အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အခန်း (၁၈၁) - ရေဓားပြများနှင့် ဆုံတွေ့ခြင်း... ဓားပြတိုက်တာဟေ့... အတွင်းခံဘောင်းဘီတွေ အကုန်ချွတ်ပေးစမ်း...
~အရှေ့ပင်လယ်ပြင်... ပင်လယ်ရေပြင်ထက်၌၊
(အမည်းရောင်မန်ဟိုင်း) ဟု အမည်ရသော အဆင့် (၃) မှော်လက်နက် စစ်သင်္ဘောကြီးသည် အနက်ရောင် သံမဏိသစ်သားများဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသည်။ သင်္ဘောဦးပိုင်းတွင် အသည်းထိတ်ဖွယ် ဝင်တိုက်ခွဲစက်ကြီး တစ်ခုနှင့် ဘေးနှစ်ဖက်တွင် ဝိညာဉ်အမြောက်များ အပြည့်အစုံ တပ်ဆင်ထား၏။
ဤပင်လယ်ပြင်ဧရိယာ၏ အရှင်သခင်ဖြစ်သော၊ (အမည်းရောင်မန်ဟိုင်း ရေဓားပြအဖွဲ့) ၏ ခေါင်းဆောင်၊ ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူ မျက်လုံးတစ်ဖက် သည် သင်္ဘောဦးပိုင်းတွင် ရပ်လျက် ရှေ့နားမှ ထူးဆန်းသော ပုံစံရှိသည့် စုတ်ချာချာ သင်္ဘောကြီးကို လောဘတကြီး လှမ်းကြည့်နေပေသည်။
“သူဌေး... ရှေ့က သင်္ဘောကြီးက ကြည့်ရတာ... နည်းနည်း ကြက်သီးထစရာကြီးဗျ...”
ရေဓားပြ တပည့်ကျော်တစ်ယောက်က တံတွေးကို ခြောက်ကပ်စွာ.. မျိုချလိုက်ပြီး ဆူးချွန်များ အပြည့်တပ်ဆင်ထားကာ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ အနံ့များ လှိုင်လှိုင်ထွက်နေသော ထိုထူးဆန်းသည့် သင်္ဘောကြီးကို လက်ညိုးထိုးပြ၏။
“ဒီလို သင်္ဘောမျိုး တစ်ခါမှ မမြင်ဖူးဘူးဗျာ... ပြီးတော့ သင်္ဘောဘေးမှာ တွဲလောင်း ချိတ်ထားတာတွေက... လူသားခြောက်တွေလား...”
သူ ဆိုလိုသည်မှာ သင်္ဘောဘေးဘက်တွင် တွဲလောင်း ချိတ်ဆွဲထားဆဲဖြစ်ပြီး ရေပေါ်သို့ ပြန်ဆွဲမတင်ရသေးသော (လူသား ငါးစာ) များကို ပြောခြင်း ဖြစ်ပေသည်။
“ဘာကြောက်စရာ ရှိလို့လဲကွ...”
မျက်လုံးတစ်ဖက် က သူ၏ ပါးစပ်ထဲမှ ဆေးပြင်းလိပ် (ဝိညာဉ်ဆေးပင် တစ်မျိုးဖြင့် လိပ်ထားသောအရာ) ကို ထွေးထုတ်လိုက်ပြီး အထင်သေးဟန်ဖြင့် လှောင်ရယ်လိုက်၏။
“ကြည့်စမ်း... အဲဒီလှေစုတ်ကြီးမှာ သေသေချာချာ တည်ဆောက်ထားတဲ့ ကာကွယ်ရေး အခင်းအကျင်းတောင် မရှိဘူး... အပေါ်က လူတွေကလည်း ဖရိုဖရဲနဲ့... တချို့ဆို အတွင်းခံဘောင်းဘီလေးတွေပဲ ဝတ်ထားတာကွ... ဘေးလွတ်ရာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ တူတယ်...”
“ဒါ ငါတို့ဆီ အလကား ရောက်လာတဲ့ သားကောင်တွေပဲ... ယောကျ်ားတွေကို သတ်၊ မိန်းမတွေကို ဖမ်း... ဒီလှေစုတ်ကြီးကိုတောင် သံစုတ်အဖြစ် ပြန်ရောင်းစားလို့ ရသေးတယ်ကွ...”
မျက်လုံးတစ်ဖက် က ခါးဆီမှ ဓားမကြီးကို ဆွဲထုတ်လိုက်ကာ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ပြီး ဟိန်းညံစွာ အော်ဟစ်လိုက်တော့သည်။
“ကပ်စမ်း... ဝင်တိုက်...”
“ဝုန်း...”
အလွန်ကောင်းမွန်သော အင်ဂျင်စနစ်၏ အကူအညီဖြင့် အမည်းရောင်မန်ဟိုင်း သင်္ဘောကြီးသည် အလျင်အမြန် ကပ်သွားပြီး ဧရာမ သံချိတ်ကြိုးကြီးများသည် လေထဲတွင် တဝီဝီ မြည်ဟည်းကာ (ငါတို့ ပင်လယ်စာ စားချင်တယ်) သင်္ဘော၏ ဘောင်ကို ခိုင်မြဲစွာ ချိတ်တွယ်လိုက်တော့၏။
“ဟေ့ကောင်တွေ... ချဟေ့...”
“ဓားပြတိုက်တာဟေ့... ပါတာတွေ အကုန်ချပေးစမ်း...”
နားကွဲမတတ် အော်ဟစ်သံများနှင့်အတူ ကြမ်းကြုတ်သော မျက်နှာထားများဖြင့် ရေဓားပြ အယောက် (၂၀၀) ကျော်သည် မှော်လက်နက်များကို ကိုင်ဆောင်ကာ ဆူပွက်နေသော ရေနွေးအိုးထဲသို့ ဖက်ထုပ်များ ပစ်ချလိုက်သကဲ့သို့ တစ်ဖက် သင်္ဘောကုန်းပတ်ပေါ်သို့ ခုန်ဆင်းသွားကြသည်။
သို့သော်ငြား...
သူတို့၏ ခြေထောက်များ ကြမ်းပြင်နှင့် ထိမိပြီး ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည့် အခိုက်အတန့်၌ပင် ယခင်က မိုးထိမတတ် ထောင်လွှားနေခဲ့သော သူတို့၏ မာနမီးတောက်ကြီးမှာ ရုတ်တရက် ရေခဲရိုက်ခံလိုက်ရသလို ငြိမ်းအေးသွားတော့သည်။
ကုန်းပတ်ပေါ်တွင် လူပေါင်း တစ်ထောင်ကျော်ခန့် (နောက်ထပ် နှစ်ထောင်ခန့်မှာ အခန်းထဲတွင် အိပ်နေကြပေသည်) ပြည့်ကြပ်စွာ ရပ်နေကြ၏။
ထိုသူများ ကိုင်ဆောင်ထားသည်မှာ ဓားပျံများ၊ မှော်လက်နက်များ မဟုတ်ဘဲ...
ငါးအကြေးခွံတွေ ကပ်နေသော ခုတ်ဓားကြီး တစ်လက်... ဂဏန်းဥတွေ ပေပွနေသော သံတူရွင်း... ဧရာမ ဂေါ်ပြားကြီး တစ်လက်... နှင့်... ဒယ်အိုးမည်းကြီး တစ်လုံး။
ထိုထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား သူတို့၏ မျက်လုံးများပင် ဖြစ်သည်။
ဓားပြ အတိုက်ခံရမည့်သူများ၏ မျက်လုံးထဲတွင် ရှိရမည့် ကြောက်လန့်မှု အရိပ်အယောင် လုံးဝ မရှိချေ။
၎င်းမှာ... အလွန် လှပသော အမျိုးသမီး တစ်ဦးကို မြင်လိုက်ရသကဲ့သို့ သို့မဟုတ် အလွန် ရှားပါးသော ပစ္စည်းကောင်းကြီးကို မြင်လိုက်ရသကဲ့သို့ လောဘတကြီး ဝါးစားမတတ် စိမ်းလဲ့နေသော မျက်လုံးများ ဖြစ်နေပေသည်။
“ဟေ့ကောင်တွေ... အနီရောင် နာမည်နဲ့ ဘော့စ်တွေ လာပြီဟေ့...”
အရှေ့ဆုံးတွင် ရပ်နေသော ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသည့် ဝမ်သဲ့ဖာ မှာ ငါးကြီးကြီး မမိ၍ စိတ်ပျက်နေခဲ့ရာမှ ယခု ဤရေဓားပြအုပ်ကြီးကို မြင်လိုက်ရသောအခါ၊ အထူးသဖြင့် မျက်လုံးတစ်ဖက် ၏ ဝင်းလက်နေသော အဆင့်မြင့် ချပ်ဝတ်များကို မြင်လိုက်ရသည့်အခါ သွားရည်များ ကျလာတော့၏။
“ညီအစ်ကိုတို့... အလုပ်ရပြီဟေ့...”
“ဒါ စနစ်က ပေးတဲ့ ဘောနပ်စ်ပဲကွ... ဟို မျက်လုံးတစ်ဖက် ကို ကြည့်စမ်း... သူ့သွားတွေက ရွှေတွေကွ... ရွှေအစစ်တွေ...”
“ဟို တပည့်ကောင် ဓားက မိုက်တယ်... ငါ ယူမယ်...”
“ဟေ့ကောင် သားရေချပ်ဝတ်နဲ့ ကောင်... မင်း မလှုပ်နဲ့နော်... အဲဒါ ငါ့ဆိုက် အတိအကျပဲ...”
ရေဓားပြများအားလုံး မှင်သက်သွားကြ၏။
မျက်လုံးတစ်ဖက် ၏ ဓားကိုင်ထားသော လက်များမှာ အနည်းငယ် တုန်ယင်လာပေ၏။ သူ တစ်သက်လုံး ရေဓားပြ လုပ်လာခဲ့ပြီး လူတိုင်းက သူ့ကို ကြောက်ရွံ့ခဲ့ရသော်ငြား၊ ယနေ့မှ အဘယ်ကြောင့် သူသည် ဝံပုလွေအုပ်ထဲသို့ လမ်းမှား ရောက်လာသော သိုးပေါက်လေး တစ်ကောင်လို ခံစားနေရပါသနည်း။
“မင်း... မင်းတို့က ဘယ်သူတွေလဲ...”
မျက်လုံးတစ်ဖက် က ကြောက်လန့်တကြား အသံတုန်တုန်ဖြင့် ဟောက်လိုက်သည်။
“ငါက အမည်းရောင် မန်ဟိုင်း...”
“သွားသေလိုက်စမ်း...”
ကောင်းကင်ခွင်း ဓားတစ်လက် က ထိုအဓိပ္ပာယ်မရှိသော စကားများကို လျစ်လျူရှုကာ သူ၏ ဓားရှည်ကို ဝှေ့ယမ်းလိုက်၏။
“ပစ္စည်းတွေအတွက်... ရွှေသွားအတွက်... ချဟေ့...”
“ဝေး...”
လူတစ်ထောင်ကျော်ရှိသော ကစားသမား အုပ်ကြီးသည် ရေဓားပြ အယောက် (၂၀၀) ဆီသို့ ဆည်ကျိုးကျသကဲ့သို့ ဝံပုလွေအူသံများ ပေးကာ တစ်ဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
ဤသည်ကား တိုက်ပွဲ မဟုတ်။ အုပ်စုဖွဲ့ အနိုင်ကျင့် ရိုက်နှက်ခြင်းသာ ဖြစ်ပေသည်။
(မြင်ကွင်း - ၁။ ဤနေရာတွင် သိုင်းလောက၏ သိက္ခာတရား ဆိုသည်မှာ မရှိချေ။)
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အစောပိုင်းအဆင့် ရေဓားပြခေါင်းဆောင် တစ်ယောက်သည် အလွန် မိုက်ကာ အထာကျသော ဓားသိုင်းကွက် တစ်ခုကို ထုတ်သုံးရန် ပြင်လိုက်၏။
စတင်ရန်ပင် မရသေးခင်မှာ အဖြူရောင် အမှုန့်ထုပ် တစ်ထုပ် (ထုံးမှုန့်နှင့် ငရုတ်သီးမှုန့် ရောထားသောအရာ) က သူ၏ မျက်နှာတည့်တည့်သို့ လာမှန်တော့၏။
“အား... ငါ့မျက်လုံးတွေ...”
သူ မျက်လုံးကို ကာကွယ်နေစဉ်မှာပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း က နောက်စေ့ကို ဂေါ်ပြားဖြင့် ခွပ်ခနဲ နေအောင် ရိုက်ချလိုက်၏။ ထို့နောက် တောင့်တောင့်တင်းတင်း လူမိုက် ငါးယောက်ခန့် ပြေးဝင်လာကာ သူ၏ ခြေလက်များကို ဖိချုပ်ထားပြီး အဝတ်အစားများကို ကျွမ်းကျင်စွာ ချွတ်ပစ်ကြတော့ပေသည်။
“မလှုပ်နဲ့... ဒီလက်ပတ်လေး လှတယ်... ချွတ်စမ်း...”
“ဖိနပ်ပါ ချွတ်... ဒါ တိမ်စီးဖိနပ်ကွ...”
(မြင်ကွင်း - ၂။ ရွှေအမြုတေအဆင့်၏ ဂုဏ်သိက္ခာ... အဲဒီလိုအရာမျိုး လုံးဝ မရှိပါ။)
ခေါင်းဆောင် ဖြစ်သော ရွှေအမြုတေအဆင့် ကျွမ်းကျင်သူ မျက်လုံးတစ်ဖက် သည် ခေါင်းဆောင်ကို အရင်ဖမ်းရန် ရည်ရွယ်ချက်ဖြင့် ကျန်းချန် ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။
လေထဲသို့ တက်လိုက်သည်နှင့် တစ်ပြိုင်နက် အရိပ်မည်းကြီး တစ်ခုက သူ့ကို ရိုက်ချလိုက်၏။
“ဒုန်း...”
၎င်းမှာ ဧရာမ ဒယ်အိုးမည်းကြီး တစ်လုံး ဖြစ်ပေသည်။
ကျောက်ကပ်ကြော် သည် ဂဏန်းပြုတ်ထားသဖြင့် ပူခြစ်နေဆဲဖြစ်သော ထိုဒယ်အိုးကြီးကို ဝှေ့ယမ်းကာ မျက်လုံးတစ်ဖက် ၏ ခေါင်းကို ရိုက်ချလိုက်ခြင်း ဖြစ်၏။
“မင်းကများ ငါ့ကို ဓားပြလာတိုက်တယ်ပေါ့လေ... ငါ ဟင်းချက်နေတဲ့ အချိန်တွေကို လာနှောင့်ယှက်ရလားကွ...”
မျက်လုံးတစ်ဖက် မှာ အပူဒဏ်ကြောင့် နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ သူ့အပေါ် ဝိုင်းအုံလာသော ပုရွက်ဆိတ်အုပ်ကြီးကို ခါချရန် ဝိညာဉ်စွမ်းအင်များကို ပေါက်ကွဲထုတ်ပစ်ရန် ပြင်လိုက်သည်။
ထိုစဉ်... ကြက်သီးထဖွယ် ကောင်းလှသော၊ ကြောက်မက်ဖွယ် အငွေ့အသက်ကြီး တစ်ခုက သူ့ကို သော့ခတ်ထားလိုက်တော့၏။
သူ ကြောက်လန့်တကြား လှည့်ကြည့်လိုက်သောအခါ... အခန်းကျောထောက်နောက်ခံ အရိပ်ထဲတွင် ဂဏန်းလက်မ တစ်ဝက်ကို ဝါးစားနေသော အဆင့် (၃) မီးတောက်ခြင်္သေ့ကြီး (ဆွမ်နီ) က သူ့ကို အေးစက်စက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပေသည်။
ဆွမ်နီ၏ ဘေးတွင်မူ လူငယ်လေး ကျန်းချန် က သူ့ကို ပေါ့ပေါ့ပါးပါး တစ်ချက်မျှသာ ကြည့်လိုက်၏။
ထိုအကြည့်တစ်ချက်ကပင် ရေခဲဂူထဲ ကျသွားသကဲ့သို့ အေးစိမ့်သွားစေ၏။
“မူ... မူလဝိညာဉ်အဆင့် အဘိုးကြီးလား...”
မျက်လုံးတစ်ဖက် မှာ အသက်လွင့်မတတ် ကြောက်လန့်သွားပြီး ခြေထောက်များ ခွေကျကာ မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားတော့သည်။
“စီနီယာ... သနားပါ... ကျွန်တော်မျိုး မျက်စိရှင်လျက်နဲ့ ကန်းနေလို့ပါဗျာ...”
ခေါင်းဆောင် ကိုယ်တိုင် ဒူးထောက်သွားပြီ ဖြစ်သဖြင့် ကျန်ရှိနေသော ရေဓားပြများမှာလည်း ဆက်လက် မခုခံရဲကြတော့ဘဲ လက်နက်များကို ချကာ ခေါင်းကိုက်လျက် ဆောင့်ကြောင့် ထိုင်ချလိုက်ကြတော့ပေသည်။
“မလုပ်ကြပါနဲ့ဗျာ... အရှုံးပေးပါပြီ...”
“မချွတ်ကြပါနဲ့တော့... အတွင်းခံလေးတော့ ချန်ထားပေးကြပါဗျာ... တောင်းပန်ပါတယ်...”
တိုက်ပွဲမှာ မျှော်လင့်ထားသည်ထက်ပင် ပို၍ မြန်ဆန်စွာ ပြီးဆုံးသွား၏။
(၁၅) မိနစ် အကြာ...။
တစ်ချိန်က ကြောက်မက်ဖွယ် ကောင်းလှသော အမည်းရောင်မန်ဟိုင်း ရေဓားပြ အဖွဲ့ကြီးသည် ယခုအခါ အတွင်းခံ ဘောင်းဘီလေးများသာ အဖတ်တင်ပြီး ကုန်းပတ်၏ ထောင့်တစ်နေရာတွင် လေအေးအေးအောက်၌ တဆတ်ဆတ် တုန်ယင်လျက် စုပုံနေကြရရှာပေသည်။
ကစားသမားများမှာမူ တိုက်ရာပါ ပစ္စည်းများကို ပျော်ရွှင်စွာ ခွဲဝေနေကြ၏။
“ဟားဟား... ဒီဓားက မှော်လက်နက်ကွ... ငါတော့ ကံထူးပြီ...”
“ဒီရွှေသွားက ရွှေအစစ်ကွ... ခုနက ကိုက်ကြည့်တာ ပျော့တယ်...” (ဝမ်သဲ့ဖာ က သွေးသံရဲရဲ ရွှေသွားကြီးကို ကိုင်လျက် အော်ပြောနေ၏။)
ကျန်းချန် သည် ထိုင်ခုံပေါ်တွင် ထိုင်လျက် သူ၏ ရှေ့တွင် တောင်လို ပုံနေသော ပစ္စည်းများနှင့် ဘေးတွင် ဆိုက်ကပ်ထားသော (အမည်းရောင်မန်ဟိုင်း) စစ်သင်္ဘောကြီးကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်... အိပ်ချင်နေတဲ့အချိန် ခေါင်းအုံး လာပေးတာပဲ...”
“ငါတို့ရဲ့ သင်္ဘောဟောင်းက သေးလွန်းတယ်... ဒီသင်္ဘောကို ခွဲထွက် အဖွဲ့ခွဲအနေနဲ့ သုံးဖို့ အတော်ပဲ...”
သူက မြေပြင်ပေါ်တွင် ဒူးထောက်နေသော မျက်လုံးတစ်ဖက် ကို လှည့်ကြည့်လိုက်ပြီး ကြင်နာသော အပြုံးဖြင့် ဆိုလိုက်၏။
“မျက်လုံးတစ်ဖက် ဆိုလား... မင်းက ဒီရေပြင်အကြောင်း သေချာ သိတယ်ဆို...”
မျက်လုံးတစ်ဖက် က ကပျာကယာ ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။
“သိပါတယ်ဗျာ... အရမ်းကို သိတာပေါ့... ကျွန်တော်က ဒီရေပြင်မှာ ကြီးလာတာပါ... ကျောက်ဆောင်ကအစ၊ ရတနာသိုက်တွေ၊ ရေသူမတွေအဆုံး အကုန် သိပါတယ်ဗျ...”
“ကောင်းတယ်...”
ကျန်းချန် က သူ့ပခုံးကို ပုတ်လိုက်၏။
“ဒီနေ့ကစပြီး မင်းတို့ကို အဖွဲ့ထဲ သွင်းလိုက်ပြီ...”
“ကွေ့ယွမ်ဂိုဏ်းရဲ့ တရားမဝင် လမ်းပြနဲ့ အလုပ်သမားတွေ ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ...”
“အခု ငါတို့ရဲ့ တာဝန်က... လမ်းပြဖို့ပဲ... အနီးဆုံး ရိက္ခာဖြည့်တင်းလို့ရမယ့် ကျွန်းကို သွားမယ်... ငါတို့ ခိုးလာတဲ့... အဲလေ... တရားဝင် ကူးသန်းရောင်းဝယ်ရေး သွားလုပ်ဖို့ လိုတယ်ကွ...”
မျက်လုံးတစ်ဖက် သည် ရေဓားပြများထက်ပင် ပို၍ ရေဓားပြဆန်နေသော ထို (ဖြောင့်မတ်သူများ) ကို ကြည့်ကာ နောင်တရစွာဖြင့် မျက်ရည်များ ကျလာတော့သည်။
'ဒါက ဓားပြတိုက်တာလား... ဓားပြ အတိုက်ခံရတာလား...'
အရှေ့ပင်လယ်ပြင်ကြီး၏ ကောင်းကင်ကြီးတော့ ပြောင်းလဲတော့မည် ထင်ပါရဲ့။
[t.n: "အနီရောင် နာမည်နဲ့ ဘော့စ်များ" ဟူသည်မှာ RPG ဂိမ်းများတွင် ကစားသမားများက သတ်ဖြတ်၍ ပစ္စည်းများ ရယူနိုင်သော ရန်သူများကို ဆိုလိုပါသည်။ ဤနေရာတွင် ကစားသမားများက ရေဓားပြများကို ဂိမ်းထဲမှ ရန်သူများအဖြစ် သဘောထားကာ ရက်ရက်စက်စက် လုယက်နေကြခြင်းကို ဟာသဆန်ဆန် တင်စားထားခြင်းပါ။ ]
အခန်း (၁၈၂) - ရေဓားပြများကို သိမ်းသွင်းခြင်း ... မင်းတို့အားလုံး ဒီနေ့ကစပြီး ဒုတိယ စားသောက်ဆောင်ရဲ့ ဝန်ထမ်းတွေပဲ
~အရှေ့ပင်လယ်ပြင်...
အမည်းရောင်မန်ဟိုင်း (မူလအမည်) သင်္ဘောကုန်းပတ်ထက်၌၊
ပင်လယ်လေပြင်းက တဟူးဟူး တိုက်ခတ်နေ၏။ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြသော ရေဓားပြ အယောက် (၂၀၀) ကျော်၏ ကျောရိုးထဲသို့ အအေးဓာတ်များ စိမ့်ဝင်သွား၏။
တစ်ချိန်က သူတို့သည် ဤပင်လယ်ပြင်၏ အိပ်မက်ဆိုးများ ဖြစ်ခဲ့ကြပေသည်။ ညဘက် ကလေးငိုသံများကိုပင် တိတ်သွားစေနိုင်သော မိစ္ဆာဆိုးကြီးများ ဖြစ်ခဲ့ကြ၏။ သို့သော်ငြား ယခုအခါ၌မူ သူတို့၏ ကံကြမ္မာကို စောင့်စားနေရသော ငုံးငယ်လေးများပမာ ခေါင်းပင် မမော့ရဲကြတော့ချေ။
အကြောင်းမူကား သူတို့ရှေ့တွင် မာရ်နတ် တစ်သိုက်က သူတို့ကို မည်သို့ ကိုင်တွယ်ရမည်နည်းဟု ငြင်းခုန်နေကြသောကြောင့်ပင်။
“ဂိုဏ်းချုပ်ကြီး... ဒီကောင်တွေကို ဘယ်လို လုပ်လိုက်ရမလဲ”
ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသော ဝမ်သဲ့ဖာက ယခုလေးတင် သူ လုယူထားသော ရွှေသွားကို ကစားရင်း ရေဓားပြများကို အထင်သေးဟန်ဖြင့် ကြည့်လိုက်၏။
“သတ်ပစ်ဖို့ကလည်း နှမြောစရာကြီးဗျ... သူတို့ကလည်း လုပ်အားတွေပဲကိုး... ဒါပေမဲ့ လွှတ်ပေးလိုက်ရင်လည်း ပြန်သွားပြီး ကျွန်တော်တို့ကို တိုင်ပြောနေပါဦးမယ်...”
“သူတို့ကို ရောင်းစားလိုက်ရင်ရော...”
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်းက ဝင်အကြံပေးလိုက်၏။
“အရှေ့ပင်လယ်ပြင်က သတ္တုတူးဖော်ရေး ကျွန်းတချို့မှာ အလုပ်သမားတွေ လိုနေတယ်လို့ ကျွန်တော် ကြားတယ်... ဒီကောင် တောင့်တောင့်တင်းတင်း အယောက် (၂၀၀) လောက်ဆိုရင် ဈေးကောင်းရလောက်တယ်...”
ဝက်ရောင်းမည့် စကားဝိုင်းနှင့် တူနေသော ထိုအသံများကို ကြားလိုက်ရသောအခါ ရေဓားပြခေါင်းဆောင် မျက်လုံးတစ်ဖက်က ကြောက်လန့်တကြား တုန်ယင်သွားပြီး ချက်ချင်းပင် ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်ကာ ရှိခိုးလိုက်တော့သည်။
“မလုပ်ပါနဲ့ဗျာ... ကျွန်တော့်ကို မရောင်းပါနဲ့... ကျွန်တော် သင်္ဘောမောင်းတတ်ပါတယ်... ဒီရေပြင်အကြောင်းကို ကျွန်တော် အကုန် သိပါတယ်... ကျွန်တော် အသုံးဝင်ပါတယ်ဗျ...”
ထိုစဉ်၊ ကျန်းချန်က သယ်လာသော ထိုင်ခုံပေါ်တွင် ထိုင်လျက် လက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်ပြီး ရေဓားပြတစ်သိုက်ကို အကဲခတ်လိုက်၏။
လောကစည်းမျဉ်းစနစ်၏ ပြသချက်အရ ဤရေဓားပြများသည် နာမည်ဆိုးဖြင့် ကျော်ကြားသော်ငြားလည်း သူတို့တွင် ထူးခြားသော ကျွမ်းကျင်မှုများ ရှိနေကြောင်း တွေ့ရပေသည်။ အချို့က ပဲ့ကိုင်ရာတွင် ကျွမ်းကျင်ကြပြီး၊ အချို့က သင်္ဘောပြင်ရာတွင် ကျွမ်းကျင်ကြ၏။ အချို့ကမူ... သားရေခွာခြင်းနှင့် အပိုင်းပိုင်း ခုတ်ထစ်ခြင်း (မီးဖိုချောင်တွင်လည်း အလွန် အသုံးဝင်မည့် ပညာရပ်) တွင် ကျွမ်းကျင်ကြပေသည်။
'သတ်ပစ်လိုက်ရင် တကယ် နှမြောစရာပဲ...'
ကျန်းချန်က လက်ဖက်ရည်ခွက်ကို ချလိုက်ကာ အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။
“ငါတို့ရဲ့ ရေတပ်ကြီးက အခုဆို အင်အားကြီးလာပြီ... သင်္ဘောတစ်စင်းတည်းနဲ့ မလောက်တော့ဘူး... ဒါကြောင့် ဒီသင်္ဘောကို သိမ်းလိုက်မယ်...”
“ဒီလူတွေကတော့...”
ကျန်းချန်က သူ့ဘေးတွင် မျက်နှာပျက်နေသော စားဖိုမှူးကြီးကို တစ်ချက် ကြည့်လိုက်၏။
“ကျောက်ကပ်ကြော်... မင်းက လူအင်အား မလောက်ဘူး၊ ဟင်းသီးဟင်းရွက်တွေ လှီးရလွန်းလို့ လက်တွေ ကြွက်တက်နေပြီ ဆိုပြီး ညည်းနေတာ မဟုတ်ဘူးလား... ဒီလူ ရာဂဏန်းကို မင်းဆီ အပ်လိုက်ပြီ...”
“ကျွန်တော့်ကို ပေးမလို့လား...”
ကျောက်ကပ်ကြော်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူက ဗလကြီး ရေဓားပြတစ်သိုက်ကို အစားအစာ တစ်မျိုးမျိုးကို အကဲခတ်နေသကဲ့သို့ အထက်အောက် ကြည့်လိုက်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ကောင်းတာပေါ့ဗျာ... အကုန်လုံးက သန်သန်မာမာတွေချည်းပဲ... ကျွန်တော်တို့လည်း ပင်လယ်စာတွေ အများကြီး ဖမ်းမိထားတော့ လုပ်အား လိုနေတာနဲ့ အတော်ပဲ...”
ထိုသို့ဖြင့် ကျန်းချန်၏ အမိန့်အရ အလုပ်စခန်း ဟု ခေါ်ဆိုနိုင်သော အစီအစဉ်တစ်ရပ် စတင်တော့ပေသည်။
(အဆင့် ၁ - အမည်နှင့် ကိုယ်ပိုင်အမှတ်အသား ပြောင်းလဲခြင်း)
ပထမဦးစွာ ခမ်းနားထည်ဝါလှသော အမည်းရောင်မန်ဟိုင်း သင်္ဘောကြီး ဖြစ်ပေသည်။
ဤအရူးတစ်သိုက်က ထိုအမည်မှာ လူဆိုးဆန်လွန်းပြီး ကွေ့ယွမ်ဂိုဏ်း၏ အစားအသောက်ကို ချစ်မြတ်နိုး၍ ငြိမ်းချမ်းရေးကို မြတ်နိုးသည် ဆိုသော ဆောင်ပုဒ်နှင့် မကိုက်ညီဟု ယူဆကြ၏။
ထို့ကြောင့် ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း က ဆေးနီပုံးတစ်ပုံးကို ယူလာကာ သင်္ဘောဘေးဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော မန်ဟိုင်းခေါင်းပုံကြီးကို ဖျက်ပစ်လိုက်ပြီး... အတော်လေး အရူးဆန်သော ပုစွန်ထုပ်ကြီးတစ်ကောင်၏ ပုံကို ဆွဲလိုက်၏။
ထို့နောက် သင်္ဘောကိုယ်ထည်ပေါ်တွင် ကြီးမားကွေ့ကောက်နေသော စာလုံးကြီးများဖြင့် ရေးလိုက်ပေ၏။
(ငါတို့ ပင်လယ်စာ ထပ်စားချင်တယ် အမှတ် ၂) ... အတိုကောက်အားဖြင့် (ပင်လယ်စာ အမှတ် ၂)။
သူ အလွန်မြတ်နိုးရသော စစ်သင်္ဘောကြီး ဤကဲ့သို့ မိစ္ဆာရုပ်ပေါက်သွားသည်ကို မြင်လိုက်ရသောအခါ မျက်လုံးတစ်ဖက်၏ နှလုံးသားမှာ သွေးထွက်မတတ် နာကျင်သွားရသော်ငြားလည်း ဒေါသထွက်သည့် စကားတစ်ခွန်းမျှ မဟရဲဘဲ အတင်းပြုံးကာ ဆိုလိုက်ရ၏။
“နာမည်က တကယ် ကောင်းတာပဲဗျာ... နားလည်ရလည်း လွယ်တယ်... သြဇာအာဏာတွေလည်း အပြည့်ပဲ...”
(အဆင့် ၂ - အလုပ်တာဝန် ခွဲဝေခြင်း)
ထိုစဉ်... နောက်ထပ် အစီအစဉ်တစ်ခုဖြစ်သော လူနေရာချထားရေး စတင်၏။
ကျောက်ကပ်ကြော်က အမြင့်ပိုင်းတစ်ခုပေါ်တွင် ရပ်လျက် တောက်ပနေသော ခုတ်ဓားကြီးတစ်လက်ကို ကိုင်ကာ အောက်ဘက်ရှိ ရေဓားပြများကို လှမ်းပြောလိုက်၏။
“အားလုံး သေချာ နားထောင်စမ်း... ဒီနေ့ကစပြီး မင်းတို့က ရေဓားပြတွေ မဟုတ်တော့ဘူး... ကွေ့ယွမ်ဂိုဏ်းရဲ့ (ပင်လယ်ပြင်က ရေပေါ်စားသောက်ဆိုင်) ရဲ့ ဂုဏ်ထူးဆောင် သင်တန်းသားတွေ ဖြစ်သွားပြီကွ...”
“ထွက်ပြေးဖို့တော့ စိတ်တောင် မကူးနဲ့နော်... ဟိုက ခြင်္သေ့ကြီးကို တွေ့လား... ထွက်ပြေးရဲတဲ့ကောင်ကို အဲဒီကောင်ဆီ အစာကျွေးပစ်မယ်...”
“ကဲ... အခု တာဝန်တွေ ခွဲမယ်...”
“မင်း... မျက်လုံးတစ်ဖက်... မင်းရဲ့ ဓားရေးက မဆိုးဘူးလို့ ငါ မြင်တယ်... ဒီနေ့ကစပြီး ငါးသတ်တဲ့ တာဝန်ကို ယူရမယ်... တစ်နေ့ကို ငါးအကောင် (၁၀၀၀) သတ်ရမယ်... တစ်ကောင်လျော့တာနဲ့ တစ်နပ် ငတ်မယ် မှတ်...”
မျက်လုံးတစ်ဖက်မှာ ဆွံ့အသွားတော့၏။
'ငါက ဂုဏ်သိက္ခာရှိတဲ့ ရွှေအမြုတေအဆင့် သိုင်းပညာရှင်လေ... အရှေ့ပင်လယ်ပြင်ကြီးကို ဆယ်စုနှစ်ချီပြီး ဓားတစ်လက်နဲ့ စိုးမိုးလာခဲ့တာ... အခု ငါ့ကို ငါးသတ်ခိုင်းနေတယ်ပေါ့လေ...'
“မင်း... ဟို မျက်နှာမှာ အမာရွတ်နဲ့ကောင်... မင်းရုပ်က ကြောက်စရာကောင်းလွန်းတယ်... ပန်းလေးတွေ မြက်လေးတွေကို သွားမခြောက်နဲ့... ဒီနေ့ကစပြီး မီးဖိုချောင်မှာ အိုးဆေးရမယ်... ဟို အိုးမည်းကြီးကို မင်းရုပ် ပြန်ပေါ်လာတဲ့အထိ ဆေးရမယ်ကွ...”
အမာရွတ်နှင့် လူမှာ (အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်) မျက်ရည်လည်ရွဲ ဖြစ်သွား၏။
“ကျွန်တော်က ဒုတိယ ပဲ့ကိုင်ရှင်ပါဗျာ... ကျွန်တော် လူသတ်တာပဲ တတ်တာပါ... ပန်းကန်မဆေးတတ်ပါဘူး...”
“လူသတ်တတ်ပြီး အိုးမဆေးတတ်ဘူးလား... သဘောတရားက အတူတူပဲလေ... လေ့ကျင့်...”
“ကျန်တဲ့ကောင်တွေ... အုပ်စုခွဲလိုက်... တချို့က ဟင်းသီးဟင်းရွက် ဆေးရမယ်... တချို့က ကင်းစောင့်ရမယ်... တချို့က ဟင်းချပေးရမယ်...”
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိသော ထိုအရူးတစ်သိုက်၏ အကြမ်းဖက် ကြီးကြပ်မှုအောက်တွင် ပုံမှန်အားဖြင့် ဓားမြှောင်များကိုသာ ကိုင်ဆောင်လေ့ရှိသော ရေဓားပြများသည် မီးဖိုချောင်သုံး ဓားများ၊ အဝတ်စုတ်များနှင့် လင်ပန်းများကို ဇွတ်တရွတ် ကိုင်ဆောင်လိုက်ကြရတော့ပေသည်။
(အဆင့် ၃ - ယဉ်ကျေးမှု သင်တန်းပေးခြင်း)
အဆိုးရွားဆုံးမှာ ထိုသူတို့က ရေဓားပြများကို ကွေ့ယွမ်ဂိုဏ်း ယဉ်ကျေးမှု ကိုလည်း အတင်းအကျပ် သင်ယူစေခြင်းပင် ဖြစ်ပေသည်။
ကုန်းပတ်ပေါ်၌၊
ရေဓားပြ အယောက် (၂၀၀) မှာ စတုရန်းပုံစံ သေသပ်စွာ တန်းစီလျက် ဝမ်သဲ့ဖာ၏ ဦးဆောင်မှုအောက်တွင် မျက်ရည်များ ဝဲကာ ဆောင်ပုဒ်များကို အော်ဟစ်နေကြ၏။
“ငါတို့ရဲ့ ဆောင်ပုဒ်က ဘာလဲ...”
“အကုန်စားမယ်... အကုန်ယူမယ်... အပ်တစ်ချောင်း၊ ချည်တစ်မျှင်တောင် အကျန်မခံဘူး...”
“ငါတို့ရဲ့ ပန်းတိုင်က ဘာလဲ...”
“အရှေ့ပင်လယ်ပြင်ကြီးကို သဲကန္တာရ ဖြစ်သွားအောင် လုပ်မယ်...”
လုံးဝကို ပုံစံပျက်သွားပြီဖြစ်သော ရေဓားပြတစ်သိုက်ကို ကြည့်ရင်း ဆုချင်းကောမှာ ဒုတိယ ကုန်းပတ်ပေါ်တွင် ရပ်လျက် သူမ၏ နဖူးကို ကိုင်ကာ ခေါင်းကိုက်လာပြန်တော့သည်။
“ဂိုဏ်းချုပ်ကြီး... ဒါ တကယ်ရော အဆင်ပြေရဲ့လား...”
“သတင်းတွေ ထွက်သွားရင် လူတွေက ကျွန်မတို့ ကွေ့ယွမ်ဂိုဏ်းကို သူတောင်းစားဂိုဏ်းလို့ ထင်ကုန်ကြတော့မယ်...”
ကျန်းချန်ကမူ အတော်လေး ကျေနပ်နေပုံ ရ၏။
တစ်ချိန်က ဖရိုဖရဲ ဖြစ်နေသော သင်္ဘောများမှာ ယခုအခါ စနစ်တကျ ရှိလာပြီး (ဟင်းချက်ဆီနံ့များ လှိုင်နေသော်ငြားလည်း) တစ်ချိန်က ကြမ်းကြုတ်ခဲ့သော ရေဓားပြများမှာလည်း လုံ့လဝီရိယရှိသော လုပ်သားများ ဖြစ်လာသည်ကို သူက ကြည့်နေ၏။
“ဒါကို အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးချတယ်လို့ ခေါ်တယ်လေ...”
ကျန်းချန်က ခပ်ဟဟ ပြုံးလိုက်သည်။
“ဒါ့အပြင်... ဟို မျက်လုံးတစ်ဖက်ရဲ့ ငါးသတ်တဲ့ နည်းစနစ်က အရမ်း ပရော်ဖက်ရှင်နယ် ဆန်တယ်လို့ မင်း မထင်ဘူးလား... အဲဒီ ဓားရေးကလေ... ငါးအသားလွှာတိုင်းက ပါးလွှာပြီး ညီညာနေတာပဲ... အဆင့်မြင့် ဆာရှိမိ ဆရာကြီးအဆင့်ပဲကွ...”
သူ စကားပြောနေစဉ်မှာပင် မျက်လုံးတစ်ဖက်သည် မျက်ရည်များ ဝဲလျက် ရွှေအမြုတေအဆင့်၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်၏။ သူ၏ ဓားကြီးက အရိပ်တစ်ခုပမာ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ပေါင်တစ်ရာကျော် အလေးချိန်ရှိသော တူနာငါးကြီးကို ပြီးပြည့်စုံသော အသားလွှာများအဖြစ် ချက်ချင်း ပိုင်းဖြတ်လိုက်ပေသည်။
“သူရဲကောင်းကြီးဗျာ... ရပါပြီ... မြည်းစမ်းကြည့်ပါဦးဗျ...”
မျက်လုံးတစ်ဖက်က သူ့ဘေးရှိ ထိုအရူးတစ်ယောက်ကို ပန်းကန်တစ်ချပ် နှိမ့်ချစွာ ကမ်းပေးလိုက်၏။
“အင်း... မဆိုးဘူး... ရော့... မင်းအတွက် ငါးခေါင်းတစ်ခေါင်း...”
ထိုသူက ငါးခေါင်းတစ်ခေါင်းကို သူ့ဆီ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
မျက်လုံးတစ်ဖက်မှာ ငါးခေါင်းကို ကိုင်ထားရင်း အလွန် ဝမ်းသာလွန်းသဖြင့် ငိုပင် ငိုချင်သွားတော့သည်။ (အကြောင်းမူကား သူ အလွန် ဗိုက်ဆာနေသောကြောင့်ပင်။)
ဤသို့ဖြင့် ကွေ့ယွမ်ဂိုဏ်း၏ ရေတပ်အင်အားမှာ နှစ်ဆ တိုးလာခဲ့၏။
ထူးခြားသော ပုံစံရှိသည့် စစ်သင်္ဘောကြီး နှစ်စင်းဖြစ်သော (ငါတို့ ပင်လယ်စာ စားချင်တယ်) နှင့် (ငါတို့ ပင်လယ်စာ ထပ်စားချင်တယ်) တို့သည် တစ်စင်းနောက် တစ်စင်း လိုက်ပါလျက် အမည်းရောင် မီးခိုးငွေ့များနှင့် အစားအသောက်နံ့များ မှုတ်ထုတ်ကာ အရှေ့ပင်လယ်ပြင်၏ အကြီးဆုံး ကူးသန်းရောင်းဝယ်ရေး စခန်းကြီး ဖြစ်သော ကြယ်တာရာသဲမှုန် ကျွန်းစုများ ဆီသို့ ဒေသခံ ကျွမ်းကျင်သူ မျက်လုံးတစ်ဖက်၏ လမ်းပြမှုဖြင့် အရှိန်အဟုန် အပြည့်ဖြင့် ဦးတည်သွားကြတော့ပေသည်။
ထိုနေရာကား ရေတွက်၍မရနိုင်သော တသီးပုဂ္ဂလ ကျင့်ကြံသူများနှင့် ကုန်သည်များ စုဝေးရာ နေရာတစ်ခု ဖြစ်၏။
စတုတ္ထကပ်ဘေးဟု ခေါ်ဆိုအပ်သော ထိုအရူးတစ်သိုက် ဖျက်ဆီးမည့် နောက်ထပ် ပစ်မှတ်တစ်ခုလည်း ဖြစ်ပေတော့၏။
အခန်း (၁၈၃) - ကြားခံစခန်းသို့ ရောက်ရှိခြင်း... ကြယ်တာရာ သဲမှုန် ကျွန်းစုများ
~အရှေ့ပင်လယ်ပြင်... ကြယ်တာရာ သဲမှုန် ကျွန်းစု နယ်မြေ။
သုံးရက်တိုင်တိုင် ရွက်လွှင့်ပြီးနောက် (အမှန်တကယ်တော့ စားသောက်နေခြင်းသာ ဖြစ်ပေသည်)၊ အမည်းရောင် မီးခိုးငွေ့များ မှုတ်ထုတ်ကာ ဒယ်အိုးမည်းကြီးများနှင့် ပုစွန်ထုပ်ကြီးများ ရေးဆွဲထားသော ထူးဆန်းသည့် သင်္ဘောနှစ်စင်းသည် ဤစည်ကားလှသော ပင်လယ်ပြင်သို့ နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့၏။
ကြယ်တာရာ သဲမှုန် ကျွန်းစုများသည် ကြီးငယ်မဟူ ကျွန်းပေါင်းရာချီဖြင့် ဖွဲ့စည်းထားပြီး အပြာရောင် ပင်လယ်ပြင်ထက်တွင် ပြန့်ကျဲနေသော ကြယ်ပွင့်လေးများပမာ တောက်ပနေပေသည်။ ၎င်းသည် အလယ်ပိုင်း တိုက်ကြီးနှင့် အရှေ့ပင်လယ်ပြင်၏ ရေနက်ပိုင်းတို့ကို ဆက်သွယ်ပေးထားသော အသက်သွေးကြော လမ်းကြောင်းတစ်ခု ဖြစ်ပြီး ကုန်သည်သင်္ဘောများ၊ တသီးပုဂ္ဂလ ကျင့်ကြံသူများနှင့် မိစ္ဆာသားရဲများပင် စုဝေးရာ နေရာတစ်ခု ဖြစ်လေ၏။
“ဝါး... ဒီကျွန်းက လှလိုက်တာကွာ...”
ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသော ဝမ်သဲ့ဖာသည် သင်္ဘောဦးပိုင်းတွင် ရပ်လျက် အဝေးမှ အကြီးဆုံးဖြစ်သော ပင်မကျွန်းကြီးကို လှမ်းကြည့်နေ၏။ ထိုကျွန်းပေါ်တွင် ခမ်းနားထည်ဝါသော အဆောက်အဦးများဖြင့် ပြည့်နှက်နေ၏။ ဝိညာဉ်စွမ်းအင် အလင်းတန်းများ တလက်လက် တောက်ပနေကာ ဆိပ်ကမ်းတွင်လည်း စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘော ထောင်ပေါင်းများစွာ ဆိုက်ကပ်ထားသည်ကို တွေ့ရပေသည်။
သို့သော်ငြား ထိုမြင်ကွင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် သံစုတ်များဖြင့် ပေါင်းစပ် တည်ဆောက်ထားသော ကွေ့ယွမ်ဂိုဏ်း၏ စစ်သင်္ဘော နှစ်စင်းမှာမူ အဆင့်မြင့် ဇိမ်ခံကားပြပွဲထဲသို့ ထွန်စက်တစ်စီး ဝင်လာသကဲ့သို့ အလွန်ပင် အချိုးမပြေဘဲ စုတ်ချာနေတော့၏။
“ဒါက အရှေ့ပင်လယ်ပြင်ရဲ့ အစပြုရွာ ဆိုတာလားဗျ... အရမ်း ချမ်းသာမယ့်ပုံပဲနော်... လျှို့ဝှက် တာဝန်တွေများ ရှိမလား မသိဘူး...”
ထိုအရူးတစ်သိုက်သည် သင်္ဘောလက်ရန်းကို မှီလျက် သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုကြောင့် အရောင်များ တလက်လက် တောက်ပနေကြပေသည်။
ထိုအခိုက် ကျန်းချန်က ကုန်းပတ်ပေါ်တွင် ရပ်လျက် သူ၏ ဝတ်ရုံကို သပ်ရပ်အောင် ပြင်ဝတ်လိုက်၏။ သူ့ဘေးတွင် ရပ်နေသော ဆုချင်းကောမှာမူ မျက်နှာဖုံး ဇာပဝါကို တပ်ဆင်ထားပြီး (အသိများနှင့် ဆုံမည်ကို ရှောင်ရှားရန် ဖြစ်ပေသည်)၊ ရာထူးတိုးထားခါစ ဒုတိယ စားဖိုမှူး ဖြစ်သူ မျက်လုံးတစ်ဖက် ကမူ သူ့ဘေးတွင် ရိုကျိုးစွာ ရပ်လျက် လမ်းညွှန်ပေးနေလေ၏။
“ဂိုဏ်းချုပ်ကြီး... ရှေ့နားတင် ကြယ်တာရာ သဲမှုန် ကျွန်းရဲ့ လွတ်လပ်သော ဆိပ်ကမ်း ရှိတယ်ဗျ... အဲဒီမှာ နောက်ခံအင်အားကို ဂရုမစိုက်ကြဘူး၊ ဝိညာဉ်ကျောက်တုံးကိုပဲ အသိအမှတ် ပြုကြတာ... ကျွန်တော်တို့ အဲဒီမှာ ရိက္ခာ ဖြည့်တင်းလို့ ရသလို သင်္ဘောပေါ်မှာ ပုံနေတဲ့ ပင်လယ်စာတွေကိုလည်း ရှင်းထုတ်လို့ ရတယ်လေ...”
“အင်း... ဆိုက်ကပ်လိုက်ပါ..”
“ဝုန်း...”
ဆိုက်ကပ်သံနှင့်အတူ ကျင့်ကြံသူများ၏ အံ့သြ ရွံရှာသော အကြည့်များကြားမှ ထိုထူးဆန်းသော သင်္ဘောနှစ်စင်းသည် ဆိတ်ငြိမ်သော ဆိပ်ကမ်းနေရာတစ်ခုသို့ ဇွတ်တရွတ် တိုးဝင် ဆိုက်ကပ်လိုက်လေတော့သည်။
“ဝေါ့... ဒါ ဘာအနံ့ကြီးလဲကွ...”
ဆိပ်ကမ်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းပြီး ညှီစော်နံသော အနံ့ဆိုးကြီးတစ်ခုက သူတို့ဆီသို့ ရိုက်ခတ်လာပေသည်။ ၎င်းသည် လတ်ဆတ်သော ပင်လယ်စာအနံ့မျိုး မဟုတ်ဘဲ မြေကြီးနံ့နှင့် ပုပ်ဟောင်နေသော အနံ့တို့ ရောပြွမ်းနေသည့် ထူးဆန်းသော အနံ့ကြီး ဖြစ်လေ၏။
“ဘာတွေ ဖြစ်နေတာလဲ... ဒီကျွန်းပေါ်က အိမ်သာကျင်း ပေါက်ကွဲသွားတာလား...”
ကျောက်ကပ်ကြော် သည် နှာခေါင်းကို ရှုံ့လိုက်၏။ စားဖိုမှူး တစ်ယောက်အနေဖြင့် အနံ့အသက်များနှင့် ပတ်သက်လာလျှင် သူက အာရုံအခံနိုင်ဆုံး ဖြစ်ပေ၏။
ထိုစဉ် မျက်လုံးတစ်ဖက် ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဟူး... ခင်ဗျားတို့ မသိကြသေးလို့ပါ... ကြယ်တာရာ သဲမှုန် ကျွန်းစုက အခု ကပ်ဘေးတစ်ခု ဆိုက်နေတာဗျ...”
“ပိုးမွှား ကပ်ဘေးလား...”
“ဟုတ်ပါရဲ့ဗျာ... အဲဒါက တစ်ကိုယ်လုံး အနီရဲရဲနဲ့ အခွံနီ မိစ္ဆာပိုးကောင် လို့ ခေါ်တဲ့ အမျိုးအစားပဲ... လက်မကြီး နှစ်ခု ပါပြီး အခွံက သံပန်းလို မာကျောတယ်လေ...”
မျက်လုံးတစ်ဖက် က လက်ဟန်ခြေဟန်ဖြင့် ဆက်ရှင်းပြ၏။
“အဲဒီကောင်တွေက ပေါက်ဖွားနှုန်း အရမ်းမြန်တယ်ဗျ... တွေ့သမျှ အကုန်စားတာပဲ၊ ဝိညာဉ်ဆေးပင်တွေ၊ ဝိညာဉ်သစ်ပင်တွေနဲ့ ပင်လယ်ရေမှော်တွေက အစ အကုန်စားပစ်တာ... ပြီးတော့ သဘာဝအရလည်း ကြမ်းတမ်းတယ်... အဆင့် (၁) ပဲ ရှိပေမဲ့ အုပ်စုလိုက်ကြီး လာတတ်တော့ သတ်လို့ကို မကုန်နိုင်ဘူး... အရေးအကြီးဆုံးကတော့လေ...”
မျက်လုံးတစ်ဖက် ၏ မျက်နှာပေါ်တွင် ရွံရှာသော အရိပ်အယောင်များ ပေါ်လာပေသည်။
“ဒီပိုးကောင်တွေက အသားကလည်း နည်းနည်းလေး၊ အခွံကလည်း မာသေး၊ ပြီးတော့ မြေကြီးနံ့ အရမ်းပြင်းတာဗျ... အောက်တန်းအကျဆုံး ပင်လယ်မိစ္ဆာတွေတောင် အဲဒီကောင်တွေကို မစားကြဘူး... အခုဆို ကြယ်တာရာ သဲမှုန် ကျွန်းစု တစ်ခုလုံး အဲဒီကောင်တွေ ပြည့်နှက်နေပြီလေ... ကျွန်းသခင်က အဲဒါတွေကို ရှင်းပေးနိုင်မယ့်သူကို ဆုကြေးငွေ အများကြီး ထုတ်ထားပေမဲ့ ဘယ်သူမှ မလုပ်ချင်ကြဘူးဗျ...”
ရုတ်တရက် ဆိပ်ကမ်းရှိ ရေမြောင်းထဲမှ အနီရောင် အရိပ်တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး လက်မကြီးများကို ဝှေ့ယမ်းကာ မာနထောင်လွှားစွာဖြင့် ကုန်းပေါ်သို့ တက်လာတော့၏။
“အမလေး... မိစ္ဆာပိုးကောင်ကြီး... နင်းသတ်ကြပါတော်...”
ဖြတ်သွားဖြတ်လာ အမျိုးသမီး ကျင့်ကြံသူ အချို့မှာ ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးသွားကြပေသည်။
သို့သော်ငြား ကျောက်ကပ်ကြော် သည် ထို မိစ္ဆာပိုးကောင် ဆိုသည့် အရာကို သေချာ မြင်လိုက်ရသောအခါ ချက်ချင်းပင် ကျောက်ရုပ်ပမာ ဖြစ်သွားတော့၏။ ထိုနောက် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူနှုန်းများ မြန်ဆန်လာကာ တစ်ကိုယ်လုံး တုန်ယင်လာ၏။ ပျောက်ဆုံးနေသော ဖခင်အရင်းကို ပြန်တွေ့လိုက်ရသည့်အလား။
“ဒါ... ဒါက ဟိုဟာ မဟုတ်ဘူးလား...”
ကျောက်ကပ်ကြော် သည် ရှေ့သို့ ခုန်အုပ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုမိစ္ဆာပိုးကောင် ကို ဖမ်းဆုပ်ကာ သူ၏ မျက်လုံးရှေ့သို့ တေ့၍ သေချာ ကြည့်လိုက်၏။ အနီရောင် အခွံ၊ အမွေးအမျှင် ရှည်ရှည်များ၊ သန်မာသော လက်မကြီး နှစ်ခုနှင့် ထိုရင်းနှီးနေသော မြေကြီးနံ့...။
“ခွေးမသားလေး... ဒုက္ခပါပဲကွာ...”
ကျောက်ကပ်ကြော် က ရင်ကွဲမတတ် အော်ဟစ်လိုက်တော့သည်။
“ရေချိုပုစွန်ထုပ်လေးကွ... ဒါ ရေချိုပုစွန်ထုပ်လေးဗျ... ပြီးတော့ ဒါက ဝိညာဉ်စွမ်းအင်တွေနဲ့ ကြီးထွားလာတဲ့၊ ငါ့မျက်နှာထက်တောင် ကြီးနေတဲ့ မျိုးဗီဇပြောင်း ရေချိုပုစွန်ထုပ်ကြီးကွ...”
ထိုအော်သံကြောင့် ဘေးနားရှိ အရူးတစ်သိုက်လုံး လန့်ဖြန့်သွားကြပြီး အားလုံး ဝိုင်းအုံလာကာ ကြည့်လိုက်ကြပေသည်။
“ဟာ... တကယ်ကြီးပဲဟ... ဒီအကောင်ကို ဒီမှာ မိစ္ဆာပိုးကောင် လို့ ခေါ်တာလား... ပြီးတော့ ဒီလိုကောင်တွေ အများကြီး ရှိနေတာကို ဘယ်သူမှ မစားကြဘူးပေါ့...”
အလွန်တရာ ရယ်စရာကောင်းလှသကဲ့သို့ အလွန်တရာ ဝမ်းသာလုံးဆို့ဖွယ်ကောင်းသော ခံစားချက်ကြီးတစ်ခုသည် ထိုသူတို့ကြားတွင် ပျံ့နှံ့သွားလေတော့၏။ အကြောင်းမူကား သူတို့၏ မူလကမ္ဘာတွင် ဤအရာသည် ညဉ့်နက်ပိုင်း သရေစာများ၏ ဘုရင်တစ်ဆူ ဖြစ်ပြီး လူလုပ် မွေးမြူရေးခြံများဖြင့်ပင် မွေးမြူရသော အစားအစာ ဖြစ်ပေသည်။ သို့သော် ဤကျင့်ကြံခြင်းလောကတွင်မူ လူတိုင်း မုန်းတီးသော၊ ပြန့်ပွားလွယ်သော ပိုးမွှားကောင် ဖြစ်နေသည်တဲ့လား။
နှမြောစရာ ကောင်းလိုက်တာ... ဒါ လုံးဝကို အလဟဿ ဖြစ်နေတာပဲ။
“ကျောက်ကပ်ကြော်... ဒါကို စားလို့ ရတယ်မလားကွ...”
ဝမ်သဲ့ဖာ က တံတွေးကို ဂလုခနဲ မျိုချလိုက်၏။
“စားလို့ ရသလား ဆိုတဲ့ မေးခွန်းကိုတောင် မမေးနဲ့ကွ...”
ကျောက်ကပ်ကြော် မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ငိုပင် ငိုချင်လာတော့၏။
“ဒါက ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတာလေ... အသားတွေက လုံးဝကို ကျစ်လစ်ပြီး အိစက်နေမှာ အသေအချာပဲ... မြေကြီးနံ့ ပျောက်သွားအောင် ဆီနဲ့ ငရုတ်သီး အများကြီး သုံးလိုက်တာနဲ့ လုံးဝကို အရသာရှိပြီး မွှေးပျံ့နေတဲ့ ဟင်းလျာတစ်ခွက် ဖြစ်သွားမှာကွ... ဟင်းခတ်အမွှေးအကြိုင် တစ်ဆယ့်သုံးမျိုး အရသာ... အစပ်ပေါင်း... ကြက်သွန်ဖြူထောင်း... ပေါင်းထားတာ... စဉ်းစားကြည့်ရင်းနဲ့တင် သွားရည်ကျလာပြီဟာ...”
ကျန်းချန် သည် ပိုးကောင် တစ်ကောင်ကို ကြည့်ရင်း သွားရည်ကျနေသော ထိုအရူးတစ်သိုက်ကို ကြည့်လိုက်၏။ သူကိုယ်တိုင် ထိုရေချိုပုစွန်ထုပ် ဆိုသည်ကို မစားဖူးသော်ငြားလည်း လောကစည်းမျဉ်းစနစ်၏ သတိပေးချက်အရ စီးပွားရေး အခွင့်အလမ်း တစ်ခုကို မြင်လိုက်ရပေသည်။
(တီ..တီ.. တန်ဖိုးမြင့် ဟင်းချက်ကုန်ကြမ်း .. ကျူးကျော်မျိုးစိတ်ကို ရှာဖွေတွေ့ရှိပါပြီ... စနစ်၏ အကြံပြုချက် - ဒီသတ္တဝါတွေဟာ အရှေ့ပင်လယ်ပြင်မှာ ပေါများနေပြီး ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သုည ပါ။ တကယ်လို့ ဟင်းချက်နည်း တစ်ခုကို ဖန်တီးနိုင်ရင် ဂိုဏ်းအတွက် ဝင်ငွေအများဆုံး ရရှိမယ့်.. စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်လာပါလိမ့်မယ်...)
“ကုန်ကျစရိတ် သုညတဲ့လား...”
ကျန်းချန် ၏ နှုတ်ခမ်းထောင့်တွင် အရင်းရှင် တစ်ဦး၏ အပြုံးမျိုး ကွေးညွတ်သွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ကာ လောဘကြောင့် မျက်လုံးများ အရောင်လက်နေသော ထိုသူတို့ကို အမိန့်ပေးလိုက်တော့သည်။
“တပည့်တို့... ခုနက မျက်လုံးတစ်ဖက် ပြောသွားတာကို ကြားလိုက်တယ် မဟုတ်လား... ကျွန်းသခင်က ပိုးမွှား နှိမ်နင်းဖို့ ဆုကြေးငွေ ထုတ်ထားတယ် ဆိုပါလား... ငါတို့က သူတို့ကို ပိုးမွှားတွေ ရှင်းပေးရုံတင်မကဘူး... ဒီပိုးကောင်တွေကို... ဗိုက်ထဲ ရောက်သွားအောင်ပါ ကူညီပေးရမယ်ကွ... တာဝန် ပေးအပ်လိုက်ပြီ... (အားလုံး ပုစွန်ထုပ် ဖမ်းကြစို့)... ပစ်မှတ်က... ဒီကျွန်းပေါ်မှာ ရှိတဲ့ ရေချိုပုစွန်ထုပ် မှန်သမျှ တစ်ကောင်မကျန် ဖမ်းဖို့ပဲ... တစ်ကောင်လေးတောင် အလွတ်မခံနဲ့နော်...”
“ဟုတ်ကဲ့ပါဗျာ...”
ထိုသူတို့၏ အော်ဟစ် အားပေးသံကြီးသည် တခဲနက်.. ထွက်ပေါ်လာတော့သည်။
မကြာမီကမှ အမျိုးသမီး ကျင့်ကြံသူများ အထင်သေး ရွံရှာခဲ့သော အခွံနီ မိစ္ဆာပိုးကောင် များသည် ယခုအခါ သူတို့မျက်လုံးထဲတွင် လမ်းလျှောက်နေသော ရွှေတုံးရွှေခဲများ၊ ညဉ့်နက်ပိုင်း သရေစာများနှင့် ဓနဥစ္စာဆီသို့ သွားရာ လမ်းမကြီးတစ်ခု ဖြစ်နေတော့ပေ၏။
ထိုသို့ဖြင့် ကြယ်တာရာ သဲမှုန် ကျွန်းစု နေထိုင်သူများမှာ သူတို့တစ်သက် မေ့မရနိုင်မည့် မြင်ကွင်းတစ်ခုကို တွေ့ကြုံလိုက်ကြရလေတော့သည်။ ထူးဆန်းသော သင်္ဘောပေါ်မှ ဆင်းလာသည့် ဒုက္ခသည်များနှင့် တူသော ထိုကျင့်ကြံသူ တစ်သိုက်သည် ရုတ်တရက် ရူးသွပ်သွားကြပြီး ပိုက်ကွန်များ၊ ရေပုံးများနှင့် ဂေါ်ပြားများကို ကိုင်ဆောင်ကာ ကျွန်းပေါ်ရှိ နံစော်နေသော ရေမြောင်းများ၊ ကျူတောများနှင့် ကျင့်ကြံခြင်း စိုက်ခင်းများဆီသို့ အလုအယက် ပြေးဝင်သွားကြပေသည်။
“ဟောဒီမှာ တစ်ကောင်... မပြေးနဲ့လေ... ဖေဖေ့ရဲ့ ပန်းကန်ထဲကို လာခဲ့စမ်း... ခွေးမသားလေး... ဒီလက်မကြီးက အကြီးကြီးပဲ... ဘုရင် ပုစွန်ထုပ်ကြီးကွ... မြန်မြန်... မြန်မြန်ဟေ့... ကျောက်ကပ်ကြော် ဆီအိုး တည်နေပြီ... ကုန်ကြမ်း ပြတ်နေတယ်ကွ...”
တစ်ချိန်က လူတိုင်း အဝေးက ရှောင်ကြဉ်ခဲ့ရသော မိစ္ဆာပိုးကောင် များမှာ ယခုအခါ ခြေထောက်နှစ်ချောင်း ပိုမပါလာသည်ကိုပင် နောင်တရလုမတတ် ထိုအရူးတစ်သိုက်၏ တစ်ကျွန်းလုံး အနှံ့ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေကြရလေတော့သည်။
ဆိပ်ကမ်းပေါ်တွင် ဒယ်အိုးကြီး ဆယ်လုံးကို တန်းစီ တည်ထားလိုက်ပေသည်။ သင်္ဘောပေါ်မှ သယ်ချလာသော ငရုတ်သီး၊ ငရုတ်ကောင်း၊ နာနတ်ပွင့်နှင့် သစ်ကြံပိုးခေါက် (အားလုံးမှာ လျှို့ဝှက်နယ်မြေ မှ ခိုးယူလာသော အစားထိုး ဆေးပင်များ ဖြစ်ကြသည်) စသည့် ဟင်းခတ်အမွှေးအကြိုင်များကို အလကား ရထားသကဲ့သို့ အိုးထဲသို့ သွန်ချလိုက်၏။
“ဝုန်း...”
မီးပြင်းပြင်းဖြင့် မွှေကြော်လိုက်တော့၏။ ကျင့်ကြံခြင်း လောကတွင် တစ်ခါမျှ မတွေ့ကြုံဖူးသေးသော၊ အလွန်တရာ ပြင်းထန်ပြီး ဆွဲဆောင်မှု ရှိလှသည့်၊ အစပ်အရသာနှင့် အချိုအရသာတို့ အချိုးကျ ပေါင်းစပ်ထားသော ရနံ့ကြီးတစ်ခုသည် ပင်လယ်လေပြင်းနှင့်အတူ ကြယ်တာရာ သဲမှုန် ကျွန်း တစ်ခုလုံးသို့ ချက်ချင်း လွှမ်းခြုံသွားလေတော့သည်။
မူလက ပိုးမွှားကပ်ဘေး ကို ရှောင်ရှားရန် နှာခေါင်းပိတ်ထားခဲ့ကြသော ထိုကျင့်ကြံသူများသည် ဤရနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် တစ်ပြိုင်နက် ခြေလှမ်းများ ရပ်တန့်သွားကြပြီး လည်စွန်းများ လှုပ်ရှားကာ တံတွေးများ မျိုချမိသွားကြပေသည်။
“ဒါ... ဒါက ဘာအရသာကြီးလဲကွ... မွှေးလိုက်တာ... အနံ့က စူးရှနေတာပဲ... ဒါပေမဲ့... ငါ တကယ် စားချင်လာပြီ...”
အရသာခံ အာရုံများကို သိမ်းပိုက်မည့် စစ်ပွဲတစ်ပွဲသည် ဤညနေခင်းတွင် တရားဝင် စတင်လေတော့၏။
[t.n - အခွံနီ မိစ္ဆာပိုးကောင် သို့မဟုတ် ရေချိုပုစွန်ထုပ် ဆိုသည်မှာ ပြင်ပကမ္ဘာ၏ ညဘက် လမ်းဘေးစားသောက်ဆိုင် ယဉ်ကျေးမှုတွင် အလွန် နာမည်ကြီးသော အစားအစာ (မာလာပုစွန်ထုပ်ကြော်) ကို ဆိုလိုခြင်းပါ။ စာရေးသူမှ ၎င်းကို ကျင့်ကြံခြင်းလောက၏ ပိုးမွှားကပ်ဘေးအဖြစ် ဟာသဆန်ဆန် တင်စား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။]