← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅) - လခြမ်းတောင်ကြားတွင် ပိတ်မိနေခြင်း

“အချက်အလက်တွေက ကိုက်ညီရဲ့လား”

လော့ချန် မေးလိုက်သည်။

“ကွဲလွဲချက်တချို့တော့ ရှိပေမဲ့ ယေဘုယျအားဖြင့်တော့ မှန်ပါတယ်”

ကျိုးယွမ်လီသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အခြားသူလျှိုတစ်ဦးထံမှ စစ်ဆေးမေးမြန်းရရှိလာသော သတင်းများကို လော့ချန်အား အစီရင်ခံနေခြင်းဖြစ်သည်။

သူ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။

“တာကျန်းဂိုဏ်းရဲ့ လက်ချက်ပါ၊ လခြမ်းတောင်ကြားကို ဝိုင်းထားတဲ့သူ အများစုက တာကျန်းဂိုဏ်းက လူတွေပဲ၊ ပြီးတော့ ဒီတိုက်ခိုက်မှုကို ဦးဆောင်နေတဲ့သူက ခန်းမခေါင်းဆောင်နဲ့ ရင်းနှီးပြီးသားလူ ဖြစ်နေတယ်”

လော့ချန် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

“ဟမ်…. ငါ သိတဲ့လူ ဟုတ်လား.... ကောင်းထင်ယွမ် လို့တော့ မပြောနဲ့ဦး”

“မှန်ပါတယ်၊ သူပါပဲ”

ကျိုးယွမ်လီက လေးလံသောလေသံဖြင့် ဆိုသည်။

“ဒါတင်မကသေးဘူး၊ ရန်သူ့ဘက်မှာ အနည်းဆုံး ချီသန့်စင်အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူ ၅ ယောက်ပါတယ်၊ အလယ်အလတ်နဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကတော့ အနည်းဆုံး တစ်ရာကျော်လောက် ရှိတယ်”

ထိုအရေအတွက်ကို ကြားလိုက်ရသောအခါ လော့ချန်သည် စိတ်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အေးစိမ့်သော လေတစ်ချက်ကို ရှူသွင်းလိုက်မိသည်။

‘တာကျန်းဂိုဏ်းက ဘာလုပ်ချင်နေတာလဲ….’

‘ဒီလောက်အင်အားဆိုတာ သူတို့ဂိုဏ်းရဲ့ စုစုပေါင်းအင်အား သုံးပုံတစ်ပုံလောက် ရှိတာပဲ၊ ဒါကို လခြမ်းတောင်ကြားက ခန်းမနှစ်ခုတည်းကို ရင်ဆိုင်ဖို့ အသုံးပြုတာလား’

‘ဆေးဖော်ဆောင်နဲ့ ဆေးဝါးဆောင်ဆိုတာ တိုက်ခိုက်ရေးထက် ထုတ်လုပ်ရေးကိုပဲ အဓိကထားတဲ့ နေရာတွေလေ’

‘ကောင်းထင်ယွမ်က သူ့ညီအတွက် ကလဲ့စားချေချင်ဇောနဲ့ သောင်းကျန်းနေတာလား၊ ဒါမှမဟုတ် တာကျန်းဂိုဏ်းက တစ်ခုခုကို အကွက်ကျကျ ကြံစည်နေတာလား’

လော့ချန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် တိုက်ရိုက်ပင် မေးလိုက်သည်။

“အကြီးအကဲ စီကုန်းနဲ့ ဆက်သွယ်လို့ ရပြီလား၊ ငါ့ဆီမှာ အသံလွှင့်အဆောင် ရှိပေမဲ့ အဲ့ဒါက နှေးတယ်၊ သူ့ဆီရောက်ဖို့ အချိန်ယူရဦးမယ်၊ ဒါပေမဲ့ သူ အသက်ရှင်နေသေးတယ်ဆိုတာတော့ ငါ အတည်ပြုနိုင်တယ်”

အကယ်၍ စီကုန်းရှို့ကျားသာ ပြန်ရောက်လာလျှင် လခြမ်းတောင်ကြား၏ တိုက်ခိုက်ရေးအင်အားမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။

စီကုန်းကဲ့သို့သော ကျင့်ကြံသူများသည် နောက်ထပ် အဆင့်တက်ရန် မျှော်လင့်ချက် မရှိတော့သော်လည်း တိုက်ခိုက်ရေး အတတ်ပညာများတွင်မူ ပြိုင်ဘက်ကင်းအောင် ကျွမ်းကျင်ကြသူများ ဖြစ်သည်။ ချီသန့်စင်အဆင့် ၉ သို့ မကြာသေးမီကမှ တက်လှမ်းထားသည့် ကူချိုင်ယီထက် အတွေ့အကြုံများစွာ ရှိပြီး ပိုမိုရင့်ကျက်သူ ဖြစ်သည်။

“လောလောဆယ်တော့ ကာကွယ်ရေးကိုပဲ အာရုံစိုက်ထားကြရအောင်”

လော့ချန် အမိန့်ပေးလိုက်သည်။

ကျိုးယွမ်လီက ခေါင်းညိတ်လိုက်ပြီးမှ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးသည်။

“အဲ့ဒီ သူလျှိုနှစ်ယောက်ကို ဘာလုပ်ရမလဲဗျ”

“သတ်ပစ်လိုက်"

လော့ချန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ကျိုးယွမ်လီ၏ မျက်နှာမှာ တင်းခနဲ ဖြစ်သွားပြီးမှ နောက်သို့ ဆုတ်ခွာသွားတော့သည်။

ခဏအကြာတွင် သေလုမျောပါး နှိပ်စက်ခံထားရသော သူလျှိုနှစ်ဦးကို ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်လိုက်သည့် တုန်းဖန်းလျန်ကို ကြည့်ရင်း ကျိုးယွမ်လီ၏ ရင်ထဲတွင် မသက်မသာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ယနေ့ လော့ချန်၏ လုပ်ရပ်များမှာ လုံးဝ ထင်မှတ်မထားစရာပင်။ ပုံမှန်အားဖြင့် လော့ချန်သည် ဆေးဖော်စပ်ခြင်းတွင် ထူးချွန်ပြီး အားလုံးအပေါ် ဖော်ဖော်ရွေရွေ နေတတ်သူဖြစ်သည်။

အန္တရာယ်မရှိသူ ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

သို့သော် ယနေ့မူ လူအစုအဝေး၏ စိုးရိမ်စိတ်ကို လျှော့ချရန်အတွက် တောင်ကြားထဲသို့ ပေးဝင်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်စေ၊ သူလျှိုများကို ခွဲခြားနိုင်သည့် အစွမ်းဖြစ်စေ၊ ပြတ်သားလှသော သတ်ဖြတ်မှုများဖြစ်စေ လော့ချန်သည် သူတို့မသိခဲ့သော အခြားတစ်ဖက်ခြမ်း၊ ပြတ်သားပြီး အကွက်ကျကျ လုပ်ဆောင်တတ်သည့် အသွင်ကို ပြသခဲ့ပြီဖြစ်သည်။

အထူးသဖြင့် သူလျှိုနှစ်ဦးကို ကိုင်တွယ်ပုံမှာ မည်သူမျှ မထင်မှတ်ထားသော ရက်စက်သည့် ထိရောက်မှုမျိုး ဖြစ်သည်။

ဤသည်မှာ သူတို့ သိထားသည့် လော့ချန် မဟုတ်တော့ပေ။

‘ဂိုဏ်းချုပ်မီ သေသေချာချာ စောင့်ကြည့်ခိုင်းတာ မဆန်းပါဘူး…. ခေါင်းဆောင်လော့ရဲ့ အေးဆေးတဲ့ ပုံစံအောက်မှာ ဒါမျိုးတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး’

ကျိုးယွမ်လီသည် တွေးရင်းဖြင့် စိုးရိမ်စိတ်များ တိုးလာသည်။ စောနက သူသည် လော့ချန်၏ အမိန့်ကို မနာခံဘဲ ကာကွယ်ရေး အစီအရင်ကို အရင်ဖွင့်ခဲ့မိသည်။ ထိုစဉ်က လော့ချန် ကြည့်လိုက်သော အကြည့်ကို ပြန်စဉ်းစားမိသည့်အခါ ကျိုးယွမ်လီ၏ ကျောရိုးထဲအထိ အေးစိမ့်သွားတော့သည်။

ထိုသို့ စဉ်းစားနေစဉ်မှာပင် လက်အောက်ငယ်သားတစ်ဦး အပြေးအလွှား ရောက်လာသည်။

“အကြီးအကဲ စီကုန်း ပြန်ရောက်လာပါပြီ”

“ဘယ်မှာလဲ”

ကျိုးယွမ်လီ အလောတကြီး မေးလိုက်သည်။

“သူ လခြမ်းတောင်ကြားထဲကို ရောက်နေပါပြီ”

“တောက်…. ဘယ်သူက သူ့ကို ခွင့်ပြုချက်မရှိဘဲ ပေးဝင်လိုက်တာလဲ”

ကျိုးယွမ်လီ၏ မျက်နှာ ပျက်သွားပြီး အပြင်သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

….

ဆေးဖော်ဆောင်အတွင်း စီကုန်းရှို့ကျားသည် လော့ချန်နှင့် မုရုံချင်းလျန်တို့၏ ရှေ့တွင် ထိုင်နေသည်။

ယခုအချိန်တွင် စီကုန်းရှို့ကျားမှာ အလွန်ပင် စုတ်ပြတ်သတ်နေပြီး တစ်ကိုယ်လုံးတွင်လည်း နှင်းခဲများ ဖုံးလွှမ်းနေသည်။ သူ၏ မုတ်ဆိတ်မွေးများမှာပင် ရေခဲချောင်းများ တွဲလောင်းကျနေတော့သည်။

“နှင်းကြာပန်းဈေးမြို့တော်က ဓားပြကျင့်ကြံသူတွေပဲ”

စီကုန်းရှို့ကျားက အမောတကော ပြောရင်း လော့ချန်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ဒါတွေအားလုံးက မင်းကြောင့် ဖြစ်ရတာ….”

လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး တည်ငြိမ်စွာပင် မေးလိုက်သည်။

“အကြီးအကဲ စီကုန်း…. ခင်ဗျား ဘာကို ဆိုလိုတာလဲ”

စီကုန်း၏ အသံမှာ ဒေါသကြောင့် တုန်ရီနေသည်။

“ကောင်းထင်ယွမ်က သူ့ညီကို မင်းသတ်ခဲ့တယ်လို့ အမြဲ သံသယရှိနေတာ၊ အခု ငါ့နောက်ကို လိုက်လာတဲ့ နှင်းကြာပန်းဈေးက ဓားပြတွေက ရှန်းရှု ဦးဆောင်လာတာ၊ အဲ့ဒီလူက မင်းကို အရင်တစ်ခါ ချုံခိုတိုက်ဖို့ ကြိုးစားပြီးမှ ပြန်အမဲလိုက်ခံခဲ့ရတဲ့လူ မဟုတ်လား၊ အခုထိတောင် သူတို့က မင်းကြောင့် လာတာမဟုတ်ဘူးလို့ ငြင်းချင်နေသေးတာလား”

လော့ချန် ခပ်ဖွဖွ ရယ်လိုက်သည်။

“တကယ်လို့ သူတို့က ကျွန်တော့် တစ်ယောက်တည်းကိုပဲ ရည်ရွယ်တာဆိုရင် မြို့ကိုအပြန် လမ်းမှာတင် ချုံခိုတိုက်လို့ ရတာပဲ၊ ဘာလို့ ဒီလောက်အင်အားအမြောက်အမြား သုံးပြီး လခြမ်းတောင်ကြားကို ဝိုင်းတိုက်နေရတာလဲ၊ ဒါက ဖိုရှန်းဂိုဏ်း တစ်ခုလုံးကိုရော၊ ဂိုဏ်းချုပ်မီ ကိုရော ဗြောင်ကျကျ စိန်ခေါ်လိုက်တာပဲ မဟုတ်လား”

စီကုန်းရှို့ကျားမှာ ခဏတာ ဆွံ့အသွားပြီးမှ သဘောပေါက်သွားသည်။

လော့ချန်၏ သုံးသပ်ချက်မှာ မှားယွင်းခြင်း မရှိပေ။ ဤတိုက်ခိုက်မှုမှာ ဖိုရှန်းဂိုဏ်း၏ အဓိကခန်းမ (၇) ခုအား တာကျန်းဂိုဏ်း ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်ကထက်ပင် အင်အား ပိုမိုကြီးမားနေနိုင်ချေ ရှိပေသည်။ ချီသန့်စင်အဆင့် (၉) ရှိသူ (၅) ဦး တိတိ ဦးဆောင်လာသော စစ်အင်အားမှာ အဆင့်နိမ့်ဂိုဏ်းငယ်လေးများကို အချိန်တိုအတွင်း အလွယ်တကူပင် အမြစ်ပြတ် ချေမှုန်းဖျက်ဆီးပစ်နိုင်သည့် အင်အားမျိုး ဖြစ်နေသောကြောင့်ပင်။

ဤလုပ်ရပ်မှာ ဖိုရှန်းဂိုဏ်းအား စစ်ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

ပြီးခဲ့သော စစ်ပွဲတွင် ထိပ်တန်းကျင့်ကြံသူ ၉ ဦး သေဆုံးပြီးမှသာ အဆုံးအဖြတ်စင်မြင့်ပေါ်တွင် ပြေလည်မှု ရခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ယခုအထိ အချိန်မည်မျှပင် ကြာသေးသနည်း။ သူတို့ အဘယ်ကြောင့် နောက်ထပ် စစ်ပွဲတစ်ခုကို ဤမျှ မြန်မြန် စတင်ရဲကြသနည်း။

လော့ချန်သည် ထပ်မံ ငြင်းခုံခြင်းမပြုတော့ဘဲ တောင်ကမ်းပါးယံသို့ လျှောက်သွားကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

အဝါရောင် အစီအရင်၏ အပြင်ဘက်တွင် ရန်သူများ ပေါ်ထွက်လာပြီး လခြမ်းတောင်ကြားအား ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။

အကယ်၍ သူတို့သာ တောင်ကြားကို စွန့်ခွာပြီး နောက်ဘက်ရှိ လပြည့်ညတောင်တန်းထဲသို့ ထွက်မပြေးလျှင် မကြာမီမှာပင် အိုးထဲမှ လိပ်ကဲ့သို့ ပိတ်မိသွားတော့မည် ဖြစ်သည်။

သို့သော် လခြမ်းတောင်ကြားသည် ဖိုရှန်းဂိုဏ်းမှ နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့သည့် နေရာဖြစ်သည်။ ဝိညာဉ်စိုက်ခင်းများ၊ ဆေးဂိုဒေါင်များနှင့် အဖိုးတန် ဆေးပင်များမှာ အလွယ်တကူ စွန့်လွှတ်နိုင်သည့် အရာများ မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ဆေးဖော်ခန်းမ ဖြစ်သည်။

မီရှုဟွာကိုယ်တိုင် အမိန့်မပေးသရွေ့ မည်သူမျှ လခြမ်းတောင်ကြားကို စွန့်ခွာရဲမည် မဟုတ်ပေ။ လော့ချန်သည် အဝေးကပင် ကောင်းကင်ယံတွင် ပျံဝဲနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုလူ သူ့ကို မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ လော့ချန် ပြုံး၍ လက်ပြနှုတ်ဆက်လိုက်သည်။

“ဟမ် နှုတ်ဆက်နေတာလား.... ဒီလိုအချိန်ကြီးမှာလေ”

ကျိုးယွမ်လီနှင့် လျိုချန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ သိထားသော လော့ချန် အစစ်အမှန် ပြန်ရောက်လာလေပြီ။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၇၆) - မီရှုဟွာ ကျင့်ကြံရာမှ ထွက်လာခြင်း

“ခန်းမခေါင်းဆောင်…. အကြီးအကဲ စီကုန်းကလေ....”

“စိတ်မပူပါနဲ့၊ ဖိုရှန်းဂိုဏ်းမှာ ဘယ်သူပဲ သစ္စာဖောက်ဖောက် သူကတော့ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”

လော့ချန် နောက်သို့ပင် လှည့်မကြည့်ဘဲ ပြောလိုက်သည်။

ထိုအဘိုးကြီးအား အထဲပေးဝင်ရန် ဆုံးဖြတ်ခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ သူ ဤမျှ ယုံကြည်မှု ရှိနေရခြင်းမှာ အကြောင်းရှိသည်။

အဘိုးကြီး၏သား စီကုန်းယွမ်ဟုန်သည် မီမိသားစုထဲသို့ သားမက်အဖြစ် ရောက်ရှိနေသူဖြစ်ပြီး သူ၏ အနာဂတ်မှာ မီရှုဟွာအပေါ်၌သာ လုံးလုံးလျားလျား တည်မှီနေသည်။ အကယ်၍ စီကုန်းရှို့ကျားသာ ကျင့်ကြံခြင်းလမ်းစဉ်တွင် မျှော်လင့်ချက် ရှိနေသေးလျှင် မိသားစုကို စွန့်ခွာ၍ ဘက်ပြောင်းကောင်း ပြောင်းနိုင်သည်။

သို့သော် လက်တွေ့တွင်မူ သူသည် အိုမင်းနေပြီဖြစ်ပြီး ကျင့်ကြံခြင်းအဆင့် တက်ရန်လည်း မျှော်လင့်ချက် မရှိတော့ပေ။ ထို့ကြောင့် အခြားသူများ သစ္စာဖောက်လျှင် ဖောက်မည်ဖြစ်သော်လည်း စီကုန်းရှို့ကျားကမူ မဖြစ်နိုင်ပေ။

မုရုံချင်းလျန်၏ မျက်နှာမှာ အနည်းငယ် တင်းခနဲ ဖြစ်သွားသော်လည်း မကြာမီမှာပင် တစ်ခုခုကို သဘောပေါက်သွားသည်။

“သူတို့က အဆင့်နိမ့်ကျင့်ကြံသူတွေကို သတ်ဖို့ မကြိုးစားကြဘူး၊ ဒါပေမဲ့ ငါနဲ့ ချိုင်ယီကို တိုက်ခိုက်တုန်းကတော့ လက်မနှေးခဲ့ဘူး၊ ငါတို့မှာသာ ကာကွယ်ရေး မှော်လက်နက်တွေ မရှိရင် တစ်ယောက်က အဲ့ဒီမှာတင် သေပြီး ကျန်တဲ့တစ်ယောက်ကလည်း ဒဏ်ရာအပြင်းအထန် ရမှာ သေချာတယ်”

ကံကောင်းထောက်မစွာပင် ကာကွယ်ရေးမှော်လက်နက်များကြောင့် တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သော်လည်း ကျန်တစ်ဦးမှာ ဘာမှမဖြစ်ခဲ့ပေ။

ဤအချက်အလက်များကို စုစည်းကြည့်ပြီးနောက် လော့ချန် အတွေးထဲ နစ်ဝင်သွားသည်။

“သူတို့က အဆင့်နိမ့်ကျင့်ကြံသူတွေကိုတော့ ဝိုင်းပြီး မောင်းထုတ်ရုံပဲ လုပ်တယ်၊ ဒါပေမဲ့ အဆင့်မြင့်တဲ့သူတွေကိုတော့ အားကုန် တိုက်ခိုက်တယ်....”

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဆိုလိုတာက.... သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်က ကျွန်တော်တို့အများစုကို ဒီမှာ ပိတ်မိနေအောင် လုပ်ဖို့ပဲ”

ဤကောက်ချက်ကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

“မသတ်ဘဲနဲ့ ဝိုင်းရုံပဲ ဝိုင်းထားတယ်၊ သူတို့ ဘာလုပ်ချင်နေတာလဲ”

လျိုချန်း မနေနိုင်ဘဲ ထမေးလိုက်သည်။

“ဒါပေမဲ့ ဖိုရှန်းဂိုဏ်းက အပျော့ဆွဲ မဟုတ်ဘူးလေ၊ လခြမ်းတောင်ကြား ဝိုင်းရံခံထားရတယ်ဆိုတဲ့ သတင်းသာ ပျံ့သွားရင် တခြားခန်းမတွေက စစ်ကူတွေ လွှတ်မှာ သေချာတယ်၊ အထဲနဲ့ အပြင် ညှပ်တိုက်လိုက်ရင် သူတို့ရဲ့ ဝိုင်းရံမှုက ရယ်စရာ ဖြစ်သွားမှာပေါ့”

“တခြားခန်းမတွေတင် မကဘူး”

စီကုန်းရှို့ကျားက ပြတ်ပြတ်သားသား ပြောလိုက်သည်။

ကျိုးယွမ်လီက ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်လိုက်ပြီး ဆိုသည်။

“ကျွန်တော် ဂိုဏ်းချုပ်မီဆီ သတင်းပို့ပြီးပြီ၊ သူ ကျွန်တော်တို့ကို လာကယ်မှာ သေချာတယ်”

ချီသန့်စင်အဆင့် ကျင့်ကြံသူ အစုအဝေးကြီးမှာ ကြည့်လိုက်လျှင် ကြောက်စရာကောင်းပုံရသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိထားပြီး မှော်ရတနာများ ကိုင်ဆောင်ထားသူ တစ်ဦးရှေ့တွင်မူ သူတို့မှာ ရွှံ့ရုပ်၊ ဖယောင်းရုပ် များကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

သို့သော် ယုံကြည်ချက်ရှိနေကြသော လူအုပ်ကြီးနှင့်မတူဘဲ လော့ချန်ကမူ ထိုမျှ စိတ်မအေးနိုင်ပေ။ မီရှုဟွာ၏ လက်ရှိအခြေအနေမှာ မကောင်းလှသဖြင့် သူကိုယ်တိုင် လာမလာဆိုသည်မှာ မသေချာသေးပေ။

အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေအဆင့် ဂူသင်္ချိုင်း တိုက်ပွဲတွင် ပါဝင်ခဲ့သော ခန်းမများမှာ အထိနာထားကြသည်။ လော့ဝူတီ နှင့် ကျန်းရှီချုံး ကဲ့သို့သော ပုဂ္ဂိုလ်များမှာ တိုက်ပွဲတွင် ကျဆုံးခဲ့ကြပြီး ခန်းမခေါင်းဆောင်သစ်များ ခန့်အပ်ထားသော်လည်း အာဏာမစွဲသေးပေ။ အစွမ်းရှိသော်လည်း လက်အောက်ငယ်သားများကို အမိန့်ပေးနိုင်စွမ်းနှင့် ဩဇာတိက္ကမ မရှိသေးပေ။

ထို့ပြင် ထိုခန်းမများမှ ထိပ်တန်းကျင့်ကြံသူ အများစုမှာ အရှေ့ပိုင်းလွင်ပြင်တွင် သေဆုံးခဲ့ကြရသည်။ တာကျန်းဂိုဏ်းသည်လည်း ဤအချက်ကို သိနေမည်မှာ သေချာသည်။

လော့ချန် ခဏမျှ စောင့်ကြည့်ပြီးနောက် ဆေးဖော်ခန်းထဲသို့ ဝင်သွားတော့သည်။ စီကုန်းရှို့ကျားက သူ့အား ဇဝေဇဝါဖြင့် စိုက်ကြည့်နေသော်လည်း စကားမပြောရသေးမီမှာပင် အခန်းတံခါးမှာ ပိတ်သွားခဲ့သည်။

….

လခြမ်းတောင်ကြား အပြင်ဘက်တွင် ချီသန့်စင်အဆင့် ၉ ရှိသူ ၅ ဦး စုဝေးနေကြသည်။

“ဘာလို့ ဒီမှာပဲ ရပ်နေကြတာလဲ၊ အထဲကို ဝင်တိုက်ပြီး အကုန်သတ်ပစ်ရအောင် ”

“ရှန်းရှု... စိတ်အေးအေးထားစမ်းပါ”

ရှန်းရှု၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး သူ၏ ပုံမှန်တည်ငြိမ်မှုများ ပျောက်ကွယ်နေသည်။

“ငါ့ကို ဘယ်လိုလုပ် စိတ်အေးအေးထားခိုင်းတာလဲ၊ အဲ့ဒီကောင်လေးဆီက လမ်းခွန်တောင်းတာကို ငါ့လူ ၃ ယောက် သေသွားခဲ့တာ၊ ထားလိုက်ပါတော့၊ ဒါကို ငါ သည်းခံနိုင်ပါသေးတယ်၊ ဒါပေမဲ့ ဖိုရှန်းဂိုဏ်းက ငါ့ခေါင်းကို ဆုငွေထုတ်လိုက်တယ်လေ၊ ငါက သည်းခံနိုင်ဦးတော့ ငါ့လက်ကတော့ သည်းမခံနိုင်တော့ဘူး ”

အားလုံး၏ အကြည့်မှာ သူ၏ ဘယ်ဘက်လက်ဆီသို့ ရောက်သွားကြသည်။ ပုံမှန်လက်ဖဝါး ဖြစ်ရမည့်အစား ယခုမူ တလက်လက်တောက်ပနေသော သံလက်ကြီးတစ်ခု ဖြစ်နေသည်။

ရွှေရောင်ဝတ်ရုံ ဝတ်ထားသော ကျင့်ကြံသူတစ်ဦးက ရယ်မောလိုက်ပြီး ဆိုသည်။

“မင်းရဲ့ အဲ့ဒီ သံလက်က အဆင့်လတ် မှော်လက်နက် မဟုတ်လား၊ တကယ့်ကို ထူးထူးခြားခြားပဲ”

“ဖူကျန်း….”

“တော်ကြစမ်း မငြင်းကြနဲ့တော့၊ ငါတို့ရထားတဲ့ အမိန့်က ဝိုင်းရံထားဖို့ပဲ၊ သတ်ဖို့ မဟုတ်ဘူး၊ မင်းတို့ရဲ့ အငြင်းပွားမှုတွေကို သိမ်းထားလိုက်ကြ”

အရှေ့ဆုံးတွင် ရပ်နေသော ကောင်းထင်ယွမ်က ဟောက်လိုက်သည်။

သို့သော် ရှန်းရှုမှာ အလျှော့မပေးပေ။

“ကောင်းထင်ယွမ်…. တန်ချန်ဇီ သတင်းကို ငါ့ဆီ ပေးခဲ့တာ မင်းပဲလေ၊ သူ့ကို သေစေချင်တာ မင်းက ငါ့ထက်တောင် ပိုသေးတယ်၊ အခုမှ ဘာလို့ ဟန်ဆောင်နေတာလဲ”

ကောင်းထင်ယွမ်သည် ရှန်းရှုကဲ့သို့ ကိုယ်လုံးကိုယ်ထည် မကြီးမားသော်လည်း သူ၏ ဩဇာမှာ ပို၍ ပြင်းထန်သည်။ သူသည် ရှန်းရှုအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ဆိုသည်။

“မင်း အမှားလုပ်ခဲ့တုန်းက တာကျန်းဂိုဏ်းထဲကို ခေါ်ပေးခဲ့တာ ငါပဲလေ၊ အခု ဘာလဲ.... မင်းက ငါ့ကို ပြန်စိန်ခေါ်ချင်တာလား၊ မင်း တကယ်ပဲ သတ္တိရှိရင် အစီအရင်ထဲကို တစ်ယောက်တည်း ဝင်တိုက်ပြီး လော့ချန်ကို ဖမ်းလာခဲ့လေ၊ ကြိုက်သလို နှိပ်စက်လို့ ရတာပေါ့”

ရှန်းရှုက တစ်ခုခု ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း တစ်ချိန်လုံး တိတ်ဆိတ်နေသော လူတစ်ဦးကို လှည့်ကြည့်လိုက်ပြီးနောက်တွင်မူ ဘေးသို့ တံတွေးထွေးကာ နှုတ်ဆိတ်သွားတော့သည်။

ရွှေရောင်ဝတ်ရုံနှင့် ဖူကျန်းမှာ ပြုံးနေရာမှ မျက်နှာပျက်သွားပြီး တည်တည်တံ့တံ့ ဖြစ်သွားသည်။ ထို့နောက် ဧရာမတူကြီးကို မကာ မြေပြင်ပေါ် အားဖြင့် စိုက်ချလိုက်သည်။

“အဘိုးကြီးကောင်း.... ဒီလိုကြီး အချိန်ဆွဲနေတာ မကောင်းဘူး၊ ဖိုရှန်းဂိုဏ်းမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်၊ စစ်ကူတွေ ရောက်လာဖို့က အချိန်ပဲ လိုတာ၊ ငါတို့ ဘယ်တော့ တိုက်မှာလဲ၊ အချိန်အတိအကျ ပြောမှ ငါတို့ ညီအစ်ကိုတွေ ပြင်ဆင်လို့ ရမှာ”

ကောင်းထင်ယွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ အတွင်းမှ သွေးဆာနေမှုကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ တာကျန်းဂိုဏ်းမှ ကျင့်ကြံသူများမှာ မနားမနေ ကင်းလှည့်နေကြပြီး လခြမ်းတောင်ကြားမှ လူတစ်ဦးပင် ထွက်ပြေး၍ မရအောင် ပိတ်ဆို့ထားကြသည်။

“အဘိုးကြီးကောင်း…. အဖြေကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ”

“စိတ်အေးအေးထားပါ၊ ဖိုရှန်းဂိုဏ်းကလူတွေ လာမှာ မဟုတ်ဘူး”

ကောင်းထင်ယွမ်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ညီဖြစ်သူ လန်ထျန်းယွမ်အား အမိန့်အချို့ ပေးလိုက်သည်။ ထို့နောက် တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျင့်ကြံသူဆီသို့ လှည့်သွားလိုက်သည်။

အသံလုံအဆောင်တစ်ခု ပွင့်လာပြီးနောက် သူတို့နှစ်ဦးမှာ အခြားသူများ မကြားနိုင်အောင် တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြတော့သည်။ သူတို့ ဘာတွေ ပြောနေကြသည်ကို ကျန်ရှိသော ၃ ဦးမှာ လုံးဝ မသိနိုင်ကြပေ။

…

မီမိသားစု၏ တားမြစ်နယ်မြေအတွင်း….။

ချောက်ခနဲ ထွက်ပေါ်လာသော အသံနှင့်အတူ ထောင့်ရှိ အဆင့်လတ် ဝိညာဉ်ကျောက်တုံးများမှာ အဖြူရောင် အမှုန့်များအဖြစ် ကြေမွသွားတော့သည်။

မီရှုဟွာသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အသက် ပြင်းပြင်းရှူထုတ်လိုက်သည်။ မိမိ၏ အတွင်းပိုင်း အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အဆင့်လတ် ဝိညာဉ်ကျောက်တုံးများ အဆက်မပြတ် ရှိနေသရွေ့ သူသည် ဤ ဒုတိယအဆင့်တု ဝိညာဉ်ကြော ပတ်ဝန်းကျင်ကို အသုံးပြု၍ အရှေ့ပိုင်းလွင်ပြင်တွင် ရရှိခဲ့သော ဒဏ်ရာများကို လျင်မြန်စွာ ကုသနိုင်သည်။

ထိုမျှသာမက ဒဏ်ရာများ ပျောက်ကင်းသွားလျှင် သူ၏ ကျင့်ကြံခြင်းမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါ အခြေခံတည်ဆောက်ခြင်း အဆင့်မြင့်သို့ တက်လှမ်းရန်မှာ လက်တစ်ကမ်း အလိုသို့ ရောက်ရှိလာမည် ဖြစ်သည်။

အရှေ့ပိုင်းလွင်ပြင်မှ အကြောင်းကို ပြန်စဉ်းစားမိသည့်အခါ မီရှုဟွာ၏ မျက်နှာမှာ ပျက်သွားသည်။

“တာဝန်ခံမြောင် ငါ့ကို လိမ်ခဲ့တာပဲ၊ အဲ့ဒီနေရာမှာ ရွှေအမြုတေ ရနိုင်တဲ့ အခွင့်အရေးဆိုတာ လုံးဝမရှိဘူး၊ ဟုတ်ပါတယ်.... ငါက နတ်တစ္ဆေတောင်ကြားဂိုဏ်းရဲ့ အကြီးအကဲချုပ်ဆီက သိုလှောင်လက်စွပ်ကို ကံကောင်းလို့ ရခဲ့တာမှန်ပေမဲ့ အထဲမှာ ရွှေအမြုတေအဆင့် တက်ဖို့ ကူညီပေးနိုင်တာ ဘာမှမပါဘူး၊ ဒီလို အဓိပ္ပာယ်မရှိတဲ့ အရာတွေကြောင့် ဖိုရှန်းဂိုဏ်းရဲ့ လူအင်အားနဲ့ ပစ္စည်းအင်အားတွေ အများကြီး ကုန်ဆုံးခဲ့ရသလို ငါကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့ရတယ် ”

ဂူသင်္ချိုင်းတိုက်ပွဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် လုံးဝ အကျိုးမရှိသည်တော့ မဟုတ်ပေ။ သို့သော် အားလုံး မျှော်လင့်ထားခဲ့သည့် ရွှေအမြုတေ အခွင့်အရေး နှင့် ယှဉ်လျှင်မူ ထိုအကျိုးအမြတ်များမှာ အလွန်ပင် သေးငယ်လှသည်။

ဤအခြေအနေမှာ ကျောက်စိမ်းအိုး ဓားနန်းဆောင်မှ တာဝန်ခံမြောင် အရိပ်အမြွက် ပြောခဲ့သည်များနှင့် လုံးဝ ကွဲလွဲနေသည်။

မီရှုဟွာမှာ မည်သည့်နေရာမှစ၍ အမှားအယွင်း ဖြစ်သွားသည်ကို မသိသော်လည်း သူ၏ ယခုလက်ရှိ ဦးစားပေးမှာ ဒဏ်ရာ ပျောက်ကင်းအောင် ကုသရန်သာ ဖြစ်သည်။ သူသာ ကျန်းမာရေး ပြန်ကောင်းလာလျှင် အကြီးအကဲချုပ်၏ သိုလှောင်အိတ်ထဲမှ ရတနာအချို့ကို သုံးကာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကြား လွယ်လွယ်ကူကူ ကြီးစိုးနိုင်မည် ဖြစ်သည်။ ဂိုဏ်းကြီးများမှ တပည့်များနှင့် ရင်ဆိုင်ရလျှင်ပင် သူ ကြောက်စရာ မလိုတော့ပေ။

“ကံကောင်းတာက လော့ချန်ရဲ့ အကြံအစည်တွေကို ငါ ရိပ်မိသွားလို့ပေါ့၊ နွားပျောက်မှ ခြံကာတာ ဆိုပေမဲ့ မနှောင်းသေးပါဘူး၊ အခုတော့ ကောင်လေး ငါ့အတွက် ဆေးလုံးတွေကို အစွမ်းကုန် ဖော်စပ်ပေးဖို့ သစ္စာဆိုထားပြီးပြီဆိုတော့ တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းလောက် ငါ ရနိုင်မှာ"

‘အမြတ် ခွဲယူရမယ့် လော့ဝူတီ နဲ့ ယန်ဝေလည်း သေသွားကြပြီ၊ ခယ်ယွဲ့လင်း နဲ့ စီကုန်းရှို့ကျား တို့ကလည်း ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ရှိနေတယ်၊ ဆိုလိုတာက ငါ ပိုပြီး များများ ရမှာပေါ့၊ လော့ချန်ဆီက ရတဲ့ ဝင်ငွေနဲ့ဆိုရင် ၃ လအတွင်း ငါ့ဒဏ်ရာတွေ ပျောက်မှာ သေချာတယ်၊ အဲ့ဒီနောက်မှာတော့ အဖိုးတန် ဆေးလုံးတွေကို သုံးပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အဆင့်မြင့်ကို တက်ဖို့ ကြိုးစားရမယ်’

လော့ချန် မိမိအား ပေးစွမ်းနိုင်မည့် အကျိုးကျေးဇူးများကို တွေးတောရင်း မီရှုဟွာ၏ စိတ်မကြည်မလင် ဖြစ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူ မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး ကုသမှု ဆက်လုပ်ရန်အတွက် ကုန်သွားသော ဝိညာဉ်ကျောက်တုံးများကို အစားထိုးရန် ပြင်ဆင်လိုက်သည်။

ထိုစဉ် သူ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။ အသံလွှင့် ကျောက်စိမ်းတံဆိပ်မှာ တောက်ပစွာ လင်းလက်လာသည်။

“လခြမ်းတောင်ကြား တိုက်ခိုက်ခံနေရပြီ….”

နောက်တစ်မိနစ်မှာပင် မီရှုဟွာ အခန်းထဲမှ ခုန်ထွက်လာခဲ့သည်။ သူ၏ စိတ်အာရုံကို တစ်နယ်လုံးသို့ ဖြန့်ကျက်လိုက်ပြီး မီမိသားစုဝင်များကို ချက်ချင်း ခေါ်ယူလိုက်သည်။ မကြာမီမှာပင် မီကျွင်းဖျင် နှင့် မီစီဖန် ဦးဆောင်သော ကျင့်ကြံသူများ ရောက်ရှိလာကြသည်။

“အဖေ…. ဘာဖြစ်လို့လဲ”

“အဘိုး.... ကျင့်ကြံတာကနေ ထွက်လာပြီလား”

မီရှုဟွာ၏ အကြည့်မှာ လူအုပ်ကြီးမှတစ်ဆင့် အမျိုးသမီးတစ်ဦး၏ ဘေးတွင် ရပ်နေသော လူတစ်ဦးဆီ၌ ခဏတာ ရပ်တန့်သွားကာ နောက်ဆုံးတွင် မီကျွင်းဖျင်ထံ ရောက်ရှိသွားသည်။

“လခြမ်းတောင်ကြားမှာ တစ်ခုခု ဖြစ်နေပြီ” ဟု သူ တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် အခန်းထဲရှိ အခြေအနေမှာ ချက်ချင်းပင် တင်းမာသွားတော့သည်။

မီကျွင်းဖျင်၏ မျက်နှာမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားသော်လည်း သူမ ဘေးရှိ မီစီဖန်မှာမူ ဝမ်းသာသည့် အရိပ်အယောင်ကို ဖုံးကွယ်မရဘဲ ဖြစ်နေသည်။

မီကျွင်းဖျင်၏ ဘေးမှ သက်လတ်ပိုင်းအရွယ် လူတစ်ဦးမှာမူ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့သွားသည်။ သူ၏ ဖခင်မှာ လခြမ်းတောင်ကြား ဆေးဖော်ဆောင်မှ အကြီးအကဲ တစ်ဦး မဟုတ်ပါလော။

“ချီသန့်စင်အဆင့် ၉ ၅ ယောက်နဲ့ လူ ၁၀၀ ကျော်က အခု လခြမ်းတောင်ကြားကို ဝိုင်းထားတယ်”

မီရှုဟွာက အေးအေးဆေးဆေးပင် ဆက်ပြောသည်။ သူ၏ တည်ငြိမ်မှုကြောင့် အားလုံး၏ စိုးရိမ်စိတ်မှာ အနည်းငယ် လျော့ပါးသွားကြသည်။

မီကျွင်းဖျင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

“ဆေးဖော်ဆောင်နဲ့ ဆေးဝါးဆောင်ဆိုတာ ဖိုရှန်းဂိုဏ်းရဲ့ အရေးအကြီးဆုံး နေရာတွေပဲ၊ အထူးသဖြင့် လော့ချန်ရဲ့ ဆေးဖော်ဆောင်ပေါ့၊ ဒီလ ကျောက်စိမ်းအမြုတေ ဆေးလုံးတွေက ရတဲ့ အမြတ်က အများကြီးပဲ၊ သမီးတို့ စစ်ကူ လွှတ်ရမယ် ”

“စစ်ကူ လွှတ်မှာပေါ့၊ ဒါပေမဲ့ နည်းဗျူဟာ ရှိဖို့ လိုတယ်”

မီရှုဟွာက မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။

“ဝမ်ယွမ်၊ ကျန်းဝမ် နဲ့ တိုက်ခိုက်ရေးခန်းမရဲ့ ခေါင်းဆောင်သစ် ချူဝူ တို့ကို သူတို့လူတွေနဲ့အတူ လခြမ်းတောင်ကြားကို လွှတ်လိုက်”

မီကျွင်းဖျင်က ခေါင်းညိတ်ပြကာ အမိန့်ပေးရန်အတွက် ထွက်သွားခဲ့သည်။ သူမ ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်က စကားပြောလာသည်။

“ယောက္ခမကြီး…. ကိုယ်တိုင် သွားရင် ပိုမမြန်ဘူးလား”

မီရှုဟွာက အနည်းငယ် ပြုံးလိုက်ပြီး ဆိုသည်။

“ယွမ်ဟုန်…. မင်း အဖေအတွက် စိတ်ပူနေတာလား”

စီကုန်းယွမ်ဟုန်မှာ ခေါင်းကို အမြန်ညိတ်ပြလိုက်ပြီး ဆိုသည်။

“ကျွန်တော့်အဖေက အိုနေပြီ၊ ပြီးတော့ သူက တိုက်ခိုက်ရေးမှာလည်း သိပ်မကျွမ်းကျင်ဘူး၊ သူ တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ပါ”

“အဲ့ဒါအတွက် စိတ်မပူပါနဲ့၊ သူ့မှာ တိုက်ခိုက်ရေး အတွေ့အကြုံ အများကြီးရှိသလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း ရှိတယ်၊ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ငါကိုယ်တိုင် သွားဖို့လား….”

မီရှုဟွာ ရယ်မောလိုက်သည်။

“ဒါက အခွင့်အရေးသမား ဓားပြတွေက ဖိုရှန်းဂိုဏ်း ပရမ်းပတာ ဖြစ်နေတုန်းမှာ အမြတ်ထုတ်ချင်လို့ လုပ်တာပါ၊ ငါတို့ဂိုဏ်းက လူတွေ ကိုင်တွယ်နိုင်ပါတယ်၊ ငါ ကိုယ်တိုင် လိုက်သွားစရာ မလိုပါဘူး”

ထိုသို့ ကြားလိုက်ရသောအခါမှ စီကုန်းယွမ်ဟုန် သက်ပြင်းချနိုင်တော့သည်။ အစွမ်းထက်လှသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သည့် သူ၏ ယောက္ခမကိုယ်တိုင်က စိတ်ချလက်ချ ရှိနေသဖြင့် စိုးရိမ်စရာ မရှိတော့ဟု သူ ခံစားလိုက်ရသည်။

ပြီးခဲ့သော စစ်ပွဲတုန်းတွင်လည်း မီရှုဟွာ ကိုယ်တိုင်မပါဘဲနှင့်ပင် ဖိုရှန်းဂိုဏ်း အနိုင်ရခဲ့သည် မဟုတ်ပါလော။

သို့သော် သူ သတိမထားမိသည်မှာ မီရှုဟွာ၏ မျက်လုံးထဲရှိ သံသယ အရိပ်အယောင်များ ဖြစ်သည်။

‘ဓားပြတွေဆိုတာ ဒီလောက်အင်အားမျိုးကို ဘယ်လို စုစည်းနိုင်မှာလဲ’

ရုတ်တရက် ခန်းမအပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာပြီး မီကျွင်းဖျင် ပြန်ရောက်လာသည်။ သူမ၏ မျက်နှာမှာ ထိတ်လန့်နေသည်။

“အဖေ.... မကောင်းတော့ဘူး၊ တခြား ခန်းမတွေလည်း အပြင်းအထန် တိုက်ခိုက်ခံနေရပြီ ”

All Chapters