အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
🫧 Chapter 41
တစ်ဘက်မှာတော့ Live ကင်မရာသည် ကျန်းလင် နှင့်အတူ စွန့်ပစ်ထားသော အဆောက်အအုံဟောင်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။
ယခုအချိန်သည် လူ့ပြည်တွင် ညနေ ၅ နာရီခန့် ရှိပြီဖြစ်သည်။
နေမင်းသည် မိုးကုတ်စက်ဝိုင်းသို့ စောင်းစပြုနေပြီး၊ အဆောက်အအုံကြီး၏ ရှည်လျားသော အရိပ်မှာ မြေပြင်ပေါ်သို့ ဖြာကျနေသည်။
ထိုစွန့်ပစ်အဆောက်အအုံရှေ့တွင် ကျန်းလင်သည် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
မကြာမီမှာပင် တစ်ဖက်လူကလည်း သူ့ကို မြင်သွားသည်။
ထိုလှပသော မျက်နှာလေးတွင် အံ့ဩဝမ်းသာရိပ်များ ပေါ်လာသည်။
"အရှင် ပိုင်ဝူချန်"
ကျန်းလင်ကို နောက်တစ်ကြိမ် ပြန်တွေ့ရသဖြင့် လင်းရော့ယီ အနည်းငယ် စိတ်လှုပ်ရှားသွားကာ မူလက မှိုင်တွေနေသော စိတ်အခြေအနေမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဟုတ်ပါသည်။
သူမသည် နောက်တစ်ကြိမ် ဝိညာဉ်လွင့်လာခဲြခြင်းဖြစ်၏။
ဤနှစ်ရက်လုံး သူမ ကုမ္ပဏီမှာ အလုပ်တွေရှုပ်နေခဲ့ပြီး၊ ညနေပိုင်းမှာတော့ မအောင့်နိုင်ဘဲ မှောက်အိပ်ပြီး နားနေခဲ့မိသည်။
မထင်မှတ်ဘဲ ခဏအိပ်လိုက်ရုံနှင့် ဝိညာဉ်က ပြန်ထွက်လာပြန်ခြင်းဖြစ်သည်။
"Host ကြီး မင်္ဂလာပါရှင်၊ ပြန်တွေ့ရပြန်ပြီနော်၊ ပြီးခဲ့တဲ့တစ်ခေါက်က တကယ်ကျေးဇူးတင်ပါတယ်"
လင်းရော့ယီသည် ကျန်းလင်ကို ကြည့်ကာ မျက်လုံးများ အရောင်တောက်နေသည်။
"အခု Live လွှင့်နေတာလားဟင် ကျွန်မလည်း ရှင်ရဲ့ Fan တစ်ယောက်ပါ"
ပြီးခဲ့သည့်တစ်ခေါက်က ကျန်းလင်၏အကူအညီဖြင့် 'ဝိညာဉ်ဈေး' မှ လူ့ပြည်သို့ ပြန်ရောက်လာပြီးကတည်းက သူမသည် 'မရဏလောက မှ အံ့ဖွယ်နေ့ရက်များ' Live ကို စတင်စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။
အရင်က ချိုက်ရှင်း အမှုပဲဖြစ်ဖြစ်၊ ဘိုးဘွားတွေကို ရှာကြတဲ့ လှိုင်းပဲဖြစ်ဖြစ် သူမ အကုန်ပါဝင်ခဲ့သည်။
ကုမ္ပဏီက အမြတ်ရတိုင်းလည်း သူမ၏ကိုယ်ပိုင်ငွေအချို့ကို Live မှာ လက်ဆောင် ပေးလေ့ရှိ၏။
ထိုငွေတွေများက Host အတွက် တကယ် အသုံးဝင်၊ မဝင် မသိသော်လည်း သူမ ပေးနိုင်သည်ဆို၍ ပိုက်ဆံပဲရှိတော့သည်လေ။
ယခု Host ကို အပြင်မှာ လူကိုယ်တိုင် (ဝိညာဉ်ကိုယ်တိုင်) ပြန်တွေ့ရတော့ Idol နှင့် တွေ့ရသည့် Fan တစ်ယောက်လို ခံစားနေရသည်။
'ဒါက Host ကို အနီးကပ် ကြည့်နိုင်မည့် အခွင့်အရေးကောင်းပဲ မဟုတ်လား'
[ခုနတင် တံတားပေါ်ကပြတဲ့ ခွေးစာကြောင့် ဗိုက်ဝနေတုန်းရှိသေး၊ အခု နိုင်ငံ့အချစ်တော်လေးနဲ့ တွေ့ရပြန်ပြီ၊ ချီးတဲ့မှ အချစ်ကို တကယ်လိုချင်လာပြီ]
[ဒဏ်ရာရသွားတဲ့ ကျွန်တော့်ရဲ့ နှလုံးသားလေး အခုမှ ကုစားခံလိုက်ရသလိုပဲ]
[နိုင်ငံအသည်းကျော်လေးက နောက်တစ်ခါ နတ်ဆေးဖော်နေပြန်ပြီလား (ဝိညာဉ်ထွက်နေပြန်ပြီလား)]
[ထူးဆန်းတဲ့ နာမည်တွေ ပြောင်းထားတဲ့သူတွေကို မေးချင်တယ်၊ ရှက်သွားပြီလား၊ ခင်ဗျားတို့ ဘယ်လောက်ပဲ ချစ်ရာကောင်းတဲ့ကောင်မလေးဖြစ်ဖြစ်၊ လင်းရော့်ယီကို ယှဉ်နိုင်ပါ့မလား]
နိုင်ငံ့အသည်းလှော်ပဲကြော်ဆိုသည့် ဘွဲ့ထူးက အလကားရလာခြင်း မဟုတ်ပေ။
တစ်နိုင်ငံလုံးရှိ ယောကျ်ားရော မိန်းမပါ အသိအမှတ်ပြုထားရသူ ဖြစ်သည်။
'အသားဖြူတယ်၊ ချမ်းသာတယ်၊ လှတယ်၊ အဓိကက အရည်အချင်းလည်း ရှိတာပဲ'
မိန်းကလေးတွေအတွက် စံပြပန်းတိုင်ဖြစ်သလို၊ ယောကျ်ားလေးတွေအတွက် အိပ်မက်ပင် ဖြစ်သည်။
သို့သော် လင်းရော့ယီသည် နိုင်ငံ့အချစ်တော် ဟု ခေါ်ဝေါ်ခံရသော်လည်း၊ နှစ်ပေါင်းများစွာအတွင်း သူမတွင် ချစ်သူရှိသည်ဟူသော ကောလာဟလပင် မရှိခဲ့ဖူးပေ။
ထိုအရာကပင် သူမ၏ နိုင်ငံ့အချစ်တော် ဘွဲ့ကို ပိုပြီး ခိုင်မာစေခဲ့သည်။
[ကြားတာတော့ လင်းရော့ယီရဲ့ ကုမ္ပဏီက အခုတလော ဂိမ်းအသစ်တစ်ခု ထပ်ထုတ်ထားတယ်တဲ့၊ ကျွန်တော်တောင် မဆော့ရသေးဘူး]
[တော်စမ်းပါ၊ လင်းရော့ယီရဲ့ အလှကို ကြည့်နေရင်းနဲ့ ဂိမ်းအကြောင်း တွေးနေသေးတယ်]
[ဝူး ဝူး ဝူး... သူက Host ကိုများ သဘောကျနေတာလား ဒါဆိုရင်တော့ ကျွန်တော် မယှဉ်နိုင်တော့ဘူး...]
Live မှာ ပျံသန်းနေသော Comment များကို ဂရုမစိုက်ဘဲ။
ကျန်းလင်သည် လင်းရော့ယီကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"မင်း ဒီအတိုင်း ဆက်သွားနေရင်၊ သေလိမ့်မယ်"
ထို့ကြောင့်လင်းရော့ယီ၏အပြုံးလေး ခဏတာ တောင့်ခဲသွား၏။
ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် ပါးကို ကုတ်လိုက်သည်။
"Host က ကြည့်ရုံနဲ့ သိတာလား လူဆိုတာ တစ်နေ့ သေရမှာပဲလေ"
အရင်က ညဘက်တွေမှာပဲ ရံဖန်ရံခါ ဝိညာဉ်ထွက်တတ်သော် လည်း။
အခုနောက်ပိုင်း နေ့ခင်းဘက်တွေမှာပါ ဒီလို ဖြစ်လာခဲ့သည်။
သူမ အဘိုး ရှာပေးထားသော ဆရာများကလည်း သူမသည် အသက် ၃၀ ကျော်အထိ ရှင်နိုင်မည်မဟုတ်ကြောင်း ပြောကြသည်။
ထို့ကြောင့် သူမသည် အသက်ရှင်နေစဉ်အတွင်း လုပ်ချင်တာမှန်သမျှ အကုန်လုပ်နေခြင်းဖြစ်သည်။
တက္ကသိုလ်တက်သည်၊ ကုမ္ပဏီထောင်သည်၊ ဆော့ချင်သော ဂိမ်းများကို ထုတ်လုပ်သည်...
သူမသည် အမြဲတမ်း အရှေ့ကိုပဲ ကြည့်ကာ လျှောက်လှမ်းနေခဲ့သည်။
'တစ်ချိန်ချိန်ထိပေါ့...
သူမ ဆက်လျှောက်လို့ မရတော့သည့် အချိန်အထိပေါ့'
[Host ဘာပြောလိုက်တာလဲ ကျွန်တော့်မိန်းမ သေတော့မှာလား]
[လင်းရော့ယီရဲ့ စကားကို နားထောင်ရသလောက်တော့ သူမက သိပြီးသားပုံပဲ၊ ခန့်မှန်းရတာတော့ တစ်စုံတစ်ခုကြောင့် အသက်တိုတာ ဖြစ်နိုင်တယ်]
[...]
[မဖြစ်နိုင်တာ၊ ကျွန်တော့်မိန်းမလို ပြည့်စုံတဲ့သူက ဘယ်လိုလုပ် ကုလို့မရတဲ့ ရောဂါရှိမှာလဲ]
[ဒီစကားပြောခန်းထဲမှာ သတင်းအချက်အလက်တွေ အများကြီး ပါနေတယ်]
[ဒါနဲ့... ကာယကံရှင်တွေက အရမ်း တည်ငြိမ်နေကြတာပဲ...]
လင်းရော့ယီရော ကျန်းလင်ပါ အလွန် တည်ငြိမ်အေးဆေးနေကြသည်။
ထိုအရာကပဲ ပရိသတ်တွေရဲ့ စိုးရိမ်တကြီး ဖြစ်နေမှုကို ပိုပြီး သိသာစေသည်။
လင်းရော့ယီ၏ အဖြေကို ကြားပြီးနောက် ကျန်းလင်သည် ထပ်မပြောတော့ဘဲ ရှေ့ရှိ စွန့်ပစ်အဆောက်အအုံထဲသို့ တိုက်ရိုက် ဝင်သွားတော့သည်။
"Host ကြီး၊ ကျွန်မလည်း အထဲကို အတူတူ လိုက်ကြည့်လို့ ရမလားဟင် ဒါကို Fan Welfare (ပရိသတ်အတွက် အထူးခံစားခွင့်) အဖြစ် သတ်မှတ်ပေးလို့ ရမလား"
"Fan Welfare"
"ဟုတ်ကဲ့၊ ဥပမာ ကျွန်မတို့ ကုမ္ပဏီက ဂိမ်းတွေလိုပေါ့၊ အချိန်အပိုင်းအခြားအလိုက် ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အထူးအစီအစဉ်လေးတွေ လုပ်ပေးသလိုမျိုးလေ"
ကျန်းလင်သည် ဤစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
လင်းရော့ယီ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် သူ နားလည်သွားသည်။
ဤအရာက နှစ်ကုန်ပိုင်းတွင် ယမမင်းကြီးက အလုပ်ကြိုးစားသော ဝိညာဉ်တမန်တော်များကို အပိုဆုကြေး ပေးသလိုမျိုးပင်။
ကျန်းလင်သည် Live ၏ လက်ဆောင်ပေးထားသော စာရင်းကို ကြည့်လိုက်ရာ၊ မိနစ်ပိုင်းအတွင်းမှာတင် ယွမ်ထောင် ပေါင်းများစွာ တိုးလာသည်ကိုတွေ့ရသည်။
'Welfare တစ်ခု ပေးလိုက်တာကလည်း မဆိုးပါဘူး'
'စနစ်က ပေးတဲ့ တာဝန်ပဲဖြစ်ဖြစ်၊ မုန့်ဖော်ရဲ့ တာဝန်ပဲဖြစ် ဖြစ်၊ ဒီလက်ဆောင်တွေပဲဖြစ်ဖြစ်'
'ဒီလူတွေက တကယ့်ကို အားကိုးရတာပဲ'
...
စွန့်ပစ်အဆောက်အအုံထဲ ဝင်လိုက်သည်နှင့် အလင်းရောင်မှာ လုံးဝမှောင်သွားတော့သည်။
လှေကားထောင့်ကနေ ဝင်လာသော အလင်းစအချို့သာ ရှိတော့သည်။
လှေကားထောင့်များမှ အေးစက်သော လေညင်းများလည်း တိုက်ခတ်နေသည်။
ပတ်ဝန်းကျင်၏ ခြောက်ကပ်ကပ် မြင်ကွင်းကို ကြည့်ပြီး လင်းရော့ယီသည် မသိစိတ်ဖြင့် လက်မောင်းကို ပွတ်လိုက်မိကာ ကြက်သီးတွေ ထလာသလို ခံစားရသည်။
တစ်နေရာလုံးမှာ တိတ်ဆိတ်လွန်းသဖြင့် အသံအနည်းငယ် ထွက်ရုံနှင့်ပင် အဆပေါင်းများစွာ ကျယ်လောင်သွားနိုင် သည်။
"Host၊ ခြေသံတွေ ကြားနေရသလားဟင်"
လင်းရော့ယီ မအောင့်နိုင်ဘဲ မေးလိုက်၏။အဘယ်ကြောင့်နည်းဆိုလျှင် သူမသည် လူအများအပြား လမ်းလျှောက်နေသော အသံများကို ကြားနေရသကဲ့သို့ဖြစ်နေ၍ပင်။
တပ် တပ် တပ်... ဟူသောအသံများသာကြားနေရ၏။
[ဟားဟား၊ သူ ကြောက်နေပြီ၊ သူ ကြောက်နေပြီ]
[အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း ကြားရတယ်]
[လှေကားထောင့်မှာ ကျန်ရစ်နေတဲ့ ဝိညာဉ်တွေများလား]
[ရှာတွေ့ပြီ၊ ဒီအဆောက်အအုံက မူလက အိမ်ရာစီမံကိန်း တစ်ခုပဲ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဘယ်လိုဖြစ်တယ်မသိဘူး လူသေမှု ဖြစ်ခဲ့တယ်၊ အဲဒီတုန်းက တော်တော် နာမည်ကြီးခဲ့တာ]
[ဒါကို ကျွန်တော်လည်း ကြားဖူးတယ်၊ နောက်ပိုင်းမှာ သရဲခြောက်တယ်လို့ ပြောကြပြီး ဒီအတိုင်း စွန့်ပစ်ထားတာ]
အခုအချိန်မှာတော့ Live က ပရိသတ်များသည် Host နေရာအသစ်ကို ရောက်သွားတိုင်း ချက်ချင်းပဲ Google Map မှာ လိုက်ရှာကြသည်၊ မိမိ ရောက်ဖူးသလား သို့မဟုတ် ကြားဖူးသလားဆိုသည်ကို စစ်ဆေးကြသည်။
တကယ်လို့ ကိုယ် ရောက်ဖူးရင် ဒါမှမဟုတ် ကြားဖူးရင် ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
'ငါလည်း Host နဲ့ နေရာတူတူကို ရောက်ဖူးတယ်ဟေ့' ဟူ၍ပျော်ရွှင်သွားကြ၏။
Live ကင်မရာ ရွှေ့လျားသွားသည်နှင့်အမျှ ထိုခြေသံများမှာ ပိုသိသာလာသည်။
မြင်ကွင်းသည် လေးထပ်မှ ငါးထပ်သို့တက်သော လှေကား ထစ်ဆီသို့ ရောက်သွားသည်။
ထိုအချိန်မှပရိသတ်များသည် အသက် ၂၀ ခန့်ရှိသော လူငယ် ယောကျ်ားလေး၊ မိန်းကလေး ၄ ယောက်ကို တွေ့လိုက်ရသည်။
သူတို့မှာ လွယ်အိတ်များ လွယ်ထားပြီး၊ လက်ထဲတွင် သံလိုက်အိမ်မြှောင်ကဲ့သို့သော အရာများကို ကိုင်ထားကြသည်။
တစ်ယောက်ကတော့ ဖုန်းကိုကိုင်ပြီး Live လွှင့်နေပုံရသည်။
"ဒီမှာ သရဲရှိတယ်လို့ ပြောကြတယ်၊ ဘာလို့ တစ်ကောင်မှ မတွေ့ရတာလဲ"
ဖုန်းကိုင်ထားသော မိန်းကလေးက သူမ၏ Live ထဲသို့ ဇဝေဇဝါဖြင့် ပြောလိုက်သည်။
ဖုန်းမျက်နှာပြင်ပေါ်တွင် Comment များ အလွန်စည်ကားနေပြီး လူကြည့်လည်း များလှသည်။
ဒါပေမဲ့ သူမ သတိမထားမိတာကတော့၊ Live က လူကြည့်အရေအတွက်ဟာ တစ်သောင်း (၁၀,၀၀၀) ဂဏန်းမှာတင် ရပ်တန့်နေခြင်းဖြစ်သည်။
ထို Comment များမှာလည်း အများစုမှာ တစ်ခုတည်းကိုပဲ Copy/Paste လုပ်ထားခြင်း ဖြစ်သည်။
"သူတို့ ဘာလို့ လှေကားပေါ်မှာပဲ တစ်နေရာတည်း လမ်း လျှောက်နေကြတာလဲ"
လင်းရော့ယီက ခဏကြည့်ပြီးနောက် ပြဿနာကို တွေ့သွားသည်။
ဒီလူတွေက တစ်နေရာတည်းမှာပဲ လမ်းလျှောက်နေကြခြင်း ဖြစ်သည်။
ခြေထောက်ကြွတယ်၊ ချတယ်၊ ကြွတယ်...
ပြီးတော့ ကြည့်ရသည်မှာ သူတို့တွေကမိမိတို့ တစ်နေရာတည်းမှာ လမ်းလျှောက်နေမှန်း လုံးဝသတိမထားမိကြပုံပေါ်သည်။
သူတို့က အပေါ်ထပ်ကို ဆက်တက်နေတယ်လို့ပဲ ထင်နေကြသည်။
ခုနက သူမ ကြားလိုက်ရသော ခြေသံများသည် ဤလူများ၏ ခြေသံပင် ဖြစ်မှာပါ။
"ဒါက 'သရဲတံတိုင်း' ဆိုတာလား"
လင်းရော့ယီ မျက်လုံးများ အရောင်တောက်လာပြီး စိတ်လှုပ်ရှားလာသည်။
ထို့နောက် သူမ မျက်နှာတွင် ကောင်ကျစ်သော အပြုံးလေးတစ်ခု ပေါ်လာသည်။
"ကျွန်မ သွားပြီး သူတို့ကို ခြောက်လိုက်ဦးမယ်"
'သရဲတွေ့ချင်နေကြတာ မဟုတ်လား'
'ခုနက သူမ ခြောက်ခံလိုက်ရတော့၊ အခု သူမ အလှည့် ပြန်တိုက်ခိုက်ရမှာပေါ့'
လင်းရော့ယီသည် လှေကားထောင့်သို့ ပျံသွားပြီး ထိုလူများအနားသို့ ချဉ်းကပ်လိုက်သည်။
ထို့နောက် Live လွှင့်နေသော မိန်းကလေး၏လည်ပင်းနားမှာ လေကလေး မှုတ်ထုတ်ဖို့ ပြင်လိုက်သည်။
ထို့နောက် သူမသည် ရှေ့ဆက်တိုး၍မရတော့ပေ။
ကြည့်ရသည်မှာ လှေကား နှစ်ထစ်စာလောက်ပဲ ဝေးသော် လည်း၊ သူမသည် ထိုလူများအနားသို့ လုံးဝချဉ်းကပ်လို့ မရပေ။
သူမ အားရပါးရ ပျံသော်လည်း၊ ရှေ့ကလူတွေက သူမအရှေ့မှာပဲ အမြဲ ရှိနေသည်။
" ... "
'ဘာအခြေအနေလဲ ဟ'
🫧 Chapter 42
[ရယ်ရလွန်းလို့ သေတော့မယ်၊ ဘယ်လိုမှ လိုက်မမီတော့ဘူး]
[တစ်နေရာတည်းမှာပဲ လမ်းလျှောက်နေတယ်... ခြေလှမ်းမှန်မှန် လှမ်းစမ်းပါ]
လင်းရော့ယီ၏ ကြောင်တောင်တောင်နှင့် ဇဝေဇဝါ ဖြစ်နေသော ပုံစံကို ကြည့်ပြီး၊ ပရိသတ်များမှာ ရယ်ရလွန်းသဖြင့် ပါးစပ်ထဲမှ တံတွေးများပင် ထွက်ကျကုန်တော့သည်။
[သူက သူများကို သွားခြောက်ဦးမလို့တဲ့ ဟားဟားဟား၊ အမေရေ... ရယ်ရလွန်းလို့ ဗိုက်တောင် နာတယ်]
[ပုစဉ်းရင်ကွဲကို ဖမ်းတဲ့ ပုစဉ်းကောင်ရဲ့ အနောက်မှာ သိန်းငှက် ရှိနေတာပဲ! နင်က သူများကို ခြောက်ချင်တာ၊ သရဲက နင့်ကို ပြန်ခြောက်နေတာ]
[ဒါကို သင်ခန်းစာယူလိုက်တော့ မိန်းမရေ ဟားဟားဟားဟား...]
လင်းရော့ယီသည် အကြိမ်ကြိမ် အားစိုက်ပြီး လိုက်ကြည့်ပြီးနောက်၊ နောက်ဆုံးတွင်တော့ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။
[သွားပြီ... ငါလည်း 'သရဲတံတိုင်း' မိနေတာများလား...]
သူမသည် ဝိညာဉ်ကိုယ်ထည် ဖြစ်နေသဖြင့် ထိုသို့သော အတားအဆီးများ၏ သက်ရောက်မှုကို မခံရနိုင်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
လင်းရော့ယီ မျက်နှာလေး ငယ်သွားကာ Host ကို အကူအညီတောင်းရန် ပြင်လိုက်စဉ်..
ရုတ်တရက် အနောက်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသလို ခံစားလိုက်ရသည်။
မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ လက်ဝါးတစ်ခုနှင့် တိုးတော့၏။
"..."
လင်းရော့ယီ၏ လှပသော မျက်လုံးအစုံမှာ ပြူးကျယ်သွားကာ ရင်ထဲ တုန်သွားရသည်။
နောက်တစ်စက္ကန့်တွင်မူ၊ တစ်ကိုယ်လုံးမှာ လှေကားထစ်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။
စီးပွားရေးဇုန်၏ အချက်အချာကျသောနေရာ အဆောက်အ အုံကြီးတစ်ခုအတွင်းရှိ ရုံးခန်းထဲတွင် လင်းရော့ယီသည် ရုံးစားပွဲပေါ်မှ ရုတ်တရက် နိုးလာကာ အသက်ကို ပြင်းပြင်းရှူနေရသည်။
"ငါ... ဒါ Host က ငါ့ကို ပြန်ပို့ပေးလိုက်တာလား"
မျက်နှာလေးတွင် ဇဝေဇဝါ ဖြစ်မှုနှင့် ထိတ်လန့်မှုအချို့ ကျန်ရှိနေဆဲ ဖြစ်သည်။
သူမသည် တကယ်ပင် သေတော့မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
"ဟုတ်သားပဲ၊ Host က Live လွှင့်နေတုန်း ဖြစ်ရမယ်"
လင်းရော့ယီသည် ဖုန်းကို အမြန်ထုတ်ကာ Live Room ထဲသို့ ဝင်လိုက်သည်။
ဝင်လိုက်သည်နှင့် မြင်လိုက်ရသည်မှာ ထိုစွန့်ပစ်အဆောက် အအုံဟောင်းပင် ဖြစ်သည်။
Host သည် သူမ ခုနက ရပ်နေခဲ့သော နေရာတွင် ရပ်နေသည်ကို တွေ့ရ၏။
ထို့နောက် ကျန်းလင် သည် မျက်တောင်ကို အနည်းငယ် ပင့်လိုက်ကာ Live ကင်မရာကို ကြည့်လိုက်သည်။
မျက်နှာကတော့ အေးဆေးတည်ငြိမ်ဆဲပင်။
"ခုနက ကျွန်တော် စဉ်းစားကြည့်တယ်၊ မင်းကို ရိုက်ထုတ်ပြီး ပြန်ပို့ပေးလိုက်တာက မင်းအတွက် အကောင်းဆုံး 'Fan Welfare'ပဲ"
လင်းရော့ယီက Fan Welfare ဆိုသည့် စကားလုံးကို ပြောလိုက်ကတည်းက ကျန်းလင် စဉ်းစားခဲ့ခြင်းဖြစ်သည်။
ဒီအဆောက်အအုံထဲမှာ ဝိညာဉ်ဓာတ်များက ပြင်းထန်လွန်းလှသည်။
အကြာကြီး နေမိပါက ဝိညာဉ်ဓာတ်များ ကပ်ပါသွားနိုင်ပြီး၊ သရဲတစ္ဆေများ၏ အနှောင့်အယှက် ခံရနိုင်ခြေ ပိုများလာမည် ဖြစ်သည်။
ထို့ကြောင့် သူမ သရဲတံတိုင်းအတွင်း ပိတ်မိနေသည်ကို မြင်သောအခါ သူက တိုက်ရိုက်ပင် ရိုက်ထုတ်ကာ ပြန်ပို့ပေးလိုက်ခြင်းဖြစ်သည်။
"..."
Live ၏အခြားတစ်ဖက်တွင်၊ လင်းရော့ယီသည် ကင်မရာကို ကြည့်ကာ စကားပြောနေသော Host ကို ကြည့်ရင်း သူမ နှလုံးသားလေးကို လက်နှင့် ဖိထားမိကာ သူမ၏ မျက်နှာလေးမှာလည်း သိသိသာသာ နီမြန်းလာ၏။
'Host က သူမ ချက်ချင်း Live ပြန်ကြည့်မယ်ဆိုတာ သိလို့ သီးသန့် ပြောပေးတာလား'
'Host ရဲ့ ဒီလို တည်တည်တံ့တံ့နဲ့ အလေးအနက် ရှင်းပြနေတဲ့ ပုံစံက တကယ့်ကို ရင်ခုန်စရာကောင်းလွန်းနေပြီ'
"မဖြစ်ဘူး၊ မဖြစ်ဘူး၊ လင်းရော့ယီ နင် ဘာတွေ တွေးနေတာလဲ"
သူမသည် ပါးကို နှစ်ချက်လောက် ပုတ်လိုက်ကာ စိတ်လှုပ် ရှားမှုကို လျှော့ချလိုက်သည်။
သူမ အသက် ၃၀ ပြည့်ရန် အဝေးကြီး လိုပါသေးသည်။
'နောက်ပြီးတော့... Host က ဝိညာဉ်တမန်တော်လေ၊ သူမသာ တကယ် အောက်ကို ဆင်းသွားရင် (သေသွားရင်) အဝါရောင်ရေပန်းလမ်း ကိုပဲ အခေါ်ခံရမှာပေါ့'
"အရင်ဆုံး ပုံမှန်အတိုင်း လက်ဆောင် ပေးလိုက်ဦးမယ်နော်"
လင်းရော့ယီသည် သူမ၏ ငွေစုဘူးလေးကို ဖွင့်ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်ဆောင်တွေ စပေးတော့သည်။
သူမမှာ ပေးနိုင်စရာဆို၍ ငွေသာ ရှိသည် မဟုတ်ပါလား။
...
[တစ်ချက်တည်းနဲ့ အိမ်ပြန်ပို့ပေးလိုက်တာက တော်တော် မိုက်တယ်နော်]
[ဒါဆို လင်းရော့်ယီက အရိုက်ခံရပြီး အိမ်ရောက်သွားတာပေါ့]
ကျန်းလင်က လင်းရော့ယီကို ရိုက်ထုတ်လိုက်စဉ်တွင်။
လင်းရော့ယီတင် လန့်သွားတာ မဟုတ်ဘဲ ပရိသတ်တွေပါ လန့်သွားကြခြင်း ဖြစ်သည်။
[လန့်သွားတာပဲ! Host က ပါးရိုက်ပြီး လင်းရော့ယီကို ဖျောက်ပစ်လိုက်ပြီလို့ အောက်မေ့နေတာ]
[ Host က National Girlfriend ကို လက်ပါသွားပြီလို့ ထင်နေတာအလကား စိတ်လှုပ်ရှားသွားတယ်]
[အပေါ်ကလူ ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ]
ကျန်းလင် ရှင်းပြပြီးနောက်မှသာ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုက ငြိမ်ကျသွားသည်။
ခုနက လင်းရော့ယီ ပြောသွားတဲ့ စကားကို ပြန်စဉ်းစားမိတော့ ရုတ်တရက် အားကျလာကြသည်။
[အမှန်အတိုင်း ပြောရရင်... ကျွန်တော်လည်း Fan Welfare လိုချင်တယ် အား...]
[ငရဲဘုံ တစ်ရက်တာ ခရီးစဉ် Welfare ဆိုရင်ရော အဆင်ပြေမလား]
[တော်ပါပြီ မြင်ယောင်ရုံနဲ့တင် အန်ချင်လာပြီ]
[...]
လှေကားပေါ်မှာတော့ ထိုလူ ၄ ယောက်သည် အရှေ့ကို အားစိုက်ပြီး လျှောက်နေကြဆဲ ဖြစ်သည်။
"ငါ ခြေထောက်တွေ ညောင်းလှပြီ၊ ခဏလောက် နားပြီးမှ သွားရအောင်"
မိန်းကလေးတစ်ယောက်က ရပ်လိုက်ရာ အခြားသူများလည်း ထိုအတိုင်း ခံစားနေကြရသည်။
လှေကားက မရှည်သလို၊ လမ်းလျှောက်တာလည်း မကြာသေးပေ။
သို့သော် အရမ်း ပင်ပန်းနေကြသည်။
ထိုလူအနည်းငယ်သည် လှေကားပေါ်တွင်ထိုင်ကာ လွယ် အိတ်ထဲမှ ပေါင်မုန့်နှင့် အအေးများကို ထုတ်လိုက်ကြသည်။
မုန့်နှင့်စားစရာများမှာအဆင်သင့် ပြင်ဆင်လာပုံရသည်။
အမှန်တော့ ၎င်းတို့က တဲများပင်ပြင်လာကြခြင်း ဖြစ်သည်။
နေ့ဘက်မှာ သရဲမတွေ့လျှင် ညဘက်မှာ အိပ်ဖို့အထိ ပြင်ဆင်ထားကြသည်။
သရဲခြောက်တယ်ဆိုတဲ့ ကောလာဟလတွေ အများကြီး ရှိတာကြောင့် သူတို့ လာကြည့်ချင်နေတာကြာပြီပင်။
"..."
ကျန်းလင်သည် ထိုလူများကို တစ်ချက်ကြည့်လိုက်သော် လည်း ဝင်မပါတော့ပေ။
ထိုအစား အပေါ်ထပ်သို့ တိုက်ရိုက်ပျံတက်သွားသည်။
ဤ 'သရဲတံတိုင်း' က သူ့အတွက်တော့ ဘာမှမဟုတ်ပေ။
သာမန်လူတွေကိုပဲ ပိတ်မိအောင် လုပ်နိုင်ခြင်းဖြစ်သည်။
တာဝန်ရဲ့ အချက်အလက်အရ၊ အဆောက်အအုံထဲက ဝိညာဉ်က နေလာသည်မှာ နှစ်အတော်ကြာနေပြီဖြစ်၏။
သို့သော် လူအသက်ကိုတော့ တစ်ခါမှ မရန်ရှာခဲ့ဖူးပေ။
တစ်ယောက်ယောက် ဝင်လာရင်တောင် သရဲတံတိုင်းတို့၊ ဝင်္ကပါတို့ လုပ်ပြီးတော့ပဲ ခြောက်လေ့ရှိသည်။
လူတွေကို အပြင်ရောက်အောင် မောင်းထုတ်ပြီး နောက်တစ်ခါ မလာရဲအောင် လုပ်တာမျိုး ဖြစ်သည်။
'ဝိညာဉ်ကို ဖမ်းဖို့ တာဝန်ပေးရခြင်း အကြောင်းကတော့...
သူက လူသားတွေရဲ့ ပုံမှန်နေထိုင်မှုကို အနှောင့်အယှက်ပေးနေပြီး လူသားတွေရဲ့ နယ်မြေကို ကျူးကျော်ထား၍ပင်'
'နောက်ဆုံးတော့ ဒီအဆောက်အအုံက မြို့ထဲကနေသိပ်ပြီး မဝေးလှသလို စီးပွားရေးအရလည်း အကျိုးအမြတ် အများကြီး ပေးနိုင်တာကိုး'
ငါးထပ်ကို ရောက်သောအခါ ကျန်းလင်သည် ဝင်္ကပါအသေးစားတစ်ခုနှင့် တွေ့သည်။
ထိုအရာက လူများကို လမ်းလျှောက်ရင်းနှင့် တစ်ထပ်က ဝင်ပေါက်ဆီကို ပြန်ရောက်သွားစေနိုင်သည်။
ခြောက်ထပ်ကို ရောက်သောအခါ မျက်နှာကြက်နှင့် နံရံများမှ ဝိညာဉ်ငယ်လေးများ ထွက်လာသည်။
ထိုတစ္ဆေများမှာ တစ်ဝက်တစ်ပျက် ပွင့်လင်းမြင်သာပြီး အိအိလေးတွေ ဖြစ်နေကာ တီကောင်များကဲ့သို့ ဘယ်ညာ ယိမ်းနွဲ့နေကြသည်။
ထိုနေရာအထိ ရောက်လာတဲ့ သရဲရှာဖွေသူတွေဆိုရင်တော့ ကျေနပ်သွားလောက်ပါပြီ။
ကျန်းလင်ကတော့ သူ့လမ်းအတိုင်း အပေါ်ကို တစ်ရှိန်ထိုး တက်သွားပြီး ဘာအနှောင့်အယှက်မှ မဖြစ်ပေ။
Live က ပရိသတ်တွေကတော့ ဗဟုသုတတွေ အများကြီး ရသွားကြသည်။
[ဟာ... ခုနက ဝင်္ကပါက ဘာကြီးလဲကျွန်တော် လမ်းရှာနေတုန်း ရှိသေးတယ်၊ Host က ဘယ်လို ထွက်သွားတာလဲ]
[ခင်ဗျား မျက်တောင်ခတ်လိုက်လို့နေမှာပါ၊ Host က နံရံကို ဖောက်ထွက်သွားတာလေ၊ ဒီလို လှည့်ကွက်လေးတွေက Host ကို ဘယ်တားနိုင်ပါ့မလား]
[နံရံကို ဖောက်သွားတာလား?? 666... ငါပဲ အမြင်ကျဉ်းသွားတာပဲ]
[ဟို အိအိလေးနဲ့ ဝိညာဉ်ကတော့ ကြည့်ရတာ ရွံစရာကြီးပဲ]
[ကိုယ့်ဘာသာကိုယ် သရဲလိုက်ရှာတဲ့သူတွေက လူ,အတွေပဲ၊ သူတို့ သွားရင်လည်း ဒါတွေကို မြင်ရမှာ မဟုတ်ဘူး၊ Host ရဲ့ Live ကို ကြည့်တာကမှ ပိုတန်သေးတယ်]
[Views ရချင်လို့ လုပ်ကြတာ ဖြစ်မှာပါ...]
[ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီရုတ်တရက် ပေါ်လာတဲ့ ကြောင်လေးက လူရွှင်တော် လုပ်ဖို့ လာတာလား ဟားဟားဟား...]
ကိုးထပ်မြောက်တွင်
ကျန်းလင် အပေါ်ရောက်ရောက်ချင်း ကြောင်ဝိညာဉ်တစ်ကောင်က သူ့ဆီကို ပြေးဝင်လာသည်။
ကျန်းလင်ကို အသေအချာ မြင်လိုက်ရပြီးနောက် ထိုကြောင်သည် လမ်းတစ်ဝက်မှာတင် ဘရိတ်အုပ်ပြီး ချက်ချင်း ကွေ့လိုက်သည်။
ထို့နောက်မြေပြင်ပေါ် ဆင်းပြီးနောက် ကိုယ်ကို လှည့်လိုက်သည်။
တစ်ကိုယ်လုံး အမွေးတွေ ထောင်ကာ ကျန်းလင်ကို ကြည့်ရင်း "ညောင် ညောင်" နှင့် အသံပြုနေသည်။
ကျန်းလင်က သူ့ကို တစ်ချက် စောင်းကြည့်သော်ခဏ အတွင်းမှာတင် ကြောင်ဝိညာဉ်သည် မိမိကိုယ်ကို အလွန် ကြောက်စရာကောင်းသော အရာတစ်ခု၏စိုက်ကြည့်ခြင်း ခံနေရသည်ဟု ခံစားလိုက်ရသည်။
ဤကဲ့သို့ ကြောက်စရာကောင်းသည့် ခံစားချက်က ကျားတစ်ကောင်ထက်တောင် ပိုပြီးကြောက်စရာကောင်းသည်။
သူ့ အသိစိတ်ကလည်းပြောနေသည်မှာလည်း အခုမပြေးလျှင် ဝိညာဉ်ဖျက်ဆီးခံရတော့မည်ဟူ၍ပင်။
"ညောင်... ဝူး..."
ကြောင်ဝိညာဉ်က တစ်ချက်အော်လိုက်ပြီး ချက်ချင်းပင် အရိပ်တောင် မကျန်အောင် ထွက်ပြေးသွားတော့သည်။
ကျန်းလင်သည် စင်္ကြန်လမ်း၏အဆုံးကို လှမ်းကြည့်လိုက်သည်။
၎င်းနေရာက သရဲချီဝိညာဉ်ဓာတ် အပြင်းထန်ဆုံး နေရာပင် ဖြစ်သည်။
...
စင်္ကြန်လမ်းအဆုံးက အခန်း ...
ဤနေရာကတော့ တစ်အဆောက်အအုံလုံးမှာ အသန့်ရှင်းဆုံးနဲ့ အသပ်ရပ်ဆုံး နေရာ ဖြစ်မှာပါ။
ကြမ်းပြင်ကို လှဲကျင်းထားပြီး၊ အသုံးမလိုတဲ့ အမှိုက်တွေကို သိမ်းဆည်းထားကာ ပင့်ကူအိမ်များကိုပင် ရှင်းလင်းထား သည်။
ထိုအချိန်တွင် ဝိညာဉ်ပုံရိပ် အုပ်စုတစ်စုသည် အခန်းထဲတွင် အလွန် ပျော်ရွှင်စွာဆော့ကစားနေကြသည်။
ထိုအထဲတွင် ဝိညာဉ်ပုံရိပ် ၃ ခုသည် လူအုပ်၏အလယ်တွင် ဝိုင်းဖွဲ့ထိုင်နေကြပြီး လက်ထဲတွင် ဖဲချပ် (ပိုကာ) တစ်ချပ်စီ ကိုင်ထားကြသည်။
"၄ သုံးလုံး၊ ဗုံး စားမလား"
"..."
အသက် ၁၅-၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ၊ အလေးအနက်ထားသော အမူအရာဖြင့် လက်ထဲက ဖဲချပ်တွေကို ကြည့်နေသည်။
ထို့နောက်သံသယမျက်လုံးများဖြင့် သူမရှေ့က လူနှစ်ယောက်ကို စိုက်ကြည့်နေလိုက်၏။
ဘေးနားမှ ဝိုင်းကြည့်နေသူများသည်လည်း အသက်ရှူအောင့်ကာ လိုက်ပြီး ရင်ခုန်နေကြသည်။
"မစားဘူး"
နောက်ဆုံးတော့ မိန်းကလေးက စကားပြောလာသည်။
ဝိုင်းကြည့်နေသူများ အကုန်လုံးသက်ပြင်းချနိုင်သွားကြကာတွေးလိုက်ကြသည်
'အသက်ရှူအောင့်ထားလို့ နောက်တစ်ခါ ထပ်ပြီးသေတော့မလို့'
"၃ နဲ့ ၁ စားမလား"
တစ်ဖက်လူက ဖဲထပ်ချလိုက်သည်။
K သုံးလုံးနှင့် ၅ တစ်လုံး...
မိန်းကလေးက ထပ်ပြီး မျက်မှောင်ကြုတ်ကာ သူမရဲ့ ဖဲများကို ကြည့်လိုက်သည်
'အားလုံးက အတွဲ တွေချည်းပဲ'
မတတ်နိုင်တော့ဘူး၊ ဒါပဲ ရှိတော့တယ်...
"အေ့စ်ကတ် "
ထို့နောက်မိန်းကလေးက လက်ကို ဝှေ့ယမ်းပြီး 'ဂျိုကာ' တစ်စုံကို ပစ်ချလိုက်သည်။