– လက်ရာမွန် (၃)
Vol. 5 Ch. 245
Alternative Chapter Name – A Liar's Dream
“အစ်မကြီးရေ၊ ပုံဆွဲကြမယ်လေ။”
နောက်တစ်နေ့မနက်ရောက်တော့ ကောင်စုတ်လေး ဂျူလီယန်က ဟိုတယ်ဧည့်ခန်းက ကဖေးမှာထိုင်ပြီး ကျွန်မကို အသင်စောင့်နေရော။ ကျွန်မကိုမြင်တာနဲ့ လက်လှမ်းပြပြီး ခေါ်တော့တာ။
ကျွန်မတကယ်ပဲ လိုက်မသွားချင်ဘူး။ ဒါပေမဲ့ သဘောတူထားပြီးသားလေ။ ကတိပေးပြီးသားကို ဖျက်ပစ်ရင် ဒီကလေးတော်တော်စိတ်မကောင်း ဖြစ်သွားမှာမဟုတ်လား။
ကျွန်မသတိထားမိတဲ့အချိန်ရောက်တော့ နှစ်ယောက်သား လမ်းမပေါ်မှာ ပခုံးချင်းယှဥ်လျက် လမ်းလျှောက်နေမိပြီ။ လူတွေအများကြီးက ကျွန်မတို့ကိုစိုက်ကြည့်လို့။
“အစ်မရေ၊ သူတို့က အစ်မကိုစိုက်ကြည့်နေကြတာနော်။ မနာလိုစရာကောင်းအောင် လှလွန်းလို့လေ။”
တော်တော်စကားတတ်တဲ့ကလေး။ ဒါပေမဲ့ သူပြောတာ အမှန်တစ်ဝက်ပါတယ်။ လူတွေက ကျွန်မကိုရော သူ့ကိုပါ ကြည့်နေကြတာကလွဲလို့ပေါ့။ ကျွန်မကတော့ လက်နှစ်ဖက်ကို ရှေ့မှာ ထပ်တင်ထားလိုက်ပြီးတော့ ဣန္ဒြေရရနေဖို့ ကြိုးစားနေတယ်။ လမ်းသာလျှောက်နေပြီး ပန်းတိုင်က ဘယ်ကိုမှန်းမသိတာလည်းခက်သား။
ဟိုတယ်ရှိတဲ့လမ်းကနေထွက်ပြီး လမ်းမကြီးပေါ်ကို ရောက်တဲ့အခါမှာတော့ မနေနိုင်ဘဲ မေးမိလိုက်လေရဲ့။
“ဂျူလီယန်၊ အစ်မတို့ ဘယ်သွားနေတာလဲ။” မတော်လို့ သူကျွန်မကို မဟုတ်တဲ့နေရာတွေခေါ်သွားပြီး ရောင်းစားရင် မခက်ပေဘူးလား။ ဒီကောင်လေးက အဲဒီလိုလုပ်မယ့်ပုံစံမျိုးမဟုတ်ပေမဲ့ ပြောမရဘူးလေ။ ကျွန်မတစ်ကိုယ်လုံးက အဖိုးတန်သတ္တုတွေနဲ့ သွန်းလုပ်ထားတာ။
“စိန့်ဗင်းဆန့်ပန်းခြံကို သွားမလို့လေ။ အစ်မဝတ်ထားတဲ့ ပုံစံနဲ့ဆိုရင် အဲဒီကရှုခင်းတွေနဲ့ တအားလိုက်မှာ။” ဒါပေမဲ့ ကျွန်မဝတ်ထားတာက ပုံမှန်ပဲလေ။ မိုးပြာရောင် ဂါဝန်ဖြစ်ပြီးသိပ်ထူးထူးခြားခြားမှမရှိတာ။
ဆယ့်ငါးမိနစ်လောက်ကြာတော့ ကွန်ကရစ်လမ်းလေး တစ်ခုရဲ့အဆုံးမှာရှိနေတဲ့ သစ်ပင်တွေ ခပ်အုပ်အုပ်ရှိတဲ့ ပန်းခြံငယ်လေးတစ်ခုဆီကိုရောက်လာတယ်။ ကားတွေ အများကြီးသွားလာနေတဲ့လမ်းဖြစ်ပေမဲ့ မီးပွိုင့်မရှိတဲ့ လူကူးမြင်းကြားနားမှာရပ်လိုက်တာနဲ့ ကျွန်မတို့ဖို့ ကားတွေရပ်ပေးကြတယ်။
အတူလမ်းကူးပြီးတဲ့နောက်မှာတော့ ပန်းခြံနဲ့ကျွန်မတို့က အုတ်တံတိုင်းလေးတစ်ခုပဲ ခြားပါတော့တယ်။ အတွင်းက ကျောက်ခင်းလမ်းကလေးအတိုင်းလျှောက်လာ၊ ရှည်လျားတဲ့မြက်ခင်းမြင်တွေနဲ့ သစ်ပင်ငယ်တွေကို ဖြတ်ကျော်လာပြီးတော့ ရေကန်ကြီးတစ်ခုရဲ့ရှေ့ကို ရောက်လာကြပြီ။ ရေကန်ရဲ့အလယ်မှာ သစ်သားတံတား တစ်ခုရှိပြီးတော့ လေပြေတွေက ကျွန်မဆံပင်တွေကို ပြန့်လွှင့်နေစေပါတယ်။
“အစ်မရေ၊ ဒီခြင်းတောင်းလေးကိုင်ပြီး တံတားပေါ်မှာ ရပ်နေပေးပါလား။”
မကြာဘူး၊ ကောင်စုတ်လေးက ကြိမ်ခြင်းတောင်း အလွတ်ကလေးကို ကျွန်မလက်ထဲထည့်လိုက်ပြီးတော့ တံတားပေါ်ရပ်ခိုင်းတယ်။ သူလိုချင်တဲ့ပို့စ်ရတဲ့အထိ အနည်းငယ်ညွန်ပြပြီးချိန်မှာတော့ မြက်ခင်းတစ်နေရာမှာ ထိုင်ပြီးတော့ ခဲပန်းချီစဆွဲတော့တာပဲ။
ခြစ်... ခြစ်... ခြစ်...
ဒါပေမဲ့လေ မနက်ခင်းကနေ နေ့လယ်အထိသာ ရောက်သွားတယ်။ သူဆွဲနေတာမပြီးသေးဘူးရယ်။ ပုံကြမ်းတွေတစ်ပုံပြီးတစ်ပုံပြီးသွားခဲ့ပေမဲ့လို့ သူအကုန်လုံးကို စိတ်ဆိုးမာန်ဆိုးနဲ့ဆွဲဖြဲပစ်ပြီး အစကနေပြီး ပြန်စနေတာပါ။
ကြာတော့ ကျွန်မလည်း စိတ်မရှည်တော့ဘဲနဲ့ သူ့အနားကိုကပ်သွားပြီး ပုံကြမ်းတစ်စခုကိုဆွဲဖြဲဖို့ လုပ်နေတဲ့ကောင်လေးခေါင်းကို ပုတ်လိုက်တယ်။
“ဂျုလီယန်... ဘာတွေအတွေးလွန်နေပြန်တာလဲ။”
သူက ကျွန်မကိုမော့ကြည့်တယ်။ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်နှက်လို့။ ငိုတော့မယ့်အတိုင်းပဲ။ “အစ်မရေ၊ ကျွန်တော်ဆွဲတာတွေက မကောင်းဘူး ထင်တာပဲ။”
ကျွန်မ ဒီစကားကိုကြားတော့ သူစုတ်ဖြဲထားတဲ့ပန်းချီ ပုံကြမ်းတွေထဲက တစ်ခုကိုဖြန့်ကြည့်လိုက်ပါတယ်။ ကျွန်မက ပန်းချီကျွမ်းကျင်တဲ့သူမဟုတ်ပေမဲ့လို့ သူဆွဲထားတာက တော်တော်လေးကောင်းပြီးတော့ ရုပ်ရှင်တွေထဲမှာတွေ့ရတဲ့ ပုံကြမ်းတွေလိုမျိုးပဲ။ ဒါပေမဲ့ ပြဿနာက သူဆွဲနေကျပုံစံမဟုတ်ဘဲ အနောက်တိုင်း မူဟန်နဲ့ဆွဲထားတာပါ။
“ဂျူလီယန်၊ ဘာလို့ ကိုယ်ဆွဲနေကျပုံစံနဲ့မဆွဲတာလဲ။”
ကျွန်မက မေးလိုက်တော့ သူကပုံဆွဲစာအုပ်ကို ဘေးချထားပြီး သူ့ဒူးသူလက်နဲ့ပိုက်ထားတယ်။ “အဖိုးက ကျွန်တော်ဆွဲတဲ့ အန်နီမဲပုံစံကိုမကြိုက်ဘူးလေ။”
“ဂျူလီယန်၊ အစ်မက မင်းအဖိုးနဲ့မတွေ့ဖူးပေမဲ့လို့ ဂျူနီယန်ရဲ့အဖိုးက အဲဒီလိုမဆိုလိုတာတော့ သေချာတယ်။”
ကျွန်မ သူမနေ့ကပြောတဲ့ စကားတွေကို သတိရသေးတယ်။ နားထောင်ကြည့်ရသလောက် ဂျူလီယန်ရဲ့အဖိုးက ဂျူလီယန်ရဲ့ပုံတွေကိုမကြိုက်တာ မဟုတ်ဘဲနဲ့ အနောက်တိုင်းပန်းချီပညာကိုသင်ပေးချင်တဲ့ ဆန္ဒစောနဲ့ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့တဲ့ပုံပါပဲ။
“ဂျူလီယန်... အဖိုးက မောင်လေးကို သူတတ်ထားတဲ့ ပညာတွေလက်ဆင့်ကမ်းချင်လွန်းလို့ အပြောမတတ်ဘဲ ဆိုးဆိုးဝါးဝါးပြောခဲ့မိတာလို့ အစ်မထင်တယ်။ ဒါကြောင့် မောင်လေးဉာဏ်ရည်တုသုံးလိုက်တဲ့အခါမှာ အဖိုးစိတ်ထိခိုက်သွားတာပေါ့။ အစကတည်းက သူမောင်လေးကို ဂရုမစိုက်ရင် အဲဒီလိုဖြစ်ပါ့မလား။”
ကျွန်မစကားကြောင့် ဂျူလီယန်ငြိမ်ကျသွားခဲ့တယ်။ ကျွန်မကတော့ ဒီလောက်နဲ့တင်မတော်သေးဘဲနဲ့ သူ့ဆံပင်တွေကို ခပ်ဖွဖွပွတ်သပ်ပေးမိပါတယ်။ ကျွန်မလက်တွေက သတ္တုလက်တွေဖြစ်နေလို့ သူ့ကိုမထိခိုက်မိအောင် ဂရုစိုက်ရင်းနဲ့ပေါ့။
“ဒါဆို ကျွန်တော်ဆွဲနေကျပုံနဲ့ အစ်မပုံကိုဆွဲလိုက်ရင် အဆင်ပြေသွားမှာလား။”
“အင်း... ဆက်ဆွဲကြရအောင်....”
ကျွန်မက အားပေးလိုက်ပေမဲ့ ဂျူလီယန်က ခေါင်းခါလိုက်တယ်။ ”ဒါပေမဲ့ နေမြင့်နေပြီလေ။ အစ်မအဲဒီမှာ နာရီနဲ့ချီပြီးရပ်နေတာ မပင်ပန်းဘူးလား။”
ကျွန်မက သူ့ကိုပြုံးပြမိတာပေါ့။ ကျွန်မလိုအရုပ်တစ်ရုပ်ဖို့ တစ်နှစ်ပတ်လုံး တစ်နေရာတည်းမှာရပ်နေရင်တောင် ဘာမှထူးထူးခြားခြားခံစားရမှာမဟုတ်ဘူးလေ။ ဒါပေမဲ့ စကားတွေပြောနေမယ့်အစား တံတားပေါ်ကိုပြန်သွားပြီး သူပြခဲ့တဲ့ကိုယ်ဟန်အတိုင်းပဲ ရပ်နေခဲ့တယ်။
“အဖိုးအတွက် လက်ဆောင်မပေးချင်ဘူးလား။”
“ဟုတ်...” ကောင်လေးက ဝမ်းသာအားရနဲ့ ခေါင်းညိတ်ပြီး ပန်းချီစဆွဲတယ်။ နောက်တော့ အချောသတ်တာပြီးသွားပြီး ဖယောင်းခဲတံတွေနဲ့ အရောင်စခြယ်တယ်။
မွန်းလွဲပိုင်းရောက်စအချိန်မှာအရာအားလုံး ပြီးဆုံးသွားပြီး ဂျူလီယန်က သူဆွဲထားတဲ့ပုံကို ကျွန်မကိုပြတယ်။ ပုံထဲမှာ အပြာရောင်ရွာသူလေး ဂါဝန်ဝတ်ထားတဲ့ကျွန်မက သစ်သီးတွေအပြည့်နဲ့ ကြိမ်ခြင်းလေးကိုကိုင်ထားပြီး ခေါင်းပေါ်မှာတော့ ပန်းသရဖူလေးနဲ့။ နောက်မှာတော့ကျေးငှက်တွေ တေးသီနေတဲ့တောအုပ်ကြီးနောက်ခံ။
“လှလိုက်တာ... ပြိုင်ပွဲဝင်ပြိုင်ရင် ပထမဆုရစေရမယ်လို့ အစ်မပြောရတယ်။” ဂျူလီယန်ရဲ့ပန်းချီက ဟိုးအရင် အန်နီမဲရုပ်ရှင်ရုံတင်ကားတွေက လက်ရာမျိုးအတိုင်းပဲ စိတ်ကူးယဥ်ဆန်ပြီးလှပတယ်။
“အစ်မ၊ ကျွန်တော့်ကို ကူညီပေးတဲ့အတွက်ကျေးဇူးပါ။”
...
ပုံဆွဲပြီးချိန်မှာတော့ ပါပစ်ညန်ဆေးရုံဆီကို ထွက်လာဖြစ်ကြပါတယ်။ ကူမယ့်ကူတော့ အဆုံးထိကူညီမှဖြစ်မှာလို့တွေးရင်းနဲ့ပေါ့။ ကောင်လေးဂျူလီယန်က ခွန်းဆန့်မုန့်ကိုလက်မှာ ကိုင်စားရင်းနဲ့ကျွန်မကိုမေးလိုက်တယ်။
“အစ်မ၊ နေ့လယ်စာမစားဘူးလား။ ကျွန်တော်ဝယ်ကျွေးမယ်။ ပြောနေတဲ့ဥစ္စာကို။”
“အစ်မ မဆာလို့ပါ။” ကျွန်မငြင်းဖြစ်ခဲ့တယ်။ ဂျူလီယန်က ကျွန်မဖို့ပါ စားစရာတွေဝယ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့လို့ ကျွန်မမှစားလို့မရခဲ့တာ။ ဒီလို ငြင်းလိုက်တဲ့အတွက်ကြောင့် ဂျူလီယန် စိတ်နည်းနည်း ပျက်သွားသလိုပဲ။
ဂျူလီယန်ရဲ့အဖိုးရှိတဲ့ဆေးရုံခန်းရှေ့ကိုရောက်တော့ ကျွန်မရှေ့ဆက်မသွားတော့ဘဲ ရပ်လိုက်ပါတယ်။ ဂျူလီယန်ကတော့ အံ့ဩတကြီးနဲ့ကျွန်မကိုကြည့်လို့။
“ဂျူလီယန်၊ အစ်မဒီမှာပဲ စောင့်နေမယ်နော်။ မောင်လေးအတွက် ကိုယ်ပိုင်အချိန်လိုမယ်လို့ ခံစားမိလို့ပေါ့။”
ကျွန်မရှင်းပြတော့ ဂျူလီယန်က နားလည်တဲ့အနေနဲ့ ခေါင်းညိတ်ပြပြီးတော့ အခန်းတံခါးကိုဖွင့်ကာ သူတစ်ယောက်တည်းဝင်သွားတယ်။ အတော်လေး တိတ်ဆိတ်နေခဲ့ပေမဲ့ မကြာခင်မှာပဲ တံခါးပြန်ပွင့်လာပြီး ဂျူလီယန်ထွက်လာတယ်။
သူ့ပုံစံက ပျော်ရွှင်လန်းဆန်းနေပုံပဲ။ “အဖိုးကပြောတယ်။ ဆေးရုံကဆင်းရင် ကျွန်တော် ဘယ်လိုပုံဆွဲလည်း သူ့ကိုသင်ပေးပါတဲ့။”
“ကျွန်တော်လည်း အနောက်တိုင်းပုံဆွဲနည်းသင်ပေးရင် ပြန်သင်ပေးမယ်လို့ပြောလိုက်တယ်။” ကြည့်ရတာ အားလုံးအဆင်ပြေသွားပုံပါပဲ။
ဒါပေမဲ့ ကျွန်မအိမ်ပြန်မယ့်လမ်းအထိ သူဆက်လိုက် လာတာမြင်ရတော့ ကျွန်မဘာပြောရမှန်းမသိတော့ဘူး။ ဟိုတယ်နားရောက်တဲ့အထိ ဂျူလီယန် မပြန်သေးတော့ ကျွန်မစိတ်အိုက်လာပြီ။ လေသံမမာအောင် သတိထားပြီ မေးလိုက်မိတာပေါ့။
“ဂျူလီယန်... နောက်ကျနေပြီလေ။ အိမ်က စိတ်ပူနေဦးမယ်။”
ကျွန်မဒီလိုပြောတော့ ဂျူလီယန်က သူ့လက်တွေကို တင်းတင်းဆုပ်ထားရင်းနဲ့ ရှက်ကြောက်နေတဲ့မျက်နှာနဲ့ ကျွန်မကိုမေးလာတယ်။
“အ... အစ်မက ပြန်တော့မှာလား။”
ကျွန်မလည်း စဥ်းစားလိုက်တယ်။ ဒီခရီးက မမလေး မိုနီကာရဲ့ကျန်းမာရေးအတွက် သခင်စီစဥ်ခဲ့တာလေ။ မမလေးမိုနီကာခရီးမပန်းအောင်လို့ ကြားမြို့တွေမှာနားဖို့ အစီအစဥ်ချထားတာဆိုပေမဲ့ အကြာကြီးနေမှာတော့ မဟုတ်ပါဘူး။ အခုနှစ်ရက်ရှိသွားပြီဆိုတော့ မနက်ဖြန် ခရီးဆက်ဖြစ်လိမ့်မယ်ထင်တာပဲ။
“အင်း၊ အစ်မတို့က ရှေ့ဆက်စရာခရီးရှိသေးတယ်။ ဒါကြောင့် အဖိုးကိုဒုက္ခမပေးမိဖို့ ဂရုစိုက်ဦးနော်။”
“အင်း...” ကောင်လေးက ခေါင်းညိတ်လိုက်ပေမဲ့ နောက်ထပ် ပြောစရာရှိနေသေးပုံပဲ။ နောက်ဆုံးတော့ သူ့မှာရှိတဲ့ သတ္တိတွေအားလုံးကိုထုတ်ယူလိုက်ပြီးတော့ ကျွန်မကို ဖွင့်ပြောလာခဲ့တယ်လေ။
“တကယ်လို့ ကျွန်တော်အရွယ်ရောက်လာပြီး အစ်မကို လာရှာရင်ရော အခုလိုပဲ ကြင်ကြင်နာနာ ဆက်ဆံဦးမှာလား။”
နောက်ထပ် အဖြေမရှိတဲ့မေးခွန်းတစ်ခု။ ဒီကလေးရဲ့ ရင်ခုန်သံတွေ မြန်နေတာကို ကျွန်မသတိထားမိပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့အတွက်စိုးရိမ်မိပြန်တယ်။
“မောင်လေးက အစ်မကို တကယ်ရှာနိုင်မယ်လို့ ထင်လို့လား။” ကမ္ဘာပေါ်မှာ လူသန်းပေါင်းခုနစ်ထောင် ရှိတဲ့အထဲမှာမှ ဒေါ်ရသီဆိုတဲ့ကျွန်မက သခင်နက်ဆန် သွားနေရာနောက်ကို လိုက်နေရတဲ့သူပါ။ ကမ္ဘာဆိုတာ အကျယ်ကြီးပဲ။ နာမည်လောက်ပဲသိတဲ့သူတစ်ယောက်ကို သူဘယ်လိုရှာနိုင်မှာလဲ။
“ကျွန်တော်အစ်မကို တစ်ကြိမ်ရှာခဲ့ပြီးပြီ။ ထပ်ပြီး ရှာနိုင်မယ်လို့လည်း ကျွန်တော်ယုံတယ်။”
လာပြန်ပြီ။ လောကကြီးရဲ့အကျယ်အဝန်းကို သေချာမသိသေးတဲ့ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားတွေ။ ဒီစကားတွေက ကျွန်မလိုလူမျိုးအတွက် ချိုသာပေမဲ့အနှစ်သာရမရှိသလိုပါပဲ။ ပြီးတော့ ကျွန်မက..
“မောင်လေး... တကယ်လို့ အစ်မက မောင်လေး ထားသလို အရာတစ်ခုမဟုတ်ရင်ရော...”
“အစ်မပြောတာက...” တကယ်ပဲ ဂျူလီယန်က ကျွန်မပြောတဲ့စကားကိုနားမလည်ဘူး။ နောက်ထပ် ကျွန်မလုပ်မယ့်အရာက သူ့နှလုံးသားကို နာကျင်စေမလားမသိပေမဲ့ ရိုးရိုးသားသား ပြောပြသင့်တယ်လို့ထင်တဲ့ကိစ္စတစ်ခု ကျွန်မမှာ ရှိနေပါတယ်။
ကျွန်မ ညာဘက်လက်ကိုမြှောက်ပြီး ဘယ်ဘက်လက်နဲ့ အဖြူရောင်ပိတ်သားလက်အိတ်ကို ချွတ်လိုက်တယ်။ လူသားတစ်ယောက်ရဲ့လက်နဲ့မတူဘဲ ယန္တရားအဆစ်တွေ ပြည့်နှက်နေတဲ့ ကျွန်မလက်က ပေါ်ထွက်လာခဲ့ပါပြီ။
“တကယ်တော့ အစ်မက လူသားတစ်ယောက် မဟုတ်ဘူး။”
“.....” အဲဒီနောက်တော့ ကောင်လေးတိတ်ဆိတ် သွားခဲ့တယ်။ သူကြောက်လန့်ပြီး ထွက်ပြေးသွားမယ်လို့ ထင်ထားခဲ့ပေမဲ့...
“အစ်မက ကျွန်တော့်အတွက် နှစ်ယောက်မရှိတဲ့ သူပါ။ ကျွန်တော်ရအောင် လိုက်ရှာမယ်။”
...
ကောင်လေးပြန်သွားပြီးတဲ့နောက်တော့ အခန်းကိုပြန် ထိုင်ခုံမှာထိုင်ပြီး အဲဒီအကြောင်းတွေကိုပြန်စဥ်းစား နေခဲ့မိပါတယ်။ ကျွန်မသူ့အပေါ် သိပ်ကြင်နာခဲ့မိလို့ ကလေးတစ်ယောက်ကို လက်သပ်မွေးမိသလိုမျိုး ဖြစ်သွားသလား။ အဲဒီလိုမရည်ရွယ်ခဲ့ရိုးတော့အမှန်ပါ။
မမလေးဆယ်ဗီကို ကျွန်မပြောပြလိုက်တော့...
“နင် သူလာရှာမှာကို မမျှော်လင့်နေဘူးဆိုရင် ဘာလို့ဒီလောက်ထိ ခေါင်းရှုပ်ခံတွေးနေမှာလဲ။”
လာပြန်ပြီ။ ကျွန်မကို အနေရခက်စေတဲ့ စကားတွေ။ ဒါကြောင့်ပဲ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း မမလေးဆယ်ဗီကို ကျွန်မပြောခဲ့မိတယ်။
“ဒါပေမဲ့ ဒါက ကလေးစကားတွေပဲမဟုတ်လား။ ကျွန်မပြောရဲတယ်။ အချိန်တွေတိုက်စားလာတာနဲ့အမျှ လူတွေက ပြောင်းလဲလာတတ်တယ်တဲ့။
နှစ်တွေသိပ်မကြာခင်မှာပဲ သူကျွန်မရဲ့မျက်နှာကို ပြန်မမှတ်မိလောက်အောင် မေ့ကောင်းမေ့သွားလိမ့်မယ်။ ကျွန်မရဲ့စကားသံတွေနဲ့ နွေးထွေးမှုကိုလည်း သတိရချင်မှ ရတော့မှာ။
သူတကယ်ချစ်တဲ့သူတစ်ယောက်ကို ရှာတွေ့သွားတာလဲ ဖြစ်နိုင်တာပဲလေ။ ဒါကြောင့်...”
ကျွန်မရင်ထဲမှာ တင်းကျပ်တဲ့ခံစားချက်တစ်ခုကို ရနေတယ်။ မမျှော်လင့်သင့်တဲ့အရာတစ်ခုမှန်း သိနေပေမဲ့ ကျွန်မမှာနှလုံးသားဆိုတဲ့အရာသာရှိရင် တောင်းတစိတ်နဲ့ခုန်နေလိမ့်မယ်လို့ ခံစားမိပြန်တယ်။
မမလေးဆယ်ဗီကတော့ ကျွန်မပခုံးပေါ်ကို လက်တင်လိုက်ပြီး...
“ ဒီမှာကတည်းက အဖြေပေါ်နေပြီလေ။ နင်သူ့ကို သတိရနေပြီး သူ့ကိုလည်း နင့်ကို သတိရနေစေချင်တယ် ဆိုတာကိုပေါ့။ နောက်ဆုံးတော့လည်း ဒေါ်ရသီ၊ နင်လည်း စိတ်ကစားတတ်တဲ့အရွယ်မှာပဲမဟုတ်လား။”
ကျွန်မပြန်တွေးကြည့်မိတယ်။ ကျွန်မရဲ့ခန္ဓာကိုယ်ကို လူကြီးတစ်ယောက်လိုဖန်တီးထားခဲ့ပေမဲ့ လူသားအနေနဲ့ ကျွန်မရဲ့စိတ်ရင့်ကျက်မှုက ဆယ်ကျော်သက်တွေနဲ့ ဘာမှမကွာခြားသေးဘူး။ အပေါ်ယံမှာမတူညီပေမဲ့ ကျွန်မတို့တွေရဲ့နှလုံးသားက အတူတူဖြစ်နေတာလဲ ဖြစ်နိုင်တာပဲလေ။
“ဟိုးအရင်တုန်းက ငါ့ကို လူတစ်ယောက်ပြောဖူးတယ်။ လူသားတစ်ယောက်မှာ လွတ်လပ်စွာစိတ်ကူးယဥ်ခွင့် ယုံကြည်ခွင့်ရှိတယ်တဲ့။ နင်သူ့ကို မျှော်လင့်မိနေမယ် ဆိုရင်လည်းမမှားပါဘူး။”
“ဒါပေမဲ့... မမလေး၊ ကျွန်မက လူသားတစ်ယောက် မဟုတ်ဘူးလေ။” မမလေးရဲ့စကားတွေကို နားထောင်ချင်ပေမဲ့ ဒီပုံပြင်လေးက အဆုံးသတ် မကောင်းနိုင်ဘူးလို့ ကျွန်မခံစားနေရတယ်။
....
ဂျူလီယန်လေးက ပုံဆွဲစာအုပ်လေးကိုပိုက်ပြီး အိမ်ကိုပြန်လာခဲ့တယ်။ ဒါပေမဲ့ သူ့အိပ်အပြန်လမ်းက ရင်းနှီးနေပြီး ဒေါ်ရသီနဲ့ဂျူလီယာတို့ မွန်းလွဲပိုင်းက လာခဲ့တဲ့ ဆေးရုံလမ်းကလေးပါပဲ။
ဆေးရုံရဲ့နံရံပေါ်ကတံဆိပ်က သာမန်ဆေးရုံတွေကလို ကဒူးဆီးယပ်ပုံဟုတ်မနေဘဲ EUOC အမှတ်အသားကို မြင်နိုင်တယ်။ သာမန်လူတွေအနေနဲ့ ကင်ဆာသုတေသန ဆေးရုံကြီးလို့ရေးထားတာကိုမြင်ရမှာဖြစ်ပေမဲ့ ဂျူလီယန်မြင်နေရတာကတော့ ကျိန်စာသုတေသန ဆေးရုံကြီးတဲ့။
ကောင်လေးရဲ့လက်ထဲမှာတော့ ပုံကြမ်းစာအုပ်အဖုံးကိုမပိတ်ဘဲ ဒေါ်ရသီရဲ့ပုံရှိတဲ့ စာမျက်နှာကို ဖွင့်ထားဆဲပဲ။ လမ်းလျှောက်နေရင်း မောဟိုက်လာတဲ့သူက နံရံကို လက်ထောက်ကာ နားလိုက်တယ်။ ဒါပေမဲ့ မောဟိုက်မှုက သက်သာမလာဘဲ နှာခေါင်းထဲကနေ သွေးတွေယိုစီးကျလာခဲ့လေရဲ့။
ကောင်လေးက စာအုပ်ကို သွေးမပေအောင် လွယ်အိတ်ထဲ ပြန်ထည့်လိုက်ရင်း သူ့ကိုယ်သူ ကတိပေးလိုက်တယ်။
“စိတ်ချပါ... ကျွန်တော် သေချာပေါက် ဒီကျိန်စာဆိုးကြီးကနေ အသက်ရှင်ကျန်ပြီးတော့ လူကြီးတစ်ယောက်ဖြစ်လာစေရမယ်။ အဲဒီအခါကျရင် အစ်မကို လိုက်ရှာမယ်နော်။” ဒါပေမဲ့ သူ့သတိတွေ ဝေဝါးလာခဲ့ပါပြီ။ ဆေးရုံဝင်ပေါက်ဝကနေ ပြေးလာနေတဲ့ သူနာပြုတွေရဲ့အသံကို သူကြားတစ်ချက် မကြားတစ်ချက်။
“လူနာ အမှတ် ၈ လဲကျသွားပြီ။ တစ်ယောက်ယောက် လာကြပါဦး။ ကျိန်စာဖောက်လာပြီနဲ့တူတယ်။ မြန်မြန် ဒေါက်တာဂျော်ဒန်ကို ဆက်သွယ်ကြ။”