အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၁၈၅
ကျန်းနျန်သည် ကျူးကျွင်း၏ ကျောပြင်ကို ကြည့်ပြီးနောက် လုယွီကို မော့ကြည့်သည်။ သူက သူမ၏ လက်ချောင်းများကို ညှစ်ကာ ဆေးရုံထဲသို့ ခေါ်ဆောင်သွားသည်။ ကျန်းရှောင်မှာ ဒုတိယထပ်ရှိ လူနာခန်းတွင် ရှိနေသည်။ ကျန်းနျန်သည် တစ်ညက သန့်စင်ခန်းတွင် ကြောက်စရာကောင်းသော အတွေ့အကြုံကြောင့် ဤအထပ်ကို ကောင်းကောင်း မှတ်မိနေသည်။ သူမသည် လုယွီ၏လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး လူနာခန်းထဲ ရောက်မှသာ လွှတ်လိုက်သည်။
ကျူးကျွင်းက လူနာခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အထဲရှိ ကျန်းရှောင်ကို ပြောလိုက်သည်။ "ဘယ်သူရောက်နေလဲ ခန့်မှန်းကြည့်ပါဦး။"
လူနာခန်းထဲတွင် ကုတင်နှစ်လုံးရှိပြီး ကုတင်တိုင်းတွင် ကလေးမွေးပြီးစ အမျိုးသမီး တစ်ဦးစီ ရှိနေသည်။ ကျန်းရှောင်မှာ တံခါးနှင့် နီးသော ကုတင်ပေါ်တွင် ရှိနေပြီး သူမ၏ ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲဖြစ်ကာ မျက်နှာမှာလည်း ဖြူလျော့နေသည်။
မွေးကင်းစကလေးငယ်မှာ သူမ၏ ဘေးနားရှိ နံရံဘက်တွင် အိပ်ပျော်နေသည်။ ကျူးကျွင်း၏ စကားကို ကြားသောအခါ သူမက ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ "အစ်မချန်လား။"
ကျူးကျွင်း ရယ်မောလိုက်သည်။ "မဟုတ်ဘူး။"
ကျန်းရှောင်က ထပ်၍ခန့်မှန်းပြန်သည်။ "အစ်မလုနဲ့ အစ်မကျိုက်လား။"
ကျူးကျွင်း မရယ်ဘဲ မနေနိုင်တော့ပေ။ "ဒါလည်း မဟုတ်သေးဘူး။"
လူနာခန်းထဲတွင် မည်သူမျှ စကားမပြောသည်ကို မြင်သောအခါ ကျန်းနျန်က အထဲသို့ ဝင်လိုက်ပြီး ကုတင်ပေါ်ရှိ ကျန်းရှောင်ကို ပြုံးပြလိုက်သည်။ "ဘာလို့ ငါမှန်း မသိရတာလဲ။"
"အစ်မကျန်း။"
ကျန်းရှောင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝိုင်းစက်သွားပြီး သူမ ထထိုင်ရန် ပြင်လိုက်စဉ် ကျူးကျွင်းက သူမကို အသာဖိထားလိုက်သည်။ "မင်း ကလေးမွေးထားတာလေ၊ အများကြီး မလှုပ်ရှားနဲ့ဦး။"
"ဟုတ်တယ်၊ အများကြီး မလှုပ်နဲ့ဦး။"
ကျန်းနျန်သည် ကုတင်ဘေးတွင် ရပ်နေရင်း ကျန်းရှောင်၏ မျက်နှာမှာ လွန်ခဲ့သော ခြောက်လကထက် ပို၍ ဝိုင်းစက်လာသည်ကို သတိပြုမိသဖြင့် ကျူးကျွင်းက သူမကို ကောင်းမွန်စွာ ပြုစုထားကြောင်း သိလိုက်ရသည်။ သူမသည် မွေးဖွားပြီး နှစ်ရက်သာ ရှိသေးသဖြင့် အလွန်သေးငယ်သော ကလေးငယ်ကို တစ်ချက်ကြည့်လိုက်သည်။ ကလေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ကျန်းနျန်သည် သူမ၏ အသက်ရှူသံကြောင့် ကလေးနိုးသွားမည်ကို စိုးရိမ်သဖြင့် အနားသို့ သိပ်မကပ်ရဲပေ။
ကျန်းရှောင်က ကျန်းနျန်၏ လက်ကို ကိုင်ကာ ကလေးဆိုးလေး တစ်ယောက်လို ပြောလိုက်သည်။ "အစ်မ ကျန်း၊ ကျွန်မ အစ်မကို သိပ်လွမ်းနေတာ။ အခုမှ ရောက်လာတော့တယ်။ ခြောက်လကျော်ကြီးတောင် အစ်မမရှိဘဲ ကျွန်မ ဘယ်လောက် ပျင်းနေရလဲ သိရဲ့လား။"
ကျူးကျွင်း - .....
သူက ကျန်းရှောင်ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ "ကိုယ် မင်းနဲ့အတူ ဒီမှာ ရှိနေတာပဲ မဟုတ်လား။"
ကျန်းရှောင် ပြန်ပြောလိုက်သည်။ "အဲဒါနဲ့ မတူဘူးလေ။ ရှင်က အစ်မကျန်းနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။"
ကျူးကျွင်း - ....
ကျန်းနျန်က ရယ်မောလိုက်သည်။ "ကောင်းပြီ အခု ငါရောက်လာပြီပဲ။ နေရတာ ဘယ်လိုနေလဲ။ ခန္ဓာကိုယ်မှာ မသက်မသာဖြစ်တာတွေ ရှိသေးလား။"
ကျန်းရှောင်က ခေါင်းခါပြလိုက်သည်။ "နေကောင်းပါတယ်၊ အရင်လိုပဲ စားနိုင်အိပ်နိုင်ပါတယ်။" ထို့နောက် လုယွီ ဝင်လာသည်ကို မြင်သောအခါ ၀မ်းသာအားရ နှုတ်ဆက်လိုက်သည်။ "တပ်ရင်းမှူးလု။"
လုယွီက ခေါင်းညိတ်ပြပြီး ခုတင်ပေါ်ရှိ ကလေးငယ်ကို လှမ်းကြည့်လိုက်သည်။ ကလေးငယ်မှာ အလွန်သေးငယ်ပြီး ဦးခေါင်းမှာ သူ၏ လက်သီးဆုပ်ခန့်သာ ရှိသည်။
သူသည် ခြေသံဖွဖွနင်းကာ ပစ္စည်းများကို ကုတင်ခြေရင်း၌ ချထားလိုက်သည်။ ကျန်းနျန်က အိတ်ကိုဖွင့်၍ ကလေးအတွက် ချုပ်လာသော အဝတ်အစားများကို ထုတ်ကာ ကျန်းရှောင်ကို ကမ်းပေးလိုက်သည်။ ကလေးနိုးသွားမည်စိုးသဖြင့် အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ကလေးအတွက် အဝတ်အစား နှစ်စုံ ချုပ်လာတယ်။ ဆိုဒ်မတော်ရင် ပြန်ပြင်ပေးမယ်နော်။"
ထိုအဝတ်အစားများမှာ ထိုခေတ်က အသုံးများသော ပုံစံအဟောင်းများ မဟုတ်ဘဲ ခေတ်မီပြီး စတိုင်ကျသော ပုံစံများ ဖြစ်နေသည်။ ကျန်းရှောင်မှာ ကြည့်လိုက်ရုံနှင့် အလွန်သဘောကျသွားတော့သည်။ အခြားကုတင်မှ အမျိုးသမီးများလည်း သတိထားမိသွားပြီး မျက်လုံးများ တောက်ပလာကြသည်။ အလယ်ကုတင်မှ အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။ "မင်း လက်ရာက တော်တော်ကောင်းတာပဲ။ အဝတ်အစားလေးတွေက တကယ်လှတယ်။"
ဤကဲ့သို့သော ပုံစံမျိုးမှာ ဤအရပ်၌ မရှိသလို အခြားနေရာမှ ကုန်တိုက်ကြီးများတွင်ပင် ရှာရခက်နိုင်ပေသည်။
ကျန်းနျန် ပြုံး၍ ပြန်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
လုယွီနှင့် ကျူးကျွင်းတို့က အခြားကိစ္စများ စကားပြောနေကြစဉ် ကျန်းနျန်က သူမယူလာသော ဒေသထွက် လက်ဆောင်များကို ကျန်းရှောင်အား ပြသနေသည်။ နောက်ဆုံးတွင် ကျန်းရှောင်အတွက် နို့မှုန့်ပူပူတစ်ခွက် ဖျော်ပေးလိုက်ရာ ကျန်းရှောင်က အားရပါးရ သောက်လိုက်သည်။
ကျန်းနျန် မေးလိုက်သည်။ "နင်တို့ နှစ်ယောက်တည်းပဲ ရှိတာလား။"
ကျူးကျွင်းနှင့် ကျန်းရှောင်အတွက် ဤသည်မှာ ပထမဆုံး မိဘဖြစ်ဖူးခြင်းဖြစ်သဖြင့် အခက်အခဲရှိပါက ဘာလုပ်ရမည်ကို သိကြမည်မဟုတ်ပေ။ ကျန်းရှောင် ဘာပြန်ပြောရမည်ကို မစဉ်းစားရသေးခင်မှာပင် ကျူးကျွင်းက အရင်ဦးအောင် ဖြေလိုက်သည်။ "ကျွန်တော့်အမေ ဒီည ရောက်လာလိမ့်မယ်။ သူက ရှောင်ရှောင် မီးဖွားပြီးစ နာလန်ထူနေတဲ့အချိန်မှာ ကူညီပေးပါလိမ့်မယ်။"
ကျန်းနျန် ပြုံးလိုက်သည်။ "အဲ့ဒါဆို ကောင်းတာပေါ့။ လူကြီးသူမ ရှိတော့ ကလေးထိန်းတာကို သင်ပေးနိုင်တာပေါ့၊ ကိုယ့်ဘာသာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာထက် အများကြီး သာပါတယ်။"
ကျူးကျွင်းမှာ ကျန်းရှောင်ချုပ်ထားသော ကလေးအိပ်ရာနှင့် အဝတ်အစားများကို သွားယူရန် အိမ်ပြန်သွားသည်။ သူ၏အမေ မရောက်လာမီအထိ ကျန်းနျန်က ဆေးရုံ၌ ကျန်းရှောင်ကို ကူညီပေးရန် နေခဲ့သည်။ မွန်းတည့်ချိန်ခန့်တွင် လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့က အဆောင်၌ ချက်လာသော ကြက်စွပ်ပြုတ်ကို ယူဆောင်၍ ရောက်လာကြသည်။ လူနာဆောင်ထဲ ဝင်ဝင်ချင်း ကျန်းနျန်ကို ကုတင်ဘေး၌ တွေ့လိုက်ရသောအခါ လုရှောင်ချင်းက အရင်ဆုံး အံ့သြသွားပြီး မေးလိုက်သည်။ "ကျန်းနျန် နင် ဘယ်တုန်းက ရောက်တာလဲ။"
ကျန်းနျန်က မတ်တပ်ရပ်ပြီး ပြုံးပြလျက် ပြောလိုက်သည်။ "ဒီမနက်တင် ရောက်တာပါ။"
ကျိုက်ဖေးဖေးက ကျန်းနျန်ကို ကြည့်၍ ရယ်မောကာ ပြောလိုက်သည်။ "ငါတို့ မတွေ့တာ ၆ လလောက် ရှိပြီနော်၊ နင် အရင်နဲ့ မတူတော့သလိုပဲ။"
လုရှောင်ချင်း - "နင့်မျက်နှာက အရင်ကထက် ပိုပြီး ဝင်းပနေသလိုပဲ။"
ကျန်းနျန် - …
ကျန်းနျန်မှာ ဘာမှမပြောရသေးသော်လည်း သူမ၏ မျက်နှာ ပူထူလာသလို ခံစားလိုက်ရသည်။
သူမက ပါးကို ကိုင်၍ ရယ်မောလိုက်သည်။ "တကယ်လား။"
ကျန်းရှောင်လည်း ပြောလိုက်သည်။ "ဟုတ်တယ်၊ ကျွန်မလည်း အစ်မကို စတွေ့တုန်းက အဲ့လိုပဲ ထင်တာ။"
ကျန်းနျန် - ???
ကလေးထိန်းတတ်သော ကျိုက်ဖေးဖေးက ကလေးငယ် ငိုသံကြားသဖြင့် ကလေးကို ချီကာ ချော့မြှူလိုက်သည်။ ထို့နောက် ကျန်းရှောင်ကို ပြောလိုက်သည်။ "ကလေးကို နို့တိုက်လိုက်ဦး၊ ကလေး ဆာနေပြီ။"
ကျူးကျွင်းက အလိုအလျောက်ပင် မေးလိုက်သည်။ "ကိုယ် ကူညီဖို့ လိုသေးလား။"
ကျန်းရှောင်၏ မျက်နှာလေး နီမြန်းသွားပြီး ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်လိုက်သည်။ ကျိုက်ဖေးဖေးက မရယ်ဘဲ မနေနိုင်တော့ပေ။ "မလိုပါဘူး၊ အပြင်မှာ ခဏစောင့်နေလိုက်။"
လုယွီက အရင်ဦးဆုံး အပြင်ထွက်၍ စင်္ကြံ၌ စောင့်နေသည်။ ကျူးကျွင်းကလည်း လိုက်ထွက်လာပြီး လူနာဆောင်တံခါးကို ပိတ်ကာ လုယွီ၏ ဘေးတွင် ရပ်လိုက်သည်။ နှစ်ယောက်တည်း ရှိနေစဉ် ကျူးကျွင်းက မေးလိုက်သည်။ "တပ်ရင်းမှူးလု... ခင်ဗျားနဲ့ မရီး..." ထိုသို့ စကားစလိုက်ပြီး ဘယ်လိုဆက်ပြောရမည်ကို မသိဘဲ ခဏရပ်သွားသည်။
လုယွီ ပြောလိုက်သည်။ "ငါတို့ လက်ထပ်လိုက်ကြပြီ။ အခုဆို ၆ လလောက် ရှိပြီ။"
ကျူးကျွင်းမှာ မှင်တက်သွားပြီး လုယွီကို အမြန်လှည့်ကြည့်လိုက်သည်။ နောက်ဆုံးအကြိမ် သူနှင့် စုန့်ပိုင်တို့ လုယွီကို ရှာရန် ယွမ်မြို့သို့ သွားခဲ့စဉ်က အဖြစ်အပျက်ကို သူ မှတ်မိနေသည်။ ဟိုတယ်၌ ညစာစားစဉ်ကပင် တပ်ရင်းမှူးလုနှင့် သူ၏ မရီးမှာ မတ်နှင့် မရီး ဆက်ဆံရေးကဲ့သို့မဟုတ်ဘဲ ချစ်သူများကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုစဉ်ကပင် သူတို့ အတူရှိနေခဲ့ကြဟန် တူသည်။
တပ်ရင်းမှူးလုနှင့် ကျန်းနျန်တို့မှာ သွေးသားမတော်စပ်သဖြင့် သူတို့၏ ဆက်ဆံရေးမှာ အမှားအယွင်း မရှိပေ။
ကျူးကျွင်းမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်သည်။ "တပ်ရင်းမှူးလု ဒါက မတရားဘူးလေ။ ကျန်းရှောင်နဲ့ ကျွန်တော့်ကိုတောင် မပြောဘဲ လက်ထပ်လိုက်တာလား။ ကျန်းရှောင်က ကိုယ်ဝန်နဲ့မို့ မလာနိုင်ရင်တောင် ကျွန်တော်ကတော့ ရက်အနည်းငယ် ခွင့်ယူပြီး တက်ရောက်နိုင်တာပဲ။"
လုယွီက ကျူးကျွင်း၏ ပခုံးကို ပုတ်လျက် ပြောလိုက်သည်။ "စိတ်မကောင်းပါဘူး၊ အဲ့ဒီတုန်းက ငါတို့က လက်ထပ်ဖို့ကိုပဲ အာရုံရောက်နေလို့ပါ။"
ကျူးကျွင်း - ....
"အခု ပြန်ရောက်ပြီဆိုတော့ တပ်ရင်းမှူးထန်တို့နဲ့ တခြားသူတွေကို ပြောဖို့ အစီအစဉ် ရှိလား။"
လုယွီ ပြန်ဖြေလိုက်သည်။ "ရှိတာပေါ့၊ သူငယ်ချင်းဟောင်း အနည်းငယ်ကို ညစာဖိတ်ကျွေးပြီး ကျန်းနျန်နဲ့ ငါ့အကြောင်းကို အသိပေးမလို့။"
ကျူးကျွင်း ခေါင်းညိတ်ပြလိုက်သည်။"ကောင်းပါပြီ"
တပ်ရင်းမှူးလုနှင့် ကျန်းနျန်တို့ အတူရှိနေခြင်းကို သူ သိပ်မအံ့သြတော့ပေ၊ အကြောင်းမှာ အရင်ကတည်းက အရိပ်အယောင်များ ရှိခဲ့သောကြောင့် ဖြစ်သည်။ အခု တပ်ရင်းမှူးလုက လက်ထပ်ပြီးကြောင်း အတည်ပြုလိုက်သောအခါ ကျူးကျွင်း အရင်က အဖြစ်အပျက်များကို ပြန်စဉ်းစားမိသည်။ နှစ်သစ်ကူးတုန်းက စုန့်ပိုင်၏ အိမ်သို့ သွားလည်စဉ်ကပင် တပ်ရင်းမှူးလု ကျန်းနျန်အပေါ် ဂရုစိုက်ပုံမှာ မတ်တစ်ယောက်အနေဖြင့် လုပ်သင့်သည်ထက် ပိုလွန်နေခဲ့သည်ကို သူ သတိထားမိခဲ့သည်။
တပ်ရင်းမှူးလုက အားလုံးကို လျှို့ဝှက်ထားခဲ့ပြီး အခုမှ ထုတ်ပြောခြင်းဖြစ်သည်ဟု ကျူးကျွင်း ခံစားလိုက်ရသည်။
လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့သည် မွန်းလွဲပိုင်းတွင် ပန်းထိုးဆိုင်သို့ အမြန်သွားရမည်ဖြစ်သဖြင့် ကြာကြာမနေနိုင်ကြပေ။ သူတို့ လူနာဆောင်မှ ထွက်လာသောအခါ လုယွီက သူတို့ကို လှမ်းခေါ်လိုက်သည်။ လုရှောင်ချင်းက ခဏတာ ဝေခွဲမရဖြစ်သွားပြီး ကျိုက်ဖေးဖေးကလည်း ရပ်လျက် ပြောလိုက်သည်။ "ရှင် တပ်ရင်းမှူးအဖြစ် ရာထူးတိုးသွားတယ်လို့ ကြားတယ်နော်။"
လုယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။"
သူက ဆက်၍ ပြောလိုက်သည်။ "ဒီည ကျန်းနျန်နဲ့ ကျွန်တော် ပြည်နယ်ပိုင် စားသောက်ဆိုင်မှာ ရှိနေမယ်။ အလုပ်ဆင်းရင် မင်းတို့ နှစ်ယောက် လာခဲ့ကြပါလား။ သူက မင်းတို့ကို ပြောစရာ ရှိလို့ပါ။"
သူက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့က သတိဝင်လာပြီး ခေါင်းညိတ်ပြခဲ့ကြသည်။ "ကောင်းပါပြီ။"
လုယွီ ပြုံးလိုက်သည်။ "ဒီည ခုနစ်နာရီမှာ ကျွန်တော်တို့ စောင့်နေမယ်။"
လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့ ဆေးရုံမှ ထွက်လာကြသောအခါ အချင်းချင်း ကြည့်လိုက်ကြသည်။ လုရှောင်ချင်းက အရင်ဆုံး ပြောလိုက်သည်။ "တပ်ရင်းမှူးလု ဒီနေ့ ဘာလို့ ထူးဆန်းနေတာလဲ။ သူက အရင်က ကျန်းနျန်ကို မရီးလို့ ခေါ်တာ၊ အခုတော့ နာမည်ပဲ ခေါ်တော့တယ်။"
ကျိုက်ဖေးဖေးက ဆေးရုံဘက်ကို ပြန်ကြည့်လိုက်ပြီး ခန့်မှန်းမိသဖြင့် ပြောလိုင်သည်။ "ဒီည သိရမှာပေါ့။"
ကျန်းနျန်သည် ကျန်းရှောင်နှင့်အတူ လူနာဆောင်၌ နေခဲ့သည်။ ခဏအကြာတွင် ကျူးကျွင်း ပြန်ရောက်လာသည်။ မွန်းတည့်ချိန်ခန့်တွင် လုယွီက ကျန်းနျန်၏ ခေါင်းကို ပွတ်သပ်လျက် မေူလိုက်သည်။ "ဘာစားချင်လဲ။ ကိုယ် သွားဝယ်ပေးမယ်။"
ကျန်းနျန် ပြောလိုက်သည်။ "ဘာဖြစ်ဖြစ် ရပါတယ်။"
လုယွီက ပြုံး၍ ပြောသည်။ "ကောင်းပါပြီ။"
လုယွီနှင့် ကျူးကျွင်းတို့ ထွက်သွားသောအခါ ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်း ယူလာပေးသော ကြက်စွပ်ပြုတ်ကို ကိုင်ထားသည့် ကျန်းရှောင်က လုယွီ၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက ကျန်းနျန်ဘက်သို့ လှည့်ကြည့်ကာ နှုတ်ခမ်းကိုကိုက်လျက် ဘယ်လိုစပြောရမှန်းမသိဘဲ ဝေခွဲမရ ဖြစ်နေသည်။
လုယွီနှင့် ကျန်းနျန်တို့၏ ဆက်ဆံပုံမှာ အလွန်ပင် ထူးခြားနေသောကြောင့် ဖြစ်သည်။
ကျန်းနျန်က ကျန်းရှောင်၏ ဝေခွဲမရဖြစ်နေမှုကို သတိပြုမိသည်။ အခန်းထဲရှိ အခြားအမျိုးသမီးနှစ်ဦး ကလေးနှင့် ဆော့နေသည်ကို မြင်သောအခါ သူမ ပြောလိုက်သည်။ "ကျန်းရှောင်... ငါ နင့်ကို တစ်ခုပြောစရာ ရှိတယ်။ အရင်ဆုံး ကတိပေး နင် အံ့သြမသွားရဘူး၊ အော်လည်း မအော်ရဘူး။"
သူမသည် ကျန်းရှောင်က လုရှောင်ချင်းကဲ့သို့ အော်ဟစ်မိမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
ကျန်းရှောင်မှာ ကျန်းနျန် ဘာပြောမည်ကို သေချာမသိသော်လည်း လုယွီက ကျန်းနျန်ပေါ် အလွန်ချစ်ခင်ပုံကို ကြည့်ကာ ခန့်မှန်းမိသွားသည်။ သူမက ခေါင်းညိတ်လျက် ပြောလိုက်သည်။ "အစ်မကျန်း ပြောပါ။"
ကျန်းနျန်က နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခပ်တိုးတိုး ပြောလိုက်သည်။ "ငါ သူ့ကို လက်ထပ်လိုက်ပြီ။"
"အို... ဘာ။"
ကျန်းရှောင်မှာ ပြင်ဆင်ထားသည့်တိုင် အလွန်ပင် မှင်တက်သွားခဲ့သည်။ အခန်းထဲရှိ အခြားသူများ လှမ်းကြည့်လာသည်ကို သတိထားမိသောအခါ ကျန်းရှောင်က အသံကို အမြန်နှိမ့်ပြီး အံ့သြတကြီး မေးလိုက်သည်။ "အစ်မကျန်း အစ်မနဲ့ တပ်ရင်းမှူးလုက လက်ထပ်လိုက်ပြီ ဟုတ်လား။"
ကျန်းနျန် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။
ကျန်းရှောင်မှာ အလွန်အမင်း အံ့သြနေရသည်။ သူမ အရင်က ဘာမှသတိမထားမိခဲ့ပေ။ ကျန်းနျန်နှင့် တပ်ရင်းမှူးလုတို့ ချစ်သူတွေ ဖြစ်နေကြသည်ဟုသာ ထင်ခဲ့သော်လည်း အခုတော့ လက်တောင် ထပ်ပြီးနေပြီ ဖြစ်သည်။
သူမသည် ထမင်းဘူးကို ကိုင်ထားရင်း စိုးရိမ်စိတ်ဖြင့် ကျန်းနျန်၏ မျက်နှာကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။ "အစ်မကျန်း အစ်မနဲ့ တပ်ရင်းမှူးလု အတူရှိနေတာကို လူတွေက ကဲ့ရဲ့ကြမှာ မစိုးရိမ်ဘူးလား။"
ကျန်းနျန် ပြောလိုက်သည်။ "ငါ ဂရုမစိုက်ဘူး။"
သူမသည် လုယွီကို လက်ထပ်ရန် သဘောတူကတည်းက ဝေဖန်မှုမှန်သမျှကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီးသား ဖြစ်သည်။
ကျန်းရှောင်က ဘာမှဆက်မပြောတော့ဘဲ ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်လျက် ပြုံးကာ ပြောလိုက်သည်။ "အစ်မကျန်း အစ်မတို့နှစ်ယောက် ကျွန်မတို့မရှိတုန်း လက်ထပ်လိုက်ကြတာပဲ။ ကျွန်မ မီးနေသည်ဘဝက ကျွတ်တာနဲ့ အစ်မနဲ့ တပ်ရင်းမှူးလုက ကျူးကျွင်းနဲ့ ကျွန်မကို ဂုဏ်ပြုစားပွဲ ဖိတ်ရမယ်နော်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ပြဿနာမရှိပါဘူး။"
လုယွီသည် ကြက်သားခေါက်ဆွဲ ဝယ်လာပြီး စားဖိုမှူးကို ဟင်းရည်ပိုထည့်ခိုင်းခဲ့သည်။ ကျန်းနျန် စားသောက်ပြီး ကျန်းရှောင်နှင့် အချိန်အနည်းငယ် နေပေးပြီးနောက် ညနေ ခြောက်နာရီခန့်တွင် ကျူးကျွင်း၏ အမေ ရောက်လာသောအခါ သူမ ပြန်ခဲ့သည်။ မထွက်ခွာမီ လုယွီက ကျူးကျွင်းကို ညခုနစ်နာရီ ပြည်နယ်ပိုင် စားသောက်ဆိုင်၌ တွေ့ဆုံရန် ပြောခဲ့သည်။
လုယွီနှင့် ကျန်းနျန်တို့သည် ပြည်နယ်ပိုင် စားသောက်ဆိုင်နှင့် လမ်းတစ်ခုတည်းရှိ တည်းခိုခန်း၌ တည်းခိုကြသည်။
ကျန်းနျန်နှင့် လုယွီတို့ တစ်ခန်းတည်း အတူတည်းဖြစ်ကြသည်မှာ ဤသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်က တည်းခိုခန်းပင် ဖြစ်သော်လည်း အခန်းကတော့ မတူတော့ပေ။ အခန်းထဲတွင် ကုတင်တစ်လုံးနှင့် ရေနွေးအိုးနှစ်လုံး တင်ထားသော စားပွဲတစ်လုံး ရှိသည်။ လုယွီ ရေနွေးသွားယူရန် ထွက်သွားစဉ် ကျန်းနျန်က ကုတင်ပေါ်၌ ထိုင်ကာ သူမ၏ အိတ်ထဲမှ အိပ်ယာခင်းပါးပါးလေးကို ထုတ်၍ ခင်းလိုက်သည်။
လုယွီ ပြန်ဝင်လာသောအခါ ကျန်းနျန် အိပ်ယာခင်းနေသည်ကို မြင်လိုက်ရသည်။ သူမသည် ပန်းရောင်အင်္ကျီလေးကို ဝတ်ဆင်ထားရာ သူမ ခါးကို ကိုင်းလိုက်သောအခါ ခါးလေးမှာ ပို၍ သေးသွယ်နေပုံပေါ်သည်။ သူက တံခါးကို ဂျက်ထိုးလိုက်ပြီး ရေနွေးအိုးကို စားပွဲပေါ် တင်လိုက်သည်။ ကျန်းနျန်က သူ့ခြေသံကို ကြားသောအခါ လုယွီက ကျူးကျွင်းကို ခုနစ်နာရီ ညစာစားရန် ပြောခဲ့သည်ကို သတိရကာ ပြောလိုက်သည်။ "ခုနစ်နာရီ ပြည်နယ်ပိုင် စားသောက်ဆိုင်ကို သွားကြမှာလား။"
"ဟုတ်တယ်။"
သူမ၏ နောက်ကွယ်မှ နက်ရှိုင်းသော အသံ ထွက်ပေါ်လာသည်။ ကျန်းနျန် မတ်တပ်ရပ်လိုက်သောအခါ လုယွီ၏ နွေးထွေးသော ရင်ခွင်နှင့် တိုးမိသွားသည်။ လုယွီက သူမ၏ ခါးကို နောက်မှ ဖက်လိုက်ပြီး သူမ၏ နားရွက်လေးကို ခပ်ဖွဖွကိုက်ကာ တိုးညှင်းသော အသံဖြင့် ခေါ်လိုက်သည်။ "နျန်နျန်။"
ကျန်းနျန်၏ နှလုံးခုန်သံများ မြန်လာသည်။ လုယွီ၏ ရင်ခွင်ထဲ၌ ကုတင်ပေါ်တွင် လဲလျောင်းနေစဉ် သူမသည် တည်းခိုခန်း၌ ပထမဆုံးအကြိမ် တည်းခိုခဲ့စဉ်က အဖြစ်အပျက်ကို သတိရသွားသည်။ ထိုစဉ်က သူမသည် အိပ်ရာထဲ၌ လူးလိမ့်တတ်သဖြင့် မတော်တဆ လုယွီ၏ ထိခိုက်လွယ်သော နေရာကို ထိမိခဲ့ဖူးသည်....။
သူမ၏ ခြေချင်းဝတ်ကို သူ ညှစ်ခဲ့သဖြင့် နာကျင်ခဲ့ရသည်ကို သတိရကာ ကျန်းနျန်က လုယွီကို ခြေထောက်နှင့် ကန်လိုက်သည်။ သူက သူမ၏ ခြေချင်းဝတ်ကို ထပ်မံညှစ်လိုက်ပြီး ရယ်မောလျက် မေးလိုက်သည်။ "ကန်ချင်သေးလား။"
သူ၏ အသံမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
သူ၏ နွေးထွေးသော ထွက်သက်ကြောင့် ကျန်းနျန်၏ နားများ တစစ်စစ် ဖြစ်လာသည်။ သူမက ရှောင်ရန် ခေါင်းကို အနည်းငယ် လွှဲလိုက်သည်။ လုယွီ၏ လက်မှာ သူမ၏ ခါးမှတစ်ဆင့် သူမ၏ အင်္ကျီကြယ်သီးများကို တစ်လုံးချင်း စတင်ဖြုတ်လိုက်ပြီး နောက်ဆုံးတွင် သူမ၏ ရင်ဘတ်ကို နမ်းရှိုက်လိုက်သည်။
ကျန်းနျန်က ညည်းညူသံလေး ထွက်လာပြီး လုယွီ၏ ပခုံးကို တွန်းလိုက်သော်လည်း သူက မရွေ့သွားပေ။
သူ၏ ထွက်သက်မှာ ပို၍ ပြင်းထန်လာပြီး သူမ၏ လည်ပင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ကိုယ် လုရှောင်ချင်းနဲ့ အစ်မကျိုက်ကို ဒီည ခုနစ်နာရီ စားသောက်ဆိုင်မှာ တွေ့ဖို့ ပြောပြီး ကိုယ်တို့ လက်ထပ်လိုက်တဲ့ အကြောင်းလည်း ပြောပြဖို့ စီစဉ်ထားတယ်။"
ကျန်းနျန်က နာရီကို ကြည့်လိုက်ရာ ခြောက်နာရီခွဲ ရှိနေပြီ ဖြစ်သည်။
သူမသည် လုယွီကို ခပ်ဖွဖွလေးတွန်းကာ တစ်ဖက်လူက စနောက်ချင်စရာကောင်းလောက်အောင် နုနယ်ပျော့ပျောင်းသော လေသံလေးဖြင့် ပြောလိုက်သည်။ "ကျွန်မတို့မှာ နာရီဝက်ပဲ လိုတော့တာပဲ၊ အရင်သွားကြရအောင်လေ။"
လုယွီက သူ၏သားရေခါးပတ်အမည်းကို ဖြုတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းကို တရစပ်နမ်းရှိုက်ရင်း ပြောလိုက်သည်။ "နောက်ထပ် ခဏလောက် ထပ်စောင့်ပါဦး။"
ကျန်းနျန် - ….
သူတို့ကိစ္စအားလုံး ပြီးသွားချိန်တွင် အပြင်၌ မှောင်နေပြီဖြစ်သည်။ ကျန်းနျန်မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး လုယွီက သူမ၏ စိုစွတ်နေသော မျက်ဝန်းထောင့်လေးကို နမ်းကာ ပြောလိုက်သည်။ "ကိုယ် ရေနွေးသွားယူပေးမယ်၊ ကိုယ်လက်သန့်စင်လိုက်ဦးနော်။"
သူတို့အားလုံး ပြင်ဆင်ပြီး စားသောက်ဆိုင်သို့ ရောက်ရှိသွားချိန်တွင် ညခုနစ်နာရီပင် ကျော်လွန်နေပြီဖြစ်သည်။
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၁၈၆
ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့သည်လည်း သူတို့နောက်မှ ကပ်လျက် ရောက်လာကြသည်။ ကျူးကျွင်းကမူ အချိန်တိကျသူဖြစ်သဖြင့် ခုနစ်နာရီကတည်းက စားသောက်ဆိုင်၌ ထိုင်စောင့်နေခဲ့ပြီးသားဖြစ်သည်။ လုယွီနှင့် ကျန်းနျန်ကို မြင်သောအခါ သူက ပြုံးလျက် ပြောလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက် နောက်ဆုံးတော့ ရောက်လာပြီပဲ။"
လုယွီ နာရီကို ကြည့်လိုက်ရာ သူတို့ ဆယ်မိနစ်ခန့် နောက်ကျနေခဲ့သည်။
ကျန်းနျန် - …
သူမသည် လုယွီ၏လက်ကို အားပြင်းပြင်းဖြင့် တစ်ချက်ညှစ်လိုက်ပြီးမှ ချက်ချင်း ပြန်လွှတ်လိုက်သည်။ ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့ ဝင်လာချိန်တွင် သူတို့လက်ချင်း လွှတ်လိုက်သည်ကို အမှတ်မထင် မြင်လိုက်ရသည်။ နေ့လယ်ကတည်းက အခြေအနေကို ရိပ်မိနေသော ကျိုက်ဖေးဖေးမှာ သိပ်မအံ့သြသော်လည်း လုရှောင်ချင်းမှာမူ မှင်တက်သွားသည်။ သူမက ကျန်းနျန်ကို တစ်လှည့်၊ လုယွီကို တစ်လှည့် စိုက်ကြည့်နေသဖြင့် ကျန်းနျန်မှာ မျက်တောင်များ တဖျတ်ဖျတ် ခတ်နေမိသည်။
လုရှောင်ချင်းက ပင်ကိုယ်အကျင့်အတိုင်းပင် ဘာမှမစဉ်းစားဘဲ ပြောလိုက်သည်။ "ကျန်းနျန်... နင်နဲ့ လုယွီနဲ့ ဘာတွေဖြစ်နေတာလဲ။ နင်တို့နှစ်ယောက်က..."
"အင်း။"
ကျိုက်ဖေးဖေးက လုရှောင်ချင်း၏ ပါးစပ်ကို အမြန်လှမ်းပိတ်လိုက်သည်။ လုရှောင်ချင်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "အစ်မကျိုက် ဘာလုပ်တာလဲ။"
သူမ၏စကားသံများမှာ ဗလုံးဗထွေး ဖြစ်သွားသည်။
ကျိုက်ဖေးဖေး ပြောလိုက်သည်။ "တိတ်တိတ်နေစမ်းပါ။ နင် စကားမပြောရင် ဘယ်သူမှ နင့်ကို အအလို့ မထင်ဘူး။ ပြီးတော့ အသံကိုနှိမ့်ပြောပါဦး၊ အခြေအနေကိုလည်း ကြည့်ဦး။ ပါးစပ်ထဲရှိတာ အကုန် လျှောက်မပြောနဲ့။"
လုရှောင်ချင်း - .....
ကျိုက်ဖေးဖေးက သူမကို လွှတ်ပေးလိုက်သောအခါ လုရှောင်ချင်းက အလိုအလျောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ထိုအချိန်မှာ ထမင်းစားချိန်ဖြစ်သဖြင့် စားသောက်ဆိုင်၌ လူအတော်များများ ရှိနေသည်။ သူမသည် မိမိ၏ ရမ်းသန်းပြောဆိုမိမှုကို သတိထားမိသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် ကျန်းနျန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "နင်နဲ့ တပ်ရင်းမှူးလု ဘာတွေဖြစ်နေတာလဲ။ အမှန်အတိုင်း ပြောစမ်းပါ။"
လုရှောင်ချင်းက ဆက်၍ ပြောခဲ့သည်။ "နင်က တပ်ရင်းမှူးလုကို မောင်လေးလိုပဲ သဘောထားတယ် ဆိုပြီးတော့ အခုကြတော့ ဘယ်လိုဖြစ်လို့ အတူရှိနေရတာလဲ။"
ကျန်းနျန် - …
ကျန်းနျန်မှာ အားလုံး၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူမက ခေါင်းမော့လိုက်ရာ လုယွီ၏ စိုက်ကြည့်နေသော အကြည့်နှင့် ဆုံသွားသည်။ သူမက အတင်းပြုံးပြလိုက်ပြီး လုရှောင်ချင်းကို စကားပြန်ပြောရန် ပြင်လိုက်သော်လည်း လုယွီက သူမထက် အရင်ဦးအောင် သူမ၏ လက်ကို ဆုပ်ကိုင်ကာ စားပွဲပေါ် တင်ပြီး ပြောလိုင်သည်။"ငါတို့ လက်ထပ်လိုက်ကြပြီ။"
သူက ဖြည့်စွက်ပြောခဲ့သည်။ "ငါက အရင်စပြီး လက်ထပ်ခွင့် တောင်းခဲ့တာပါ။"
ကျူးကျွင်းက အရင်ဆုံး လက်ခုပ်တီး၍ ပြောလိုက်သည်။ "တပ်ရင်းမှူးလုက တကယ့် ယောက်ျားကောင်းပဲ။"
လုယွီ - …
လုယွီ ကျူးကျွင်းကို တစ်ချက်လှမ်းကြည့်လိုက်ရာ ကျူးကျွင်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
ကျိုက်ဖေးဖေးက နှုတ်ခမ်းကို တင်းတင်းစေ့လျက် လုရှောင်ချင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ခဏအကြာတွင် ကျိုက်ဖေးဖေးက မေးလိုက်သည်။ "ဒါက ဝမ်းသာစရာပဲ၊ တကယ် ကောင်းပါတယ်။ နင်တို့ ဘယ်တုန်းက လက်ထပ်လိုက်တာလဲ။ ဘာလို့ ငါတို့ကို မပြောတာလဲ။"
လုရှောင်ချင်းမှာမူ မျက်မှောင်ကြုတ်လျက် ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။ သူမသည် ကျန်းနျန်အတွက် ဝမ်းသာသော်လည်း သတို့သားမှာ လုယွီ ဖြစ်နေသဖြင့် စိုးရိမ်နေမိသည်။ သူတို့ ဇာတိမြေကို ဘယ်လိုပြန်ကြမည်နည်း။ အခြားသူများကို ဘယ်လို ရင်ဆိုင်ကြမည်နည်း။
ကျန်းနျန်မှာ ဝေဖန်ကဲ့ရဲ့မှုများနှင့် ရင်ဆိုင်ရမည်ကိုလည်း သူမ စိုးရိမ်နေသည်။
ကျိုက်ဖေးဖေးလည်း စိုးရိမ်နေမိသော်လည်း သူတို့နှစ်ဦးမှာ လက်ထပ်ပြီးသားဖြစ်ပြီး တစ်ဦးပေါ်တစ်ဦး ထားရှိသော သံယောဇဉ်မှာ အစစ်အမှန်ဖြစ်ကြောင်း သိနားလည်လိုက်သည်။
လုယွီ ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်လကျော်က လက်ထပ်လိုက်တာပါ။"
ကျန်းနျန်သည် ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့၏ မျက်နှာပေါ်မှ စိုးရိမ်မှုများကို သတိပြုမိပြီး သူတို့ ဘာကို စိုးရိမ်နေကြသည်ကို နားလည်လိုက်သည်။ သူမသည် လုယွီ၏ လက်ကို တင်းတင်းဆုပ်ကိုင်လျက် ပြောလိုက်သည်။ "လုယွီနဲ့ ကျွန်မနဲ့က သွေးသားတော်စပ်တာ မဟုတ်ပါဘူး။"
ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့မှာ မှင်တက်သွားကြသည်။
ကျန်းနျန် ဆက်ပြောခဲ့သည်။ "ကျွန်မရဲ့ ကွယ်လွန်သွားတဲ့ ခင်ပွန်းရဲ့ မျိုးရိုးက ရှု့လေ။ လုယွီကို ရှု့မိသားစုက မွေးစားခဲ့တာဖြစ်ပြီး ကျွန်မခင်ပွန်းနဲ့ သွေးသားတော်စပ်တဲ့ ညီအစ်ကို မဟုတ်ပါဘူး။"
ကျူးကျွင်းကလည်း ဝင်ပြောလိုက်သည်။ "ဟုတ်တယ်၊ ဗိုလ်ကြီးရှု့နဲ့ တပ်ရင်းမှူးလုက သွေးသားမတော်စပ်ပေမယ့် ညီအစ်ကိုအရင်းတွေလို ချစ်ကြတာပါ။"
ကျိုက်ဖေးဖေးမှာ အံ့သြသွားပြီး လုရှောင်ချင်းကို ကြည့်လိုက်သည်။ ဟင်းပွဲများ ရောက်လာသောအခါမှ သူတို့ သတိဝင်လာပြီး ပြုံးပြကြသည်။ ကျိုက်ဖေးဖေးက ပြောသည်။ "လက်ထပ်တာက ကောင်းတဲ့ကိစ္စပဲ။ အဲ့လောက်ကြီး စိတ်မညစ်ကြပါနဲ့။ ဒါနဲ့ တပ်ရင်းမှူးလု... အရက်သောက်တတ်လား။ မင်းနဲ့ ကျန်းနျန် လက်ထပ်တာကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက်လောက် သောက်ကြရအောင်။"
လုယွီ ခေါင်းညိတ်လိုက်သည်။ "သောက်နိုင်ပါတယ်။"
ကျူးကျွင်းက စားပွဲထိုးထံမှ အရက်ဖြူတစ်ပုလင်း မှာလိုက်သည်။ ကျန်းနျန်မှာ တစ်ကျိုက်တည်းနှင့် အများကြီး သောက်လိုက်သည်။ သူတို့ လေးဦးမှာ အရက်တစ်ပုလင်းကို ကုန်အောင် သောက်လိုက်ကြသည်။ အရက်သိပ်မသောက်နိုင်သော လုရှောင်ချင်းမှာ တစ်ခွက်တည်းနှင့်ပင် မူးသွားတော့သည်။ သူမက စားပွဲကို ရိုက်လျက် ကျန်းနျန်ကို ပြောခဲ့သည်။
"နင်က တော်တော် အလိုက်မသိတာပဲ။ ဒီလောက်ကြီးတဲ့ ကိစ္စကို ငါတို့ကို မပြောဘူး။ လက်ထပ်ပြီးမှ အခုမှလာပြောတယ်။ ငါတို့ကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးလား။ ကျန်းနျန်... ငါ ပြောလိုက်မယ်၊ ငါ တကယ် စိတ်ဆိုးတာ။ နင် ငါ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမယ်၊ မဟုတ်ရင် နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။"
သူမ ထပ်ပြောခဲ့သည်။ "ဟို လက်ထောက်တပ်ရင်းမှူးစုန့်က တော်တော်ကြည့်ကောင်းသားပဲ။"
ထိုသို့ ပြောပြီး လေတက်လိုက်သည်။
ကျန်းနျန် - …
လုယွီ - …
ကျူးကျွင်း - …
နောက်ဆုံးတွင် ကျူးကျွင်းက လုရှောင်ချင်းကို အဆောင်အထိ ပိုး၍ ပြန်ပို့ပေးလိုက်ရသည်။ ထို့နောက် သူသည် ကျန်းရှောင်ကို ဂရုစိုက်ရန် ဆေးရုံသို့ အမြန်ပြန်သွားသည်။ ယခုအခါ သူ၏အမေက ကျန်းရှောင်အတွက် ဆန်ပြုတ်နွေးနွေးလေး ချက်ပေးထားပြီး ကျူးကျွင်းက စားသောက်ဆိုင်မှ အသားဖက်ထုပ်များကို သူတို့အတွက် ဝယ်သွားပေးခဲ့သည်။
ကျန်းရှောင် မေးလိုက်သည်။ "တပ်ရင်းမှူးလုက ရှင့်ကို ဘာလို့ ခေါ်တာလဲ။"
ကျူးကျွင်းက စားသောက်ဆိုင်၌ ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်သည်။ ကျန်းရှောင် ပြောလိုက်သည်။ "အစ်မကျန်းက တပ်ရင်းမှူးလုကို လက်ထပ်လိုက်တာ ကောင်းပါတယ်လို့ ငါ ထင်တယ်။ သူတို့က တော်တော်လိုက်ဖက်ကြတာပဲ၊ သူကလည်း ခန့်တယ်၊ သူမကလည်း လှတယ်။"
သူမ ပြုံးလိုက်သည်။ "တကယ်တော့ အစ်မကျန်းက ငါတို့နှစ်ယောက်ကို အောင်သွယ်ပေးခဲ့တာပဲ မဟုတ်လား။"
ကျူးကျွင်းလည်း ပြုံးလိုက်သည်။ "ဟုတ်တယ်၊ ငါတို့ မရီးနဲ့ တပ်ရင်းမှူးလုကို ကျေးဇူးတင်ရမယ်။"
သူတို့၏ အောင်သွယ်မှုမရှိလျှင် သူသည် ဤမျှကောင်းသော ဇနီးမျိုးကို ရရှိမည်မဟုတ်သလို ဤမျှ ချစ်စရာကောင်းသော သားလေးကိုလည်း ရရှိမည်မဟုတ်ပေ။
ကျူးကျွင်းသည် စင်္ကြံရှိ ကုလားထိုင်ပေါ်၌ ထိုင်ရင်း တစ်ညလုံး ကုန်လွန်စေခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် သူသည် ကျန်းရှောင်နှင့် သူ၏အမေအတွက် မနက်စာ ဝယ်ပေးပြီးနောက် တပ်ရင်းမှူးလုနှင့် ကျန်းနျန့်ကို သွားရှာသည်။ သူတို့သည်လည်း အစောကြီး ထနေကြပြီဖြစ်သဖြင့် တည်းခိုခန်းမှ ထွက်လာစဉ် သူတို့နှင့် ဆုံသည်။
ကျူးကျွင်း ပြုံးလိုက်သည်။ "တပ်ရင်းမှူးလု... ကျွန်တော် ဒီနေ့ ခင်ဗျားတို့နဲ့အတူ ပြန်လိုက်မယ်။"
လုယွီ ပြန်ဖြေလိုက်သည်။ "ကောင်းပြီ။"
ကျန်းနျန်မှာ အနည်းငယ် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ လုယွီက သူမ၏လက်ချောင်းလေးများကို ဆုပ်ကိုင်လျက် ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး၊ ကိုယ် ရှိနေတာပဲ။"
သူတို့ မနက်စာ မစားရသေးပေ။ ကျူးကျွင်းမှာ ကျန်းရှောင်တို့အတွက် မနက်စာ ဝယ်ပေးနေရသဖြင့် သူကိုယ်တိုင် စားရန် မေ့နေခဲ့သည်။ ထို့ကြောင့် သူသည် လုယွီ၊ ကျန်းနျန်တို့နှင့်အတူ စားသောက်ဆိုင်သို့ လိုက်သွားသည်။ လုယွီက ပေါက်စီ၊ အီကြာကွေးနှင့် နို့များကို မှာလိုက်သည်။ ကျန်းနျန် စားသောက်ပြီးသောအခါ လုယွီက ကျန်ရှိနေသော အစားအစာများကို ကုန်အောင် စားလိုက်သည်။ ထို့နောက် သူတို့သည် ဘူတာရုံသို့သွား၍ ပြန်မည့်ရထားကို စီးကြသည်။
လမ်းတွင် အမျိုးသမီးတစ်ဦးက နွေရာသီသုံး ပ၀ါပါးလေးကို ခြုံလျက် ချဉ်းကပ်လာသည်။ သူမသည် တစ်စုံတစ်ဦး လိုက်လာမည်ကို စိုးရိမ်နေသကဲ့သို့ နောက်ကို ခဏခဏ လှည့်ကြည့်နေသည်။ ကျူးကျွင်းက တစ်ခုခုမှားနေသည်ကို သတိပြုမိပြီး သူမ၏ရှေ့တွင် ပိတ်ရပ်ကာ မေးလိုက်သည်။ "ရဲဘော် တစ်ခုခု အခက်အခဲ ရှိလို့လား။"
ထိုအမျိုးသမီးမှာ ကျူးကျွင်း၏အသံကြောင့် လန့်သွားပြီး ပြောလိုက်သည်။"တစ်ယောက်ယောက် ကျွန်မနောက်ကို လိုက်နေလို့ပါ။ ကျေးဇူးပြုပြီး သူတို့ကို တားပေးပါ။"
ထို့နောက် သူမသည် ခေါင်းငုံ့ကာ ရှေ့သို့ ပြေးသွားရာ ကျန်းနျန်ကို ဝင်တိုက်လုနီးပါး ဖြစ်သွားခဲ့သည်။ ထိုအမျိုးသမီး စကားပြောလိုက်သောအခါ ကျန်းနျန်က သူမ၏ အသံမှာ စွင်းယင်၏ အသံဖြစ်ကြောင်း မှတ်မိသွားသည်။ လုယွီက တိုက်မိမည်စိုးသဖြင့် ကျန်းနျန်ကို ဘေးသို့ ဆွဲဖယ်လိုက်သည်။
"ရဲဘော်... အခက်အခဲ ရှိရင် ပြောပါ။ ရဲစခန်းကို သွားလို့ရတယ်၊ မကြောက်ပါနဲ့။"
ကျူးကျွင်းက စွင်းယင်ကို တားရန် ကြိုးစားလိုက်သည်။ သို့သော် ကျန်းနျန်က စွင်းယွမ်နှင့် အခြားလူအချို့ အဝေးမှ ပြေးလာကြသည်ကို မြင်လိုက်ရသည်။
စွင်းယင်မှာ သူမဖခင်၏ လိုက်ဖမ်းခြင်းကို ခံနေရခြင်းဖြစ်ကြောင်း ကျန်းနျန် နားလည်လိုက်သည်။
ကျန်းနျန် ပြောလိုက်သည်။ "ကျူးကျွင်း မေးဖို့ မလိုတော့ဘူး။"
ကျူးကျွင်းကရပ်ကာ ပြောလိုက်သည်။ "သွားကြစို့။"
ခြေလှမ်းအနည်းငယ် အကွာ၌ရှိသော စွင်းယင်မှာ ထိုအသံကို ကြားသောအခါ ရုတ်တရက် ရပ်တန့်သွားပြီး လုယွီနှင့် ကျန်းနျန်ကို လှည့်ကြည့်လိုက်သည်။ မီတာအနည်းငယ် အကွာမှ ကြည့်လျှင် သူတို့မှာ အလွန်ပင် သပ်သပ်ရပ်ရပ် ရှိလှသည်။ လုယွီက ကျန်းနျန်၏ခါးကို ကာကွယ်ပေးထားသကဲ့သို့ ဖက်ထားသည်။ ထိုယောက်ျား၏ မျက်ခုံးများမှာ အေးစက်ထက်မြက်နေပြီး သူ၏အကြည့်မှာ လမ်းဘေးရှိ အမှိုက်များကို ကြည့်နေသကဲ့သို့ ဂရုမစိုက်ဟန် ပေါ်နေသည်။
စွင်းယင်မှာ လုယွီနှင့် ဤနေရာ၌ ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
အထူးသဖြင့် ဤကဲ့သို့ အရှက်ရဖွယ် အခြေအနေမျိုး၌ ဖြစ်သည်။
သူမသည် ကျန်းနျန်ကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ကျန်းနျန်လည်း စွင်းယင်ကို ကြည့်လိုက်သည်။ လအနည်းငယ်အတွင်း စွင်းယင်မှာ တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ပွပွအင်္ကျီကို ဝတ်ထားသော်လည်း သူမ၏ ပိန်ချည့်နေသော ကိုယ်လုံးမှာ ထင်ရှားနေသည်။ သူမ၏ပါးများမှာ ချိုင့်ဝင်နေပြီး မျက်လုံးများမှာ ပြူးထွက်နေကာ အကြည့်များမှာလည်း ဗလာဖြစ်နေသည်။ သူမ၏ ညာဘက်မျက်လုံးအောက်မှ မှည့်နီလေးမှာလည်း မှေးမှိန်နေပြီ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် စွင်းယင်၏ မျက်လုံးအောက်မှ မှည့်နီလေးသာ မရှိလျှင် ကျန်းနျန်မှာ သူမကို မှတ်မိလိမ့်မည် မဟုတ်ပေ။
ကျူးကျွင်းမှာ စွင်းယင်ကို မှတ်မိသွားသောအခါ အံ့သြသွားပြီး ပါးစပ်အဟောင်းသားနှင့် ဘာမှမပြောနိုင် ဖြစ်သွားသည်။
အဝေးမှ လူအုပ်ကြီး နီးကပ်လာသောအခါ စွင်းယင်က သူမ၏ ပ၀ါပါးလေးဖြင့် မျက်နှာကို အုပ်လိုက်ပြီး တစ်ဖက်လူများ မိသွားမည်ကို စိုးရိမ်သကဲ့သို့ အမြန်ပြေးထွက်သွားတော့သည်။
လုယွီက ကျန်းနျန်၏လက်ကို ဆုပ်ကိုင်ကာ ရှေ့သို့ လျှောက်သွားခဲ့သည်။ စွင်းချောင်နှင့် အခြားသက်ကြီးပိုင်း အမျိုးသားအချို့ သူတို့ဘေးမှ ဖြတ်ပြေးသွားစဉ် စွင်းချောင် အော်ဟစ်လိုက်သံကို ကျန်းနျန် ကြားလိုက်ရသည်။ "မိလို့ကတော့ သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်။"
ကျန်းနျန် နောက်လှည့်ကြည့်လိုက်သောအခါ စွင်းယင်မှာ လမ်းထောင့်သို့ ရောက်နေပြီ ဖြစ်သည်။
စွင်းယင်မှာ ကလေးကို စွန့်ပစ်ပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း စွင်းချောင်က သိသွားခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။ စွင်းချောင်မှာ ဒါရိုက်တာ ရာထူးမှ ထုတ်ပယ်ခံရပြီး မိသားစုမှာလည်း ဝင်ငွေပျောက်ဆုံးသွားရာ ဤအရာအားလုံး၏ တရားခံမှာ စွင်းယင်ဖြစ်နေသဖြင့် စွင်းချောင်က သူ၏သမီးကို အလွန်ပင် မုန်းတီးနေမည်မှာ သေချာပေသည်။
သူတို့ ဘူတာရုံသို့ ရောက်ရှိပြီး ရထားပေါ် တက်လိုက်ကြသည်။ ကျန်းနျန်သည် ပြတင်းပေါက်ဘေး၌ ထိုင်ကာ လုယွီ၏ လက်မောင်းကို ခေါင်းမှီလျက် ချက်ချင်း အိပ်ပျော်သွားတော့သည်။ သူမသည် ခရီးဆုံးခါနီးမှ နိုးလာသည်။ ပြတင်းပေါက်အပြင်ဘက်မှ လျင်မြန်စွာ ကုန်လွန်သွားသော ရှုခင်းများကို ကြည့်လိုက်ပြီး မျက်လုံးကို ပြန်မှိတ်ကာ ခဏထပ်နားလိုက်သည်။ ရထားရပ်သောအခါ လုယွီက သူမကို ဆင်းရန် ကူညီပေးလိုက်သည်။
လုယွီသည် ရှု့ယန်၊ လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့အတွက် ပစ္စည်းများပါသော အိတ်ကြီးကို သယ်ဆောင်လာသည်။ သူတို့ မတွေ့ရသည်မှာ ခြောက်လခန့် ရှိပြီဖြစ်သဖြင့် ကျန်းနျန်မှာ ရှု့ယန်ကို တော်တော်သတိရနေပြီး သူမ ဘယ်လိုနေမည်နည်းဟု တွေးတောနေမိသည်။
သူတို့နှစ်ဦး ရထားပေါ်မှ ဆင်းပြီး မြို့နယ်မှ လမ်းလျှောက်ပြန်လာကြသည်။ စစ်အခြေစိုက်စခန်း နားသို့ ရောက်သောအခါ ရှု့ယန်နှင့် လုအိမ်မှ အဘွားအို၊ ထို့နောက် လျိုကျန့်ဝူတို့ကို တွေ့လိုက်ရသည်။ လျိုကျန့်ဝူက ကျန်းနျန်ကို အရင်မြင်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ရှု့ယန်၏ အင်္ကျီစကို ဆွဲကာ ခုန်ပေါက်လျက် ပြောလိုက်သည်။ "မေမေ၊ ဒေါ်လေးကျန်း ဒေါ်လေးကျန်း ပြန်လာပြီ။"
ရှု့ယန်မှာ အံ့သြသွားပြီး လျိုကျန့်ဝူ ညွှန်ပြရာသို့ ကြည့်လိုက်သည်။ မလှမ်းမကမ်းတွင် ကျန်းနျန်က ရှေ့ဆုံးမှ လျှောက်လာပြီး တပ်ရင်းမှူးလုနှင့် ကျူးကျွင်းတို့က နောက်မှ လိုက်လာကြသည်။ ခြောက်လအကြာတွင် ကျန်းနျန်မှာ အရင်နှင့် မတူတော့ဘဲ ပို၍ပင် လှပလာသည်ဟု ထင်ရသည်။
ရှု့ယန်က ဝမ်းသာအားရ လှမ်းခေါ်လိုက်သည်။ "ကျန်းနျန်။"
သူမ ပြေးသွားပြီး လျိုကျန့်ဝူကလည်း နောက်မှ လိုက်လာကာ ပြောခဲ့သည်။ "ဒေါ်လေးကျန်း... သတိရနေတာ။"
အဘွားအိုကလည်း ရယ်မောလျက် ပြောလိုက်သည်။ "ဖြည်းဖြည်းလာကြပါ၊ ချော်လဲဦးမယ်။"
"ဒေါ်လေးကျန်းကလည်း သတိရပါတယ်။"
ကျန်းနျန်က လျိုကျန့်ဝူ၏ခေါင်းကို ပွတ်သပ်လျက် ပြုံးပြလိုက်သည်။ "ကျန့်ဝူ မင်း အရပ်တော်တော် ရှည်လာတာပဲ။"
လျိုကျန့်ဝူ ပြန်ဖြေလိုက်သည်။ "မေမေလည်း သားကို အရပ်ရှည်လာတယ်လို့ ပြောတယ်။"
အဘွားအို အနားသို့ ရောက်လာသောအခါ ကျန်းနျန်က နှုတ်ဆက်လိုက်သည်။ "အဒေါ် အရောင်းဆိုင်ကို သွားမလို့လား။"
အဘွားအိုက ပြန်ဖြေလိုက်သည်။ "ဆားလေး ဘာလေး သွားဝယ်တာပါ။" ထိုသို့ ဖြေပြီး လုယွီနှင့် ကျူးကျွင်းကို နှုတ်ဆက်ကာ ပြောလိုက်သည်။"ဘယ်လိုဖြစ်လို့ ပြန်လာကြတာလဲ။"
ရှု့ယန်လည်း ဖြည့်ပြောလိုက်သည်။ "ဟုတ်တယ်၊ နင်တို့ ဒီနှစ်ကုန်မှ ပြန်လာမယ် ထင်နေတာ။"
ကျန်းနျန်မှာ နှုတ်ခမ်းကို တင်းတင်းစေ့လျက် အဘွားအို၏ မေးခွန်းကို ဘယ်လိုပြန်ဖြေရမည်ကို မသိဖြစ်နေသည်။ သူမသည် လမ်းညွှန်ချက်ရရန် လုယွီကို လှည့်ကြည့်လိုက်သည်။
လုယွီ ပြောလိုက်သည်။ "ဒီအတိုင်းပဲ တစ်ချက်ပြန်ကြည့်ပြီး ရဲဘော်ဟောင်းတချို့နဲ့ တွေ့ဆုံနှုတ်ဆက်ဖို့ပါ။"
အဘွားအိုက ပြုံးလိုက်သည်။ "ပြန်လာပြီး လည်ပတ်တာ ကောင်းတာပေါ့။"
ရှု့ယန်သည် ကျန်းနျန်ကို အလွန်သတိရနေခဲ့သည်။ တစ်ခါတရံတွင် သူမသည် ခြံထဲ၌ တစ်ဦးတည်းထိုင်ကာ ဘေးခြံကို ငေးကြည့်ရင်း ကျန်းနျန်၊ ဖန့်မိန်တို့နှင့်အတူ အချိန်ဖြုန်းခဲ့ကြသည်များကို ပြန်လည်အောက်မေ့နေတတ်သည်။ ထိုအချိန်များက အလွန်စည်ကားပြီး ပျော်ရွှင်စရာကောင်းခဲ့သည် မဟုတ်ပါလား။
ယခုအခါ ကျန်းနျန်၏ ခြံဝန်းထဲတွင် ကျူးကျွင်း နေထိုင်နေပြီး ဖန့်မိန်၏ ခြံဝန်းထဲသို့လည်း လူသစ်များ ပြောင်းရွှေ့လာကြပြီဖြစ်သည်။
ရှု့ယန်သည် ကျန်းနျန်နှင့်အတူ လမ်းလျှောက်လာရင်း လွန်ခဲ့သော ခြောက်လအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြနေသည်။ သူမက လျိုချမ့်အကြောင်းကိုလည်း ထည့်ပြောသည်။ သူသည် ပြီးခဲ့သော ခြောက်လအတွင်း အိမ်သို့ အလွန်ခဲယဉ်းစွာ ပြန်လာတတ်ပြီး ပြန်လာသည့်အခါတိုင်းတွင်လည်း ပိုက်ဆံအနည်းငယ်ချန်ထားကာ ပြန်ထွက်သွားလေ့ရှိသည်ဟု ဆိုသည်။ လျိုကျန့်ယဲ့မှာလည်း သူ့ကို 'ဖေဖေ' ဟုပင် မခေါ်ချင်တော့သလို လျိုကျန့်ဝူမှာလည်း လျိုချမ့်ကို မြင်သည့်အခါတိုင်း နာကျည်းမှုကို ခံစားနေရသည်။
လျိုချမ့်အကြောင်း ပြောနေစဉ်တွင် ရှု့ယန်၏ မျက်နှာမှာ ထုံထိုင်းသွားသလို ခံစားရသည်။ သူမက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "သူ့အပေါ် ငါ မျှော်လင့်ချက်တွေ မရှိတော့ပါဘူး။ ငါတို့ သားအမိ သုံးယောက်ကို စားစရာလေး တစ်ခုခု ပေးနိုင်သရွေ့ ငါ ဘာမှ ထပ်မတောင်းဆိုတော့ဘူး။"
ကျန်းနျန်သည် ရှု့ယန်၏လက်ကို ဆုပ်ကိုင်ထားမိပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။
သူမသည် အရင်က ရှု့ယန်၏ဘဝ ပိုမိုကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူမ မည်မျှပင် ကြိုးစားခဲ့ပါစေ ရှု့ယန်နှင့် လျိုချမ့်တို့၏ အခြေအနေမှာ ဝတ္ထုထဲကအတိုင်းသာ လိုက်ပါသွားပြီး ဘယ်သောအခါမှ တိုးတက်မလာခဲ့ပေ။ တပ်ရင်းမှူးစုန့်၏ မိသားစုမှာ အဆင်ပြေနေသော်လည်း ရှု့ယန်မှာ အဘယ်ကြောင့် ဤသို့ဖြစ်နေရသနည်းဆိုသည်မှာ စဉ်းစားရခက်လှသည်။
ရှု့ယန်က ကျန်းနျန်၏လက်ကို ပြန်လည်ညှစ်လျက် ပြောလိုက်သည်။ "ငါ့အတွက် စိတ်မပူပါနဲ့၊ ငါ အခု အဆင်ပြေနေပါတယ်။"
သူတို့ စစ်အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ စစ်သည်များ၏ ဇနီးသည်များက ကျန်းနျန်ကို နွေးထွေးစွာ နှုတ်ဆက်ကြသည်။ လုယွီကို မြင်သောအခါ သူတို့က ပြုံးလျက် ပြောကြသည်။ "အိုး တပ်ရင်းမှူးလု ပြန်လာပြီပဲ။"
လုယွီ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်။"