← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅) ပင်လယ်ပြင်ပေါ်က လမင်း.... တောက်ပပြီး ထူးခြားတဲ့မြင်ကွင်းက အသုံးမဝင်ဘူး

အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။

ကြီးမားသော ရှန်းယွီ ရင်ပြင်ပေါ်ရှိ ကျယ်ဝန်းသော ဧရိယာတစ်ခုကို ရှင်းလင်းထားပြီးဖြစ်သည်။

ရင်ပြင်၏ အလယ်ဗဟိုတွင် ခုံးဝူတောက်နှင့် ယွင်ရှောင်တို့သည် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြ၏။

သို့သော် အရပ်အမောင်းတူညီမှုရှိသော ပုံရိပ်နှစ်ခုဖြစ်သော်လည်း သူတို့ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် လုံးဝကွဲပြားခြားနားနေသည်။

ခုံးဝူတောက်သည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး သူ၏ ဝတ်ရုံသည် လေထဲတွင် လူးလွန့်နေကာ အကြွင်းမဲ့ယုံကြည်မှုများ ဖြာထွက်နေလေသည်။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏ရှေ့တွင် မတ်တတ်ရပ်နေသော ယွင်ရှောင်သည် အလွန်အမင်း တည်ကြည်လေးနက်သော အမူအယာကို ပြသနေပေ၏။

သူသည် သူ၏စိတ်ခံစားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစားသော်လည်း ယွင်ရှောင်ထံမှ ထွက်ပေါ်လာသော အနည်းနှင့်အများကြောက်ရွံ့မှုကို လူတိုင်း ခံစားနေရသည်။

သူတို့၏နောက်တွင် မတ်တတ်ရပ်နေသော မတူညီသည့် လူအုပ်စုနှစ်စု၏ တုံ့ပြန်မှုများပင်လျှင် လုံးဝကွဲပြားခြားနားနေသည်။

ဧကရာဇ်သားတော်အစဉ်အဆက်နှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင်များသည် အခြေအနေကို သိပ်ဂရုမစိုက်ဘဲ ခံစားချက်မဲ့နေပုံရသည်။

သူတို့၏အမြင်အရ သူတော်စင်ခုံးဝူတောက်၏ စွမ်းအားဖြင့် ယွင်ရှောင်ကဲ့သို့ အမှိုက်ကို ဖိနှိပ်ခြင်းသည် လုံလောက်သည်ထက်ပင် ပိုနေလေပြီ။

သူတို့၏သူတော်စင်က တစ်ဖက်လူကို လှုပ်ရှားမှု သုံးကွက် အကြောပေးရန် တမင်သက်သက် လုပ်ခဲ့လျှင်ပင် နောက်ဆုံးရလဒ်သည် အနည်းငယ်မျှ ပြောင်းလဲသွားမည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ယွင်ရှောင်၏နောက်တွင် မတ်တတ်ရပ်နေသော ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ လူအများအပြားသည် သူတို့၏နဖူးများမှ ချွေးစေးများ ကျဆင်းနေပြီး ကျယ်လောင်စွာ အသက်ရှူရန်ပင် မရဲကြပေ။

အကယ်၍ ယွင်ရှောင်သာ ရှုံးနိမ့်သွားလျှင် သူတို့အားလုံး သေရပေလိမ့်မည်။

ယွင်ရှောင်သည် သူတို့၏ နောက်ဆုံး မျှော်လင့်ချက်ပင်။

.........

သေချာသည်မှာ ဖရိုဖရဲမြင့်မြတ်နယ်မြေ အတွင်းရှိ တည်ကြည်လေးနက်သော အခြေအနေနှင့် နှိုင်းယှဉ်လျှင် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏အပြင်ဘက်ရှိ သတင်းရရှိထားသော တခြားအင်အားစုများမှ အစွမ်းထက် ကျွမ်းကျင်သူ အများအပြားသည် ဆင်းသက်လာခဲ့ကြလေပြီ။

သို့သော် စူးစမ်းလိုစိတ်ထက် သူတို့က ပို၍ဝမ်းသာအားရ ဖြစ်နေကြသည်။

"ဟားဟားဟား... ဖရိုဖရဲ မြင့်မြတ်နယ်မြေက ဒီတစ်ကြိမ်တော့ လုံးဝပြီးဆုံးသွားပြီ... သူတို့က အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ သူတော်စင်ကို တကယ်ကြီး သွားရန်စလိုက်တာပဲ..."

"သူတော်စင် ခုံးဝူတောက်ကို အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ ရှေးဟောင်းဘိုးဘေးကြီး တွေက အရမ်းအလိုလိုက်ထားတယ်လို့ ငါ ကြားဖူးတယ်... ဒီဖရိုဖရဲ မြင့်မြတ်နယ်မြေက သူ့ကို တကယ်ကြီး ရန်စရဲတယ်ပေါ့... သူတို့က တကယ်ကို အရူးတွေပဲ..."

"ဟား ဟား.... တကယ်လို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေက ဒီနေ့ ဒီဘေးဒုက္ခကနေ အသက်မရှင်နိုင်ဘူးဆိုရင် တက်လှမ်းဖို့ မဆိုထားနဲ့ သူတို့ရဲ့ တာအိုအမွေအနှစ် ဖျက်ဆီးမခံရအောင် ကာကွယ်နိုင်ရင်တောင် ကောင်းချီးတစ်ခု ဖြစ်နေလိမ့်မယ်..."

".........."

သို့သော် အကြောင်းစုံကို ယေဘုယျအားဖြင့် သိရှိထားသော အင်အားစုများမှ အစွမ်းထက် ကျွမ်းကျင်သူအများအပြားသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေကို တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။

ဖရိုဖရဲ မြင့်မြတ်နယ်မြေသည် အဆင်အခြင်မဲ့ပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေကို တက်ကြွစွာ ရန်စခဲ့သည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

ထိုအစား သူတော်စင် ခုံးဝူတောက်ကသာ ဖရိုဖရဲ မြင့်မြတ်နယ်မြေကို အလွတ်မပေးချင်ဘဲ နောက်ဆုံးတွင် ဧကရာဇ် အမိန့်တော်တစ်ခုကိုပင် ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဤသည်က သူတို့ကို ခုံးဝူတောက်၏ အာဏာရှင်ဆန်သော စရိုက်သဘာဝကို အံ့သြသွားစေပြီး တစ်ချိန်တည်းမှာပင် အချိန်လေဟာနယ် တားမြစ်နယ်မြေကို ပို၍ပင် ကြောက်ရွံ့သွားစေခဲ့ပေ၏။

"ဖြစ်နိုင်တာက.... ကောလာဟလတွေအားလုံးက အတုအယောင်တွေများလား...."

"အချိန်လေဟာနယ် တားမြစ်နယ်မြေက.... ကောင်းကင်ဘုံတွေနဲ့ အင်္သချေနယ်မြေတွေကို တုန်လှုပ်သွားစေတဲ့ တားမြစ်နယ်မြေ ဖြစ်နေတုန်းပဲလား...."

.........

ဖရိုဖရဲ မြင့်မြတ်နယ်မြေ...

ကျင့်ကြံသူများအားလုံး၏ အကြည့်များသည် ကွင်းပြင်၏အလယ်ဗဟိုရှိ လူနှစ်ဦးအပေါ်သို့ စူးစိုက်နေကြသည်။

ယွင်ရှောင်သည် အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်ပြီး သူ၏နှလုံးသားထဲတွင် သူ့ကိုယ်သူ အဆက်မပြတ် အားပေးနေလေ၏။

"ယွင်ရှောင်..... လှုပ်ရှားမှု သုံးကွက်.... ဒီ လှုပ်ရှားမှု သုံးကွက် အတွင်းမှာ ဒီကောင့်ကို ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်သွားအောင် ငါ လုပ်နိုင်သရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်....."

"ရှေးဟောင်းဘိုးဘေးကြီးတွေနဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေက စီနီယာအစ်ကိုတွေ အများကြီးက မင်းကို ကြည့်နေကြတယ်..... ဒီကိစ္စကြောင့် မင်းက ဘယ်လိုလုပ် ကြောက်နေရမှာလဲ..."

သူ့ကိုယ်သူ အကြိမ်အနည်းငယ် အားပေးပြီးနောက် ယွင်ရှောင်သည် နောက်ဆုံးတွင် သူ၏ စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။

သူ မျက်လုံးများကို နောက်တစ်ကြိမ် ဖွင့်လိုက်သောအခါ သူ၏မျက်လုံးများတွင် စွမ်းအားတစ်ခု နိုးထလာပုံရပြီး သူ၏အရှိန်အဝါတစ်ခုလုံးကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့သည်။

ဝုန်း...

နောက်တခဏတွင် မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲချီ များသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေ၏။

သူ့ကို ဗဟိုပြု၍ သူ၏နံဘေးပတ်လည် ပေတစ်ရာ အချင်းဝက်အတွင်းရှိ ဟင်းလင်းပြင်သည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ သက်ရောက်မှုကို ခံလိုက်ရပြီး မယုံနိုင်လောက်အောင် လေးလံထိုင်းမှိုင်းသွားသည်။

တစ်ချိန်တည်းမှာပင် ယွင်ရှောင်၏နောက်ကွယ်ရှိ ဟင်းလင်းပြင်သည် ဖြည်းညှင်းစွာ ပုံပျက်သွားပြီး မရေမတွက်နိုင်သော ဖရိုဖရဲအလင်းတန်းများ လှိုင်းထလာကာ တောက်ပနေသော သမုဒ္ဒရာတစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲသွားသည်။

ယခင်ထက် ပို၍ထူထပ်လာသော ဖရိုဖရဲချီ များသည် ယွင်ရှောင်၏ခန္ဓာကိုယ်မှ စီးဆင်းလာပြီး သူ၏နောက်ကွယ်တွင် တောက်ပပြီး လင်းလက်နေသော လမင်းတစ်စင်းအဖြစ် ဖန်တီးလိုက်၏။

တလိမ့်လိမ့်ထနေသော ခရမ်းရောင်ချီများကြားတွင် ထိုအရာသည်​ သေမျိုးလောကသို့ ကျဆင်းလာသော ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပသော အလင်းတန်းများသည် အရာအားလုံးကို လွှမ်းခြုံထားပြီး ယှဉ်ပြိုင်၍မရနိုင်လောက်အောင် မျက်စိကျိန်းစေသည်။

"အဲ့ဒါက သူတော်စင် ယွင်ရှောင်ရဲ့ ဖရိုဖရဲရုပ်ခန္ဓာကိုယ်က ထူးခြားတဲ့ ဖြစ်စဉ်ပဲ... ပင်လယ်ပြင်ပေါ် လမင်းထွက်လာတာ..."

ဖရိုဖရဲရုပ်ခန္ဓာကိုယ်သည် မဟာတာအိုရုပ်ခန္ဓာကိုယ်သုံးထောင်များထဲတွင် ထိပ်တန်းအဆင့် ရုပ်ခန္ဓာကိုယ်တစ်ခုပင်။

ယွင်ရှောင်၏ ထိပ်တန်းအဆင့်ရှိသော ပါရမီနှင့် ပေါင်းစပ်လိုက်လျှင် သူသည် ဖရိုဖရဲရုပ်ခန္ဓာကိုယ်၏ မဟာတာအိုမှ ထူးခြားသည့် ဖြစ်စဉ်ကို ပြီးပြည့်စုံစွာ အသက်သွင်းနိုင်သည်မှာ သဘာဝကျပေ၏။

ဤမြင်ကွင်းကို မြင်သောအခါ မရေမတွက်နိုင်သော ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ အစွမ်းထက် ကျွမ်းကျင်သူများသည် မျှော်လင့်ချက်ကို မြင်လိုက်ရပုံရပြီး သူတို့သည် အောင်ပွဲ၏ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသည့်အလား သူတို့၏မျက်နှာအမူအယာများမှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။

"အထီးကျန်ရှစ်ပါး နတ်ဘုရားလက်သီး..."

ဤအချိန်အခိုက်အတန့်တွင် ယွင်ရှောင် က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာပြီး ကြက်သွေးရောင် နတ်ဘုရားမီးတောက်များသည် သူ၏မျက်လုံးများမှ ပေါက်ကွဲထွက်လာလေသည်။

သူသည် နေမင်းကို ထိုးဖောက်သွားသော သက်တံတစ်ခုကဲ့သို့ ဖျက်ဆီးခြင်း စွမ်းအားတစ်ခုကို သယ်ဆောင်လာကာ ဟိန်းဟောက်သံနှင့်အတူ ခုံးဝူတောက်ဆီသို့ ရိုက်ချလိုက်၏။

သူ၏ နောက်ကွယ်တွင် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး၏ ဓမ္မရုပ်ထုတစ်ခုသည်လည်း ထွက်ပေါ်လာပြီး ယွင်ရှောင်၏လက်သီးထိုးချက်နှင့်အတူ တပြိုင်နက်တည်း ထိုးနှက်လိုက်သည်။

လက်သီးချီအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်၏ ကြီးမားသောဧရိယာများ ပြိုလဲကျသွားသည်။

သို့သော် ယွင်ရှောင်၏ ထိုးနှက်ချက်နှင့် ပတ်သက်၍ ခုံးဝူတောက်သည် ရှောင်တိမ်းခြင်း သို့မဟုတ် လှုပ်ခတ်ခြင်း မရှိဘဲ အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။

ဝုန်း....

နောက်တခဏတွင် လောကကြီးကို တုန်လှုပ်စေသော ဥပဒေသပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ခုံးဝူတောက်သည် တလိမ့်လိမ့်ထလာသော ဥပဒေသဒီရေများ၏ ဝါးမျိုခြင်းနှင့်နှစ်မြုပ်ခြင်းတို့ကို ခံလိုက်ရသည်။

"သူ အောင်မြင်သွားတာလား..."

ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူ အများအပြား၏နှလုံးသားများ တင်းကြပ်သွားသည်။

သူတို့၏အကြည့်များသည် ပေါက်ကွဲနေသော ဥပဒေသမီးခိုးငွေ့များအပေါ်တွင် စူးစိုက်နေကြသည်။

ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးချက်အောက်တွင် ခုံးဝူတောက်ကို ခြေလှမ်းတစ်ဝက် နောက်ဆုတ်သွားအောင် လုပ်ရန် မဆိုထားနှင့် သူ့ကို တိုက်ရိုက်လွင့်စင်သွားအောင် လုပ်ခြင်းကပင် ခက်ခဲမည် မဟုတ်ချေ။

ကျင့်ကြံသူအများအပြား သူတို့၏ စိတ်ကူးထဲတွင် ပုံဖော်နေကြစဉ်မှာပင် ခုံးဝူတောက်၏ ရယ်သံစွက်နေသော အသံက တလိမ့်လိမ့်ထနေသည့် မီးခိုးငွေ့များကြားမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"ဒီထက် အများကြီး ပိုအစွမ်းထက်မယ်လို့ ငါ ထင်ခဲ့တာ... ဒီလောက်ပဲ ရှိတာကိုး..."

မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင်...

ဝုန်း...

နောက်တခဏတွင် ကာကွယ်ရေးအရှိန်အဝါ မုန်တိုင်းတစ်ခုသည် မီးခိုးငွေ့များ၏ အလယ်ဗဟိုမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တလိမ့်လိမ့်ထနေသော မီးခိုးငွေ့များကို ချက်ချင်းဖြိုခွဲပစ်လိုက်ကာ အတွင်းရှိ မြင်ကွင်းကို ဖော်ပြလိုက်သည်။

"ဒါက......."

သို့သော် ထိုနယ်မြေအတွင်းရှိ မြင်ကွင်းကို မြင်သောအခါ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူ အများအပြားသည် လုံးဝဆွံ့အသွားကြပြီး သူတို့၏လောကအမြင် ကျွမ်းထိုးမှောက်ခုံဖြစ်သွားလေသည်။

ခုံးဝူတောက်သည် လက်နောက်ပစ်ကာ ဆက်လက်၍ မတ်တ်ရပ်နေဆဲပင်။

သူ ဒဏ်ရာရရန် မဆိုထားနှင့် သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံပေါ်တွင် အစက်အပြောက် တစ်ခုမျှပင် မရှိချေ။

ထို့ထပ်ပို၍ ကြီးမားသော အမြင်အာရုံ သက်ရောက်မှုကို ပေးစွမ်းသောအရာမှာ ယွင်ရှောင်၏ ယခင် လက်သီးချက်ကြောင့် ကြီးမားသော ဧရိယာတစ်ခုသည် လုံးဝကြေမွသွားပြီး အောက်ခြေမရှိသော ချောက်ကမ်းပါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းပင်။

သို့သော်....

ခုံးဝူတောက် ရပ်နေသည့် နေရာသည် အစကတည်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ အကာအကွယ်ပေးခြင်းကို ခံထားရသကဲ့သို့ ရှိနေသည်။

ထိုနေရာသည် ပျက်စီးမှု မရှိရုံသာမက ယခင်အတိုင်း သန့်ရှင်းနေဆဲပင်။

ခုံးဝူတောက်နှင့် ပတ်သက်၍မူ သူသည် ရှေးယခင်ကတည်းက မလှုပ်မယှက် ရပ်တည်နေသော နတ်ဘုရားတောင်ကြီးတစ်လုံးအလားပင်။

ယွင်ရှောင်သည် သူ့ကို ခြေတစ်လှမ်းရွှေ့အောင် လုပ်ရန် မဆိုထားနှင့် သူ၏ပုံရိပ်သည် အစမှအဆုံးတိုင် တစ်လက်မ သို့မဟုတ် တစ်မီလီမီတာမျှပင် နောက်မဆုတ်ခဲ့ချေ။

...

အခန်း (၅၆) အစွမ်းကုန် ထုတ်သုံးတာလား... အဆုံးသတ်ကတော့ အတူတူပဲ

ယွင်ရှောင်ကို ထည့်ပြောနေရန်မလိုဘဲ ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသော ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ဟုန့်ယွမ် ရှေးဟောင်းမဟာဘိုးဘေးကြီးပင်လျှင် အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ နတ်ဘုရားစိတ်ဝိညာဉ်သည် လုံးဝဗလာကျင်းသွားလေ၏။

ယွင်ရှောင်နှင့်ခုံးဝူတောက်ကြားတွင် ကွာဟချက်တစ်ခု ရှိနေကြောင်းကို သူ သိသော်လည်း ကွာဟချက်က ဤမျှထိ ကြီးမားလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ချေ။

မဟုတ်ပေ....

ဤကိစ္စကို သူတို့ကြားရှိ ကြီးမားသော ကွာဟချက်ကြောင့်ဟု အပြစ်တင်၍မရပေ။ အပြစ်တင်ရမည်ဆိုလျှင် ခုံးဝူတောက်က အလွန် အစွမ်းထက်လွန်းသောကြောင့်သာ ဖြစ်ပေမည်။

ခြေလှမ်းတစ်ဝက်ဧကရာဇ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ယခုလေးတင် သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

ယွင်ရှောင်၏တိုက်ခိုက်မှုသည် ခုံးဝူတောက်ကို မထိမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ဤလုပ်ငန်းစဉ်အတွင်း ခုံးဝူတောက်သည် မလှုပ်မယှက် ရပ်နေပြီး လက်တစ်ချောင်းမျှပင် မလှုပ်ရှားခဲ့ဘဲ ယွင်ရှောင်၏တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေခဲ့သည်။

"ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ..."

သူ၏တွေဝေမိန်းမောနေမှုမှ ပြန်လည်သတိရလာသော ယွင်ရှောင်သည် ယခုအချိန်၌ ပို၍ပင် ပြိုလဲနေသော စိတ်အခြေအနေတွင် ရှိနေလေ၏။

အထီးကျန်ရှစ်ပါး နတ်ဘုရားလက်သီးသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေနိုင်ပြီး အရာအားလုံးကို ခြေမွှဖျက်ဆီးပစ်နိုင်သော သူတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ထိပ်တန်း နတ်ဘုရားစွမ်းရည်များအနက်မှ တစ်ခုပင်။

အစောပိုင်းက သူ ထိုလက်သီးချက်ကို ထုတ်လွှတ်လိုက်ချိန်တွင် သူ၏ဖရိုဖရဲ စွမ်းအားကိုပင် ထည့်သွင်းထားခဲ့ပြီး ထိုအရာ၏စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်ထားခဲ့သည်။

သို့သော် အဘယ်ကြောင့်နည်း...

အဘယ်ကြောင့် သူ၏ တိုက်ခိုက်မှုက မည်သည့် သက်ရောက်မှုမှ မရှိရသနည်း။

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယွင်ရှောင်က လက်ခံသူရဲ့ စွမ်းအားကြောင့် သူ့ရဲ့တာအိုနှလုံးသားမှာ ထိုးနှက်ချက်တစ်ခု ခံစားလိုက်ရတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ်ငါးရာကို လျှော့ချလိုက်ပြီး ၃၇၀၀မှတ် ကျန်ရှိနေပါတယ်...]

[သုံးဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေနိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၁၅၀၀ ကို အောင်မြင်စွာ ရရှိပါတယ်...]

ယွင်ရှောင် သူ့ကိုယ်သူ သံသယဝင်နေစဉ်မှာပင် ခုံးဝူတောက်က နောက်တစ်ကြိမ် စကားပြောဆိုလိုက်သည်။

"မင်းက ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် ဒီသူတော်စင်က မင်း ကိုယ့်သဘောနဲ့ကိုယ် အရှုံးပေးတာလို့ သတ်မှတ်လိုက်မယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ ရှေးဟောင်းဘိုးဘေးကြီး အများအပြား၏ မျက်နှာများ ပြောင်းလဲသွားပြီး ယွင်ရှောင်ထံသို့ လျှို့ဝှက်၍ အလျှင်အမြန် အသံပေးပို့လိုက်ကြ၏။

"ယွင်ရှောင်... စိတ်ဓာတ်မကျနဲ့... မင်းမှာ အခွင့်အရေးနှစ်ကြိမ် ကျန်သေးတယ်... မင်းက ခုံးဝူတောက်ကို ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်သွားအောင် အောင်မြင်စွာ လုပ်နိုင်သရွေ့ ဒီတိုက်ပွဲမှာ မင်း နိုင်ပြီ..."

"အရင်တိုက်ခိုက်မှုကို စမ်းသပ်မှုတစ်ခုနဲ့ သွေးပူလေ့ကျင့်မှုတစ်ခုလို့ သတ်မှတ်လိုက်... ဒီပွဲစဉ်မှာ မင်း အနိုင်ရမယ်လို့ ငါတို့ ယုံကြည်တယ်..."

"ယွင်ရှောင်... မင်းက ငါတို့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ မှာ အထူးချွန်ဆုံး ပါရမီရှင်ပဲ... ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့..."

ရှေးဟောင်းဘိုးဘေးကြီးများသည် ယွင်ရှောင်ကို အားပေးရန် တညီတညွတ်တည်း စကားပြောဆိုလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် ယွင်ရှောင် တစ်ယောက်တည်းနှင့် သက်ဆိုင်သည် မဟုတ်ဘဲ သူတို့၏ဖရိုဖရဲ မြင့်မြတ်နယ်မြေ တစ်ခုလုံးနှင့် သက်ဆိုင်နေသည်။

ရှေးဟောင်းဘိုးဘေးကြီးများ၏ စကားများကို ကြားသောအခါ ယွင်ရှောင်သည် နောက်ဆုံးတွင် သူ၏စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။

အမှန်တကယ်ကိုပင် သူ့ထံတွင် အခွင့်အရေး နှစ်ကြိမ်ကျန်သေးပြီး သူ၏ ဖရိုဖရဲရုပ်ခန္ဓာကိုယ် ကိုလည်း အပြည့်အဝ မထုတ်လွှတ်ရသေးချေ။

အကယ်၍ သူသာ သူ၏စွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် မျှော်လင့်ချက် ရှိနိုင်သေးသည်။

သူ၏စိတ်ကို ဆုံးဖြတ်ပြီးနောက် ယွင်ရှောင်၏ အရှိန်အဝါသည် နောက်တစ်ကြိမ် မြင့်တက်လာပေ၏။

ဤတစ်ကြိမ်တွင် သူသည် သူ၏အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲ စွမ်းအားသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။

ဝုန်း...

ဟင်းလင်းပြင် တုန်ခါသွားပြီး ယွင်ရှောင်၏ ခေါင်းပေါ်ရှိ 'ပင်လယ်ပြင်ပေါ်လမင်း ထွက်လာခြင်း'ဟူသော ထူးခြားသော သဘာဝလွန်ဖြစ်စဉ်သည် ပျောက်ကွယ်သွားလေ၏။

သို့သော် ထိုဖရိုဖရဲစွမ်းအားသည် ပို၍ စုစည်းလာပြီး အသစ်ဖြစ်သော ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

လောကကြီးကို တုန်လှုပ်စေသော ဟိန်းဟောက်သံများကြားတွင် ကောင်းကင်သို့ ရောက်ရှိနေသကဲ့သို့ မြင့်မားသော တောင်တန်းများသည် မြေကြီးထဲမှ ထွက်ပေါ်လာပြီး လှိုင်းထနေသော မြစ်ရှည်ကြီးများသည် ကောင်းကင်ယံကို ထွင်းဖောက်သွားသည်။

မရေမတွက်နိုင်သော လှပသော မြင်ကွင်းများနှင့် မှော်စာလုံးများသည် ရောယှက်သွားပြီး နောက်ဆုံးတွင် လေထဲတွင် ဖြန့်ကျက်ကာ ဖရိုဖရဲမြင့်မြတ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ယှဉ်ပြိုင်၍မရနိုင်လောက်အောင် ခမ်းနားထည်ဝါသော ပန်းချီကားလိပ်တစ်ခုအဖြစ် စုစည်းသွားသည်။

တောင်များနှင့်မြစ်များ ပိုးသားပန်းချီကားလိပ်....

ဖရိုဖရဲရုပ်ခန္ဓာကိုယ်၏ ထူးခြားသော သဘာဝလွန်ဖြစ်စဉ်များထဲမှ တစ်ခု...

ထိုကဲ့သို့ ခမ်းနားထည်ဝါသည့် မြင်ကွင်းက ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ပါရမီရှင် အများအပြားကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေခဲ့သည်။

"တောင်များနှင့်မြစ်များ ပိုးသားပန်းချီကားလိပ်... နောက်ထပ် ဖရိုဖရဲရုပ်ခန္ဓာကိုယ် ထူးခြားတဲ့ သဘာဝလွန်ဖြစ်စဉ်တစ်ခုပဲ..."

သူတို့၏ သူတော်စင် ယွင်ရှောင်သည် နောက်ထပ် မဟာတာအို ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်တစ်ခုကို နားလည်သဘောပေါက်ထားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

အစောပိုင်းက ရေအေးဖြင့် ငြိမ်းသတ်ခံခဲ့ရသော သူတို့၏ မျှော်လင့်ချက် မီးတောက်သည် ယခုချိန်၌ နောက်တစ်ကြိမ် ပြန်လည်၍ လောင်ကျွမ်းလာခဲ့လေပြီ။

"ဟင်..."

ဤသည်ကို မြင်သောအခါ ခုံးဝူတောက်ကလည်း မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

တစ်ဖက်လူက ဤမျှထိ ကြီးမားသော ထိုးနှက်ချက်မျိုးမှ ပြန်လည်သက်သာလာနိုင်သည်ဆိုသည့် အချက်က ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ အဘိုးကြီးတချို့သည် သူ့ကို တစ်ခုခု ပြောပြလိုက်သည်ဆိုသည့် အဓိပ္ပာယ်ပင်။

သို့သော် သူ ဂရုမစိုက်ချေ။ လူတစ်ယောက်သည် သူတို့ဂိုဏ်း၏ မျှော်လင့်ချက်များကို သယ်ဆောင်ပြီး ပို၍အစွမ်းထက်လာသည်ဆိုသည့် ဤကဲ့သို့ ဇာတ်လမ်းမျိုးက အမှန်တကယ်ကို ရယ်စရာလည်း ကောင်းသလို စိတ်ဝင်စားစရာလည်းကောင်းသည်။

မည်သို့ပင်ဆိုစေကာမူ ဤလောကတွင် မျှော်လင့်ချက်နှင့် ချစ်ခြင်းမေတ္တာကို အမွေဆက်ခံရုံဖြင့် ပို၍အစွမ်းထက်လာမည်ဟု မဆိုလိုချေ။

ပုရွက်ဆိတ်တစ်ကောင်တွင် အလင်းစက်ဝန်းအမျိုးမျိုး ရှိနေလျှင်ပင် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်နေဆဲပင်။

..........

ကျယ်ပြန့်သော ဖရိုဖရဲချီများသည် လှိုင်းထကာ ဆူပွက်နေပြီး ယွင်ရှောင်၏နံဘေးပတ်လည်၌ မြင့်မားသော ဖရိုဖရဲအလင်းတန်းတိုင်များအဖြစ်ပင် ပြောင်းလဲသွားကာ ကောင်းကင်ယံကို ထွင်းဖောက်သွားသည်။

ထို့ပြင် ဤဖရိုဖရဲအလင်းတန်းတိုင်များ၏ အလယ်ဗဟိုတွင် ရပ်နေသော ယွင်ရှောင်၏ အမူအယာတစ်ခုလုံးသည် ပြောင်းလဲသွားပြီး သူသည် ဖရိုဖရဲစွမ်းအားမှ မွေးဖွားလာသော စစ်နတ်ဘုရားတစ်ပါးအလားပင်။

တောင်များနှင့်မြစ်များ ပိုးသားပန်းချီကားလိပ် သည် ပို၍ခိုင်မာလာသည်နှင့်အမျှ ယွင်ရှောင် ၏နောက်ကွယ်တွင် မယုံနိုင်လောက်အောင် စစ်မှန်သော လောကတစ်ခု ပေါ်လာသကဲ့သို့ ရှိနေသည်။

"ဖရိုဖရဲ နတ်ဘုရားလှံရှည်... လာခဲ့..."

ချက်ချင်းဆိုသလိုပင် ယွင်ရှောင် က လက်လှမ်းကာ ဟင်းလင်းပြင်ဆီသို့ ဦးတည်၍ ဆင့်ခေါ်လိုက်၏။

အဆုံးမဲ့ နတ်ဘုရားအလင်းတန်းများဖြင့် ပြည့်နှက်နေသော လှံရှည်တစ်ချောင်းသည် ဟင်းလင်းပြင်ကို ချက်ချင်းဆုတ်ဖြဲလိုက်ပြီး ယွင်ရှောင်၏ လက်ထဲသို့ ကျဆင်းလာသည်။

ဖရိုဖရဲ နတ်ဘုရားလှံရှည်သည် ယွင်ရှောင်၏ တိုက်ပွဲဝင်လက်နက်ဖြစ်ပြီး ဒဏ္ဍာရီလာ ဗာဂျရာ နတ်ဘုရားသံမဏိဖြင့် ဖန်တီးထားကာ သူတော်စင်လက်နက်အဆင့်တွင် ရှိသည်။

"ဖရိုဖရဲ နတ်ဘုရားလှံရှည်... သူတော်စင် ယွင်ရှောင်က နောက်ဆုံးတော့ သူ့ရဲ့ စွမ်းအားကို ထုတ်လွှတ်တော့မယ်..."

"ဖရိုဖရဲ နတ်ဘုရားလှံရှည်ကို ကိုင်ဆောင်ထားတဲ့ သူတော်စင်ယွင်ရှောင်ကမှ ပြီးပြည့်စုံတာ... သူတော်စင်ယွင်ရှောင်ရဲ့ ဖရိုဖရဲရုပ်ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ရင် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် တည်ရှိမှုတစ်ခုကို အနိုင်ယူတာက လုံးဝအားစိုက်ထုတ်စရာ မလိုပါဘူး..."

ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူ အများအပြားသည် အံ့အားသင့်စွာ ရေရွတ်လိုက်ကြပြီး တစ်ယောက်ထက်တစ်ယောက် ပို၍စိတ်လှုပ်ရှားနေကြသည်။

နတ်ဘုရားလှံရှည်ကို လက်တွင် ကိုင်ဆောင်ထားသဖြင့် ယွင်ရှောင် သည် ဆင်းသက်လာသော နတ်ဘုရားဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေပြီး သူ၏ချီစွမ်းအားဖြင့် မိုင်ပေါင်းထောင်ချီသော တောင်များနှင့်မြစ်များကို ဝါးမျိုနိုင်သကဲ့သို့ ရှိနေသည်။

သူ၏ဆံပင်များသည် လေမတိုက်ဘဲ လှုပ်ရှားနေပြီး နတ်ဘုရားအလင်းတန်းအလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ယှဉ်ပြိုင်၍မရနိုင်လောက်အောင် တောက်ပလာသည်။

ဝုန်း...

နောက်တခဏတွင် ကောင်းကင်ကို ဖြတ်သန်းသွားသော ကြယ်ပျံတစ်စင်းကဲ့သို့ ယွင်ရှောင်သည် မိုးခြိမ်းသံအလား ဟိန်းဟောက်သံနှင့်အတူ ခုံးဝူတောက်ဆီသို့ ပြေးဝင်သွားသည်။

လမ်းတလျှောက်တွင် သူ၏ အရှိန်အဝါသည် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြီး သူ၏ လက်ထဲရှိ ဖရိုဖရဲ နတ်ဘုရားလှံရှည်ကို မြင့်မားစွာ မြှောက်ထားလေ၏။

ဝီ...

အဆုံးမဲ့မှော်စာလုံးများသည် ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး ကြယ်များကဲ့သို့ တောက်ပနေကာ မျက်စိကျိန်းစေသည်။

"ဖရိုဖရဲ ကောင်းကင်ဖြိုခွဲခုတ်ပိုင်းခြင်း..."

ယွင်ရှောင်၏ ဒေါသတကြီး ဟိန်းဟောက်သံကိုသာ ကြားလိုက်ရပြီး သူ၏အရှိန်အဝါ ပေါက်ကွဲထွက်လာကာ သူ၏နောက်ရှိ တောင်များနှင့်မြစ်များ ပိုးသားပန်းချီကားလိပ်သည်လည်း တောက်ပစွာ လင်းလက်လာပြီး လောကကို ဖျက်ဆီးမည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

သူ၏လက်ထဲရှိ ဖရိုဖရဲ နတ်ဘုရားလှံရှည် သည် ခုံးဝူတောက်ဆီသို့ ခုတ်ပိုင်းချလိုက်သည်နှင့် တောက်ပသော ဖရိုဖရဲ အလင်းတန်းများသည် ဖျက်ဆီးခြင်း ကောင်းကင်ကိုးထပ် ကြယ်စင်မြစ်အဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ လောကကြီးပေါ်သို့ ကျဆင်းလာသည်။

ဝုန်း...

နေ့အလင်းရောင်အလား စူးရှသောအလင်းတန်းတစ်တန်း လင်းလက်သွားပြီး ကောင်းကင်နှင့် မြေကြီး တုန်ခါသွားသည်။

ဤပတ်ဝန်းကျင်သည် ထူထပ်သော ဖရိုဖရဲ စွမ်းအားဖြင့် လုံးဝလွှမ်းခြုံခြင်း ခံလိုက်ရတော့သည်။

တောက်ပသော အလင်းတန်းသည် လောကကြီးကို ဖြူစင်စွာ လင်းထိန်သွားစေပြီး စောင့်ကြည့်နေသူ အများအပြားကို မသိစိတ်အရ မျက်လုံးများ မှိတ်သွားစေခဲ့သည်။

သို့သော် စိတ်လှုပ်ရှားစရာ အခိုက်အတန့်ကို လက်လွတ်မခံချင်သော အစွမ်းထက် ကျင့်ကြံသူ အများအပြားသည် အမြဲတမ်း ပြောင်းလဲနေသော စစ်တလင်းကို အာရုံစိုက်ကာ ကြည့်နေကြ​၏။

ခုံးဝူတောက် ရှိနေသည့် နေရာသည် ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲ စွမ်းအား ကြောင့် ဟင်းလင်းပြင်အဖြစ်သို့ ကြေမွှသွားပြီဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်အက်ကွဲကြောင်းများသည် မိုင်တစ်ရာခန့်အထိ ပျံ့နှံ့သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

သို့သော် ထိုသို့သော ဟန့်တားမှု တစ်ခုတည်းက လုံလောက်ရန် ဝေးကွာနေသေးကြောင်း ယွင်ရှောင်က သိရှိထားသည်။

"ဖိနှိပ်စမ်း..."

သူ၏လက်ထဲရှိ ဖရိုဖရဲ နတ်ဘုရားလှံရှည်သည် နောက်တစ်ကြိမ် တောက်ပစွာ လင်းလက်လာပြီး သူ၏လက်ဖမိုး ကွဲအက်သွားသည့် နာကျင်မှုကို လုံးဝလျစ်လျူရှုကာ အောက်သို့ ဆက်လက်၍ ခုတ်ပိုင်းချလိုက်သည်။

ဖရိုဖရဲ အလင်းတန်းများသည် ယွင်ရှောင်နှင့် ခုံးဝူတောက်တို့ရှိနေသော ဧရိယာကို ဝါးမျိုသွားပြီး ကြီးမားသော နတ်ဘုရားနယ်မြေရင်ပြင်ကို တလိမ့်လိမ့်ထနေသော ဖရိုဖရဲ မိုးကြိုးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်၏။

ဤတစ်ကြိမ်တွင် သူသည် သူ၏စွမ်းအားအားလုံးကို အမှန်တကယ် အသုံးပြုခဲ့ပြီး ချန်လှပ်ထားခြင်း မရှိသလောက်နီးပါးပင်။

ထိုကဲ့သို့ စွမ်းအားသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ယှဉ်ပြိုင်ရန် လုံလောက်သည်။

"ကြည့်ရတာတော့... သူတော်စင် ယွင်ရှောင်က အောင်မြင်တော့မယ် ထင်တယ်..."

ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ အစွမ်းထက် ကျွမ်းကျင်သူတစ်ဦးက ဝမ်းသာအားရဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။

"သူတော်စင် ယွင်ရှောင်က ငါတို့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး..."

"အရူးတစ်သိုက်ပဲ..."

ခုံးကျန်ယွဲ့နှင့် တခြားဧကရာဇ်သားတော်အစဉ်အဆက်များသည် အထင်သေးမှုကို ပြသနေကြ၏။

သူတို့၏သူတော်စင်က မည်မျှထိ အစွမ်းထက်သနည်း...

ဤမျှ စွမ်းအားလေးဖြင့် သူတို့၏ သူတော်စင် ကို အနိုင်ယူချင်နေသလော...

ဤသည်က အိပ်မက်မက်နေခြင်း သက်သက်သာ ဖြစ်ပေမည်။

နောက်တခဏမှာပင်...

ယခုလေးတင် ဝမ်းသာအားရ ဖြစ်နေသော ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ အစွမ်းထက် ကျွမ်းကျင်သူများ၏ မျက်နှာများသည် ရုတ်တရက် ကြီးမားစွာ ပြောင်းလဲသွားပြီး သူတို့၏ခန္ဓာကိုယ်များ လုံးဝတောင့်တင်းသွားကြသည်။

သူတို့၏အကြည့်များသည် ဧရိယာတစ်ခုအပေါ်တွင် စူးစိုက်နေကြပြီး လောကတွင် မယုံနိုင်စရာ အကောင်းဆုံးအရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလားပင်။

All Chapters