အခန်း (၄၀၀-၄၀၁)
Vol. 37 Ch. 400-401
အပိုင်း (၄၀၀)
ကျိုင်းကောင်ဘေးဆိုသည်မှာ သဘာဝဘေးအန္တရာယ်ကြီး သုံးရပ်အနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။
ကျိုင်းကောင်ဘေး ဆိုက်ရောက်သည့်အခါတိုင်း သီးနှံထွက်နှုန်းမှာ သိသိသာသာ လျော့နည်းသွားတတ်ပြီး ပြည်သူများမှာ ငတ်မွတ်ခေါင်းပါးဘေးနှင့် ရင်ဆိုင်ကြရစမြဲ ဖြစ်သည်။ ယနေ့ထက်တိုင်အောင်လည်း ကျိုင်းကောင်ဘေးကို နှိမ်နင်းရန် ထိရောက်သော နည်းလမ်းဟူ၍ မရှိသေးဘဲ ကြိုတင်ကာကွယ်ရေးကိုသာ အဓိကထားနေရဆဲ ဖြစ်သည်။
အကယ်၍ ကြိုတင်ကာကွယ်မှု မအောင်မြင်ပါက ပိုးသတ်ဆေးများကို အမြောက်အမြား ပက်ဖြန်းရန်သာ ရှိတော့သည်။ သို့သော် ရှေးဟောင်းခေတ်ကာလတွင် ထိုကဲ့သို့သော နည်းလမ်းမျိုးက အဘယ်မှာ ရှိပါမည်နည်း။
ထို့ကြောင့် ဤသတင်းမှာ နန်းတော်သို့ ရောက်ရှိသွားသည့် အခါတွင် ချက်ချင်းပင် အလေးထားရမည့် ကိစ္စတစ်ရပ် ဖြစ်လာတော့သည်။
မဟာလော့ဧကရာဇ်မှာ မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည် - “အမတ်တို့... အရှေ့တောင်ဘက် ဒေသတွေမှာ အနှစ်ငါးဆယ်အတွင်း တစ်ခါမှ မကြုံဖူးတဲ့ ကျိုင်းကောင်ဘေးနဲ့ ရင်ဆိုင်နေရပြီ။ ကျိုင်းကောင်တွေရဲ့ အန္တရာယ်က ဘယ်လောက်ကြီးမားတယ်ဆိုတာ မောင်မင်းတို့လည်း အသိပဲ။ အခု ဆောင်းဦးရိတ်သိမ်းချိန်ကလည်း နီးနေပြီ၊ အကယ်၍ သီးနှံတွေသာ ကျိုင်းကောင်တွေရဲ့ အစားခံလိုက်ရရင် ဒီနှစ်မှာ ငါတို့ ရိက္ခာပြတ်လပ်တော့မယ်။ မောင်မင်းတို့ထဲမှာ ကောင်းမွန်တဲ့ အကြံဉာဏ် ရှိကြသလား”
စကားအဆုံးတွင် သူသည် မိမိယုံကြည်ရသော အမတ်များကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော် အမတ်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်၊ ခေါင်းငုံ့သွားလိုက်နှင့်သာ ရှိနေကြပြီး မည်သူမျှ ထိရောက်သော အကြံဉာဏ် မပေးနိုင်ကြချေ။ အမှန်တကယ်တော့ ကျိုင်းကောင်ဘေး ဆိုက်လာလျှင် ကံကြမ္မာအတိုင်းသာ လက်လျှော့လိုက်ကြရသည် မဟုတ်ပါလား။
“ဟူး...” မဟာလော့ဧကရာဇ်မှာ သက်ပြင်းရှည်ကြီးသာ ချလိုက်မိသည်။ ဧကရာဇ်တစ်ပါး ဖြစ်ရသည်မှာလည်း မလွယ်ကူလှပါတကား။
ပြီးခဲ့သည့်နှစ်က တာအိုဂိုဏ်း၏ ရွေးချယ်မှုကို ခံရပြီးကတည်းက သူ၏ကံဇာတာမှာ တော်တော်လေး ဆိုးရွားနေခဲ့သည်။ လေဆင်နှာမောင်း တိုက်လိုက်၊ ငလျင်လှုပ်လိုက်နှင့်၊ ထို့နောက်တွင်လည်း ရာစုနှစ်အတွင်း တစ်ခါမှ မကြုံဖူးသော နှင်းကပ်ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ယခု အခြေအနေလေး ပြန်ကောင်းလာပြီ အထင်တွင် မိုးခေါင်မှုနှင့် ကျိုင်းကောင်ဘေးက တစ်ပြိုင်တည်း ရောက်လာပြန်လေပြီ။
ကောင်းကင်ကြီးက သူ့ကို အထူးတလည် ဂရုစိုက်နေသကဲ့သို့ပင်၊ သဘာဝဘေးအန္တရာယ် အားလုံးနီးပါးကို သူ၏နိုင်ငံထဲသို့သာ ပို့လွှတ်နေတော့သည်။ ၎င်းအပြင် လူလုပ်သော ဘေးအန္တရာယ်များကလည်း တစ်သီကြီးပင်...။ သူ့ကို အသေသတ်မှ ကျေနပ်ကြမည့် အတိုင်းပင် ဖြစ်နေတော့သည်။
ထိုစဉ်မှာပင် စုန့်ယွီဖေးက လှပကျော့ရှင်းစွာဖြင့် ရောက်ရှိလာသည်။ သူမကို မြင်လိုက်ရသည်နှင့် မဟာလော့ဧကရာဇ်၏ မျက်လုံးများ တောက်ပသွားပြီး အားကိုးတကြီး မေးလိုက်သည် - “နတ်မိမယ်ယွီဖေး... ကျုပ်တို့ရဲ့ မဟာလော့နိုင်ငံမှာ ကျိုင်းကောင်ဘေး ဆိုက်နေပြီ၊ ကျုပ်တို့လည်း ဘာမှ မတတ်နိုင်တော့ဘူး။ နတ်မိမယ်တို့ တာအိုဂိုဏ်းမှာ ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှိမလား”
“ဒါကတော့... အရှင်မင်းကြီး၊ ဒါက သဘာဝဘေးအန္တရာယ်ပဲလေ။ လူသားတွေရဲ့ စွမ်းအားနဲ့ ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ” ဟု စုန့်ယွီဖေးက စိတ်မကောင်းစွာ ပြုံးရင်း ပြန်ပြောလိုက်သည်။
“နတ်မိမယ်တို့ တာအိုဂိုဏ်းမှာ ထူးချွန်ထက်မြက်တဲ့သူတွေ အများကြီး ရှိတာပဲလေ။ တကယ်ပဲ ဘာနည်းလမ်းမှ မရှိတာလား” ဟု ဧကရာဇ်က အရှုံးမပေးလိုသော လေသံဖြင့် ထပ်မေးလိုက်ပြန်သည်။
စုန့်ယွီဖေးက ခဏလောက် တုံ့ဆိုင်းနေပြီးမှ - “နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီနည်းလမ်းက နှစ်ဖက်စလုံးကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းပါ”
“နတ်မိမယ်... ကျေးဇူးပြုပြီး ပြောပြပါဦး” ဧကရာဇ်က ဇွတ်အတင်း မေးတော့သည်။
“အရင်တုန်းက ကျွန်မတို့ဂိုဏ်းက စီနီယာတွေဟာ ကျိုင်းကောင်ဘေးကြောင့် ပြည်သူတွေ စားစရာမရှိဘဲ ဒုက္ခရောက်နေတာကို မကြည့်ရက်နိုင်ကြဘူး။ ဒါကြောင့် အပင်ပန်းခံ ကြိုးစားပြီးနောက်မှာ အဆိပ် (၁၀) မျိုးကို ဖော်စပ်နိုင်ခဲ့တယ်။ ဒီအဆိပ်ကို စပါးပင်တွေပေါ်မှာ ဖျန်းလိုက်ရင် အဲဒါကို စားမိတဲ့ ကျိုင်းကောင်တွေ ချက်ချင်း သေသွားလိမ့်မယ်။ တစ်ခါကလည်း ဒီအဆိပ်နဲ့ ကျိုင်းကောင်ဘေးကို ဖြေရှင်းခဲ့ဖူးတယ်”
ဧကရာဇ်က ဝမ်းသာအားရဖြင့် - “ဒါဆိုရင် ကောင်းတဲ့နည်းလမ်းပဲ မဟုတ်ဘူးလား”
“အရှင်မင်းကြီး... အရှင်က အလုံးစုံကို မသိသေးလို့ပါ။ ဒီအဆိပ်က ကျိုင်းကောင်တွေကိုတင် မကဘူး၊ လူတွေကိုပါ သေစေနိုင်တယ်။ အဆိပ်က စပါးပင်တွေပေါ် ကပ်ငြိနေတဲ့အခါ အစေ့အဆန်တွေထဲကို အဆိပ်တွေ ရောက်သွားပြီး အဆိပ်သင့်တဲ့ အစားအစာတွေ ဖြစ်သွားလိမ့်မယ်။ ဒါကို စားမိတဲ့သူက ကျန်းမာရေးကောင်းရင် ပြင်းပြင်းထန်ထန် ဖျားနာမယ်၊ ကျန်းမာရေးမကောင်းရင်တော့ သေသွားနိုင်ပါတယ်”
“ဪ... ဒီလိုကိုး” ဧကရာဇ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်လိုက်မိသည်။
အကယ်၍ ဤအဆိပ်ကို အသုံးပြုလိုက်လျှင် ကောက်ပဲသီးနှံများမှာ ပျက်စီးသွားပြီး စားသုံး၍ ရတော့မည် မဟုတ်ချေ။ သူ ကျိုင်းကောင်တွေကို နှိမ်နင်းချင်ရခြင်းမှာ သီးနှံတွေကို ကယ်တင်ချင်၍ဖြစ်ပြီး၊ သီးနှံတွေကို ဖျက်ဆီးပစ်ရန် မဟုတ်ပေ။
“ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ကျုပ် အစွမ်းကုန် ကြိုးစားပြီး ဒီကျိုင်းကောင်ဘေးကို အနိုင်ယူရမယ်” ဧကရာဇ်၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ပြန်လည် နိုးကြားလာပြန်သည်။ ဘေးအန္တရာယ် မြောက်မြားစွာကို ကျော်ဖြတ်လာပြီးမှတော့ ကျိုင်းကောင်ဘေးတစ်ခုကို ဘာကြောင့် ကြောက်နေရတော့မည်နည်း။
သူ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ စုန့်ယွီဖေးက ချီးကျူးဟန်ဖြင့် ဆိုလိုက်သည် - “ဒါမှ ငါတို့ရွေးချယ်ထားတဲ့ ပညာရှိမင်းမြတ် ပီသတာပေါ့။ အရှင်မင်းကြီးမှာ ဒီလို စိတ်ပိုင်းဖြတ်မှုရှိမှတော့ ကျွန်မတို့ တာအိုဂိုဏ်းကလည်း အစွမ်းကုန် ကူညီပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ် နတ်မိမယ်၊ တာအိုဂိုဏ်းကိုလည်း ကျေးဇူးတင်ပါတယ်”
ထို့နောက်တွင် သူတို့သည် ကျိုင်းကောင်ဘေးကို နှိမ်နင်းရန် ပညာရှင် အမြောက်အမြားကို စေလွှတ်လိုက်ကြသည်။ ၎င်းတို့၏ နှိမ်နင်းပုံမှာ ရိုးရှင်းသော်လည်း ကြမ်းတမ်းလှသည်။ မိမိတို့၏ ကိုယ်ပိုင်သိုင်းပညာကို အသုံးပြုကာ ကျိုင်းကောင်အုပ်ကြီးကို လိုက်လံ သတ်ဖြတ်ခြင်းပင် ဖြစ်သည်။ လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်ဖြင့် ကျိုင်းကောင်များကို ရှင်းလင်းလိုက်သော်လည်း ကျိုင်းကောင်များမှာ အလွန်များပြားလှသဖြင့် သိသာသော ရလဒ် ထွက်မလာချေ။ မည်မျှပင် သတ်သတ် ကုန်ဆုံးသွားသည်ဟူ၍ မရှိချေ။
ထို့အပြင် ကျိုင်းကောင်များ၏ မျိုးပွားနှုန်းမှာလည်း အံ့မခန်းမြန်လှသဖြင့် တစ်ရက်နှစ်ရက်အတွင်းမှာပင် အခြေအနေက မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။ ဤသည်မှာ မဟာလော့ဧကရာဇ်ကို အကြီးအကျယ် စိတ်ပူစေခဲ့သည်။
သို့သော် ထိုအချိန်တွင် စုန့်ယွီဖေးက ပြုံးလျက် ရောက်လာပြန်ကာ - “အရှင်မင်းကြီး... စိတ်မပူပါနဲ့တော့။ ကျွန်မ ဂိုဏ်းကို အစီရင်ခံစာ မတင်ခင်မှာ သုတေသနအချို့ လုပ်ခဲ့ပြီး ကျိုင်းကောင်ဘေးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့ပါပြီ”
ဧကရာဇ်က ဝမ်းသာအားရဖြင့် - “ဘာများဖြစ်မလဲ”
စုန့်ယွီဖေးက လုံအောင် ပိတ်ထားသည့် အိုးတစ်လုံးကို ကိုင်ထားရင်း ပြုံးလိုက်သည် - “ဒါက ကျိုင်းကောင်တွေကို သတ်နိုင်တဲ့ အဆိပ်ပါပဲ။ ဒါကို သုံးလိုက်ရင် ကျိုင်းကောင်ဘေးက အလိုလို ပြေလည်သွားပါလိမ့်မယ်”
“နတ်မိမယ်ယွီဖေး... ဒီအဆိပ်က လူကိုပါ သေစေနိုင်တယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား။ ဒါကြောင့် ဒါကို သုံးဖို့ မသင့်တော်ဘူးလို့ ကျုပ်ထင်တယ်” ဧကရာဇ်က ခေါင်းခါလိုက်သည်။
“အရှင်မင်းကြီး စိုးရိမ်လွန်နေပါပြီ” စုန့်ယွီဖေးက ရယ်မောလိုက်ပြီး - “ကျွန်မတို့ဂိုဏ်းက စမ်းသပ်မှုတွေ လုပ်ကြည့်တဲ့အခါ ဒီအဆိပ်ကို လယ်ကွင်းတွေထဲ တိုက်ရိုက်ဖျန်းရင်တော့ သီးနှံတွေ အဆိပ်သင့်မှာ အမှန်ပါပဲ။ ဒါပေမဲ့ နည်းလမ်းပြောင်းပြီး ဒီအဆိပ်ကို ကောက်ရိုးခြောက်တွေနဲ့ ရောပြီး မီးရှို့လိုက်ရင် အဆိပ်ငွေ့တွေက လေထဲကို ပျံ့နှံ့သွားလိမ့်မယ်။ ဒီနည်းနဲ့ ကျိုင်းကောင်တွေကို သေစေနိုင်သလို သီးနှံတွေကို ထိခိုက်မှုလည်း လျှော့ချနိုင်မှာပါ”
ဒါကို ကြားလိုက်ရသည့်အခါ ဧကရာဇ်မှာ အလွန်ပင် စိတ်ဝင်စားသွားပြီး - “နတ်မိမယ်ပြောတာ အကျိုးအကြောင်း ရှိသားပဲ၊ စမ်းကြည့်ကြတာပေါ့”
သို့နှင့် စုန့်ယွီဖေးက ချက်ချင်းပင် အကောင်အထည်ဖော်တော့သည်။ သူမသည် လူများကို ကောက်ရိုးခြောက် အမြောက်အမြား ပြင်ဆင်ခိုင်းပြီးနောက် အဆိပ်ကို ဖြန်းကာ မီးရှို့လိုက်သည်။ အဆိပ်ငွေ့များ လေထဲသို့ လွင့်တက်သွားတော့သည်။
အဆိပ်ငွေ့နှင့် တွေ့သည့် ကျိုင်းကောင်များမှာ အသက်အန္တရာယ်ကို ကြောက်လန့်သကဲ့သို့ အဝေးသို့ ပျံပြေးသွားကြသည်။ ကျိုင်းကောင်အားလုံး အဆိပ်သင့်ပြီး မသေသွားသော်လည်း ရလဒ်မှာ တော်တော်လေး ကောင်းမွန်လှပေသည်။
မဟာလော့ဧကရာဇ်က အားရပါးရ ရယ်မောလိုက်ပြီး - “ကြည့်စမ်း နတ်မိမယ်၊ အဆိပ်က တကယ် အလုပ်ဖြစ်တာပဲ။ အားလုံးပဲ... ကောက်ရိုးခြောက်တွေကို ချက်ချင်း မီးရှို့ပြီး လယ်ကွင်းတွေအနှံ့ ပျံ့အောင်လုပ်ကြစမ်း။ ကျိုင်းကောင်တွေ ပုန်းစရာ နေရာမရှိအောင် လုပ်ပစ်ကြမယ်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
တစ်နာရီမပြည့်မီမှာပင် အဆိပ်ရည်ဖြန်းထားသော ကောက်ရိုးခြောက်မီးပုံများမှာ လယ်ကွင်းတစ်ပြင်လုံးတွင် ပျံ့နှံ့သွားတော့သည်။ အဆိပ်ငွေ့များက လယ်ကွင်းများပေါ်တွင် ဖုံးလွှမ်းသွားပြီး ကျိုင်းကောင်များမှာလည်း အရပ်ရပ်သို့ ပျံပြေးကြကုန်သည်။ မပြေးနိုင်သော ကျိုင်းကောင်များမှာ ကောင်းကင်ယံမှ တန်းစီ၍ ပြုတ်ကျလာကြတော့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ဧကရာဇ်က ပို၍ပင် ပျော်ရွှင်သွားသည်။ တာအိုဂိုဏ်း၏ အကူအညီပါလျှင် အရာရာက ထူးခြားသွားသည် မဟုတ်ပါလား။ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလျှင်ပင် သူ ဘေးကင်းကင်း ကျော်ဖြတ်နိုင်ပေသည်။
ကောက်ရိုးခြောက်များကို နှစ်ရက်တိုင်တိုင် မနားတမ်း မီးရှို့ခဲ့သဖြင့် အဆိပ်ငွေ့များ ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး ကျိုင်းကောင်အရေအတွက် သိသိသာသာ လျော့နည်းသွားခဲ့သည်။ ကျန်ရှိနေသော ကျိုင်းကောင်များမှာလည်း စားစရာ မရှိတော့သဖြင့် အဝေးသို့ ပျံထွက်သွားကြတော့သည်။
“အရှင်မင်းကြီး... ကျိုင်းကောင်အုပ်ကြီး ပြောင်းရွှေ့သွားပါပြီ”
“ဘယ်ကိုလဲ”
“အစီရင်ခံပါတယ် အရှင်မင်းကြီး၊ အရှေ့တောင်ဘက် အရပ်ကို ပြောင်းရွှေ့သွားတာပါ”
အရှေ့တောင်ဘက် အရပ်လား..၊ အဲဒါ မဟာရှနိုင်ငံ မဟုတ်ဘူးလား…။
ဒါကို ကြားလိုက်ရသည့်အခါ မဟာလော့ဧကရာဇ်မှာ ခိုး၍ပင် ပြုံးလိုက်မိသည်။
‘ မဟာရှနိုင်ငံ... မဟာရှနိုင်ငံ... မင်းတို့လည်း ကံဆိုးမယ့်နေ့ ရောက်ပြီပေါ့။ မင်းတို့ဆီမှာ တာအိုဂိုဏ်းရဲ့ အကူအညီမှ မရှိတာ၊ ဒီဘေးအန္တရာယ်ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ငါစောင့်ကြည့်ရသေးတာပေါ့’
‘ကျိုင်းကောင်တွေက မင်းတို့ရဲ့ သီးနှံတွေအားလုံးကို စားပစ်လိုက်ရင် အကောင်းဆုံးပဲ’
“မဟာရှနိုင်ငံက ကျိုင်းကောင်အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေပါ။ သတင်းတစ်ခုခုရတာနဲ့ ငါ့ကို ချက်ချင်း လာတင်ပြစမ်း”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
အပိုင်း (၄၀၁)
ဒီဘက်ခြမ်းမှာတော့...
လင်းပိုင်ဖန်ဟာ အင်ပါယာမြေပုံ ကနေတစ်ဆင့် မဟာလော့နိုင်ငံဘက်ကနေ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းပြီး ပျံသန်းလာတဲ့ ကျိုင်းကောင်အုပ်ကြီးကို တွေ့ရှိသွားခဲ့သည်။
မဟာလော့နိုင်ငံမှာ ကျိုင်းကောင်ဘေး ဆိုက်နေတာကို လင်းပိုင်ဖန် သိထားပြီးသား ဖြစ်သည်။ တကယ်တော့ ဒီဘေးအန္တရာယ်မှာ သူ့တွင်လည်း တာဝန်မကင်းလှပေ။ မဟာရှတပ်မတော်က မဟာလော့နိုင်ငံကို ကျူးကျော်ဝင်ရောက်စဉ်က သူသည် အင်ပါယာ မြေပုံကို အသုံးပြုပြီး မဟာလော့နယ်မြေအတွင်းရှိ မြေအောက်ရေတွေကို ခမ်းခြောက်အောင် လုပ်ဆောင်ခဲ့ဖူးသည်။ ရေမရှိတော့သဖြင့် လေထုမှာ ပူပြင်းခြောက်သွေ့လာပြီး ကျိုင်းကောင်များ မျိုးပွားရန် အလွန်ကောင်းမွန်သော ပတ်ဝန်းကျင် ဖြစ်သွားကာ ယခုကဲ့သို့ ကျိုင်းကောင်ဘေး ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်သည်။
ဧကရာဇ်အများစုကို ထိတ်လန့်တုန်လှုပ်စေသော ကျိုင်းကောင်ဘေးနှင့် ပတ်သက်ပြီး လင်းပိုင်ဖန်ကတော့ အေးအေးဆေးဆေးပင် ရှိနေခဲ့သည်။
“ကျိုင်းကောင်ဘေးလေးကများ... ငါဘယ်လို နှိမ်နင်းပြမလဲဆိုတာ ကြည့်နေလိုက်”
သူသည် ချက်ချင်းပင် ‘နတ်ဘုရားလက်’ ကို အသုံးပြုကာ ‘ကျားဖြူတောင်တန်း’ ပေါ်သို့ မိုးဖွဲဖွဲလေးများ ရွာချလိုက်သည်။ မိုးရေစက်များမှာ နုနယ်လှသဖြင့် သီးနှံများအတွက် ရေလောင်းပေးသကဲ့သို့ ဖြစ်နေပြီး ပြည်သူများ၏ နေထိုင်မှုကိုလည်း မထိခိုက်စေခဲ့ပေ။ သို့သော် ထိုမိုးရေမှာ ကျိုင်းကောင်များအတွက်တော့ သေမင်းတမန်ပင် ဖြစ်နေတော့သည်။
ကျိုင်းကောင်များမှာ စိုစွတ်သွားပါက ခန္ဓာကိုယ်မှာ လေးလံသွားပြီး ပျံသန်းနိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့် ကျိုင်းကောင်များသည် ရေကို၊ အထူးသဖြင့် မိုးရေကို အလွန်တရာ ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ကျားဖြူတောင်တန်းသို့ ရောက်သည့်အခါ ကျိုင်းကောင်များမှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ အပြင်ဘက်တွင်သာ ဝဲပျံနေကြတော့သည်။
မဟာလော့ နန်းတော်အတွင်းတွင်တော့ စစ်သည်တစ်ဦးက အစီရင်ခံနေလေသည်။
“အစီရင်ခံပါတယ် အရှင်မင်းကြီး... ကျိုင်းကောင်တွေဟာ ကျားဖြူတောင်တန်းကို ရောက်နေပါပြီ။ ဒါပေမဲ့ မဟာရှနိုင်ငံဘက်မှာ မိုးရွာနေတာကြောင့် နယ်စပ်ကို မဖြတ်နိုင်ဘဲ အပြင်ဘက်မှာပဲ ဝဲနေကြပါတယ်”
“ကျိုင်းကောင်တွေ ရောက်လာချိန်မှ မိုးက ရွာရတယ်လို့ကွာ... ကံကောင်းလိုက်တာလည်း လွန်ပါရော” မဟာလော့ဧကရာဇ်မှာ မနာလိုစိတ်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ မဟာရှနိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့် ကြုံတိုင်း ကံကောင်းတတ်သည်ကို သူ သတိထားမိနေသည်။ သို့သော် ကောင်းကင်ကြီးက သူတို့ကို အမြဲတမ်း မျက်နှာသာပေးလိမ့်မည်ဟု သူ မယုံကြည်ပေ။
“ဒီလို မိုးဖွဲလေးက ကြာကြာရွာမှာ မဟုတ်ပါဘူး၊ မကြာခင် စဲသွားမှာပါ။ မဟာရှနိုင်ငံကို ဆက်ပြီး စောင့်ကြည့်နေကြ”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
ဒုတိယမြောက်နေ့ ရောက်သော်လည်း မိုးမှာ စဲမသွားဘဲ ဆက်လက်ရွာသွန်းနေဆဲဖြစ်ကာ ကျိုင်းကောင်များမှာလည်း ရှေ့သို့ မတိုးနိုင်ကြသေးချေ။ ရှေ့တွင် နဂါးတွင်း သို့မဟုတ် ကျားဂူ ရှိနေသကဲ့သို့ပင်၊ ကျော်ဖြတ်မိလျှင် သေဘေးနှင့် ကြုံရမည်ကို ကျိုင်းကောင်များ သိနေသည့်အလားပင်။
မဟာလော့ဧကရာဇ်မှာ ဇဝေဇဝါ ဖြစ်လာလေသည်။ ဤသို့ ပူပြင်းသော ရာသီဥတုတွင် မိုးဖွဲလေးက နှစ်ရက်တိုင်တိုင် စွဲမြဲစွာ ရွာနေခြင်းမှာ ထူးဆန်းလှသည်။ အကယ်၍ မိုးသည်းထန်စွာ နှစ်ရက်တိုင် ရွာခြင်းဆိုပါက သူ ဝမ်းသာမိမည် ဖြစ်သော်လည်း ယခုကဲ့သို့ မိုးဖွဲလေး ရွာနေခြင်းမှာတော့ သူ့အတွက် အနှောင့်အယှက် ဖြစ်နေသည်။
“ဆက်ပြီး စောင့်ကြည့်နေစမ်း”
တတိယမြောက်နေ့တွင်လည်း နွေဦးမိုးကဲ့သို့ နုနယ်သော မိုးစက်များက အရာအားလုံးကို အားဖြည့်ပေးသကဲ့သို့ ဆက်လက် ရွာသွန်းနေလေသည်။ မဟာလော့ဧကရာဇ်မှာတော့ စိတ်ဓာတ်များ ပို၍ပင် ညှိုးငယ်လာတော့သည်။
စတုတ္ထမြောက်နေ့သို့ ရောက်သည့်တိုင် မိုးမှာ စဲမသွားဘဲ ကျိုင်းကောင်များမှာလည်း အရှုံးပေးကာ လှည့်ပြန်လာကြတော့သည်။
မဟာလော့ဧကရာဇ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည် - “လေးရက်တိုင်တိုင် ရွာတဲ့မိုးက ကျိုင်းကောင်တွေကို လှည့်ပြန်လာအောင် လုပ်လိုက်ပြီပေါ့။ မဟာရှနိုင်ငံ... မင်းတို့ကတော့ ကံကောင်းနေပြန်ပြီ၊ ဘေးအန္တရာယ်တစ်ခုကနေ ထပ်ပြီး လွတ်မြောက်သွားပြန်ပြီပေါ့”
“အရှင်မင်းကြီး... ကျိုင်းကောင်တွေက အခု အရှေ့တောင်ဘက်က စပါးစိုက်ခင်းတွေဆီကို ဦးတည်နေပါပြီ။ သီးနှံတွေကို ဝါးမျိုဖို့ ပြင်နေကြပါတယ်”
“မထိတ်လန့်ကြနဲ့... ဒါက ဘာဆန်းလို့လဲ” မဟာလော့ဧကရာဇ်က ငေါက်ငမ်းလိုက်သည်။
ယခင်ကဆိုလျှင် ကျိုင်းကောင်ဘေးမှာ ထိတ်လန့်စရာ ဖြစ်သော်လည်း ယခုမူ အခြေအနေက လုံးဝ ခြားနားသွားပြီ မဟုတ်ပါလား။ တာအိုဂိုဏ်းက ပေးထားသော အဆိပ်ရှိနေသဖြင့် ကျိုင်းကောင်ဘေးကို အလွယ်တကူ ဖြေရှင်းနိုင်သည်ဟု သူ ယုံကြည်နေသည်။
“သွားကြ... အရင်နည်းလမ်းအတိုင်းပဲ လုပ်ဆောင်ကြစမ်း”
နောက်တစ်ကြိမ်တွင် ကောက်ရိုးခြောက်များကို စုပုံကာ အဆိပ်ဖြန်းပြီး မီးရှို့လိုက်ကြသဖြင့် အဆိပ်ငွေ့များ ကောင်းကင်ယံသို့ ပျံ့နှံ့သွားပြန်သည်။ လှည့်ပြန်လာသော ကျိုင်းကောင်များမှာလည်း ရှေ့သို့မတိုးဘဲ တုံ့ဆိုင်းနေကြသည်။
ထိုအချိန်တွင် မဟာရှ နန်းတော်အတွင်း၌...
လင်းပိုင်ဖန်သည် မဟာလော့နယ်မြေမှ ရောက်ရှိလာသော သတင်းများကို ဖတ်ပြီး ရယ်မောလိုက်သည်။ “အဆိပ်ငွေ့နဲ့ ကျိုင်းကောင်တွေကို နှင်ထုတ်ပြီး ပြဿနာကို ဖြေရှင်းချင်နေတာကိုး... ငါကတော့ မင်းတို့ကို အဲဒီလောက် အလွယ်တကူ အခွင့်အရေး မပေးနိုင်ဘူး”
သူသည် အင်ပါယာ မြေပုံကနေတဆင့် ‘နတ်ဘုရားလက်’ ကို ထပ်မံ အသုံးပြုလိုက်သည်။ ချက်ချင်းပင် မဟာရှနိုင်ငံအတွင်း၌ လေပြင်းများ တိုက်ခတ်လာပြီး မဟာလော့နိုင်ငံဘက်သို့ တိုးဝင်သွားတော့သည်။ လင်းပိုင်ဖန်၏ ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်သွားပြီးနောက် လေအရှိန်မှာ အနည်းငယ် လျော့နည်းသွားသော်လည်း အမှုန်အမွှားနှင့် မီးခိုးငွေ့များကို တိုက်ထုတ်ပစ်ရန်တော့ လုံလောက်နေဆဲဖြစ်သည်။
မဟာလော့နိုင်ငံ၏ ကောင်းကင်ယံတွင် ဖုံးလွှမ်းနေသော အဆိပ်ငွေ့များမှာ ထို ‘လေထု’ ကြီးကြောင့် လွင့်စင် ပျောက်ကွယ်သွားတော့သည်။ အဆိပ်ငွေ့ မရှိတော့သည့်အခါ ကျိုင်းကောင်များမှာ လယ်ကွင်းများအတွင်းသို့ ချက်ချင်း ဆင်းသက်ကာ သီးနှံများကို ဝါးမျိုကြတော့သည်။
မဟာလော့ နန်းတော်အတွင်း၌...
ဘဏ္ဍာရေးဝန်ကြီးမှာ အပြေးအလွှား ဝင်ရောက်လာပြီး - “အရှင်မင်းကြီး... သတင်းဆိုးပါပဲ၊ ကျိုင်းကောင်တွေ ပြန်ရောက်လာပါပြီ။ သီးနှံတွေကို ဝါးမျိုနေကြလို့ စပါးပင်တွေ အများကြီး ပျက်စီးကုန်ပါပြီ”
မဟာလော့ဧကရာဇ်က မျက်မှောင်ကုတ်ကာ - “ကျိုင်းကောင်တွေကို နှင်ထုတ်ဖို့ အဆိပ်ငွေ့တွေ မီးရှို့ထားတယ် မဟုတ်ဘူးလား”
“အရှင်မင်းကြီး... မီးက ရှို့ထားပါတယ်၊ ဒါပေမဲ့ အရှေ့တောင်ဘက်က တိုက်လာတဲ့ လေပြင်းက အဆိပ်ငွေ့တွေကို အကုန် သယ်သွားပါတယ်”
“ဘာ...” မဟာလော့ဧကရာဇ်မှာ တုန်လှုပ်သွားလေသည်။
သူသည် ဝန်ကြီးနောက်သို့ လိုက်ပါကာ မြို့ပြင်ရှိ လယ်ကွင်းများသို့ သွားရောက်ကြည့်ရှုခဲ့သည်။ အဆိပ်ငွေ့များ ထွက်လာသော်လည်း လေတိုက်သဖြင့် ချက်ချင်း လွင့်ပါးသွားသည်ကို သူ မြင်လိုက်ရလေသည်။ အဆိပ်ငွေ့ ဘေးအန္တရာယ် မရှိတော့သဖြင့် ကောင်းကင်ယံမှ ကျိုင်းကောင်အုပ်ကြီးမှာ လယ်ကွင်းများပေါ်သို့ ဆင်းသက်ကာ သူ၏ သီးနှံများကို စားသောက်နေကြတော့သည်။
မဟာလော့ဧကရာဇ်မှာ အလွန်ပင် စိုးရိမ်ပူပန်သွားပြီး - “ဒီအရှေ့တောင်လေကလည်း... ဘာလို့ အခုမှ တိုက်ရတာလဲ။ အရေးပေါ် အနေနဲ့ လူတွေအကုန် စုပြီး ကျိုင်းကောင်တွေကို သတ်ကြစမ်း။ ဒီလေက မကြာခင် ရပ်သွားမှာ”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
သူတို့သည် နိုင်ငံအတွင်းရှိ တပ်သား အများစုကို လယ်ကွင်းများအတွင်းသို့ စေလွှတ်ကာ ကျိုင်းကောင်များကို နှိမ်နင်းခိုင်းတော့သည်။ သို့သော် လေပြင်းမှာ တစ်နေ့တစ်ညတိုင် တိုက်ခတ်နေဆဲဖြစ်ပြီး စစ်သည်များမှာလည်း ပင်ပန်းနွမ်းနယ်ကာ အသက်ရှူပင် မဝတော့ချေ။
ဒုတိယမြောက်နေ့တွင်လည်း ကျိုင်းကောင်များကို ဆက်လက် တိုက်ခိုက်နေကြသော်လည်း လေမှာ ဆက်လက် တိုက်နေဆဲ ဖြစ်သည်။ မီးရှို့လိုက်သည့် အဆိပ်ငွေ့များမှာ အပေါ်သို့ပင် မတက်နိုင်ဘဲ လွင့်ပါးသွားရသည်။ မိမိ၏ ရိက္ခာများ တစ်စစ နည်းပါးလာသည်ကို ကြည့်ပြီး မဟာလော့ဧကရာဇ်မှာ ရင်ထုမနာ ဖြစ်ကာ ဘေးနားရှိ အလှနတ်ဘုရားမလေးကို လှည့်ကြည့်လိုက်သည်။
“နတ်မိမယ်ယွီဖေး... တစ်ခုခု လုပ်ပေးပါဦး။ ဒီအတိုင်းသာ ဆက်သွားရင် ကျုပ်တို့ရဲ့ ရိက္ခာတွေ အကုန်ကုန်တော့မယ်”
စုန့်ယွီဖေးမှာ စိတ်မကောင်းစွာ ပြုံးရင်း - “အရှင်မင်းကြီး... ဒီတစ်ခါတော့ ကျွန်မလည်း တကယ် မတတ်နိုင်တော့ပါဘူး။ လေရပ်သွားတာကိုပဲ စောင့်ရပါတော့မယ်”
“ဟူး...” မဟာလော့ဧကရာဇ်မှာ သက်ပြင်းရှည်ကြီးသာ ချလိုက်မိသည်။
သို့နှင့် သူတို့သည် တစ်ရက်၊ နှစ်ရက်၊ သုံးရက်... တိုင်အောင် စောင့်ဆိုင်းခဲ့ကြသည်။ လေမှာ အားပျော့သွားမည့် အရိပ်အယောင် မရှိပေ။ သို့သော် ပို၍လည်း ပြင်းမလာခဲ့ပေ။ အဆိပ်ငွေ့များကို ဖယ်ရှားရန်အတွက်သာ အနေတော် တိုက်ခတ်နေပြီး ကျိုင်းကောင်များကိုတော့ မထိခိုက်စေဘဲ ရိက္ခာများကိုသာ ကုန်ဆုံးစေခဲ့သည်။ မဟာလော့ဧကရာဇ်မှာ နတ်ကို ဆုတောင်းလိုက်၊ ဘုရားကို ရှိခိုးလိုက်ဖြင့် နည်းလမ်းမျိုးစုံ သုံးသော်လည်း ဘာမှ ထူးမလာခဲ့ချေ။
မဟာလော့ဧကရာဇ်မှာ အကြီးအကျယ် စိတ်ပျက်နေပြီ ဖြစ်သည်။ “ဆက်လုပ်ကြ... ဆက်လုပ်ကြ။ မဟုတ်ရင် ရိက္ခာတွေ အကုန်ကုန်တော့မယ်။ ရိက္ခာမရှိရင် မင်းတို့ ဘာသွားစားကြမှာလဲ”
“ဒါပေမဲ့ အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ တကယ် ပင်ပန်းနေပါပြီ” စစ်သူကြီးတစ်ဦးက အားနည်းသော လေသံဖြင့် ဆိုလိုက်သည်။
သူတို့သည် ငါးရက်၊ ခြောက်ရက်တိုင်တိုင် နေ့မနား ညမနား ကျိုင်းကောင်များကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ သိုင်းပညာရှင်များ ဖြစ်သော်လည်း ဤမျှကြာအောင် မနားတမ်း အလုပ်လုပ်ရသဖြင့် မောဟိုက်နေကြပြီ ဖြစ်သည်။
မဟာလော့ဧကရာဇ်မှာ အော်ဟစ်လိုက်သည် - “ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဆက်လုပ်ရမယ်။ မဟုတ်ရင် မင်းတို့ရဲ့ ခေါင်းတွေကို ဖြတ်ပစ်မယ်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
အားလုံးမှာ ရွေးချယ်စရာ မရှိတော့သဖြင့် အံကြိတ်ကာ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို အတင်းလှုပ်ရှားပြီး ကျိုင်းကောင်များကို ဆက်လက် နှိမ်နင်းကြရပြန်သည်။ စစ်သည်များမှာ အုပ်စုလိုက် လဲကျကုန်သော်လည်း ကျိုင်းကောင်များမှာတော့ လျော့နည်းသွားခြင်း မရှိဘဲ ပို၍ပင် များပြားလာသယောင် ရှိနေသည်။ မြို့အတွင်းသို့ပင် ကျိုင်းကောင်များစွာ ကျူးကျော်ဝင်ရောက်လာကြသည်။
မဟာလော့ဧကရာဇ်သည် အရိုးထဲအထိ ပင်ပန်းနေသော သူ၏ စစ်သည်များကို ကြည့်ပြီး စိတ်အားထက်သန်စွာ နှိုးဆော်လိုက်သည် - “မောင်မင်းတို့က မဟာလော့ရဲ့ ရဲရင့်တဲ့ သားကောင်းတွေပဲ။ အရှုံးမပေးကြနဲ့။ သည်းခံနိုင်စွမ်း ရှိမှသာ အောင်ပွဲကို ရမှာ။ အောင်ပွဲက ငါတို့ဆီ ရောက်လာမှာ အမှန်ပဲ”
ဤသို့ဖြင့် သူတို့သည် ဆယ့်ငါးရက်တိုင်တိုင် ကြိုးစားခဲ့ကြပြီး နောက်ဆုံးတွင် ကျိုင်းကောင်များ ပျံထွက်သွားကြတော့သည်။ သူတို့က ကျိုင်းကောင်တွေကို အနိုင်ရလိုက်ခြင်း မဟုတ်ဘဲ စားစရာ အားလုံး ကုန်သွားသဖြင့် ကျိုင်းကောင်များက စားကျက်သစ် ရှာရန် ထွက်ခွာသွားကြခြင်းသာ ဖြစ်သည်။
မဟာလော့ဧကရာဇ်မှာ ဘာဆိုဘာမှ မကျန်တော့သော လယ်ကွင်းပြင်ကြီးကို ကြည့်ပြီး ငိုကြွေးလိုက်မိတော့သည် - “ငါ့ရဲ့ ရိက္ခာတွေ... အကုန်ကုန်ပါပြီ”