အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
🫧 Chapter 49
"သရဲပွဲတော်..."
ဖန်းလီလီသည် တိုးတိုးလေး ရေရွတ်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေတော့သည်။
အဒေါ်ကြီးက ဆက်လက် အရောင်းအဝယ် အားပေးနေပြန်သည်။
"မိန်းကလေး ကြည့်ရတာ ဒီအမျိုးသမီးငယ်လေးရဲ့ ခေါင်းနဲ့ လိုက်မယ်ထင်တယ်၊ မိတ်ကပ်လည်း ခြယ်ပြီးသားဆိုတော့ ဝယ်သွားတာနဲ့ တန်းသုံးလို့ရတယ်"
"စမ်းကြည့်မလား"
"မလိုပါဘူး"
ဖန်းလီလီသည် ညှီစော်နံနေသော လူခေါင်းများကို ကြည့်ကာ ရင်ထဲတွင် မအီမသာ ဖြစ်လာ၏။
သူမသည် အမြန်ပင်လက်ပြငြင်းဆိုကာ ဆိုင်မှ ထွက်ခွာခဲ့တော့သည်။
လူ့လောကကို ပြန်သွားဖြစ်ခဲ့ရင်တောင် သူမသည် သူမ၏ တစ်ဦးတည်းသော ဆွေမျိုးသားချင်းကို ပြန်သွားကြည့်ချင်ရုံတင်ပါ...
ရှေ့သို့ ဆက်လျှောက်လာစဉ် အဝတ်အစားမျိုးစုံရောင်းနေ သည်ကို တွေ့ရသလို၊ လက်မောင်း သို့မဟုတ် ခြေထောက် ရောင်းနေသည်ကိုလည်း တွေ့နေရသည်။
ဝိညာဉ်များစွာသည်လည်း ထိုဆိုင်များထဲသို့ တိုးဝှေ့ဝင်ရောက်နေကြသည်။
ဆိုင်ထဲမှ ပြန်ထွက်လာချိန်တွင် အချို့က ဖြူဖွဖွ ဝတ်စုံအသစ်များကို ဝတ်ထားကြပြီး၊ အချို့ကမူ ကြောက်စရာကောင်းသော သွေးစွန်းဝတ်စုံများကို လဲလှယ်ဝတ်ဆင်ထားကြသည်။
အချို့မှာမူ ဆိုင်ထဲမှ ထွက်လာချိန်တွင် ပြတ်တောက်နေသော လက်မောင်းများ ပြန်လည် ပြည့်စုံသွားသလို၊ ဟာလာဟင်း လင်း ဖြစ်နေသော မျက်တွင်းများထဲတွင်လည်း မျက်လုံးအိမ်များ တပ်ဆင်ထားပြီးဖြစ်နေသည်။
လူ့လောကရှိ နှစ်သစ်ကူးပွဲတော်ကဲ့သို့ပင် စည်ကားလှ၏။
"ညီမလေး... မိတ်ကပ်လိမ်းမလား"
ရီချွန်းအဆောက်အအုံမှ မိန်းကလေးများသည် အိမ်ရှေ့တွင် ရပ်ကာ နှုတ်ဆက်နေကြသည်။
သူတို့ဆီမှ မွှေးပျံ့သော ရနံ့လေးများ ထွက်ပေါ်နေကြ၏။
ဖန်းလီလီ ခြေလှမ်းတုံ့သွားကာ မိမိမျက်နှာကို ကိုင်ကြည့်မိသည်။
ဒီပုံစံအတိုင်း ပြန်သွားရင် အိမ်ကလူတွေကို လန့်သွားစေမလား...
ဖန်းလီလီ ထွက်ခွာသွားပြီး မကြာမီမှာပင် ထိုဦးခေါင်းခွံ ရောင်းသောဆိုင်သို့ ဧည့်သည်အသစ်တစ်ဦး ရောက်လာသည်။
ထိုဧည့်သည်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အဒေါ်ကြီး၏ ဆိုင်ရှေ့တွင် ရပ်လိုက်သည်။ ၎င်းတွင် ခြေလက်အင်္ဂါ အပြည့်အစုံ ရှိသော်လည်း... ခေါင်းတစ်ခုသာ လိုနေသည်။
လည်ပင်းအထက်ပိုင်းမှာ ဟာလာဟင်းလင်း ဖြစ်နေ၏။
"အိုး... ဧည့်သည်၊ ခေါင်းဝယ်မလို့လား" အဒေါ်ကြီးသည် ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပြုံးကာ နှုတ်ဆက်လိုက်သည်။
ဤဧည့်သည်မှာ မြင်နိုင်စွမ်းမရှိလောက်ဘူးဟု ခန့်မှန်းရင်း သူမသည် တစ်ဖက်လူ၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ကာ လူငယ်တစ်ဦး၏ ခေါင်းကို ရွေးချယ်ပြီး ကမ်းပေးလိုက်သည်။
"ဧည့်သည်... ဒါလေးကို စမ်းကြည့်မလား"
၎င်းမှာ အလန်းစား ဆံပင်ပုံစံနှင့် ချောမောသော လူငယ်မျက်နှာလေး ဖြစ်သည်။
အင်္ဂါစုံလင်ပြီး ကြည့်ရသည်မှာ အသက်ဝင်လှသည်။
ခေါင်းပြတ်ဝိညာဉ်သည် ဦးခေါင်းခွံကို လှမ်းယူကာ လည် ပင်းပေါ်သို့ ဖြည်းဖြည်းချင်းတပ်ဆင်လိုက်သည်။
မျက်လုံးရှိလာပြီ ဖြစ်သောကြောင့် ၎င်းသည် ဤကမ္ဘာကြီးကို မြင်နိုင်ပြီဖြစ်သည်။
နားရှိလာပြီ ဖြစ်သောကြောင့် အသံတွေကို ကြားနိုင်ပြီဖြစ် သည်။ ပါးစပ်ရှိလာပြီဖြစ်သောကြောင့် စကားပြောနိုင်ပြီ ဖြစ်သည်။
ထို့နောက် ၎င်းသည် မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်သည်။
"..."
...
လူ့လောက၊ လင်းချန်
သိပ်မစည်ကားလှသော လမ်းမတစ်ခုပေါ်တွင်...
ကျန်းချန်သည်လည်း ထိုင်ခုံပုလေးပေါ်တွင် ထိုင်နေပြီး ရှေ့တွင် အကြွေစေ့များ ထည့်ထားသော ခွက်တစ်ခုတည်ထားသည်။
လက်ဘေးတွင်မူ အလံတိုင်တစ်ခု စိုက်ထား၏။
အပေါ်တွင် 'ဗေဒင်'ဟု ရေးထားသည်။
လမ်းသွားလမ်းလာများက ခဏမျှ လှမ်းကြည့်ပြီးနောက် ဘယ်သူမှ သိပ်စိတ်မဝင်စားကြပေ။
အချို့ကမူ ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ တင်ကြသည်။ စာသားကတော့ "ဒီခေတ်ကြီးမှာ ဗေဒင်ဆရာ ရှိသေးတာပဲ၊ ထူးဆန်းတယ်"
ဒါပေမဲ့ ဒီအပြင် မည်သူမှ လာမမေးကြပေ။
အားလုံးက အတုဟုပဲ သတ်မှတ်ထားပုံရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် ယုံမည့်သူ ရှိကောင်းရှိနိုင်သော် လည်း ယခုခေတ်တွင်မူ....မယုံကြတော့ပေ။
ဘယ်သူမှ မလာသော်လည်း ကျန်းချန် မလောပေ၊ ဒီရက်ပိုင်း သူ ကျင့်သားရနေပါပြီ။
သူသည် ထိုင်ခုံပုလေးပေါ်တွင် အေးအေးဆေးဆေး ထိုင်ကာ လမ်းသွားလမ်းလာများကို ကြည့်နေ၏။
မကြာသေးမီက သူသည် ဘိုးဘေးကြီး ထံမှ 'အင်္ဂဝိဇ္ဇာ ဗေဒင်' အချို့ သင်ယူထားသည်။
ထိုပညာသည် ဗေဒင်တွက်စရာ မလိုဘဲ လူတစ်ယောက်၏ မျက်နှာကို ကြည့်ရုံနှင့် အခြေခံ အချက်အလက်အချို့ကို သိနိုင်သည်။
ဟုတ်ပါသည်၊ သူသည် ဘိုးဘေးကြီး လှိုင်းထစဉ်က... ဘိုးဘေးကြီး၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသော်လည်း နောက်ဆုံးတွင် ဇွဲမလျှော့ဘဲ နားပူနားဆာလုပ်ကာ ဗေဒင်ပညာ သင်ပေးရန် ဖျောင်းဖျနိုင်ခဲ့သူ ထိုလူပင် ဖြစ်သည်။
အခုအချိန်အထိ ဘိုးဘေးကြီးကို ရှာဖွေနေသူများမှာနည်းပါး လှသည် မဟုတ်သော်လည်း လက်လျှော့သွားသူများကပိုများသည်။
လူတိုင်းမှာ ထိုမျှကံမကောင်းကြပေ။
အချို့သော ဘိုးဘေးများမှာ အစောကြီးကတည်းကပြန်လည်ဝင်စားသွားကြပြီ ဖြစ်သဖြင့် မည်သို့ပင် ခေါ်ခေါ် တုံ့ပြန်မှု မရနိုင်တော့ပေ။
ကျန်းချန်မှာမူ အခုအချိန်အထိ ဘိုးဘေးကြီးထံမှ သင်ယူနေသည်မှာ အတန်ကြာပြီဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုစီတိုင်းတွင် ဘိုးဘေးကြီးက သူ့ကို စမ်းသပ်မှုလေးများပေးလေ့ရှိသည်။
သို့သော် မကြာသေးမီက ဘိုးဘေးကြီးသည် တာဝန်များမပေးရုံတင်မက ပေါ်လာသည့် အချိန်ပင် နည်းပါးသွားသည်။
သို့သော် ဘိုးဘေးကြီး၏စိတ်အခြေအနေမှာ တော်တော်လေး ကောင်းနေမှန်း သိသာသည်။
သူ့ကို 'ငတုံး' ဟု ဆဲဆိုသည့် အကြိမ်ရေပင် နည်းသွား၏။
ရုတ်တရက် ကျန်းချန် ရှေ့မှ အလင်းရောင်မှာ ကွယ်သွားသည်။
ထိုအခါ သူသည် အတွေးများကို ရုတ်သိမ်းလိုက်၏။
အဝါရောင် ကျောပိုးအိတ် လွယ်ထားသော ကောင်လေးတစ်ဦးသည် သူ့ရှေ့တွင် ရပ်နေပြီး စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေသည်။
ရှစ်နှစ် ကိုးနှစ်အရွယ်လောက်သာ ရှိဦးမည်၊ မူလတန်းကျောင်း ဆင်းလာခြင်း ဖြစ်နိုင်ပါသည်။
"ဒါ တကယ် ဗေဒင်တွက်လို့ ရတာလား? အတိတ်နဲ့ အနာဂတ်ကို သိနိုင်တာလား" ဟု ကောင်လေးက မေးလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒီလို နားလည်လို့ ရပါတယ်"
"ဒါဆို တစ်ခါတွက်ရင် ဘယ်လောက်ပေးရလဲ"
"ငါးယွမ်ကနေ စတယ်၊ မင်း ဘာတွက်ချင်တာလဲပေါ် မူတည်တယ်"
ရှေ့မှ ကောင်လေးသည် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေသည်။
ကျန်းချန် ရယ်ချင်နေသည် လေသံဖြင့် "မမှန်ရင် ပိုက်ဆံမယူဘူး"
သူ ဤအလုပ်ကို လုပ်နေခြင်းမှာ ကျင့်ကြံခြင်း တစ်မျိုးပင်။
ပိုက်ဆံယူခြင်းမှာ အလုပ်သဘောအရသာ။
ဤစကားကို ကြားသောအခါ ကောင်လေးသည် ဆုံးဖြတ် ချက် ချလိုက်ပုံရသည်။
သူသည် အိတ်ထဲမှ ၁၀ ယွမ်တန်တစ်ရွက်ကို ထုတ်ကာ ကျန်းချန်ရှေ့ရှိ ခွက်ထဲသို့ ထည့်လိုက်ပြီး မိမိဘာသာ ၅ ယွမ် ပြန်အမ်းယူလိုက်သည်။
"ကျွန်တော် မေးတော့မယ်နော်"
သူ အချက်ပေးလိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
ကောင်လေးမှာ နည်းနည်းစိတ်လှုပ်ရှားနေပုံရသည်။
"မေးလေ"
ကျန်းချန် ခန့်မှန်းကြည့်သည်မှာ ဤကလေးသည် အတန်း တင်စာမေးပွဲ ရလဒ် သို့မဟုတ် နွေရာသီကျောင်းပိတ်ရက်မှာ အလည်သွားရမလား စသည်တို့ကို မေးလိမ့်မည်ဟု ဖြစ်သည်။
' အခုက စာမေးပွဲရာသီ မဟုတ်ပါလား'
အသက်ပြင်းပြင်း ရှူပြီးနောက် ကောင်လေးသည် နောက်ဆုံးတွင် ပါးစပ်ဟလိုက်သည်။
သူ၏ အမူအရာမှာ အလွန် အလေးအနက် ရှိလှသည်။
"ဦးလေး... ကျွန်တော့်အတွက် တွက်ပေးပါဦး ကျွန်တော် နောင်ကျရင်... အလင်းအဖြစ် ပြောင်းလဲနိုင်မလား"
"..."
"ဒါ... ဒါကတော့ "
၎င်းက ကျန်းချန်ကို ဆွံ့အသွားစေသည်။
'နောင်ကျရင် Ultraman အဖြစ် ပြောင်းလဲနိုင်မလား'
'ဤမေးခွန်းကို သူငယ်စဉ်က မိမိကိုယ်ကိုယ် မေးခဲ့ဖူးသည် မဟုတ်ပါလား'
ကျန်းချန် မဖြေနိုင်သည်ကို မြင်သောအခါ ကောင်လေးက သက်ပြင်းချလိုက်သည်။
"တကယ်ပဲ... ဦးလေးလည်း မသိဘူးပေါ့"
သူက လက်လျှော့လိုက်ဟန်ဖြင့် "ဒါဆို ဦးလေး တခြားဟာ တွက်ပေးပါ"
"... ကောင်းပြီ"
ကျန်းချန်သည် ကြေးပြားများကိုထုတ်ကာ အသင့်ပြင်လိုက်သည်။
ကောင်လေးက ဘေးဘယ်ညာကို ကြည့်ပြီးနောက် နားနားသို့ တိုးကာ တိုးတိုးလေး မေးလိုက်သည်။
"ဦးလေး... ကျွန်တော့်အတွက် တွက်ပေးပါဦး၊ တတိယတန်း သင်္ချာ အတန်းတင်စာမေးပွဲမှာ ဘယ်မေးခွန်းတွေ ထွက်မလဲဆိုတာကိုတွက်ပေးစမ်းပါ "
ကျန်းရှန်သည် အလိုအလျောက်ပင် ကြေးပြားများကို ပစ်ချလိုက်မိသည်။
ကြေးပြားများ မြေပေါ်ကျပြီးမှသာ ထိုကလေး ဘာမေးလိုက်သည်ကို သတိဝင်လာတော့သည်။
ထို့နောက်သူ၏ ပါးစပ်လေး တွန့်သွား၏။
အကယ်၍ တခြားသူသာဆိုလျှင် ဤကလေးသည် ပြိုင်ဘက် ဗေဒင်ဆရာက လာရောက် နှောင့်ယှက်ခိုင်းခြင်းဖြစ်သည်ဟု ထင်သွားနိုင်သည်။
ကျန်းချန်သည် မြေပေါ်မှ ကြေးပြားများကို ကြည့်လိုက်၊ ရှေ့မှ ကလေးကို ကြည့်လိုက်နှင့် စကားမဆိုနိုင် ဖြစ်နေရသည်။
'ငါ တွက်လို့ ရခဲ့ရင်တောင် မင်းကို ပြောပြလို့ မရဘူးလေ'
ကျန်းချန်က သက်ပြင်းချကာ "မင်းမှာ တခြား တွက်ချင်တာ ရှိသေးလား" ဟု မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကောင်လေးက ခေါင်းယမ်းလိုက်သည်။
ထို့နောက်လောကကြီးကို ထွင်းဖောက်မြင်နေသည့် အမူအရာမျိုးဖြင့်
"ထားလိုက်ပါတော့၊ မေးလည်း ဦးလေး တွက်နိုင်မှာ မဟုတ်ပါဘူး"
သူသည် ခွက်ထဲမှ ပြန်အမ်းယူထားသော ၅ ယွမ်ကို ဆုပ်ကိုင်ကာ သူ့ အာထရာမန်း ကျောပိုးအိတ်လေးကို လွယ်ပြီး ထွက်ခွာသွားတော့သည်။
ကျန်းချန်: "..."
'ဒီနေ့တော့ ဆိုင်စဖွင့်ကတည်းက မဟန်ပါလား' သို့သော် အလုပ်က ပုံမှန်ဆိုလျှင်လည်း ဖြောင့်ဖြောင့်တန်းတန်း မရှိလှသဖြင့် သူ ကျင့်သားရနေပါပြီ။
လမ်းသွားလမ်းလာများမှာလည်း အလျင်အမြန် လျှောက်လှမ်းနေကြပြီး ရပ်တန့်မည့်သူ နည်းပါးလှသည်။
ကျန်းချန် ထိုင်နေရသည်မှာ ပျင်းလာသဖြင့် စိတ်ကူးပေါက်လာသည်။
"ဘိုးဘေးကြီး အခုတလော ဘာတွေ အလုပ်ရှုပ်နေလဲဆိုတာ တွက်ကြည့်ရင် ကောင်းမလား"
ထို့နောက်သူက တွေးသည့်အတိုင်း လုပ်တော့သည်။
ဂျလောက်...
ကြေးပြားများ မြေပေါ်သို့ ပြန့်ကျဲသွားကာ နိမိတ်ပုံများက ပေါ်လာသည်။
ကျန်းချန် ကြည့်လိုက်ပြီးနောက် ကြေးပြားများကို ပြန်သိမ်းကာ နောက်တစ်ကြိမ် ထပ်ပစ်ကြည့်သည်။
"ဒီနိမိတ်က ဘာလို့ စာလုံးနှစ်လုံးတည်း ပြနေတာလဲ"
"သရဲပွဲတော်..."
သူ တစ်စုံတစ်ခုကို သတိရသွားကာ ဖုန်းကို ထုတ်ကြည့်လိုက်သည်။
မကြာမီ ဇူလိုင်လ ရောက်တော့မည်။ ဇူလိုင်လလယ်သည် တရုတ်ရိုးရာ 'ကျုံးယွမ်ပွဲတော်' သို့မဟုတ် သရဲပွဲတော်ဖြစ် သည်။
ကြားဖူးသည်မှာ ထိုနေ့တွင် ငရဲတံခါးကြီးပွင့်လာတတ်သည်။
ငရဲပြည်မှ ဝိညာဉ်များအားလုံး လူ့လောကသို့ တစ်ခေါက်လာလည်နိုင်သည်။
' ဆွေမျိုးများကို သွားကြည့်ချင်တာပဲဖြစ်ဖြစ်၊ ဇာတိမြေကို ပြန်ကြည့်ချင်တာပဲဖြစ်ဖြစ်ပေါ့...'
"ဪ... ဒါကြောင့်ကိုး၊ ဘိုးဘေးကြီး ဒီရက်ပိုင်း အလုပ်ရှုပ်နေတာ ဖြစ်မယ်"
သို့သော် သူ မမျှော်လင့်ထားသည်မှာ... ဝိညာဉ်တွေ ခရီးထွက်ဖို့အတွက်လည်း ပြင်ဆင်စရာတွေ ရှိနေသည်လော။
'လူသားတွေ ခရီးထွက်လျှင် ဖုန်း၊ အားသွင်းကြိုး၊ အစားအ သောက်၊ အဝတ်အစားတွေ ပြင်ဆင်ကြသလိုပေါ့... ဝိညာဉ်တွေကရော ဘာတွေ ပြင်ဆင်ကြမလဲ'
ထို့နောက် ကျန်းချန် စတင် မျှော်လင့်လာမိသည်။
' ဘိုးဘေးကြီး လူ့လောကကို လာဖြစ်ရင် သူ့ဆီကိုရော လာလည်မလား သူက ဘိုးဘေးကြီးရဲ့ တိုက်ရိုက် တပည့်အရင်းကြီး မဟုတ်ပါလား...'
'သူလည်း ဘိုးဘေးကြီးအတွက် သစ်သီးဝိုင်တွေ၊ မုန့်တွေ ကြိုတင် ပြင်ဆင်ထားသင့်သလား'
'ဒီနေ့ ပြန်ရောက်တာနဲ့ စပြီးပြင်ဆင်လိုက်တော့မယ်'
🫧 Chapter 50
ထို့နောက်တွင် အချိန်များမှာ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ကျန်းချန်သည် ဘိုးဘေးကြီးအတွက် ဘာတွေပြင်ဆင်ပေးရမလဲဟု စီစဉ်နေသလို၊ တစ်ဖက်ကလည်း ဧည့်သည်အလာကို စောင့်နေသည်။
ထိုကောင်လေး ထွက်သွားပြီး တစ်နာရီအကြာတွင် သူ၏ ဗေဒင်ဝိုင်းသို့ ဧည့်သည်အသစ် ထပ်ရောက်လာပြန်သည်။
သူ၏ ဖောက်သည်ဟောင်းတစ်ယောက်ပင်။
"အလို... ဆရာကြီးကျန်း နောက်ဆုံးတော့ ရှာတွေ့ပြီဗျာ"
လာသူမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်ပြီး ကျန်းချန်ကို မြင်သည်နှင့် အလွန်ဝမ်းသာသွားသည်။
သူမနှင့်အတူ ကိုယ်ဝန်အရင့်အမာနှင့် အမျိုးသမီးငယ်တစ်ဦးလည်း ပါလာ၏။
ထိုအမျိုးသမီးငယ်မှာ ကျန်းချန်ကို မြင်သော်လည်း ငြင်းဆန်တွန်းဖယ်ခြင်းမရှိဘဲ ဘေးက အလံတိုင်ကိုသာ စူးစမ်းစွာ ကြည့်နေသည်။
"ဆရာကြီး... ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မ ခြေခေါက်ပြီး လှေကားပေါ်က ပြုတ်ကျမယ်၊ ဒါပေမဲ့ အရိုးတော့ မထိခိုက်ဘူးလို့ ဟောခဲ့တာလေ... အကုန်လုံး တစ်ထပ်တည်း မှန်သွားတာပဲ"
အမျိုးသမီးက စိတ်လှုပ်ရှားစွာ ပြောသည်။
"ကျွန်မ အရင်နေရာမှာ သွားရှာတာ မတွေ့တော့လို့၊ လူတော် တော်များများကို လိုက်မေးကြည့်မှ ဒီကို ရောက်နေမှန်း သိရတာ"
ကျန်းချန်က ပြုံးလိုက်ကာ "ဒါက ကျွန်တော်တို့ ပညာရပ်ရဲ့ စည်းကမ်းပါ" ဟု ပြောလိုက်သည်။
အဓိကမှာ ဘိုးဘေးကြီးက သူ့ကို သတ်မှတ်ပေးထားသည့် စည်းကမ်းဖြစ်သည်။
နေရာအမျိုးမျိုးကို သွားရမည်၊ လူအမျိုးမျိုးကို တွေ့ရမည်။
နေရာတစ်ခုတည်းမှာပဲ အမြဲ စောင့်မနေရပေ။
"ဟုတ်ကဲ့ပါ၊ ဟုတ်ပါတယ်... အလုပ်တစ်ခုမှာ စည်းကမ်းတစ်ခုစီ ရှိတာပဲလေ၊ စည်းကမ်းကို ဖောက်ဖျက်လို့ မရဘူးပေါ့"
အမျိုးသမီးက အမြန်ပင် ထောက်ခံပြောဆိုသည်။ သူမသည် ဘေးက အမျိုးသမီးငယ်ကို ရှေ့သို့ ဆွဲခေါ်လိုက်ကာ
"ဆရာကြီးကျန်း... ကျွန်မရဲ့ ချွေးမလေးအတွက် တွက်ပေးပါဦး၊ ဗိုက်ထဲက ကလေးက သမီးလေးလား၊ သားလေးလားဆိုတာ"
ပြောရင်းနှင့် ကြိုတင်ပြင်ဆင်လာသော ပိုက်ဆံကို ကျန်းချန်ရှေ့ရှိ ခွက်ထဲသို့ ထည့်လိုက်သည်။
အမျိုးသမီးငယ်မှာလည်း မိမိဗိုက်ကို ပွတ်သပ်ရင်း စူးစမ်းချင်စိတ် ပြင်းပြနေ၏။
ဤမေးခွန်းကတော့...
ကျန်းချန်သည် ထိုအမျိုးသမီးငယ်ကို ကြည့်လိုက်ကာ အခုမှ သင်ယူထားသော 'မျက်နှာကြည့် ဗေဒင်' ပညာကို အလိုအ လျောက် အသုံးချလိုက်သည်။
ကြည့်လိုက်သည်နှင့်... ထိုအမျိုးသမီး၏ နဖူးမှာ နိမ့်ဝင်နေပြီး အိန္ဒြေတိုင် မှာ မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။
သွေးထွက်သံယို ဘေးဒုက္ခ ရှိနေသည့် လက္ခဏာပင်။
ကျန်းချန် မျက်မှောင်ကြုတ်သွားသည်။
မိမိအကြည့် မှားယွင်းမည်စိုးသဖြင့် ကြေးပြားများကို ထုတ်ကာ နိမိတ်ပုံကို သေချာစွာထပ်မံဆန်းစစ်လိုက်သည်။
"ဆရာကြီး... တွက်လို့ ရတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ၊ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ လိုချင်တာပါပဲ"
ကျန်းချန် ဝေခွဲမရဖြစ်နေသည်ဟု ထင်ကာ အမျိုးသမီးငယ်က ဝင်ပြောသည်။
အခုခေတ် ဆေးရုံများတွင် ကိုယ်ဝန်ဆောင်များကို ကလေးကျား/မ အခြေအနေ မပြောပြကြတော့ပေ၊ အချို့က ကလေးကို ကြိုဖျက်ချမည်စိုးသောကြောင့်ဖြစ်သည်။
ထိုသို့ဆိုလျှင် အသက်တစ်ချောင်းကို သတ်ရာရောက်ပေမည်။
သူမသည် ဗိုက်ကို အလိုအလျောက် ပွတ်သပ်ရင်း "တကယ်တော့ ကျွန်မက သိပ်ပြီး ဂရုမစိုက်ပါဘူး၊ အမေက ဆရာကြီးအကြောင်း ပြောလွန်းလို့ စိတ်ဝင်စားတာနဲ့ လိုက်လာတာ ကလေးက ယောက်ျားလေးဆိုရင် အာထရာမန်းအရုပ်တွေ ဝယ်ပေးမယ်၊ မိန်းကလေးဆိုရင် လှလှပပ ဂါဝန်လေးတွေ ပြင်ပေးမယ်ပေါ့"
ထိုသို့ပြောချိန်တွင် အမျိုးသမီးငယ်၏မျက်နှာတွင် နူးညံ့သော အပြုံးလေးပေါ်လာပြီး မိခင်မေတ္တာ အရိပ်အယောင်များ ဖြာထွက်နေသည်။
"ကလေး ကျား/မ ကိစ္စကို ခဏထားလိုက်ပါဦး"
ကျန်းချန် ကြေးပြားများကို သိမ်းလိုက်ကာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကြည့်လိုက်၏။ သူ့ အမူအရာမှာ တည်ကြည်လေးနက်လှ၏။
"မင်း ဒီရက်ပိုင်းမှာ ဟိုဟိုဒီဒီ သွားမနေသင့်ဘူး၊ အိမ်မှာပဲ အေးအေးဆေးဆေး နားနေပြီး ကိုယ်ဝန်ကို ဂရုစိုက်ပါ၊ မဟုတ်ရင်တော့..."
သူ ခဏရပ်ကာ "မဟုတ်ရင်တော့ တစ်ယောက်မှ ကယ်လို့ရမှာ မဟုတ်ဘူး"
ထိုစကားအဆုံးတွင် အမျိုးသမီးငယ်၏မျက်နှာမှာ ဖြူလျော့သွားသည်။
နောက်သို့ တစ်လှမ်းဆုတ်သွားကာ ဗိုက်ပေါ်မှ အင်္ကျီကို အလိုအလျောက် တင်းတင်းဆုပ်ကိုင်မိသွား၏။
"ဘယ်လိုဖြစ်လို့လဲ..."
သူမ တိုးတိုးလေး ရေရွတ်မိသည်။
ဘေးမှ အမျိုးသမီးကြီးက သူမကို အမြန်ဖေးမလိုက်ကာ
"မလန့်ပါနဲ့၊ နင် လန့်သွားရင် ကလေးက ဘယ်လိုလုပ်မလဲ"
ချွေးမဖြစ်သူကို တည်ငြိမ်အောင် လုပ်ပေးပြီးမှ ကျန်းချန်ကို အလောတကြီး မေးလိုက်သည်။
"ဆရာကြီး... ဒါ... ဒါဆို အိမ်မှာပဲ နေရင် အဆင်ပြေသွားမှာလား"
ကျန်းချန် ခေါင်းညိတ်ပြလိုက်သည်။ နိမိတ်ပုံအရ အပြင်ကို လျှောက်မသွားလျှင် ထိုမျှ မပြင်းထန်ပေ။
"အကယ်၍ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း တစ်ယောက်ယောက် အမြဲလိုက်ပါပေးတာ အကောင်းဆုံးပဲ"
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာကြီး"
အမျိုးသမီးကြီးက အထပ်ထပ်ကျေးဇူးတင်ကာ အိတ်ထဲမှ ၁၀၀ ယွမ်တန် တစ်ရွက်ကိုထုတ်၍ ခွက်ထဲ ထည့်လိုက်ပြန် သည်။
ပထမတစ်ခေါက် သူမ လာတွက်စဉ်က ဆရာကြီးကျန်းပြောဖူးသည်မှာ သူသည် ကျင့်ကြံနေခြင်းဖြစ်သဖြင့် ၅ ယွမ်ကနေစပြီး စေတနာရှိသလောက် ပေးနိုင်သည်ဟု ဆိုသည်။
ဒီတစ်ခါ ချွေးမကို ခေါ်လာသည်မှာ ကလေးကျား/မ မေးရန်၊ ပစ္စည်းတွေ ကြိုပြင်ရန် ဖြစ်သော်လည်း အခုတော့ အသက်အန္တရာယ်နှင့်ဆိုင်သော ကိစ္စကို သိလိုက်ရသည်။
သူမတွင် ၁၀၀ ယွမ်တန်တစ်ရွက်ပဲ ကျန်တော့သော်လည်း မရှိတာထက်စာလျှင် ပေးလိုက်ခြင်းကပိုကောင်းပါသည်။
ကျန်းချန်လည်း ငြင်းမနေတော့ပေ။ သူသည် ပိုက်ဆံ မရှား ပါးပေ။
အကယ်၍ ပိုက်ဆံရှားပါးလျှင် လမ်းပေါ်တွင် နေ့တိုင်းထိုင်နေမည် မဟုတ်ပေ။ သို့သော် သူက သူတို့ပေးသလောက်သာယူသည်။
အရင်က ဗေဒင်တွက်ထားသောကိစ္စကို သတိရကာ ကျန်းချန်က ထပ်လောင်းမှာကြားလိုက်သည်။
"သရဲပွဲတော်နေ့မှာ အိမ်တံခါးကို သေချာပိတ်ထားပါ၊ တတ် နိုင်သမျှ အပြင်မထွက်ပါနဲ့၊ ထိခိုက်မိတာမျိုး မဖြစ်ရအောင်ပေါ့လေ"
အရင်ကဆိုလျှင် သူသည် ဤအရာများကို မယုံကြည်ခဲ့ပေ၊ သရဲပွဲတော်ဆိုသည်မှာ ပိုလို့ပင် မယုံကြည်ခဲ့။
သို့သော် ယခုမူ...
ဘိုးဘေးကြီးကိုယ်တိုင် ပေါ်လာခဲ့သလို သရဲပွဲတော်အတွက်လည်း ပြင်ဆင်နေကြသည်။
သူလည်း မယုံလို့ မရတော့ပေ။
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဆရာကြီး"
အမျိုးသမီးငယ်က ခေါင်းညိတ်ပြလိုက်၏။ သူမ မျက်နှာမှာ ဖြူလျော့နေဆဲ ဖြစ်သော်လည်း မျက်ဝန်းများတွင်မူ အရင်ကထက် ပိုမိုခိုင်မာသော ဆုံးဖြတ်ချက်များမြင်နေရသည်။
သူမသည် လက်တစ်ဖက်ဖြင့် ဗိုက်ကို မြဲမြဲမကာ လမ်းမျက် နှာပြင်နှင့် ပတ်ဝန်းကျင်လူများကို သတိထားကြည့်နေသည်။
'... ဘယ်သူမှ သူမရဲ့ ကလေးကို ထိခိုက်အောင် လုပ်လို့မရဘူး သူမ မတုန်လှုပ်ရဘူး မကြောက်ရဘူး၊ သူမ လုပ်နိုင်ပါတယ်၊ ကလေးကို သူမ ကာကွယ်ရမယ်'
ထိုသူနှစ်ဦး ထွက်သွားပြီးနောက် ကျန်းချန် ထိုနေရာတွင် ခဏမျှ ဆက်နေလိုက်သည်။
ထို့နောက် အချိန်ကို ကြည့်ကာ ပစ္စည်းများကို သိမ်းဆည်းပြီး အစောကြီး ပြန်ရန်ပြင်ဆင်လိုက်တော့သည်။
သူသည် ဘိုးဘေးကြီးအတွက် ကောင်းနိုးရာရာလေးများ သွားဝယ်ရဦးမည်။
ထိုအချိန်ကျမှ ဘိုးဘေးကြီး စိတ်ချမ်းသာသွားလျှင် သူ့ကို ပညာတွေ အများကြီးထပ်သင်ပေးကောင်း ပေးလိမ့်မည်။
"'ဝမ်ပေါင်ကျဲ' ဆိုင်က မုန့်တွေ ကောင်းတယ်၊ အဲ့ဒီကို အရင်သွားကြည့်ရမယ်"
...
ထိုည၊ Live Room ထဲတွင်...
ပရိသတ်များသည် Host ထံမှ သရဲပွဲတော်အကြောင်းကြား လိုက်ရပြီး အပြင်မထွက်ရန်၊ ညဘက်တွင် မှောင်မလာခင် အိမ်ပြန်ကြရန်နှင့် လျှောက်မသွားကြရန် မှာကြားချက်များကို နားထောင်နေရသည်။
[သရဲပွဲတော်ဝိညာဉ်တွေ အကုန်လုံး အပြင်ထွက်လာကြမှာလား]
[ငါ့ဘဝမှာ သရဲပွဲတော်ကို တစ်ခါလောက် ဆင်နွှဲရတော့မယ် နောင်ကျရင် သားလေးမွေးလာရင် ကြွားစရာရပြီ မိုက်တယ် ]
[အားလုံးက သရဲပွဲတော်ကို ပထမဆုံး ကြုံဖူးကြတာဆိုတော့ ညီအစ်ကိုတို့ရေ... တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးကြနဲ့ဦးနော်]
Host ပြောပြီးနောက် ပရိသတ်များသည် ကြောက်လန့်မည့်အစား ပိုလို့စိတ်လှုပ်ရှားနေကြသည်။
အခုခေတ်တွင် ဖုန်းတစ်လုံးရှိလျှင် တစ်နေကုန် အပြင်မထွက်လည်း ပြဿနာမရှိပေ! သူတို့ စိတ်ဝင်စားသည်မှာ...
[ဒါဆိုရင် ကျွန်တော့်အဘွားလည်း ပြန်လာမှာပေါ့]
['ဝိညာဉ်တွေ လာတဲ့ည 'တဲ့လား၊ ကြားရတာတင် တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတယ်]
[Host... သရဲပွဲတော်ကျရင် ခင်ဗျားတို့ ဝိညာဉ်တမန်တော်တွေလည်း အပြင်ထွက်လာမှာလား]
[လိုလီမလေး (ချီယောင်ယောင်) ကော လူ့လောကကို လာလည်မှာလား ကျွန်တော် အရမ်းကောင်းတဲ့ စားသောက်ဆိုင်တွေ ညွှန်ပေးနိုင်တယ်]
[ဟော့ပေါ့၊ သိုးသားလွှာ၊ အချဉ်စပ် ခေါက်ဆွဲ၊ မြည်းသားမုန့်၊ ပေါက်စီ ... အကုန်လုံး အရင်လာစားလို့ ရတယ်..]
[...]
Live Room ထဲက စာသားများကို ကြည့်ကာ ကျန်းလင်လည်း လွှတ်ထားလိုက်သည်။ သူ မကြာသေးမီက သတိထားမိသည်မှာ
ဤလူများသည် ပါးစပ်ကသာ သတ္တိရှိကြောင်း၊ စိတ်ကူးယဉ်ရဲကြောင်း ပြောနေကြသော်လည်း တကယ်တမ်း သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင်မူ အသက်ကို အလွန်နှမြောကြသည်။
ဥပမာ - ပြီးခဲ့သည့်တစ်ခေါက်က အလွဲအချော်ဖြစ်ခဲ့သော ချစ်သူမောင်နှံလေးလိုပင်။ အသက်ရှင်နေစဉ်မှာတော့ ဘာမဆို ပြောရဲကြသည်။ ကိုယ့်စိတ်ကြိုက်နေနိုင်သလို စိတ် ကောက်တာမျိုးလည်း လုပ်နိုင်သည်။ သို့သော် အသက်မရှိတော့လျှင်တော့ အရာရာဆုံးရှုံးသွားရပြီ ဖြစ်သည်။
ထိုအရာကို သိနေကြသောကြောင့်လည်း သူတို့တွေမှာ ထိုမျှ တုန်လှုပ်ကာ ဝမ်းနည်းနေကြခြင်းဖြစ်သည်။
ထို့အပြင် မကြာသေးမီ ဝိညာဉ်တမန်တော်များ၏သွားလာမှုမှာ ပိုစိပ်လာသည်။
'ယမ' အရှင်မင်းကြီးသည်လည်း ဝိညာဉ်တမန်တော်များကို စတင် စုစည်းနေပြီဖြစ်သည်။
နေ့စဉ် Live လွှင့်ခြင်းအပြင် ကျန်းလင်လည်း အလုပ်ရှုပ်လာရသည်။
သရဲပွဲတော်..
ဝိညာဉ်များအတွက် တစ်နှစ်တစ်ခါ အားလပ်ရက်...
ဝိညာဉ်တမန်တော်များအတွက်တော့ တစ်နှစ်တစ်ခါ အပြင်းအထန် အချိန်ပိုဆင်းရမည့်နေ့ ...
ကျန်းလင်၏ မှာကြားချက်အပြင် ဘိုးဘေးများ၏အမွေ အနှစ်ကိုရရှိထားသော လူများစွာသည်လည်း ဘိုးဘေးများ၏ မှာကြားချက်များကို လက်ခံရရှိနေကြသည်။
ဒါ့အပြင် သူတို့၏ခံစားချက်ကြောင့်လားမသိ... ဘိုးဘေးကြီးများသည် မကြာသေးမီက တစ်မျိုးလေးပြောင်းလဲနေသည်ဟု ခံစားရသည်။
သူတို့ကို ကြည့်ရသည်မှာ အလွန်ပျော်ရွှင်နေပုံရသည်။
'သရဲပွဲတော်ကျလျှင် ဘိုးဘေးကြီးတွေက တစ်ခုခုလုပ်ကြတော့မှာလားလူတွေနဲ့ လာတွေ့မှာလား၊ ဒါမှမဟုတ် လမ်း လျှောက်ကြမှာလား ဘိုးဘေးကြီးတွေက လူတွေလိုပဲ ပွဲတော်ဆင်နွှဲကြမယ်ဆိုတာကို တွေးကြည့်ရုံနဲ့တင် အရမ်းထူးဆန်းနေတယ်ဟ'
သည်လိုနှင့် ဘိုးဘေးများကို ရှာဖွေသည့် ဖိုရမ်များတွင်လည်း ပြန်လည်စည်ကားလာပြန်သည်။
သရဲပွဲတော်နေ့မှာ ထူးခြားသော ဘိုးဘေးကြီးများနှင့် တွေ့ဆုံရမလားဆိုသည်ကို အပြိုင်အဆိုင်ဆွေးနွေးနေကြတော့ သည်။