အခန်း (၆၂၃-၆၂၄)
Vol. 63 Ch. 623-624
အခန်း (၆၂၃) သာမန်လိပ်ပြာမှ ကောင်းကင်လိပ်ပြာအဖြစ်သို့
"သူ့ရဲ့ ရွှေရောင်အမြုတေက... ဘာလို့လဲ..." လုံချန်းသည် မယုံနိုင်စရာကောင်းသော မျက်နှာထားဖြင့် မင်ယု၏ အမြုတေကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဒါက သူ့မှာရှိတဲ့ နတ်ဘုရား ဗျာဒိတ် ခန္ဓာကိုယ်ကြောင့်လား" လုံချန်းက မျက်မှောင်ကြုတ်ကာ ရွှင်းကို မေးလိုက်၏။
"အင်း... သူ့ရဲ့ ရွှေရောင်အမြုတေပေါ်မှာ အက်ကြောင်းတစ်ကြောင်း ရှိနေတာပဲ။ ဒါက ပုံမှန်မဟုတ်ဘူး။ ငါ အရင်က ဗျာဒိတ်ခန္ဓာကိုယ်ပိုင်ရှင်တွေရဲ့ ဟင်းလင်းပြင်ထဲကို မဝင်ဖူးပေမဲ့ ဒါမျိုးကတော့ မဖြစ်သင့်ဘူး။ သူတို့ ရွှေအမြုတေအဆင့်ကို ရောက်တဲ့အခါ အမြုတေ အက်ကွဲတတ်တယ်ဆိုတဲ့ သာဓကမျိုးသာ ရှိခဲ့ရင် ငါ ကြားဖူးရမှာပဲ" ရွှင်းက အမြုတေကို သေသေချာချာ စစ်ဆေးရင်း ဆိုသည်။
"ဒါဆို သူ့ရဲ့ အမြုတေက ဘာဖြစ်နေတာလဲ။ သူ အန္တရာယ်ရှိလား။ သူ ရွှေအမြုတေအဆင့်ကို တက်လှမ်းတုန်းက တစ်ခုခု မှားယွင်းခဲ့လို့ အမြုတေက ဒီလို ဖြစ်သွားတာလား" လုံချန်းက စိုးရိမ်တကြီး မေးလိုက်၏။
"ငါ အခုထိတော့ အသေအချာ မပြောနိုင်သေးဘူး။ သူ့ရဲ့ အမြုတေကို နင် လက်နဲ့ ထိကြည့်ဖို့ လိုမယ်။ အဲဒီအခါမှသာ အမြုတေရဲ့ ဖွဲ့စည်းပုံနဲ့ ပြဿနာကို ငါ ပိုပြီး နားလည်နိုင်မှာ" ရွှင်းက တည်ကြည်စွာ ပြောလိုက်သည်။
"ကောင်းပြီ... ငါ ကြိုးစားကြည့်မယ်"
လုံချန်းသည် သူ၏ ဝိညာဉ်အာရုံကို မိမိနှင့် တစ်ပုံစံတည်းတူသော ဝိညာဉ် ကိုယ်ပွားအဖြစ် ပြောင်းလဲလိုက်ပြီး မင်ယု၏ ရွှေရောင်အမြုတေရှိရာသို့ ပျံသန်းသွားသည်။ သူသည် အမြုတေအနားသို့ ချဉ်းကပ်သွားပြီး လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်၍ ထိတွေ့လိုက်ကာ မျက်လုံးမှိတ်လိုက်၏။
လုံချန်း၏ လက်က အမြုတေကို ထိလိုက်သည်နှင့် မင်ယု၏ အမြုတေမှာ တောက်ပစွာ လင်းလက်လာတော့သည်။
အပြင်လောကတွင်မူ လုံချန်းက သူမ၏ အမြုတေကို ထိလိုက်သည်နှင့် မင်ယု၏ မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားကာ ထူးကဲသော ခံစားမှုတစ်ခုကြောင့် သူမ၏ ပါးစပ်မှ ညည်းတွားသံကလေး တစ်ချက် ထွက်ပေါ်လာ၏။ ကျန်သည့် မိန်းကလေးများမှာ သူမ၏ မျက်နှာထားနှင့် အသံကို ကြားလိုက်ရသောအခါ ပါးစပ်ကလေးများ ဟကာ အံ့သြတကြီး ကြည့်နေကြသည်။
"သူတို့ နှစ်ယောက် ဟင်းလင်းပြင်ထဲမှာ ဘာတွေ လုပ်နေကြတာလဲ" ရွှယ်က မျက်နှာနီနီဖြင့် ရေရွတ်လိုက်၏။
"ဟင်း... ဘယ်သူသိမှာလဲ။ ငါသာ ဘာမှမသိတဲ့လူဆိုရင်တော့ သူတို့ ဝိညာဉ်ပုံစံနဲ့ ဟင်းလင်းပြင်ထဲမှာ ချစ်တင်းနှီးနှောနေကြတယ်လို့တောင် ထင်မိမှာပဲ။ တကယ်လည်း ဖြစ်နိုင်တာပဲလေ" ကျိချင်းက မိန်းကလေးများကို စနောက်လိုက်ရာ သူတို့၏ မျက်နှာများမှာ ပို၍ပင် နီမြန်းသွားကြသည်။
"အဲဒါက... ပိုပြီးတော့ ခံစားချက် ပြင်းထန်လားဟင်" မေက ကျိချင်းကို စူးစမ်းစွာ မေးလိုက်၏။
"ငါကိုယ်တိုင်တော့ မကြုံဖူးပါဘူး။ ဒါပေမဲ့ အဲဒီခံစားချက်က နတ်ပြည်ရောက်သွားသလိုပဲလို့ ကြားဖူးတယ်။ ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ဖို့တော့ လိုတာပေါ့။ တစ်ခုခု မှားယွင်းသွားရင် အမြုတေ ထိခိုက်သွားနိုင်တယ်လေ။ အဲဒီအန္တရာယ်ကြောင့်ပဲ လူအများစုက ဒါကို မစမ်းရဲကြတာ" ကျိချင်းက ပြန်ဖြေသည်။
"ဒါဆို အဲဒါက အန္တရာယ်များတာပေါ့" အမှောင် နတ်မိမယ်လေး မင်လန်က လူသားတို့၏ ဓလေ့ကို နားမလည်သဖြင့် မေးလိုက်ပြန်သည်။
"အန္တရာယ်များတယ်၊ ဒါပေမဲ့ စိတ်ချင်း တစ်ထပ်တည်းကျတဲ့ လူတွေအတွက်တော့ မဟုတ်ပါဘူး။ အောင်အောင်မြင်မြင် လုပ်နိုင်ရင်တော့ အကျိုးကျေးဇူးက အများကြီးပဲ။ အသေးစိတ်တော့ မသိပေမဲ့ သာမန်လိပ်ပြာလေးကနေ ကောင်းကင်လိပ်ပြာလေး ဖြစ်သွားသလိုပဲလို့ ဆိုကြတယ်" ကျိချင်းက မင်ယုကို ကြည့်ရင်း ပြောလိုက်သည်။ "ဒီနေ့ အဲဒါမျိုး မြင်ရမလားတော့ မသိဘူး။ ငါ သူတို့ကို ယုံကြည်ပေမဲ့ အန္တရာယ်တော့ မဖြစ်စေချင်ဘူး"
ကျန်သည့် မိန်းကလေးများမှာလည်း လုံချန်းသည် မင်ယု၏ ဝေဒနာကို ကုသရန်အတွက် တကယ်ပင် ထိုကဲ့သို့ အန္တရာယ်များသော နည်းလမ်းအား သုံးနေခြင်းလားဟု စိုးရိမ်တကြီး စောင့်ကြည့်နေကြတော့သည်။
ဟင်းလင်းပြင်အတွင်း၌ လုံချန်းသည် မင်ယု၏ တောက်ပနေသော အမြုတေကို ထိတွေ့ထားဆဲ ဖြစ်သည်။ ရွှင်းသည် လုံချန်း၏ ဝိညာဉ်မှတစ်ဆင့် ရရှိသော သတင်းအချက်အလက်များကို သုံး၍ အက်ကြောင်းများ အဘယ်ကြောင့် ရှိနေသနည်းဆိုသည်ကို ရှာဖွေနေ၏။
"ရပြီ... သူ့ရဲ့ အမြုတေကို လွှတ်လိုက်လို့ ရပြီ" ရွှင်းက ပြောလိုက်သဖြင့် လုံချန်းသည် လက်ကို ဖယ်ကာ အနောက်သို့ ဆုတ်လိုက်သည်။
"သူ့ရဲ့ အမြုတေက ဘာဖြစ်နေတာလဲ။ ဘယ်လို ကုသပေးလို့ ရမလဲ"
"ဒါက ပုံပျက်နေတာလည်း မဟုတ်ဘူး၊ အမြုတေ အားနည်းနေတာလည်း မဟုတ်ဘူး။ အထဲမှာ စွမ်းအင်တွေ အလွန်အကျွံ ဖြစ်နေလို့ပဲ"
"စွမ်းအင်တွေ အလွန်အကျွံ ဖြစ်နေတာ။ အဲဒါက ဘာကို ဆိုလိုတာလဲ" လုံချန်းက နားမလည်ဘဲ မေးလိုက်၏။
"ငါ ခန့်မှန်းရသလောက်တော့ ဒါက သူ့ရဲ့ မျိုးရိုးဗီဇနဲ့ ဆိုင်လိမ့်မယ်" ရွှင်းက ဆိုသည်။ "နတ်ဘုရား ဗျာဒိတ် ခန္ဓာကိုယ်ရဲ့ ထူးခြားချက်က အနာဂတ်ကို ကြိုမြင်နိုင်တာ ဆိုပေမဲ့ အားနည်းချက်ကတော့ ကျင့်ကြံခြင်းနှုန်းက သူတို့ရဲ့ ပါရမီထက် ပိုပြီး နှေးကွေးတတ်တာပဲ"
"ဒါဆို အဲဒါကပဲ သူ့ကို ဒုက္ခပေးနေတာလား"
"မဟုတ်ဘူး။ ငါပြောချင်တာက ပုံမှန်ဆိုရင် ဗျာဒိတ်ခန္ဓာကိုယ်က ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ထိန်းချုပ်ထားနိုင်ရမယ်။ ဒါပေမဲ့ သူကတော့ ထူးခြားနေတယ်။ သူ့မှာ အမြွှာ ခန္ဓာကိုယ် ရှိနေပုံရတယ်" ရွှင်းက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"အမြွှာခန္ဓာကိုယ် ဟုတ်လား။ သူ့မှာ ရှေးဟောင်းခန္ဓာကိုယ် နှစ်မျိုး ရှိနေတာလား" လုံချန်းမှာ အံ့သြသွားရသည်။ ရှားပါးခန္ဓာကိုယ် တစ်မျိုးရှိဖို့ပင် ခက်ခဲလှသည့်အထဲ နှစ်မျိုးရှိသည်ဆိုသည်မှာ အလွန်တရာ ရှားပါးလှပေသည်။
"ဟုတ်တယ်။ သူ့မှာ အထူးခန္ဓာကိုယ် နှစ်မျိုး ရှိနေတာ။ တစ်ခုက ဗျာဒိတ်ခန္ဓာကိုယ်ဖြစ်ပြီး ကျန်တဲ့တစ်ခုကတော့ ဗျာဒိတ်ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ဝင်ရောက် နှောင့်ယှက်နိုင်တဲ့အထိ အစွမ်းထက်တဲ့ အမျိုးအစား ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဒုတိယမြောက် ခန္ဓာကိုယ်ကလည်း တကယ်ကို ထူးခြားတာပဲ"
"အဲဒီ ဒုက္ခက ဒုတိယခန္ဓာကိုယ်ကြောင့်လား"
"ဟုတ်မယ် ထင်တယ်။ ငါ နားလည်သလောက်တော့ သူ ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတုန်းက ဗျာဒိတ်ခန္ဓာကိုယ်က စွမ်းအင်တွေကို ကန့်သတ်ပြီး အမြုတေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒုက္ခပေးတာက ဒုတိယခန္ဓာကိုယ်ပဲ။ ဗျာဒိတ်ခန္ဓာကိုယ်က ချီစွမ်းအင် ဝင်ရောက်မှုကို တားဆီးနေချိန်မှာ ဒုတိယခန္ဓာကိုယ်က ချီစွမ်းအင်တွေကို ပိုပြီး ထည့်သွင်းပေးခဲ့တယ်။ အဲဒီမှာ အမြုတေက မတည်မငြိမ်ဖြစ်ပြီး အက်ကြောင်းတွေ ပေါ်လာတာပဲ။ ဒါတွေက အစစ်အမှန် အက်ကွဲတာမျိုး မဟုတ်ဘဲ အမြုတေရဲ့ မတည်ငြိမ်မှုကို ပြနေတာ။ ရေရှည်မှာ သူ့ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်လာနိုင်တယ်"
"ဘာ၊ ဒါကို ဖြေရှင်းမယ့် နည်းလမ်းကို ပြောပြပါ။ ကူညီနိုင်မယ့် နည်းလမ်း ရှိမှာပါ"
"နည်းလမ်းတော့ ရှိတယ်၊ ဒါပေမဲ့ အန္တရာယ် တော်တော်များတယ်။ နင် စမ်းကြည့်လို့ တစ်ခုခု မှားသွားရင် သူ့ရဲ့ အမြုတေက အခုထက် ပိုပျက်စီးသွားနိုင်တယ်။ နင့်ရဲ့ အနီရောင် အမြုတေကတော့ အစွမ်းထက်လို့ ဘာမှမဖြစ်ပေမဲ့ သူ့အတွက်ကတော့ စိုးရိမ်ရတယ်။ သေသေချာချာ စဉ်းစားနော်" ရွှင်းက သတိပေးလိုက်သည်။
"နည်းလမ်းကိုပဲ ပြောပါ... ဘာလုပ်ရမလဲဆိုတာ သိမှ ငါ ဆုံးဖြတ်လို့ ရမှာ"
"မင်းတို့ ဝိညာဉ်ချင်း ချစ်တင်းနှီးနှောဖို့ လိုတယ်" ရွှင်းက တဲ့တိုးပင် ပြောလိုက်သည်။
"အဲဒါက ဘာကြီးလဲ" လုံချန်းမှာ ကြောင်သွားရ၏။
"နင် အခု ဝိညာဉ်ကိုယ်ပွားအဖြစ် ဒီထဲကို ရောက်နေသလိုမျိုး သူလည်း သူ့ရဲ့ ဝိညာဉ်ကိုယ်ပွားကို ဖန်တီးရမယ်။ ပြီးရင် နင်တို့နှစ်ယောက် သူ့ရဲ့ ကျင့်ကြံခြင်းဝိညာဉ် ရှေ့မှာတင် အတူနေကြရမယ်။ အဲဒီလို လုပ်တဲ့အခါ နင့်ရဲ့ ဝိညာဉ်က သူ့ဆီမှာ ပိုလျှံနေတဲ့ စွမ်းအင်တွေကို စုပ်ယူပေးပြီး အမြုတေကို ပြန်လည် တည်ငြိမ်သွားစေလိမ့်မယ်။ ဒါကို သူ့ရဲ့ ဟင်းလင်းပြင်ထဲမှာပဲ လုပ်ဖို့ လိုတယ်။ နင့်ရဲ့ ဟင်းလင်းပြင်ထဲမှာ လုပ်ရင်တော့ ပြောင်းပြန် အကျိုးသက်ရောက်မှုတွေ ဖြစ်သွားလိမ့်မယ်"
"အန္တရာယ်ကရော၊ ဘယ်လို ရှောင်လွှဲလို့ ရမလဲ"
"ရှောင်လွှဲလို့ မရဘူး။ သူ့ရဲ့ အမြုတေ ဘေးကင်းဖို့ဆိုရင် နင်တို့ နှစ်ယောက်ရဲ့ ဝိညာဉ်တွေဟာ တစ်ထပ်တည်းကျနေဖို့ လိုတယ်။ အဲဒါကတော့ နင်တို့ကြားက ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာအပေါ်မှာပဲ မူတည်လိမ့်မယ်" ရွှင်းက ပြန်ဖြေလိုက်တော့သည်။
အခန်း (၆၂၄) ဝိညာဉ်ချင်း တစ်ထပ်တည်းကျခြင်း
"နင်တို့နှစ်ယောက်ကြားက အချစ်နဲ့ ယုံကြည်မှုမှာ အညစ်အကြေး တစ်ရာခိုင်နှုန်းလောက်ပဲ ပါသွားပါစေ၊ သူ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ရှိလာလိမ့်မယ်။ သူ့ဘက်ကလည်း အတူတူပဲ။ နင့်ရဲ့ အမြုတေက သူ့ထက် ပိုအစွမ်းထက်နေတာမို့လို့ သူ့ဘက်က ယုံကြည်မှု အားနည်းသွားရင်လည်း သူပဲ ဒုက္ခရောက်လိမ့်မယ်" ရွှင်းက လုံချန်းကို အလေးအနက် သတိပေးလိုက်သည်။
"ဝိညာဉ်ချင်း ချစ်တင်းနှီးနှောတာ ဟုတ်လား။ ဝိညာဉ်ချင်း တစ်ထပ်တည်းကျတာ ဟုတ်လား။ ဒါတွေဖြစ်လာအောင် ငါ ဘယ်လိုလုပ်ရမလဲ" လုံချန်းက မေးလိုက်၏။ "သူ့ရဲ့ ဝိညာဉ်ကိုယ်ပွားနဲ့ ပုံမှန်အတိုင်း အတူနေလိုက်ရုံပဲလား၊ ဒါမှမဟုတ် တခြားဘာတွေ လုပ်ဖို့ လိုသေးလဲ"
"အဲဒီလိုမျိုး ဝိညာဉ်ချင်း ဆက်ဆံတာက ပြဿနာမရှိပါဘူး။ သူ့ရဲ့ ဝိညာဉ်ကိုယ်ပွားနဲ့ အတူနေလိုက်ရင် အောင်မြင်မှာပါ။ ဒါပေမဲ့ ဝိညာဉ်ချင်း တစ်ထပ်တည်းကျခြင်း ဆိုတာကတော့ မတူဘူး။ အဲဒါက ဝိညာဉ်နှစ်ခုကြားက လိုက်ဖက်ညီမှုနဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှုတွေ အပေါ်မှာ မူတည်တာ" ရွှင်းက ရှင်းပြသည်။
"ဒါဆိုရင်တော့ အဆင်ပြေမှာပါ။ ငါ သူ့ကို ယုံကြည်သလို သူကလည်း ငါ့ကို ယုံကြည်တယ်။ ငါတို့ရဲ့ အချစ်မှာလည်း ဘာပြဿနာမှ မရှိဘူး။ နင်ပြောတဲ့ ဝိညာဉ်ချင်း တစ်ထပ်တည်းကျတာမျိုး ငါတို့ လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်" လုံချန်းက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်၏။
"နင်တို့ရဲ့ သံယောဇဉ်အရ အဲဒီလို ဖြစ်လာနိုင်မယ်လို့ ငါလည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲလေ။ သူ့ကို တစ်ကမ္ဘာလုံးမှာ တစ်ဦးတည်းသော အမျိုးသမီးလိုမျိုး အနူးညံ့ဆုံး ဆက်ဆံပါ။ ဒီကမ္ဘာမှာ နင်တို့နှစ်ယောက်တည်း ရှိနေသလိုမျိုး၊ နင့်ရဲ့ အရာအားလုံးက သူ့အပိုင် ဖြစ်နေသလိုမျိုး ခံစားချက်သွင်းပါ။ တခြားဘာကိုမှ မတွေးပါနဲ့။ ဇနီးသည် တစ်ယောက်တည်းပဲ ရှိတဲ့ ကမ္ဘာမှာ ပထမဆုံး ပျော်ပွဲစား ထွက်နေတယ်လို့ပဲ သဘောထားလိုက်" ရွှင်းက ထပ်လောင်း အကြံပေးသည်။
"ဒါမှသာ ဝိညာဉ်ချင်း တစ်ထပ်တည်းကျမှု အောင်မြင်ဖို့ အခွင့်အရေး အများဆုံး ရမှာ"
"ငါ ဘာလုပ်ရမလဲဆိုတာ နားလည်ပါပြီ။ ငါ ဂရုစိုက်ပါ့မယ်။ အခု သူတို့ကို အသိပေးလိုက်ဦးမယ်" လုံချန်းက ဆိုကာ သူ၏ ဝိညာဉ်အာရုံကို မင်ယု၏ ဟင်းလင်းပြင်ထဲမှ ပြန်လည် ထုတ်ယူလိုက်သည်။
လုံချန်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ ပထမဆုံး မြင်လိုက်ရသည်မှာ ရှက်သွေးဖြန်းကာ နီမြန်းနေသော မင်ယု၏ မျက်နှာလေးပင် ဖြစ်သည်။ လုံချန်းသည် သူမ ဘာကြောင့် ဤမျှ ရှက်နေရသနည်းဟု တွေးမိသွား၏။ သူ သူမကို ဘာလုပ်တော့မည်ဆိုသည်ကို သူမ ကြားသွား၍လော သို့မဟုတ် တခြားအကြောင်းကြောင့်လော။
"နင် ဘာလို့ ဒီလောက်တောင် ရှက်နေရတာလဲ" လုံချန်းက တိုက်ရိုက်ပင် မေးလိုက်သည်။
မင်ယုသည် သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် လုံချန်းကို ကြည့်ကာ "ဘာ... ဘာမှမဟုတ်ပါဘူး" သူမ ခေါင်းခါရင်း ဆိုသည်။ လုံချန်း သူမ၏ ဟင်းလင်းပြင်ထဲ ဝင်သွားစဉ်က သူမ တစ်ကိုယ်လုံး ထူးဆန်းစွာ နိုးကြားတက်ကြွလာခဲ့သည်ကို သူမ ဖွင့်မပြောဝံ့ပေ။ လုံချန်းက သူမ၏ ရွှေရောင်အမြုတေကို ထိတွေ့လိုက်ခြင်းကြောင့် ထိုသို့ ခံစားခဲ့ရသည်ကို သူမ မသိရှိပေ။
"ဘယ်လိုလဲ၊ ပြဿနာကို ရှာတွေ့ပြီလား" မင်ယုက စူးစမ်းစွာ မေးလိုက်ရာ အခြားမိန်းကလေးများကလည်း စိတ်ဝင်တစား နားစွင့်နေကြသည်။
"ဘာဖြစ်နေတာလဲဆိုတာ ငါ သိပြီ။ ပြဿနာက နင့်ရဲ့ သိုင်းဟင်းလင်းပြင်ထဲမှာပဲ" လုံချန်းက ခေါင်းညိတ်ရင်း ဆိုသည်။
"ဟင်းလင်းပြင်ထဲမှာလား၊ အဲဒါက ပြဿနာ အကြီးကြီး မဟုတ်ဘူးလား" ကျိချင်းက ဝင်မေး၏။ သူမ သိထားသလောက် ကျင့်ကြံသူတစ်ဦးတွင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဝေဒနာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာဝေဒနာဟူ၍ နှစ်မျိုးရှိသည်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကုသရန် ဆေးဝါးများကို ရှာဖွေရ ခက်ခဲသော်လည်း ဝိညာဉ်ပိုင်းဆိုင်ရာ ကုသရန်မှာမူ ထိုထက် အဆပေါင်းများစွာ ပိုခက်ခဲသလို၊ ကုထုံးမရှိသော ဝေဒနာမျိုးလည်း ရှိတတ်သည်။
လုံချန်းက ကျိချင်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ "ဒါက ပြဿနာကြီးတာ မှန်ပေမဲ့ ငါ မဖြေရှင်းနိုင်လောက်တဲ့ အထိတော့ မဟုတ်ပါဘူး။ မင်ယုသာ ငါနဲ့ ပူးပေါင်းဆောင်ရွက်ရင် ငါ သူ့ကို ကုသပေးနိုင်လိမ့်မယ်"
"ငါ့ရဲ့ ဟင်းလင်းပြင်ထဲမှာ ဘာဖြစ်နေတာလဲ။ နင်နဲ့ ဘယ်လိုမျိုး ပူးပေါင်းရမှာလဲ" မင်ယုက တည်ငြိမ်စွာ မေးလိုက်၏။
"ပြဿနာက နင့်ရဲ့ ရွှေရောင်အမြုတေပဲ" လုံချန်းက ပြောလိုက်ရာ မင်ယုသည် သူမ၏ ရင်ဘတ်ရှိရာသို့ ငုံ့ကြည့်မိသွားသည်။ "နင့်မှာ အထူးခန္ဓာကိုယ်ရှိတာ နင် သိလား"
"အင်း... သိတယ်။ ငါ့မှာ နတ်ဘုရား ဗျာဒိတ် ခန္ဓာကိုယ် ရှိတယ်၊ ဒါပေမဲ့ သိပ်တော့ အသုံးမဝင်ပါဘူး။ တစ်ခါတလေမှ ဗလာကျင်းနေတဲ့ အမြင်အာရုံလေးတွေ ပေါ်လာတတ်ရုံပဲ" မင်ယုက ပြန်ဖြေသည်။
"အဲဒီခန္ဓာကိုယ်က အားနည်းချက်လေးတွေ ရှိပေမဲ့ တကယ်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ပြဿနာက နင့်ရဲ့ ဒုတိယမြောက် ခန္ဓာကိုယ်ပဲ။ နင့်မှာ ဒုတိယခန္ဓာကိုယ် ရှိတာကိုရော မသိဘူးလား"
လုံချန်းကိုယ်တိုင်ပင် သူမ၏ ဒုတိယခန္ဓာကိုယ်က ဘာအမျိုးအစားလဲဆိုသည်ကို မသိသဖြင့် သူမ သိထားမလားဟု မျှော်လင့်ကာ မေးလိုက်ခြင်း ဖြစ်၏။
"ဒုတိယခန္ဓာကိုယ် ဟုတ်လား။ အဲဒါ တကယ် ဖြစ်နိုင်လို့လား" မင်ယုမှာ မှင်သက်သွားရသည်။ "ငါ့မှာ တကယ်ပဲ နောက်ထပ် ခန္ဓာကိုယ်တစ်ခု ရှိနေတာလား။ ဘာအမျိုးအစားလဲဆိုတာ နင် သိလား"
"နင်တောင် မသိဘူးဆိုတော့..." လုံချန်းက သက်ပြင်းချလိုက်သည်။ "ငါလည်း အဲဒါ ဘာအမျိုးအစားလဲဆိုတာ မသိသေးဘူး။ ဒါပေမဲ့ ရှိနေတာကတော့ သေချာတယ်။ နင့်ရဲ့ ဗျာဒိတ်ခန္ဓာကိုယ်က အမြုတေရဲ့ စွမ်းအားကို လျှော့ချဖို့ ကြိုးစားနေချိန်မှာ ဒုတိယခန္ဓာကိုယ်ကတော့ အမြုတေကို ပိုပြီး အစွမ်းထက်လာအောင် လုပ်နေတယ်" ထိုသို့ ဆိုကာ ရွှင်း ရှင်းပြခဲ့သည်များကို ပြန်လည် ပြောပြလိုက်၏။
"ဒါက... တော်တော်လေး ဆိုးတာပဲ" ကျိချင်းက ရေရွတ်လိုက်သည်။ ကျန်သည့် မိန်းကလေးများမှာလည်း စိုးရိမ်သွားကြ၏။ "မင်ယု အဆင်ပြေပါ့မလား"
"အင်း... သူ အဆင်ပြေမှာပါ။ သူ့ရဲ့ အမြုတေ ပြန်လည် ကောင်းမွန်လာဖို့အတွက် အဲဒီမှာ ပိုလျှံနေတဲ့ စွမ်းအင်တွေကို ငါ စုပ်ယူပေးဖို့ပဲ လိုတာ" လုံချန်းက ဖြေသည်။
"အဲဒါကို ဘယ်လို လုပ်မှာလဲ" မင်ယုက ဇဝေဇဝါဖြင့် မေးလိုက်၏။
လုံချန်းသည် အနည်းငယ်မျှ ရှက်ရွံ့ခြင်းမရှိဘဲ အားလုံးရှေ့တွင် ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်ပါတော့သည်။
လုံချန်းက မရှက်သော်လည်း နားထောင်နေသော မိန်းကလေးများမှာမူ မျက်နှာလေးများ နီမြန်းကုန်ကြ၏။
"ဒါပေမဲ့... အဲဒါက အန္တရာယ်များတယ်လေ။ နင် သေချာရဲ့လား" ကျိချင်းက အန္တရာယ်ကို သိသဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
"ငါ အဆင်သင့်ပဲ" မင်ယုက မဆိုင်းမတွပင် ခေါင်းညိတ် သဘောတူလိုက်၏။ သူမသည် လုံချန်းအပေါ် အပြည့်အဝ ယုံကြည်မှု ရှိသည်။ အခြားသူများအတွက် သူသည် လူသတ်သမား ဖြစ်နိုင်သော်လည်း သူမအတွက်မူ သူသည် မိသားစုကို အလေးထားသော အချစ်ဆုံး ခင်ပွန်းသည်ပင်။
လုံချန်းသည် သူမကို ကြည့်ကာ ညင်သာစွာ ပြုံးလိုက်ပြီး သူမ၏ ပါးပြင်ကို ထိတွေ့လိုက်သည်။ "နင့်ကို ငါ ကာကွယ်ပေးမယ်လို့ ကတိပေးပါတယ်။ ငါ နင့်ကို ကယ်တင်မယ်။ ငါတို့ အောင်မြင်မှာပါ" ထိုသို့ ဆိုကာ သူမ၏ နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်၏။
ခေတ္တမျှ နမ်းရှိုက်ပြီးနောက် သူက ခွာလိုက်သည်။ "မြွေလေး... ငါ ပြန်မလာမချင်း ဘေးကင်းဇုန်ထဲကနေ မထွက်နဲ့ဦး။ ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်တာ မခံချင်ဘူး။ နားလည်လား" မြွေဘုရင်ကို လှမ်းပြောလိုက်၏။
"မင်း ဘယ်သူ့ကို မြွေလေးလို့ ခေါ်နေတာလဲ။ ငါ့ကို ဟိုကြောင်ကလေးလိုမျိုး နာမည်ဆိုးတွေ မပေးစမ်းနဲ့။ ငါက စကြဝဠာရဲ့ ဘုရင်ပဲ။ ပြီးတော့ မင်းပြောတာကို ငါ နားလည်ပါတယ်။ ဒီကြည်လင်တဲ့ ရေပြင်ရဲ့ အဆုံးမှာ ငါ ရပ်ထားပေးမယ်" မြွေဘုရင်က အနည်းငယ် စိတ်ဆိုးသံဖြင့် ပြန်ဖြေသည်။
"လိမ္မာတယ်" လုံချန်းက ရယ်မောရင်း တုံ့ပြန်လိုက်ပြီး မင်ယုဘက်သို့ ပြန်လှည့်လိုက်၏။ "ငါ နင့်ရဲ့ ဟင်းလင်းပြင်ထဲ အရင်သွားနှင့်မယ်။ နင် အဆင်သင့်ဖြစ်ပြီဆိုရင် ဝင်လာခဲ့တော့။ အချိန်မဆွဲကြနဲ့"
သူသည် မျက်လုံးမှိတ်ကာ သူ၏ ဝိညာဉ်အာရုံကို မင်ယု၏ ဟင်းလင်းပြင်ထဲသို့ တစ်ဖန် စေလွှတ်လိုက်ပါတော့သည်။
လုံချန်း၏ ဝိညာဉ်အာရုံသည် မင်ယု၏ သိုင်းဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားကာ သူ၏ ဝိညာဉ်ကိုယ်ပွား အသွင်သို့ ပြောင်းလဲလိုက်၏။
"အတွေ့အကြုံသစ်အတွက် စိတ်လှုပ်ရှားနေလား။ ဒီနေရာမှာ ခံစားချက်မှန်သမျှက အဆပေါင်းများစွာ ပိုပြင်းထန်လိမ့်မယ်။ သူ့အပေါ် ညင်ညင်သာသာ ဆက်ဆံနော်။ ဝိညာဉ်ချင်း တစ်ထပ်တည်းကျဖို့က အရေးကြီးဆုံးပဲ" ရွှင်းက သတိပေးသည်။
"အဲလောက်တော့ ငါ သိပါတယ်။ ငါ့မိန်းမကို ဘယ်လို ဆက်ဆံရမလဲဆိုတာ ငါ ကျွမ်းကျင်ပြီးသားပါ။ နင်လည်း မကြာခင် သိလာရမှာပါ" လုံချန်းက ရွှင်းကို စနောက်လိုက်၏။
"ဟွန်း..." ရွှင်းက မျက်စောင်းထိုးကာ ဘာမှပြန်မပြောတော့သော်လည်း သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ထွက်ပေါ်နေတော့သည်။