အခန်း (၂၄၉၁-၂၄၉၂)
Vol. 190 Ch. 2491-2492
အဆတစ်ရာစနစ် စာစဥ်(၁၉၀)
အခန်း(၂၄၉၁)
ရွှယ်ယန်မြို့မှ ထွက်ပြေးလာပြီးနောက်တွင် ကျန်းချန်နှင့်ရွှယ်ချန်ကျန်းတို့သည် ထပ်မံ လှုပ်ရှားခြင်းမရှိတော့ပေ။
သွေးနတ်ဆိုးဂိုဏ်းသည်လည်း ရွှယ်ယန်ပြည်နယ်တွင် ကျန်းချန်၏ သဲလွန်စများကို ရူးသွပ်စွာ ရှာဖွေနေခဲ့ရာကနေ တစ်ခဏမျှ ငြိမ်သက်သွားခဲ့သည်။
သို့သော်လည်း ထိုငြိမ်သက်မှုသည် ကြာရှည်မခံခဲ့ပေ။
ကျန်းချန်တို့ နှစ်ယောက် ရွှယ်ယန်ပြည်နယ်ကနေ ထွက်ပြေးလာပြီး ဆယ်ရက်မြောက်နေ့တွင် ကျန်းချန်တို့ နှစ်ယောက်သည် ကျန့်ဝူရွှယ်ထံမှ သတင်းစကားကို ထပ်မံ ရရှိခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီက ရွှယ်ချန်ကျဲနှင့်အတူ နာမည်ကျော်ကြားခဲ့သည့် သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင်လေးဦးအနက် နံပါတ်တစ် နေရာတွင် ရှိသည့် ရွှယ်ဝူရှသည် လှုပ်ရှားမှု ရှိလာခဲ့သည်။
ကျန့်ဝူရွှယ်၏ သတင်းအရ တစ်လအကြာတွင် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေနှင့် ကပ်ရပ်ရှိသော စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် ခမ်းနားသော လေလံပွဲတစ်ပွဲကို ကျင်းပလိမ့်မည် ဖြစ်သည်။
ထိုလေလံပွဲတွင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် တိမ်မြုပ်ပျောက်ကွယ်နေပြီ ဖြစ်သည့် ကပ်ဘေး ဆေးလုံးကို လေလံတင်မည်ဟု ဆိုကြသည်။
ရှေးခေတ်ကာလက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အင်အားသည် ယခုထက်ပို၍ များစွာ အားကောင်းခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အထွတ်အထိပ်ကာလကဆိုလျှင် မဟာယာနအဆင့် ကျင့်ကြံသူ အရေအတွက်သည် ယခုထက် ဆယ်ဆမက ရှိခဲ့ရုံသာမက အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်သူများပင် ရှိခဲ့သည်။
သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာသည် ကြီးမားသော အပြောင်းအလဲ တစ်ခုကို ကြုံတွေ့ခဲ့ရ၏။
ထိုအချိန်မှစ၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အားနည်းလာခဲ့ပြီး အမွေအနှစ်များစွာ ပျောက်ကွယ်ကာ အင်မော်တယ်လမ်းစဥ်ပင်လျှင် လုံးဝ ပြတ်တောက်သွားခဲ့သည်။
ကပ်ဘေးဆေးလုံးသည် တိမ်မြုပ်ပျောက်ကွယ်နေပြီ ဖြစ်သည့် ပြိုင်ဘက်ကင်း ဆေးလုံးတစ်မျိုး ဖြစ်ပြီး ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို မဟာယာနအဆင့်သို့ လွယ်ကူစွာ ထိုးဖောက်စေနိုင်စွမ်း ရှိသည်။
ကပ်ဘေး ဆေးလုံး ပေါ်ထွက်လာသည့် သတင်းသည် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ပတ်ဝန်းကျင်ရှိ နယ်မြေ အများအပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မရေမတွက်နိုင်သော ကပ်ဘေးအဆင့် ကျင့်ကြံသူများကို စိတ်လှုပ်ရှားစေခဲ့သည်။
ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် မဟာယာနအဆင့်ကို ထိုးဖောက်ရန် ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
လက်ရှိအခါဝယ် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် ဇာတ်မြုပ်နေကြသည့် မွန်းစတားအချို့ အပါအဝင် မဟာယာနအဆင့် ကျင့်ကြံသူအရေအတွက် သုံးဆယ် သို့မဟုတ် ငါးဆယ်ခန့်သာ ရှိသည်။
သို့သော်လည်း ကပ်ဘေးအဆင့် ကျင့်ကြံသူ အရေအတွက်ကမူ ဆယ်သန်းမက ရှိပြီး မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူများဆိုလျှင် တစ်ရာထက်မနည်း ရှိသည်။
သို့သော် ဤလူများထဲတွင် မဟာယာနအဆင့်သို့ အမှန်တကယ် ထိုးဖောက်ရန် အရည်အချင်းရှိသူမှာ ဆယ်ပုံတစ်ပုံအောက်သာ ရှိ၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် မဟာယာနအဆင့်ကို ထိုးဖောက်ဖို့ ဆိုသည်မှာ သေချာပေါက် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။
ဤအချက်ကြောင့်ပင် မဟာယာနအဆင့်သို့ လွယ်ကူစွာ ထိုးဖောက်စေနိုင်သည့် ကပ်ဘေးဆေးလုံးသည် အလွန်တရာ အဖိုးထိုက်တန်နေခြင်း ဖြစ်သည်။
ကပ်ဘေးဆေးလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုဆေးလုံးသည် မရေမတွက်နိုင်သော ကပ်ဘေးအဆင့် ကျင့်ကြံသူများကို ရူးသွပ်မတတ် ဖြစ်သွားစေခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေဆီသို့ အပြေးအလွှား ခရီးနှင်ခဲ့ကြသည်။
စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေနှင့် ကပ်ရပ်တည်ရှိသော ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသည်လည်း သဘာဝကျစွာပင် ခြွင်းချက်မဟုတ်ပေ။
သွေးနတ်ဆိုးဂိုဏ်းသည် ကပ်ဘေးဆေးလုံးကို ရယူရန်အတွက် ထိပ်တန်းပါရမီရှင် လေးဦးထဲတွင် နံပါတ်တစ် နေရာတွင်ရှိသည့် ရွှယ်ဝူရှကို စေလွှတ်ခဲ့သည်။
“သခင်ကြီး.. ကျွန်တော်တို့က သွေးနတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင်နှစ်ဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့တာတောင် သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ဝူရှကို စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီ စေလွှတ်ရဲတယ် ဆိုတော့ သေချာပေါက် သူတို့တွေ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ဖို့များတယ်.. ရွှယ်ဝူရှကို လုပ်ကြံဖို့က မလွယ်တော့ဘူး ထင်တယ်”
ရွှယ်ချန်ကျဲက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ရွှယ်ဝူရှသည် သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်ပြီး ထိုအချိန်က သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်များစွာထဲတွင် သူနှင့် တန်းတူ နာမည်ကြီးခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ရွှယ်ဝူရှ၏ ပါရမီဖြင့်ဆိုလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး ကပ်ဘေးအထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေလောက်၏။
ထိုမျှသာမက ရွှယ်ဝူရှ ထံတွင် သွေးနတ်ဆိုးဂိုဏ်းက ပေးအပ်ထားသည့် ဝှက်ဖဲများစွာလည်း ရှိနေနိုင်သည်။
ယင်းကြောင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် သူ့ကို အနိုင်ရရန် မသေချာပေ။
မဟာယာနအဆင့် ကျင့်ကြံသူမှသာလျှင် ရွှယ်ဝူရှကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ ထင်မြင်မိသည်။
“ငါသိပါတယ်.. ဘာပဲဖြစ်ဖြစ် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီ သွားကြတာပေါ့.. ပြီးမှပဲ အခြေအနေအရ လှုပ်ရှားကြစို့”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒါ့အပြင် ငါ အဲဒီဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံးကို သွားကြည့်ချင်တယ်”
ရွှယ်ဝူရှသည် သွေးနတ်ဆိုးဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။
သူနှင့် ရွှယ်ချန်ကျဲတို့က အမှောင်ထဲတွင် ပုန်းအောင်းနေသည်ကို သိလျက်ဖြင့်ပင် သွေးနတ်ဆိုးဂိုဏ်းသည် ရွှယ်ဝူရှကို စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေသို့ သွားခွင့်ပြုရဲခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် ရွှယ်ဝူရှကို လုပ်ကြံရန်မှာ မဖြစ်နိုင်သလောက်ရှိမှန်း ရှင်းလင်းစွာ သိထားခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေသို့ သွားရန် ရည်ရွယ်ထားဆဲပင်။
သူ့အနေဖြင့် အခွင့်အရေးရလျှင် ရွှယ်ဝူရှကို အပြတ်ရှင်းမည်ဖြစ်ပြီး အခွင့်အရေးမရလျှင် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် ကျင်းပပြုလုပ်မည့် လေလံပွဲတွင် ပါဝင်နိုင်သည်မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်သည် ကပ်ဘေး ဆေးလုံးကို အတော်လေး စိတ်ဝင်စားနေခဲ့သည်။
ကပ်ဘေး ဆေးလုံးသည် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးကို မဟာယာနအဆင့်သို့ လွယ်ကူစွာ ထိုးဖောက်စေနိုင်သည့် ပြိုင်ဘက်ကင်းဆေးလုံး ဖြစ်သည်။
ထိုဆေးလုံးသည် အုပ်စိုးသူအဆင့်ကို ထိုးဖောက်ရန်အတွက်လည်း ကြီးမားသော အထောက်အကူ ပြုနိုင်လောက်၏။
ယခုအခါ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဆက်လက် မတိုးတက်တော့ပေ။
ယခုအခါတွင် ကျန်းချန်သည် နတ်ဘုရင်အဆင့် အထက်ရှိ စွမ်းအားကို ခပ်ရေးရေး ခံစားမိနေပြီ ဖြစ်သည်။
သို့သော်လည်း ထိုစွမ်းအားကို နားလည်သဘောပေါက်ရန်မှာ အလွန်တရာပင် ခက်ခဲ၏။
အဆ ၁၀၀ စနစ်၏ အထောက်အပံ့ဖြင့်ပင် ထိုစွမ်းအားကို နားလည်သဘောပေါက်ရန် သုံးနှစ်ကနေ ငါးနှစ်ခန့် အချိန်ပေးရလိမ့်မည် ဖြစ်သည်။
နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ်ကနေ အုပ်စိုးသူအဆင့်ကို တက်လှမ်းရန်အတွက် သုံးနှစ်မှ ငါးနှစ်အတွင်းသာ အချိန်ယူရခြင်းသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းသော အမြန်နှုန်း ဖြစ်၏။
သို့သော်လည်း ကျန်းချန်သည် ထိုမျှလောက် အချိန်အကြာကြီး မစောင့်ဆိုင်းနိုင်ပေ။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ယခင်ကကဲ့သို့ သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်များကို သတ်ဖြတ်ရန်မှာ သေချာပေါက် ခက်ခဲနေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သုံးနှစ်ကနေ ငါးနှစ်အထိသာ စောင့်လိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေသို့ စစ်တပ်တစ်တပ်ကို နောက်တစ်ကြိမ် ထပ်မံ စေလွှတ်ပြီး နတ်ဘုရားနယ်မြေကို ဒုက္ခကောင်းစွာ ပေးနိုင်ပေသည်။
ဤအချက်ကြောင့်ပင် ကျန်းချန်သည် ဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံးကို စိတ်ဝင်စားနေမိခြင်း ဖြစ်သည်။
သူသာ ထိုဆေးလုံးကို ရရှိခဲ့လျှင် အုပ်စိုးသူ အဆင့်သို့ တစ်ရှိန်ထိုး ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။
ဤတစ်ကြိမ် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် ကျင်းပမည့်လေလံပွဲ၌ သွားရောက် ယှဥ်ပြိုင်ကြမည့်သူများထဲတွင် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေမှ သွေးနတ်ဆိုးဂိုဏ်းလည်း ပါဝင်နေခဲ့သည်။
မတော်တဆဖြစ်ရပ်မျိုး မရှိခဲ့လျှင် ကပ်ဘေးဆေးလုံးသည် သွေးနတ်ဆိုးဂိုဏ်း၏ လက်ထဲသို့ ရောက်ရှိသွားနိုင်ခြေ အလွန်များ၏။
အကယ်၍ သွေးနတ်ဆိုးဂိုဏ်းသာ ကပ်ဘေး ဆေးလုံးကို ရရှိသွားလျှင် ထိုဆေးလုံးကို အသုံးပြုပြီး နောက်ထပ် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး သွေးနတ်ဆိုးဂိုဏ်းတွင် တိုးလာစေရန် လုပ်ဆောင်နိုင်ခြေ ရှိသည်။
ဤသည်က ကျန်းချန်က လုံးဝ မတွေ့ချင်ဆုံးသော အရာတစ်ခုပင်။
ဤတစ်ကြိမ် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကို သွားရောက်ခြင်းသည် ရွှယ်ဝူရှကို လုပ်ကြံရန်အတွက် ဖြစ်သော်လည်း ကျန်းချန်၏ တကယ့် ရည်မှန်းချက်ကမူ ကပ်ဘေး ဆေးလုံးကို ရယူရန် ဖြစ်သည်။
“ကပ်ဘေးဆေးလုံးလား”
ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ချန်ကျဲ၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သည့် သွေးနတ်ဆိုးဂိုဏ်းမှ မွေးဖွားလာသူ ဖြစ်ရာ ဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံး အကြောင်းကို ကျန်းချန်ထက် ပို၍ သိရှိထားခဲ့သည်။
ကပ်ဘေးဆေးလုံး ဆိုသည်မှာ ကပ်ဘေးအဆင့် ကျင့်ကြံသူကို မဟာယာန အဆင့်အထိ မြှင့်တင်ပေးနိုင်သည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ဆေးလုံး ဖြစ်သည်။
သိုင်းပညာ ယဥ်ကျေးမှုတွင်ဖြစ်စေ၊ အင်မော်တယ် ကျင့်ကြံခြင်း ယဥ်ကျေးမှုတွင်ဖြစ်စေ၊ အချို့သော အဆင့်သို့ ရောက်ရှိသောအခါတွင် နယ်ပယ်အဆင့်ကို ဆက်လက် မထိုးဖောက်နိုင်ဘဲ ပြဿနာများနှင့် ကြုံတွေ့ရတတ်သည်။
ကပ်ဘေးအဆင့်ကနေ မဟာယာနအဆင့်သို့ ထိုးဖောက်ခြင်းသည်လည်း သဘာဝကျစွာပင် ခြွင်းချက်မရှိပေ။
အင်မော်တယ် ကျင့်ကြံခြင်းလမ်းစဥ်တွင် ကပ်ဘေးအဆင့်ကနေ မဟာယာနအဆင့်ကို တက်လှမ်းခြင်းသည် အလွန်တရာခက်ခဲသော အဆင့် ဖြစ်သည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးသည် ကပ်ဘေးအဆင့်ကို ကျော်လွှားပြီး မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအဆီအနှစ် စွမ်းအားများသည် ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ရလိမ့်မည် ဖြစ်၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်ကျင့်ကြံသူများသည် မဟာယာနအဆင့် ကျင့်ကြံသူ၏ စွမ်းအားကို အင်မော်တယ် တစ်ပိုင်းအဆင့် စွမ်းအားဟု ရည်ညွှန်းကြလေ့ ရှိသည်။
ထိုအချက်ကြောင့်ပင် ကျင့်ကြံသူများသည် ကပ်ဘေးအဆင့်ကနေ မဟာယာနအဆင့်ကို ထိုးဖောက်ရာ၌ ကောင်းကင်ကို တက်လှမ်းရသကဲ့သို့ ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။
ဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံးကမူ ကပ်ဘေးအဆင့် ကျင့်ကြံသူများကို မဟာယာနအဆင့်သို့ တိုက်ရိုက် ထိုးဖောက်စေနိုင်သည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ဆေးလုံး ဖြစ်၏။
ဆိုရလျှင် ကပ်ဘေး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည့် မည်သည့် ကျင့်ကြံသူမဆို ကပ်ဘေးဆေးလုံးကို ရရှိလျှင် အားစိုက်ထုတ်စရာ မလိုဘဲ မဟာယာနအဆင့်သို့ လွယ်ကူစွာ ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။
အခန်း(၂၄၉၁)ပြီး၏။
အခန်း(၂၄၉၂)
စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းအနက် တစ်ဂိုဏ်း အပါအဝင် ဖြစ်ပြီး စိမ်းလန်းသောမြစ်ဂိုဏ်းက တာဝန်ယူ အုပ်ချုပ်ထားသော နယ်မြေလည်း ဖြစ်သည်။
စိမ်းလန်းသောမြစ်ဂိုဏ်းသည် ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းတွင် ပါဝင်သော်လည်း ဂိုဏ်း၏ အင်အားကမူ ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲတွင် အောက်ဆုံးအဆင့်တွင်သာ ရှိသည်။
သို့ရာတွင် စိမ်းလန်းသောမြစ်ဂိုဏ်းသည် အဆင့်အားဖြင့် အောက်ဆုံးတွင်သာ ရှိသော်လည်း နောက်ခံသမိုင်းကြောင်းကမူ အလွန်တရာမှ နက်ရှိုင်းသည်။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းအနက် မည်သည့်အင်အားစုကမှ စိမ်းလန်းသောမြစ်ဂိုဏ်းကို အထင်မသေးဝံ့ကြပေ။
စိမ်းလန်းသောမြစ်ဂိုဏ်း၏ အမွေအနှစ်သည် အလွန်တရာပင် ရှည်လျား၏။
ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အင်မော်တယ် ကျင့်ကြံခြင်းယဥ်ကျေးမှု စတင် မွေးဖွားလာစဥ်ကတည်းကပင် စိမ်းလန်းသောမြစ်ဂိုဏ်းသည် တည်ရှိခဲ့ခြင်းဖြစ်သည်။
ဤမျှ နှစ်ပေါင်းများစွာအတွင်း စိမ်းလန်းသောမြစ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းတွင် အမြဲတစေ ပါဝင်ခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံး အပေါ်တွင် စိမ်းလန်းသောမြစ်ဂိုဏ်း၏ နားလည်မှုသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲရှိ မည်သည့် အင်အားစုထက်မဆို သာလွန်၏။
ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲတွင် စိမ်းလန်းသောမြစ်ဂိုဏ်း မသိသောအရာ ဟူ၍ မရှိသလောက်ပင်။
ပို၍ ထင်ရှားသောအချက်မှာ စိမ်းလန်းသောမြစ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာအတွင်း ပျောက်ကွယ်နေပြီ ဖြစ်သော ရတနာအချို့ကို အမြဲလိုလို ရရှိတတ်ခြင်းဖြစ်သည်။
ထိုအချက်ကို အားကိုး၍ စိမ်းလန်းသောမြစ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့ကို တည်ထောင်ခဲ့ပြီး ကြီးမားသော အရင်းအမြစ်နှင့် ချမ်းသာကြွယ်ဝမှုများကို စုဆောင်းနိုင်ခဲ့သည်။
အရင်းအမြစ်နှင့် ချမ်းသာကြွယ်ဝမှု ရှုထောင့်ကနေ ကြည့်လျှင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် မည်သည့်အင်အားစုကမှ စိမ်းလန်းသောမြစ်ဂိုဏ်းနှင့် မယှဥ်နိုင်ပေ။
စိမ်းလန်းသောမြစ်ဂိုဏ်း ထိန်းချုပ်ထားသည့် အရင်းအမြစ်များသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရှိ အခြားသော အင်အားစုများကိုပင် လောဘတက်စေခဲ့သည်အထိပင်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းအနက်မှ တစ်ဂိုဏ်းသည် စိမ်းလန်းသောမြစ်ဂိုဏ်းကို တိုက်ခိုက်ရန် ကြံစည်ခဲ့သော်လည်း ထိုဂိုဏ်းသည် အကြောင်းအရင်း မယ်မယ်ရရ မသိရဘဲ တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့ကာ အဆုံးသတ်တွင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းစာရင်းကနေ ပြုတ်ကျသွားခဲ့သည်။
ထိုအချိန်မှစ၍ စိမ်းလန်းသောမြစ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲတွင် နက်နဲဆန်းကြယ်မှု၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။
စိမ်းလန်းသောမြစ်ဂိုဏ်း၏ အပေါ်ယံအင်အားသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ အောက်ဆုံးတွင်သာ ရှိနေသော်လည်း စိမ်းလန်းသောမြစ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ မည်သည့် အင်အားစုကိုမဆို ကြောက်ရွံ့သွားစေရန် လုံလောက်သော ဂိုဏ်းလည်း ဖြစ်သည်။
အဆုံးမဲ့ လွင်ပြင်ကြီး၏ ပတ်ပတ်လည်တွင် ငြီးငွေ့ဖွယ်ရာ ကောင်းသော သွေးရောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးကို သွေးရောင်များက လွှမ်းမိုးထားသည်။
လွင်ပြင်ကြီးထဲတွင် စိတ်ပျက်စရာကောင်းသော အငွေ့အသက်များ ပျံ့နှံ့နေခဲ့၏။
ထိုလွင်ပြင်ကြီးပေါ်သို့ အနက်ရောင်ပုံရိပ် နှစ်ခုသည် အဝေးကနေ ရုတ်တရက် ပျံသန်းလာခဲ့ကြသည်။
အနက်ရောင်ပုံရိပ် နှစ်ခု၏ အရှိန်အဟုန်သည် အလွန်တရာပင် မြန်ဆန်ပြီး လေထုထဲတွင် တည်နေရာ ရွှေ့ပြောင်းခြင်း ပြုလုပ်နေသကဲ့သို့ပင်။
ထိုပုံရိပ်နှစ်ခုသည် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီသို့ အပြေးအလွှား ခရီးနှင်နေကြသည့် ကျန်းချန်တို့ နှစ်ယောက်ပင် ဖြစ်သည်။
စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေနှင့် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ တို့သည် ကပ်ရပ် တည်ရှိသော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နယ်မြေတစ်ခုချင်းစီသည် အလွန်တရာပင် ကြီးမားလှ၏။
အထူးသဖြင့် ကောင်းကင်နယ်မြေ ဆယ်ခုသည် အလွန်တရာပင် ကျယ်ပြောသည်။
ကျန်းချန်တို့ နှစ်ယောက်၏ အရှိန်အဟုန်ဖြင့်ပင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေနှင့် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ တို့၏ အလယ်ရှိ ဆိတ်ငြိမ်သွေးလွင်ပြင်သို့ ရောက်ရှိရန် ငါးရက် ခြောက်ရက်ခန့် အချိန်ယူခဲ့ရသည်။
“ရွှယ်ချန်ကျဲ.. ငါတို့ဆိတ်ငြိမ်သွေးလွင်ပြင်ဆီ ရောက်လာတာ အတော်တောင်ကြာနေပြီ.. ဒီလွင်ပြင်ကို ဖြတ်ပြီး စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီ ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ”
ကျန်းချန်က သူ့ရှေ့မှ အဆုံးမဲ့ သွေးရောင်လွင်ပြင်ကြီးကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်တော်အရင်က ဆိတ်ငြိမ်သွေးလွင်ပြင် အကြောင်းကို ကြားဖူးရုံပဲရှိတယ် သခင်ကြီး.. ဒီနေရာက ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေနှင့် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ တို့ရဲ့ ကြားမှာ ရှိတယ် ဆိုတာတော့ သိတယ်.. ဒါပေမဲ့ ဒီနေရာကို တစ်ခါမှ မရောက်ဖူးတော့ ဒီနေရာရဲ့ အသေးစိတ် အခြေအနေကိုတော့ မသိဘူး”
ရွှယ်ချန်ကျဲက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ဒီဆိတ်ငြိမ်သွေးလွင်ပြင်ပေါ်မှာ အခြေစိုက်နေတဲ့ အင်အားစုတချို့ ရှိတယ်လို့တော့ ကြားဖူးတယ်.. ခဏနေရင် တစ်ယောက်ယောက်ကို ရှာပြီး စုံစမ်းကြည့်လိုက်မယ် သခင်ကြီး”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ဘာစကားမှ ဆက်မပြောတော့ဘဲ ရှေ့သို့ ဆက်လက်ခရီးနှင်ခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် သေးငယ်သော အနက်ရောင် အစက်အပျောက် တစ်ခုသည် သူတို့ရှေ့တွင် ခပ်ရေးရေးပေါ်လာခဲ့သည်။
ကျန်းချန်တို့သည် ထိုအနက်ရောင် အစက်အပျောက်နှင့် နီးကပ်လာသည်နှင့် အမျှ ထိုအနက်ရောင်အစက်သည် ကျန်းချန်တို့၏ မြင်ကွင်းထဲတွင် တဖြည်းဖြည်း ကြီးမားလာခဲ့သည်။
အဆုံးသတ်တွင် မြို့ငယ်လေး တစ်မြို့သည် ကျန်းချန်တို့၏ မြင်ကွင်းထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
အောက်ဘက်မှ မြို့ငယ်လေးကို ကြည့်ရင်း ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ မြို့တံခါးဝသို့ တိုက်ရိုက်ပင် ဆင်းသက်လိုက်သည်။
သို့သော်လည်း ကျန်းချန် မြို့တံခါးဝတွင် ပေါ်လာသည့် အခိုက်အတန့်မှာပင် အလွန်တရာပြင်းထန်သော လူသတ်ငွေ့များ လွှမ်းမိုးနေသည့် မြားတစ်စင်းသည် လေထုကို ထိုးခွင်းလာခဲ့ပြီး ကျန်းချန်၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့သည်။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မြားရှည်သည် ကြေမွသွားခဲ့သည်။
“ငါတို့နှစ်ယောက်က ဒီနေရာကို ဖြတ်သွားရင်းနဲ့ လမ်းမေးချင်ရုံတင်ပါ.. ဒီလုပ်ရပ်က လွန်လွန်းတယ်လို့ မထင်ဘူးလား”
ကျန်းချန်၏ ထက်ရှသော အကြည့်က မြို့ငယ်လေး၏ မြို့ရိုးပေါ်မှ သွေးရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦး ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
သူ၏ စကားသံက အလွန်အမင်း အေးစက်နေခဲ့၏။
“ကောင်လေး.. ဆိတ်ငြိမ်သွေးလွင်ပြင်ရဲ့ စည်းမျဥ်းအရ လမ်းမေးချင်တယ် ဆိုရင် ငါတို့ သတ်မှတ်ထားတဲ့ ငွေကြေးကို အရင် ပေးရလိမ့်မယ်”
လေးနှင့်မြားကို ကိုင်ဆောင်ထားသော သွေးရောင်ဝတ်စုံဝတ် အမျိုးသားက ကျန်းချန်ကို အထက်စီးဆန်စွာ ပြောလိုက်သည်။
ကျန်းချန်က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
“ဘယ်လောက်ပေးရမှာလဲ”
သွေးရောင်ဝတ်စုံဝတ် အမျိုးသားက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
“ယွမ်ကျောက်တုံး ၁၀၀၀ မပေးနိုင်ဘူး ဆိုရင်တော့ ငါ့ရဲ့အချိန်တွေကို လာဖြုန်းမနေနဲ့.. အခုချက်ချင်း ဒီကနေ လှည့်ပြန်လိုက်တော့”
ယွမ်ကျောက်တုံး ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံသူများ ကျင့်ကြံရာတွင် အသုံးပြုနိုင်သည့် စွမ်းအင်ကျောက်တုံး တစ်မျိုး ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ဘုံသုံး ငွေကြေးလည်း ဖြစ်သည်။
“သူ့ကို ယွမ်ကျောက်တုံး တစ်ထောင်ပေးလိုက်”
ကျန်းချန်က ရွှယ်ချန်ကျဲကို ခေါင်းငဲ့၍ ကြည့်ကာ ပြောလိုက်သည်။
သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူ မဟုတ်သဖြင့် သူ့တွင် ယွမ်ကျောက်တုံး မရှိပေ။
သို့သော်လည်း ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူအနေဖြင့် ရွှယ်ချန်ကျဲ အတွက်မူ ယွမ်ကျောက်တုံး ၁၀၀၀ သည် ဘာမှမဟုတ်ပေ။
ကျန်းချန်သည် သွေးရောင်ဝတ်စုံဝတ် အမျိုးသားနှင့် အချိန်မဖြုန်းလိုဘဲ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ လမ်းကြောင်းကိုသာ စုံစမ်းလိုခဲ့သည်။
ရွှယ်ချန်ကျဲက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ယွမ်ကျောက်တုံး ၁၀၀၀ကို ထုတ်ယူကာ သွေးရောင်ဝတ်စုံဝတ် အမျိုးသားကို ပစ်ပေးလိုက်သည်။
သွေးရောင်ဝတ်စုံဝတ် အမျိုးသားက ယွမ်ကျောက်တုံး ၁၀၀၀ကို အလောတကြီး ဖမ်းယူလိုက်ပြီးနောက်တွင် သေချာစွာ ရေတွက်ကြည့်လိုက်သည်။
ထို့နောက် ကျန်းချန်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်၏။
“ပြောပါ ဘာမေးချင်တာလဲ”
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီနေရာကနေ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီ သွားမယ်ဆိုရင် ဘယ်လောက်ဝေးသေးလဲ.. စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကို အမြန်ဆုံးရောက်ဖို့ ငါတို့ ဘယ်လိုဆက်သွားရမှာလဲ”
“ဒီကနေ အရှေ့တောင်ဘက်ကို သွားပါ.. သာမန် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး ဆိုရင် ဆယ်ရက်အတွင်း ဆိတ်ငြိမ်သွေးလွင်ပြင်ကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်”
သွေးရောင်ဝတ်စုံဝတ် အမျိုးသားက ကျန်းချန်တို့ နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့လို ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဆိုရင်တော့ အနည်းဆုံး လဝက်လောက် ကြာမြင့်လိမ့်မယ်”
ကျန်းချန်နှင့်ရွှယ်ချန်ကျဲ တို့သည် ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲထားရုံသာမက အရှိန်အဝါကိုလည်း ဖုံးကွယ်ထားခဲ့ကြသည်။
ထို့ကြောင့် သွေးရောင်ဝတ်စုံဝတ် အမျိုးသားသည် ကျန်းချန်တို့ နှစ်ယောက်ကို ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦး အဖြစ် ထင်မြင်သွားပုံရ၏။
“ကျေးဇူးပဲ”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲနှင့်အတူ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
“နေဦးကောင်လေး.. ဆိတ်ငြိမ်သွေးလွင်ပြင်က အရမ်းကို အန္တရာယ်များတယ်.. မင်းတို့လို ရွှေအမြုတေအဆင့်နဲ့ဆိုရင် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီကို သွားဖို့က လွယ်မှာမဟုတ်ဘူး.. ငါ့ကို ယွမ်ကျောက်တုံး နည်းနည်းလောက် ထပ်ပေးပါလား.. ငါမင်းတို့ နှစ်ယောက်ကို စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေအထိ လိုက်ပို့ပေးမယ်လေ.. ဘယ်လိုလဲ”
ထိုအခိုက်အတန့်တွင် သွေးရောင်ဝတ်စုံဝတ် အမျိုးသား၏ စကားသံသည် ကျန်းချန်တို့၏ကျောဘက်ကနေ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က သွေးရောင်ဝတ်စုံဝတ် အမျိုးသားကို အေးစက်စက် တစ်ချက် လှည့်ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ မင်းရဲ့စောင့်ရှောက်မှုကို မလိုအပ်ဘူး”
ဤ သွေးရောင်ဝတ်စုံဝတ် အမျိုးသားသည် သန္ဓေဝိညာဥ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
သူနှင့် ရွှယ်ချန်ကျဲတို့၏ အဆင့်ဖြင့် သန္ဓေဝိညာဥ် အဆင့်မျှသာ ရှိသော ကျင့်ကြံသူ တစ်ဦး၏ စောင့်ရှောက်မှုကို ခံယူစရာ အဘယ်ကြောင့် လိုအပ်ပါမည်နည်း။
“မဟုတ်ဘူး.. မင်းတို့ ငါ့ရဲ့စောင့်ရှောက်မှုကို သေချာပေါက်လိုအပ်တယ်”
သွေးရောင်ဝတ်စုံဝတ် အမျိုးသားက ပဟေဠိဆန်စွာ ပြုံး၍ ပြောလိုက်သည်။
“ငါတို့ အလောင်းအစား လုပ်ကြမလား.. တကယ်လို့ ငါ့ရဲ့စောင့်ရှောက်မှုသာ မပါရင် မင်းတို့ ဒီနေရာကနေ ထွက်သွားဖို့ ခက်ခဲလိမ့်မယ်လို့ ငါပြောရဲတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် အေးစက်သွားခဲ့သည်။
“ခင်ဗျားစကားက ဘာကိုဆိုလိုတာလဲ”
အခန်း(၂၄၉၂)ပြီး၏။