← Chapters

အခန်း (၃၁၈၁-၃၁၈၅)

Vol. 139 Ch. 3181-3185

အခန်း (၃၁၈၁-၃၁၈၅)

Vol. 139 Ch. 3181-3185

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၈၁)

ဘာသာပြန်သူ_တိမ်တိုက်

လောကဓာတ်လုံးထဲဝယ် မြေသားအစိုင်အခဲတုံးကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် မမြင်နိုင်သည့် လောကနိယာမများနှင့် မိုးမြေစွမ်းအင်များသည်လည်း လောကဓာတ်လုံးထဲရှိ လောကနိယာမများ၊ မိုးမြေစွမ်းအင်များနှင့် ပေါင်းစပ်သွားကုန်ကြလေသည်။

အမျိုးမျိုးသော ကုန်းမြေအသစ်များနှင့်အတူ တွင်းနက်ကြီး၏ဝါးမျိုခြင်း ခံလိုက်ရသော လူသားများနှင့် မွန်းစတားအချို့မှာလည်း လောကဓာတ်လုံးထဲ ရုတ်တရက် ပေါ်လာကြလေသည်။ ထိုလူအားလုံးမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိ ဖြစ်နေကြသည့်ပုံပင်။

ထိုသက်ရှိအားလုံးသည် တွင်းနက်ကြီးအား အချိန်မီရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိဘဲ ဝါးမျိုခံလိုက်ရခြင်း ဖြစ်ပေသည်။ မူလက သူတို့ထင်ထားခဲ့သည်မှာတော့ တွင်းနက်ကြီး၏ဝါးမျိုခြင်း ခံလိုက်ရသည့်နောက် လုံးဝကို သွားပြီဟူ၍ပင်။ ယခု အသိပြန်ဝင်လာသည့်အခါမှသာလျှင် အကောင်းအတိုင်းရှိနေသေးကြောင်း တွေ့ရှိသွားရသည်။ ဤအဖြစ်အပျက်နှင့်ပတ်သက်၍ အကုန်လုံးမှာ အမှန်တကယ်ကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။ ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ထိုလူများသည် ဤကမ္ဘာအသစ်၏ နက်နဲဆန်းကြယ်မှုများကို စစ်ဆေးရန်နှင့် လက်ရှိအခြေအနေကို သိနိုင်ရန်အလို့ငှာ ဤနေရာမှ ထွက်သွားရန် ကြိုးစားကြလေသည်။ သို့သော်ငြား သူတို့အား မမြင်နိုင်သည့် စွမ်းအားတစ်ရပ်မှ ချုပ်နှောင်ထားကြောင်းကို တွေ့ရှိသွားခဲ့ရသည်။

မရဏဂိုဏ်းတစ်ခုလုံးမှာတော့ လုံးဝကို အပျက်အစီးပုံကြီး ဖြစ်နေခဲ့လေပြီ။ အချိန်ကြာလာသည်နှင့်အမျှ ဧရာမအနက်ရောင်ဘောလုံးကြီးတစ်လုံးကို ထိန်းချုပ်၍ မြင်မြင်ရာအရာမှန်သမျှကို ဝါးမျိုကာ မရဏကြယ်ကို ဖျက်ဆီးပစ်နေသော မိစ္ဆာတစ်ကောင်အကြောင်းကို လူပေါင်းများစွာ သိလာကြလေသည်။ ထိုလူအား မည်သည့်အင်အားစုကမှ ခုခံနိုင်ခဲ့ခြင်းမရှိဘဲ နာမည်ကျော်မရဏဂိုဏ်းသည်ပင်လျှင် ထိုလူ၏ အကြွင်းမဲ့ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ထိုအကြောင်းကြောင့် မရဏကြယ်မှ ထွက်ပြေးနိုင်သည့်ခွန်အားကို ပိုင်ဆိုင်ထားကြသည့် ကျင့်ကြံသူများမှာ မရဏကြယ်မှ အလျင်အမြန် ထွက်ပြေးကြတော့လေသည်။ သူတို့အနေဖြင့် ဤကြယ်ပေါ်တွင် တစ်ခဏလေးပင် ဆက်မနေရဲတော့ပေ။ ထွက်မပြေးနိုင်သည့်လူများမှာမူ ဘုရားတနေရုံသာ တတ်နိုင်ကြလေ၏။ ကံမကောင်းစွာဖြင့် သူတို့အား စောင့်ကြိုနေသည်မှာ ခြောက်ခြားဖွယ်ရာကောင်းလှသည့် ဝါးမျိုသူကြီးပင် ဖြစ်လေသည်။

နှစ်လကြာပြီးသည့်နောက် မရဏကြယ်၏အခြေအနေမှာ လုံးဝကို ပြောင်းလဲသွားတော့သည်။ ကြယ်တာရာကောင်းကင်ထဲမှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ယခင်က မရဏဂိုဏ်း၏ ပင်မကြယ်ဖြစ်ခဲ့ပြီး သာယာလှပသော ရှုခင်းအဖုံဖုံ၊ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်တို့ဖြင့် ပြည့်နှက်ခဲ့သော မရဏကြယ်ကြီးမှာ ကြယ်သေတစ်လုံးပမာ တိတ်ဆိတ်နေပြီဖြစ်ကြောင်းကို မြင်တွေ့နိုင်လေ၏။ ကျင့်ကြံသူပေါင်းများစွာဖြင့် သက်ဝင်စည်ကားခဲ့သော မြို့ကြီးများ ဂိုဏ်းများမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်ကြလေသည်။ တောင်စဉ်တောင်တန်းများမှာလည်း ခြေရာလက်ရာမကျန် ပျောက်ကွယ်ကုန်လေ၏။ လက်ရှိအချိန်တွင် မရဏကြယ်ကြီးသည် ကြယ်တစ်လုံးနှင့်ပင် မတူတော့ဘဲ ဧရာမဂြိုလ်သိမ်ကြီးတစ်ခုနှင့်ပင် တူနေတော့လေသည်။ ထို့အပြင် ထိုဂြိုလ်သိမ်ကြီးတစ်ခုလုံးမှာ မြောက်မြားလှစွာသော အက်ကြောင်းများဖြင့် ပြည့်နေလေသည်။ ကြယ်၏အရွယ်အစားသည်ပင်လျှင် ယခင်ကထက် သိသိသာသာကို လျော့ကျသွားခဲ့လေသည်။

တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ၌ ရှိနေကြသည့် ကျင့်ကြံသူများသည်သာ မရဏဂိုဏ်းအား လာစစ်ဆေးကြည့်မည်ဆိုလျှင် ဤကြယ်သည် မရဏကြယ်ဖြစ်သည်ဟူသော အချက်ကို သိနိုင်ကြလိမ့်မည်မဟုတ်ပေ။

“အလုပ်ရှုပ်ကုန်ပြီကွာ…” ရန်ကိုင်သည် မရဏကြယ်ပေါ်တွင် ဝဲ၍ လောကဓာတ်လုံးကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်နေရင်းမှ ရေရွတ်လိုက်လေသည်။

(ဒီလိုတွေဖြစ်လာမယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး…) ဤသည်မှာ ရန်ကိုင်မျှော်လင့်ထားသည့်အရာ မဟုတ်သလို ရန်ကိုင်တားဆီးနိုင်သည့် အရာမျိုးလည်း မဟုတ်ပေ။ တကယ်တော့ မရဏကြယ်သည် ကြယ်သေတစ်လုံးမှ မဟုတ်လေပဲ။ ထိုအကြောင်းကြောင့် မရဏကြယ်ပေါ်တွင် နေထိုင်သည့် လူပေါင်းများစွာ ရှိကြပေသည်။ လောကဓာတ်လုံးမှ မရဏကြယ်အား ဝါးမျိုစဉ် သူတော်စင်အဆင့်နှင့် အထက်တွင် ရှိနေကြသော ကျင့်ကြံသူများမှာ လောကဓာတ်လုံးကို မြင်သည်နှင့်တစ်ပြိုင်နက် အလျင်အမြန် ထွက်ပြေးကြလေသည်။ ကံမကောင်းစွာဖြင့် သူတော်စင်အဆင့်နှင့် အောက် ကျင့်ကြံသူများမှာတော့ ထွက်မပြေးနိုင်ကြပေ။ အလားတူပင်။ မရဏကြယ်ပေါ်၌ နေထိုင်နေကြသော သာမန်သေမျိုးများလည်း ရှိနေကြပေသေးသည်။ ထိုလူများအနေဖြင့် ကျင့်ကြံသူများကဲ့သို့ မရဏကြယ်ပေါ်မှ မည်ကဲ့သို့များ ထွက်သွားနိုင်ပါမည်နည်း။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် သူ့လုပ်လက်စအလုပ်ကို ပြီးအောင်လုပ်ရန်သာ ဆုံးဖြတ်ခဲ့ပြီး အမျိုးမျိုးသောသက်ရှိများနှင့်အတူ မြေသားထုများကိုပါ လောကဓာတ်လုံးထဲသို့ ဝါးမျိုပစ်ခဲ့သည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ထိုလူများအား မည်ကဲ့သို့လုပ်ရမလဲဆိုသည်ကို ရန်ကိုင်မှာ စဉ်းစားရခက်နေတော့လေသည်။

(ဒီလူတွေကို အခြားကြယ်တစ်လုံးဆီမှာ သွားလွှတ်ပေးလိုက်ရင် ကောင်းမလား… ဒါပေမယ့် လူအရေအတွက်က နည်းတာမဟုတ်ဘူး… မရဏကြယ်ပေါ်က သက်ရှိရှစ်ဆယ်ရာခိုင်နှုန်းကျော်လောက်ကို ငါ ဒီထဲကို ခေါ်လာမိလိုက်တာ… အဲ့လူတွေကို အခြားတစ်နေရာမှာ လွှတ်ပေးချင်တယ်ဆိုရင်တောင် ငါ့မှာက အဲ့မှာက အဲ့လိုလုပ်ဖို့ အချိန်မရှိသေးဘူး… ပြီးတော့ ဘယ်ကျင့်ကြံရေးကြယ်ကများ ဒီလောက်များတဲ့လူတွေကို လက်ခံထားနိုင်မှာလဲ…)

သေသေချာချာစဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ဘာသာသူ တွေးလိုက်လေသည်။ (အင်း… လွှတ်မပေးရင်လည်း အဆင်ပြေတာပဲ… ငါ သူတို့ကို သတ်ဖို့လုပ်ထားတာမှမဟုတ်တာ.. ဒီတော့ သူတို့ဘာသာသူတို့ နေပစေပေါ့…)

ပြီးပြည့်စုံသော ကမ္ဘာတစ်ခုထဲတွင် သက်ရှိအချင်းချင်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေကြသည့်အခါမှသာလျှင် အသက်စွမ်းအင်များကို စဉ်ဆက်မပြတ် ထုတ်ပေးနိုင်ပေလိမ့်မည်။ ဤသက်ရှိများသည် နောက်ပိုင်းတွင် လောကဓာတ်လုံးအား မမျှော်လင့်ထားသော ပြောင်းလဲမှုများ ဖြစ်ကောင်းဖြစ်လာစေနိုင်ပေသည်။ အခန့်မသင့်လျှင် လောကဓာတ်လုံး၏ လောကနိယာမများကိုပင်လျှင် ပိုမိုပြီးပြည့်စုံသွားစေနိုင်ပေသည်။ လောကဓာတ်လုံးမှာ ရောက်ရှိလာသည့် သက်ရှိများအား မငြင်းဆန်ရုံမက ဝမ်းပန်းတသာပင် လက်ခံနေကြောင်းကို ရန်ကိုင် အသေအချာ ခံစားမိနေလေသည်။

ထို့အပြင် ကြယ်တာရာအစုအဝေးထဲ၌ ထက်ကောင်းကင်နန်းတော်အား တည်ထောင်ထားပြီး ထိုဂိုဏ်းထဲတွင် တပည့်အသစ်များအား ခေါ်ယူရမည့်အကြောင်းကို ရန်ကိုင် ပြန်စဉ်းစားမိသွားခဲ့သည်။ သို့သော်ငြား တပည့်အသစ်များကို မည်သည့်နေရာမှ ခေါ်ယူရမည်နည်း။ မြောက်ဘက်နယ်မြေထဲတွင် ပါရမီရှင်ပေါင်းများစွာ ရှိနေမည်ဖြစ်ပါသော်ငြား ဂိုဏ်းထဲသို့ ခေါ်သွင်းလိုက်သည့်တပည့်များ၏ နောက်ခံ၊ စိတ်နေစိတ်ထားများကို ရန်ကိုင်အနေဖြင့် အသေးစိတ် လိုက်ကြည့်မနေနိုင်ပေ။

သို့သော်ငြား လောကဓာတ်လုံးထဲ၌ ရှိနေသော သက်ရှိများဆိုလျှင်တော့ မတူတော့ပေ။ လောကဓာတ်လုံး၏သခင် ဖြစ်သည့်အလျောက် ရန်ကိုင်သည် ဤထဲတွင်နေထိုင်ကြသော လူများ၏ အသက်ကို ထိန်းချုပ်နိုင်သလို ထိုလူများ၏ဘဝဇာတ်ကြောင်းကိုလည်း အတွေးတစ်ချက်နှင့် သိနိုင်ပေသည်။ ထို့အတွက်ကြောင့် စိတ်နေစိတ်ထားကောင်းမွန်ပြီး ပါရမီပါသည့်တပည့်အချို့ကို လောကဓာတ်လုံးထဲမှ ရွေးထုတ်ကာ ငယ်ရွယ်စဉ်ကတည်းက ကျင့်ကြံခိုင်း၍ရပေသည်။ ထိုနည်းလမ်းဖြင့်သာဆိုပါက ရန်ကိုင်အနေဖြင့် ထက်ကောင်းကင်နန်းတော်ထဲ၌ တပည့်အသစ်များ မရှိတော့မည်ကို စိတ်ပူစရာမလိုတော့သလို ထက်ကောင်းကင်ဂိုဏ်း၏ တပည့်များ ဂိုဏ်းအပေါ် သစ္စာဖောက်မည်ကိုလည်း စိတ်ပူစရာမလိုတော့ပေ။

ထိုအကြောင်းကိုတွေးလေတွေးလေ ရန်ကိုင်မှာ ပိုပို၍‌ ကျေနပ်လာမိလေပင်။

ထို့နောက် လောကဓာတ်လုံးအား စစ်ဆေးကြည့်လိုက်ရာ လောကဓာတ်လုံးမှာ အကြီးအကျယ်ပြောင်းလဲသွားကြောင်း တွေ့လိုက်ရလေသည်။ အပြီးတိုင်ဝါးမျိုခြင်းခံလိုက်ရသည့် မရဏဂိုဏ်း၏ အပြင်ပိုင်းအလွှာ၏ အကူအညီဖြင့် ပျက်စီးသွားသော လောကဓာတ်လုံး၏အစိတ်အပိုင်းများမှာ ပြန်လည်ကောင်းမွန်လာခဲ့ရသည်။ ထို့အပြင် လောကဓာတ်လုံး၏ အရွယ်အစားမှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးထွားလာခဲ့လေ၏။

မူလက လောကဓာတ်လုံးသည် မသေးလှပါသော်ငြား မရဏကြယ်ကဲ့သို့သော ကြယ်မျိုးကို မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ မရဏကြယ်နှင့် လောကဓာတ်လုံးတို့မှာ သီးခြားကမ္ဘာများ ဖြစ်ကြပါသော်ငြား ထိုကမ္ဘာနှစ်ခုကြားရှိ ကွာဟချက်မှာ အလွန်ကိုမှ ကြီးမားလှပေသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ မရဏကြယ်ကို ဝါးမျိုပြီးသည့်နောက်တွင် လောကဓာတ်လုံးမှာ အကြီးအကျယ်ကို တိုးတက်လာခဲ့ရလေသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ အကြံတစ်ခုကို စဉ်းစားမိသွားခဲ့လေသည်။ လောကဓာတ်လုံးကို လူတစ်ဦးမှ ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။ ထိုလူသည် လောကဓာတ်လုံးကဲ့သို့သော ကမ္ဘာတစ်ခုကိုပင် ဖန်တီးနိုင်ခဲ့လေရာ ရန်ကိုင်သည် ကမ္ဘာတစ်ခုအား ထပ်မံ၍ အဆင့်မမြှင့်နိုင်ပါဟု မည်သူကများ ပြောနိုင်ပါမည်နည်း။

လောကဓာတ်လုံးအား အဆင့်မြှင့်တင်ပေးရာမှ ရလာမည့် အကျိုးအမြတ်များသည် သူ့ဘာသာသူ တံခါးပိတ်ကျင့်စဉ်ဝင်၍ ကျင့်ကြံခြင်းဖြင့် ရနိုင်သည့် အကျိုးအမြတ်များ မဟုတ်ပေ။ ထိုအကျိုးအမြတ်များသည် ရန်ကိုင်အား လောကစွမ်းအားကို ပိုမိုလွယ်ကူစွာ နားလည်နိုင်အောင် ကူညီပေးနိုင်ပေသည်။ လောကစွမ်းအားကို နားလည်ခြင်းသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့ရာ အဓိကသော့ချက်တစ်ခု ဖြစ်ပေသည်။

မရဏကြယ်၏ အပေါ်ပိုင်းအလွှာတစ်ခုလုံးကို ဝါးမျိုပစ်ပြီးသည့်နောက်တွင် လောကဓာတ်လုံးမှ ဖြစ်ပေါ်လာ‌သော တွင်းနက်ကြီး၏အရွယ်အစားသည် အချင်းတစ်မိုင်မှ အချင်းဆယ်မိုင်အထိသို့ ကျယ်ပြန့်လာခဲ့လေသည်။ လက်ရှိအချိန်တွင် မရဏကြယ်တစ်ခုလုံးကို ဝါးမျိုလို့ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် နောက်ကြယ်တစ်လုံးသို့ သွားရန် စဉ်းစားလိုက်လေသည်။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင် ရန်ကိုင်စိတ်ထဲ တစ်ခုခုအား ခံစားမိလိုက်ပြီး အနက်ရောင်ဘောလုံးအား ထူးထူးဆန်းဆန်းအမူအယာဖြင့် ပြန်လှည့်ကြည့်လိုက်လေသည်။

(ဒီကောင်က သူ့ဘာသာသူ ခံစားတတ်နေတာလား…) ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့် “မဖြစ်နိုင်ဘူး…”

ရန်ကိုင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က လောကဓာတ်လုံးကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား သူ့လက်ဝယ်၌ ရှိနေစဉ်အတောအတွင်း လောကဓာတ်လုံးမှာ မှော်ရတနာတစ်ခုသာ ဖြစ်ခဲ့သည်။ လောကဓာတ်လုံးထဲတွင် သီးခြားကမ္ဘာတစ်ခု ရှိနေလိမ့်မည်ဖြစ်ပါသော်ငြား လောကဓာတ်လုံးကိုယ်တိုင်ကမူ မှော်ရတနာတစ်ခုသာ ဖြစ်နေဆဲ။ သို့သော်ငြား လက်ရှိအခိုက်အတန့်တွင်တော့ လောကဓာတ်လုံးဆီမှ မတူကွဲပြားသည့်အရာတစ်ခုကို ရန်ကိုင် အသေအချာ ခံစားမိလိုက်သည်။ သက်ရှိများ ရောက်လာသည့်အပေါ် လောကဓာတ်လုံး ပျော်နေသည်ကို ပြန်စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်မှာ သူအကြီးအကျယ်ပွပြီဟု တွေးမိလိုက်လေသည်။

“မင်းဆန္ဒအတိုင်းပေါ့…” ရန်ကိုင်သည် အကျယ်ကြီး‌ အော်ရယ်မောလိုက်လေသည်။ အနက်ရောင်တွင်းနက်ကြီးမှာတော့ မရဏကြယ်၏ အခြားတစ်ဖက်ခြမ်းဆီသို့ ဦးတည်သွားနေလေသည်။

(လောကဓာတ်လုံးကတောင် ဒီလိုမျိုးပြောင်သလင်းခါနေတဲ့ ဂြိုလ်သိမ်လိုကြယ်ကြီးကို ကြိုက်နေသေးရင် ငါက ဘာဖြစ်လို့များ မကြိုက်စရာရှိရမှာလဲ… ဘာပဲဖြစ်ဖြစ် အချိန်နည်းနည်းလေးပဲ ထပ်ကြာမယ့်ဟာပဲကို…)

မူလက အပေါ်ယံလွှာတစ်ခုလုံး အပြောင်ရှင်းလိုက်ခံရပြီးသည့်နောက် မရဏကြယ်သည် ဧရာမဂြိုလ်သိမ်ကြီးတစ်ခု ဖြစ်လာခဲ့သည်ဟုဆိုလျှင် လက်ရှိအချိန်၌ မရဏကြယ်မှာ အတန်အသင့်ကြီးမားသော ဂြိုလ်သိမ်တစ်ခု ဖြစ်လာပြီဟု ပြော၍ရလေသည်။ မကြာမီမှာပင် မရဏကြယ်သည် အလယ်အလတ်အဆင့်ဂြိုလ်သိမ်၊ ထို့နောက် ဂြိုလ်သိမ်ငယ်လေးတစ်ခုအသွင်သို့ အဆင့်ဆင့် ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင်သည် တွင်းနက်ကြီးနှင့်အတူ မရဏကြယ်တစ်ဝိုက် ခေါက်တုံ့ခေါက်ပြန် သွားလာနေခဲ့လေသည်။ မရဏကြယ်၏ မြေသားထုများကို ထပ်တလဲလဲ ဝါးမျိုပစ်နေပြီးသည့်နောက် မရဏကြယ်၏အရွယ်အစားမှာ သိသိသာသာကို ကျုံ့ဝင်သွားတော့လေသည်။

ထိုသို့ဖြင့် မရဏကြယ်ပေါ်ရှိ မြေသားထုများမှာ တတိတိနှင့် ဝါးမျိုခံနေခဲ့ရလေရာ အဆုံးတွင်တော့ မရဏကြယ်တစ်ခုလုံး ပျောက်ကွယ်သွားတော့လေသည်။ မရဏကြယ်တစ်ခုလုံးကို ဝါးမျိုပစ်ပြီးသွားသည့်အချိန်၌ လောကဓာတ်လုံးထဲတွင် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကြောင့် ရန်ကိုင်မှာ အံ့အားသင့်သွားခဲ့ရလေသည်။

တစ်ချိန်တည်းတွင် အမှောင်ထုအား တားဆီးရန် ကြိုးစားနေသော တစ်စပြင်ကန္တာရကြယ်စီရင်စုအစွန်အဖျားပိုင်းတွင် ရှိနေသည့် ဝူဟန်၏အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းပဲ သူ့အသိစိတ်အား အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်၍ ကြယ်မြေပုံကို စစ်ဆေးကြည့်စေလိုက်သည်။

လက်ရှိအချိန်တွင် သူပိုင်ဆိုင်သည့်အရာတစ်ခုခုအား ဆုံးရှုံးလိုက်ရသည်ဟု ဝူဟန် ခံစားလိုက်ရလေသည်။ သို့သော်ငြား သေချာ အနီးကပ်စစ်ဆေးကြည့်လိုက်သည့်တိုင် ဘာကိုမှ မတွေ့ရှိခဲ့ရပေ။ သူ၏နာမ်ဝိဉာဉ်ကို အသိစိတ်ပင်လယ်ထဲမှ ပြန်ဆွဲယူတော့မည်အပြု ကြယ်မြေပုံ၏ တစ်ခုသောနေရာသို့အရောက် ဝူဟန်၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ “မဖြစ်နိုင်ဘူး…”

ဝူဟန် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကြယ်သခင် ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် ကြယ်စီရင်စုကြီးတစ်ခုလုံးကို လက်ခုံလက်ဖဝါးပမာ သေသေချာချာ သိနေခဲ့သည်။ မည်သည့်နေရာတွင် မည်သည့်ကြယ်ရှိသည်။ မည်ကဲ့သို့သောကြယ်များ သူ့ကြယ်စီရင်စုထဲ ရှိနေသည်ကို ဝူဟန် သေသေချာချာသိပေသည်။ လက်ရှိအခိုက်အတန့်တွင် သူ့ကြယ်မြေပုံထဲ၌ ကြယ်တစ်လုံးပျောက်နေခဲ့လေသည်။ ပျောက်နေသည့်ကြယ်မှာ အခြားမဟုတ် မရဏကြယ်သာ ဖြစ်လေသည်။

လွန်ခဲ့သောသုံးလခန့်က ဝူဟန်သည် ရန်ကိုင်အား မရဏကြယ်အား အပိုင်စားစေခဲ့သည်။ ထိုအခိုက်အတန့်ကို အသုံးချ၍ ရန်ကိုင်အား သတ်ပစ်ရန် ကြိုးစားခဲ့ခြင်းလည်းဖြစ်သည်။ ကံမကောင်းအကြောင်းမလှစွာဖြင့် မမျှော်လင့်ထားခဲ့သည့် အဖြစ်အပျက်များ ဖြစ်လာခဲ့ရာ ဝူဟန်၏အစီအစဉ်မှာ မအောင်မြင်ခဲ့ရပေ။ ရန်ကိုင်အား မသတ်နိုင်ခဲ့ရုံပင်မဟုတ်။ ရန်ကိုင်၏ ထူးဆန်းသောနည်းလမ်းများကြောင့်လည်း ဤနေရာမှ ထွက်မသွားနိုင် ဖြစ်နေခဲ့ရသည်။

လွန်ခဲ့သည့်သုံးလလုံးလုံး ဝူဟန်သည် သူ့ကြယ်စီရင်စုကို ဝါးမျိုရန် ကြိုးစားနေသည့် အမှောင်ထုအား ခုခံတိုက်ခိုက်နေခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏လှုပ်ရှားမှုများကို စောင့်ကြည့်နေရန် အချိန်မရှိခဲ့။

ထို့အပြင် ရန်ကိုင် မရဏဂိုဏ်းသို့ သွားချင်သည်မှာ သူ့ရင်ထဲ မျိုသိပ်ထားရသော ဒေါသများကို ဖွင့်ထုတ်လိုက်သည့်အတွက်ကြောင့် ဖြစ်သည်ဟုသာ ဝူဟန်ထင်ခဲ့လေသည်။

ရန်ကိုင်အနေဖြင့် မရဏဂိုဏ်းပေါ်ရှိ မရဏဂိုဏ်းသူဂိုဏ်းသားများကို သတ်ပစ်မည်ဆိုလျှင်ပင် ဝူဟန်အား မထိခိုက်စေပေ။ ထို့အပြင် မရဏဂိုဏ်းကိုယ်တိုင်သည် ဟုန်းလော့ကြယ်စီရင်စုအား ကျူးကျော်မှုမအောင်မြင်သည့်နောက်ပိုင်း ပျက်စီးကာနီးအခြေအနေနှင့် ရင်ဆိုင်နေရလေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်ဘာမျှမလုပ်လျှင်ပင် မရဏဂိုဏ်းမှာ အချိန်ကြာကြာ တည်ရှိနေနိုင်တော့လိမ့်မည်မဟုတ်။ ထိုအကြောင်းကြောင့်ပင်လျှင် ဝူဟန်မှာ ရန်ကိုင်ဘာလုပ်မလဲဆိုသည်ကို သိထားသည့်တိုင် ရန်ကိုင်အား လုံးဝအရေးမစိုက်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား သုံးလအတောအတွင်းမှာပင် ရန်ကိုင်မှ သူ့အား လက်ဆောင်အကြီးကြီး ပေးသွားလိမ့်မည်ဟု ဝူဟန် တကယ်ကို မထင်ထားခဲ့ပေ။ ရန်ကိုင် မည်ကဲ့သို့သောနည်းလမ်းများကို သုံးခဲ့သလဲဆိုသည်ကို သူမသိ။ လက်ရှိအချိန်တွင်တော့ သူ၏ကြယ်မြေပုံထဲ၌ မရဏကြယ်မှာ လုံးဝကို ပျောက်ကွယ်နေခဲ့လေသည်။

(သူ ဘယ်လိုလုပ်လိုက်တာလဲ… ဘယ်လိုလုပ်ပြီး ကျင့်ကြံရေးကြယ်တစ်လုံးကို ဒီကောင် ဘယ်လိုမျိုး ခိုးသွားတာလဲ…) ဝူဟန်မှာ လက်ရှိအခြေအနေနှင့်ပတ်သက်၍ လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ ကျင့်ကြံရေးကြယ်ဆိုသည်မှာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်း၍ရသည့် အရာမျိုးမဟုတ်ပေ။ ထိုအရာသည် အစစ်အမှန်ကြယ်တစ်လုံး ဖြစ်ပေသည်။ သို့သော်ငြား မရဏကြယ်မှ ရန်ကိုင်မှခိုးမသွားလျှင် ထိုကြယ်သည် မည်ကဲ့သို့များ ပျောက်ကွယ်သွားရလေသနည်း။

ဝူဟန်သည် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကြယ်စီရင်စုသခင်တစ်ဦး ဖြစ်သည့်အလျောက် ကြယ်စီရင်စုအမြုတေကို ထိန်းချုပ်နိုင်လေရာ သူသာဆန္ဒရှိမည်ဆိုပါက ကြယ်စီရင်စုထဲ ဖြစ်နေသည့်အရာမှန်သမျှကို သိနိုင်ပေသည်။ ထို့အတွက်ကြောင့် မရဏကြယ်ပျောက်ကွယ်သွားရခြင်းမှာ သူ့စိတ်ထင်သက်သက်သာမဟုတ်ဘဲ တကယ်ဖြစ်နေခြင်းသာ ဖြစ်လေသည်။

မရဏကြယ်ပျောက်ကွယ်သွားကြောင်း သိလိုက်ရပြီးသည့်နောက် ဝူဟန်မှာ အကြီးအကျယ်ကို စိတ်ဓာတ်ကျသွားတော့လေသည်။ ထိုကဲ့သို့ သတိလက်လွတ်ဖြစ်သွားစဉ်အတောအတွင်း အမှောင်ထုအား ခုခံရာ၌ အာရုံမစိုက်မိသွားခဲ့လေရာ အမှောင်ထုပြန့်နှံ့နေသည့်နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လာခဲ့ပြီး သူ့ကြယ်စီရင်စုအစိတ်အပိုင်းတော်တော်များများလည်း ပါသွားခဲ့ရလေသည်။ ထိုအခါမှသာလျှင် ဝူဟန် အသိပြန်ဝင်လာခဲ့ပြီး အထိတ်ထိတ်အလန့်လန့်ဖြင့် အမှောင်ထုအားတားဆီးရာတွင် သေချာအာရုံပြန်စိုက်လိုက်ရသည်။ သို့တိုင် သူ့ရင်ထဲရှိ အချက်ပေးခေါင်းလောင်းသံများမှာတော့ ပိုပို၍ ကျယ်လောင်လာခဲ့လေသည်။ (အဆင့်နိမ့်ကြယ်စီရင်စုလေးတစ်ခုကို လိုချင်မိလို့ အခုလိုအဖြစ်မျိုးနဲ့ ကြုံရမယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး…)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၈၂)

ဘာသာပြန်သူ_တိမ်တိုက်

"ဘာကြီးလဲ" ရန်ကိုင်သည် ကြယ်တာရာကောင်းကင်ထဲတွင် ဝဲလျက် သူ့အရှေ့တွင် ရှိနေသည့် အရာကြီးကို အံ့ဩတကြီးဖြင့် ကြည့်နေခဲ့လေသည်။ လောကဓာတ်လုံးမှ အသွင်ပြောင်းသွားခဲ့သော အနက်ရောင်ဘောလုံးသည် လက်ရှိအချိန်တွင်တော့ ပါးစပ်ပေါက်ပါသည့် အနက်ရောင်ဘောလုံးအသွင်သို့ ပြောင်းလဲနေခဲ့လေပြီ။ ထိုပါးစပ်ပေါက်မှာလည်း အလွန်တရာကိုမှ ကြီးမားလွန်းလှကာ အလျား မိုင်တစ်ရာခန့် ရှိပေသည်။ ထိုအရာကြီးမှာ ကြီးမားလွန်းလှသည့် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုနှင့် ဆင်ပါသော်ငြား ဟင်းလင်းပြင်အက်ကွဲကြောင်းတော့ မဟုတ်ပေ။ အကြောင်းမှာ ထိုပါးစပ်ပေါက်ကြီးတွင် ချွန်ထက်သည့် သွားများ ရှိနေသည့်အတွက်ကြောင့်ပင်။ ပါးစပ်ကြီး ပိတ်လိုက် ဖွင့်လိုက်ဖြစ်သွားတိုင်း တစ်စုံတစ်ခုအား ဝါးစားနေသည့်အလား တကျွတ်ကျွတ်မြည်သံများကို ကြားရလေသည်။ ပါးစပ်ပေါက်ကြီးပါသည့် အနက်ရောင်ဘောလုံးကို ကြည့်ရင်း ရန်ကိုင်၏ စိတ်ထဲ ကြက်သီးမွေးညင်းပင် ထမိသွားသည်။

လောကဓာတ်လုံးမှ မရဏကြယ်တစ်ခုလုံးအား အပြည့်အဝ ဝါးမျိုပြီးသွားချိန်တွင် အနက်ရောင်ဘောလုံးသည် ယခုကဲ့သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်လေသည်။

ရန်ကိုင်မှာ လက်ရှိအခြေအနေအပေါ် သိပ်လက်မခံချင်သလို ဖြစ်နေခဲ့လေသည်။ လောကဓာတ်လုံးသည် မည်ကဲ့သို့များ ဤကဲ့သို့ဖြစ်သွားရလေသနည်း။ ရှင်းရှင်းပြောရလျှင် လောကဓာတ်လုံးသည် တောကြက်မောက်အရွယ် လောကဓာတ်လုံးအဖြစ်သာ ရှိနေပေသေးသည်။ ပြောင်းလဲသွားသည်မှာ လောကဓာတ်လုံးမှ ထုတ်လွှတ်နေသော ဝါးမျိုခြင်းစက်ကွင်းပင်။ မရဏကြယ်တစ်ခုလုံးကို ဝါးမျိုစေလိုက်ခြင်းအားဖြင့် မည်ကဲ့သို့သော မွန်းစတားကောင်မျိုးကိုများ သူဖန်တီးမိလိုက်လေပြီနည်း။

လက်ရှိ လောကဓာတ်လုံး၏ ဝါးမျိုခြင်း စက်ကွင်းသည် မွန်းစတားတစ်ကောင်နှင့်ပင် တူနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ဝိုင်းဝိုင်းနှင့် ပျော့အိအိဖြစ်ပါသော်ငြား ၎င်းတွင် ချွန်ထက်လှသည့် သွားများပါရှိသော ပါးစပ်ပေါက်ကြီးတစ်ပေါက် ရှိနေခဲ့လေသည်။

"လောကဆန္ဒလား" ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်လေသည်။ လောကဓာတ်လုံးမှ သူရနေသည့် ခံစားချက်မှာ ပိုပို၍ သိသာရှင်းလင်းလာခဲ့သည်။ လောကဓာတ်လုံးဆီမှ ဆာလောင်သည့် ခံစားချက်တစ်မျိုးကို ရန်ကိုင် ရနေခဲ့လေသည်။ [ဒါ လောကဓာတ်လုံးဆန္ဒလား၊ ဒါမှမဟုတ် လောကဓာတ်လုံးက မှော်ရတနာစိတ်ဝိညာဉ်များ ဖြစ်သွားတာလား]

လောကဓာတ်လုံးသည် ဧကရာဇ်မှော်ရတနာတစ်မျိုးသာ ဖြစ်လေသည်။ ဧကရာဇ်မှော်ရတနာပင်လျှင် ကိုယ်ပိုင် စိတ်ဝိညာဉ်မရှိသည့် ဧကရာဇ်မှော်ရတနာတစ်မျိုးဖြစ်သည်။ သို့သော်ငြား လက်ရှိအခိုက်အတန့်တွင်တော့ ၎င်းလောကဓာတ်လုံးမှာ အမှန်တကယ်ကို အသိရှိနေသည့် သက်ရှိတစ်မျိုးနှင့်ပင် ဆင်နေပေသေးသည်။

အနက်ရောင်ဘောလုံး၏ အရွယ်အစားမှာ အလွန်တရာကိုမှ ကြီးမားလေရာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုပြီးသည့်တိုင် ရန်ကိုင်မှာ သူ့ကိုယ်သူ သေးနုပ်သလိုပင် ခံစားနေခဲ့ရသည်။ ကြည့်ရသလောက် ဤအနက်ရောင်ဘောလုံး မွန်းစတားမှာ လောကဓာတ်လုံး၏ မှော်ရတနာစိတ်ဝိညာဉ်နှင့်ပင် တူနေပေသည်။ သို့သော်ငြား မွေးခါစဖြစ်သည့်အတွက်ကြောင့် ၎င်း၏ အသိစိတ်မှာ ဝေဝါးနေကာ ပြတ်သားခြင်းမရှိသေးပေ။ ၎င်း၏ စိတ်ထဲ ပိုပို၍ ဝါးမျိုချင်စိတ်သာ ရှိနေခဲ့လေသည်။ ထိုအကြောင်းကြောင့် လောကဓာတ်လုံးမှ ဖန်တီးလိုက်သော ဝါးမျိုခြင်း စက်ကွင်းပေါ်တွင် ပေါ်လာသည့် ပါးစပ်ပေါက်ကြီးနှင့် ချွန်ထက်လှသော သွားများသည် ၎င်း၏ ဝါးမျိုလိုစိတ်ကို ဖော်ပြနေခြင်းသာ ဖြစ်ပေသည်။

"ဟဲဟဲ" ရန်ကိုင် ရုတ်တရက် ကောက်ရယ်မောလိုက်သည်။ သူ့အရှေ့ရှိ ပါးစပ်ပေါက်ကြီးပါသော ဘောလုံးလေးကိုကြည့်ရင်း အထက်ကောင်းကင်နန်းတော်တွင် ချန်ထားရစ်ခဲ့သည့် မရဏသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ခွေးပေါက်လေးကိုပင် ပြန်သတိရသွားခဲ့လေသည်။ [ငါနဲ့ ပတ်သက်တာတွေအကုန်လုံး ဘယ်လိုလုပ်ပြီး ဝါးမျိုနိုင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားနေကြတာလဲ၊ ပထမဦးဆုံးက ခွေးပေါက်လေး၊ အခုကျတော့ ဒီလောကဓာတ်လုံး၊ ကျောက်တုံးကိုယ်ပွားကိုလည်း ထည့်မတွက်ဘဲ နေလို့မရသေးဘူး]

မည်သို့ပင်ဖြစ်လင့်ကစား ကျောက်တုံးကိုယ်ပွားနှင့် လောကဓာတ်လုံး၏ ဝါးမျိုခြင်းစွမ်းအင်မှာ ခွေးပေါက်လေး၏ ဝါးမျိုခြင်းစွမ်းအင်နှင့် အနည်းငယ်ကွာခြားပေသည်။ ကျောက်တုံးကိုယ်ပွားနှင့် လောကဓာတ်လုံးသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို အားကိုး၍ ဝါးမျိုခြင်းဖြစ်ပြီး ခွေးပေါက်လေးမှာတော့ ၎င်း၏ မွေးရာပါစွမ်းအင်ကို အသုံးပြု၍ ဝါးမျိုခြင်းဖြစ်လေသည်။ အဆုံးတွင်တော့ သုံးဦးစလုံး၏ ဝါးမျိုခြင်းသည် ကိုယ့်ကိုယ်ကိုယ် ပိုမိုအားကောင်းလာအောင် လုပ်ရန်သာ ဖြစ်ပေသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်ခေါင်းထဲ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ [ဝူခွမ်း မရဏသားရဲနဲ့ တွေ့ခဲ့ဖူးတာများလား၊ မရဏသားရဲရဲ့ မွေးရာပါစွမ်းအင်ကို မြင်ပြီးတော့ ဒီကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ဖန်တီးခဲ့တာများလား၊ အဲဒါဆိုရင်တော့ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသနဲ့ မရဏသားရဲရဲ့ မွေးရာပါစွမ်းရည် ဆင်တူနေတာ ယုတ္တိရှိသွားပြီ]

သွားကြိတ်သံများ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့လေသည်။ အနက်ရောင်ဘောလုံးလေးမှာ ရန်ကိုင်အား မြန်မြန်လုပ်ရန် အဆက်မပြတ်ကို လောဆော်နေသည့်အလား။

"ကောင်းပြီ ကောင်းပြီ၊ ငါ မင်းကို နောက်တစ်နေရာဆီ ခေါ်သွားပေးမယ်" ရန်ကိုင်မှာ ပစ်မှတ်အသစ်ကို စတင် ရှာဖွေရတော့လေသည်။ လောကဓာတ်လုံးတွင် ကိုယ်ပိုင်ဆန္ဒတစ်ခု ရှိလာသည်မှာ ဆိုးတော့လည်းမဆိုးလှပေ။ ပြီးပြည့်စုံသည့် မည်သည့်လောကတွင်မဆို ကိုယ်ပိုင် လောကစိတ်ဆန္ဒ ရှိကြပေသည်။ လောကစိတ်ဆန္ဒမှာ ကိုင်တွယ်၍ မရသည့်အရာဖြစ်ပါသော်ငြား ထိုလောကထဲတွင် နေထိုင်နေကြသည့် သက်ရှိများအပေါ် သက်ရောက်မှုရှိပေသည်။ ထို့အတွက်ကြောင့် လောကဓာတ်လုံးသည်သာ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိနိုင်မည်ဆိုပါက ၎င်း၏ တိုးတက်မှုအပေါ် အကြီးအကျယ် အထောက်အကူဖြစ်စေပေလိမ့်မည်။

[ဒါပေမဲ့ ငါဘယ်ကိုသွားရမှာလဲ၊ ဒီကြယ်စီရင်စုကြီးက အကျယ်ကြီး၊ ခြေဦးတည့်ရာသာ လျှောက်သွားနေမယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်၊ အာ ငါသိပြီ] ရုတ်တရက် ရန်ကိုင်သည် တစ်ခုသောအရပ်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက်တွင် အနက်ရောင်ဘောလုံးအပေါ်၌ တင်ပျဉ်ခွေထိုင်ကာ သူလက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေ၏။ "သွားကြမယ်"

အနက်ရောင်ဘောလုံးမှာတော့ ရန်ကိုင်၏ စကားကို နားလည်သည့်အလား ရန်ကိုင် ကိုယ်တိုင်ပင် ထိန်းချုပ်နေစရာမလိုဘဲ သူ့ဘာသာသူ ရန်ကိုင် ညွှန်ပြသည့် အရပ်ဆီသို့ ပျံသန်းထွက်သွားလေသည်။ ထိုအပြင် ၎င်းသွားသည့် နှုန်းမှာ အတော်လေးကိုမှ မြန်ဆန်လှပေသည်။ သွားနေရင်းမှလည်း ၎င်းဆီမှ သွားကြိတ်သံများ အဆက်မပြတ်ကို ထွက်ပေါ်လာနေခဲ့၏။

ရန်ကိုင်မှာ ထိုအရပ်အား အကြောင်းအရင်းမရှိ ရွေးချယ်လိုက်ခြင်းမဟုတ်။ ထိုအရပ်အား ရွေးချယ်လိုက်ရခြင်းမှာ မရဏဂိုဏ်းမှ ကျင့်ကြံသူများ ထိုအရပ်ဘက်သို့ ထွက်ပြေးသွားသည်ကို မြင်တွေ့ခဲ့သည့်အတွက်ကြောင့်ပင်။ ကျယ်ပြောလှသည့် တစ်စပြင်ကန္တာရကြယ်စီရင်စုထဲရှိ မည်သည့်နေရာများတွင် ကျင့်ကြံရေးကြယ်များ ရှိသလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား မရဏကြယ်မှ ဒေသခံများကမူ မသိစရာအကြောင်းမရှိပေ။ ထိုလူများသည် ထိုအရပ်ဆီသို့ ထွက်သွားနေသည့်အတွက်ကြောင့် ထိုအရပ်တွင် အခြားသော ကျင့်ကြံရေးကြယ်များ ရှိနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ထိုသို့ဖြင့် လူတစ်ဦးနှင့် အနက်ရောင်ဘောလုံးတစ်လုံးသည် ကြယ်တာရာကောင်းကင်ထဲ လွင့်မျောရင်းမှ ဘယ်ဆီဘယ်ဝါမှန်းမသိသည့် အရပ်တစ်ခုဆီသို့ ဦးတည်သွားနေခဲ့လေသည်။ ရန်ကိုင်သည် သူတက်ထိုင်နေသော အနက်ရောင်ဘောလုံးအား လက်ဖြင့် ပွတ်သပ်ပေးလိုက်လေသည်။ အနက်ရောင်ဘောလုံးမှာ အလွန်ကိုမှ ထိကိုင်လို့ကောင်းကာ ၎င်း၏ အပေါ်ယံအလွှာမှာ ဂျယ်လီတုံးကဲ့သို့ ပျော့အိအိဖြစ်နေလေသည်။ သို့သော်ငြား ၎င်း၏ ခက်ထန်ကြမ်းကြုတ်သည့် အမူအရာကို ဖုံးကွယ်နိုင်ခြင်းအား မစွမ်းနိုင်ခဲ့ပေ။ အနက်ရောင်ဘောလုံးသည်သာ ၎င်း၏ ပါးစပ်ကို လုံးဝ တင်းတင်းပိတ်ထားခဲ့မည်ဆိုလျှင်တော့ အတော်လေးကို ချစ်စဖွယ်ကောင်းပေလိမ့်မည်။ သို့သော်ငြား ၎င်း၏ အသိစိတ်မှာ စတင် ဖြစ်ပေါ်လာဆဲဖြစ်ကာ ၎င်း၏ စိတ်ထဲ ဝါးမျိုလိုသည့်ဆန္ဒတစ်ခုသာ ရှိနေသည့်အတွက်ကြောင့် အဆက်မပြတ် ဝါးမျိုလိုသည့်ဟန်မျိုး လုပ်နေခဲ့လေရာ ရန်ကိုင်လည်း အချိန်ကုန်ခံကာ သွားတားမနေတော့ပေ။

"ငါမင်းကို နာမည်တစ်ခုပေးသင့်ပြီနဲ့တူတယ်၊ မင်းကို အနက်ရောင်ဘောလုံးလို့ချည်းပဲ ခေါ်နေလို့မဖြစ်တော့ဘူး" ရန်ကိုင်သည် သူ့မေးစေ့ကို ပွတ်ရင်းမှ ရေရွတ်လိုက်လေသည်။ ရန်ကိုင်မှာ လျို့ယန်ကိုပင် နာမည်တစ်ခုပေးခဲ့လေရာ အနက်ရောင်ဘောလုံးကိုလည်း နာမည်တစ်ခု ပေးရပေလိမ့်မည်။

"ငါသိပြီ" ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး လက်ဖျောက်တီး၍ ပြောလိုက်လေသည်။ "ငါ မင်းကို အခုကနေစပြီးတော့ ဂန်းဂန်းလို့ ခေါ်မယ်"

သွားကြိတ်သံများ ထွက်ပေါ်လာခဲ့လေသည်။

"မင်းလည်း အဲဒီနာမည်ကို ကြိုက်တယ်မလား၊ ဒါဆို အဲဒီနာမည်အတိုင်းပဲ သွားကြတာပေါ့" ရန်ကိုင် ပြုံးလိုက်လေသည်။ သူ့ကိုယ်သူ နာမည်ပေးရာတွင် ဆရာတစ်ဆူဖြစ်သည်ဟုပင် တွေးမိသွားသည်။ ထို့နောက်တွင် လက်နှစ်ဖက်ကို ပွတ်သပ်၍ ပြောလိုက်လေ၏။ "ငါ မင်းကိုချည်း ဘက်လိုက်နေလို့တော့ မဖြစ်ဘူး၊ မရဏသားရဲကိုလည်း နာမည်ပေးရမယ်၊ ရှောင်ဟဲ့လို့ပဲ ပေးတာပေါ့"

"သွားထား ဂန်းဂန်း" ရန်ကိုင်သည် အရုပ်သစ်တစ်ရုပ်ကို ရလိုက်သည့် ကလေးတစ်ဦးပမာ ဝမ်းသာပျော်မြူးနေခဲ့လေသည်။

"မျိုထား ဂန်းဂန်း"

လမ်းတစ်လျှောက်တွင် ရန်ကိုင်တို့သည် ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါင်းများစွာကို တွေ့ခဲ့သည်။ ဂန်းဂန်းသည် ၎င်း၏ ပါးစပ်ကြီးကို ဟလျက် တွေ့သမျှ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ အားလုံးကို မျိုချပစ်ခဲ့လေသည်။

သို့ပင်ဖြစ်လင့်ကစား ဂန်းဂန်းမှာ ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားများကို သိပ်မကြိုက်လှကြောင်း ရန်ကိုင် အသေအချာ ခံစားမိပေသည်။ မရဏကြယ်သည် အရသာရှိလှသည့် ဟင်းလျာတစ်ခွက်ဖြစ်မည်ဆိုပါက ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားများမှာ အရသာမရှိ မာ‌ကျောခြောက်ကပ်နေသည့် ပေါင်မုန့်ခြောက်များဖြစ်သည်ဟု ပြော၍ရပေသည်။

လမ်းတစ်လျှောက်တွင် အခြားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ထပ်တွေ့ခဲ့ပါသော်ငြား ဂန်းဂန်းမှာမူ ထိုအရာများကို စိတ်မဝင်စားတော့ပေ။ ကြယ်သေများကိုပင်လျှင် သိပ်၍စိတ်မဝင်စားလှ။ သို့သော်ငြား တစ်ခါတစ်ရံ ရန်ကိုင်မှ အမိန့်မပေးဘဲနှင့်ပင် ဂန်းဂန်းမှာ သူ့အလိုလို လမ်းကြောင်းပြောင်းသွားတတ်ပေသည်။ မသိလျှင် အရသာရှိလှသည့် ဟင်းလျာတစ်ခွက်၏ အနံ့ကို အာရုံခံမိနေသည့်အလား။

ရန်ကိုင်လည်း ဂန်းဂန်းအား သွားမတားခဲ့ပေ။ တစ်လကြာပြီးသည့်နောက်တွင် သူ့ခန့်မှန်းချက် မှန်ကန်နေကြောင်း တွေ့လိုက်ရလေသည်။ မရဏကြယ်ထက် သိပ်မသေးလှသည့် ကြယ်တစ်လုံး ရန်ကိုင်တို့၏ မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့လေ၏။ ကြယ်ပေါ်သို့မရောက်သေးသည့်တိုင် ထိုကြယ်မှာ အတော်လေးကိုမှ ကောင်းမွန်လှသည့် ကြယ်တစ်လုံးဖြစ်မှန်း ရန်ကိုင်ပြောနိုင်ပေသည်။

[ကျင့်ကြံရေးကြယ်တွေ ဘယ်မှာရှိလဲဆိုတာကို ဂန်းဂန်းက အာရုံခံနိုင်တာလား]

တောင်ပင်လယ်ကြယ်ပေါ်တွင် နေထိုင်နေကြသော သက်ရှိများသည် ကောင်းကင်ပေါ်သို့ မော့၍ ကြည့်လိုက်ကြလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အနက်ရောင်အစက် တစ်စက် ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုအနက်ရောင်အစက်သည် တောင်ပင်လယ်ကြယ်နှင့် နေကြယ်ကြားတွင် ပေါ်လာခဲ့ခြင်းဖြစ်လေသည်။ အစပိုင်းတွင်တော့ ထိုအနက်ရောင်အစက်ကို မည်သူမျှ စိတ်မဝင်စားခဲ့။ သို့သော်ငြား အချိန်ကြာလာသည်နှင့် အမျှ အနက်ရောင်အစက်မှာ တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာခဲ့သည်။ ယခုဆိုလျှင် အနက်ရောင်အစက်သည် နေတစ်စင်းလုံးကိုပင် ကွယ်နေခဲ့သည့်အတွက်ကြောင့် တောင်ပင်လယ်ကြယ်တစ်ခုလုံးမှာ အမှောင်ထုထဲသို့ ရောက်သွားခဲ့ရလေ၏။ တောင်ပင်လယ်ကြယ်ပေါ်တွင် နေထိုင်ကြသည့် သက်ရှိအားလုံးမှာ ထိုအဖြစ်အပျက်ကြောင့် စိတ်ထဲ နေမထိထိုင်မသာ ဖြစ်လာကုန်ကြလေသည်။

ပင်လယ်များသည်ပင်လျှင် လှိုင်းထန်ကာ ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။ တောင်ပင်လယ်ကြယ်၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ရေပြင်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်လေသည်။ အရွယ်အစားအမျိုးမျိုး ရှိကြသော ကျွန်းများမှာမူ တောင်ပင်လယ်ကြယ်အနှံ့ တည်ရှိနေကြလေသည်။ ဤကြယ်သည် ပင်လယ်ကလန်မှ ကြီးစိုးသော ကြယ်တစ်လုံးဖြစ်ကာ လူသားနှင့် အခြားသော မွန်းစတားမျိုးနွယ်စုများမှာ ဤကြယ်ပေါ်တွင် နေဖို့ရာ နေရာအနည်းငယ်သာ ရရှိကြပေသည်။

နေကြယ်အား ဖုံးကွယ်ထားသော အမှောင်ထုကို လှမ်းကြည့်လိုက်ရင်းမှ ပင်လယ်ကလန်သား အတော်များများ လွန်ခဲ့သည့်လအတွင်း ပျံ့နှံ့နေသော ကောလာဟလများအကြောင်းကို စဉ်းစားမိသွားခဲ့လေသည်။ ပြောကြသည်မှာတော့ အနက်ရောင်ဘောလုံးတစ်လုံးရှိပြီး ထိုအနက်ရောင်ဘောလုံးသည် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် အရာမှန်သမျှ ဝါးမြိုပစ်သည်ဟူ၍ပင်။ သက်ရှိများပင်လျှင် ခြွင်းချက်မဟုတ်။

ထိုကောလာဟလသည် တောင်ပင်လယ်ကြယ်ဆီသို့ ထွက်ပြေးလာသည့် လူသားများဆီမှ အရင်းခံလာခဲ့ခြင်း ဖြစ်ပေသည်။ ထိုလူသားများ ပြောပုံအရ သူတို့သည် မရဏကြယ်မှလာပြီး ထိုနေရာတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးတစ်ကောင်သည် အနက်ရောင်ဘောလုံးကြီးကို သုံး၍ မရဏကြယ်တစ်ခုလုံးကို ဝါးမျိုပစ်ခဲ့သည်ဟူ၍ပင်။

ပင်လယ်ကလန်သားများသည် သူတို့ကိုယ်သူတို့ အခြားမျိုးနွယ်စုများထက် ပိုမိုမြင့်မြတ်သည်ဟု မှတ်ယူထားကြကာ လူသားများနှင့် မွန်းစတားမျိုးနွယ်စုများကို ရွံရှာစက်ဆုပ်ကြပေသည်။ ထိုအပြင် ကုန်းပေါ်တွင် မွေးဖွားလာကြသည့် လူများသည် အလွန်ကိုမှ ညစ်ပတ်ကာ ရွံဖို့ကောင်းသည်ဟုလည်း တွေးကြလေသည်။ အထူးသဖြင့် ဤကြယ်ပေါ်သို့ ထွက်ပြေးလာကြသည့် ဒုက္ခသည်များကိုပင်။

မည်သည့်ပင်လယ်ကလန်သားကမှ ထိုကောလာဟလများကို အလေးအနက်မှတ်ယူခြင်း မရှိခဲ့ပေ။ သို့သော်ငြား ကောလာဟလများသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး တစ်လအတွင်းမှာပင် တောင်ပင်လယ်ကြယ်ရှိ ပင်လယ်ကလန်သားအများစု ထိုအကြောင်းကို သိသွားခဲ့ရသည်။ သို့တိုင် မည်သူမျှ တကယ်အလေးထားခြင်း မရှိသေးခဲ့။ ယခု အနက်ရောင်ဘောလုံး ပေါ်လာသည့်အခါမှသာလျှင် ထိုကောလာဟလများကို ပင်လယ်ကလန်သားများ ပြန်စဉ်းစားမိသွားကြခြင်းဖြစ်လေသည်။ ကောလာဟလများထဲ ပါဝင်သောအကြောင်းအရာများကို ပြန်စဉ်းစားမိလိုက်သည့်နောက် ပင်လယ်ကလန်သားများ စတင်၍ စိုးရိမ်ပူပန်မိလာကြတော့သည်။

[ကောင်းကင်နဲ့ မြေပြင်ကိုတောင် ဝါးမျိုပစ်နိုင်တဲ့ အမှောင်ထု ဒီလောကကြီးမှာ တကယ်ရှိတာလား]

လောကကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့ပြီး ပုံရိပ်တစ်ခု ကျွန်းတစ်ကျွန်းဆီမှ ပျံသန်းထွက်လာခဲ့ကာ အနက်ရောင် အမှောင်ထုဆီသို့ ဦးတည်သွားလေသည်။ ထိုလူကို မြင်လိုက်သည့်အခိုက် ပင်လယ်ကလန်သားများ၏ စိုးရိမ်ပူပန်စိတ်များ ရုတ်ချည်း လျော့ကျသွားခဲ့ရလေသည်။

"စီနီယာ အောင်းဝေပဲ"

"ဟုတ်တယ်၊ ငါတို့မှာ စီနီယာအောင်းဝေ ရှိနေတာပဲ၊ ဘာဖြစ်လို့ အဲဒီအနက်ရောင်ဘောလုံးကို ကြောက်နေရမှာလဲ"

"အဲဒါ လာရဲရင် စီနီယာအောင်းဝေက ဘယ်သူဆရာလဲဆိုတာကို ပြပေးလိုက်လိမ့်မယ်"

"ဒီကောင်တွေ ကိုယ့်သေတွင်းထဲကိုယ် လမ်းလျှောက်လာနေကြတာ၊ တောင်ပင်လယ်ကြယ်ကို မရဏကြယ်နဲ့များ အဆင့်တူမှတ်လို့"

ပင်လယ်ကလန်သားများက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်ကြသည်။ စီနီယာအောင်းဝေဟူသည့်နာမည်သည် တစ်ခဏလေးအတွင်း လူအုပ်ကြီးကြား ပျံ့နှံ့သွားခဲ့လေ၏။

အောင်းဝေဆိုသည့်လူမှာ တောင်ပင်လယ်ကြယ်၏ အားအကောင်းဆုံးသော ပညာရှင်ဖြစ်ပေသည်။ အောင်းဝေအား ပင်လယ်ကလန်သားများမှ ၎င်းတို့၏ အကြီးကျယ်ဆုံးသော သူရဲကောင်းဟု သတ်မှတ်ကြပေသည်။ အောင်းဝေသာ လှုပ်ရှားလိုက်မည်ဆိုလျှင် အနက်ရောင်ဘောလုံးကို ရှင်းထုတ်နိုင်မည်ဟု တောင်ပင်လယ်ကြယ်ပေါ်ရှိ သက်ရှိများ ယုံကြည်နေကြလေသည်။ သန်းရာနှင့်ချီသော သက်ရှိများ၏ ယုံကြည်မှုတို့သည် စွမ်းအားတစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အောင်းဝေအား ကောင်းချီးပေးတော့လေသည်။

သို့သော်ငြား အောင်းဝေ၏ အမူအရာ လေးနက်တည်ကြည်နေသည်ကိုတော့ မည်သူမျှ သတိမထားမိကြပေ။ ကောင်းကင်နှင့် မြေပြင်၏ ကြမ္မာကောင်းချီးနှင့်တကွ သန်းရာနှင့်ချီသော သက်ရှိများ၏ အားပေးထောက်ခံမှုကို ရရှိထားသည့်တိုင် အောင်းဝေမှာ တုန်တုန်ယင်ယင်ဖြစ်နေခဲ့သည်။ သူ့စိတ်ထဲ ချက်ချင်း လှည့်ပြေးချင်စိတ်များပင် ဖြစ်ပေါ်လာနေခဲ့ရသည်။ သို့သော်ငြား သူကိုယ်တိုင်သည် ဤကြယ်၏ ကြယ်သခင်တစ်ပါးဖြစ်လေရာ အခြားသူများ ထွက်ပြေးမည်ဆိုလျှင်ပင် သူ့အနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးရပါမည်နည်း။

ဆင်းသက်လာနေသည့် အနက်ရောင်ဘောလုံးကို ကြည့်ရင်း အောင်းဝေ စိတ်ထဲ ပိုပို၍ ကြောက်ရွံ့လာနေခဲ့ရလေသည်။ ထိုကြောက်ရွံ့သည့် ခံစားချက်မှာ အောင်းဝေဆီမှ လာခြင်းမဟုတ်။ ထိုအစား တောင်ပင်လယ်ကြယ်၏ စိတ်ဆန္ဒမှ လာခြင်းသာဖြစ်လေသည်။ ဤကြောက်ရွံ့သည့် ခံစားချက်သည် ကြယ်အမြုတေဆီမှ အောင်းဝေ ခံစားမိနေသည့် ခံစားချက်သာဖြစ်လေသည်။ ကြယ်အမြုတေ၏ ခံစားချက်များမှာ သိမ်းငှက်တစ်ကောင်၏ ပစ်မှတ်ထားခြင်းခံနေရသည့် ယုန်တစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။

ကြောက်ရွံ့မှုတို့ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ လွှမ်းခြုံလာခဲ့လေရာ အောင်းဝေမှာ ဆက်၍ပင် မပျံတက်ရဲတော့ဘဲ နေရာတွင်သာ တောင့်တောင့်ကြီး ရပ်နေမိတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၈၃)

ဘာသာပြန်သူ_တိမ်တိုက်

"ဘာကြီးလဲ" ချဉ်းကပ်လာနေသည့် အနက်ရောင်ဘောလုံးကြီးကို မြင်ပြီးသည့်နောက် အောင်းဝေ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့သည်။ အနက်ရောင်ဘောလုံးမှာ အနည်းဆုံး အချင်း မိုင်တစ်ရာခန့် အရွယ်အစားရှိသည်။ ထိုအပြင် ၎င်း၏ မျက်နှာပြင်အထက် အစွယ်တကားကားနှင့် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသော ပါးစပ်ပေါက်ကြီး တစ်ခုလည်း ရှိနေသေး၏။ ထိုပါးစပ်ပေါက်ကြီးဆီမှ ထွက်ပေါ်လာနေသော သွားကြိတ်သံများမှာ အောင်းဝေအား ကြက်သီးမွေးညင်း ထသွားစေခဲ့လေသည်။

ကြယ်သခင်တစ်ပါးဖြစ်သည့်တိုင် အောင်းဝေမှာ ထိုအနက်ရောင်ဘောလုံးအား အလွန်ကိုမှ ကြောက်လန့်မိနေလေသည်။ အနက်ရောင်ဘောလုံးဆီမှ ဖြာထွက်နေသည့် ဖိအားသည် သူ့ရင်ပေါ်သို့ တောင်တစ်လုံးနှယ် ဖိချလာနေခဲ့ရာ အောင်းဝေမှာ တဖြည်းဖြည်း မွန်းကြပ်လာသလို ခံစားနေခဲ့ရသည်။

"ဘယ်သူ ငါ့လမ်း လာပိတ်ရဲတာလဲ၊ သေချင်နေတာလား" အသံတစ်သံ ရုတ်တရက်ထွက်လာခဲ့ရာ အောင်းဝေမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ယခုမှသာလျှင် အနက်ရောင်ဘောလုံးပေါ်၌ လူတစ်ဦး ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ထိုလူငယ်လေးသည် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သည့် အကြည့်မျိုးဖြင့် အောင်းဝေအား စိုက်ကြည့်နေခဲ့လေသည်။

အောင်းဝေသည် တံတွေးတစ်လုတ် မျိုချလိုက်ရင်းမှ လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။ "တောင်ပင်လယ်ကြယ်ရဲ့ ကြယ်သခင် အောင်းဝေ၊ စီနီယာကို နှုတ်ဆက်ပါတယ်"

"အိုး" ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ "မင်းက ဒီကြယ်ရဲ့ ကြယ်သခင်လား"

"ဟုတ်ပါတယ်"

"ကောင်းပြီ၊ ငါအခု တောင်ပင်လယ်ကြယ်ကို ဝါးမျိုတော့မလို့၊ ငါနဲ့လိုက်ပြီးတော့ အတူပူးပေါင်းပေး၊ အဲဒါဆို မင်းအတွက် အကျိုးကျေးဇူးအများကြီး ရှိလိမ့်မယ်" ကြယ်သခင်သာ သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးမည်ဆိုလျှင် တောင်ပင်လယ်ကြယ်ကို ဝါးမျိုဖို့ရာ အများကြီး ပိုမိုလွယ်ကူသွားပေလိမ့်မည်။

ထိုစကားကိုကြားသည့်အခါ အောင်းဝေမှာ သူများ နားကြားမှားသွားလေသလားဟုပင် ထင်မိသွားလေသည်။ ဤလူသည် သူ့ကြယ်ကို ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာခဲ့သည်။ ထိုအပြင် ကြယ်သခင်ဖြစ်သော သူ့ကိုပင်လျှင် အတူပူးပေါင်းပါဝင်ပေးရန် ပြောနေခဲ့သည်။

တစ်ဖက်လူ၏ လုပ်ရပ်ကြောင့် အောင်းဝေမှာ ရုတ်တရက်ဆိုသလို ဒေါသထွက်လာရလေ၏။ သို့သော်ငြား ဒေါသတော့ ထွက်မပြရဲခဲ့ပေ။ ဒေါသကို အတတ်နိုင်ဆုံး မျိုသိပ်ထားရင်းမှ ပြန်မေးလိုက်လေသည်။ "တောင်ပင်လယ်ကြယ်က စီနီယာကို ရန်စမိခဲ့တာမျိုး ရှိလို့လား"

ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ "ရန်စတာတွေ မစတာတွေ ဘာမှမပါဘူး၊ ငါဒီအတိုင်းပဲ ဒီကြယ်ကိုတွေ့လို့ ဒီနေရာဆီ လာခဲ့တာ"

[တွေ့လို့လာခဲ့တာ။] သူ့ကြယ် ဒုက္ခရောက်မည့်အဖြစ်သည် တစ်ဖက်လူမှ သူ့ကြယ်အား တွေ့သွားသည့်အတွက်ကြောင့် ဖြစ်နေလိမ့်မည်ဟု အောင်းဝေ လုံးဝထင်ထားခြင်းမရှိခဲ့ပေ။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် ပြန်အော်ပြောလိုက်လေသည်။ "စီနီယာ၊ ကောင်းကင်လမ်းစဉ်က အသက်တွေအကုန်လုံးကို တန်ဖိုးထားတယ်၊ တောင်ပင်လယ်ကြယ်ပေါ်မှာ အသက်တွေ မရေမတွက်နိုင်အောင် ရှိတယ်၊ စီနီယာသာ ဒီကြယ်တစ်ခုလုံးကို ဝါးမျိုလိုက်ရင် သူတို့တွေ ဘာတွေဖြစ်သွားမလဲ၊ ကျုပ်တို့လို ကျင့်ကြံသူတွေကတော့ ကိစ္စမရှိပါဘူး၊ ကျုပ်တို့က တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ပြိုင်ဆိုင်ကြရင်း သိုင်းတာအိုရဲ့ အထွတ်အထိပ်ကို ရောက်ရှိဖို့ ကြိုးစားနေတဲ့လူတွေ၊ ဒါပေမဲ့ ဘာအပြစ်မှမရှိတဲ့ သာမန်လူတွေကရော၊ စီနီယာသာ တောင်ပင်လယ်ကြယ်ကို ဖျက်ဆီးလိုက်ရင် ကံတရားအပြစ်ပေးတာ ကျိန်းသေခံရလိမ့်မယ်နော်၊ အဲဒါဆို စီနီယာရဲ့ အနာဂတ်အတွက်လည်း မကောင်းဘူး၊ အဲဒါကြောင့် ကျေးဇူးပြုပြီး သေသေချာချာ ပြန်စဉ်းစားပါ စီနီယာ" အောင်းဝေမှာ ရန်ကိုင်အား အတတ်နိုင်ဆုံး ဖျောင်းဖျကြည့်ရန် ကြိုးစားလိုက်သည်။

ရန်ကိုင်သည် ပေါင်ပေါ် လက်တစ်ဖက်တင်ရင်းမှ ခါးကိုကိုင်း၍ ပြုံးဖြီးကာ... "မင်း ဘာပြောချင်နေတာလဲ"

လူငယ်လေးဆီမှ မည်သည့် အရှိန်အဝါကိုမျှ အောင်းဝေ ခံစားရခြင်းမရှိ။ သို့ပင်ဖြစ်လင့်ကစား လူငယ်လေးနှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရချိန် အောင်းဝေ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ရလေသည်။ သူ့အရှေ့ရှိ လူငယ်လေးမှာ သာမန်လူတစ်ဦး မဟုတ်တော့ဘဲ သားရဲကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့အား မာန်ဖီနေသည့်အလား။ ကံကောင်းစွာဖြင့် အောင်းဝေမှာ တောင်ပင်လယ်ကြယ်၏ ကြယ်သခင်တစ်ပါး ဖြစ်နေခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက ချက်ချင်းလှည့်ပြေးနေပြီးလောက်ပေပြီ။

လက်သီးဆုပ်၍ အောင်းဝေသည် နောက်တစ်ကြိမ် ထပ်၍ပြောလိုက်သည်။ "ကျေးဇူးပြုပြီး စဉ်းစားပေးပါဦး စီနီယာ"

ရန်ကိုင်သည် သူ့မေးစေ့ကို ပွတ်ရင်းမှ သေသေချာချာ စဉ်းစားနေဟန်မျိုး လုပ်ပြလျက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။ "အင်း၊ ငါစဉ်းစားကြည့်ပြီးသွားပြီ"

"ဒါဆို စီနီယာ" အောင်းဝေသည် ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လာခဲ့သည်။

"ငါ့ဆုံးဖြတ်ချက် ပြောင်းလဲမှာမဟုတ်ဘူး၊ ကဲ အခု ငါ့ရှေ့ကနေ ဖယ်ပေးတော့" သူ၏ လုပ်ရပ်သည်သာ မြောက်မြားလှစွာသော သက်ရှိများကို သေကြေပျက်စီးစေမည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ လုပ်ခဲ့လိမ့်မည် မဟုတ်ပေ။ တကယ်တော့ ကောင်းကင်ဘုံသည် အရာရာကို မျှတသည် မဟုတ်ပေလော။ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ အလွန်ကိုမှ အားကောင်းနေမည်ဆိုလျှင်ပင် သာမန်သေမျိုးများကိုတော့ သူသတ်ချင်တိုင်း သတ်လို့ရသည့် ပုရွက်ဆိတ်များသဖွယ် သဘောထားနေ၍မရပေ။

လောကဓာတ်လုံးမှ ဤကြယ်အား ဝါးမျိုဖျက်ဆီးပစ်လိုက်မည်ဆိုလျှင် ကြယ်တစ်ခုလုံးမှာ ပျက်စီးသွားလိမ့်မည် ဖြစ်ပါသော်ငြား သက်ရှိများမှာတော့ သေကြေကြလိမ့်မည် မဟုတ်။ သူတို့ နေထိုင်ရာ နေရာအသစ်တစ်ခုသို့ ပြောင်းသွားရုံသာ ရှိပေလိမ့်မည်။ ထိုအပြင် အချိန်သာရမည်ဆိုလျှင် လောကဓာတ်လုံးအား မည်သည့်ကျင့်ကြံရေးကြယ်ထက်မဆို ပိုမိုကောင်းမွန်သည့် နေရာတစ်ခုဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ချက်ရှိနေပေသေးသည်။ တစ်နည်းဆိုရသော် ရန်ကိုင်၏ လက်ရှိနည်းလမ်းသည် ကြယ်ပေါ်တွင် နေထိုင်နေကြသည့် သက်ရှိများကို မထိခိုက်စေရုံသာလျှင်မဟုတ်။ သက်ရှိများအတွက် ပိုမိုကောင်းမွန်သော နေရာတစ်ခုကိုပင် ဖန်တီးပေးသလို ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ အနည်းငယ်မျှပင် စနိုးစနှောင့်မဖြစ်ချေ။

အောင်းဝေ၏ အမူအရာမှာတော့ ရန်ကိုင် စကားကို ကြားပြီးသည့်နောက် သုန်မှုန်သွားခဲ့သည်။ သို့တိုင် လက်မလျှော့နိုင်သေး။ ကြယ်သခင်တစ်ပါးဖြစ်သည့်အလျောက် သူ့တွင် လက်လျှော့ဖို့ရာ အခွင့်အရေးရှိမနေပေ။ ထို့အတွက်ကြောင့် အားကို တင်း၍ တန်ခိုးရှင်ဘုရင်အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။ ချက်ချင်းဆိုသလို အောင်းဝေ၏ မျက်နှာအထက် အကြေးခွံများ ထွက်ပေါ်လာခဲ့ပြီး အောင်းဝေ ကိုယ်တိုင်မှာလည်း မွန်းစတားတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ သူ မည်သို့ပင် ကြိုးစားနေစေကာမူ သူ့အရှေ့ရှိ လူငယ်လေးအား တိုက်ခိုက်ရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် ဆိုးဆိုးရွားရွား အဆုံးသတ်နှင့် ကြုံတွေ့ရလိမ့်မည်ဟု ခံစားနေရပါလင့်ကစား သူ့တွင် နောက်ဆုတ်ဖို့ရာ ရွေးချယ်ခွင့် သူ့တွင် ရှိမနေခဲ့ပေ။

ရဲဆေး တင်လိုက်ပြီးသည့်နောက်တွင် အောင်းဝေက အခိုင်အမာ အော်ပြောလိုက်လေသည်။ "စီနီယာ၊ စီနီယာ မရမက ဆက်လုပ်နေမယ်ဆိုရင် ကျုပ်ကို အရင်သတ်မှပဲ ရလိမ့်မယ်"

အောင်းဝေ၏ အသံမှာ မကျယ်ပါသော်ငြား လောကဆန္ဒကြောင့် တောင်ပင်လယ်ကြယ်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။ တောင်ပင်လယ်ကြယ်ပေါ်တွင် နေထိုင်နေကြသည့် သက်ရှိအားလုံးမှာ အောင်းဝေ၏ လုပ်ရပ်အပေါ် ဝမ်းသာကြည်နူးမိသွားကြသည်။ သူတို့တွင် ဤကဲ့သို့သော တာဝန်ခံတတ်သည့် ကြယ်သခင်တစ်ပါး ရှိနေသည်မှာ အလွန်ကိုမှ ကံကောင်းသည်ဟုပင် ခံစားမိနေကြလေသည်။ သာမန်မျက်စိဖြင့် မမြင်နိုင်ပါသော်ငြား သေသေချာချာ စစ်ဆေးကြည့်မည်ဆိုလျှင် အောင်းဝေ၏ အရှိန်အဝါ တစ်ရိပ်ရိပ်တက်လာနေကြောင်းကို မြင်တွေ့နိုင်ပေသည်။ အစောပိုင်းက စကားတစ်ခွန်းသည် အောင်းဝေ၏ ခွန်အားကို အကြီးအကျယ် တိုးတက်သွားစေခဲ့လေသည်။ သို့တိုင် အောင်းဝေမှာတော့ အနည်းငယ်မျှပင် လုံခြုံသည်ဟု မခံစားရ။

"အိုး၊ ရေနဂါးတစ်ကောင်ရဲ့မျိုးဆက်လား" အောင်းဝေ မျက်နှာအထက်ရှိ အကြေးခွံများကိုကြည့်ရင်းမှ အောင်းဝေဆီမှ ရင်းနှီးသည့် အရှိန်အဝါတစ်ရပ်ကို ရန်ကိုင် ခံစားလိုက်ရသည်။

"ဟုတ်တယ်" အောင်းဝေက ခေါင်းညိတ်လိုက်လေသည်။ သူ့အနေဖြင့် ဘာကိုမျှ ဖုံးကွယ်နေစရာမလို။ သူသည် ရေနဂါးတစ်ကောင်၏ မျိုးဆက်ဖြစ်သည်ဟူသော အကြောင်းမှာ လျှို့ဝှက်ချက်တစ်ခုမှ မဟုတ်လေဘဲ။

ရန်ကိုင်က ခေါင်းညိတ်၍ ပြောလိုက်လေသည်။ "အခြားရေနဂါးတွေကို ငါသိတယ်၊ သူတို့တွေက တကယ်မဆိုးဘူး၊ ဒါပေမဲ့ မင်းက အရမ်းအားနည်းလွန်းတယ်"

အောင်းဝေမှာ ရန်ကိုင် အရှေ့၌ အတတ်နိုင်ဆုံး ရိုရိုကျိုးကျိုး ပြုမူနေသည့်တိုင် ရန်ကိုင်၏ စကားကို ကြားချိန်တွင်တော့ မယုံကြည်ချင်သလို ဖြစ်သွားခဲ့လေသည်။ သူသည် တန်ခိုးရှင်ဘုရင်အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်ကာ တောင်ပင်လယ်ကြယ်၏ ကြယ်သခင်တစ်ပါးလည်းဖြစ်သည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲ၌ သူ့အား စိန်ခေါ်နိုင်သည့်လူဆို၍ အနည်းငယ်သာ ရှိလေရာ သူ၏ ကျင့်ကြံခြင်းမှာ မည်ကဲ့သို့များ အလွန် အားနည်းရလေသနည်း။

ဒေါသတို့ အောင်းဝေ၏ ရင်ထဲ တစ်လိပ်လိပ် တက်လာခဲ့လေသည်။ ဒေါသတို့မှာ ကြောက်ရွံ့မှုအား လွှမ်းမိုးသွားခဲ့ပြီးနောက်တွင် အောင်းဝေသည် အံကို ကြိတ်၍ အော်ပြောလိုက်သည်။ "တကယ်လား၊ အဲလိုဆိုရင်တော့ စီနီယာ ဘယ်လောက်အားကောင်းလဲ ကြည့်ရသေးတာပေါ့"

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက်... "မင်း ငါပြောတာကို ယုံချင်မှယုံလိမ့်မယ်၊ ဒါပေမဲ့ အဲဒီကောင်က ငါ့တိုက်ကွက် တစ်ကွက်နှစ်ကွက်လောက်ကို ခုခံနိုင်ပေမဲ့ မင်းကတော့…"

အောင်းဝေက ဒေါသတကြီးဖြင့် ပြန်ပြောလိုက်လေသည်။ "အဲဒါဆိုရင် စီနီယာ တိုက်ကွက် ဘယ်နှကွက်သုံးပြီးတော့ ကျုပ်ကို အနိုင်ယူမလဲ ကြည့်ရသေးတာပေါ့" ပြောပြီးသည်နှင့် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။ သူ့လေသံထဲ နဂါးဟိန်းသံ အရိပ်အယောင်အချို့ ပါဝင်နေပါသော်ငြား သူ့သွေးမှာ သန့်စင်ခြင်းတော့မရှိပေ။ ရေနဂါးများသည် နဂါးကလန်၏ သွေးကို ပိုင်ဆိုင်ထားပါသော်ငြား သွေးမျိုးဆက်သန့်စင်နှုန်းမှာ နဂါးတစ်ကောင်နှင့် တစ်ကောင် အကြီးအကျယ် ကွဲပြားကြသည်။ ရေနဂါးများသည် နဂါးများဖြစ်သည့်တိုင် အစစ်အမှန်နဂါးများကို မည်သို့များ ယှဉ်နိုင်ပါမည်နည်း။ သို့ပင်ဖြစ်လင့်ကစား တောင်ပင်လယ်ကြယ်တစ်ခုလုံး၏ ကောင်းချီးကို ရရှိလိုက်ပြီးသည့်နောက်တွင် အောင်းဝေမှာ အတော်လေးကိုမှ အားကောင်းနေပြီဟု ပြော၍ရပေသည်။

ချက်ချင်းဆိုသလို လောကကြီးတစ်ခုလုံး အရောင်အဆင်း ကင်းမဲ့သွားသည့်ပမာ ဖြစ်သွားခဲ့လေသည်။ ကြယ်သခင်တစ်ပါး၏ အစွမ်းကုန်တိုက်ကွက်မှာ အမှန်တကယ်ကို အထင်သေး၍ မရသည့် တိုက်ကွက်မျိုး ဖြစ်ပေသည်။

သို့သော်ငြား ရန်ကိုင်မှာမူ ရှောင်မည့် အရိပ်အယောင်မပြဘဲ အောင်းဝေ သူ့ဆီသို့ ပြေးဝင်လာနေသည်ကိုသာ ထူးမခြားနားဟန်ဖြင့် ရပ်ကြည့်နေခဲ့လေသည်။

[မင်း မောက်မာလွန်းသွားပြီကွ]

ရန်ကိုင်၏ ပုံစံသည် အောင်းဝေအား အကြီးအကျယ်ကို ဒေါသထွက်သွားစေခဲ့လေသည်။ အောင်းဝေမှာလည်း သူ့ခွန်အားအနည်းငယ်မျှကိုပင် ထိမ်ချန်ထားခြင်း မရှိတော့ဘဲ ရှိရှိသမျှစွမ်းအင်အားလုံးကိုသုံး၍ တိုက်ခိုက်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်ဆီမှ မမြင်နိုင်သည့် စွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့ပြီး အောင်းဝေ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရလေသည်။ သူ့မျက်လုံးများမှာလည်း ကျွတ်ထွက်လုမတတ် ပြူးကျယ်ကုန်လေသည်။ လက်ရှိအချိန်၌ ရန်ကိုင်၏ ကိုယ်အထက်တွင် ဧရာမ နဂါးကြီးတစ်ကောင် ဝဲနေပြီး ထိုနဂါးကြီးသည် သူ့အား မမှိတ်မသုန် စိုက်ကြည့်နေသလို အောင်းဝေ စိတ်ထဲ ခံစားနေရသည်။ ထိုနဂါး၏ အကြည့်အောက်ဝယ် အောင်းဝေမှာ သူ၏ သူတော်စင်ချီကိုပင်လျှင် လှည့်ပတ်နိုင်ခြင်း မရှိတော့ပေ။

ထို့နောက်တွင် နဂါးခေါင်းကြီးသည် အောင်းဝေအား ခုန်ကိုက်လာခဲ့လေသည်။ အောင်းဝေမှာ ကြောက်လန့်တကြား အော်ဟစ်ရင်းမှ သူ့ဝတ်ရုံတစ်ခုလုံးမှာလည်း ချွေးများဖြင့် စိုရွှဲသွားခဲ့လေသည်။ အောင်းဝေ၏ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ပြီးသည့် နောက်ပိုင်း သူ့အဖို့ ကြောက်ရသည့် အရာ များများစားစား မရှိတော့ချေ။ ရန်ကိုင်နှင့် ဂန်းဂန်းကို ရင်ဆိုင်နေရသည့်တိုင် အောင်းဝေမှာ ရဲဆေးတင်၍ ပြန်လည်တိုက်ခိုက်ဝံ့ပေသေးသည်။ သို့သော်ငြား သူ့အား စိုက်ကြည့်နေသည့် နဂါးကြီးကိုမူ တစ်ချက်မျှပင် မော့ကြည့်ရဲခြင်း မရှိခဲ့ပေ။ ဤသည်မှာ သွေးမျိုးဆက်ဖိနှိပ်ခြင်း၏ အကျိုးဆက်ပင် ဖြစ်လေသည်။

အောင်းဝေ အသိပြန်ဝင်လာချိန်တွင်တော့ နဂါးကြီးမှာ ပျောက်ကွယ်လို့သွားခဲ့လေပြီ။ သူ့အရှေ့တွင်မူ နဂါးကြီး ရှိမနေတော့ဘဲ သူ့အား ပြုံးကာ ကြည့်နေသော လူငယ်လေးတစ်ဦးသာ ရှိနေခဲ့လေသည်။ ထို့အတွက်ကြောင့် အောင်းဝေမှာ အစောပိုင်းက သူမြင်လိုက်ရသည့် အရာများသည် ပုံရိပ်ယောင်များ ဖြစ်နေလေသလားဟုပင် တွေးမိသွားလေသည်။ သို့သော်ငြား ပုံရိပ်ယောင်ဟု မှတ်ယူဖို့ရာ ထိုအရာများသည် အလွန်ကိုမှ အစစ်အမှန်ဆန်လွန်းလှပေသည်။

အောင်းဝေ ဘာတွေဖြစ်လို့ဖြစ်သွားမှန်း နားမလည်နိုင်သေးခင်မှာပင် ရန်ကိုင်က သူ့လက်ကိုမြှောက်၍ အမိန့်ပေးလိုက်လေ၏။ "သူ့ကို ပို့လိုက်ပေတော့"

ဂန်းဂန်းသည်လည်း ၎င်း၏ ပါးစပ်ကို ဟ၍ အောင်းဝေအား တစ်ကျိုက်တည်း မျိုချပစ်လိုက်လေသည်။

[ငါ့ကံကြမ္မာက ဒီမှာတင် အဆုံးသတ်သွားခဲ့ပြီပေါ့] ထိုအတွေးနှင့်အတူ အောင်းဝေသည် မျက်လုံးကို ပိတ်၍ သူ့ကံကြမ္မာကို လက်ခံရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။ သို့သော်ငြား တစ်ခဏကြာပြီးသည့်နောက် သူမျှော်လင့်နေသည့် နာကျင်မှုမှာ ရောက်ရှိမလာခဲ့။ ထိုအစား သူမျက်လုံး ပြန်ဖွင့်လိုက်ချိန် အံ့အားသင့်ဖွယ်ရာ မြင်ကွင်းတစ်ရပ်ကိုသာ မြင်တွေ့လိုက်ရလေသည်။

လက်ရှိအချိန်တွင် အောင်းဝေမှာ ကမ္ဘာအသစ်တစ်ခုသို့ ရောက်နေခဲ့သည်။ ဤလောကကြီးတစ်ခုလုံးမှာ လုံးဝကို ဖရိုဖရဲဖြစ်နေခဲ့လေသည်။ တောင်နှယ် ပုံထပ်နေသော မြေသားထုများ အမျိုးမျိုးသော ကျောက်တုံးကျောက်ခဲများသည် သူ့ဘေးပတ်ဝန်းကျင်အနှံ့ ပုံထပ်နေခဲ့လေသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ အောင်းဝေမှာ နောက်တစ်ကြိမ် ထပ်မံ၍ အံ့အားသင့်သွားရပြန်လေသည်။ အကြောင်းမှာ ဤလောကကြီးထဲရှိ မိုးမြေစွမ်းအင်သည် သူနေထိုင်သော တောင်ပင်လယ်ကြယ်ထက်ပင် အဆပေါင်းများစွာ ပိုမို သိပ်သည်းနေသည့်အတွက်ကြောင့်ပင်။ သို့သော်ငြား လောကနိယာမများမှာတော့ အနည်းငယ် ပျက်စီးနေသလို ဖြစ်နေသည့်အတွက်ကြောင့် သူ့ကိုယ်ထဲရှိ စွမ်းအားကို လှည့်ပတ်ဖို့ရာ အနည်းငယ် ခဲယဉ်းနေခဲ့ရလေသည်။

[ဒါ ဘာနေရာကြီးလဲ၊ ငါ့ကို အနက်ရောင်သားရဲကြီး ဝါးမျိုသွားတာမဟုတ်ဘူးလား၊ ငါဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ] ထိုအခိုက်အတန့်တွင် ကျောက်တုံးတစ်တုံးအောက်၌ အရောင်တလက်လက် တောက်ပနေသည့် ပစ္စည်းတစ်ခုကို အောင်းဝေ တွေ့သွားခဲ့လေသည်။ အောင်းဝေမှာလည်း စိတ်ဝင်တစားဖြင့် ထိုပစ္စည်းအား သွားကောက်ယူကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံး မှေးစင်းသွားခဲ့သည်။

"မရဏဂိုဏ်း" အောင်းဝေ သူ့မျက်လုံးသူ မယုံကြည်နိုင်ပင် ဖြစ်သွားခဲ့ရသည်။ [ဒါ ဒါ မရဏဂိုဏ်းရဲ့ ဆိုင်းဘုတ်ကြီး မဟုတ်ဘူးလား] အောင်းဝေသည် တောင်ပင်လယ်ကြယ်၏ ကြယ်သခင်တစ်ပါးဖြစ်ပါသော်ငြား ယခင်က မရဏကြယ်သို့ ရောက်ခဲ့ဖူးပြီး မရဏဂိုဏ်းထဲသို့ပင် သွားခဲ့ဖူးပေသည်။ ဤဆိုင်းဘုတ်ကြီးသည် မရဏဂိုဏ်း၏ အဓိက ဂိတ်ပေါက်ရှေ့တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီး ဖြစ်လေသည်။

(ဒါ မရဏဂိုဏ်းရဲ့ အဓိကဂိတ်ပေါက်မှာ ချိတ်ဆွဲထားတဲ့ဆိုင်းဘုတ်ဆိုတာ သေချာတယ်၊ ဘယ်လိုလုပ်ပြီး ဒီဆိုင်းဘုတ်ကြီးက ဒီနေရာကို ရောက်နေတာလဲ)

တောင်ပင်လယ်ကြယ်အနှံ့တွင် ပျံ့နှံ့နေသော ကောလာဟကများကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် အောင်းဝေစိတ်ထဲ အကြောင်းအရာတစ်ခုကို စဉ်းစားမိသွားခဲ့လေသည်။

ရုတ်တရက် အသံဗလံအချို့ကို အောင်းဝေ ကြားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ကောင်းကင်ပေါ်သို့ ပျံတက်၍ ကြည့်လိုက်ရာ လူအုပ်တစ်အုပ် သူ့ဆီသို့ ပျံသန်းလာနေကြောင်းကို တွေ့လိုက်ရလေသည်။ အောင်းဝေသည်လည်း ထိုလူများဆီသို့ ပျံသန်းသွားလိုက်ပြီး ထိုလူများနှင့် စကားစမြည်ပြောကြည့်လေသည်။ ထို့နောက်တွင်တော့ အောင်းဝေမှာ ယခင်ကထက်ပင် ထိတ်လန့်သွားရတော့သည်။ [ဒီလူတွေက… ဒီလူတွေက မရဏကြယ်ရဲ့ ဒေသခံတွေလား]

…

"စီနီယာ အောင်းဝေ ရှုံးသွားပြီ"

"စီနီယာ အောင်းဝေ မျိုချခံလိုက်ရပြီ"

"အဆုံးသတ် လာနေပြီ၊ ဒီကမ္ဘာကြီးတစ်ခုလုံး ပျက်စီးတော့မယ်"

တောင်ပင်လယ်ကြယ်ပေါ်တွင် ရှိနေကြသည့် လူများမှာ သူတို့၏ အားကိုးရသော စီနီယာအောင်းဝေအား အနက်ရောင်ဘောလုံးမှ တစ်ကျိုက်တည်းဖြင့် ဝါးမျိုပစ်လိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။ ထိုဖြစ်ရပ်သည် ထိုလူများ၏ ရင်ထဲ ကြီးစွာသော အကြောက်တရားတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ အကုန်လုံးမှာ နှင်းမုန်တိုင်းထဲ ရပ်နေရသည့်ပမာ ခြေဖျားလက်ဖျားများ အေးစက်လာခဲ့ကြပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာကုန်ကြလေသည်။ စီနီယာအောင်းဝေကဲ့သို့သော အားကောင်းလှသည့် ကြယ်သခင်တစ်ပါးသည် ဤမျှ အလွယ်တကူ အသတ်ခံလိုက်ရလိမ့်မည်ဟု မည်သူမျှ ထင်ထားခဲ့ခြင်း မရှိခဲ့။ အကုန်လုံးမှာ အောင်းဝေမှ သူတို့အား ဤကပ်ဘေးမှ ကယ်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြခြင်းဖြစ်လေသည်။ ကံမကောင်းစွာဖြင့် သူတို့၏ မျှော်လင့်ချက်သည် တုန်လှုပ်ခြောက်ခြားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင်သည် ဂန်းဂန်းကို ဦးဆောင်၍ တောင်ပင်လယ်ကြယ်ဆီသို့ ချီတက်လေသည်။ ယခုတစ်ကြိမ်တွင်တော့ မည်သူမျှ သူ့လမ်းအား လာမပိတ်ရဲကြတော့။ ထိုအကြောင်းကြောင့် ဂန်းဂန်းမှာ ကျွန်းများအား တစ်ကျွန်းပြီး တစ်ကျွန်း ဝါးမျိုပစ်တော့လေသည်။ ကျွန်းများနှင့်အတူ ပင်လယ်ရေများသည်လည်း ဂန်းဂန်း၏ ဗိုက်ထဲသို့ ရောက်သွားကုန်ကြလေသည်။

အကုန်လုံးမှာ ကြောက်လန့်တကြား ထွက်ပြေးကြရင်း ရန်ကိုင်နှင့် ဂန်းဂန်းအား အဆတ်မပြတ်ကို အော်ဆဲသွားခဲ့ကြသည်။

ရန်ကိုင်ကမူ ထိုအော်ဆဲသံများကို မသိချင်ယောင်သာဆောင်နေပြီး ဂန်းဂန်းအပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်းမှ တောင်ပင်လယ်ကြယ်တစ်ခုလုံးကို ဝါးမျိုပစ်နေခဲ့လေသည်။

[ဘာမှမသိတဲ့ကောင်တွေ၊ ငါသူတို့ကို ပိုကောင်းတဲ့နေရာတစ်ခုဆီ ခေါ်သွားပေးမှာကိုတောင်မသိဘဲ ငါ့ကိုထိုင်ပြီး ဆဲနေကြသေးတယ်၊ တကယ်ကို ကျေးဇူးမသိတတ်တဲ့ကောင်တွေပါလား]

တောင်ပင်လယ်ကြယ်ကို ဝါးမျိုနေရင်းမှ ရန်ကိုင်၏စိတ်ထဲ အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။ [အခု ငါ့လုပ်ရပ်နဲ့ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ရဲ့ လုပ်ရပ်နဲ့ ဘာများကွာခြားသေးလဲ]

ဝူခွမ်းသည် ကြယ်စီရင်စုများအနှံ့ သောင်းကျန်းပြီး မရေမတွက်နိုင်သော ကျင့်ကြံရေးကြယ်များကို ဖျက်ဆီးပစ်ခဲ့သည်။ အဆုံးတွင်တော့ လူတိုင်းမှာ ဝူခွမ်းအပေါ် မကျေမနပ်ဖြစ်လာခဲ့လေရာ မဟာဧကရာဇ်များသည်လည်း ရပ်ကြည့်မနေနိုင်တော့ဘဲ စတင်၍ လှုပ်ရှားကြတော့လေသည်။

[မဟုတ်ဘူး၊ ဝူခွမ်းက ဝူခွမ်း၊ ငါက ငါပဲ၊ ငါလုပ်နေတာက ဝူခွမ်းလုပ်တာနဲ့ မတူဘူး၊ ဝူခွမ်းလုပ်ရပ်ကြောင့် ကြယ်ပေါ်မှာရှိနေတဲ့ သက်ရှိတွေအကုန်လုံး သေသွားရပေမဲ့ ငါက သူတို့ကို အခြားကမ္ဘာတစ်ခုဆီ ပို့ပေးလိုက်တာ၊ ရိုးရိုးကမ္ဘာတောင်မဟုတ်ဘူး၊ ပိုကောင်းတဲ့ ကမ္ဘာတစ်ခု၊ ဒီတော့ ငါ့လုပ်ရပ်က ကြယ်ပေါ်ကသက်ရှိတွေကို ဘာမှမထိခိုက်စေဘူးလို့ ပြောလို့ရတယ်၊ အဲဒီအစား နောက်ပိုင်းကျရင် သူတို့က ငါအခုလို လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့တောင် ငါ့ကို ကျေးဇူးတင်နေကြဦးမှာ၊ အရာအားလုံးက ပျက်စီးလိုက် ပြန်ကောင်းလိုက် ဖြစ်စဉ်ကို ကြုံကြရမှာပဲ၊ ပျက်စီးပြီးသွားတဲ့အခါမှပဲ ပိုကောင်းတဲ့အရာတွေ ဖြစ်လာနိုင်မှာ]

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၈၄)

ဘာသာပြန်သူ_တိမ်တိုက်

တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ အစပ်ဖျား၌ ဝူဟန်သည် ပုပ်သိုးသိုးအမူအယာဖြင့် ရှိနေခဲ့လေသည်။ လွန်ခဲ့သည့်နှစ်ဝက်လုံးလုံး ဝူဟန်မှာ အမှောင်ထုအား တားဆီးရန် ကြိုးစားနေခဲ့ခြင်း ဖြစ်လေသည်။ သူ့ဘက်မှ အစွမ်းကုန်သုံး၍ တားဆီးနေခဲ့သည့်တိုင် အမှောင်ထုပြန့်နှံ့နေသည်ကို အပြီးတိုင် ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့ခြင်းမရှိဘဲ အမှောင်ထုပြန့်နှံ့နေသည့်နှုန်းအား နှေးကျသွားအောင်သာ လုပ်နိုင်ခဲ့လေသည်။ လွန်ခဲ့သည့်ခြောက်လအတောအတွင်း ဝူဟန်မှာ မိုင်ပေါင်း သောင်းနှင့်ချီကာ ကျယ်ဝန်းသည့် သူ့ပိုင်နက်နယ်မြေများကို ဆုံးရှုံးခဲ့ရသည်။ ထိုအကျယ်အဝန်းသည် ဟုန်းလော့ကြယ်စီရင်စုအား သူဝါးမျိုခဲ့သည့်အကျယ်အဝန်းထက်ပင် ပိုမိုကျယ်ပြန့်နေပေသေးသည်။

(ဟိုဘက်မှာ ဘယ်သူရှိနေတာလဲ… သူ ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလုပ်နိုင်ရတာလဲ…)

ဝူဟန်ကိုယ်တိုင်သည်လည်း တစ်စပြင်ကန္တာရကြယ်စီရင်အား ဟုန်းလော့ကြယ်စီရင်စုကြီးကို ဝါးမျိုစေခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုကဲ့သို့လုပ်ဖို့ရာ မည်မျှခက်ခဲမှန်း သိပေသည်။ ကြယ်စီရင်စုတစ်ခုကို ဝါးမျိုခြင်းသည် သေသေချာချာ အသေးစိတ်လုပ်ရသည့် စိတ်ရှည်ဖို့ရာလိုအပ်သော အချိန်ကုန်လူပင်ပန်းသည့် အလုပ်တစ်ခုဖြစ်သည်။ ဤအတိုင်း နေ့ချင်းညချင်း အပြီးသပ်၍ လုပ်လို့ရသည့် အလုပ်တစ်ခုမဟုတ်။ ထို့အပြင် သူ့ဘက်မှ ဟုန်းလော့ကြယ်စီရင်စုအား ဝါးမျိုစဉ်က ဟုန်းလော့ကြယ်စီရင်စု၌ မည်သည့်ကြယ်သခင်မှ ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် ဟုန်းလော့ကြယ်စီရင်စုကို ဝါးမျိုရာတွင် မည်သည့်အတားအဆီးနှင့်မှ ကြုံခဲ့ရခြင်းမရှိ။

(ငါ ဒီလောက်တားနေတာတောင် သူဝါးမျိုနေတဲ့နှုန်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်မြန်နေရတာလဲ…)

ထိုပြဿနာတစ်ခုတည်းသာ ဆိုလျှင်တော့ ဝူဟန် ဤမျှစိုးရိမ်နေလိမ့်မည်မဟုတ်။ ကံမကောင်းစွာဖြင့် သူ့အား စိတ်ပူအောင်လုပ်နေသည့် အခြားသောကိစ္စရပ်တစ်ခုလည်း ရှိနေခဲ့လေသည်။ လွန်ခဲ့သည့်ခြောက်လအတွင်း၌ ဝူဟန်မှာ ကျင့်ကြံရေးကြယ်သုံးလုံးကို တရစပ် ဆုံးရှုံးခဲ့ရခြင်းပင်။ ပထမဦးစွာ မရဏကြယ်။ ထို့နောက် တောင်ပယ်လယ်ကြယ်။ ထို့နောက်တွင် ကဏန်းပျံကြယ်ကိုပါ ထပ်မံဆုံးရှုံးလိုက်ရသည်။ ကျင့်ကြံရေးကြယ်များမှာ တစ်လုံးပြီးတစ်လုံး သူ၏ကြယ်မြေပုံထဲမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။

(အဲ့ဒါ ကျင့်ကြံရေးကြယ်သုံးလုံးကွ… လမ်းဘေးမှာသွားဝယ်လို့ရတဲ့ ဂေါ်ဖီထုပ်သုံးထုပ်မဟုတ်ဘူး… ဟိုခွေးကောင်ရန်ကိုင် ဘယ်လိုနည်းလမ်းတွေသုံးပြီးတော့ ငါ့ကျင့်ကြံရေးကြယ်တွေကို ခိုးနေတာလဲ…) တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ ကျင့်ကြံရေးကြယ်ပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့် ကျင့်ကြံရေးကြယ်သုံးလုံးအား ဆုံးရှုံးလိုက်ရခြင်းမှာ ဝူဟန်အား ထိုမျှ စိတ်ထိခိုက်စေခြင်းမရှိပေ။ သို့သော်ငြား ဝူဟန်စိတ်ပူနေသည်မှာ ယခုကိစ္စသည် ထိုမျှနှင့် ရပ်တန့်မသွားမည်ကိုပင်။ နှစ်ဝက်အတွင်း၌ ကျင့်ကြံရေးကြယ်သုံးလုံးအား ဆုံးရှုံးလိုက်ရမည်ဆိုပါက တစ်နှစ်ဆိုလျှင်ကော…။ ဆယ်နှစ်ဆိုလျှင်ကော…။ နှစ်တစ်ရာအတွင်း၌ဆိုလျှင် ကျင့်ကြံရေးကြယ် မည်မျှပင် ဆုံးရှုံးလိုက်ရလေမည်နည်း။ ကျင့်ကြံရေးကြယ်အားလုံးကိုသာ ဆုံးရှုံးလိုက်ရမည်ဆိုလျှင် ဤကြယ်စီရင်စုကြီးကော ဘာများအသုံးဝင်ပါဦးမည်နည်း။ ထိုသို့ဖြစ်လာသည့်အခါတွင်တော့ ဝူဟန်ဆိုသည့်လူမှာ အမည်သက်သက်သာ ရှိတော့သည့် ကြယ်စီရင်စုသခင်တစ်ပါးသာ ဖြစ်ပေတော့လိမ့်မည်။

ဝူဟန်အား အနည်းငယ် စိတ်သက်သာရာ ရနေစေသည့် အချက်မှာ ကဏန်းပျံကြယ်အား ခိုးယူပြီးသွားသည့်အချိန်မှစ၍ ရန်ကိုင်ဘက်မှ မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရသေးခြင်းပင်။

(သူ ဘာတွေများလုပ်နေတာလဲ…) ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်သည့်အလျောက် ကြယ်စီရင်စုထဲ ရှိနေသော ရန်ကိုင်၏လှုပ်ရှားမှုများကို စစ်ဆေးကြည့်ဖို့ရာ ဝူဟန်အတွက် မခက်လှပေ။ သို့သော်ငြား ထိုကဲ့သို့မလုပ်ရဲခဲ့။ သူသည်သာ ရန်ကိုင်အပေါ် တစ်ခဏလေးမျှ အာရုံစိုက်လိုက်သည်နှင့်တစ်ပြိုင်နက် အမှောင်ထုပျံ့နှံ့နေသည့်နှုန်းမှာ အကြီးအကျယ်ကို မြင့်တက်သွားပေလိမ့်မည်။

(ဒီအတိုင်းဆက်သွားနေလို့တော့ မဖြစ်တော့ဘူး… မဟုတ်ရင် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး… ငါ တကယ်ကြီး အဲ့လိုလုပ်မှ ရတော့မှာလား…) ဝူဟန်၏အမူအယာမှာ အဆက်မပြတ်ကို ပြောင်းလဲနေလေသည်။ ဒေါသ၊ ရှက်ရွံ့မှု၊ တုံ့ဆိုင်းမှု အမျိုးမျိုးသောစိတ်ခံစားချက်တို့သည် သူ့မျက်နှာထက် အဆက်မပြတ်ကို ထွက်ပေါ်လာနေခဲ့လေသည်။

ဂန်းဂန်းသည် ကြယ်သေတစ်လုံးပေါ်ထက် ဝဲနေခဲ့လေသည်။ ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးမှာ ကျုံ့ဝင်သွားလိုက် ပြန်ဖောင်းလာလိုက် ကျုံ့ဝင်သွားလိုက် ပြန်ဖောင်းလာလိုက် ဖြစ်နေခဲ့သည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်မှာမူ ဘေးမှရပ်၍ ဂန်းဂန်း၏အခြေအနေကို သေချာစောင့်ကြည့်နေခဲ့လေသည်။ ဂန်းဂန်း ဘာကြောင့် ဤကဲ့သို့ဖြစ်နေရသလဲဆိုသည်ကို မသိပါသော်ငြား သူ့စိတ်ထဲ ဂန်းဂန်း ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ ဗိုက်ဝသွားသည့်အတွက်ကြောင့် ဖြစ်သည်ဟု ခံစားနေရလေသည်။

ဂန်းဂန်းသည် စုစုပေါင်း ကျင့်ကြံရေးကြယ်သုံးလုံးအား ဝါးမျိုထားပြီးသွားခဲ့လေပြီ။ နောက်ဆုံးကြယ်ဖြစ်သော ကဏန်းပျံကြယ်အား ဝါးမျိုပြီးသည့်နောက်တွင် ၎င်း၏ပါးစပ်ကြီးမှာ ပြန်ပိတ်သွားတော့သည်။ သွားချင်းရိုက်နေသည့်အသံများလည်း ထွက်ပေါ်လာခဲ့ခြင်းမရှိတော့။ ထို့နောက် ကဏန်းပျံကြယ်ရှိနေသည့်နေရာတွင်ပင် မလှုပ်မယှက် ရပ်နေခဲ့ပြီး ယခုကဲ့သို့ အဆက်မပြတ် ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။

ထိုအချင်းအရာကိုမြင်စဉ်က ရန်ကိုင်မှာ လောကဓာတ်လုံးနှင့် ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်ပါသော်ငြား သူ့နာမ်ဝိဉာဉ်သည် လောကဓာတ်လုံးထဲသို့ ဝင်နိုင်ခြင်းမရှိကြောင်း တွေ့လိုက်ရသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်လည်း ဘာမှမလုပ်နိုင်တော့ဘဲ ရပ်ကြည့်နေရုံသာ တတ်နိုင်တော့လေသည်။ သူ့အထင်သာ မှန်မည်ဆိုလျှင်တော့ လက်ရှိအချိန်တွင် ဂန်းဂန်း ဝါးမျိုထားပြီးသားအရာများကို အစာချေဖျက်နေခြင်းသာ ဖြစ်ပေသည်။

ဂန်းဂန်းဝါးမျိုထားသည်မှာ ဝါးမျိုဖို့ရာ မလွယ်ကူလှသည့် ကျင့်ကြံရေးကြယ်သုံးလုံး ဖြစ်ပေသည်။ ကျင့်ကြံရေးကြယ်သုံးလုံးအား ဝါးမျိုပြီးသွားသည့်နောက်တွင် ထိုအရာများကို ထပ်မံချေဖျက်ရန် လိုအပ်လာခဲ့သည်။ ထိုသို့သာမဟုတ်ပါက လောကနိယာမအချင်းချင်း ပဋိပက္ခဖြစ်ကာ လောကဓာတ်လုံးအား ပြိုကျသွားစေနိုင်သလို လောကဓာတ်လုံးထဲတွင်ရှိနေသော သက်ရှိများကိုလည်း သေကြေသွားစေနိုင်ပေသည်။

ထိုအရာများကိုသာ ချေဖျက်ပြီးသွားခဲ့မည်ဆိုလျှင်တော့ လောကဓာတ်လုံးတစ်ခုလုံးသည် အသွင်သစ် ပုံစံအသစ် ဖြစ်လာပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် မျှော်လင့်တကြီးဖြင့်သာ ရပ်စောင့်ကြည့်နေလေ၏။

ရန်ကိုင်မှာ ကျောက်တုံးကိုယ်ပွား၏ အခြေအနေကို စစ်ဆေးကြည့်ချင်ပါသော်ငြား လက်ရှိအချိန်တွင် သူတို့နှစ်ဦးကြား အကွာအဝေး အတော်လေးကို ခြားနေခဲ့ရလေသည်။ ရန်ကိုင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ အတွင်းပိုင်းတွင် ရှိနေသည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားနှင့် မဆက်သွယ်နိုင်ခဲ့ပေ။ သို့သော်ငြား ဝူဟန်ကိုယ်တိုင်မှာလည်း ဒုက္ခရောက်နေလောက်ပေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်အတွက် ဤမျှ ချောမွေ့လွယ်ကူနေခဲ့လိမ့်မည်မဟုတ်ပေ။ ဝူဟန်သည်သာ ရန်ကိုင်အပေါ် အာရုံစိုက်နိုင်ခဲ့မည်ဆိုလျှင် ရန်ကိုင်အား မည်သည့်နည်းနှင့်မျှ လွှတ်ထားစရာအကြောင်းမရှိပေ။

ထိုသို့တွေးမိလိုက်သော် ရန်ကိုင် ရယ်သွမ်းသွေးမိလိုက်လေ၏။ (ငါ့ကိုလာရန်စတဲ့လူတွေ ဘယ်တော့မှ အဆုံးသတ်ကောင်းလေ့မရှိဘူး… ဝူခွမ်းတောင် ဒုက္ခရောက်သွားတာ… မင်းလိုဝူဟန်ကများ…)

အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေခဲ့လေသည်။ ကြယ်တာရာကောင်းကင်ထဲ နေ့ညအား ခွဲခြား၍မရသည့်အတွက်ကြောင့် ရန်ကိုင်မှာ အချိန်မည်မျှ ကြာလို့ကြာသွားပြီမှန်း မသိခဲ့။

သို့သော်ငြား တစ်နေ့ထက်တစ်နေ့ ဂန်းဂန်း၏စိတ်ဆန္ဒမှာ ပိုပို၍ ကြည်လင်ပြတ်သားလာကြောင်းကိုတော့ ရန်ကိုင် အသေအချာ ခံစားမိနေခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဝါးမျိုထားသည့်အရာများမှာ ချေဖျက်ခြင်းဖြစ်စဉ်သည် ချောချောမွေ့မွေ့နှင့် သွားနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ဂန်းဂန်း သည် ဝါးမျိုလိုက်သော ကျင့်ကြံရေးကြယ်သုံးလုံး၏ လောကနိယာမများကို ခွဲခြား၍မရတော့အောင် ပေါင်းစပ်လိုက်နိုင်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုစိတ်ဆန္ဒမှာ ပိုပို၍ ကြည်လင်ပြတ်သားလာခဲ့သည်။ ရန်ကိုင်နှင့် ဆက်သွယ်နိုင်လောက်သည့်အဆင့်ထိတော့ မရောက်သေးပါသော်ငြား အနည်းဆုံးတော့ မသိစိတ်အရ ရန်ကိုင်နှင့် ဆက်သွယ်လာနိုင်ခဲ့လေပြီ။ အသိသာဆုံးသောပြောင်းလဲမှုမှာတော့ ၎င်း၏ပုံပန်းသွင်ပြင်သာ ဖြစ်လေသည်။ မရဏကြယ်ကို ဝါးမျိုပြီးသည့်နောက်တွင် ဂန်းဂန်း သည် သွားများနှင့် ပါးစပ်ပေါက်ပါသော အနက်ရောင်ဘောလုံးကြီးတစ်လုံးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ပါးစပ်ပေါက်အပြင် ပါးစပ်ပေါက်နှင့် ဆန့်ကျင်ဘက်အရပ်၌ အမြီးတစ်ချောင်းပင် ထွက်နေခဲ့လေပြီ။ ထိုအမြီးသည် အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ရှည်လျားလာခဲ့လေသည်။ လက်ရှိဂန်းဂန်း ၏ပုံစံမှာ အရွယ်အစားကြီးမားလာသော အနက်ရောင်ဖားလောင်းလေးတစ်ကောင်နှင့်ပင် တူနေပေသေးသည်။

နောက်ဆုံး တစ်ရက်ကြာပြီးသည့်နောက်တွင်တော့ ဂန်းဂန်း၏ အသွင်ပြောင်းလဲခြင်းဖြစ်စဉ် ရပ်တန့်သွားခဲ့လေသည်။ ပြီးသွားသည့်နောက်တွင် ဂန်းဂန်း၏ပါးစပ် နောက်တစ်ကြိမ်ပြန်ပွင့်လာခဲ့ပြီး သွားချင်းရိုက်သံများ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသလောက် ဂန်းဂန်း ဆာနေပြီဖြစ်သည့်ပုံပင်။ ကျင့်ကြံရေးကြယ်သုံးလုံးကို အစာချေဖျက်ပြီးသည့်နောက်တွင် ဂန်းဂန်းမှာ နောက်ထပ်ကျင့်ကြံရေးကြယ်များကို ဝါးမျိုဖို့ရာ အဆင်သင့်ဖြစ်လာခဲ့လေပြီ။ ထို့အပြင် ၎င်း၏အရွယ်အစားမှာလည်း ယခင်ကထက်ပို ပိုမိုကြီးမားလာခဲ့သည်။ မူလက ဂန်းဂန်းသည် အချင်းမိုင်တစ်ရာခန့်လောက်သာ ရှိခဲ့ပါသော်ငြား ယခုအချိန်တွင်တော့ မိုင်နှစ်ရာနီးပါးခန့် ရှိနေခဲ့လေပြီ။

ရန်ကိုင်မှာလည်း ဤမျှလောက်နှင့်ရပ်တန့်ရန် မစဉ်းစားထားခဲ့ပေ။ ထို့အတွက်ကြောင့် ဂန်းဂန်း အား စိတ်ကြိုက်လုပ်ခွင့် ပေးထားခဲ့လေသည်။ ထိုသို့ဖြင့် ဂန်းဂန်း သည် တစ်ခုသောအရပ်ဆီသို့ ချက်ချင်း ဦးတည်ထွက်သွားလေ၏။ ဂန်းဂန်း သွားနေသည့်ဘက်တွင် အမှောင်ထုမှလွဲ၍ အခြားဘာကိုမှ မတွေ့ရပါသော်ငြား ထိုဘက်တွင် ကျင့်ကြံရေးကြယ်တစ်လုံး ရှိနေလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။

ထိုနေရာဆီသို့ သွားနေစဉ်အတောအတွင်း ရန်ကိုင်သည် လောကဓာတ်လုံးထဲသို့ ဝင်ကြည့်လိုက်လေသည်။ လောကဓာတ်လုံး ပြောင်းလဲသွားပြီးသည့်နောက် ယခုမှသာလျှင် ရန်ကိုင်မှာ လောကဓာတ်လုံးထဲသို့ ပထမဦးဆုံးအကြိမ် ပြန်လည်ခြေချဖူးခြင်း ဖြစ်လေသည်။ အထဲသို့ရောက်လာသည့်အခိုက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင်မှာ မှင်တက်သွားခဲ့ရသည်။ လက်ရှိလောကဓာတ်လုံးသည် သူသိသည့် လောကဓာတ်လုံး မဟုတ်တော့ချေ။ လောကတစ်ခုလုံး၏အရွယ်အစားမှာ အဆပေါင်းများစွာ ပိုမိုကြီးမားလာခဲ့လေရာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံဖြင့်ပင်လျှင် လောက၏ အဆုံးသတ်နားသို့ရောက်ရန် အတော်လေးကိုမှ ကြိုးစားလိုက်ရသည်။

လက်ရှိအချိန်တွင် လောကဓာတ်လုံးမှာ အစစ်အမှန်ကမ္ဘာငယ်လေးတစ်ခု ဖြစ်လာပြီဟု ပြော၍ရသွားခဲ့လေပြီ။ ဤကဲ့သို့သောကမ္ဘာမျိုးသည် သာမန်ကျင့်ကြံရေးကြယ်များထက် ပို၍ အဆင့်မြင့်ပေသည်။ ပတ်ဝန်းကျင်မြေနေရာအနေအထားမှာလည်း အတော်များများပြောင်းလဲသွားခဲ့သည်။ တောအုပ်များဖြစ်စေ ပင်လယ်များဖြစ်စေ လွင်ပြင်များဖြစ်စေ သဲကန္တာရများဖြစ် တောင်များဖြစ်စေ အရာအားလုံး ဤနေရာတွင် ရှိနေကြသည်။ ထိုနေရာများသည် အမျိုးမျိုးသော သက်ရှိများနှင့် မျိုးနွယ်စုဝင်များ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိနေရန်အတွက် သင့်တော်သည့်နေရာများ ဖြစ်ကြပေသည်။

မရေမတွက်နိုင်သော သက်ရှိများ လောကကြီးအနှံ့ ဖြန့်ကျက်တည်ရှိနေကြသလို အမျိုးမျိုးသော အဆောက်အဦများလည်း နေရာအနှံ့တွင် တည်ရှိနေကြလေသည်။ ကျင့်ကြံရေးကြယ်သုံးလုံးမှ အမျိုးမျိုးသောသက်ရှိများနှင့် တောရိုင်းတိရစ္ဆာန်များမှာလည်း ဤကမ္ဘာထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ဤနေရာထဲသို့ ရောက်လာပြီးသည့်နောက် ထိုလူများ ပထမဦးဆုံးလုပ်သည်မှာ ဤနေရာ၌ မည်ကဲ့သို့သော အန္တရာယ်မျိုး ရှိသလဲဆိုသည်ကို စစ်ဆေးခြင်းပင် ဖြစ်လေသည်။ မည်သည့်အန္တရာယ်မှ မရှိကြောင်း အတည်ပြုပြီးသွားသည့်အခါမှသာလျှင် သူတို့၏ဂိုဏ်းများနှင့် အိမ်များကို ပြန်လည်တည်ဆောက်ကြတော့သည်။ နောက်ပိုင်းလည်း မည်ကဲ့သို့သောအန္တရာယ်မျိုးနှင့် တွေ့ရမလဲဆိုသည်ကို မသေချာသေးသည့်အတွက်ကြောင့် လက်ရှိအချိန်တွင် ထိုလူအားလုံးသည် တစ်ဦးနှင့်တစ်ဦး ပြဿနာမဖြစ်မိအောင် အတတ်နိုင်ဆုံး ထိန်းချုပ်ကာ နေနေကြလေသည်။

ဤလောကကြီးအား အတန်ကြာအောင် လေ့လာနေပြီးသည့်နောက်တွင် မူလက လောကဓာတ်လုံး၏မြေနေရာလေးကို ရန်ကိုင် ပြန်ရှာတွေ့သွားခဲ့လေသည်။ ထိုနေရာသည် ဤကမ္ဘာကြီးတစ်ခုလုံး၏ အလယ်ဗဟိုအကျဆုံးနေရာတွင် တည်ရှိနေခြင်းဖြစ်လေသည်။ ထို့အပြင် ထိုနေရာအား မမြင်နိုင်သည့်အကာအရံတစ်ခုမှ လွှမ်းခြုံထားခဲ့သည့်အတွက်ကြောင့် အသစ်ရောက်လာသည့်မည်သူမျှ ထိုနေရာထဲသို့ မဝင်နိုင်ကြပေ။

ထိုအကာအရံကို မြင်လိုက်သည့်အခါမှသာလျှင် ရန်ကိုင်မှာ စိတ်သက်သာရာ ရသွားနိုင်တော့လေသည်။ တစ်ယောက်ယောက်များ သူ့ဆေးဥယာဉ်ထဲ ရောက်လာပြီး ဆေးပင်များကို ဖျက်စီး၊ နှုတ်ယူသွားလေမလား ဆိုသည်ကို ရန်ကိုင် စိတ်ပူနေခြင်း ဖြစ်သည်။ ယခု ကြည့်ရသလောက် သူစိတ်ပူနေသည်မှာ အပိုသက်သက်သာ ဖြစ်နေသည့်ပုံပင်။

(ရောက်နေပြီဆိုမှတော့ ငါလည်း သွားပြီးတော့ နှုတ်ဆက်ရသေးတာပေါ့… အနည်းဆုံးတော့ ဒီနေရာရဲ့ပိုင်ရှင် ဘယ်သူလဲဆိုတာကို ဒီလူတွေ သိသွားအောင် လုပ်ပေးရမယ်…)

ရန်ကိုင်၏အတွေးတစ်ချက်နှင့် ဧရာမပုံရိပ်ကြီးတစ်ခု ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ဤလောကကြီးထဲတွင် ရှိနေကြသော သက်ရှိအားလုံးမှာ ထိုပုံရိပ်ကြီးကို မြင်လိုက်သည့်အခိုက် ထိတ်လန့်သွားကုန်ကြလေသည်။ အတော်များများမှာ ထိုပုံရိပ်ကြီးအား ရိုသေကိုင်းရှိုင်းသည့် အမူအယာမျိုးဖြင့် ကြည့်နေကြပါသော်ငြား အချို့မှာလည်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကုန်ကြလေသည်။

“သူပဲ…” အသစ်ဖြစ်ပေါ်လာသည့် ကျွန်းပေါ်တွင် ရပ်နေသော အောင်းဝေမှာ ကောင်းကင်ပေါ်သို့ ထိတ်လန့်တကြားအမူအယာဖြင့် မော့ကြည့်နေခဲ့လေသည်။ ထိုလူငယ်လေး၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူခြင်း ခံလိုက်ရသည့် အဖြစ်အပျက်ကို အောင်းဝေ ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။ ထိုလူသည် သူ့ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည့်လူတစ်ဦးဖြစ်မှန်း အောင်းဝေ မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ သို့သော်ငြား ရူးရူးမိုက်မိုက်နှင့် ထိုကဲ့သို့သောလူမျိုးကိုမှ သွားတိုက်ခိုက်ရန် ကြိုးစားခဲ့လေသည်။

လူအတော်များများမှာလည်း ရန်ကိုင်အား မှတ်မိကြပေသည်။ တကယ်တော့ ရန်ကိုင်မှ ဂန်းဂန်းကိုစီး၍ သူတို့၏ကြယ်များကို ဖျက်ဆီးနေစဉ် ရန်ကိုင်ကို ခပ်လှမ်းလှမ်းမှ မြင်ခဲ့ရသည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုပြန်မြင်လိုက်ရသည့်အခိုက် အကုန်လုံးမှာ ပို၍ပင် အံ့ဩသွားကုန်ကြရလေသည်။

“ငါက ဒီလောကကြီးရဲ့သခင်ပဲ… ဒါပေမယ့် မင်းတို့တွေ စိတ်ပူနေစရာမလိုဘူး… ငါ မင်းတို့အပေါ် ဘာမကောင်းတဲ့ရည်ရွယ်ချက်မှမရှိဘူး… မင်းတို့ဘာသာမင်းတို့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းပဲ နေကြ… မင်းတို့ထဲမှာ ပါရမီပါတဲ့ကျင့်ကြံသူတွေ ရှိမယ်ဆိုလို့ရှိရင်ရင် ငါ အဲ့လူတွေကို ပိုပြီးတော့ကြီးကျယ်ခမ်းနားတဲ့ သိုင်းတာအိုနဲ့ ခံစားထိတွေ့နိုင်အောင် ပိုအဆင့်မြင့်တဲ့ကမ္ဘာတစ်ခုဆီ ခေါ်သွားပေးမယ်…” ရန်ကိုင်သည် သူ့ကိုယ်သူလက်ညှိုးထိုးလိုက်ရင်းမှ ပြုံးဖြီး၍ပြောလိုက်သည်။ “ငါ မင်းတို့ကို စောင့်ကြည့်နေမှာနော်… ဒီတော့ အကောင်းဆုံးကြိုးစားကြ… နဂါးဂိတ်ကိုဖြတ်ကျော်ပြီးတော့ နဂါးတစ်ကောင်ပဲဖြစ်လာမလား ဒါမှမဟုတ် မင်းတို့ဘာသာမင်းတို့ ငါးတစ်ကောင်အနေနဲ့ပဲ ပင်လယ်ထဲမှာ ဆက်ကူးနေမလားဆိုတာကတော့ မင်းတို့ဘယ်လောက်ကြိုးစားလဲဆိုတဲ့အပေါ်မှာ မူတည်သွားလိမ့်မယ်…”

လောကကြီးတစ်ခုလုံးမှာ လုံးဝကို တိတ်ဆိတ်နေခဲ့လေသည်။ လူတိုင်းမှာ စကားတစ်ခွန်းပင်မပြောနိုင်လောက်အောင်ကို ထိတ်လန့်နေကြလေ၏။ တစ်ခဏကြာပြီးသည့်နောက် ကောင်းကင်ထက်ရှိပုံရိပ်ကြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ထိုပုံရိပ်ကြီးပြောသွားသည့်စကားများသည် လူတိုင်း၏ရင်ထဲ လှိုင်းဂယက်များ ထသွားစေခဲ့လေသည်။ အထူးသဖြင့် တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများကိုပင်။

(ပိုအဆင့်မြင့်တဲ့ကမ္ဘာ… ပိုပြီးကြီးကျယ်ခမ်းနားတဲ့သိုင်းတာအို…) ထိုစကားလုံးများသည် ထိုလူများ၏ရင်ထဲရှိ အားကောင်းလိုသည့်ဆန္ဒကို ပြင်းပြင်းထန်ထန် လှုံ့ဆော်ပေးလိုက်လေသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုထဲတွင် ရှိနေကြသော ကျင့်ကြံသူအများစုသည် ကြယ်တာရာအစုအဝေးအကြောင်းကို သိထားကြပေသည်။ တကယ်တော့ တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ ကြယ်တာရာအစုအဝေးဆီသို့ သွားနိုင်သည့်လမ်းကြောင်းတစ်ခု ရှိနေသည်မဟုတ်ပေလော။ မရဏဂိုဏ်းသည် ယခင်ဂိုဏ်းချုပ် ယင်လဲ့ရှန်သည် ကြယ်စီရင်စုထဲမှ အခြားသောပညာရှင်အချို့နှင့်အတူ ထိုနေရာဆီသို့ ထွက်သွားသည့်အကြောင်းကို လူတိုင်း သိထားကြပေသည်။ ထိုနေရာသို့ ထွက်သွားပြီးသည့်နောက်ပိုင်း သူတို့ဘာဖြစ်သွားသလဲဆိုသည်ကိုသာ မသိကြခြင်းပင်။

ယင်လဲ့ရှန်တို့သုံးခဲ့သည့်နည်းလမ်းအတိုင်း ကြယ်တာရာအစုအဝေးသို့ သွားခြင်းသည် အန္တရာယ်များသည့်နည်းလမ်းတစ်ခုဖြစ်ကာ အနည်းငယ်လေးသော ချွတ်ချော်မှုသည်ကပင်လျှင် သူတို့၏အသက်ကို နှုတ်ယူသွားနိုင်ပေသည်။ ထိုအကြောင်း‌ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ၌ ရှိနေကြသော ကျင့်ကြံသူများမှာ သူတို့ခွန်အားအပေါ် အပြည့်အဝ ယုံကြည်ချက်မရှိသေးသရွေ့ ထိုနည်းလမ်းကို အသုံးမပြုရဲကြခြင်းပင်။ သို့သော်ငြား ယခုမူ သူတို့ရှေ့သို့ အခွင့်အရေးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေပြီ။ ကြည့်ရသလောက် ဤကမ္ဘာကြီး၏သခင်သည် သူတို့အား ကြယ်တာရာအစုအဝေးဆီသို့ ခေါ်သွားနိုင်သည့်ပုံပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၈၅)

ဘာသာပြန်သူ_တိမ်တိုက်

အရောင်တလက်လက်တောက်ပနေသည့် ကြယ်များမှာ တစ်လုံးပြီးတစ်လုံး ပျောက်ကွယ်နေကြလေသည်။ မသိလျှင် မမြင်နိုင်သည့်လက်ကြီးတစ်ဖက်မှ ကြယ်တာရာကောင်းကင်ထဲရှိ ကြယ်များကို ဆွဲယူပစ်သွားသည့်အလား။

ဆက်၍သည်းမခံနိုင်တော့သည့်အဆုံးတွင် ဝူဟန်သည် အံကြိတ်၍ ထအော်တော့လေသည်။ “ရန်ကိုင်….”

ရန်ကိုင်နှင့်တိုက်ခိုက်ရာတွင် ဝူဟန်မှာ လုံးဝကို အောက်စည်းသို့ ရောက်ခဲ့ရသည်။ ရန်ကိုင်ကြောင့် သူ့ကြယ်စီရင်စုအစိတ်အပိုင်းများစွာ ဆုံးရှုံးခဲ့ရရုံမက ကျင့်ကြံရေးကြယ်ငါးလုံးကိုပါ ဆုံးရှုံးလိုက်ရသည်။

(ဒီအတိုင်းသာဆက်သွားနေရင် ငါ့မှာရှိသမျှ အကုန်ကုန်သွားလိမ့်မယ်…) ဝူဟန်၏ရင်ထဲ ဒေါသ၊ နောင်တတရားတို့ တလိပ်လိပ်တက်လာခဲ့သည်။ (ဟုန်းလော့ကြယ်စီရင်စုမှာ ကြယ်စီရင်စုသခင် ရှိလာပြီဆိုတဲ့အကြောင်းကို အာရုံခံမိမိခြင်း အဲ့ကနေ လက်ဖယ်လိုက်လို့ရှိရင် အခုလိုမျိုး ပြဿနာများတာတွေ ဖြစ်လာခဲ့မှာမဟုတ်ဘူး…)

ထိုစဉ်က ဝူဟန်သည် တက်သစ်စကြယ်သခင်တစ်ပါးဖြစ်သော ရန်ကိုင်အပေါ် အသာစီးယူချင်ခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်အမြုတေကို သူ့လက်ထဲသို့ အပ်ရန်ပင် တောင်းဆိုခဲ့သည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူတို့ကြားရှိ ရန်ငြိုးရန်စမှာ လုံးဝကို မကြေအေးနိုင်သည့်အဆင့်သို့ ရောက်သွားခဲ့လေပြီ။

(အခုမှနောင်တရနေလို့လည်း အပိုပဲ… အခုလောလောဆယ် ဒီကောင့်ကို အရင်ရှင်းပစ်မှပဲ ရတော့မယ်… သူ့ကိုအာရုံစိုက်လိုက်လို့ ငါ့နယ်မြေတွေအများကြီး ဆုံးရှုံးသွားရမယ်ဆိုရင်တောင် ငါ့ပိုင်နက်ထဲမှာ သူလုပ်ချင်တိုင်းလုပ်နေတာကို ခွင့်ပြုပေးလို့မရတော့ဘူး…) ထိုကဲ့သို့စဉ်းစားပြီးသည်နှင့် တစ်ပြိုင်နက် ဝူဟန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ချက်ချင်းပဲ ရန်ကိုင်၏အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။

မကြာမီမှာပင် ကြယ်တာရာကောင်းကင်ထဲ ရန်ကိုင်၏သဲလွန်စကို ဝူဟန် ရှာတွေ့သွားခဲ့သည်။ ရန်ကိုင်၏လက်ရှိအခြေအနေကို သေသေချာချာ မြင်လိုက်ရပြီးသည့်နောက် ဝူဟန် မှင်တက်သွားတော့လေ၏။ “ဘာကြီးလဲ…”

ခြောက်ခုမြောက်ကျင့်ကြံရေးကြယ်၏ အစိတ်အပိုင်းတော်တော်များများမှာ ဆုံးရှုံးသွားကုန်ရလေပြီ။ လက်ရှိအချိန်တွင်တော့ ထိုကြယ်ကြီးပေါ်၌ ဖားလောင်းကဲ့သို့သော ဧရာမမွန်းစတားကြီးတစ်ကောင်သည် ခေါက်တုံ့ခေါက်ပြန်သွားလာရင်းမှ ကြယ်၏အစိတ်အပိုင်းများကို အရသာရှိသည့် စားကောင်းသောက်ဖွယ်တစ်ခုကို စားသောက်နေသည့်အလား တစ်ကိုက်ချင်းတစ်ကိုက်ချင်း ကိုက်စားသွားနေခဲ့လေသည်။

အလွန်ကိုမှ အတွေ့အကြုံကြွယ်ဝလှသည့် ဝူဟန်ကဲ့သို့သောလူမျိုးသည်ပင်လျှင် ထိုအနက်ရောင်မွန်းစတားကြီးမှာ ဘာကောင်မှန်း မပြောနိုင်ခဲ့ပေ။ သို့သော်ငြား ထိုအရာကြီးကိုကြည့်ရင်း သူ့စိတ်ထဲ အနည်းငယ်တော့ ထိတ်လန့်နေမိလေသည်။

ဂန်းဂန်း ၏ကျောပြင်ပေါ်တွင် တင်ပလင်ခွေထိုင်နေသော ရန်ကိုင်သည်လည်း တစ်ခုခုအား သတိထားမိသွားသည့်အလား ကြယ်တာရာကောင်းကင်ပေါ်သို့ ပြုံးဖြီး၍ မော့ကြည့်လိုက်လေသည်။

ချက်ချင်းဆိုသလို ဝူဟန်သည် ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့လေသည်။ ကြယ်စီရင်စုသခင်တစ်ဦး ဖြစ်သည့်အလျောက် မိုင်ပေါင်းသိန်းသန်းမက ဝေးကွာသည့်အကွာအဝေးအား မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်သွားဖို့ရာမှာ ဝူဟန်အတွက်တော့ ဘာမှ မပြောပလောက်ပေ။ ရန်ကိုင်ရှေ့သို့ရောက်သည်နှင့်တစ်ပြိုင်နက် သူ့လက်ကိုမြှောက်၍ အံကြိတ်ကာ အော်ပြောလိုက်လေသည်။ “သေလိုက်ပေတော့…”

ကြယ်စီရင်စုကြီးတစ်ခုလုံး၏စွမ်းအား အသက်ဝင်လာခဲ့ပြီးသည့်နောက် မမြင်နိုင်သည့် အချုပ်အနှောင်များ ဂန်းဂန်း၏ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ရစ်ပတ်ချုပ်နှောင်သွားခဲ့ရာ ဂန်းဂန်း ခန္ဓာကိုယ်၏ အရွယ်အစားမှာ အဆက်မပြတ်ကို ကျုံ့ဝင်လာခဲ့ရလေသည်။ သို့သော်ငြား ခန္ဓာကိုယ်သေးသွားသည့်နှုန်းမှာတော့ သိပ်၍ မသိသာလှပေ။ ဂန်းဂန်းသည်လည်း ထိုအချုပ်အနှောင်မှ ရုန်းထွက်ရန် အသည်းအသန်ကြိုးစားနေသည့်အလား ၎င်း၏ပါးစပ်ကြီးအား ကျယ်ကျယ်ဟလျက် ကိုက်ချလိုက်လေသည်။

အလားတူပင် ဂန်းဂန်း ကိုယ်ပေါ်၌ ထိုင်နေသည့် ရန်ကိုင်မှာလည်း သူ့အပေါ်သို့ တောင်တစ်လုံး ပြိုဆင်းကျလာသည့်ပမာ ခံစားနေခဲ့ရသည်။

(အခြားသူတစ်ယောက်ရဲ့ ပိုင်နက်ထဲမှာ လိုက်ပြဿနာရှာနေတာ ကောင်းတာတော့မဟုတ်ဘူး… ဒါပေမယ့် အခုမှတော့ နောက်ကျသွားပြီဝူဟန်ရေ…. မင်းသာ စောစောလှုပ်ရှားလိုက်မယ်ဆိုရင် ဂန်းဂန်း အားနည်းနေတဲ့အချိန်တုန်းက ငါ ဘာမှ ပြန်လုပ်နိုင်ခဲ့မှာမဟုတ်ဘူး… ဒါပေမယ့် အခုတော့ ငါ့ကို အရင်ကကောင်လို့ ထင်နေသေးတာလား…) ရန်ကိုင်၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေသည်။

အနက်ရောင်မွန်းစတားကြီးမှ သူ၏အချုပ်အနှောင်များကို တတိတိနှင့် ကိုက်စားပစ်နေသည်ကိုကြည့်ရင်း ဝူဟန်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။ သူဖန်တီးလိုက်သည့်အချုပ်အနှောင်များမှာ ပျက်စီးသွားခဲ့ခြင်းမဟုတ်ဘဲ ပျောက်ကွယ်သွားနေခြင်းသာဖြစ်မှန်းကို မကြာမီတွင် ဝူဟန်တွေ့ရှိသွားခဲ့ရသည်။ မွန်းစတားကောင်ကြီး၏ ဝါးမျိုခြင်း ခံလိုက်ရသော ကျင့်ကြံရေးကြယ်များကဲ့သို့ပင် ဝူဟန်ထုတ်သုံးလိုက်သော ကြယ်စီရင်စုစွမ်းအားမှာလည်း အနက်ရောင်မွန်းစတားကောင်ကြီး၏ ဝါးမျိုခြင်းကို ခံနေရလေသည်။

အချုပ်အနှောင်များ ပျက်စီးသွားသည့်နောက်တွင် ကျုံ့ဝင်သွားသော ဂန်းဂန်း၏ ခန္ဓာကိုယ်ကြီးမှာ ရုတ်ချည်းဆိုသလို ပြန်လည်ကြီးမားလာခဲ့လေသည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ဝူဟန်မှာ တစ်ခဏကြာမျှ ကြောင်အမ်းအမ်း ဖြစ်နေခဲ့လေသည်။ ရန်ကိုင်အား အရင်ဦးစွာရှင်းပစ်ရန် ဆုံးဖြတ်လိုက်ရခြင်းမှာ ရန်ကိုင်အား သတ်ပစ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည့်အတွက်ကြောင့်ပင်။ အကြောင်းမှာ သူသည်သာ အမှောင်ထုအား ဆက်၍ဟန့်တားနေဦးမည်ဆိုလျှင် ရန်ကိုင်ကြောင့် သူ့ကျင့်ကြံရေးကြယ်များ တစ်လုံးပြီးတစ်လုံး ပျက်စီးနေရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူဆုံးရှုံးလိုက်ရသည့်ပမာဏသည် သူပင် လက်သင့်မခံနိုင်သည့် အဆင့်အထိသို့ ရောက်သွားရပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင်လျှင် ဝူဟန်မှာ ရန်ကိုင်အား ချက်ချင်းလာရှင်းပစ်ခြင်း ဖြစ်လေသည်။ သို့သော်ငြား သူ့အစီအစဉ်သည် သူထင်ထားသလို ဖြစ်မလာဘဲနေလိမ့်မည်ဟု ဝူဟန် မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။ ဤအနက်ရောင်မွန်းစတားကြီးသည် ဝူဟန်ထင်ထားသည်ထက်ကို ပို၍ရင်ဆိုင်ရခက်နေလေသည်။ ကြယ်စီရင်စုစွမ်းအားကိုအသုံးပြု၍ တိုက်ခိုက်ခဲ့သည့်တိုင် ထိုကောင်ကြီးအား ချုပ်နှောင်၍မရခဲ့ပေ။

ဝူဟန်သတိလက်လွတ်ဖြစ်သွားစဉ် တစ်ခဏလေးအတွင်းမှာပင် ဂန်းဂန်းသည် ဝူဟန်ဆီသို့ ပြေးဝင်လာခဲ့လေသည်။ ဂန်းဂန်း၏ခန္ဓာကိုယ်ကြီးမှာ အလွန်တရာကိုမှ အရွယ်အစား ကြီးမားလှပါသော်ငြား ၎င်း၏လှုပ်ရှားမှုများမှာ အမှန်တကယ်ကို လျင်မြန်သွက်လက်နေခဲ့သည်။ ဝူဟန်အသိပြန်ဝင်လာချိန်တွင်တော့ အစွယ်တမြောင်းမြောင်းနှင့် ပါးစပ်ပေါက်ကြီးတစ်ခု သူ့ရှေ့တည့်တည့်သို့ ရောက်နေခဲ့လေ၏။

ဧရာမပါးစပ်ကြီး ပိတ်သွားသည့်နောက်တွင် ကြယ်စီရင်စုကြီး၏ အစိတ်အပိုင်းကြီးတစ်ခု ပျောက်ကွယ်သွားခဲ့သည်။ ဝူဟန်ကမူ ဇောချွေးပြန်နေသည့်အမူအယာဖြင့် အခြားနေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့လေသည်။ သူသည်သာ ကြယ်စီရင်စုသခင် ဖြစ်မနေခဲ့လျှင် အစောပိုင်းကအခြေအနေမှ အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။

ရန်ကိုင်သည် ဂန်းဂန်း၏ကျောပြင်ထက် မတ်တပ်ရပ်ကာ ခါးထောက်ရင်းမှ အော်ရယ်မောကာ ပြောလိုက်လေသည်။ “ကိုယ့်ပိုင်နက်ထဲမှာဖြစ်ပြီးတော့ ဘယ်လိုလုပ်ပြီး ထွက်ပြေးနေရတာလဲ… အခုပဲ မင်း အရမ်းတိုက်ခိုက်ချင်နေတာမဟုတ်ဘူးလား… လာလေ… လာတိုက်ခိုက်လေ… လာစမ်းပါ ခွေးသူတောင်းစားရဲ့…”

“မင်းပါးစပ်ကိုပိတ်ထားလိုက် ခွေးသားလေး…” ဝူဟန်စိတ်ထဲ အလွန်ကိုမှ ဒေါပွနေခဲ့သည်။ သူ့ရင်ထဲရှိဒေါသတို့မှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်ရှင်တစ်လုံးနှယ် ဖြစ်နေခဲ့ပါသော်ငြား ဝူဟန်မှာမူ သူ့ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းရင်း ရန်ကိုင်၏ လှောင်ပြောင်ရန်စစကားများကို အာရုံမစိုက်မိအောင် သတိထားကာ နေနေခဲ့သည်။ သို့သော်ငြား ရန်ကိုင်ပြောသည်မှာလည်း မမှားပေ။ ဤနေရာသည် သူ့ပိုင်နက် သူ့အိမ် ဖြစ်ပေသည်။ ရန်ကိုင်သည် သူ့ပိုင်နက်ထဲသို့ ဝင်လာပြီး သူ့ပစ္စည်းများကို ခိုးယူနေသည့် သူခိုးတစ်ယောက်သာ ဖြစ်၏။ သို့သော်ငြား ဝူဟန်ကိုယ်တိုင် လူလုံးထွက်ပြလာချိန် ရန်ကိုင်သည် အနည်းငယ်မျှပင် နောင်တမရရုံမက သူ့ကိုပင်လျှင် ပြန်လည်ရန်စလှောင်ပြောင်နေပေသေးသည်။ မည်သူမျှ ဤကဲ့သို့သောအပြုအမူမျိုးကို လက်ခံနိုင်လိမ့်မည်မဟုတ်ပေ။

စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် လုပ်ပြီးနောက် ဝူဟန်သည် သူ့လက်ကို ဆန့်ထုတ်၍ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ထောင်ပေါင်းများစွာသော အလင်းစက်ကလေးများ သူ့လက်သီးထိပ်တွင် စုဝေးလာခဲ့ပြီး လှံတစ်ချောင်းအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထိုလှံသည် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခု မဟုတ်ဘဲ ကြယ်စီရင်စုထဲတွင် ရှိနေသော ကြယ်များ၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် လှံတစ်ချောင်းသာ ဖြစ်လေသည်။

တစ်နည်းဆိုရသော် ဤလှံချက်ထဲတွင် လောကစွမ်းအားတို့ ကိန်းအောင်းနေသည်ဟုပင် ပြော၍ရပေသည်။

သို့သော်ငြား ဤလှံသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ စွမ်းအားကုန် မဟုတ်သေးပေ။ ဝူဟန်သည် ကြယ်စီရင်စုသခင် ဖြစ်ပါသော်ငြား ကြယ်စီရင်စုတစ်ခုလုံး၏ စွမ်းအားကို ထိန်းချုပ်ဖို့ရာမှာ မလွယ်ကူလှပေ။

ထိုသို့သာပြောရပါသော်ငြား လှံချက်ထဲတွင် ပါဝင်နေသည့်စွမ်းအားမှာ ပြက်ရယ်ပြု၍ရသည့် စွမ်းမျိုးတော့မဟုတ်။ အနည်းဆုံး ထိုစွမ်းအားသည် မိုင်ပေါင်းဆယ်သန်းခန့် ကျယ်ဝန်းသော နယ်မြေအတွင်းမှ စွမ်းအားများကို စုစည်းထားခြင်း ဖြစ်ပေသည်။ ဤသည်မှာ ကြယ်စီရင်စုသခင်တစ်ပါးသာလျှင် လုပ်နိုင်သည့်အရာမျိုး ဖြစ်သည်။

ထိုလှံဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လျှပ်စီးများ တဖျတ်ဖျတ်လက်လာခဲ့ပြီး မိုးခြိမ်းသံများ မြည်ဟည်းလာခဲ့သည်။ ထို့နောက်တွင် လှံရှည်သည် ဧရာမမြွေကြီးတစ်ကောင်အသွင်သို့ ပြောင်း၍ ကမ္ဘာဖျက်လုမတတ် အဖျက်စွမ်းအားကို သယ်ဆောင်ရင်း ဂန်းဂန်း ဆီသို့ တိုးဝင်လာခဲ့လေသည်။

ရန်ကိုင်တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး သူ့ကိုယ်ပေါ်ရှိ အမွေးအမျှင်များ ထောင်တက်သွားခဲ့လေသည်။ ထိုလှံချက်သည် ဧရာမမြွေကြီးတစ်ကောင် ဖြစ်မည်ဆိုပါက ရန်ကိုင်သည် သဘာဝရန်သူကို ရင်ဆိုင်နေရသည့် ဖားသူငယ်တစ်ကောင်သာ ဖြစ်လေသည်။ ယခုကဲ့သို့ဖြစ်လာမည်မှန်း သူ့စိတ်ထဲ ကြိုတင်မျှော်လင့်ထားပြီး ဖြစ်ပါသော်ငြား တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံလာရချိန်တွင်တော့ ရန်ကိုင်မှာ အမှန်တကယ်ကို ထိတ်လန့်တုန်လှုပ်သွားမိလေတော့သည်။

“ဂန်းဂန်း …” ရန်ကိုင်သည် ဂန်းဂန်း ၏ကျောပြင်ကို ခြေထောက်ဖြင့် ဆောင့်ချလိုက်သည်။ ဂန်းဂန်းလည်း ၎င်း၏ပါးစပ်ကျယ်ကြီးကို ဟ၍ တိုးဝင်လာနေသည့် လှံအားအား ကိုက်ချလိုက်လေသည်။

ဝူဟန်မှာမူ အနက်ရောင်မွန်းစတားကြီး၏ လုပ်ပုံကိုကြည့်ရင်း‌ လှောင်ပြုံးပြုံးနေခဲ့သည်။ သို့သော်ငြား မကြာမီမှာပင် သူ့မျက်နှာထက်ရှိလှောင်ပြုံး တစ်စတစ်စနှင့် ပျောက်ကွယ်သွားခဲ့ရသည်။ သူမျှော်လင့်နေသော သူ့ရန်သူအသတ်ခံရမည့်မြင်ကွင်းမှာ ပေါ်မလာခဲ့။ ထို့အစား အနက်ရောင်မွန်းစတားကြီးသည် လူးလှိမ့်နေပြီးသည့်နောက် ၎င်း၏ကျောပြင်ထက် အက်ရာတစ်ခုပေါ်လာသည်ကိုသာ တွေ့လိုက်ရသည်။ သို့သော်ငြား ထိုအက်ရာသည်ပင်လျှင် အလွန်လျင်မြန်သည့်နှုန်းဖြင့် ပြန်လည် ပျောက်ကွယ်နေလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ဝူဟန်၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားကုန်လေသည်။ သူထုတ်သုံးလိုက်သည့်တိုက်ကွက်မှာ ကြယ်စီရင်စု၏ မိုင်ဆယ်သန်းအတွင်းတွင် ရှိနေသော စွမ်းအားဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ ထိုတိုက်ကွက်မှာ မည်ကဲ့သို့များ အလွယ်တကူ ချေဖျက်ခံလိုက်ရလေသနည်း။ ထိုအနက်ရောင်မွန်းစတားကြီးကရော ဘာကောင်ကြီးနည်း။ ဘာကြောင့်များ ဤမျှ အားကောင်းနေရလေသနည်း။

ဝူဟန်မသိသည်မှာတော့ ဂန်းဂန်းမှ ထိုအားကောင်းလှသော တိုက်ခိုက်မှုကို မျိုချပစ်လိုက်ချိန် လောကဓာတ်လုံး၏ ကောင်းကင်ယံထက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ဟူသော အချက်ပင်။ ထိုအလင်းတန်းသည် လောကဓာတ်လုံး၏ ကောင်းကင်ကိုပင် ထိုးဖောက်လုမတတ် ဖြစ်သွားခဲ့သည်။ မိုးမြေဖျက်လုမတတ် အဖျက်စွမ်းအားကို ထုတ်လွှတ်နေသည့် အလင်းတန်းကိုကြည့်ရင်း လောကဓာတ်လုံးထဲတွင် နေထိုင်နေသော သက်ရှိအားလုံး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ အကုန်လုံးမှာလည်း ထိုဖိအားအောက်ဝယ် ဒူးထောက်ကျလုမတတ် ဖြစ်သွားခဲ့ကြရသေးသည်။

ထိုအလင်းတန်း ပျောက်ကွယ်သွားပြီးသည့်နောက် လောကဓာတ်လုံး၏ ကောင်းကင်ယံထက် ဧရာမအက်ကြောင်းရာကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအက်ကြောင်းရာကြီးမှာ အချိန်အတန်ကြာသွားသည်အထိတိုင် ပျောက်ကွယ်သွားခဲ့ခြင်းမရှိပေ။

ကမ္ဘာတစ်ခု၏စွမ်းအားသည် အခြားကမ္ဘာတစ်ခုကို တန်ပြန်နိုင်ပေသည်။ ဝူဟန်သည် ကြယ်စီရင်စုထဲ၏ မိုင်ဆယ်သန်းခန့်အတွင်းတွင် ရှိနေသော စွမ်းအားများကို စုဝေးကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူ့တိုက်ကွက်မှာ အလွန်တရာကိုမှ အားကောင်းလွန်းလှသည်ဟုပင် ပြော၍ရသည်။ သို့ပင်ဖြစ်လင့်ကစား လောကဓာတ်လုံးမှာ ပြီးပြည့်စုံသည့်ကမ္ဘာတစ်ခု ဖြစ်နေပြီဖြစ်သည့်အလျောက် လောကဓာတ်လုံးထဲရှိ မိုးမြေစွမ်းအင်များနှင့် လောကနိယာမတို့သည် ကြယ်စီရင်စုများ၏ လောကနိယာမများနှင့် မိုးမြေစွမ်းအင်များအောက် နိမ့်ကျခြင်းမရှိတော့ချေ။ အရည်အသွေးပိုင်းအရဆိုလျှင် ပိုလို့ပင် သာနိုင်ပေသေးသည်။ ကွာခြားချက်ဆို၍ လောကဓာတ်လုံးမှာ ကြယ်စီရင်စုတစ်ခုထက် အဆပေါင်းများစွာ ပိုမိုသေးငယ်နေခြင်းသာ ရှိပေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ဝူဟန်အနေဖြင့် ထိုကဲ့သို့သောတိုက်ခိုက်မှုမျိုးကိုသုံး၍ လောကဓာတ်လုံးအား ဖျက်ဆီး၍မရပေ။ လောကဓာတ်လုံး၏ စွမ်းအားသည် ဝူဟန်၏တိုက်ခိုက်မှုများကို ဝါးမျိုကာ ချေဖျက်နိုင်လောက်သည်အထိ အားကောင်းပေသည်။ နောက်ဆုံးရလဒ်ကိုကြည့်ရသလောက် ဝူဟန်၏တိုက်ခိုက်မှုသည် လောကဓာတ်လုံးအား ထိခိုက်သွားအောင် မလုပ်နိုင်ရုံမက လောကဓာတ်လုံးကို အားဖြည့်ပေးလိုက်သလိုပင် ဖြစ်သွားစေခဲ့လေသည်။

ရန်ကိုင်သည် သူ့နားကို ကလော်ပြရင်းမှ အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “အားနည်းလိုက်တာ… ဘာလဲ… ငါ့ကို ကလိထိုးဖို့လုပ်နေတာလား…”

“မင်းပါးစပ်ကို ပိတ်ထားလိုက်…” ဝူဟန်မှာ ရှက်ရွံ့မှုကြောင့် ဒေါသထွက်လာရတော့လေသည်။

သို့သော်ငြား ရန်ကိုင်ကမူ ငြိမ်မနေခဲ့ဘဲ ဝူဟန်အား ပို၍ မခံချင်လာအောင် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ကြယ်စီရင်စုသခင်အချင်းချင်းကိုကွာ… ငါ့မှာ မင်းကို ကြည့်ရင်းနဲ့တောင် ရှက်လာပြီ… မင်းသာ ငါ့အိမ်မှာ အခုလိုမျိုးလာလုပ်ရင် မင်းအဖေနဲ့အမေတောင် မမှတ်မိလောက်တဲ့ထိ ရိုက်ပေးလိုက်မှာ…”

“ခွေးကောင်…”

ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ဆဲလေ… မင်း ဆဲရုံပဲတတ်နိုင်တာမလား… အဲ့အပြင် ဘာလုပ်နိုင်လို့လဲ…”

ရန်ကိုင် သူ့အား တမင်တကာ ရန်စနေမှန်း သိသည့်တိုင် ဝူဟန်မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ပေ။ ဒေါသကြောင့် သူ့မျက်လုံးများ နီရဲလာခဲ့ရလေ၏။ ရန်ကိုင်ပြောသည့်စကားလုံးများမှာ အတော်လေးကိုမှ နားမခံသာစရာ ကောင်းလှပါသော်ငြား သူပြောသည့်အထဲ အမှန်တရားတစ်ချက်တော့ ပါပေသည်။ ကိုယ့်အိမ်ထဲသို့ ဝင်လာသည့် သူခိုးတစ်ယောက်ကိုပင်လျှင် ရှင်းမပစ်နိုင်သည့် ဝူဟန်၏အဖြစ်မှာ အမှန်တကယ်ကို ရှက်ဖွယ်ကောင်းလွန်းလှပေသည်။

ထိုအကြောင်းကြောင့် ဝူဟန်မှာ ဘာမျှထပ်ပြောမနေခဲ့ပေ။ သူ့လက်နှစ်ဖက်ကို ဖြန့်ချလိုက်ရာ သူ့လက်ဝါးထက်တွင် အလင်းစက်ကလေးများ စုဝေးလာကြလေသည်။ ဝူဟန်သည် ကြယ်များ၏စွမ်းအားကို စုဝေး၍ လျှပ်စီးတန်းတစ်ခုအသွင်သို့ ပြောင်းကာ ဂန်းဂန်းအား ပစ်ချလိုက်သည်။ ဤအနက်ရောင်မွန်းစတားသားရဲကြီးသည် မည်ကဲ့သို့သော မွန်းစတားသားရဲမျိုး ဖြစ်သလဲဆိုသည်ကို ဝူဟန်မသိပါသော်ငြား ဤအနက်ရောင်မွန်းစတားသားရဲကြီးသည် ထင်သလောက်အားမကောင်းဟု သူ့စိတ်ထဲ ခံစားနေခဲ့ရလေသည်။ ထိုမွန်းစတားကြီးသည် သူ၏တိုက်ခိုက်မှုများကို ဝါးမျိုနိုင်လျှင်ပင် ထိုမွန်းစတားသားရဲဝါးမျိုနိုင်သည့် အကန့်အသတ်တော့ ရှိပေလိမ့်ဦးမည်။ ၎င်း၏ကျောပြင်ထက်တွင် ရှိနေသော အက်ရာကြီးမှာ အကောင်းဆုံးသောဥပမာဖြစ်လေသည်။ အစောပိုင်းက သူ့တိုက်ခိုက်မှု မွန်းစတားကြီးအား ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် မလုပ်နိုင်ခဲ့ရခြင်းမှာ သူ့တိုက်ခိုက်မှုသည် လုံလောက်အောင် အားမကောင်းသေးသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သူ၏ ပထမတိုက်ခိုက်မှုသည် မွန်းစတားသားရဲကောင်အား မသတ်နိုင်မှဖြင့် ဝူဟန်သည် ယခုတစ်ကြိမ်တွင် ပိုမိုအားကောင်းသည့်တိုက်ကွက်ဖြင့် တိုက်ခိုက်ရုံသာ ရှိလေသည်။ သူသည်သာ အဆက်မပြတ် တိုက်ခိုက်နေသေးသရွေ့ ထိုမွန်းစတားသားရဲကြီး အနှေးနှင့်အမြန်ဆိုသလို သေဆုံးသွားရပေလိမ့်မည်။

ယခုတစ်ကြိမ်တွင်လည်း ဂန်းဂန်းသည် တိုးဝင်လာနေသည့် ကြယ်များ၏စွမ်းအားကို ထပ်မံဝါးမျိုပစ်လိုက်ပြန်လေသည်။ အကျိုးဆက်အနေဖြင့် ၎င်း၏ကျောပြင်ပေါ်တွင် ဒဏ်ရာနှစ်ခု တစ်ပြိုင်တည်း ဖြစ်ပေါ်လာခဲ့ရသည်။ သို့တိုင် ဂန်းဂန်းမှာ အနည်းငယ်မျှပင် ကြောက်ရွံ့သွားခဲ့ခြင်းမရှိဘဲ ယခင်ကထက်ပင်လျှင် ပို၍စိတ်လှုပ်ရှားနေသည့်အမူအယာဖြင့် ဝူဟန်ဆီသို့ပင် ပြေးဝင်သွားခဲ့လေသည်။

ဝူဟန်အနေဖြင့် ဂန်းဂန်း သူ့အား တိုက်ခိုက်လာမည်ကို ဤအတိုင်း ငြိမ်ခံနေလိမ့်မည်မဟုတ်ပေ။ ကြယ်စီရင်စုစွမ်းအားကိုသုံး၍ အခြားတစ်နေရာဆီသို့ တည်နေရာခုန်ကူးသွားခဲ့ပြီး ကြယ်စီရင်စုစွမ်းအားကို စုဝေးကာ ဂန်းဂန်းအား တိုက်ခိုက်လိုက်လေသည်။

ထိုအခိုက်အတန့်ဝယ် လောကဓာတ်လုံးအတွင်းရှိ အခြေအနေမှာလည်း အပြောင်းလဲကြီး ပြောင်းလဲနေခဲ့လေသည်။ အမျိုးမျိုးသောအလင်းတန်းများသည် ဥက္ကာခဲများ ကြွေဆင်းကြလာသည့်ပမာ လောကဓာတ်လုံး၏ ကောင်းကင်ယံထက် ဖြတ်သန်းသွားလာနေခဲ့သည်။ တစ်ချိန်တည်းတွင် ကမ္ဘာပျက်ဘေး ဆိုက်တော့မည့် အလား လောကဓါတ်လုံးအတွင်းပိုင်းရှိ ကောင်းကင်တစ်ခွင်အနှံ့ မိုးချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လျှပ်စီးများလည်း တဖျတ်ဖျတ် လက်လာနေခဲ့သည်။

လောကဓာတ်လုံးထဲတွင် နေထိုင်ကြသော သက်ရှိများမှာလည်း ကျင့်ကြံခြင်း မည်မျှမြင့်မားနေစေကာမူ အကုန်လုံး ဒူးထောက်ကျသွားပြီး ကောင်းကင်အား တောင်းပန် အသနားခံနေရတော့လေသည်။ ဤလောကကြီး၏ သခင်အပေါ် သူတို့ မည်ကဲ့သို့များ ရန်စမိလိုက်ပါလေသနည်း။ သူတို့၏ လုပ်ရပ်အပေါ် လောကသခင် ဒေါသ ထွက်သွားခဲ့ခြင်းပေလား။

ပင်လယ်မှာလည်း လှိုင်းထန်နေခဲ့ပြီး မြေပြင်မှာလည်း ငလျင်လှုပ်နေသည့်ပမာ အက်ကွဲလာနေကြလေသည်။ မရေမတွက်နိုင်အောင် များပြားလှသော အသစ်စက်စက် ဆောက်လုပ်ထားသည့် အဆောက်အဦများမှာလည်း တစ်ခုပြီးတစ်ခု ပြိုကျနေကုန်ကြလေသည်။ တစ်ခဏလေးအတွင်းမှာပင် ငြိမ်းချမ်းလှသော လောကကြီးတစ်ခုလုံးမှာ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားရတော့လေ၏။

All Chapters