← Chapters

အခန်း (၃၉၄-၃၉၅)

Vol. 37 Ch. 394-395

အခန်း (၃၉၄-၃၉၅)

Vol. 37 Ch. 394-395

အပိုင်း (၃၉၄)

"အမ်..." လှံနတ်ဘုရားမှာ သတိပြန်ဝင်လာပြီး မွေးနေ့ပွဲအခမ်းအနားဆီသို့ အာရုံပြန်ရောက်လာသည်။

ဂါရဝပြုရန် ရောက်ရှိနေကြသူအားလုံးက သူ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

"ဆရာ... ဘာများ ဖြစ်လို့လဲ။ ခုနကလည်း ရုတ်တရက် ငိုင်သွားတယ်။ တပည့် ခဏခဏခေါ်တာတောင် ဆရာက ပြန်မထူးဘူး" ဟု ချိုင်ယွီရှင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"ဆရာ... ဆရာဝန်နဲ့ ပြကြည့်မလား" ဟု အကြီးဆုံးတပည့်ကလည်း စိုးရိမ်ပူပန်စွာြဖင့် ပြောလိုက်သည်။

"ဟုတ်တယ် ဆရာ၊ တစ်ခေါက်လောက်တော့ စစ်ဆေးကြည့်သင့်တယ်လို့ ထင်တယ်"

"ဟား... ဟား... ငါ့မှာ ဘာဖြစ်စရာ အကြောင်းရှိလို့လဲ"

အားလုံး၏ စိုးရိမ်နေသော မျက်နှာများကို ကြည့်ကာ လှံနတ်ဘုရားက လက်ယမ်းပြလိုက်ရင်း - "ငါ့ခန္ဓာကိုယ်အကြောင်း ငါအသိဆုံးပါ။ 'ကောင်းကင်နှင့်မြေကမ္ဘာ ဖန်ဆင်းခြင်းဆေးလုံး' ကို သောက်ပြီးကတည်းက ဒဏ်ရာဟောင်းတွေက အကုန်ပျောက်သွားခဲ့ပြီ။ ခုနကတော့ ကိစ္စအချို့ကို စဉ်းစားမိသွားလို့ပါ။ ကဲ... ဆက်ကြရအောင်"

လှံနတ်ဘုရားသည် သူကိုင်ထားသော စာလွှာကို ကိုယ်နှင့်မကွာ ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် မွေးနေ့ပွဲကို ဆက်လက်ဆင်နွှဲလေသည်။

သို့သော် ပွဲတစ်လျှောက်လုံးတွင် သူ၏စိတ်မှာ အငြိမ်မနေဘဲ လွင့်ပျံ့နေပုံရသည်။ မည်သူကပင်လာ၍ မွေးနေ့ဆုတောင်းပေးသည်ဖြစ်စေ သူက ယဉ်ကျေးရုံမျှသာ တုံ့ပြန်ပြီး သူ၏အပြုံးမှာလည်း သိသိသာသာပင် ဟန်ဆောင်ထားရသကဲ့သို့ ဖြစ်နေခဲ့သည်။

လှံနတ်ဘုရား တစ်ခုခု ထူးဆန်းနေသည်ကို အားလုံးက ရိပ်မိကြသော်လည်း သူကိုယ်တိုင်က ထုတ်မပြောသဖြင့် မည်သူမျှ အတင်းအကျပ် မမေးရဲကြဘဲ စိုးရိမ်စိတ်ကိုသာ မျိုသိပ်ထားကြရသည်။

မွေးနေ့စားပွဲပြီးဆုံးသည်နှင့် လှံနတ်ဘုရားသည် သူ၏အခန်းထဲသို့ အလျင်အမြန် ပြန်သွားလေတော့သည်။

အခန်းထဲသို့ ရောက်လျှင်ရောက်ချင်း သူပထမဆုံး လုပ်သည့်အလုပ်မှာ သိမ်းဆည်းထားသော စာလွှာကို ပြန်ထုတ်၍ အာရုံစိုက် လေ့လာခြင်းပင် ဖြစ်သည်။ ထိုအခါ သူ၏အသိစိတ်မှာ စောစောက ထူးဆန်းသော ဟင်းလင်းပြင်ကြီးထဲသို့ ထပ်မံရောက်ရှိသွားပြန်သည်။

ထိုရင်းနှီးနေသော ပုံရိပ်က လှံသိုင်းကွက်များကို ကစားပြနေပြန်သည်။ ယခုတစ်ခါ သိုင်းကွက်များမှာ ပင်လယ်ပြင်ထဲမှ နဂါးတစ်ကောင် ထွက်ပေါ်လာသကဲ့သို့ ခန့်ညားထည်ဝါလှပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းမိုးရွာသွန်းမှုများကို ဖန်တီးနိုင်စွမ်း ရှိပုံရသည်။

ကောင်းကင်နှင့် မြေကမ္ဘာအကြားရှိ အရာခပ်သိမ်းသည် ဤလှံသိုင်းကွက်များရှေ့တွင် ဦးညွှတ်နေကြရသကဲ့သို့ပင်။ လှံနတ်ဘုရားမှာ ထိုမြင်ကွင်းတွင် လုံးဝ နစ်မျောသွားရပြီး မနေနိုင်တော့ဘဲ လိုက်လံသင်ယူလေတော့သည်။

သူသည် သင်ယူရခြင်း၏ ပျော်ရွှင်မှုနှင့် ကျွမ်းကျင်လာမှုတို့တွင် အပြည့်အဝ အာရုံစိုက်ကာ နစ်ဝင်နေမိသည်။ ဤခံစားချက်မှာ သူ လှံသိုင်းပညာကို စတင်ထိတွေ့ခဲ့စဉ်က ခံစားချက်မျိုးနှင့် ဆင်တူနေပြီး သူ့ကို အဆုံးစွန်အထိ ဆွဲဆောင်နေလေသည်။

သူ သတိပြန်ဝင်လာချိန်တွင်မူ မိုးသောက်ယံသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ကြက်တွန်သံက သူ့ကို သတိပြန်ဝင်လာစေခြင်း ဖြစ်သည်။

လှံနတ်ဘုရားသည် သူ၏လက်ထဲက စာလွှာကိုကြည့်ကာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည် - "လှံသိုင်းပညာက တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်နိုင်တာလား။ ငါ့ရဲ့ တစ်သက်တာ လိုက်စားမှုတွေက အလကား မဖြစ်ခဲ့ဘူးပဲ။ လှံသိုင်းက တကယ်ပဲ ပြိုင်ဘက်ကင်းပါလား"

မိမိ၏ခန္ဓာကိုယ်အတွင်းက ပြောင်းလဲမှုများစွာကို ခံစားမိပြီးနောက် သူ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ သူ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သော အဆင့်မှာ ယခုအခါ လှုပ်ခတ်ပြောင်းလဲလာသည့် အရိပ်အယောင်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဒါဟာ သာမန်ကိစ္စ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအဆင့်မှာတင် ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်း ၃၀ ပင် ရှိပြီ ဖြစ်သည်။ နှစ်ပေါင်း ၃၀ တိုင်တိုင် တိုးတက်မှု မရှိဘဲ ရှိနေခြင်းက သူ့ကို အိုမင်းစေခဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့စေခဲ့သည်။ ယခုမူ တိုးတက်မှုကို တွေ့မြင်လိုက်ရပြီး မျှော်လင့်ချက် ရလာပြီ ဖြစ်သဖြင့် မည်သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။

သူသည် အားထုတ်မှုကို နှစ်ဆတိုးရန် ဆုံးဖြတ်လိုက်ပြီး စာလွှာထဲက လှံသိုင်းကွက်များကို ဆက်လက် လေ့လာနေလေတော့သည်။

အချိန်တွေ တဖြည်းဖြည်း ကုန်လွန်သွားပြီး ယခုအခါ နေတောင် မြင့်လှပြီ ဖြစ်သည်။ ထိုအချိန်တွင် အပြင်လောက၌ သူ၏တပည့်များမှာမူ ဆူညံပွက်လောရိုက်နေကြသည်။

တပည့်ငယ်လေးတစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည် - "ပုံမှန်ဆိုရင် ဆရာက အမြဲတမ်း စောစောထပြီး အချိန်မှန်ပါတယ်။ ဆောင်းတွင်းပဲဖြစ်ဖြစ်၊ နွေရာသီ အတွင်းပဲ ဖြစ်ဖြစ် မပျက်မကွက် သိုင်းလေ့ကျင့်တတ်တယ်။ အခုတော့ နေတောင် မြင့်နေပြီ၊ ဘာလို့ ခုထိ ထမလာသေးတာလဲ"

"မနေ့က ဆရာ့မွေးနေ့ဆိုတော့ ပင်ပန်းသွားလို့ ဒီနေ့ နည်းနည်း ပိုအိပ်နေတာများလား" ဟု တစ်ဦးက မှတ်ချက်ပေးလိုက်သည်။

အခြားတစ်ဦးက ချက်ချင်းပင် ကန့်ကွက်လိုက်ကာ - "ဒါ မဖြစ်နိုင်ဘူး။ သိုင်းပညာရှင်တစ်ယောက်အတွက် ဒီလောက်ပင်ပန်းတာက ဘာမှမဟုတ်ဘူး။ ဆရာက ချီဖွဲ့တည်ခြင်းအဆင့်ရဲ့ ထိပ်တန်းပညာရှင်တစ်ဦးပဲလေ၊ သုံးရက်သုံးည မနားတမ်း တိုက်ခိုက်ရင်တောင် ပင်ပန်းမယ့်သူ မဟုတ်ဘူး"

"တကယ်တော့ ငါထင်တာကတော့ ဆရာက မနေ့ညကတည်းက ကြည့်ရတာ တစ်ခုခု မှားနေသလိုပဲ၊ စိတ်ဓာတ်တွေ လွင့်နေသလိုမျိုး။ 'ကောင်းကင်နှင့်မြေကမ္ဘာ ဖန်ဆင်းခြင်းဆေးလုံး' ကို သောက်ပြီးမှ အဲဒီလို ဖြစ်သွားတာလေ။ အဲဒီဆေးလုံးမှာ တစ်ခုခု မှားယွင်းနေတာများလား" ဟု တစ်ဦးက မေးလိုက်သည်။

"အဲလိုတော့ မဖြစ်နိုင်ပါဘူး" ဟု ချိုင်ယွီရှင်းမှာလည်း စိုးရိမ်သွားသည်။

သူမကိုယ်တိုင် ဆရာ့ကို ဆက်သခဲ့သည့် ဆေးလုံးဖြစ်၍ အကယ်၍ ထိုဆေးကြောင့် တစ်ခုခု ဖြစ်သွားပါက သူမ တစ်သက်လုံး အပြစ်မကင်းသလို ခံစားရနေလိမ့်မည် ဖြစ်သည်။

"ငါတို့... ဆရာ့ဆီ သွားကြည့်ကြမလား"

"ဟုတ်တယ်၊ ဟုတ်တယ်၊ အတူတူ သွားကြရအောင်"

ထို့ကြောင့် ထိုလူတစ်စုမှာ လှံနတ်ဘုရား၏ အခန်းတံခါးဝသို့ စုရုံးရောက်ရှိလာကြပြီး တံခါးကို ခေါက်လိုက်ကြသည်။

"ဘာကိစ္စရှိလို့လဲ" လှံနတ်ဘုရားက စိတ်အနှောင့်အယှက် ဖြစ်သည့်လေသံဖြင့် တံခါးဖွင့်ကာ မေးလိုက်သည်။

ခုနကတင် သူသည် လှံသိုင်းကွက်အသစ်တစ်ခုကို နားလည်စပြုနေချိန်တွင် တံခါးခေါက်သံကြောင့် အနှောင့်အယှက် ဖြစ်သွားရခြင်း ဖြစ်သည်။

"ဆရာ..."

အကြီးဆုံးတပည့်က သတိထား၍ မေးလိုက်သည် - "နေတောင် တော်တော်မြင့်နေပြီ ဖြစ်ပေမဲ့ ဆရာ ထမလာသေးလို့ တပည့်တို့ စိုးရိမ်ပြီး လာကြည့်တာပါ..."

လှံနတ်ဘုရားက စိတ်မရှည်စွာ လက်ယမ်းပြလိုက်ရင်း - "ငါ ဘာမှမဖြစ်ဘူး။ မင်းတို့ စိုးရိမ်နေစရာ မလိုဘူး။ အားလုံး ပြန်ကြတော့။ ပြီးတော့ နောက်ရက်တွေမှာ ငါ အလုပ်ရှုပ်နေလိမ့်မယ်။ အရေးကြီးတဲ့ကိစ္စ မဟုတ်ရင် ငါ့ကို လာမနှောင့်ယှက်ကြနဲ့။ မဟုတ်ရင် မင်းတို့ ခြေထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်"

ထိုသို့ပြောပြီးနောက် သူသည် တံခါးကို ဝုန်းခနဲ ပိတ်လိုက်သဖြင့် တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေကြရလေသည်။

နောက်ထပ် နှစ်ရက်တိုင်တိုင် လှံနတ်ဘုရားသည် အခန်းထဲတွင်သာ အောင်းနေပြီး စာလွှာထဲက လှံသိုင်းကွက်များကို နားလည်နိုင်ရန် အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ သူသည် အိပ်ရေးပျက်၊ အစားပျက် ခံကာ နေ့ညမနား တစိုက်မတ်မတ် လေ့ကျင့်နေခဲ့သည်။ သူ၏ ပုံစံမှာ ဝိညာဉ်တစ်ခု ပူးကပ်ခံထားရသကဲ့သို့ပင်။

အပြင်ဘက်မှာမူ သူ၏တပည့်များမှာ တစ်နေ့ထက်တစ်နေ့ ပို၍ စိုးရိမ်လာကြသည်။

"နှစ်ရက်တောင် ရှိပြီ၊ ဆရာ ဘာလို့ အပြင်မထွက်လာသေးတာလဲ။ ဒါက အရမ်း ထူးဆန်းနေတယ်"

"ဆရာက အနားမယူခင် ငါတို့နဲ့ ကိစ္စအချို့ ဆွေးနွေးမယ်လို့ ပြောခဲ့တာလေ၊ အခုတော့ အခန်းထဲမှာပဲ အောင်းနေတယ်။ ဘာတွေ ဖြစ်နေတာလဲ"

"အစ်ကိုကြီး... ဆရာ့ကို တစ်ခေါက်လောက် သွားခေါ်ကြည့်ပါဦး"

"အစ်ကိုကြီး... ကျေးဇူးပြုပြီး သွားပေးပါဦး"

အကြီးဆုံးတပည့်က အလျင်အမြန် လက်ယမ်းကာ ငြင်းလိုက်သည် - "ငါ မသွားရဲဘူး။ ဆရာ ပြောခဲ့တယ်လေ၊ ဘယ်သူပဲဖြစ်ဖြစ် သွားနှောင့်ယှက်ရင် ခြေထောက်ရိုက်ချိုးမယ်ဆိုတာ။ ဆရာက ပြောရင် တကယ်လုပ်တတ်တာ။ ငါ့လက်ခြေတွေက အဲဒါကို ခံနိုင်ရည်မရှိဘူး။ တခြားတစ်ယောက် သွားလိုက်ပါ"

"အစ်မကြီး သွားလိုက်ပါလား၊ ဆရာက အစ်မကြီးကို အချစ်ဆုံးပဲလေ" ဟု အခြားသူများက ပစ်မှတ်ပြောင်းလိုက်ကြသည်။

ချိုင်ယွီရှင်းမှာ တုန်လှုပ်သွားပြီး - "ဒါပေမဲ့ ငါလည်း ကြောက်တာပဲ"

"ဒါဆို အခုလို လုပ်ကြရအောင်"

အကြီးဆုံးတပည့်က ချောင်းဟန့်လိုက်ရင်း - "ငါတို့ နောက်ထပ် တစ်ရက်လောက် စောင့်ကြည့်ရအောင်။ အကယ်၍ အဲဒီအချိန်ထိ ဆရာ ထွက်မလာသေးရင်တော့ ငါတို့အားလုံး စုပေါင်းပြီး သွားကြည့်ကြမယ်။ လူများရင်တော့ ဘာမှမဖြစ်လောက်ပါဘူး"

"ဒီလိုပဲ လုပ်ရတော့မှာပဲလေ" ဟု အားလုံးက သက်ပြင်းချလိုက်ကြသည်။

ထိုအချိန်တွင် လှံနတ်ဘုရားသည် စာလွှာပေါ်ကနေ အာရုံစိုက်မှုမှ တစ်ဖန် နိုးထလာပြန်သည်။ ယခုတစ်ခါမှာမူ တခြားသူက နှိုး၍ မဟုတ်ဘဲ သူကိုယ်တိုင် နိုးထလာခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စာလွှာပေါ်က ဖော်ပြထားသော လှံသိုင်းကွက်များကို သူ အပြည့်အဝ ကျွမ်းကျင်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။

"ဒါကို လှံသိုင်းပညာလို့တင် ခေါ်လို့မရတော့ဘူး။ ဒါဟာ 'သိုင်းအနှစ်သာရ'တစ်ခုပဲ" ဟု လှံနတ်ဘုရားက မိမိဘာသာ ရေရွတ်လိုက်သည်။

ကောင်းကင်အဆင့်သို့ ရောက်ရှိနေသော သိုင်းပညာရှင်တိုင်းတွင် ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုများ ရှိကြပြီး ၎င်းသည် ကောင်းကင်နှင့် မြေကမ္ဘာ၏ စွမ်းအင်များနှင့် ပဲ့တင်ထပ်နိုင်သော 'သိုင်းအနှစ်သာရ' တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုမှတစ်ဆင့် ကမ္ဘာမြေ၏ စွမ်းအင်များကို ဆွဲယူအသုံးပြုနိုင်ကာ မိမိ၏ ပင်ကိုယ်အစွမ်းထက် အဆပေါင်းများစွာ သို့မဟုတ် ဆယ်ဆမက ပိုမိုပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် " ကောင်းကင်အဆင့်အောက်က လူအားလုံးဟာ ပုရွက်ဆိတ်တွေသာ ဖြစ်တယ်" ဟူသော ဆိုရိုးစကား ရှိခဲ့ခြင်း ဖြစ်သည်။

ဤ 'သိုင်းအနှစ်သာရ' ဆိုသည်မှာ သူ လိုအပ်နေသော အရာပင် ဖြစ်သည်။ သို့သော် ဤစာလွှာက ၎င်းကို သူ့အား ပြသပေးခဲ့သည်။ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုနယ်ပယ်သို့ ရောက်ရှိစေရန်နှင့် ထိုမှတစ်ဆင့် 'သိုင်းအနှစ်သာရ' တစ်ခုကို ဖန်တီးနိုင်ရန် လှံကို မည်သို့အသုံးပြုရမည်ကို ၎င်းက သင်ကြားပေးခဲ့သည်။

"စာလုံးတစ်လုံးတည်း ဖြစ်နေတာက နှမြောစရာပဲ၊ သိုင်းအနှစ်သာရတွေကို ထည့်သွင်းထားတာ နည်းလွန်းတယ်"

"ဒါပေမဲ့ ဒီစာလွှာကို ရေးခဲ့တဲ့ စီနီယာကြီးကိုသာ ရှာတွေ့ပြီး သူကနေ သင်ယူခွင့်ရမယ်ဆိုရင်တော့ ငါ့ရဲ့ ကိုယ်ပိုင် သိုင်းအနှစ်သာရကို ဖန်တီးနိုင်ပြီး 'ကောင်းကင်' အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိနိုင်လိမ့်မယ်"

အပိုင်း (၃၉၅)

လှံနတ်ဘုရားမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အခန်းတံခါးကို "ဝုန်း" ခနဲ မြည်အောင် တွန်းဖွင့်ကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။

"ဆရာ... နောက်ဆုံးတော့ ထွက်လာပြီပဲ" တပည့်များအားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။

"တပည့်တို့... ဆရာ့ကြောင့် စိတ်ပူပန်နေကြပြီပဲ၊ ဆရာ ဘာမှမဖြစ်ပါဘူး" လှံနတ်ဘုရားက ထိုသို့ပြောရင်း တပည့်များထဲမှ ထင်ရှားသည့် ပုံရိပ်တစ်ခုကို လှမ်းကြည့်ကာ လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်သည်။

"ယွီရှင်း... ခဏဝင်ခဲ့ဦး၊ ဆရာ မေးစရာရှိလို့"

" ဟုတ်ကဲ့" ချိုင်ယွီရှင်းမှာ ဝေခွဲမရသည့် အမူအရာဖြင့် အခန်းထဲသို့ လိုက်ဝင်သွားသည်။

"ထိုင်ပါဦး... ဆရာတို့ ထိုင်ပြီးမှ စကားပြောကြတာပေါ့"

"ကျေးဇူးတင်ပါတယ် ဆရာ"

သူတို့နှစ်ဦး နေရာတကျ ထိုင်မိသည်နှင့် လှံနတ်ဘုရားသည် သူ၏စာလွှာကို ဂရုတစိုက် ဖြန့်ခင်းလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည် - "ယွီရှင်း... ဒီစာလွှာပေါ်က လက်ရေးက ဘယ်သူ့လက်ရေးလဲ"

"ဆရာ... ကျွန်မ ပြောပြပြီးပြီပဲလေ၊ ဒါက အရှင်မင်းကြီးဆီက ရတဲ့ မွေးနေ့လက်ဆောင်ပါဆို" ချိုင်ယွီရှင်းက နားမလည်နိုင်စွာ ပြန်ဖြေလိုက်သည်။

"အဲဒါကို ဆရာသိတယ်၊ ဆရာဆိုလိုတာက ဒီစာကို တကယ်တမ်း ဘယ်သူရေးတာလဲလို့"

"အရှင်မင်းကြီး ကိုယ်တိုင်ရေးတာပါ ဆရာ" ဟု သူမက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ... ဆရာ့ကို မလိမ်နဲ့နော်" ပြိုင်ဘက်ကင်း လှံနတ်ဘုရား၏ စိတ်ထဲတွင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

သူ့အထင်တွင် ဤကဲ့သို့ လေးနက်သည့် စာလုံးမျိုးကို ရေးနိုင်သူမှာ ဧကန်မုချ 'ကောင်းကင်' အဆင့်ရှိသည့် စီနီယာတစ်ဦးသာ ဖြစ်ရပေမည်။ ထိုမျှမက ထိုစီနီယာမှာ လှံသိုင်းပညာရပ်တွင် အဆုံးစွန် ထိုးထွင်းသိမြင် နားလည်ထားသူလည်း ဖြစ်ရပေမည်။

အသက် ၂၀ ကျော် လူငယ်လေး လင်းပိုင်ဖန်ကမူ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

လင်းပိုင်ဖန်က သိုင်းပညာပင် မတတ်သူဖြစ်ရာ ဤမျှ လေးနက်လှသည့် သိုင်းအနှစ်သာရ ပါဝင်သော စာမျိုးကို မည်သို့ ဖန်တီးနိုင်ပါမည်နည်း။

"ဒါပေမဲ့ ဆရာ... ဒါက တကယ်ပဲ သူရေးတာပါ။ ကျွန်မ မျက်မြင်ကိုယ်တွေ့ပဲ"

ချိုင်ယွီရှင်းက ဆက်လက် ရှင်းပြလိုက်သည် - "ကျွန်မ ဆရာ့မွေးနေ့အတွက် ခွင့်တောင်းတဲ့အချိန်မှာ သူက ကျွန်မရှေ့တင် ဒီစာကို ဆရာ့အတွက် လက်ဆောင်အဖြစ် ရေးပေးလိုက်တာပါ။ အကယ်၍ ကျွန်မ လိမ်နေတာဆိုရင် ကျိန်စာသင့်ပြီးတောင် သေရဲပါတယ်"

"ယွီရှင်း သမီး ပြောတာ တကယ်ပဲလား... ဒါက တကယ်ပဲ သူ့လက်ရေးလား" လှံနတ်ဘုရားမှာ မှင်တက်သွားရသည်။

ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ ပုံရိပ်နှင့် လူငယ်လေး လင်းပိုင်ဖန်၏ ပုံရိပ်မှာ သူ၏စိတ်ထဲတွင် မည်သို့မျှ ဆက်စပ်၍ မရနိုင်အောင် ဖြစ်နေတော့သည်။

"ဆရာ... ဒီစာလွှာမှာ တစ်ခုခု မှားနေလို့လား" ချိုင်ယွီရှင်းက သတိထား၍ မေးလိုက်သည်။ ဆရာသည် ဤစာလွှာကို ရကတည်းက ထူးဆန်းနေသည်ဟု သူမ ထင်နေခဲ့ခြင်း ဖြစ်သည်။ ယခုဆိုလျှင်မူ သူမ၏ သံသယမှာ ပို၍ သေချာသွားခဲ့ပြီ ဖြစ်လေသည်။

"မှားတာပေါ့... ပြဿနာက အကြီးကြီးပဲ၊ ကဲ... ကြည့်ကြည့်လိုက်ဦး" လှံနတ်ဘုရားက စာလွှာကို ကမ်းပေးလိုက်သည်။

ချိုင်ယွီရှင်းမှာ အထက်အောက် ဘယ်ညာ အသေအချာကို ကြည့်သော်လည်း ဘာပြဿနာမှ ရှာမတွေ့ပေ။ လက်ရေးလှသည်ကလွဲ၍ ထူးခြားချက် ဘာမှမရှိဟု သူမ ထင်မိသည်။

"ဆရာ... ဘာပြဿနာမှ မရှိသလိုပဲ..."

"အဲဒါက သမီးရဲ့ နယ်ပယ်က အဲဒီအဆင့်ကို မရောက်သေးလို့ပဲ"

လှံနတ်ဘုရားက ခေါင်းယမ်းကာ ပြုံးလိုက်ရင်း - "တစ်နေ့မှာ သမီးသာ အဲဒီအဆင့်ကို ရောက်ပြီး ပြဿနာကို မြင်နိုင်ပြီဆိုရင်တော့ ကောင်းကင်အဆင့်ကို ရောက်ဖို့ မဝေးတော့ဘူးလို့ ဆိုလိုတာပဲ"

သူသည် စာလွှာကို ပြန်ယူကာ သေသေချာချာ ခေါက်၍ ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် ထပ်မံ မေးမြန်းလိုက်ပြန်သည် - "ဒါကို သူ တကယ်ပဲ ရေးတာလား"

"ဆရာရယ်... တကယ်ရေးတာပါဆို၊ ကျွန်မက ဆရာ့ကို ဘာလို့ လိမ်ရမှာလဲ" ချိုင်ယွီရှင်းက ညည်းညည်းညူညူ ပြောလိုက်သည်။

‘ဆရာက ဘာကြောင့် ဒီမေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေရသနည်း။ အသက်ကြီးလာ၍ စကားများလာခြင်းပေလော’

လှံနတ်ဘုရားက ခေတ္တမျှ စဉ်းစားပြီးနောက် ဆက်မေးလိုက်သည် - "သူက ဒီစာလွှာ ပေးတာအပြင် တခြားဘာများ ပြောလိုက်သေးလဲ"

"သူက ဒီစာဟာ ရွှေတေးတစ်သန်းလောက် တန်ဖိုးရှိပြီး ဆရာမြင်ရင် အမြတ်တနိုး သိမ်းထားလိမ့်မယ်လို့ ပြောလိုက်ပါတယ်" ချိုင်ယွီရှင်းက သူမ၏ဆရာမှာ ထိုစာလွှာကို တန်ဖိုးထားပုံကို ကြည့်ကာ လင်းပိုင်ဖန် ပြောသည့်အတိုင်းပင် ဖြစ်နေသည်ကို သတိပြုမိသွားသည်။

ဤစာလွှာမှာ ဘယ်လို မှော်အတတ်တွေ ပါနေလို့ ဆရာ့ကို ဒီလောက်အထိ စွဲလမ်းသွားစေသလဲဆိုတာက ထူးဆန်းလှပေသည်။

ထိုအချိန်တွင် လှံနတ်ဘုရား၏ မျက်ဝန်းများမှာ တောက်ပလာခဲ့သည်။ တစ်ဖက်လူက ဤသို့ပြောလိုက်ခြင်းမှာ ဤစာလွှာ၏ တန်ဖိုးကို သိနေ၍ ဖြစ်ရမည်။ အကယ်၍ သူသာ ဤစာကို ရေးနိုင်သည်ဆိုလျှင် ထိုလူမှာ...

"အင်း... အဲဒီ ဧကရာဇ်က သိုင်းပညာ လုံးဝ မတတ်တာ သေချာရဲ့လား"

"မတတ်ပါဘူး" ချိုင်ယွီရှင်းက ခေါင်းခါပြလိုက်သည်။

"ပြန်စဉ်းစားကြည့်ဦး... သူက သမီးမသိအောင် တိတ်တဆိတ် သိုင်းကျင့်နေတာမျိုးရော မဖြစ်နိုင်ဘူးလား" လှံနတ်ဘုရားက ထပ်၍ မေးလိုက်သည်။

"မဖြစ်နိုင်တာ ဆရာရယ်"

ချိုင်ယွီရှင်းက ထပ်မံ ငြင်းဆိုလိုက်သည် - "သူက နေ့တိုင်း အရက်နဲ့ မိန်းမတွေကြားမှာပဲ အချိန်ကုန်နေတာ၊ စည်းစိမ်ယစ်ပြီး ပျင်းရိနေတာမှ သာမန် မိုက်မဲတဲ့ ဘုရင်တွေထက်တောင် ပိုသေးတယ်။ သိုင်းကျင့်ဖို့ကို အချိန်ကို မရှိတာ"

"ဒါဆိုသူ လှံကိုင်တတ်လား" လှံနတ်ဘုရားက မလျှော့သောဇွဲဖြင့် မေးလိုက်ပြန်သည်။

"ဓားနဲ့ လှံကို ကိုင်ဖို့တောင် သူက ပျင်းနေတာပါ ဆရာရဲ့"

လှံနတ်ဘုရားမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာဆက်မေးရမှန်း မသိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ပြောပြချက်အရ ထိုလူမှာ သိုင်းပညာ လုံးဝ မတတ်သည့် ဧကရာဇ် တစ်ဦးအဖြစ်မှလွဲ၍ အပြစ်ရှာစရာ မရှိအောင် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

သိုင်းအနှစ်သာရ ပါဝင်သည့် စာကို ရေးနိုင်ရုံနှင့် ထိုလူမှာ သိုင်းပညာရှင် ဖြစ်ရမည်ဟု မဆိုလိုနိုင်ပေ။ အချို့မှာ ပန်းချီဆွဲခြင်း သို့မဟုတ် ဟင်းချက်ခြင်းမှတစ်ဆင့်ပင် အဆင့်မြင့် နယ်ပယ်ကို ထိုးထွင်းသိမြင်သွားတတ်ကြသည်။ သို့သော်လည်း ထိုကဲ့သို့သော လူမျိုးမှာ အလွန်တရာ ရှားပါးလှသည်။

ဒါဆို လင်းပိုင်ဖန်က တကယ်ပဲ သာမန်လူတစ်ယောက်လား။ ဒါဆိုရင်တော့ သူ၏ မျှော်လင့်ချက်မှာ အချည်းနှီး ဖြစ်သွားရပေတော့မည်။

"ဆရာ... တခြား မေးစရာ ရှိသေးလား" ချိုင်ယွီရှင်းက စူးစမ်းလိုက်သည်။

လှံနတ်ဘုရားက စိတ်ပျက်လက်ပျက်ဖြင့် လက်ယမ်းပြလိုက်ကာ - "ဘာမှမရှိတော့ဘူး၊ သွားတော့"

"ဟုတ်ကဲ့ ဆရာ" ချိုင်ယွီရှင်းမှာ နားမလည်နိုင်သော လျှို့ဝှက်ချက်ကြီးကို ပိုက်ကာ ထွက်ခွာသွားတော့သည်။

‘ဆရာက ဘာလို့ ရုတ်တရက် အရှင်မင်းကြီးအပေါ် ဒီလောက် စိတ်ဝင်တစား ဖြစ်နေရတာလဲ။ သူတို့နှစ်ယောက်ကြားမှာ ဘာပတ်သက်မှုမှလည်း မရှိဘဲနဲ့၊ ထူးဆန်းလိုက်တာ’

ချိုင်ယွီရှင်း ထွက်သွားပြီးနောက်တွင်လည်း လှံနတ်ဘုရားမှာ စိတ်မလျှော့နိုင်သေးဘဲ မဟာရှနိုင်ငံနှင့် လင်းပိုင်ဖန်အကြောင်း သတင်းအချက်အလက်များကို စုဆောင်းစေပြီး သေသေချာချာ လေ့လာနေခဲ့သည်။

ထိုအချက်အလက်များထဲတွင် သူသည် အရေးကြီးသည့် အချက်တစ်ခုကို တွေ့လိုက်ရသည်။

"ဓားအဖိုးအိုက မဟာရှနိုင်ငံကို ရောက်တာ နှစ်နှစ်တောင် မပြည့်သေးဘဲ ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်ဆိုပါလား"

သူသည် ဓားအဖိုးအို၏ အခြေအနေတွင် မိမိကိုယ်မိမိ ပြန်မြင်ယောင်လာသည်။

ဓားအဖိုးအိုသည် အသက် ၁၀၀ ကျော်နေပြီဖြစ်ပြီး ပါရမီမှာလည်း ကုန်ခန်းနေပြီဖြစ်ရာ သိုင်းအနှစ်သာရကို ထိုးထွင်းသိမြင်ရန် လုံးဝ မဖြစ်နိုင်တော့သူ ဖြစ်သည်။

ယခု သူ့အခြေအနေနှင့် အတူတူပင် ဖြစ်သည်။ သူသည်လည်း အသက် ၉၀ ရှိပြီဖြစ်ပြီး ဒဏ်ရာဟောင်းများကြောင့် အိုမင်းမစွမ်း ဖြစ်နေပြီ။ ပါရမီပိုင်းတွင်လည်း အကန့်အသတ် ရှိနေ၍သာ နှစ်ပေါင်း ၃၀ တိုင်တိုင် ဒီအဆင့်၌ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် မျှော်လင့်ချက် ကင်းမဲ့နေခဲ့ရာ ဓားအဖိုးအိုဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

သို့သော် ထိုသူသည် မဟာရှနိုင်ငံသို့ ရောက်ပြီးနောက်တွင် ကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဆိုသည်မှာ အံ့မခန်းဖွယ်ရာပင် ဖြစ်နေတော့သည်။

သူသည် ချိုင်ယွီရှင်းကို ချက်ချင်း ပြန်ခေါ်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည် - "ဓားအဖိုးအိုဟာ မဟာရှနိုင်ငံကို ရောက်ပြီးမှ ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်သွားတယ်လို့ ကြားတယ်၊ အဲဒါ ဘယ်လိုဖြစ်တာလဲ၊ ဆရာ့ကို ပြောပြပါဦး"

ချိုင်ယွီရှင်းက ခေါင်းခါလိုက်ရင်း - "ဆရာ... အဲဒါတော့ ကျွန်မလည်း သေချာမသိဘူး။ သူက ကျင့်ကြံရင်းနဲ့ပဲ အဲဒီအဆင့်ကို ပေါက်ရောက်သွားတာလို့ ထင်တာပဲ"

"သူက ဘာဖြစ်လို့ မဟာရှနိုင်ငံကို ဝင်ရောက် အမှုထမ်းတာလဲ" လှံနတ်ဘုရားက ထပ်မေးလိုက်သည်။

“အဲ့ဒါက.. သူက အရှင်မင်းကြီးကို ဆရာအဖြစ် တင်မြှောက်လိုက်လို့လေ၊ ဒါကြောင့် မဟာရှနိုင်ငံကို ရောက်လာတာပေါ့"

"လင်းပိုင်ဖန်ကို ဆရာအဖြစ် တင်မြှောက်တယ် ဟုတ်လား" လှံနတ်ဘုရား၏ မျက်ဝန်းများမှာ နောက်ဆုံးတွင် သော့ချက်ကို ရှာတွေ့သွားသကဲ့သို့ တောက်ပလာခဲ့သည်။

သူသည် ချက်ချင်းပင် ထပ်ဆင့်မေးခွန်း မေးလိုက်သည် - "သူက ဘာလို့ လင်းပိုင်ဖန်ကို ဆရာအဖြစ် တင်မြှောက်ရတာလဲ"

ချိုင်ယွီရှင်းက ပြုံးလိုက်ရင်း - "ဓားအဖိုးအိုက အစတုန်းကတော့ အရှင်မင်းကြီးကို တပည့်အဖြစ် လာခေါ်တာပါ။ ဒါပေမဲ့ သိုင်းအယူအဆတွေကို ဆွေးနွေးပြီးတဲ့ နောက်မှာတော့ အရှင်မင်းကြီးရဲ့ ဓားသိုင်းအပေါ် နားလည်မှုက သူ့ထက် အများကြီး ပိုသာနေတာကို တွေ့သွားတယ်၊ အဲဒါနဲ့ပဲ သူက ကြည်ကြည်ဖြူဖြူနဲ့ ဆရာအဖြစ် တင်မြှောက်ပြီး ဓားသိုင်းပညာရပ်တွေကို လေ့လာဖို့ နောက်က လိုက်နေခဲ့တာပဲ"

"ဓားအဖိုးအိုက တကယ်ကို လေးစားဖို့ ကောင်းတာပဲ။ ဓားသိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ဆီကနေတောင် နှိမ့်ချပြီး သင်ယူဝံ့တယ်။ ဒါကြောင့်လည်း သူက ပိုပြီး ခရီးပေါက်ခဲ့တာ ဖြစ်မယ်"

"ဒါတင် မကသေးဘူး" ပြိုင်ဘက်ကင်း လှံနတ်ဘုရား၏ မျက်လုံးများ ပိုမို တောက်ပလာသည်။

ဤလောကတွင် သိုင်းပညာကို အပတ်တကုတ် ရှာဖွေနေသူများစွာ ရှိသည်။ သူ့လိုပင် ဆယ်စုနှစ်ပေါင်းများစွာ လှံသိုင်းပညာအတွက် အားထုတ်နေသူတွေလည်း မနည်းလှချေ။

သို့သော် ဘယ်လောက်များများကများ သိုင်းအနှစ်သာရကို ပေါက်ရောက်နိုင်ကြသနည်း။ ထိုနောက်ဆုံးခြေလှမ်းသည် ချောက်နက်ကြီးသဖွယ် လူပေါင်းများစွာကို တားဆီးထားခြင်း ဖြစ်သည်။

ထို့ကြောင့် သိုင်းပညာကို ရှာဖွေလိုသည့် စိတ်ဓာတ်ရှိရုံနှင့် မလုံလောက်ဘဲ မှန်ကန်သည့် အခွင့်အလမ်းလည်း ရှိရပေမည်။

လင်းပိုင်ဖန်သည် ဓားအဖိုးအိုအတွက် အခွင့်အလမ်း ဖြစ်ခဲ့သည်။

‘ဒါဆို... ငါ့ရဲ့ အခွင့်အလမ်းကလည်း သူ့ဆီမှာပဲ ရှိနေတာများလား’

All Chapters