အခန်း (၆၁၁-၆၁၂)
Vol. 62 Ch. 611-612
အခန်း (၆၁၁) ရှေးဟောင်းအတိတ်ကာလ
ကောင်လေးသည် သတိလစ်နေသော လူများကို ဇဝေဇဝါဖြင့် ကြည့်နေမိသော်လည်း သူတို့အား ရန်ပြုရန်တော့ မကြိုးစားခဲ့ပေ။
သူသည် မိမိနှင့် အနီးဆုံးတွင်ရှိသော တစ္ဆေကျောင်းတော်သခင်ထံသို့ လျှောက်သွားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို ကြည့်နေမိသည်။ ကောင်လေးက သူ့ကို လှုပ်နှိုးကြည့်သော်လည်း ထိုလူမှာ နိုးမလာခဲ့ပေ။
ထို့နောက် ကောင်လေးသည် အလင်းရောင် ရှိရာဘက်သို့ ကြည့်လိုက်ပြီး သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံး နီးပါး ကုန်ဆုံးခဲ့ရသော ဤမှောင်မိုက်သည့် နေရာမှ ထွက်ခွာရန် စတင်လျှောက်လှမ်းတော့သည်။
သူသည် စင်္ကြံလမ်းကို ဖြတ်သန်းပြီးနောက် တံခါးနှစ်ချပ်ရှိသော ခန်းမကြီးထဲသို့ ရောက်ရှိသွားသည်။ တံခါးတစ်ချပ်မှာ အနက်ရောင်ဖြစ်ပြီး လုံချန်း ဝင်သွားခဲ့သည့် တံခါးဖြစ်ကာ အခြားတစ်ချပ်မှာ အဖြူရောင်ဖြစ်ပြီး သူ ထွက်လာခဲ့သည့် နေရာသို့ ဦးတည်ထားခြင်း ဖြစ်သည်။
သို့သော် ကောင်လေးမှာ တစ်စုံတစ်ခုကို စိတ်ဝင်စားသွားပုံရသည်။ သူသည် မိမိရှေ့တွင်ရှိသော အမြီးကိုးချောင်း ဖီးနစ်ရုပ်တုကို စိုက်ကြည့်နေမိသည်။ ထိုရုပ်တုမှာ အလွန်လှပပြီး တောက်ပနေလေသည်။
ကောင်လေးက လက်လှမ်းပြီး ထိုရုပ်တုကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ သူ ပျောက်ကွယ်သွားပြီးနောက် ထိုရုပ်တုမှာလည်း အပိုင်းပိုင်းအပြတ်ပြတ် ကွဲအက်သွားခဲ့သည်။ ၎င်း၏ တာဝန်မှာ ပြီးဆုံးသွားခဲ့ပြီ မဟုတ်လော။
လုံချန်းမှာမူ အနက်ရောင်တံခါးနောက်ကွယ်က စင်္ကြံလမ်းထဲတွင် ရှိနေဆဲဖြစ်ပြီး အပြင်မှာ ဘာတွေဖြစ်ပျက်နေသည်ကို လုံးဝ မသိရှိပေ။ အကယ်၍သာ သူ သိခဲ့လျှင် ထိုကောင်လေးနှင့် ဆုံတွေ့နိုင်ခဲ့မည် ဖြစ်သည်။
သူသည် မိမိရှေ့တွင်ရှိသော သင်္ကေတကိုသာ အာရုံစိုက်နေမိသည်။ လုံချန်းက လက်ဆန့်ပြီး နံရံပေါ်က ထူးဆန်းသော သင်္ကေတကို ထိလိုက်ရာ ထိုအရာမှာ စတင်တောက်ပလာခဲ့သည်။
သင်္ကေတ တောက်ပလာသည်နှင့်အမျှ လုံချန်းမှာ ခေါင်းထဲမှ အပြင်းအထန် နာကျင်လာပြီး မကြာမီမှာပင် အရာအားလုံး အမှောင်အတိကျသွားကာ သူ သတိလစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
အမှောင်ထု... ထာဝရ အမှောင်ထုကြီး...
လုံချန်း မြင်နိုင်သမျှတွင် ထာဝရ အမှောင်ထုမှလွဲ၍ ဘာမျှ မရှိပေ။ ပတ်ဝန်းကျင်တွင် ချီစွမ်းအင် လုံးဝ မရှိသလို ဘာအသံမျှလည်း မကြားရပေ။ အရာအားလုံး မဖန်တီးရသေးမီ ကြယ်တာရာများပင် မရှိသေးသော စကြဝဠာ အစဦးပိုင်းသို့ ရောက်နေသကဲ့သို့ပင်။
ထိုစဉ် လုံချန်းသည် သက်ပြင်းချသံ ခပ်ပြင်းပြင်း တစ်ချက်ကို ကြားလိုက်ရသည်။ သူ ပတ်ဝန်းကျင်ကို ကြည့်သော်လည်း မည်သူ့ကိုမှ မမြင်ရပေ။
"ဒီမှာ ဘယ်သူရှိလဲ" လုံချန်းက တစ်စုံတစ်ယောက် ရှိနေမည်အထင်နှင့် မေးလိုက်သည်။ သို့သော် အသံတစ်သံ ထွက်ပေါ်မလာခင်အထိ သူ ဘာတုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
....
"ငါတို့နှစ်ယောက်လုံးက တစ်ချိန်တည်းမှာ ဖြစ်တည်လာခဲ့ပြီး အစွမ်းချင်းလည်း တူညီကြတယ်။ ဒါပေမဲ့ ငါ လုပ်သင့်တာကိုတော့ ငါ လုပ်ရလိမ့်မယ်။ အဲဒါက ငါ အပင်ပန်းခံ တည်ဆောက်ခဲ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ရမယ်ဆိုရင်တောင်မှပေါ့... ဒီလောကရဲ့ အနာဂတ်အတွက် ငါ လုပ်ကိုလုပ်ရမယ်" ထိုအသံမှာ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးထဲတွင် ဟိန်းထွက်သွားသည်။
လုံချန်းက မည်သည်များဖြစ်နေမှန်း၊ ထိုစကားများက မည်သည်ကို ဆိုလိုမှန်း စဉ်းစားနေစဉ်မှာပင် ပိုမို တည်ငြိမ် လေးနက်သော အခြားအသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာမှ ပျက်စီးသွားမှာ မဟုတ်ပါဘူး။ ငါ မင်းကို ပြန်မတိုက်ခိုက်သလို၊ ရန်လည်း မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ငါ သိနေလို့ပဲ။ ငါသာ ပြန်တိုက်ခိုက်ရင် ငါ ဖန်တီးခဲ့သမျှ... ငါတို့ နှစ်ယောက်လုံး ဖန်တီးခဲ့သမျှ အရာအားလုံးဟာ ပျက်စီးသွားလိမ့်မယ်။ မင်း ပေးမယ့် ဘယ်လိုအပြစ်ဒဏ်ကိုမဆို ငါ နည်းနည်းတောင် ခုခံခြင်းမရှိဘဲ လက်ခံပါ့မယ်။ ငါဟာ ထာဝရလောက် ကြာအောင် အသက်ရှင်ခဲ့ပြီးပြီ၊ တကယ်လို့ ငါ့ကို သတ်လို့ရမယ်ဆိုရင်တောင် ငါက ပိုပြီး ပျော်နေဦးမှာပါ..." ဒုတိယအသံမှာ ထာဝရအသက်ကို ပိုင်ဆိုင်ရသည့် ဝန်ထုပ်ဝန်ပိုးကြောင့် ပင်ပန်းနွမ်းနယ်နေပုံ ရလေသည်။
"ကောင်းပြီ... မင်းရဲ့ အမှားတွေကို မင်း သိနေသေးတာပဲ။ မင်းကို ငါ အပြစ်ပေးပြီးတာနဲ့ မင်း ဖန်တီးခဲ့တဲ့ ဒီအဖျက်အမှောင့် သတ္တဝါတွေကို ငါ ဖျက်ဆီးပစ်မယ်။ လောကရဲ့ သဘာဝနိယာမတွေ မကြာခင် ပြန်လည် တည်တံ့လာတော့မှာပါ" ပထမအသံမှာ စိတ်အေးလက်အေး ရှိသွားပုံရသော်လည်း မကြာမီမှာပင် လေထုထဲ၌ ပြင်းထန်သော အရှိန်အဝါများ ပြန့်နှံ့သွားသည်။
လုံချန်းမှာ ထိုဖိအားအောက်တွင် အသက်ရှူရန်ပင် ရုန်းကန်နေရပြီး အသက်ရှူကျပ်လာသလို ခံစားရသည်။ တစ်လောကလုံး အေးခဲသွားသကဲ့သို့ အေးစက်သော အငွေ့အသက်များက ဟင်းလင်းပြင်ထဲတွင် ပြည့်နှက်သွားသည်။
"ငါ မင်းကို မတိုက်ခိုက်ဘူးဆိုတာက မင်း စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးတာ မဟုတ်ဘူးနော်။ ငါတို့ တိုက်ခိုက်မိရင် ကမ္ဘာတွေ ပျက်စီးသွားမှာစိုးလို့ ငါ ဒါကို လုပ်နေတာ။ တကယ်လို့ မင်းသာ ငါ့ရဲ့ ဖန်တီးမှုတွေကို ရန်ပြုဖို့ ကြံစည်ခဲ့မယ်ဆိုရင်... မင်း ငါ့ကို ဘယ်လိုအကျဉ်းထောင်ထဲမှာပဲ ပိတ်ထားပိတ်ထား၊ ငါ ပြန်ထွက်လာခဲ့ပြီး ဒီလောကမှာရှိတဲ့ ဖြစ်တည်မှု အားလုံးကို ဖျက်ဆီးပစ်မယ်။ သဘာဝနိယာမတွေကိုလည်း ငါ ဂရုစိုက်မှာ မဟုတ်ဘူး။ ငါ မင်းကို ထာဝရအထိ တိုက်ခိုက်ပြီး ဒီလို ဆုံးဖြတ်ချက်အတွက် နောင်တရအောင် လုပ်ပစ်မယ်" ဒုတိယအသံမှာ သူ၏ ယုံကြည်ချက်အတွက် အရာအားလုံးကို ဖျက်ဆီးရန် အသင့်ဖြစ်နေသည့် လေသံဖြင့် ပြတ်သားစွာ ပြောလိုက်သည်။
လုံချန်းမှာ အိမ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ အကယ်၍ လူရှိနေလျှင် သူ့ကို လျစ်လျူရှုထားစရာ အကြောင်းမရှိပေ။ သူ အိမ်မက်မက်နေသည်လော။ သို့မဟုတ် စိတ်ချောက်ချားနေသည်လော။ သူ ဘာကိုမှ နားမလည်နိုင်တော့ပေ။
ဟင်းလင်းပြင်ထဲတွင် ခဏမျှ ပြန်လည် တိတ်ဆိတ်သွားသည်။
"ကောင်းပြီ... မင်းရဲ့ ဖန်တီးမှုတွေကို ငါ ရန်မပြုပါဘူး။ တကယ်တော့ သူတို့ကို မင်း အလိုရှိသလို ကြီးထွားခွင့် ပေးထားပါ့မယ်... ဒါပေမဲ့ မင်းကတော့ နည်းနည်းတောင် ခုခံခြင်းမရှိဘဲ လက်ခံမှ ဖြစ်မယ်..." ပထမအသံက ပြန်လည် ထွက်ပေါ်လာသည်။
ဒုတိယ ဖြစ်တည်မှုမှာ ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သက်ပြင်းချသံကြီးတစ်ခု ဟိန်းထွက်လာပြီး
"ငါ သဘောတူတယ်..." ဒုတိယအသံက ခပ်တိုးတိုး ဆိုလိုက်သည်။
လုံချန်းမှာ မိနစ်အနည်းငယ်ခန့် ဘာမှ ထပ်မကြားရတော့ဘဲ စကားဝိုင်း ပြန်စလာသည်ကို စောင့်နေမိသည်။
"ငါတို့ရဲ့ ဖြစ်တည်မှုတစ်လျှောက်မှာ မင်း ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချခဲ့တယ်၊ အဲဒါတွေက လောကကြီးကို ပိုကောင်းစေခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့... အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပြီ။ မင်း ဒါကို မလုပ်ခဲ့ရင် ကောင်းမှာပဲ။ အခြေအနေတွေ ဒီလို ဖြစ်မလာရင် ကောင်းမှာပဲ။ မင်း လမ်းမှားမရောက်သွားခဲ့ရင် ကောင်းမှာပဲ" ပထမအသံက ပြောသည်။
ဒုတိယအသံမှာ ဘာမှ ပြန်မဖြေဘဲ သက်ပြင်းသာ ချနေမိသည်။ သူ ရှင်းပြရသည်ကို ပင်ပန်းနေပုံရသည်။
"မင်းက ငါနဲ့ အတူတူပဲ... ငါတို့ နှစ်ယောက်လုံးက အစဦးကတည်းက ရှိခဲ့ကြတာ။ ကမ္ဘာတွေ၊ သဘာဝတရားတွေနဲ့ ယဉ်ကျေးမှုတွေကို ဖန်တီးခဲ့ကြတယ်။ ငါတို့ နှစ်ယောက်လုံးက စစ်မှန်တဲ့ နတ်ဘုရားတွေပဲ၊ မင်းက ငါ့ထက်တောင် ပိုပြီး အစွမ်းထက်ရင် ထက်နိုင်ဦးမယ်။ ဒါကြောင့် မင်းကို တကယ်သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းကသာ မခုခံဘူးဆိုရင် မင်းကို ငါ တားဆီးထားနိုင်တယ်။ ငါ့ရဲ့ စွမ်းအားအားလုံးကို အဆုံးရှုံးခံရမယ်ဆိုရင်တောင် မင်းကို ငါ ထာဝရ ရပ်တန့်ထားမယ်"
"မင်းကို အလင်းရောင် ဘယ်တော့မှ မမြင်ရတော့အောင် ငါ လုပ်မယ်။ မင်းရဲ့ စွမ်းအားတွေကိုလည်း ဘာမှ သုံးလို့ရမှာ မဟုတ်ဘူး။ ဟိုဟာက ကလွဲလို့ပေါ့" ပထမအသံက တစ်ခုခုကို ပြောလိုက်သော်လည်း စကားစမဆုံးခင်မှာပင် ရပ်တန့်သွားခဲ့သည်။
ထိုခဏ၌ လုံချန်းသည် အမှောင်ထုများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့ရသည်။
"ဒါ အိမ်မက်လား" သူက ဇဝေဇဝါဖြင့် ရေရွတ်ရင်း ထရပ်လိုက်သည်။
လုံချန်း နံရံကို ကြည့်လိုက်သောအခါ ထိုသင်္ကေတမှာ မရှိတော့ပေ။ သူ၏ သွေးများမှာလည်း တုံ့ပြန်မှု မရှိတော့သလို ဤနေရာတွင် အရေးကြီးသောအရာတစ်ခု ရှိနေသည်ဟူသော ခံစားချက်မှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ဒီသင်္ကေတရဲ့ ရည်ရွယ်ချက်က ဒါကို ပြဖို့ပဲလား။ ဒါက ငါ့ကို ဘာပြောချင်တာလဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း စဉ်းစားနေမိသည်။
"နင် ဘာတွေ မြင်ခဲ့လဲ" ရွှင်းက လုံချန်းရှေ့တွင် ပေါ်လာပြီး မေးလိုက်သည်။
"ဘာမှ မမြင်ခဲ့ဘူး။ လူနှစ်ယောက် ငြင်းခုံနေကြတဲ့ အသံပဲ ကြားခဲ့ရတာ။ တစ်ယောက်က နောက်တစ်ယောက်ကို ပိတ်လှောင်ဖို့ ပြောနေပြီး၊ နောက်တစ်ယောက်ကတော့ ခုခံမှာ မဟုတ်ဘူးလို့ ပြောနေတယ်" လုံချန်းက ပြောပြလိုက်သည်။ "အဲဒီနောက် ဘာဖြစ်သွားလဲဆိုတာ ငါ မသိတော့ဘူး"
"အသံနှစ်သံ ဟုတ်လား" ရွှင်းက သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ "သူတို့ ဘာတွေ ပြောလဲဆိုတာ အတိအကျ ရှင်းပြနိုင်မလား"
လုံချန်းက သူကြားခဲ့ရသမျှကို အသေးစိတ် ပြန်လည် ရှင်းပြလိုက်သည်။
"စိတ်ဝင်စားစရာပဲ" ရွှင်းက ခေါင်းညိတ်ရင်း ရေရွတ်လိုက်သည်။
"ဒါက ဘာကို ဆိုလိုတာလဲ နင် သိလား"
"မသိဘူး... ငါလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် နင် ဒီနေရာကနေ ထွက်သင့်ပြီ။ အဲဒီသင်္ကေတလည်း မရှိတော့ဘူးဆိုတော့ နင် ထွက်သွားလို့ရပြီ။ တခြားလူတွေလည်း ထွက်သွားကြလောက်ပါပြီ" ရွှင်းက ဆိုသည်။
"ဟုတ်တယ်၊ ငါ့အတွက်လည်း ဒီမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ အခုဆို ညတောင် ရောက်နေလောက်ပြီ" လုံချန်းက ပြောလိုက်တော့သည်။
အခန်း (၆၁၂) သတ်ဖြတ်ခြင်းလမ်းစဉ်
"အရိပ်အသွင်း ပြောင်းလဲခြင်းကို သုံးပြီး ငါ့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားလို့ ရတာပဲ" လုံချန်းက ရေရွတ်ရင်း ပြန်ထွက်မည့် လမ်းဘက်သို့ ကြည့်လိုက်သည်။
သူသည် လာလမ်းအတိုင်း ပြန်လျှောက်လာရာ မကြာမီမှာပင် တံခါးနှစ်ချပ်ရှိသော ခန်းမကြီးထဲသို့ ရောက်ရှိသွားသည်။
"ဟင်... ရုပ်တုက ကွဲနေတာလား" ကြေမွနေသော ဖီးနစ်ရုပ်တုကို ကြည့်ပြီး လုံချန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
"တစ်ယောက်ယောက်တော့ တော်တော် ဒေါသထွက်ပြီး ဒီရုပ်တုကို ဖျက်ဆီးသွားတာပဲ ဖြစ်ရမယ်။ ဟုတ်မှာပေါ့... ငါလုပ်ခဲ့တာတွေကြောင့် ကျောင်းတော်သခင်နဲ့ ယဇ်ပုရောဟိတ်တွေ သွေးရူးသွေးတန်း ဖြစ်နေကြမှာပဲ။ သူတို့ ဒေါသထွက်ပြီး ရုပ်တုကို ရိုက်ခွဲသွားတာ ဖြစ်နိုင်ပါတယ်။ ဒုတိယရုပ်တုကိုတော့ မခွဲသွားတာ အံ့သြစရာပဲ" လုံချန်းက မပျက်မစီးဘဲ ကျန်နေသေးသည့် ဒုတိယရုပ်တုကို ကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။
"နင် သူတို့ကို ဒီလောက် ဒုက္ခပေးထားတာပဲ... ဒါထက်မကလည်း ဖြစ်နိုင်တာပေါ့" ရွှင်းက ရယ်မောရင်း ဆိုသည်။
"ဒါက အစပဲ ရှိသေးတာ။ ဒီနေ့တော့ မဟုတ်ပေမဲ့ တစ်နေ့ကျရင် ငါ ပြန်လာပြီး ဒီအောက်တန်းကျတဲ့ တစ္ဆေကျောင်းတော်ရဲ့ အစိတ်အပိုင်းတိုင်းကို ဖျက်ဆီးပစ်မယ်။ ဒီဂြိုဟ်ပေါ်ကနေ သူတို့မျိုးပြုတ်သွားအောင် ငါ လုပ်ပြမယ်" လုံချန်းက ထိုရုပ်တုကို နောက်ဆုံးတစ်ခေါက် ကြည့်ကာ ရေရွတ်ပြီးနောက် ထွက်ခွာလာခဲ့သည်။
သူ သတ်ချင်နေသော လူများမှာ ယခုအချိန်တွင် သတိလစ်မေ့မြောကာ အပြစ်ပေးခံနေရပြီ ဖြစ်ကြောင်း လုံချန်း မသိရှာပေ။ အကယ်၍သာ သူသည် အဖြူရောင်စင်္ကြံလမ်းထဲသို့ ဝင်သွားပြီး ထိုသူများကို ရှာကြည့်လျှင် အလွန်လွယ်ကူစွာ သတ်ဖြတ်နိုင်မည် ဖြစ်သည်။ သူတို့ရှိရာနှင့် မိနစ်အနည်းငယ်သာ ဝေးသော်လည်း လုံချန်းက ထိုသို့ မတွေးမိခဲ့ပေ။
သူတို့ကို မလှုပ်မယှက်ဖြစ်အောင် တစ်စုံတစ်ခုက လုပ်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားသလို ကွဲအက်နေသော ရုပ်တုကို မြင်လိုက်ရသဖြင့် ကျန်သည့်သူများ အကုန်လုံး ထွက်သွားကြပြီဟုသာ သူ ထင်လိုက်ခြင်း ဖြစ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် လုံချန်းသည် ဂူသင်္ချိုင်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
"ငါ့အထင် မမှားဘူးဆိုရင် ဒီနေရာကို စောင့်နေတဲ့သူတွေက အဆင့်နိမ့် ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်။ အနည်းဆုံးတော့ ငါ့ရဲ့ အမှောင်နိယာမနဲ့ ဟင်းလင်းပြင်နိယာမကို သုံးပြီး ကိုင်တွယ်လို့ရတဲ့ အဆင့်တွေပေါ့။ ငါ ဒီနေရာကနေ ထွက်သွားနိုင်တာနဲ့ မလွတ်မြောက်ခင်မှာ သူတို့ကို ဒုက္ခပေးဖို့ဆိုတာ ကလေးကစားစရာလို လွယ်ကူမှာပါ" လုံချန်းက သွေးဆာနေသော မိစ္ဆာတစ်ဦးကဲ့သို့ ပြုံးလိုက်သည်။
"အပြင်ရောက်ပြီဆိုရင် ငါ့ရဲ့ ဟင်းလင်းပြင် ဖြတ်သန်းခြင်းကို ကောင်းကောင်း သုံးလို့ရပြီဆိုတော့ ဒီတစ္ဆေကျောင်းတော်ကို နည်းနည်းလောက် မွှေနှောက်သွားရမှာပေါ့။ အဲဒီ လူကြီးအတွက် လက်ဆောင်လေး တစ်ခုခု ထားခဲ့ချင်သေးတယ်" လုံချန်းက သူ၏ ဝိညာဉ်ဓားကို ထုတ်ယူလိုက်သည်။
သူသည် ဓားပေါ်သို့ နင်းကာ သူလာခဲ့သော လမ်းကြောင်းအတိုင်း ပြန်လည် ပျံသန်းလာခဲ့သည်။ သူ သွားနေသော လမ်းမှာ အမြဲတမ်း ပွင့်နေသည့် လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ဆီသို့ ဖြစ်သည်။ ထိုဝင်ပေါက်တွင် အစောင့်များ အမြဲတမ်း ရှိနေတတ်သည်။
ခဏမျှ ပျံသန်းပြီးနောက် ဝင်ပေါက်နားသို့ ရောက်သောအခါ လုံချန်းက ဓားပေါ်မှ ဆင်းလိုက်သည်။ သူသည် အခုအခါ ကောင်းကင်အဆင့် ကျင့်ကြံသူ ဖြစ်နေပြီဖြစ်သဖြင့် လေပေါ်တွင် လမ်းလျှောက်နိုင်သော်လည်း ပြင်ပအကူအညီမပါဘဲ ပျံသန်းရန်တော့ မဖြစ်နိုင်သေးပေ။
လုံချန်းသည် အရိပ်အသွင် ပြောင်းလဲခြင်းကို အသက်သွင်းကာ အစောင့်များရှိရာသို့ ပြေးသွားသည်။ သူသည် လုံးဝ မမြင်နိုင်သော အခြေအနေ ဖြစ်သွားခဲ့သည်။ သူ၏ အငွေ့အသက်မှာလည်း လုံးဝ ပျောက်ကွယ်သွားသဖြင့် သူ၏ အသက်ရှူသံနှင့် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော လေစီးကြောင်းကို မသိနိုင်ပါက သူ မည်သည့်နေရာတွင် ရှိနေကြောင်း သိရန် မဖြစ်နိုင်ပေ။
လုံချန်းသည် အစောင့်နှစ်ယောက်၏ မီတာ တစ်ရာအတွင်းသို့ ရောက်ရှိသွားသည်။ ထိုအစောင့်များမှာ ကောင်းကင်အဆင့် အမြင့်ဆုံး ကျင့်ကြံသူများ ဖြစ်ကြသည်။
သူသည် ထိုအကွာအဝေးသို့ ရောက်သည်နှင့် ရုတ်တရက် ပျောက်ကွယ်သွားပြီး အစောင့်များ၏ နောက်ကျောဘက်တွင် ပေါ်လာကာ ဓားဖြင့် ထိုးနှက်လိုက်သည်။ ထိုအခါမှ ကိုယ်ယောင်ဖျောက်ထားမှုကို ရပ်တန့်လိုက်သည်။
ဓားသည် အစောင့်တစ်ဦး၏ နှလုံးသားကို ဖောက်ထွက်သွားသည်။
"အား..."
ထိုအစောင့်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ လုံချန်းက ဓားကို ပြန်ဆွဲထုတ်ကာ ဒုတိယအစောင့်၏ နောက်သို့ ချက်ချင်း ကူးပြောင်းသွားသည်။
လုံချန်း၏ တိုက်ခိုက်မှု စတင်ခဲ့သည်မှာ စက္ကန့်အနည်းငယ်သာ ရှိသေးသည်။ ဒုတိယအစောင့်မှာ သူ၏ သူငယ်ချင်း ညည်းညူသံကို ကြားလိုက်ရသော်လည်း သူ လှည့်ကြည့်ရန် မပြင်ရသေးခင်မှာပင် ဓားတစ်ချက်က ဝှေ့ယမ်းလာပြီး သူ၏ ခေါင်းကို ဖြတ်ချလိုက်လေပြီ။
လုံချန်းသည် ပထမအစောင့်ဆီသို့ ပြန်လျှောက်သွားပြီး ခေါင်းကို ထပ်မံဖြတ်တောက်လိုက်ကာ ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်သည်။
"ဒီနေရာကနေ ထွက်သွားဖို့ အချိန်တန်ပြီ..." လုံချန်းက ရေရွတ်ရင်း ဝင်ပေါက်ထဲသို့ ဝင်သွားတော့သည်။
လုံချန်းသည် တစ္ဆေကျောင်းတော်၏ ၂၆ ထပ်သို့ ပြန်လည်ရောက်ရှိလာသည်။
သူ ပေါ်လာသည်နှင့် အစောင့် ၆ ယောက်ခန့်ကို တွေ့လိုက်ရသော်လည်း လုံချန်းက ကိုယ်ယောင်ဖျောက်ထားသဖြင့် သူတို့က မမြင်ကြပေ။ လုံချန်းက သူ၏ ရှေးဟောင်းလက်စွပ်ကို ကြည့်ကာ ပြုံးလိုက်သည်။
သူသည် အစောင့်များ၏ နောက်ကွယ်သို့ ကူးပြောင်းသွားသည်။ ထို့နောက်တွင်တော့ မည်သူက တိုက်ခိုက်နေမှန်း မသိဘဲ လူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်သည့် တစ္ဆေ သတ်ဖြတ်ပွဲကြီး စတင် တော့သည်။
အကယ်၍ ထိုသူများမှာ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများ ဖြစ်နေပါက အခြေအနေ ပြောင်းလဲနိုင်သော်လည်း သူတို့မှာ ကောင်းကင်အဆင့်များသာ ဖြစ်သဖြင့် ကိုယ်ယောင်ဖျောက်ထားသော လုံချန်းကို မြင်နိုင်စွမ်း မရှိကြပေ။
မိနစ်အနည်းငယ်အတွင်းမှာပင် အစောင့်အားလုံး သေဆုံးသွားခဲ့သည်။ လုံချန်းက မြေပြင်ပေါ်က အလောင်းများကို ကြည့်ကာ ကိုယ်ယောင်ဖျောက်ခြင်းကို ဖျက်သိမ်းလိုက်သည်။
"ကိုယ်ယောင်ဖျောက်တာကို ငါ အလိုရှိသလောက် အကြာကြီး သုံးလို့မရသေးဘူး။ အကြာကြီး သုံးလို့ရရင် ကောင်းမှာပဲ... အခုတော့ နာရီဝက်တောင် မခံဘူး" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။
သူသည် ထိုအထပ်ရှိ နန်းတော်ဘက်သို့ ကြည့်လိုက်သော်လည်း သွားရောက်မတိုက်ခိုက်ခဲ့ပေ။ ကျောင်းတော်သခင်နှင့် အကြီးအကဲများ ထိုနေရာမှာ ရှိနေနိုင်သဖြင့် သူ သွားလိုက်ပါက သူ၏ ဖျက်ဆီးရေး အစီအစဉ် ပျက်သွားနိုင်ပြီး ထွက်ပြေးရပေလိမ့်မည်။
"မကြာခင်ပေါ့..." လုံချန်းက ရေရွတ်ရင်း ခြံဝင်းကြီးဘက်သို့ ကြည့်ခြင်းကို ရပ်လိုက်သည်။
ထို့နောက် သူ အသက်ချန်ထားခဲ့သည့် တစ်ဦးတည်းသော အစောင့်ဆီသို့ ငုံ့ကြည့်လိုက်သည်။ သူသည် ထိုအစောင့်၏ ခြေလက်များကို ဖြတ်ထားသော်လည်း အချို့အဖြေများကို လိုချင်သဖြင့် မသတ်သေးဘဲ ချန်ထားခြင်း ဖြစ်သည်။
"ပြောစမ်း... ၂၁ ထပ်ကို သွားတဲ့ ဝင်္ကပါက ဘယ်မှာလဲ" လုံချန်းက နာကျင်မှုကြောင့် အော်ဟစ်နေသော အစောင့်၏ လည်ပင်းကို ခြေထောက်ဖြင့် နင်းကာ မေးလိုက်သည်။ ထိုလူမှာ နာကျင်လွန်းသဖြင့် အော်နေရုံမှအပါး ဘာမှ ပြန်မပြောနိုင်ပေ။
"အခုချက်ချင်း မဖြေရင် မင်းရဲ့ အဖိုးတန်တဲ့ အစိတ်အပိုင်းတွေကို ငါ ထပ်ဖြတ်ပစ်မယ်" လုံချန်းက ခြိမ်းခြောက်လိုက်သည်။
"တောင်ဘက်မှာ... အဲဒီမှာ ဝင်္ကပါ တစ်ခုပဲ ရှိတယ်။ ရှာတွေ့လိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ။ မသတ်ပါနဲ့" ထိုအစောင့်က အဖြေပေးပြီးနောက် အသက်ဘေးမှ လွတ်ရန် တောင်းပန်တိုးလျှိုးနေတော့သည်။
"ဟက်... စိတ်မပူပါနဲ့။ ငါ မင်းကို မသတ်ပါဘူး" လုံချန်းက အပြစ်ကင်းစင်ပုံရသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
အစောင့်မှာ သက်ပြင်းချကာ စိတ်အေးသွားစဉ်မှာပင် လုံချန်းက ဓားကို ဝှေ့ယမ်းကာ ထိုသူ၏ ခေါင်းကို ဖြတ်ချလိုက်လေသည်။
"ငါ မင်းကို မသတ်ဘူး... ငါ့ဓားက သတ်တာ" လုံချန်းက ရေရွတ်ရင်း လှည့်ထွက်လာခဲ့သည်။ သူသည် ဝိညာဉ်ဓားပေါ်သို့ နင်းကာ တောင်ဘက်သို့ ပျံသန်းသွားတော့သည်။
ခေတ္တမျှ ပျံသန်းပြီးနောက် လုံချန်းသည် တစ္ဆေကျောင်းတော်၏ တောင်ဘက်ရှိ ဟင်းလင်းပြင် ကူးပြောင်းရေး ဝင်္ကပါဆီသို့ ရောက်သွားသည်။ အစောင့်များကို သတ်ဖြတ်ပြီးနောက် သူသည် ဝင်္ကပါထဲသို့ ဝင်လိုက်သည်။
ဝင်္ကပါမှာ စတင်တောက်ပလာသည်။
လုံချန်း ပျောက်ကွယ်သွားပြီး အခြားအထပ်တစ်ခုတွင် ပေါ်လာခဲ့သည်။ ကိုယ်ယောင်ဖျောက်ခြင်းတစ်ခုတည်းနှင့် ကျောင်းတော်သခင်နှင့် အကြီးအကဲများကို သတ်ရန် သူ မသန်မာသေးမှန်း သိသည်။
ထို့ကြောင့် ဂိုဏ်းကို ဒုက္ခပေးနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ဂိုဏ်း၏ အထောက်အပံ့ တိုင်လုံးကြီးများကို ဖြိုချရန် ဖြစ်သည်။ သူသည် ဂိုဏ်း၏ အကြီးအကဲများကို သတ်ချင်သော်လည်း ထိုသို့ မလုပ်နိုင်ကြောင်း သူ သိသည်။
အကယ်၍ သူသာ အကြီးအကဲများကို သတ်လျှင် မူယွမ်ကိုပါ သတ်ရပေလိမ့်မည်။ မူယွမ်အား မသတ်ဘဲ ကျန်သည့် သူများကိုသာ သတ်လိုက်လျှင် သူမအပေါ် သင်္ကာမကင်း ဖြစ်စေပြီး သူမအတွက် နေရခက်သွားစေနိုင်သည်။
ထို့ကြောင့် သူသည် အကြီးအကဲများကို သတ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ သူ့အစီအစဉ်က ဤဂိုဏ်း၏ တပည့်အားလုံးကို သတ်ပစ်ဖို့ ဖြစ်သည်။ တစ္ဆေကျောင်းတော်၏ အနာဂတ်ကို သူ ဖျက်ဆီးပစ်မည် ဖြစ်သည်။ တပည့်များ မရှိလျှင် ဂိုဏ်းဆိုသည်မှာ ဘာမှ မဟုတ်တော့ပေ။ ထို့ပြင် ထိုတပည့်များကလည်း လူကောင်းများ မဟုတ်ကြပေ။