အခန်း (၁၄၂၉-၁၄၃၀)
Vol. 143 Ch. 1429-1430
အခန်း (၁၄၂၉) - ဝိညာဉ်တွေ ဘယ်ရောက်ကုန်တာလဲ
ဖြူလွလွ မြူနှင်းများ ဖုံးလွှမ်းနေသည့် ကြားတွင် ဖန့်ချန်နှင့် ဟွမ်ဝူကျိတို့ ရှေ့မှောက်ရှိ လမ်းကလေးမှာ နှစ်ပေါင်းများစွာကြာအောင် လူသူအရောက်အပေါက် မရှိခဲ့သည့်အတိုင်းပင်။
ပေါင်းပင်များမှာလည်း ထူထပ်စွာ ပေါက်ရောက်နေကြသည်။
“သခင်လေး... ဒီမရဏလမ်းက တကယ်ကို နှစ်ပေါင်းများစွာကြာအောင် ပစ်ပယ်ခံထားရတာပဲ၊ ဒီပေါင်းပင်တွေထဲမှာတောင် ယင်စွမ်းအားတွေက တော်တော်လေး သိပ်သည်းနေတယ်”
ဟွမ်ဝူကျိက အနည်းငယ် မချိတင်ကဲ ရေရွတ်လိုက်သည်။
“ဒီနေရာနဲ့ ချိတ်ဆက်နေတဲ့ ယင်မြို့တော်က ဖူထူလောက မှာလား၊ ဒါမှမဟုတ် ယင်လောကငယ် မှာလားဆိုတာ မသိရသေးဘူး”
ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းမှ ယင်စွမ်းအားများမှာ အသာအယာ ပျံ့လွင့်ထွက်ပေါ်လာပြီး၊ အမြင်အာရုံမရှိသော လက်တစ်ဖက်အလား လမ်းပေါ်ရှိ ပေါင်းပင်များကို ဖယ်ရှားပေးလိုက်သည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် မရဏလမ်း၏ အဆုံးသတ်သို့ ရောက်ရှိသွားကြသည်။
ထိုနေရာမှာ ဝမ်ချွမ်းမြစ် တစ်စိပ်တစ်ပိုင်းဖြစ်ပြီး အခြားသော နယ်မြေများနှင့် နှိုင်းယှဉ်လျှင် ပို၍ပင် ဆိတ်သုဉ်းကာ တိတ်ဆိတ်လွန်းလှသည်။
ဖန့်ချန်၏ မျက်ဝန်းအစုံသည် ထပ်ဆင့်နေသော ဟင်းလင်းပြင်များကို ဖောက်ထွက်ကြည့်ရှုလိုက်ရာ၊ ထိုဝမ်ချွမ်းမြစ်၏ အောက်ခြေတွင် ရေတွက်၍မရနိုင်သော ဝိညာဉ်ရိပ်များကို မြင်တွေ့လိုက်ရသည်။
“ဒီလေလွင့်ဝိညာဉ်တွေက...”
ဖန့်ချန်၏ အမူအရာမှာ တစ်ချက် လှုပ်ရှားသွားသည်။
ထိုနေရာသည် ဝမ်ချုံစန်းက အစီရင်ဗဟိုချက်ကို သုံးပြီး တားမြစ်ချက်ကို ဖျက်ဆီးလိုက်ကာမှ ပွင့်လာခြင်းဖြစ်သည်။
ထိုမတိုင်မီက ဤနေရာရှိ လေလွင့်ဝိညာဉ်များသည် မရဏလမ်းကို ဖွင့်နိုင်စွမ်း မရှိသလို၊ ဝမ်ချွမ်းမြစ်ထဲတွင်လည်း နစ်မြုပ်နေစရာ အကြောင်းမရှိပေ။
ဒါဆို သူတို့က...
လူတွေပဲ
အထက်နယ်မြေ သုံးခု ပိတ်ဆို့မခံရမီကတည်းက သေဆုံးခဲ့သော်လည်း ယင်လောကသို့ မရောက်ရှိနိုင်ဘဲ ဝမ်ချွမ်းမြစ်ထဲတွင် နစ်မြုပ်နေခဲ့ရသူများပင်
“သခင်လေးက ဘာလို့ ပြုံးနေတာလဲ”
ဟွမ်ဝူကျိမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဖန့်ချန်က ယခုကဲ့သို့ အလွန်အမင်း ပျော်ရွှင်စရာတစ်ခုနှင့် ကြုံတွေ့ရသကဲ့သို့ ပြုံးနေသည်ကို သူ မြင်တွေ့ရခဲလှသည်။
“ဒီလေလွင့်ဝိညာဉ်တွေကို မြင်လား သူတို့က မျိုးစေ့တွေပဲ”
ဖန့်ချန်က ဝမ်ချွမ်းမြစ်ကို ညွှန်ပြလိုက်သည်။
ထို့နောက် ဟွမ်ဝူကျိ၏ သံသယကို ရှင်းပြရန် မစောင့်တော့ဘဲ ဖန့်ချန်သည် မြစ်ဆီသို့ လျှောက်လှမ်းသွားသည်။
ကျူးလုံ ကို ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်း ချဉ်းကပ်လာပြီး၊ သူ မြစ်ရေကို နင်းမိလိုက်သည့် ခဏမှာပင် နဂါးကြီးက ဦးခေါင်းဖြင့် ဖန့်ချန်ကို ပင့်တင်ပေးလိုက်သည်။
ဟွမ်ဝူကျိသည် ကျူးလုံကို တစ်ကြိမ်နှစ်ကြိမ်မျှသာ မြင်ဖူးသော်လည်း၊ ယခုတစ်ခေါက် ထပ်မံမြင်တွေ့ရသည့်အခါ နဂါးကြီးဆီမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် တုန်လှုပ်သွားရသည်။
အကယ်၍ သူသာ ထိုနဂါးနှင့် ရင်ဆိုင်ရလျှင် အနိုင်ရရန် အခွင့်အရေးမှာ သုံးပုံတစ်ပုံပင် မသေချာကြောင်း သူ ဝေဝေဝါးဝါး ခံစားလိုက်ရသည်။
“နိုးထကြဖို့ အချိန်တန်ပြီ”
ဖန့်ချန်က မြစ်ရေပြင်ကို ငုံ့ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
မြစ်ရေပြင်မှာ ချက်ချင်းပင် ဆူပွက်လာပြီး မျက်လုံးအစုံပေါင်းများစွာ ပွင့်လာကြရာ၊ အားလုံးမှာ ဝေခွဲမရသည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။
ထို့နောက်တွင်မူ ဝမ်ချွမ်းမြစ်အောက်ခြေမှ ရေတွက်၍မရနိုင်သော လေလွင့်ဝိညာဉ်များမှာ ရေပြင်ပေါ်သို့ ပေါ်ထွက်လာကြတော့သည်။
“ငါ့ကို လာခေါ်တဲ့သူ ရှိပြီလား ”
“ဒါ ဘယ်နှစ်နှစ်တောင် ကြာသွားပြီလဲ”
“နောက်ဆုံးတော့ ဝင်စားခွင့်ရတော့မယ်၊ ငါကတော့ ကျောက်ခဲတစ်လုံး ဖြစ်သွားပြီလို့ ထင်နေတာ”
“ဟီး... ဟီး...”
အချို့မှာ အံ့ဩဝမ်းသာစွာ အော်ဟစ်ကြသလို၊ အချို့မှာလည်း အားရပါးရ ရယ်မောကြသည်၊ အချို့မှာမူ ဝမ်းနည်းပက်လက် ငိုကြွေးနေကြသည်။
အခြေအနေကို နားမလည်သူတစ်ဦးသာ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် တစ္ဆေများ အော်ဟစ်ငိုညည်းနေကြသည့် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဟုသာ ထင်မှတ်ပေလိမ့်မည်။
“သခင်လေး... ဒါက ဘာလုပ်တာလဲ”
ဟွမ်ဝူကျိ နားမလည်နိုင် ဖြစ်နေရသည်။
ဘာကြောင့် ဖန့်ချန်က ထိုနေရာတွင် နစ်မြုပ်နေသည့် လေလွင့်ဝိညာဉ်များကို အထူးတလည် ဂရုစိုက်ပြီး ခေါ်ဆောင်သွားချင်ရသနည်း။
အကယ်၍ သူတို့ ဝမ်ချွမ်းမြစ်ထဲတွင် ဒုက္ခရောက်နေသည်ကို မကြည့်ရက်၍ဆိုလျှင်ပင်၊ အခြားသော မြစ်အပိုင်းများတွင် နစ်မြုပ်နေသည့် ဝိညာဉ်များကိုရော မည်သို့လုပ်မည်နည်း။
ထိုဝိညာဉ်အုပ်စု၏ အရေအတွက်မှာ ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလှသည် မဟုတ်ပါလား
“ငါနဲ့ သူတို့နဲ့က ရေစက်ရှိလို့ပါ၊ ဒီတစ်ခေါက်တော့ သူတို့အားလုံးကို ငါနဲ့အတူ ခေါ်သွားမယ်”
ဖန့်ချန်က ပြုံးလျက်
“မင်းလည်း အပေါ်တက်လာခဲ့”
ဟွမ်ဝူကျိသည်လည်း ချက်ချင်းပင် ဖန့်ချန်၏ ဘေးနားသို့ ပျံတက်လာခဲ့သည်။
ကျူးလုံမှာမူ သူ့ကို သိပ်မကျေနပ်သကဲ့သို့ ဦးခေါင်းကို တစ်ချက်ခါလိုက်သော်လည်း၊ ဖန့်ချန်၏ နှစ်သိမ့်မှုကို ရရှိမှသာ ငြိမ်သက်သွားတော့သည်။
ထို့နောက် ဖန့်ချန်က ကျူးလုံအား အနီးအနားရှိ လေလွင့်ဝိညာဉ်များကို ကျောပေါ်သို့ တင်ခိုင်းလိုက်သည်။
နဂါးကြီးကို အသုံးပြု၍ သယ်ဆောင်ခြင်းက ဝိညာဉ်များကို ခေါ်ဆောင်ရာတွင် ကုန်ကျမည့် ယင်သက်တမ်း အမြောက်အမြားကို သက်သာစေမည်ဖြစ်သည်။
ကျူးလုံ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြီးထွားလာပြီး၊ ထိုနေရာရှိ ဝိညာဉ်အားလုံးကို တင်ဆောင်နိုင်လောက်သည်အထိ ကြီးမားလာခဲ့သည်။
ဖန့်ချန် သေသေချာချာ မရေတွက်သော်လည်း အကြမ်းဖျင်း ခန့်မှန်းကြည့်လျှင် ထိုဝိညာဉ်များ၏ အရေအတွက်မှာ အနည်းဆုံး သန်းပေါင်းများစွာ ရှိနေသည်။
ထိုကိန်းဂဏန်းမှာ ကြောက်စရာကောင်းသော်လည်း၊ လူသားလောက နယ်မြေကိုးခုလုံးနှင့် နှိုင်းယှဉ်လျှင်မူ သမုဒ္ဒရာထဲက ရေတစ်ပေါက်မျှသာ ရှိပါသေးသည်။
ထိုလေလွင့်ဝိညာဉ်များမှာ မြစ်ထဲတွင် နစ်မြုပ်နေခဲ့ရသည့် ရှည်လျားလှသော နှိပ်စက်မှုဒဏ်များမှ အခုမှ နိုးထလာကာစ ဖြစ်သဖြင့်၊ အများစုမှာ အနားယူကာ ဝိညာဉ်စွမ်းအားကို ပြန်လည်စုဆောင်းနေကြသည်။
သူတို့ရှေ့မှောက်ရှိ ကျူးလုံနှင့် ဖန့်ချန်၊ ဟွမ်ဝူကျိတို့ကို မြင်တွေ့နေရသော်လည်း မည်သူမျှ စပ်စုမေးမြန်းခြင်း မပြုကြပေ။
အချို့မှာ မြစ်ထဲသို့ ပြန်အပစ်ခံရမှာကို ကြောက်နေကြသလို၊ အချို့မှာလည်း ဖန့်ချန်တို့၏ နောက်ခံကို ကြောက်ရွံ့နေကြခြင်းပင်။
ကျူးလုံသည် မြစ်၏ အနက်ရှိုင်းဆုံးဆီသို့ တည်ငြိမ်စွာ ကူးခတ်သွားပြီး၊ ခဏအကြာတွင် လူတစ်စုမှာ ဖန့်ချန်ရှိရာသို့ စုပေါင်းလျှောက်လှမ်းလာကြသည်။
ဦးဆောင်လာသူသည် ဖန့်ချန်နှင့် ဆယ်ပေခန့်အကွာတွင် ရပ်တန့်လိုက်ပြီး လက်အုပ်ချီ၍ ဂါရဝပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ... စီနီယာသာ ကယ်တင်ခြင်းမပြုရင် ကျနော်တို့ ဝင်စားခွင့်ရဖို့ နေနေသာသာ၊ ဒီမြစ်ထဲမှာပဲ နှစ်ပေါင်းများစွာ ထပ်ပြီး နစ်မြုပ်နေဦးမှာပါ”
“အားနာမနေပါနဲ့”
ဖန့်ချန်က ထိုလူများကို ကြည့်လိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားသည်။
“ခင်ဗျားတို့က လူ့ဘဝတုန်းက ကျင့်ကြံသူတွေလား”
စောစောက စကားပြောခဲ့သူမှာ အိုမင်းရင့်ရော်နေသည့် အဘိုးအိုတစ်ဦး၏ ပုံသဏ္ဌာန်ရှိပြီး၊ သူက အသာအယာ ခေါင်းညိတ်ပြသည်။
“ကျနော် လူ့ဘဝတုန်းက အဆင့် ၇ ရှေးဟောင်းမသေမျိုး တစ်ဦးပါ”
“ကျနော်ကတော့ အဆင့် ၆ မသေမျိုးပါ”
“ကျနော်ကတော့...”
ထိုသူများမှာ လူ့ဘဝတုန်းက အလွန်အမင်း အစွမ်းထက်သည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
၎င်းတို့အပြင် ထိုသန်းပေါင်းများစွာသော ဝိညာဉ်များထဲတွင်လည်း သူတို့နှင့် ဆင်တူသည့် နောက်ခံရှိသူများစွာ ပါဝင်နေပေလိမ့်မည်။
အဆင့် ၇ ရှေးဟောင်းမသေမျိုး၏ အမည်မှာ ထန်မင်တယ် ဖြစ်သည်။
သူ ပြောပြချက်အရဆိုလျှင် အဆင့် ၈ ရှေးဟောင်းမသေမျိုးဆေးကို ရှာမတွေ့နိုင်ဘဲ သက်တမ်းကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မသေမျိုးကျောက်တုံးများ ကပင် သူ့ကို ဆက်လက် အသက်မရှင်စေနိုင်တော့ဘဲ နောက်ဆုံးတွင် သေဆုံးသွားခဲ့ရသည်။
သူသည် အလွန်အမင်း အသက်ရှည်ခဲ့သူဖြစ်သဖြင့် ယင်လောကသို့ ရောက်ရှိလာချိန်တွင်... သူ့ကို သတိရတမ်းတနေမည့်သူ မရှိတော့ပေ။
လေလွင့်ဝိညာဉ်တစ်ဦးအဖြစ် ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားမှာကို မလိုလားသဖြင့်၊ နောက်ဆုံးတွင် ဝမ်ချွမ်းမြစ်ထဲတွင် နစ်မြုပ်နေရန် ရွေးချယ်ကာ ပြန်လည်ဝင်စားခွင့်ရမည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။
“သခင်လေး... ကျနော်တို့ အခု ယင်လောကကို သွားပြီး သံသရာ မှာ ဝင်စားဖို့ လက်ခံရမှာလား ”
ထန်မင်တယ်က မေးလိုက်သည်။
ဝှစ်
မျက်ဝန်းပေါင်းများစွာမှာ ဖန့်ချန်ဆီသို့ စုပြုံကျရောက်လာကြသည်။
ထိုမျက်ဝန်းများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
သူတို့ ဘာကြောင့် ဝမ်ချွမ်းမြစ်ထဲမှာ နစ်မြုပ်နေခဲ့ကြသနည်း၊ ထိုပြန်လည်ဝင်စားခွင့်ဟူသော မျှော်လင့်ချက်ကလေး တစ်ခုတည်းအတွက် မဟုတ်ပါလား။
အကယ်၍ လူအဖြစ် ပြန်လည်ဝင်စားနိုင်ခဲ့လျှင် မသေမျိုးလမ်းစဉ်ကို ထပ်မံလျှောက်လှမ်းနိုင်မည့် အခွင့်အရေး ရှိနေပေလိမ့်မည်။
“အခု ယင်လောကက ခင်ဗျားတို့ ထင်ထားတာနဲ့ မတူတော့ဘူး။ သံသရာဌာန ဆိုတာလည်း ပျောက်ကွယ်သွားတာ ကြာလှပြီ၊ ပြန်လည်ဝင်စားဖို့ဆိုတာ မျှော်လင့်ချက်မဲ့တဲ့ ကိစ္စတစ်ခု ဖြစ်နေပြီ”
ဖန့်ချန်က ဆိုလိုက်သည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ထန်မင်တယ်မှာ အံ့ဩတုန်လှုပ်သွားသည်
“သံသရာဌာနကြီး ပျောက်သွားပြီလား ကျနော် မှတ်မိသလောက်ဆိုရင် မကြာခင်ကတင် သံသရာဌာနက နတ်ဘုရားတစ်ပါးနဲ့ လူ့လောကမှာ လက်ဖက်ရည်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးခဲ့ကြသေးတာ...”
“ခင်ဗျားတို့ သေဆုံးသွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ လောကကြီးလည်း ပြောင်းလဲသွားတာ ကြာလှပါပြီ။ အရာအားလုံးက အရင်လို မဟုတ်တော့ဘူး”
ဖန့်ချန်က အသာအယာ ခေါင်းခါလိုက်သည်။
ယခု ယင်လောက၏ အခြေအနေများကို သူ အကျဉ်းချုပ် ရှင်းပြလိုက်ရာ၊ လူတိုင်းမှာ ငေးမှိုင်သွားကြပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ရိပ်ယှက်လာကြသည်။
“ဘယ်လို အင်အားမျိုးက... ယင်လောကကြီး တစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် လုပ်နိုင်ရတာလဲ...”
ထန်မင်တယ်က တိုးတိုးလေး ရေရွတ်နေမိသည်။
ယင်လောကတွင် ပြန်လည်ဝင်စား၍ မရတော့ကြောင်း သိလိုက်ရသော်လည်း၊ ယခုအခါ လူသားလောက နယ်မြေကိုးခုက လူတွေက ဘယ်ကနေ ရောက်လာကြသလဲဆိုသည်ကို သူတို့ မစဉ်းစားမိကြသေးပေ။
ဒါကို ကြည့်ခြင်းဖြင့် သူတို့၏ သိမြင်မှုများမှာလည်း ပြောင်းလဲခံထားရကြောင်း ဖန့်ချန် အတည်ပြုနိုင်လိုက်သည်။
သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင်၊ လူရိပ်တစ်ခုသည် ပြုံးပျော်ရွှင်မြူးလျက် မရဏလမ်းမှတစ်ဆင့် ဝမ်ချွမ်းမြစ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူ့လက်ထဲတွင် ဘူးသီးတစ်လုံးကို ကိုင်ထားပြီး၊ ၎င်းမှာ နယ်နိမိတ်ဘူးသီးနှင့် ဆင်တူသော်လည်း အရှိန်အဝါမှာမူ သိသိသာသာ ကွဲပြားနေသည်။
ထိုသူသည် သီချင်းတညည်းညည်းဖြင့် မြစ်ရှေ့တွင် ရပ်တန့်လိုက်ပြီး၊ ဘူးသီးကို မြစ်ဆီသို့ ချိန်ရွယ်ကာ မန္တန်အချို့ကို ရွတ်ဆိုလိုက်သည်။
“ဝိညာဉ်တွေ... လာခဲ့ကြစမ်း ”
ဘူးသီးအတွင်းမှ အမြင်အာရုံမရှိသော လေပြင်းများ တိုက်ခတ်ထွက်ပေါ်လာပြီး မြစ်ရေပြင်ကို လှိုင်းထသွားစေသည်။
သို့သော် အချိန်အတော်ကြာသည့်တိုင်အောင် မြစ်ရေပြင်ပေါ်သို့ လေလွင့်ဝိညာဉ်တစ်ဦးမျှ ပေါ်မလာခဲ့ပေ။
ထိုသူက မယုံကြည်နိုင်ဘဲ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
“ဝိညာဉ်တွေ... လာခဲ့ကြစမ်း ”
အတော်ကြာသည်အထိ ဘာထူးခြားမှုမှ ရှိမလာခဲ့ပေ။
“မဖြစ်နိုင်တာ...”
ထိုသူသည် မြစ်ရေပြင်ကို ငုံ့ကြည့်လိုက်ရာ၊ သူ၏ မျက်ဝန်းများထဲတွင် စူးရှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မြစ်အောက်ခြေရှိ အရာအားလုံးကို ထွင်းဖောက်မြင်တွေ့လိုက်ရသည်။
“ဝိညာဉ်တွေ... ဘယ်ရောက်ကုန်တာလဲ...”
သူက တိုးတိုးလေး ရေရွတ်လိုက်သည်
“ဒီက လေလွင့်ဝိညာဉ်တွေ ဘယ်ရောက်ကုန်တာလဲ ဘယ်သူက ငါ့ရှေ့ကနေ အရင်ဦးအောင် နှိုက်သွားတာလဲ မဖြစ်နိုင်တာ... ဒီနေရာက တားမြစ်ချက်က အခုမှ ပွင့်တာပဲကို...”
အခန်း (၁၄၃၀) - ဘွဲ့နှင်းခန့်အပ်ခြင်း စာချုပ်
“ဝမ်ချုံစန်းက အစီရင်ဗဟိုချက်ကို သုံးပြီး အဲဒီတားမြစ်ချက်ကို ဖြေဖျက်ခဲ့တာပဲ၊ ဒါနဲ့ အဲဒီ အစီရင်ဗဟိုချက် ဆိုတာက တကယ်တော့ ဘယ်ကလာတာလဲ... ထိပ်တန်းအင်အားစုကြီးတွေ အပြိုင်အဆိုင် လုယူကြတဲ့ အဓိကစစ်လက်နက် ဖြစ်ရုံတင်မကဘဲ တားမြစ်ချက် အစီရင်တွေကိုပါ ဖြေဖျက်ပေးနိုင်တာလား”
ဖန့်ချန် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။
သူ၏ မျက်လုံးထဲတွင် တားမြစ်ချက် ပျက်ပြယ်သွားသည့် ပုံရိပ်များမှာ တရိပ်ရိပ် ပြန်လည် မြင်ယောင်လာသည်။
ထိုစဉ်က အစီရင်ဗဟိုချက်သည် သွေးစက်များအသွင် ပြောင်းလဲသွားပြီး တောင်ကြီးအတွင်းသို့ စိမ့်ဝင်သွားခဲ့ခြင်း ဖြစ်သည်။
“သွေးစက်တွေလား”
သူ၏ အမူအရာမှာ တစ်ချက် လှုပ်ရှားသွားသည်။
ထိုစဉ်မှာပင် အဝေးတစ်နေရာ၌ အနည်းငယ် ပျက်စီးနေသော တံတားတစ်စင်း တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ထိုတံတား၏ အခြေအနေကို ကြည့်ရသည်မှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရပုံပေါ်ပြီး၊ ပျက်စီးသွားပြီးကတည်းက မည်သူမျှ ပြန်လည်ပြင်ဆင်ခြင်း မပြုခဲ့ကြပုံရပေသည်။
“သခင်လေး... တိုက်ခိုက်ထားတဲ့ အမှတ်အသားတွေ ရှိနေတယ် ”
ဟွမ်ဝူကျိ၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွားသည်။
“အင်း”
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျူးလုံကို ဝမ်ချွမ်းမြစ်ထဲတွင် ခဏစောင့်ခိုင်းထားကာ၊ သူနှင့် ဟွမ်ဝူကျိတို့မှာ တံတားပေါ်သို့ တက်လှမ်းခဲ့ကြသည်။
ထိုနေရာမှာ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရပုံပေါ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာ၌ လှုပ်ရှားသွားလာနေလျှင် အနည်းဆုံးတော့ ထိုပျက်စီးမှုများကို ပြုပြင်ထားသင့်သည် မဟုတ်ပါလား။
ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ၊ ဟင်းလင်းပြင်ထဲမှ ယင်စွမ်းအားများ တလိပ်လိပ် တိုးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
သန့်စင်ခြင်း မပြုရသေးသော ကံတရားစွမ်းအား များသည် တံတားအတွင်းသို့ စီးဝင်သွားပြီး ပျက်စီးနေသော နေရာများကို ပြန်လည် ပြုပြင်ပေးလိုက်သည်။
သူသည် ငရဲမင်းဖြစ်ရာ၊ ယင်လောကရှိ သစ်ပင်တစ်ပင်၊ မြက်တစ်ပင်ကအစ သာမန်အားဖြင့် သူနှင့်သာ သက်ဆိုင်ပေသည်။
ဒီတံတားသည်လည်း သူ၏ ပိုင်ဆိုင်မှုပင် ဖြစ်ပေလိမ့်မည်။
ယင်စွမ်းအားများဖြင့် ပြုပြင်ပြီးနောက်တွင်မူ တံတားသည် မူလပုံစံအတိုင်း ပြန်လည် လှပလာခဲ့သည်။
လက်ရန်းများပေါ်တွင် ထူးဆန်းသော သားရဲရုပ်များ ထွင်းထုထားပြီး၊ ၎င်းတို့မှာ လူ့လောကတွင် မြင်တွေ့နိုင်သည့်အရာမျိုး မဟုတ်ဘဲ ယင်လောက၏ ဖြစ်တည်မှုများ ဖြစ်ပုံရသည်။
ကျူးလုံ၏ ကျောပေါ်ရှိ ရေတွက်၍မရသော လေလွင့်ဝိညာဉ်များမှာ သူတို့နှစ်ဦး တဖြည်းဖြည်း ဝေးကွာသွားပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်အထိ လိုက်လံငေးကြည့်နေကြသည်။
တစ်ယောက်က ထန်မင်တယ်၏ ဘေးနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်
“ထန်စီနီယာ... ဒီလူက ယင်လောကမှာ ဘယ်လိုအဆင့်အတန်းမျိုး ရှိမယ်လို့ ထင်ပါသလဲ ”
“သူပြောသလိုသာ ယင်လောကကြီးက အစိတ်စိတ်အမြွှာမြွှာ ကွဲနေပြီး သံသရာဌာနတောင် မရှိတော့ဘူးဆိုရင်၊ အခုလို ယင်လောကထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး ဝမ်ချွမ်းမြစ်ထဲကနေ ငါတို့ကို ကယ်ထုတ်နိုင်တယ်ဆိုကတည်းက သူ့ရဲ့ အဆင့်အတန်းက သာမန်တော့ မဟုတ်နိုင်ဘူး”
ထန်မင်တယ်က တိုးတိုးလေး ပြောလိုက်ရင်း သူတို့စီးနင်းလာသော ကျူးလုံကို ငုံ့ကြည့်ကာ မျက်ဝန်းထဲတွင် လေးနက်မှုများ ရိပ်ယှက်သွားသည်။
ထိုသတ္တဝါကြီး တစ်ခုတည်းနှင့်တင် သူ၏ သိမြင်နားလည်မှု ဘောင်ထဲမှာ မရှိတော့ပေ။
သူ နားမလည်နိုင်တော့ပါ။
ခေတ်ကာလကြီး... တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီ ထင်သည်။
ဖန့်ချန်တို့နှစ်ဦးသည် တံတားအတိုင်း လျှောက်လာရင်း မသိလိုက်ဘာသာဖြင့် မြို့တစ်မြို့၏ တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။
မြို့၏ မြို့ရိုးများမှာ နှစ်ကာလများ၏ ဒဏ်ကြောင့် ပွန်းပဲ့ပျက်စီးကာ အချို့နေရာများတွင် ပြိုကျနေပြီ ဖြစ်သည်။
အဝေးမှ လှမ်းကြည့်လျှင် မြို့၏ အတိုင်းအတာမှာ ယင်လောကငယ်ရှိ ရှန်ကျင်းမြို့ထက် မသေးသလို၊ ဖူထူလောကရှိ ကျန်းကွမ်မြို့ထက်လည်း များစွာ ပိုမိုကြီးမားလှသည်။
ဟွမ်ဝူကျိက ဖန့်ချန်အား ခဏစောင့်ရန် အချက်ပြပြီး သူတစ်ဦးတည်း မြို့ထဲသို့ လျှောက်သွားလိုက်သည်။
သူ မြို့ထဲသို့ ဝင်ခါနီးမှာပင် ခြေထောက်အောက်မှ စိမ်းဖန့်ဖန့် နွယ်ပင်တစ်ပင် ရုတ်တရက် ထွက်ပေါ်လာပြီး ဟွမ်ဝူကျိ၏ ခြေထောက်နှစ်ဖက်ကို ရစ်ပတ်လိုက်တော့သည်။
ဟွမ်ဝူကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ဓားဝိညာဉ်စွမ်းအား တစ်ချက်ဖြင့် နွယ်ပင်ကို ခုတ်ချလိုက်သည်။
သို့သော် နွယ်ပင်ပေါ်တွင် ဖြူလွလွ အမှတ်အသားလေးတစ်ခုသာ ကျန်ရစ်ခဲ့၏။
သူ့မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လာသည်။
ထို့နောက်တွင်မူ နွယ်ပင်က ဆွဲယူလိုက်ရာ ဟွမ်ဝူကျိသည် မြို့တံခါးဝမှနေ၍ တန်းခနဲ ပျောက်ကွယ်သွားတော့သည်။
အရာအားလုံးက မြန်ဆန်လွန်းလှသဖြင့် ဖန့်ချန်ပင် လိုက်ပါတုံ့ပြန်ရန် အချိန်မရလိုက်ပေ။
ခဏချင်းမှာပင် ငရဲမင်းချပ်ဝတ်တန်ဆာ ပေါ်ထွက်လာပြီး ဖန့်ချန်၏ အရှိန်အဝါမှာလည်း ချက်ချင်း ပြောင်းလဲသွားသည်။
သူသည် စမ်းသပ်သည့်အနေဖြင့် မြို့တံခါးဝဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
အကယ်၍ ဟွမ်ဝူကျိ၏ စွမ်းဆောင်ရည်ကပင် ထိုနွယ်ပင်ပေါ်မှာ အမှတ်အသားလေးသာ ချန်ထားနိုင်ခဲ့လျှင်... နွယ်ပင်၏ နောက်ကွယ်က ပုဂ္ဂိုလ်မှာ မည်မျှအထိ အစွမ်းထက်နေမည်နည်း။
ထင်ထားသည့်အတိုင်းပင် ဖန့်ချန် မြို့တံခါးအနီးသို့ ချဉ်းကပ်သွားချိန်တွင် နွယ်ပင်တစ်ပင် ထပ်မံပေါ်ထွက်လာပြီး သူ၏ ခြေထောက်များကို ရစ်ပတ်ရန် ကြိုးစားလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ထိုနွယ်ပင်မှာ လျှပ်စစ်ဓာတ်လိုက်သွားသကဲ့သို့ ဖန့်ချန်၏ အနီး ဆယ်ပေခန့်အကွာသို့ ရောက်သည်နှင့် တန်းခနဲ ပြန်လည်ဆုတ်ခွာသွားတော့သည်။
“ငါ့ဆီမှာ သူကြောက်ရတဲ့ အရာတစ်ခုခု ရှိနေတာလား ငရဲမင်းချပ်ဝတ်တန်ဆာလား... ဒါမှမဟုတ် ငရဲမင်းအမိန့်တော် လား ”
ဖန့်ချန်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး အပေါ်သို့ မော့ကြည့်လိုက်ရာ၊ မြို့တံခါးနှင့် မရေတွက်နိုင်သော အဆောက်အဦးများကို ဖြတ်ကျော်၍ အဝေးတစ်နေရာတွင် ဧရာမ အပင်ကြီးတစ်ပင်ကို မြင်တွေ့လိုက်ရသည်။
ဝေဝေဝါးဝါး မြင်ရသည်မှာ ဟွမ်ဝူကျိသည် ထိုအပင်ကြီးပေါ်တွင် ရုန်းကန်နေရပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နွယ်ပင်များဖြင့် အတင်းအကျပ် ရစ်ပတ်ခံထားရပုံပေါ်သည်။
ဖန့်ချန်သည် ဟွမ်ဝူကျိကို ထိုအတိုင်း စွန့်ပစ်ထားခဲ့မည် မဟုတ်ပေ။
နွယ်ပင်များက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ တစ်စုံတစ်ခုကို ကြောက်ရွံ့နေမှတော့၊ ၎င်းကို အသုံးချ၍ ဟွမ်ဝူကျိအား ကယ်ထုတ်နိုင်ပေလိမ့်မည်။
အကယ်၍ ဟွမ်ဝူကျိသာ ဘေးကင်းသွားလျှင် သူ ထိုနေရာ၌ ကြာရှည်နေမည် မဟုတ်ဘဲ၊ နောင်တွင် အင်အားလုံလောက်မှသာ ထိုအပင်ကြီး၏ နောက်ခံကို ပြန်လာကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
ခဏချင်းမှာပင် ဖန့်ချန်သည် အပင်ကြီး၏ အောက်ခြေသို့ ရောက်ရှိသွားသည်။
ထိုအပင်ကြီးကို ဗဟိုပြု၍ နွယ်ပင်များမှာ အရပ်မျက်နှာအနှံ့ ပင့်ကူအိမ်သဖွယ် ဖြန့်ကျက်ထားကြ၏။
ထင်ထားသည့်အတိုင်းပင် မြို့တစ်ခုလုံးမှာ ဤအပင်ကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်သည်။
“သခင်လေး... ဒီအပင်က ထူးဆန်းတယ်၊ ဒါ ယင်မိစ္ဆာ တစ်ကောင် ဖြစ်ရမယ်၊ သခင်လေး အခုပဲ အမြန်ထွက်သွားပါ”
ဟွမ်ဝူကျိ၏ ဦးခေါင်းမှာ နွယ်ပင်များဖြင့် မဖုံးအုပ်ခံရသေးသဖြင့် ဖန့်ချန် ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်း သတိပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ဓားဝိညာဉ်စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်ကာ နွယ်ပင်များကို ဖြတ်တောက်ရန် ကြိုးစားနေသည်။
ဝမ်းနည်းစရာမှာ အဆင့် ၄ မသေမျိုး၏ ဓားဝိညာဉ်စွမ်းအားနှင့် ရင်ဆိုင်ရသည့်တိုင်အောင် နွယ်ပင်များမှာ လောကတွင် အမာကျောဆုံး အရာများအလား ဖြစ်နေသည်။
ဖြူလွလွ အမှတ်အသားလေးများ ပေါ်လာတိုင်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည် နဂိုအတိုင်း ဖြစ်သွားကြရာ၊ ဟွမ်ဝူကျိ၏ တိုက်ခိုက်မှုမှာ အပင်ကြီးအတွက် ယားယံရုံလောက်သာ ရှိပေလိမ့်မည်။
ဟွမ်ဝူကျိ သတိမထားမိသည်မှာ ဖန့်ချန်၏ အနီးနားတွင် နွယ်ပင်များစွာက ချောင်းမြောင်းနေကြသော်လည်း မည်သူမျှ အနားမကပ်ရဲကြခြင်းပင်။
ဖန့်ချန်က အပေါ်သို့ ခုန်တက်လိုက်ပြီး ဟွမ်ဝူကျိ ရှိရာသို့ ချဉ်းကပ်သွားရာ၊ သူ့ကို ရစ်ပတ်ထားသော နွယ်ပင်များမှာ ချက်ချင်းပင် ငှက်အုပ်လေးများ လန့်ဖျန့်သွားသကဲ့သို့ ပြန့်ကျဲသွားကြတော့သည်။
ဖန့်ချန်က ဟွမ်ဝူကျိကို ဆွဲယူလိုက်ပြီး မြို့ပြင်သို့ အမြန်ဆုံး ထွက်ခွာခဲ့ကြသည်။
မြို့နှင့် ဘေးကင်းလောက်သည့် အကွာအဝေးသို့ ရောက်မှသာ သူတို့ ရပ်တန့်လိုက်ကြသည်။
“သခင်လေး... ဒါက ဘာကြောင့်လဲ ”
ဟွမ်ဝူကျိမှာ ဇဝေဇဝါ ဖြစ်နေရသည်။
သူ့လို အဆင့် ၄ မသေမျိုးတောင် အရှင်လတ်လတ် အဖမ်းခံလိုက်ရတာကို၊ ဖန့်ချန်နှင့် ရင်ဆိုင်ရချိန်တွင် ထိုအပင်က ဘာကြောင့် လက်မတုံ့ပြန်ရသနည်း။
လမ်းခုလတ်တွင် ဟွမ်ဝူကျိ သတိထားမိလိုက်သည်မှာ ထိုနွယ်ပင်များသည် တိုက်ခိုက်ချင်စိတ် မရှိခြင်း မဟုတ်ဘဲ တစ်စုံတစ်ခုကို အကြီးအကျယ် ကြောက်ရွံ့နေခြင်းပင် ဖြစ်သည်။
“ဒါက ငရဲမင်းဆိုတဲ့ အဆင့်အတန်းကြောင့်လား...”
ဟွမ်ဝူကျိ တစ်စုံတစ်ခုကို နားလည်လာခဲ့သည်။
“မင်း ဒီမှာ စောင့်နေ၊ ငါ အထဲကို ပြန်ဝင်ပြီး တစ်ချက်လောက် ကြည့်ဦးမယ်”
ဖန့်ချန်က မူလက တန်းထွက်သွားရန် ကြံရွယ်သော်လည်း၊ ထိုအပင်ကြီးက သူ့ကို ဘာမှမလုပ်နိုင်မှန်း သိသွားသဖြင့် ၎င်း၏ ဇာစ်မြစ်ကို သိချင်လာသည်။
အကယ်၍ ၎င်းသည် ယင်မိစ္ဆာကြီး တစ်ကောင်ဆိုလျှင် မည်သည့်အဆင့်မှာ ရှိနေသနည်း။
သို့သော် ဖူထူလောကရှိ ယင်မိစ္ဆာကြီးများသည် ငရဲမင်းကို မျက်စိထဲ ထည့်လေ့မရှိကြပေ၊ ဘွဲ့နှင်းခန့်အပ်ခံထားရခြင်း မရှိလျှင်မူ တိုက်ခိုက်ကြစမြဲပင်...
“ဘွဲ့နှင်းအပ်ခြင်း ”
ဒီအတွေး ပေါ်လာသည်နှင့် ဖန့်ချန်၏ စိတ်ထဲတွင် အဖြေတစ်ခု ရရှိသွားပြီး အပင်ကြီးရှေ့သို့ ပြန်လည် ရောက်ရှိလာကာ အပင်၏ အစိတ်အပိုင်းများကို သေချာစွာ လေ့လာလိုက်သည်။
၎င်းသည် အလွန်မမြင့်လှသဖြင့် မြို့ပြင်မှ လှမ်းမမြင်နိုင်ခြင်း ဖြစ်သည်။
သို့သော် ၎င်း၏ ပင်စည်မှာ အလွန်တရာ ကြီးမားလှရာ၊ လူပေါင်းထောင်ချီ၍ ဝိုင်းဖက်လျှင်ပင် ပတ်မိမည် မဟုတ်ပေ။
“ဒီအရာက ယင်မိစ္ဆာ ဖြစ်နေတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒါက ယခင်က ယင်လောကရဲ့ နတ်ဘုရားစစ်စစ် တစ်ပါး ဖြစ်ခဲ့ပုံရတယ်၊ ဒီနေရာမှာ ပိတ်မိနေရင်းနဲ့မှ ယင်မိစ္ဆာအဖြစ် ပြောင်းလဲသွားတာလား ”
ဖန့်ချန် စိတ်ထဲမှ တွေးတောနေမိသည်။
ယင်မြို့တော်ကြီးမှာ မြို့သေ တစ်မြို့အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း ဤထူးဆန်းသော အပင်ကြီး တစ်ပင်တည်းသာ ကျန်ရစ်နေခဲ့သည်။
ခဏမျှ စဉ်းစားပြီးနောက် ဖန့်ချန်သည် အပင်ကြီးမှာ ယခင်မျိုးဆက် ငရဲမင်းကြီး ခန့်အပ်ခဲ့သော ယင်လောက နတ်ဘုရားတစ်ပါး ဖြစ်သလားဆိုသည်ကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
သူသည် အပင်၏ ပင်စည်နားသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားရာ၊ အပင်ကြီးမှာ အလွန်အမင်း ထိတ်လန့်နေပုံရသည်။
နွယ်ပင်များက ထွက်ပြေးနိုင်သော်လည်း ပင်စည်ကြီးမှာမူ ထွက်ပြေး၍ မရနိုင်ပေ။
ဖန့်ချန်၏ လက်ဝါးမှာ ပင်စည်ပေါ်သို့ ကျရောက်သွားသည်နှင့် ငရဲမင်းအမိန့်တော်ပြားမှ နွေးထွေးသော အရှိန်အဝါများ အပင်အတွင်းသို့ စီးဝင်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် ပင်စည်ပေါ်၌ ထူးခြားသော ရှေးဟောင်း မန္တန်အမှတ်အသားများ ပေါ်ထွက်လာသည်။
ဘွဲ့နှင်းအပ်ခြင်း စာချုပ်
အပင်ကြီးသည် ယခင်က အမှန်တကယ်ပင် ခန့်အပ်ခြင်းခံခဲ့ရသော ယင်လောက နတ်ဘုရားစစ်စစ် တစ်ပါး ဖြစ်နေခဲ့သည်။
“ဒါကြောင့်လည်း ငါ့ကို မတိုက်ခိုက်ရဲတာကိုး”
ဖန့်ချန်၏ မျက်ဝန်းထဲတွင် လွမ်းဆွတ်တမ်းတမှုများ ရိပ်ယှက်သွားသည်။
အပင်၏ သက်တမ်းမှာ သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေပေလိမ့်မည်။
ယင်လောက နတ်ဘုရားဝိညာဥ်သည် ယခင်က ဖြစ်ပွားခဲ့သော ထိုပြင်းထန်သည့် စစ်ပွဲကြီးကိုပင် ကိုယ်တိုင် ဖြတ်သန်းခဲ့သူ ဖြစ်နိုင်ပေသည်။