← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 43 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 43 Ch. 423-424

အခန်း (၄၂၃) - လူသတ်ကွက် လုတဲ့ ငမိုက်သားလေး ၊ မသေနိုင်ဘူးလား ၊ သေဆုံးမှု ပြန်လည်စတင်ခြင်း

ကျန်းဝေသည် တစ်ကိုယ်လုံးရှိ သွေးများပင် ခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး အင်အားကြီးမားသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားနေသည်။

သူ၏ မျက်နှာပေါ်တွင် ပြင်းထန်သော နာကျင်မှုများ ခံစားနေရကာ သတိအာရုံများမှာလည်း တဖြည်းဖြည်း ဝေဝါးလာတော့သည်။

မဖြစ်ဘူး

ဒါက ဘာကောင်ကြီးလဲကွာ

ကျန်းဝေ၏ အသိစိတ်မှာ သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ချေ။

သူသည် အားယူကာ ရင်ခွင်ထဲမှ အဝါရောင်အဆောင်တစ်ခုကို ထုတ်ယူပြီး ထိုထူးဆန်းသော မိန်းမ၏ ရင်ဘတ်ပေါ်သို့ ကပ်လိုက်သည်။

သူ၏ မျက်နှာကို ဆွဲခွာနေသော အရှိန်မှာ အနည်းငယ် နှေးကွေးသွားပြီး သူ၏ အသိစိတ်မှာလည်း ပြန်လည် ကြည်လင်လာသည်။

အလုပ်ဖြစ်သားပဲ

ကျန်းဝေ၏ စိတ်ထဲတွင် မျှော်လင့်ချက်ကလေး ဝင်လာသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူ အလွန်အံ့သြသွားမိသည်။

ဤအဆောင်မှာ သရဲများကို နှိမ်နင်းပြီး မိစ္ဆာများကို သတ်ဖြတ်နိုင်သည့် အစွမ်းထက်သော အဆောင်ဖြစ်သော်လည်း ထိုထူးဆန်းသော မိန်းမ၏ လက်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိသေးချေ။

ကျန်းဝေသည် ရင်ခွင်ထဲမှ မှော်အလင်းတန်းများ ဖြာထွက်နေသော နောက်ထပ် အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

ဝါရောင်အဆောင်ပေါ်တွင် ဟင်္သာပြဒါးဖြင့် ရေးသားထားသော မိုးကြိုးဌာန ရဲ့ စာသားများ ပါဝင်နေသည်။

လက်ဝါးမိုးကြိုးအဆောင်

ဝုန်း

လေးလံသော ပေါက်ကွဲသံကြီးနှင့်အတူ ထိုလက်ဝါးမိုးကြိုးအဆောင်မှာ ထူးဆန်းသော အမျိုးသမီး၏ ကိုယ်ပေါ်တွင် တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။

မိုးကြိုးအတတ်မှာ လောက၏ အပူဆုံး စွမ်းအင်ဖြစ်သဖြင့် သရဲမိစ္ဆာများအတွက် အကြီးမားဆုံးသော အဟန့်အတား ဖြစ်ပေသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုထူးဆန်းသော မိန်းမကို အနည်းငယ် တုန်လှုပ်စေရုံသာ တတ်နိုင်ခဲ့ပြီး သူမကို တွန်းထုတ်နိုင်ခြင်း မရှိခဲ့ချေ။

ထို့ပြင် ထိုအရာက ထူးဆန်းသော မိန်းမ၏ ကြမ်းကြုတ်မှုကိုပါ နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

မကောင်းရှိသော အငွေ့အသက်များမှာ ထိုမိန်းမ၏ ကိုယ်ပေါ်မှ ပျံ့လွင့်လာပြီး ကျန်းဝေ၏ ခန္ဓာကိုယ်ကို ဆက်တိုက် တိုက်ခိုက်နေတော့သည်။

ထိုအချိန်တွင် ကျန်းဝေသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုစွမ်းအင် များမှာ အမည်မသိ စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသဖြင့် မည်သို့မျှ ထုတ်ဖော်၍ မရတော့ကြောင်း သိလိုက်ရသည်။

အားကိုးရာမဲ့သည့် ခံစားချက်ကြီးက သူ့ကို လွှမ်းခြုံထားပြီး ကြောက်ရွံ့မှုများမှာလည်း သူ၏ နှလုံးသားထဲသို့ ပျံ့နှံ့လာတော့သည်။

ထိုစဉ် မျက်နှာမဲ့မိန်းမ၏ မျက်နှာပေါ်တွင် ကျန်းဝေ၏ မျက်နှာပုံရိပ်များ စတင် ပေါ်ပေါက်လာသည်။

သို့သော် သူ၏ မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားခြင်း မဟုတ်ဘဲ နားရွက်နေရာမှနေ၍ မျက်နှာအရှေ့ဘက်သို့ တဖြည်းဖြည်း ကူးပြောင်းလာခြင်း ဖြစ်သည်။

အကယ်၍ လုံးဝ ကူးပြောင်းသွားခဲ့လျှင် ကျန်းဝေမှာ သေချာပေါက် အသက်ပျောက်ရမည်သာ

ကျန်းဝေ စိတ်ထဲမှ ခါးသီးစွာ ညည်းတွားလိုက်မိသည်။

အစကတည်းကသာ မှော်အတတ်များကို အဝေးမှ အသုံးပြုခဲ့ပြီး ထိုထူးဆန်းသော မိန်းမနှင့် အနီးကပ် မထိတွေ့ခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုး ကြုံရမည် မဟုတ်ချေ။

ယခုမူ သူသည် အားကိုးရာမဲ့စွာဖြင့် အသိစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီ ဖြစ်သည်။

ရုတ်တရက်

သူ၏ နားထဲတွင် ကြီးမားသော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဘုန်း ဘုန်း

လီယန်ချူ လှုပ်ရှားလိုက်ပြီ

သူသည် မျက်နှာမဲ့မိန်းမ၏ ကိုယ်ပေါ်သို့ လက်သီးတစ်ချက် အားပြင်းပြင်း ထိုးချလိုက်ရာ၊ သိုင်းပညာရှင်တစ်ဦး၏ ပြင်းထန်သော သွေးသားစွမ်းအင်များ မှာ ကိုယ်ထဲမှ ပွင့်ထွက်လာပြီး ထိုထူးဆန်းသော မိန်းမကို လွင့်ထွက်သွားစေသည်။

လီယန်ချူမှာ မျက်နှာမဲ့မိန်းမနှင့် ကိုယ်ခန္ဓာ သိမ်းပိုက်ခံရခြင်းမျိုး မရှိသဖြင့် အပြင်ဘက်မှ အားကို အသုံးပြု၍ တိုက်ခိုက်ရာတွင် အတော်လေး လွယ်ကူနေခြင်း ဖြစ်သည်။

သို့သော် ထိုလက်သီးချက်မှာ မြေပြင်ကိုပင် တုန်ခါသွားစေလောက်အောင် ပြင်းထန်လှပေသည်။

ကျန်းဝေသည် သူ၏ မျက်နှာကို အမြန် ပြန်စမ်းကြည့်လိုက်ရာ မျက်နှာရှိနေသေးသဖြင့် အတိုင်းမသိ ဝမ်းသာသွားတော့သည်။

သူ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ကိုယ်တွင်းရှိ ကျင့်ကြံမှုစွမ်းအင်များမှာလည်း ပြန်လည် လည်ပတ်လာပြီ ဖြစ်သည်။

သူ ခေါင်းမော့ကြည့်လိုက်ရာ ရှေ့တွင် ချောမောခန့်ညားသော တာအိုဆရာလေးတစ်ဦး ရပ်နေပြီး ခါးတွင်မူ ရှေးဟောင်းဓားတစ်လက်ကို ဆွဲချိတ်ထားသည်ကို တွေ့လိုက်ရ၏။

သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

နောက်ဆုံးတော့ ငါ့ရဲ့ ရုပ်ရည်ကို ခြိမ်းခြောက်နိုင်မယ့် ယောက်ျားတစ်ယောက်နဲ့ တွေ့ပြီပဲ

လီယန်ချူ၏ မျက်ဝန်းထဲတွင် မှော်အလင်းများ ဖြတ်သန်းနေသည်။

ခုနက မျက်နှာမဲ့မိန်းမ၏ မျက်နှာခွာယူနိုင်သော ထူးဆန်းသည့် စွမ်းရည်အပေါ် သူ အနည်းငယ် စိတ်ဝင်စားသွားသဖြင့် အသေအချာ အကဲခတ်နေခြင်း ဖြစ်သည်။

သို့သော် ဘေးနားရှိ ကျန်းဝေမှာမူ မအောင့်နိုင်တော့ဘဲ ရင်ခွင်ထဲမှ ထိုက်ကျိပုံ တစ်ခုကို ထုတ်ယူလိုက်ကာ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာတော့သည်။

"မသာမ ငါ့မျက်နှာကိုတောင် လိုချင်နေသေးတယ်ပေါ့ "

"သောက်ခွေးမ နင့်ကို ဗုံးနဲ့ခွဲသတ်ပစ်မယ် "

"လောကအဆုံးမဲ့၊ ဟွမ်ရှင်းတရားတော်... မိစ္ဆာနှိမ်နင်းခြင်း "

ထိုက်ကျိပုံမှာ လေထဲတွင် သုံးလေးမီတာခန့် ကြီးမားလာပြီးနောက် စိမ်းလဲ့နေသော မှော်ဓားတစ်လက်မှာ ထိုက်ကျိပုံထဲမှ ထွက်ပေါ်လာကာ ထက်ရှသော ဓားအရှိန်အဟုန်နှင့်အတူ ပြေးထွက်သွားတော့သည်။

ရှူး

စိမ်းလဲ့ရောင် မှော်ဓားမှာ မျက်နှာမဲ့မိန်းမကို မြေပြင်ပေါ်သို့ တိုက်ရိုက် စိုက်ချလိုက်သည်။

"ဝုန်း" ခနဲ ပေါက်ကွဲသံကြီးနှင့်အတူ စိမ်းလဲ့ရောင်ဓားမှာ ပေါက်ကွဲသွားပြီး မျက်နှာမဲ့မိန်းမ၏ ခန္ဓာကိုယ်မှာလည်း အပိုင်းပိုင်းအပြတ်ပြတ် ကြေမွသွားတော့၏။

လီယန်ချူမှာ အံ့သြတကြီးဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိသည်။

သောက်ခွေး ဒီကောင် လူသတ်ကွက် ကို လုလိုက်တာပဲ

သူ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ ထိုလူငယ်မှာ ဤမျှအထိ ကျင့်ဝတ်မရှိသူ ဖြစ်နေခြင်းပင်။

ခုနကမှ အကြီးအကျယ် ဖိနှိပ်ခံထားရသော်လည်း၊ အခုမူ အစွမ်းထက်သော မှော်လက်နက်တစ်ခုကို ထုတ်သုံးကာ အခြေအနေကို ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်သည်။

"သောက်မိစ္ဆာမ ငါ့မျက်နှာကို လိုချင်ရဲတယ်ပေါ့ ငါ့မျက်နှာကို ထိန်းသိမ်းထားရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာ နင်သိလား "

ကျန်းဝေက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်သည်။

ထို့နောက် သူက လီယန်ချူကို လက်အုပ်ချီကာ

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် တာအိုဆရာကြီး...ကျနော် ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

ဟု ပြောလိုက်သည်။

ထိုအချိန်တွင် လီယန်ချူ၏ မျက်နှာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။

ရောက်လာကတည်းက လူသတ်ကွက် လုခံရသည်မှာ ဒီတစ်ကြိမ်သည် ပထမဆုံး ဖြစ်ပုံရသည်။

ကျန်းဝေမှာ ထိုတာအိုဆရာလေးက သူ့ကို အဖက်မလုပ်သဖြင့် ဘာမှမထင်ဘဲ နေလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ့အသက်ကို ကယ်ထားသူ မဟုတ်ပါလား။

သို့သော် သူ သတိမထားမိလိုက်သည်မှာ... အပိုင်းပိုင်း ကြေမွသွားသော မျက်နှာမဲ့မိန်းမ၏ အသားစများမှာ ရေလှိုင်းများကဲ့သို့ တဖြည်းဖြည်း စီးဆင်းလာပြီး မြေပြင်ပေါ်တွင် လူပုံစံအသစ်အဖြစ် ပြန်လည် စုစည်းလာခြင်းပင်။

ခါးသေးရင်ချီ၊ ခြေတံရှည်လျားကာ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသော်လည်း အင်္ဂါရပ်များ မရှိသေးသော မျက်နှာမဲ့မိန်းမ ဖြစ်နေဆဲပင်။

ထိုပြောင်းလဲမှုကြောင့် လီယန်ချူမှာ မျက်မှောင် အနည်းငယ် ကြုတ်သွားမိသည်။

ဒီလောက်တောင် ထူးဆန်းတဲ့ စွမ်းရည်မျိုးလား

နောက်တစ်ခဏတွင် မျက်နှာမဲ့မိန်းမမှာ ကျန်းဝေ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာသည်။

ကျန်းဝေမှာ ဦးရေခွံပင် ထုံကျင်သွားတော့၏။

ဒီမိန်းမက မပြီးနိုင်မစီးနိုင် ပါလား

ရွှမ်း

နဂါးဟိန်းသံကဲ့သို့သော အသံနှင့်အတူ...

လီယန်ချူရဲ့ ကျန့်ကျောင်ဓား မှာ ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး မျက်နှာမဲ့မိန်းမ၏ ကိုယ်ပေါ်သို့ ပိုင်းချလိုက်သည်။

ပေါက်ကွဲသွားသည့် အာနိသင်မျိုး မရှိသော်လည်း ထိုတစ်ကြိမ်တွင်မူ မျက်နှာမဲ့မိန်းမမှာ ပြန်ထမလာနိုင်တော့ချေ။

သူမ၏ ခေါင်းနှင့် ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် ပြန်လည် ပေါင်းစည်းရန် ကြိုးစားနေသော်လည်း အချည်းနှီးသာ ဖြစ်နေသည်။

ကျန့်ကျောင်ဓားမှာ ထိုကဲ့သို့သော ပြန်လည်ရှင်သန်ခြင်း စွမ်းရည်မျိုးကို အထူးနှိမ်နင်းနိုင်စွမ်း ရှိပေသည်။

ယခုမူ ၉ ကြိမ်မြောက် အဆင့်မြှင့်တင်မှု ပြုလုပ်ထားပြီး ဖြစ်ရာ ထိုဂုဏ်သတ္တိမှာ ပို၍ပင် ပြင်းထန်လှသည်။

ကျန်းဝေမှာ ရင်တုန်ပန်းတုန် ဖြစ်နေဆဲပင်။

နောက်တစ်စက္ကန့်တွင် သူ၏ လက်ထဲရှိ ထိုက်ကျိပုံမှ မှော်အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ထိုမျက်နှာမဲ့မိန်းမ၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြန်သည်။

"ဝုန်း" ခနဲ နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။

ဒီငမိုက်သားလေးက တကယ်ကို နားမလည်တဲ့သူပဲ

လီယန်ချူ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

သို့သော် သုံးစက္ကန့်ခန့် ကြာပြီးနောက်တွင်မူ ကြေမွသွားသော မျက်နှာမဲ့မိန်းမ၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ပြန်လည် ပေါင်းစည်းသွားပြန်သည်။

သို့သော် သူမ၏ ခေါင်းကိုမူ ယခုတစ်ကြိမ်တွင် ရင်ခွင်ထဲတွင် ပိုက်ထားရပြီး ခန္ဓာကိုယ်ပေါ်သို့ ပြန်တပ်၍ မရတော့ချေ။

"သောက်ကျိုးနည်း ဒါက ဘာမိစ္ဆာကြီးလဲ "

ကျန်းဝေက ဒေါသတကြီး ဆဲဆိုလိုက်ရာ မျက်နှာမှာလည်း ဖြူဖျော့နေတော့သည်။

"ဘာလို့ သတ်လို့ မသေနိုင်ရတာလဲ "

ထိုအချိန်တွင် မျက်နှာမဲ့မိန်းမမှာ ထူးထူးဆန်းဆန်းပင် ကျန်းဝေ၏ ရှေ့သို့ နောက်တစ်ကြိမ် ပေါ်လာပြန်သည်။

သူမသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို မြှောက်ပြကာ ကျန်းဝေ၏ မျက်နှာကို ပြန်လည် ဆွဲခွာရန် ကြိုးစားနေပြန်သည်။

"ယီးပဲကွာ "

ကျန်းဝေမှာ ယခုတစ်ကြိမ်တွင် နောက်သို့ ဆုတ်ခွာရန် ရွေးချယ်လိုက်သည်။

သို့သော် သူ၏ ကိုယ်ပေါ်တွင် မျက်နှာမဲ့မိန်းမ၏ အမှတ်အသား အတပ်ခံထားရပုံရသည်။

သူ မည်သည့်နေရာသို့ ဆုတ်ဆုတ်၊ ထိုမျက်နှာမဲ့မိန်းမမှာ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်နေပြီး သူ၏ ကျင့်ကြံမှုစွမ်းအားများမှာလည်း ထိုထူးဆန်းသော စွမ်းအားဖြင့် ဖိနှိပ်ခံထားရပြန်သည်။

သူနှင့် မျက်နှာမဲ့မိန်းမ၏ မျက်နှာကြားတွင် ဝေဝါးသော ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ မျက်နှာမှာ မျက်နှာမဲ့မိန်းမ၏ ကိုယ်ပေါ်တွင် ပြန်လည် ပေါ်ပေါက်လာပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ မျက်နှာမဲ့မိန်းမမှာ မျက်နှာခွံတစ်ခုသာရှိသော ထိုထူးဆန်းသည့် ဦးခေါင်းကို လက်ဖြင့် ပိုက်ထားသဖြင့် ပို၍ပင် ထိတ်လန့်ခြောက်ခြားစရာ ကောင်းနေတော့သည်။

လီယန်ချူကမူ ယခုတစ်ကြိမ်တွင် မလှုပ်ရှားတော့ချေ။

ဒီငမိုက်သားလေးက လူသတ်ကွက် လုရတာကို သိပ်ကြိုက်တာကိုး

သူသည် အနားသို့ လျှောက်သွားလိုက်ရာ ထိုမျက်နှာမဲ့မိန်းမမှာ သူ့ကို လုံးဝ တိုက်ခိုက်ခြင်း မရှိသည်ကို တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ ဤအရာသည် သတ်မှတ်ထားသော အစီအစဉ်အတိုင်းသာ လုပ်ဆောင်သည့် ကိရိယာ သို့မဟုတ် ပစ္စည်းတစ်ခု နှင့် တူနေသည်။

သူမသည် အားအင်ချည့်နဲ့နေပုံရပြီး လူသတ်ကွက် လုတတ်သည့် ထိုကောင်ကိုသာ စွဲစွဲမြဲမြဲ ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

အရင်က သူတွေ့ဖူးသမျှ မိစ္ဆာ၊ သရဲ၊ ဖုတ်ကောင် သို့မဟုတ် လမ်းမှားလိုက် ကျင့်ကြံသူများတွင် ထိုကဲ့သို့သော အခြေအနေမျိုး မရှိခဲ့ဖူးချေ။

ယခုအခါ မျက်နှာမဲ့မိန်းမ၏ မျက်နှာပေါ်တွင် ကျန်းဝေ၏ မျက်နှာပုံရိပ်မှာ တစ်ဝက်ခန့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

လီယန်ချူမှာမူ မျက်နှာမဲ့မိန်းမက ထိုကာင်၏ မျက်နှာကို လုံးဝ သိမ်းပိုက်သွားလျှင် မည်သို့သော ပြောင်းလဲမှု ဖြစ်လာမည်ကို သိလိုသော စိတ်ကလေး အနည်းငယ် ဖြစ်ပေါ်လာသည်။

သို့သော်လည်း ဒီအတိုင်း ထိုင်ကြည့်နေခြင်းမှာ သူ၏ စရိုက်နှင့် မကိုက်ညီပေ။

ထို့ကြောင့် သူသည် လက်သီးတစ်ချက်ကို ထပ်မံ ထိုးနှက်လိုက်လေတော့သည်။

အခန်း (၄၂၄) - တော်ဖူ ၊ ယွမ်ယန်သီး ၊ အဖွဲ့ဖွဲ့ဖို့ ဖိတ်ခေါ်ခြင်း

မျက်နှာမဲ့မိန်းမမှာ သိုင်းပညာရှင်တစ်ဦး၏ ပူပြင်းလှသော သွေးသားစွမ်းအင် များကြောင့် နောက်သို့ ဆုတ်သွားရသည်။

"တစ်ကြိမ် တိုက်ခိုက်ဖူးတဲ့သူအပေါ်မှာ လုံးဝဥဿုံ ဖိနှိပ်နိုင်တဲ့ စွမ်းအားမျိုး ရှိနေတာလား "

လီယန်ချူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ခုနက သူ ထိုးလိုက်သည့် လက်သီးမှာ အားအပြည့် မပါသေးချေ။

လူသတ်ကွက် လုရတာ ဝါသနာပါသည့် ထိုလူငယ်မှာလည်း အားနည်းသူမဟုတ်ရာ၊ ပုံမှန်ဆိုလျှင် ထိုမျှအထိ ကွာခြားချက် ကြီးမားနေစရာ အကြောင်းမရှိပေ။

၎င်းပြင် ထိုလူငယ် အသုံးပြုခဲ့သည့် အဆောင်နှစ်ခုစလုံးမှာ အစွမ်းမနည်းလှသော်လည်း မျက်နှာမဲ့မိန်းမအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့သည်ကိုလည်း သူ မြင်တွေ့ခဲ့ပြီးဖြစ်သည်။

ကျန်းဝေမှာမူ အသက်ကို လုရှူနေရပြီး မျက်နှာမှာ ဖြူဖျော့နေတော့သည်။

သူသည် ထိုက်ကျိပုံကို ပြန်သိမ်းလိုက်ပြီး ဘာမှမပြောတော့ဘဲ အဝေးသို့ ချက်ချင်း ထွက်ပြေးတော့သည်။

သူသည် ထိုမျက်နှာမဲ့မိန်းမနှင့် ဝေးရာသို့သာ သွားချင်နေတော့သည်

မီတာ ၃၀၀ ခန့်အကွာသို့ ရောက်ရှိသွားချိန်တွင်မှ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသော လှုပ်ရှားမှုများ ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။

မျက်နှာမဲ့မိန်းမမှာလည်း သူ့ကို ဆက်လက် တိုက်ခိုက်ခြင်း မရှိတော့ချေ။

ထိုအချက်က လီယန်ချူကို ပို၍ စိတ်ဝင်စားသွားစေသည်။

သတ်မှတ်ထားတဲ့ ဧရိယာထဲ ဝင်မှပဲ တိုက်ခိုက်တာလား ဒါက ဘာကောင်ကြီးလဲ ဘာလို့ ဒီလောက် ထူးခြားတဲ့ တည်ရှိမှုမျိုး ဖြစ်နေရတာလဲ

သေချာသည်မှာ မျက်နှာမဲ့မိန်းမသည် မူလနေရာမှာပင် ရပ်နေပြီး မီတာ ၃၀၀ အကွာရှိ ကျန်းဝေကိုရော၊ ဆယ်မီတာကျော်သာ ကွာဝေးသော လီယန်ချူကိုပါ တိုက်ခိုက်ခြင်း မရှိတော့ပေ။

"ဟင် "

ဘေးအန္တရာယ်မှ လွတ်မြောက်သွားသော ကျန်းဝေမှာ အံ့သြတကြီး ကြည့်နေမိသည်။

ဘာလို့ အဲဒီ တာအိုဆရာလေးကို မတိုက်ခိုက်ဘဲ ငါ့ကိုပဲ ရွေးတိုက်နေရတာလဲ

လီယန်ချူကမူ အနည်းငယ် သဘောပေါက်သွားပြီ ဖြစ်သည်။

အနီးကပ် ချဉ်းကပ်မိမှသာ ထိုမျက်နှာမဲ့မိန်းမ၏ တိုက်ခိုက်မှုကို နှိုးဆွမိခြင်း ဖြစ်ပေလိမ့်မည်။

သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားနယ်မြေအပေါ် ပို၍ စိတ်ဝင်စားလာသည်။

ထိုနယ်မြေသည် မိစ္ဆာများ၏ ကျူးကျော်မှုကို ခံခဲ့ရဖူးသလား ဤမျက်နှာမဲ့မိန်းမမှာ နတ်ဘုရားနယ်မြေ၏ မူလထွက်ကုန်လား၊ ဒါမှမဟုတ် ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေထဲကလို ထူးဆန်းတဲ့ လူပုံစံမိစ္ဆာမျိုးလား။

သာမန်လူဆိုလျှင် ထိုထိတ်လန့်စရာကောင်းသော မျက်နှာမဲ့မိန်းမကို ထပ်မံ ရန်စတော့မည် မဟုတ်သော်လည်း လီယန်ချူကမူ သူမရှိရာသို့ လျှောက်သွားလိုက်ပြန်သည်။

"တာအိုဆရာ သတိထားဦး အဲဒီမိန်းမနား ကပ်သွားရင် အဲဒီထူးဆန်းတဲ့ စွမ်းအားရဲ့ ကျူးကျော်တာကို ခံရလိမ့်မယ် "

ကျန်းဝေမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် မျက်နှာမဲ့မိန်းမက သူ့ကို တိုက်ခိုက်ရသည့် အကြောင်းရင်းကိုလည်း ရိပ်မိသွားသည်။

အကွာအဝေး အလွန်နီးကပ်သွားမှသာ တိုက်ခိုက်ခြင်း ဖြစ်ပေလိမ့်မည်။

သူသည် ထိုတာအိုဆရာလေးကို မိမိကဲ့သို့ အခြေအနေမျိုး မကြုံစေလိုပေ။

ကျင့်ကြံမှုစွမ်းအားများ ဖိနှိပ်ခံရပြီး မျက်နှာခွံ ဆွဲခွာခံရသည့် ခံစားချက်မှာ အလွန်ပင် မျှော်လင့်ချက်မဲ့လှသဖြင့် သူ ဒုတိယအကြိမ် မခံစားလိုသလို၊ တခြားသူကိုလည်း မခံစားစေလိုတော့ချေ။

လီယန်ချူ ခေတ္တ စဉ်းစားလိုက်ပြီးနောက် အဝေးမှနေ၍ ဓားဖြင့် တစ်ချက် ပိုင်းချလိုက်သည်။

တောက်ပလှသော ဓားအရှိန်အဟုန်မှာ မျက်နှာမဲ့မိန်းမကို တိုက်ရိုက် ပိုင်းဖြတ်သွားတော့သည် ယခုတစ်ကြိမ်တွင်မူ ဦးခေါင်းသာမက ခန္ဓာကိုယ်ပါ နှစ်ခြမ်း ကွဲသွားသည်။

သို့သော် မျက်နှာမဲ့မိန်းမမှာ သေဆုံးခြင်း မရှိသေးချေ။

သို့သော် သူမသည် ပို၍ ထူးဆန်းလာသည်။

ခန္ဓာကိုယ်နှင့် ဦးခေါင်းမှာ နှစ်ခြမ်းကွဲနေပြီး ပြန်လည် ပေါင်းစည်း၍ မရတော့ပေ။

လီယန်ချူသည် ရင်ဘက်ထဲမှ ကျောက်ထျန်းတံဆိပ် ကို ထုတ်ယူလိုက်ရာ ထိတ်လန့်စရာကောင်းသော နတ်ဘုရားမီးလျှံများက မျက်နှာမဲ့မိန်းမကို ဝါးမြိုသွားတော့သည်။

ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာပြီး နေမင်းကြီး မြေပြင်ပေါ် ဆင်းလာသကဲ့သို့ပင် အဝေးမှ ကြည့်နေသော ကျန်းဝေပင် တုန်လှုပ်သွားမိသည်။

"ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ မီးလျှံလဲ "

သို့သော် သုံးစက္ကန့်ခန့် အကြာတွင် ထိုမျက်နှာမဲ့မိန်းမမှာ ပြန်လည် စုစည်းလာပြန်သည်။

ပုံစံမှာမူ အတော်လေး သနားစရာ ကောင်းနေသည်။

ခေါင်းက နှစ်ခြမ်းကွဲ၊ ကိုယ်က နှစ်ပိုင်းပြတ်လျက် ပေါင်းစည်း၍ မရဘဲ ဖြစ်နေသည်။

"မီးအတတ်နဲ့လည်း မရဘူးလား "

လီယန်ချူ မျက်မှောင်ကြုတ်လိုက်မိသည်။

ကျန်းဝေမှာ အနားသို့ မကပ်ရဲသော်လည်း အသံကုန် အော်ဟစ်ကာ သတိပေးနေသည်။

"တာအိုဆရာကြီး အဲဒီမိန်းမက အရမ်းထူးဆန်းတယ်၊ သတ်လို့ မသေဘူး အနားမကပ်ပါနဲ့တော့ "

သတ်လို့ မသေဘူး ဟုတ်လား

လီယန်ချူ ခေတ္တ စဉ်းစားလိုက်သည်။

အမှန်စင်စစ် သူ၏လက်ထဲတွင် နည်းလမ်းများစွာ ရှိပါသေးသည်။

ဥပမာ မိုးကြိုးငါးပါးအဆောင်၊ ထိုက်ရှန်းဖူကျွင်းတံဆိပ် သို့မဟုတ် ကလောင်တံ စသည်ဖြင့်...။

ယခင်က ချူကျန်းနဂါးနန်းတော်ရှိ လျှို့ဝှက်ဂူအတွင်းမှ သတ်လို့မရသော မြေအောက်သန္ဓေသား ကိုပင် သူ အင်အားသုံးကာ နှိမ်နင်းခဲ့ဖူးသည်။

သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စိတ်ဝင်စားမှုများ ပေါ်လာသည်။

ဒီနတ်ဘုရားနယ်မြေထဲက ဝိညာဉ်ကလည်း အဲဒီလို ထူးဆန်းတဲ့ အကောင်မျိုးလား

သူသည် ကျန်းဝေကို တစ်ချက်ကြည့်ကာ ရှေ့ဆက်မတိုက်တော့ဘဲ လှည့်ထွက်လာခဲ့သည်။

ထိုနတ်ဘုရားနယ်မြေကို အရင်စူးစမ်းပြီးမှ အခွင့်အရေးရလျှင် ပြန်လာပြီး ထိုမျက်နှာမဲ့မိန်းမကို အပြီးသတ် ရှင်းပစ်နိုင်မလား စမ်းသပ်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

ကျန်းဝေမှာ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချနိုင်တော့သည်။

ဒီတာအိုဆရာလေးက တကယ်ကို ဇွဲကောင်းတာပဲသတ္တိလည်း အရမ်းရှိတယ် တော်သေးတာပေါ့ အချိန်မီ လက်လျှော့လိုက်လို့။

လီယန်ချူသည် ကျန့်ကျောင်ဓားကို ကိုင်ဆောင်လျက် ကြီးမားသော သစ်ပင်ကြီးတစ်ပင်ဆီသို့ လျှောက်သွားသည်။

ထိုသစ်ပင်ကြီးမှာ ကျင့်ကြံမှုစွမ်းအင်များ မပါရှိဘဲ နတ်ဘုရားနယ်မြေထဲတွင် ပေါက်နေသည့် သာမန်သစ်ပင်တစ်ပင်သာ ဖြစ်သည်။

သူသည် ဓားဖြင့် တစ်ချက်ပိုင်းကာ သစ်သားပြားတစ်ခု လုပ်လိုက်ပြီး ၎င်းပေါ်တွင် မျက်နှာမဲ့မိန်းမနှင့် ပတ်သက်သည့် အချက်အလက်များကို အကျဉ်းချုပ် ရေးသားထားလိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ပြီး ကျန်းဝေမှာ မျက်လုံးအပြူးသား ဖြစ်သွားတော့သည်။

ဒီတာအိုဆရာက တခြားသူတွေနဲ့ မတူဘူးပဲ

သာမန်ကျင့်ကြံသူဆိုလျှင် ထိုကဲ့သို့သော နတ်ဘုရားနယ်မြေထဲ ရောက်လာပါက ဘေးကြည့်နေလျှင် နေမည်၊ သို့မဟုတ် လူသတ်ပြီး ရတနာလုလျှင် လုမည်ဖြစ်သည်။

ဤကဲ့သို့ သတ်လို့မရသော ထူးဆန်းသည့် တည်ရှိမှုမျိုးနှင့် တွေ့လျှင် မိမိလွတ်မြောက်သွားပါက ပြီးရောဟု သဘောထားတတ်ကြပြီး၊ နောက်လူတွေ သတိထားမိအောင် ဆိုင်းဘုတ်ထောင်ပေးခဲ့မည် မဟုတ်ပေ။

"ဟဲဟဲ... ဒီလူကတော့ ပေါင်းသင့်တဲ့လူပဲ "

ကျန်းဝေ၏ ဦးနှောက်ထဲတွင် ထိုအတွေးက ရုတ်တရက် ပေါ်လာသည်။

ဤနေရာမှ အဝေးသို့ လှမ်းကြည့်လျှင် ဝေးလံသော တောင်ထိပ်ပေါ်တွင် တာအိုကျောင်းတစ်ခုကို မြင်တွေ့ရသည်။

ဧရိယာ ဧကများစွာ ကျယ်ဝန်းသော ခမ်းနားသည့် ကျောင်းဆောင်ကြီး မဟုတ်ဘဲ သာမန် တာအိုကျောင်းလေးတစ်ခုသာ ဖြစ်သည်။

လီယန်ချူသည် ထိုကျောင်းလေးဆီသို့ သွားရောက် စူးစမ်းရန် ရည်ရွယ်လိုက်သည်။

"ဟေး... ဟေး တာအိုဆရာ ခဏလောက်ဗျာ ခုနက ကျနော့်အသက်ကို ကယ်ပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်၊ တာအိုဆရာရဲ့ ဘွဲ့အမည်လေး သိပါရစေဦး "

ကျန်းဝေက ပြေးလိုက်လာရင်း လှမ်းမေးသည်။

"ငါက တာအိုဆရာ ချောင်ချောင် ပါ"

"ဪ... တာအိုဆရာကြီး ချောင်ချောင်ကိုး။ ကျနော့်နာမည်က ကျန်းဝေပါ၊ ယွန်းကျိုးခရိုင်က ကျင့်ကြံသူတစ်ဦးပါ။ ခုနက ကယ်တင်ပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီမှာ ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးနိုင်ပြီး လရောင်စွမ်းအင်ကို စုပ်ယူနိုင်တဲ့ ကျောက်စိမ်းရတနာ လေး ရှိပါတယ်၊ တာအိုဆရာကို လက်ဆောင်ပေးပါရစေ "

"ကောင်းပြီ "

လီယန်ချူက တိုက်ရိုက်ပင် လက်ခံလိုက်သည်။

ကျောက်စိမ်းမှာ လက်ထဲတွင် အေးစက်နေသော်လည်း သန့်စင်သော စွမ်းအားတစ်ခု စီးဆင်းနေကာ စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

ဟေး... ဒီပစ္စည်းလေးက မဆိုးဘူးပဲ လီယန်ချူ စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။

"ရှေ့က တောင်ထိပ်မှာ တာအိုကျောင်းလေး တစ်ခုရှိတယ်၊ ကျနော်နဲ့အတူ သွားပြီး စူးစမ်းကြည့်ဖို့ တာအိုဆရာ ကို ဖိတ်ခေါ်ချင်ပါတယ်၊ ဘယ်လိုသဘောရလဲ"

"မလိုပါဘူး၊ ငါက တစ်ယောက်တည်း သွားလာရတာ ပိုကြိုက်တယ်"

လီယန်ချူက အေးအေးဆေးဆေးပင် ငြင်းလိုက်သည်။

"ဒီ ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေနဲ့ ပတ်သက်ပြီး ကျနော့်အိမ်က မှတ်တမ်းတွေထဲမှာ အသေးစိတ် ပါပြီးသားပါ။ ကျနော်နဲ့ အဖွဲ့ဖွဲ့ရင် ခင်ဗျားသေချာပေါက် အကျိုးမယုတ်စေရပါဘူး"

"ဪ "

လီယန်ချူ အနည်းငယ် အံ့သြသွားသည်။

ကျန်းဝေသည် လီယန်ချူ စိတ်ဝင်စားသွားသည်ကို မြင်သောအခါ အမြန်ပင် ဆက်ပြောတော့သည်။

"အဲဒီ တာအိုကျောင်းထဲမှာ အဖိုးတန်ဆုံး ရတနာက တော်ဖူ တစ်ခု ဖြစ်ရမယ်။ အဲဒီအပေါ်မှာ တောင်ပိုင်းမီးနတ်မင်းကြီးရဲ့ ပုံတူရှိပြီး အစွမ်းကတော့ အလွန်ကြီးမားတယ်။ ဒါပေမဲ့ အဲဒီမှာ အန္တရာယ်လည်း အများကြီး ရှိနိုင်တာမို့ ကျနော်နဲ့အတူ သွားရင် ပိုပြီးတော့ သေချာတာပေါ့"

လီယန်ချူ၏ မျက်လုံးများ တောက်ပသွားပြီး ထိုငမိုက်သားလေးကို အထင်ကြီးသွားမိသည်။

တစ်ခုခုတော့ ရှိသားပဲ

ဂိမ်းထဲမှာဆိုရင်တော့ မိတ်ဆွေတစ်ယောက်က ကိုယ့်ကို အဖွဲ့ဖွဲ့ဖို့ ကမ်းလှမ်းလာသလိုမျိုးပေါ့။

"တော်ဖူက တစ်ခုတည်းရှိတာကို ဘယ်လို ခွဲကြမလဲ "

လီယန်ချူက မေးလိုက်သည်။

အဖွဲ့ဖွဲ့ပြီဆိုလျှင် အကျိုးအမြတ် ခွဲဝေမှုက အရေးကြီးသည်။

အဖွဲ့ဖွဲ့ထားပါလျက်နှင့် ပစ္စည်းအားလုံးကို မိမိတစ်ယောက်တည်း ယူ၍ မရသလို၊ တခြားသူကိုလည်း အလွယ်တကူ ပေးလိုက်ရန် သူ စိတ်မကူးပေ။

ကျန်းဝေက ပြုံးကာ

"အမှန်အတိုင်း ပြောရရင် ကျနော် ဒီနတ်ဘုရားနယ်မြေထဲ လာရတာက အဖိုးတန် ယန် ရတနာ တစ်ခုကို ရှာဖို့ပါ။ ရှေးဟောင်းမှတ်တမ်းတွေအရ အဲဒါကို ယွမ်ယန်သီး လို့ ခေါ်ပြီး မွေးရာပါ အအေးမိရောဂါ ကို ကုသနိုင်ပါတယ်။ ကျနော် ဒါကိုပဲ လိုချင်တာပါ။ အဲဒီအချိန်ကျရင် ယွမ်ယန်သီး တစ်လုံး ရရင် ကျနော် ကျေနပ်ပါပြီ"

"ယွမ်ယန်သီး "

လီယန်ချူ ထိုအရာကို မကြားဖူးချေ။

"ယွမ်ယန်သီးက ပုံမှန်ဆိုရင် တစ်လုံးတည်း မရှိတတ်ပါဘူး။ ကျနော်က တစ်လုံးပဲ ယူမှာပါ၊ ကျန်တာတွေရော၊ တခြား ရတနာ အားလုံးကိုရော တာအိုဆရာပဲ ယူပါ"

ကျန်းဝေ၏ နောက်ခံမှာ လျှို့ဝှက်ဆန်းကြယ်သော်လည်း သူ အကဲခတ် ကောင်းလှသည်။

ထိုတာအိုဆရာလေးမှာ ပြတ်သားပြီး သာမန်လူ မဟုတ်ကြောင်း သူ သိထားသည်။

ဤခြေထောက်ကြီးကိုသာ ဖက်ထားနိုင်လျှင် ထို နတ်ဘုရားနယ်မြေ ခရီးစဉ်မှာ အောင်မြင်ဖို့ သေချာသလောက်ပင်။

မှော်လက်နက် ရတနာတွေ ဆိုတာကတော့... အကယ်၍သာ ယွမ်ယန်သီးကို ရှာမတွေ့ရင် သူ သုံးနှစ်တောင် အသက်ဆက်ရှင်ဖို့ မသေချာဘူးလေ၊ အဲဒီတော့ ရတနာတွေက သူ့အတွက် ဘာအသုံးကျမှာလဲ။

All Chapters