← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃) - အထွတ်အထိပ်အဆင့် ချီဖုံးကွယ်မှော်အတတ်

မီရှုဟွာသည် လွန်ခဲ့သော သုံးရက်ခန့်ကပင် တာဟဲဈေးမြို့တော်သို့ ပြန်ရောက်နေခဲ့ပြီဖြစ်သည်။

ဝမ်ယွမ်၏ စကားများမှာ လော့ချန်၏ ဦးနှောက်ထဲတွင် ထပ်တလဲလဲ ပဲ့တင်ထပ်နေသည်။ မီရှုဟွာ ပြန်ရောက်နေသည်မှာ သုံးရက်ရှိပြီဖြစ်သော်လည်း ဖိုရှန်းဂိုဏ်း တစ်ခုလုံး ပြိုလဲတော့မည့် အခြေအနေတွင်ပင် လူလုံးပြမလာခဲ့သေးပေ။

မီရှုဟွာသည် အဘယ်ကြောင့် ဤမျှ အလောတကြီးဖြင့် လော့ချန်အား လာရောက်ရှာဖွေပြီး စိတ်ပညာလှည့်ကွက်မျိုးစုံ သုံးကာ အခြေတည်ဆေးလုံးနှင့် မြှူဆွယ်ခဲ့ရသနည်း။ သူ၏ ရည်ရွယ်ချက်ကား အဘယ်နည်း။

လော့ချန်သည် တစ်ချိန်က ရွှင်ပြသော မျက်နှာထားဖြင့် ချမ်းသာသော မြေပိုင်ရှင်တစ်ဦးကဲ့သို့ အမြဲပြုံးရွှင်နေတတ်သည့် အဘိုးကြီးကို ပြန်လည်အမှတ်ရမိသည်။ ယနေ့မူ သူ၏ မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူဖျော့ကာ သရဲတစ်ကောင်အလား ဖြစ်နေသည်။

ထို့နောက် ကျောက်သင်္ခန်း၏ ထောင့်တစ်နေရာတွင် ပြာအဖြစ် ပြောင်းလဲသွားသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးပုံကြီးကို လော့ချန် သတိရသွားသည်။ သံသယစိတ်များ လှုပ်ခတ်သွားပြီးနောက် အမှန်တရားကို လော့ချန် ရုတ်တရက် သဘောပေါက်သွားတော့သည်။ မီရှုဟွာသည် အပြင်ပန်းတွင်သာ ဟန်ကိုယ့်နေခြင်း ဖြစ်သည်။

‘ချီစုဆုံဝင်္ကပါငယ်လေးကို ထိန်းသိမ်းဖို့တောင် ကုန်ကျစရိတ်က မနည်းဘူး၊ ဒုတိယအဆင့် အစီအရင်ဆိုရင်တော့ ပြောမနေနဲ့တော့’

‘ဒီအစီအရင်တွေကသာ တကယ် ထိရောက်နေမယ်ဆိုရင် ဘာလို့ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်နေတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေက အင်အားကြီးဂိုဏ်းတွေအောက်မှာ အလုပ်အကျွေးပြုဖို့ ဒါမှမဟုတ် ဧည့်သည်တော်အကြီးအကဲအဖြစ် ခိုလှုံဖို့ ကြိုးစားကြမလဲ’

‘ဒုတိယအဆင့် ချီစုဆုံဝင်္ကပါကနေ ဖန်တီးထားတဲ့ ဒုတိယအဆင့် ဝိညာဉ်ကြောက ဘယ်လောက်အထိ ခံမလဲဆိုတာ ငါမသိပေမဲ့ ဘယ်အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူမှ ဒီကုန်ကျစရိတ်ကို အကန့်အသတ်မရှိ တောင့်ခံနိုင်မှာ မဟုတ်ဘူး’

ကျောက်သင်္ခန်း၏ ထောင့်ရှစ်ခုလုံးတွင် တစ်ထောင့်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးစီ ရှိနေသည်။ စုစုပေါင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၈၀ ဖြစ်ပြီး ၎င်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈၀၀၀ နှင့် ညီမျှသည်။

မီရှုဟွာသည် လေလံပွဲတစ်ခုတည်းမှာပင် မှော်ရတနာအတွက် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းခွဲ ကုန်ကျခဲ့သည်။ သူကဲ့သို့ အိုမင်းသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရန် အရင်းအမြစ်များ မည်မျှ သုံးခဲ့ရမည်မှာ မှန်းဆ၍ပင် မရတော့ပေ။

‘မီရှုဟွာ စုဆောင်းထားတဲ့ ငွေကြေးတွေက ကုန်သလောက် ဖြစ်နေပြီပဲ၊ အခု သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့အချိန်မှာ သူက တကယ့်ကို လမ်းဆုံးရောက်နေတဲ့ အခြေအနေပဲ’

‘ဒါကြောင့်လည်း သူက ငါ့ကို အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးတွေ အစွမ်းကုန် ဖော်စပ်ခိုင်းဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးခဲ့တာပဲ’

မျက်တောင်တစ်ခတ်အတွင်းမှာပင် လော့ချန်သည် အချက်အလက်များကို ဆက်စပ်ကြည့်ပြီး အမှန်တရားကို သိလိုက်ရသည်။ မီရှုဟွာသည် ရွှေအမြုတေ ဂူသင်္ချိုင်းတိုက်ပွဲတွင် အနိုင်ရခဲ့ပုံမရပေ။ ဖိုရှန်းဂိုဏ်းအား ဗြောင်ကျကျ ဆန့်ကျင်နေသော ရွှမ်ယီအဖွဲ့မှာ သက်သေပင် ဖြစ်သည်။

ရွှမ်ယီအဖွဲ့၏ နောက်ကွယ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော မိသားစု ၅ စု ရှိနေပြီး အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ ၃ ဦးကလည်း ဗြောင်ကျကျ ထောက်ခံနေသည်။ မီရှုဟွာသည် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်တွင် ရှိပြီး မှော်လက်နက်များ ပိုင်ဆိုင်ထားသည်ဆိုစေဦးတော့၊ ထိုမျှများပြားလှသော ရန်သူအားလုံးကို မည်သို့လျှင် ယှဉ်ပြိုင်နိုင်ပါမည်နည်း။

ထိုမျှသာမက ရွှေအမြုတေ ဂူသင်္ချိုင်းတိုက်ပွဲအတွင်း၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြသည် မဟုတ်ပါလော။ လော့ချန် သိရှိထားသလောက်ဆိုလျှင်ပင် နာမည်ကျော် ကျင့်ကြံသူဟွာ၊ တာကျန်းဂိုဏ်းမှ ဝမ်ဟိုင်ချောင်၊ ထိုက်ရှန်းဈေးမြို့တော်မှ ခန်းတုံးယွဲ့ နှင့် နှင်းကြာပန်းစျေးမြို့တော်မှ ထိပ်တန်းပုဂ္ဂိုလ်များပင် ပါဝင်ခဲ့ကြသည်။

ဤသည်မှာ လူသိများထင်ရှားသည့် ကျင့်ကြံသူအချို့သာ ရှိသေးသည်။ လျှို့ဝှက်စွာ ပါဝင်ပတ်သက်နေကြသူများမှာမူ မည်မျှပင် များပြားနေပါမည်နည်း။ ဤမျှအင်အားတောင့်တင်းလှသော ရန်သူတော်ကြီးများ၏ကြားတွင် မီရှုဟွာတစ်ယောက် မည်သို့သော နည်းလမ်းဖြင့် ဒဏ်ရာတစ်စုံတစ်ရာမရဘဲ အကောင်းပကတိ လွတ်မြောက်လာနိုင်ပါမည်နည်း။

ထို့အပြင် ဖိုရှန်းဂိုဏ်းသည် အရှေ့ပိုင်းလွင်ပြင်တောင်တန်း ဝန်းကျင်တွင် နှစ်ပေါင်းများစွာ ကြီးစိုးလာခဲ့ပြီး ၎င်းအား သူတို့ပိုင် နယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ သူတို့၏ တည်ရှိမှုမှာ ကြာမြင့်နေပြီ ဖြစ်သဖြင့် မီရှုဟွာမှာ အင်အားကြီးသူများ၏ လှိုင်းလုံးကြားတွင် ဦးဆောင်ပါဝင်ခဲ့ရပေလိမ့်မည်။ ဤအချက်ကပင် အခြေအနေကို ပို၍ အန္တရာယ်ရှိစေသည်။

အချက်အလက်အားလုံးကို စုစည်းကြည့်လိုက်သောအခါ လော့ချန်သည် မီရှုဟွာ၏ အခက်အခဲအပေါ် ရယ်မောနိုင်ခြင်း မရှိတော့ပေ။ အစားထိုး၍မရသော စိုးရိမ်စိတ်တစ်ခု သူ့အပေါ် လွှမ်းမိုးလာသည်။

ကျန်းဝမ်က သူ့အား ယခုတလောတွင် အထူးဂရုပြုရန် သတိပေးစကား ဆိုခဲ့ဖူးသည်။ ဖိုရှန်းဂိုဏ်း၏ အင်အားစုများ ဆုံးရှုံးလျော့ပါးနေချိန်တွင် အခြားသော ဂိုဏ်းများကလည်း အခွင့်ကောင်းယူ၍ လှုပ်ရှားလာကြတော့မည်မှာ အသေအချာပင်။ ယခုအခါ မီရှုဟွာသည်လည်း ပြင်းထန်သော ဒဏ်ရာများကို ရရှိထားချေပြီ ဖြစ်ရာ….

မုန်တိုင်းကြီးတစ်ခု လာတော့မည် ဖြစ်သည်။

….

နောက်တစ်နေ့ မနက်စောစောတွင် လော့ချန် အိမ်မှထွက်လာပြီး ဝိညာဉ်ဆေးနန်းဆောင်၊ ဆေးပေါင်းတစ်ထောင်ခန်းမ နှင့် လင်ယွမ်နန်းဆောင် တို့သို့ ဦးတည်လိုက်သည်။

ထို့နောက် ဝိညာဉ်ကျောက်တုံး အမြောက်အမြား သုံး၍ ဆေးလုံးများ၊ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ဝိညာဉ်ဆန် ပြည် ၁၀၀ ကျော်ကိုပင် ဝယ်ယူစုဆောင်းလိုက်သည်။

ဝယ်ယူမှုများ ပြီးဆုံးသွားသည့်အချိန်တွင် သူ၏ စုဆောင်းထားသော ဝိညာဉ်ကျောက်တုံး ငါးထောင်ကျော်မှာ တစ်ထောင်ခန့်သာ ကျန်တော့သည်။ တစ်နည်းအားဖြင့် လော့ချန်သည် အချိန်မရွေး ထွက်ပြေးရန်အတွက် လိုအပ်သော ပြင်ဆင်မှုများကို အပြည့်အဝ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

မြို့မှ မထွက်ခွာမီ သူသည် ယွမ်ရှောင်ယွဲ့အား သွားရှာကာ မီရွှီရေခဲမြို့တော်၏ နို့လက်ဖက်ရည်ဆိုင်သို့ ခေါ်လာခဲ့သည်။

"အားလုံးပဲ…. နောက်ပိုင်းကျရင် ကျွန်တော် ဆေးဖော်ဆောင်မှာပဲ အချိန်ကုန်တာ များလိမ့်မယ်၊ မြို့ထဲကို အရင်လို ခဏခဏ လာဖြစ်မှာ မဟုတ်တော့ဘူး" ဟု လော့ချန် ပြောလိုက်သည်။

ရှောင်ယွဲ့မှာ မျက်တောင်တဖြတ်ဖြတ်နှင့် နားမလည်သလို ကြည့်ကာ ဆိုသည်။

"အရင်ကလည်း အစ်ကိုလော့ မြို့ထဲကို အဲ့ဒီလောက် လာတာမှ မဟုတ်တာ…."

‘ဟယ်.... ဒီကလေးမလေးကတော့….’

ဖုန်းရှ စိတ်ထဲမှ ပြုံးမိသည်။ ရှောင်ယွဲ့နှင့်မတူဘဲ ဖုန်းရှမှာ လော့ချန်၏ စကားနောက်ကွယ်မှ အလေးအနက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူမ၏ မျက်နှာမှာ တည်ကြည်သွားပြီး မေးလိုက်သည်။

"တစ်ခုခု ဖြစ်လို့လား"

"ခုထိတော့ ဘာမှမဖြစ်သေးဘူး" ဟု လော့ချန် ပြန်ဖြေသည်။

‘ခုထိတော့ ဘာမှမဖြစ်သေးဘူးဆိုတာက မကြာခင် တစ်ခုခု ဖြစ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်လား’

ဖုန်းရှက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ စကားကို မှတ်သားထားသည့်အသွင်ဖြင့် ခေါင်းညိတ်ပြသည်။

"တစ်နေ့ကျရင် နို့လက်ဖက်ရည်ဆိုင်နဲ့ မုန့်ဆိုင်ကို ပစ္စည်းပို့တာတွေ ရုတ်တရက် ရပ်သွားနိုင်တယ်၊ အဲ့ဒါကို အားလုံး ကြိုတင်ပြင်ဆင်ထားသင့်တယ်" ဟု လော့ချန် သတိပေးသည်။

"အခုလည်း စီးပွားရေးက အရင်လောက် မကောင်းတော့ဘူး၊ ပုံမှန်လည်ပတ်ရုံလောက်ပဲ ရှိတော့တာ"

လော့ချန်၏ သတိပေးမှုကို ကြားသောအခါ အမျိုးသမီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ခဏအကြာတွင် ဖုန်းရှက သူမ၏ သိုလှောင်အိတ်ထဲမှ အဆင့်မြင့် ရေခဲစွမ်းအင်သုံး ပျံသန်းဓား တစ်လက်ကို ထုတ်ပေးလိုက်သည်။

"လော့လေး…. ဒါဆို ဒါကို ယူသွားလိုက်ပါ၊ ပစ္စည်းတွေကို အေးအောင်လုပ်ဖို့က တကယ်တော့ လွယ်ပါတယ်"

"မလိုပါဘူး"

လော့ချန် ခေါင်းခါလိုက်ပြီး ငြင်းလိုက်သည်။ အဆင့်မြင့် မှော်လက်နက်ဆိုသည်မှာ သူ့အတွက်မူ သိပ်ထူးဆန်းသော အရာမဟုတ်တော့ပေ။ သူ၏ လက်ထဲတွင် လက်နက်များစွာ ရှိနေပြီးသား ဖြစ်သည်။

"ဒါကို ဆိုင်မှာပဲ ထားလိုက်ပါ၊ ဆိုင်ရဲ့ ဆွဲဆောင်မှုတစ်ခုအနေနဲ့ သုံးလို့ရသလို အရေးကြုံရင်လည်း မမရှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သုံးလို့ရတာပေါ့" ဟု လော့ချန် ရှင်းပြသည်။ ဖုန်းရှသည် လော့ချန်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

"ပြီးတော့ အစ်ကိုတွမ် ကိုလည်း စောင့်ကြည့်ပေးပါဦး၊ အခြေအနေက ဒီထက် အန္တရာယ်များလာရင် သူ့ကို အလုပ်ကြမ်းတွေ မလုပ်ခိုင်းနဲ့တော့"

"သူ့ကို ဖျောင်းဖျဖို့ကတော့ ခက်လိမ့်မယ်ကွယ်၊ အခုတလော သူက နေ့တိုင်း အပြင်ထွက်ပြီး လက်နက်တွေ ပြုပြင်တဲ့နေရာမှာ အရမ်း ကြိုးစားနေတာ" ဟု ဖုန်းရှက ပြုံးလျက် ဆိုသည်။

လော့ချန် ခေါင်းခါလိုက်သည်။

"ကျွန်တော် ပြောနိုင်တာ အကုန် ပြောပြီးပြီ၊ အန္တရာယ်ကြုံလာရင် ပြေးကြပါ၊ ပစ္စည်းဥစ္စာတွေက အသက်လောက် တန်ဖိုးမရှိပါဘူး"

ဤစကားများကို မှာကြားပြီးနောက် လော့ချန် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။

….

မြို့အပြင်ဘက်သို့ ထွက်လာသည့် လမ်းတွင် ကူချိုင်ယီသည် လော့ချန်အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်။

"ဘာလို့ ကျွန်တော့်ကို ဒီလောက် စိုက်ကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး၊ ရှင် ရှင့်မိတ်ဆွေတွေအပေါ် ဆက်ဆံပုံက တခြားသူတွေနဲ့ အရမ်းကွာခြားလို့ပါ"

လော့ချန် ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို ပုတ်ပြ၍ ပြောလိုက်သည်။

"ဒါပေါ့…. ကျွန်တော်က ကျော်ကြားတဲ့ သစ္စာရှိပြီး တရားမျှတတဲ့ မုန်ချန် နဲ့ စကားတည်တဲ့ ကွမ်းယွီလို လူမျိုးလေ…."

"ဟမ်…. မုန်ချန်က ဘယ်သူလဲ၊ ကွမ်းယွီကရော…."

"သြော်.... ကျွန်တော် အမြဲကိုးကွယ်တဲ့ နတ်ရုပ်ကို သိတယ်မဟုတ်လား၊ အဲ့ဒါ ကွမ်းယွီပဲ၊ သူက ကျွန်တော့် ဇာတိမြေက နာမည်ကြီး စစ်သူကြီးတစ်ယောက်လေ၊ သစ္စာရှိပြီး ဂုဏ်သိက္ခာရှိတဲ့သူပေါ့"

ကူချိုင်ယီက ခေါင်းလေးစောင်းကာ စဉ်းစားနေသည်။

‘တကယ်ပြောနေတာလား’

လော့ချန် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်သည်။ ယခင်ဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ သူသည် ဤကဲ့သို့ပင် ဖြစ်သည်။ ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။

မိတ်ဆွေများနှင့် ပတ်သက်လာလျှင် သူတို့၏ ရက်ရောမှုကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံသလို၊ ပြန်လည်ကူညီရန်လည်း ဘယ်သောအခါမှ နောက်မတွန့်ခဲ့ပေ။ ကမ္ဘာကူးပြောင်းလာပြီးနောက်မှာပင် သူသည် ဝမ်ယွမ်၊ ဦးလေးချန်နှင့် အိမ်နီးနားချင်းများအပေါ် စစ်မှန်သော စေတနာဖြင့် ဆက်ဆံခဲ့သည်။

မိတ်ဆွေများ အောင်မြင်မှုရရှိလျှင် သူ ဘာမှမမျှော်လင့်ဘဲ ချီးကျူးဂုဏ်ပြုတတ်သလို၊ ဒုက္ခရောက်ချိန်တွင်လည်း သူ တတ်နိုင်သမျှ ကူညီပေးခဲ့သည်။ ကူချိုင်ယီ၊ ဖုန်းရှနှင့် မကြာသေးမီက မိတ်ဆွေဖြစ်ခဲ့သော တွမ်ဖုန်းတို့ကဲ့သို့ပင်။

သို့သော် သူစိမ်းများအပေါ်တွင်မူ သူ၏ သဘောထားမှာ လုံးဝကွဲပြားသည်။ သူသည် အမြဲ သတိကြီးစွာထားပြီး နေတတ်သည်။ မရင်းနှီးသောသူများနှင့် စကားအများကြီး မပြောဘဲ အကွာအဝေးတစ်ခု ထားတတ်သည်။ အခွင့်အရေးရတိုင်း ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ပထမဦးစားပေးကြောင်း ရှင်းရှင်းလင်းလင်း ပြသတတ်သည်။

ဤအချက်မှာ မီရှုဟွာနှင့် ဆက်ဆံရာတွင် ပို၍ သိသာထင်ရှားလှသည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ မျှတမှု မရှိပေ။ အပြန်အလှန် အကျိုးစီးပွားအပေါ် အခြေခံသည့် အရောင်းအဝယ် ဆက်ဆံရေးသက်သက်သာ ဖြစ်ပြီး အင်အားကွာခြားမှုကြောင့် မီရှုဟွာ အမြဲ အသာစီးရနေခြင်း ဖြစ်သည်။ အကယ်၍ လော့ချန်သာ ဆေးဖော်ဆောင်ကို တည်ထောင်ရန်နှင့် ဖိုရှန်းဂိုဏ်းအတွက် ဆေးဖော်ပေးရန် ငြင်းဆန်ခဲ့လျှင် ရလဒ်မှာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ သေခြင်းတရားပင် ဖြစ်သည်။

မည်သူမျှ ဗြောင်ကျကျ ထုတ်မပြောသော်လည်း အမှန်တရားမှာ ငြင်းမရပေ။ ဆေးဖော်ဆောင်၏ ခေါင်းဆောင် ဖြစ်လာပြီးနောက်မှာပင် သူသည် ကိရိယာတစ်ခုထက် မပိုပေ။ မီရှုဟွာကမူ ထိုကိရိယာအား ကိုင်စွဲထားသည့် အရင်းရှင်ကြီးနှင့် တူနေသည်။ အရင်းရှင်များနှင့် ပတ်သက်လာလျှင် လော့ချန်တွင် နည်းလမ်းတစ်ခုသာ ရှိသည်။

ရသမျှ ဂုတ်သွေးစုတ် အကုန်ယူရန်ပင်။

လော့ချန်သည် မီရှုဟွာ၏ ရည်ရွယ်ချက်အပေါ် အကောင်းမြင်လေ့မရှိဘဲ ကြုံရင်ကြုံသလို ဂုတ်သွေးစုတ်တတ်လေရာ ထို့ကြောင့်ပင် အဖိုးတန်သော အရင်းအမြစ်များကို သူ အကြိမ်ကြိမ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မီရှုဟွာဘက်မှလည်း နစ်နာဆုံးရှုံးမှု ကြီးကြီးမားမား မရှိခဲ့လှပေ။ ဆေးဖော်ဆောင်ကို စတင်တည်ထောင်ခါစ အချိန်က အရှုံးအနည်းငယ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံး များကို အောင်မြင်စွာ ဖော်စပ်နိုင်သည့် အချိန်မှစ၍ မီရှုဟွာသည် အမြတ်အစွန်းများစွာကို စဉ်ဆက်မပြတ် ရရှိနေခဲ့ပြီ ဖြစ်လေသည်။

မိမိအား အသုံးချနေပြီး တစ်နေ့သောအခါတွင် မိမိ၏ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းမည့် လမ်းစကို ပိတ်ပင်တားဆီးမည့်သူအပေါ် လော့ချန် အစဉ်တစိုက် သတိကြီးစွာ ထားရှိခဲ့သည်။

မီရှုဟွာ၏ နူးညံ့ပျော့ပျောင်းသော စကားလုံးများနှင့် ပါးနပ်လှသော နည်းဗျူဟာများ နောက်သို့ မည်သည့်အခါမျှ ပါမသွားစေရန် မိမိကိုယ်ကိုယ် အမြဲတစေ သတိပေးနေခဲ့သည်။ အကယ်၍ သူသာ မီရှုဟွာ၏ ပြုံးရွှင်နေသော မျက်နှာထက်မှ လိမ်ညာလှည့်ဖြားမှုများကို အယုံအကြည် လွန်ကဲမိပါက သူသည်လည်း ဟန်တန်၊ ကျန်းဝမ်တို့ကဲ့သို့ပင် ရင်နာစရာကောင်းသော နိဂုံးနှင့် အဆုံးသတ်သွားပေလိမ့်မည်။

မနေ့က ထိပ်တိုက်ရင်ဆိုင်ပွဲ ပြီးနောက်တွင်လည်း လော့ချန်သည် အမှန်တရားတစ်ခုကို ထပ်မံ သိမြင်လိုက်ရပြန်သည်။

‘ငါ ဒီမြေခွေးအိုကြီးကို ဘယ်တော့မှ မယုံသင့်ဘူး’

လော့ချန်၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ မီရှုဟွာ၏ လော့ချန်အပေါ် ထိန်းချုပ်လိုသော ဆန္ဒမှာ ပို၍ ပြင်းထန်လာသည်။ နောင်တစ်ချိန် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းရန် ကြိုးစားချိန်တွင် ဤကဲ့သို့ ပါးနပ်သောသူနှင့် ရင်ဆိုင်ရမည်မှာ အလွန်အန္တရာယ်များလှသည်။ သတိထားရုံတင် မလုံလောက်ဘဲ ပြတ်သားသော ဆုံးဖြတ်ချက်များ ချရန် လိုအပ်နေပြီ ဖြစ်သည်။

….

လခြမ်းတောင်ကြားသို့ ပြန်ရောက်သောအခါ လော့ချန် သူ၏ ဆေးဖော်စပ်ခြင်း လုပ်ငန်းကြီးကို စတင်လိုက်တော့သည်။

ဆေးဖော်ဆောင်တစ်ခုလုံးနှင့် ဆေးဝါးဆောင် တို့မှာ လော့ချန်၏ ဦးဆောင်မှုအောက်တွင် အစွမ်းကုန် လည်ပတ်ကြရသည်။

ကျောက်စိမ်းအမြုတေဆေးလုံးများကို စတင်ဖော်စပ်သည့် ပထမဆုံးနေ့မှာပင် ရလဒ်များမှာ ကူချိုင်ယီနှင့် စီကုန်းရှို့ကျားတို့အား အံ့အားသင့်သွားစေသည်။ ဆေးလုံးအောင်မြင်နှုန်းမှာ သူတို့ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည်။

ကုန်ကြမ်း ၁၄ သုတ်မှ ဆေးလုံးအောင်မြင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းရှိပြီး အောင်မြင်မှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်သည်။ ဖော်စပ်လိုက်သော ဆေးလုံးအားလုံးမှာ အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံးများ ချည်းသာ ဖြစ်သည်။

အဆင့်နိမ့်ဆေးလုံး တစ်လုံးမှ မပါဝင်ပေ။

"အလယ်အလတ်အဆင့် ကျောက်စိမ်းအမြုတေဆေးလုံး ၁၄၀ တောင်…."

ကူချိုင်ယီတစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်နေသည်။

‘ဒီဆေးလုံးတွေကိုသာ ရောင်းလိုက်ရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၀၀ တောင် ရမှာလေ၊ ဒီနှုန်းအတိုင်းသာ တစ်လလုံး ဖော်စပ်မယ်ဆိုရင် တစ်လကို ဝင်ငွေ နှစ်သောင်းကျော်တောင် ရမှာ မဟုတ်လား’

ကူချိုင်ယီ လှည့်ကြည့်လိုက်သောအခါ လော့ချန်တစ်ယောက် ရေကန်ဘေးတွင် အေးအေးဆေးဆေး လက်ဆေးနေသည်ကို တွေ့လိုက်ရသည်။ ရလဒ်ကို ကြိုတင်သိနေသည့်အလား သူ အံ့ဩနေပုံမရပေ။

ကူချိုင်ယီ၏ အံ့ဩမှုနှင့် ယှဉ်လျှင် စီကုန်းရှို့ကျားမှာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်နေသည်။ ထို့နောက် သတိဝင်လာသည်နှင့် စာရင်းစာအုပ်ကို ချက်ချင်းယူကာ မီရှုဟွာထံသို့ ပြေးလေတော့သည်။

လော့ချန်သည် လက်ထဲမှ ဖုန်မှုန့်များကို ခါထုတ်လိုက်ရင်း တောင်လမ်းအတိုင်း ထွက်သွားသော စီကုန်းရှို့ကျား၏ ကျောပြင်ကို ကြည့်နေမိသည်။

"ရှင် မပင်ပန်းဘူးလား" ဟု ကူချိုင်ယီက စိုးရိမ်တကြီး မေးသည်။

‘ပင်ပန်းတာလား’

လော့ချန် အသာအယာ ရယ်မောလိုက်သည်။ အစောပိုင်းကာလများက ဆေးလုံးဖော်စပ်မှု အောင်မြင်နှုန်းနှင့် အဆင့်အတန်းများကို မရိပ်မိစေရန် တမင်တကာ ထိန်းချုပ်နေရသည်မှာ ပို၍ပင် စိတ်ပင်ပန်းစရာ ကောင်းလှပေသည်။ ယခုမူ ဆေးလုံးအားလုံးကို အလယ်အလတ်အဆင့်တွင်သာ ပုံသေထားရှိလိုက်ရုံ ဖြစ်သဖြင့် ယခင်ထက် များစွာ ပိုမိုလွယ်ကူသွားသည် မဟုတ်ပေလော။

လော့ချန်၏ ချောမောသော ဘေးတိုက်မျက်နှာကို ကြည့်ရင်း ကူချိုင်ယီ ပြောလိုက်သည်။

"ဒါက ကံကောင်းတာသက်သက် မဟုတ်ဘူးဆိုရင်…. ဒီနှုန်းအတိုင်းဆို ရှင်က တစ်လကို ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော် ရှာနိုင်မှာပဲ၊ တစ်နှစ်ဆိုရင် နှစ်သိန်းကျော်တောင် ရှိမှာလေ။ သာမန်ဆေးလုံးတွေ ထားလိုက်ဦး၊ မှော်လက်နက်တွေတောင် ရှင့်အတွက်တော့ မပြောပလောက်တော့ဘူး"

"မိန်းကလေး.... မင်း အရမ်းရိုးလွန်းတာပဲ"

လော့ချန် အသာအယာ ပြုံးကာ သူ၏ ကျောက်တုံးအိမ်လေးထဲသို့ ဝင်သွားတော့သည်။

ကူချိုင်ယီသည် ရေကန်အနီး ရပ်နေရင်း လော့ချန်၏ စကားကို ပြန်လည် စဉ်းစားနေမိသည်။ ထိုအခိုက်အတန့်တွင် သူမသည် မိမိကိုယ်ကိုယ် အလွန်ရိုးအ သည်ဟု ခံစားလိုက်ရသည်။

ဆေးလုံးဖော်စပ်ရာတွင် ကုန်ကျမည့် ကုန်ကြမ်းစရိတ်များတင်ပင် ဝိညာဉ်ကျောက်တုံး ထောင်နှင့်ချီ၍ ရှိနေမည်ဖြစ်၏။ ထို့အပြင် သယ်ယူပို့ဆောင်ရေး၊ အရောင်းအဝယ်နှင့် လူအင်အားအတွက် ကုန်ကျစရိတ်များမှာလည်း အနည်းအကျဉ်း မဟုတ်လှပေ။

အမှန်တကယ်ရရှိမည့် အမြတ်အစွန်းမှာ အစပိုင်းက ထင်မှတ်ထားသကဲ့သို့ မိုးပျံအောင် များပြားနေခြင်းမျိုး မဟုတ်သော်ငြား ကုန်ကျစရိတ်အားလုံးကို ဖယ်ထုတ်လိုက်လျှင်ပင် ကျန်ရှိနေသော ပမာဏမှာ ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ အလွန်အမင်း များပြားလှသော ပမာဏ ဖြစ်နေဆဲပင်။

ကူချိုင်ယီ၏ အကြည့်တို့သည် လော့ချန်၏ ကျောက်တုံးအိမ်လေးဆီသို့ အလိုအလျောက် ကျရောက်သွားမိသည်။ လော့ချန်၌ ထူးခြားသော ပါရမီရှိကြောင်း သူမ သိရှိထားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သတိမပြုမိလိုက်သည့် အချိန်အတောအတွင်း၌ သူ၏ ဆေးဖော်စပ်ခြင်းအတတ်ပညာမှာ ယခုကဲ့သို့ ကြောက်ခမန်းလိလိ မြင့်မားသွားလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူမ၏ ရင်ထဲ၌ ထိုလူငယ်အပေါ် လေးစားမှု အရိပ်အယောင်လေးတစ်ခုမှာ တားဆီး၍မရဘဲ စတင်အမြစ်တွယ် လာခဲ့သည်။

…..

ကျောက်တုံးအိမ်လေးအတွင်း၌….။

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

‘နှမြောစရာပဲ၊ ဒီဆေးလုံးတွေက ရတဲ့ အမြတ်ထဲက ၂၀ ရာခိုင်နှုန်းပဲ ရပိုင်ခွင့်ရှိတာ’

ဤပမာဏမှာ နည်းပါးလွန်းလှသော်လည်း လမ်းစဉ်ကျိန်ဆိုမှုကြောင့် သူ ဘာမှမတတ်နိုင်ဘဲ လက်ခံနေရခြင်း ဖြစ်ပေသည်။

‘ကောင်းပြီလေ.... နောက်ထပ် တစ်လ၊ နှစ်လလောက်တော့ အောင့်အည်းသည်းခံရမှာပေါ့ တစ်ခြားနေရာမှာ အသစ်ကစဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက် စုမိပြီဆိုရင်တော့ ငါ ပြေးတော့မယ်’

….

လော့ချန်၏ ထွက်ပြေးရန် ပြင်ဆင်မှုများမှာ ထိုမျှနှင့် မရပ်တန့်သွားပေ။

နေ့စဉ် ဆေးဖော်စပ်ရုံတင်မကဘဲ သူသည် ကျင့်ကြံခြင်းကိုလည်း ပို၍ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာသည်။ ချီဖုံးကွယ်မှော်အတတ်ကို ပိုမိုကျွမ်းကျင်အောင် လေ့ကျင့်သလို အပြာရောင်ကတိုး မြွေနဂါးအလံကိုလည်း ကျွမ်းကျင်အောင် လေ့ကျင့်နေခဲ့သည်။

အဆင့်မြင့်ဆုံး မှော်လက်နက်တစ်ခုမှာ သူ ထွက်ပြေးမည့်အချိန်တွင် အကြီးမားဆုံးသော အားကိုးရာ ဖြစ်လာပေလိမ့်မည်။ ချိုးပိုင် ကြုံတွေ့ခဲ့ရသလို ချီစွမ်းအင် ရုတ်တရက် ကုန်ခမ်းသွားသည့် ပြဿနာမျိုး မဖြစ်ရန် သူ နည်းလမ်း ရှာဖွေရမည် ဖြစ်သည်။

အလုပ်များလှသော အချိန်ဇယားကြားတွင် လဝက်ခန့်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ညအမှောင်ထုကြားတယ် လူငယ်တစ်ဦးသည် တောင်တန်းကြီးများကြား လျှင်မြန်စွာ လှုပ်ရှားနေသည်။ သူ၏ လက်ထဲတွင် မြွေနဂါးအလံကို တင်းတင်းဆုပ်ထားသည်။ သူ၏ အကြည့်မှာ မြေပြင်ပေါ်တွင် လဲကျနေသော သားရဲအလောင်းတစ်ခုဆီသို့ ရောက်သွားသည်။

၎င်းမှာ ချိုတစ်ချောင်းပါသော ဆိတ် ဖြစ်သည်။ ပထမအဆင့် သားရဲများထဲတွင် အလွန်ပင် ခက်ခဲပြီး ရန်လိုသော သားရဲတစ်မျိုး ဖြစ်သည်။

လပြည့်ညတောင်တန်း အတွင်း၌ပင် ဤသားရဲမှာ နေရာတစ်ခုကို အခိုင်အမာ ရယူထားနိုင်စွမ်းရှိပေသည်။ ဝံပုလွေအုပ်စုများပင်လျှင် ဤကောင်တစ်ကောင်တည်းကို သတ်ဖြတ်နိုင်ရန် အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်ကြရစမြဲ ဖြစ်၏။ အကယ်၍ ဝံပုလွေတစ်ကောင်သာ ဤကောင်၏ချိုဖြင့် အဝှေ့ခံလိုက်ရပါက ဝမ်းဗိုက်ပွင့်ထွက်ကာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားနိုင်ပေသည်။

လော့ချန် သိသမျှ လူများထဲတွင် တွမ်ဖုန်း တစ်ဦးတည်းသာလျှင် ဤကဲ့သို့သော သားရဲမျိုးကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့ဖူးသည်။ အတိတ်ကာလကဆိုလျှင် လော့ချန်အနေဖြင့် ဤသားရဲနှင့် ထိပ်တိုက်တွေ့ပါက အဝေးသို့ ထွက်ပြေးတိမ်းရှောင်ခြင်း သို့မဟုတ် အကွာအဝေးတစ်ခုမှသာ လှမ်း၍ တိုက်ခိုက်ခြင်းမျိုး ပြုလုပ်ပေလိမ့်မည်။ သို့သော် ယခုမူ သူ မျက်နှာချင်းဆိုင် တိုက်ခိုက်ကာ အနိုင်ယူသတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

"ငါ ဒီ ထိပ်တန်းအဆင့် မှော်လက်နက်ရဲ့ အစွမ်းတွေကို အပြည့်အဝ နားလည်သွားပြီ"

လေလံပွဲတွင် တျန်းရှင်းကျီ ပြောပြခဲ့သည့် အချက်အလက်များမှာ မပြည့်စုံခဲ့ချေ။ သစ်သားစွမ်းအင်သုံး နဂါးသုံးကောင်အား တစ်ပြိုင်တည်း ခေါ်ယူနိုင်ရုံတင်မကဘဲ လိုအပ်ပါက တစ်ကောင်ချင်းစီကိုလည်း ခွဲခြားခေါ်ယူနိုင်သေးသည် မဟုတ်ပါလော။

ဤသည်မှာ ချီစွမ်းအင် အလဟဿ ဖြစ်မှုကို များစွာ သက်သာစေပေသည်။ ထို့အပြင် နဂါးသုံးကောင်လုံးကို တစ်ပြိုင်တည်း ခေါ်ယူအသုံးပြုရာ၌လည်း စနစ်တကျ ထိန်းချုပ်နိုင်သည့် နည်းပရိယာယ် ရှိနေသေးရာ ချိုးပိုင် ပြုလုပ်ခဲ့သကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်နေရန် မလိုအပ်တော့ချေ။ ချိုးပိုင်အနေဖြင့်မူ ဤလက်နက်၏ အစွမ်းသတ္တိများကို သေသေချာချာ လေ့လာဆန်းစစ်ရန် အချိန်မရရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

ယခုလေးတင် သူသည် စိမ်းမြရတနာဓားနှင့် နဂါးတစ်ကောင်ကိုသာ တွဲဖက်အသုံးပြုခဲ့ပြီး ထိုသားရဲကြီးအား အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

‘အခုဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ချီသန့်စင်အဆင့် ၉ မှာ ရှိနေပြီ၊ ချီသန့်စင်အဆင့် အထွတ်အထိပ် ရောက်နေတဲ့သူနဲ့တောင် ငါ ယှဉ်နိုင်မှာပဲ’

‘အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်နဲ့တော့ ငါ မရင်ဆိုင်ဖူးသေးဘူး၊ ဒါပေမဲ့ ဒီမြွေနဂါးအလံနဲ့ အထွတ်အထိပ်အဆင့် မီးလုံးအတတ် နဲ့ဆိုရင်တော့ သူတို့အတွက် တကယ့်အန္တရာယ် ဖြစ်လာနိုင်တယ်’

ဤသည်မှာ လော့ချန်၏ လက်နက်အားလုံး မဟုတ်သေးပေ။

လော့ချန် စဉ်းစားလိုက်သည်နှင့် သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော စွမ်းအင်များ ပျောက်ကွယ်သွားတော့သည်။ သူ၏ တည်ရှိမှုမှာ ညလေညင်းထဲတွင် လွင့်နေသော သစ်သားခြောက်တစ်ခုကဲ့သို့ လုံးဝ မရှိသလောက် ဖြစ်သွားသည်။

လော့ချန်သည် ချီစွမ်းအင်ကို အသာအယာ သုံးကာ လေဟုန်စီးအတတ်ဖြင့် ပျံသန်းလိုက်သည်။ ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း သူ၏ ချီစွမ်းအင်မှာ အနည်းငယ်မျှပင် တုန်ခါခြင်း မရှိပေ။

"ဒါက ချီဖုံးကွယ်မှော်အတတ်ရဲ့ အထွတ်အထိပ်အဆင့်ပဲ "

"ဒီတစ်ခါတော့ ကံကို အားမကိုးတော့ဘူး၊ သေသေချာချာ စမ်းသပ်ကြည့်ရမယ် "

လော့ချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ချန်ယင်းတောင်၏ အောက်ခြေရှိ လျှိုမြောင်ကြီးဆီသို့ ပျံသန်းသွားလိုက်သည်။ မကြာမီ သူသည် နှင်းသစ်ခွတောထဲသို့ ရောက်ရှိသွားသည်။ သစ်ခွရွက်များကို ထိလိုက်သည့်အခါ သူ၏ ချီစွမ်းအင်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

သူ ရှေ့ဆက်တိုးသွားသည့်အခါ ဖြူဖွေးသော ဝံပုလွေငယ်လေးတစ်ကောင် ပေါ်လာသည်။ ၎င်းမှာ ပထမအဆင့် နှင်းဝံပုလွေ ဖြစ်သည်။ အရွယ်အစားနှင့် ထွက်ပေါ်နေသော စွမ်းအင်အရဆိုလျှင် လူသားများ၏ ချီသန့်စင် အစောပိုင်းအဆင့်နှင့် ညီမျှသည်။

လော့ချန် ဝပ်လိုက်ပြီး ဝံပုလွေငယ်လေးကို အသာအယာ ထိလိုက်သည်။ ဝံပုလွေလေးမှာ လော့ချန်အား နားမလည်သလို ခေါင်းမော့ကြည့်လာသည်။

‘ဘယ်တုန်းက သစ်ခွပင်တွေက လှုပ်ရှားတတ်သွားတာလဲ’ ဟု လော့ချန် တွေးနေမိသည်။

သူ လက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်ပြီး ဝံပုလွေ၏ အမွှေးအဖြူလေးတစ်ပင်ကို လက်ကြားထဲတွင် ညှပ်ထားလိုက်သည်။ ထို့နောက် သူ၏ ချီစွမ်းအင်မှာ ပြောင်းလဲသွားတော့သည်။

အသက်ရှူကြိမ် သုံးကြိမ်အတွင်းမှာပင် သူ၏ ချီစွမ်းအင် တစ်ခုလုံးမှာ နှင်းဝံပုလွေ၏ စွမ်းအင်နှင့် ထပ်တူကျသွားတော့သည်။

ဤသည်မှာ အထွတ်အထိပ်အဆင့် ချီဖုံးကွယ်မှော်အတတ်၏ အစွမ်းသတ္တိပင် ဖြစ်တော့သည်။ မိမိ၏ ချီစွမ်းအင်ကို ဖုံးကွယ်ထားနိုင်ရုံတင်မကဘဲ အခြားသော သက်ရှိများ၏ စွမ်းအင်သဘာဝကိုပါ တုပနိုင်စွမ်း ရှိပေသည်။ လူသားများသာမက တောရိုင်းသားရဲများနှင့် သစ်ပင်တောအုပ်များ၏ စွမ်းအင်လှိုင်းများကိုပါ ထပ်တူကျအောင် ဖန်တီးနိုင်သည်။

ထို့ကြောင့်ပင် လော့ချန်သည် ချန်ယင်းတောင်လျှိုမြောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် သတ္တိရှိနေခြင်း ဖြစ်သည်။

လော့ချန် ဝံပုလွေလေးကို ကျော်ဖြတ်၍ ရှေ့ဆက်တိုးသွားသည်။ လျှိုမြောင်၏ ကျောက်ဆောင်များအတိုင်း လရောင်အောက်တွင် တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ မကြာမီ အေးစိမ့်သော ရေကန်ကြီးနှင့် သူ နီးကပ်လာသည်။ မီတာ ၅၀၀ အကွာသို့ ရောက်သောအခါမှ သူ ရပ်လိုက်သည်။

"ဒီလောက်နီးတဲ့ အကွာအဝေးမှာတောင် ဒုတိယအဆင့် ဝံပုလွေသားရဲကြီးက ငါ့ကို သတိမထားမိဘူး၊ ဒါက အထွတ်အထိပ်အဆင့် ချီဖုံးကွယ်မှော်အတတ်က အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူကိုတောင် လှည့်စားနိုင်တယ်ဆိုတဲ့ သက်သေပဲ"

လော့ချန်သည် ရေကန်ထဲမှ ထွက်ပေါ်နေသော အအေးဓာတ်များကို တစ်ချက်ကြည့်လိုက်ကာ လှည့်ထွက်လာခဲ့သည်။ ယခုတစ်ခေါက် သူရောက်ရှိလာခြင်းမှာ ရတနာအသစ်အဆန်းများကို ရှာဖွေရန်မဟုတ်ဘဲ ချီဖုံးကွယ်မှော်အတတ်၏ အစွမ်းသတ္တိကို စမ်းသပ်ရန်သာ ဖြစ်သည်။

စမ်းသပ်မှုရလဒ်က သူ့အား များစွာကျေနပ်အားရစေခဲ့သည်။ အကယ်၍ သူသာ သန့်စင်ခြင်းအတတ်ကို အသုံးပြု၍ မီရှုဟွာ ချန်ထားခဲ့သော ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးပစ်လိုက်မည်ဆိုပါက ထိုလူသည် သူ့အား မည်သည့်အခါမျှ ရှာဖွေတွေ့ရှိနိုင်တော့မည်မဟုတ်ကြောင်း ယခုအခါ အပြည့်အဝ ယုံကြည်သွားပြီ ဖြစ်၏။

သူ၏ ယုံကြည်မှုများမှာ ဒီရေအလား တိုးပွားမြင့်တက်လာခဲ့သော်လည်း လော့ချန် ဇွတ် ချက်ချင်း ထွက်ပြေးခြင်းမပြုသေးပေ။ သူသည် ဖိုရှန်းဂိုဏ်းအတွက် ဆေးဖော်စပ်ပေးခဲ့သည်မှာ လဝက်ခန့် ရှိနေပြီဖြစ်သော်လည်း ရထိုက်သည့် အမြတ်ဝေစုကိုမူ ယနေ့တိုင် မရရှိသေးပေ။

အကယ်၍ တစ်နေရာသို့ ထွက်ပြေးတိမ်းရှောင်မည်ဆိုလျှင်ပင် အနည်းဆုံးတော့ အရင်းအနှီးအချို့ ပါသွားရမည် မဟုတ်ပါလော။

ထို့အပြင် သူ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် ကိစ္စရပ်တစ်ခုလည်း ရှိနေသေးသည်။

‘အစ်ကိုဝမ်ကိုတော့ ရှင်းပြချက်တစ်ခု ပေးဖို့ လိုလိမ့်မယ်’ ဟု လော့ချန် စဉ်းစားလိုက်မိသည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၇၄) - ရုတ်တရက် ရောက်ရှိလာသော မုန်တိုင်း

ဝမ်ယွမ်သည် လော့ချန် အမှန်တကယ် ယုံကြည်အားကိုးနိုင်သည့် တစ်ဦးတည်းသော မိတ်ဆွေဖြစ်သည်။ သွေးအဆီအနှစ်ဆေးလုံး ကဲ့သို့သော မိစ္ဆာလမ်းစဉ်ဘက် နွယ်သည့် ဆေးမျိုးကို ဖော်စပ်မိစဉ်ကပင် စမ်းသပ်ရန်အတွက် လော့ချန် ပထမဆုံး ရှာဖွေခဲ့သူမှာ ဝမ်ယွမ် ဖြစ်သည်။

သူတို့နှစ်ဦး၏ ဆက်ဆံရေးကို အစပြုခဲ့သည်မှာ မှော်အာဟာရဆေးလုံး တစ်လုံးနှင့် သိုလှောင်အိတ် တစ်လုံး ဖြစ်သည်။

ဝမ်ယွမ် အခက်အခဲကြုံနေရစဉ်က လော့ချန်သည် ဝမ်ယွမ်အား မှော်အာဟာရဆေးလုံး တစ်လုံး လက်ဆောင်ပေးခဲ့ဖူးသည်။ ထို့အတူ လော့ချန် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး ပစ္စည်းအမြောက်အမြား လက်ဝယ်ရှိနေစဉ်မှာပင် ဝမ်ယွမ် ထိုအရာများကို လုယူရန် မကြိုးစားခဲ့ပေ။ ထိုမျှသာမက သူ၏ တန်ဖိုးရှိလှသော ဝိညာဉ်ဖျက်သံမှို တစ်ချောင်းကိုပင် လက်ဆောင်ပေးခဲ့သေးသည်။

သူတို့နှစ်ဦးကြား ပေးကမ်းခဲ့သော ပစ္စည်းများမှာ တန်ဖိုးအားဖြင့် ကွာခြားနိုင်သော်လည်း စစ်မှန်သော မိတ်ဆွေသံယောဇဉ်ကိုမူ ထိုအရာများဖြင့် တိုင်းတာ၍ မရနိုင်ပေ။

လော့ချန်သည် ထွက်ပြေးရန် ပြင်ဆင်ထားပြီးဖြစ်သော်လည်း ဝမ်ယွမ်ကိုမူ ရှင်းပြချက်တစ်ခု ပေးချင်နေမိသည်။ အနည်းဆုံးတော့ ‘နှုတ်ဆက်ပါတယ်’ ဆိုသည့် စကားတစ်ခွန်းလောက်တော့ ပြောသွားသင့်သည် မဟုတ်ပါလော။

….

တစ်နေ့တာ ဆေးဖော်စပ်ခြင်းလုပ်ငန်းများ ပြီးဆုံးသွားပြီးနောက် လော့ချန်သည် တောင်ကမ်းပါးယံတွင် ထိုင်ကာ ချင်ယွမ်ဇီ၏ ကျမ်းစာကို ဖတ်ရှုရင်း လက်ဖက်ရည် သောက်နေသည်။

သူ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။

ယနေ့ည ရေနဂါးခန်းမသို့ တိတ်တဆိတ် သွားရောက်၍ ဝမ်ယွမ်ကို နှုတ်ဆက်မည်။ ထို့နောက် ကျန်ရှိသော လဝက်အတွင်း ကျောက်စိမ်းအမြုတေဆေးလုံးများကို အပြီးသတ် ဖော်စပ်ကာ ထွက်ခွာရန်အတွက် လိုအပ်သော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းမည်။

ဤသို့ လုပ်ဆောင်ခြင်းက မည်သူ့ကိုမျှ သံသယမဝင်စေဘဲ အေးအေးဆေးဆေး ထွက်ခွာသွားနိုင်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

‘နှမြောစရာ ကောင်းတာက ချီသန့်စင်အဆင့် ၉ ကို ရောက်ဖို့ အလှမ်းဝေးနေသေးတာပဲ၊ အဲ့ဒီအဆင့်ကိုသာ ရောက်နေရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပိုပြီး ယုံကြည်ချက် ရှိမှာ’

လော့ချန်၏ ကျင့်ကြံခြင်း တိုးတက်မှုမှာ ၅၀/၁၀၀ သာ ရှိသေးသည်။ ချီသန့်စင်အဆင့် ၉ သို့ တက်လှမ်းရန်အတွက် နောက်ထပ် လအနည်းငယ်ခန့် ချီစွမ်းအင်ကို သန့်စင်ရန် လိုအပ်ဦးမည် ဖြစ်သည်။

သို့သော် သူ့တွင် ထိုမျှလောက် အချိန်မရှိပေ။ မီရှုဟွာ၏ ဒဏ်ရာများ မည်သည့်အချိန်တွင် အရှင်းပျောက်ကင်းမည်ကို သူ မသိနိုင်ပေ။ မီရှုဟွာ ဒဏ်ရာရနေသည့် ယခုအချိန်သည်သာ ထွက်ပြေးရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

အကယ်၍ မီရှုဟွာ ကျန်းမာရေး ပြန်ကောင်းလာလျှင် သူ့အား ပိုမိုထိန်းချုပ်ရန် ကြိုးစားလာပေလိမ့်မည်။ အချိန်ဆွဲလေလေ အခြေအနေများမှာ ပို၍ ခန့်မှန်းရခက်လေလေ ဖြစ်လာမည်။

လော့ချန် သက်ပြင်းချလိုက်ပြီး ဆေးဖော်ဆောင်မှ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ ထိုစဉ် အမှောင်ထဲတွင် ပုန်းကွယ်နေလေ့ရှိသော ကျိုးယွမ်လီ ရုတ်တရက် ရောက်လာသည်။

"ခန်းမခေါင်းဆောင်လော့…. အခြေအနေ တစ်ခုခု မှားနေပြီ "

လော့ချန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူ အလွန် သတိထားခဲ့သည်ဖြစ်ရာ သူ၏ အစီအစဉ်ကို တစ်စုံတစ်ယောက်က ရိပ်မိသွားစရာ အကြောင်းမရှိပေ။ သို့သော် ကျိုးယွမ်လီ၏ နောက်ထပ်စကားကြောင့် သူ အနည်းငယ် စိတ်အေးသွားသည်။

"အပြင်ဘက်မှာပါ.... အပြင်ဘက်မှာ တစ်ခုခု ထူးခြားနေတယ် "

ထိုသို့ကြားလိုက်ရသောအခါ လော့ချန်၏ စိုးရိမ်စိတ်မှာ အခြားတစ်မျိုး ပြောင်းလဲသွားသည်။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ကင်းလှည့်ဖို့ လွှတ်ထားတဲ့ ညီအစ်ကို နှစ်ယောက် ပြန်မလာသေးဘူး" ဟု ကျိုးယွမ်လီက ပြန်ဖြေသည်။

"ဟင်"

လော့ချန်၏ မျက်မှောင်မှာ ပို၍ ကြုတ်သွားသည်။

မီရှုဟွာသည် လော့ချန်အား ကာကွယ်ရန် အစောင့်အရှောက် ငါးဦး ပေးထားခဲ့သည်။ အပြင်ပန်းတွင် ချီသန့်စင်အဆင့် ၈ ရှိသော ကျိုးယွမ်လီနှင့် လျိုချန်းတို့က ကာကွယ်ပေးထားပြီး သူတို့နှစ်ဦး ပေါင်းလျှင် အဆင့် ၉ ရှိသူတစ်ဦးနှင့် ရင်ဆိုင်နိုင်သည်။

သို့သော် လျှို့ဝှက်ချက်အနေဖြင့် အခြားသော အစောင့်အရှောက် သုံးဦး ရှိနေသေးပြီး သူတို့မှာ ရှေ့ပြေးကင်းထောက်ခြင်းနှင့် နောက်တန်းကို စောင့်ကြည့်ခြင်းများ ပြုလုပ်ရသည်။ ပုံမှန်အားဖြင့် လော့ချန် ခရီးသွားလာလျှင် အစောင့်အရှောက်နှစ်ဦးမှာ အမြဲ အပြင်ဘက်တွင် ကင်းလှည့်နေရပြီး ကျိုးယွမ်လီသာ သူတို့နှင့် ဆက်သွယ်နေရခြင်း ဖြစ်သည်။

ယခုအခါ ထိုသူတို့ထံမှ မည်သည့်သတင်းစကားမျှ ထွက်ပေါ်မလာတော့ခြင်းမှာ အဘယ်အရာကို ဆိုလိုနေပါသနည်း။

"မကောင်းတော့ဘူး"

လော့ချန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အမြန် အမိန့်ပေးလိုက်သည်။

"မြန်မြန်.... ခန်းမခေါင်းဆောင် မုရုံနဲ့ တာဝန်ခံ ကူချိုင်ယီကို လိုက်ခေါ်"

ယခုလေးတင် အမျိုးသမီးနှစ်ဦးမှာ မိမိ၏ ရှေ့မှပင် အိမ်ပြန်သွားကြခြင်း ဖြစ်သည်။ နှစ်မိနစ်ပင် မပြည့်သေးပေ။

ချီသန့်စင်အဆင့် ၈ ရှိသော ကျင့်ကြံသူ နှစ်ဦး ဘာအသံမှမထွက်ဘဲ ပျောက်ကွယ်သွားသည်ဆိုလျှင် အပြင်ဘက်ရှိ ရန်သူမှာ အဆင့် ၉ ရှိသူကိုပင် ခြိမ်းခြောက်နိုင်သည့် အင်အားရှိနေသည်မှာ သေချာသည်။

ကျိုးယွမ်လီမှာ ဝေခွဲမရဖြစ်သွားပြီးနောက် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူ ဘာမှမပြောဘဲ အပြင်သို့ ထွက်ကာ ကျယ်လောင်သော လေချွန်သံ တစ်ချက် ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် လခြမ်းတောင်ကြား ဝန်းကျင်တွင် ကင်းစောင့်နေသော ချီသန့်စင် အလယ်အလတ်နှင့် အဆင့်မြင့် ကျင့်ကြံသူ အယောက် ၂၀ ကျော်မှာ အမှောင်ထဲမှ ထွက်လာကြသည်။ ထိုအထဲတွင် ချီသန့်စင်အဆင့် ၉ ရှိသူ တစ်ဦးပင် ပါဝင်သည်။

ထိုသူမှာ ယွမ်ယွဲ့ကျောင်း ဖြစ်ပြီး ဆေးဝါးဆောင်၏ တစ်ဦးတည်းသော တာဝန်ခံဖြစ်သည်။

သူမသည် အသက် ၁၀၀ နီးပါး ရှိနေပြီဖြစ်ပြီး ဆေးခင်းများကို စီမံခန့်ခွဲခြင်းနှင့် ဝိညာဉ်ပင်များကို ပြုစုပျိုးထောင်ခြင်းများကို လုပ်ဆောင်ရသည်။ လော့ချန်နှင့် ရင်းနှီးသော ဝိညာဉ်ပင် စိုက်ပျိုးရေးပညာရှင် ယွမ်တုန်းရှန်းမှာ သူမ၏ သားကြီး ဖြစ်သည်။

ညဘက်များတွင် သူမ သို့မဟုတ် စီကုန်းရှို့ကျားတို့က လခြမ်းတောင်ကြားကို အလှည့်ကျ စောင့်ရှောက်လေ့ရှိကြသည်။ လခြမ်းတောင်ကြားရှိ လူ အားလုံးက သူမအား အဘွားယွမ်ဟု လေးစားစွာ ခေါ်ကြသည်။

"အစီအရင်ကို ဖွင့်လိုက်"

ကျိုးယွမ်လီ၏ အမိန့်ပေးသံမှာ တောင်ကြားထဲတွင် ပဲ့တင်ထပ်သွားသည်။

"ကျိုးယွမ်လီ.... မင်း ဘာလုပ်နေတာလဲ"

လော့ချန် သူ့အား စိုက်ကြည့်ကာ မေးလိုက်သည်။

"ခန်းမခေါင်းဆောင်လော့.... ခေါင်းဆောင်လော့ရဲ့ ဘေးကင်းရေးက အရေးအကြီးဆုံးပဲ" ဟု ကျိုးယွမ်လီက တည်ငြိမ်စွာ ပြန်ဖြေသည်။

ထို့နောက် တုန်းဖန်းလျန်အား အနားသို့ ခေါ်ကာ မှာလိုက်သည်။

"အပြင်ထွက်ပြီး အခြေအနေကို သွားကြည့်၊ ခန်းမခေါင်းဆောင် မုရုံ ဒါမှမဟုတ် တာဝန်ခံကူ ကို တွေ့ရင် ချက်ချင်း ပြန်ခေါ်လာခဲ့"

တုန်းဖန်းလျန်မှာ အနည်းငယ် ထိတ်လန့်နေပုံရသော်လည်း ခေါင်းညိတ်ပြကာ အပြင်သို့ သတိထား၍ ထွက်သွားသည်။

ကျိုးယွမ်လီက လော့ချန်နှင့် အဘွားယွမ်ကို လှည့်ကြည့်ကာ ဆိုသည်။

"အဲ့ဒီ ညီအစ်ကို နှစ်ယောက်က တိုက်ခိုက်ရေးမှာ သိပ်မတော်ပေမဲ့ ဖုံးကွယ်တဲ့နေရာမှာတော့ ထိပ်တန်းပဲ၊ သူတို့ဆီက ဘာသတင်းမှ မကြားရတော့ဘူးဆိုရင် အပြင်ကလူက ခန်းမခေါင်းဆောင်ကို ရည်ရွယ်ပြီး လာတာ ဖြစ်နိုင်တယ်၊ ကျွန်တော်တို့ သတိထားရမယ်"

လော့ချန် သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် လခြမ်းတောင်ကြားသို့ လှမ်းကြည့်လိုက်သည်။ အညိုရောင် ချီစွမ်းအင် အလင်းတန်းများမှာ တောင်ကြားတစ်ခုလုံးအား မှောက်ထားသော ပန်းကန်လုံးကြီးသဖွယ် ဖုံးလွှမ်းသွားတော့သည်။

၎င်းမှာ ပထမအဆင့် မြေကမ္ဘာ ကာကွယ်ရေး အစီအရင်ဖြစ်ပြီး တောင်တန်းများ၏ တည်နေရာနှင့် မြေကြောများကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျင့်ကြံသူ မိသားစုငယ်များ အကြိုက်တွေ့သော ကာကွယ်ရေး အစီအရင်တစ်ခု ဖြစ်သည်။

လခြမ်းတောင်ကြားတွင် ဆေးဖော်ဆောင် စတင်တည်ထောင်စဉ်မှာပင် ဖိုရှန်းဂိုဏ်းမှ ဤအစီအရင်ကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဤအစီအရင်မှာ ဝိညာဉ်ကျောက်တုံး အမြောက်အမြား ကုန်ကျသဖြင့် အလွယ်တကူ အသုံးမပြုကြပေ။ အစပျိုးလိုက်ရုံနှင့် ဝိညာဉ်ကျောက်တုံး အနည်းဆုံး တစ်ရာခန့် ကုန်ကျပြီး ဆက်လက် လည်ပတ်နေစေရန်အတွက်လည်း အချိန်တိုင်းတွင် ဝိညာဉ်ကျောက်တုံးများစွာ ထပ်မံ ဖြည့်တင်းပေးနေရသည်။

သို့သော် ယခုအချိန်တွင် ကျိုးယွမ်လီ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအစီအရင်ကို အသက်သွင်းလိုက်ခြင်းမှာ လော့ချန်၏ တန်ဖိုး မည်မျှအထိ မြင့်မားနေပြီကို သက်သေပြနေသည်။

အစီအရင်ကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်ရှိ နေဝင်ဆည်းဆာ အလှတရားများ ပျောက်ကွယ်သွားပြီး အရာအားလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အဝါရောင် အလင်းတန်းများအောက်သို့ ရောက်ရှိသွားတော့သည်။

လော့ချန်သည် ပတ်ဝန်းကျင်တစ်ခုလုံးအား အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။

ရုတ်တရက် သူ လက်ကို မြှောက်လိုက်သည်။

ကျိုးယွမ်လီမှာ ခဏတာ ကြောင်သွားပြီးနောက် တစ်ခုခုကို သဘောပေါက်သွားကာ အစီအရင်၏ အစွန်းဘက်သို့ ပျံသန်းသွားခဲ့သည်။ မကြာမီ သူ့ရှေ့တွင် လူရိပ်များ ပေါ်လာသည်။ ရန်သူများ မဟုတ်ဘဲ ရင်းနှီးသော မျက်နှာများ ဖြစ်သည်။

လော့ချန် သက်ပြင်းချလိုက်မိသော်လည်း သူတို့ထဲမှ လူအချို့၏ ကိုယ်ပေါ်တွင် သွေးများ စွန်းထင်နေသည်ကို တွေ့လိုက်ရသောအခါ မျက်နှာ ပျက်သွားသည်။ အထူးသဖြင့် မုရုံချင်းလျန် တွဲကူလာသည့် သွေးချင်းချင်းနီနေသော ကူချိုင်ယီကို မြင်လိုက်ရသောအခါ လော့ချန်တစ်ယောက် ကျောရိုးထဲအထိ အေးစိမ့်သွားတော့သည်။

"ခန်းမခေါင်းဆောင် မုရုံ…. အပြင်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ" ဟု ကျိုးယွမ်လီက မေးလိုက်သည်။

"ရန်သူတွေ.... အများကြီးပဲ"

မုရုံချင်းလျန်၏ မျက်နှာမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပြီး သူမ၏ လှပသော ဝတ်ရုံမှာလည်း သွေးများ စွန်းထင်နေသည်။ ၎င်းမှာ သူမ၏ သွေးလား သို့မဟုတ် သတိလစ်နေသော ကူချိုင်ယီ၏ သွေးလားဆိုသည်မှာ မသဲကွဲပေ။

"ဘယ်လို ရန်သူမျိုးမို့လို့ ခန်းမခေါင်းဆောင်နဲ့ တာဝန်ခံ ကူ တို့ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်ရတာလဲ"

မုရုံချင်းလျန် နောက်သို့ လှည့်ကြည့်လိုက်သော်လည်း မည်သူမှ လိုက်လာသည်ကို မတွေ့ရပေ။

သူမ ခါးသီးစွာ ပြုံးရင်း ဆိုသည်။

"အသေးစိတ်တော့ ငါမသိဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ချီသန့်စင်အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူ ၄ ယောက်လောက် ပါတယ်၊ အလယ်အလတ်နဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကတော့ ရေတွက်လို့တောင် မရဘူး၊ အကြီးအကဲ စီကုန်းက ငါတို့ထက် အရင် တောင်ကြားကနေ ထွက်သွားတာ၊ ဒါပေမဲ့ ငါတို့ သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ သူက သံလက်သည်းကိုင်ထားတဲ့ အဆင့် ၉ ကျင့်ကြံသူတစ်ယောက်ရဲ့ လိုက်လံတိုက်ခိုက်တာကို ခံနေရတာ၊ အခြေအနေက တော်တော်ဆိုးနေတယ်၊ သူ သတိပေးလိုက်လို့သာ ငါနဲ့ ချိုင်ယီ ချုံခိုတိုက်ခိုက်တာကနေ လွတ်လာခဲ့တာ"

ကျိုးယွမ်လီ၏ မျက်လုံးများ ပြူးသွားသည်။

ဤမျှလောက် အင်အားတောင့်တင်းလှသော ရန်သူများမှာ အဘယ်အရပ်မှ ရုတ်ချည်း ပေါ်ပေါက်လာကြလေသလော။ အကယ်၍ ထိုသူတို့၌ ဤမျှအထိ စွမ်းအားကြီးမားသော အင်အားစုများ ရှိနေခဲ့မည်ဆိုပါက မုရုံချင်းလျန်တို့တစ်စုကို အဘယ်ကြောင့် အလွယ်တကူ လွှတ်ပေးလိုက်ရပါသနည်း။

အထူးသဖြင့် အပြင်ဘက်တွင် ကျန်ရှိနေခဲ့သော ဆေးဖော်စပ်သူများနှင့် ဆေးပင်စိုက်ပျိုးသူများမှာ ကျင့်ကြံဆင့်နိမ့်သူများသာ ဖြစ်ကြရာ မည်သို့မျှ ခုခံယှဉ်ပြိုင်နိုင်စွမ်း ရှိကြမည်မဟုတ်ပေ။

"ငါတို့ကို အထဲပေးဝင်ပါဦး.... မြန်မြန်…."

"အဲ့ဒီလူတွေက ကြောက်စရာကြီး၊ သူတို့က တွေ့သမျှလူ အကုန်သတ်နေတာ၊ ချန်ယွမ် ဆိုရင် ငါတို့ရှေ့တင် အသတ်ခံလိုက်ရတာ၊ အရိုးတောင် မကျန်ဘူး…."

"အစ်ကိုကျိုး.... အစီအရင်ကို ဖွင့်ပေးပါဦး၊ ကျွန်တော် ဒဏ်ရာရထားလို့ အရမ်းနာနေပြီ "

"အစီအရင်ကို အခုချက်ချင်း ဖွင့်စမ်း"

အပြင်ဘက်မှ အကူအညီတောင်းသံများမှာ မကြာမီမှာပင် ဒေါသတကြီး အော်ဟစ်သံများအဖြစ် ပြောင်းလဲသွားသည်။ ကျိုးယွမ်လီမှာ ဝေခွဲမရ ဖြစ်နေသည်။

ထိုစဉ် နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာသည်။

"သူတို့ကို အထဲပေးဝင်လိုက်ပါ"

ကျိုးယွမ်လီ ချက်ချင်း လှည့်ကြည့်ကာ တားလိုက်သည်။

"ခန်းမခေါင်းဆောင် မလုပ်ပါနဲ့ …. သူတို့ထဲမှာ သူလျှိုတွေ ပါလာနိုင်တယ်"

လော့ချန်၏ မျက်နှာမှာ တည်ကြည်နေသည်။

"ရပါတယ်၊ ငါ အကုန် တာဝန်ယူတယ်" ဟု သူ ပြောလိုက်သည်။ ထို့နောက် အစီအရင်၏ အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။

အပြင်ဘက်မှ ရင်းနှီးသော မျက်နှာများကို ကြည့်ကာ လော့ချန် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အစီအရင်ထဲ မဝင်ခင် မင်းတို့ရဲ့ ဖိုရှန်းဂိုဏ်း အသိအမှတ်ပြု တံဆိပ်ကို အရင်ပြရမယ်၊ အထဲရောက်ရင်လည်း ခွင့်ပြုချက်မရှိဘဲ မလှုပ်ရှားရဘူး၊ စစ်ဆေးမေးမြန်းတာကို ခံယူရမယ်၊ ဘယ်လိုမှ မခုခံရဘူး၊ အမိန့်မနာခံတဲ့သူကိုတော့ ချက်ချင်း သတ်ပစ်မယ်"

အပြင်ဘက်မှ ဆူညံသံများမှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ကျေးဇူးတင်စကားများ ထွက်ပေါ်လာတော့သည်။

"ကျေးဇူးတင်ပါတယ် ခန်းမခေါင်းဆောင်လော့"

"ခန်းမခေါင်းဆောင်လော့ ကျန်းမာပါစေ "

လော့ချန်မှာ ဘာမှမတုံ့ပြန်ဘဲ အပြင်ဘက်ရှိ ကျင့်ကြံသူများကိုသာ စိုက်ကြည့်နေခဲ့သည်။

ကျိုးယွမ်လီသည် မချိတင်ကဲဖြင့် သက်ပြင်းတစ်ချက်ကို ခိုး၍ချလိုက်မိသည်။ လော့ချန်သည် အတွေ့အကြုံ နည်းပါးလွန်းလှသည့်အပြင် စိတ်နှလုံးကလည်း နူးညံ့လွန်းနေသည် မဟုတ်ပါလော။ ဤမျှလောက် များပြားလှသော လူအုပ်ကြီးကို တစ်ပြိုင်နက်တည်း အထဲသို့ ပေးဝင်လိုက်ပါက သူလျှိုများ ရောနှောပါဝင်လာလျှင် မည်သို့လုပ်မည်နည်း။

သို့သော်ငြားလည်း ဤနေရာတွင် လော့ချန်သည်သာလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်နေသဖြင့် ကျိုးယွမ်လီအနေဖြင့် မနာခံဘဲ မနေနိုင်ပေ။ လူအများ၏ ရှေ့မှောက်တွင် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါက လော့ချန်အား စော်ကားရာ ရောက်သွားမည့်အပြင် စုဝေးနေသော လူအုပ်ကြီး၏ ဒေါသကိုပါ ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ချေ ရှိနေပေသည်။

အပြင်ဘက်ရှိ ကျင့်ကြံသူများထဲတွင် အထဲရှိလူများနှင့် ဆွေမျိုးတော်စပ်သူ သို့မဟုတ် ရင်းနှီးသူများစွာ ပါဝင်နေသည်။ ဥပမာအားဖြင့် ယွမ်တုန်းရှန်း မှာလည်း အပြင်ဘက်တွင် ရှိနေပြီး ဆေးဝါးဆောင်မှ အဘွားယွမ်နှင့် စကားပြောနေသည် မဟုတ်ပါလော။

‘ဟူး…. ထားလိုက်ပါတော့၊ နောက်မှပဲ ပိုပြီး သတိထားရမှာပေါ့’

ကျိုးယွမ်လီမှာ အစီအရင်ကို တစ်ယောက်ချင်းစီ ဝင်နိုင်ရုံလောက်သာ ဟပေးလိုက်တော့သည်။ ပထမဆုံး ဝင်လာသူများမှာ မုရုံချင်းလျန်နှင့် ကူချိုင်ယီတို့ ဖြစ်သည်။ လော့ချန် သူတို့အား ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"အဘွားယွမ်…. ဒေါ်လေးတို့ရဲ့ ဒဏ်ရာတွေကို ကြည့်ပေးပါဦး"

"ဒေါ်လေးကတော့ ကုသဖို့ မလိုပါဘူး၊ အချိန်မီ ရှောင်နိုင်ခဲ့လို့ ဘာမှမဖြစ်ဘူး"

မုရုံချင်းလျန်က သက်ပြင်းချရင်း သတိလစ်နေသော ကူချိုင်ယီကို အဘွားယွမ်လက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် သူမ လော့ချန်၏ ဘေးတွင် သွားရပ်လိုက်သည်။

ဆက်လက်၍ ဆေးဝါးဆောင်နှင့် ဆေးဖော်ဆောင်မှ အဆင့်နိမ့် ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ဝင်လာကြသည်။ ကျိုးယွမ်လီ၏ အမိန့်အရ လူတိုင်းမှာ သူတို့၏ တံဆိပ်များကို ပြသကြရပြီး စစ်ဆေးမေးမြန်းခြင်းကို ခံယူကြရသည်။

ရုတ်တရက် လော့ချန်သည် စစ်ဆေးမှု ပြီးဆုံးသွားသော ကျင့်ကြံသူ တစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်၍ အမိန့်ပေးလိုက်သည်။

"သူ့ကို ဖမ်းလိုက်…. ပြီးတော့ သေသေချာချာ စစ်မေးစမ်း"

ထိုသူမှာ ခဏတာ ကြောင်သွားပြီးနောက် မျက်နှာပျက်သွားကာ ထွက်ပြေးရန် ကြိုးစားတော့သည်။ အခြားသူများမှာ တုံ့ပြန်ရန် နှေးကွေးနေသော်လည်း လော့ချန် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

သူ လက်ချောင်းတစ်ချောင်း လှုပ်ရှားလိုက်သည်။

ဖောက်….

ထိုသူမှာ ဒူးထောက် လဲကျသွားပြီး ဒူးခေါင်းနှစ်ဖက်လုံးမှ သွေးများ ပန်းထွက်လာတော့သည်။

မုရုံချင်းလျန် အံ့ဩသွားသည်။

"အဲ့ဒါ ဆေးဝါးဆောင်က ကျန်းပေါင်ထိုက် လေ၊ သူကတော့ မဖြစ်နိုင်…."

"သူက ကျန်းပေါင်ထိုက် မဟုတ်ဘူး ဒေါ်လေး"

လော့ချန် ချီစွမ်းအင်များဖြင့် ထိုသူအား ရိုက်ခတ်လိုက်သည့်အခါ ထိုသူ၏ မျက်နှာမှ အမည်းရောင် အငွေ့အသက်များ ထွက်ပေါ်လာပြီး မရင်းနှီးသော မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။

‘ရုပ်ပြောင်းခြင်း အတတ်ပဲ’

ကျိုးယွမ်လီမှာ ခဏတာ ကြောင်သွားသော်လည်း သူ၏ လက်များမှာ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုသူအား ချက်ချင်း ဖမ်းချုပ်လိုက်သည်။

"သူတစ်ယောက်တည်း မဟုတ်ဘူး၊ ဟိုတစ်ယောက်လည်း ပါတယ်"

လော့ချန်သည် လူအုပ်၏ နောက်ဘက်တွင် ပုန်းနေသော ကျင့်ကြံသူတစ်ဦးကို ကြည့်ကာ လက်ချောင်း ထပ်တောက်လိုက်ပြန်သည်။ ထိုသူမှာ ဤသို့ ဖြစ်လာမည်ကို ကြိုတင်သိနေသည့်အလား မှော်လက်နက်တစ်ခုကို ထုတ်ပြီး ကာကွယ်လိုက်သည်။

ဒုန်း….

သူ ကာကွယ်နိုင်လိုက်သည့်အတွက် စိတ်အေးသွားသည့်အချိန်မှာပင် ကျောက်စေ့ နှစ်စေ့မှာ ဘေးတစ်ဖက်စီမှ ပျံထွက်လာပြီး သူ၏ ဒူးခေါင်းကို တိုက်ရိုက် ထိမှန်သွားတော့သည်။

ဖောက်…. ဖောက်….

သူလည်း ဒူးထောက် လဲကျသွားပြန်သည်။

"အားလုံးကို ဖမ်းလိုက်၊ သူတို့ ဘယ်ဂိုဏ်းကလဲဆိုတာ သေသေချာချာ စစ်မေးစမ်း၊ ပြီးတော့ ဝင်လာတဲ့သူ အားလုံးကိုလည်း ကန့်သတ်ချက်တွေ လုပ်ထားလိုက်၊ ယွမ်တုန်းရှန်း အပါအဝင်ပေါ့"

လော့ချန် တည်ငြိမ်စွာ အမိန့်ပေးလိုက်ပြီး အဝေးမှ အဘွားယွမ်ကို ကြည့်လိုက်သည်။ အဘွားယွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

ကျိုးယွမ်လီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အမိန့်ကို ချက်ချင်း နာခံလိုက်သည်။ သို့သော် သူ စဉ်းစားမရသည့် အချက်တစ်ချက်ရှိသည်။

‘ခေါင်းဆောင်လော့က ရန်သူနဲ့ မိတ်ဆွေကို ဘယ်လို ခွဲခြားလိုက်တာလဲ’

လော့ချန်မှာ သူ ထင်ထားသလို အတွေ့အကြုံ မရှိသူ မဟုတ်ဘဲ အရာအားလုံးကို အကွက်ကျကျ လုပ်ဆောင်နိုင်သူ ဖြစ်နေသည်ကိုလည်း သူ သတိထားမိသွားသည်။

လော့ချန်တွင် ရှင်းပြရန် ရည်ရွယ်ချက် မရှိပေ။ သူ၏ နတ်မျက်စိအတတ် ဖြင့် ကြည့်လျှင် ချီစွမ်းအင်ဖြင့် ဖန်တီးထားသော ထိုကဲ့သို့ အပေါ်ယံ မျက်နှာဖုံးများကို မြင်နိုင်ရန်မှာ အလွန်လွယ်ကူလှသည်။

သူလျှို နှစ်ဦးကို ဖမ်းဆီးပြီးနောက် လော့ချန်သည် အစီအရင် အပြင်ဘက်တွင် ကျန်ရှိနေသေးသော ကျင့်ကြံသူ အယောက် ၂၀ ခန့်ကို လှည့်ကြည့်လိုက်သည်။ သူ၏ ထက်ရှသော အကြည့်အောက်တွင် အပြင်ဘက်ရှိ လူအုပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ခဏအကြာတွင် လူ ၇ ဦးမှာ လမ်းခွဲကာ ထွက်ပြေးရန် ကြိုးစားကြတော့သည်။

လော့ချန် နှာခေါင်းရှုံ့လိုက်သည်။

‘ချီသန့်စင် အလယ်အလတ်အဆင့်လောက်နဲ့ ငါ့ရှေ့ကနေ ပြေးနိုင်မယ် ထင်နေတာလား၊ မြေကမ္ဘာ ကာကွယ်ရေး အစီအရင်က အပြင်ကလူ အထဲမဝင်နိုင်အောင် တားတာဖြစ်ပေမဲ့ အထဲကလူက အပြင်ကို တိုက်ခိုက်လို့ ရတာပဲလေ’

သူ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ချောင်းများကို လျှင်မြန်စွာ တောက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အသုံးမပြုတော့သော ကျောက်စိမ်းစေ့ များမှာ လေထဲသို့ ပျံထွက်သွားတော့သည်။

နတ်သမီး ပန်းကြဲခြင်းအတတ်မှာ ကျွမ်းကျင်အဆင့်သာ ရှိသေးသော်လည်း လက်နက်ပုန်း ပစ်ခတ်ခြင်းအတတ်မှာမူ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချီသန့်စင်အဆင့် ၈ ၏ ချီစွမ်းအင်ဖြင့် ပစ်ခတ်လိုက်သော ထိုကျောက်စိမ်းစေ့ တစ်စေ့ချင်းစီ၏ အစွမ်းမှာ အဆင့်နိမ့် မှော်လက်နက်တစ်ခု၏ တိုက်ခိုက်မှုနှင့် မခြားပေ။ အသက်ရှူကြိမ် တစ်ကြိမ်အတွင်းမှာပင် အသားထဲသို့ စူးဝင်သွားသော အသံများ ထွက်ပေါ်လာတော့သည်။

လေထဲတွင် သွေးပန်းပွင့်များ ပွင့်လန်းသွားသည်။ အဆင့်မြင့် ဝတ်ရုံဖြင့် ကာကွယ်ရန် ကြိုးစားသော ကျင့်ကြံသူမှာလည်း လော့ချန်၏ ကျောက်စိမ်းစေ့ ၂၀ ခန့်၏ တရစပ် ပစ်ခတ်မှုကြောင့် အသားစများအဖြစ် ပြောင်းလဲသွားတော့သည်။

ဤကဲ့သို့ ရက်စက်သော သတ်ဖြတ်မှုကို မြင်လိုက်ရသောအခါ အထဲရှိ ကျင့်ကြံသူများမှာ ကြောက်လန့်တကြား ငြိမ်သက်သွားကြသည်။ အမြဲ နူးညံ့ပြီး ဖော်ရွေတတ်သော ဆေးဖော်ဆောင်၏ ခေါင်းဆောင်သည် ဤမျှအထိ ပြင်းထန်သော နည်းလမ်းများကို အသုံးပြုလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။ ချီသန့်စင် အလယ်အလတ်အဆင့်ရှိသော ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းမှာ အလွန် လွယ်ကူနေသည် မဟုတ်ပါလော။

သို့သော်လည်း ကျန်ရှိသော သူများ အစီအရင်ထဲသို့ ဝင်လာသည့်အခါတွင်မူ အားပေးသံများ ပြန်လည် ထွက်ပေါ်လာပြန်သည်။

"ခန်းမခေါင်းဆောင်က တကယ်ကို စွမ်းတာပဲ…."

"ခန်းမခေါင်းဆောင်က အရမ်း အစွမ်းထက်တာပဲ…."

"ဂိုဏ်းရဲ့ ခန်းမခေါင်းဆောင် ၉ ယောက်ထဲက တစ်ယောက် ဖြစ်နေတာ မဆန်းပါဘူး၊ အေးအေးဆေးဆေး နေတတ်တဲ့ ပုံစံနောက်ကွယ်မှာ ဒီလောက် အစွမ်းတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"

ဘေးဒုက္ခကြုံလာသည့် အချိန်တွင် အစွမ်းထက်သောသူမှာသာ အားကိုးရာ ဖြစ်သည် မဟုတ်ပါလော။

လော့ချန် အနည်းငယ် ပြုံးပြလိုက်ပြီး လူအုပ်ကို အားပေးစကား ပြောလိုက်သည်။ ထို့နောက် ဖမ်းဆီးထားသော သူလျှိုနှစ်ဦးကို စစ်ဆေးမေးမြန်းရန် ဆေးဖော်ဆောင်ထဲသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။

….

"သူ ဝန်ခံပြီလား" ဟု လော့ချန် မေးလိုက်သည်။

"မဝန်ခံသေးဘူးဗျ"

တုန်းဖန်းလျန်က ခေါင်းကုတ်ရင်း ပြောသည်။

"အကြီးအကဲ စီကုန်း ဆီက သင်ထားတဲ့ ဝိညာဉ်ထိုးဖောက်အပ် အတတ်ကို ကျွန်တော် သေသေချာချာ မကျွမ်းကျင်သေးဘူး၊ သူသာ ရှိရင်တော့ ပိုလွယ်မှာပဲ"

"ထားလိုက်ပါတော့.... ငါပဲ လုပ်လိုက်မယ်"

လော့ချန် ထိုင်ရာမှထပြီး တုန်းဖန်းလျန်၏ လက်ထဲမှ ငွေအပ်တစ်ချောင်းကို ယူလိုက်သည်။

အမှန်စင်စစ် ဝိညာဉ်ထိုးဖောက်အပ် အတတ်ကို လော့ချန် မသိပေ၊ သို့သော် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း အတတ်ကိုမူ သိသည်။ စိတ်ဓာတ်ကြံ့ခိုင်မှုကို လေ့ကျင့်ရန်အတွက် အသုံးပြုသော ဤအတတ်မှာ ခန္ဓာကိုယ်၏ အရေးကြီးသော အပ်စိုက်မှတ် ၃၆ မှတ်ကို လှုံ့ဆော်ရခြင်း ဖြစ်ပြီး အလွန်အမင်း နာကျင်မှုကို ခံစားရစေသည်။

လော့ချန်ကိုယ်တိုင်ပင်လျှင် ဤအတတ်ကို လပေါင်းများစွာ လေ့ကျင့်ခဲ့ရပြီး အပေါ်ယံမျှသာ သိသေးခြင်း ဖြစ်သည်။ ထိုအတတ်ကို ယခုကဲ့သို့ အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးအား စစ်ဆေးမေးမြန်းရာတွင် အသုံးပြုရန် အလွန်ပင် သင့်တော်လှပေသည်။

လော့ချန်သည် ပထမဆုံး ဖမ်းဆီးထားသူဆီသို့ လျှောက်သွားလိုက်သည်။ ထိုသူ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူ၏ မျက်လုံးထဲတွင်မူ အထင်သေးသော အရိပ်အယောင်များ ရှိနေဆဲပင်။

လော့ချန် ခေါင်းခါလိုက်သည်။ သူသည် ထိုသူအား စကားဖြင့် ဖျောင်းဖျရန် မကြိုးစားပေ။ အပ်ကို တိုက်ရိုက် ထိုးသွင်းလိုက်သည်။ နာကျင်မှုကို တဖြည်းဖြည်းချင်း မပေးဘဲ အရေးကြီးသော အပ်စိုက်မှတ်သို့ တိုက်ရိုက် ထိုးလိုက်ခြင်း ဖြစ်သည်။

အား….

အပ်တစ်ချောင်းတည်းနှင့်ပင် ကျင့်ကြံသူ၏ မျက်လုံးများ ပြူးထွက်သွားပြီး အသည်းခိုက်မတတ် အော်ဟစ်တော့သည်။ ဘေးတွင် ရပ်နေသော တုန်းဖန်းလျန်မှာ တုန်လှုပ်သွားသည်။ အချက်တစ်ချက်တည်းနဲ့ ထိုမျှ နာကျင်နေလေသလော။

သူ မသိသည်မှာ လော့ချန်၏ အတတ်မှာ အပ်စိုက်ခြင်းသက်သက် မဟုတ်ဘဲ ချီစွမ်းအင် တစ်မျှင်ကိုပါ အပ်မှတစ်ဆင့် ထိုးသွင်းလိုက်ခြင်း ဖြစ်သည်ကိုပင်။ ဤကဲ့သို့ အတွင်းအပြင် တွဲဖက်တိုက်ခိုက်မှုကို လူသားတစ်ဦး၏ ခန္ဓာကိုယ်အဆင့်တွင်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦး မည်သို့မျှ တောင့်မခံနိုင်ပေ။

လော့ချန် အပ်ကို ပြန်ထုတ်လိုက်ပြီး ထိုသူကို ကြည့်နေခဲ့သည်။ အသက်ရှူကြိမ် နှစ်ကြိမ်အကြာတွင် သူ ခေါင်းခါလိုက်ပြီး ဆိုသည်။

"မင်း စကားမပြောချင်သေးဘူး ထင်တယ်"

ဇွပ်….

ထိုသူ၏ ထိတ်လန့်နေသော မျက်လုံးများရှေ့မှာပင် လော့ချန် နောက်ထပ် အပ်တစ်ချောင်း ထပ်ထိုးလိုက်ပြန်သည်။

အား….

လော့ချန် အပ်ကို ပြန်ထုတ်လိုက်ပြီး ထိုသူအား တိတ်ဆိတ်စွာ စိုက်ကြည့်နေပြန်သည်။ ထို့နောက် ထပ်မံ ခေါင်းခါလိုက်သည်။

"တကယ့်ကို စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတစ်ယောက်ပဲ၊ နှမြောစရာကောင်းလိုက်တာ"

ထိုသူ၏ ကြောက်လန့်နေသော မျက်လုံးများရှေ့တွင် လော့ချန် နောက်ထပ် အပ်နှစ်ချောင်းကို ယူလိုက်သည်။ သူ၏ လက်များမှာ လျှပ်စီးကဲ့သို့ လျှင်မြန်လှပြီး အပ်နှစ်ချောင်းလုံးကို တစ်ပြိုင်တည်း ထိုးသွင်းလိုက်တော့သည်။

"ဟင်…. သူ ဘာလို့ မအော်တော့တာလဲ"

လော့ချန် ကြည့်လိုက်သည့်အခါ ထိုသူမှာ မြေပြင်ပေါ်တွင် ပျော့ခွေလဲကျနေပြီး ဆီးများပင် ထွက်ကျနေသည်ကို တွေ့လိုက်ရသည်။

"အခုထိတောင် မပြောချင်သေးဘူးလား၊ မင်းရဲ့ ဘယ်လို ဘဝက မင်းကို ဒီလောက်အထိ စိတ်ဓာတ်ကြံ့ခိုင်အောင် လုပ်ပေးခဲ့တာလဲဆိုတာ ငါ တကယ် သိချင်မိတယ်"

လော့ချန် သက်ပြင်းချရင်း တတိယမြောက် ငွေအပ်ကို ယူလိုက်သည်။

သူ အပ်ကို မြှောက်လိုက်သည့်အချိန်မှာပင် မြေပြင်ပေါ်ရှိ ကျင့်ကြံသူမှာ မျက်လုံးများ လွင့်နေလျက် အားနည်းစွာ ပြောလိုက်တော့သည်။

"မေးပါဗျာ…. မေးစရာရှိတာ အကုန်သာမေးပါတော့..."

All Chapters