။

"သေစမ်း"

ကျန်းမုန့်လောင်မှာမူ လျှော့ဈေးဖြင့် ဆွဲဆောင်ခံရသဖြင့် ပါသွားသော ဖောက်သည်များကိုကြည့်ရင်း သူ့ဈေးနှုန်းများကို ထပ်မံလျှော့ချလိုက်သည်။

"မင်းတို့က ဈေးကွက်စစ်ပွဲ ဆင်နွှဲချင်တာလား။ မင်းတို့က ငါ့ထက် ပိုချမ်းသာလို့လား။ ငါ့ပိုင်ဆိုင်မှုတွေနဲ့ မင်းတို့တွေအားလုံးကို ချေမှုန်းပစ်မယ်"

All Chapters