အခန်း (၂၄၉၇-၂၄၉၈)
Vol. 190 Ch. 2497-2498
အခန်း(၂၄၉၇)
“ဝုန်း..”
ပေါက်ကွဲသံက လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
မြွေနတ်ဆိုးဘုရင်ထံကနေ ညည်းညူသံ ခပ်သဲ့သဲ့ ထွက်လာခဲ့ပြီး ရင်ဘတ်တွင် ကြီးမားသော အားအင်တစ်ခု ထိမှန်သွားခဲ့ကာ ပြင်းထန်သော အားလှိုင်းများကြောင့် သူ၏ အရေပြားပေါ်ရှိ အကြေးခွံများသည်ပင် သွေးများ ထွက်လာသည် အထိ ပေါက်ထွက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပေရာချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
“ကြောက်စရာကောင်းလိုက်တဲ့ ခွန်အားပါလား”
မြွေနတ်ဆိုးဘုရင်က တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် အရှက်တကွဲ ရှုံးနိမ့်သွားသည်ကို မြင်လျှင် ရှဖေးသည် အံ့ဩ တုန်လှုပ်သွားခဲ့သည်။
မြွေနတ်ဆိုးဘုရင် ဆိုသည်မှာ ဆိတ်ငြိမ်သွေးလွင်ပြင်တွင် အလွန်တရာ ကျော်ကြားသော သားရဲ ဖြစ်သည်။
ယခုအခါတွင် သူ့ရှေ့မှ လူငယ်၏ လက်သီးချက်ကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ချေပြီ။
ထိုလူငယ်က ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်ဟု ရှဖေး ခန့်မှန်းထားခဲ့သော်လည်း ခွန်အားက ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေမည်ဟု မထင်ထားခဲ့ပေ။
ဤကဲ့သို့သော အင်အားမျိုးကို သူတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့တွင်ပင် ယှဥ်နိုင်သူ အလွန်တရာ နည်းပါးလိမ့်မည်ဟု သူ ထင်မြင်မိသည်။
“ကပ်ဘေး အထွတ်အထိပ်အဆင့်ပါလား.. မင်း.. မင်းဘယ်သူလဲ”
မြွေနတ်ဆိုးဘုရင်က သူ၏ ခန္ဓာကိုယ် အတွင်းမှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်၏။
ဤအခိုက်အတန့်တွင် မြွေနတ်ဆိုးဘုရင်၏ မျက်ဝန်းများတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကျင့်ကြံသူ အများအပြား ရှိသော်လည်း ကပ်ဘေး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူမှာ များများစားစား မရှိပေ။
ကပ်ဘေး အထွတ်အထိပ်အဆင့် ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင်ပင် အလွန်တရာ ရှားပါးသော ပုဂ္ဂိုလ်မျိုး ဖြစ်သည်။
သူ့ရှေ့မှ လူက ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသည့် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မြွေနတ်ဆိုးဘုရင် မထင်ထားခဲ့ပေ။
“သေစမ်း”
မြွေနတ်ဆိုးဘုရင်၏ မေးမြန်းမှုကို ရွှယ်ချန်ကျဲသည် အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။
သူက အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် လက်ဝါးကို ဆန့်ထုတ်လိုက်ရာ သွေးရောင်လက်ဝါးရိပ် တစ်ခုသည် လေထဲတွင် ထွက်ပေါ်လာခဲ့ပြီး မြွေနတ်ဆိုးဘုရင် ထံသို့ တိုးဝင်သွားခဲ့သည်။
ရွှယ်ချန်ကျဲ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံစားမိလျှင် မြွေနတ်ဆိုးဘုရင်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး အကြေးခွံများပင် အနည်းငယ် ထောင်တက်လာခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဝံ့တော့ဘဲ ရှဖေးနှင့် အခြားသူများ၏ တအံ့တဩ ကြည့်နေသော အကြည့်အောက်မှာပင် ချာခနဲလှည့်ကာ ထွက်ပြေးသွားခဲ့သည်။
“ငါ့လက်ထဲကနေ လွတ်မယ် ထင်နေလား”
ရွှယ်ချန်ကျဲက မထီမဲ့မြင် ရေရွတ်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို မြွေနတ်ဆိုးဘုရင် ထံသို့ ဆန့်ထုတ်လိုက်သည်။
ရုတ်တရက် သွေးစွမ်းအားတစ်ခုသည် မြွေနတ်ဆိုးဘုရင်၏ ပတ်ဝန်းကျင်ကို တစ်ခဏအတွင်း ပိတ်ဆို့လိုက်ရာ မြွေနတ်ဆိုးဘုရင်၏ ပုံရိပ်သည် တစ်ခဏအတွင်း တောင့်တင်းသွားခဲ့ပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
မြွေနတ်ဆိုးဘုရင်က အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး ပေထောင်ချီ ရှည်လျားသော သွေးရောင်မြွေကြီး အဖြစ်သို့ ပြောင်းလဲကာ သူ့ကို ပိတ်ဆို့ထားသည့် ကောင်းကင်နှင့်မြေပြင်ကြားရှိ စွမ်းအားများကို ချိုးဖျက်လိုက်သည်။
သို့ရာတွင် မြွေနတ်ဆိုးဘုရင်က သူ၏ မူလခန္ဓာကိုယ်ကို ပြန်လည်ရယူပြီး အချုပ်အနှောင်များကို အတင်းအကျပ်ချိုးဖျက်လိုက်သော အချိန်မှာပင် ဆန်းကြယ်သော အလင်းများ ဖြာထွက်နေသည့် သွေးရောင် ဓားတစ်စင်းသည် လေထုကို ဖြတ်ကျော်လာခဲ့ပြီး တိုက်ရိုက်ဆိုသလို ရောက်ရှိလာခဲ့သည်။
မြွေနတ်ဆိုးဘုရင်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုသွေးရောင် ဓားအလင်း၏ ထိမှန်ခြင်းကို ခံလိုက်ရသည်။
“ဝုန်း..”
မာကြောသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် မြွေနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်သည် သွေးရောင်ဓားအလင်းကြောင့် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး အဆုံးသတ်တွင် လေထဲကနေ အောက်သို့ ပြုတ်ကျလာခဲ့ကာ မြေပြင်ထက်၌ ကြီးမားသော ကျင်းကြီးနှစ်ကျင်း ဖြစ်သွားစေခဲ့သည်။
မြေပြင်ပေါ်သို့ ပြုတ်ကျကာ သေဆုံးသွားသော မြွေနတ်ဆိုးဘုရင်ကို ကြည့်ကာ ရှဖေးတို့ လူစုသည် မှင်တက်နေခဲ့ကြပြီး ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
ကပ်ဘေးအဆင့်ကို ရောက်ရှိနေပြီး နယ်မြေ တစ်ခုကို စိုးမိုးထားသော မြွေနတ်ဆိုးဘုရင် ကဲ့သို့ ပုဂ္ဂိုလ်သည် ဤကဲ့သို့ သေဆုံးသွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
သူတို့ရှေ့မှ လူငယ်သည် မြွေနတ်ဆိုးဘုရင်ကို လုံးဝ ချေမှုန်းလိုက်ပြီ ဖြစ်သည်။
ယင်းကဲ့သို့သော အင်အားသည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှ၏။
ထိုအခိုက်အတန့်တွင် ရှဖေးသည် ကျန်းချန်က အစမှ အဆုံးတိုင် မြွေနတ်ဆိုးဘုရင်ကို အဘယ်ကြောင့် ဂရုမစိုက်မှန်း အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ထိုနှစ်ဦး၏ အင်အားဖြင့်ဆိုလျှင် မြွေနတ်ဆိုးဘုရင် ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။
“သွားကြစို့”
မြွေနတ်ဆိုးဘုရင်ကို အလွယ်တကူ ရှင်းလင်းပြီးနောက်တွင် ရွှယ်ချန်ကျဲသည် ရှဖေးကို တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် သူက ကုန်သည်အဖွဲ့၏ ရှေ့ဆုံးသို့ ပြန်လည်လျှောက်သွားလိုက်ပြီး ရွှေအမြုတေအဆင့်ရှိ သာမန် ကျင့်ကြံသူတစ်ဦး အဖြစ်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။
ရှဖေးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ရှိနေသည့် ရထားလုံးကို လေးနက်စွာ လှမ်းကြည့်လိုက်သည်။
ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုပင် အစေခံအဖြစ် ထားနိုင်သော ပုဂ္ဂိုလ်သည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံးဖြင့် ကြည့်မည် ဆိုလျှင်ပင် အလွန်တရာရှားပါးသော တည်ရှိမှုမျိုး ဖြစ်၏။
ဤဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ဝူရှ တစ်ဦးတည်းသာလျှင် ထိုကဲ့သို့ အရည်အချင်းမျိုး ရှိလိမ့်မည်ဟု သူ ထင်မြင်မိသည်။
ရထားလုံးထဲမှ ပုဂ္ဂိုလ်သည် သွေးနတ်ဆိုးဂိုဏ်းမှ ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်နေနိုင်ပါသလော။
ရှဖေးက ခေါင်းခါရမ်းလိုက်ပြီး ဆက်လက် မတွေးတော့ပေ။
မည်သို့ပင် ဖြစ်စေကာမူ ယခုတစ်ကြိမ်တွင် ကျန်းချန်တို့ နှစ်ဦး၏ အကူအညီကို ရရှိခဲ့ခြင်းသည် သူ့အတွက် အလွန်တရာကံကောင်းသွားခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ကုန်သည်အဖွဲ့ကို ရှေ့သို့ ဆက်လက်သွားရန် အမိန့်ပေးလိုက်၏။
-------------------
ရှဖေးတို့ ကုန်သည်အဖွဲ့ ဝမ်ရွှယ်လင်ကို ဖြတ်ကျော်နေသည့် တစ်ချိန်တည်းမှာပင် ဆိတ်ငြိမ်သွေးလွင်ပြင်၏ တစ်နေရာတွင် ကျောက်ကွမ်းခေါင်းဆောင်သည့် ကျင့်ကြံသူ တစ်ဒါဇင်ခန့်သည် ကုန်သည်အဖွဲ့မှ ထွက်ခွာလာပြီးနောက်တွင် အနက်ရောင် ဝတ်စုံဝတ် လူတစ်ဦးနှင့် သွားရောက် ပူးပေါင်းခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူက သူ့ရှေ့မှ ကျောက်ကွမ်းတို့ လူစုကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ကျောက်ကွမ်း မင်းတို့ပဲလား.. ရှဖေးတို့ ကုန်သည်အဖွဲ့ရော ဘယ်မှာလဲ”
“ရှဖေးက ရုတ်တရက် စိတ်ပြောင်းသွားပြီး ကုန်သည်အဖွဲ့ကို ဝမ်ရွှယ်လင် ဘက်ဆီ ဦးဆောင်သွားတယ်.. ဒါကြောင့် သခင်ကြီးဆီ အမြန်ဆုံး သတင်းလာပို့တာပါ”
ကျောက်ကွမ်းက တရိုတသေဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
ထိုစကားကိုကြားလျှင် အနက်ရောင် ဝတ်စုံဝတ်လူ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ရှဖေးက ဘာလို့ ရုတ်တရက် လမ်းကြောင်းပြောင်းသွားရတာလဲ.. သူ ငါတို့ရဲ့ အကြံအစည်ကို ရိပ်မိသွားလို့များလား”
“အဲလိုတော့ မဟုတ်ဘူး သခင်ကြီး”
ကျောက်ကွမ်းက လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
“ရှဖေးက လမ်းမှာ လူနှစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်.. အဲဒီ နှစ်ယောက်က သူ့ကို ဝမ်ရွှယ်လင်ဆီ ဖြတ်ဖို့ အကူအညီပေးနိုင်မယ်လို့ သူထင်နေခဲ့တယ်လေ.. ကျွန်တော့်အထင်တော့ ရှဖေးက တော်တော်လေး စိတ်ကူးယဥ်နေတာပဲ”
အနက်ရောင် ဝတ်စုံဝတ်လူက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျောက်ကွမ်းကို မေးခွန်းထုတ်လိုက်သည်။
“အဲဒီနှစ်ယောက်က အင်အားကြီးလို့လား”
“အတိအကျတော့ မသိပေမဲ့ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ထက်တော့ သေချာပေါက် မကျော်ပါဘူး”
ကျောက်ကွမ်းက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“ဝမ်ရွှယ်လင်က ကပ်ဘေးအဆင့် ကျင့်ကြံသူတွေတောင် အလွယ်တကူ ခြေမချဝံ့တဲ့ နေရာပါ.. ရှဖေးတို့ ဝမ်ရွှယ်လင်ထဲကနေ ဖြတ်သွားမယ် ဆိုရင် သေရမှာ အသေအချာပဲ”
အနက်ရောင် ဝတ်စုံဝတ်လူ၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ငါ ဝမ်ရွှယ်လင်ကို ကိုယ်တိုင် သွားကြည့်မယ်.. မင်းက အခုချက်ချင်း ငါ့ရဲ့ တံဆိပ်ပြားကို ယူပြီး စိမ်းလန်းသောမြစ်ကောင်းကင် နယ်မြေကို သွားပါ.. ဒီတံဆိပ်ပြားကို အသုံးပြုပြီး ငါ့ရဲ့ လူတွေကို ရှဖေးတို့ကို ကြားဖြတ် ဟန့်တားထားခိုင်းလိုက်.. သူတို့ကို စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီ အသက်ရှင်လျက် ဝင်မလာစေနဲ့”
ဝမ်ရွှယ်လင်သည် အလွန်တရာ အန္တရာယ်များသော်လည်း ရှဖေးသည် ဝမ်ရွှယ်လင်ကို ဖြတ်သန်းဝံ့သည် ဖြစ်ရာ ဘေးကင်းစွာ ဖြတ်ကျော်နိုင်မည့် နည်းလမ်း ရှိကောင်း ရှိနိုင်လောက်၏။
ထို့ကြောင့် သူ့အနေဖြင့် မတော်တဆ ဖြစ်လာနိုင်သည့် ကိစ္စများကို ကာကွယ်ရန် အတွက် ကြိုတင်စီစဥ်ထားရလိမ့်မည် မဟုတ်ပါလား။
ယင်းအတွက် သူကိုယ်တိုင် ဝမ်ရွှယ်လင်ကို သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
ရှဖေးတို့ ဝမ်ရွှယ်လင်ကို ဖြတ်ကျော်နိုင်သွားလျှင်လည်း သူ့အတွက် အကြောင်း မဟုတ်ပေ။
အကယ်၍ ရှဖေးတို့သာ ဝမ်ရွှယ်လင်တွင် အမှန်တကယ် အသတ်ခံလိုက်ရလျှင် ယခုတစ်ကြိမ်တွင် ရှဖေးတို့ သယ်ဆောင်လာသည့် ပစ္စည်းများကို သူကိုယ်တိုင်သွားရောက် သိမ်းယူရလိမ့်မည် ဖြစ်သည်။
ကျောက်ကွမ်းတို့ လူစုကို အမိန့်ပေးပြီးနောက်တွင် အနက်ရောင် ဝတ်စုံဝတ်လူ၏ ပုံရိပ်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး အနက်ရောင်အလင်းတန်း အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၄၉၇)ပြီး၏။
အခန်း(၂၄၉၈)
ဝမ်ရွှယ်လင်၏ အရှင်သခင်ဖြစ်သော မြွေနတ်ဆိုးဘုရင်ကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်တို့၏ ခရီးစဥ်သည် အလွန်တရာ ချောမွေ့သွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်တို့သည် ဝမ်ရွှယ်လင်ကို ဖြတ်ကျော်ကာ ဆိတ်ငြိမ်သွေးလွင်ပြင်မှ ထွက်လာခဲ့ပြီး စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
တိမ်ကင်းစင်သော ကောင်းကင်ယံထက်တွင် နူးညံ့သော နေရောင်ခြည်များသည် ကမ္ဘာမြေပြင် ပေါ်သို့ ဖြာကျနေခဲ့၏။
ကျယ်ဝန်းသော လမ်းမကြီးပေါ်တွင် လူအင်အား ဒါဇင်အနည်းငယ်ခန့် ပါဝင်သော ကုန်သည်အဖွဲ့ တစ်ဖွဲ့သည် တစ်လမ်းလုံး ဖုန်မှုန့်များ တထောင်းထောင်း ထစေသည်အထိ ခရီးအပြင်း နှင်လာကြသည်။
“နောက်ဆုံးတော့ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေဆီ ပြန်ရောက်ပြီ”
ကုန်သည်အဖွဲ့၏ ရှေ့ဆုံးရှိ ရှဖေး၏ တင်းကျပ်နေသော စိတ်နှလုံးသည် အနည်းငယ် လျော့ပါးသွားခဲ့သည်။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့တွင် ဌာနခွဲပေါင်းများစွာ ရှိပြီး အထူးသဖြင့် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ၏ မြို့တိုင်း နီးပါးတွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ဌာနခွဲတစ်ခုစီ ရှိသည်။
ယခုအခါ သူက စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေသို့ ပြန်ရောက်လာပြီ ဖြစ်ရာ မကြာမီ စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့နှင့် ဆက်သွယ်နိုင်တော့မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူတို့သည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှ အင်အားကြီးမားသော ကျင့်ကြံသူများ၏ အကူအညီကို စောင့်ဆိုင်းရုံဖြင့် စိတ်အေးလက်အေး နေနိုင်ပေလိမ့်မည်။
“မိတ်ဆွေလေးကျန်းချန်.. စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကို ရောက်ပါပြီ.. ငါကတော့ ဒီအနီးနားမှာရှိတဲ့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနခွဲဆီ သွားဖို့ အစီအစဥ်ရှိတယ်.. တကယ်လို့ မိတ်ဆွေလေးကျန်းချန်မှာ အရေးကြီးကိစ္စ မရှိဘူးဆိုရင် ငါနဲ့အတူ စိမ်းလန်းသောမြစ်မြို့ဆီကို လိုက်ခဲ့ပါလား.. ငါက အိမ်ရှင်တစ်ယောက် အနေနဲ့ မိတ်ဆွေလေး ကျန်းချန်ကို အတတ်နိုင်ဆုံး ဧည့်ဝတ်ပြုပါမယ်”
ရှဖေးက ကျန်းချန်ကို လာတွေ့ကာ သူ၏ နောက်ထပ် ခရီးစဥ်ကို ရှင်းပြခဲ့သည်။
ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမျှ ပြောလိုက်၏။
“ငါ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကို လာတာက သိပ်မကြာခင်မှာ ခင်ဗျားတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ကျင်းပမဲ့ လေလံပွဲကို တက်ရောက်ဖို့ပဲ.. လေလံပွဲက ဘယ်နေရာမှာ ကျင်းပမှာလဲဆိုတာ သိပါရစေ”
“မိတ်ဆွေလေးကျန်းချန်က လေလံပွဲ အတွက် ရောက်လာတာကိုး”
ရှဖေး ရုတ်တရက် နားလည်သွားခဲ့သည်။
ယခုတစ်ကြိမ် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှ ပြုလုပ်မည့် လေလံပွဲတွင် ဒဏ္ဍာရီလာ ကပ်ဘေးဆေးလုံး ပါဝင်နေခဲ့၏။
ကျန်းချန်တို့ နှစ်ယောက်လုံးသည် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ဖြစ်နိုင်ခြေရှိရာ ၎င်းတို့သည် ကပ်ဘေးဆေးလုံးကြောင့် စိမ်းလန်းသောမြစ်မြို့ ဆီသို့ လာသည်မှာ ထင်ရှားနေခဲ့သည်။
“ဒီတစ်ကြိမ် ကျင်းပမဲ့လေလံပွဲကို စိမ်းလန်းသောမြစ်မြို့မှာ ရှိတဲ့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနချုပ်မှာကျင်းပမှာပါ.. တကယ်လို့ မိတ်ဆွေလေးကျန်းချန်က လေလံပွဲကို တက်မှာဆိုရင် ငါနဲ့အတူ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနချုပ်ကို တစ်ခါတည်း လိုက်ခဲ့ပါလား”
ရှဖေးသည် အနီးဆုံးရှိ ဌာနခွဲသို့ သွားရန် ရွေးချယ်ခဲ့ခြင်းမှာ ကျန်းချန်တို့ နှစ်ဦး ထွက်ခွာသွားပြီးနောက်တွင် သူတို့အနေဖြင့် ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။
အကယ်၍ ကျန်းချန်တို့၏ ရည်ရွယ်ချက်က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ် ဖြစ်နေခဲ့လျှင် သူ့အနေဖြင့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ဌာနခွဲကို သွားပြီး အစွမ်းထက် ကျင့်ကြံသူများ၏ အကူအညီကို အဘယ်ကြောင့် စောင့်နေစရာ လိုပါဦးမည်နည်း။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က အင်အားကြီးမားသည့် ကျင့်ကြံသူများကို စေလွှတ်ပေးမည် ဆိုလျှင် အများဆုံး ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦး နှစ်ဦးလောက်သာ လွှတ်ပေးပေလိမ့်မည်။
ထိုကဲ့သို့သော အင်အားသည် မြွေနတ်ဆိုးဘုရင်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် ဖြိုခွင်းနိုင်သည့် ရွှယ်ချန်ကျဲ၏ အင်အားကိုပင် ယှဥ်နိုင်ရန် ခဲယဥ်းမည် ဖြစ်၏။
ဆိုရလျှင် ကျန်းချန်နှင့် အတူသွားခြင်းသည် ဆန့်ကျင်ဘက်အားဖြင့် သူတို့အတွက် ပို၍ပင် ဘေးကင်းနိုင်ပေသည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ဒါဆိုရင်လည်း ကြီးကြပ်ရေးမှုရှကိုပဲ အားကိုးပြီး လိုက်ခဲ့တော့မယ်”
ရှဖေးက သူတို့ကို အခမဲ့ အစောင့်အရှောက်များ အဖြစ် အသုံးချရန် ရည်ရွယ်နေသည်ကို ကျန်းချန် သိသော်လည်း အလွန်အမင်း ဂရုစိုက်မနေခဲ့ပေ။
သူတို့ ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲကို တက်ရောက်ရန်သာ ဖြစ်သည်။
လေလံပွဲ မပြီးမချင်း ကျန်းချန်သည် အာရံစိုက်မခံလိုခဲ့ပေ။
အထူးသဖြင့် သွေးနတ်ဆိုးဂိုဏ်း၏ အာရုံစိုက်မှု ဖြစ်သည်။
သူတို့က မည်သူမည်ဝါ ဖြစ်မှန်း ဖုံးကွယ်ထားသော်လည်း သွေးနတ်ဆိုးဂိုဏ်းတွင် သူတို့ကို ရှာဖွေနိုင်သည့်နည်းလမ်းများ မရှိဟု အာမ မခံနိုင်ပေ။
ထို့ကြောင့် ရှဖေးနှင့်အတူ လိုက်ပါသွားပြီး စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်ကို တိုက်ရိုက် ဝင်ရောက်ခြင်းသည် သေချာပေါက် ပြဿနာ အများအပြားကို လျော့ကျသွားစေမည် ဖြစ်သည်။
“မိတ်ဆွေလေးကျန်းချန်က အားနာနေပါပြီ.. မိတ်ဆွေလေးတို့နဲ့ သွားခွင့်ရတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ”
ရှဖေးက ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို တုံ့ဆိုင်းမနေတော့ဘဲ ကုန်သည်အဖွဲ့ကို စိမ်းလန်းသောမြစ်ဆီသို့ ဦးတည်ရန် အမိန့်ပေးလိုက်သည်။
မကြာမီမှာပင် ကုန်သည်အဖွဲ့သည် လွင်ပြင်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
“ရွှစ်..”
“ရွှစ်..”
“ရွှစ်..”
ရုတ်တရက် စူးရှသော လေတိုးသံများ ထွက်ပေါ်လာခဲ့၏။
နောက်ထပ် တစ်ခဏအတွင် အေးစက်သော အလင်းတန်းများ လင်းလက်နေသည့် မရေမတွက်နိုင်သော မြားတိုများသည် လေထုကို တိုက်ရိုက် ထိုးဖောက်လာခဲ့ပြီး ကုန်သည်အဖွဲ့ ဆီသို့ ဦးတည်လာခဲ့သည်။
ဤမြင်ကွင်းကြောင့် ရှဖေး၏ အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
သူက ခန္ဓာကိုယ်ကနေ လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး အကာအကွယ် အလွှာတစ်ခုကို ဖန်တီးလိုက်ကာ မြားတိုအားလုံးကို တားဆီးလိုက်သည်။
ထို့နောက်တွင် သူ၏ အေးစက်စက် စကားသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“ဘယ်သူလဲ သတ္တိရှိရင် ထွက်လာခဲ့စမ်း”
ရှဖေး၏ အေးစက်စက် စကားသံ ထွက်ပေါ်လာသည်နှင့်အမျှ သူတို့ရှေ့ရှိ တောအုပ်ထဲကနေ အနက်ရောင်ပုံရိပ် အမြောက်အများ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ သွားလမ်းကို ပိတ်ဆို့လိုက်ကြသည်။
အထူးသဖြင့် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို နှစ်ယောက်သည် လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်ကို ကျော်လွန်နေသည့် အရှိန်အဝါများ ပိုင်ဆိုင်ထားခဲ့၏။
ထို့ကြောင့် ထိုအဘိုးအို နှစ်ယောက်သည် ကပ်ဘေးအဆင့်ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
“တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က လူတွေပါလား”
အနက်ရောင်ဝတ်စုံဝတ် လူအုပ်စု၏ ဝတ်စုံကို မြင်လျှင် ရှဖေးသည် ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။
တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့နှင့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အဓိက ကုန်သွယ်ရေးအဖွဲ့ နှစ်ဖွဲ့ အဖြစ် နာမည်ကျော်ကြားသည်။
တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ကို တိမ်တိုက်နက် မဟာမိတ်အဖွဲ့က တည်ထောင်ခဲ့ခြင်း ဖြစ်၏။
တိမ်တိုက်နက် မဟာမိတ်အဖွဲ့သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်း စာရင်းတွင် မပါဝင်သော်လည်း အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ အောက်တွင် အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။
ထို့အပြင် တိမ်တိုက်နက် မဟာမိတ်အဖွဲ့၏ နောက်ခံသည် အလွန်တရာပင် နက်ရှိုင်းလှပြီး ယခင် မျိုးဆက် ခေါင်းဆောင်များသည်လည်း ခန့်မှန်း၍ မရနိုင်လောက်အောင် စွမ်းအားကြီးကြသည်။
တိမ်တိုက်နက် မဟာမိတ်အဖွဲ့သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် မပါဝင်သော်လည်း ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် မခြားနားသော ကြောက်မက်ဖွယ်ရာကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားသည်ဟုပင် ကောလာဟလများ ရှိ၏။
အကျိုးစီးပွား တချို့ကြောင့် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့နှင့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ အကြားရှိ ဆက်ဆံရေးသည် သိပ်မကောင်းလှဘဲ နှစ်ဖက်စလုံးကြားတွင် ပွတ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။
သို့သော် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေတွင် မီးရထားလမ်းကဲ့သို့ အခိုင်အမာ ခြေကုတ်ယူထားခြင်း ဖြစ်ရာ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ အနေဖြင့် အကြမ်းဖျင်းအားဖြင့် ပြဿနာရှာရန် အလွန်တရာ ခက်ခဲသည်။
ရှဖေးသည် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က ယခုတစ်ကြိမ်တွင် သူတို့ကို ကြားဖြတ် တားဆီးရန် မမျှော်လင့်ဘဲ ရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူတို့ ဆိတ်ငြိမ်သွေးလွင်ပြင်မှ ရရှိလာသော အရာကို တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ လူများသည် သိရှိသွားကြခြင်း ဖြစ်နိုင်ပါသလော။
“ရှဖေး.. ခင်ဗျားက ဝမ်ရွှယ်လင်ကနေတောင် အသက်ရှင်လျက် ထွက်လာနိုင်တယ် ဆိုတော့ သာမန် မဟုတ်ဘူးပဲ.. ကံကောင်းလို့ သခင်လေးက ကြိုမြင်ပြီး ငါတို့ နှစ်ယောက်ကို ဒီနေရာမှာ စောင့်ခိုင်းထားတယ်”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦးက ရှဖေးကို စိုက်ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။
ရှဖေးက အဘိုးအို နှစ်ယောက်ကို စူးရှစွာ ကြည့်၍ ပြောလိုက်သည်။
“ခင်ဗျားတို့ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေကို လာပြီး ရမ်းကားဝံ့တဲ့ အထိ သတ္တိတွေ ကောင်းလှချည်လား”
“ရှဖေး အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့.. ဆိတ်ငြိမ်သွေးလွင်ပြင်ကနေ မင်းယူလာခဲ့တဲ့အရာကို ငါတို့ဆီ လွှဲပေးလိုက်စမ်း.. ဒါဆို မင်းအသက်ကို ချမ်းသာပေးဖို့ ငါတို့ စဥ်းစားပေးမယ်”
ဘယ်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။
“အိပ်မက်သာ မက်နေလိုက်”
ရှဖေး၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။
တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ လူများသည် အမှန်တကယ်ပင် ထိုပစ္စည်းအတွက် ရောက်လာကြခြင်း ဖြစ်သည်။
သို့သော်လည်း ထိုပစ္စည်းသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်၏။
၎င်းသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နှင့် စိမ်းလန်းသောမြစ်ဂိုဏ်း အတွက်ပင် အလွန်တရာ အရေးကြီးသောပစ္စည်း ဖြစ်ရာ ရှဖေးသည် ထိုပစ္စည်းကို ဤမျှလောက် လွယ်လွယ်ကူကူဖြင့် မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။
“မင်းက တော်တော် ခေါင်းမာတာပဲ”
ရှဖေး၏ ပြတ်သားသော အမူအရာကို မြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ခေါင်းခါရမ်းလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ရက်စက်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ထို့နောက်တွင် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ပုံရိပ်သည် ရှဖေး၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်ဖြင့် ရှဖေးကို ရိုက်ချလိုက်သည်။
ထိုလက်ဝါးရိုက်ချက်တွင် အလွန်တရာ ပြင်းထန်သည့် စစ်မှန်သော အနှစ်သာရ စွမ်းအားများ ပါဝင်နေခဲ့သည်။
“ကပ်ဘေးအဆင့် ကျင့်ကြံသူပါလား”
သူ့ကို လက်ဝါးဖြင့် တိုက်ခိုက်လာသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ရင်း ရှဖေး၏ မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက အဘိုးအို၏ လက်ဝါးရိုက်ချက်ကို ခုခံရန် ပြင်လိုက်စဥ်မှာပင် ကြောက်မက်ဖွယ်စွမ်းအား တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ လက်ဝါးအားကို ချက်ချင်းဆိုသလို အလွယ်တကူ ချေမှုန်းလိုက်ကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကိုပင် နောက်သို့ လွင့်စင်သွားစေခဲ့သည်။
အခန်း(၂၄၉၈)ပြီး၏။