စီးချင်း (၁)
Vol. 5 Ch. 246
ညအချိန်။ စပိန်ပြင်သစ် အဝေးပြေးလမ်းမကြီး တစ်နေရာ။
အဝေးပြေးလမ်းမကြီးနံဘေးမှာတောင်ကုန်းတစ်ခုရှိပြီး တောင်ကုန်းဘက်ကိုသွားတဲ့ မြေဝါလမ်းကြားပေါ်မှာ တန်ဖိုးကြီးပြိုင်ဘီးဆိုင်ကယ်တစ်စီးကိုရပ်ထားပါတယ်။
တောင်ကုန်းတစ်ခုလုံးကို သက်တံရောင်မှော်ဒိုင်းရဲ့ စွမ်းအားတွေနဲ့ဖုံးအုပ်ထားပြီး သာမန်လူသားတွေရဲ့ အမြင်ကနေဖုံးကွယ်ထားပါတယ်။ အမိုးခုံးစွမ်းအင်ဒိုင်း သက်ရောက်ရာနယ်နိမိတ်အတွင်းမှာတော့ အမျိုးသမီး သုံးယောက်ဟာ အပြန်အလှန်တိုက်ခိုက်နေကြတယ်။
ပထမဆုံးအမျိုးသမီးကတော့ ချွေးတွေကြောင့်စိုစွတ်ပြီး အသားနဲ့ကပ်နေတဲ့ တီရှပ်အဖြူကိုဝတ်ဆင်ထားသူ၊ သုံးဆယ်ကျော်အရွယ် အမျိုးသမီးပါ။ လည်ပင်းမှာတော့ သက်တံရောင် တောက်ပနေတဲ့ မှော်လည်ဆွဲကို ဝတ်ဆင်ထားပြီး ဝမ်းဗိုက်ကတော့ ရှေ့ကိုတစ်ထွာကျော်ကျော်လောက်ပူထွက်နေပါပြီ။ သူ့ဆံပင်ညိုညိုတွေဟာ ချွေးတွေကြောင့်ကပ်စေးနေပြီး မေးစေ့ကနေပါ ရေစက်တွေလိုစီးကျနေလို့။
“ဟိုက်ဒရာ....” EUOC စစ်ဆင်ရေးဌာနမှူးအယ်မာက မှော်နှင်တံကို ဝေ့ယမ်းလိုက်တာနဲ့ တောင်ကုန်းပေါ်က သဲမြေတွေစုစည်းသွားပြီး မီတာခြောက်ဆယ်ကျော် ဟိုက်ဒရာကြီးတစ်ကောင်ပေါ်ထွက်လာကာ ပြိုင်ဖက် မိန်းကလေးကိုစတင်ဖိအားပေးတယ်။
ပြိုင်ဖက်မိန်းကလေးကတော့ ရွှေရောင်ဆံပင်တွေမှာ အနီရောင်အနားသပ်ရှိတဲ့ဆံပင်ပိုင်ရှင်ဖြစ်ပြီး အသက် နှစ်ဆယ်ပြည့်စအရွယ်လို့သာ ထင်ရပါတယ်။ သရေ ဂျာကင်ကိုဝတ်ထားပြီး ဂျင်းဘောင်းဘီကတော့ ခပ်ကျပ်ကျပ်။ လက်ထဲမှာတော့ မီးတောက်လောင်နေတဲ့ ဘေ့ဘောဘက်တံတစ်ခု။
“ရမလား....” မိန်းကလေးက ရှောင်ရှားနေတာကိုရပ်ပြီး တစ်နေရာတည်းမှာ မားမားမတ်မတ်ရပ်လိုက်တယ်။ အဲဒီနောက် သူ့ဆီပြေးဝင်လာတဲ့ ဟိုက်ဒရာကြီးရဲ့ ခေါင်းတွေကို မြန်ဆန်စွာနဲ့ ရိုက်ခွဲပစ်လိုက်တယ်။
ဘုန်း...
သဲဟိုက်ဒရာကျသွားတာနဲ့ ရိုစယ်လီယာက စောင့်မနေဘဲ အယ်မာရဲ့နောက်ဂါထာအသင့်မဖြစ်သေးခင် ရှေ့ကို ပြေးတက်သွားတယ်။ သူ့ခန္ဓာကိုယ်ကနေ မီးပွားတွေ ဖြာကျနေပြီးတော့ ခြေလှမ်းတိုင်းက ဂျက်အင်ဂျင်လို မြန်ဆန်လို့ ကျောနောက်မှာတော့ ဖီးနစ်တစ်ကောင်ရဲ့ တောင်ပံတွေထွက်ပေါ်လာခဲ့လေရဲ့။
“ပွဲသိမ်းပြီ...” အနားကိုရောက်တာနဲ့ ရိုစယ်လီယာက လက်ထဲက သတ္တုတုတ်ကိုဝေ့ယမ်း အယ်မာရဲ့ခေါင်းကို တည်ရိုက်တယ်။ ဒါပေမဲ့ သူတို့ကြားထဲမှာ မြေသားနံရံ တစ်ခုပေါ်ထွက်လာပြီး တုတ်က နံရံကိုသာရိုက်မိတယ်။ နံရံပြိုကျသွားတဲ့အချိန်မှာတော့ အယ်မာကတစ်ဖက်မှာ ရှိမနေတော့ဘူး။
“ဘာ...”
ရိုစယ်လီယာ ဘာဆက်လုပ်ရမလဲ မတွေးရသေးချိန်မှာပဲ သူ့ခြေထောက်တွေက မြေကြီးထဲကျွံဝင်သွားပြီးတော့ တစ်စုံတစ်ယောက်ရဲ့ချုပ်နှောင်ခြင်းကိုခံလိုက်ရပြီ။ ငုံကြည့်တော့ အယ်မာက သူရပ်နေတဲ့မြေကြီးထဲကနေ ထွက်လာပြီးတော့ ရိုစယ်လီယာရဲ့တစ်ကိုယ်လုံးကို မြေသားလက်တွေက ချုပ်နှောင်ထားတယ်။
“မြေကျောင်းတော်ရဲ့တတိယမြောက် အထွတ်အမြတ်မှော်ပညာ၊ မြေလျှိုးအတတ်။”
ရိုစယ်လီယာရဲ့မျက်နှာမှာ အံ့ဩတဲ့ပုံပေါ်လာတယ်။ အယ်မာက အယ်ဒါတစ်ယောက်ဖြစ်လာပြီဆိုပေမဲ့ ဒီလောက်အစွမ်းထက်မယ်မှန်းမသိခဲ့ပါ။ ခဏနေတော့ ရိုစယ်လီယာက ကြီးမားတဲ့အန္တရာယ်တစ်ခုကိုအာရုံခံမိပြီး ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်တယ်။
တေးသံသီနေတဲ့ နတ်ပုံရိပ်သုံးခုက ကောင်းကင်မှာ ရှိနေပြီး အသက်လေးဆယ်နှောင်းပိုင်းအမျိုးသမီးက အဲဒီနတ်တမန်တွေနဲ့အတူ လေထဲမှာရပ်နေပါတယ်။ ရှည်လျားတဲ့အဖြူရောင်ဆံပင်တွေနဲ့ အစိမ်းရောင် မျက်လုံးတွေက သူဘယ်သူဆိုတာ ဖော်ပြပေးနေတယ်။ သူ့အနားမှာ လေဓားတွေဝန်းရံနေပြီး ရိုစယ်လီယာကို ပြုံးပြလိုက်တယ်။
“ကောင်းကင်ပေါ်က လူကို မမေ့နဲ့ဦး။ နင်ငါတို့ နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်းစိန်ခေါ်တာ မိုက်မဲလွန်းတယ်လို့ပြောခဲ့သားပဲ။”
အယ်မာက အခုမှအယ်ဒါဖြစ်လာတာဆိုပေမဲ့ ရှားလော့ခ်က ဝါရင့်အယ်ဒါတစ်ယောက်ပါ။ အမြန်နှုန်းမှာ တုနှိုင်းမဲ့သူလည်းဖြစ်တယ်။
“သွားကြစမ်း....” လေဓားသွားတွေက နိမ့်ဆင်းလာပြီး ရိုစယ်လီယာကို ခုတ်ပိုင်းပစ်ဖို့အသင့်ဖြစ်နေပါပြီ။ ရိုစယ်လီယာရဲ့လက်ထဲက သတ္တုတုတ်ကလည်း မီးငြိမ်းသွားခဲ့ပြီ။ လေကျောင်းတော်ရဲ့ဂါထာကင်းမဲ့ နယ်မြေထဲမှာ မှော်ဂါထာတွေက အသုံးမဝင်တော့ဘူး။
‘မဟုတ်ဘူး၊ အသုံးဝင်တာတစ်ခုရှိသေးတယ်။' ရိုစယ်လီယာကတွေးလိုက်တယ်။ သူ့မျက်လုံးတွေက မီးတောက်တွေလိုမျိုးတောက်ပလာပြီး ရှားလော့ခ်နဲ့ အကြည့်ချင်းဆုံသွားတယ်။
“အား....” ရှားလော့ခ်က ချက်ချင်းသူ့လက်နဲ့မျက်လုံးကို ဖုံးအုပ်လိုက်တယ်။ မျက်လုံးကနေ သွေးတွေစီးကျပြီး နတ်ဘုရားခန္ဓာကိုယ်တွေလဲ သူ့ကိုယ်နဲ့ပြန်ပေါင်းသွားပြီ။ လေဓားသွားတွေကတော့ ပြန့်ကျဲပျောက်ကွယ်သွားပြီ။
“နင်က ဂါထာတွေကို အသံနဲ့တားဆီးနိုင်တယ်။ ငါကတော့ နင်တို့ရဲ့အတတ်ပညာမှန်သမျှကို မေ့ပျောက်သွားအောင်လုပ်နိုင်တယ်။”
ရိုစယ်လီယာနိုးထလာခဲ့တဲ့ နတ်ဘုရားခန္ဓာစွမ်းရည်က သိပ်ကြောက်ဖို့ကောင်းတယ်။ မှတ်ဉာဏ်တွေကို လိုသလိုပြုပြင်နိုင်စွမ်းပါ။ တိုက်ပွဲထဲမှာ တိုက်ရိုက်အသုံးချမယ်ဆိုရင် အကန့်အသတ်တချို့ ရှိပေမဲ့ သေရေးရှင်ရေးမှာအသုံးဝင်နေဆဲပဲ။
“မကောင်းတော့ဘူး...” အယ်မာလည်းရပ်မနေဘဲ ရိုစယ်လီယာကို နောက်ထပ်မြေသားလက်ကြီးတွေ ဖန်တီးပြီး အပြီးဖိချေဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ရိုစယ်လီယာရဲ့ခန္ဓာကိုယ်က ကြယ်တစ်လုံးလို တောက်ပလာပြီး...
ဘုန်း....
ဧရာမဖီးနစ်ငှက်ကြီးက မြေသားလက်တွေကို ဖောက်ထွက်ပြီး အယ်မာကိုဒူးထောက်ကျသွားစေတယ်။ ခဏအကြာမှာတော့ ရိုစယ်လီယာက ရှားလော့ခ်နဲ့ အယ်မာတို့နှစ်ယောက်လုံးကို သတ္တုတုတ်နဲ့ညွန်ပြ အရှုံးပေးခိုင်းနိုင်ခဲ့ပြီ။
“မငြိမ်းနိုင်သောမီးတောက် မာဂါရီတာရဲ့မြေးဆိုတဲ့ အတိုင်းပဲ ကြောက်စရာကောင်းအောင် အစွမ်းထက်တာပဲ။” ရှားလော့ခ်က ချီးကျူးလိုက်တယ်။
လေဒီမာဂါရီတာဟာ မီးလျှံအယ်ဒါဖြစ်လာပြီးတည်းက ရာစုနှစ်နှစ်ခုစာ စွမ်းအားအကြီးဆုံးသူဖြစ်ခဲ့တာပါ။ အရင် စွမ်းအားကြီးလှပါတယ်ဆိုတဲ့အမှောင်ကျောင်း အယ်ဒါတွေတောင်မှ သူ့ကိုမယှဥ်နိုင်ခဲ့ဘူး။
ရှားလော့ခ်စကားကြောင့် ရိုစယ်လီယာကသတ္တုတုတ်ကို ပခုံးပေါ်ပြန်တင်လိုက်ပြီး ရယ်မောလိုက်လေရဲ့။
“ဒါဆိုရင် ကျွန်မရဲ့အားအနည်းဆုံးအယ်ဒါဘွဲ့က မရှိသင့်တော့ဘူးမဟုတ်လား။”
ရိုစယ်လီယာက အယ်မာနဲ့ရှားလော့ခ်နှစ်ယောက်လုံးကို လူမိုက်ကြည့်ကြည့်လိုက်တယ်။ မာဂါရီတာသေပြီး ရိုစယ်လီယာအယ်ဒါဖြစ်လာတော့ ရိုစယ်လီယာ့ စွမ်းအားက တခြားဆီနိတ်တာတွေနဲ့အတူတူလောက်ပဲ ရှိခဲ့တာပါ။
အခုတော့ အပြင်းအထန်လေ့ကျင့်ပြီး မီးလျှံကျောင်းရဲ့ အထွတ်အမြတ်မှော်ဂါထာတွေကိုတတ်လာတဲ့အပြင် အရင်ကမှော်တောင်ဝှေးကြီးအစား တကယ်ကိုင်နေကျ လက်နက်အမျိုးအစားဖြစ်တဲ့ ဘေ့ဘောဘတ်တံကြီးကို အမွေအနှစ်လက်နက်အဖြစ် အသွင်ပြောင်းပြီးပြီ။ဒီတော့ အဖွားနာမည်ကို အိုးမည်းသုတ်သလိုဖြစ်နေတဲ့ သူ့နာမည်ကို ပယ်ဖျက်ဖို့အချိန်တန်ပြီမလား။
“မပူပါနဲ့၊ ငါတို့အဲဒီသတင်းကိုဖြန့်လိုက်မယ်။” အယိမာက မျက်နှာချိုသွေးပြီးပြောလိုက်တယ်။ ရိုစယ်လီယာက ဒီလိုမှမဟုတ်ရင် သူတို့သေတဲ့အထိရိုက်မယ့်ပုံပဲ။ သူတို့မှာလည်း သေရေးရှင်ရေးဝှက်ဖဲတွေ ရှိသေးတယ်ဆိုပေမဲ့လို့ မတန်ဘူးမဟုတ်လား။
“ကောင်းပြီလေ။” ရိုစယ်လီယာက ဘာမှဆက်မပြောဘဲ ဘက်တံကြီးပခုံးပေါ်တင် တောင်ကုန်းပေါ်ကဆင်းဖို့ ပြင်လိုက်ချိန်မှာတော့ အယ်မာက လှမ်းမေးတယ်။
“ရို့စ်၊ ဒါပြီးရင်ဘာဆက်လုပ်ဦးမလို့လဲ။ နင့်ဆီနိတ်တာတွေ စိတ်ပူနေလောက်ပြီနော်။”
“ဟိုကောင် နက်ဆန်ကိုရှာပြီး လက်စားချေမလို့လေ။ အသိသာကြီးပဲမဟုတ်ဘူးလား။” ရိုစယ်လီယာက နောက်တောင်ပြန်လှည့်မကြည့်ဘဲ အဖြေပေးလိုက်ပြီး မှော်ဒိုင်းအကာအကွယ်ထဲကနေထွက်ကာ ဆိုင်ကယ်ပေါ် တက်ပါတယ်။ ဘက်တံကို ဆိုင်ကယ်အိတ်ဇောကြားထဲ ညှုပ်လိုက်ပြီးတဲ့နောက်...
ဘူး...ဘရူးဘရူး...
ဆိုင်ကယ်ဦးထုပ်စောင်းထားတဲ့ ကောင်မလေးဟာ စပိန်နယ်စပ်ရှိရာဘက်ကို အမြန်ဆုံးနှုန်းနဲ့မောင်းထွက် သွားတော့တာပါပဲ။
...
“ဆယ်ဗီ... ဆယ်ဗီ....” နူးညံ့ပေမဲ့ အေးစက်နေတဲ့ လက်ကလေးနဲ့လှုပ်နှိုးခံရတဲ့အတွက်ကြောင့် ဆယ်ဗီ မျက်လုံးဖွင့်ကြည့်လိုက်တယ်။ မြင်နေရတာက မိုနီကာရဲ့မျက်နှာပါ။
ရှုခင်းကြီးရထားကြီးကတော့ ညဘက်လည်းသွားနေဆဲ ဖြစ်ပြီးတော့ လအလင်းရောင်အောက်က နယ်စွန် ရွာလေးတွေကို ရှုမြင်ခံစားကြည့်နိုင်တယ်။
“မိုနီကာ... ဘာဖြစ်လို့လဲ။” အိပ်ရေးပျက်သွားတာမလို့ ဆယ်ဗီ့လေသံက နည်းနည်းမာတယ်။ မိုနီကာကတော့ ဆယ်ဗီရဲ့ခေါက်ကုတင်ပေါ်မှာ တခြမ်းစောင်းထိုင်ရင်း ပေါင်ကိုစေ့ထားကာပြောလိုက်တာပေါ့။
“ငါအပေါ့သွားချင်လို့...”
“ဒေါ်ရသီ ရှိတယ်မဟုတ်ဘူးလား။ ငါ့ကိုဘာလို့ လာနှိုးနေရတာလဲ။”
“အိုလီရာနာ ညဖက်ကြီးထငိုလို့ ဒေါ်ရသီနဲ့နက်ဆန်နဲ့ အပြင်ခေါ်ပြီးချော့နေရတယ်။ နင်ပဲမနိုးတာ။”
“.....” ဆယ်ဗီ ဘာပြောရမှန်းမသိတော့ဘူး။ ပထမက ငြင်းချင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်သူနာပြုဖြစ်ခဲ့မှန်း သတိရမိတော့ သက်ပြင်းရှည်ကြီးချပြီး ထရပ်တယ်။ အဲဒီနောက်တော့ မိုနီကာကိုဝှီးချဲပေါ်တင်ပေးပြီးတော့ သန့်စင်ခန်းကိုသွားရရော။
ရထားခေါင်မိုးပေါ်မှာတော့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ရဲ့ငိုသံသဲ့သဲ့ကို ကြားနိုင်တယ်။ ဆယ်ဗီက အလိုလိုနေရင်းမဲ့မိလိုက်ရော။
“ငိုစရာနေရာမရှိ ရထားအမိုးပေါ်တက်ငိုရတယ်လို့။”
...
နောက်တစ်နေ့မနက်ရောက်တော့ ရထားကြီးက ဘာစီလိုနာမြို့ဘူတာမှာရပ်နေပြီ။
ဆယ်ဗီရောနက်ဆန်ပါ အိပ်ရေးမဝတဲ့ရုပ်တွေနဲ့။ ထူးခြားတာဆိုလို့ ပုစွန်ထုပ်လေးလို ကွေးကွေးလေး ဖြစ်နေတဲ့ အိုလီရာနာကို နက်ဆန်ချီထားရတာပဲ။ ပိုဆိုးတာက အိုလီရာနာက လက်မကိုစုပ်ပြီးအိပ်နေတာ။
“ဒီကလေးမ ရည်းစားနဲ့ကွဲပြီး ငယ်မူပြန်သွားတာလား။” ဆယ်ဗီဘာပြောရမှန်းမသိတော့ဘူး။ ဒါပေမဲ့အဲဒီလို အမှတ်တမဲ့ပြောလိုက်တဲ့စကားကြောင့် ဒေါ်ရသီက သူ့ကိုမျက်လုံးမှေးပြီး ဒေါသနဲ့စိုက်ကြည့်တယ်။
“မမလေးဆယ်ဗီရှင့်၊ ချစ်ရတဲ့သူနဲ့ကွေကွင်းရတာက ဟာသမဟုတ်ပါဘူး။ ရင်ထဲမှာ နာကျင်ကြေကွဲ ဝမ်းနည်းရတယ်ရှင့်။”
“ရှိုးတကွန်းမ....” ဆယ်ဗီ လျှာထုတ်ပြီးပြောင်ပြမိရော။ ‘အလကား၊ နင်အဲဒီကောင်လေးကို သတိရနေတာ ငါမသိတာမှတ်လို့။'
အထုပ်အပိုးတွေအသင့်ဖြစ်ပြီးတဲ့နောက်မှာတော့ ရထားပေါ်ကနေ သူတို့အုပ်စုဆင်းနှင့်ပြီးပါပြီ။ ပတ်ဝန်းကျင်ကလူတွေကတော့ နက်ဆန်ကို အထူးအဆန်းလိုကြည့်နေကြတယ်။ အထူးသဖြင့် ယောက်ျားလေးတွေကသတ်ချင်တဲ့အကြည့်တွေနဲ့။
မုန်လာဥလေးကို ချီထားနိုင်တဲ့အပြင် တစ်ယောက်တစ်မျိုးလှတဲ့ အလှလေးတွေက သူ့အနားမှာ။ ဆယ်ဗီကတော့ ဘူတာရုံရဲ့ဗိသုကာ လက်ရာတွေဆီ စိတ်ရောက်နေပြန်ပြီ။
စိတ်ဆင်းရဲစရာကောင်းတာကတော့ ဆယ်ဗီထင်သလို ရီနေးဆန့်ဘူတာမဟုတ်ဘဲ မှန်တွေဓာတ်လှေကားတွေနဲ့ ခေတ်သစ်ဘူတာရုံကြီးဖြစ်နေတာပဲ။
“ပျင်းစရာကြီး၊ ဘာမှလေ့လာစရာလည်းမရှိဘူး။” ဆယ်ဗီက အပြစ်ပြောလိုက်ပြီး မိုနီကာရဲ့ဝှီးချဲကို စတွန်းတယ်။ ဘူတာရုံမှာကြည့်စရာမရှိပေမဲ့လို့ မြို့ပြင်မှာတော့ လေ့လာစရာရှိလောက်တယ်မဟုတ်လား။
ဘာစီလိုနာမြို့က စပိန်ရဲ့အရှေ့မြောက်ကမ်းရိုးတန်း ကသလိုးနီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကြီးရဲ့ အကြီးဆုံးမြို့တော်ပါ။ မြို့ဧရိယာမှာတင် လူဦးရေ ၁.၇ သန်းလောက်နေပြီး မြို့နယ်တစ်ခုလုံးမှာဆိုရင်တော့ ငါးသန်းကျော်ခြောက်သန်းနီးပါးလောက်ကိုရှိတာ။ဥရောပသမဂ္ဂတစ်ခုလုံးမှာတောင် လူဦးရေအရ နံပါတ်ငါးပဲ။
သမိုင်းကြောင်းအရပြောရရင်လည်း မြို့ကြီးရှိနေတာ နှစ်ထောင်ချီပြီ။ ရောမတွေရမလာခင် ကာသေ့ချ်တွေ လက်ထက်ကတည်းက ကုန်သွယ်ရေးမြို့ကြီးဖြစ်နေတာ။ အလယ်ခေတ်မှာတော့ ခရစ်ယာန်တိုင်းပြည်တစ်ခုဖြစ်တဲ့ အာရာဂွန်ဘုရင့်နိုင်ငံလက်အောက်ကိုရောက်လာခဲ့ပြီး အာရာဂွန်သရဖူရဲပိုင်ဆိုင်မှုဖြစ်ခဲ့တာ။
ခေတ်သစ်ကိုရောက်လာတော့လည်း ဘာစီလိုနာက စက်မှုထွန်းကားတယ်။ အလုပ်သမားတွေ စုဝေးပြီး အခွင့်အရေးအတွက်တောင်းဆိုမှုတွေ ၁၉ရာစု တစ်လျှောက်လုံးမှာရှိခဲ့တယ်။ ယနေ့ခေတ်မှာတော့ နေရာတိုင်းမှာ ခေတ်ဟောင်းအဆောက်အဦးတွေရော ခေတ်သစ်အဆောက်အဦးတွေပါရှိပြီး ရိုမန်ကက်သလစ် ဘုရားကျောင်းပေါင်းများစွာရှိတဲ့နေရာပေါ့။
ဒါပေမဲ့ ဆယ်ဗီမြို့ကြီးအကြောင်းကို စိတ်ကူးယဥ်လို့ မပြီးသေးခင်မှာပဲထင်မထားတာတစ်ခုဖြစ်လာတယ်။ သူတို့ရထားဘူတာအပြင်ဘက်ကိုရောက်တော့ ရိုစယ်လီယာက ဆိုင်ကယ်ကိုလမ်းဘေးမှာချရပ်ပြီး မှီကာစောင့်နေတယ်။
သူတို့ထွက်လာတာကိုတွေ့တော့ လူမိုက်စတိုင်နဲ့ ချက်ချင်းပြေးလာပြီး လက်မှာဝတ်ထားတဲ့ ဆိုင်ကယ်စီးလက်အိတ်ကိုချွတ် နက်ဆန်ရဲ့မျက်နှာကို ပစ်ပေါက်လိုက်ရော။ ပြင်သစ်တွေရဲ့ရိုးရာအတိုင်း စီးချင်းထိုးဖို့အတွက် စိန်ခေါ်လိုက်တာ။
“အယ်...” ဆယ်ဗီ ဘာဖြစ်လို့ဖြစ်နေမှန်းမသိတော့ဘူး။ နက်ဆန်ကတော့ မျက်မှောင်ကြုတ်လိုက်တယ်။ ဘေးက လူတွေလည်းဝိုင်းကြည့်နေပြီ။ ရိုစယ်လီယာကတော့
“ အမှောင်ကျောင်းအယ်ဒါနက်ဆန်၊ နင့်ကြောင့် ငါ့အဖွားသေခဲ့ရတဲ့အတွက် သွေးကြွေးဆပ်ဖို့ နင့်ကိုလာစိန်ခေါ်တာပဲ။ မနက်ဖြန်နေမဝင်ခင် အသင့်ပြင်ထား။”
ဘေးကကြည့်နေတဲ့သူတချို့ကတော့ ဇာတ်လမ်းကို အပြည့်အဝနားမလည်တာကြောင့်ရော ပြင်သစ်လို နားမလည်ကြတာကြောင့်ရော ထင်ကြေးတွေ ပေးကုန်ကြတော့တာပဲ။
“ဖြစ်နိုင်တာက အဲဒီဆိုင်ကယ်နဲ့ယောက်ျားလျာမလေးက ကောင်လေးနဲ့စေ့စပ်ထားတဲ့သူများလား။ကောင်လေးကို ကြည့်ပါဦး။ ကောင်မလေးတွေအများကြီးပဲ ဝိုင်းဂိုင်း လည်နေတာ။ မျက်နှာများလွန်းလို့ သည်းမခံနိုင်တော့ဘဲ စီးချင်းထိုး အသက်ကိုအရှက်နဲ့လဲဖို့လုပ်နေတာနေမှာ။”
စာရေးဆရာမဖြစ်ပုံရတဲ့ ကောင်မလေးတစ်ယောက်က ပြောလိုက်တာကို ဆယ်ဗီကြားသွားတယ်။ ဆယ်ဗီ ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ဘူး။
“ဘုရားရေ၊ ဒီအတိုင်းသာဆိုရင်တော့ ငါတို့တွေ တစ်ယောက်ယောက်ရဲ့နောက်ထုတ်တဲ့စာအုပ်ထဲ ပါလာနိုင်တယ်ဟ။”