အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉) - အင်အားစုအားလုံး လှုပ်ရှားလာခြင်း
လော့ချန် အေးအေးလူလူပင် ရှိနေသည်။ ရန်သူသည် လခြမ်းတောင်ကြားအား ဝိုင်းရံထားသော်လည်း အတင်းဝင်ရောက် မတိုက်ခိုက်သေးခြင်းမှာ အထဲရှိလူအားလုံးကို သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်း သိသာလှသည်။
အထူးသဖြင့် အသက်ကြီးသူများ၊ အမျိုးသမီးများနှင့် ချီသန့်စင်အဆင့် အစောပိုင်းနှင့် အလယ်အလတ်ရှိသော အားနည်းသည့် ကျင့်ကြံသူများကို သူတို့ ဆက်ဆံပုံမှာ သက်သေပင် ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် အားနည်းသူများအတွက် ကရုဏာ ဆိုသည်မှာ မရှိသလောက်ပင်။ အပြန်အလှန်အားဖြင့် အသက်ကြီးသော ကျင့်ကြံသူများနှင့် အမျိုးသမီးများကို ပို၍ပင် သတိထားရလေ့ရှိသည်။
အဘိုးအိုများသည် ဆယ်စုနှစ်ပေါင်းများစွာ သွေးထွက်သံယို တိုက်ပွဲများနှင့် ပြိုင်ဆိုင်မှုများကြားမှ အသက်ရှင်ကျန်ရစ်ခဲ့သူများ ဖြစ်သဖြင့် သူတို့တွင် ကိုယ်ပိုင်လှည့်ကွက်များ၊ လျှို့ဝှက်နည်းစနစ်များ သို့မဟုတ် နောက်ခံအင်အားများ ရှိတတ်ကြသည်။
အမျိုးသမီးကျင့်ကြံသူများမှာလည်း အဆင့်မြင့်အထိ တက်လှမ်းနိုင်ရန်အတွက် အမျိုးသားများထက်ပင် ပို၍ ရက်စက်ပြတ်သားကြရသည်။ ထိုသို့သော အရည်အချင်းမျိုး မရှိလျှင် ရှင်သန်ရေးအတွက် ရုန်းကန်နေရသော ကုဋေကုဋာသော လူအများကြားမှ ထင်ပေါ်လာလိမ့်မည် မဟုတ်ပေ။
သို့ဆိုလျှင် လခြမ်းတောင်ကြားရှိ အားနည်းသော ကျင့်ကြံသူ တစ်ရာကျော်ကို အဘယ်ကြောင့် ချန်ထားရသနည်း။
အဖြေမှာ တစ်ခုတည်းသာ။ သူတို့သည် အဖိုးတန်သောကြောင့် ဖြစ်သည်။
အများစုမှာ ထုတ်လုပ်ရေး ကျင့်ကြံသူများ ဖြစ်ကြသည်။ ဝိညာဉ်သစ်ပင်စိုက်ပျိုးသူများ၊ ဆေးဖော်ဆရာများ၊ ကုသရေးသမားများနှင့် ဆေးဖော်ဆောင်မှ ဆေးလုံးအလုပ်သင်များ၊ မီးထိန်းသိမ်းသူများနှင့် ဆေးလုံးစောင့်ရှောက်သူများ ဖြစ်ကြသည်။
ထိုသို့သောသူများသည် အန္တရာယ်မရှိသလို မည်သည့်အင်အားစုအတွက်မဆို ကြီးမားသော အကျိုးအမြတ်ကို ဖန်တီးပေးနိုင်သည်။ အခြားအင်အားစုများသာမက လော့ချန်ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့သော ကျင့်ကြံသူများကို သတ်မည်မဟုတ်ပေ။ ထို့ထက် ပို၍အရေးကြီးသည်မှာ ဆေးဖော်စပ်ခြင်းအတတ်ကို ကျွမ်းကျင်ထားသော လော့ချန်ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် ဖြစ်သည်။
အထူးသဖြင့် လွန်ခဲ့သော လအနည်းငယ်အတွင်း ဖိုရှန်းဂိုဏ်း၏ ကြော်ငြာမှုများကြောင့် တန်ချန်ဇီ ဆိုသော အမည်မှာ တာဟဲစျေးမြို့တော်တွင် အတော်အတန် ဩဇာရှိလာခဲ့ပြီ ဖြစ်သည်။ လော့ချန်၏ ဆေးဖော်ဆရာဟူသော ဂုဏ်သတင်းမှာ ဖုံးကွယ်ထား၍ မရတော့ပေ။
အမြော်အမြင်ရှိသော မည်သည့်ခေါင်းဆောင်မဆို လော့ချန်ကို သတ်ရန် တုံ့ဆိုင်းနေပေလိမ့်မည်။ မိတ်ဆွေဖွဲ့ရန်၊ စည်းရုံးရန် သို့မဟုတ် ဖြစ်နိုင်လျှင် ထိန်းချုပ်ထားရန်သာ ကြိုးစားကြပေလိမ့်မည်။
ဤအချက်ကို ထောက်ထားလျှင် လော့ချန်၏ ဆေးဖော်ဆရာဟူသော အဆင့်အတန်းမှာ သူအား အသက်ဘေးမှ ကယ်တင်မည့် အဆောင်လက်ဖွဲ့ပင် ဖြစ်သည်။
သို့ဆိုလျှင် သူ အဘယ်ကြောင့် ထိတ်လန့်နေရမည်နည်း။
မည်သို့ပင်ဖြစ်စေ သူသည်ကား အရင်ဆုံး သေကျေပျက်စီးမည့်သူမျိုး မဟုတ်သည်မှာ အသေအချာပင်။ အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်ရလျှင်ပင် ဘေးကင်းရာသို့ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်ရန် ကြိုတင်၍ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ရရန်ရှိသော ဝိညာဉ်ကျောက်တုံးများကိုမူ လက်ဝယ်မသိမ်းဆည်းရသေးသော်လည်း သိုလှောင်အိတ် အတွင်း၌မူ လွန်ခဲ့သော ရက်ပေါင်း (၂၀) အတွင်း သူကိုယ်တိုင် ဖော်စပ်ထားသည့် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံး များဖြင့် ပြည့်နှက်နေချေပြီ။
လော့ချန်အတွက် တစ်ခုတည်းသော စဉ်းစားစရာမှာ ကောင်းထင်ယွမ်ပင် ဖြစ်သည်။ ထိုလူ့ထံတွင် ဝိညာဉ်ကျောက် အကြွေးယူစရာ ရှိနေသေးသည်။ ကောင်းထင်ယွမ်သာ တစ်ခုခု သိသွားကာ မိမိအား သတ်ရန် ကြိုးစားလာပါက လော့ချန်အနေဖြင့်လည်း တုံ့ပြန်ရန် အသင့်ပင်။
ထိုစဉ် စီကုန်းရှို့ကျားမှာ လော့ချန်အား မျက်စောင်းတခဲခဲနှင့် ကြည့်နေသည်။
ဘာမှမဖြစ်သကဲ့သို့ အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေသော လော့ချန်ကို ကြည့်ကာ သူ၏ မုတ်ဆိတ်မွေးများမှာ ဒေါသကြောင့် တလှုပ်လှုပ် ဖြစ်နေတော့သည်။
အဘွားအိုယွမ်နှင့် မုရုံချင်းလျန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ တစ်ခုခုကို စတင်သဘောပေါက်လာကြသော်လည်း ဘာမှ ဝင်မပြောကြပေ။ အနည်းဆုံးတော့ ယခုအချိန်တွင် သူတို့ဘက်တွင် လော့ချန် ရှိနေသေးသည် မဟုတ်ပါလော။
တောင်စောင်းလေးတွင် သိမ်မွေ့စွာ လက်ဖက်ရည်ဖျော်နေသော လော့ချန်ကြောင့် လေထုမှာ စတင် ပြောင်းလဲလာသည်။
ထိတ်လန့်နေကြသော လခြမ်းတောင်ကြားမှ ကျင့်ကြံသူများသည် တဖြည်းဖြည်း တည်ငြိမ်လာကြသည်။ အထူးသဖြင့် ကာကွယ်ရေးအစီအရင်ကို ထိန်းသိမ်းနေသူများသည် အစီအရင်ကျောက်တုံးများကို လဲလှယ်ရာတွင် ယခင်လို လက်များ တုန်ယင်ခြင်း မရှိတော့ပေ။
‘ကောင်းကင်ကြီး ပြိုကျလာရင်တောင် အရပ်အရှည်ဆုံးလူက အရင်ခံရမှာပဲ’
‘ခေါင်းဆောင်ကိုယ်တိုင်က မကြောက်တာ ငါတို့က ဘာကိစ္စ ကြောက်နေရမှာလဲ’
….
“ထူးဆန်းလိုက်တာ၊ အထဲကလူတွေ တည်ငြိမ်သွားကြပြီ၊ လုံးဝ ထိတ်လန့်နေပုံမရဘူး”
ရှန်းရှုသည် အစီအရင်ကြီးကို တစ်ပတ်ပတ်ကြည့်ပြီးနောက် ပြန်လည်ဆင်းသက်လာကာ ဇဝေဇဝါဖြင့် ပြောလိုက်သည်။
အစီအရင်ကို ကင်းလှည့်ရန် တာဝန်ယူထားသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူမှာ လန်ထျန်းယွမ် ဖြစ်သည်။ သူသည် အမြဲ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်လေ့ရှိပြီး ကောင်းထင်ယွမ်၏ နောက်လိုက်အဖြစ် နှစ်ရှည်လများ နေလာခဲ့သူ ဖြစ်သည်။
သူ တည်ငြိမ်စွာပင် ဆိုသည်။
“ငါတို့ စောစောက လက်နှေးခဲ့လို့ သူတို့ တစ်ခုခု သဘောပေါက်သွားတာ ဖြစ်မှာပါ”
ရှန်းရှုက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မင်းတို့ တာဟဲစျေးမြို့တော်က လူတွေက အရမ်း နူးညံ့လွန်းတယ်၊ နှင်းကြာပန်းဈေးမြို့တော်ရဲ့ နည်းလမ်းအတိုင်းဆိုရင်တော့ အရင်ဆုံး တစ်သုတ်လောက် သတ်ပြရမယ်၊ ပြီးမှ ကျန်တဲ့သူတွေကို ဖမ်းရမှာ၊ အဲ့ဒါမှ အဟန့်ရှိမှာပေါ့”
“အဲ့ဒါကြောင့်လည်း မင်းတို့ နှင်းကြာပန်းဈေးမြို့တော်က တာဟဲစျေးမြို့တော်ထက် ဆယ်စုနှစ်ပေါင်းများစွာ စောပြီး တည်ထောင်ခဲ့တာတောင် ကျင့်ကြံသူ ငါးသောင်းထက် ဘယ်တော့မှ မကျော်နိုင်တာပေါ့”
လှောင်ပြောင်သရော်သံမှာ ဖူကျန်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရှန်းရှုသည် သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူသည် အမဲလိုက်ခံရစဉ် လက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီးကတည်းက ဒေါသ ပို၍ ကြီးလာခဲ့သည်။ ဖူကျန်း၏ စကားတစ်ခွန်းမှာပင် သူ၏ ဒေါသမီးကို တောက်လောင်စေရန် လုံလောက်လှသည်။
အေးဆေးသော စရိုက်ရှိသည့် လန်ထျန်းယွမ်က ကြားဝင်စေ့စပ်ပေးလိုက်သည်။
“နှင်းကြာပန်းဈေးမြို့တော် လူဦးရေ မတိုးတာက ပတ်ဝန်းကျင်ကြောင့်ပါ၊ သူတို့ရဲ့ နည်းလမ်းတွေနဲ့ မဆိုင်ပါဘူး”
“ဟွန်း”
ဖူကျန်း နှာခေါင်းရှုံ့လိုက်ပြီး ရှန်းရှုနှင့် ဆက်၍ ငြင်းခုံမနေတော့ပေ။
ဖူမိသားစုသည် တာဟဲစျေးမြို့တော်သို့ ပြောင်းရွှေ့လာကတည်းက မိသားစု ရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ မည်သည့်အရပ်သို့ သွားသွား အမှန်တရားတစ်ခုမှာ ‘ရန်သူများခြင်းသည် ပညာရှိရာမရောက်’ ဆိုသည့် အချက်ပင် ဖြစ်သည်။
မှန်ကန်သော အင်အားစုများနှင့် မဟာမိတ်ဖွဲ့ရန်မှာ အလွန်အရေးကြီးသည်။ လန်ထျန်းယွမ်၊ ကောင်းထင်ယွမ်နှင့် တာကျန်းဂိုဏ်းကဲ့သို့သော အုပ်စုများမှာ ပို၍ သင့်တော်သော မဟာမိတ်များ ဖြစ်ကြသည်။
အစက ဖူမိသားစုသည် ဖိုရှန်းဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် ရည်ရွယ်ခဲ့သော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ ဖိုရှန်းဂိုဏ်း၏ ပိုင်ဆိုင်မှုများကို သူတို့ ပို၍ မက်မောလာကြသည်။ ဝိညာဉ်သားရဲ မွေးမြူရေးမှသည် သတ္တုတူးဖော်ရေး၊ ဝိညာဉ်လယ်ကွင်းများ၊ ဆေးဖက်ဝင်အပင် စိုက်ပျိုးရေးနှင့် ဆေးဖော်စပ်ခြင်းအထိ လုပ်ငန်းအားလုံးမှာ စုံလင်လှသည်။ ဂိုဏ်းကြီးတစ်ခု မဟုတ်သော်လည်း အပြည့်အဝ ဖွံ့ဖြိုးနေသော အင်အားစုတစ်ခု ဖြစ်နေသည်။
အကယ်၍ ဤအကျိုးအမြတ်များကို ခွဲဝေယူနိုင်လျှင် ဖူမိသားစုအတွက် အနည်းငယ်ရရုံနှင့်ပင် သူတို့၏ အဆင့်အတန်းမှာ များစွာ မြင့်တက်သွားပေလိမ့်မည်။
စစ်ပွဲမစတင်မီက ဖူကျန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဦးဆောင်သော အစည်းအဝေးတွင် သူတို့မိသားစုအတွက် သားရဲအရေခွံနှင့် သွေးကုန်သွယ်မှုကိုသာ ထိန်းချုပ်ခွင့် တောင်းခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာမူ ထိုကဲ့သို့သော အသေးအဖွဲ ကိစ္စများကို စိတ်မဝင်စားကြသဖြင့် ချက်ချင်းပင် သဘောတူခဲ့ကြသည်။
သူတို့အတွက် အသုံးမဝင်သော အရာမှာ ဖူမိသားစုအတွက်မူ အလွန်ပင် တန်ဖိုးရှိလှသည်။ ဤကုန်သွယ်မှုကို ထိန်းချုပ်နိုင်ခြင်းအားဖြင့် သူတို့၏ မှော်စာရွက် ထုတ်လုပ်ရေး ကွင်းဆက်မှာ ပြည့်စုံသွားမည် ဖြစ်ပြီး မည်သူ့အပေါ်တွင်မှ မှီခိုနေစရာ မလိုတော့ပေ။
“ငါတို့ တကယ်ပဲ ဒီအတိုင်း ထိုင်ကြည့်နေကြမှာလား”
ရှန်းရှုက လခြမ်းတောင်ကြားထဲမှ ကျင့်ကြံသူများကို ရက်စက်သော မျက်လုံးများဖြင့် ကြည့်ရင်း မေးလိုက်သည်။ သူ့တွင်ရှိနေသော သွေးဆာမှုမှာ စစ်မှန်သော သွေးဆာမှု မဟုတ်ဘဲ အရင်းအမြစ်များကို ဆာလောင်နေခြင်းသာ ဖြစ်သည်။
သူ ထွက်ပြေးပုန်းအောင်းနေရစဉ်အတွင်း နှစ်ရှည်လများ စုဆောင်းထားသမျှ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သဖြင့်၊ လခြမ်းတောင်ကြားအား ဖောက်ထွင်း လုယက်ရန်မှာ သူ၏ တစ်ခုတည်းသော လမ်းစပင် ဖြစ်သည်။
လန်ထျန်းယွမ်က အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ဆိုသည်။
“အထဲက ကျင့်ကြံသူတွေကို အပေါ်ကလူကြီးတွေက ခွဲဝေပြီးသား၊ ပြဿနာ မရှာစမ်းနဲ့ ”
“တောက်…. သိခဲ့ရင်တော့ အဲ့ဒီအဘိုးကြီးကို အဲ့ဒီတုန်းက အမြစ်ပြတ် သတ်လိုက်ပါတယ်”
ရှန်းရှုက ကျိန်ဆဲလိုက်သည်။
လန်ထျန်းယွမ်က တစ်ခုခု ပြန်ပြောရန် ပြင်စဉ်မှာပင် လက်တစ်ဖက်က သူ့အား တားလိုက်သည်။
“ဒုတိယအစ်ကို….”
လန်ထျန်းယွမ်က ရိုရိုသေသေ နှုတ်ဆက်လိုက်သည်။
ကောင်းထင်ယွမ်က ခေါင်း အနည်းငယ် ညိတ်ပြလိုက်ပြီး အစီအရင်ကြီး၏ အစွန်းသို့ လျှောက်သွားသည်။ သူ၏ မျက်လုံးများမှာ တွက်ချက်မှုများဖြင့် တောင်ကြားတစ်ခုလုံးကို ဝေ့ကြည့်လိုက်ရာမှ ဝေးကွာသော တောင်စောင်းတစ်ခုဆီတွင် ရပ်တန့်သွားသည်။
ထိုနေရာတွင် လူငယ်တစ်ဦးသည် အေးအေးဆေးဆေး ထိုင်နေပြီး လက်ဖက်ရည်ကို အရသာခံ သောက်နေသည်။
လော့ချန်သည် အပြင်ဘက်မှ ဆူပူသောင်းကျန်းမှုများကို ဂရုမစိုက်ဘဲ အလွန်ပင် အေးအေးချမ်းချမ်း ရှိနေလေသည်။
“အရမ်းကို အေးချမ်း နေတာပဲ....”
ကောင်းထင်ယွမ် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါပေမဲ့.... အဲ့ဒီ အေးချမ်းမှုက ကြာမှာ မဟုတ်ဘူး"
ကောင်းထင်ယွမ်သည် နောက်သို့ တစ်လီခန့် ဆုတ်လိုက်ပြီး လက်ကို မြှောက်လိုက်သည်။
“သူတို့ကို နည်းနည်းလောက် ခြောက်လိုက်ကြရအောင် ”
သူ၏ အမိန့်နှင့်အတူ ချီသန့်စင်အဆင့် အလယ်အလတ်ရှိသော ကျင့်ကြံသူ ၆၀ ကျော် ရှေ့သို့ တိုးလာကြသည်။ လခြမ်းတောင်ကြားအတွင်းရှိ အခြေအနေမှာလည်း ချက်ချင်း ပြောင်းလဲသွားတော့သည်။
“သူတို့ ဘာလုပ်ချင်နေတာလဲ….”
“တကယ်ပဲ အတင်းဝင်တိုက်တော့မှာလား….”
ကျိုးယွမ်လီ၏ အသံမှာ တင်းမာနေသော လေထုအား ဓားတစ်လက်နှယ် ပိုင်းဖြတ်သွားသည်။
“အားလုံး သတိနဲ့နေကြ၊ ငါ့အချက်ပေးသံကြားတာနဲ့ အစီအရင်ကျောက်တုံးတွေကို လဲဖို့ ပြင်ထား၊ အရန်လူတွေ တိုက်ပွဲအတွက် အသင့်ပြင် ”
သူ၏ လျင်မြန်ပြတ်သားသော အမိန့်အောက်တွင် ခုခံသူများသည် စနစ်တကျ လှုပ်ရှားလာကြသည်။ ဤသည်မှာ သူတို့၏ စည်းကမ်းကောင်းမွန်မှုကို ပြသနေခြင်းပင်။
တောင်စောင်းလေးရှိ လော့ချန်သည် ထိုမြင်ကွင်းကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
‘ဒီကျိုးယွမ်လီ…. တကယ်ကို အရည်အချင်းရှိတဲ့သူပဲ….’
သို့သော် ထိုအတွေး မဆုံးခင်မှာပင် လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။
အစီအရင် အပြင်ဘက်တွင် ရန်သူ ကျင့်ကြံသူ အမြောက်အမြားမှာ လက်ဟန်များ ပြုလုပ်ကာ မှော်ဂါထာများ ရွတ်ဆိုနေကြပြီး ချီစွမ်းအင် လှိုင်းများမှာ တဝုန်းဝုန်း ထွက်ပေါ်လာသည်။
နောက်တစ်မိနစ်မှာပင်….
ဘုန်း…. ဘုန်း…. ဘုန်း….
အဆင့်နိမ့် မှော်အတတ်များမှာ မိုးသီးမိုးပေါက်များအလား ကျဆင်းလာတော့သည်။ မီးလုံးများ၊ ရေမြှားများ၊ ရွှေလှံများ၊ သစ်သားဆူးများနှင့် နွယ်ပင်များ စသဖြင့် တစ်လှိုင်းပြီးတစ်လှိုင်း အစီအရင်ကြီးအား တရစပ် တိုက်ခိုက်နေကြသည်။
ပထမအဆင့် မြေကာကွယ်ရေး အစီအရင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်း၏ ဝါကျင်ကျင် အလင်းတန်းမှာလည်း ပြိုကျလုနီးပါး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။
လော့ချန် တိတ်ဆိတ်စွာပင် စောင့်ကြည့်နေသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ စိုးရိမ်စိတ်လေး တစ်ခုတော့ ရှိနေသည်။
‘ဒီအတိုင်းကြီးပဲ ပြိုကျသွားတော့မှာလား….’
နောက်ဆုံးတွင်မူ ဝါကျင်ကျင် အလင်းတန်းမှာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
“မိသားစုငယ်တစ်ခုကို ကာကွယ်ပေးနိုင်တဲ့ အစီအရင်ဆိုတော့ တကယ်လည်း ခိုင်ခံ့သားပဲ၊ တောင်တန်းဒေသရဲ့ အားဖြည့်မှုနဲ့ဆိုတော့ တကယ့်ကို သံတံတိုင်းကြီးလိုပဲ ”
လော့ချန် ချီးကျူးလိုက်မိသည်။
အစီအရင် ရှေ့တွင်မူ ကျိုးယွမ်လီသည် အင်အားကုန်ခမ်းသွားသော ဝိညာဉ်ကျောက်တုံးများကို လဲလှယ်ရန် အမိန့်များ ပေးနေသည်။ ထိုတိုက်ခိုက်မှု တစ်လှိုင်းတည်းနှင့်ပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပုံမှန်အခြေအနေတွင် ထိန်းသိမ်းရန်မှာ ပြဿနာမရှိသော်လည်း၊ ဤကဲ့သို့ တရစပ် တိုက်ခိုက်ခံရလျှင်မူ ဝိညာဉ်ကျောက်တုံးများမှာ မကြာမီ ကုန်ဆုံးသွားပေလိမ့်မည်။
တောင်ကြားအပြင်ဘက်တွင် လန်ထျန်းယွမ်သည် ကောင်းထင်ယွမ်အား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒုတိယအစ်ကို.... ဘာလို့ ရုတ်တရက် တိုက်ခိုက်ခိုင်းတာလဲ၊ ဂိုဏ်းချုပ်ဝမ်က အထဲကလူတွေကို အရှင်ဖမ်းဖို့အတွက် မတိုက်ဘဲ ဝိုင်းထားဖို့ပဲ ပြောထားတာ မဟုတ်လား”
ကောင်းထင်ယွမ်၏ မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိပေ။
“ဝိုင်းထားတယ်ဆိုတာ ရပ်ကြည့်နေဖို့ မဟုတ်ဘူး၊ သူတို့ရဲ့ အင်အားကို တဖြည်းဖြည်း လျော့ကျသွားအောင် လုပ်ရမှာ၊ မဟုတ်ရင် ငါတို့ အထဲကို ဝင်တဲ့အချိန်မှာ သူတို့ အားအပြည့်နဲ့ ပြန်တိုက်နေရင် ပိုပြီး ရှုပ်ထွေးသွားလိမ့်မယ်"
ထိုအဖြေမှာ ယုတ္တိရှိလှသည်။ ကောင်းထင်ယွမ်၏ အမိန့်ဖြင့် နောက်ထပ် ၄ ကြိမ် ၅ ကြိမ်ခန့် ထပ်မံ တိုက်ခိုက်ပြီးမှသာ နားနားနေနေဖြင့် ချီစွမ်းအင် ပြန်လည် ဖြည့်တင်းကြတော့သည်။
ကောင်းထင်ယွမ်က ဆက်ပြောလိုက်သည်။
“ပြီးတော့.... ငါတို့ မတိုက်ရင် သူတို့ရဲ့ စစ်ကူတွေကို ဘယ်လိုနည်းနဲ့ ဆွဲထုတ်နိုင်မှာလဲ”
သူ ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်ပြလိုက်ရာ ထိုနေရာမှ ထောင်လွှားသောအသံတစ်သံ ထွက်ပေါ်လာသည်။
“မီမိသားစုဝင်တွေ ထွက်လာကြပြီ၊ ငါ့လူတွေကို ဦးဆောင်ပြီး ယင်းမာဆိပ်ကမ်းမှာ သူတို့ကို အကုန် သတ်ပစ်မယ်”
လန်ထျန်းယွမ် လန့်သွားသည်။
“လီအောက်လား ”
ကောင်းထင်ယွမ် ခေါင်းညိတ်ပြပြီး နောက်ထပ် ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုနေရာမှ တည်ငြိမ်သောအသံတစ်ခု ထွက်လာသည်။
“ငါ့လူတွေကို စိမ်းလဲ့မှော်ရုံတော မှာ နေရာချထားပြီးပြီ၊ ချင်လျန်ချန်း လာတာကို စောင့်နေတယ်”
“နန်ကုန်းချင် တောင်မှ လှုပ်ရှားနေပြီလား ”
ကောင်းထင်ယွမ်သည် ကျောက်စိမ်းတံဆိပ်များကို ပြန်သိမ်းလိုက်ပြီး လက်ကို နောက်ပစ်ကာ အေးစက်သော အသံဖြင့် ဆိုသည်။
“ဟုတ်တယ်၊ သူတို့အားလုံး လှုပ်ရှားနေမှတော့ ငါတို့က ဒီတိုင်း အေးဆေးနေလို့ မရဘူးလေ"
သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ပွဲကောင်းတစ်ပွဲ ဖြစ်အောင်တော့ ငါတို့ ကပြရမှာပေါ့၊ မဟုတ်ရင် ဖိုရှန်းဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေတဲ့အခါ ငါတို့ ဘာမှမလုပ်ခဲ့ဘူးလို့ သူများတွေ ပြောစရာ ဖြစ်နေဦးမယ်"
အမွှေးတိုင် နှစ်တိုင်စာခန့် အချိန်ကုန်ဆုံးသွားပြီးနောက် ကောင်းထင်ယွမ် လက်ကို ထပ်မံ မြှောက်လိုက်ပြန်သည်။
“တိုက်ခိုက်မှုကို ဆက်လုပ်ကြ၊ ဒီတစ်ခါတော့ လက်မနှေးနဲ့၊ မင်းတို့ရဲ့ အစွမ်းအထက်ဆုံး မှော်အတတ်တွေကို သုံးကြ ”
လန်ထျန်းယွမ်သည် သူ၏နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ အစက သူသည် ကောင်းထင်ယွမ်၏ အကြောင်းပြချက်ကို လက်ခံခဲ့သော်လည်း ကောင်းထင်ယွမ်၏ မျက်လုံးထဲမှ ရက်စက်သော အရိပ်အယောင်ကို မြင်လိုက်ရသည့်အခါ သူ၏ ရင်ထဲတွင် လေးလံသွားတော့သည်။
‘သူ အခုထိ လက်မလျှော့သေးဘူးပဲ….’
ဤသည်မှာ ဟန်ပြတိုက်ခိုက်နေခြင်း မဟုတ်ဘဲ လခြမ်းတောင်ကြား၏ ဝိညာဉ်ကျောက်တုံးများကို ရည်ရွယ်ချက်ရှိရှိ ဖြုန်းတီးပစ်နေခြင်း ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများ ကုန်သွားသည်နှင့် အထဲမှလူများ ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။
ထိုအခါကျလျှင် ကောင်းထင်ယွမ် အမိန့်တစ်ခု ပေးလိုက်ရုံနှင့် အထဲရှိ လူတစ်ယောက်၏ ကံကြမ္မာ မည်သို့ ဖြစ်သွားမည်ကို သူ သိနေသည်။
“ဒါပေမဲ့ ဒီလိုလုပ်ရင်…. ဒုတိယအစ်ကို၊ အခြေခံတည်ဆောက်ခြင်းအဆင့် လူကြီးတွေကို စိတ်ဆိုးအောင် လုပ်မိမှာ မကြောက်ဘူးလား”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၁၈၀) - ဓားဖျားထက်မှ သွေးစက်တစ်စက်
လန်ချန်းမြစ်ရေသည် အနောက်ဘက်သို့ တရှိန်ထိုး စီးဆင်းနေသည်။ ထိုအရှိန်အဟုန်ပြင်းသော ရေစီးကြောင်းထဲသို့ ချောင်းငယ်မြောင်းငယ်များ စီးဝင်ပေါင်းစပ်ကြသလို၊ အချို့သော မြစ်ခွဲများမှာမူ နက်ရှိုင်းသော ချောက်ကမ်းပါးများနှင့် အန္တရာယ်များသော တွင်းနက်ကြီးများထဲသို့ ခွဲထွက်စီးဆင်းသွားကြသည်။
ယင်းမာဆိပ်ကမ်းသည် ထိုသို့သော မြစ်ခွဲတစ်ခု ဖြစ်သည်။ မြေပြန့်လွင်ပြင်ဖြစ်ပြီး စိမ်းလန်းသော မြက်ခင်းပြင်များ ရှိသဖြင့် ဤနေရာမှာ ရှေးယခင်ကတည်းက လီမိသားစု၏ စားကျက်မြေ ဖြစ်ခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစုဖြစ်သော လီမိသားစုသည် နဂါးမြင်း မွေးမြူခြင်းကြောင့် နာမည်ကျော်သည်။ ဤမြေကို ခြံစည်းရိုး ခတ်မထားသော်လည်း တာဟဲစျေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူ အများစုမှာ ဤနေရာသည် လီမိသားစုပိုင်ဖြစ်ကြောင်း သိကြသဖြင့် ကျူးကျော်ဝင်ရောက်လေ့ မရှိကြပေ။
သို့သော် ယနေ့တွင်မူ ယင်းမာဆိပ်ကမ်း၏ မြေပြင်မှာ သွေးရောင်လွှမ်းနေချေပြီ။
စုတ်ပြတ်သတ်နေသော အလောင်းအချို့မှာ ရေစီးထဲတွင် မျောပါနေပြီး အချို့မှာမူ ရွှံ့နွံထူသော ကမ်းပါးယံများတွင် တင်ကျန်နေရစ်သည်။ လေထုထဲတွင် ညှီစို့စို့ သွေးနံ့များဖြင့် ပြည့်နှက်နေပြီး၊ သေဆုံးသွားသူများ၏ ပိုင်ဆိုင်မှုများကို လုယက်နေကြသော ကျင့်ကြံသူများ၏ စိတ်လှုပ်ရှားသံများကသာ တိတ်ဆိတ်မှုကို ဖြိုခွင်းနေတော့သည်။
“တောက်…. ဒီကောင်တွေ တော်တော်ချမ်းသာတာပဲ”
လူငယ်ကျင့်ကြံသူတစ်ဦးက သွေးစွန်းနေသော သိုလှောင်အိတ်တစ်ခုကို မွှေနှောက်ရင်း ဝီစီမှုတ်လိုက်သည်။ သူရှာတွေ့လိုက်သော ဝိညာဉ်ကျောက်တုံးများနှင့် အဆောင်လက်ဖွဲ့များကို ကြည့်ကာ မျက်လုံးများ တောက်ပနေတော့သည်။
အနီးနားရှိ အခြားတစ်ယောက်ကလည်း မနာလိုသံဖြင့် ရယ်မောကာ ပြောလိုက်သည်။
“ဟုတ်ပါ့ဗျာ၊ မီမိသားစုက တည်ထောင်တာ နှစ်တစ်ရာတောင် မပြည့်သေးဘူး၊ သူတို့လူတွေက ငါတို့ထက် ပိုချမ်းသာနေကြတယ်၊ ငါတို့က သမိုင်းကြောင်း နှစ်ပေါင်း သုံးရာ ရှိတာတောင် သူတို့ဘက်က ချီသန့်စင်အဆင့် ၇ တစ်ယောက်က သိုလှောင်အိတ်နဲ့ လျှောက်သွားနေနိုင်တာပဲ၊ ဒါကို ကြည့်ရင် မီရှုဟွာက ဖိုရှန်းဂိုဏ်းကနေ ဘယ်လောက်တောင် ဓနဥစ္စာတွေ စုဆောင်းထားသလဲဆိုတာ သိသာတယ်”
သူ ဘေးသို့ တံတွေးတစ်ချက် ထွေးလိုက်ရင်း တောအုပ်ထဲမှ ထွက်ပေါ်လာသော တိုက်ခိုက်သံများကို နားစွင့်ကာ မျက်နှာထား တင်းမာသွားသည်။
“ဒီတိုက်ပွဲပြီးရင်တော့….”
သူ အဆုံးသတ်နိမိတ်ဖတ်သလို ပြောလိုက်သည်။
“တာဟဲစျေးမြို့တော်ရဲ့ သမိုင်းမှာ ဖိုရှန်းဂိုဏ်းဆိုတဲ့ နာမည်က.... အမြစ်ပြတ်ချေမှုန်းခံလိုက်ရတဲ့ ခုနစ်ခုမြောက် လမ်းဘေးအင်အားစုအဖြစ် ကျန်ရစ်တော့မှာပဲ"
ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ရယ်မောလိုက်သည်။
“ဟားဟား.... ဖိုရှန်းဂိုဏ်းရဲ့ သားရဲခန်းမက အခုကစပြီး ငါတို့ လီမိသားစုပိုင် ဖြစ်တော့မယ်လို့ ကြားတယ်ဗျ”
“ရှူး…. အဲ့ဒါ ဘယ်ကကြားတာလဲ၊ ကောလာဟလတွေကို လျှောက်မပြောနဲ့”
“အေးပါဗျာ၊ သိပါတယ်၊ ဒါနဲ့ လီအောက် အစ်ကိုကြီးကော ဘယ်ရောက်သွားလဲ၊ မတွေ့မိဘူး”
“မီမိသားစုထဲက ကောင်တစ်ယောက် ထွက်ပြေးသွားလို့လေ၊ အစ်ကိုကြီး လီအောက်က အရှက်ရသွားပုံရတယ်၊ အဲ့ဒါကြောင့် သူကိုယ်တိုင် လိုက်သွားတာ”
နေရောင်ခြည်၏ နောက်ဆုံးအစင်းကြောင်းများမှာ မိုးကုပ်စက်ဝိုင်းအောက်သို့ ငုပ်လျှိုးသွားပြီး ညနေခင်း မြူနှင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
တောနက်ထဲတွင် အမှောင်ထုမှာ ရက်စက်စွာ ပျံ့နှံ့လာချေပြီ။
စိုစွတ်သော လေထုထဲတွင် မြေဆီနံ့၊ ပုပ်သိုးနံ့နှင့် သွေးနံ့များ ရောယှက်နေတော့သည်။
လူရိပ်တစ်ခုသည် တောအုပ်ထဲတွင် ဒယိမ်းဒယိုင်နှင့် ပြေးလွှားနေသည်။ သူ၏ ခြေလှမ်းများမှာ မမှန်တော့သလို ဦးတည်ချက်လည်း ပျောက်ဆုံးနေသည်။ သူသည် ရည်ရွယ်ချက်ရှိရှိ ပြေးနေခြင်းမဟုတ်ဘဲ ရှင်သန်လိုသည့် အသိစိတ်တစ်ခုတည်းဖြင့်သာ ရုန်းကန်နေခြင်း ဖြစ်သည်။
‘ထွက်ပြေးရမယ်.... ငါ အသက်ရှင်ရမယ်…. အဖေက ငါ့ကို စောင့်နေတယ်…. ကျွင်းဖျင်လည်း ငါ့ကို စောင့်နေတုန်းပဲ.…’
စီကုန်းယွမ်ဟုန်သည် သတိဝေဝါးနေချေပြီ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာကြီးငယ်များဖြင့် ပြည့်နှက်နေပြီး သွေးများမှာ သူ၏ ဝတ်ရုံတွင် စိုရွှဲနေတော့သည်။ ကျိုးပဲ့နေသော သစ်ခက်များ၊ လန်တက်နေသော မြေဆီလွှာများနှင့် သွေးနံ့များမှာ လိုက်လံရှာဖွေနေသူများအတွက် မီးရှူးတိုင်တစ်ခုကဲ့သို့ လမ်းညွှန်နေသကဲ့သို့ပင်။
ကျင့်ကြံသူတစ်စုမှာ ဝေးကွာသော နေရာမှ တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ရပ်ကြည့်နေကြသည်။ သူတို့အုပ်စုထဲတွင် ဖုန်တစ်စပင် မတင်သော ဖြူစင်သည့် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ပါဝင်သည်။ သူသည် မြင့်မားသော သစ်ပင်တစ်ပင်ပေါ်တွင် ရပ်နေရင်း မှောင်မိုက်သော တောနက်ကြီးကို ဝေ့ကြည့်လိုက်သည်။
လေပြင်းကြောင့် သူ၏ ဝတ်ရုံမှာ တဖျတ်ဖျတ် လွင့်နေသည်။
လီအောက် မျက်မှောင်ကြုတ်လိုက်သည်။
“ဝူယွင်တောင်လား …. ငါ အထဲအထိတော့ လိုက်မသွားတာ အကောင်းဆုံးပဲ"
လီအောက်သည် မိသားစုအကြီးအကဲ၏ သတိပေးချက်ကို ပြန်လည်သတိရလိုက်သည်။ အရှေ့ပိုင်းလွင်ပြင်မှ သားရဲလှိုင်းမှာ မငြိမ်သက်သေးသော်လည်း၊ လုံးဝ ကျူးကျော်ဝင်ရောက်ခြင်း မပြုရမည့် နေရာအချို့ ရှိနေသေးသည်။ ထိုအထဲတွင် ဝူယွင်တောင်လည်း အပါအဝင် ဖြစ်သည်။
“ပြေးစရာနေရာ ရှားလို့ ဝူယွင်တောင်ထဲကို ပြေးရတယ်လို့”
လီအောက် အေးစက်စွာ ပြုံးရင်း ရေရွတ်လိုက်သည်။
“မင်း သိမှမသိဘဲ၊ အဲ့ဒီနေရာက သားရဲတွေနဲ့ ပြည့်နေတာ…. ဒုတိယအဆင့် သွေးဆာမိကျောင်းတွေရဲ့ အသိုက်ရှိတဲ့နေရာပဲ၊ ထားလိုက်ပါတော့.... မင်းရဲ့ အခုအခြေအနေနဲ့ဆိုရင် သေတာနဲ့ မထူးပါဘူး၊ ဒါကို ငါ့ရဲ့ နောက်ဆုံးနှုတ်ဆက်လက်ဆောင်လို့ပဲ မှတ်လိုက်တော့"
လီအောက်သည် နှာခေါင်းရှုံ့လိုက်ရင်း ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ သူ၏ တာဝန် ပြီးဆုံးသွားသလို လီမိသားစု၏ တာဝန်လည်း ပြီးဆုံးသွားပြီ ဖြစ်သည်။
ဤတိုက်ပွဲကြောင့် မီမိသားစု၏ ကျောရိုးမှာ လုံးဝ ကျိုးပျက်သွားခဲ့ပြီ ဖြစ်သည်။ မီရှုဟွာ မည်မျှပင် အရည်အချင်းရှိပါစေ၊ မီမိသားစုသည် နောက်ထပ် နှစ်ပေါင်း တစ်ရာအတွင်း ပြန်လည် ဦးမော့လာနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ အစီအစဉ်အတိုင်း ဖိုရှန်းဂိုဏ်းကို ခွဲဝေယူလိုက်ကြမည်ဆိုလျှင် မီရှုဟွာသည် အထီးကျန်လူတစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။
လီအောက် ထွက်သွားပြီးနောက် တောအုပ်အစွန်းတွင် တိတ်ဆိတ်မှု ပြန်လည် စိုးမိုးသွားသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ဝူယွင်တောင်ထဲမှ သားရဲများ၏ ဟိန်းဟောက်သံများမှာ တောအုပ်တစ်ခုလုံး ဟိန်းထွက်သွားတော့သည်။
….
“အကုန် သေကုန်ပြီ ဟုတ်လား…. မဖြစ်နိုင်တာ….”
မီကျွင်းဖျင်သည် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ ထိုင်ခုံပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။
သူမ၏ ဘေးတွင် မီစီဖန်မှာ ကျောက်ရုပ်ကဲ့သို့ မတ်တပ်ရပ်နေရင်း မျက်လုံးထဲတွင် ကြောက်စိတ်များ ယှက်သန်းနေသည်။ အကယ်၍ လခြမ်းတောင်ကြားသို့ စစ်ကူသွားသည့်အုပ်စုကို သူသာ ဦးဆောင်ခဲ့လျှင် ယခုအချိန်တွင် သူလည်း အလောင်းဖြစ်နေပေလိမ့်မည်။
“အဘိုး....”
“မင်း ဘာပြောချင်တာလဲ”
မီရှုဟွာက သူ့အား တစ်ချက်ကြည့်လိုက်သည်။ ထိုအေးစက်လှသော အကြည့်နှင့် ဝိညာဉ်အသိစိတ်၏ ဖိအားကြောင့် မီစီဖန်မှာ သွေးအန်မတတ် ဖြစ်သွားရသည်။
မီစီဖန် ခေါင်းကို အမြန်ငုံ့လိုက်သော်လည်း ထိုခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည်။
“ချင်လျန်ချန်း မြို့ထဲက ထွက်သွားပြီလား”
အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
မီစီဖန်က ခေါင်းငုံ့လျက်ပင် ရိုသေသေ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့…. လခြမ်းတောင်ကြား တိုက်ခိုက်ခံနေရတဲ့အကြောင်း ကျွန်တော် သွားပြောပြောချင်းပဲ သူ ချက်ချင်း ထွက်သွားပါတယ်”
“ဒါပေမဲ့ အဲ့ဒါက....”
မီရှုဟွာ အေးစက်စွာ ဆိုသည်။
“အဲ့ဒါက မလုံလောက်သေးဘူး"
မီစီဖန်သည် ထိုဖိအားအောက်တွင် တုန်ရင်သွားမိရင်း ဒူးထောက်လိုက်သည်။
“အဘိုး.... လော့ချန်တစ်ယောက်တည်းအတွက်နဲ့ ကျွန်တော်တို့ ဂိုဏ်းသားတွေ အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ၊ ဒါက မတန်ပါဘူး”
‘အသုံးမကျတဲ့ကောင်’
မီရှုဟွာသည် စက်ဆုပ်ရွံရှာမှုကို ဖုံးကွယ်ရန် အသက် ဖြည်းဖြည်းချင်း ရှူသွင်းလိုက်သည်။ သူ ပြန်မဖြေတော့ပေ။ ဖြေနေရန်လည်း မလိုအပ်ပေ။
‘သူတို့က ငါကိုယ်တိုင် ထွက်တိုက်ဖို့ မျှော်လင့်နေကြတာလား….’ ဟု သူ ခါးသီးစွာ တွေးလိုက်သည်။
ယခုအချိန်အထိ တာကျန်းဂိုဏ်းရောာ၊ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်ကပါ သူတို့၏ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကို ထုတ်မသုံးသေးပေ။ ဤသည်မှာ အောက်ခြေအဆင့် တိုက်ပွဲများတွင် အခြေခံတည်ဆောက်ခြင်းအဆင့်များ ဝင်မပါရန် တားမြစ်ထားသော အသံတိတ် သဘောတူညီချက် တစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူသာ အရင်လှုပ်ရှားလိုက်လျှင် ထိုသဘောတူညီချက်မှာ ချက်ချင်း ပြိုပျက်သွားပေလိမ့်မည်။
တာကျန်းဂိုဏ်းသည် သူ့အတွက် တကယ့်အန္တရာယ် မဟုတ်ပေ။ လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်၏ အင်အားကိုသာ သူ မဆွရဲခြင်း ဖြစ်သည်။
“ဖျင်အာ.... တခြားခန်းမတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
မီကျွင်းဖျင်က ခေါင်းမော့လိုက်ပြီး စိတ်မပါသလို ပြန်ဖြေသည်။
“ပင်မခန်းမကတော့ အစီအရင်ထဲမှာပဲ အောင်းနေပါတယ်၊ အခုလောလောဆယ် ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ထားနိုင်တယ်၊ တိုက်ခိုက်ရေးခန်းမကတော့ ကုန်ပါပြီ၊ ယန်ဝေလည်း သေသွားပြီ၊ ကျန်းဝမ် ဆီကတော့ ဘာသတင်းမှ မရသေးဘူး၊ ချူဝူ ကတော့ ထွက်ပြေးသွားတယ်၊ တစ်ခန်းမလုံး တာကျန်းဂိုဏ်းဆီ လက်နက်ချပြီး ပူးပေါင်းသွားကြပြီ၊ သားရဲခန်းမနဲ့ သတ္တုခန်းမဆီကလည်း သတင်းမရသေးဘူး၊ ရေနဂါးခန်းမကတော့....”
သူမ ခေတ္တတုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။
“လန်ချန်းဆိပ်ကမ်းကတော့ ပျက်စီးလုနီးပါး ဖြစ်သွားပြီ၊ ဝမ်ယွမ်နဲ့…. ရွှီရန်ခယ်၊ ဟုတ်တယ်၊ ရွှီရန်ခယ်”
မီကျွင်းဖျင်က တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
“ရွှီရန်ခယ် အဲ့အကောင် မသေသေးဘူး၊ သူ အဲ့ဒီတုန်းက ကောင်းထင်ယွမ်ကို တမင်ရှုံးပေးခဲ့တာပဲ၊ သစ္စာဖောက်ကောင် မိတဲ့တစ်နေ့တော့ အသေ အပြစ်ပေးရမယ် ”
မီရှုဟွာက သူမ၏ ဒေါသကို လျစ်လျူရှုလိုက်ပြီး ဆိုသည်။
“ငါမေးတာက ဝမ်ယွမ် ဘာဖြစ်သွားလဲလို့ မေးတာ”
သူ၏ အသံမှာ ငရဲတွင်းမှ ထွက်ပေါ်လာသကဲ့သို့ အေးစက်စက်နှင့် အမိန့်ဆန်လှသည်။
မီကျွင်းဖျင် တုန်ရင်သွားပြီး အမြန်တင်ပြလိုက်သည်။
“လျှို့ဝှက်သတင်းပေးချက်အရ ဝမ်ယွမ်က ချီသန့်စင်အဆင့် ၉ ရှိသူ နှစ်ယောက်ကို သတ်ခဲ့တယ်လို့ သိရပါတယ်၊ အဲ့ဒီနောက်မှာတော့ သူနဲ့ ရွှီရန်ခယ်တို့ လန်ချန်းမြစ်ထဲမှာ အတူတူ သေဆုံးသွားခဲ့ကြတယ်၊ အလောင်းတွေကိုတော့ အခုထိ မတွေ့သေးဘူးလို့ ဆိုပါတယ်”
ဤသတင်းများကို ကြားရသောအခါ မီရှုဟွာ၏ ရင်ထဲတွင် အေးစက်သွားတော့သည်။ အင်အားကြီးလှသော ဖိုရှန်းဂိုဏ်းမှာ အဘယ်ကြောင့် ရုတ်တရက် ရစရာ မရှိအောင် ဖြစ်သွားရသနည်း။ သူကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သော ပါရမီရှင်များ များစွာ ရှိခဲ့သည် မဟုတ်ပါလော။
မီရှုဟွာသည် တင်းမာသော မျက်နှာထားဖြင့် သူ၏ ကျောက်စိမ်းတံဆိပ်ကို ထုတ်ကြည့်လိုက်သည်။ ထိုအပေါ်မှ အလင်းတန်းမှာ စိုးရိမ်တကြီးနှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေချေပြီ။
“တာကျန်းဂိုဏ်းက တိုက်ခိုက်မှု စတင်နေပြီ၊ မြေကာကွယ်ရေး အစီအရင်ကို ၅ ကြိမ်တိုင်တိုင် မှော်အတတ်တွေနဲ့ ပစ်ခတ်နေတယ်"
“တာကျန်းဂိုဏ်းက ဒုတိယအကြိမ် တိုက်ခိုက်နေပြီ၊ အစီအရင်ကြီး ပြိုကျတော့မယ်"
“ဝိညာဉ်ကျောက်တုံး လက်ကျန်က တိုက်ခိုက်မှု ၇ ကြိမ်စာပဲ ကျန်တော့တယ်၊ ဂိုဏ်းချုပ်ကြီး ကူညီပါဦး”
“ရှန်းရှုနဲ့ ဖူကျန်းတို့ တိုက်ပွဲထဲ ပါဝင်လာပြီ၊ ဂိုဏ်းချုပ်ကြီးကို တင်ပြချင်တာက ဖူမိသားစုလည်း ဒီစစ်ပွဲမှာ ပါနေတယ်ဆိုတာပါပဲ"
သတင်းတစ်ခုစီတိုင်းမှာ နိမိတ်မကောင်းသော အသံများအလား။
မီရှုဟွာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မတ်တပ်ရပ်လိုက်သည်။
သူ သက်ပြင်းတစ်ချက် ပြင်းပြင်းချလိုက်ရင်း ဆိုသည်။
“ငါကိုယ်တိုင် လှုပ်ရှားဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူးထင်တယ်”
သူ အိမ်ပြင်သို့ တစ်လှမ်းချင်း လျှောက်သွားသည့်အခါ မီကျွင်းဖျင်နှင့် မီစီဖန်တို့၏ မျက်လုံးများတွင် မျှော်လင့်ချက်အလင်းရောင်များ ပြန်လည် ပေါ်ထွက်လာသည်။ အဖေ သို့မဟုတ် အဘိုးကိုယ်တိုင် ပါဝင်လာပြီဆိုလျှင် မဖြေရှင်းနိုင်သော ပြဿနာဆိုသည်မှာ တာဟဲစျေးမြို့တော်တွင် မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ မဟုတ်ပါလော။
….
ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်းတစ်ခုမှာ တိမ်တိုက်များကို ဖြတ်သန်းကာ လခြမ်းတောင်ကြားဆီသို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းနေသည်။
မီရှုဟွာသည် လေဟုန်စီးနေသော်လည်း သူ၏ စိတ်ထဲတွင်မူ အတွေးများဖြင့် ဆူညံနေသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ချီသန့်စင်အဆင့် တိုက်ပွဲတွင် ပါဝင်ခြင်းမှာ တာဟဲစျေးမြို့တော်၏ အသံတိတ် စည်းမျဉ်းကို ချိုးဖောက်ခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ သာမန်တိုက်ပွဲ မဟုတ်ပေ။
လော့ချန်အား အဆုံးရှုံးမခံနိုင်ပေ။ သူ၏ ဆေးဖော်စပ်မှုမှာ အလွန်ပင် တန်ဖိုးရှိလှသည်။ ဤသည်မှာ ဝိညာဉ်ကျောက်တုံးများအတွက်သာ မဟုတ်ဘဲ၊ နောင်အနာဂတ် ကျင့်ကြံခြင်း အရင်းအမြစ်များ၊ အာဏာ၊ ဩဇာနှင့် မီရှုဟွာကိုယ်တိုင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းမည့် လမ်းစဉ်အတွက်လည်း အရေးကြီးလှသည်။
‘ထားလိုက်ပါတော့.... စည်းမျဉ်းချိုးဖောက်ရတာက တန်ပါတယ်’
သူ လော့ချန်အား အရင်ဆုံး ကယ်ထုတ်မည်။ ထို့နောက် ကျောက်စိမ်းအိုး ဓားနန်းဆောင်မှ တာဝန်ခံမြောင်ထံ ကြားဝင် စေ့စပ်ပေးရန် တောင်းဆိုမည်။
ရုတ်တရက် မီရှုဟွာ ကောင်းကင်ယံတွင် ရပ်တန့်သွားသည်။
ညကောင်းကင်ယံတွင် ငြိမ်သက်စွာ ရပ်နေရင်း သူ၏ မျက်နှာမှာ တုန်ရီလာတော့သည်။ သူ၏ မျက်လုံးအိမ်မှာ ကျဉ်းမြောင်းသွားပြီး စိုးရိမ်စိတ်များ ဖုံးလွှမ်းသွားသည်။
‘တစ်ခုခု မှားနေပြီ၊ ဝိုင်းထားပြီး မတိုက်တာ၊ စစ်ကူတွေကို မျှားခေါ်တာ၊ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေပေမဲ့ လခြမ်းတောင်ကြားကိုတော့ ဘာမှမလုပ်ဘဲ ချန်ထားတာ…. ဒါက ရန်သူကို ထောင်ချောက်ထဲ ဆွဲခေါ်တဲ့ နည်းဗျူဟာပဲ’
‘သူတို့ရဲ့ ပစ်မှတ်က လော့ချန် မဟုတ်ဘူး၊ ဖိုရှန်းဂိုဏ်းလည်း မဟုတ်ဘူး၊ ငါ့ကိုပဲ…. ဒီသတ်ဖြတ်မှုအားလုံးက ငါ့ကို မျှားထုတ်ဖို့အတွက် ကြံစည်ထားတာပဲ’
သူ မဆိုင်းမတွပင် လမ်းကြောင်းပြောင်းကာ မူလနေရာသို့ အမြန်ဆုံး ပြန်လည် ပျံသန်းတော့သည်။ သူသည် ကျောက်စိမ်းတံဆိပ် နှစ်ခုကို ထုတ်ကာ ဝိညာဉ်အသိများကို ထည့်သွင်းလိုက်သည်။
ရွှေခရမ်းရောင် ပျံသန်းစက်ဝိုင်းကြီးတစ်ခု သူ၏ ပတ်လည်တွင် ပေါ်ပေါက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ပျောက်ကွယ်သွားတော့သည်။ လော့ချန်နှင့် ဖိုရှန်းဂိုဏ်း ထိုအရာများမှာ သူ၏ အတွေးထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် သူ မီမိသားစု စံအိမ်သို့ ပြန်ရောက်လာသည်။ ညကောင်းကင်အောက်တွင် မီးအိမ်များကို ထွန်းညှိထားကြသဖြင့် နွေးထွေးသောအလင်းရောင်များမှာ ခြံဝင်းအတွင်း ပျံ့နှံ့နေသည်။
တောက်ပသော မီးအိမ်အလင်းရောင်အောက်တွင် မီရှုဟွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
‘ငါ ဒီမှာပဲ ရှိနေသရွေ့တော့ ငါအရင်က တည်ဆောက်ထားတဲ့ ဒုတိယအဆင့် အစီအရင်နဲ့ ငါ့ရဲ့ မှော်ရတနာတွေရှိနေရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများကြီး လာတိုက်ရင်တောင် ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး’
‘ဖူ၊ လီ နဲ့ ချန် မိသားစုတွေက ဖိုရှန်းဂိုဏ်းကို ဝိုင်းတိုက်နေကြပြီဆိုတော့ တွမ် နဲ့ နန်ကုန်း မိသားစုတွေလည်း ပါလာတော့မှာပဲ၊ သူတို့ကို ခဏလောက် အောင်ပွဲခံခွင့် ပေးလိုက်မယ်၊ ငါ ပြန်ပြီး အင်အားပြည့်လာတဲ့ တစ်နေ့တော့ ငါ့ပစ္စည်းတွေ အားလုံး ငါ့ဆီ ပြန်ရောက်လာရမယ်’
မီရှုဟွာသည် သတိလက်လွတ်ဖြစ်သွားကာ ရေရွတ်ရင်း အိမ်ထဲသို့ တစ်လှမ်း လှမ်းလိုက်သည်။ သို့သော် နောက်တစ်မိနစ်မှာပင် သူ၏ ဝိညာဉ်အသိမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။ သူ မဆိုင်းမတွပင် ခန္ဓာကိုယ်ကို မီတာရာချီ ဘေးသို့ အတင်းအကျပ် ရွှေ့ပြောင်းလိုက်သဖြင့် အမည်မသိ အန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့သည်။
သူ ရပ်နေခဲ့သော နေရာတွင် ဓားဖျားတစ်ခု၏ ပုံရိပ် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ထိုဓားဖျား၏ ထိပ်ဆုံးတွင်မူ နီရဲသော သွေးစက်တစ်စက် ရှိနေချေပြီ။
မီးအိမ်အလင်းရောင်လွှမ်းနေသော စံအိမ်တော်အတွင်းမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
“မိတ်ဆွေဟောင်းကြီး.... ငါ့ကို ခွင့်လွှတ်ပါတော့"