← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၁၇၉

နောက်တစ်နေ့ မနက်စာ စားပြီးနောက် ကျန်းနျန်သည် ထျန်မိုင်နှင့် နင်ရှို့ကို ခေါ်ကာ မြို့ထဲသို့ သွားခဲ့သည်။ နင်ရှို့အတွက် အိမ်နှင့်ဝေးရာသို့ ပထမဆုံးအကြိမ် ခရီးထွက်ခြင်းဖြစ်ရာ သူမသည် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေပြီး ထျန်မိုင်ကို တင်းတင်းဖက်ထားခဲ့သည်။ ဘတ်စ်ကားပေါ်တွင် သူမသည် ထိုင်ခုံအောက်ထဲအထိ တိုးဝင်မတတ် ဖြစ်နေသည်။ ကျန်းနျန်က နှုတ်ခမ်းကို ဖိထားရင်း ဆရာမက နင်ရှို့ကို လက်ခံနိုင်ခြေ နည်းလိမ့်မည်ဟု ခံစားနေမိသည်။

နင်ရှို့သည် လက်ရှိတွင် ထျန်မိုင်နှင့် မခွဲနိုင်သေးဘဲ ဆရာမအနေဖြင့်လည်း ဖြစ်လာနိုင်သော ပြဿနာများကြောင့် သူမကို လက်ခံရန် ဝန်လေးနေနိုင်သည်။

တစ်နာရီခန့် ကြာပြီးနောက် ပန်းထိုးဆိုင်သို့ ရောက်ရှိလာသည်။ ဆရာမက မရောက်သေးဘဲ ကောမိန်မှာလည်း အထည်စက်ရုံမှ ခုလေးတင် ပြန်ရောက်လာသည်။ နင်ရှို့ကို မြင်သောအခါ ကလေးမလေး၏ အခြေအနေမှာ ကျန်းနျန် ပြောပြထားသည်ထက် ပိုဆိုးနေသည်ကို သူမ သတိပြုမိလိုက်သည်။ နင်ရှို့အနားသို့ ချဉ်းကပ်လိုက်သည်နှင့် ကလေးမလေးက ထိတ်လန့်သွားလေသည်။

ထျန်မိုင်သည် နင်ရှို့နှင့်အတူ ပြတင်းပေါက်နားက ခုံတန်းတွင် အတူရှိနေပေးသည်။ မိနစ် ၃၀ ခန့် ကြာပြီးနောက် ဆရာမ ရောက်လာခဲ့သည်။ သူမသည် အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပန်းချီဆွဲပုံးကို ကိုင်ထားကာ ဆံပင်ကို ခပ်နိမ့်နိမ့် စည်းထားသည်။ သူမက ကောမိန်နှင့် ခဏစကားပြောပြီးနောက် ပြတင်းပေါက်နားက နင်ရှို့ကို လှမ်းကြည့်လိုက်သည်။

ကောမိန်က မိတ်ဆက်ပေးခဲ့သည်။ "ဒါက ပန်းချီဆရာမ ရဲဘော် ကျီရှောင်ထင်ပါ။" ထို့နောက် ကျန်းနျန်ကိုလည်းညမိတ်ဆက်ပေးခဲ့သည်။ "ဒါက ကျွန်မပြောတဲ့ ပန်းထိုးပညာရှင် ရဲဘော် ကျန်းနျန်ပါ။"

ကျီရှောင်ထင်၏ မျက်လုံးများ တောက်ပသွားပြီး ကျန်းနျန်ကို လက်ကမ်းနှုတ်ဆက်ကာ ပြောလိုက်သည်။ "ရဲဘော် ကျန်းနျန်၊ ရှင့်ရဲ့ ပန်းထိုးလက်ရာတွေကို ကျွန်မ တွေ့ဖူးပါတယ်။ တကယ်ကို ပြီးပြည့်စုံပါတယ်။ ရှင်ထိုးခဲ့တဲ့ ပုံတူသုံးပုံကို မှတ်မိသေးလား။"

ကျန်းနျန် ပြုံးလိုက်သည်။ "မှတ်မိပါတယ်။"

ကျီရှောင်ထင် ပြောလိုက်သည်။ "အဲဒါတွေကို ကျွန်မ ဆွဲခဲ့တာလေ။ အစ်မကောက ရှင့်ရဲ့ ပန်းထိုးလက်ရာတွေကို ပြတဲ့အခါ တကယ့်ကို အသက်ဝင်နေတာ တွေ့ရတယ်။ ရှင့်ကို တွေ့ချင်နေတာ ကြာပြီ၊ အခုမှပဲ အချိန်ပေးနိုင်တော့တယ်။ နောက်ဆုံးတော့ ဒီနေ့ ဆုံကြပြီပေါ့။"

ကျန်းနျန်သည် ပန်းချီဆရာမက သူမ၏ ပန်းထိုးလက်ရာကို တန်ဖိုးထားလိမ့်မည်ဟု မထင်ထားခဲ့ဘဲ သူတို့ ခဏတာ စကားပြောဖြစ်ကြသည်။ စကားပြောနေရင်း ကျန်းနျန်က နင်ရှို့၏ အခြေအနေကို ရှင်းပြခဲ့သည်။ ထျန်မိုင်မှာလည်း စိုးရိမ်စိတ်ဖြင့် နင်ရှို့၏လက်ကို တင်းတင်းဆုပ်ထားသည်။ သားအမိနှစ်ယောက်လုံး ချွေးများ ပြန်နေကြသည်။

ကျီရှောင်ထင်သည် နင်ရှို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ပန်းချီဘုတ်ကို စားပွဲပေါ်တင်လိုက်သည်။ ထိုဘုတ်ပေါ်တွင် တစ်ဝက်တစ်ပျက် ဆွဲထားသော ကျွန်းတစ်ကျွန်း၏ ရှုခင်း၊ ပင်လယ်ပေါ်တွင် မျောနေသော လှေတစ်စင်းနှင့် ကမ်းခြေတွင် ဂဏန်းဖမ်းနေသော တံငါသည်တစ်ဦး၏ ပုံတို့ ပါဝင်သည်။ ထိုပုံက နင်ရှို့၏ အာရုံကို ဖမ်းစားလိုက်ပြီး သူမသည် သူမ၏ ကြောက်ရွံ့မှုများကို ခဏတာ မေ့လျော့သွားကာ သူမ တစ်ခါမှ မမြင်ဖူးသော နေရာ၏ ပန်းချီကားကို စပ်စုကြည့်နေမိသည်။

ပင်လယ်၊ လှေများနှင့် ပြာလွင်သော မိုးကောင်းကင်တွင် ပျံသန်းနေသော လှပသည့် ငှက်ကလေးတစ်ကောင်...။

နင်ရှို့၏ အကန့်အသတ်ရှိသော အတွေ့အကြုံအရ သူမသည် ကြက်၊ ဘဲ၊ ငါး၊ ခွေးကဲ့သို့သော သာမန်သတ္တဝါများနှင့် လူကြီးတွေပြောပြတတ်သော ငှက် သို့မဟုတ် ကျား တို့ကိုသာ မြင်ဖူးသည်။ ဤရှုခင်းအသစ်ကို မြင်ရခြင်းက သူမ၏ အာရုံကို ဆွဲဆောင်သွားသည်။ အရင်က ကြောက်ရွံ့စွာဖြင့် ကုပ်ကုပ်လေး နေတတ်သော နင်ရှို့သည် ပန်းချီကားရှေ့တွင်မူ ကွဲပြားခြားနားသွားသည်ကို ကျန်းနျန် သတိထားမိလိုက်သည်။

ထိုအခိုက်အတန့်တွင် သူမသည် မှောင်မိုက်ကြောက်မက်ဖွယ်ကောင်းသော ထောင့်စွန်းမှ နွေးထွေးသော နေရောင်ခြည်ထဲသို့ ထွက်လာသကဲ့သို့ ဖြစ်နေသည်။

ကျီရှောင်ထင် မေးလိုက်သည်။ "ဒါ ဘယ်နေရာလဲ သိလား။"

သူမက ပန်းချီကားကို ညွှန်ပြရင်း နင်ရှို့ကို ကြည့်လိုက်ရာ နင်ရှို့က သူမကို မသိမသာ မော့ကြည့်ပြီးမှ ခေါင်းပြန်ငုံ့သွားသည်။ ခဏအကြာတွင် နင်ရှို့က ခေါင်းကို ဖြည်းဖြည်းချင်း ခါပြခဲ့သည်။

ကျီရှောင်ထင် ပြောလိုက်သည်။ "ဒါက ကျွန်းတစ်ကျွန်းလေ။ ကျွန်းပေါ်မှာ ရေတပ်သားတွေ၊ တံငါသည်တွေနဲ့ သင်္ဘောတွေ ရှိတယ်။ ဒီမှာ မရှိတဲ့ ရေအောက်သတ္တဝါတွေလည်း ရှိတယ်။"

နင်ရှို့က ပန်းချီဘုတ်နားသို့ ပိုတိုးကပ်လာသည်ကို မြင်သောအခါ ကျီရှောင်ထင်က ဆက်ပြောခဲ့သည်။ "ကျွန်းတွေအပြင် မြင့်မားတဲ့ အဆောက်အဦးတွေ၊ တောက်ပြောင်တဲ့ အဝတ်အစားတွေနဲ့ ငါတို့ဒေသနဲ့ မတူတဲ့ ရှုခင်းတွေ ရှိတဲ့ ဆိပ်ကမ်းမြို့တွေလည်း ရှိသေးတယ်။ ကမ္ဘာကြီးက ကျယ်ပြောပြီး ငါတို့ရှာဖွေတွေ့ရှိဖို့ စောင့်ဆိုင်းနေတဲ့ အံ့သြစရာတွေနဲ့ ပြည့်နေတာ။ သမီးဘေးနားက အပင်တိုင်း၊ အရာဝတ္ထုတိုင်းက ပန်းချီကားတစ်ချပ် ဖြစ်လာနိုင်တယ်။ ငါတို့ကမ္ဘာမှာ တည်ငြိမ်တဲ့ စိတ်၊ စူးစမ်းတတ်တဲ့ အမြင်နဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ သတ္တိတွေ လိုအပ်တယ်။ သမီး ပထမဆုံး လုပ်ရမှာက သမီးရဲ့ စိတ်ထဲက အတားအဆီးကို ကျော်လွှားဖို့ပဲ။"

နင်ရှို့က စကားမပြောသော်လည်း ကျီရှောင်ထင်ကို အနည်းငယ် မော့ကြည့်ခဲ့သည်။

ကျီရှောင်ထင်က အနားသို့ တိုးကပ်ကာ နင်ရှို့နှင့် မျက်လုံးချင်းဆုံစေပြီး စမ်းသပ်သည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။ "ပြောပါဦး၊ သမီး ဘယ်သူ့ကို အကြောက်ဆုံးလဲ။"

ထိုအခါ နင်ရှို့မှာ တုန်ယင်သွားပြီး ထျန်မိုင်၏လက်ကို ဖမ်းကိုင်ကာ ခေါင်းငုံ့သွားကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ မပြောပေ။

ကျန်းနျန်နှင့် ကောမိန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထျန်မိုင်က တစ်ခုခု ပြောချင်သော်လည်း ကျီရှောင်ထင်က တားလိုက်ပြီး နင်ရှို့ကို ဆက်ပြောခဲ့သည်။ "သမီး ပန်းချီဆွဲရတာ ဝါသနာပါလား။"

နင်ရှို့က တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြသည်။

ကျီရှောင်ထင်က ထပ်မေးပြန်သည်။ "သမီး အဲဒီရှုခင်းတွေကို ရှာဖွေဖို့နဲ့ တွေ့ကြုံဖို့ ဆရာမပြောတဲ့ နေရာတွေကို သွားချင်လား။"

နင်ရှို့က ထပ်မံ၍ ခေါင်းညိတ်သည်။ ကျီရှောင်ထင်က ဆက်ပြောခဲ့သည်။ "သွားချင်တယ်ဆိုရင် သတ္တိရှိရှိ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ပါ။ မဟုတ်ရင်တော့ သမီးက အခွံထဲမှာပဲ အမြဲပုန်းနေပြီး သမီးရှေ့က အကန့်အသတ်ရှိတဲ့ ရှုခင်းတွေကိုပဲ မြင်နေရလိမ့်မယ်။"

နင်ရှို့၏ တုန်ယင်မှုမှာ သက်သာသွားပြီး ကျီရှောင်ထင်က အခွင့်အရေးကို အရယူကာ ထပ်မေးလိုက်သည်။ "ပြောပါဦး၊ သမီး ဘယ်သူ့ကို အကြောက်ဆုံးလဲ။"

နင်ရှို့က စကားပြောရန် ရုန်းကန်နေရပုံရသည်။ နှစ်ပေါင်းများစွာ နှုတ်ဆိတ်နေခဲ့သဖြင့် ဖြစ်နိုင်ပါသည်။ ကျီရှောင်ထင်က စိတ်ရှည်လက်ရှည်ဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ထပ်မေးပြီးနောက် နင်ရှို့က တိုးတိုးလေး ပြောလိုက်သည်။ "အဘွား။"

ထျန်မိုင်၏ မျက်လုံးများ နီမြန်းလာပြီး အဘွားကြီးဝူကို ရန်သွားတွေ့ချင်စိတ် ပေါက်လာသည်။ ထိုအဘွားကြီးသာ မရှိလျှင် သူမသမီး ဤကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။

ကျီရှောင်ထင်က ထျန်မိုင်၏ စိတ်လှုပ်ရှားမှုကို သတိပြုမိပြီး စိတ်အေးအေးထားရန် အမူအရာပြလိုက်သည်။ ထို့နောက် နင်ရှို့ကို ဆက်ပြောခဲ့သည်။ "သမီးရဲ့ အဘွားက အခု သမီးနဲ့အတူ ရှိနေသေးလား။"

နင်ရှို့က ခေါင်းခါပြရာ ကျီရှောင်ထင်က မေးလိုက်သည်။ "သမီး ဘယ်သူ့ကို အချစ်ဆုံးလဲ။"

နင်ရှို့က အသံသေးသေးလေးဖြင့် ဖြေခဲ့သည်။ "မေမေ။"

ထျန်မိုင်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာသည်။ ကျီရှောင်ထင်က ပြုံးပြီး သူမ၏ အသံမှာ ပို၍ နူးညံ့လာသည်။ "ပြောပါဦး၊ သမီးရဲ့ အဘွားက အခု သမီးနဲ့အတူ ရှိနေသေးလား။"

နင်ရှို့က ထျန်မိုင်၏ လက်ကို တင်းတင်းဆုပ်ထားသည်။ သူမ၏ လက်ချောင်းလေးများမှာ အားစိုက်ထားသဖြင့် ဖြူဖျော့နေသည်။ ခဏအကြာတွင် သူမ ခေါင်းခါလိုက်သည်။ "ဟင့်အင်း၊ သူမ ဒီမှာ မရှိဘူး။"

ကျီရှောင်ထင် ပြောလိုက်သည်။ "သူမ ဒီမှာ မရှိရင် သမီးက ဘာလို့ ကြောက်နေသေးတာလဲ။"

ဤမေးခွန်းက နင်ရှို့ကို နက်နက်ရှိုင်းရှိုင်း ထိမှန်သွားပြီး သူမကို တုန်လှုပ်သွားစေသည်။ ကျန်းနျန်နှင့် ကောမိန်တို့လည်း ချက်ချင်း နားလည်သွားကြသည်။ နင်ရှို့သည် အဘွားကြီးဝူ၏ နှစ်ရှည်လများ နှိပ်စက်မှုကို ခံခဲ့ရပြီး ထိုရက်စက်မှုများက သူမ၏ စိတ်နှလုံးတွင် နက်ရှိုင်းသော အမာရွတ်များ ဖြစ်စေခဲ့ကာ သူမကို မလုံခြုံသလို ခံစားရစေပြီး ထပ်အရိုက်ခံရမည်ကို အမြဲတမ်း ကြောက်လန့်နေခြင်း ဖြစ်သည်။

ကျီရှောင်ထင်သည် နင်ရှို့၏ ကြောက်ရွံ့မှု အရင်းအမြစ်မှာ မရှိတော့ကြောင်း သိမြင်စေရန်နှင့် သူမ၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးမှ ပထမဆုံး ခြေလှမ်း လှမ်းထွက်လာရန် လမ်းပြပေးနေခြင်း ဖြစ်သည်။

ကျန်းနျန်သည် ကျီရှောင်ထင်ကို အံ့သြတကြီး ကြည့်မိသွားသည်။ အစပိုင်းတွင် ဤခရီးစဉ်မှာ အလကားဖြစ်သွားလိမ့်မည်ဟု သူမ ထင်ခဲ့သော်လည်း ယခုမူ နင်ရှို့အတွက် အခွင့်အလမ်း ရှိလာပုံရသည်။

ကျီရှောင်ထင်က နင်ရှို့ တိတ်ဆိတ်နေသည်ကို မြင်သောအခါ မေးလိုက်သည်။ "သူမ ပြန်လာမှာကို ကြောက်နေတာလား။"

ခဏအကြာတွင် နင်ရှို့က ခေါင်းညိတ်ခဲ့သည်။ ထျန်မိုင်က ဤအခြေအနေကို ကောင်းကောင်းနားလည်သည်။ အဘွားကြီး ထွက်သွားကတည်းက ထျန်မိုင်သည် နင်ရှို့၊ နင်ချန့်တို့နှင့် အခန်းတစ်ခန်းတည်းတွင် အတူအိပ်ခဲ့သည်။ ညတိုင်း နင်ရှို့သည် ကြောက်လန့်တကြား နိုးလာတတ်ပြီး "အဘွား၊ သမီးကို မရိုက်ပါနဲ့" ဟု ထပ်ခါတလဲလဲ ပြောတတ်သည်။

ထိုအချိန်တိုင်း ထျန်မိုင်သည် အဘွားကြီးအပေါ် ဒေါသတကြီး ခံစားရလေသည်။

ကျီရှောင်ထင် ပြောလိုက်သည်။ "ဆရာမ ကျီက သမီးကို ကတိပေးတယ်၊ သူမ ဘယ်တော့မှ ပြန်မလာဘူး။ သူမက သမီးရဲ့ ကမ္ဘာထဲကနေ ပျောက်ကွယ်သွားပြီ၊ သမီးရှေ့ကို ဘယ်တော့မှ ပေါ်မလာတော့ဘူး။ သမီး ဘယ်သွားသွား သူမကို တွေ့ရမှာ မဟုတ်ဘူး။ အဲဒီအစား သမီးက ကျယ်ပြောတဲ့ မိုးကုတ်စက်ဝိုင်းတွေနဲ့ တစ်ခါမှ မမြင်ဖူးတဲ့ အသစ်အဆန်းတွေကို တွေ့ရလိမ့်မယ်။ သမီးကို ချစ်ပြီး အသစ်အဆန်းတွေကို တွေ့ကြုံဖို့ ကူညီပေးမယ့် လူအများကြီးနဲ့ တွေ့ရလိမ့်မယ်။ အဲဒါကို သမီး မျှော်လင့်လား။"

နင်ရှို့က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး ကျီရှောင်ထင်ကို ကြည့်လိုပ်သည်။ သူမ၏ အရင်က မှိန်ဖျော့ပြီး ကြောက်ရွံ့နေသော မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အလင်းရောင်လေး တစ်ချက် လက်သွားသည်။

သူမ စကားမပြောသော်လည်း ရှိနေသူအားလုံး ထိုအပြောင်းအလဲကို မြင်လိုက်ရသည်။ သူမနှင့် အနီးဆုံးရှိသော ထျန်မိုင်မှာ အသိသာဆုံး ခံစားလိုက်ရသည်။ သူမက နင်ရှို့၏ လက်ကို စိတ်လှုပ်ရှားစွာ ညှစ်လိုက်ပြီး ကျီရှောင်ထင်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ကျီရှောင်ထင်က ဆက်မေးခဲ့သည်။ "သမီး ဘယ်သူ့ကို အယုံကြည်ဆုံးလဲ။"

ယခုတစ်ကြိမ်တွင် နင်ရှို့ မတုံ့ဆိုင်းတော့ပေ။ "မေမေ"

ကျီရှောင်ထင် ပြောလိုက်သည်။ "ဒါဆိုရင် သမီးရဲ့ အဘွား ပြန်လာမှာ မဟုတ်ဘူးဆိုတာကို မေမေ့ကိုပဲ ပြောခိုင်းလိုက်မယ်။"

ထျန်မိုင်သည် ကျီရှောင်ထင်၏ စကားနောက်သို့ ချက်ချင်းလိုက်ကာ နင်ရှို့၏ မျက်လုံးများကို စိုက်ကြည့်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ "မေမေ ကတိပေးတယ်၊ အဘွားက ငါတို့ရှေ့ကို ဘယ်တော့မှ ပေါ်မလာတော့ဘူး။ သမီး သူမကို ဘယ်တော့မှ မတွေ့ရတော့ဘူး။ မကြောက်နဲ့နော်။ အခု အိမ်မှာ ချန်အာရယ်၊ ဖေဖေရယ်၊ မေမေရယ်ပဲ ရှိတော့တာ။ သူမ ဒီမှာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ဘူး။"

ကျီရှောင်ထင် မေးလိုက်သည်။ "သမီးနာမည်က နင်ရှို့ မဟုတ်လား။"

နင်ရှို့က ကျီရှောင်ထင်ကို ကြည့်ပြီးမှ ခေါင်းငုံ့ကာ အသာ ခေါင်းညိတ်သည်။

ကျီရှောင်ထင်က ပြုံးလျက် ပြောလိုက်သည်။"သမီးနာမည်လေးက လှလိုက်တာ။ နင်ရှို့… ခံ့ညားထည်ဝါတဲ့ တောင်တန်းတွေနဲ့ မြစ်တွေပေါ့။ သမီး တစ်ခါမှ မမြင်ဖူးတဲ့ အဲဒီလို ခံ့ညားထည်ဝါတဲ့ တောင်တန်းတွေနဲ့ မြစ်တွေကို သမီးရဲ့ လက်လေးနဲ့ ဆွဲကြည့်ချင်လား။"

ပန်းချီအကြောင်း ပြန်ရောက်သွားသောအခါ နင်ရှို့ ခေါင်းမော့လာပြီး ပြောလိုက်သည်။ "သမီး... သမီး ဆွဲချင်ပါတယ်။"

ကျီရှောင်ထင် ပြုံးလိုက်သည်။ "ဆရာမနဲ့အတူ နေချင်လား။ ဆရာမက သမီးကို ခံ့ညားထည်ဝါတဲ့ တောင်တန်းတွေနဲ့ မြစ်တွေကို လိုက်ပြမယ်၊ ကမ္ဘာကြီးရဲ့ အလှအပနဲ့ အပြောင်းအလဲတွေကို တွေ့ကြုံခံစားနိုင်အောင် ကူညီပေးမယ်၊ သမီးအတွက် အကောင်းဆုံး လက်ရာတွေ ဖန်တီးနိုင်အောင် လုပ်ပေးမယ်။ ဆရာမနဲ့အတူ ရှိနေရင် အဘွားကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ကတိပေးတယ်။"

နင်ရှို့သည် ပန်းချီဘုတ်ပေါ်ရှိ ကျွန်းရှုခင်းကို ကြည့်လိုက်သည်။ အတော်ကြာပြီးနောက် သူမ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

ထျန်မိုင်သည် သက်ပြင်းချနိုင်သွားသလို ကျန်းနျန်လည်း ထို့အတူပင်။ သူမသည် ကျီရှောင်ထင်ကို အသစ်တစ်ဖန် လေးစားသောအမြင်ဖြင့် ကြည့်မိသည်။ သူမသည် ပန်းချီဆရာမ တစ်ဦးထက် ပိုသည်ဟု ခံစားရသည်။

နင်ရှို့၏ ကိစ္စ ပြေလည်သွားသောအခါ ကျီရှောင်ထင်က သူမသည် မြို့ထဲတွင် လဝက်ခန့် နေမည်ဖြစ်ကြောင်း၊ ထိုအချိန်အတွင်း နင်ရှို့ကို ပြုစုစောင့်ရှောက်မည်ဖြစ်ကြောင်း ရှင်းပြသည်။ နင်ရှို့၏ အသက်အရွယ်နှင့် လက်ရှိအခြေအနေအရ ခရီးအဝေးကြီး သွားရန် မသင့်တော်သေးပေ။ လောလောဆယ်တွင် သင်ယူခြင်းကိုသာ အာရုံစိုက်မည်ဖြစ်သည်။ နှစ်လတစ်ကြိမ် ကျီရှောင်ထင်သည် မြို့သို့ ၁၀ ရက်ခန့် ပြန်လာမည်ဖြစ်ပြီး နင်ရှို့ အရွယ်ရောက်လာပြီး ပို၍ အဆင်သင့်ဖြစ်သည်အထိ သူမနှင့် အချိန်ကုန်ဆုံးမည် ဖြစ်သည်။

ကျီရှောင်ထင်က နင်ရှို့ကို ခေါ်သွားချိန်တွင် ကလေးမလေးက အနည်းငယ် ရုန်းကန်သော်လည်း ထျန်မိုင်က သူမ၏ သမီးကို ထာဝရ မကာကွယ်ပေးနိုင်မှန်း သိသည်။ ကျီရှောင်ထင်၏ အဆောင်မှာ အနီးအနားတွင်ပင် ရှိသည်။ သူတို့ကို ပို့ဆောင်ပြီးနောက် ကျန်းနျန်က ကျီရှောင်ထင်၏ နောက်ခံအကြောင်းကို မေးကြည့်သည်။

ကောမိန်ထံမှ သိရသည်မှာ ကျီရှောင်ထင်သည် ကွာရှင်းထားသူဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ် ကလေးဆုံးရှုံးခဲ့ဖူးသည်။ ထိုအချိန်မှစ၍ သူမသည် တစ်ယောက်တည်းသာ နေထိုင်ခဲ့သည်။ ယခု အသက် ၄၀ ကျော်အရွယ်တွင် ကျီရှောင်ထင်သည် နင်ရှို့၏ ဘဝတွင် အရေးပါသော လမ်းပြဆရာတစ်ဦး ဖြစ်လာနိုင်သည်ဟု ကျန်းနျန် ခံစားရသည်။

ထျန်မိုင်သည် နင်ရှို့၏ အဆောင်သို့ သွားကြည့်ရာ သူမသည် ကျီရှောင်ထင်နှင့် အခန်းတစ်ခန်းတည်း အတူနေရမည် ဖြစ်သည်။ ကျီရှောင်ထင်က ထျန်မိုင်ကို နင်ရှို့၏ အဝတ်အစားနှင့် အသုံးအဆောင်များကို နောက်တစ်နေ့တွင် ယူလာပေးရန် မှာကြားသည်။ သူတို့ အိမ်ပြန်ရောက်သောအခါ လုယွီ ပြင်ဆင်ထားသော နေ့လယ်စာ စားချိန်နှင့် အတော်ပင် ကိုက်ညီနေသည်။

ကျန်းနျန်သည် လုယွီထံသို့ ပျော်ရွှင်စွာ ပြေးသွားကာ သူ၏ လည်ပင်းကို ဖက်ပြီး နင်ရှို့အကြောင်း ပြောပြသည်။

သူမ၏ တောက်ပသော အပြုံးကို မြင်သောအခါ လုယွီက သူမ၏ မျက်လုံးလေးများကို နမ်းလိုက်သည်။ "ဗိုက်ဆာနေပြီလား။"

ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "အင်း၊ ကျွန်မ ဗိုက်ဆာနေပြီ။"

လုယွီက ဟင်းလျာများနှင့် ထမင်းပူပူလေး ပြင်ဆင်ထားသည်။ ကျန်းနျန်သည် ပုံမှန်ထက်ပို၍ ထမင်းတစ်ပန်းကန်လုံး ကုန်အောင် စားလိုက်သည်။ ပန်းကန်များ ဆေးကြောပြီးနောက် လုယွီက ရေချိုးရန်သွားစဉ် ကျန်းနျန်သည် သူမ၏ ပန်းထိုးဒီဇိုင်းများအကြောင်း တွေးနေသည်။ သူမ၏ နောက်ဘက်မှ ခြေသံကြားရသဖြင့် လှည့်ကြည့်လိုက်ရာ လုယွီသည် သူမ၏ နောက်တွင် ဆောင့်ကြောင့်ထိုင်ကာ သူမကို နောက်မှနေ၍ ဖက်လိုက်ပြီး စာအိတ်တစ်အိတ် ကမ်းပေးခဲ့သည်။

ကျန်းနျန် ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ပိုက်ဆံများကို တွေ့လိုက်ရသည်။

သူမ အံ့သြသွားပြီး ပိုက်ဆံများကို ရေတွက်ကြည့်ရာ အကြွေရော အကြီးရော စုစုပေါင်း ယွမ် တစ်ထောင့်ငါးရာ ရှိသည်။

သူမ မှင်သက်သွားခဲ့သည်။ "ဘာလို့ ဒီလောက်တောင် များနေရတာလဲ။"

လုယွီ ရှင်းပြလိုက်သည်။ "ဒါက ကိုယ်တို့ မင်္ဂလာဆောင်က ပိုတဲ့ပိုက်ဆံနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က ကိုယ့်လစာတွေပါ။"

ဒါက တစ်နှစ်စာ လစာနီးပါး ရှိမှန်း ကျန်းနျန် သဘောပေါက်လိုက်သည်။ သူမ၏ မင်္ဂလာဆောင်အတွက် ဘယ်လောက်ကုန်ကျလဲဆိုသည်ကို သူမ တစ်ခါမှ မမေးခဲ့သော်လည်း လုယွီ ဝယ်ပေးထားသော လက်ပတ်နာရီမှာ ယွမ် ရာဂဏန်းတန်ဖိုး ရှိပြီး စက်ဘီး၊ အပ်ချုပ်စက်နှင့် မင်္ဂလာဧည့်ခံပွဲတို့လည်း ရှိသေးသည်။ ယခုကဲ့သို့ ယွမ် တစ်ထောင့်ငါးရာ စုဆောင်းနိုင်ခြင်းက သူ၏ လဝက်လစာနှင့် စရိတ်စကများမှာ အတော်အတန် များပြားခဲ့ကြောင်း ဖော်ပြနေသည်။

ဤပိုက်ဆံများသည် သူ၏ အသက်နှင့်ရင်း၍ ရရှိခဲ့ခြင်းမှန်းလည်း ကျန်းနျန် သိသည်။

လုယွီသည် ထိုလဝက်အတွင်း သူ ဘာတွေကြုံခဲ့ရသလဲဆိုသည်ကို တစ်ခွန်းမှ မပြောသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်က အမာရွတ်များကိုမူ ဖျောက်ဖျက်၍ မရပေ။ သူ တော်တော်လေး ပင်ပန်းဆင်းရဲခဲ့ရမည်မှန်း သူမ သိသည်။

ကျန်းနျန် လှည့်လိုက်ပြီး လုယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ၏ သန်မာသော ခါးကို တင်းတင်းဖက်ထားလိုက်သည်။ သူမ၏ အသံတွင် ချွဲနွဲ့သည့် လေသံလေး ပါနေသည်။ "လုယွီ၊ ကျွန်မကို ကတိပေးပါ၊ ရှင် တာဝန်နဲ့သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်နော်။ တာဝန်က အရေးကြီးပေမယ့် ကျွန်မအတွက်တော့ ရှင်က ပိုအရေးကြီးတယ်။ ရှင် တစ်ခုခုဖြစ်မှာကို ကျွန်မ မလိုလားဘူး။ ကျွန်မတို့ အမြဲတမ်း အတူတူရှိချင်တယ်၊ ရှင် နာကျင်တာကို ကျွန်မ မကြည့်ရက်ဘူး။"

ဒါဟာ ကျန်းနျန်က လုယွီကို ပထမဆုံးအကြိမ် ရင်ဖွင့်ခြင်းဖြစ်ပြီး သူ နာကျင်တာကို မကြည့်ရက်ဘူးဟု ပထမဆုံး ပြောလိုက်ခြင်း ဖြစ်သည်။

လုယွီ၏ နှလုံးသားမှာ နွေးထွေးသွားပြီး ကျန်းနျန်ကို တင်းတင်းဖက်ကာ သူမ၏ လည်ပင်းကို နမ်းလိုက်သည်။ သူ တော်တော်ကြာအောင် တိတ်ဆိတ်နေပြီးမှ တစ်ခွန်းတည်း ပြောလိုက်သည်။ "ကောင်းပြီ။"

၇၀ ခုနှစ်က မုဆိုးမလေး

အပိုင်း ၁၈၀

ကျန်းနျန်သည် လုယွီကို အကြာကြီး ဖက်ထားခဲ့ပြီး ဘေးအိမ်က ဖန်ရှနှင့် ဖန်ကောတို့ ကျောင်းသွားသံ ကြားမှ သတိပြန်ဝင်လာခဲ့သည်။ သူမက သူ၏ ရင်ခွင်ထဲမှ ခေါင်းမော့ကာ လုယွီ၏ မျက်နှာကျကို ကြည့်ပြီး နောက်ပြောင်လျက် မေးလိုက်သည်။ "ရှင် ပိုက်ဆံတွေ ခိုးစုထားတာ ရှိသေးလား။"

လုယွီ ရယ်မောလိုက်သည်။ "စုထားတာ ရှိပါသေးတယ်၊ နောက်ရက်အနည်းငယ်ကြာရင် မင်းကို ကျန်းရှောင်ဆီ ခေါ်သွားမယ်၊ ပြီးရင် ဗိုလ်ကြီးထန်နဲ့ တခြားသူတွေကို ကိုယ်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲအတွက် ဖိတ်ပြီး ထမင်းကျွေးကြမယ်။"

ကျန်းနျန်၏ မျက်လုံးများက အပြုံးကြောင့် ကွေးညွတ်သွားခဲ့သည်။ "ကျွန်မ ခန့်မှန်းတာ မှန်တာပဲ။"

လုယွီ ပြောလိုက်သည်။ "ကိုယ် ဒီနေ့ ခွင့်လျှောက်ထားတာ ခွင့်ခုနစ်ရက် ရမယ်။ ဒီတော့ ခုနစ်ရက်နေရင် ထွက်ကြမယ်။ ကျူးကျွင်းကို ဖုန်းဆက်ပြီးပြီ၊ ကျန်းရှောင်က ကလေးမွေးတော့မယ်တဲ့။"

လုယွီက အရာအားလုံး စီစဉ်ထားပြီး သူမ ဘာမှပူစရာမလိုအောင် လုပ်ပေးထားလိမ့်မည်ဟု ကျန်းနျန် မထင်ထားခဲ့ပေ။

"သန်ဘက်ခါ တနင်္ဂနွေနေ့မှာ ကုရှစ်ကျိုးနဲ့ ချန်ယောင်တို့ နေ့လယ်စာလာစားလိမ့်မယ်။ ချန်ယောင်က မင်းနဲ့ ဆွေးနွေးချင်တာ ရှိတယ်တဲ့။"

ကျန်းနျန် အံ့သြသွားသည်။ "သူက ကျွန်မနဲ့ ဘာပြောချင်လို့လဲ။"

လုယွီ ပြုံးလိုက်သည်။ "အဲဒီကြရင် မင်း သိရမှာပေါ့။"

ကျန်းနျန်၏ စပ်စုချင်စိတ်က ထကြွလာသည်။ လောလောဆယ်တွင် လုယွီထံမှ ဘာမှ သိရမည်မဟုတ်မှန်း သူမ သိသည်။

နောက်တစ်နေ့မနက်တွင် ကျန်းနျန်သည် ထျန်မိုင်နှင့်အတူ နင်ရှို့အတွက် အဝတ်အစားနှင့် အသုံးအဆောင်များ ပို့ရန် မြို့ထဲသို့ သွားခဲ့သည်။ နင်ရှို့သည် ထျန်မိုင်ကို မြင်သောအခါ သူမ၏လက်ကို မလွှတ်တမ်း ကိုင်ထားသည်။ ကျီရှောင်ထင်က အနားသို့ လာပြီး ညင်သာစွာ မေးခဲ့သည်။ "မနေ့ညက ဆရာမနဲ့ အိပ်တော့ အဘွားကို မြင်လိုက်သေးလား။"

နင်ရှို့က ခေါင်းခါပြရာ ကျီရှောင်ထင်က ပြုံးလျက် ပြောလိုက်သည်။ "ဒါဆိုရင် ဘာလို့ ကြောက်နေတာလဲ။ ဒီနေ့ညလည်း ဆရာမနဲ့ အိပ်မယ်နော်၊ အဘွားကို မြင်ရမှာ မဟုတ်ဘူးလို့ ကတိပေးတယ်။"

ထျန်မိုင်သည် နင်ရှို့နှင့် ခဏတဖြုတ် အတူနေပေးခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမသည် သင်တန်းကြေးကိစ္စကို ကျီရှောင်ထင်နှင့် ဆွေးနွေးသည်။ ကျီရှောင်ထင်က ယွမ် ၅ ကို လက်ခံလိုက်ပြီး ထိုငွေမှာ လဝက်စာ သင်တန်းကြေးနှင့် နေထိုင်စားစရိတ်အတွက် ဖြစ်သည်။ သူမက ထျန်မိုင်ကို လေးရက်တစ်ကြိမ် လာတွေ့ရန် ပြောသည်။ ထိုသို့မှသာ ကလေးမလေးက သူမကို သူမ၏ မိခင်က စွန့်ပစ်ထားခြင်း မဟုတ်ကြောင်း သိနိုင်မည်ဖြစ်သည်။

အပြန်လမ်းတွင် ထျန်မိုင်က ပန်းသီးတစ်ထုပ်ဝယ်ပြီး ကျန်းနျန်ကို အတင်းပေးကာ ကျေးဇူးတင်မဆုံး ဖြစ်နေသည်။ သူမ၏ စိတ်ထဲတွင် ကျန်းနျန်သည် သူမ သမီးရှို့အာ၏ ကျေးဇူးရှင်ဖြစ်သည်။ ကျန်းနျန်သာ လမ်းပြမပေးလျှင် ရှို့အာတွင် ပန်းချီပါရမီ ရှိသည်ကို သူမနှင့် လောင်နင်တို့ မည်သို့ သိနိုင်မည်နည်း။

ကျန်းနျန်သည် ပန်းသီးများကို လက်ခံရုံမှတစ်ပါး အခြားမရှိပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် တနင်္ဂနွေနေ့သို့ ရောက်ရှိလာသည်။ လုယွီသည် မိုးမလင်းမီ ထလေ့ရှိပြီး မနက်စာပြင်ကာ ကျန်းနျန် နိုးလာသည်အထိ စောင့်နေတတ်သည်။ သူက သူမကို ပွေ့ဖက်နမ်းရှုပ်ပြီး အဝတ်အစားလဲပေးသည်။ သူမ မျက်နှာသစ်ပြီးနောက် အတူတူ မနက်စာ စားကြသည်။ ထို့နောက် နေ့လယ်တွင် လာမည့် ကုရှစ်ကျိုးတို့အတွက် နေ့လယ်စာ ပြင်ဆင်ကြသည်။

သူတို့တွင် ကိုယ်ပိုင်ဟင်းသီးဟင်းရွက်ခင်း ရှိသောကြောင့် ဟင်းသီးဟင်းရွက် ဝယ်ရန်မလိုပေ။ ရိက္ခာဌာနမှ အသားအချို့ ဝယ်ရန်သာ လိုသည်။

သူတို့နှစ်ဦး ရိက္ခာဌာနသို့ သွားကြသည်။ ထိုနေရာမှာ တော်တော်လေး ဝေးသည်။ လုယွီက သူ၏ စက်ဘီးကို ထုတ်လာပြီး ကျန်းနျန်ကို နောက်ထိုင်ခုံပေါ် မတင်ပေးကာ ရိက္ခာဌာနသို့ နင်းသွားသည်။ ကျန်းနျန်သည် လွန်ခဲ့သောတစ်ခေါက်က ဟဲယွဲ့နှင့် လိုက်သွားစဉ် ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သည်ကို သတိရပြီး မရယ်ဘဲ မနေနိုင်ဖြစ်ရသည်။

လုယွီသည် သူမ၏ ရင်ဘတ်က သူ၏ ကျောကို လာထိကာ သိမ့်သိမ့်လေး တုန်နေသည်ကို ခံစားလိုက်ရသည်။ သူက ကျန်းနျန်၏ လက်ချောင်းများကို ညှစ်ပြီး မေးလိုက်သည်။ "ဘာတွေ ရယ်နေတာလဲ။"

ကျန်းနျန်က လွန်ခဲ့သောတစ်ခေါက် ဟဲယွဲ့၏ စက်ဘီးနောက်မှ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ပုံကို ပြောပြသည်။ သူမ၏ ခြေထောက်လေးများမှာ လေထဲတွင် တွဲလောင်းဖြစ်နေသော်လည်း လုယွီကမူ တည်ငြိမ်စွာ နင်းနေသည်။ သူမ၏ ပုံပြင်ကို နားထောင်ပြီးနောက် လုယွီက အဓိကအချက်ကို တိကျစွာ ဖမ်းမိသွားသည်။ "ကုရှစ်ကျိုးက မင်းကို ဖမ်းလိုက်တာလား။"

ကျန်းနျန် ခဏတာ မှင်သက်သွားပြီးမှ လုယွီ ဆိုလိုသည်ကို နားလည်သွားသည်။ သူမ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် သူက ထပ်မေးခဲ့သည်။ "သူက မင်းရဲ့ ခါးကို ကိုင်လိုက်တာလား။"

ကျန်းနျန် - …

သူမ နှုတ်ခမ်းကို ကိုက်ထားရာ လုယွီက သူမ၏ လက်ချောင်းများကို အားစိုက်ပြီး ထပ်ညှစ်လိုက်သဖြင့် အနည်းငယ် နာသွားသည်။ "ကျန်းနျန်၊ ဖြေလေ။"

ကျန်းနျန်သည် မိမိကိုယ်မိမိ ပါးရိုက်ချင်စိတ် ပေါက်သွားသည်။

အကြောင်းမရှိ အကြောင်းရှာပြီး ဒါကို ဘာလို့ သွားပြောမိပါလိမ့်။ ကိုယ့်ဒုက္ခ ကိုယ်ရှာမိပြီ။

လုယွီ၏ လက်က သူမ၏ လက်ထိပ်များမှတစ်ဆင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏ လက်မက သူမ၏ သွေးခုန်နှုန်းပေါ်တွင် ရှိနေသည်။ သူ ပြောလိုက်သည်။ "မင်းရဲ့ နှလုံးခုန်သံတွေ မြန်နေတယ်။"

ကျန်းနျန် - …

လုယွီ ဆက်ပြောခဲ့သည်။ "ကိုယ် အဖြေကို သိပြီ။"

ကျန်းနျန် - …

လုယွီသည် အမြဲတမ်း အကဲခတ်ကောင်းပြီး စဉ်းစားဉာဏ် လျင်မြန်သူဖြစ်သည်။ ကျန်းနျန်က နှုတ်ခမ်းကို ကိုက်ကာ လုယွီ၏ ဝမ်းဗိုက်ကြွက်သားများကို လက်ချောင်းဖြင့် ထိုးရင်း ပြောလိုက်သည်။ "နိုင်ငံရေးမှူးကုက ကျွန်မကို ကယ်လိုက်တာလေ။ သူသာ အချိန်မီ မဖမ်းလိုက်ရင် ကျွန်မ ပြုတ်ကျသွားမှာ။"

လုယွီ ပြောလိုက်သည်။ "ကိုယ် သိပါတယ်။"

သူ၏ အသံမှာ တည်ငြိမ်နေပြီး ဒေါသထွက်နေသည့် အရိပ်အယောင် မရှိပေ။ သူ ဘာတွေးနေလဲဆိုသည်ကို ကျန်းနျန် မသိနိုင်ပေ။ လုယွီသည် တပ်ထဲတွင် စုန့်ပိုင်နှင့် မကြာခဏ လက်ဝှေ့ထိုးလေ့ကျင့်လေ့ရှိပြီး နှစ်ယောက်လုံး အညိုအမည်း စွဲတတ်သည်ကို သူမ သတိရသွားသည်။ စိတ်မသန့်သဖြင့် သူမသည် လုယွီ၏ ကျောကို မှီကာ တိုးတိုးလေး မေးလိုက်သည်။ "ရှင် နိုင်ငံရေးမှူးကုနဲ့တော့ လက်ဝှေ့ သွားမထိုးဘူး မဟုတ်လား။"

လုယွီ - …

သူက တဟားဟား ရယ်လိုက်သည်။ "မထိုးပါဘူး။"

ကျန်းနျန် သက်ပြင်းချနိုင်သွားသည်။ အကယ်၍ လုယွီက ကုရှစ်ကျိုးနှင့် လက်ဝှေ့ထိုးလျှင် သူမသည် နိုင်ငံရေးမှူးကုကို မည်သို့ မျက်နှာပြရမည်မှန်း သိတော့မည် မဟုတ်ပေ။

ထိုလူက သူမကို ကယ်ခဲ့တာဖြစ်ပြီး သူမကြောင့် ဒုက္ခမရောက်စေချင်ပေ။

လုယွီသည် စက်ဘီးနင်းရင်း ကျန်းနျန်ကို စစ်အခြေစိုက်စခန်းမှ ရိက္ခာဌာနသို့ ခေါ်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် စစ်သည်ဇနီးများက ကျန်းနျန်ကို အားကျတကြီး ကြည့်နေကြသည်။ လူနေရပ်ကွက်တွင် စက်ဘီးရှိသော မိသားစု အနည်းငယ်သာ ရှိပြီး စုစုပေါင်း လေးစီးထက် မပိုပေ။ ထို့ပြင် လုယွီ၏ စက်ဘီးမှာ အသစ်စက်စက် ဖြစ်သည်။

လုယွီသည် ငယ်ငယ်ရွယ်ရွယ်နှင့် တပ်ရင်းမှူး ဖြစ်လာရုံသာမက သူ၏ ဇနီးကိုလည်း လက်ပတ်နာရီ၊ စက်ဘီး၊ အပ်ချုပ်စက်တို့ဖြင့် အလိုလိုက်ထားကာ ကိုယ်ပိုင်စိုက်ခင်းကိုလည်း သူကိုယ်တိုင် လုပ်ကိုင်ပြီး ဇနီးဖြစ်သူကို အလုပ်မလုပ်ခိုင်းပေ။ ဤကဲ့သို့ ကောင်းမွန်သော အမျိုးသားမျိုးမှာ မီးအိမ်ထွန်းရှာလျှင်ပင် တွေ့နိုင်ခဲသည်။

ကျန်းနျန်ကို မည်သူက အားမကျဘဲ နေမည်နည်း။

လုယွီနှင့် ကျန်းနျန် ရိက္ခာဌာနသို့ ရောက်ရှိချိန်တွင် ချန်ယောင်၊ ယွီလျန်တို့နှင့် တိုးခဲ့သည်။ ယွီလျန်၏ လက်မောင်းမှာ သက်သာသွားပြီဖြစ်သော်လည်း အားစိုက်၍ မရသေးဘဲ အချိန်ယူ အနားယူရန် လိုအပ်နေသေးသည်။ သူတို့နှစ်ဦးမှာ အသား နှစ်ပေါင်ခန့် ဝယ်ထားကြသည်။

သူတို့သည် အသားတစ်တုံး၊ ငါးတစ်ကောင်၊ ကြက်တစ်ကောင်နှင့် နံရိုးအချို့ ဝယ်လိုက်ကြသည်။ ကျန်းနျန်ကို မြင်သောအခါ ချန်ယောင်က ရွှင်ပျစွာဖြင့် နှုတ်ဆက်ခဲ့သည်။ "မရီး။"

ယွီလျန်ကလည်း သူမကို မရီးဟု နှုတ်ဆက်သည်။

လုယွီ စက်ဘီးရပ်လိုက်မှ ကျန်းနျန် စက်ဘီးပေါ်က ဆင်းလိုက်သည်။ သူမ မေးလိုက်သည်။ "ဘာလို့ ဒီလောက်အများကြီး ဝယ်တာလဲ။"

ချန်ယောင် ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ ခုပဲ မရီဆီ လာမလို့လေ။"

ပစ္စည်းတွေ အများကြီး ဝယ်လာသဖြင့် ကျန်းနျန် အနည်းငယ် အားနာသွားသည်။ ချန်ယောင် ပြောလိုက်သည်။ "ကျွန်တော်တို့က မရီးဆီမှာ အမြဲတမ်း လာစားနေရတာလေ။ ကျွန်တော်တို့က အစားကြီးတဲ့သူတွေဆိုတော့ ကြာလာရင် မရီး စိတ်မပျက်ရင်တောင် ကျွန်တော်တို့က အလကားစားနေရတာ ရှက်လာလို့ပါ။"

ယွီလျန်ကလည်း ခေါင်းညိတ် ထောက်ခံခဲ့သည်။ "ဟုတ်ပါတယ်။"

လုယွီ ပြောလိုက်သည်။ "သူတို့ကို ပေးဝယ်လိုက်ပါ။"

ဤတစ်ခေါက်တွင် ကျန်းနျန် ဘာမှ မဝယ်တော့ပေ။ သူမသည် လုယွီ၏ မချီပေးမှုဖြင့် စက်ဘီးနောက်ထိုင်ခုံပေါ် ပြန်ရောက်သွားသည်။ ဤသည်ကို မြင်သောအခါ ချန်ယောင်က နောက်လိုက်သည်။ "မရီး၊ ဒီတစ်ခါတော့ တင်းတင်းကိုင်ထားဦးနော်၊ ပြုတ်မကျစေနဲ့ဦး။"

ကျန်းနျန် - …

ဘာလို့ အဲဒါကိုပဲ ပြန်ပြန်ပြောနေကြတာလဲ။

လုယွီက ကျန်းနျန်ကို အရင်ဆုံး အိမ်ပြန်ပို့သည်။ လမ်းဘေးတွင် သူတို့သည် ယွဲ့ချောင်၊ ဗိုလ်ကြီးလိန်တို့နှင့် တိုးလေရာ သူတို့မှာ ပျော်ရွှင်နေကြသည်။ ဗိုလ်ကြီးလိန်က လုယွီကို နှုတ်ဆက်ခဲ့သည်။ "တပ်ရင်းမှူးလု။"

လုယွီက ခေါင်းညိတ်ပြလိုပ်သည်။

ကျန်းနျန် ပြုံးလိုက်သည်။ "ဘာတွေ ပျော်နေကြတာလဲ။"

ယွဲ့ချောင်သည် ဗိုလ်ကြီးလိန်၏ လက်မောင်းကို ဖက်ထားပြီး ကျန်လက်တစ်ဖက်က သူမ၏ ဝမ်းဗိုက်ကို ကိုင်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မ ကိုယ်ဝန်ရှိနေပြီ၊ ခုမှ သိရတာ။"

ကျန်းနျန်၏ မျက်ခုံးများက အပြုံးကြောင့် မြင့်တက်သွားသည်။ "ဂုဏ်ယူပါတယ်။"

ယွဲ့ချောင်၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမက ကျန်းနျန်ကို ကြည့်ပြီး မေးလိုက်သည်။ "နင်ရော ဘယ်တော့ ကလေးယူဖို့ စီစဉ်ထားလဲ။"

ကျန်းနျန်၏ အပြုံးမှာ ခဏတာ တန့်သွားသည်။ သူမ ဘာမှ မပြောနိုင်ခင်မှာပင် လုယွီက ဖြေလိုက်သည်။ "ကျွန်တော်တို့ မလောသေးပါဘူး။"

ယွဲ့ချောင်က တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ဗိုလ်ကြီးလိန်က သူမကို ဆွဲခေါ်သွားခဲ့သည်။ "ကဲပါ၊ ဆရာဝန်က မင်းကို အနားယူရမယ်လို့ ပြောထားတယ်လေ။ အိမ်ပြန်ကြရအောင်။"

ယွဲ့ချောင် ခေါင်းညိတ်လိုက်သည်။ "အင်း၊ အင်း၊ အိမ်ပြန်ကြမယ်။"

ကွမ်လုနှင့် ယွဲ့ချောင် နှစ်ယောက်လုံး ကိုယ်ဝန်ရှိနေကြသဖြင့် ကျန်းနျန် အနည်းငယ် အားကျစိတ် ဖြစ်မိသည်ကို ငြင်း၍မရပေ။ သူမသည် လုယွီကို ချစ်ပြီး သူတို့နှစ်ဦး၏ ကလေးတစ်ယောက် ရချင်သည်။ သို့သော် လုယွီက သုံးနှစ်ကြာမှ ကလေးယူမည်ဟု ပြောထားသည်။ အဘယ်ကြောင့်မှန်း သူမ မသိသော်လည်း သူ၏ ဆုံးဖြတ်ချက်တွင် အကြောင်းရင်း ရှိမည်ဟု သူမ ယုံကြည်သည်။ သူမသည် သူ့ကို အတင်းအကျပ် မတောင်းဆိုလိုပေ။

သူတို့နှစ်ဦးတည်း ကျန်ရစ်သောအခါ လုယွီက ကျန်းနျန်၏ မျက်လုံးလေးများ ငိုင်နေသည်ကို သတိပြုမိပြီး သူမ၏လက်ကို ကိုင်လိုက်သည်။ သူက သူမ၏လက်ကို တင်းတင်းဆုပ်ထားပြီး သူမက ဝေခွဲမရစွာဖြင့် မော့ကြည့်လာသောအခါ သူက တိုးတိုးလေး မေးလိုက်သည်။ "ကိုယ့်ကို အပြစ်တင်လား။"

ကျန်းနျန်က သူ ဆိုလိုသည်ကို နားလည်သည်။ သူမ ပြုံးလျက် ပြောလိုက်သည်။ "ရှင့်မှာ အကြောင်းရင်း ရှိမှာကို ကျွန်မ သိပါတယ်။ ဒါ့အပြင် ကျွန်မတို့ နှစ်ယောက်တည်း အချိန်တွေကို သုံးနှစ်လောက် ပိုပြီး ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလို့ ရတာပေါ့။"

လုယွီ၏ မျက်မှောင်များမှာ ပြေလျော့မသွားဘဲ အနည်းငယ် ပို၍ တွန့်သွားသည်။ သူက ရုတ်တရက် လှည့်ကာ ကျန်းနျန်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ရာ သူမကို သူ၏ ကိုယ်ထဲသို့ ပေါင်းစည်းပစ်ချင်နေသကဲ့သို့ပင်။

သူ မပြောနိုင်သော အရာအချို့ ရှိနေသည်။ သူမကို ပြောပြလိုက်လျှင် သူမကို စိုးရိမ်ပူပန်စေရုံသာ ရှိပေလိမ့်မည်။

သူသည် ကျန်းနျန်အတွက် ဘာကိုမှ ပူပန်စရာမလိုဘဲ ဘာကိုမှ စိုးရိမ်စရာမလိုသည့် ကမ္ဘာတစ်ခုကို ဖန်တီးပေးချင်နေခြင်း ဖြစ်သည်။

ကျန်းနျန်သည် လုယွီ တစ်ခုခုကို ဖုံးကွယ်ထားသည်ဆိုသည်ကို စူးရှစွာ ခံစားမိနေသည်။ ၎င်းမှာ သူကိုယ်တိုင် ဖွင့်ပြောမှသာ သိနိုင်မည့် ကိစ္စမျိုးဖြစ်ပြီး သူမအနေဖြင့် ကိုယ်တိုင်နားလည်နိုင်ရန် သို့မဟုတ် လက်လှမ်းမီရန် ခက်ခဲသော အရာမျိုးပင် ဖြစ်သည်။ လုယွီနှင့် ခွဲခွာရမည်ကို ယခုလောက် ကြောက်ရွံ့နေခဲ့ဖူးသည်မှာ တစ်ခါမှ မရှိခဲ့ပေ။ သူသည်လည်း ဤအခိုက်အတန့်မှာတင် အချိန်တွေ ရပ်တန့်သွားစေချင်နေသကဲ့သို့ပင်။

ရုတ်တရက် ချန်ပင်နှင့် ဗိုလ်ကြီးရန်တို့၏ အသံများမှာ လူသွားလမ်းတစ်လျှောက် ဟိန်းထွက်လာသည်။ ချန်ပင်မှာ လုယွီနှင့် ကျန်းနျန်တို့၏ ရင်းနှီးပွင့်လင်းစွာ ဖက်ထားမှုကို မြင်သွားသဖြင့် မျက်နှာရဲသွားကာ အရှက်သည်းစွာဖြင့် တစ်ဖက်သို့ လှည့်သွားသည်။ ထိုကဲ့သို့ လူမြင်ကွင်းတွင် ချစ်ကြည်နူးပြနေခြင်းမှာ မသင့်တော်ကြောင်း သူမဘာသာ တိုးတိုးလေး ရေရွတ်မိသည်။

လုယွီက ကျန်းနျန်ကို လွှတ်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ချောင်းတစ်ချက်ဟန့်ပြီး ဗိုလ်ကြီးရန်နှင့် ချန်ပင်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် မျက်နှာလေး နီမြန်းနေသော ကျန်းနျန်ကို အိမ်ထဲသို့ ဦးဆောင်ခေါ်သွားလေသည်။

ချန်ပင်က သူတို့ထွက်သွားသည်ကို ကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "သူတို့က တော်တော်လေး ချစ်ကြတာပဲ၊ ဘယ်တုန်းက စတွဲခဲ့ကြပါလိမ့်။"

ဗိုလ်ကြီးရန်က ခပ်အုပ်အုပ်လေး ဆူလိုက်သည်။ "ဘယ်တုန်းက စတာလဲဆိုတာ အရေးမကြီးဘူး၊ အခု အတူရှိနေဖို့ပဲ အရေးကြီးတာ။ ပါးစပ်ကို ပိတ်ထားစမ်းပါ၊ ကောလာဟလတွေ လျှောက်မဖြန့်နဲ့။"

ချန်ပင် - ....

သူမက ဗိုလ်ကြီးရန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ရှင်က အမြဲတမ်း မှန်နေတာပဲ မဟုတ်လား။ ကျွန်မက တစ်ခွန်းပြောရင် ရှင်က သုံးခွန်းပြန်ငြင်းတယ်။"

ဗိုလ်ကြီးရန် - ....

အိမ်ပြန်ရောက်သောအခါ ကျန်းနျန်နှင့် လုယွီတို့ မနားရသေးမီမှာပင် ချန်ယောင်နှင့် အခြားသူများ ရောက်လာကြပြီး ကုရှစ်ကျိုးလည်း ထက်ကြပ်မကွာ ရောက်လာသည်။ ကုရှစ်ကျိုးမှာ လက်ကို ပတ်တီးသိုင်းထားရန် မလိုတော့သော်လည်း ယွီလျန်ကဲ့သို့ပင် လက်ကို အားအပြည့် အသုံးမပြုနိုင်သေးပေ။ သူက ကျန်းနျန်ကို ကြည့်လိုက်ရာ သူမ၏ နီမြန်းနေသော မျက်နှာလေးကို မြင်ပြီး သူ၏ မှောင်မှောင်မှေးမှေး မျက်လုံးများမှာ ရယ်ချင်သယောင် တောက်ပသွားသည်။ "ခယ်မလေး။"

ကျန်းနျန် ပြုံးလိုက်သည်။ "ဝင်လာပြီး ထိုင်ကြပါဦး။"

ကုရှစ်ကျိုးသည် နို့နှစ်ပုလင်း၊ သကြားလုံး အမျိုးမျိုးနှင့် အစားအစာ ဘူးနှစ်ဘူးတို့ကို ယူလာခဲ့ရာ ၎င်းတို့အားလုံးမှာ ငွေအတော်အတန် ကုန်ကျမည့်အရာများ ဖြစ်သည်။ ကျန်းနျန် အားနာသွားကာ ပြောလိုက်သည်။ "ဘာမှ ယူလာဖို့ မလိုပါဘူး။"

ကုရှစ်ကျိုး ပြောလိုက်သည်။ "ဘာမှ မပါဘဲ လာစားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။"

လုယွီက အံ့သြစရာကောင်းလောက်အောင်ပင် ပြောလိုက်သည်။ "သူတို့ ယူလာချင်တယ်ဆိုလည်း ထားလိုက်ပါ။"

ထို့နောက် သူက ကျန်းနျန်ကို နေ့လယ်စာပြင်ရာတွင် ကူညီရန် မီးဖိုချောင်ထဲသို့ ခေါ်သွားသည်။ ကုရှစ်ကျိုးကလည်း လုယွီ ကြက်သားကိုင်နေသည်ကို မြင်သောအခါ ကူညီရန် လုပ်ဆောင်ပေးသည်။ သူက အိတ်ထဲမှ ငါးကို ထုတ်ကာ စတင် သန့်စင်ပေးသည်။ ကျန်းနျန် ပြောလိုက်သည်။ "နိုင်ငံရေးမှူးကု၊ ကူညီဖို့ မလိုပါဘူး၊ လုယွီနဲ့ ကျွန်မပဲ လုပ်လိုက်ပါ့မယ်။"

လုယွီက ကုရှစ်ကျိုးကို တစ်ချက်ကြည့်လိုက်သည်။ "မင်းလက်က မနာဘူးလား။"

ကုရှစ်ကျိုး ပြုံးလိုက်သည်။ "အဆင်ပြေပါတယ်။"

သူက ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ငါးအကြေးခွံများကို ခြစ်နေသည်။ အပြင်ဘက်တွင်မူ ချန်ယောင်နှင့် ယွီလျန်တို့ စကားပြောနေကြသဖြင့် မီးဖိုချောင်ထဲတွင် တိတ်ဆိတ်နေသကဲ့သို့ ခံစားရသည်။

ခဏအကြာတွင် ကုရှစ်ကျိုးသည် ငါးသန့်စင်ပြီးသွားသဖြင့် ကျန်းနျန်ကို ကမ်းပေးရင်း ခပ်တိုးတိုး ပြောလိုက်သည်။ "တစ်စုံတစ်ယောက်က မင်းကို သူ့ကိုယ်စား ကျေးဇူးတင်စကား ပြောခိုင်းလိုက်တယ်။"

ကျန်းနျန်က ချက်ချင်း နားလည်သွားသည်။ "ပရော်ဖက်ဆာလင်ရဲ့ သမီးလား။"

ကုရှစ်ကျိုးက ခေါင်းညိတ်ပြကာ ကျန်းနျန်၏ ဖြူဖွေးသော မျက်နှာလေးကို အပြုံးရိပ်ဖြင့် ကြည့်လျက် ပြောလိုက်သည်။ "ငါး အဆင်သင့်ဖြစ်ပြီ။"

လုယွီက ကုရှစ်ကျိုးထံမှ ငါးကို လှမ်းယူလိုက်သည်။ "ချန်ယောင်တို့ဆီ သွားလိုက်တော့။"

ထမင်းဟင်းပြင်ဆင်ရန် တစ်နာရီခန့် ကြာသွားသည်။ ကျန်းနျန်က ထမင်းချက်လိုက်ပြီး အဆင်သင့်ဖြစ်သောအခါ ချန်ယောင်နှင့် အခြားသူများက ဟင်းပန်းကန်များကို ဝိုင်းကူသယ်ကြသည်။ ဟင်းလျာများကို မြင်သောအခါ ချန်ယောင်က အနံ့ကို အားပါးတရ ရှူရှိုက်ပြီး ပြောလိုက်သည်။ "မွှေးလိုက်တာ။ မရီးရဲ့ လက်ရာက တကယ့်ကို အံ့မခန်းပဲ။"

ကျန်းနျန် ပြုံးလိုက်သည်။ "ကြိုက်ရင် အများကြီးစားနော်။"

ချန်ယောင်က ယနေ့ သူမကို ပြောစရာရှိသည်ဟု လွန်ခဲ့သော နှစ်ရက်က လုယွီ ပြောပြထားသည်။ သူမ တစ်နေ့လုံး စူးစမ်းချင်စိတ်ဖြင့် ထိုအရာက ဘာဖြစ်မလဲဟု တွေးနေမိသည်။

ကျန်းနျန် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် လုယွီက ဗီရိုဆီသို့သွားပြီး တပ်ရင်းမှူးစုန့် ပေးထားသော သမင်ချိုအရက်ပုလင်းကို ထုတ်လာသည်။ သူက ၎င်းကို စားပွဲပေါ်တင်ကာ ကုရှစ်ကျိုးကို မေးလိုက်သည်။ "နည်းနည်းလောက် သောက်ကြမလား။"

ကုရှစ်ကျိုး ခေါင်းညိတ်လိုက်သည်။ "သောက်တာပေါ့။"

ဒါကို မြင်သောအခါ ချန်ယောင်နှင့် ယွီလျန်တို့လည်း ပြောလိုက်သည်။ "ကျွန်တော်တို့လည်း ပါမယ်လေ တပ်ရင်းမှူးလု။"

ကျန်းနျန် - ....

ဒါက သမင်ချိုအရက်လေ။

ဒီလို သန်စွမ်းတဲ့ အမျိုးသားသုံးယောက် ဒါကို သောက်လိုက်မယ်ဆိုရင် တစ်ညလုံး အိပ်နိုင်ကြတော့မှာ မဟုတ်ဘူး။

သူမ မျက်တောင်လေးခတ်ကာ လုယွီကို ရုတ်တရက် မော့ကြည့်လိုက်မိသည်။ အတွေးတစ်ခုက သူမ ခေါင်းထဲသို့ ဝင်လာသည်။ ဒီလူကြီးက ထပ်ပြီး သဝန်တိုနေပြန်ပြီ။

သူက ကုရှစ်ကျိုးကို တမင်သက်သက် အခက်တွေ့အောင် လုပ်နေခြင်းပင် ဖြစ်သည်။

All Chapters