အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၁၆၁
ညဘက်တွင် လုယွီသည် အိပ်ဆောင်သို့ ပြန်အိပ်ပြီး ဖန့်မိန်ကို ကျန်းနျန်နှင့် အခန်းတစ်ခန်းတည်း အိပ်ရန် စီစဉ်ပေးကာ ကလေးနှစ်ယောက်ကို အခြားအခန်းတွင် အိပ်စေသည်။ ဖန့်မိန် ရောက်လာချိန်မှာ မွန်းလွဲပိုင်းဖြစ်ပြီး အလုပ်များ လုပ်ကိုင်ပြီးချိန်တွင် မှောင်နေပြီ ဖြစ်သည်။ လန်ဟွေ့နှင့် တပ်ရင်းမှူးဟဲတို့ အနားမှာ ရှိနေမှန်း သိသဖြင့် ဖန့်မိန်သည် နောက်တစ်နေ့ မနက်စာစားပြီးသည်နှင့် ကျန်းနျန်ကို သူမအား အစ်မလန်၏ အိမ်သို့ လိုက်ပို့ခိုင်းခဲ့သည်။
လန်ဟွေ့မှာ စာသင်ဝိုင်းသို့ သွားနေသဖြင့် သူတို့ လွဲသွားကြသည်။
ထို့ကြောင့် ကျန်းနျန်သည် ဖန့်မိန်ကို စာသင်ဝိုင်းသို့ လိုက်ပို့ပေးခဲ့သည်။ လန်ဟွေ့နှင့် ဖန့်မိန်တို့မှာ သုံးလေးနှစ်ခန့် မတွေ့ရသဖြင့် ပထမဆုံးတွေ့ချိန်တွင် တစ်ဦးနှင့်တစ်ဦး မမှတ်မိကြဘဲ နာမည်ပြောမှသာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
မွန်းတည့်ချိန်တွင် သူတို့ လန်ဟွေ့၏ အိမ်မှာ ထမင်းစားကြသည်။ လန်ဟွေ့တွင်လည်း သားနှစ်ယောက် ရှိပြီး စုန့်ရှန်းတုန်၊ စုန့်ရှန်းဟုန်တို့နှင့် ရွယ်တူများ ဖြစ်ကြသည်။ ကလေးလေးယောက်မှာ အခန်းထဲတွင် ဝင်ကစားနေကြပြီး ကျန်းနျန်နှင့် ကျန်လူများမှာ ဧည့်ခန်းတွင် ကျန်ခဲ့သည်။
လန်ဟွေ့သည် ရှေ့ဖုံးခါးစည်းကို ပတ်ကာ မီးဖိုချောင်တွင် ဟင်းသီးဟင်းရွက်များ လှီးရင်း ဖန့်မိန်နှင့် လွန်ခဲ့သော နှစ်အနည်းငယ်အကြောင်း စကားပြောနေသည်။ ထို့နောက် သူမက မေးလိုက်သည်။ "နင်က ကျန်းနျန်နဲ့ တော်တော်ရင်းနှီးပုံရတယ်နော်။ နင်တို့ အရင်ကတည်းက သိကြတာလား။"
ဖန့်မိန် - ....
သူမ ဘယ်လို ပြန်ပြောရပါမည်နည်း။
သူမသည် ကျန်းနျန်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ ကျန်းနျန် မျက်တောင်ခတ်လိုက်ပြီး ဖန့်မိန်ကို မော့ကြည့်နေစဉ် ဖန့်မိန်က ပြောလိုက်သည်။ "အာ... တို့တွေ... တို့တွေ အရင်က တွေ့ဖူးတယ်..." သူတို့ အချင်းချင်း မသိကြဘူးလား။ သူမသည် ကျန်းနျန်ကို စိုးရိမ်တကြီး ကြည့်ကာ တစ်ခုခု အမြန်ပြောပေးရန် မျှော်လင့်နေသည်။
ကျန်းနျန် - ....
သူမသည် ဖန့်မိန် စကားကို ဆက်ပြောပေးလိုက်သည်။ "ကျွန်မ အရင်က အဲဒီဘက်က ပန်းထိုးဆိုင်မှာ အလုပ်လုပ်တော့ လုယွီကို တွေ့ဖို့ စစ်အခြေစိုက်စခန်းကို ခဏခဏ သွားဖြစ်တယ်။ အဲဒီမှာ အစ်မဖန့်နဲ့ ရင်းနှီးသွားတာပါ။"
လန်ဟွေ့ ပြုံးလိုက်သည်။ "ဪ... အဲဒီလိုလား။"
ဖန့်မိန် အမြန် ခေါင်းညိတ်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါ မှန်တယ်။" ထို့နောက် ကျန်းနျန်ကို ကြည့်ကာ "နင်ပြောတာ မှန်တယ်။"
ကျန်းနျန် - ....
ကံကောင်းသည်မှာ လန်ဟွေ့အိမ်တွင် နေ့လယ်စာစားချိန်၌ စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့မှာ ဟဲပင်း၊ ဟဲမင်တို့နှင့် ကစားရသည်မှာ အလုပ်ရှုပ်နေသဖြင့် စကားသိပ်မပြောကြပေ။
ဖန့်မိန်သည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း တုန်းရှီမြို့တွင် သူမ ကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။ သူမသည် ထိုအရပ်က လေယူလေသိမ်း အနည်းငယ် ပါလာသဖြင့် လန်ဟွေ့မှာ ရယ်မောကာ ပြောလိုက်သည်။"ဖန့်မိန်... နင့်ရဲ့ လေယူလေသိမ်းက အခုဆို အရမ်းချစ်စရာကောင်းနေပြီ။"
ဖန့်မိန် အံ့သြသွားခဲ့သည်။ "ဘာ။"
ကျန်းနျန် မရယ်ဘဲ မနေနိုင်တော့ပေ။
နေ့လယ်စာစားချိန်တွင် အမျိုးသမီး သုံးဦးနှင့် ကလေးများသာ ရှိသည်။ တပ်ရင်းမှူးဟဲနှင့် ကျန်လူများ ပြန်မရောက်ကြသေးပေ။ လန်ဟွေ့အိမ်တွင် ညစာစားပြီးနောက် အိမ်ပြန်လာစဉ် မိသားစု အဆောင်သို့ ရောက်သည်နှင့် ချန်ပင်နှင့် ဆုံခဲ့သည်။ ချန်ပင်သည် ဖန့်မိန်ကို မြင်သောအခါ အံ့သြသွားသည်။ ဖန့်မိန်က အရင်စပြောခဲ့သည်။ "ချန်ပင်... နင် ငါ့ကို မှတ်မိသေးလား။"
ချန်ပင်က ပြုံးကာ "ဘယ်လိုလုပ် မေ့မှာလဲ" ထို့နောက် သူမက မေးသည်။ "ကျန်းနျန်ကို လာတွေ့တာလား။"
ဖန့်မိန် ပြောလိုက်သည်။ "ဟုတ်တယ်၊ သူက တပ်ရင်းမှူးလုနဲ့ လက်ထပ်လိုက်ပြီလေ။ ငါ သူတို့မင်္ဂလာဆောင်ကို အမီမလိုက်နိုင်ပေမယ့် အခုလို လာအားပေးတာလည်း မနောက်ကျသေးပါဘူး။"
ဖန့်မိန်၏ စကားကို ကြားသောအခါ ချန်ပင် စိတ်အေးသွားသည်။ တပ်ရင်းမှူးစုန့်က ကျန်းနျန်နှင့် လုယွီတို့၏ ဆက်ဆံရေးကို သိပြီးသားပုံရသည်။ သူမနှင့် ဘာမှမဆိုင်သော်လည်း ဖိအားများစွာ လျော့ကျသွားသလို ခံစားရသည်။ သူမသည် ဖန့်မိန်နှင့် ခဏမျှ စကားပြောပြီးနောက် ပြန်သွားသည်။
ဖန့်မိန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ဒီမှာရှိတဲ့လူတွေက နင်နဲ့ တပ်ရင်းမှူးလုက အရင်က မတ်နဲ့ မရီး တော်စပ်ခဲ့တယ်ဆိုတာ တကယ်ပဲ မသိကြသေးဘူးလား။"
ကျန်းနျန်က ခေါင်းကို ညင်သာစွာ ခါပြသည်။ "မသိကြပါဘူး။" ဖန့်မိန် သက်ပြင်းချကာ စိတ်အေးသွားစဉ်မှာပင် ကျန်းနျန်က ထပ်ပြောလိုက်သည်။ "ချန်ပင်တော့ သိတယ်။"
ဖန့်မိန် - ....
ဒါဆိုရင် ငါ အခုလေးတင် ချန်ပင်ရှေ့မှာ မဟုတ်တာတွေ လျှောက်ပြောခဲ့မိတာပေါ့။
အိမ်ရောက်သောအခါ ကျန်းနျန်က စုန့်ရှန်းတုန်နှင့် သူ့ညီကို မေးလိုက်သည်။ "သားတို့ ဘာစားချင်လဲ။ ဒေါ်လေးကျန်း ချက်ပေးမယ်။"
နှစ်ယောက်လုံးက ပြိုင်တူ ဖြေကြသည်။ "သကြားညိုကိတ် စားချင်တယ်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
သူမသည် မုန့်နယ်ရန် မီးဖိုချောင်သို့ သွားရာ ဖန့်မိန်က ကူညီရန် လိုက်လာသည်။ သူမသည် အကြာကြီး တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။ "ကျန်းနျန်... နင် အခုတော့ လက်ထပ်သွားပြီဆိုတော့ ငါ့ကို အမှန်အတိုင်း ပြောပါ။ ငါ နင်နဲ့ စုန့်ပိုင်ကို အောင်သွယ်ပေးတုန်းက ငါ့အပေါ် တစ်ခုခု စိတ်ထဲ ထားခဲ့လား။"
ကျန်းနျန်က တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းခါလိုက်သည်။ "မရှိပါဘူး၊ အဲဒီတုန်းက ကျွန်မ နောက်တစ်ခါ အိမ်ထောင်မပြုချင်တာပဲ ရှိတာပါ။"
ဖန့်မိန် ပြောလိုက်သည်။ "နင်တို့နှစ်ယောက်က တကယ်ပဲ ရေစက်မပါခဲ့တာပဲ။ ဒါပေမယ့် တပ်ရင်းမှူးလုက တော်တော်ကောင်းပါတယ်၊ ချောလည်းချောတယ်၊ အခုဆို တပ်မှူးကြီးလည်း ဖြစ်နေပြီ။ လောင်စုန့် ပြောသလိုပဲ တပ်ရင်းမှူးလုက အလားအလာ အရမ်းကောင်းတယ်။ နင်တို့က တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေတော့ သူ့ဆီမှာ နင် ဒုက္ခမရောက်နိုင်ပါဘူး။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မဖန့်။"
"ကျေးဇူးတင်စရာ မလိုပါဘူး။" ဖန့်မိန်သည် ကြွေဇလုံကို ဆေးကြောပြီး ရေအသစ် လဲလှယ်လိုက်သည်။ ထို့နောက် ရေဘုံဘိုင်ခေါင်းကို ကြည့်ကာ ခေါင်းခါလိုက်သည်။ "ငါတို့ဆီမှာလည်း ဘာလို့ ဒါမျိုး မရှိရတာလဲ။"
ကျန်းနျန် မုန့်များ လုပ်ပြီးသွားသောအခါ ဖန့်မိန်က အခြားအကြောင်းအရာတစ်ခုကို ပြောပြသည်။ "စုန့်ပိုင် ထွက်သွားပြီ။"
ကျန်းနျန် ပြောလိုက်သည်။ "ကျွန်မ သိပါတယ်။"
အနီရောင်ကြယ်ဟိုတယ်တွင် လူခွဲခဲ့ကြပြီးနောက် စုန့်ပိုင်က နယ်စပ်သို့ သွားမည်ဟု ပြောခဲ့သည်။ အစကတည်းက ကျန်းနျန်သည် စုန့်ပိုင်ကို ကျူးကျွင်းကဲ့သို့ သူငယ်ချင်းတစ်ဦးအဖြစ်သာ မြင်ခဲ့ပြီး သူက သူမအပေါ် ခံစားချက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမသည် ဟင်းသီးဟင်းရွက်များ လှီးရန် လှည့်လိုက်စဉ် ဖန့်မိန်က ဆက်ပြောခဲ့သည်။ "သူ ထွက်သွားတာ ငါးရက် ရှိပြီ။ လောင်စုန့်နဲ့ ငါက သူ့ကို ဘူတာရုံအထိ ကိုယ်တိုင် သွားပို့ခဲ့တာ။ အခု နယ်စပ်ကို သွားတာဆိုတော့ ဘယ်တော့မှ ပြန်ဆုံကြဦးမလဲ မသိဘူး။ ဒီကလေးက ဘာလို့ စစ်တပ်မှာပဲ ငြိမ်ငြိမ်မနေဘဲ အမြဲတမ်း ဝေးလံခေါင်ဖျားတဲ့ နေရာတွေကိုပဲ သွားနေရတာလဲ။"
ကျန်းနျန် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလိုက်သည်။ "လူတိုင်းမှာ မတူညီတဲ့ အတွေးအခေါ်တွေ ရှိကြတာပေါ့။"
သူမသည် ဤတစ်ခေါက်တွင် မုန့်များစွာ လုပ်လိုက်သည်။ ညနေပိုင်းတွင် လုယွီ ညစာစားရန် ပြန်လာသောအခါ ကျန်းနျန်သည် ကုရှစ်ကျိုးနှင့် ချန်ယောင်တို့ မြည်းစမ်းနိုင်ရန် မုန့်များကို အလူမီနီယမ် ထမင်းဘူးများထဲသို့ ထည့်ပေးလိုက်သည်။
သူမ၏ ပါးပြင်များမှာ ရုတ်တရက် ပူနွေးသွားသည်။ ကျန်းနျန် လှည့်ကြည့်လိုက်ရာ လုယွီသည် ဗီရို၏ ဘေးတစ်ဖက်စီတွင် လက်ထောက်ကာ သူမကို ရင်ခွင်ထဲ ထည့်ထားပြီး ပြုံးလျက် ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။
ကျန်းနျန်သည် မီးဖိုချောင် အပြင်ဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။ လုယွီက သူမ၏ နားနားတွင် ကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ "အစ်မဖန့်က ကလေးတွေကို သိပ်နေတယ်။"
ကျန်းနျန် သက်ပြင်းချနိုင်သွားသည်။ သို့သော် သူမ တွေးမိသည်မှာ… ယခုအခါ သူမနှင့် လုယွီမှာ လင်မယား ဖြစ်နေပြီကို ဘာဖြစ်လို့ ခိုးကြောင်ခိုးဝှက် လုပ်နေရသလို ခံစားနေရသနည်း။
လုယွီသည် သူမ၏ နှုတ်ခမ်းကို နမ်းလိုက်ပြီးမှ တွန့်ဆုတ်စွာ လွှတ်ပေးလိုက်သည်။ "ကိုယ် သွားတော့မယ်။"
ကျန်းနျန် ရှက်သွေးဖြာသွားခဲ့သည်။ "လမ်းမှာ ဂရုစိုက်ပါဦး။"
လုယွီ ထွက်သွားပြီးနောက် ကျန်းနျန်သည် ကိုယ်လက်သန့်စင်ကာ အိပ်ရန် လှဲလိုက်သည်။ ခဏအကြာတွင် ဖန့်မိန် ရောက်လာပြီး ကျန်းနျန်ကို ပြောလိုက်သည်။ "ဒီနေ့ည အိပ်ရင် ငြိမ်ငြိမ်အိပ်နော်။"
ကျန်းနျန် - ....
ဖန့်မိန် ထပ်ပြောလိုက်သည်။ "မနေ့ညက နင် ငါ့ကို အကြိမ်ပေါင်းများစွာ ကန်ခဲ့တာ။"
ကျန်းနျန် - ....
"ကျွန်မ ကောင်းကောင်းအိပ်ဖို့ ကြိုးစားပါ့မယ်။"
သူမ ဖန့်မိန်ကို ကန်မိခြင်းမှာ ဘေးနားက လူကို လုယွီဟု မသိစိတ်က ထင်နေမိခြင်းကြောင့် ဖြစ်နိုင်သည်။ လုယွီနှင့် အတူအိပ်ခဲ့သော ညအချို့တွင် သူမသည် လုယွီ၏ ပွေ့ဖက်ခြင်းကို ခံထားရသဖြင့် မည်သည့်နေရာသို့မှ လိမ့်မသွားနိုင်ခဲ့ပေ။ ထို့အပြင် လုယွီမှာ မီးဖိုတစ်ခုကဲ့သို့ နွေးထွေးလှသည်။ အလွန်အေးသော ရာသီဥတုတွင်ပင် သူမသည် မအေးဘဲ နွေးထွေးမှုကို ခံစားရသည်။
ဖန့်မိန်သည် ထိုနေရာတွင် သုံးရက်နေထိုင်ပြီး နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ထွက်ခွာသွားသည်။ ညနေ ခြောက်နာရီ ရထားကို စီးခြင်းဖြစ်သည်။ လုယွီသည် ခွင့်တစ်ဝက်ယူကာ ဖန့်မိန်နှင့် သူမ၏ မိသားစု သုံးဦးကို ဘူတာရုံသို့ လိုက်ပို့ပေးခဲ့သည်။
ထိုအချိန်က ဘူတာရုံများမှာ လူလိုက်ပို့သူများကို အတွင်းအထိ ဝင်ခွင့်ပြုသည်။ ကျန်းနျန်သည် ဖန့်မိန်အတွက် ပစ္စည်းများစွာ ထုပ်ပိုးပေးလိုက်ရာ လုယွီက ထိုပစ္စည်းများကို သယ်ပေးခဲ့သည်။ သူတို့ အကြာကြီး မနေဘဲ ပြန်ထွက်လာကြသည်။
ရထား စတင်ထွက်ခွာချိန်တွင် ဖန့်မိန်သည် ပြတင်းပေါက်မှနေ၍ ကျန်းနျန်ကို လက်ဝှေ့ယမ်းပြကာ သူမနှင့် လုယွီကို အားလပ်ရက်ယူ၍ တုန်းရှီမြို့သို့ လာလည်ရန် မှာကြားခဲ့သည်။
ရာသီဥတုမှာ တဖြည်းဖြည်း နွေးလာသော်လည်း မနက်နှင့် ညပိုင်း အပူချိန်မှာ ကွာခြားနေဆဲ ဖြစ်သည်။
ဤနေရာရှိ မိသားစု အဆောင်များသည် ဟိုဘက်က မိသားစု ဝင်းခြံများနှင့် မတူပေ။ ဟိုဘက်တွင် အိမ်တိုင်း၌ ဟင်းသီးဟင်းရွက် စိုက်ရန် ဝင်းငယ်လေးများ ရှိသော်လည်း ဤနေရာတွင်မူ မိသားစုတိုင်းအတွက် မြေကွက်ငယ်လေးများ ခွဲဝေပေးထားသော မြေကွက်ကြီးတစ်ခု ရှိသည်။ ကျန်းနျန်၏ မြေကွက်မှာ ထျန်မိုင်၏ မြေကွက်နှင့် ကပ်လျက် ဖြစ်သည်။ ထိုနေ့ မနက်စာစားပြီးနောက် ထျန်မိုင်သည် ကျန်းနျန်ထံ ရောက်လာပြီး မြေကွက်ရှိ မြေကြီးများကို အတူတူ သွားဆွရန် လာခေါ်သည်။ တံခါးဖွင့်လိုက်ချိန်တွင် လုယွီနှင့် မထင်မှတ်ဘဲ ဆုံခဲ့သည်။
ထျန်မိုင်က ပြုံးကာ ပြောလိုက်သည်။ "တပ်ရင်းမှူးလု တပ်ရင်းကို သွားမလို့လား။"
လုယွီ ခေါင်းညိတ်လိုက်သည်။ "အင်း။"
သူသည် ကျန်းနျန်ဘက် လှည့်ကာ ပြောလိုက်သည်။ "မင်း ဒီတိုင်း လမ်းလျှောက်သွားရုံပဲ သွားလိုက်ပါ။ ကိုယ် နေ့လယ်ကြရင် အချိန်ယူပြီး မြေသွားဆွပေးမယ်။ မင်း ဒါတွေ လုပ်စရာ မလိုပါဘူး။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
လုယွီ ထွက်သွားသည်ကို ကြည့်ရင်း ထျန်မိုင်မှာ မနာလိုဖြစ်သွားကာ ပြောလိုက်သည်။ "အာ... လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်နေကြရတာပဲ။ ငါ့ယောကျ်ားကို ကြည့်ဦး။ ငါ သူ့အမေနဲ့ ရန်ဖြစ်နေတာ နှစ်ပေါင်းများစွာ ရှိပြီ၊ သူက အမြဲတမ်း ကြားထဲကနေ ညှိပေးဖို့ပဲ ကြိုးစားတာ၊ ငါ့ကို ကူညီဖို့ ဘယ်တော့မှ မစဉ်းစားဘူး။"
ဤအကြောင်းအရာသည် ထျန်မိုင်ကို အမြဲတမ်း စိတ်ဆိုးစေသည်။ ယနေ့မနက်တွင်လည်း ယောက္ခမဖြစ်သူနှင့် ရန်ဖြစ်ခဲ့သေးသည်။ အကြောင်းမှာ ယောက္ခမဖြစ်သူက မနေ့ညက နင်ရှို့ကို စကားနားမထောင်ဟု ဆူပူခဲ့ခြင်းကြောင့် ဖြစ်သည်။ သူမ၏ သမီးကြီးက ဘာလို့ နားမထောင်ရမှာလဲ။ နေ့တိုင်း ဆူပူခံနေရလို့ တိတ်တိတ်ဆိတ်ဆိတ် နေနေတာတောင် စကားနားမထောင်သေးဘူးလား။
ထိုကိစ္စကြောင့် ဒုလက်ထောက်တပ်ရင်းမှူးနင်သည်လည်း ယနေ့ သူ၏ မိခင်နှင့် ရန်ဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် အဘွားကြီးမှာ ငိုယိုကာ ပြဿနာရှာပြီး အိမ်မှာ ဆက်မနေနိုင်တော့ကြောင်း၊ လူကြီးလူငယ် အားလုံးက သူမကို အနိုင်ကျင့်နေကြကြောင်း ပြောခဲ့သည်။ ထျန်မိုင်မှာ အလွန်စိတ်တိုသွားသဖြင့် ပေါက်ပြားကို ဆွဲကာ အပြင်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မည်သူမှ ထိုအဘွားကြီးကို မနှောင့်ယှက်ရဲကြတော့ပေ။
ဘေးအိမ်တွင် နေသော ဟဲယွဲ့သည် ကျန်းနျန်တို့ မြေကွက်ဆီ သွားမည်ကို သိသဖြင့် သူမပါ လိုက်ခဲ့သည်။ လှေကားထစ်များဆီ ရောက်သောအခါ ကျန်းနျန်သည် ဘေးအိမ်နှစ်အိမ်ကို လှမ်းကြည့်မိသည်။ သူမ ပြောင်းလာတာ နှစ်လနီးပါး ရှိပြီဖြစ်သော်လည်း ထိုမိသားစု နှစ်စုကို မမြင်ဖူးသေးပေ။ ထို့ကြောင့် သူမက မေးလိုက်သည်။ "အစ်မဟဲ... ဒီအိမ်နှစ်အိမ်မှာ ဘယ်သူတွေ နေတာလဲ။"
ဟဲယွဲ့က ပြောလိုက်သည်။ "ဒီအိမ်ကတော့ တတိယ တပ်ရင်းက ဗိုလ်ကြီးလိန်နဲ့ သူ့မိန်းမ နေတာ။ သူတို့က နှစ်သစ်ကူးပြီးမှ လက်ထပ်ခဲ့တာ၊ ဒါပေမယ့် လက်ထပ်ပြီး မကြာခင်မှာပဲ မိန်းမဖြစ်သူရဲ့ အဖေက လဲကျပြီး ခြေထောက်ကျိုးသွားလို့ သူက အဖေကို ပြုစုဖို့ ပြန်သွားတယ်။ ဒါကြောင့် ဗိုလ်ကြီးလိန်က အခု အိပ်ဆောင်မှာပဲ နေနေတယ်။ သူ့မိန်းမ ပြန်လာမှ သူ ပြန်ပြောင်းလာမှာ။"
ထိုသို့ ပြောပြီးနောက် သူမသည် အခြားအိမ်တစ်အိမ်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အဲဒါကတော့ စတုတ္ထ တပ်ရင်းက လက်ထောက်တပ်ရင်းမှူးလျိုရဲ့ အိမ်ပဲ။ သူ့မိန်းမက သူနဲ့ ရန်ဖြစ်ပြီး သူမအမေအိမ်ကို ပြန်သွားတာ နှစ်လနီးပါး ရှိပြီ။ ဒါပေမယ့် စာသင်ဝိုင်းမှာ ကြားရတာတော့ စတုတ္ထ တပ်ရင်းက စစ်သည်ဇနီးသည်တွေ ပြောတာ လက်ထောက်တပ်ရင်းမှူးလျိုက သူ့မိန်းမကို သွားခေါ်နေတယ်ဆိုတော့ နောက်ရက်အနည်းငယ်အတွင်း ပြန်လာကြလိမ့်မယ်။"
ဤအကြောင်းကို ထျန်မိုင်လည်း အနည်းငယ် သိထားသည်။ သူတို့ သုံးယောက် မိသားစု အဆောင်မှ ထွက်လာကြသည်။
ထျန်မိုင်က ကျန်းနျန်နှင့် ဟဲယွဲ့ကို ပြောခဲ့သည်။ "ကြားရတာတော့ ကွမ်လုက ကလေးလိုချင်တယ်၊ ဒါပေမယ့် လက်ထောက်တပ်ရင်းမှူးလျိုက မလိုချင်ဘူးတဲ့။ လက်ထောက်တပ်ရင်းမှူးလျိုမှာ သမီးတစ်ယောက် ရှိနှင့်ပြီးသားဆိုတော့ သူ့သမီးက သူမအဖေမှာ နောက်ထပ် ကလေးရလာရင် သူမကို ဂရုမစိုက်တော့မှာ စိုးရိမ်နေတာ ဖြစ်မှာပေါ့။"
ထျန်မိုင်က ခဏရပ်ပြီး ဆက်ပြောခဲ့သည်။ "ဒီတစ်ခေါက် ကွမ်လု အိမ်ပြန်သွားတာက လက်ထောက်တပ်ရင်းမှူးလျိုရဲ့ သမီးကြောင့် စိတ်မကောင်းဖြစ်လို့ ပြန်သွားတာလို့ ကြားတယ်။"
ကျန်းနျန် နားလည်သွားသည်။ ဤလက်ထောက်တပ်ရင်းမှူးလျိုနှင့် ကွမ်လုတို့မှာ ပေါင်းစည်းထားသော မိသားစု ဖြစ်ကြသည်။
[ပေါင်းစည်းထားသောမိသားစု ဆိုသည်မှာ ဇနီးမောင်နှံနှင့်အတူ သူတို့ နှစ်ဦးစလုံး သို့မဟုတ် တစ်ဦးဦး၏ အရင်အိမ်ထောင်မှ ပါလာသော ကလေးများ ပါဝင်သည့် မိသားစု ဖြစ်သည်။]
စိုက်ပျိုးမြေကွက်မှာ မိသားစု အဆောင်နှင့် သိပ်မဝေးသော်လည်း လမ်းလျှောက်လျှင် ဆယ်မိနစ်ခန့် ကြာသည်။
ဟဲယွဲ့နှင့် ထျန်မိုင်တို့သည် ကျန်းနျန်၏ လက်ကောက်ဝတ်ရှိ နာရီကို မြင်သောအခါ မနာလိုဖြစ်မိကြသည်။ သူတို့သည် သူတို့၏ ယောကျ်ားများနောက်သို့ နှစ်ပေါင်းများစွာ လိုက်လာခဲ့သော်လည်း နာရီတစ်လုံးပင် မရှိကြသလို ဖိနပ်ကောင်းကောင်းတစ်ရံပင် မရှိကြပေ။
ကြည့်လေလေ ကျန်းနျန် ကံကောင်းလှသည်ဟု သူတို့ ခံစားရလေလေ ဖြစ်သည်။
ကျန်းနျန်သည် မြေကွက်ကို သွားကြည့်ရုံသာ ဖြစ်သော်လည်း ဘာမှမလုပ်ဘဲ မနေနိုင်ပေ။ သူမသည် လုယွီကို စောင့်နေစဉ် မြေကွက်ရှိ ပေါင်းပင်များကို နှုတ်နေလိုက်သည်။ မွန်းတည့်ခါနီးမှ သူမ အိမ်ပြန်လာသည်။ ကိုယ်လက်သန့်စင်၊ အင်္ကျီလဲပြီးနောက် လုယွီ ကြိုက်တတ်သော ဆော့စ်နယ်ခေါက်ဆွဲများကို အလူမီနီယမ် ထမင်းဘူးထဲ ထည့်ကာ စိုက်ပျိုးမြေကွက်သို့ ပြန်သွားသည်။
မွန်းတည့်ချိန်တွင် လူစည်ကားလှပြီး လမ်းတွင်တွေ့သော လူတိုင်းက ကျန်းနျန်ကို နှုတ်ဆက်ကာ ဘာလုပ်နေလဲဟု မေးကြသည်။ ကျန်းနျန်က ပြုံးကာ ပြောလိုက်သည်။ "လုယွီအတွက် ထမင်းပို့ပေးမလို့ပါ။"
သစ်ကိုင်းများတွင် အဖူးအပွင့်လေးများ ဝေနေပြီး သူမ လျှောက်သွားစဉ် ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းလန်းလာသည်ကို မြင်နေရသည်။
မွန်းတည့်ချိန်တွင် အတော်ပူသည်။ ကျန်းနျန်သည် မနှစ်က သူမ ကိုယ်တိုင်ချုပ်ထားသော အင်္ကျီအဖြူလေးကို ဝတ်ထားသည်။ အင်္ကျီကော်လာ၏ ဘေးတစ်ဖက်စီတွင် အနီရောင်ချည်ဖြင့် ပန်းကလေးများ ထိုးထားပြီး အညိုရောင် ဘောင်းဘီတိုကို ဝတ်ထားသည်။
အင်္ကျီအနားကို ဘောင်းဘီထဲ ထည့်ဝတ်ထားသဖြင့် သူမ၏ သွယ်လျသော ခါးလေးမှာ ပေါ်လွင်နေသည်။ ဆံပင်ကိုလည်း သေသေသပ်သပ် ထုံးထားသည်။ သူမ လမ်းထောင့်ကို ဖြတ်လာစဉ် လူအဝင်အထွက် အမြဲများသော ကန်တင်း၏ ညာဘက်တံခါးကို ဖြတ်ရသည်။
တတိယ တပ်ရင်းမှ စစ်သားများသည် ကျန်းနျန်ကို မြင်သောအခါ ချက်ချင်း အော်လိုက်ကြသည်။ "မရီး။"
သူတို့၏ ပြိုင်တူအော်သံကြောင့် ကျန်းနျန် လန့်သွားသည်။ အသံလာရာသို့ သူမ လှည့်ကြည့်လိုက်ရာ ကန်တင်း တံခါးအနီးရှိ ရေဘုံဘိုင်တွင် လူများစွာ ရပ်နေကြသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံး စစ်စိမ်းရောင် ယူနီဖောင်းများ ဝတ်ထားကြပြီး သူမကို ပြုံးပြနေကြသည်။ ကျန်းနျန်လည်း ပြန်ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ။"
သူမ၏ ဖြူဖွေးသော အသားအရေ၊ လှပသော မျက်ခုံးနှင့် တောက်ပသော မျက်ဝန်းများ၊ အထူးသဖြင့် သူမ ပြုံးလိုက်ချိန်တွင် သူမ၏ မျက်ဝန်းထဲ၌ နဂါးငွေ့တန်း တစ်ခုလုံး စုစည်းနေသကဲ့သို့ ရှိသည်။ သူမ၏ နောက်ကွယ်မှ ခြောက်သွေ့နေသော သစ်ပင်များပင်လျှင် နွေဦး၏ သက်ဝင်လှုပ်ရှားမှုနှင့်အတူ ပွင့်လန်းလာသကဲ့သို့ ခံစားရသည်။ ကျန်းနျန်၏ ဝတ်စားဆင်ယင်မှုမှာ မိသားစု အဆောင်များကြားတွင် ထင်ရှားလှပြီး သူမကဲ့သို့ ငယ်ရွယ်သော ဇနီးသည်မျိုးမှာ တွေ့ရခဲလှသည်။
တတိယ တပ်ရင်းမှ လူများသာမက အခြားတပ်ရင်းမှ စစ်သားများကလည်း သူမကို မကြည့်ဘဲ မနေနိုင်ကြပေ။
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၁၆၂
ကုရှစ်ကျိုးသည် ကန်တင်းမှ ထွက်လာပြီးနောက် ကျန်းနျန် ကန်တင်းဘေးမှ ဖြတ်သွားသည်ကို ချက်ချင်း မြင်လိုက်သည်။ သူသည် သူမနောက်သို့ အမြန်လိုက်သွားပြီး သူမ၏ သွယ်လျသော ကိုယ်ဟန်ကို ကြည့်ကာ မေးလိုက်သည်။ "ခယ်မလေး လုယွီအတွက် ထမင်းပို့ပေးမလို့လား။"
ကျန်းနျန် လှည့်ကြည့်လိုက်ရာ ကုရှစ်ကျိုးကို မြင်သဖြင့် ပြုံးလျက် ဖြေလိုက်သည်။ "ဟုတ်ကဲ့။"
ကုရှစ်ကျိုး ပြောလိုက်သည်။ "အတော်ပဲ၊ ဒါဆိုရင် ဒါလေးကို လုယွီကို ပေးပေးပါဦး။ ကျွန်တော် အခု အပြင်သွားရမှာမို့ နှစ်ရက်နေမှ ပြန်လာမယ်။"
ကျန်းနျန်သည် ကုရှစ်ကျိုး၏ လက်ထဲမှ သားရေအိတ်ကို ငုံ့ကြည့်ကာ ခေတ္တမျှ ရပ်သွားပြီးမှ သူမ၏ ကြည်လင်သော မျက်ဝန်းလေးများဖြင့် မော့ကြည့်ကာ မေူလိုက်သည်။ "ဒါက စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူးနော်။"
သူမ ပေးပို့ပေးခြင်းမှာ သင့်တော်ပါ့မလားဟု သူမ တွေးမိခြင်း ဖြစ်သည်။
ကုရှစ်ကျိုးသည် ကျန်းနျန်၏ ကော့ညွှတ်နေသော မျက်တောင်လေးများကို ကြည့်ပြီး သူ၏ တည်ကြည်သော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ဒါက ရိုးရိုး စာရွက်စာတမ်းတွေပါပဲ။ တကယ်လို့ စစ်တပ်လျှို့ဝှက်ချက်သာဆိုရင် ဘယ်သူ့လက်ထဲမှ အရောက်ခံမှာ မဟုတ်ပါဘူး။"
"အို..."
ကျန်းနျန်က သားရေအိတ်ကို ယူလိုက်သည်။ "ဒါဆိုရင် ကျွန်မ သူ့ကို ပေးလိုက်ပါ့မယ်။"
ထိုသို့ ပြောပြီးနောက် သူမ ထွက်လာခဲ့သည်။
ကုရှစ်ကျိုးသည် လက်ကို အိတ်ကပ်ထဲထည့်ကာ ကျန်းနျန်၏ သွက်လက်သော ခြေလှမ်းများကို ကြည့်ရင်း ခပ်ဖွဖွ ပြုံးပြီး လှည့်ထွက်သွားခဲ့သည်။ ချန်ယောင်သည် အခြားတစ်ဖက်မှ ပြေးလာပြီး ကုရှစ်ကျိုးနှင့် တိုးမိသည်။ "နိုင်ငံရေးအရာရှိ ကု... တပ်ရင်းမှူးလုကို တစ်ခုခု ပေးခိုင်းမလို့လား။"
သူသည် တော်တော်မြန်မြန် ပြေးလာသဖြင့် နဖူးတွင် ချွေးများ စိုနေသည်။
ကုရှစ်ကျိုး ပြောလိုက်သည်။ "လူတစ်ယောက် ပို့ပေးလိုက်ပြီဆိုတော့ အဆင်ပြေသွားပါပြီ။"
မွန်းတည့်ချိန် နေရောင်ခြည်သည် ကျန်းနျန်၏ ခန္ဓာကိုယ်ပေါ်တွင် နွေးထွေးမှုကို ပေးစွမ်းနေသည်။
သူမသည် မြေကွက်အစပ်သို့ ရောက်သောအခါ လုယွီသည် အင်္ကျီလက်ကို လိပ်တင်ကာ မြေဆွနေသည်ကို မြင်လိုက်ရသည်။ သူသည် သူမဘက်သို့ ကျောပေးထားပြီး ငုံ့နေသဖြင့် သူ၏ လက်မောင်းကြွက်သားများနှင့် ကျောပြင်မှ အကြောများမှာ အင်္ကျီအဖြူအောက်တွင် တင်းလိုက် လျော့လိုက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
သူမ၏ ခါးကို အားစိုက်စရာမလိုဘဲ မကြာခဏ ပွေ့ချီတတ်သော ဤလက်မောင်းများကို တွေးမိသည်နှင့် ကျန်းနျန်၏ မျက်နှာမှာ ရုတ်တရက် နီမြန်းသွားခဲ့သည်။ သူမသည် လက်ဖြင့် ယပ်ခပ်ရင်း လှမ်းခေါ်လိုက်သည်။ "လုယွီ... ထမင်းစားဖို့ အချိန်ရောက်ပြီ။"
လုယွီ လှည့်ကြည့်လိုက်ပြီး ပေါက်ပြားကို ချကာ လျှောက်လာခဲ့သည်။ အနားတွင် ရေတွင်းရှိသဖြင့် လုယွီသည် မျက်နှာနှင့် လက်ကို ဆေးကြောလိုက်ပြီး ကျန်းနျန် ပေးသော ထမင်းဘူးကို ယူကာ မေးလိုက်သည်။ "မင်း စားပြီးပြီလား။"
ကျန်းနျန် ပြောလိုက်သည်။ "ကျွန်မ အိမ်ကြမှ စားလိုက်မယ်။"
ထို့နောက် သူမသည် စာရွက်စာတမ်းများကို ပေးကာ ပြောလိုက်သည်။ "ဒါက နိုင်ငံရေးအရာရှိ ကု ပေးလိုက်တာ၊ ရှင့်ကို ပေးပေးပါဆိုလို့။"
လုယွီ၏ မျက်ခုံးများမှာ သိသိသာသာ ပင့်တက်သွားသည်။ "ကုရှစ်ကျိုးက မင်းကို ပေးခိုင်းတာလား။"
ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "သူက ကျွန်မ ရှင့်ဆီ ထမင်းလာပို့တာ မြင်လို့ ကူညီပေးပါဆိုပြီး ပေးလိုက်တာ။"
လုယွီ မေးလိုက်သည်။ "သူ တခြားဘာပြောသေးလဲ။"
"သူ အခု အပြင်သွားရမှာမို့ နှစ်ရက်နေမှ ပြန်လာမယ်လို့ ပြောသွားတယ်။"
လုယွီ၏ မျက်ဝန်းထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ကျန်းနျန်ကို ဘာလို့ ပေးခိုင်းသလဲဆိုသည်မှာ အံ့သြစရာ မဟုတ်ပေ။ ကုရှစ်ကျိုးသည် အပြင်သွားတော့မည်ဖြစ်ရာ မွန်းလွဲပိုင်းတွင် တပ်ရင်း၌ ရှိမည်မဟုတ်ပေ။ သူသည် ဤစာရွက်စာတမ်းများကို အမြန်ပေးပို့ပြီး ယနေ့တွင် တင်ပြရန် စောင့်နေခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းနျန်သည် စာရွက်စာတမ်းထဲက အကြောင်းအရာများကို မမေးပေ။ လုယွီ ထမင်းစားပြီးနောက် သူမ ထမင်းဘူးကို ယူကာ ပြန်ရန် ပြင်လိုက်သည်။
လုယွီသည် သူမ၏ လက်ကို ဆွဲကာ သူမ၏ နှုတ်ခမ်းကို ခပ်မြန်မြန် နမ်းလိုက်ပြီး သူမ၏ ဆံပင်များကို ဖွကာ ပြောလိုက်သည်။ "ပြန်ပြီး ထမင်းစားလိုက်တော့။"
ကျန်းနျန် - ....
သူမသည် သူမ၏ ဆံပင်ကို ပြန်ပြင်ကာ ပြုံးလိုက်သည်။ "သိပါပြီ။"
လွန်ခဲ့သည့် နှစ်ရက်အတွင်း လုယွီသည် မြေဆွနေပြီး ကျန်းနျန်မှာမူ အိမ်တွင် ပန်းထိုးနေခဲ့သည်။
ပန်းထိုးမှာ ယနေ့ ပြီးစီးလုနီးပါး ဖြစ်နေပြီး မနက်ဖြန်တွင် ကောမိန် လာယူလိမ့်မည်။ ကျန်းနျန်သည် ပန်းထိုးကို ထုပ်ပိုးထားပြီး နောက်တစ်နေ့ ကောမိန် လာသောအခါ ပေးလိုက်သည်။
ကျန်ရှိသော ပန်းထိုးအလုပ်များမှာ အချိန်အကန့်အသတ် သိပ်မရှိဘဲ စိုက်ပျိုးမြေကွက်မှ မြေကြီးများမှာလည်း ရက်အနည်းငယ်ကြာ ခြောက်သွေ့သွားပြီ ဖြစ်သည်။ ယနေ့ မနက်စောစောတွင် ဟဲယွဲ့သည် ကျန်းနျန်ထံ ရောက်လာပြီး စိုက်ပျိုးရန် ဟင်းသီးဟင်းရွက် ပျိုးပင်များ သွားဝယ်ရန် လာခေါ်ခဲ့သည်။ ထျန်မိုင်သည်လည်း သူမနောက်သို့ လိုက်လာကြသော သမီးနှစ်ယောက်ဖြစ်သည့် နင်ရှို့၊ နင်ချန့်တို့နှင့်အတူ လိုက်လာခဲ့သည်။
ကျန်းနျန်သည် နင်ရှို့ကို ကြည့်လိုက်ရာ သူမသည် ခေါင်းငုံ့ထားပြီး အနားတွင် တစ်ခုခု လှုပ်ရှားလိုက်တိုင်း တွန့်သွားတတ်သည်ကို သတိထားမိလိုက်သည်။ ကျန်းနျန်သည် လွန်ခဲ့သော နှစ်လအတွင်း နင်ရှို့ကို သိပ်မတွေ့ရသော်လည်း တွေ့သည့် အကြိမ်တိုင်းတွင် သူမ၏ အခြေအနေမှာ ပို၍ ဆိုးရွားလာပုံရသည်။
ဤနေရာရှိ ဈေးမှာ မြို့နယ်အသီးသီးနှင့် နီးစပ်သဖြင့် တစ်ပတ်လျှင် တစ်ကြိမ်သာ ရှိသော ဈေးကြီးတစ်ခု ဖြစ်သည်။ ဟင်းသီးဟင်းရွက် ပျိုးပင်များ ဝယ်ယူသည့် ရာသီဖြစ်သဖြင့် လူအဝင်အထွက် အလွန်များလှသည်။
ကျောတွင် ခြင်းတောင်းတစ်လုံး လွယ်ထားသော ကျန်းနျန်ကို ဟဲယွဲ့က ဆိုင်များဆီသို့ အတင်းဆွဲခေါ်သွားပြီး ပျိုးပင် အမျိုးမျိုးကို ဝယ်ယူကြသည်။ ထျန်မိုင်သည်လည်း နောက်ကျမှ ဝယ်ပါက တခြားဈေးကို ပြေးရမည်စိုးသဖြင့် ဘေးနားမှနေ၍ အပြင်းအထန် လုဝယ်နေသည်။
ပျိုးပင်များကို ခုနစ်ရက်စောစိုက်ခြင်းနှင့် ခုနစ်ရက်နောက်ကျစိုက်ခြင်းမှာ ကွာခြားချက် ရှိလှသည်။ ပျိုးပင်များ ဝယ်ပြီးသည်နှင့် သမီးအငယ်ဖြစ်သူ နင်ချန့်မှာ သူမ၏ အစ်မ နင်ရှို့ ပျောက်သွားပြီဟု ပြောလိုက်သည်။
ထျန်မိုင်မှာ အံ့သြသွားပြီး ခြင်းတောင်းကို ကိုင်ထားသော သူမ၏ လက်များမှာ တောင့်တင်းသွားခဲ့သည်။ "နင် ဘာပြောလိုက်တာလဲ။"
နင်ချန်၏ မျက်လုံးများမှာ ငိုထားသဖြင့် နီနေသည်။ "အစ်မက ခုနတင် ဒီမှာ ရှိသေးတာ၊ ဒါပေမယ့် လူတွေကြားထဲ တွန်းတိုက်ခံရပြီးနောက် ပျောက်သွားတာ။"
ထျန်မိုင်သည် ပျာယာခတ်ကာ ခြေဆောင့်နေစဉ် ကျန်းနျန်က အမြန်ပြောလိုက်သည်။ "ကျွန်မတို့တွေ လူခွဲပြီး ရှာကြရအောင်။"
သူတို့ လေးယောက်မှာ အုပ်စုနှစ်စု ခွဲကာ သီးခြားစီ ရှာဖွေခဲ့ကြသည်။ ဟဲယွဲ့က နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။ "ဒီကလေး ဘယ်ကိုများ ရောက်သွားတာလဲ။"
ဟဲယွဲ့ထံမှ ကျန်းနျန် သိလိုက်ရသည်မှာ နင်ရှို့သည် လွန်ခဲ့သော သုံးနှစ်ကလည်း တစ်ခါ ပျောက်ဖူးသည်။ လူတိုင်းက နှစ်ရက်တိုင်တိုင် ရှာဖွေခဲ့ကြပြီး မြောင်းနားက မြေပုံလေးတစ်ခုတွင် သတိမေ့နေသည်ကို တွေ့ခဲ့ရသည်။ ကလေးမလေးမှာ ဗိုက်ဆာလွန်း၍ မေ့လဲသွားခြင်းဖြစ်ပြီး အိမ်ပြန်ရောက်ပြီး ရက်အတော်ကြာမှ သတိပြန်လည်လာခဲ့ခြင်း ဖြစ်သည်။
ယနေ့ ဈေးထဲတွင် လူများလွန်းလှသဖြင့် လူချင်းညပ်နေသည်ဟု ပြောလျှင် မမှားပေ။
ကျန်းနျန်နှင့် ကျန်လူများသည် မနက်ကတည်းက ထွက်ရှာနေကြပြီး မွန်းတည့်ချိန်အထိ ရှာမတွေ့ကြသေးပေ။ နေ့လယ်စာ စားချိန် ကျော်လွန်သည့်တိုင်အောင် နင်ရှို့ကို ရှာမတွေ့သေးပေ။
ထျန်မိုင်သည် ဈေးလမ်းမပေါ်တွင် ထိုင်ကာ နှာရည်တရှုံ့ရှုံ့နှင့် ငိုနေပြီး နင်ချန့်မှာလည်း ဘေးနားမှ ငိုနေသည်။
ထျန်မိုင်က ငိုရင်း ဆဲဆိုနေသည်။ "အဲဒီ အဘွားကြီးသာ ရှို့အာနဲ့ ချန့်အာကို အမြဲ မဆူဘူးဆိုရင် ငါ ဒီကလေးနှစ်ယောက်ကို အမြဲတမ်း ငါ့ဘေးမှာ ခေါ်ထားရပါ့မလား။ သူလည်း အခုလို ပျောက်သွားမှာ မဟုတ်ဘူး။ ငါ့ရဲ့ ရှို့အာလေး ဘယ်မှာလဲ။ နင် တစ်ခုခု ဖြစ်သွားရင် ငါ ဘယ်လို ဆက်နေရတော့မှာလဲ။"
လမ်းသွားလမ်းလာများက လှမ်းကြည့်ကြပြီး အချို့ စိတ်ကောင်းရှိသူများက ကလေးပုံစံကို လာမေးကြသည်။ ဟဲယွဲ့က နင်ရှို့ ဝတ်ထားသော အင်္ကျီနှင့် ဆံပင်ပုံစံကို လူတိုင်းကို အမြန်ပြောပြရာ လူများစွာက ဈေးထဲနှင့် ပတ်ဝန်းကျင်တွင် လိုက်ရှာပေးကြသည်။
ခြင်းတောင်းကို လွယ်ထားသော ကျန်းနျန်သည် လူအုပ်ကြားထဲတွင် တိုးဝှေ့နေသည်။ ရုတ်တရက် သူမ၏ လက်ကောက်ဝတ်မှာ တင်းကျပ်သွားသဖြင့် နင်ရှို့ကို တစ်ယောက်ယောက် တွေ့ပြီ သို့မဟုတ် နင်ရှို့က သူမကို တွေ့ပြီဟု ထင်ကာ အတိုင်းမသိ ပျော်သွားမိသည်။
သူမသည် ပျော်ရွှင်စွာဖြင့် လှည့်ကြည့်လိုက်ရာ လုယွီ၏ တည်ကြည်သော မျက်နှာကို မြင်လိုက်ရသည်။ သူသည် လူအုပ်ကို တိုးကာ သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ၏ နက်ရှိုင်းသော အသံမှာ အနည်းငယ် မောဟိုက်နေသည်။ "ဘာလို့ ဒီလောက်တောင် မြန်မြန် ပြေးနေရတာလဲ။ တစ်ယောက်ယောက်က မင်းနောက်ကို လိုက်နေလို့လား။"
ထိုအခိုက်အတန့်တွင် ကျန်းနျန်သည် လုယွီ၏ မျက်ဝန်းထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသည်။
တစ်စုံတစ်ယောက်ကသာ သူမကို ဒုက္ခပေးရန် ကြိုးစားခဲ့ပါက လုယွီသည် ထိုသူကို လှည့်ကြည့်ပြီး ချက်ချင်း နှိမ်နင်းလိမ့်မည်ကို သူမ လုံးဝ သံသယမဖြစ်ပေ။ ထို့ကြောင့် သူမသည် အမြန်ပင် ခေါင်းခါလိုက်သည်။ "ဘယ်သူမှ မလိုက်ပါဘူး။ နင်ရှို့ ပျောက်သွားလို့ ကျွန်မတို့တွေ လိုက်ရှာနေကြတာ။"
လုယွီ စိတ်အေးသွားသော်လည်း ကျန်းနျန်၏ လက်ကောက်ဝတ်ကိုမူ ပို၍ တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူသည် သူမ၏ ကျောမှ ခြင်းတောင်းကို ချွတ်ယူလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ သွယ်လျသော ပခုံးကို ဖက်ကာ လမ်းဘေးသို့ ခေါ်သွားသည်။ "မင်းကို အရင် အိမ်ပြန်ပို့ပေးမယ်၊ ပြီးမှ လက်ထောက်တပ်ရင်းမှူးနင်ကို ရှာပြီး ရှာဖွေရေးအဖွဲ့ ဖွဲ့ခိုင်းလိုက်မယ်။"
ကျန်းနျန်သည် ထျန်မိုင်အတွက် စိတ်ပူနေပြီး လုယွီကို တစ်ယောက်တည်း ပြန်သွားပြီး အကူအညီ ခေါ်စေချင်သည်။ လုယွီက သူမ၏ ဆန္ဒကို နားလည်ပုံရသော်လည်း သူမကို ပို၍ တင်းတင်းဖက်ထားကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "မင်းကို အရင် ပြန်ပို့မယ်။"
သူသည် ကျန်းနျန်ကို လူစည်ကားသော ဈေးထဲတွင် တစ်ယောက်တည်း လျှောက်မသွားစေချင်ပေ၊ တစ်ခုခု ထပ်ဖြစ်မည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက် ဟူကျုံးမင်နှင့် သူ၏ ဖခင်တို့နှင့် ဖြစ်ခဲ့သော အဖြစ်အပျက်များက ကျန်းနျန်မှာ သူ့ဘေးတွင် ရှိနေမှသာ အလုံခြုံဆုံးဖြစ်သည်ဟု သူ့ကို ယုံကြည်စေခဲ့သည်။
သူ၏ ပြတ်သားမှုကို မြင်သောအခါ ကျန်းနျန် ဆက်မပြောတော့ပေ။
လူတိုင်းက နင်ရှို့ ပျောက်ဆုံးသွားသဖြင့် စိုးရိမ်နေကြသည်။ လုယွီသည် အလွန်မြန်မြန် လမ်းလျှောက်သဖြင့် ကျန်းနျန်မှာ သူ့ကို အမီလိုက်ရန် ခပ်သွက်သွက် ပြေးနေရသည်။ သူမ အမောဖြေရင်း မေးလိုက်သည်။ "ရှင် ကျွန်မ ဒီမှာရှိနေတာ ဘယ်လိုသိလဲ။"
မနက်က သူမ ထွက်လာချိန်တွင် လုယွီမှာ တပ်ရင်းသို့ သွားနှင့်ပြီ ဖြစ်သည်။ သူသည် လမ်းလျှောက်နှုန်းကို လျှော့လိုက်ပြီး ပြောလိုက်သည်။ "ဟဲယွဲ့ရဲ့ သမီးက မင်း ဈေးသွားတယ်လို့ ပြောတယ်။ မွန်းတည့်တဲ့အထိ မင်း ပြန်မလာသေးတာ သိရလို့ လာကြည့်တာ။"
ကျန်းနျန် ပြောလိုက်သည်။ "နင်ရှို့ ပျောက်နေတာ။"
လုယွီသည် သူမကို မိသားစု အဆောင်အထိ ပြန်ပို့ပေးခဲ့သည်။ ကျန်းနျန်က သူ့ကို ထပ်မေးသည်။ "နင်ရှို့ အဆင်ပြေပါ့မလား။"
လုယွီ ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။ "သူ့ကို အရင်ရှာတွေ့ဖို့ လိုတယ်။"
သူသည် ကျန်းနျန်ကို အိမ်ထဲသို့ အရင်ဝင်ခိုင်းပြီးနောက် လက်ထောက်တပ်ရင်းမှူးနင်ကို သွားရှာသည်။ လမ်းတွင် ချန်ယောင်နှင့် ဆုံသဖြင့် လူစုပြီး ဈေးသို့သွားကာ နင်ရှို့ကို ရှာရန် ခိုင်းလိုက်သည်။
ကျန်းနျန် အိမ်ပြန်ရောက်သော် ပျိုးပင်များကို အရင်သိမ်းလိုက်သည်။ မူလက ပန်းထိုးရန် စိတ်ကူးထားသော်လည်း နင်ရှို့၏ အခြေအနေကို တွေးမိသည်နှင့် သူမ ခုံပေါ်တွင် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။
သူမသည် နေ့လယ်စာအတွက် တစ်ခုခုပြင်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။ သို့သော်လည်း အနည်းငယ် မြည်းစမ်းပြီးနောက် ဆက်စား၍ မရတော့ပေ။ မကြာမီမှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူမ သွားဖွင့်လိုက်ရာ ဖန်ရှနှင့် ဖန်ကောတို့ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားခဲ့သည်။
ကလေးနှစ်ယောက်က အော်ခေါ်လိုက်ကြသည်။ "ဒေါ်လေးကျန်း။"
ကျန်းနျန် ပြုံးလိုက်သည်။ "ဝင်လာကြလေ။"
ဖန်ရှမှာ အသက်အကြီးဆုံးဖြစ်ပြီး ယခု ၁၂ နှစ်ရှိပြီဖြစ်ကာ ဖန်ကောမှာ ယခုနှစ်တွင် ၁၀ နှစ် ရှိပြီဖြစ်သည်။ သူတို့နှစ်ဦးသည် ခုံတန်းရှည်ပေါ်တွင် ထိုင်ကာ ကျန်းနျန်ကို အနေခက်စွာ ကြည့်နေကြသည်။ သူတို့ စကားမပြောသည်ကို မြင်သောအခါ ကျန်းနျန်က ပြုံးပြီး မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ။"
ဖန်ကောက ဖန်ရှကို လှမ်းကြည့်လိုက်ရာ ဖန်ရှက တွန့်ဆုတ်စွာဖြင့် မေးခဲ့သည်။ "ဒေါ်လေးကျန်း နင်ရှို့ ပျောက်သွားတာ တကယ်လားဟင်။"
သူမ ပြောနေစဉ်တွင် စိုးရိမ်ပူပန်မှုများက မျက်နှာပေါ်တွင် ပြည့်နှက်နေသည်။
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "သူက ဒေါ်လေးတို့နဲ့ လူချင်းကွဲသွားတာပါ။ ဒါပေမယ့် လူတိုင်း လိုက်ရှာနေကြတာမလို့ မကြာခင် ပြန်တွေ့မှာပါ။"
ဖန်ရှက နှုတ်ခမ်းကို စူလိုက်ပြီး မကျေမနပ်ဖြစ်လျက် ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ဒါ အဘွားဝူက ရှို့အာကို ထပ်ရိုက်လိုက်လို့ သူ ထွက်ပြေးသွားတာ သေချာတယ်။"
ထိုစကားကို ကြားသောအခါ ကျန်းနျန်က ဖန်ရှကို ကြည့်ပြီး ညင်သာစွာ မေးလိုက်သည်။ "ဘာလို့ အဲဒီလို ပြောတာလဲ။"
ဖန်ရှ မဖြေနိုင်ခင်မှာပင် ဖန်ကောက ကြားဖြတ်ပြောလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် ရှို့အာ ပျောက်တုန်းကလည်း အဘွားဝူ ရိုက်လို့လေ။ ကျွန်တော့်အဖေ ရှို့အာကို သွားရှာတော့ သူက ဗိုက်ဆာလွန်းလို့ မေ့လဲနေတာ။ အဲဒါကို အဘွားဝူက 'နင်ရှို့က ဘာလို့ ငတ်မသေရတာလဲ။ အိမ်ကနေ ထွက်ပြေးဖို့တောင် တတ်နေပြီ' ဆိုပြီး ပြောသေးတာ။ အဲဒီကိစ္စကြောင့် အန်တီထျန်နဲ့ အဘွားဝူ ရန်ဖြစ်ကြသေးတယ်လေ။"
ဖန်ရှ ထပ်ပြောလိုက်သည်။ "ဒီတစ်ခေါက်လည်း အဘွားဝူက ရှို့အာကို ထပ်ရိုက်လိုက်လို့ သူ ထွက်ပြေးတာ ဖြစ်မှာပါ။"
ကျန်းနျန် မျက်မှောင်ကြုတ်မိသွားသည်။ နင်မိသားစုဆီ အလည်သွားတုန်းက ထျန်မိုင်နှင့် သူမ၏ ယောက္ခမတို့ ရန်ဖြစ်နေသည်ကို မြင်ခဲ့ရသည်ကို ပြန်သတိရလိုက်မိသည်။
ထိုအဘွားကြီးမှာ နှုတ်သီးကောင်းလှပြီး ဘယ်တော့မှ အရှုံးမပေးတတ်သူ ဖြစ်သည်။ နင်ရှို့၏ လက်ရှိ စိတ်နေစိတ်ထားအရ ဤအတိုင်းသာ ဆက်သွားနေပါက တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာမည်ကို သူမ စိုးရိမ်မိသည်။
ကျန်းနျန်၏ အိမ်တွင် ခဏမျှ နေပြီးနောက် ဖန်ရှနှင့် ဖန်ကောတို့မှာ မွန်းလွဲပိုင်းတွင် ကျောင်းတက်ရမည်ဖြစ်သဖြင့် ပြန်သွားကြသည်။
ညစာစားပြီးနောက် ကျန်းနျန်သည် မိုးချုပ်သည်အထိ စောင့်နေသော်လည်း လုယွီ ပြန်မလာသလို ဘေးအိမ်မှ ဟဲယွဲ့လည်း ပြန်မရောက်သေးပေ။ ကျန်းနျန်သည် ညစာကို ပိုချက်လိုက်ပြီး ဖန်ရှနှင့် ဖန်ကောတို့ကို လာစားရန် ဖိတ်ခေါ်လိုက်သည်။ သူတို့မှာ အားနာနေကြသော်လည်း အရသာရှိသော အစားအစာများကို မြင်သောအခါ မစားဘဲ မနေနိုင်ကြပေ။
သူတို့အိမ်တွင် ဤကဲ့သို့ အရသာရှိသော အစားအစာများကို မစားနိုင်ကြပေ။ ပြောင်းဖူးပန်ကိတ်များသာ ဖြစ်သော်လည်း ဒေါ်လေးကျန်း၏ ပြောင်းဖူးပန်ကိတ်မှာ သူတို့အိမ်ကထက် ပိုစားကောင်းပြီး ကြက်ဥမွှေကြော်တစ်ပန်းကန်ပင် ပါသေးသည်။
ညစာစားပြီးနောက် ဖန်ရှနှင့် ဖန်ကောတို့က ကျန်းနျန်ကို ပန်းကန်ဆေးကူပေးမည်ဟု ဇွတ်ပြောကာ ကူညီပေးပြီးမှ ပြန်သွားကြသည်။
သူတို့ကို ပို့ဆောင်ပေးပြီးနောက် ကျန်းနျန် တံခါးပိတ်ရန် ပြင်စဉ် လူသွားလမ်းမှ ခြေသံများကို ကြားလိုက်ရသည်။ လုယွီ ပြန်လာပြီဟု ထင်ကာ သူမ ပျော်ရွှင်စွာ ပြေးသွားသော်လည်း စစ်ဝတ်စုံနှင့် သူစိမ်းတစ်ယောက်ကိုသာ မြင်လိုက်ရသည်။ သူသည် အသက် ၃၀ ကျော်အရွယ်ရှိပုံရပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသည်။
သူမ ခဏမျှ တွန့်ဆုတ်သွားသော်လည်း ယဉ်ကျေးစွာဖြင့် ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ထိုအမျိုးသားက ပြုံးပြီး မေးလိုက်သည်။ "မင်းက တပ်ရင်းမှူးလုရဲ့ ဇနီးလား။"
ကျန်းနျန် ပြန်ပြုံးပြလိုက်သည်။ "ဟုတ်ပါတယ်။"
"ကျွန်တော်က ဒီအထပ်မှာပဲ နေတာပါ။ ကျွန်တော့်နာမည် လော့ချန်ယိပါ။" လော့ချန်ယိက လှေကားဘေးက အိမ်ကို ညွှန်ပြကာ ပြောလိုက်သည်။ "ကျွန်တော် အဲဒီမှာ နေပါတယ်။"