အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
🫧 Chapter 43
"အေစ့်ကဒ်"
မိန်းကလေးက လက်ကို ဝှေ့ယမ်းကာ 'ဂျိုကာ' တစ်စုံကို ပစ်ချလိုက်သည်။
"အိုးးးးး"
ဝိုင်းကြည့်နေသူများက တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
ဤဂျိုကာတစ်စုံမှာ နောက်ဆုံးတွင်တော့ ထွက်ပေါ်လာချေပြီ။
"မြောင်... ဝူး..."
ကြောင်ဝိညာဉ်လေးသည် အခန်းထဲသို့ ရုတ်တရက် ပေါ်လာပြီး မိန်းကလေး၏ ပေါင်ပေါ်သို့ တိကျမြန်ဆန်စွာ ခုန်တက်သွားသည်။
၎င်းမှာ အားငယ်နေပုံရပြီး သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်နေ၏။
"မြောင်... ဝူး~"
"ဘာဖြစ်တာလဲ ယိုယို"
'ယိုယို' ဆိုသည်မှာ ထိုမိန်းကလေးက ကြောင်ဝိညာဉ်လေးကို ပေးထားသော နာမည် ဖြစ်သည်။
မိန်းကလေးသည် ယိုယို၏ အမွေးများကို ပွတ်သပ်ပေးရန် ပြင်လိုက်စဉ်မှာပင် ကြောင်လေးမှာ ရုတ်တရက် ခုန်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
၎င်းသည် သူမကို အလွန်သတိကြီးစွာ ကြည့်နေပြီး တစ်ကိုယ်လုံးရှိ အမွေးများမှာ ထောင်ထနေ၏။
သွားများကို ဖြဲပြကာ လည်ချောင်းထဲမှ "ဝူး ဝူး" ဟု အသံပြုနေသည်။
မိန်းကလေး သိသည်မှာ ဤသည်မှာ ယို့ယို့ တစ်စုံတစ်ခုကို တိုက်ခိုက်ချင်သော်လည်း ကြောက်ရွံ့နေသည့် အမူအရာပင် ဖြစ်သည်။
"ဘာဖြစ်လို့လဲ"
သူမသည် ကြောင်ကို ပွေ့ချီရန် ပြင်လိုက်စဉ် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပုံမှန်ထက် ပို၍ တိတ်ဆိတ်နေသည်ကို သတိပြုမိသွားသည်။
မော့ကြည့်လိုက်ရာ သူမ၏ သူငယ်ချင်း ဝိညာဉ်များ အားလုံးမှာ သူမကို ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။
မျက်နှာများမှာ မတူညီကြသော်လည်း အမူအရာမှာမူ အတူတူပင်။ 'ထိတ်လန့်ခြင်း' နှင့် 'တုန်လှုပ်ခြင်း' နှစ်ခုတည်းသာဖြစ်၏။
မိန်းကလေးသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသော်လည်း အနောက်သို့ လှည့်မကြည့်သေးပေ။
သူမသည် အခြားတစ်နေရာသို့ လျင်မြန်စွာ ခုန်ကူးလိုက်ပြီးမှ အနောက်သို့ လှည့်ကာ တိုက်ခိုက်မည့် အနေအထားပြင်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမ သိလိုက်သည်မှာ... ထိုသူများ ကြည့်နေသည်မှာ သူမကို မဟုတ် သူမ၏ အနောက်ရှိ အရာတစ်ခုကိုသာ။
...
ချီယောင်ယောင်သည် တစ်စုံတစ်ခု မှားယွင်းပါက ချက်ချင်း ထွက်ပြေးရန် ပြင်ထားသော်လည်း လူအများကိုကြောက် လန့်စေသော အရင်းအမြစ်ကို ရှင်းလင်းစွာမြင်လိုက်ရသောအခါ ကြောင်အမ်းသွားရသည်။
"ပိုင်ဝူချန် Host လား"
"အင်းဟင်..."
ချီယောင်ယောင်၏အနောက်ရှိ ဝိညာဉ်အုပ်စုမှာ ထိတ်လန့်နေဆဲ အမူအရာများဖြင့် သူမကို ဝိုင်းကြည့်လိုက်ကြသည်။
သူတို့ မျက်လုံးများထဲတွင် 'နင်က သိလို့လား?' ဟု မေးနေသကဲ့သို့ပင် ကြီးမားသော ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေကြ၏။
ကျန်းလင်သည် နံရံကို ဖောက်ကာ တိုက်ရိုက်ဝင်လာခြင်း ဖြစ်သည်။ ဝင်လာပြီးနောက် သူသည် တံခါးဝတွင် ရပ်နေသည်။
ဤနေရာမှာ ဤမျှ စည်ကားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤဝိညာဉ်များ၏ ဘဝလေးမှာ တကယ့်ကို အေးဆေးလွန်းလှသည်။
ဖဲတောင် အေးအေးဆေးဆေး ရိုက်နိုင်ကြသေးသည်။
"ရှင်က ဟိုပိုင်ဝူချန် Host မဟုတ်လား" ဟု ချီယောင်ယောင်က မတင်မကျ မေးလိုက်သည်။
ကျန်းလင် လှမ်းကြည့်လိုက်ရာ ဤမိန်းကလေးမှာ သူ၏ ယခုအကြိမ် တာဝန်ဖြစ်နေသည်။
"မင်း ငါ့ကို သိတာလား"
ဘေးနားရှိ ဝိညာဉ်အုပ်စုမှာလည်း မေးချင်နေသော်လည်း ရှေ့မှ ဝိညာဉ်တမန်တော်ကို ကြည့်ကာ... ထိုဖိနှိပ်ထားသော အရှိန်အဝါနှင့် မသိမသာ ထွက်ပေါ်နေသော စွမ်းအားများကြောင့် သူတို့အားလုံးမှာ နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်ကြသည်။
'သေမှာ မကြောက်လို့သာပေါ့... အားနည်းတဲ့သူ တစ်ယောက် ယောက်သာ ဆိုလျှင် သူတို့ အခုချိန် လစ်ပြေးကြတာ ကြာလှပြီ'
သူမ သိထားသော Host ဖြစ်နေသည်ကို မြင်ရသောအခါ ချီယောင်ယောင်မှာ စိတ်အေးသွားပုံရသည်။
တိုက်ခိုက်မည့် ပုံစံကို ဖျက်လိုက်ကာ ပြုံးပြလိုက်ပြီး သူမ ခုနက ထိုင်ခဲ့သောနေရာကို သေချာစွာ သုတ်ပေးလိုက်၏။
"Host... ဒီမှာ ထိုင်ပါဦး"
"..."
"ဘာတွေ ဖြစ်နေတာလဲ"
"ချကြရမှာ မဟုတ်ဘူးလား"
Live Room အတွင်းရှိ ပရိသတ်များမှာလည်း ကြောင်အမ်းသွားကြသည်။
ဤတုံ့ပြန်မှုမှာ လုံးဝ မမှန်ကန်ပေ။
'ညီမလေးရေ... နင့်သူငယ်ချင်းတွေရဲ့ ထိတ်လန့်နေတဲ့ မျက်နှာတွေကို မမြင်ဘူးလားဒီဇာတ်လမ်းသွားက ဘာလို့ နားမလည်နိုင်အောင် ဖြစ်နေရတာလဲ'
[ဒီသရဲက Host ရဲ့ Fan များလားသရဲတွေမှာလည်း Live ကြည့်ဖို့ ဖုန်းရှိနေတာလား]
[အံ့သြစရာပဲ]
[ကြည့်ရတာ ကိုယ့်ဘက်တော်သား ထင်တယ်၊ အမှန်အတိုင်း ပြောရရင် ဒီညီမလေးက တော်တော်ချစ်ဖို့ကောင်းတာပဲ]
[သူက Host ရဲ့ Live ကို ကြည့်ဖူးတာဆိုတော့ ဟုတ်နေတာပေါ့]
Host ရဲ့ Live ကို ကြည့်ဖူးသူတိုင်း သိကြသည်မှာ Host သည် ဝိညာဉ်များအပေါ် အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံလေ့ရှိပြီး ညှဉ်းပန်းနှိပ်စက်ခြင်းလည်း မပြုပေ။
ထို့ကြောင့်အလွန် တရားမျှတသူဟု ဆိုရမည်။
[ဒီညီမလေးကတော့ လမ်းမှန်ကို ရွေးလိုက်ပြီပဲ]
[အခုခေတ် သရဲတွေရဲ့ ဘဝက ဒီလောက်တောင် အဆင့်မြင့်နေပြီလား၊ ဖဲရိုက်တာရော Live ကြည့်တာရော အစုံပဲ]
[ငါ ထင်တာတော့ သူ ဂိမ်းတောင် ဆော့ဦးမှာ]
[ဟာ... ခင်ဗျား အဲ့လိုပြောလိုက်တော့ နောက်ခါ ငါ ဂိမ်းဆော့ရင် စိတ်ဖြောင့်ပါဦးမလား]
...
ကျန်းလင် မထိုင်သည်ကို ချီယောင်ယောင်က ဂရုမစိုက်ဘဲ ဆက်လက် ရှင်းပြသည်။
"ဒီကို လာစမ်းတဲ့သူတွေ ခဏခဏရှိတော့ လူတွေရဲ့ ဖုန်းထဲကနေ ရှင့်ရဲ့ Live ကို ကြည့်ဖူးတာပါ၊ အဲ့ဒီတုန်းက တွေးမိသေးတယ်၊ ဝိညာဉ်တမန်တော်တွေရဲ့ ဘဝက ဒီလိုမျိုးပါလား ဆိုပြီးတော့..."
"ဟုတ်သားပဲ Host၊ ရှင် အခုလာတာ ကျွန်မကြောင့်လား"
ချီယောင်ယောင်သည် ကျန်းလင်ကိုကြည့်ကာ လိမ္မာစွာရပ် နေပြီး ပူးပေါင်းဆောင်ရွက်လိုသော အမူအရာဖြင့် မေးလိုက်သည်။
"ကျွန်မ ဘာလုပ်ပေးရမလဲ"
"ဟမ် "
ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်သူငယ်ချင်းများမှာ ချီယောင် ယောင်ကို တစ်လှည့်၊ သေမင်းအလား အရှိန်အဝါပြင်းလှသော ဝိညာဉ်တမန်တော်ကို တစ်လှည့် ကြည့်ကာ အသက်ရှူအောင့်လိုက်ကြသည်။
'ဒါက ချီယောင်ယောင်ကို ဖမ်းဖို့ လာတာလား'
' သူမက ဘာလို့ ဒီလောက်တည်ငြိမ်နေနိုင်ရတာလဲ?'
'ဒါနဲ့... သူတို့ကို ဖမ်းဖို့ လာတာ မဟုတ်ရင် သူတို့ လစ်လို့ ရပြီမလား'
ထိုသို့ တွေးတောရင်း ဝိညာဉ်လေးတစ်ကောင်မှာ ခြေလှမ်းတစ်လှမ်းကို အသာအယာ လှမ်းလိုက်သည်။
လှမ်းလိုက်ရုံ ရှိသေး...
ကျန်းလင် သိလိုက်ကာ ထိုဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
"..."
ထိုဝိညာဉ်လေးနှင့် ဘေးနားရှိ ဝိညာဉ်များမှာ ထိတ်လန့်လွန်းသဖြင့် အသက်ရှူပင် ရပ်သွားကြသည်။
ထိုဝိညာဉ်လေးမှာ ခြေထောက်ကို မ ထားသည့် အနေအထားအတိုင်း ကျောက်ရုပ်အလား တည်ငြိမ်သွား၏။
ဝိညာဉ်တမန်တော်ကို ထပ်မံ အနှောင့်အယှက် မပေးမိစေရန် အစွမ်းကုန် ကြိုးစားနေကြသည်။
သူတို့သည်လုံးဝ မလှုပ်ရဲတော့ပါ...
[လူတွေ လာစမ်းကြတယ် ဟုတ်လားအဲ့ဒီ သရဲလာရှာတဲ့ သူတွေ သိရင်တော့ ငိုချင်သွားလိမ့်မယ်၊ ဒါက သူတို့ကို စောင့်နေတာပဲ]
[ဒီကမ္ဘာက တကယ်ကို ထူးဆန်းတယ်၊ အဖမ်းခံရမယ့် သရဲက Host ကို အလိုအလျောက် ပူးပေါင်းဆောင်ရွက်နေတယ်]
[ကျွန်တော်လည်း ပထမဆုံး မြင်ဖူးတာပဲ။ ဒါက ရဲက လာဖမ်းတာကို တရားခံက သူ့လက်ကို သူ ထိုးပေးပြီး အဖမ်းခံနေသလိုပဲ]
[ဒါက Host မို့လို့ ဖြစ်မှာပါ၊ တခြားသူသာ ဆိုရင် ဒီညီမလေးက အပေါ်ကနေ ခုန်အုပ်မှာ ကြာလှပြီ]
[ဒါက Host ရဲ့ စွမ်းအားကို ကြောက်လို့နေမှာပါ... ဘေးက ဝိညာဉ်တွေ ကြောက်နေတာ ကြည့်ဦး]
[ဟို ဝိညာဉ်လေးကတော့ ကြောက်လို့ ဆီးတောင် ထွက်တော့မယ် ထင်တယ်]
[ဒါနဲ့ သရဲတွေက အိမ်သာ တက်သလား]
[...... ဒါက အတွေးအခေါ်ပိုင်းဆိုင်ရာ မေးခွန်းပဲဟ]
Live Room ၏ Comment များမှာ တရစပ် တက်လာနေသည်။
ကျန်းလင်သည်လည်း ယခုအကြိမ် တာဝန် ရည်မှန်းချက်က ဤမျှ ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
Live လွှင့်ရခြင်းက ဤသို့သော အကျိုးကျေးဇူး ရှိလိမ့်မည်ဟုလည်း မသိခဲ့ပါ။
ထို့ကြောင့် သူက တိုက်ရိုက်ပင် မေးလိုက်တော့သည်။
"မင်း ဘာလို့ ဒီမှာ အမြဲတမ်းနေနေတာလဲ ပြီးတော့ ဝင်လာတဲ့ လူသားတွေကို ဘာလို့မောင်းထုတ်တာလဲ"
သူ့ ယခုတာဝန်တွင် အရေးကြီးဆုံးအချက်မှာ ဤအဆောက် အအုံကို ဝိညာဉ်များ ကျူးကျော်ထားသည့်ကိစ္စကို ဖြေရှင်းရန် ဖြစ်သည်။
"အာ... ဒါလား"
ချီယောင်ယောင်က မျက်တောင်လေး ခတ်လိုက်ကာ "ဘာလို့လဲဆိုတော့ ကျွန်မ အဖေက ဒီအဆောက်အအုံ ဆောက်လုပ်ရေးမှာ ပါဝင်ခဲ့ဖူးလို့ပါ နောက်ပိုင်း သူ ဆုံးသွားခဲ့တယ်"
ကျန်းလင်က အေးဆေးစွာ ပြောသည်။
"ဒါပေမဲ့ မင်း ဒီမှာ နေနေတာက လူသားတွေရဲ့ နေထိုင်မှုကို ထိခိုက်စေတယ်"
တာဝန်အချက်အလက်အရ သူမသည် ဒီမှာ နေရုံသာမက ဝင်လာသည့် လူတိုင်းကို ခြောက်လှန့်မောင်းထုတ်ခဲ့သည်။
နောက်ပိုင်း စစ်ဆေးရန် လာသူများကိုလည်း အကုန် မောင်းထုတ်ခဲ့သည်။
"ဪ... ဒါကြောင့်ကိုး"
ချီယောင်ယောင်က သဘောပေါက်သွားကာ ကျန်းလင် လာရခြင်း အကြောင်းရင်းကိုလည်း နားလည်သွားသည်။
"ကျွန်မ အချိန်မရွေး ထွက်သွားလို့ ရပါတယ်! ဒါပေမဲ့..."
သူမက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ကာ "ပိုင်ဝူချန် အရှင်... ရှင် Live လွှင့်နေတုန်းပဲလား"
"အင်း"
System က ပေးထားသော Live ကိရိယာမှာ အလွန်သေးငယ်လှသည်။
သေသေချာချာ မကြည့်လျှင် လုံးဝမြင်နိုင်မည် မဟုတ်ပေ။
"ဒါဆို ပြောရတာ လွယ်သွားပြီ Host... ကျွန်မကို မိနစ်အနည်းငယ်လောက် စောင့်ပေးပါ"
သူမ ထွက်သွားပေးနိုင်သော်လည်း လူသားများကို အသိပေးချင်သည့် ကိစ္စတစ်ခု ရှိနေသည်။
ချီယောင်ယောင်သည် ကင်မရာ ဘယ်မှာမှန်း မသိသော် လည်း ပုံမှန်အားဖြင့် ကင်မရာသည် အပေါ်မှအောက်သို့ ရိုက်လေ့ရှိသည်ဟု ယူဆကာ ခါးကိုထောက်ပြီး မျက်နှာကြက်ကို မော့ကြည့်လိုက်သည်။
"Live Room က သူငယ်ချင်းတို့ အားလုံးမင်္ဂလာပါ၊ အခု လူဘယ်လောက် ကြည့်နေလဲဆိုတာ ကျွန်မ ခန့်မှန်းကြည့်မယ်နော်..."
"တစ်သိန်းလား တစ်သန်းလား"
"အနည်းဆုံးတော့ တစ်သန်းကျော်မယ် ထင်တယ်... ဒါနဲ့ အခု Live ထဲမှာ သက်ဆိုင်ရာ ဌာနက လူတွေရှိလား ကျွန်မ အွန်လိုင်းကနေ တိုင်ကြားစာတစ်ခု တင်ချင်လို့ပါ"
ချီယောင်ယောင်သည် ကင်မရာရှေ့တွင် ရဲရဲဝံ့ဝံ့ ရပ်ကာ မေးမြန်းလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ၏မျက်လုံးအစုံမှာ ကြည်လင်ပြီး အသက်ဝင်လှသော သမင်မျက်လုံးလေးများကဲ့သို့ပင်ဖြစ်နေ၏။
🫧 Chapter 44
"တစ်သိန်းလား တစ်သန်းလား"
"ကျွန်မ ခန့်မှန်းကြည့်တာတော့ အနည်းဆုံး လူသန်းချီ ရှိမယ် ထင်တယ်... ဒါနဲ့ Live Room ထဲမှာ သက်ဆိုင်ရာဌာနက လူတွေ ရှိလား ကျွန်မ အွန်လိုင်းကနေ တိုင်ကြားစာတစ်ခု တင်ချင်လို့ပါ"
ချီယောင်ယောင်သည် မျက်နှာကြက်ကို မော့ကြည့်ကာ အရင်ဆုံး Live Room ထဲရှိ လူအားလုံးကို နှုတ်ဆက်လိုက်သည်။
ထို့နောက် သူမ လာရခြင်း အကြောင်းအရင်းကိုရှင်းပြတော့ သည်။
ကျန်းလင်သည် Live Room ကို တစ်ချက် ကြည့်လိုက်၏။
သူသည် Live ၏ အခြေအနေကို အချိန်မရွေး စစ်ဆေးနိုင်သည်။
ချီယောင်ယောင် က ပရိတ်သတ်များကို မမြင်ရသော်လည်း Live ထဲမှ လူများက သူမကို ပြန်လည် တုံ့ပြန်နေကြပြီ ဖြစ်သည်။
[ရှိတယ် ရှိတယ်၊ ရဲတပ်ဖွဲ့ဝင်တွေ အကုန် ရှိနေတယ်]
[ဒါက ဘယ်လို ဇာတ်လမ်းမျိုးလဲ၊ သရဲက မတရားမှုကို တိုင်တန်းနေတာလား]
[နင် ပြောစရာရှိတာ ပြောပါ၊ ဌာနကလူတွေ မရှိရင်တောင် ငါတို့က နင့်ကိုယ်စား ဖုန်းဆက်ပြီး တိုင်ပေးမယ်]
[ဟုတ်တယ်၊ ဟုတ်တယ်]
...
"ဟင်းဟင်း... ဒါဆို ကျွန်မ ပြောပြီနော်"
ချီယောင်ယောင်သည် လည်ချောင်းကို တစ်ချက် ရှင်းလိုက်ကာ
"ကျွန်မ ဒီနေရာကို အပိုင်စီးထားရတဲ့ အကြောင်းရင်းက ဒီအဆောက်အအုံမှာ ပြဿနာရှိနေလို့ပါ"
"ကျွန်မ အဖေက အရင်တုန်းက ဒီမှာ အလုပ်လုပ်ခဲ့တဲ့ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးပါ၊ ဒီကိစ္စကို သူ ဖုန်းပြောနေတာကို ကျွန်မ ကြားခဲ့တာ"
"အဲ့ဒီတုန်းက ဒီမှာ အလုပ်လုပ်နေရင်းနဲ့ ကျွန်မအဖေနဲ့ တခြား အလုပ်သမားတွေက ဒီအဆောက်အအုံမှာ သုံးတဲ့ ပစ္စည်းတွေမှာ ပြဿနာရှိနေတယ်ဆိုတာကို ရိပ်မိခဲ့ကြတယ်"
ရင်ထဲမှာ အကြာကြီးသိမ်းဆည်းထားခဲ့ရသော ကိစ္စကို ပြောပြရန် အခွင့်အရေးရလာပြီဖြစ်ရာ သူမ မလောတော့ပေ။
စကားလုံးများကို ပြတ်သားစွာ ပြောဆိုရင်း Live ထဲမှ လူတိုင်း သေချာကြားစေရန် လုပ်ဆောင်နေသည်။
"အဲ့ဒီတုန်းက ကျွန်မအဖေက တာဝန်ရှိသူကို သွားပြောခဲ့ပေမဲ့ ဘာတုံ့ပြန်မှုမှမရခဲ့ဘူး၊ တစ်ဖက်ကလည်း ဘာမှ အရေးယူ ဆောင်ရွက်တာမျိုး မရှိခဲ့ဘူး"
"ကျွန်မအဖေလည်း မတတ်နိုင်ဘူးလေ၊ သူက လယ်သမား အလုပ်သမားတစ်ယောက်ပဲ၊ ဘာမှလည်း မတတ်ဘူး၊ အင်မတန်လည်း ရိုးအေးလွန်းတယ်"
"ဒါကြောင့် သူ အလုပ်ကနေ တိုက်ရိုက်ထွက်လိုက်တယ်၊ ဒါက ကျွန်မအဖေလို လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ စဉ်းစားလို့ရတဲ့ အထိရောက်ဆုံးနဲ့ အရှင်းဆုံးနည်းလမ်းပဲလေ"
"ရလဒ်ကတော့ ရှင်တို့ ထင်ထားတဲ့အတိုင်းပါပဲ၊ ကျွန်မအဖေ မလုပ်လည်း တခြားလူတွေက ဆက်လုပ်နေကြတာပဲ"
ပြောရင်းနှင့် သူမသည် လက်ကို ဖြန့်ကာ ပုခုံးတစ်ချက် တွန့်ပြလိုက်သည်။
ထိုအမူအရာမှာ မည်သည်မျှ မတတ်နိုင်သည့် အမူအရာမျိုး ဖြစ်သည်။
အစောပိုင်းက ဤအဆောက်အအုံကို ရောင်းချပြီးနောက် လူသေမှုပင် ဖြစ်ပွားခဲ့ဖူးသော်လည်း အကြောင်းအရင်း အမှန်ကိုမူ ဖုံးကွယ်ထားခဲ့ကြသည်။
ကြည့်ရသည်မှာ ထိုသူများသည် တိတ်တဆိတ် သဘောတူညီချက် တစ်ခုခု ရယူထားပုံရသည်။
"နောက်ပိုင်း ကျွန်မအဖေက တခြား လုပ်ငန်းခွင်ကို ပြောင်းသွားရင်း မတော်တဆမှုနဲ့ ဆုံးသွားခဲ့တယ်"
"ကျွန်မ လုပ်ငန်းခွင်ကို သွားပြီး လျော်ကြေးငွေ တောင်းဖို့ သွားတဲ့လမ်းမှာ ရေမြောင်းထဲကျပြီး ကျွန်မလည်း ဆုံးသွားခဲ့ရတယ်"
မိမိကိုယ်တိုင် သေဆုံးမှုအကြောင်းကို ပြောပြနေချိန်တွင်ပင် သူမ မျက်နှာမှာ ထိုအတိုင်းပင် အေးဆေးနေဆဲဖြစ်သည်။
"ကျွန်မ မရသေးတဲ့ လျော်ကြေးငွေကို နှမြောနေမိပြီး ဘယ်လိုကနေ ဘယ်လို သရဲဖြစ်သွားမှန်း မသိဘူး"
"အစကတော့ လျော်ကြေးငွေ သွားတောင်းမလို့ပဲ၊ ဒါပေမဲ့ လမ်းမှာတင် သတိရသွားတယ်၊ လျော်ကြေးရလာလည်း ငါ သုံးလို့ရတာမှ မဟုတ်တော့တာပဲ"
"အဲ့ဒါနဲ့ ကျွန်မအဖေ မသေခင်အထိ စိုးရိမ်နေခဲ့တဲ့ ဒီအဆောက်အအုံကို သတိရသွားတယ်၊ ကျွန်မ တစ်ခုခု အသုံးဝင်မလား ဆိုပြီး ဒီကို လာခဲ့တာပဲ"
ဇာတ်လမ်း တစ်ခုလုံးက ဤကဲ့သို့ အလွန် ရိုးရှင်းလှသည်။
သူမကိုယ်တိုင်လည်း လက်ခံထားပြီးသား ဖြစ်သည်။
သူမ ဆုံးချိန်တွင် အသက် ၁၅ နှစ်သာ ရှိသေးရာ ငယ်ရွယ်နုပျိုပြီး ဘာကိုမျှ ဂရုမစိုက်သည့် အချိန် ဖြစ်သည်။
တခြားသူများလို ပုန်ကန်ချင်စိတ် သိပ်မရှိသော်လည်း သူမသည် သာမန်လူထက် ပို၍ စိတ်ဓာတ် ခိုင်မာသူ ဖြစ်ကာ အရာရာကို ရိုးရှင်းစွာတွေးတောတတ်သည်။
နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များမှာ ကျန်းလင် သိထားသော တာဝန် အချက်အလက်များအတိုင်းပင်။
သူမသည် နေထိုင်သူများကို ခြောက်လှန့် မောင်းထုတ်ခဲ့သည်။
ထို့နောက် အတားအဆီးပေါင်းစုံလုပ်ပြီး ဒီကို လာစမ်းသပ်သူများကိုလည်း မောင်းထုတ်ခဲ့သည်။
ဤအဆောက်အအုံသည် အပြင်ပန်းကြည့်လျှင် ကောင်းမွန်သော်လည်း အချို့နေရာများမှာ စတင်ပျက်စီးနေပြီ ဖြစ်သည်။
"..."
ချီယောင်ယောင်သည် အစမှအဆုံးအထိ တည်ငြိမ်နေပြီး တခြားသူတစ်ယောက်၏ အကြောင်းကို ပြောနေသကဲ့သို့ပင်။
Live Room အတွင်းရှိ ပရိသတ်များမှာမူ နှုတ်ဆိတ်သွားကြသည်။
Host နောက်ကို လိုက်လာစဉ်က ဤအဆောက်အအုံကို အပိုင်စီးပြီး လူတွေကို ခြောက်နေသည့် သရဲတစ်ကောင်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
နောက်ကွယ်တွင် ဤမျှ ဇာတ်လမ်းများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ပို၍ အံ့သြစရာ ကောင်းသည်မှာ ဤမိန်းကလေးသည် မိမိ၏ သေဆုံးပုံကို ဤမျှ တည်ငြိမ်စွာ ပြောပြနိုင်ခြင်းပင်။
[သူတို့ သားအဖက အရင်ဘဝက ကံဆိုးမှုအိုးကို မှောက်ခဲ့မိလို့လား]
[ဒါက... တကယ်ပဲ သေသွားတာတောင် စိတ်ဓာတ် ပြင်းထန်လွန်းတယ်၊ ကျွန်တော်တော့ သူ့ကို လေးစားသွားပြီ]
[လေးစားမှု +၁]
[ကျွန်တော့်မှာ ရဲတင်းတဲ့ ခန့်မှန်းချက်တစ်ခု ရှိတယ်၊ သူတို့ သေတာက ဟို တာဝန်မဲ့တဲ့ တာဝန်ခံတွေက လုပ်ကြံလိုက်တာများလား]
[သက်ဆိုင်ရာ ဌာနကလူတွေ ရှိလား မရှိလည်း ကိစ္စမရှိဘူး၊ ကျွန်တော် အခုလေးတင် ဖုန်းဆက် တိုင်လိုက်ပြီ]
[ရဲတပ်ဖွဲ့ - ကျွန်တော်တို့လည်း အထက်ကို တင်ပြထားပါပြီ]
ရဲတပ်ဖွဲ့က ပေါ်လာသည်နှင့် ပရိသတ်များမှာ အားတက်သွားကြသည်။
ဤကိစ္စက ဤနေရာမှာတင် မပြီးသေးပေ။
'ဒီအဆောက်အအုံကို တည်ဆောက်ခဲ့သူက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက် အရှိန်အဝါ ကြီးပါစေ... ဒီကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားမည်ဆိုပါက... သန်းပေါင်းများစွာသော ပရိသတ်များကို ရင်ဆိုင်ဖို့သာ ပြင်ထားပေတော့'
မဟုတ်လျှင် ဤသားအဖ၏ဝိညာဉ်များကို အားနာစရာ ကောင်းလှသည်။
အဆောက်အအုံ၏ လုံခြုံရေးအတွက် သေပြီးတာတောင် စိုးရိမ်စိတ်ဖြင့် စောင့်ရှောက်နေကြခြင်း ဖြစ်သည်။
အခုကြည့်လျှင်မူ ထိုဝိညာဉ်များ၊ ဝင်္ကပါများမှာ လူ့အသက်ကို ကာကွယ်ပေးသည့် ခြံစည်းရိုးများ ဖြစ်နေချေပြီ။
ဤမျှ ကာလပတ်လုံး ဤသရဲမလေးသည် လူဘယ်နှစ်ယောက်ကို ကယ်ခဲ့သည် မသိပေ။
ဤအချက်တစ်ခုတည်းနှင့်ပင် ဒီကိစ္စက ဒီမှာတင် မပြီးနိုင်တော့ပါ။
သူတို့မှာ ငွေမရှိလျှင်တောင် တစ်ယောက် စကားတစ်ခွန်းနှင့် လူပြောအများဆုံး သတင်းဖြစ်အောင် လုပ်ကြမည်သာ ဖြစ်သည်။
[လင်းလင်း: သူဌေးကြီးကလည်း ဒီကိစ္စကို အာရုံစိုက်နေပါတယ်လို့ ပြောပါတယ်]
[ခင်ဗျားက ဘယ်လိုသိတာလဲ၊ ခင်ဗျားက သူဌေးကြီးရဲ့ အဖေမှ မဟုတ်တာ]
[လင်းလင်း... ဒါ နိုင်ငံ့အချစ်တော်လေးလင်းရော့ယီ မဟုတ်လား]
[လင်းလင်း: အင်း]
[လင်းလင်းက Host ကို 'မိုးမျှော်တိုက်ကြီး' ကိုလက်ဆောင် ပေးလိုက်ပါပြီ]
[...]
ရုံးခန်းထဲတွင် လင်းရော့ယီသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အလုပ်ချိန်အတွင်း Live ခိုးကြည့်နေခြင်းဖြစ် သည်။
ပရိသတ်များကို ပြန်လည်ဖြေကြားပြီးနောက် သူမသည် လက်ဆောင်များစွာကိုလည်း ပေးလိုက်၏။
လက်ဆောင်ပေးခြင်းမှာ သူမအတွက် အလေ့အကျင့်တစ်ခု ဖြစ်နေချေပြီ။
လက်ဆောင်ပေးသည့် အောက်တွင် ပရိသတ်များ၏တုန် လှုပ်မှုများစွာ ရှိနေသည်။
သူဌေးကြီးများလည်း Live ကြည့်တတ်သည်ကို သူတို့ မသိခဲ့ကြပေ။
သူဌေးကြီးတွေဆိုသည်မှာ ငွေရှာနေခြင်း သို့မဟုတ် လမ်းပေါ်၌သာ ငွေသုံးနေသည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
Live တွင် လင်းရော့ယီ၏လက်ဆောင်များ ထပ်မံဖြတ်သန်းသွားသည်။
[...]
[ကောင်းပြီလေ.. လင်းရော့်ယီက ငွေသုံးနေတဲ့ အချိန်ဖြစ်နေတာပေါ့]
...
Live Room သည် သန်းပေါင်းများစွာသော အားပေးမှုကို ရရှိနေသလို၊ လူ့လောကရှိ အမှုပေါင်းများစွာကိုလည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ကူညီဖြေရှင်းပေးနေသည်။
"အာ... နောက်ဆုံးတော့ ပြောလိုက်ရပြီ၊ ကျေးဇူးတင်ပါတယ် Host"
ချီယောင်ယောင်သည် ပခုံးပေါ်မှ ဝန်ထုတ်ဝန်ပိုးကြီးကို နောက်ဆုံးတွင် ချလိုက်ရသဖြင့် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
အခုဆိုလျှင် သူမအဖေလည်း စိုးရိမ်နေတော့မည် မဟုတ်ပေ။
ထိုနေ့ရက်များတွင် သူမအဖေသည် လုပ်ငန်းခွင်သို့သွား ရောက် ဆူပူခဲ့ဖူးသလို တာဝန်ခံများကိုလည်း အကြိမ်ကြိမ် သွားတွေ့ခဲ့သည်။
'ဒါပေမဲ့ မတတ်နိုင်ခဲ့ဘူးလေ၊ လူက သိမ်ငယ်တော့ ဘယ်သူက သူပြောတာကို ဂရုစိုက်ပါ့မလဲ'
ဤရိုးအေးလွန်းသူကြီးမှာ ရဲကိုလည်း တိုင်ခဲ့ဖူးပါသည်၊ သို့သော် လုပ်ငန်းခွင်ဘက်က အမျိုးမျိုးသော လက်မှတ်တွေ၊ ထောက်ခံချက်တွေကို ထုတ်ပြလိုက်သည်။
'အကုန်လုံး ပြည့်စုံနေတာပဲ ၊ဘယ်သူက သူ့ကို ယုံပါ့မလဲ'
'ဒီအဆောက်အအုံမှာ ပြဿနာ ရှိမှန်း သိပါလျက်နဲ့ ဘာမှ မတတ်နိုင်ခဲ့ရှာဘူး'
ကိုယ့်ဘာသာကိုယ် စိုးရိမ်လွန်းလို့ ဆံပင်တွေပင် ဖြူကုန်ခဲ့ရသည်။
တစ်ခါက သူမ သန်းခေါင်ယံမှာ အိပ်ရာထချိန်ဘေးအခန်းမှ သူမအဖေ၏ မျိုသိပ်ထားသော ဒေါသတကြီး အော်ဟစ်သံကို ကြားခဲ့ရသည်။
သူမ လန့်သွားပြီး သွားကြည့်မှ သူမအဖေမှာ အိပ်မက်ယောင်နေခြင်း ဖြစ်မှန်းသိလိုက်ရသည်။
ထို့ကြောင့် သူမ ပြောခဲ့သလိုပင်... ဤရိုးအေးလွန်းသူများကသာ ဒုက္ခအများဆုံး ခံကြရခြင်း ဖြစ်သည်။
ချီယောင်ယောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာတွေးလိုက်၏
'ထူးဆန်းလိုက်တာ... သရဲတွေမှာ နှလုံးသားမရှိ၊ မျက်ရည်မရှိဘူးလို့ ပြောကြတယ်၊ သူမ ဘာလို့ မျက်လုံးတွေ စပ်နေရတာလဲ'
'Host ရဲ့ ဒီလောက်များပြားတဲ့ လူကြည့်နှုန်းနဲ့ဆိုရင်တော့ လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့ လုံလောက်လောက်ပါပြီ'
'သူမရဲ့ တာဝန်လည်း ပြီးဆုံးသွားပါပြီ'
"Host... ကျွန်မသွားလို့ ရပါပြီ"