အခန်း (၆၁၅-၆၁၆)
Vol. 62 Ch. 615-616
အခန်း (၆၁၅) သတ်ဖြတ်ခြင်း အရှိန်အဝါ
ထိုမိုးကြိုးတန်းသည် ယခင်က သူဆင့်ခေါ်နိုင်ခဲ့သည့် မိုးကြိုးများထက် များစွာ ပိုမိုထူထဲလှ၏။ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ လုံချန်း၏ စွမ်းရည်များသည်လည်း ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။
လူအုပ်ထဲသို့ မိုးကြိုးတန်း ကျရောက်သွားသည်ကို မြင်သောအခါ လုံချန်းသည် မပြုံးဘဲ မနေနိုင်ခဲ့ပေ။ တပည့် ၁၀ ဦးထက်မနည်းမှာ မိုးကြိုးနှင့် ထိတွေ့မိသဖြင့် မီးလောင်ကျွမ်းကာ ပြင်းထန်သော ဒဏ်ရာများ ရရှိကုန်ကြသည်။ ကျန်ရှိသော တပည့်အများစုမှာ မိုးကြိုးစက်ကွင်း ပြင်ပတွင် ရှိနေခြင်းကြောင့်သော်လည်းကောင်း၊ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း ဘေးကင်းခဲ့ကြ၏။
"မြေပြင်ဖြတ် အလင်းတန်း"
"ဗုဒ္ဓလက်ဝါး"
"မျက်လုံးသုံးလုံးသားရဲ ကာလီမာ"
"လေပြင်းဖျက်ဆီးခြင်း"
"လောကတုန်ဟည်း တိုက်ကွက်"
အသက်ရှင်ကျန်ရစ်သည့် တပည့်အများစုမှာ သူတို့ရှေ့တွင် ရပ်နေသောသူ၏ အန္တရာယ်ကို သတိပြုမိသွားကြပြီ ဖြစ်သည်။ ထိုသူအား မသတ်နိုင်ပါက သူတို့ထဲမှ မည်သူမျှ ဤနေရာမှ ဘေးကင်းစွာ ထွက်ခွာနိုင်မည်မဟုတ်ကြောင်း သူတို့ နားလည်လိုက်ကြ၏။ သူတို့အားလုံးသည် မိမိတို့ အသုံးပြုနိုင်သမျှ အကောင်းဆုံး စွမ်းရည်များဖြင့် လုံချန်းကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ အမျိုးမျိုးသော တိုက်ခိုက်ရေးစွမ်းရည်များသည် လုံချန်းရှိရာသို့ ဦးတည်၍ တရဟော ပြေးဝင်လာ၏။
"ဒါပဲလား၊ ဒါ မင်းတို့ရဲ့ အစွမ်းကုန်ပဲလား" လုံချန်းက ထိုတိုက်ခိုက်မှုများကို လှောင်ပြောင်သကဲ့သို့ မားမားမတ်မတ် ရပ်ကြည့်ရင်း ရယ်မောလိုက်သည်။
တိုက်ခိုက်မှုများသည် လုံချန်း၏ကိုယ်ပေါ်သို့ ကျရောက်တော့မည့် အချိန်၌ သူသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ လုံချန်းသည် တပည့်များ၏ အလယ်တည့်တည့်တွင် ပြန်လည်ပေါ်လာပြီး တစ်ပတ် ဝေ့ဝိုက်လှည့်လိုက်သည်။ လှုပ်ရှားမှုနှင့်အတူ ဘုရင်ဓားသည် လေထဲတွင် ကခုန်သွားပြီး တပည့်များ၏ ခန္ဓာကိုယ်ကို ကိုယ်တစ်ပိုင်းစီ ပြတ်တောက်သွားအောင် ပိုင်းဖြတ်လိုက်တော့သည်။
"အသစ်လေး တစ်ခုလောက် စမ်းကြည့်ရအောင်။ ငါ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါက ဘယ်လောက် ထိရောက်သလဲဆိုတာ ကြည့်ချင်သေးတယ်" လုံချန်းက တပည့်များကို ပိုင်းဖြတ်နေရင်း ရယ်မောနေမိ၏။
သူ၏ အဝတ်အစားများနှင့် ကိုယ်ပေါ်တွင် သွေးများ စင်နေပေမည့် ထူးဆန်းသည်မှာ လုံချန်းသည် ထိုအရာကို ဂရုမစိုက်ပေ။ သူသည် သတ်ဖြတ်ခြင်းကို အပီအပြင် ခံစားနေပုံရပြီး ၎င်းက သူ့အား အလွန်ပျော်ရွှင်သော ခံစားချက်ကို ပေးစွမ်းနေသကဲ့သို့ ရှိသည်။
ရုတ်တရက် သူ၏ မျက်လုံးများသည် သွေးရောင်ကဲ့သို့ နီမြန်းသွားပြီး မိစ္ဆာတစ်ကောင်၏ မျက်လုံးများကဲ့သို့ ဖြစ်သွား၏။ ဆံပင်များသည်လည်း ပုံမှန် အမည်းရောင်မှ သွေးနီရောင်သို့ ပြောင်းလဲသွားသည်။ ထိတ်လန့်စရာကောင်းသော အရှိန်အဝါတစ်ခုသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး လုံချန်း၏ ပတ်ပတ်လည်၌ နယ်ပယ်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ရှိတော့သည်။
"ဒါ ဘာကြီးလဲ။ ငါ့ရဲ့ စွမ်းအားတွေ ကန့်သတ်ခံထားရသလိုပဲ"
"ငါလည်း အားနည်းသွားပြီ။ ဘာတွေ ဖြစ်နေတာလဲ"
"ဒီကောင်ရဲ့ လက်ချက်ပဲ။ ဒါ သူ့ရဲ့ စွမ်းရည်ပဲ ဖြစ်ရမယ်။ လက်မလျှော့ကြနဲ့၊ ငါတို့ အားလုံးစုပြီး တိုက်ရင် သူ့ကို သတ်နိုင်ပါတယ်။ ငါတို့ သင်ယူခဲ့တာတွေကို သတိရစမ်း"
တပည့်များသည် သူတို့၏ ခန္ဓာကိုယ်များ အားနည်းလာခြင်းကို သတိပြုမိလာကြသဖြင့် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်ကြ၏။ သူတို့၏ စွမ်းအားများသည် အနည်းငယ် ကန့်သတ်ခံလိုက်ရခြင်း ဖြစ်သည်။ အလွန်အမင်း မဟုတ်သော်လည်း သူတို့ အားနည်းသွားသည်ကို လူတိုင်း သိလိုက်ကြ၏။
လုံချန်းသည် သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ စွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထိုစွမ်းရည်မှာ သူ လူသတ်နိုင်လေလေ အရှိန်အဝါ ပိုမိုပြင်းထန်လာလေလေ ဖြစ်သည့် စွမ်းရည်မျိုး ဖြစ်သည်။ သူသည် အမိမြေတွင် မြို့တစ်မြို့လုံးကို သုတ်သင်ခဲ့ဖူးသဖြင့် သတ်ဖြတ်ခြင်း အရှိန်အဝါ အမြောက်အမြားကို စုဆောင်းမိထားပြီးသား ဖြစ်၏။
သူ၏ နားလည်မှုအရဆိုလျှင် ဤစွမ်းရည်ကို ၁၀၀ ရာခိုင်နှုန်းအထိ ကျွမ်းကျင်သွားပါက ရန်သူ၏ အစွမ်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပစ်နိုင်စွမ်း ရှိသည်။ သို့သော် ထိုမျှ ကျွမ်းကျင်ရန်အတွက်မူ လူပေါင်းများစွာကို သတ်ရန် လိုအပ်ပေလိမ့်မည်။ ယခု ဤနေရာကို ဖျက်ဆီးရင်းနှင့် သူ၏ အရှိန်အဝါကို မြှင့်တင်ရန် သူ မျှော်လင့်ထားသည်။
လုံချန်း၏ ရှေ့တွင် အားနည်းနေပြီးသား တပည့်များသည် သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် ပို၍ပင် အားနည်းသွားကြ၏။ သူတို့၏ အစွမ်းမှာ လုံချန်းကို မယှဉ်နိုင်သကဲ့သို့ သူတို့၏ လက်နက်များသည်လည်း လုံချန်း၏ ဘုရင်ဓားကို မယှဉ်နိုင်ကြပေ။
ဓားတစ်ချက် ဝှေ့လိုက်တိုင်း လူခေါင်းတစ်လုံး မြေပေါ်သို့ ပြုတ်ကျသွားသည်။ လုံချန်းကို တပည့်များ ဝိုင်းထားကြသော်လည်း မည်သူမျှ သူ့အား ဒဏ်ရာမပေးနိုင်ကြပေ။ သူသည် နေရာရွှေ့ပြောင်းခြင်းကို သုံးကာ နေရာအနှံ့၌ ပေါ်လာပြီး တပည့်များကို ဆယ်ဂဏန်းအလိုက် သတ်ဖြတ်နေခြင်း ဖြစ်သည်။
မကြာမီမှာပင် သူ့အား တိုက်ခိုက်နေသည့် တပည့်အားလုံး သေဆုံးသွားတော့သည်။ ရာပေါင်းများစွာသော အလောင်းများကြားတွင် လုံချန်းသည် တစ်ယောက်တည်း မတ်တပ်ရပ်နေ၏။ သူသည် သိုလှောင်လက်စွပ်ထဲမှ အဝတ်စတစ်စကို ထုတ်ယူ၍ မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။
"လန်းဆန်းသွားတာပဲ။ အခုမှပဲ စိတ်ထဲ နေလို့ကောင်းတော့တယ်" လုံချန်းက ပြုံးရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ခဏအကြာတွင် မြွေဘုရင်နှင့် မုဆိုးကြယ်တို့ ပြန်လည်ရောက်ရှိလာကြ၏။
"ဒီမှာတော့ ပွဲကြီးပွဲကောင်း ဆင်နွှဲထားတာပဲ" မြွေဘုရင်က မြေပေါ်က အလောင်းများကို ကြည့်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်လေ။ မင်းတို့ရဲ့ အမဲလိုက်ပွဲကရော ဘယ်လိုလဲ" လုံချန်းက မေးလိုက်သည်။
"အကောင်းဆုံးပဲပေါ့။ ဒီဘုရင်ကြီးက လူ ၄၀၀ လောက် သတ်ခဲ့တယ်။ မင်းကရော"
လုံချန်းက ပြုံးပြီး ခေါင်းခါလိုက်ကာ-
"ငါ့အရေအတွက်က သိပ်မများပါဘူး။ ၉၀၀ ပဲ ရှိတယ်။ ငါတို့နှစ်ယောက်ပေါင်းမှ ၁၃၀၀ ပဲ ရှိတယ်ဆိုတော့ ဒီအထပ်မှာ လူ သိပ်မရှိတာပဲ" သူ ရေရွတ်လိုက်သည်။
"ဟူး... ငါတို့ ရှုံးသွားပြီပေါ့။ ဘာမှမကျန်တော့ရင်တော့ ငါ သွားအိပ်တော့မယ်" မြွေဘုရင်က အပြစ်ကင်းစင်သော မျက်နှာဖြင့် လုံချန်းကို ကြည့်ပြီး ပြောသည်။
"မင်း အလောင်းအစားကို မေ့သွားမယ်လို့ မျှော်လင့်နေတာလား။ အခုကစပြီး ငါ့ကို ဘုရင်လို့ ခေါ်ရတော့မှာနော်" လုံချန်းက အကျယ်ကြီး ရယ်မောလိုက်၏။ "ကိုယ့်ကိုယ်ကိုယ် ကြွားနေတာ တော်ပြီ။ နောင်ကျရင် ငါ့အတွက်လည်း အဲဒီလို ကြွားပေးဦး"
"ကောင်းပြီလေ... မင်းက တွဲဖက်ဘုရင်ပေါ့။ ငါတို့နှစ်ယောက်က စကြဝဠာရဲ့ ဘုရင်နှစ်ပါးပဲ။ ဒါပေမဲ့ ငါက ဘုရင်အကြီးနော်၊ အဲဒါတော့ လျှော့မပေးနိုင်ဘူး" မြွေဘုရင်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။
လုံချန်းက မြွေဘုရင်နှင့် မုဆိုးကြယ်ကို သားရဲနယ်မြေထဲသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး နားခိုင်းလိုက်သည်။ သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါကိုလည်း ရပ်တန့်လိုက်သဖြင့် ဆံပင်နှင့် မျက်လုံးများသည် မူလအရောင်အတိုင်း ပြန်ဖြစ်သွား၏။
"ဒီအရှိန်အဝါက ကောင်းတော့ ကောင်းသားပဲ၊ ဒါပေမဲ့ အားနည်းတဲ့ ရန်သူတွေအပေါ်မှာ သုံးရတာကတော့ အပိုပဲ။ တကယ့် ရန်သူအစစ်တွေနဲ့ တွေ့မှပဲ ထိရောက်မှာ။ ဘယ်တော့မှ ၁၀၀ ရာခိုင်နှုန်း ပြည့်မလဲ မသိဘူး" လုံချန်းက ဝိညာဉ်ဓားပေါ်တွင် ရပ်နေရင်း ရေရွတ်နေမိသည်။
"အချိန်တန်ရင် ရောက်လာမှာပါ။ နင့်ရှေ့မှာ သွေးချောင်းစီးမယ့် ခရီးလမ်းတွေ အများကြီး ကျန်သေးတာပဲ။ တစ်နေ့ကျရင် ၁၀၀ ရာခိုင်နှုန်း ပြည့်လာမှာပါ။ အချိန်တော့ ယူရမှာပေါ့" ရွှင်းက နှစ်သိမ့်လိုက်သည်။
လုံချန်းသည် အထပ် ၂၀ ရှိ ကူးပြောင်းရေး ဝင်္ကပါအနားသို့ သွားလိုက်သည်။ ၎င်းမှာ ပျက်စီးနေသော်လည်း လုံချန်းက ထိုအရာအတွက် ရောက်လာခြင်း မဟုတ်ပေ။ သူသည် ဟင်းလင်းပြင် နိယာမကို အသုံးပြုရန်အတွက် မီတာ ၂၀၀ အတွင်း ရှိနေရန် လိုအပ်သောကြောင့် ဖြစ်သည်။ သူသည် ဟင်းလင်းပြင် နိယာမကို အသုံးပြု၍ ၁၉ ထပ်သို့ အခက်အခဲမရှိ ရောက်ရှိသွား၏။
သူသည် ၁၈ ထပ်သို့ ခေတ္တသွားရောက်ပြီးမှ ပြန်လာကာ ဤအထပ်၏ ဝင်္ကပါအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ၁၉ ထပ်၌ သတ်ဖြတ်မှုကို စတင်တော့သည်။ ဤအထပ်တွင် တပည့်များစွာ ပိုမိုရှိနေသဖြင့် လူစုရန် အချိန်အနည်းငယ် ပိုယူခဲ့ရ၏။
ထိုည၌ အကြီးအကဲများမှာ အိပ်မောကျနေကြသော်လည်း လုံချန်း၏ သတ်ဖြတ်ပွဲကမူ ဆက်လက် ရှိနေတော့သည်။
အခန်း (၆၁၆) ကျောင်းတော်ကို ဖျက်ဆီးခြင်း
ထိုမှောင်မိုက်သော ညဉ့်နက်သန်းခေါင်ယံတွင် တစ္ဆေကျောင်းတော်၏ အစောင့်များနှင့် တပည့်များမှာ တစ်ဦးပြီးတစ်ဦး သုတ်သင်ခြင်း ခံကြရလေသည်။ တိတ်ဆိတ်ငြိမ်သက်နေရမည့် ညဉ့်ဦးယံမှာ အသံကုန်အော်ဟစ်သော အသံများဖြင့်သာ ပြည့်နှက်နေတော့၏။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုသူတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိသူများမှာ ဤအော်ဟစ်သံများကို ကြားနိုင်သည့် အကွာအဝေးတွင် ရှိမနေကြခြင်းပင် ဖြစ်သည်။ အော်ဟစ်သံများကို ကြားနိုင်သူများမှာလည်း မိမိတို့ကိုယ်တိုင် အသက်ဘေးမှ လွတ်မြောက်ရန်အတွက်သာ အသည်းအသန် ကြိုးစားနေကြရ၏။
လုံချန်းသည် တစ္ဆေကျောင်းတော်၏ အထပ်များကို တစ်ထပ်ပြီးတစ်ထပ် ဆက်တိုက် ရှင်းလင်းလာခဲ့သည်။ ၁၉ ထပ်၊ ၁၈ ထပ်နှင့် ၁၇ ထပ်တို့ကို တစ်ထပ်ပြီးတစ်ထပ် သုတ်သင်ပစ်ခဲ့၏။ ညမကုန်ဆုံးမီမှာပင် လုံချန်းသည် အထပ်အားလုံးရှိ တပည့်များကို သတ်ဖြတ်ကာ ရှင်းလင်းပြီးစီးခဲ့လေပြီ။
သူသည် တပည့်များကို သတ်ဖြတ်ရုံသာမက ကျောင်းတော်အတွင်းရှိ အဖိုးတန် အဆောက်အအုံများကိုလည်း ရှာဖွေကာ ကိုယ်ပိုင်အတတ်ပညာများ၊ ဆေးဥယျာဉ်အတွင်းရှိ ဆေးဘက်ဝင် အပင်များနှင့် ရတနာတိုက်အတွင်းမှ အဖိုးတန်လက်နက်များကိုပါ သိမ်းကျုံးယူငင်ခဲ့သည်။ အသုံးမဝင်သော အမှိုက်ကဲ့သို့ ပစ္စည်းများကိုသာ ချန်ထားရစ်ခဲ့၏။
သူရင်ဆိုင်ခဲ့ရသည့် အကြီးမားဆုံးသော အခက်အခဲမှာ ကျောင်းတော်၏ ပညာရပ်များနှင့် လက်နက်တိုက်ကို စောင့်ကြပ်နေကြသည့် ကောင်းကင်ဘုံအဆင့် တစ်ပိုင်း ကျင့်ကြံသူများပင် ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ၎င်းတို့မှာ ကောင်းကင်ဘုံအဆင့် အစစ်အမှန်များ မဟုတ်ကြသေးပေ။
လုံချန်းသည် မိမိ၏ အစွမ်းကို စမ်းသပ်သည့်အနေဖြင့် ၎င်းတို့ကို ပေါ်ပေါ်ထင်ထင် ရင်ဆိုင်သတ်ဖြတ်လိုသော်လည်း အချိန်မလောက်ငတော့သဖြင့် အရိပ်အသွင် ပြောင်းလဲခြင်းနှင့် နေရာရွှေ့ပြောင်းခြင်း ပညာရပ်များကို အသုံးပြုကာ တိတ်တဆိတ်သာ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ မိုးမလင်းမီ ဤနေရာမှ ထွက်ခွာနိုင်ရန်အတွက် ကျောင်းတော်၏ ရတနာများကို ပေါ်ပေါ်ထင်ထင်ပင် လုယူကာ အောက်ထပ်များသို့ ဆက်လက်ဆင်းသက်ခဲ့၏။
လုံချန်းသည် ပထမထပ်ရှိ လူအားလုံးကို သတ်ဖြတ်ပြီးစီးချိန်တွင် အရုဏ်တက်နေပြီ ဖြစ်သည်။
"အကုန်လုံး ပြီးသွားပြီ။ အကြီးအကဲတွေနဲ့ ကျောင်းတော် ခေါင်းဆောင်တွေကလွဲရင် အားလုံး သေကုန်ကြပြီ။ တကယ်လို့သာ ကျောင်းတော် ခေါင်းဆောင်တွေက ကောင်းကင်ဘုံအဆင့် ထိပ်ဆုံး ဒါမှမဟုတ် အဲဒီထက်မက အစွမ်းမထက်ဘူးဆိုရင် သူတို့ကိုပါ အကုန်ဖျက်ဆီးပစ်ချင်သေးတာ" လုံချန်းက မြေပြင်ပေါ်မှ သွေးကွက်များကို ကြည့်ကာ ရေရွတ်လိုက်၏။
"လက်စားချေမှုရဲ့ ပထမပိုင်းမှာ နင် တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ နင် သင်ယူတတ်မြောက်လာပြီပဲ။ ရက်စက်တတ်တာက ကောင်းပါတယ်၊ ဒါပေမဲ့ ဦးနှောက်မပါဘဲ သတ်ဖြတ်နေတာကတော့ အသုံးမဝင်ဘူး။ ကျောင်းတော်မှာ ခေါင်းဆောင်တွေ အများကြီး ရှိနေသေးတာမို့လို့ တစ်ခုခု ဆုံးရှုံးမှုမရှိဘဲ နင် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ နောင်ကျမှ နင် ပိုပြီး အစွမ်းထက်လာတဲ့အခါ ပြန်လာခဲ့ပေါ့။ အခုလောလောဆယ်တော့ တစ္ဆေကျောင်းတော်ကို နင် တော်တော်လေး ပျက်စီးအောင် လုပ်နိုင်ခဲ့ပြီပဲ" ရွှင်းက ဆိုသည်။ "အခုတော့ ဒီကနေ ထွက်သွားကြရအောင်" သူမက ဆက်ပြော၏။
"အင်း..." လုံချန်းက ပြန်ထူးရင်း လက်ကို မြှောက်လိုက်ရာ ဟင်းလင်းပြင် တံခါးပေါက်တစ်ပေါက် သူ၏ရှေ့တွင် ပွင့်လာတော့သည်။
"ဒါဟာ ဒီနေ့အတွက် ငါ့ရဲ့ နောက်ဆုံး ဟင်းလင်းပြင် တံခါးပေါက်ပဲ။ ငါ သွားနိုင်သလောက် အဝေးဆုံးကို သွားမယ်" ထိုသို့ ဆိုကာ သူသည် ထိုတံခါးပေါက်အတွင်းသို့ လှမ်းဝင်လိုက်လေသည်။
ကျယ်ပြောလှသော ပင်လယ်ပြင်ကြီး... မျက်စိတစ်ဆုံး ရေပြင်ပြာပြာကြီးများကိုသာ မြင်တွေ့နေရ၏။ ရေပြင်မှာ ကြည်လင်နေပြီး ဤလောကတွင် အသန့်ရှင်းဆုံးသော ရေများကဲ့သို့ ထင်မှတ်ရသည်။ ညင်သာသော လေပြေများက ရေပြင်ကို တိုက်ခတ်နေစဉ်မှာပင် ရေပြင်ထက်၌ ဟင်းလင်းပြင် အက်ကြောင်း တစ်ကြောင်း ပေါ်လာ၏။ ထိုအက်ကြောင်းမှာ တဖြည်းဖြည်း ကြီးမားလာပြီး တံခါးပေါက် တစ်ပေါက် ဖြစ်လာတော့သည်။
ထိုတံခါးပေါက်အတွင်းမှ လူတစ်ယောက် လှမ်းထွက်လာခဲ့သည်။ အသက် ၂၀ အောက်သာ ရှိဦးမည့် ထိုလူငယ်လေးမှာ အမည်းရောင် ဆံပင်များနှင့် လှပသော ရွှေရောင်မျက်လုံးများကို ပိုင်ဆိုင်ထား၏။ ကျောပေါ်တွင် ရဲရဲနီသော ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း အဝတ်အစားများမှာ သွေးများဖြင့် စွန်းထင်းနေခြင်း ဖြစ်သည်။ သူ၏လက်ထဲတွင်မူ ထိတ်လန့်စရာ အရှိန်အဝါများ ထွက်ပေါ်နေသော လှပသည့် ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ လေပေါ်တွင် ရပ်နေလေသည်။
သူ၏နောက်ကွယ်မှ ဟင်းလင်းပြင် တံခါးပေါက်မှာ ပျောက်ကွယ်သွားတော့၏။
"ငါတို့ အဆုံးမဲ့ ပင်လယ်ပြင်ဆီ ပြန်ရောက်လာပြီပဲ" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
သူသည် သူ၏ ရှေးဟောင်းလက်စွပ်အတွင်းသို့ ဝိညာဉ်အာရုံ စေလွှတ်ကာ ကမ္ဘာငယ်လေးအတွင်းရှိ အခြေအနေများကို ကြည့်ရှုလိုက်၏။ သူ၏ဖခင်မှာ အသက်ကယ် ဆေးလုံးများကြောင့် ပြန်လည်ကျန်းမာလာသည်ကို မြင်ရသဖြင့် သူ ဝမ်းသာသွားသည်။ သို့သော် သူ၏မိခင်မှာမူ ငိုကြွေးနေဆဲ ဖြစ်၏။
"သူတို့ ဘာလို့ ငိုနေကြတာလဲ။ ငါ့ကြောင့်လား။ ဪ... ငါ အန္တရာယ်ရှိနေပြီလို့ သူတို့ ထင်နေကြတာ ဖြစ်မှာပဲ" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။ "ငါ သူတို့ကို အကျိုးအကြောင်း ရှင်းပြရလိမ့်မယ်"
ထို့နောက် သူသည် သားရဲနယ်မြေအတွင်းမှ မြွေဘုရင်ကို ခေါ်ထုတ်လိုက်၏။
"ဒီဘုရင်ကြီး အေးအေးဆေးဆေး နားနေတာကို... မင်းက တကယ်ပဲ ခေါ်ထုတ်ရသလား" မြွေဘုရင်က လုံချန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ငါ မင်းကို ခေါ်မယ်လို့ ပြောထားသားပဲ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေ အားလုံး ပြီးသွားပြီဆိုတော့ ထွက်သွားဖို့ အချိန်တန်ပြီ။ မင်း ခန္ဓာကိုယ်ကို နည်းနည်း ကြီးအောင်လုပ်ဦး။ ငါ့မိသားစုနဲ့ စကားပြောချင်လို့။ သူတို့က ပျံသန်းနိုင်စွမ်း မရှိတော့ မင်းပေါ်မှာ ထိုင်ရလိမ့်မယ်" လုံချန်းက ဆိုသည်။
"မင်းကတော့ ဒီဘုရင်ကြီးကို ရထားလုံးလိုပဲ သုံးချင်နေတာပဲ။ ကောင်းပြီလေ... ဒီတစ်ခါပဲနော်" ထိုသို့ ဆိုကာ မြွေဘုရင်မှာ တဖြည်းဖြည်း ကြီးမားလာပြီး လူ ၂၀ ခန့် အေးဆေးစွာ လိုက်ပါနိုင်သည့် အရွယ်အစားသို့ ရောက်ရှိသွားတော့သည်။
"ဘယ်ဘက်ကို သွားရမှာလဲ" လုံချန်းသည် သူ၏ ကျောပေါ်တွင် ထိုင်လိုက်သည်တွင် မြွေဘုရင်က မေးသည်။
လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ သူ ကျိရှန်းအား ပေးအပ်ခဲ့သော အဆောင်နှင့် ချိတ်ဆက်ထားသည့် အဆောင်ဖြစ်သဖြင့် ကျိရှန်း ရှိနေသည့် အရပ်မျက်နှာကို သိနိုင်ခြင်း ဖြစ်သည်။
လုံချန်းက အဆောင်ကို အသက်သွင်းလိုက်သောအခါ မြှားတစ်စင်း ပေါ်လာပြီး အရပ်မျက်နှာတစ်ခုသို့ ညွှန်ပြလေသည်။
"တောင်ဘက်ကို သွားမယ်။ အဲဒါ ငါတို့သွားမယ့် နေရာပဲ" လုံချန်းက ပြောလိုက်ရာ မြွေဘုရင်သည် စတင်ပျံသန်းတော့သည်။
ရှေးဟောင်း ဂူသင်္ချိုင်းအတွင်း၌မူ ကျောင်းတော်သခင်နှင့် အခြားသူများမှာ သတိမေ့နေကြဆဲ ဖြစ်သည်။ ကျောင်းတော်သခင်သည် ပထမဆုံး သတိပြန်ရလာသူ ဖြစ်၏။
သူသည် မိမိ၏ ဦးခေါင်းကို ကိုင်လျက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ "ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ အဲဒီကောင်လေးက ဘယ်သူလဲ" သူက ထရပ်ရင်း ရေရွတ်လိုက်၏။
"သူ့မှာ ကျင့်ကြံခြင်းအဆင့် ရှိပုံလည်း မရဘူး။ လေ့ချီကို ဘယ်လိုလုပ် အဲဒီလောက် အလွယ်တကူ သတ်နိုင်ပြီး ငါတို့ကိုရော ဘာမှမလုပ်ဘဲ ဒဏ်ရာရအောင် ဘယ်လို လုပ်နိုင်ခဲ့တာလဲ" ကျောင်းတော်သခင်က မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဒါဆိုရင် ဒီဂူသင်္ချိုင်းထဲက အရာက ဖျက်ဆီးခြင်း လက်နက်မဟုတ်ဘဲ... အဲဒါ... အဲဒါ ဖြစ်နေတာလား" ကျောင်းတော်သခင်က ဖြစ်နိုင်ခြေတစ်ခုကို တွေးတောမိသွားသည်။
"ဟောကိန်းတွေနဲ့ စာသားတွေက ရတနာအကြောင်းမဟုတ်ဘဲ အဲဒီကောင်လေးအကြောင်း ဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ။ ငါတို့ ဘာတွေ လုပ်မိလိုက်တာလဲ။ နေဦး... ငါတို့မှာ အခွင့်အရေး ရှိသေးတယ်။ အဲဒီလူကို ရှာရမယ်။ သူက ဘာမှနားမလည်သေးတဲ့ ကလေးတစ်ယောက်နဲ့ တူတယ်။ စောစောက စွမ်းအင်ပေါက်ကွဲမှုက ငါတို့ရဲ့ သတ်ဖြတ်လိုစိတ်ကြောင့် ဖြစ်မှာပါ။ သူနဲ့သာ ရင်းနှီးအောင် လုပ်နိုင်ရင် အခြေအနေကို ပြန်ပြင်လို့ ရသေးတယ်"
"ငါ အဲဒီကောင်လေးကို ရှာရမယ်။ သူ သိပ်ဝေးဝေး မသွားနိုင်သေးပါဘူး။ ဒီလျှို့ဝှက်နယ်မြေထဲမှာ ဒါမှမဟုတ် ကျောင်းတော်ရဲ့ ၂၆ ထပ်မှာပဲ ရှိဦးမှာပါ။ သူက ကူးပြောင်းရေး ဝင်္ကပါတွေကို မသုံးတတ်တော့ ဒီကနေ ထွက်သွားလို့ မရဘူး။ ငါတို့ သူ့ကို ရှာရမယ်" ထိုသို့ ဆိုကာ ကျောင်းတော်သခင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
"ထကြစမ်း၊ ငတုံးတွေ" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ယဇ်ပုရောဟိတ်များမှာ လွင့်ထွက်သွားပြီး တစ်ဦးပြီးတစ်ဦး သတိပြန်ရလာကြသည်။
"ဟိုကောင်လေး ဘယ်မှာလဲ"
"သူက သိပ်အစွမ်းထက်တာပဲ"
"သူ ထွက်သွားပြီလား"
ယဇ်ပုရောဟိတ်များက မေးခွန်းများစွာ မေးမြန်းကြတော့သည်။
"ငါတို့မှာ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး။ အဲဒီကောင်လေးက ငါတို့ ရှာရမယ့်သူပဲ။ ဟောကိန်းထဲက အရာဟာ သူပဲ။ ဒီလျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ရှာကြ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ကို ရှာတွေ့အောင် ရှာ။ ရှာတွေ့တဲ့အခါကျရင်လည်း ငါ့ကလေးလိုမျိုး သေချာဆက်ဆံကြ။ ဘယ်သူမှ သူ့ကို မခြောက်လှန့်ရဘူး၊ နာကျင်အောင် မလုပ်ရဘူး၊ မဟုတ်ရင် မင်းတို့ သေရမယ်။ အခု ချက်ချင်း ထွက်သွားပြီး လူစုခွဲရှာကြ" ကျောင်းတော်သခင်က ပြောဆိုကာ ခန်းမထဲမှ ထွက်ခွာသွားလေသည်။
သူတို့ တံခါးနှစ်ချပ်ရှိရာ ခန်းမသို့ ရောက်ရှိချိန်တွင်တော့ ရုပ်ထုနှစ်ရုပ်အနက် တစ်ရုပ်မှာ ပျက်စီးနေပြီ ဖြစ်သည်။