အခန်း (၆၂၁-၆၂၂)
Vol. 63 Ch. 621-622
အခန်း (၆၂၁) လိပ်နက်မျိုးနွယ်စု
လိပ်နက်သခင်လေးသည် ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်ရာ လူတစ်ယောက်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုသူမှာ လိပ်နက်မျိုးနွယ်စုမှ တစ်ဦးဦး ဖြစ်ပုံရ၏။ လိပ်နက်မျိုးနွယ်စုဆိုသည်မှာ ဤလူငယ်၏ မိသားစုပင် ဖြစ်သော်လည်း သူသည် အိမ်သို့ ပြန်မခေါ်သွားခံရစေရန်အတွက် ၎င်းတို့ထံမှ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်သည်။
"သူတို့ ဒီကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။ ဟိုအဖိုးကြီးက ငါ့ကိုလိုက်ရှာဖို့ ကမ္ဘာတိုင်းကို လူတွေ လွှတ်ထားတာလား။ အဲဒီအဖိုးကြီး ရူးသွားပြီလားမသိဘူး" လူငယ်က လက်ကို ဝှေ့ယမ်းရင်း ကျိန်ဆဲလိုက်၏။
"မင်းတော့ ကံကောင်းသွားတယ် ကောင်လေး။ အဲဒီလူသာ ဒီမှာ မရှိရင် မင်းရဲ့ လည်ပင်းကို ငါ အခုချက်ချင်း ချိုးပစ်လိုက်မှာ" သူက ရေရွတ်ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ သူသည် ဤဂြိုဟ်ပေါ်သို့ ရောက်ရှိလာရုံသာ ရှိသေးသော်လည်း ချက်ချင်းပင် ပြန်လည် ထွက်ခွာသွားရခြင်း ဖြစ်၏။
သူ အဝေးတွင် လှမ်းမြင်ခဲ့သောသူမှာ လိပ်နက်မျိုးနွယ်စုမှ တစ်ဦးဖြစ်သည်မှာ မှန်သော်လည်း သူ ထင်မှတ်ထားသည်မှာ တစ်ခု မှားယွင်းနေသည်။ ထိုသူမှာ သူ့ကို လိုက်ရှာနေခြင်း မဟုတ်ပေ။
အခြားတစ်ဖက်တွင်မူ ထိုလိပ်နက်မျိုးနွယ်စုဝင်မှာ လုံးဝခြားနားသော အကြောင်းကိစ္စတစ်ခုအတွက် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ထိုသူသည် လိပ်နက်သခင်လေးကို ရှာဖွေရန် ဤဂြိုဟ်သို့ ရောက်ရှိခဲ့သော်လည်း ရှာမတွေ့သဖြင့် ပြန်လည် ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် တစ်စုံတစ်ယောက် ဤနေရာသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ နဂါးမျိုးနွယ်စုမှ နဂါးစစ်သည်တစ်ဦး ဖြစ်နေ၏။
လိပ်နက်မျိုးနွယ်စုဝင်သည် နဂါးစစ်သည်ကို မြင်လိုက်ရသောအခါ နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့သည်။ နဂါးစစ်သည်သည် တစ်စုံတစ်ခုကို မြေကြီးထဲတွင် မြှုပ်နှံပြီးနောက် ထွက်ခွာသွားသည်ကို သူ တွေ့လိုက်ရ၏။ နဂါးစစ်သည် ထွက်သွားပြီးနောက်တွင်မှ ထိုလိပ်နက်မျိုးနွယ်စုဝင်မှာ နဂါးစစ်သည် မြှုပ်နှံခဲ့သောအရာကို ယူရန် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင်မှ လိပ်နက်သခင်လေး ပေါ်လာပြီး လူငယ်လေးထံတွင် လမ်းမေးမြန်းနေခြင်းပင် ဖြစ်သည်။
ဂူသင်္ချိုင်းအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သော ထိုလူငယ်လေးတွင် အမည်နာမ မရှိပေ။ သူ့တွင် မည်သည့် မှတ်ဉာဏ်မှလည်း မရှိသော်လည်း သူ၏ ဝိညာဉ်ပေါ်ရှိ ပထမဆုံးသော သံကြိုးပြတ်တောက်သွားပြီးနောက်တွင်မူ သူသည် အရာအချို့ကို စတင်သတိပြုမိလာခဲ့သည်။ သူသည် စကားလုံးများအား နားလည်နိုင်စွမ်းနှင့် ပြန်လည်တုံ့ပြန်နိုင်စွမ်းကို ရရှိလာခဲ့ပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် စကြဝဠာ၏ မူလအစ ကိုယ်တိုင် ခတ်နှိပ်ထားသော စကြဝဠာနိယာမ သံကြိုးများသည် မည်သို့မျှ ပြတ်တောက်နိုင်စရာ အကြောင်းမရှိပေ။ သို့သော် ထိုသံကြိုးများပင်လျှင် စကြဝဠာ၏ ဒုတိယမြောက် မူလအစ ဖြစ်သော အခြားဝိညာဉ်တစ်ခုကို ထာဝရ ချည်နှောင်ထားနိုင်စွမ်း မရှိခဲ့ပေ။
ထို့ကြောင့်ပင် မူလအစကို သတ်ဖြတ်ရန် မဖြစ်နိုင်ဟု ဆိုကြခြင်း ဖြစ်သည်။ ၎င်းတို့၏ စွမ်းအားများကို ကန့်သတ်ထားနိုင်သော်လည်း ၎င်းတို့ကသာ ခုခံခြင်း မပြုပါက တစ်နေ့တွင် ပြန်လည် လွတ်မြောက်နိုင်သည့် နည်းလမ်း ရှိနေမြဲ ဖြစ်သည်။
ပထမဆုံးသော သံကြိုးပြတ်တောက်သွားရခြင်းမှာလည်း အကြောင်းရင်း ရှိသည်။ ၎င်းမှာ အားနည်း၍ မဟုတ်ပေ။ ၎င်းသည် နိယာမ ၁၂၀ အနက် အားအနည်းဆုံး နိယာမဖြင့် ပြုလုပ်ထားသော သံကြိုးဖြစ်သော်လည်း မူလအစထံမှ ဆင်းသက်လာသော စကြဝဠာနိယာမ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲပင်။ ကောင်လေးအနေဖြင့် ချည်နှောင်မှုများကို မဖျက်ဆီးနိုင်စေရန် သူ၏ မှတ်ဉာဏ်များကိုလည်း ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်၏။
ကောင်လေးသည် ဂူသင်္ချိုင်းအတွင်းမှ ပျောက်ကွယ်သွားပြီးနောက် မျက်စိတစ်ဆုံး လူသူမရှိ၊ အဆောက်အအုံမရှိသော ဤခြောက်ကပ်ကပ် အရပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူ မည်သည်တွင် ရောက်နေသနည်း သို့မဟုတ် မည်သည်ကို လုပ်ရမည်နည်းအား သူ မသိပေ။ သူ၏ တည်ရှိမှု ရည်ရွယ်ချက်ကိုလည်း သူ မသိရှိပေ။ သူသိသည်မှာ ဤနေရာတွင် မှောင်မိုက်ခြင်းများ မရှိတော့ခြင်းပင် ဖြစ်သည်။ သူ၏ အသားအရေပေါ်သို့ ကျရောက်လာသော အလင်းရောင်များက သူ့ကို လန်းဆန်းစေပြီး ခွန်အားများကို ပေးစွမ်းနေလေသည်။
လုံချန်းသည် သူ၏ ဇနီးသည်များနှင့်အတူ မြွေဘုရင်၏ ကျောပေါ်တွင် ထိုင်လျက် ကြည်လင်သော ရေပြင်ကို ဖြတ်ကျော်နေသည်။ ဘေးကင်းသော ဇုန်ကို ကျော်ဖြတ်လာခဲ့ပြီဖြစ်၍ သူတို့၏ အပျော်အပါး ကိစ္စများကို ရပ်တန့်ထားလိုက်ကြပြီ ဖြစ်၏။
မိန်းကလေးများမှာ ကျင့်ကြံခြင်းကို စတင်နေကြပြီး လုံချန်းကမူ လမ်းတစ်လျှောက်တွင် ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို ခံရမည်စိုးသဖြင့် ပတ်ဝန်းကျင်အား စောင့်ကြည့်နေရသည်။ မြွေဘုရင်မှာ သူတို့ကို သယ်ဆောင်ရန်သာ အာရုံစိုက်ထားသဖြင့် တိုက်ခိုက်မှုတွင် ပါဝင်မည် မဟုတ်ပေ။ လုံချန်း ရောက်လာပြီး ဖြေရှင်းနိုင်သည်အထိ ရန်သူကို အချိန်ဆွဲထားပေးရုံသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
လုံချန်းသည် မိန်းကလေးများကို ယင်ယန်ကျင့်စဉ်၏ အခြေခံများကို လေ့လာစေလိုသဖြင့် သူနှင့်အတူ အပြင်မှာပင် ရှိနေစေခဲ့သည်။ ဘေးကင်းဇုန်မှ ထွက်လာချိန်တွင် ကမ္ဘာငယ်လေးအတွင်းသို့ ပြန်သွားကာ အေးအေးဆေးဆေး ကျင့်ကြံလိုသလားဟု သူ မေးမြန်းခဲ့သော်လည်း မိန်းကလေးများက ငြင်းပယ်ကာ သူနှင့်အတူ နေရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
သူနှင့်အတူ ရှိမနေသော တစ်ဦးတည်းသော မိန်းကလေးမှာ မင်လန်၏ မိခင် မင်ရင်းပင် ဖြစ်သည်။ မိခင်ရော သမီးပါ သူ၏ ဇနီးများ ဖြစ်နေသော်လည်း မင်ရင်က မည်သူ့ကိုမျှ မပြောရန် ကတိတောင်းထားသဖြင့် လုံချန်း၏ ဇနီးဖြစ်ကြောင်း မည်သူမျှ မသိကြပေ။ မင်ရင်မှာ ကမ္ဘာငယ်လေးအတွင်း၌ အမှောင် နတ်မိမယ်မျိုးနွယ်စုကို စနစ်တကျ အခြေချနိုင်ရန် အလုပ်ရှုပ်နေလေသည်။
"ငါသာ အိမ်မက်တိုက်ကြီးကို ရောက်တဲ့အချိန်ဆိုရင် ကျိရှန်း ရောက်နေတာ ၃ ပတ်လောက် ရှိပြီ ဖြစ်ရမယ်။ သူ ဇနီးတစ်ယောက် ရှာမယ်လို့ ကတိပေးခဲ့ပေမဲ့ အချိန်က သိပ်မရှိဘူးပဲ။ ငါက မျှော်လင့်ထားတာထက် အလုပ်တွေ မြန်မြန် ပြီးသွားတာကိုး။ ဘာပဲဖြစ်ဖြစ် သူ ဇနီးမရသေးရင်တောင် သူသဘောကျတဲ့ မိန်းကလေးတော့ တွေ့နေလောက်ပါပြီ။ ဒီတိုက်သစ်က ငါ့အတွက် ဘယ်လို ထူးခြားမှုတွေ ပေးမလဲဆိုတာ သိချင်မိတယ်" လုံချန်းက မိုးကုပ်စက်ဝိုင်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"အဲဒီ ရောက်သွားလို့ ကျိရှန်းတစ်ယောက် အိမ်ထောင်ကျနေတာ မြင်ရရင်တော့ တကယ့်ကို အံ့သြစရာ အဖွင့် ဖြစ်မှာပဲ" သူက တွေးကာ ရယ်မောလိုက်၏။
"သူ အိမ်ထောင်ကျနေလိမ့်မယ်လို့ နင် ထင်လို့လား" မင်ယုက မျက်လုံးဖွင့်ကာ မေးလိုက်သည်။
"နင်က ဘာလို့ ကျင့်ကြံခြင်းမှာ အာရုံမစိုက်တာလဲ" လုံချန်းက သူမကို ကြည့်ကာ မေးလိုက်၏။
"ငါ ကျင့်ကြံနေတာပါ။ ဒါပေမဲ့ နင့်ကို မေးစရာ ရှိတာလေး တစ်ခု သတိရလို့ ခဏ ရပ်လိုက်တာ၊ အဲဒီမှာ နင့်စကားတွေကို ကြားလိုက်ရတာပဲ" မင်ယုက ပြုံးရင်း ဖြေသည်။
"အင်း... နင့်မေးခွန်းကို ဖြေရရင်တော့ ငါလည်း မသိဘူး။ သူ ဇနီးရှာမယ်လို့ ကတိပေးထားတော့ အိမ်ထောင်ကျနေဖို့လည်း အခွင့်အရေး ရှိတာပဲ။ တကယ်လို့ သူ အိမ်ထောင်ကျနေရင်လည်း ကောင်းတာပေါ့၊ မကျသေးရင်လည်း ငါတို့ကိုယ်တိုင် သူ့မင်္ဂလာဆောင်ကို တက်လို့ရတာပေါ့" လုံချန်းက ဖြေလိုက်သည်။
"ဟုတ်တယ်... ဘယ်လိုဖြစ်ဖြစ် ကောင်းတာပဲ။ အဲဒီကို ရောက်ဖို့ ငါ တော်တော် စိတ်လှုပ်ရှားနေပြီ" ကျိချင်းကလည်း မျက်လုံးဖွင့်ကာ ဆိုသည်။
"နင်လည်း ကျင့်ကြံခြင်းမှာ အာရုံမစိုက်ဘူးပေါ့" လုံချန်းက ခါးသက်သက် ပြုံးရင်း ပြောလိုက်၏။
"ဒီနေ့အတွက် ငါ ကျင့်ကြံလို့ ပြီးသွားပြီလေ။ အပြင်မထွက်ခင် ကတည်းက ငါ ရက်ပေါင်းများစွာ ကျင့်ကြံခဲ့တာ။ အခုက ငါတို့ရဲ့ ယင်ယန်ကျင့်စဉ်ကြောင့် တိုးတက်လာတဲ့ စွမ်းအင်တွေကို ခိုင်မာအောင် လုပ်နေတာ၊ အခု အဲဒါလည်း ပြီးသွားပြီ" ကျိချင်းက ရယ်မောရင်း ပြန်ပြောသည်။
"ကျန်တဲ့သူတွေရော ကျင့်ကြံမနေကြဘူးလား" လုံချန်းက ကျန်သည့် မိန်းကလေးများကို လှမ်းမေးလိုက်ရာ ရွှယ်၊ မေ နှင့် မင်လန်တို့မှာလည်း ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် မျက်လုံးများ ဖွင့်လာကြသည်။
"နင်တို့ရဲ့ စွမ်းအင်တွေကိုရော ခိုင်မာအောင် လုပ်ပြီးကြပြီလား" လုံချန်းက မေးရာ အားလုံးက ခေါင်းညိတ်ပြကြသည်။
"ကောင်းပြီ... အဲဒါဆိုရင် မင်ယုရဲ့ သံသယကို အရင် ရှင်းပေးမယ်။ အဲဒီနောက်မှာ နင်တို့ အားလုံးနဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာ ရှိတယ်" လုံချန်းက ဆိုကာ မင်ယုဘက်သို့ အာရုံစိုက်လိုက်သည်။
"ကဲ... နင် ဘာသိချင်တာလဲ။ ဘာပြဿနာ ရှိလို့လဲ"
"ငါ့ရဲ့ ကျင့်ကြံခြင်းအကြောင်းပါ။ ယင်ယန်ကျင့်စဉ်က ရတဲ့ စွမ်းအင်တွေကို ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်ဖို့ ကြိုးစားတဲ့အခါတိုင်း တစ်ခုခုက တားဆီးနေသလိုပဲ။ အဲဒီစွမ်းအင်က ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ အဆင်မပြေဖြစ်နေသလို ခံစားရတယ်။ အဲဒါက ငါ့ကို ပိုပြီး အစွမ်းထက်လာစေတာ မှန်ပေမဲ့ အဲဒီ ချီစွမ်းအင်ကို ငါ့ရဲ့ အတတ်ပညာတွေမှာ သုံးလို့မရဘူး ဖြစ်နေတယ်" မင်ယုက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါ... ဒါမျိုး ဖြစ်နေတာကို နင် ဘာလို့ စောစောက မပြောတာလဲ" လုံချန်းက စိုးရိမ်တကြီး မေးလိုက်တော့သည်။
အခန်း (၆၂၂) မင်ယု၏ သိုင်းဟင်းလင်းပြင်သို့ ဝင်ရောက်ခြင်း
အကယ်၍ ဤပြဿနာသည် ယင်ယန်ကျင့်စဉ်နှင့် ပတ်သက်နေပါက သူမနှင့် သူ စတင်ကျင့်ကြံကတည်းက ပေါ်ပေါက်ခဲ့ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ မင်ယုသည် ဤကိစ္စကို တစ်ချိန်လုံး မျိုသိပ်ထားခဲ့ပြီး ယခုမှသာ ဖွင့်ပြောခြင်းပင်။ သူမ ဘာကြောင့် စောစောစီးစီး မပြောခဲ့သနည်းဆိုသည်ကို လုံချန်း နားမလည်နိုင်အောင် ဖြစ်နေရ၏။
"အစတုန်းကတော့ ဒါကို ပြဿနာတစ်ခုလို့ ငါ မသတ်မှတ်ခဲ့မိလို့ပါ။ အသစ်ဝင်လာတဲ့ စွမ်းအင်တွေကို ခန္ဓာကိုယ်က လက်မခံနိုင်သေးလို့ ကျင့်သားရအောင် ကြိုးစားနေရတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ တော်တော်လေး ကြာလာတဲ့အထိ အခြေအနေက ထူးမခြားနား ဖြစ်နေတုန်းပဲ။ ဒါဟာ ရိုးရိုးရှင်းရှင်း အသားမကျတာမျိုး မဟုတ်ဘူးဆိုတာ ငါ နောက်ဆုံးမှာ သိလိုက်ရတယ်။ ဒါကြောင့် မအောင့်နိုင်တော့တဲ့အဆုံး နင့်ကို တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်တာပါ" မင်ယုက တည်ကြည်စွာ ရှင်းပြသည်။
"ပြဿနာက တော်တော်လေး ရှုပ်ထွေးပုံရတယ်၊ ငါ စစ်ဆေးကြည့်ပါရစေဦး" လုံချန်းက ဆိုကာ သူမအနားသို့ သွားထိုင်လိုက်ပြီး သူမ၏လက်ကို ကိုင်ကာ မျက်လုံးမှိတ်လိုက်၏။ သူသည် ဝိညာဉ်အာရုံကို အသုံးပြု၍ သူမ၏ အမြုတေနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွင် စွမ်းအင်အသုံးပြုရ ခက်ခဲစေသည့် ချို့ယွင်းချက် ရှိ၊ မရှိ စစ်ဆေးသော်လည်း အားလုံး ပုံမှန်ပင် ဖြစ်နေသည်ကို တွေ့ရသည်။
'ရွှင်း... နင်ရော ဘယ်လိုထင်လဲ။ ငါကြည့်ရသလောက်တော့ သူ့မှာ ဘာမှ မှားယွင်းနေတာ မတွေ့ဘူး' လုံချန်းက ရွှင်းကို လှမ်းမေးလိုက်၏။
"ငါ ဘယ်လိုလုပ် သိမှာလဲ။ နင်က နင့်ရဲ့အတွေးတွေကို ငါ့ဆီကနေ ပိတ်ထားတာလေ။ နင့်ရဲ့ ဝိညာဉ်အာရုံက မြင်ရတာတွေကို ငါ မြင်ရတာမှ မဟုတ်တာ" ရွှင်းက စိတ်ပျက်လက်ပျက် ပြန်ဖြေသည်။
'ဪ... တောင်းပန်ပါတယ်၊ ငါ မေ့သွားလို့။ ကဲ... အခု ငါ့ရဲ့ အမြင်နဲ့ အတွေးတွေကို နငါ ဝင်ကြည့်လို့ ရအောင် ဖွင့်ပေးလိုက်ပြီ' ထိုသို့ ဆိုကာ လုံချန်းက ခွင့်ပြုလိုက်၏။
သူသည် ဝိညာဉ်အာရုံဖြင့် မင်ယု၏ ခန္ဓာကိုယ်ကို တစ်ဖန် ပြန်လည် စစ်ဆေးပြီးနောက် ရွှင်း၏ အမြင်ကို မေးမြန်းလိုက်သည်။
"အရာအားလုံးက ပုံမှန်ပါပဲ။ ချီစွမ်းအင်တွေက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ လုံးဝ အံဝင်ခွင်ကျ ဖြစ်နေတယ်။ ပြဿနာက စွမ်းအင်ချင်း မကိုက်ညီတာမျိုး မဟုတ်ဘူးလို့ ထင်တယ်" ရွှင်းက ပြန်ပြော၏။
'ဒါဆိုရင် ဘာက ပြဿနာ ဖြစ်နေတာလဲ။ စွမ်းအင်ချင်း အဆင်ပြေနေရဲ့သားနဲ့ သူ ဘာလို့ အဲဒီစွမ်းအင်ကို သုံးရခက်နေတာလဲ' လုံချန်းက မေးလိုက်သည်။ သူသည် မင်ယုကို ကူညီချင်သော်လည်း ဤပြဿနာကို သူကိုယ်တိုင်ပင် နားမလည်နိုင် ဖြစ်နေရ၏။
ရွှင်းသည်သာ သူ့ကို ကူညီနိုင်မည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သူမသည် ထျန်းရှန်နှင့်အတူ စကြဝဠာအနှံ့ ခရီးနှင်ခဲ့သူဖြစ်ရာ အတွေ့အကြုံနှင့် ဗဟုသုတ အလွန်ကြွယ်ဝသူ ဖြစ်၏။
"ငါလည်း အသေအချာတော့ မပြောတတ်သေးဘူး။ ဒါပေမဲ့ စွမ်းအင်ကော ခန္ဓာကိုယ်ကကော ပြဿနာ မဟုတ်တာ သေချာတယ်။ တစ်ခုပဲ ကျန်တော့တယ်၊ အဲဒါ သူ့ရဲ့ သိုင်းဟင်းလင်းပြင်ပဲ။ နင့်ရဲ့ ဝိညာဉ်အာရုံကို သူ့ရဲ့ သိုင်းဟင်းလင်းပြင်ထဲ စေလွှတ်ပြီး စစ်ဆေးကြည့်လိုက်။ အဲဒီမှာပဲ တစ်ခုခု ရှိနေနိုင်တယ်" ရွှင်းက အကြံပေးသည်။
'ကောင်းပြီ... ငါ့ကို သူ့ရဲ့ ဟင်းလင်းပြင်ထဲ ပေးဝင်ဖို့ ပြောလိုက်မယ်'
"သတိထားနော်... သူ့ကို ဘာအဟန့်အတားမှ မလုပ်ဖို့ ကြိုပြောထားဦး" ရွှင်းက သတိပေးလိုက်၏။
လုံချန်းက ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးဖွင့်ကာ မင်ယု၏လက်ကို လွှတ်လိုက်သည်။ ကျန်သည့် မိန်းကလေးများကလည်း သူ ဘာများ ရှာတွေ့သနည်းဟု စူးစမ်းစွာ ကြည့်နေကြ၏။
"အရာအားလုံးကတော့ ပုံမှန်ပဲ။ နင့်ရဲ့ ခန္ဓာကိုယ်နဲ့ စွမ်းအင်က လုံးဝ အဆင်ပြေနေတယ်။ ပြဿနာက နင့်ရဲ့ ကျင့်ကြံခြင်းဟင်းလင်းပြင်ထဲမှာ ရှိနေနိုင်တယ်။ ဒါကြောင့် ငါ့ရဲ့ ဝိညာဉ်အာရုံကို နင့်ရဲ့ ဟင်းလင်းပြင်ထဲ ဝင်ခွင့်ပြုပါ။ စိတ်အေးအေးထားပြီး မစိုးရိမ်နဲ့နော်။ ငါ့ရဲ့ ဝိညာဉ်အာရုံ အထဲရောက်နေချိန်မှာ ဘာမှ တားဆီးပိတ်ပင်တာမျိုး မလုပ်နဲ့။ မဟုတ်ရင် နင်ရော ငါရော နှစ်ယောက်လုံး ဒုက္ခရောက်သွားနိုင်တယ်" လုံချန်းက မင်ယုကို သေသေချာချာ မှာကြားလိုက်သည်။
မင်ယုက ခေါင်းညိတ်ကာ သဘောတူလိုက်၏။ လုံချန်းသည် သူမ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်လုံးမှိတ်လိုက်သည်။
"ငါ ဝင်တော့မယ်နော်"
"အဆင်သင့်ပါပဲ"
မင်ယု၏ ကူညီမှုကြောင့် လုံချန်းသည် သူမ၏ သိုင်းဟင်းလင်းပြင်အတွင်းသို့ အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့သည်။ ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားသောအခါ လုံချန်းမှာ သူ၏ ဟင်းလင်းပြင်နှင့် နှိုင်းယှဉ်လျှင် အလွန်တရာ ဟောင်းလောင်းပြင် ဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့သြသွားရ၏။
လုံချန်း၏ သိုင်းဟင်းလင်းပြင်တွင်မူ သိုင်းဝိညာဉ်၊ တစ်ခါတစ်ရံမှသာ ထွက်ပေါ်လာတတ်သော နှလုံးသားမိစ္ဆာ၊ အနီရောင်အမြုတေ၊ အမှောင်နှင့် ပုံရိပ်ယောင် နိယာမမျိုးစေ့နှစ်ခုနှင့် ဟင်းလင်းပြင် နိယာမ အပင်ငယ်လေးတို့ဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ မင်ယု၏ ဟင်းလင်းပြင်၌ အရာနှစ်ခုသာ ရှိသဖြင့် ပို၍ပင် ဗလာကျင်းနေသကဲ့သို့ ခံစားရသည်။ ကောင်းကင်ယံတွင် သူမ၏ ရွှေရောင်အမြုတေ လွင့်မျောနေပြီး အခြားတစ်ဖက်တွင်မူ သူမ၏ သိုင်းဝိညာဉ်က ငြိမ်သက်စွာ ရပ်နေ၏။
မင်ယု၏ ဝိညာဉ်မှာ သူမနှင့် တစ်ပုံစံတည်း တူရုံသာမက အလွန်တရာ ထူးခြားလှပသဖြင့် လုံချန်း ငေးမောသွားရသည်။ သူမသည် ကမ္ဘာပေါ်တွင် အစင်ကြယ်ဆုံးသော လူသားတစ်ဦးကဲ့သို့ ထင်မှတ်ရပြီး လှပသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။
လုံချန်း၏ ဝိညာဉ်မှာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်၍ ကြောက်မက်ဖွယ် ဓားကြီးကို ကိုင်ဆောင်ထားသော်လည်း မင်ယု၏ ဝိညာဉ်မှာမူ မည်သည့် လက်နက်၊ မည်သည့် ချပ်ဝတ်မှ မရှိဘဲ ရိုးရှင်းသော ဝတ်စုံဖြင့်သာ ရှိနေသည်။ သို့သော် သူမ၏ လက်တွင် လှပသော လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားသည်ကို လုံချန်း တွေ့လိုက်ရ၏။ ထိုလက်စွပ်မှာ အစင်ကြယ်ဆုံးသော ငွေဖြင့် ပြုလုပ်ထားပုံရပြီး အပေါ်တွင် စာသားများဖြင့် တန်ဆာဆင်ထားသည့် စိန်တစ်ပွင့် ပါရှိသည်။ ထိုစိန်မှာ ရိုးရိုးစိန် မဟုတ်ဘဲ အထဲတွင် နဂါးငွေ့တန်း တစ်ခုလုံး ရှိနေသကဲ့သို့ပင်။
"ငါ ဒီအကြောင်းကို ကြားဖူးသလိုပဲ... သူ့မှာ နတ်ဘုရား ဗျာဒိတ် ခန္ဓာကိုယ် ရှိနေတာပဲ" ထိုလက်စွပ်ကို ကြည့်နေသော လုံချန်းကို ရွှင်းက လှမ်းပြောလိုက်သည်။
"နင်က ဒီနေရာအထိ ငါနဲ့ စကားပြောလို့ ရတာလား" လုံချန်းက အံ့သြစွာ မေးလိုက်၏။
"ဒါပေါ့... နင်က နင့်ရဲ့အတွေးတွေကို ငါ့ဆီ ဖွင့်ပေးထားတာပဲ။ ငါက နင်နဲ့ ဆက်သွယ်နေတာလေ။ မဟုတ်ရင် သူ့ရဲ့ ဟင်းလင်းပြင်ထဲက အခြေအနေကို ငါ ဘယ်လိုမြင်နိုင်မှာလဲ"
"အဲဒါလည်း ဟုတ်တာပဲ။ ကဲ... ဒီ နတ်ဘုရား ဗျာဒိတ် ခန္ဓာကိုယ် အကြောင်း ထပ်ပြောပါဦး။ ဒါက သူ့ကို ဒုက္ခပေးနေတာလား"
"ဒါက အလွန်ရှားပါးတဲ့ ခန္ဓာကိုယ် အမျိုးအစားတစ်ခုပဲ။ သူတို့ကို အနာဂတ်ကို ကြိုမြင်နိုင်သူတွေလို့ ခေါ်လို့ ရတယ်။ သူတို့က ရှေ့မှာ ဖြစ်လာမယ့် အဖြစ်အပျက်တွေကို ကြိုမြင်နိုင်စွမ်း ရှိကြတယ်။ အစပိုင်းမှာတော့ မပီမပြင် မြင်ရတတ်ပေမဲ့ ကျင့်ကြံသူရဲ့ အဆင့်မြင့်လာတာနဲ့အမျှ မြင်ကွင်းတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာတတ်ကြတယ်"
"စိတ်ဝင်စားစရာပဲ။ ဒါဆို နင် ဒီလိုလူမျိုးနဲ့ ဆုံဖူးတာလား"
"တစ်ခါတုန်းက ဆုံဖူးတယ်၊ အမျိုးသမီးတစ်ယောက်ပဲ။ ဒါပေမဲ့ နင့်မေးခွန်းကို ဖြေရရင် ဒါက သူ့ကို ဒုက္ခပေးနေတာ မဟုတ်ပါဘူး။ နိမိတ်ဖတ်ခန္ဓာကိုယ်က ကျင့်ကြံခြင်းအပေါ်မှာ အဟန့်အတား မဖြစ်စေဘူး" ရွှင်းက ပြန်ဖြေသည်။
"ဒါဆိုရင် ဘာက ပြဿနာလဲ။ သူမရဲ့ ဝိညာဉ်ကော၊ ရွှေရောင်အမြုတေကော ပုံမှန်ပဲ..." လုံချန်း ပြောရင်းနှင့် ရွှေရောင်အမြုတေကို သေသေချာချာ ကြည့်လိုက်ရာတွင် စကားစ ရပ်သွားတော့သည်။
"ဟော... နင်လည်း သတိထားမိသွားပြီပေါ့။ ဟုတ်တယ်... အဲဒါကပဲ သူ့ကို ဒုက္ခပေးနေတာ" ရွှင်းက ဆိုသည်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်တာ၊ ဒါဆိုရင်..." လုံချန်းမှာ သူမြင်လိုက်ရသည့် အရာကြောင့် တစ်သက်တွင် တစ်ခါမျှ မကြုံဖူးလောက်အောင် တုန်လှုပ်ခြောက်ချားသွားတော့သည်။
"ဟုတ်တယ်... နင်တွေးနေတဲ့အတိုင်းပဲ။ ဒါ ဘယ်လိုဖြစ်နိုင်လဲဆိုတာကတော့..." ရွှင်းက စကားကို တစ်ဝက်နှင့် ရပ်လိုက်၏။