အခန်း (၂၄၉၃-၂၄၉၄)
Vol. 190 Ch. 2493-2494
အခန်း(၂၄၉၃)
“ကျန်းရွှယ်ကျန့်.. ဒီနှစ်ယောက်နဲ့ဘာလို့ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေရတာလဲ”
ထိုအခိုက်အတန့်တွင် သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးသည် သွေးရောင်ဝတ်စုံဝတ် အမျိုးသား နံဘေးသို့ ရောက်လာခဲ့သည်။
သူက ကျန်းချန်ကို သတ်ဖြတ်လိုသော အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကောင်လေး.. မင်းက ယွမ်ကျောက်တုံး ၁၀၀၀ကို အလွယ်တကူ ထုတ်ပေးနိုင်တယ် ဆိုတော့ ချမ်းသာတဲ့ကောင်ပဲ ဖြစ်ရမယ်.. မင်းမှာ ပါလာတဲ့ အဖိုးတန် မှန်သမျှကို အကုန်အပ်မယ်ဆိုရင် ငါမင်းကို အသက်ချမ်းသာပေးဖို့ စဥ်းစားပေးမယ်”
ယွမ်ကျောက်တုံး ၁၀၀၀ ဆိုသည်မှာ သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများ အတွက် အလွန်တရာပင် များပြားသော ပမာဏ ဖြစ်သည်။
ထိုပမာဏကို ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးသည် အလွယ်တကူ ထုတ်ပေးနိုင်သည် ဖြစ်၍ သေချာပေါက်ကြွယ်ဝချမ်းသာသူများ ဖြစ်နိုင်လောက်၏။
ဤကဲ့သို့ ဆူဖြိုးသော သိုးနှစ်ကောင်သည် သူ၏ ရှေ့မှောက်သို့ အလိုအလျောက် ရောက်လာခဲ့သည် ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် အလွယ်တကူ လက်လွှတ်ခံပါမည်နည်း။
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဘာလဲ မင်းတို့က ဓားပြတိုက်နေတာလား”
သန်မာထွားကျိုင်းသောအမျိုးသားက မထီမဲ့မြင်ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဆိတ်ငြိမ်သွေးလွင်ပြင်မှာ နေတဲ့ ငါတို့လို လူတွေက ဒီအလုပ်နဲ့ပဲ အသက်မွေးကြတယ်.. စိတ်မကောင်းစရာပဲ.. မင်းအခုသိလိုက်ရပေမဲ့ နောက်ကျသွားခဲ့ပြီ”
“ပထမတော့ ငါက လမ်းမေးဖို့လောက်ပဲ.. မင်းတို့ကို ပြဿနာမရှာချင်ခဲ့ဘူး.. ဒါပေမဲ့ မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ရွှယ်ချန်ကျဲကို အေးစက်စက် အမိန့်ပေးလိုက်သည်။
“ချန်ကျဲ.. သူတို့က သေမင်းဆီ ဒီလောက်တောင် သွားချင်မှတော့ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်”
“ဟုတ်ကဲ့ပါ သခင်ကြီး”
စကားဆုံးသည်နှင့် ရွှယ်ချန်ကျဲသည် ကျန်းချန်၏ အနောက်ကနေ ရှေ့သို့ လှမ်းထွက်လာခဲ့သည်။
ရွှယ်ချန်ကျဲ တိုက်ခိုက်တော့မည်ကို မြင်လျှင် သန်မာ ထွားကျိုင်းသော အမျိုးသား၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
သူက ထက်ရှသော ဓားမြှောင်တစ်လက်ကို ကိုင်ကာ ရွှယ်ချန်ကျဲ ထံသို့ ပျံသန်းလာခဲ့သည်။
သို့သော်လည်း သူ၏ ပုံရိပ်သည် အလွန်လျင်မြန်စွာ ပျံသန်းနေရာကနေ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး “ဝုန်းခနဲ”အောက်သို့ ပြုတ်ကျသွားခဲ့ကာ မည်သည့် လှုပ်ရှားမှုမှ မရှိတော့ပေ။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ၏ရှေ့မှ ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရလျှင် သွေးရောင်ဝတ်စုံဝတ် အမျိုးသားသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး နေရာမှာပင် တောင့်တင်းသွားခဲ့သည်။
သိထားရမည့်အချက်မှာ သန်မာထွားကျိုင်းသော အမျိုးသားသည် သူ့ထက်ပင် ပို၍ အင်အားကြီးမားသည့် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သာမန်ထွားကျိုင်းသော အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ရွှေအမြုတေအဆင့်တွင်သာ ရှိသည်ဟု ထင်ရသော ထိုလူကို ရင်ဆိုင်ရာတွင် အကြောင်းရင်း မရှိဘဲ ရုတ်တရက် ကျဆုံးသွားလိမ့်မည်ဟု သွေးရောင်ဝတ်စုံဝတ် အမျိုးသား ထင်မှတ်မထားခဲ့ပေ။
သူ့ရှေ့မှ လူနှစ်ယောက်သည် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းရည်ရှိသော ရွှေအမြုတေအဆင့် ပါရမီရှင်များ ဖြစ်နိုင်ပါသလော။
ထိုသို့ တွေးမိလျှင် သွေးရောင်ဝတ်စုံဝတ် အမျိုးသားသည် ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
သူက ဤနေရာတွင် အနည်းငယ်မျှပင် မနေဝံ့တော့ဘဲ ထွက်ပြေးရန် ပြင်လိုက်သည်။
“ဝုန်း..”
သို့သော်လည်း သွေးရောင်ဝတ်စုံဝတ် အမျိုးသား လှုပ်ရှားရန် အချိန်မရမီမှာပင် သွေးရောင်အလင်းတန်း တစ်ခုသည် သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက်တစ်ခုကို ကျန်ရစ်စေခဲ့သည်။
သွေးရောင်ဝတ်စုံဝတ် အမျိုးသားသည် ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက် ကင်းမဲ့သွားခဲ့ပြီး သူ၏ အသက်ဝိညာဥ် ပျောက်ကွယ်သွားသည်ကိုသာ စောင့်ကြည့်နေခဲ့ရသည်။
အဆုံးသတ်တွင် မြင်ကွင်းတစ်ခုလုံး မှောင်အတိ ကျသွားကာ လဲကျသွားခဲ့သည်။
“သခင်ကြီး.. ဒီမြို့ထဲက လူတွေကိုရော သတ်ပစ်လိုက်ရမလား”
ရွှယ်ချန်ကျဲက မြို့ထဲကို လှမ်းကြည့်ကာ ကျန်းချန်ကို မေးလိုက်သည်။
ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းတွင် မွေးဖွားလာသူဖြစ်ပြီး နောက်ပိုင်းတွင် ကြယ်တာရာဓားပြတစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ရာ သဘာဝကျစွာပင် သူတော်ကောင်းတစ်ဦး မဟုတ်ပေ။
“ထားလိုက်ပါ.. ငါတို့သွားကြစို့”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ဆီသို့ ဆက်လက် ခရီးနှင်ရန် ပြင်လိုက်သည်။
“မိတ်ဆွေလေးနှစ်ယောက်.. ခဏစောင့်ပါဦး”
ထိုအခိုက်အတန့်တွင် အနည်းငယ် ဝဖိုင့်ဖိုင့် ရှိသည့် ပုံရိပ်တစ်ခုသည် ရုတ်တရက် မြို့ထဲကနေ လမ်းလျှောက်ထွက်လာခဲ့ပြီး ကျန်းချန်တို့ နှစ်ဦးကို ပြုံး၍ ကြည့်နေခဲ့သည်။
ကျန်းချန်က ထိုသူကို စိုက်ကြည့်လိုက်ပြီး အနည်းငယ်မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်းကရော ဘာကိစ္စရှိလို့လဲ”
သူ့ရှေ့မှ ဝဖိုင့်ဖိုင့်အမျိုးသားသည် အပေါ်ယံကြည့်လျှင် သာမန်ဟုသာ ထင်ရသော်လည်း တကယ်တမ်းတွင် ကျင့်ကြံခြင်းအဆင့် မနိမ့်ကျပေ။
ထိုလူက လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ ကပ်ဘေးအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
ရွှေအမြုတေအဆင့်နှင့် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများသာ ရှိသော မြို့ငယ်လေးတွင် ဤကဲ့သို့ ကျင့်ကြံသူတစ်ဦး ရုတ်တရက် ပေါ်ထွက်လာခြင်းမှာ ထူးဆန်းနေခဲ့သည်။
သူ့ရှေ့မှ ဝဖိုင့်ဖိုင့် အမျိုးသား၏ အထောက်အထားသည် ရိုးရှင်းပုံမရပေ။
“မိတ်ဆွေလေး.. ခုနက မင်းတို့ စိမ်းလန်သောမြစ် ကောင်းကင်နယ်မြေဆီ သွားမယ်လို့ ငါကြားလိုက်ရတယ်”
ဝဖိုင့်ဖိုင့် ကျင့်ကြံသူက ပြုံး၍ ပြောလိုက်သည်။
“ဒီနေရာက စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေနဲ့ သိပ်မဝေးဘူး ဆိုပေမဲ့ ပတ်ဝန်းကျင်က အရမ်းကြမ်းတယ်.. တစ်ခါတလေ သွေးမုန်တိုင်းတွေတောင် တိုက်ခတ်တတ်တယ်”
“မင်းက ငါတို့ကို သတိပေးဖို့ လာတာတော့ မဟုတ်လောက်ဘူးထင်တယ်.. မင်းမှာ ကိစ္စရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ”
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မိတ်ဆွေလေးက ရိပ်စားမိနေမှတော့ ငါကွေ့ဝိုက်မနေတော့ဘူး”
ဝဖိုင့်ဖိုင့် ကျင့်ကြံသူက အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
“ငါက စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က တာဝန်ခံ ကြီးကြပ်ရေးမှူး ရှဖေးပါ.. လူဝကြီးရှလို့လည်း ငါ့ကို ခေါ်လို့ရပါတယ်.. တကယ်လို့ မင်းတို့တွေ စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေဆီ သွားမယ်ဆိုရင် ငါတို့အဖွဲ့နဲ့အတူ သွားတာ ပိုကောင်းလိမ့်မယ်.. စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီကို လမ်းပြပေးတဲ့အတွက် ဆုလာဘ်အနေနဲ့ မိတ်ဆွေလေးတို့က ငါတို့ အခက်အခဲနဲ့ ကြုံရတဲ့အချိန်မှာ နည်းနည်းပါးပါး ကူညီပေးရင် ရပါပြီ”
ဤဝဖိုင့်ဖိုင့် ကျင့်ကြံသူသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့မှ ဖြစ်နေခဲ့သည်။
ရှဖေး၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့၏။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကျော်ကြားသော ကုန်သွယ်ရေးအဖွဲ့ ဖြစ်ပြီး ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်း အနက်မှ တစ်ဂိုဏ်း ဖြစ်သည့် စိမ်းလန်းသောမြစ်ဂိုဏ်းက ကျောထောက်နောက်ခံ ပေးထားခြင်း ဖြစ်သည်။
ဤတစ်ကြိမ် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ လေလံပွဲကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့တွင် ကျင်းပမည် ဖြစ်ပြီး ဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံးသည် ထိုလေလံပွဲတွင် ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။
ဤကဲ့သို့သော နေရာတွင် ကျန်းချန်သည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့မှ လူများနှင့် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ကောင်းပြီလေ.. ဒါဆိုလည်း မင်းတို့နဲ့အတူ လိုက်ခဲ့ပါ့မယ်”
ကျန်းချန်က စဥ်းစားမနေဘဲ ခေါင်းညိတ်လိုက်ပြီး ရှဖေးတို့အဖွဲ့နှင့် အတူသွားရန် သဘောတူခဲ့သည်။
ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းမှ ဖြစ်သော်လည်း သွေးနတ်ဆိုးဂိုဏ်းတွင်သာ တစ်နှစ်ပတ်လုံး ကျင့်ကြံနေခဲ့သူ ဖြစ်၍ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ အကြောင်းကို များများစားစားမသိပေ။
သို့ဖြစ်ရာ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေနှင့် ကပ်ရပ်တည်ရှိသော စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ အကြောင်းဆိုလျှင် ပို၍ပင် မသိရှိချေ။
ယခုအခါတွင် ကောင်းမွန်စွာ လမ်းပြပေးနိုင်သည့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နှင့် တွေ့ဆုံနေရပြီ ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် ငြင်းပယ်ရပါမည်နည်း။
သူ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ဆီသို့ သွားရသည့်ရည်ရွယ်ချက်မှာ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သို့ သွားရောက်ကာ လေလံပွဲတွင် ပါဝင်ရန်နှင့် ဒဏ္ဍာရီလာကပ်ဘေးဆေးလုံးကို ရယူရန်ပင် ဖြစ်သည်။
အကယ်၍ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နှင့် အတူ သွားမည်ဆိုလျှင် သေချာပေါက် မလိုအပ်သော အခက်အခဲများစွာကနေ သက်သာသွားလိမ့်မည် မဟုတ်ပါလော။
“ကျေးဇူးပဲ မိတ်ဆွေလေး”
ကျန်းချန် ခေါင်းညိတ် သဘောတူလိုက်သည်ကိုမြင်လျှင် ရှဖေးသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
ဤခရီးစဥ်တွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ကာကွယ် စောင့်ရှောက်လာခဲ့သော ပစ္စည်းသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ အတွက် အလွန်တရာ အရေးကြီးသည်။
ထို့ကြောင့် ရှဖေးသည် ခက်ခဲသော ပြဿနာအချို့နှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေခဲ့၏။
ထိုနှစ်ဦးသည် ရွှေအမြုတေအဆင့်သာ ရှိပုံရသော်လည်း ရှဖေးသည် ထိုနှစ်ဦး၏ အင်အားက ထိုထက်မက သာလွန်သည်ကို ကောင်းစွာ သိရှိထားခဲ့သည်။
လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့်ရှိ သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် ထိုနှစ်ဦးထံမှ အလွန်အန္တရာယ်ကြီးမားသော အရှိန်အဝါကို ခပ်ရေးရေး ခံစားမိနေခဲ့၏။
ရှဖေးသည် ဤကဲ့သို့ အန္တရာယ်ရှိသည့် အရှိန်အဝါမျိုးကို ကပ်ဘေးအဆင့် ကျင့်ကြံသူ တချို့တွင်သာ ခံစားခဲ့ရဖူးသည်။
အကယ်၍ ထိုနှစ်ဦး၏ အကူအညီကိုသာ ရယူနိုင်လျှင် သူ၏ ခရီးစဥ်သည် သေချာပေါက် ပို၍ ချောမွေ့သွားလိမ့်မည်ဟု သူထင်မြင်ခဲ့သည်။
စင်စစ် သူစိမ်းနှစ်ဦးနှင့် ခရီးသွားခြင်းသည် အန္တရာယ်တချို့ ရှိနိုင်သော်လည်း ရှဖေးသည် ထိုမျှလောက်အထိ ဂရုမစိုက်နိုင်တော့ပေ။
နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရယူပြီးနောက်တွင် ရှဖေးသည် မြို့ငယ်လေးတွင် အချိန်ကြာမြင့်စွာ မနေတော့ဘဲ ကုန်သည်အဖွဲ့နှင့်အတူ ကျန်းချန် တို့ကို ဦးဆောင်ကာ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ဆီသို့ တိုက်ရိုက်ပင် ခရီးဆက်ခဲ့ကြသည်။
အခန်း(၂၄၉၃)ပြီး၏။
အခန်း(၂၄၉၄)
အဆုံးမဲ့ သွေးရောင်လွင်ပြင်ကြီးတွင် ကုန်သည်အဖွဲ့သည် ခရီးနှင်နေခဲ့သည်။
ကုန်သည်အဖွဲ့၏ အလယ်ဗဟိုရှိ ရထားလုံး အတွင်းတွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
သူ၏ရှေ့တွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ တာဝန်ခံကြီးကြပ်ရေးမှုး ဖြစ်သည့် ရှဖေး ရှိနေခဲ့သည်။
ရှဖေးတို့ ကုန်သွယ်အဖွဲ့မှ အစောင့်အရှောက်များသည် အင်အားသိပ်မကြီးဘဲ ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးပင် မပါဝင်ပေ။
ရှဖေးအပြင် ကုန်သည်အဖွဲ့၏ အစောင့်ခေါင်းဆောင်သာ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ဖြစ်ပြီး ကျန်ရှိသူများကမူ သန္ဓေဝိညာဥ်အဆင့်နှင့် ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ကျင့်ကြံသူများ တိမ်တိုက်ကဲ့သို့ များပြားသော အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် ထိုကဲ့သို့သော အင်အားသည် ဘာမှ မဟုတ်ပေ။
ဤအချက်ကြောင့်ပင် ရှဖေးသည် ကျန်းချန်တို့၏ အင်အားက ကပ်ဘေးအဆင့် ကျင့်ကြံသူထက် မနိမ့်ကျသည်ကို ခံစားမိပြီးနောက်တွင် ကျန်းချန် တို့ကို အတူတူ ခရီးသွားရန် ဖိတ်ခေါ်ခဲ့ခြင်းသာ။
မည်သို့ပင်ဖြစ်စေ ဆိတ်ငြိမ်သွေးလွင်ပြင်သည် ကောင်းမွန်သောနေရာ မဟုတ်ဘဲ နေရာအနှံ့တွင် ဓားပြတိုက်ခံရနိုင်သည့် အန္တရာယ်များ ရှိသည်။
အကယ်၍ ကုန်သည်အဖွဲ့တွင်သာ ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦး ပါဝင်လာမည်ဆိုလျှင် သူ့အနေဖြင့် အမှန်တကယ် စိတ်အေးနိုင်မည် ဖြစ်၏။
“မိတ်ဆွေလေးကျန်းချန်.. ငါတို့ရဲ့ အရှိန်အဟုန်နဲ့ဆိုရင် နောက်သုံးရက်အတွင်း စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ဆီကို ရောက်လိမ့်မယ်”
ရှဖေးသည် သူ၏ ရင်ဘတ်ထဲမှ ဝါကြင့်ကြင့် မြေပုံတစ်ခုကို ထုတ်ယူကာ သူ့ရှေ့ရှိ စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်ပြီး ကျန်းချန်ကို ညွှန်ပြကာ ပြောလိုက်သည်။
ကျန်းချန်က ရှဖေး ညွှန်ပြထားသည့် မြေပုံပေါ်ရှိ အနီရောင်မျဥ်းကြောင်းကို မြင်လျှင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒီအနီရောင်မျဥ်းက ငါတို့ အခုသွားနေတဲ့ လမ်းကြောင်း မဟုတ်လား”
ရှဖေး ညွှန်ပြထားသည့် အနီရောင်မျဥ်းသည် မြေပုံပေါ်တွင် သိသိသာသာပင် ကွေ့ဝိုက်နေခဲ့သည်။
အကယ်၍ သူတို့သာ ကွေ့ဝိုက်၍ မသွားခဲ့လျှင် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ဆီသို့ သွားရမည့် ခရီးသည် အနည်းဆုံး ထက်ဝက်ခန့် လျော့နည်းသွားလိမ့်မည် ဖြစ်၏။
“ဆိတ်ငြိမ်သွေးလွင်ပြင်ထဲမှာ အန္တရာယ်တွေ အများကြီးရှိတယ်.. ဒီမြေပုံပေါ်က အနီရောင်မျဥ်းက ငါတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က နှစ်ပေါင်းများစွာ စူးစမ်းလေ့လာပြီးမှ မှတ်သားထားတဲ့ ဘေးကင်းတဲ့ လမ်းကြောင်းတွေပဲ.. ငါတို့အခုရောက်နေတဲ့ နေရာအရ ဆိုရင် ဒီအနီရောင်မျဥ်းအတိုင်း သွားတာက ပိုပြီးတော့ ဘေးကင်းပါတယ်”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ရှဖေးသည် မြေပုံပေါ်မှ ဧရိယာတစ်ခုကို လက်ညှိုးညွှန်ပြကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“အကယ်၍ ငါတို့သာ ရှေ့တည့်တည့် ဆက်သွားမယ်ဆိုရင် ခရီးက အများကြီး တိုသွားမှာ ဖြစ်ပေမဲ့ ဝမ်ရွှယ်လင်ကို ဖြတ်ရလိမ့်မယ်”
“ဝမ်ရွှယ်လင်က ဘာလဲ.. အဲဒီနေရာက အန္တရာယ်များလို့လား”
ကျန်းချန်က နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။
“ဝမ်ရှယ်လင် ဆိုတာက ဆိတ်ငြိမ်သွေးလွင်ပြင်ရဲ့ အန္တရာယ်အရှိဆုံးနေရာပဲ.. အဲဒီနေရာမှာ ကပ်ဘေးအဆင့် ကျင့်ကြံသူနဲ့ ခွန်အားတန်းတူရှိတဲ့ မြွေနတ်ဆိုးဘုရင် ရှိတယ်.. ဒီမြွေနတ်ဆိုးဘုရင်က ကောက်ကျစ်စဥ်းလဲပြီး အတော်လေးလည်း ပါးနပ်တယ်.. သာမန် ကပ်ဘေးအဆင့် ကျင့်ကြံသူတွေတောင် ဒီမြွေနတ်ဆိုးဘုရင် နေထိုင်တဲ့ ဝမ်ရွှယ်လင်ကို အလွယ်တကူ ခြေမချဝံ့ကြဘူး.. ဘာလို့လည်းဆိုတော့ ဒီမြွေဘုရင်က အင်အားကြီးရုံတင်မကဘဲ မြွေအမြောက်အများကို စေခိုင်းနိုင်လို့ပဲ.. ဒါ့အပြင် အချို့မြွေတွေရဲ့ အဆိပ်က ကပ်ဘေးအဆင့် ကျင့်ကြံသူတွေကိုတောင် ခြိမ်းခြောက်နိုင်လောက်တဲ့အထိ ပြင်းထန်တယ်”
ရှဖေးက လေးနက်စွာ ရှင်းပြလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခဏမျှ စဥ်းစားလိုက်ပြီး ရှဖေးကို ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ အဲဒီနေရာမှာ ကပ်ဘေးအဆင့် မြွေနတ်ဆိုးတစ်ကောင်လောက်ပဲ ဆိုရင်တော့ အဲလောက်ထိ အလုပ်ရှုပ်မခံပါနဲ့.. ငါတို့ ဝမ်ရွှယ်လင်ကပဲ ဖြတ်သွားကြတာပေါ့”
ကပ်ဘေးအဆင့်မျှသာ ရှိသော မြွေနတ်ဆိုးဘုရင် တစ်ကောင်သည် ကျန်းချန်ကို နောက်ဆုတ်သွားစေရန် မလုံလောက်ပေ။
သူ၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် ကပ်ဘေးအဆင့် မြွေနတ်ဆိုးဘုရင်ကို မဆိုထားနှင့်၊ မဟာယာနတစ်ပိုင်းအဆင့် မြွေနတ်ဆိုးဘုရင် ဖြစ်နေပါစေ၊ သူ့အတွက် အနည်းငယ်မျှပင် ခြိမ်းခြောက်မှု ဖြစ်စေလိမ့်မည် မဟုတ်ပေ။
“ဝမ်ရွှယ်လင်ကနေ ဖြတ်သွားမယ် ဟုတ်လား”
ကျန်းချန်၏ စကားကိုကြားလျှင် ရှဖေးသည် တုန်လှုပ်သွားခဲ့ပြီး မယုံကြည်နိုင်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
သူက ဝမ်ရွှယ်လင်၏ အခြေအနေကို ပြောပြပြီးသည့်တိုင် ကျန်းချန်သည် ဝမ်ရွှယ်လင်ကနေ သွားရန် ရွေးချယ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤလူတွင် ဝမ်ရွှယ်လင်ရှိ မြွေနတ်ဆိုးကိုပင် မမှုလောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများ ရှိနေပါသလော။
ကျန်းချန်က ရှဖေး စိုးရိမ်နေသည်ကို ရိပ်စားမိခဲ့ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့.. ဝမ်ရွှယ်လင်ကနေသာ ဖြတ်သွားလိုက်ပါ.. ခင်ဗျားတို့အဖွဲ့ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီ အထိအခိုက်မရှိဘဲ ရောက်ဖို့ ငါအာမခံတယ်”
“ကောင်းပြီ ဒါဆိုရင် မိတ်ဆွေလေးကျန်းချန် ပြောတဲ့အတိုင်း ဝမ်ရွှယ်လင်ကနေပဲ ဖြတ်သွားကြတာပေါ့”
ရှဖေး၏ မျက်ဝန်းများတွင် အနည်းငယ် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် သူက ကျန်းချန်ကို ယုံကြည်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီး ဝမ်ရွှယ်လင်ကနေ ဖြတ်သန်းရန် သဘောတူလိုက်သည်။
ဤတစ်ကြိမ် ခရီးစဥ်သည် သူတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ အတွက် အလွန်တရာ အရေးကြီးသည်။
လမ်းခရီးတွင် အချိန်ပိုကြာလေလေ အခြေအနေက ပို၍ အန္တရာယ်ရှိလေလေ ဖြစ်ရာ သဘာဝကျစွာပင် ရှဖေးသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သို့ အမြန်ဆုံး ပြန်လိုခဲ့၏။
သူတို့သာ ဝမ်ရွှယ်လင်ကနေ ဖြတ်သွားမည်ဆိုလျှင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့တို့ အမြန်ဆုံး ရောက်ရှိနိုင်မည် ဖြစ်သော်လည်း ကျန်းချန်တို့ နှစ်ဦးက ဝမ်ရွှယ်လင်ရှိ မြွေနတ်ဆိုးဘုရင်ကို ကိုင်တွယ်နိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
သို့မဟုတ်လျှင် သူတို့သည် ဝမ်ရွှယ်လင်ကနေ အသက်ရှင်လျက် ပြန်ထွက်လာရန်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူ့ရှေ့မှ လူငယ်သည် ဝမ်ရွှယ်လင်၏ အခြေအနေကို သိရှိပြီးသည့်တိုင် ဖြတ်သွားဝံ့နေသေးသည်ဖြစ်ရာ ထိုလူငယ်တွင် သေချာပေါက် ဖြတ်သွားနိုင်မည်ဟု ယုံကြည်မှု ရှိနေလောက်၏။
ဤသို့ဖြင့် ရှဖေးသည် ထပ်မံ မစဥ်းစားတော့ဘဲ ကုန်သည်အဖွဲ့ကို ဝမ်ရွှယ်လင် ဘက်သို့ ဦးတည်ရန် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“ရှဖေး.. ဝမ်ရွှယ်လင်မှာ မြွေနတ်ဆိုးရှိတာ မေ့နေပြီလား ဒီမြွေနတ်ဆိုးဘုရင်ကြောင့် ကပ်ဘေးအဆင့် ကျင့်ကြံသူတွေတောင် ဝမ်ရွှယ်လင်ကို ကွေ့ပတ်ပြီး သွားရတယ်.. ငါတို့တွေ ဝမ်ရွှယ်လင်ကနေ ဖြတ်သွားတာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ ဘာမှမထူးဘူး”
လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ရှိ ကုန်သည်အဖွဲ့၏ အစောင့်ခေါင်းဆောင်သည် ရှဖေး၏ စကားကို ကြားလျှင် အလျင်အမြန်ပင် ကန့်ကွက်လိုက်သည်။
ရှဖေးက လက်ခါပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ငါဆုံးဖြတ်ပြီးပြီ.. မင်းတို့ ငါ့အမိန့်အတိုင်းသာ ဆောင်ရွက်ပါ”
“ရှဖေး.. မင်းဘာသာမင်း သေလမ်း ရှာချင်နေတာက မင်းရဲ့ကိစ္စပဲ.. ငါ့ရဲ့ ညီနောင်တွေကိုတော့ မင်းနဲ့အတူ အသေမခံခိုင်းနိုင်ဘူး”
အစောင့်ခေါင်းဆောင်က နှာခေါင်းရှုံ့ကာ ချက်ချင်းဆိုသလိုပင် အော်ဟစ်လိုက်သည်။
“ညီနောင်တို့.. ကြီးကြပ်ရေးမှုရှနဲ့ အတူ အသေမခံချင်ရင် ငါနဲ့အတူ လိုက်ခဲ့ကြ”
“ကျောက်ကွမ်း.. မင်းက စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လျက်နဲ့ အခုလို လုပ်တာက စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကို သစ္စာဖောက်တာနဲ့ ဘာမှမထူးဘူး.. စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကို သစ္စာဖောက်ရင် ဘာဖြစ်မလဲဆိုတာ မင်းစဥ်းစားမိရဲ့လား”
ရှဖေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ မျက်နှာက ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။
“ငါလည်း စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကနေ ထွက်ချင်တာ အချိန်အတော်ကြာခဲ့ပြီ.. လောကကြီးက အကျယ်ကြီးပါ.. စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က လွဲရင် ငါ ကျောက်ကွမ်း အတွက် နေရာမရှိဘူးလို့ ငါမယုံဘူး”
ကျောက်ကွမ်းက အေးစက်စက် ပြုံးလိုက်ပြီးနောက်တွင် ကျယ်လောင်သော လေသံဖြင့် ပြောလိုက်သည်။
“ညီနောင်တို့.. ဝမ်ရွှယ်လင် ဆိုတာက ကပ်ဘေးအဆင့်မြွေနတ်ဆိုးဘုရင် ကျက်စားတဲ့နယ်မြေပဲ.. မင်းတို့ ရှဖေးနဲ့အတူ အသေမခံချင်ဘူး ဆိုရင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့ကနေ ထွက်ပြီး ငါနဲ့အတူ လိုက်ခဲ့ကြ”
ကျောက်ကွမ်းက ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သာမန် အစောင့်အားလုံးနီးပါးသည် ကုန်သည်အဖွဲ့ကို စွန့်ခွာကာ ကျောက်ကွမ်းနှင့်အတူ ထွက်သွားရန် ပြင်လိုက်ကြသည်။
“ကျောက်ကွမ်း”
ရှဖေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။
ဤတစ်ကြိမ် သူတို့၏ ခရီးစဥ်တွင် အစောင့်အင်အား မတောင့်တင်းပေ။
ယခု ကျောက်ကွမ်း၏ လုပ်ဆောင်မှုအောက်တွင် အစောင့်အင်အားသည် ချက်ချင်းဆိုသလို ထက်ဝက်ကျော်ခန့် လျော့နည်းသွားခဲ့ပြီ ဖြစ်ရာ ရှဖေးသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
“ဘာလဲ ရှဖေး.. မင်းက လက်ပါချင်လို့လား”
ကျောက်ကွမ်းက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“ကျောက်ကွမ်း.. မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် အနည်းငယ် သာပေမဲ့ မင်းက ဆေးလုံးတွေကို အားကိုးပြီး အဆင့်တက်ထားတာပဲ.. တကယ်တမ်း တိုက်ကြမယ်ဆိုရင် မင်းငါ့ကို ဘယ်လိုမှ အသာစီးရမှာ မဟုတ်ဘူး”
ရှဖေးက အလွန်ပင် ဒေါသထွက်နေခဲ့သည်။
သူက ကျောက်ကွမ်းကို တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် ရထားလုံးထဲကနေ စကားသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
“ကြီးကြပ်ရေးမှုးရှ.. သူတို့သွားချင်တယ် ဆိုရင်လည်း သွားခွင့်ပြုလိုက်ပါ”
“..........”
အခန်း(၂၄၉၄)ပြီး၏။