အခန်း (၁၄၂၃-၁၄၂၄)
Vol. 143 Ch. 1423-1424
အခန်း (၁၄၂၃) - မျိုးဆက်သစ်က သတ္တိမွေးပြီးစမ်းသပ်ကြည့်ပါရစေ
“သိပ်ပြီး အားနာမနေကြပါနဲ့၊ ဘာပဲဖြစ်ဖြစ် လင်းကွေ့ကြယ်တာရာကို ရောက်ဖို့ကလည်း လိုသေးတယ်၊ ငါတို့လည်း အားနေတာနဲ့အမျှ... မင်းတို့ တိုက်ခိုက်ကြမယ်ဆိုရင် စည်းမျဉ်းသတ်မှတ်ထားတာမျိုး ရှိလား လောင်းကြေးရော ထပ်မလား ”
စီနီယာအစ်မကြီးက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် သာသာယာယာ မေးလိုက်သည်။
ယွီဝူရှီးက အလွန်အမင်း ရိုသေကိုင်းရှိုင်းစွာဖြင့်
“ကျနော်တို့က တောက်ပသော နတ်ဘုရားမျက်လုံးတတိယအဆင့်ရဲ့ အစွမ်းကို စမ်းသပ်ကြည့်ချင်ရုံတင်ပါ”
“တောက်ပသော နတ်ဘုရားမျက်လုံး လား ဒီကျင့်စဉ်က တကယ်ကို မဆိုးဘူး၊ ငါလည်း ကြားဖူးနေတာ။ ဒါပေမဲ့ ဒီကျင့်စဉ်ကို ကျင့်ကြံဖို့ဆိုတာ ပါရမီတင်မကဘူး၊ ကံတရား လည်း လိုအပ်တယ်။ မင်းတို့ တာအိုဂိုဏ်း မှာ နတ်ဘုရားသားရဲ သုံးပါး ရှိတယ် မဟုတ်လား တောက်ပသော နတ်ဘုရားမျက်လုံးကို ကျင့်ကြံချင်ရင် အဲဒီနတ်ဘုရားသားရဲတွေရဲ့ အသိအမှတ်ပြုမှုကို ရမှ ဖြစ်တာ”
စီနီယာအစ်မကြီးက တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် သူမ၏ မျက်ဝန်းအစုံက ဖန့်ချန်ထံသို့ အသာအယာ ဝေ့ဝိုက်သွားသည်။
“မင်းလည်း ဒီအတတ်ကို ကျင့်ဖူးတာလား ”
“ကျနော်လည်း တာအိုဂိုဏ်းက ဆင်းသက်လာတာပါ”
ဖန့်ချန်က လက်အုပ်ချီ၍ ဖြေကြားလိုက်သည်။
“တာအိုဂိုဏ်းရဲ့ အတတ်ပညာတွေက...”
စီနီယာအစ်မကြီးက အတန်ကြာ စဉ်းစားပြီးမှ
“လူသားလောက ကိုးခု မှာတော့ ထိပ်တန်းအဆင့်မှာ ရှိတယ်လို့ ပြောလို့ရတယ်။ အင်အားကြီးအဖွဲ့အစည်းအသီးသီးရဲ့ အမာခံတွေထဲမှာလည်း တာအိုဂိုဏ်းက လာတဲ့သူတွေ မနည်းဘူး။ မင်းတို့ရဲ့ နတ်သားရဲ သုံးပါးဟာလည်း အခုထိ လူ့လောကမှာ သက်ရှိထင်ရှား ရှိနေဦးမယ်လို့ ငါ ခန့်မှန်းမိတယ်”
ယွီဝူရှီးမှာ ဆွံ့အသွားပြီး မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာသည်။
“နတ်ဘုရားသားရဲ သုံးပါးက လူ့လောကမှာ ရှိနေသေးတာလား ”
“ခန့်မှန်းခြေပါပဲ၊ ဒါပေမဲ့ ရှိနေသေးတယ် ဆိုရင်တောင် အဆင့် ၈ ရှေးဟောင်းမသေမျိုး တွေပဲ ဖြစ်မှာပါ”
စီနီယာအစ်မကြီးက ပြုံး၍ ပြောလိုက်သည်။
သူမ စကားအသုံးအနှုန်းများတွင် တာအိုဂိုဏ်း၏ နတ်ဘုရားသားရဲ သုံးပါးကို အသိအမှတ်ပြုထားသော်လည်း အနည်းငယ်မျှပင် ရိုသေလေးစားမှု မပါရှိသည်ကို ဖန့်ချန် သတိပြုမိလိုက်သည်။
ဤသည်မှာ သူမက တမင်လုပ်ဆောင်ခြင်း မဟုတ်ဘဲ မသိစိတ်ထဲတွင် သူမကိုယ်သူမ ထိုပုဂ္ဂိုလ်များနှင့် တန်းတူအဆင့်၌ ထားရှိထားခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
သူမရဲ့ မသေမျိုးလှေ အစီရင်က အဆင့် ၈ မသေမျိုးတွေရဲ့ အစွမ်းနဲ့ ယှဉ်နိုင်တာမျိုးများလား
ဖန့်ချန်က ဤသည်မှာ အလွန်အသုံးဝင်သော သတင်းအချက်အလက်တစ်ခု ဖြစ်သည်ဟု ယူဆလိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုစီနီယာအစ်မကြီးသည် တာအိုဂိုဏ်း၏ မြင့်မြတ်သော နတ်သားရဲ သုံးပါး အကြောင်းကို အတော်အတန် သိရှိထားပုံရပြီး ၎င်းတို့သည် အဆင့် ၉ မသေမျိုးများ မဟုတ်ကြောင်းကိုလည်း သူမက အတပ်ပြောနိုင်နေသည်။
သူမက ကမ္ဘာပေါ်မှာ ဘယ်သူတွေက အဆင့် ၉ မသေမျိုးတွေလဲဆိုတာ သိနေတာလား။
တစ်ခုခုတော့ မှားနေပြီ၊ နတ်သားရဲ သုံးပါးထဲက နေနတ်သားရဲ မုန့် ဆိုရင် ကောင်းကင်တာအို ရဲ့ ရာထူးကိုတောင် ပြိုင်ဆိုင်နိုင်တာလေ၊ သူတို့က အဆင့် ၉ တောင် မရှိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဖန့်ချန်၏ စိတ်က လှုပ်ရှားသွားပြီး ထိုစီနီယာအစ်မကြီး၏ နတ်သားရဲ သုံးပါးအပေါ် သိမြင်နားလည်မှုမှာ လွဲချော်နေခြင်းဖြစ်မည်ဟု သူ ကောက်ချက်ချလိုက်သည်။
“မင်းတို့အားလုံး တောက်ပသော နတ်ဘုရားမျက်လုံးကို စိတ်ဝင်စားနေကြပုံရတယ်၊ အဲဒါကြောင့် ငါ လောင်းကြေးတစ်ခု သတ်မှတ်ပေးမယ်။ မင်းတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် အနိုင်ရတဲ့သူကို ငါ ရှန်လုံလှေတစ်စင်း ဆုချမယ်”
စီနီယာအစ်မကြီးက ပြုံး၍ ဆိုသည်။
ရှန်လုံလှေ
မြေနဂါး စီးရီးရဲ့ တတိယအဆင့် မသေမျိုးသင်္ဘောပဲ
“စီနီယာအစ်မကြီးကို ကျေးဇူးတင်ပါတယ်”
ကြာနီနတ်မိမယ်က ချက်ချင်းပင် ကျေးဇူးတင်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဖန့်ချန် နိုင်သည်ဖြစ်စေ၊ ယွီဝူရှီး နိုင်သည်ဖြစ်စေ အတူတူပင် ဖြစ်သောကြောင့်တည်း။
ရှန်လုံလှေသည် ကိုးနယ်မြေ ရှာဖွေရေးအဖွဲ့ လက်ထဲသို့ ရောက်ရှိလာမည်မှာ အသေအချာပင်။
သူမတွင် ယခုအခါ နဂါးနက်လှေ ရှိနေပြီဖြစ်သဖြင့် မြေနဂါးစီးရီး လှေများကို သုံးရန် မလိုတော့သော်လည်း ဖန့်ချန်မှာမူ အဆင့် ၁ မသေမျိုး ဖြစ်လာကာစ ဖြစ်ရာ ရှန်လုံသင်္ဘောကို ရရှိပါက သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ များစွာ တိုးတက်လာပေလိမ့်မည်။
တိုက်ပွဲက စတင်တော့မည်။
ယွီဝူရှီးမှာ အနည်းငယ် တုန်လှုပ်နေမိသည်။
ရှန်လုံလှေကြောင့် မဟုတ်ဘဲ၊ ထိုတိုက်ပွဲကို ကြည့်ရှုနေသော သူများ၏ နောက်ခံအရှိန်အဝါမှာ အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
ကျွယ်မင်နန်းတော်၏ အမာခံတပည့် နှစ်ဦး။
ထို့ပြင် အဆင့် ၁၊ ၂၊ ၃ မသေမျိုးများနှင့် မသေမျိုးအရှင်သခင် အဆင့်များလည်း ပါဝင်နေသည်။
ထိုမသေမျိုးများသည် စီနီယာအစ်မကြီး၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး သူမ၏ အမိန့်ကို နာခံနေကြရသော်လည်း၊ အပြင်လောကတွင်မူ သူတို့သည် တစ်ဦးချင်းစီကပင် နယ်မြေတစ်ခု၏ အရှင်သခင်များ ဖြစ်ကြသည်။
အနိမ့်ဆုံးအားဖြင့်ပင် လင်းကွေ့ကြယ်တာရာရှိ ယန်ကွမ်တာအိုဂိုဏ်း၏ ဘိုးဘေးထက် များစွာ အစွမ်းထက်ကြသူများ ဖြစ်သည်။
“ခေါင်းဆောင်... ကျနော် စတော့မယ်နော်”
ယွီဝူရှီးက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖန့်ချန်ကို အလေးအနက် စိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိညာဉ်စွမ်းအား များမှာ တဟုန်ထိုး လှုပ်ခတ်လာတော့သည်။
ဖန့်ချန်မှာ အဆင့် ၁ မသေမျိုး ဖြစ်နေပြီဖြစ်ရာ ယွီဝူရှီးကလည်း မိမိ၏ အတတ်ပညာများကြောင့် ဖန့်ချန်ကို တကယ် ဒဏ်ရာရစေမည်ကို မစိုးရိမ်တော့ပေ။
ထို့ကြောင့် သူက စတင်တိုက်ခိုက်သည်နှင့် အစွမ်းကုန် ထုတ်သုံးလိုက်တော့သည်။
ခမ်းနားကြီးကျယ်လှသော ဝိညာဉ်စွမ်းအားများက သူ့ကို ဝန်းရံထားသည်။
ထိုစွမ်းအားပမာဏမှာ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ထိန်းချုပ်နိုင်စွမ်းရှိသည့် အကန့်အသတ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
“တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံမှုနဲ့ တက်လှမ်းခြင်းအဆင့် ရောက်မှ ထိန်းချုပ်နိုင်တဲ့ စွမ်းအားမျိုးကို ထုတ်သုံးနိုင်တယ်၊ တောက်ပသော နတ်ဘုရားမျက်လုံးက တကယ်ပဲ နာမည်နဲ့လိုက်အောင် စွမ်းတာပဲ”
တစ်စုံတစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဖန့်ချန်ဘက်တွင်မူ ယွီဝူရှီး၏ အစွမ်းအကန့်အသတ်ကို မြင်လိုက်ရချိန်၌ ဝတ်စုံကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ယွီဝူရှီး၏ စွမ်းအားထက် နှစ်ဆမျှ ပိုမိုသော ဝိညာဉ်စွမ်းအားများက လှိုင်းလုံးကြီးများအလား ပြေးဝင်သွားပြီး ယွီဝူရှီး ခုနက စုစည်းထားသော စွမ်းအားများကို ခဏချင်းမှာပင် ရိုက်ခွဲပစ်လိုက်တော့သည်။
“နှစ်ဆတောင်...”
ယွီဝူရှီးမှာ ကြောင်အမ်းသွားရသည်။
ကွာခြားချက်က ကြီးမားလွန်းလှသည် မဟုတ်ပါလား။
ထိုစဉ်မှာပင် စီနီယာအစ်မကြီးက ရုတ်တရက် နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောလိုက်သည်
“အခုထိ အစွမ်းကို ဖုံးကွယ်ထားတုန်းလား အောက်နယ်မြေ ခြောက်ခုက အကျင့်ဟောင်းတွေကို အထက်နယ်မြေ သုံးခုဆီ ယူမလာနဲ့၊ အထူးသဖြင့် ငါတို့ ကျွယ်မင်နန်းတော်မှာဆိုရင် မင်းမှာ ထူးကဲတဲ့ ပါရမီရှိကြောင်း ပြသနိုင်မှသာ ကျင့်ကြံရေးအရင်းအမြစ်တွေကို ပိုပြီး ရရှိနိုင်မှာ”
သူမက ခေတ္တရပ်ပြီးနောက်
“ဒီလိုလုပ်ကြစို့၊ ငါနဲ့ တိုက်မလား ငါ့ကျင့်ကြံမှုကို အဆင့် ၁ မသေမျိုးအထိ ဖိနှိပ်ထားပေးမယ်။ တကယ်လို့ မင်းရဲ့ စွမ်းဆောင်ရည်က တကယ်ကို ပြောင်မြောက်နေမယ်ဆိုရင် ရှန်လုံလှေ တင်မကဘူး၊ မြေနဂါးစီးရီးရဲ့ စတုတ္ထအဆင့် မသေမျိုးလှေရွှမ်လုံ ကိုပါ ငါ ပေးမယ်”
သူမက ဆက်ပြောသည်
“တကယ်လို့ မင်း ငါ့ကို နိုင်အောင် တိုက်နိုင်ရင် ငါ မင်းကို ပဉ္စမအဆင့်ဖြစ်တဲ့ ကျူးလုံ လှေကို ပေးရင်ရော ဘယ်လိုလဲ ”
လူတိုင်းမှာ ဖန့်ချန်၏ တောက်ပသော နတ်ဘုရားမျက်လုံး အစွမ်းက ယွီဝူရှီးထက် အဆပေါင်းများစွာ သာလွန်နေသည်ကို အံ့သြနေစဉ်မှာပင် စီနီယာအစ်မကြီး၏ စကားများကို ကြားလိုက်ရသဖြင့် မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရသည်။
သူတို့ ကိုယ့်နားကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။
ယွီဝူရှီး၏ လက်ရှိအစွမ်းမှာ သူတို့အားလုံး မြင်တွေ့နေရသည့်အတိုင်းပင်၊ အဆင့်တူ အပြင်စည်းကျင့်ကြံသူများထဲတွင် အလွန်ပင် ပြောင်မြောက်လှသည်။
အကယ်၍ သူသာ စစ်ဆေးပွဲတုန်းက ထိုအစွမ်းမျိုးရှိခဲ့လျှင် ငွေရောင်တံဆိပ်ပြား သို့မဟုတ် ရွှေရောင်တံဆိပ်ပြားပင် ရနိုင်သည်မှာ သံသယဖြစ်စရာ မလိုပေ။
သို့သော် ဖန့်ချန်က ထိုကိစ္စတွင် ယွီဝူရှီးကို အလွယ်တကူ အနိုင်ယူလိုက်ခြင်းက ထိုနေရာရှိ မသေမျိုးများကို အတော်လေး အံ့အားသင့်စေခဲ့သည်။
သို့သော်လည်း စီနီယာအစ်မကြီး၏ စကားများအရဆိုလျှင် ထိုလူသည် အခုထိပင် သူ၏ အစွမ်းအစစ်အမှန်ကို ဖုံးကွယ်ထားဆဲ ဖြစ်နေသည်လား
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အကယ်၍ ဤမျှအထိတောင် အစွမ်းကို ဖုံးကွယ်ထားနိုင်သည်ဆိုပါက ထိုလူငယ်သည်...
ဒီလူက ခရမ်းရောင်တံဆိပ်ပြား ရနိုင်တဲ့ အစွမ်းရှိတာလား
လူတိုင်း၏ ရင်ထဲတွင် အေးစက်သွားရသည်။
ခရမ်းရောင်တံဆိပ်ပြား ဆိုသည်မှာ အမာခံတပည့် ဖြစ်လာရန် ကျိန်းသေပေါက်နီးပါး သတ်မှတ်ခံထားရသူများ ဖြစ်သည်။
တကယ်ပဲ အဲဒီလို ဖြစ်နိုင်ခြေ ရှိလို့လား
“စီနီယာအစ်မကြီး... ဖန့်မိတ်ဆွေကို ခက်ခဲအောင် မလုပ်ပါနဲ့တော့ ဖန့်မိတ်ဆွေက ဘယ်လိုလုပ် စီနီယာအစ်မကြီးရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ”
ကြာနီနတ်မိမယ်က ဖန့်ချန် အကျပ်ရိုက်မည်ကို စိုးရိမ်သဖြင့် ကြားဝင်ပြောလိုက်သည်။
“ကြာနီညီမလေး... ဒီကိစ္စမှာ နင် ဝင်မပါနဲ့၊ ငါ သူ့ကိုပဲ မေးနေတာ”
စီနီယာအစ်မကြီးက လက်ကာပြလိုက်ပြီး ဖန့်ချန်ကို စူးစူးစိုက်စိုက် ကြည့်ကာ
“ဘယ်လိုလဲ ကျူးလုံလှေ တစ်စင်းရဲ့ တန်ဖိုးက ဖြတ်လို့မရဘူးနော်၊ အဆင့် ၅ နတ်ဆေးပင် ဒါမှမဟုတ် အဆင့် ၆ နတ်ဆေးပင်တွေတောင် အဲဒီလောက် တန်ဖိုးမရှိဘူး။ မင်း ငါ့ကို အနိုင်တိုက်နိုင်ရင် အဲဒါကို ရမယ်”
သူမက လက်ကို အသာအယာ မြှောက်လိုက်ရာ သူမ၏ လက်ဖဝါးပေါ်တွင် သေးငယ်လှသော မသေမျိုးလှေတစ်စင်း ပေါ်ထွက်လာသည်။
ထိုလှေလေးသည် ယခုအချိန်တွင် သူ၏ အစွမ်းများကို ထုတ်မပြသေးသော်လည်း၊ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာရှိ ကျင့်ကြံသူအားလုံးမှာ ကြီးမားလှသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး တောင်ကြီးတစ်လုံးက ရင်ဘတ်ပေါ်သို့ ဖိချထားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်လည်း...
သူတို့၏ မျက်ဝန်းထဲတွင် လှောင်ပြုံးသဲ့သဲ့လေးတစ်ခု ပေါ်လာသည်။
အဆင့် ၁ မသေမျိုး ဖြစ်ကာစ လူငယ်တစ်ယောက်က ထိုကဲ့သို့ စိန်ခေါ်မှုကို ဘယ်လိုလုပ် လက်ခံရဲမှာလဲ
နှစ်ဦးကြားမှာ ဂုဏ်ဒြပ်နှင့် အဆင့်အတန်း ကွာခြားချက်က ကြီးမားလွန်းလှသည်။
ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ဘယ်လိုမှ မကောင်းနိုင်ပေ။
သာ၍ အရေးကြီးသည်မှာ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိခြင်းပင်။
ထိုစီနီယာအစ်မကြီးသည် ကျွယ်မင်နန်းတော်၏ အမာခံတပည့်များထဲတွင် ထိပ်ဆုံးက ဖြစ်နေရခြင်းမှာ သူမ၏ အစွမ်းနှင့် ကျင့်ကြံမှုသည်လည်း အဆင့်တူများထဲတွင် အထွတ်အထိပ် ဖြစ်နေသောကြောင့်တည်း။
သူမတွင် ရှုံးနိမ့်မှုဟူသည့် မှတ်တမ်းမျိုး ရှိခဲ့ဖူးသည်ဟုပင် သူတို့ မကြားဖူးကြပါ။
မည်မျှပင် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရပါစေ၊ နောက်ဆုံး အနိုင်ရရှိသူမှာ သူမသာ အမြဲ ဖြစ်ခဲ့သည်။
ယနေ့တိုင် တစ်ခါမှ မရှုံးဖူးသေးသူ
လင်းယွမ်နှင့် ယွီဝူရှီးတို့သည် ဖန့်ချန်ကို မျက်စိမှိတ်ပြကာ ငြင်းပယ်ရန် အချက်ပြနေကြသည်။
သူတို့မှာ အသံပို့စနစ် ကို မသုံးရဲကြပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကျင့်ကြံမှုက နိမ့်လွန်းလှသဖြင့် စီနီယာအစ်မကြီးက ကြားသွားနိုင်သောကြောင့် ဖြစ်သည်။
လူတိုင်းက ဖန့်ချန်က ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိမ့်မည်ဟု ထင်နေကြစဉ်မှာပင် ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး
“ဒီမျိုးဆက်သစ်က သတ္တိမွေးပြီး တစ်ချက်လောက် စမ်းသပ်ကြည့်ပါရစေ ”
သူသည် ထို ကျူးလုံ လှေကို အလွန်စိတ်ဝင်စားသွားသည်။
ထို့ပြင် သူသည် ကျင့်ကြံမှုကို ဖိနှိပ်ထားသော စီနီယာအစ်မကြီး၏ အစွမ်းမှာ မည်သည့်အဆင့်တွင် ရှိနေသည်ကိုလည်း ကြည့်ချင်မိသည်။
ဒီတစ်ကြိမ် တိုက်ပွဲတွင် သူသည် ဖန့်ထျန်းဇွန် တို့၏ စွမ်းအားကို ငှားသုံးရန် မရည်ရွယ်ပေ။
သူသည် ကျွယ်မင်နန်းတော်၏ စံနှုန်းကို အသုံးပြုကာ မိမိကိုယ်ကိုယ် တိုင်းတာကြည့်ရန်သာ ရည်ရွယ်တော့သည်။
အခန်း (၁၄၂၄) - သွေးပူလေ့ကျင့်ခန်း
လူတိုင်းမှာ ခဏမျှ ကြောင်အမ်းသွားပြီးမှသာ စိတ်ကို ပြန်စုစည်းနိုင်ကြတော့သည်။
ထိုကောင်လေးက တကယ်ပဲ လက်ခံလိုက်တာလား
ကြာနီနတ်မိမယ်ပင်လျှင် အံ့ဩသွားရသည်။
သို့သော် ဖန့်ချန်က လက်ခံလိုက်ပြီဖြစ်သဖြင့် သူမအနေဖြင့် ဘာမှထပ်ပြောရန် မသင့်တော်တော့ပေ။
“စီနီယာအစ်မကြီး... အလျှော့ပေးပါဦးနော်၊ သိပ်ပြီးတော့ အပြင်းအထန် မလုပ်ပါနဲ့ဦး”
ကြာနီနတ်မိမယ်က အသံပို့စနစ် ဖြင့် လှမ်းပြောလိုက်သည်။
ထိုနေရာရှိ ကျင့်ကြံသူအများစု၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာကြသည်။
သိသာသည်မှာ သူမ၏ အသံပို့စနစ်ကို ထိုနေရာရှိ မသေမျိုးအများစုက ကြားနေရခြင်းပင်။
“စိတ်ချပါ၊ သူက လက်ခံရဲတယ်ဆိုကတည်းက ငါက သူ့ကို အထင်ကြီးပြီးသားပါ။ တမင်တကာ အရှက်ရအောင်တော့ မလုပ်ပါဘူး။ ဒါပေမဲ့ နင်က သူ့ကို နင့်အဖွဲ့ဝင်အဖြစ် ထားချင်တယ်ဆိုမှတော့ ငါ့အနေနဲ့ သူ့ရဲ့ အစွမ်းကို တိုင်းတာကြည့်ရမှာပဲ။ တကယ်လို့ သူကပဲ အမြဲတမ်း အစွမ်းကို ဖုံးကွယ်နေမယ်ဆိုရင်တော့ သူ့ကို နင့်ဘေးမှာ ဆက်ထားဖို့ မလိုတော့ဘူး”
စီနီယာအစ်မကြီးက ပြုံးလျက် ဆိုသည်။
နဂါးနက်လှေကြီးရဲ့ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးသွားပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်ကြီးအတွင်း ငြိမ်သက်သွားတော့သည်။
“ကြီးစေ”
စီနီယာအစ်မကြီးက ခပ်တိုးတိုး အမိန့်ပေးလိုက်ရာ လူတိုင်းသည် မိမိတို့နှင့် စီနီယာအစ်မကြီး၊ ဖန့်ချန်တို့ကြား အကွာအဝေး ပိုဝေးကွာသွားသည်ကို သတိပြုမိလိုက်ကြသည်။
သူတို့ ဝေးသွားခြင်း မဟုတ်ဘဲ နဂါးနက်လှေကြီးက တဖြည်းဖြည်း ကြီးမားလာခြင်းဖြစ်ပြီး နောက်ဆုံးတွင် ပေတစ်သောင်းကျော် မျှအထိ ရှည်လျားသွားတော့သည်။
အကယ်၍ သူတို့၏ မျက်စိအမြင်သာ မကောင်းပါက ဖန့်ချန်နှင့် စီနီယာအစ်မကြီးကို မြင်နိုင်တော့မည် မဟုတ်ပေ။
“ဒီ အကျယ်အဝန်းရှိတဲ့ ကွင်းပြင်ဆိုရင် အဆင့် ၁ မသေမျိုးတစ်ယောက် စွမ်းရည်ပြဖို့ လောက်ပါပြီ။ တကယ်လို့ မင်းက မလောက်ဘူး ထင်ရင် ထပ်ချဲ့ပေးလို့ရသေးတယ်”
စီနီယာအစ်မကြီးက ပြုံး၍ ပြောသည်
“ဒါ့အပြင် မင်းမှာရှိတဲ့ နည်းလမ်းမှန်သမျှ အကုန်ထုတ်သုံးနိုင်တယ်၊ နဂါးနက်လှေက ဘာမှ ပျက်စီးသွားမှာ မဟုတ်ဘူးဆိုတာ စိတ်ချလို့ရတယ်”
“ကျနော် အစွမ်းကုန် ကြိုးစားပါ့မယ်”
ဖန့်ချန်က စီနီယာအစ်မကြီးကို ကြည့်ကာ မျက်နှာတွင် တည်ကြည်လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။
ဓားငယ်လေး ကို ထုတ်ပြ၍ မဖြစ်သေးသလို၊ ရိပ်ခြေဗုဒ္ဓအတတ် ကိုလည်း မသုံးနိုင်ပေ၊ အရေခွံဆုပ်ခွာအတတ် ကလည်း ထိုနေရာနှင့် မသင့်တော်ပေ။
အစွမ်းကုန်ဟု ဆိုသော်လည်း ထိုနည်းလမ်းများကို ဖယ်ထုတ်လိုက်လျှင် ဖန့်ချန်အနေဖြင့် အစွမ်းအချို့ကို ချန်လှပ်ထားဆဲပင် ဖြစ်သည်။
စီနီယာအစ်မကြီး၏ ကိုယ်ပေါ်ရှိ အရှိန်အဝါမှာ တဖြည်းဖြည်း ကျဆင်းသွားပြီး နောက်ဆုံး အဆင့် ၁ မသေမျိုးအထိ ဖိနှိပ်ခြင်း ခံလိုက်ရသောအခါ သူမက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်
“ငါလည်း အစွမ်းကုန် လုပ်မှာပါ”
အဝေးတစ်နေရာမှ ကြာနီနတ်မိမယ်နှင့် အခြားသူများမှာ မည်သည့်အသေးစိတ် အချက်အလက်ကိုမျှ လွတ်မသွားစေရန် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လူနှစ်ဦးစလုံးမှာ လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြသည်။
တကယ် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ဖန့်ချန်က အလွန်မြန်သော အရှိန်ဖြင့် စတင်လှုပ်ရှားလိုက်သဖြင့် ပုံရိပ်ယောင်အလား ဖြစ်သွားခြင်းပင်။
သို့သော် စီနီယာအစ်မကြီးတွင်လည်း အလားတူ နည်းလမ်းမျိုး ရှိပုံရသည်။
သူမ၏ အရှိန်မှာလည်း သာမန် အဆင့် ၁ မသေမျိုးများထက် များစွာ သာလွန်နေသည်။
နှစ်ဦးစလုံးက အလွန်မြန်သော အရှိန်ဖြင့် လှုပ်ရှားနေကြသဖြင့် ဘေးက ကြည့်နေသူများ မြင်ရန် ခက်ခဲသော်လည်း၊ သူတို့အချင်းချင်းကမူ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
ငါ့မှာ ကိုယ်ပွား လေးခု ရှိတယ်၊ ပြီးတော့ ဓားခန္ဓာကိုယ်ရဲ့ ခိုင်မာမှု၊ အဆင့် ၁ ဓားမသေမျိုး ရဲ့ ကျင့်ကြံမှုတွေ ပေါင်းစပ်ထားလို့သာ ငါ့ရဲ့ ရုပ်ခန္ဓာက ဒီလိုအရှိန်မျိုးကို ခံနိုင်ရည်ရှိတာ။
သူမရဲ့ အရှိန်ကလည်း ငါနဲ့ တန်းတူ ဖြစ်နေတာလား
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးများ လှုပ်ရှားနေသည်။
သူ၏ လက်ရှိအရှိန်မှာ မသေမျိုးစွမ်းအား ကို အသုံးမပြုဘဲ သန့်စင်သော ရုပ်ခန္ဓာစွမ်းအားဖြင့်သာ လှုပ်ရှားနေခြင်း ဖြစ်သည်။
မဟုတ်ပါက မသေမျိုးစွမ်းအား၏ လမ်းကြောင်းကို ခြေရာခံနိုင်သဖြင့် ယခုကဲ့သို့ ကိုယ်ပျောက်နေသကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ရရှိမည် မဟုတ်ပေ။
စီနီယာအစ်မကြီး၏ မျက်ဝန်းများက ဖန့်ချန်ကို စူးစိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းအနက်ပိုင်းတွင် အံ့ဩတုန်လှုပ်မှု အချို့ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
သူမက ထိုကဲ့သို့သော အရှိန်မျိုးကို ပိုင်ဆိုင်ထားခြင်းမှာ မိစ္ဆာမျိုးနွယ် ၏ ရုပ်ခန္ဓာကျင့်စဉ်တစ်ခုကို အထူးတလည် ကျင့်ကြံထားခြင်းကြောင့် ဖြစ်သည်။
ထိုကျင့်စဉ်မှာ အဆင့်မြင့်လာပါက ရုပ်ခန္ဓာသက်သက်ဖြင့်ပင် ရှေးဟောင်းမသေမျိုး များကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
နှစ်ဦးသားမှာ တစ်ဦးကိုတစ်ဦး ထပ်မံစမ်းသပ်မနေတော့ဘဲ အလွန်မြန်သော အရှိန်အဟုန်အတွင်း၌ပင် အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။
ဤသည်မှာ မသေမျိုးစွမ်းအား ကို အသုံးမပြုဘဲ ရုပ်ခန္ဓာချင်း တိုက်ခိုက်ခြင်းပင်။
ဖန့်ချန်က အဆင့် ၁ မသေမျိုးများထဲတွင် မိမိ၏ အစွမ်းအကန့်အသတ်မှာ မည်မျှရှိသည်ကို တိုင်းတာလိုခြင်း ဖြစ်သည်။
စီနီယာအစ်မကြီးကလည်း ဖန့်ချန်၏ အစွမ်းကို မြင်လိုသဖြင့် အတော်လေး ပူးပေါင်းဆောင်ရွက်ပေးနေသည်။
ဟင်းလင်းပြင်ထဲတွင် မိုးခြိမ်းသံများကဲ့သို့ အဆက်မပြတ် မြည်ဟည်းနေတော့သည်။
တိုက်ခိုက်မှုတိုင်းသည် ပေါက်ကွဲသံကြီးများအလား ထွက်ပေါ်နေသည်။
ထိုနေရာရှိသူများထဲမှ အဆင့် ၂ နှင့် အထက် မသေမျိုးများသာလျှင် ထိုသူနှစ်ဦး၏ လှုပ်ရှားမှုလမ်းကြောင်းကို သာမန်မျက်စိဖြင့် မနည်းလိုက်ကြည့်နိုင်သည်။
အဆင့် ၁ မသေမျိုးများ နှင့် လင်းယွမ်တို့မှာမူ ဖန့်ချန်နှင့် စီနီယာအစ်မကြီးတို့ အပြန်အလှန် ထိတွေ့တိုက်ခိုက်မိသည့် ခဏချင်းအတွင်း၌သာ သူတို့၏ ပုံရိပ်များကို တွေ့လိုက်၊ ပျောက်သွားလိုက် ဖြစ်နေရသည်။
အချိန်တိုလေးအတွင်းမှာပင် မိုးခြိမ်းသံများမှာ အကြိမ်ပေါင်း ထောင်နှင့်ချီ၍ မြည်ဟီးသွားခဲ့ပြီ။
ထိုမျှအထိ မြင်တွေ့လိုက်ရသောအခါ ထိုနေရာရှိ မသေမျိုးများနှင့် မသေမျိုးအရှင်များမှာ အံ့အားသင့်သွားကြပြီး မျက်ဝန်းများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
“ကြာနီအမာခံ... မင်းရဲ့ ဒီအဖွဲ့ဝင်က... တကယ်ပဲ အမာခံတပည့် ဖြစ်နိုင်တဲ့ အရည်အချင်း ရှိတာပဲ”
ရုပ်ရည်သာမန်ရှိသော လူငယ်တစ်ဦးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
သူ စကားပြောလိုက်သည်နှင့် လူတိုင်း၏ မျက်ဝန်းထဲမှ အံ့ဩမှုများမှာ ပိုမိုနက်ရှိုင်းသွားပြီး အချို့မှာ အားကျခြင်း၊ မနာလိုခြင်းများပင် ပါဝင်နေသည်။
လင်းယွမ်တို့ သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရင်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
အခုလေးတင် စကားပြောလိုက်သူမှာ စီနီယာအစ်မကြီး၏ အဖွဲ့ထဲတွင် စီနီယာအစ်မကြီးပြီးလျှင် အသန်မာဆုံးဖြစ်သော၊ ဝါရင့် အဆင့် ၆ မသေမျိုး တစ်ဦး ဖြစ်သည်။
အထက်နယ်မြေ သုံးခုတွင် သူ့ကို တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် ဟု လူသိများကြသည်။
ထိုဘွဲ့မှာ သူသည် ထူးခြားသော တိုက်ပွဲပေါင်း တစ်ရာကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် အများက ပေးအပ်ထားခြင်း ဖြစ်သည်။
သူ့ကို ရှုံးနိမ့်ခဲ့ရသော မသေမျိုးအရှင်သခင်များမှာ အပြင်စည်းကျင့်ကြံသူများထဲတွင် ဝါရင့်သူများဖြစ်ကြသလို နာမည်ကျော် နယ်မြေအရှင်သခင်များလည်း ဖြစ်ကြသည်။
လင်းယွမ်တို့မှာ အသစ်တက်လာသော အမာခံတပည့် အချို့ပင်လျှင် တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် ရှေ့တွင် အမာခံတပည့်ဟန် မပြရဲကြသည်ကို မြင်တွေ့ခဲ့ဖူးသည်။
အကယ်၍ မသေမျိုးလှေအစီရင်ကို အသုံးမပြုနိုင်ပါက ထိုအမာခံတပည့်များ၏ လှေများမှာလည်း ထိုကဲ့သို့သော အဆင့် ၆ မသေမျိုးအရှင်သခင်ကို အနိုင်ရရန် မသေချာပေ။
“တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင်တောင် ခေါင်းဆောင်က အမာခံတပည့် အရည်အချင်း ရှိတယ်လို့ ပြောနေပြီဟ”
လင်းယွမ်က မနေနိုင်ဘဲ အသံပို့စနစ်ဖြင့် ပြောလိုက်သည်။
မုံ့ချင်းလင်နှင့် ယွီဝူရှီးတို့မှာ ဘာမှမပြောဘဲ တိုက်ပွဲကိုသာ စိုက်ကြည့်နေကြသည်။
ဖန့်ချန် အခု ရှုံးသွားလျှင်တောင် တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် ရဲ့ ချီးကျူးမှု တစ်ခွန်းဖြင့်တင် ကိုးနယ်မြေ ရှာဖွေရေးအဖွဲ့အတွက် ထိုက်တန်သော ဂုဏ်ဒြပ်ကို ရရှိစေရန် လုံလောက်နေပြီ ဖြစ်သည်။
“တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင်... ဆိုလိုတာက ဒီကောင်လေးက အမာခံတပည့် ဖြစ်နိုင်တယ်လို့ ပြောတာလား ”
မသေမျိုးအရှင်သခင် အချို့က တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် ကို လှမ်းကြည့်လိုက်ကြသည်။
တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် က အသာအယာ ခေါင်းခါပြသည်။
“ငါ အဲဒီလို မပြောပါဘူး”
“ဒါဆို ဘာလို့...”
လူတိုင်းမှာ ကြောင်သွားကြသည်။
တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် က အေးဆေးစွာ ပြုံးလိုက်သည်။
“အမာခံတပည့် အရည်အချင်း ရှိတယ်ဆိုတာက တစ်ယောက်ချင်း တိုက်ခိုက်တဲ့နေရာမှာ အမာခံတပည့်တွေထက် မနိမ့်ကျဘူးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ အမာခံတပည့် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ အစီရင်ဗဟိုချက် နဲ့ ပဋိညာဉ်ပြုနိုင်မပြုနိုင်ဆိုတဲ့ အချက်ပေါ်မှာပဲ မူတည်တယ်၊ အဲဒါကမှ တကယ့် အဓိကပဲ”
သူက ခေတ္တရပ်ပြီး
“ဒီကောင်လေးက ငါ့ကို လူတစ်ယောက်နဲ့ သွားသတိရစေတယ်...”
လူတိုင်း၏ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားသည်။
အဆင့် ၁၊ ၂၊ ၃ မသေမျိုးအချို့က နားမလည်ကြသော်လည်း ကျန်သော မသေမျိုးအရှင်သခင်များမှာမူ တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် ရဲ့ စကားကို နားလည်သွားပုံရသည်။
“အရင်က တစ်ယောက်ကလည်း... တကယ်ပဲ အမာခံတပည့် အရည်အချင်း ရှိခဲ့တာပဲ။ နှမြောစရာကောင်းတာက အစီရင်ဗဟိုချက် နဲ့ ပဋိညာဉ်မပြုနိုင်ခဲ့လို့ အမာခံတပည့် ဖြစ်မလာခဲ့တာ”
“အဲဒီလိုသာ မဟုတ်ခဲ့ရင်... သူလည်း ဒီလို အခြေအနေမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူး... နှမြောစရာပဲ”
မသေမျိုးအရှင်သခင် အချို့၏ မျက်ဝန်းထဲတွင် လွမ်းဆွတ်တမ်းတမှုများ ပေါ်လာသည်။
ကြာနီနတ်မိမယ်က စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
“အဲဒါ ဘယ်သူ့အကြောင်း ပြောနေကြတာလဲဟင်”
“သူကလည်း အောက်နယ်မြေ ခြောက်ခုက လာတဲ့ ကျင့်ကြံသူတစ်ယောက်ပါပဲ။ ကြာနီအမာခံလိုပဲ အထက်နယ်မြေ သုံးခုကို ရောက်လာတုန်းက လင်းကွေ့ကြယ်တာရာကိုပဲ အရင်ရောက်ခဲ့တာ။ အဲဒီကနေတစ်ဆင့် အပြင်စည်းကျင့်ကြံသူ စစ်ဆေးပွဲကို ဝင်ခွင့်ရခဲ့ပြီး နောက်ဆုံးမှာ ခရမ်းရောင်တံဆိပ်ပြား ရလဒ်နဲ့ ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာခဲ့တာ”
တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် က ရှင်းပြသည်။
ကြာနီနတ်မိမယ်တို့ တစ်သိုက်မှာ နာမည်တစ်ခုကို ချက်ချင်း သတိရလိုက်ကြသည်။
အရင်က လင်းတုန်း လည်း ထိုလူအကြောင်းကို ပြောပြခဲ့ဖူးသည်။
“စီနီယာ ဝမ်ချုံစန်း လား ”
ကြာနီနတ်မိမယ်က ပြုံး၍ မေးလိုက်သည်။
တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် က အသာအယာ ခေါင်းညိတ်ပြသည်
“သူပဲပေါ့၊ အဲဒီတုန်းက သူ့ရဲ့ ပါရမီကလည်း လောကမှာ ရှားမှရှားပဲ”
လင်းယွမ်တို့မှာ အံ့ဩသွားကြသည်။
တိုက်ပွဲတစ်ရာ မသေမျိုးအရှင်သခင် က သူတို့ရဲ့ ခေါင်းဆောင်ကို ဝမ်ချုံစန်း နဲ့ နှိုင်းယှဉ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုစဉ်မှာပင် ဖန့်ချန်နှင့် စီနီယာအစ်မကြီးတို့၏ ပုံရိပ်များမှာ တစ်ပြိုင်နက်တည်း ပေါ်လာသည်။
နှစ်ဦးစလုံး၏ ကိုယ်ပတ်ပတ် လည်တွင် သွေးစွမ်းအား များက လှိုင်းလုံးကြီးများအလား ထွက်ပေါ်နေပြီး နီရဲသော မြူခိုးများကဲ့သို့ ဖုံးလွှမ်းနေသည်။
သူတို့၏ ခန္ဓာကိုယ်များမှ ချော်ရည်များကဲ့သို့ ပြင်းထန်လှသော အပူရှိန်များ အဆက်မပြတ် ထွက်ပေါ်နေသည်။
“စွမ်းဆောင်ရည်က မဆိုးပါဘူး၊ ဒါပေမဲ့ ဒီလောက်တင်ဆိုရင်တော့ မသေမျိုးလှေကို မရနိုင်သေးဘူးနော်”
စီနီယာအစ်မကြီးက အေးဆေးစွာ ပြုံးလျက် ပြောသည်။
“အခုနကတော့ မင်းနဲ့အတူ သွေးပူလေ့ကျင့်ခန်း လုပ်ပေးရုံပဲရှိသေးတယ်။ တခြားနည်းလမ်းတွေ ရှိသေးရင်လည်း ထုတ်သုံးလိုက်တော့၊ ထပ်ပြီး ဖုံးကွယ်ထားဦးမယ်ဆိုရင်တော့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”