← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၁၆၇

နောက်ဆုံးတွင် ကျန်းနျန်နှင့် ဟဲယွဲ့တို့သည် ဟင်းသီးဟင်းရွက်ဈေးသို့ လမ်းလျှောက်သွားခဲ့ကြသည်။ ပစ္စည်းအနည်းငယ် ဝယ်ပြီးနောက် သမဝါယမဆိုင်မှ ပြန်လာသော ကွမ်လုနှင့် ဆုံခဲ့သည်။ ကွမ်လုသည် နှင်းခရင်မ်တစ်ဘူးနှင့် မုန့်ထုပ်တစ်ထုပ် ဝယ်လာသည်။ သူမသည် ကျန်းနျန်နှင့် ဟဲယွဲ့ကို မြင်သောအခါ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ် နှုတ်ဆက်ခဲ့သည်။

ဟဲယွဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "နေ့လယ်စာအတွက် မက်မွန်မုန့်စားမလို့လား။"

ကျန်းနျန် - ....

ကွမ်းလု - ....

ဟဲယွဲ့ကတော့ သူမ၏ မေးခွန်းတွင် ဘာမှားနေလဲဟု မတွေးမိပေ။ နေ့လယ်စာ စားရမည့်အချိန် ရောက်နေပြီဖြစ်သဖြင့် မုန့်ဝယ်လာလျှင် မုန့်စားမည်ပေါ့။

ကွမ်လု ပြောလိုက်သည်။ "ဟုတ်တယ်။"

သူမသည် ကျန်းနျန်တို့နှင့် အတူတူ လမ်းမလျှောက်ချင်သဖြင့် ခပ်မြန်မြန်ပင် ထွက်သွားတော့သည်။

လွန်ခဲ့သည့် လဝက်အတွင်း လော့ချန်ယိ၏ အိမ်တွင် ရန်ဖြစ်သံများ သိပ်မကြားရပေ။ ကျန်းနျန် အပြင်ထွက်သည့် အခါတိုင်းလည်း ကွမ်လုကို တွေ့ရခဲသော်လည်း လော့ရှောင်ယွဲ့ကိုမူ မကြာခဏ တွေ့ရတတ်သည်။ ကျောင်းမှ ပြန်လာသော လော့ရှောင်ယွဲ့က သူမကို ဒေါ်လေးကျန်းဟု ချိုချိုသာသာ လှမ်းခေါ်တတ်သည်။

ကွမ်လု၏ ကျောပြင်ကို ကြည့်ရင်း ဟဲယွဲ့က ခေါင်းခါလျက် ပြောလိုက်သည်။ "အသစ်စက်စက် လင်မယားတွေဆိုတော့လည်း ကွာတာပေါ့။ လက်ထောက်တပ်ရင်းမှူးလော့ကတော့ သူ့မိန်းမကို သူ့သမီးထက်တောင် ပိုအလိုလိုက်သေးတယ်။ နှင်းခရင်မ်တွေ၊ မုန့်တွေနဲ့..." သူမ ခဏရပ်ကာ ကျန်းနျန်ကို ကြည့်လိုက်သည်။ "နင့်ရဲ့ တပ်ရင်းမှူးလုကတော့ သူ့မိန်းမကို ပိုတောင် အလိုလိုက်သေးတယ်။"

ကျန်းနျန် - ....

ဟဲယွဲ့က သက်ပြင်းချလိုက်သည်။ "ငါ့ယောက်ျားကတော့ တကယ့် လူကြမ်းကြီးပါပဲ။"

ကျန်းနျန် ဘာမှ ပြန်မပြောပေ။ သူမသည် အိမ်ပြန်ရောက်သောအခါ မျက်နှာသစ်ပြီး ပန်းထိုးအလုပ်ကို ဆက်လုပ်ခဲ့သည်။ ရာသီဥတု ပူလာသဖြင့် ပြတင်းပေါက်များကို ဖွင့်ထားရာ တတိယထပ်မှ လေညင်းက အေးမြမှုကို ဆောင်ကြဉ်းပေးသည်။ တံခါးခေါက်သံ ကြားသဖြင့် သွားဖွင့်လိုက်ရာ ကင်းစောင့်စစ်သားတစ်ဦးက သူမအတွက် ဖုန်းလာနေကြောင်း လာပြောခဲ့သည်။

ဤတစ်ကြိမ်တွင်မူ လုယွီဆီမှ ဖုန်းဖြစ်မည်ဟု သူမ သေချာနေသဖြင့် တံခါးပိတ်ကာ ကင်းစောင့်ရုံးသို့ လိုက်သွားခဲ့သည်။

သူမသည် ဖုန်းကို ကောက်ကိုင်လိုက်ရာ လုယွီ၏ နက်ရှိုင်းပြီး သာယာသော အသံကို ကြားလိုက်ရသည်။ ဖုန်းထဲမှ ကြားရသော သူ၏အသံမှာ ပို၍ပင် ဆွဲဆောင်မှုရှိနေသကဲ့သို့ပင်။ "နေ့လယ်စာ စားပြီးပြီလား။"

ကျန်းနျန် အသက်ရှုသံ မြန်သွားကာ ပြောလိုက်သည်။"မစားရသေးဘူး၊ အခုမှ လုပ်မလို့။"

သူမသည် ဖုန်းထဲမှ လုယွီ၏ ရယ်သံတိုးတိုးကို နားထောင်ရင်း ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ သူမ တိုးတိုးလေး မေးလိုက်သည်။ "ရှင် ဘယ်တော့..."

"လာမယ့် ဗုဒ္ဓဟူးနေ့ကြရင် ပြန်လာမယ်။"

သူတို့နှစ်ယောက်စလုံး ပြိုင်တူပြောလိုက်ကြသော်လည်း တစ်ဖက်သား၏ စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ကျန်းနျန်၏ စိတ်ထဲတွင် အုံ့မှိုင်းနေသော လွမ်းဆွတ်မှု တိမ်တိုက်များမှာ လေတိုက်လိုက်သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ သူမ ပြုံးလျက် ပြောလိုက်သည်။ "စောင့်နေမယ်နော်။"

ယနေ့မှာ ကြာသပတေးနေ့ဖြစ်သဖြင့် လုယွီ ပြန်လာရန် ရက်အနည်းငယ်သာ လိုတော့သည်။

ကျန်းနျန်သည် အချိန်ကို ဤမျှအထိ နှေးကွေးသည်ဟု တစ်ခါမှ မခံစားခဲ့ဖူးပေ။ လုယွီ ဗုဒ္ဓဟူးနေ့ ပြန်လာမည်ဟု ပြောကတည်းက သူမ ရက်များကို ရေတွက်နေမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စနေနေ့ ရောက်လာသော်လည်း နှစ်ရက်သာ ကုန်လွန်သွားသေးသည်။

နေ့လယ်စာ စားချိန်နီးသောအခါ ထျန်မိုင်သည် သူမ၏ ကလေးနှစ်ယောက်နှင့်အတူ ရောက်လာပြီး ကျန်းနျန်အတွက် ပေါက်စီနှစ်လုံး ယူလာပေးခဲ့သည်။ တစ်လုံးမှာ ယုန်ရုပ်လေးဖြစ်ပြီး နောက်တစ်လုံးမှာ ကျားရုပ်လေးဖြစ်ကာ ပန်းကန်လုံးထဲတွင် သန့်ရှင်းသော အဝတ်နှင့် အုပ်ထားသည်။

ကျန်းနျန်က သူတို့ကို အိမ်ထဲ ဖိတ်ခေါ်လိုက်သည်။ ထျန်မိုင်က ပေါက်စီများကို မီးဖိုချောင် စားပွဲပေါ်တင်ကာ ပြောခဲ့သည်။ "ပြီးခဲ့တဲ့ တစ်ခါက ကိစ္စအတွက် သေသေချာချာ ကျေးဇူးမတင်ရသေးလို့ပါ။ ငါ့သမီး ရှို့အာအတွက် လုပ်ပေးခဲ့တာတွေကို တကယ် ကျေးဇူးတင်ပါတယ်။"

ကျန်းနျန် ပြုံးလိုက်သည်။ "အစ်မထျန်၊ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ဖက်ထုပ်တွေ လာပေးသေးတယ်၊ အခုလည်း ပေါက်စီတွေ ထပ်လာပေးပြန်ပြီ။ နောက်တစ်ခါ ထပ်လာပေးရင်တော့ ကျွန်မ တံခါးမဖွင့်ပေးတော့ဘူးနော်။"

သူမသည် အများကြီး လုပ်ပေးခဲ့သည်ဟု မထင်သော်လည်း အစ်မထျန်၏ ထပ်ခါတလဲလဲ ကျေးဇူးတင်စကားများကြောင့် သူမ အားနာမိသည်။

ထျန်မိုင် ပြောလိုက်သည်သည်။ "ကောင်းပြီ၊ နောက်ဆိုရင် ဘာမှ မယူလာတော့ဘူး။"

ကျန်းနျန်က ပြုံးကာ ပေါက်စီများကို ကြည့်ရင်း ပြောလိုက်သည်။ "အစ်မထျန်က တကယ်ကို လက်ရာကောင်းတာပဲ။ ကြည့်၊ ဒီယုန်ရုပ်လေးက တကယ့် အသက်ရှိနေသလိုပဲ၊ အရမ်းလှတာပဲ။"

သူမ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ အစ်မထျန်၏ လက်ရာမျိုးနှင့်ဆိုလျှင် ခေတ်သစ်ကမ္ဘာတွင်ဆိုလျှင် ပိုက်ဆံအများကြီး ရနိုင်သလို အွန်လိုင်းတွင် ဗီဒီယိုတင်လျှင်လည်း ပရိသတ်အများကြီး ရနိုင်ပေသည်။ ဤကဲ့သို့သော အရည်အချင်းမှာ သင်ယူရန် မလွယ်ကူပေ။

ထျန်မိုင် ပြောလိုက်သည်။ "ဒါ ငါလုပ်တာ မဟုတ်ဘူး၊ ရှို့အာ လုပ်တာ။"

ကျန်းနျန် အံ့သြသွားသည်။ သူမသည် ကျားရုပ်လေးကို လှမ်းကြည့်လိုက်ပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာရာ နင်ရှို့သည် ခုံတန်းလျားပေါ်တွင် ခေါင်းငုံ့ကာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းနျန်က ညင်သာစွာ မေးလိုက်သည်။ "ရှို့အာ၊ ဒါလေးကို သမီးလုပ်တာလား။"

နင်ရှို့သည် ခဏကြာမှ ခေါင်းမော့ကြည့်ခဲ့သည်။ သူမ၏ အကြည့်မှာ ကျန်းနျန်လက်ထဲမှ ပေါက်စီရုပ်လေးဆီမှ ကျန်းနျန်၏ ပြုံးနေသော မျက်နှာဆီသို့ ရောက်ရှိသွားပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

ကျန်းနျန် ပြုံးပြလိုက်သည်။ "ဒေါ်လေးကျန်း ပြောတာ မမှားဘူး၊ ရှို့အာက တကယ်ကို တော်တာပဲ။"

နင်ရှို့သည် နှုတ်ခမ်းကို စေ့ကာ ပြုံးရန် ကြိုးစားသော်လည်း မည်သို့ ပြုံးရမည်ကို မေ့နေပုံရသည်။ သူမ၏ မျက်နှာမှာ ခဏမျှ တောင့်တင်းသွားပြီးမှ ပြန်‌၍ ခေါင်းငုံ့သွားခဲ့သည်။ ကျန်းနျန်သည် ပေါက်စီကို လှမ်းကြည့်ရင်း မေးလိုက်သည်။ "ရှို့အာ၊ ဒေါ်လေးကျန်းကို ပြောပြပါဦး၊ သမီး ပုံဆွဲတတ်လား။"

ထျန်မိုင်က ကြားဖြတ်ကာပြောခဲ့သည်။ "ဘာလို့ အဲဒါ မေးတာလဲ။ ပုံဆွဲတတ်တော့ ဘာဖြစ်မှာမို့လို့လဲ။"

နင်ရှို့က ဘာမှ မပြောသော်လည်း နင်ချန့်က "ဒေါ်လေးကျန်း၊ အစ်မက ပုံအရမ်းဆွဲကောင်းတာ။ သမီးတို့တွေ အပြင်က မြေကြီးပေါ်မှာ အမြဲတမ်း ပုံဆွဲကြတယ်လေ။"

ကျန်းနျန်က ထျန်မိုင်ကို ပြောလိုက်သည်။ "ရှို့အာက ဒီဘက်မှာ အရည်အချင်း ရှိတယ်လို့ ကျွန်မ ထင်တယ်။"

ထျန်မိုင်သည် နင်ရှို့ကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ ပုံဆွဲခြင်းက ပိုက်ဆံလည်း မရသလို ထမင်းလည်း မကျွေးနိုင်သဖြင့် အဘယ်ကြောင့် အရည်အချင်းဟု ခေါ်နိုင်မည်နည်းဟု သူမ နားမလည်ပေ။

ကျန်းနျန်သည် ဗီရိုထဲမှ မှတ်စုစာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်းကို ထုတ်ကာ နင်ရှို့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

နင်ရှို့သည် ထိတ်လန့်သွားကာ သူမ၏လက်များကို အနောက်သို့ ဝှက်လိုက်ပြီး ဘာမှ မပြောပေ။ ကျန်းနျန်သည် သူမ၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ စိတ်ရှည်လက်ရှည် ဖျောင်းဖျလိုက်သည်။

"ရှို့အာ လုပ်ထားတဲ့ ပေါက်စီလေးတွေက အရမ်းလှတယ်လို့ ဒေါ်လေးကျန်း ထင်တယ်။ ဒါပေမယ့် အန်တီကျန်း အိမ်က မှန်က ကွဲနေတော့ ဒေါ်လေးကျန်း မျက်နှာကို သေသေချာချာ မမြင်ရဘူး။ ဒေါ်လေးကျန်းကို ပုံဆွဲပေးပါလား၊ ဒေါ်လေးကျန်း အခု ဘယ်လိုပုံစံ ဖြစ်နေလဲဆိုတာ ကြည့်ချင်လို့။"

ကျန်းနျန်သည် နင်ရှို့အနေဖြင့် အခြားတိရစ္ဆာန်ငယ်လေးများကို များများစားစား မြင်ဖူးမည်မဟုတ်သလို စိတ်ကူးပုံဖော်နိုင်စွမ်းလည်း အကန့်အသတ်ရှိနိုင်သည်ဟု တွေးမိသောကြောင့် ၎င်းတို့ကို ထည့်သွင်းပြောဆိုရန် ရှောင်ကြဉ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လူပုံတူဆွဲခြင်းက နင်ရှို့တွင် ပုံဆွဲခြင်းနှင့်ပတ်သက်သည့် အခြေခံကောင်းများ ရှိ၊ မရှိကို ပိုသိသာစေမည်ဟု သူမ ခံစားမိခြင်းဖြစ်သည်။

နင်ချန့်က နင်ရှို့၏လက်မောင်းကို လှုပ်ခါကာ ပြောလိုက်သည်။"မမ၊ ဒေါ်လေးကျန်းအတွက် တစ်ပုံလောက် ဆွဲပေးလိုက်ပါ။"

ကျန်းနျန်က အတည်ပြောနေခြင်းဖြစ်သည်ကို မြင်သောအခါ ထျန်မိုင်လည်း ဝင်ပြောလိုက်သည်။ "ရှို့အာ၊ ဒေါ်လေးကျန်းက ဆွဲခိုင်းနေတာပဲ၊ ဆွဲပေးလိုက်ပါ။"

နင်ရှို့သည် တုံ့ဆိုင်းသွားပြီးမှ ကျန်းနျန်ကို မော့ကြည့်သည်။ သူမသည် အလိုအလျောက်ပင် အကြည့်ချင်းဆုံမိခြင်းကို ရှောင်လွှဲလိုသော်လည်း ကျန်းနျန်က ပြောလိုက်သည်။ "ဒေါ်လေးကျန်း ဒီမှာပဲ ငြိမ်ငြိမ်လေး နေပေးမယ်၊ ဘယ်မှမသွားဘူးနော်။"

ကျန်းနျန်၏အသံမှာ ညင်သာပြီး စိတ်အေးချမ်းစေသည်။ နင်ရှို့သည် နောက်ဆုံးတွင် သူမကို ကြည့်ရဲသွားသည်။ အသက်ရှူသံများ မြန်နေသော်လည်း နင်ရှို့သည် ကျန်းနျန်၏ မျက်နှာသွင်ပြင်များကို သေချာကြည့်ရှုနေပြီး အကြည့်ချင်း တိုက်ရိုက်ဆုံခြင်းကိုမူ ရှောင်နေဆဲဖြစ်သည်။ ခဏအကြာတွင် သူမ ခေါင်းငုံ့လိုက်ပြီး ဘောပင်ကိုကိုင်ကာ တစ်ဖက်သို့လှည့်၍ ပုံစတင်ဆွဲတော့သည်။

နင်ရှို့သည် လူအများ၏အကြည့်အောက်တွင် ရှိနေရသည်ကို မနှစ်သက်သလို သူတစ်ပါး၏ အာရုံစိုက်မှုကိုလည်း ကြောက်ရွံ့ပြီး သူမကိုယ်သူမ လုံခြုံသည်ဟု ထင်ရသည့် ထောင့်လေးတစ်ခုတွင်သာ ပုန်းအောင်းနေလိုခြင်းကို ကျန်းနျန် သိရှိသည်။ နင်ချန့်နှင့် ထျန်မိုင်တို့သည်လည်း ဤအခြေအနေကို နေသားကျနေပြီဖြစ်သဖြင့် သူမ တိတ်ဆိတ်စွာ ပုံဆွဲနေစဉ် ဘေးမှ ဝိုင်းအုံကြည့်မနေကြပေ။

ခဏအကြာတွင် နင်ရှို့သည် ကျန်းနျန်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ခဲ့သည်။ ကျန်းနျန်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေပြီး သူမ၏မျက်ဝန်းများမှာလည်း ကြင်နာမှုများ ပြည့်နှက်နေသည်။ နင်ရှို့သည် အပြန်ပြန်အလှန်လှန် အကြိမ်အနည်းငယ် ကြည့်ပြီးနောက် နောက်ဆုံးတွင် ကျန်းနျန်၏ မျက်လုံးများကို တည့်တည့်ကြည့်ရဲလာသည်။ သူမ ပုံဆွဲခြင်းမှာ နာရီဝက်ခန့် ကြာမြင့်သွားပြီးနောက် မှတ်စုစာအုပ်အား ကျန်းနျန်ထံသို့ ကြောက်ကြောက်လန့်လန့်ဖြင့် ကမ်းပေးလိုက်သည်။

ကျန်းနျန်က မှတ်စုစာအုပ်ကို ယူကြည့်လိုက်သောအခါ အလွန်အမင်း အံ့အားသင့်သွားရသည်။

နင်ရှို့၏ ပုံဆွဲလက်ရာမှာ အပြင်ကလူနှင့် အတိအကျကြီး တူမနေသော်လည်း ကျန်းနျန်၏ ထူးခြားသည့် သွင်ပြင်များကို ဖမ်းဆုပ်နိုင်ရုံတင်မကဘဲ ပိုပေါ်လွင်အောင်ပင် ဆွဲထားနိုင်ခြင်းဖြစ်သည်။ သူမ၏ ပုံဆွဲစွမ်းရည်မှာ တကယ့်ကို အထင်ကြီးစရာပင် ဖြစ်သည်။ ထျန်မိုင်က ပုံကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ "အိုးးး ဒါက ညည်းနဲ့ တကယ့်ကို တူတာပဲ။"

နင်ချန့်ကလည်း ဂုဏ်ယူစွာဖြင့် ထပ်၍ပြောဆိုခဲ့သည်။ "သမီးအစ်မက ပုံဆွဲအရမ်းကောင်းတာ။"

ကျန်းနျန် မော့ကြည့်လိုက်သောအခါ နင်ရှို့သည် သူမ၏ အဆုံးအဖြတ်ကို စောင့်နေသကဲ့သို့ စိုးရိမ်တကြီးဖြင့် ခေါင်းငုံ့နေသည်ကို တွေ့လိုက်ရသည်။ သူမ ပြုံးလျက် ပြောလိုက်သည်။ "ဒါ တကယ်ကို ကောင်းတာပဲ၊ ဒေါ်လေးကျန်း အရမ်းကြိုက်တယ်။"

နင်ရှို့၏ တင်းမာနေသော ပခုံးလေးများ အနည်းငယ် လျော့ကျသွားသည်ကို သူမ သတိထားမိလိုက်သည်။

ကျန်းနျန်က ထျန်မိုင်ကို ပြောလိုက်သည်။ "အစ်မထျန်၊ ရှို့အာမှာ ဒီဘက်မှာ ပါရမီရှိတာပဲ။ အစ်မအနေနဲ့ သမီးကို ဒီထက်မက တိုးတက်အောင် လုပ်ပေးသင့်သလို သမီးရဲ့ အစွမ်းအစတွေကို ဖော်ထုတ်ပေးသင့်တယ်။ အစ်မသမီး အရွယ်ရောက်လာလို့ ဒီပညာကို ကျွမ်းကျင်သွားရင် ဒါဟာ သူမအတွက် ဂုဏ်ယူစရာဖြစ်သလို အသက်မွေးဝမ်းကျောင်းလည်း ဖြစ်လာနိုင်တယ်။"

ထျန်မိုင်မှာ မှင်တက်သွားခဲ့သည်။ "ဘာ... ပုံဆွဲတာက အသက်မွေးဝမ်းကျောင်း လုပ်လို့ ရတယ် ဟုတ်လား။"

ကျန်းနျန် ပြန်ဖြေလိုက်သည်။ "တကယ်လို့ ရှို့အာသာ သူမရဲ့ စွမ်းရည်တွေကို ဆက်ပြီး ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် ဒါဟာ သူမဘဝရဲ့ အကြီးမားဆုံးသော အဖိုးတန်အရာ ဖြစ်လာမှာပါ။"

သူမသည် မတ်တတ်ရပ်လိုက်ပြီး ဗီရိုထဲမှ ပန်းထိုးဒီဇိုင်းပုံတစ်ပုံကို ယူကာ စားပွဲပေါ်တွင် ဖြန့်ပြလိုက်ပြီး ထျန်မိုင်ကို ပြောခဲ့သည်။ "ဒီဒီဇိုင်းပုံကို ဆွဲတဲ့သူဟာလည်း ဒီပညာရပ်နဲ့ပဲ ပိုက်ဆံရှာတာပါ။ ရှို့အာရဲ့ ပုံဆွဲစွမ်းရည်နဲ့ဆိုရင် အရွယ်ရောက်လာတဲ့အခါ ဒီနယ်ပယ်မှာ ပါဝင်ပတ်သက်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။"

ထျန်မိုင်သည် စားပွဲပေါ်ရှိ ဒီဇိုင်းပုံကို ကြည့်လိုက်သည်။ ၎င်းမှာ ဖခင်နှင့် သားဖြစ်သူ၏ ပုံတူလေးဖြစ်သည်။ သူမသည် နင်ရှို့ကို လှည့်ကြည့်လိုက်သောအခါ နင်ရှို့သည်လည်း အားတက်သရောဖြင့် ဒီဇိုင်းပုံကို တိတ်ဆိတ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထျန်မိုင်၏ မျက်ဝန်းများမှာ နွေးထွေးစိုစွတ်လာပြီး ကျန်းနျန်ကို ပြုံးလျက် ပြောလိုက်သည်။

"တကယ်လို့ ရှို့အာသာ ဒါနဲ့ အသက်မွေးနိုင်မယ်ဆိုရင်တော့ ညည်းကို သူမရဲ့ မွေးစားအမေအဖြစ် သတ်မှတ်ခိုင်းပြီး ညည်းအိုမင်းတဲ့အထိ ပြုစုစောင့်ရှောက်ခိုင်းရမှာပဲ။"

ကျန်းနျန် - ....

ဤမျှအထိ ကျေးဇူးတင်ရန် မလိုအပ်ပါပေ။

ထျန်မိုင်တို့ ထွက်သွားပြီးနောက် ကျန်းနျန် မှတ်စုစာအုပ်ကို ပြန်ကြည့်ခဲ့သည်။ နင်ရှို့ အရွယ်နည်းနည်း ရလာသောအခါ ကောမိန်၏ အကူအညီဖြင့် နင်ရှို့အား ဒီဇိုင်းပုံဆွဲသည့် လောကထဲသို့ မိတ်ဆက်ပေးချင်မိသည်။ တစ်နေ့တွင် နင်ရှို့သည် ဤနယ်ပယ်တွင် ကြီးကျယ်သော အောင်မြင်မှုများ ရရှိနိုင်ကောင်း ရရှိနိုင်မည်ဖြစ်သည်။

ထိုနေ့ နေ့လယ်ပိုင်းတွင် ကျန်းနျန်သည် မိမိကိုယ်တိုင်အတွက် ရိုးရှင်းသော ဟင်းတစ်ပွဲ ချက်ရန် ပြင်ဆင်နေသည်။ ဟဲယွဲ့၏ သမီး ဖန်ရှက သူမကို နေ့လယ်စာစားရန် လာဖိတ်ခဲ့သည်။ သူမ တုံ့ဆိုင်းနေတုန်းမှာပင် ဟဲယွဲ့ ကိုယ်တိုင် ရောက်လာပြီး သူမကို ဆွဲခေါ်သွားခဲ့သည်။

ဟဲယွဲ့က နေ့လယ်စာအတွက် ဟင်းတစ်ခွက် ပိုချက်ထားသည်။ ဗိုလ်ကြီးဖန် ပြန်ရောက်လာသောအခါ ကျန်းနျန်ကို တွေ့သဖြင့် တောင်းပန်လိုက်သည်။"မကြာသေးခင်က အလုပ်တွေ အရမ်းများနေလို့ စိုက်ခင်းကို ရေမလောင်းပေးနိုင်ခဲ့ဘူး၊ တောင်းပန်ပါတယ်။"

ကျန်းနျန် ပြုံးလိုက်သည်။ "ရပါတယ်။"

လူတိုင်းတွင် ကိုယ်စီတာဝန်များ ရှိကြခြင်းကြောင့် သူမ အနည်းငယ် နေရခက်သွားသည်။

ကျန်းနျန် အများကြီး တွေးနေမည်ကို စိုးရိမ်သောကြောင့် ဟဲယွဲ့က ထပ်ပြောလိုက်သည်။ "လောင်ဖန်က တကယ့်ကို အလုပ်များနေတာ။ တစ်ခါတလေဆို နေ့လယ်စာ စားဖို့တောင် အိမ်ပြန်မလာနိုင်ဘူး။"

ယင်းကို ကျန်းနျန် သိရှိသည်။ ဗိုလ်ကြီးဖန် ပြန်လာတတ်သည်ကို သတိထားမိလေ့ရှိသော်လည်း လွန်ခဲ့သည့် လဝက်အတွင်း သူ ပြန်လာခြင်းမှာ တကယ်ပင် နည်းပါးသွားခြင်းဖြစ်သည်။ သူမသည် အဆိုပါအကြောင်းကို အများကြီး မတွေးမိသော်လည်း ဇနီးမောင်နှံနှစ်ဦး၏ ရှင်းပြချက်များနှင့် အထူးတလည် နေ့လယ်စာ ဖိတ်ကျွေးခြင်းများကြောင့် သူမ အနည်းငယ် အားနာမိသွားခြင်းဖြစ်သည်။

နေ့လယ်စာ စားပြီးနောက်တွင် ဖန်ရှနှင့် ဖန်ကောတို့ ကျောင်းပြန်သွားကြသလို ဗိုလ်ကြီးဖန်လည်း သူ၏တာဝန်များဆီသို့ အမြန်ပြန်သွားသည်။ ဟဲယွဲ့က ပန်းကန်များ ဆေးပြီးနောက် ကျန်းနျန်ကို ပြောလိုက်သည်။

"ငါတို့ ကိုယ်ပိုင်စိုက်ခင်းဆီ သွားကြစို့။ လွန်ခဲ့တဲ့ ရက်ပိုင်းက သွားကြည့်တော့ ငါတို့တွေရဲ့ စိုက်ခင်းတွေမှာ ပေါင်းမြက်တွေ အရမ်းပေါနေပြီ။ အဲဒါတွေကို ရှင်းမှဖြစ်မယ်၊ မဟုတ်ရင် ဟင်းသီးဟင်းရွက်တွေ ကောင်းကောင်း ကြီးထွားမှာ မဟုတ်ဘူး။"

ကျန်းနျန် - "အဝတ်အစား သွားလဲလိုက်ဦးမယ်။"

သူမသည် ဖာထေးထားသည့် အင်္ကျီအစား အညိုနုရောင် ရှပ်အင်္ကျီနှင့် ဘောင်းဘီကို လဲဝတ်လိုက်ပြီး ပေါက်ပြားလေးတစ်ခုကို ကိုင်ကာ ဟဲယွဲ့နှင့်အတူ စိုက်ခင်းဆီသို့ သွားခဲ့သည်။

လုယွီ ထွက်သွားကတည်းက ကျန်းနျန်သည် စိုက်ခင်းဆီသို့ မရောက်ဖြစ်သည်မှာ လဝက်ခန့် ရှိပြီဖြစ်သည်။

သူတို့ ကန်တင်းကို ဖြတ်ကျော်လာသောအခါ စစ်စိမ်းရောင် ယူနီဖောင်းဝတ် စစ်သားများ စခန်းဆီသို့ ဦးတည်သွားနေသည်ကို တွေ့ရသည်။ ယွမ်မြို့က စစ်ခရိုင်မှာ ကြီးမားပြီး စနစ်ကျကာ ကျယ်ဝန်းလှသည်။ ကျောင်းမှာ စိုက်ခင်းနှင့် မဝေးလှသလို ဆရာများကိုလည်း စစ်တပ်ထဲမှ အထူးတလည် ခေါ်ယူထားခြင်းဖြစ်သည်။

ဟဲယွဲ့၏ စိုက်ခင်းမှာ ကျန်းနျန်၏ စိုက်ခင်းနှင့် နှစ်ကွက်ခန့် ဝေးကွာသည်။ ဟဲယွဲ့၏ စိုက်ခင်းနားသို့ ချဉ်းကပ်လာသောအခါ ဟဲယွဲ့က ပြောလိုက်သည်။ "ဟေး ဟိုမှာ နိုင်ငံရေးမှူးကု မဟုတ်လား။"

ကျန်းနျန် မှင်တက်သွားပြီး မော့ကြည့်လိုက်မိသည်။ ရာသီဥတုက ပူပြင်းနေပြီး ကုရှစ်ကျိုးမှာ အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ထားကာ သူ၏သန်မာသည့် လက်မောင်းများ ပေါ်အောင် လက်ကို လိပ်တင်ထားသည်။ သူသည် ဟင်းသီးဟင်းရွက်ခင်းကို စနစ်တကျ ရေလောင်းရန် ရေပုံးနှစ်ပုံးကို သယ်ဆောင်လာခဲ့သည်။

ဟဲယွဲ့ ရယ်မောလိုက်သည်။ "တပ်ရင်းမှူးလုက မထွက်ခင်မှာ အားလုံးကို အဆင်ပြေအောင် စီစဉ်သွားတာပဲ၊ နင် ဘာမှ စိတ်ပူစရာ မလိုတော့ဘူး။ ငါ့ယောက်ျား လောင်ဖန်ကို ကြည့်ပါဦး၊ ယောက်ျားချင်း အတူတူပဲကို ဘယ်လောက်တောင် ကွာလိုက်လဲ။"

ကျန်းနျန် ပြုံးလိုက်သည်။ "ကျွန်မ သွားကြည့်လိုက်ဦးမယ်။"

ဟဲယွဲ့ - "သွားလေ။"

ကျန်းနျန် စိုက်ခင်းအစပ်သို့ ပြေးသွားသောအခါ ကုရှစ်ကျိုးနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ ထိုအမျိုးသားသည် သူမကို ထိုနေရာတွင် တွေ့ရသဖြင့် အနည်းငယ် အံ့သြသွားပုံရသည်။

သူက အရပ်ရှည်သဖြင့် ကျန်းနျန်သည် ပြုံးလျက် မော့ကြည့်ကာ ပြောလိုက်သည်။"နိုင်ငံရေးမှူးကု၊ ကျေးဇူးတင်ပါတယ်။"

ကုရှစ်ကျိုး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ဒီနေ့ ချန်ယောင် အလုပ်များနေလို့ ကျွန်တော် လာလောင်းပေးတာပါ။"

ကျန်းနျန် အားနာမိသော်လည်း အများကြီးတော့ ထပ်မပြောတော့ပေ။ လုယွီ ပြန်လာသောအခါ သူတို့ကို ကျေးဇူးတင်သည့်အနေဖြင့် ကောင်းကောင်းလေး တစ်နပ် ချက်ကျွေးမည်ဟုသာ စိတ်ထဲက တွေးထားလိုက်သည်။

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၁၆၈

နေ့လယ်ခင်း နေရောင်မှာ အနည်းငယ် ပြင်းထန်သဖြင့် ကျန်းနျန်သည် နေကို မျက်စိမှေး၍ ကြည့်နေရသည်။ သူမက မျက်လုံးကိုကာရန် လက်ကို မြှောက်လိုက်သောအခါ ကုရှစ်ကျိုးက သူမအတွက် နေရောင်ကို ကာပေးရန် ဘေးသို့ တစ်လှမ်း တိုးလိုက်သည်။

ကုရှစ်ကျိုး၏ အကြည့်သည် ကျန်းနျန်၏ ဖြူဖွေးသော မျက်နှာပေါ်တွင် စက္ကန့်အနည်းငယ်ခန့် ရစ်ဝဲနေခဲ့သည်။ သူက သူမလက်ထဲက ပေါက်ပြားလေးကို ကြည့်ပြီး ပြောလိုက်သည်။ "စာသင်ဝိုင်းက ကိစ္စအကြောင်း ကြားပြီးပြီ။"

ကျန်းနျန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ "ဘာကိစ္စလဲဟင်။"

"လက်ထောက်တပ်ရင်းမှူးနင်ရဲ့ မိသားစု ကိစ္စလေ။"

ကုရှစ်ကျိုးက ဤသည်ကို ထည့်ပြောလိုက်မှ ကျန်းနျန် နားလည်သွားခဲ့သည်။ သူမ ပြုံးလိုက်သည်။ "ဒါတွေက အတိတ်က ကိစ္စတွေ ဖြစ်သွားပါပြီ။"

ကုရှစ်ကျိုး - "တပ်ရင်း ၃ ရဲ့ နိုင်ငံရေးမှူးတစ်ယောက်အနေနဲ့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်။"

ဤသည်က ကျန်းနျန်ကို အနည်းငယ် အနေရခက်စေသည်။ "ကျွန်မက သူမကို တပ်ရင်းအတွက်ရော၊ လုယွီနဲ့ တခြားလူတွေအတွက်ရော ပြဿနာ မရှာစေချင်ရုံတင်ပါ။"

"မင်းလုပ်တာ မှန်ပါတယ်" ကုရှစ်ကျိုး ဆက်ပြောခဲ့သည်။ "အမျိုးသမီးတွေဟာလည်း ကောင်းကင်ရဲ့ တစ်ဝက်ကို မတ်မတ် ထိန်းထားနိုင်တာပဲ။"

ထို့နောက်တွင် သူက ရေတွင်းဆီသို့ သွားပြီး နောက်ထပ် ရေနှစ်ပုံး ခပ်ခဲ့သည်။ ကျန်းနျန် သတိပြန်ဝင်လာပြီး ကူညီပေးရန် ပြေးသွားလိုက်သည်။ ကုရှစ်ကျိုးက အလုပ်များအားလုံး လုပ်ဆောင်နေစဉ်တွင် သူမက ဤအတိုင်း ရပ်ကြည့်နေရသည်မှာ နေရခက်သောကြောင့် ဖြစ်သည်။

ကျန်းနျန် - "ကျွန်မ တစ်ပုံး သယ်ပါရစေ"

သို့သော် သူမလက်က ရေပုံးကို ထိလိုက်သည်နှင့် ကုရှစ်ကျိုးက သူမ၏ သွယ်လျသည့် လက်မောင်းနှင့် ခြေထောက်များကို လှမ်းကြည့်ပြီး ရေပုံးကို မလိုက်သည်။ "သုံးလေးခေါက်လောက် ဆိုရင် ပြီးပါပြီ။ မင်း ကူစရာ မလိုပါဘူး။"

ရေတွင်းနားတွင် ရပ်နေရင်း ကျန်းနျန်သည် ကုရှစ်ကျိုးက ရေပုံးများကို စိုက်ခင်းထဲ အလွယ်တကူ သယ်ဆောင်သွားသည်ကို ကြည့်နေမိသည်။ သူမ နှုတ်ခမ်းကို ဖိစေ့ထားမိပြီး အခြားသူက သူမအလုပ်ကို လုပ်ပေးနေသည်ကို ဤအတိုင်း ကြည့်နေရသဖြင့် အားနာနေမိခြင်းဖြစ်သည်။ ကံကောင်းသည်မှာ ကုရှစ်ကျိုးသည် သုံးခေါက်နှင့်ပင် ရေလောင်း၍ ပြီးသွားခြင်းဖြစ်သည်။ သူ ပြန်တော့မည်ဟု သူမ ထင်ခဲ့သော်လည်း အံ့သြစရာကောင်းသည်မှာ သူသည် စိုက်ခင်းထဲ ဆင်းပြီး ပေါင်းမြက်များကိုပါ နှုတ်ပေးနေခြင်းပင်။

ကျန်းနျန် - ....

သူမသည် ပေါက်ပြားလေးကို အနေရခက်စွာ ဆုပ်ကိုင်ပြီး စိုက်ခင်းထဲ ဆင်းသွားခဲ့သည်။ "နိုင်ငံရေးမှူးကု၊ ပေါင်းမြက်ရှင်းတာကို ကျွန်မ လုပ်နိုင်ပါတယ်။ ရှင် တပ်ရင်းကို ပြန်ပါတော့။"

ကုရှစ်ကျိုး ပြောလိုက်သည်။ "လောဖို့ မလိုပါဘူး၊ မကြာခင် ပြီးတော့မှာပါ။"

ကျန်းနျန် - ....

ဘာပြောရမှန်း မသိတော့သဖြင့် နောက်ဆုံးတွင် သူမသည် စိုက်ခင်း၏ တခြားတစ်ဖက်၌ ပေါင်းမြက်များ သွားနှုတ်ခဲ့သည်။ ဘယ်သူမှ စကားမပြောကြဘဲ ကုရှစ်ကျိုးက သူ၏ဘက်မှ အလုပ်ကို မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်သည်။ သူက ပေါင်းမြက်များကို စုဆောင်းပြီးနောက် ကျန်းနျန်ဘက်မှ အခြမ်းကိုပါ ကူညီရှင်းလင်းပေးသည်။

ယခုအချိန်တွင် လူအများစုမှာ အိမ်၌ နေ့လယ်ခင်း အနားယူနေကြခြင်းဖြစ်သဖြင့် စိုက်ခင်းထဲတွင် လူသိပ်မရှိပေ။

ကုရှစ်ကျိုးက ပေါင်းမြက်ပုံများကို ကောက်ရန် ငုံ့လိုက်ရင်း စိုက်ခင်းထဲတွင် ဆောင့်ကြောင့်ထိုင်နေသည့် ပုံရိပ်လေးကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ပါမောက္ခလင်းက လွန်ခဲ့တဲ့ ရက်ပိုင်းက စာပို့လိုက်တယ်။ သူက မင်းအကြောင်း ထည့်မေးထားတယ်။"

ကျန်းနျန် အံ့သြသွားပြီး သူ့ကို မော့ကြည့်လိုက်သည်။ "ပါမောက္ခကြီး နေကောင်းရဲ့လား။"

သူမ၏ တစ်ဖက်တွင် မတ်တတ်ရပ်နေသည့် ကုရှစ်ကျိုးသည် နေရောင်ကို ကျောပေးထားသဖြင့် သူ၏မျက်နှာအမူအရာကို မြင်ရရန် ခက်ခဲသည်။ သူမသည် ထိုသို့ ပြောသည်ကိုသာ ကြားလိုက်ရသည်။ "သူ နေကောင်းပါတယ်။ မင်းကိုလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မှာလိုက်တယ်။"

ကျန်းနျန်၏ မျက်ဝန်းများသည် အပြုံးကြောင့် လခြမ်းကွေးလေးကဲ့သို့ ဖြစ်သွားသည်။ "ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူး။"

ကုရှစ်ကျိုး၏ နက်မှောင်သော မျက်ဝန်းများသည် ကျန်းနျန်၏ ပြုံးနေသည့် မျက်နှာပေါ်တွင် စက္ကန့်အနည်းငယ်ခန့် ဝဲနေပြီးမှ အကြည့်လွှဲလိုက်သည်။ "ခယ်မလေး၊ ကျွန်တော် တပ်ရင်းကို ပြန်တော့မယ်။"

ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် နိုင်ငံရေးမှူးကု။"

ကုရှစ်ကျိုး ထွက်သွားပြီးနောက်မှ ကျန်းနျန် စိတ်ထဲ ပိုပေါ့ပါးသွားသည်။ စိုက်ခင်းထဲမှ အလုပ်အများစုမှာ ပြီးဆုံးသွားပြီဖြစ်သည်။ သူမသည် ကျန်ရှိနေသည့် ပေါက်မြက်များကို စုဆောင်း၊ အဝတ်အစားပေါ်မှ ဖုန်များကို ခါထုတ်ပြီး အလုပ်ပြီးခါနီးဖြစ်နေသည့် ဟဲယွဲ့ကို သွားရှာခဲ့သည်။

စိုက်ခင်းထဲတွင် လုပ်စရာ သိပ်မကျန်တော့ခြင်းကြောင့် နောက်ရက်အနည်းငယ်တွင် ကျန်းနျန်သည် အိမ်၌သာ ပန်းထိုးအလုပ်ကို အာရုံစိုက်နေခြင်းဖြစ်သည်။

နေဝင်ချိန်ရောက်သောအခါ အပြင်ဘက် ဝရန်တာတွင် ဆူညံသံများ ကြားလိုက်ရသည်။ ယင်းမှာ ရန်ဖြစ်သံ မဟုတ်ဘဲ သက်ဝင်လှုပ်ရှားနေသည့် စကားပြောသံများဖြစ်သည်။ ကျန်းနျန် မီးဖိုချောင်တွင် ပန်းကန်ဆေးနေတုန်း တံခါးခေါက်သံ ကြားလိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်သောအခါ သူမနှင့် ရွယ်တူခန့်ရှိပြီး ဖော်ရွေသည့် ပုံစံရှိသော အမျိုးသမီးတစ်ဦးကို တွေ့ရသည်။

ကျန်းနျန် သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဘယ်သူပါလဲရှင်။"

အမျိုးသမီးက ပြုံးပြီး ပြောခဲ့သည်။ "ရှင်က တပ်ရင်းမှူးလုရဲ့ ဇနီး ဖြစ်ရမယ်။ ကျွန်မက ဒီအထပ်မှာပဲ၊ လက်ထောက်တပ်ရင်းမှူးလော့ရဲ့ မျက်စိချင်းဆိုင် အိမ်မှာ နေတာပါ။ မိဘတွေဆီ ခဏသွားနေလို့ မရှိတာ။ ဒီနေ့မှ ပြန်ရောက်တာ၊ တပ်ရင်းမှူးလု အိမ်ထောင်ကျသွားပြီလို့ ယောက်ျားဆီက ကြားတာနဲ့ ကိုယ့်ကိုယ်ကိုယ် လာမိတ်ဆက်တာပါ။"

သူမတွင် သာယာသော အသံနှင့် ချစ်စရာကောင်းသည့် မျက်နှာဝိုင်းဝိုင်းလေး ရှိခြင်းကြောင့် ကျန်းနျန်က ချက်ချင်းပင် သဘောကျသွားခဲ့သည်။ ကျန်းနျန် ပြုံးလျက်ပြောလိုက်သည်။ "မင်္ဂလာပါ၊ ကျွန်မက ကျန်းနျန်ပါ။"

အမျိုးသမီးက ပြုံးလျက် ပြန်ပြောခဲ့သည်။ "ကျွန်မက ယွဲ့ချောင်ပါ။"

ကျန်းနျန်က သူမထက် နှစ်နှစ်ကြီးသည်ကို သိသွားသောအခါ သူမက ပြောလိုက်သည်။ "နောက်ဆိုရင် အစ်မကျန်းလို့ပဲ ခေါ်တော့မယ်နော်။ ယောက်မလို့ ခေါ်ရတာက လူကြီးဆန်လွန်းလို့။"

ကျန်းနျန် ရယ်မောလိုက်သည်။ "ကောင်းပါပြီ။"

သူမက အစ်မကျန်းဟု ခေါ်သည်ကို ကြားရသောအခါ ကျန်းနျန်သည် ကျန်းရှောင်ကို ပြန်လည်မြင်ယောင်မိသကဲ့သို့ ရင်းနှီးမှုကို ခံစားလိုက်ရသည်။

ယွဲ့ချောင်သည် ခဏမျှ စကားပြောပြီးမှ ပြန်သွားခဲ့သည်။ အဆိုပါအချိန်မှာပင် ဟဲယွဲ့က တံခါးဖွင့်လာပြီး ယွဲ့ချောင်ကို တွေ့သောအခါ နှုတ်ဆက်ခဲ့သည်။ "ယွဲ့ချောင်၊ ပြန်လာပြီလား။"

ယွဲ့ချောင် ပြုံးလျက်ပြောလိုက်သည်။ "အစ်မဟဲ၊ ကျွန်မ ပြန်လာပါပြီ။"

ဟဲယွဲ့ ပြောလိုက်သည်။ "သွားတာ နှစ်လကျော်ပြီ မဟုတ်လား။"

ယွဲ့ချောင် - "သုံးလတောင် ရှိသွားပြီ။"

"နင့် အမေရဲ့ ခြေထောက်ရော ဘယ်လိုလဲ။"

"အများကြီး သက်သာသွားပါပြီ။ လမ်းလျှောက်နိုင်ပေမယ့် အလုပ်ကြမ်းတော့ လုပ်လို့မရသေးဘူး။ ဟင်းတော့ ချက်နိုင်သေးတယ်။ ကျွန်မ သုံးလတောင် မရှိတော့ လိန်ကျုံးက သိပ်မပျော်ဘူးဖြစ်နေတယ်။"

ယွဲ့ချောင်သည် ရယ်မောရင်း ကျန်းနျန်ကို နှုတ်ဆက်ကာ အိမ်ထဲဝင်သွားခဲ့သည်။ အိမ်ထဲတွင် လိန်ကျုံးက သန့်ရှင်းရေး လုပ်နေသည်။ ယွဲ့ချောင်ကို မြင်သည်နှင့် သူက တံမြက်စည်းကိုချပြီး သူမကို ပြေးဖက်တော့သည်။ ယွဲ့ချောင် လန့်သွားပြီး မျက်နှာနီမြန်းလျက် ပြောလိုက်သည်။ "မှောင်တောင် မမှောင်သေးဘူးလေ။"

လိန်ကျုံး - "လိုက်ကာတွေ ပိတ်ထားတယ်လေ။"

ထို့နောက် သူက ထပ်ဖြည့်ပြောခဲ့သည်။ "ကိုယ်တို့တွေ လက်ထပ်ပြီး ရက်ပိုင်းအတွင်းမှာပဲ မင်းက အိမ်ပြန်သွားတာ။ သုံးလတောင် ကြာသွားတယ်၊ ကိုယ်လည်း သွားမတွေ့နိုင်ခဲ့ဘူး။"

ယွဲ့ချောင်သည်လည်း လိန်ကျုံး တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်ကို အားနာနေမိသည်။ သူမက သူ၏ပါးကို နမ်းလိုက်ပြီး ပြောလိုက်သည်။"ကလေးယူကြစို့။"

လိန်ကျုံး - "အခုချက်ချင်းပဲ။"

သူသည် ယွဲ့ချောင်ကို ဖက်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။ ယွဲ့ချောင်က အနည်းငယ် မောဟိုက်ရင်း ပြောလိုက်သည်။ "တပ်ရင်းမှူးလုရဲ့ ဇနီးကို တွေ့ခဲ့တယ်။ သူမက တကယ်ကို လှတာပဲ။ ဘာတွေစားလို့ အသားက အဲဒီလောက် ဖြူနေတာလဲ မသိဘူး။"

လိန်ကျုံးသည် အချစ်နယ်ကျွံရန်သာ အာရုံရောက်နေခြင်းကြောင့် သူမစကားကို ဂရုမစိုက်နိုင်ပေ။ သူတို့ ပိုမိုရင်းနှီးတော့မည့် အချိန်မှာပင် အပြင်ဘက်၌ တစ်ခုခု ကွဲသွားသည့် အသံကြောင့် လိန်ကျုံးတစ်ယောက် လန့်သွားရသည်။

"သေစမ်း... သေတော့မှာပဲ၊ လန့်သွားတာပဲ။"

ယွဲ့ချောင် - ....

အပြင်ဘက်တွင် ကွမ်လု၏အသံကို ကြားလိုက်ရသည်။ "အခုတော့ ကွဲသွားပြီ၊ ကျေနပ်ပြီလား။"

တံခါးအနောက်တွင် လော့ရှောင်ယွဲ့သည် မြေပြင်ပေါ်ရှိ ကွဲအက်နေသည့် ဖန်ပုလင်း အပိုင်းအစများကို ကြည့်ရင်း အားနာနေသည်။ "ဒေါ်လေးကွမ်၊ တောင်းပန်ပါတယ်။ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး။"

လော့ချန်ယိ ထွက်လာပြီး အပိုင်းအစများကို ချက်ချင်း ရှင်းလင်းပေးရင်း ကွမ်လုကို ပြောခဲ့သည်။ "ရပါတယ်၊ မနက်ဖြန်ကြရင် အသစ်တစ်လုံး ပြန်ဝယ်ပေးပါ့မယ်။"

ကွမ်လုသည် နှုတ်ခမ်းကို စေ့ပြီး ခေါင်းငုံ့ကာ စိတ်မကောင်းဖြစ်နေသည့် လော့ရှောင်ယွဲ့ကို ကြည့်သည်။ သူမသည် လော့ချန်ယိ၏လက်ကို တွန်းထုတ်လိုက်ပြီး ပြောလိုက်သည်။ "မလိုပါဘူး။"

သူမသည် ထိုသို့ ပြောကာ အိမ်ထဲ ပြန်ဝင်သွားခဲ့သည်။

လော့ရှောင်ယွဲ့က လော့ချန်ယိကို ကြည့်လိုက်သည်။ "အဖေ၊ သမီး တမင်လုပ်တာ မဟုတ်ဘူး။ သမီးက လောနေလို့ ဒေါလေးကွမ်ကို မတော်တဆ တိုက်မိသွားပြီး ပုလင်းကျသွားတာပါ။" သူမ မျက်လုံးများနီရဲကာ မျက်ရည်ဝဲလျက် ပြောဆိုသည်။

လော့ချန်ယိက ကွမ်လု ဝင်သွားသည့် တံခါးပိတ်ထားသည်ကို လှမ်းကြည့်ပြီး လော့ရှောင်ယွဲ့ကို ပြောလိုက်သည်ယ "ရပါတယ်၊ မနက်ဖြန် အဖေ အသစ်ဝယ်ပေးမယ်။ အခန်းထဲ ပြန်ပြီး စာလုပ်တော့။"

လော့ရှောင်ယွဲ့ ပြုံးလိုက်သည်။ "ဟုတ်ကဲ့။"

စင်္ကြန်လမ်းမှာ ပြန်တိတ်ဆိတ်သွားသည်။ ကျန်းနျန်သည် အိမ်ထဲတွင် ထိုင်လျက် ပန်းထိုးအပ်ကို ကိုင်ကာ သူမ၏ ပန်းထိုးအလုပ်ကို လုပ်ဆောင်နေသည်။ သူမသည် လက်ထောက်တပ်ရင်းမှူးလော့၏ အိမ်မှ ဆူညံသံကို ကြားခဲ့ရခြင်းဖြစ်သည်။ လော့ရှောင်ယွဲ့နှင့် ကွမ်လုတို့၏ စကားပြောသံကို ပြန်လည်စဉ်းစားရင်း ကျန်းနျန်သည် မသက်မသာဖြစ်စရာ အတွေးတစ်ခု ဝင်လာသည်။

လော့ရှောင်ယွဲ့မှာ သူမ မြင်ရသကဲ့သို့ အပြစ်ကင်းပြီး တက်တက်ကြွကြွနေသူတစ်ဦး မဟုတ်နိုင်ပေ။ ကွမ်လုကသာ လော့ရှောင်ယွဲ့၏ ပုံစံအစစ်အမှန်ကို မြင်နေရခြင်းလား။

ကလေးတစ်ဦးအပေါ် မကောင်းသောအတွေးဖြင့် ခန့်မှန်းရခြင်းမှာ မတရားဟု ခံစားရသဖြင့် ကျန်းနျန်သည် ထိုအတွေးကို ဖယ်ထုတ်ကာ သူမ၏ ပန်းထိုးအလုပ်ကိုသာ ဆက်လုပ်ဆောင်နေခဲ့သည်။

လုယွီသည် ဗုဒ္ဓဟူးနေ့တွင် ပြန်လာရမည်ဖြစ်သဖြင့် ကျန်းနျန်သည် ရက်များကို ရေတွက်နေခဲ့ရာ နောက်ဆုံးတွင် ဗုဒ္ဓဟူးနေ့သို့ ရောက်ရှိလာသော်လည်း လုယွီ ပြန်လာမည့်အစား ကြီးမားသော ဆူညံတုန်လှုပ်ဖွယ်ရာနှင့်သာ ထိပ်တိုက်တွေ့ဆုံရခြင်းဖြစ်သည်။

နင်ရှို့က အဆောက်အဦးပေါ်မှ ခုန်ချမည်ဟု ခြိမ်းခြောက်နေခြင်းဖြစ်သည်။

ဟဲယွဲ့သည် စိုက်ခင်းမှ ပြန်လာပြီး ကျန်းနျန်၏ တံခါးကို ဒေါသတကြီး ခေါက်တော့သည်။ ကျန်းနျန် တံခါးဖွင့်လိုက်သည်နှင့် ဟဲယွဲ့က သူမကို အပြင်သို့ ဆွဲထုတ်ကာ ပြောလိုက်သည်။ "ဒုက္ခပဲ၊ ရှို့အာ အဆောက်အဦးပေါ်က ခုန်ချတော့မလို့။ ဒီတစ်ခါတော့ အဘွားကြီးဝူ တကယ့်ကို ပြဿနာအကြီးကြီး ရှာလိုက်ပြီ။"

ကျန်းနျန်သည်လည်း ဟဲယွဲ့၏အနောက်မှ အမြန်လိုက်ပါသွားခဲ့သည်။

ထျန်မိုင်၏ အဆောက်အဦးမှာ ကျန်းနျန်၏ အဆောက်အဦးဘေးတွင်ပင် ရှိခြင်းဖြစ်သည်။ ကျန်းနျန်သည် စတုတ္ထထပ် ပြတင်းပေါက်တွင် နင်ရှို့ မတ်တတ်ရပ်နေသည်ကို တွေ့ရပြီး သူမသည် ပြတင်းပေါက်ဘောင်ကို ကိုင်လျက် ခြေတစ်ဖက်မှာ လေထဲတွင်ပင် ရောက်နေပြီဖြစ်သည်။ ထျန်မိုင်သည် မြေပြင်ပေါ်တွင် ထိုင်လျက် အပေါ်သို့ လှမ်းအော်နေသည်။ "ရှို့အာ၊ အမေ့စကားနားထောင်ပြီး ပြန်ဝင်လာပါဦး။ သမီးခုန်ချလိုက်ရင် အမေ ဘာလုပ်ရမလဲ။"

လန်ဟွေ့သည်လည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ထျန်မိုင်ဘေးတွင် ရပ်နေပြီး နင်ရှို့ကို စကားလှမ်းပြောနေသည်။

အဘွားကြီးဝူသည် အပြင်သို့ မထွက်ရဲဘဲ အိမ်ထဲတွင် ပုန်းနေသလို နင်ချန့်သည်လည်း ကုတင်ခြေရင်းတွင် မတ်တတ်ရပ်လျက် ရှေ့သို့မတိုးရဲဘဲ ရှိနေသည်။ သူမ ရှေ့သို့တိုးရန် ကြိုးစားတိုင်း နင်ရှို့က ထိုနေရာမှာပင် နေရန် ပြောခြင်းဖြစ်သည်။ သတင်းမှာ တပ်ရင်းသို့ ရောက်ရှိသွားပြီး လက်ထောက်တပ်ရင်းမှူးနင်သည် ကုရှစ်ကျိုး၊ ချန်ယောင်တို့နှင့်အတူ အမြန်ပြန်လာခဲ့သည်။

စတုတ္ထထပ်မှာ နင်ရှို့ ခုန်ချလိုက်လျှင် ပြင်းထန်သော ဒဏ်ရာရရှိနိုင်သည့် အမြင့်ဖြစ်သည်။ စစ်တပ်မိသားစုဝင် အမျိုးသမီးများမှာ စတင်၍ တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

"သူမ ဘာလို့ ခုန်ချချင်ရတာလဲ။"

"အဘွားကြီးဝူက သူမကို ထပ်ပြီး နှိပ်စက်လိုက်ပြန်ပြီလား။"

"အဲဒီအဘွားကြီးက တကယ့်ကို ရက်စက်တာပဲ၊ ကလေးသေသွားမှ သူမ ပျော်မှာလား မသိဘူး။"

"ချန့်အာ၊ နင့်အစ်မ ဘာဖြစ်တာလဲ။"

လက်ထောက်တပ်ရင်းမှူးနင်သည် အောက်တွင် ရပ်နေစဉ် ချန်ယောင်နှင့် အခြားသူများမှာ နင်ရှို့ကို ဖမ်းနိုင်ရန် အပေါ်ထပ်သို့ အပြေးတက်သွားကြသည်။

နင်ချန့်သည် မျက်ရည်ဝဲလျက် ပြတင်းပေါက်မှ အပြင်သို့ လှမ်းအော်သည်။ "အဘွားက အစ်မကို အမြန်သေသွားလိုက်ပါတဲ့၊ ဒါမှ ထမင်းမကုန်မှာ..."

အဘွားကြီးဝူ အမြန်ပြေးထွက်လာပြီး နင်ချန့်၏ပါးစပ်ကို ပိတ်ကာ သူမကို လိမ်ဆွဲတော့သည်။ "နင့်လို မိန်းကလေးယုတ်၊ လျှောက်ပြောနေတာပဲ။ နင်ရှို့ သေသေရှင်ရှင် ငါနဲ့ ဘာမှမဆိုင်ဘူး။ နင်က ငါ့ကို တမင်ရန်တွေ့နေတာ မဟုတ်လား။"

နင်ချန့်သည် အဘွားကြီးဝူ၏လက်ကို အတင်းကိုက်လိုက်သဖြင့် အဘွားကြီးမှာ နာကျင်စွာ အော်ဟစ်သွားရသည်။ သူမသည် အဘွားကြီးဝူကို တွန်းထုတ်ကာ အဘွားကြီးကို အေးစက်စွာ ကြည့်နေသည့် ချန်ယောင်၏ အနောက်သို့ ပြေးဝင်သွားသည်။ ချန်ယောင်က သူမကို ကာကွယ်ပေးလိုက်သည်။ နင်ချန့်သည် ချန်ယောင်၏ အနောက်တွင် ပုန်းလျက် သူမ၏လက်မောင်းကို ပြသည်။ "ဦးဦးချန်၊ အဘွားက သမီးကို လိမ်ဆွဲတယ်။"

နင်ချန့်သည် သူမ၏အင်္ကျီလက်ကို လိပ်တင်ပြရာ လက်မောင်းတွင် လိမ်ဆွဲခံထားရသည့် ညိုမည်းဒဏ်ရာ အများအပြားကို တွေ့လိုက်ရသည်။ အပေါ်ထပ်သို့ ရောက်လာသော လက်ထောက်တပ်ရင်းမှူးနင်သည်လည်း ၎င်းကို မြင်တွေ့သွားခဲ့သည်။

"ရှို့အာ၊ မခုန်ချပါနဲ့။"

ထျန်မိုင်၏ စိတ်ပျက်အားငယ်သော အော်ဟစ်သံမှာ အပြင်မှ ကြားနေရသည်။ လက်ထောက်တပ်ရင်းမှူးနင်နှင့် ချန်ယောင်တို့သည် အဘွားကြီးဝူကို တွန်းဖယ်ကာ အထဲသို့ ပြေးဝင်သွားခဲ့သည်။ နင်ရှို့သည် ကိုယ်တစ်ပိုင်း ပြတင်းပေါက်အပြင်သို့ ထွက်နေပြီဖြစ်ပြီး ပြတင်းပေါက်ဘောင်ကို လွှတ်ကာ ပြုတ်ကျတော့မည့် အခြေအနေ ဖြစ်နေခြင်းဖြစ်သည်။

လက်ထောက်တပ်ရင်းမှူးနင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ရှို့အာ၊ အဖေရောက်ပြီ၊ အဖေရောက်ပြီ။"

နင်ရှို့က သူ့ကို လှည့်ကြည့်ပြီး ပထမဆုံးအကြိမ်အဖြစ် "အဖေ" ဟု လှမ်းခေါ်ကာ သူ၏အနောက်ရှိ အဘွားကြီးဝူကို ကြည့်ခဲ့သည်။ "သမီးသေသွားရင် အဘွား ပျော်သွားမှာပါ။"

"အဖေ၊ သမီးသေသွားရင် ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့သလို အမေလည်း မှတ်စုစာအုပ်တွေအတွက် ပိုက်ဆံကုန်စရာ မလိုတော့ဘူး။"

"အဖေ သမီးကို ဘယ်တုန်းကမှ မဆူခဲ့ဘူး။ ပြန်ဆင်းလာပါ၊ အဖေ မှတ်စုစာအုပ်တွေ အများကြီး ဝယ်ပေးမယ်။ သမီး နေ့တိုင်း ပုံဆွဲနိုင်တယ်။"

လက်ထောက်တပ်ရင်းမှူးနင်၏ မျက်ဝန်းများ နီမြန်းလာသည်။ သူ၏အနောက်မှ အဘွားကြီးဝူ၏ မကျေနပ်ချက်ပြောသံများကို ကြားသောအခါ သူမကို လှည့်၍ စူးစိုက်ကြည့်လိုက်သည်။ "အမေ၊ ပါးစပ်ပိတ်လို့ မရဘူးလား။ အမေက ကျွန်တော့်မိသားစုကို ဖျက်ဆီးနေတာ၊ ကျွန်တော်တို့တွေ အကုန်လုံး ပျက်စီးသွားမှ အမေ ကျေနပ်မှာလား။"

အဘွားကြီးဝူသည် သူမသား၏ သွေးများဖြင့်နီမြန်းနေသော မျက်လုံးများကို ပထမဆုံးအကြိမ် မြင်လိုက်ရသဖြင့် သူ၏ကြောက်စရာကောင်းသော အကြည့်ကြောင့် မှင်တက်သွားခဲ့သည်။

ချန်ယောင် ပြောလိုက်သည်။ "ရှို့အာ၊ ပြန်ဆင်းလာပါ။ ဦးဦးချန် သမီးဆွဲထားတဲ့ ပုံတွေကို ကြည့်ချင်တယ်။ ပြန်ဆင်းလာပြီး ဦးဦးချန်အတွက် ပုံဆွဲပေးပါ၊ ဟုတ်ပြီလား။"

သူက ပြောရင်းနှင့် နင်ရှို့အနားသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့သည်။

အောက်တွင် လူအများအပြား ဝိုင်းအုံနေကြပြီဖြစ်သည်။ ကျန်းနျန်သည် ပြတင်းပေါက်အစွန်းတွင် သူမ၏ ကိုယ်လေးဖြင့် မသေမချာ ရပ်နေသည့် နင်ရှို့ကို မော့ကြည့်နေမိသည်။ ကျန်းနျန်၏ရင်ခုန်သံမှာ အလွန်ပင် မြန်နေသည်။ "ရှို့အာ၊ ဒေါ်လေးကျန်းက သမီးအတွက် ဆရာတစ်ယောက်နဲ့ ဆက်သွယ်ထားပြီးပြီ။ သမီးအရွယ်ရောက်လာရင် ပုံဆွဲသင်ဖို့ သွားလို့ရပြီ၊ အခု ပြန်ဆင်းလာပါဦး၊ ဟုတ်ပြီလား။"

နင်ရှို့သည် ကျန်းနျန်၏အသံကို ကြားသဖြင့် လူအုပ်ကြီးကို ပြန်ငုံ့ကြည့်ရာ ကျန်းနျန်ကို တွေ့ရှိသွားခဲ့သည်။ သူမသည် နှုတ်ခမ်းကို ဖိစေ့ထားပြီး ဘာမှ ပြန်မပြောခဲ့ပေ။

ထျန်မိုင်ကလည်း အောက်မှ လှမ်းအော်သည်။ "ရှို့အာ၊ ကြားလား။ ဒေါ်လေးကျန်းက သမီးအတွက် ဆရာစီစဉ်ထားတယ်တဲ့။ သမီးကြီးလာရင် ပုံဆွဲသင်ဖို့ သွားလို့ရပြီ၊ သမီး ပုံဆွဲရတာ ဝါသနာပါတာ မဟုတ်လား။ အမေ သမီးကို သေချာပေါက် ပို့ပေးမယ်လို့ ကတိပေးတယ်။"

"အဲဒါတွေက ပိုက်ဆံကုန်တာပဲ။ ပုံဆွဲတာက ထမင်းကျွေးနိုင်လို့လား။ ဘာလို့ အဲဒီပိုက်ဆံတွေကို အလကားဖြုန်းရမှာလဲ။ သူမ တော်လာရင်တောင် တခြားအိမ်က ယောက်ျားနောက်ကိုလိုက်သွားမှာပဲ၊ အဲ့ကြရင် သူများမိသားစုပဲ အကျိုးရှိမှာလေ။"

အဘွားကြီးဝူသည် ပိုက်ဆံကုန်မည့်အရေးကို ကြားသောအခါ ထပ်မံ၍ ဒေါသထွက်လာခြင်းဖြစ်သည်။

ဤဆူညံမှုမှာ အဘွားကြီးဝူကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ ထျန်မိုင်က နင်ရှို့အတွက် ပုံဆွဲရန် မှတ်စုစာအုပ်နှင့် ဘောပင် ဝယ်ပေးခဲ့ပြီး နင်ရှို့သည် အခန်းထဲတွင် ထျန်မိုင်၊ နင်ချန့်နှင့် အခြားသူများ၏ ပုံများကို တိတ်တဆိတ် ဆွဲနေခဲ့ခြင်းဖြစ်သည်။ သို့သော် အဘွားကြီးဝူက ထိုပုံများကို ဆုတ်ဖြဲပစ်ကာ လူသေပုံများနှင့် တူသည်ဟု ဆိုပြီး အသုံးမကျသည့် မိန်းကလေးတစ်ယောက်အတွက် မှတ်စုစာအုပ်ဝယ်ရခြင်းမှာ ပိုက်ဆံအလကားဖြုန်းခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ထိုပိုက်ဆံဖြင့် အသားတစ်ပိဿာ ဝယ်စားခြင်းက ပို၍ကောင်းသည်ဟု ဆိုခြင်းဖြစ်သည်။

နင်ရှို့သည် သူမ၏မှတ်စုစာအုပ်ကို ပြန်ရရန် အဘွားကြီးဝူကို ပထမဆုံးအကြိမ် ပြန်လည်ချေပခဲ့သော်လည်း အဘွားကြီးဝူက သူမကို ရိုက်နှက်ကာ နင်ရှို့ကို အမြန်သေသွားပြီး နောက်ဘဝတွင် ယောက်ျားလေးအဖြစ်သာ ပြန်ဝင်စားပါစေဟု ဆဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းသည် နင်ရှို့ကို ခုန်ချရန် ဆုံးဖြတ်စေသည့် နောက်ဆုံးသော အကြောင်းရင်းဖြစ်ခြင်းဖြစ်သည်။

တုံ့ဆိုင်းနေသော နင်ရှို့သည် အဘွားကြီးဝူ၏ စကားများကြောင့် သူမ၏စိတ်ကို တစ်ဖန် ပြတ်သားသွားစေသည်။ သူမသည် ပြတင်းပေါက်ဘောင်ကို လွှတ်လိုက်ပြီး အောက်သို့ ပြုတ်ကျသွားခဲ့သည်။

All Chapters