← Chapters

အခန်း (၃၁၉၁-၃၁၉၅)

Vol. 139 Ch. 3191-3195

အခန်း (၃၁၉၁-၃၁၉၅)

Vol. 139 Ch. 3191-3195

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၁)

ဘာသာပြန်သူ_တိမ်တိုက်

ဟင်းလင်းပြင်တစ်ခုလုံး ကွဲကြေသွားခဲ့ပြီး ကြယ်များ တဘုန်းဘုန်းတဒိုင်းဒိုင်း ပေါက်ကွဲထွက်ကုန်ကြလေသည်။ ကြယ်စီရင်စုသခင်တစ်ပါး၏ ဒေါသသည် ကြယ်စီရင်စု တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိပေသည်။

တစ်ချိန်တည်းတွင် ကျယ်လောင်သည့် နဂါးဟိန်းသံနှင့်အတူ ရွှေရောင်အလင်းတန်းတို့ ပြိုးပြိုးပြက်ပြက် လင်းလက်လာခဲ့ပြီး ရွှေနဂါးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရွှေနဂါးကြီးသည် ၎င်း၏ အမြီးနှင့် ခေါင်းကို လှုပ်ခါလျက် အစိမ်းရောင်လက်ဝါးကြီးဆီသို့ တိုးဝင်သွားလေ၏။

"နဂါးဘာသာစကားလား" ငှက်မွေးသရဖူနှင့် လူ၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ ထိုနဂါးဘာသာစကားကို နဂါးကလန်သားတစ်ဦးနှင့် တိုက်ခိုက်ခဲ့စဉ်က ကြားခဲ့ဖူးပေသည်။ ထိုအပြင် သူ့ဆီသို့ တိုးဝင်လာနေသော ရွှေရောင်တလက်လက် တောက်ပနေသည့် နဂါးကြီးသည် နဂါးကလန်၏ လျှို့ဝှက်ပညာရပ်များအနက်မှ တစ်ခု ကျိန်းသေ ဖြစ်ရပေလိမ့်မည်။

[ဘာတွေဖြစ်နေတာလဲ]

"မင်းနဲ့ နဂါးကလန် ဘယ်လိုပတ်သက်တာလဲ" ငှက်မွေးသရဖူနှင့် လူက အော်မေးလိုက်လေသည်။ အစိမ်းရောင်လက်ဝါးကြီးမှာလည်း လေထဲတွင် ယာယီမျှ ရပ်တန့်သွားခဲ့သည်။

ရန်ကိုင်သည် ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်လျှင်ပင် ရန်ကိုင်မှ သူ့အား ဦးစွာတိုက်ခိုက်လာခြင်း ဖြစ်သည့်အတွက်ကြောင့် ငှက်မွေးသရဖူနှင့် လူမှာ ရန်ကိုင်အား သတ်ပိုင်ခွင့်ရှိပေသည်။ အများဆုံးမှ ကြယ်တာရာရုံးတော်သို့ ပြန်ရောက်ပြီးသည့်နောက်ပိုင်း အပြစ်နည်းနည်းပါးပါး ခံရခြင်းသာ ရှိပေလိမ့်မည်။ သို့သော်ငြား ဤလူငယ်လေးသည်သာ နဂါးကလန်နှင့် ပတ်သက်နေမည်ဆိုလျှင်တော့ သူ့အနေဖြင့် သေသေချာချာ သတိထားဖို့ရာ လိုအပ်လာလေပြီ။

နဂါးကလန်သည် အလွန်တရာကိုမှ မောက်မာဝံ့ကြွားပြီး သူတို့၏ ကလန်သားများအပေါ် အလွန်အမင်း ကာကွယ်ပေးတတ်ပေသည်။ သူသာ ဤလူ့အား သတ်မိလိုက်မည်ဆိုလျှင် နဂါးကလန်နှင့် ကမ္ဘာမကျေ ရန်ငြိုးရန်စတို့ ဖြစ်လာရနိုင်သည်။ နဂါးကလန်သားတစ်ဦးကို သတ်ပစ်လိုက်ခြင်းသည် နဂါးကျွန်းတစ်ခုလုံးကို ရန်စလိုက်ခြင်းသာ ဖြစ်ပေသည်။ သူကဲ့သို့သော လူတစ်ဦးသည်ပင်လျှင် နဂါးကလန်၏ အမျက်ဒေါသကို တောင့်ခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။ သူသိသလောက် နဂါးဘာသာစကားဖြစ်စေ နဂါးကလန် လျှို့ဝှက်ပညာရပ်များဖြစ်စေ ထိုအရာများသည် သွေးသန့်နဂါးများသာလျှင် သင်ကြားလေ့လာခွင့်ရကြသည့် အရာများဖြစ်ကြသည်။ မသန့်စင်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်လူများ လေ့လာတတ်မြောက်ဖို့ရာ လုံးဝမဖြစ်နိုင်ပေ။

[ဒါဆို ဒီကောင် နဂါးတစ်ပိုင်းအသွင်ကို ပြောင်းနေတာက လျှို့ဝှက်ကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ကြံထားလို့ မဟုတ်ဘဲနဲ့ တကယ်ကြီး နဂါးကလန်သားတစ်ယောက် ဖြစ်နေလို့များလား] ရန်ကိုင်မှ နဂါးဘာသာစကားကို ရွတ်ဆို၍ နဂါးကလန်၏ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်သည့်နောက်တွင်တော့ ငှက်မွေးသရဖူနှင့် လူမှာ စတင်၍ ထိတ်လန့်ကြောက်ရွံ့လာပြီး အစိမ်းရောင်လက်ဝါးထဲရှိ စွမ်းအားကိုပင်လျှင် မသိမသာလေး လျှော့ချမိလိုက်လေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ရန်ကိုင် ဝမ်းသာအားရဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် စိတ်ထဲမှ နေ၍လည်း တွေးလိုက်လေ၏။ [နဂါးကလန်ဆိုတဲ့ စကားက တကယ်ကို အသုံးဝင်တာပဲ၊ သူ့လို လူမျိုးကိုတောင် ကြောက်အောင်လုပ်နိုင်တယ်]

ရန်ကိုင်အနေဖြင့် ငှက်မွေးသရဖူနှင့် လူ၏ အမေးကို အချိန်ကုန် လေကုန်ခံကာ ရှင်းပြနေလိမ့်မည် မဟုတ်။ သေခြင်းရှင်ခြင်းတိုက်ပွဲတွင် အနည်းငယ်လေးသော သတိလက်လွတ်မှုလေးသည်ကပင်လျှင် တိုက်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်သွားနိုင်ပေသည်။ တစ်ဖက်လူသည် ကိုယ့်ထက် ပိုအားကောင်းနေသည့် အခြေအနေမျိုးတွင်ဆိုလျှင်တော့ ပြောနေစရာပင် လိုတော့မည် မဟုတ်ပေ။

နဂါးဟိန်းသံနှင့်အတူ ရွှေနဂါးကြီးသည် အစိမ်းရောင်လက်ဝါးနှင့် သွားဝင်ဆောင့်လေ၏။ အားကောင်းလှသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့ပြီးသည့်နောက်တွင် အစိမ်းရောင်လက်ဝါးနှင့် ရွှေနဂါးတို့သည် ဟင်းလင်းပြင်ထဲ မတိုးသာမဆုတ်သာ အခြေအနေတွင် ရှိနေကြလေသည်။

ထိုအချင်းအရာကို မြင်လိုက်သည့် အခါမှသာလျှင် ရန်ကိုင် စိတ်သက်သာရာ ရသွားနိုင်တော့သည်။

[တကယ်ကို အန္တရာယ်များတာပဲ၊ ဒီခွေးအိုကြီး လန့်ပြီးတော့ သူ့ခွန်အားကို လျှော့လိုက်လို့၊ မဟုတ်ရင် ငါသူ့ပြိုင်ဘက် လုံးဝဖြစ်နိုင်မှာမဟုတ်ဘူး]

"ကောင်လေး ငါမေးတာကိုဖြေ" ငှက်မွေးသရဖူနှင့် လူက နောက်တစ်ကြိမ် ထပ်အော်မေးလိုက်သည်။

ရန်ကိုင်သည် ငှက်မွေးသရဖူနှင့် လူအား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ နဂါးအရှိန်အဝါကို ထုတ်လွှတ်၍ အော်ပြောလိုက်လေသည်။ "နဂါးကလန်ဖြစ်တာ ဘာကောင်းတာမို့လို့လဲ၊ ကျုပ်က သာမန်နဂါးမဟုတ်ဘူး၊ နဂါးဧကရာဇ် ဖြစ်လာမဲ့လူ"

ရန်ကိုင် စကားကြောင့် ငှက်မွေးသရဖူနှင့်လူ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ [နဂါးဧကရာဇ်၊ ဒါ နဂါးတစ်ကောင်ရဲ့ အမြင့်ဆုံးဂုဏ်ပုဒ်ပဲ]

လက်ရှိအချိန်၌ နဂါးကျွန်းတွင် မဟာဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်သော ပညာရှင်နှစ်ပါး ရှိနေပါသော်ငြား ပထမအကြီးအကဲဖြစ်သော ကျုယန်သည်ပင်လျှင် နဂါးဧကရာဇ်ဟူသော ဂုဏ်ပုဒ်အား ရယူဖို့ရာ မထိုက်တန်သေးပေ။

[အရှက်မရှိ လာကြွားနေတယ်] ငှက်မွေးသရဖူနှင့် လူမှာ ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ ပြန်၍ အပြစ်တင်မိသွားလေသည်။ [ငါ တကယ်ကို သတိကြီးလွန်းနေတာပဲ၊ ဒီကောင် ကံကောင်းထောက်မပြီးတော့ နဂါးကလန်ရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကို ရခဲ့တာပဲဖြစ်ရမယ်၊ သူ့လိုလူတစ်ယောက်က နဂါးကလန်သားတစ်ဦး ဖြစ်စရာလား]

သို့ပင်ငြား လက်ရှိအခြေအနေမှာ ထင်သလောက် မရိုးရှင်းသေးပေ။

ခရက်၊ ခရက်။

အရိုးအက်သံများကို ကြားလိုက်ရသည့်အတွက်ကြောင့် ငှက်မွေးသရဖူနှင့်လူ အသံကြားရာဆီသို့ လှမ်း၍ ကြည့်လိုက်ရာ မျက်လုံး မှေးစင်းသွားခဲ့ရလေသည်။

မူလက မီတာနှစ်ရာခန့် အမြင့်ရှိသော ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးသည် ရုတ်တရက်ဆိုသလို ထပ်မံ၍ အရွယ်အစား ကြီးမားလာခဲ့ပြီး မီတာနှစ်ရာ့ငါးဆယ် အမြင့်ထိသို့ ရောက်သွားခဲ့လေသည်။ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးသာ ပိုမိုကြီးမားလာခြင်းမဟုတ်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော နဂါးအကြေးခွံများမှာလည်း ယခင်ကထက် ပို၍ သိသာထင်ရှားလာခဲ့လေသည်။ နဖူးအထက်တွင် ရှိနေသော နဂါးဦးချိုမှာ ပိုရှည်လာခဲ့ပြီး သူ့မျက်နှာမှာလည်း နဂါးတစ်ကောင်၏ ပုံစံနှင့် ပိုမိုဆင်တူလာခဲ့ရလေသည်။

ရန်ကိုင်၏ ရွှေရောင်နဂါး မျက်လုံးများမှာလည်း လောကထဲတွင် ရှိနေသည့် သက်ရှိအားလုံးကို ထီမထင်သည့် မောက်မာဝံ့ကြွားမှုတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။

သူ ခံစားနေရသော ကြီးမားလှသည့် ဖိအားအောက်၌ ရန်ကိုင်၏ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်မှာ နောက်တစ်ဆင့် ထပ်တက်သွားခဲ့လေသည်။ ရန်ကိုင် ကိုယ်ထဲရှိ နဂါးသွေးများမှာ ပိုမိုသန့်စင်လာသည့်အလျောက် ရန်ကိုင် ကိုယ်တိုင်မှာလည်း သူ့ကိုယ်သူ ယခင်ကထက် ပိုမို မောက်မာဝံ့ကြွားလာသလို ခံစားလာရလေသည်။ ရှင်းရှင်းပြောရသော် သွေးမျိုးဆက် သန့်စင်လိုက်သည့်အလျောက် ရန်ကိုင်၏ စိတ်နေစိတ်ထားမှာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲလာရတော့သည်။

နဂါးကလန်သားများသည် မိမိကိုယ်မိမိ လောကကြီး၏ အားအကောင်းဆုံးသော သက်ရှိများဖြစ်ကြသည်ဟု ကြွေးကြော်ထားကြသူများဖြစ်ကြကာ အခြားသော မည်သည့်သက်ရှိကိုမဆို အထင်အမြင်သေးကြပေသည်။

ရန်ကိုင်၏ နဂါးမျက်လုံးနှစ်လုံးကို စိုက်ကြည့်ရင်းမှ ငှက်မွေးသရဖူနှင့် လူမှာ ရင်တဒိန်းဒိန်း ခုန်သွားခဲ့လေ၏။

ရန်ကိုင်၏ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ် အဆင့်တက်သွားသည့်နောက်တွင် ရန်ကိုင် ထုတ်သုံးလိုက်သော နဂါးကလန်ပညာရပ်၏ စွမ်းအားမှာလည်း ယခင်ကထက် ပိုမြင့်သွားခဲ့ရလေသည်။ အကျိုးဆက်အနေဖြင့် မူလက ...အခြေအနေမှာ ကျိုးပျက်သွားခဲ့ပြီး ရွှေရောင်အလင်းသည် အစိမ်းရောင်အလင်းကို စတင်၍ ဖိနှိပ်လာတော့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ငှက်မွေးသရဖူနှင့် လူသည် အံကို တင်းတင်းကြိတ်၍ လက်ဝါးကြီးထဲသို့ သူ့ခွန်အားကို ထပ်ထည့်လိုက်ရလေသည်။ အတော်ကြိုးစားပြီးသည့် အခါမှသာလျှင် ရန်ကိုင်၏ ရုတ်တရက် တန်ပြန်ထိုးစစ်ကို တားဆီးသွားနိုင်ခဲ့သည်။

"နဂါးအမြီးရိုက်ချက်" ရန်ကိုင်က အော်ပြောလိုက်လေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှာမူ တုတ်တုတ်မျှ မလှုပ်။ ထိုအစား သူ့ကျောဘက်မှ ထိုးထွက်နေသော နဂါးအမြီးသည်သာ ကြာပွတ်တစ်ချောင်းပမာ လှုပ်ရှားသွားခဲ့သည်။

ရန်ကိုင်၏ နဂါးအမြီး လှုပ်ရှားသွားသည့်အခိုက် ငှက်မွေးသရဖူနှင့် လူမှာလည်း သူ့အား ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ်မှ ရိုက်ခတ်လာသည်ကို ခံစားမိလိုက်သည်။ သူအသိဝင်လာပြီး ရှောင်ရှားရန် လုပ်လိုက်သည့်အခါတွင်တော့ နဂါးအမြီးမှာ သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်နှင့်နေခဲ့လေပြီ။

နဂါးအမြီးမှာ ဟင်းလင်းပြင်အတားအဆီးများကိုပင်လျှင် ဖြတ်ကျော်၍ သူ့ဆီသို့ တမုဟုတ်ချည်း ရောက်ရှိလာခဲ့သည့်အတွက်ကြောင့် ငှက်မွေးသရဖူနှင့် လူမှာ အလစ်ငိုက်မိသွားခဲ့ရသည်။ ထိုအပြင် နဂါးအမြီးရိုက်ချက်မှာ အလွန်ကိုမှ မြန်ဆန်လှပြီး အားလည်း ကောင်းလေရာ ငှက်မွေးသရဖူနှင့် လူမှာ တားဆီးနိုင်ခဲ့ခြင်း မရှိပေ။

သူ့တစ်ကိုယ်လုံးကို ကြယ်တစ်လုံးမှ ဝင်ဆောင့်သည့်အလား အရိုးများသွင်သွင် ကျိုးသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အလွန်ကိုမှ နာကျင်လာခဲ့ရသည်။ ကံကောင်းစွာဖြင့် ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သည့် အကာအကွယ်များကြောင့် လွင့်စင်ထွက်သွားခဲ့ခြင်းတော့ မရှိပေ။ သို့ပင်ဖြစ်လင့်ကစား ထိုကဲ့သို့ တိုက်ခိုက်ခံလိုက်ရခြင်းသည် ငှက်မွေးသရဖူနှင့် လူအား အကြီးအကျယ်ကို ဒေါသထွက်သွားစေခဲ့လေသည်။

ထို့ကြောင့် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေ၏။ "ငါမင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား"

ထပ်တလဲလဲ အရှက်ကွဲခံနေရပြီးသည့် နောက်တွင်တော့ ငှက်မွေးသရဖူနှင့် လူမှာ ရန်ကိုင်သည် နဂါးကလန်သားတစ်ဦး ဖြစ်ဖြစ် မဖြစ်ဖြစ် ဂရုမစိုက်နိုင်တော့ပေ။ လက်ရှိ သူတို့ ရောက်နေသည်မှာ အဆင့်နိမ့်ကြယ်စီရင်စုတစ်ခု ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင် ဤနေရာ၌ အသတ်ခံရမည်ဆိုလျှင်ပင် ရန်ကိုင်အား သတ်လိုက်သည့်လူမှာ သူဖြစ်ကြောင်းကို နဂါးကလန်အနေဖြင့် မည်သည့်နည်းနှင့်မျှ သက်သေပြနိုင်လိမ့်မည် မဟုတ်။ သူ့စိတ်ထဲ နဂါးကလန်သားတစ်ဦးအပေါ် တိုက်ခိုက်ရမည်ကို တုံ့ဆိုင်းနေမိပါသော်ငြား သူ့အား ထပ်တလဲလဲ အရှက်လာကွဲနေသည်ကိုတော့ ဤအတိုင်း ငြိမ်ခံနေလိမ့်မည်ဟု မဆိုလိုပေ။

ငှက်မွေးသရဖူနှင့် လူဆီမှ အားကောင်းလှသည့် စွမ်းအားတို့ ပေါက်ကွဲထွက်လာခဲ့ပြီးသည့်နောက်တွင် ရွှေနဂါးနှင့် ရုန်းကန်လူးလွန့်နေသော အစိမ်းရောင်လက်ဝါးမှာ ရုတ်တရက်ဆိုသလို ပိုမိုအားကောင်းလာခဲ့ပြီး ရွှေနဂါးအား ပြင်းပြင်းထန်ထန် ဖိချလာခဲ့လေသည်။

နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပါသော်ငြား ရွှေနဂါးမှာ ရုန်းကန်နိုင်ခဲ့ခြင်းမရှိဘဲ မကြာမီ ပျက်စီးသွားခဲ့ရလေသည်။ ရွှေနဂါး ပျက်စီးသွားသည့်နောက် အစိမ်းရောင်လက်ဝါးသည် ရန်ကိုင်ဆီသို့ အဆီးအတားမရှိ ကျဆင်းလာခဲ့လေ၏။

ထိုကဲ့သို့သော သေရေးရှင်ရေး အခြေအနေမျိုးတွင် ရန်ကိုင်၏ အမူအရာမှာ ထူးထူးခြားခြားကို တည်ငြိမ်နေခဲ့လေသည်။

အကြည့်ချင်း ဆုံလိုက်သည့်အခိုက် ငှက်မွေးသရဖူနှင့်လူ ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။ ထိုလက်ဝါးချက်သည်သာ ရန်ကိုင်အား ထိမှန်သွားမည်ဆိုပါက ကြောက်မက်ဖွယ်ရာ တစ်ခုခုဖြစ်လာတော့မည့်အလား။ သို့သော်ငြား သူ့လက်ဝါးချက်ကို ထုတ်လွှတ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် မည်သည့်နည်းနှင့်မျှ ပြန်မရုပ်သိမ်းနိုင်တော့။ ထိုအကြောင်းကြောင့်ပင်လျှင် အံကို တင်းတင်းကြိတ်၍ လက်ဝါးချက်ထဲသို့ စွမ်းအားထပ်မံ ထည့်သွင်းလိုက်လေသည်။

[သေလိုက်ပေတော့]

ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်ထဲမှ သွယ်လျလျလက်တစ်ချောင်း ပေါ်လာခဲ့ပြီး ငှက်မွေးသရဖူနှင့် လူ၏ လက်ဝါးချက်ကို ရန်ကိုင်ဆီသို့ မရောက်ခင်မှာပင် တားဆီးလိုက်လေသည်။

"တော်လောက်ပြီ" ကြည်လင်ချိုသာသည့် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုလေသံမှာ သိမ်မွေ့သယောင် ထင်ရပါသော်ငြား ထိုလေသံထဲ၌ အာခံ၍မရသည့် အကြွင်းမဲ့အာဏာတို့ဖြင့် ပြည့်နေခဲ့လေသည်။

ထို့နောက်တွင် ကျော့ရှင်းလှသည့် ပုံရိပ်တစ်ခု ငှက်မွေးသရဖူနှင့်လူ ဘေးနားတွင် ပေါ်လာခဲ့လေ၏။

လေထဲ ဗြုန်းစားကြီးပေါ်လာသည့် လူကို ကြည့်ရင်း ရန်ကိုင် မျက်လုံးပြူးနေခဲ့လေသည်။ ထိုလူသည် ရွှေရောင်တောက်နေသည့် အဝတ်အစားကို ဝတ်ဆင်ထားခဲ့ပြီး ဖီးနစ်သရဖူကို ဆင်မြန်းထားခဲ့သည်။ ဖီးနစ်တောင်ပံတစ်စုံမှာလည်း သူမ၏ ကျောပြင်အထက်ဆီမှ ပြန့်ကားထွက်နေခဲ့လေ၏။ ထိုအမျိုးသမီးသည် ဆံပင်ကို ဆံထုံးအဖြစ် ထုံးနှောင်ထားခဲ့ပြီး သူမ၏ နဖူးအလယ်တွင်တော့ မက်မွန်ပွင့် အမှတ်အသားတစ်ခု ရှိနေခဲ့လေသည်။ ကြယ်တာရာကောင်းကင်ပမာ ထင်မှတ်ရသော သူမ၏ မျက်ဝန်းလေးများမှာ တောက်ပကာ လှပနေသလို နှာခေါင်းလေးမှာလည်း ဖြောင့်စင်းလှပေသည်။ အသားအရေမှာ ချောမွတ် တောက်ပြောင်နေပြီး နှင်းသားပမာ ဖြူဖွေးနေခဲ့သည်။

"ယန်" ရန်ကိုင်မှာ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား သူစကားကို ဆုံးအောင်မပြောခဲ့ဘဲ ကြောင်အမ်းအမ်းသာ ရပ်နေခဲ့လေသည်။ ရန်ကိုင်ဆီသို့ တိုးဝင်လာနေသော အစိမ်းရောင်လက်ဝါးကြီးမှာတော့ ထိုလူ၏ ကြားဖြတ်ဟန့်တားမှုကြောင့် ရန်ကိုင်ဆီသို့ပင် မရောက်လိုက်ဘဲ လမ်းတစ်ဝက်မှာတင် ပျောက်ကွယ်သွားခဲ့ရလေသည်။

ငှက်မွေးသရဖူနှင့် လူမှာ အသစ်ရောက်လာသည့် အမျိုးသမီး၏ မျက်နှာကို မြင်လိုက်သည့်နောက် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုအမျိုးသမီးအား တစ်ကြိမ်မက မြင်ခဲ့ဖူးပါသော်ငြား မြင်လိုက်သည့် အချိန်တိုင်း သူမ၏ ရုပ်ရည်ကြောင့် အံ့အားမသင့်ဘဲ မနေနိုင်ချေ။ ဤလောကကြီးထဲတွင် သိုင်းတာအို၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော အမျိုးသမီးအရေအတွက်မှာ များများစားစား မရှိလှပေ။ မဟာဧကရာဇ်အရေအတွက်ကို ကြည့်လျှင်ပင် သိနိုင်ပေသည်။ မဟာဧကရာဇ် ဆယ်ပါးအနက် ကိုးပါးမှာ အမျိုးသားများဖြစ်ကြပြီး ပန်းအရိပ်မဟာဧကရာဇ် တစ်ဦးတည်းသည်သာ အမျိုးသမီးဖြစ်ပေသည်။

ငှက်မွေးသရဖူနှင့် လူသည် ကျင့်ကြံခြင်းအဆင့် မြင့်မားပြီး အဆင့်အတန်းလည်း မြင့်မားသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အပေါ် အထင်အမြင်သေးနိုင်သလို နဂါးကလန်သားတစ်ဦးဟု ဝန်ခံထားသော ရန်ကိုင်ကို ပင်လျှင် ဘယ်သူမှမသိအောင် ခိုးကြောင်ခိုးဝှက်နှင့် သတ်နိုင်ပေသည်။ သို့ပင်ဖြစ်လင့်ကစား ဤအမျိုးသမီးနှင့် အတွေ့တွင်တော့ ရင်ပေါင်တန်း စကားပြောရုံသာ ရှိတော့သည်။

"နင် ဒီကို ဘာလာလုပ်တာလဲ" ထိုလူက မေးလိုက်သည်။

အမျိုးသမီးက ယဲ့ယဲ့လေး ပြုံးလျက် ပြန်မေးလိုက်၏။ "ဘာဖြစ်လို့လဲ၊ ငါဒီမှာရှိလို့ မရလို့လား"

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ငှက်မွေးသရဖူနှင့် လူက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တာပဲနော်၊ ဒီကြယ်စီရင်စုက နင့်ရဲ့ကြီးကြပ်မှုအောက်မှာ ရှိနေတာပဲကို"

အမျိုးသမီးက ပြန်ပြောလိုက်သည်။ "ဟုတ်တယ်လေ၊ ငါ့ရဲ့ကြယ်စီရင်စုထဲမှာ ကြယ်စီရင်စုသခင်တစ်ပါး ပေါ်လာတယ်ဆိုမှတော့ ငါလာကြည့်တာ ဘာဆန်းလို့လဲ၊ မဟုတ်ရင် နင့်လက်ချက်ကြောင့် သူသေရတော့မှာ"

ငှက်မွေးသရဖူနှင့် လူက နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်လေသည်။ "သူက သေချင်နေတာကိုး"

ထိုစကားကိုကြားသော် ရန်ကိုင် မကျေမနပ်ဖြစ်သွားခဲ့လေသည်။ ချက်ချင်းပဲ သူ့အကြည့်ကို အမျိုးသမီးဆီမှ ပြန်ရုပ်သိမ်းလိုက်ပြီး ငှက်မွေးသရဖူနှင့် လူကို ပြန်စိုက်ကြည့်၍ ပြောလိုက်လေ၏။ "မကြိုက်ဘူးဆိုရင် ပြန်တိုက်မလား၊ ဘယ်သူပိုအားကောင်းလဲ ကြည့်ရတာပေါ့"

ငှက်မွေးသရဖူနှင့် လူ၏ မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည်။ "အသက်ရှင်တာကိုတောင် ဝမ်းသာမနေဘဲ ငါ့ကို ထပ်ပြီး လာပြဿနာရှာချင်နေသေးတယ်၊ မင်းနောက်တစ်ကြိမ် ဒါမျိုးထပ်လုပ်ရင်"

"အဲဒါဆို နင်ဘာလုပ်မှာလဲ"

ငှက်မွေးသရဖူနှင့် လူသည် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလျက် နှာခေါင်းရှုံ့လိုက်လေသည်။ "ထားလိုက်တော့၊ ငါ မင်းအဆင့်ထိရောက်အောင် ကိုယ့်ကိုယ်ကိုယ် နှိမ့်မနေတော့ဘူး"

ဤအမျိုးသမီး ဤနေရာတွင် ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဤလူငယ်လေးအား မသတ်နိုင်တော့ပေ။ ငှက်မွေးသရဖူနှင့် လူမှ ရန်ကိုင်အား သတ်ပစ်ရန် ကြိုးစားခဲ့ရခြင်းမှာ ဤနေရာ၌ သူမှအပ အခြားမည်သူမျှ ရှိမနေသည့်အတွက်ကြောင့်ပင်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ မျက်မြင်သက်သေ ရှိနေလေပြီ။ ထိုအကြောင်းကြောင့် ရန်ကိုင်အား ရှင်းပစ်ရန် သူ့အစီအစဉ်မှာလည်း တစ်စစီဖြစ်သွားရတော့သည်။ ထိုအပြင် သူလှုပ်ရှားမည်ဆိုလျှင်ပင် ဤအမျိုးသမီး ဤအတိုင်း ရပ်ကြည့်နေလိမ့်မည်မဟုတ်ပေ။ ဤကြယ်စီရင်စုသည် သူမ၏ စီမံကွပ်ကဲမှုအောက်တွင် ရှိနေသည် မဟုတ်ပေလော။

"ငါ့ရဲ့ ကြယ်တာရာဓားကို ပြန်ပေး၊ အဲဒါဆို ဒီနေ့ကိစ္စကို ဒီမှာတင် ပြီးသွားပြီလို့ သတ်မှတ်ပေးလိုက်မယ်" ငှက်မွေးသရဖူနှင့်လူသည် လက်ကို နောက်ပစ်ရင်းမှ ရန်ကိုင်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည်။

[ဒီတော့ ကြယ်တာရာဓားလို့ ခေါ်တာပေါ့] ရန်ကိုင်မှာမူ ငှက်မွေးသရဖူနှင့်လူ ပြောသည့် စကားကို မကြားသည့်အလား အခြားတစ်ဖက်သို့ အကြည့်လွှဲနေခဲ့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ငှက်မွေးသရဖူနှင့် လူ၏ နဖူးအထက် သွေးကြောကြီးများ ထောင်တက်လာခဲ့ပြီး အော်ပြောလိုက်လေ၏။ "ကောင်လေး ငါမင်းကိုပြောနေတာ၊ မင်းနားပင်းနေတာလား"

"ခင်ဗျားဘာပြောနေတာလဲ၊ ကျုပ် ခင်ဗျားပြောတာကို မကြားရဘူး" ရန်ကိုင်သည် နားတစ်ဖက်အပေါ် လက်တင်ပြရင်းမှ ငှက်မွေးသရဖူနှင့် လူကို ကြည့်၍ ပြန်အော်မေးလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၂)

ဘာသာပြန်သူ_တိမ်တိုက်

(ဘာလဲ… သူ့ဘာသာသူ ဝူဟန်ဘက်ကနေ အကြောင်းအရင်းမရှိ ရပ်ပေးပြီးတော့ အခုကျမှများ ငါ့ဆီကနေ သူ့ဓါးကို ပြန်လိုချင်နေတယ်… သေလိုက်ပါလား…) ငှက်မွေးသရဖူနှင့်လူသည်သာ စိတ်ပျက်နေခြင်းမဟုတ် ရန်ကိုင်သည်လည်း စိတ်ပျက်နေခဲ့လေသည်။ (ကယ်တင်ရှင်လေး ရောက်လာတာတော့ ကောင်းပါရဲ့… ဒါပေမယ့် စောလွန်းသွားတယ်ကွာ…)

ငှက်မွေးသရဖူနှင့်လူသည်သာ ရန်ကိုင်တွေးနေသည်ကို သိသွားခဲ့လျှင် ရန်ကိုင်အား ကျိန်းသေ လှောင်ပြောင်နေပေလိမ့်မည်။

(ဘာပဲဖြစ်ဖြစ် ကြယ်တာရာဓါးက ငါ့အပိုင်ဖြစ်သွားပြီ… သူ့ကိုတော့ ပြန်မပေးနိုင်ဘူး… သူ ဒူးထောက်တောင်းပန်မယ်ဆိုရင်တော့ တစ်မျိုးပေါ့…)

“အမှန်တကယ်ဆို နေရာတိုင်းက အေးအေးချမ်းချမ်းရှိနေသင့်တာ… ဒါပေမယ့် မင်းတို့လို ရူးမိုက်တဲ့လူတွေကြောင့် အားအားနေ ပြဿနာဖြစ်နေရတယ်… ငါ့ကြယ်တာရာဓါးကို ငါ့ဘာသာငါ ပြန်မယူနိုင်ဘူးလို့ မင်းထင်နေတာလား…” ငှက်မွေးသရဖူနှင့်လူသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက်တွင် အနီးအနားတစ်နေရာ၌ ဝဲနေသော ဂန်းဂန်းအား လှမ်း၍ကြည့်လိုက်လေသည်။

ဂန်းဂန်းသည် တိုက်ပွဲထဲ လုံးဝမပါခဲ့ပေ။ ဂန်းဂန်း၏စွမ်းရည်များကို ငှက်မွေးသရဖူနှင့်လူမှ သိသွားမည်ကို စိုးသည့်အတွက်ကြောင့် ရန်ကိုင်မှ မပါခိုင်းခြင်းမဟုတ်။ ထိုအစား ဂန်းဂန်းမှာ ကြယ်တာရာဓါးကို ဝါးမျိုပြီးသည့်နောက် ထိုဓါးကို ဖိနှိပ်ရာတွင် အပြည့်အဝ အာရုံစိုက်ထားရသည့် အတွက်ကြောင့်ပင်။ သို့တိုင် ကြယ်တာရာဓါးမှာတော့ အပြင်းအထန် ရုန်းကန်နေပေသေးသည်။ ထိုအကြောင်းကြောင့် ဂန်းဂန်းသည်သာ တစ်ချက်လောက် သတိလက်လွတ်ဖြစ်သွားခဲ့လျှင် ကြယ်တာရာဓါးကြောင့် လောကဓာတ်လုံးတစ်ခုလုံး အကြီးအကျယ် ထိခိုက်ပျက်စီးသွားရပေလိမ့်မည်။

ရန်ကိုင်က ပြန်ပြောတော့မည်အပြု အမျိုးသမီးက ဖြတ်ပြောလိုက်လေသည်။ “ငါ့တာဝန်ထားလိုက်…”

ငှက်မွေးသရဖူနှင့်လူသည် အမျိုးသမီးအား ကြည့်၍ ခေါင်းညိတ်ပြလိုက်လေ၏။ “ကောင်းပြီလေ…”

ထို့နောက်တွင် အမျိုးသမီးသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

အမျိုးသမီး သူ့အား မျက်စိတစ်ဖက် မှိတ်ပြနေသည်ဟု ရန်ကိုင်စိတ်ထဲ ခံစားလိုက်ရသည်။ သို့သော်ငြား သေတော့မသေချာခဲ့ပေ။ ထို့နောက်တွင် ကြည်လင်သာယာသည့်အသံတစ်သံ သူ့နားထဲ ပျံ့လွင့်လာခဲ့သည်။ “ကြယ်တာရာဓါးကိုပြန်ပေးလိုက်…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ “သိမ်းထားလို့မရဘူးလား…”

ဤဓါးမှာ အလွန်ကိုမှ ထူးဆန်းလှသည်။ ဟုန်းလော့ကြယ်စီရင်စုကြီးနှင့် သူ့ကြားရှိ ဆက်သွယ်ချက်ကိုပင် ဖြတ်တောက်နိုင်ခဲ့သည်။ ထို့အပြင် ငှက်မွေးသရဖူနှင့်လူအား ယခုကဲ့သို့ ဒုက္ခရောက်အောင် လုပ်နိုင်ခဲ့ရခြင်းမှာ ဂန်းဂန်းမှ ကြယ်တာရာဓါးကို ဝါးမျိုလိုက်စဉ်က ငှက်မွေးသရဖူနှင့်လူ ရသွားသည့် ဒဏ်ရာကြောင့်ဖြစ်မှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ထို့ကြောင့်သာမဟုတ်ပါက ဤတိုက်ပွဲကို အစောကြီးတည်းက ရန်ကိုင် ရှုံးနိမ့်သွားနှင့်ပြီးနေလေပြီ။

“သိမ်းထားလို့မရဘူး… ဒီဓါးက သူပိုင်တာမဟုတ်ဘူး… ကြယ်တာရာရုံးတော်က ပိုင်တာ…ငါ့မှာလည်း တစ်ချောင်းရှိတယ်… နင်သာ ဒီဓါးကို သိမ်းထားမယ်ဆိုလို့ရှိရင် ကြယ်တာရာရုံးတော်ကို နင့်ရန်သူဖြစ်အောင် လုပ်လိုက်သလို ဖြစ်သွားလိမ့်မယ်….”

“ကြယ်တာရာရုံးတော်က ပိုင်တာ…” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် စိတ်လှုပ်ရှားနေသည့်လေသံဖြင့် “ဒီတော့ သူ့ကိုပြန်မပေးရင် သူပြဿနာတက်မှာပေါ့…”

ရန်ကိုင် ယခုကဲ့သို့ ပြန်ပြောလာလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် အမျိုးသမီးကြောင်သွားခဲ့သည်။ ရှင်းရှင်းပြောရသော် ဤဓါးသည် ကြယ်တာရာရုံးတော်၏ အပိုင်မှန်း သိသည်နှင့် လူအများစုမှာ ဓါးကို ချက်ချင်းပြန်ပေးပေလိမ့်မည်။ ရန်ကိုင်ကဲ့သို့ အခြားအကြောင်းအရာတစ်ခုကို စဉ်းစားမိလိမ့်မည်မဟုတ်ပေ။

အမျိုးသမီးသည် ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ရယ်မောရင်းမှ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… သူ ကျိန်းသေ အပြစ်ပေးခံရလိမ့်မယ်… အခန့်မသင့်ရင် ကြယ်သံတမန်ဆိုတဲ့ ရာထူးကိုတောင် ဆုံးရှုံးသွားရနိုင်တယ်…” ထိုသို့ပြောပြီးသည့်နောက် အမျိုးသမီးက ရန်ကိုင်ကိုစိုက်ကြည့်၍ ထပ်မံပြောလိုက်သည်။ “ဒါပေမယ့် နင်လည်းသက်သာမှာမဟုတ်ဘူး…”

“ကောင်းပြီ ကောင်းပြီ…” ရန်ကိုင် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် သဘောတူလိုက်လေသည်။

ကြယ်သံတမန်တစ်ဦးမှ ကြယ်တာရာရုံးတော်မှ ပေးအပ်ထားသော ဓါးအား ဆုံးရှုံးသွားရခြင်းမှာ တာဝန်ကိုပျက်ကွက်လိုက်ခြင်း မည်ပေသည်။ ထို့နည်းတူစွာပင် ကြယ်တာရာဓါးကို လုယူသွားသော ရန်ကိုင်သည်လည်း ကြယ်တာရာရုံးတော်ကို မထီမဲ့မြင်ပြုလိုက်ခြင်း မည်ပေ၏။

“နင် ငါ့ကိုယုံလား… နင်သာ ဒီကိစ္စကို ငါ့လက်ထဲအပ်လိုက်မယ်ဆိုရင် နင် ဘာမှမဆုံးရှုံးစေရဘူးလို့ ငါ အာမခံတယ်…”

“ယုံတာပေါ့…” (နင်သာ တကယ်ကြီး သူဆိုရင်တော့ ငါ နင့်ကို မယုံစရာလား…)

“ကောင်းပြီလေ… ဒါဆို ငါ သူနဲ့ နည်းနည်းပါးပါး သွားဆွေးနွေးကြည့်လိုက်ဦးမယ်…”

“ရသလောက် အမြတ်ထုတ်နော်…” ရန်ကိုင်က အားပေးလိုက်လေသည်။

အမျိုးသမီးသည် ပြုံး၍ ငှက်မွေးသရဖူနှင့်လူဘက်သို့ လှည့်လိုက်လေ၏။ ထို့နောက် ထိုလူနှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ပြောဆိုနေလေသည်။ သူတို့နှစ်ဦး ဘာတွေပြောနေသလဲဆိုသည်ကို မသိပါသော်ငြား ငှက်မွေးသရဖူနှင့်လူ၏ အမူအယာ အဆက်မပြတ် ပြောင်းလဲနေသည်ကိုတော့ ရန်ကိုင် သတိထားမိခဲ့သည်။ တစ်ခါတစ်ရံ လေးနက်တည်ကြည်သွားလိုက် တစ်ခါတစ်ရံ ဒေါသထွက်လာလိုက် တစ်ခါတစ်ရံ ခေါင်းတခါခါလုပ်နေလိုက် ဖြစ်နေခဲ့လေသည်။ ကြည့်ရသလောက် အမျိုးသမီးမှ ပေးလာသည့် ကမ်းလှမ်းချက်များကို ထိုလူ လက်မခံနိုင်သည့်ပုံပင်။ ထိုလူစိတ်ပျက်နေသည့်ပုံစံကို ရန်ကိုင်မှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေမိလေသည်။

ကြယ်စီရင်စုသခင်နှစ်ပါးကြားရှိ တိုက်ပွဲမှာ ကြယ်သံတမန်များပင် ဝင်ပါလာရသည့်အဆင့်ထိသို့ ရောက်သွားခဲ့သည်။

(ဒီတော့ ငါ့မှာလည်း နောက်ခံရှိလာပြီလို့ ပြောလိုက်တာပေါ့…) ရန်ကိုင်သည် ရင်းနှီးသလိုလို မရင်းနှီးသလိုလို ထင်မှတ်ရသော မျက်နှာလေးကိုလှမ်းကြည့်ရင်းမှ တွေးလိုက်သည်။ (ဟုတ်တော့လည်း ဟုတ်တာပဲနော်… သူလည်း အရင်တုန်းက ဒီကြယ်စီရင်စုကို ရောက်ခဲ့ဖူးတာပဲ… ဒီတော့ ကြယ်သံတမန်တစ်ပါးအနေနဲ့ ဒီကြယ်စီရင်စုကို အုပ်ချုပ်နေတာကတော့ ဆန်းတော့မဆန်းပါဘူးလေ..)

ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ရုတ်သိမ်း၍ လူအသွင်သို့ ပြန်ပြောင်းလိုက်သည်။ လူအသွင်သို့ ပြောင်းပြီးပြီးချင်းမှာပင် သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်လာခဲ့ပြီး သူ့ဘယ်ဘက်လက်မှာလည်း အလွန်တရာကိုမှ နာကျင်လာတော့လေသည်။

ယနေ့တိုက်ပွဲသည် သိပ်မကြာခဲ့ပါသော်ငြား ရန်ကိုင်အတွက်တော့ အလွန်ကိုမှ အန္တရာယ်များခဲ့ပေသည်။ ကြယ်စီရင်စုသခင်တစ်ပါးဖြစ်သည့်တိုင် သူ့ပိုင်နက်နယ်မြေထဲတွင် တိုက်ခိုက်နေခဲ့ရပါသော်ငြား သူ၏အားသာချက်များကို အသုံးမချနိုင်ခဲ့ပေ။ တိုက်ပွဲတစ်လျှောက်လုံး ရန်ကိုင်သည် သူ့ကိုယ်ပိုင်ခွန်အားကိုသာ အသုံးပြုခဲ့ရသည်။ ကံကောင်းစွာဖြင့် နောက်ဆုံးအခိုက်အတန့်တွင် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်မှာ နောက်တစ်ဆင့်သို့ တက်သွားသည့်အတွက်ကြောင့် ရန်ကိုင်အတွက် အကျိုးမရှိသည့်တိုက်ပွဲဟုတော့ ပြော၍မရတော့ချေ။

သူ့ခွန်အားကိုလှည့်ပတ်၍ ဒဏ်ရာကို အတတ်နိုင်ဆုံး ပြန်ကုစားနေလိုက်လေသည်။ ထို့နည်းဖြင့် ထိုင်စောင့်နေလိုက်ရာ တစ်ခဏအကြာ၌ အမျိုးသမီးသည် ရန်ကိုင်ဆီသို့ ပြန်လှည့်လာပြီး သူမလက်ကို ဖြန့်လိုက်သည်။ “အဲ့ဒါပေး…”

အမျိုးသမီး ဘာကိုပြောနေသလဲ သိသည့်အလျောက် ရန်ကိုင်လည်း လောကဓာတ်လုံးနှင့် အလျင်အမြန် ဆက်သွယ်လိုက်လေသည်။ တစ်ခဏအကြာ၌ ဂန်းဂန်းသည် ၎င်း၏ပါးစပ်ကြီးကိုဟ၍ ဓါးတစ်ချောင်းကို ထွေးထုတ်လိုက်သည်။ ထိုဓါးသည် ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာဓါးချီကို ထုတ်လွှတ်လျက် ရန်ကိုင်အား ခုတ်ချလာခဲ့လေသည်။ သို့တိုင် ရန်ကိုင်မှာတော့ မျက်နှာတစ်ချက်ပင် ပျက်မသွားခဲ့။

ကြယ်တာရာဓါးသည် ရန်ကိုင်အား ထိခါနီးမှာပင် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး ငှက်မွေးသရဖူနှင့်လူ၏ လက်ထဲသို့ ပြန်ရောက်သွားခဲ့သည်။

ငှက်မွေးသရဖူနှင့်လူသည် ကြယ်တာရာဓါးကို ဓါးအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးသည့်နောက်တွင် အမျိုးသမီးအား လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ဒါဆို ငါ အရင်သွားနှင့်တော့မယ်…” ထိုသို့ပြောပြီးသည့်နောက် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။ အစမှအဆုံး ငှက်မွေးသရဖူနှင့်လူသည် ရန်ကိုင်၏နာမည်ကို သိမသွားခဲ့သလို ရန်ကိုင်သည်လည်း ငှက်မွေးသရဖူနှင့်လူ၏ နာမည်ကို သိမသွားခဲ့ပေ။ သို့ပင်ဖြစ်သည့်တိုင် မထင်မှတ်ထားသည့် တိုက်ဆိုင်မှုကြောင့် သူတို့ကြား ရန်ငြိုးရန်စတစ်ခု ဖြစ်တည်လာခဲ့ရသည်။

ငှက်မွေးသရဖူနှင့်လူ ထွက်သွားပြီးသည့်နောက်တွင် အမျိုးသမီးသည် ရန်ကိုင်အား ပြုံး၍ လှည့်ကြည့်လာခဲ့လေသည်။

ရန်ကိုင်လည်း ပြန်ပြုံးပြလိုက်ပြီးသည့်နောက် အမျိုးသမီးဆီသို့ လျှောက်သွား၍ အမျိုးသမီးအား အထက်အောက်အစုံအဆန် သေသေချာချာ စစ်ဆေးကြည့်လေသည်။

ထို့နောက်တွင် အမျိုးသမီး၏ ပြုံးနေသည့် မျက်နှာမှာ တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ဒေါသတို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။ “နင် ဘယ်လိုလုပ်ပြီး ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံရဲတာလဲ… ငါ့ကိုပြော… နင်ဘယ်လိုသေချင်လဲ… နင် မြန်မြန်သေချင်တယ်ဆိုရင် ငါနင့်ကို မြန်မြန်သေရအောင် လုပ်ပေးမယ်…”

ရုတ်တရက်ဆိုသလို သူ့ရှေ့၌ရှိနေသော အမျိုးသမီးသည် သူနှင့် အလွန်တရာကိုမှ စိမ်းကားလှသည့် အမျိုးသမီးတစ်ဦးအသွင်သို့ ပြောင်းသွားသည့်အတွက်ကြောင့် ရန်ကိုင်မှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့ရလေသည်။ တစ်ချိန်တည်း၌ ဤအမျိုးသမီးသည် သူသိသည့် အမျိုးသမီး ဟုတ်မှဟုတ်ပါလေစဟုလည်း တွေးမိသွား၏။

“တော်လောက်ပြီ…” ရန်ကိုင်သည် အခြားဘာကိုမှ စဉ်းစားမနေတော့ဘဲ သူ့လက်ကိုမြှောက်၍ အမျိုးသမီးအား လှမ်းဖက်လိုက်လေသည်။

အမျိုးသမီး၏မျက်တောင်လေးများ တဖျတ်ဖျတ်ကို လှုပ်ခါသွားခဲ့သည်။ သူမ၏မျက်လုံးများမှာလည်း အံ့အားသင့်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။ ယခုကဲ့သို့ဖြစ်လာလိမ့်မည်ဟု အမျိုးသမီးမှာ လုံးဝကို မထင်ထားမိခဲ့သည့်ပုံပင်။ သူမပင် သတိမထားမိလိုက်ခင်မှာပင် ရန်ကိုင်သည် သူမအား ပွေ့ဖက်ပြီးနေလေပြီ။

ကံကောင်းစွာဖြင့် ရန်ကိုင်အား တဏှာရမ္မက်ကြောင့် သူမအား ယခုကဲ့သို့ ပွေ့ဖက်ထားခြင်းမဟုတ်။ အတန်ကြာအောင် မတွေ့ရသည့် မိတ်ဆွေတစ်ဦးကို ပြန်တွေ့လိုက်ရသည့်အတွက်ကြောင့် ယခုကဲ့သို့ ပွေ့ဖက်မိလိုက်ခြင်းသာ ဖြစ်လေသည်။

သွယ်လျသည့် လက်တစ်ချောင်းသည် ရန်ကိုင်၏ရင်ဘတ်ကို လာထိ၍ သူ့အား တွန်းထုတ်လိုက်လေသည်။ နှစ်ဦးသားကြား တစ်တောင်ခန့် ကွာသွားပြီးသည့်နောက်တွင် ရန်ကိုင်က အပူအပင်မဲ့စွာ ပြုံးလျက် အတွန့်တက်လိုက်သည်။ “ယန်ယန်… နင့်ကိုရှာဖို့ ဘယ်လောက်တောင်ခက်လဲ သိလား…”

ယန်ယန်က ရန်ကိုင်ကိုကြည့်၍ ပြန်မေးလိုက်လေသည်။ “ယန်ယန်… အဲ့ဒါ ဘယ်သူလဲ… ငါမသိပါလား…”

ရန်ကိုင်က ခေါင်းညိတ်လျက် “ငါနင့်ကို တကယ် မမှတ်မိခါနီးပဲ…”

ယခင်က ယန်ယန်သည် ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးအား လွှမ်းခြုံထားသည့် အနက်ရောင်ဝတ်ရုံကြီးကိုသာ ဝတ်လေ့ရှိပေသည်။ ယခု နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်တွေ့လိုက်ရသည့်နောက်တွင် ယန်ယန်၏ပုံစံမှာ ယခုကဲ့သို့ ကျော့ရှင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။ ရန်ကိုင်သိသည့် ယန်ယန်နှင့် လက်ရှိ သူ့ရှေ့တွင်ရှိနေသော တော်ဝင်ဆန်သည့် အငွေ့အသက်တို့ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးမှာ လုံးဝကို တသီးတခြားစီ ဖြစ်နေလေသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ ယန်ယန်မှ ကြောက်လန့်တကြားဖြင့် သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လာသည့် အဖြစ်အပျက်ကိုပင် ပြန်သတိရသွားခဲ့လေသည်။ ထို့အတွက်ကြောင့် သူ့အကြည့်မှာ အမျိုးသမီး၏လည်ပင်းဆီသို့ အလိုလိုရောက်သွားခဲ့လေ၏။

“နင် ဘာမဟုတ်တရုတ်တွေ တွေးနေတာလဲ…” အမျိုးသမီးမှာတော့ ရန်ကိုင် ဘာတွေးနေသလဲဆိုသည်ကို သတိထားမိလိုက်သည့်အလား ရန်ကိုင်၏ခေါင်းကို ကောက်ခေါက်လိုက်သည်။

ရန်ကိုင်မှာတော့ သူ့နဖူးကို ပွတ်သပ်ရင်းမှ ပြန်၍ အထွန့်တက်လိုက်လေ၏။ “နင် ဘာလို့ ငါ့ကို လာထုတာလဲ… သတိထားနော်… မဟုတ်ရင် ငါနင့်ကို ဒေါသထွက်တော့မှာ…”

အမျိုးသမီးသည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်၍ “အဲ့ဒါဆို ထွက်လိုက်လေ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ငါက ဒီတိုင်းပြောလိုက်ရုံပါပဲ… နင်က ဘာတွေအတည်မှတ်နေတာလဲ… အင်း… ဒါနဲ့ နင်လည်း ကြယ်တာရာရုံးတော်ရဲ့ ကြယ်သံတမန်လား… ဒီတော့ နင် ဟိုတစ်ခေါက် ထွက်သွားပြီးတဲ့နောက်ပိုင်း ကြယ်တာရာရုံးတော်ဆီ ပြန်သွားတာပေါ့…”

“ဟုတ်တယ်…”

“အဲ့ဒါကြောင့်ကိုး…” ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်လေသည်။ (ကြယ်တာရာအစုအဝေးဆီပြန်သွားပြီးနောက်ပိုင်း လင်းယွင်အာကို သံမဏိသွေးမဟာဧကရာဇ်လက်ထဲကို အပ်လိုက်နိုင်တာ အဆန်းတော့မဟုတ်ပါဘူးလေ… သူကိုယ်တိုင်က ကြယ်တာရာရုံးတော်ရဲ့ ကြယ်သံတမန်တစ်ပါး ဖြစ်နေတာကိုး… ပြီးတော့ သံမဏိသွေးမဟာဧကရာဇ်ကလည်း ကြယ်တာရာရုံးတော်ရဲ့ လက်ရှိမဟာဧကရာဇ်ဆိုတော့ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ လွယ်သွားတာပေါ့… ဒါပေမယ့် သံမဏိသွေးမဟာဧကရာဇ်ကို ကြည့်ရတာ သူ့တာဝန်တွေကို ဂရုစိုက်တဲ့ပုံမပေါ်ဘူး… မဟုတ်လို့ရှိရင် လင်းယွင်အာ ယန်ယန်နဲ့ ဒီလောက်နှစ်တွေအများကြီးကြာအောင် အဆက်အသွယ်ပြတ်နေမှာမဟုတ်ဘူး…)

ရန်ကိုင်သည် ရုတ်တရက် လက်သီးတင်းတင်းဆုပ်၍ မေးလိုက်လေသည်။ “နင် ကြယ်တာရာအစုအဝေးထဲမှာဆိုရင် ဘာဖြစ်လို့ ငါ့ကို လာမရှာတာလဲ…”

အမျိုးသမီးက ပြန်မေးလိုက်သည်။ “ငါက နင့်ကို လာရှာရအောင် နင်က ငါ့သားမို့လို့လား…”

ထိုစကားကိုကြားသော် ရန်ကိုင် နောက်သို့ ဒယီးဒယိုင်ဆုတ်သွားလျက် အမျိုးသမီးအား ဝမ်းနည်းတကြီးဖြင့် ကြည့်ရင်း “တကယ်ကို ရက်စက်ပြီးတော့ သွေးအေးတာပဲ… ငါထင်တဲ့အတိုင်းပဲ… ဒီလောကကြီးမှာ မိန်းမတစ်ယောက်ရဲ့ နှလုံးသားထက် ပိုပြီးအဆိပ်ပြင်းတဲ့အရာဆိုတာ ဘာမှမရှိဘူး…”

အမျိုးသမီးသည် ဆံပင်ကို နားသယ်နောက်သို့သပ်တင်၍ မေးလေးကိုမော့ကာ စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “ငါတို့နှစ်ယောက်က ဘယ်လိုပတ်သက်လို့လဲ…”

ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်း၍ “တော်ပြီ တော်ပြီ… အတိတ်အကြောင်းမပြောကြရအောင်… အတိတ်က အတိတ်ပဲ… အခုလက်ရှိပစ္စုပ္ပန်အကြောင်းပဲ ပြောကြမယ်… ဟိုခွေးသူတောင်းစားက ကြယ်သံတမန်ဆိုတာ ကြယ်စီရင်စုတွေအများကြီးကို စီမံကွပ်ကဲနေတဲ့ လူတစ်ယောက်လို့ ပြောသွားတယ်… ဒီတော့ ကြယ်စီရင်စုသခင်တစ်ယောက်အနေနဲ့ ငါက နင့်ရဲ့ အမိန့်ကို နာခံရမှာပေါ့…”

(ငါ့ကို ထောက်ခံပေးမယ့်လူတစ်ယောက် ရှိနေတာတော့ မဆိုးပါဘူး… ဒါပေမယ့် အခြားသူတစ်ယောက်က ထိန်းချုပ်နေတဲ့ ဘဝမျိုးမှာ နေရတာကတော့ ကောင်းတော့မကောင်းဘူး… ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ ရွေးစရာမှမရှိတာ…)

ယန်ယန်သည် သူမ၏ရင်ဘတ်ကိုပုတ်၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… အခုကစပြီးတော့ ငါက နင့်ရဲ့ အထက်အရာရှိပဲ… ကောင်လေး… နင့်ကိုကြည့်လိုက်တည်းက အလားအလာရှိမှန်း ငါသိတယ်… ဒီတော့ နောက်ပိုင်းကျရင် တာဝန်တွေကို သေသေချာချာလုပ်… ငါ့အပေါ်လည်း သေသေချာချာကို သစ္စာစောင့်သိပေး… အဲ့ဒါဆိုရင် ငါနင့်ကို ပြန်ပြီးတော့ ထောက်ပံ့ပေးမယ်…”

ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး ချက်ချင်း ရန်ကိုင်အား လည်ပင်းမှ ဆွဲညှစ်၍ အော်ပြောလိုက်လေသည်။ “ငါသိတဲ့ယန်ယန် ဘာဖြစ်သွားတာလဲ… အခုချက်ချင်း အဲ့ယန်ယန် ငါ့ကိုပြန်ပေး…”

(အတိတ်ကယန်ယန်က အကောင်းဆုံးပဲ… အခုယန်ယန်ကြီးက ဘာကြီးလဲ…)

အမျိုးသမီးသည် ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်၍ “နင့်ရဲ့ညစ်တီးညစ်ပတ်လက်တွေကို ငါ့ပေါ်ကနေ ဖယ်လိုက်စမ်း…”

ရန်ကိုင်သည် ချက်ချင်းပဲ ယန်ယန်ကို ပြန်လွှတ်ပေးလိုက်ပြီးသည့်နောက် ဘာမှမဖြစ်ချင်ယောင်ဆောင်လျက် သူ့မေးစေ့ကို ထိုင်ပွတ်နေလေသည်။ ထို့နောက် ပြန်ပြောလိုက်လေ၏။ “ထားလိုက်တော့ ထားလိုက်တော့… ဒါက အဲ့လောက်ကြီးလည်း ဆိုးတာမှမဟုတ်တာ… အရူးတစ်ယောက်ယောက် ငါ့ကို လာပြဿနာရှာလို့ရှိရင် နင့်နာမည်ကိုသုံးပြီးတော့ ဖြဲခြောက်လိုက်ရုံပေါ့…”

သူ့အနေဖြင့် တစ်ပါးသူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားလိမ့်မည် ဖြစ်ပါသော်ငြား အနည်းဆုံး အခြားသောကြယ်သံတမန်တစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံရတော့လိမ့်မည်မဟုတ်ပေ။ ရုတ်တရက်ဆိုသလို ရန်ကိုင်၏အမူအယာ ပြောင်းသွားခဲ့ပြီး ထပ်၍မေးလိုက်လေ၏။ “ငါရော ကြယ်တာရာဓါးတစ်ချောင်းလောက် ရနိုင်မလား…”

ယန်ယန်သည် သူမ၏လည်ပင်းကိုပွတ်သပ်ရင်းမှ ဆံပင်ကို သပ်ရပ်သွားအောင်ပြန်လုပ်လျက် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်ကာ ပြောလိုက်လေ၏။ “အိပ်မက်သာ မက်နေလိုက်… အဲ့ဓါးကို ကြယ်သံတမန်တွေကိုပဲပေးတာ… နင့်လိုကြယ်စီရင်စုသခင်တစ်ယောက်ကတော့ ထိဖို့တောင် စိတ်မကူးနဲ့… ကြယ်တာရာဓါးကို လိုချင်ရတယ်လို့… ကိုယ့်ကိုယ်ကို မှန်ထဲလည်း အရင်ပြန်ကြည့်လိုက်ပါဦး… ဟမ်း ဟမ်း ဟမ်း…”

ထိုစကားကိုကြားသော် ရန်ကိုင်၏နှုတ်ခမ်း ကွေးတက်သွားခဲ့ပြီး ယန်ယန်အား သေသည်အထိ လည်ပင်းညှစ်မသတ်မိလိုက်သည်ကိုပင် နောင်တရသွားခဲ့လေသည်။ ထို့နောက်တွင် သက်ပြင်းချ၍ ထပ်မေးလိုက်လေ၏။ “ဒီတော့ ကြယ်တာရာရုံးတော်မှာ စာရင်းသွင်းမယ်ဆိုရင် ငါ ဘယ်လိုအကျိုးအမြတ်မျိုးရမှာလဲ…”

ယန်ယန်သည် ပုခုံးတွန့်ပြ၍ ပြန်ပြောလိုက်သည်။ “ဘာမှမရဘူး…”

“အဲ့ဒါဆို ဘာဖြစ်လို့ စာရင်းသွင်းရဦးမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“မသွင်းလို့လည်းမရဘူး… ကြယ်တာရာရုံးတော်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ကြယ်စီရင်စုသခင်လုပ်နေတဲ့လူတွေအကုန်လုံး သက်ဆိုင်ရာရာထူးကနေ ထုတ်ပယ်ခံရမှာ…”

ရန်ကိုင်က လက်သီးကိုတင်းတင်းဆုပ်၍ ပြန်ပြောလိုက်သည်။ “နင်တို့တွေက နိုင်ထက်စီးနင်းလုပ်နေကြတဲ့လူတွေပဲ… ဘာအကျိုးအမြတ်မှမပေးပဲနဲ့ ငါက ဘာဖြစ်လို့ နင်တို့အမိန့်ကို နာခံနေရမှာလဲ…”

ယန်ယန်က ရန်ကိုင်အားကြည့်၍ “နိုင်ထက်စီးနင်းလုပ်တယ် ဟုတ်လား… နိုင်ထက်စီးနင်း မလုပ်ခံချင်ရင်လည်း အခြားနည်းလမ်းတစ်ခုအတိုင်းပဲ ကြိုးစားလိုက်ပေါ့…”

“ဘယ်လိုနည်းလမ်းလဲ…” ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့သည်။

“မဟာဧကရာဇ်တစ်ပါး ဖြစ်လာအောင် လုပ်လိုက်လေ…”

ရန်ကိုင် တိုးတိုးလေး ဆဲလိုက်လေ၏။

“နင်ဘာပြောလိုက်တာ…” ယန်ယန်သည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

“ဘာပြောလို့လဲ…” ရန်ကိုင်က မသိချင်ယောင်ဆောင်လျက် ပြန်ပြောလိုက်သည်။ “ထားလိုက်တော့… ဒီကြယ်စီရင်စုကြီးရဲ့ အကျိုးကို ငဲ့ညှာပြီးတော့ နင်တို့ရဲ့အမိန့်ကို နာခံပေးရမှာပေါ့… ငါက တကယ်ကို သဘောထားကြီးပြီးတော့ စိတ်ထားကောင်းတဲ့လူတစ်ယောက်ပါလား… ငါ့ကြယ်စီရင်စုကြီးရဲ့ အကျိုးကို ကောင်းကောင်း သယ်ပိုးပေးရဦးမှာပေါ့…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်မှာ သူ့ကံတရားအပေါ် လျင်မြန်စွာ လက်ခံလိုက်ရခြင်းမှာ သူ၏ အထက်အရာရှိသည် ယန်ယန် ဖြစ်နေသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ငှက်မွေးသရဖူနှင့် လူသာဆိုလျှင်တော့ ရန်ကိုင် ချက်ချင်း သဘောတူလိုက်လိမ့်မည် မဟုတ်ပေ။

ယန်ယန်သည် ရန်ကိုင်အား ထူးဆန်းစွာကြည့်လျက်... "နင် ဒီကြယ်စီရင်စုကြီးထဲမှာ ဘာတွေလုပ်ချင်နေလို့ ကြယ်တာရာရုံးတော်ရဲ့ အာဏာကို ဒီလောက်တောင် ဆန့်ကျင်ချင်နေရတာလဲ"

"ငါ ဘာလုပ်လို့ရလို့လဲ"

ယန်ယန်က ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ "နင်ဒီလိုကြီးလည်း လုပ်နေစရာ မလိုပါဘူး၊ တကယ့်တကယ်ဆိုရင် ဘယ်သူမှ ကြယ်တာရာရုံးတော်ကို ဒီလောက်ဂရုစိုက်ကြတာ မဟုတ်ဘူး၊ နင်က ဒီကြယ်စီရင်စုရဲ့သခင်ပဲ၊ နင်လုပ်လို့မရတာဆိုလို့ ကြယ်စီရင်စုတွေကို ဖျက်ဆီးတာပဲ" ထိုအနားသို့ အရောက်တွင် ယန်ယန်၏ အသံမှာ ရုတ်ချည်း တိုးလျသွားခဲ့ပြီး သူမ၏ အကြည့်မှာလည်း လေးနက်တည်ကြည်သွားခဲ့လေသည်။

ရန်ကိုင်က အလျင်စလို ခေါင်းစဉ်ပြောင်းလိုက်လေ၏။ "ငါ ငါသိပြီ၊ ဒါနဲ့ နင်ဘယ်လိုလုပ်ပြီး အချိန်ကိုက်ပေါ်လာရတာလဲ၊ ဘာလဲ၊ နင်တစ်ချိန်လုံး ဒီကြယ်စီရင်စုကြီးကို စောင့်ကြည့်နေတာလား"

"မဟုတ်ဘူး၊ ဒီအတိုင်း တိုက်ဆိုင်သွားရုံပဲ"

ယန်ယန်သည် ဟုန်းလော့ကြယ်စီရင်စုအား ကြီးကြပ်ကွပ်ကဲနေရသည့် လူတစ်ဦး ဖြစ်ပါသော်ငြား ဤကြယ်စီရင်စုအား အချိန်ပြည့် အာရုံမစိုက်နိုင်ပေ။ ထိုအပြင် ကြယ်တာရာရုံးတော်၌ ရှိနေစဉ် ဟုန်းလော့ကြယ်စီရင်စုအား စောင့်ကြည့်ဖို့ရာမှာ အလွန်ကိုမှ အားစိုက်ရလွန်းသည်။ ထိုသို့ဖြစ်လေရာ သူမအနေဖြင့် ဟုန်းလော့ကြယ်စီရင်စုအား မည်ကဲ့သို့များ အချိန်ပြည့် စောင့်ကြည့်နေနိုင်ပါတော့မည်နည်း။ ငှက်မွေးသရဖူနှင့်လူ ဆင့်ခေါ်ခံရပြီး တစ်စပြင်ကန္တာရကြယ်စီရင်စုသို့ ရောက်လာသည့်အတွက်ကြောင့်သာလျှင် ယန်ယန်မှာလည်း ဟုန်းလော့ကြယ်စီရင်စုကြီး၏ အခြေအနေကို အမှတ်မထင် လှမ်းကြည့်မိလိုက်ခြင်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင် ရှိနေသည်ကိုလည်း သတိထားမိသွားခဲ့ခြင်းဖြစ်ကာ အဆုံးတွင်တော့ သူမကိုယ်တိုင် ဆင်းလာရတော့လေ၏။

သူမ ကိုယ်တိုင် ဆင်းလာခဲ့ရသည့်တိုင် ရန်ကိုင်၌ ဝှက်ဖဲတစ်ခုခု ရှိနေလိမ့်ဦးမည်ဟု သူမ စိတ်ထဲ ခံစားနေခဲ့ရလေသည်။

[နှစ်အနည်းငယ်လေးအတွင်းမှာ ဒီကောင် ဒီလောက်အထိ အားကောင်းလာလိမ့်မယ်လို့ ငါတကယ်ကို ထင်မထားဘူး]

သူမ ဟုန်းလော့ကြယ်စီရင်စုကြီးမှ ထွက်သွားစဉ်က ရန်ကိုင်ကို သူမနှင့် အတူ ခေါ်မသွားခဲ့ရခြင်းမှာ ရန်ကိုင်အား သူ့ဘာသာသူ ခြေဆန့်စေ၍ အတွေ့အကြုံ ပိုရစေလိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ တကယ်တော့ မိမိကိုယ်တိုင် ကြိုးစားအားထုတ်၍ ရယူထားနိုင်သည့် အရာများသာလျှင် မိမိ၏ အပိုင်ဖြစ်ကာ တစ်ပါးသူ၏ အကူအညီဖြင့် ရယူထားသောအရာများသည် ငှားယူထားသည့် သဘောမည်ပေသည်။

ရန်ကိုင်သည် သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်မှန်း ယန်ယန် သိပြီးသားပင်။ သို့သော်ငြား နှစ်အနည်းငယ်လေးအတွင်းမှာပင် ရန်ကိုင် ဤအတိုင်းအတာအထိ ကြီးထွားလာလိမ့်မည်ဟု ယန်ယန် အမှန်တကယ်ကို မထင်ထားခဲ့ပေ။ ကြည့်ရသလောက် သူမ ရန်ကိုင်အား အထင်သေးမိလိုက်သည့်ပုံပင်။

"ဘယ်လိုပဲဖြစ်ဖြစ် ရောက်လာပြီး ကူညီပေးခဲ့တာတော့ ကျေးဇူးပဲ" ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် သူ့ဒန်ထျန်ထဲရှိ ချိတ်စည်းကို ပြန်ပိတ်လိုက်လေသည်။ ယန်ယန်သာ အချိန်မီ ရောက်မလာခဲ့လျှင် ရန်ကိုင်သည် ဒန်ထျန်ထဲရှိ ချိတ်စည်းကို ဖြေ၍ နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲပေလိမ့်မည်။ နဂါးတစ်ပိုင်းအသွင်နှင့် နတ်ဆိုးအသွင်သည် ငှက်မွေးသရဖူနှင့် လူအား အကြီးအကျယ် အံ့အားသင့်သွားစေပေလိမ့်မည်။

"ဒါနဲ့ နင်ဟိုတစ်ယောက်နဲ့ ဘာတွေပြောသွားလဲဆိုတာကို ငါ့ကိုအခုထိ မပြောရသေးဘူးနော်၊ သူ့ကြယ်တာရာဓားကိုတော့ ပြန်ယူပြီးသွားပြီ၊ ဒီတော့ သူနင့်ကို ဘာမှပြန်မပေးဘူးလို့တော့ ငါ့ကိုလာမပြောနဲ့နော်၊ အဲဒါဆိုရင်တော့ သူ့အတွက် အရမ်းသာသွားပြီ"

"အဲဒီကောင်ဆိုတာ နင်ဘာကိုပြောနေတာလဲ၊ သူ့နာမည်က"

"ရပ်လိုက်တော့ " ရန်ကိုင်က သူ့လက်ကို မြှောက်ပြလျက်... "ငါသူ့နာမည်ကို စိတ်မဝင်စားဘူး"

ယန်ယန်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်မေးလိုက်လေသည်။ "အဲဒီလောက်ကလေးကိုတောင် နင်လိုက်ပြီးတော့ အငြိုးထားနေတာလား"

ရန်ကိုင်နှင့် ငှက်မွေးသရဖူနှင့် လူတို့ တိုက်ခိုက်နေကြသည်ကို ယန်ယန် မြင်ပြီးသားပင်။ ထို့ကြောင့် သူတို့နှစ်ဦးသားအကြား မည်ကဲ့သို့ စကားများခဲ့သလဲဆိုသည်ကို ယန်ယန် သိပေသည်။

ရန်ကိုင်က ခက်ထန်သည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "တစ်နေ့ကျ သူမသေခင် သူ့နာမည်ကို ငါမမေးဘဲနဲ့ သူဘာသာသူ ပြောလာရလိမ့်မယ်"

"အဲဒါကတော့ နင့်မှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်း ရှိမရှိအပေါ် မူတည်တာပေါ့" ယန်ယန်မှာ ရန်ကိုင်အား သွား၍ ဖျောင်းဖျမနေခဲ့ပေ။ ရန်ကိုင် ဤမျှ အငြိုးကြီးသည်မှာလည်း မကောင်းသည့်အရာတော့ မဟုတ်။ အနည်းဆုံး သူ့အား ယခုထက် ပို၍ ကြိုးစားလာစေပေလိမ့်မည်။

ယန်ယန်သည် သူမ လက်ကို အမှောင်ထုဆီသို့ ဝှေ့ယမ်းပြလိုက်ရင်းမှ ပြောလိုက်သည်။ "အခုကနေစပြီးတော့ နင်ဝါးမျိုထားတဲ့ ကြယ်တာရာကောင်းကင်က နင့်အပိုင်ဖြစ်သွားပြီ"

ရန်ကိုင်မှာ ယန်ယန်အား မျှော်လင့်တကြီးဖြင့် ကြည့်နေပါသော်ငြား အချိန်အတန်ကြာပြီးသည်တိုင် ယန်ယန်မှာ ထိုစကားမှ လွဲ၍ အခြားဘာကိုမျှ ထပ်မပြောလာသည့်အတွက်ကြောင့် ရန်ကိုင်က ဆွံ့အနေသည့် အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ "အဲဒါပဲလား"

ယန်ယန်က မျက်နှာကြီးမဲ့လျက် ပြန်မေးလိုက်လေသည်။ "အဲဒါအပြင် နင်က အခြားဘာလိုချင်နေသေးတာလဲ"

ရန်ကိုင်က အံကို တင်းတင်းကြိတ်၍ ပြန်အော်ပြောလိုက်လေ၏။ "သေချာသွားပြီ၊ နင်က ယန်ယန်မဟုတ်ဘူး၊ ငါ့ကိုပြော၊ နင်ဘယ်သူလဲ"

[အရင်တုန်းကတော့ သလင်းကျောက်တွေကို ရေလို လျှောက်သုံးပြီးတော့ အခုကျမှ ဘာတွေဒီလောက်တောင် ကပ်စေးနှဲနေရတာလဲမသိဘူး၊ ငါကတော့ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး တစ်ခုလုံးကို ရအောင် တောင်းလာမလား မှတ်နေတယ်၊ ငါဝါးမျိုထားတဲ့ ကြယ်တာရာကောင်းကင်ကိုပဲ ငါ့ကိုပြန်ပေးတယ်၊ အဲဒါက ငါ့ဆီကနေ ခွဲထုတ်သွားလို့မှ မရတော့တာ၊ ဟိုကောင် မပေးချင်ရင်တောင် ဘာမှမတတ်နိုင်ဘူး၊ ဒါကြီးက ငါ့အတွက် ဘာအကျိုးအမြတ်မှ ရှိတာလည်းမဟုတ်ဘူး]

"နင့်ဘက်က နစ်နာသွားတယ်လို့ ထင်နေတယ်ပေါ့" ယန်ယန်က အေးစက်စက် အမူအရာဖြင့် ပြုံးလိုက်သည်။

ရန်ကိုင်က ဝမ်းနည်းတကြီး အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "ငါ့ဘက်က ဘယ်လိုလုပ်ပြီး မနစ်နာဘဲနေရမှာလဲ"

"ဒီလောက်နဲ့ တော်လိုက်ပေတော့၊ သူသာ ဒီကိစ္စကို ကြယ်တာရာရုံးတော်ဆီ သွားတင်ပြလိုက်မယ်ဆိုရင် သုံးရက်အတွင်း နင့်ကို သံမဏိသွေးကိုယ်တိုင် လာဖမ်းပြီးတော့ တစ်စစီလုပ်ပစ်လိမ့်မယ်"

"အပိုတွေ" ရန်ကိုင်က ပြန်ပြောလိုက်သည်။ "စီနီယာသံမဏိသွေးက မဟာဧကရာဇ် ဆယ်ပါးထဲက တစ်ပါးပဲဟာကို ဘာဖြစ်လို့ ငါ့ကို ကိုယ်တိုင် လိုက်ဖမ်းရမှာလဲ"

"သာမန် ကြယ်စီရင်စုသခင်ဆိုရင်တော့ သူကိုယ်တိုင် ဘယ်လာမလဲ၊ ဒါပေမဲ့ နင်က သာမန်ကြယ်စီရင်စုသခင်မလို့လား၊ နင်ဘာကျင့်စဉ်ကို ကျင့်ကြံထားတာလဲ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "နင်ငါ့ကို သင်ပေးထားတဲ့ ကြယ်သန့်စင်ခြင်းပညာရပ်ပဲလေ"

"ငါကန်းမနေဘူးနော်" ယန်ယန်သည် သူမ မျက်လုံးကို လက်ညှိုးဖြင့် ထိုးပြလိုက်ရင်းမှ သူမ အရှေ့ရှိ အမှောင်ထုကို ညွှန်ပြလျက် ပြောလိုက်သည်။ "အဲဒီခံစားချက်ကို ငါရင်းရင်းနှီးနှီး သိနေတယ်၊ ငါ သတိမထားမိဘူးလို့များ နင်ထင်နေတာလား ဟမ်၊ကောင်လေး နင်နည်းနည်းလောက် မတွေ့လိုက်ရတာနဲ့ ကောင်းကင်ဝါးမျိုသူ အမွေအနှစ်ကိုတောင် ဆက်ခံနေရဲတယ်ပေါ့၊ ဟုတ်လား"

"ဘာကောင်းကင်ဝါးမျိုသူ အမွေအနှစ်ကို ဆက်ခံတာလဲ၊ ငါတစ်ခါမှမကြားဖူးဘူး"

"နင် ငါ့ကို လိမ်ရဲသေးတယ်ပေါ့"

"ဟုတ်ပြီ ဟုတ်ပြီ၊ အဲဒါ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသပဲ၊ ဟုတ်ပြီလား" ယန်ယန် သိနေပြီမှန်းလည်း သိလိုက်သော် ရန်ကိုင်လည်း အမှန်အတိုင်း ဝန်ခံလိုက်တော့လေ၏။

ထိုစကားကိုကြားသော် ယန်ယန်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ "တကယ်ကြီး ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသလား"

ရန်ကိုင်သည် ယန်ယန်အား အံ့သြတကြီးဖြင့် စိုက်ကြည့်နေပြီးသည့်နောက် အံကြိတ်ကာ ထအော်လေ၏။ "နင်ငါ့ကို မလိမ့်တပတ် လုပ်သွားတယ်ပေါ့"

ရန်ကိုင်မှာ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ယန်ယန်၏ တုံ့ပြန်ပုံကြောင့် အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရလေသည်။ တဆက်ဆက် တုန်ယင်နေပြီး လက်သီးလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရင်း သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသော ယန်ယန်ကို ကြည့်ရင်းမှ ရန်ကိုင် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်တက်သွားခဲ့ရသည်။ ရန်ကိုင်သည် ယန်ယန်နှင့် တစ်ခါမျှ မတိုက်ခိုက်ခဲ့ဖူးပါသော်ငြား သူမသည် ငှက်မွေးသရဖူနှင့် လူထက် ပိုအားကောင်းသည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ ရန်ကိုင်မှာ သူ့ဒန်ထျန်ထဲရှိ နတ်ဆိုးချီ ဖြေ၍ နဂါးတစ်ပိုင်းအသွင်ကို အသုံးပြုထားမည်ဆိုလျှင်ပင် ယန်ယန်၏ ပြိုင်ဘက် မဟုတ်လောက်ပေ။

ယန်ယန်၏ သတ်ဖြတ်လိုစိတ်တို့မှာ ပေါ်လာပြီး မကြာခင်မှာပင် အလျင်အမြန် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် ယန်ယန်သည် ရန်ကိုင်အား စိုက်ကြည့်လာ၍ ခါးသက်သက်လေသံဖြင့် ပြောလိုက်လေ၏။ "နင် ကောင်းကင်ဝါးမျိုသူနဲ့ ဘယ်လိုလုပ်ပြီး သိနေတာလဲ"

ယန်ယန်သည် ငှက်မွေးသရဖူနှင့် လူနှင့် မတူပေ။ ငှက်မွေးသရဖူနှင့်လူ သိသည်မှာတော့ အမှောင်ထုသည် တစ်ခုခုကွဲပြားနေသည်ဟူသော အချက်သာ။ သို့သော်ငြား ယန်ယန်သည် မဟာဧကရာဇ်များအကြား တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ဖူးခဲ့ပြီး ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် တိုက်ခိုက်ခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသူတစ်ဦး ဖြစ်သည့်အလျောက် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအပေါ် ရင်းရင်းနှီးနှီး သိနေခဲ့ပေသည်။

ထိုကျင့်စဉ်ကြောင့်ပင်လျှင် ရွမ်ပိတင်၊ သိုင်းမီးတောက်၊ မိုးပြာပင်လယ်၊ မိုးပြာကြာပန်း၊ မဟာဧကရာဇ်လေးပါးစလုံး သေဆုံးသွားခဲ့ကြရသည်။

ယန်ယန်မှာ ဤနေရာတွင် ရှိနေသော ကျင့်စဉ်သည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ ဖြစ်လိမ့်မည်ဟု အမှန်တကယ်ကို မထင်ထားခဲ့ပေ။ သို့သော်ငြား စိတ်ထဲ မဟုတ်ပါစေနှင့်ဟု မျှော်လင့်ရင်း ရန်ကိုင်အား အတည်ပေါက်ဖြင့် မေးကြည့်လိုက်သည့်နောက်တွင်တော့ တကယ်ကြီး ဖြစ်နေခဲ့သည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။ ထိုအတွက်ကြောင့် ယန်ယန်မှာ အမှန်တကယ်ကို တုန်လှုပ်ချောက်ချားသွားမိတော့သည်။

ဝူခွမ်းသည် ကြယ်တာရာအစုအဝေးတစ်ခုလုံး၏ ရန်သူတစ်ဦးဖြစ်ကာ သူ့လုပ်ရပ်သည် သူကျင့်ကြံထားသော ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအပေါ်တွင် မူတည်နေပေသည်။ ထိုအတွက်ကြောင့် ထိုကျင့်စဉ်ကို ကျင့်ကြံထားသည့် မည်သူမဆို လူအများ၏ ဘုံရန်သူ ဖြစ်လာရပေလိမ့်မည်။

"သံမဏိသွေးသာ ဒီအကြောင်းကိုသိရင် နင့်ကိုစိစိညက်ညက်ကျေအောင် လုပ်ပစ်လိမ့်မယ်" ယန်ယန်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

ယန်ယန် ဖြဲ‌ခြောက်နေခြင်း မဟုတ်ပေ။ သံမဏိသွေးသည် တည့်တိုးဆန်ပြီး ရိုးသားဖြောင့်မတ်သည့် စိတ်နေစရိုက်ကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပေသည်။ မတရားမှုကို မြင်လျှင် ငြိမ်မနေတတ်သူတစ်ဦးလည်း ဖြစ်သည်။ ထိုအပြင် မဟာဧကရာဇ်တိုက်ပွဲတွင် သေဆုံးသွားခဲ့သော မိုးပြာပင်လယ်မဟာဧကရာဇ်သည် သံမဏိသွေး၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးလည်း ဖြစ်၏။ ထိုအကြောင်းကြောင့် ဝူခွမ်း၏ မျိုးဆက်များသာ အသက်ရှင်နေကြောင်း သိလိုက်ရမည်ဆိုလျှင် သံမဏိသွေး ထိုလူများကို ကျိန်းသေ အမဲလိုက်ပေလိမ့်မည်။ ယန်ယန်နှင့် လင်းယင်အာတို့မှ ဝင်တားနေမည်ဆိုလျှင်ပင် ရလိမ့်မည် မဟုတ်ပေ။

ယန်ယန်နှင့် ငှက်မွေးသရဖူနှင့် လူတို့၏ သဘောတူညီချက်မှာတော့ ရန်ကိုင်သည် ကြယ်တာရာဓားကို ပြန်ပေးပြီး ဝါးမျိုထားသည့် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ ကြယ်တာရာကောင်းကင်အစိတ်အပိုင်းများကို ဆက်လက်သိမ်းထားနိုင်သည်ဟူ၍ပင်။ ဤသည်မှာ ငှက်မွေးသရဖူနှင့်လူ လက်ခံနိုင်သည့်ဘောင်အတွင်းတွင် ရှိနေပေသည်။ ထိုအပြင် ငှက်မွေးသရဖူနှင့် လူအား ယနေ့ကိစ္စကို မည်သူကိုမျှ လျှောက်မပြောရန်လည်း သွားပြောနေစရာ မလိုခဲ့။ ယနေ့အဖြစ်အပျက်သည် ငှက်မွေးသရဖူနှင့် လူအတွက် အရှက်ရစရာ ကိစ္စတစ်ရပ် ဖြစ်သည့်အတွက်ကြောင့် သူဘာသာသူ အခြားသူများကို လျှောက်ပြောနေလိမ့်မည် မဟုတ်ပေ။

မည်သူမျှ ဟုန်းလော့ကြယ်စီရင်စုကြီးထဲ ဘာတွေဖြစ်သွားသလဲဆိုသည်ကို သိကြလိမ့်မည် မဟုတ်ပေ။ ထိုအပြင် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးသည် ငှက်မွေးသရဖူနှင့် လူ၏ ကြီးကြပ်မှုအောက်တွင် ရှိနေသလို ဟုန်းလော့ကြယ်စီရင်စုကြီးသည် ယန်ယန်၏ ကြီးကြပ်မှုအောက်တွင် ရှိနေခဲ့သည်။ ကြယ်သံတမန် နှစ်ဦးသည်သာ ယခုကိစ္စကို မပြောဘဲ ရေငုံနှုတ်ဆိတ်နေမည်ဆိုပါက မည်သူမျှ သိလိမ့်မည်မဟုတ်။ ထိုအတွက်ကြောင့် ရန်ကိုင်၏ ဘက်မှ နစ်နာသွားခြင်းမရှိဟု ယန်ယန်မှ ပြောနေခြင်းသာ ဖြစ်လေသည်။ ယခုကဲ့သို့သော ကိစ္စမျိုးကို အထက်အရာရှိများကို ပြန်လည်မတင်ပြဘဲ ဖုံးကွယ်ထားခြင်းသည် ငှက်မွေးသရဖူနှင့် လူအတွက် အန္တရာယ်ရှိပေသည်။

ယန်ယန်၏ အသံမှာ အနည်းငယ် ဝမ်းနည်းနေသလို ဖြစ်နေခဲ့သည်။ ရန်ကိုင်မှာ သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့်အပေါ် ဝမ်းနည်းနေသည့်ပုံပင်။

ရန်ကိုင်မှာလည်း အမှားတစ်ခုခု လုပ်လိုက်သည်ဟု ခံစားလိုက်ရကာ ပြန်၍ ရှင်းပြလိုက်ရတော့လေသည်။ "အဲဒီလောက်ကြီးတော့လည်း ပြဿနာမကြီးပါဘူး၊ ဟုတ်တယ်မလား"

ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် လူရှေ့သူရှေ့တွင် ထုတ်ပြ၍ ရသည့် ပညာရပ်မျိုး မဟုတ်မှန်း ရန်ကိုင် သိပြီးသားပင်။ ထိုအကြောင်းကြောင့် ထိုပညာရပ်နှင့် ပတ်သက်၍ ရန်ကိုင်မှာ သေသေချာချာကို သတိထားခဲ့လေသည်။ သူ ယုံကြည်ထားသည်မှာတော့ ဤလောကကြီးထဲမှာ ယုတ်ညံ့သည့် ကျင့်စဉ်ဆို၍ မရှိ။ အသုံးပြုမှုအပေါ် မူတည်၍သာ ကျင့်စဉ်နှင့် သိုင်းပညာရပ်များမှာ ကောင်းသလား ဆိုးသလား ကွဲပြားသွားခြင်းသာ ဖြစ်လေသည်။ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ၏ လက္ခဏာများမှာ အတော်လေးကိုမှ ရက်စက်ကြမ်းကြုတ်လှပါသော်ငြား ကောင်းသည့် လူ၏ လက်ထဲတွင်သာဆိုလျှင်တော့ ထိုသိုင်းပညာရပ်သည် ဤမျှ ဆိုးဝါးနေလိမ့်မည်မဟုတ်ပေ။

သို့သော်ငြား ထိုကျင့်စဉ်အကြောင်းကို သိလိုက်ရပြီးသည့်နောက် ယန်ယန် ယခုကဲ့သို့ တုံ့ပြန်လာလိမ့်မည်ဟု ရန်ကိုင် အမှန်တကယ်ကို မထင်ထားခဲ့ပေ။ ယန်ယန်၏ တုံ့ပြန်ပုံသည် သူ့ရင်အား နွေးထွေးသွားစေခဲ့လေသည်။ ယန်ယန်သည် ယခင်နှင့်မတူဘဲ အတော်လေး ပြောင်းလဲသွားခဲ့သည်ဆိုလျှင်ပင် သူ့အပေါ်တော့ ဂရုစိုက်နေဆဲပင်။ ယန်ယန်သည်သာ ရန်ကိုင်အား ဂရုစိုက်မနေပါက ရန်ကိုင်မှ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံထားသည့်အပေါ် သူမအနေဖြင့် မည်ကဲ့သို့များ ယခုကဲ့သို့ ဝမ်းနည်းနေပါမည်နည်း။ ဝမ်းမနည်းနေသည့်အပြင် ရန်ကိုင်ကို ဖမ်းရန်ပင် ကြယ်တာရာရုံးတော်လက်ထဲသို့ အပ်လိုက်ပေလိမ့်ဦးမည်။

"နင်ဘာသိလို့လဲ" ယန်ယန်က သက်ပြင်းချရင်း တွေးလိုက်လေ၏။ [သူကျင့်ကြံခြင်း ဒီလောက်မြန်မြန်နဲ့ တိုးတက်လာတာ အဆန်းမဟုတ်တော့ပါဘူးလေ၊ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို သွားကျင့်ကြံထားတာကိုး]

ရုတ်တရက်ဆိုသလို ယန်ယန်သည် ရန်ကိုင်အနားသို့ ရောက်လာပြီး ရန်ကိုင်၏ လက်မောင်းကို ဖမ်းဆွဲလိုက်လေသည်။

"နင်ဘာလုပ်နေတာလဲ" ယန်ယန်၏ ရုတ်တရက်တုံ့ပြန်မှုကြောင့် ရန်ကိုင်မှာ အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။

ယန်ယန်က ပြောလိုက်သည်။ "နင့်ပါရမီက ကောင်းပြီးသား၊ ပြီးတော့ နင့်စိတ်ဓာတ်ကလည်း အတော်လေး ကြံ့ခိုင်တယ်၊ ဒီတော့ အစကနေ ပြန်စရမယ်ဆိုရင်တောင် နင့်အတွက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး၊ စိတ်မပူနဲ့၊ ဒီတစ်ကြိမ် ငါကိုယ်တိုင် နင့်ကိုခေါ်သွားပြီးတော့ ငါကိုယ်တိုင် ဘေးကနေ စောင့်ကြပ်ပြီး သင်ကြားပေးမယ်၊ ဒါကြောင့် နှစ်တစ်ရာအတွင်း နင်အခု ဆုံးရှုံးသွားတဲ့အရာတွေ အကုန်လုံးကို ပြန်ရစေမယ်လို့ ငါအာမခံတယ်"

"နင်ဘာပြောချင်နေတာလဲ" ရန်ကိုင် ရုတ်တရက် မကောင်းသည့် ခံစားချက်တို့ကို ရလာခဲ့လေသည်။

ယန်ယန်က ပြန်ပြောလိုက်သည်။ "ငါ နင့်ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်မှရမယ်"

ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ "နင်လုပ်ရဲရင် လုပ်ကြည့်လိုက်စမ်း"

[ဒီကျင့်ကြံခြင်းကို ရဖို့ ငါဘယ်လောက်တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲ နင်သိလား၊ နင်ကတော့ စကားလေးတစ်ခွန်းနဲ့ ငါ့ကျင့်ကြံခြင်းကို ဖျက်ဆီးချင်နေတယ်ပေါ့]

"နင်မှ ငါ့ကိုရွေးစရာ မပေးခဲ့တာ" ယန်ယန်က ပြန်ပြောလိုက်လေသည်။ "ဒီကိစ္စမှာ ငါ့အမှားလည်းပါတယ်၊ ငါသာ နင့်ကိုတစ်ယောက်တည်း မထားခဲ့ဘဲနဲ့ ငါနဲ့အတူ ခေါ်သွားမိလိုက်မယ်ဆိုရင် နင်အခုလိုမျိုး လမ်းမှားလျှောက်မိသွားမှာမဟုတ်ဘူး"

"နင်ကသာ လမ်းမှားလျှောက်တာ၊ နင့်တစ်မျိုးလုံး တစ်ဆွေလုံးသာ လမ်းမှားလျှောက်တာ၊ မြန်မြန် ငါ့ကိုလွှတ်ပေးလိုက်တော့၊ မဟုတ်ရင် ငါနင့်ကို ပြန်ရိုက်မှာနော်၊ မိန်းမတစ်ယောက်ဖြစ်နေလို့ဆိုပြီး ငါနင့်ကို မရိုက်ရဲဘူးလို့ မထင်နဲ့"

"ရိုက်လေ ရိုက်လိုက်" ယန်ယန်သည် ရန်ကိုင်၏ အရှေ့တည့်တည့်တွင် သူမ၏ မျက်နှာကို ထိုးခံပေးလိုက်လေသည်။

ရန်ကိုင်၏ လက်သီးချက်သည် ယန်ယန်၏ ခေါင်းအပေါ်သို့ တိုးဝင်လာခဲ့လေသည်။ သို့တိုင် ယန်ယန်မှာမူ ရှောင်မည့်အရိပ်အယောင် အနည်းငယ်မျှပင် မပြ။

ရန်ကိုင်၏ လက်သီး ယန်ယန် ခေါင်းပေါ်၌ ရပ်သွားချိန်တွင်တော့ ယန်ယန်မှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးလိုက်လေသည်။

"အရူးမ" ရန်ကိုင်က အံကြိတ်၍ အော်ပြောလိုက်လေသည်။

ယန်ယန်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "မကြောက်နဲ့၊ ခဏလေးပဲ၊ နည်းနည်းလေးပဲ သည်းခံလိုက်"

"နင် စိတ်ကိုအေးအေးထား" ရန်ကိုင်သည် ကျန်လက်တစ်ဖက်ဖြင့် ယန်ယန်၏ အခြားလက်တစ်ဖက်ကို ဖမ်းဆွဲရင်းမှ ပြောလိုက်သည်။ "အရင်ဆုံး စိတ်ကိုငြိမ်အောင် ထားလိုက်"

"နင်ကသာ စိတ်ငြိမ်ဖို့ လိုနေတာ"

"ကောင်းပြီ ငါလည်း စိတ်ငြိမ်သွားပြီ၊ ဟုတ်တယ်နော်၊ ငါ ခုနက ဒေါသထွက်သွားတာ အကုန်လုံးက နင့်ကြောင့်ပဲ" ရန်ကိုင်သည် ယန်ယန်အား ဆွံ့အစွာ စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။ "ငါပြောတာကို အရင်နားထောင်၊ ပြီးတော့မှ ငါ့ကျင့်ကြံခြင်းကို ဖျက်ဆီးမလား မဖျက်ဆီးဘူးလားဆိုတာကို နင့်ဘာသာနင် ဆုံးဖြတ်၊ အဲဒီအချိန်ကျရင်တော့ ငါဘာမှ ပြောနေတော့မှာမဟုတ်ဘူး"

"နင် တကယ်ပြောနေတာလား"

"တကယ်" ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပြီ အဲဒါဆိုပြော"

ရန်ကိုင်သည် သူ့အတွေးများကို သေသေချာချာ စုစည်းလိုက်ပြီးသည့်နောက်တွင် စပြောလေသည်။ "ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ ငါ့မှာ ရှိနေတာတော့ မှန်တယ်၊ ဒါပေမဲ့ ငါအဲဒါကို တစ်ခါမှ မကျင့်ကြံထားဘူး”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၄)

ဘာသာပြန်သူ_တိမ်တိုက်

ထို့နောက်တွင် ရန်ကိုင်သည် သူ ကြယ်တာရာအစုအဝေးထဲသို့ ဝင်လာပြီး ငှက်မွေးပြာဂိုဏ်းသို့ ရောက်လာပုံ၊ ထိုနေရာတွင် ဝူမုန်ချွမ်နှင့်တွေ့ပြီး ဝူမုန်ချွမ်အား အကျဉ်းထောင်ထဲမှ လွတ်မြောက်အောင် ကူညီပေးခဲ့သည့်အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ဝူမုန်ချွမ်မှ သူ့အား လက်ဆောင်ပေးခဲ့ပုံ၊ ထို့နောက် ကြယ်ပျက်ပင်လယ်ထဲသို့ရောက်ပြီး ထိုနေရာတွင် ဝူမုန်ချွမ်ကိုသတ်ကာ ကျောက်တုံးကိုယ်ပွားအတွက် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ပြီးပြည့်စုံအောင် လုပ်ခဲ့ပုံတို့အား အသေးစိတ်ရှင်းပြလိုက်လေသည်။

ယန်ယန်သည် ရန်ကိုင်ပြောသည်ကို သေချာအာရုံစိုက် နားထောင်နေခဲ့သည်။ နားထောင်နေရင်းမှ တစ်ခါတစ်ရံ မျက်မှောင်ကြုတ်သွားလိုက် ပြန်ပြေလျော့သွားလိုက် ဖြစ်နေခဲ့လေ၏။ နောက်ဆုံး ရန်ကိုင်ပြောပြသွားသည့် ဇာတ်ကြောင်းအကုန်အစင်ကို ကြားပြီးသည့်နောက်မှသာလျှင် ရန်ကိုင်မှ ဆင့်ခေါ်ထားသော ကျောက်တုံးကိုယ်ပွားအား အတွေးနက်နေသည့်အမူအယာဖြင့် လှမ်း၍ကြည့်လိုက်လေ၏။

ကျောက်တုံးကိုယ်ပွားသည် ဤအနီးအနားတွင် တစ်ချိန်လုံး ရှိနေခြင်း ဖြစ်လေသည်။ ရန်ကိုင်၏မူလအစီအစဉ်မှာ နဂါးတစ်ပိုင်းအသွင်ကို ပြောင်းထားရင်းမှ သူ့ဒန်တျန်ထဲတွင်ရှိနေသော ချိတ်စည်းကိုဖြည်၍ နတ်ဆိုးအသွင်သို့ ပြောင်းကာ ကျောက်တုံးကိုယ်ပွားနှင့်အတူ ငှက်မွေးသရဖူနှင့်လူကို ရင်ဆိုင်ရန်ဖြစ်လေသည်။ သို့သော်ငြား ယန်ယန်မှာ အချိန်ကိုက်ပေါ်လာသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း ကျောက်တုံးကိုယ်ပွားအား ထုတ်မသုံးဖြစ်လိုက်ပေ။

“ဒီတော့ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေကို ကျင့်ကြံထားတာက နင်မဟုတ်ဘဲနဲ့ နင့်ဝိဉာဉ်ကိုယ်ပွားလို့ ပြောချင်တာပေါ့…”

“ဟုတ်တယ်…” ရန်ကိုင်သည် ယန်ယန်အား သတိထားကာ ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “နင် အခု ငါ့ကျင့်ကြံခြင်းကို မဖျက်ဆီးတော့ဘူးမလား…”

ကျောက်တုံးကိုယ်ပွားကို ဖျက်ဆီးချင်သည်ဆိုပါကလည်း ဖျက်ဆီး၍မရပေ။ ကျောက်တုံးကိုယ်ပွားသည် သာမန်လူသားများကဲ့သို့ရုပ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခြင်းမရှိသလို သွေးကြောများကိုလည်း ပိုင်ဆိုင်ထားခြင်းမရှိပေ။ ထို့အတွက်ကြောင့် သူမအနေဖြင့် ကျောက်တုံးကိုယ်ပွားအား ဘာမှမလုပ်နိုင်။ သူမသာ လုပ်ချင်လိုပါက ကျောက်တုံးကိုယ်ပွားကို စိစိညက်ညက်ကြေသွားအောင် ထုထောင်းပစ်ရုံသာ ရှိပေလိမ့်မည်။

“ကျောက်တုံးရုပ်သေးရုပ်ကိုသုံးပြီးတော့ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံတာ…” ယန်ယန်သည် ကျောက်တုံးကိုယ်ပွားအား ဝိုင်းကြီးပတ်ပတ် ပတ်ကာ စူးစမ်းလိုစိတ်ပြင်းပြသည့် အမူအယာဖြင့် စစ်ဆေးကြည့်နေရင်းမှ ပြောလိုက်လေ၏။ “နင် ဘယ်လိုလုပ်ပြီး အဲ့လိုအကြံမျိုးကို စဉ်းစားတတ်သွားရတာလဲ…”

“ဒီတိုင်း တိုက်ဆိုင်သွားရုံပဲ…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။ “အဲ့တုန်းက ဝူမုန်ချွမ်က ငါ့ကို ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို သင်ပေးခဲ့တယ်လေ… ဒါပေမယ့် သူအဲ့လိုမျိုးလုပ်ရတာ တခြားရည်ရွယ်ချက်တစ်ခုကြောင့်လို့ ငါ့စိတ်ထဲ ခံစားနေရတယ်… ဒါကြောင့် အဲ့ကျင့်စဉ်ကို မကျင့်ကြံရဲခဲ့ဘူး… အဲ့လောက်အားကောင်းတဲ့ ကျင့်စဉ်ကြီးတစ်ခုကို အခြားတစ်ယောက်ဆီ ဒီတိုင်း အလကားပေးပစ်စရာလား… ဟုတ်တယ်မလား… ဒီတော့ ငါလည်း ကျောက်တုံးကိုယ်ပွားကို ကျင့်ကြံခိုင်းလိုက်တာ အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကံကောင်းသွားလိမ့်မယ်လို့ မထင်ထားဘူး…”

ယန်ယန်က ခေါင်းညိတ်လျက် “ဒါက တိုက်ဆိုင်သွားတာမဟုတ်ဘူး… အခွင့်အရေးတစ်ခုလို့ပြောရင် ပိုမှန်တယ်… ကျောက်တုံးဝိဉာဉ်ကလန်သားတွေက ကျောက်တုံးခန္ဓာကိုယ်နဲ့ မွေးလာကြတာ…. ဒီတော့ သူတို့ရဲ့စိတ်ခံစားချက်တွေ လိုအင်ဆန္ဒတွေကို ထုတ်ပြတဲ့ပုံက အသွေးအသားတွေကိုပိုင်ဆိုင်ထားတဲ့ သက်ရှိတွေနဲ့ မတူကြဘူး… ပြီးတော့ သူတို့ရဲ့ မွေးရာပါစွမ်းရည်က ခန္ဓာကိုယ်ထဲမှ ရှိနေသမျှ အညစ်အကြေးတွေအကုန်လုံးကို သန့်စင်ပစ်လို့ရတယ်… ဒီတော့ သူ့ကို ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံခိုင်းလိုက်တာ အကောင်းဆုံးပဲ…”

ယန်ယန်သည် ကျောက်တုံးဝိဉာဉ်များအကြောင်းကို သိထားသလို ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေ၏ ဘေးထွက်ဆိုးကျိုးများကိုလည်း သိပေသည်။ ထို့အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် ကျောက်တုံးဝိဉာဉ်ကလန်သားများအတွက် အထူးတလည် ပြင်ဆင်ပေးထားသည့် ပညာရပ်တစ်ခုဟုပင် သူမစိတ်ထဲ ခံစားနေရသည်။ ထိုပညာရပ်သည် အသွေးအသားအား ပိုင်ဆိုင်ထားသည့်လူများ ကျင့်ကြံဖို့ရာ သင့်တော်သည့် ကျင့်စဉ်တစ်မျိုးတော့မဟုတ်ပေ။

ဝူခွမ်းသည် ယခင်က သွေးအေးကာ ရက်စက်ကြုမ်းကြုတ်သည့် လူသတ်သမားတစ်ဦး ဖြစ်ချင်မှ ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော်ငြား ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံပြီးသည့်နောက် သူ့စိတ်အခြေအနေမှာ စတင်၍ တဖြည်းဖြည်းနှင့် ပြောင်းလဲလာတော့လေသည်။ သူ့အမြင်တွင် သက်ရှိသတ္တဝါများသည် သူ့အား ပိုမိုအားကောင်းအောင် လုပ်ပေးမည့် စွမ်းအင်လုံးများသာ ဖြစ်ကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဝူခွမ်းမှာ သူ့ခွန်အား တိုးတက်လာရန်အလို့ငှာ မရေမတွက်နိုင်သော ကြယ်စီရင်စုများကို ဖျက်ဆီးပစ်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်ငြား ကျောက်တုံးဝိဉာဉ်ကလန်သားတစ်ဦး ထိုကဲ့သို့ဖြစ်သွားမည်ကိုတော့ စိတ်ပူစရာမလိုပေ။ ကျောက်တုံးဝိဉာဉ်ကလန်သားများသည် သူတို့ဝါးမျိုလိုက်သော အရာများထဲတွင် ရှိနေသည့် အညစ်အကြေးများကို စုပ်ယူသန့်စင်ပစ်နိုင်သည့် အတွက်ကြောင့် မကောင်းသောစိတ်ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ခံရလိမ့်မည်မဟုတ်။

“ဟိုးအရင်တုန်းက ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားတဲ့လူတွေအကုန်လုံး နောက်တစ်ဆင့်ကိုမတက်နိုင်တာ အဆန်းတော့မဟုတ်ပါဘူးလေ… သူတို့ နောက်တစ်ဆင့်ကိုတက်ဖို့အတွက် အဲ့လိုကျင့်စဉ်မျိုးကို ကျင့်ကြံထားတဲ့ အခြားလူတစ်ယောက်ကို ဝါးမျိုဖို့ လိုနေတာကိုး…” ယန်ယန်မှာ ယခုမှသာလျှင် အကြောင်းအရင်းအစုံကို နားလည်သွားသည့်အလား သူမ၏မျက်ဝန်းလေးများ တဖျတ်ဖျတ်လက်သွားခဲ့၏။

ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့် “ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားတဲ့ အခြားလူတွေလည်း ရှိသေးတာလား…”

“ဟိုးနှစ်တွေအများကြီးတုန်းကပဲ…”

‘ဟိုးနှစ်တွေအများကြီးတုန်းက’ ဟု ယန်ယန်နှင့်ပြောသွားသည့်စကားမှာ လွန်ခဲ့သော နှစ်ပေါင်းရာနှင့်ချီခန့်က သို့မဟုတ် ထောင်နှင့်ချီခန့်ကကို ပြောနေခြင်းမဟုတ်။ လွန်ခဲ့သော နှစ်သောင်းနှင့်ချီခန့်က အချိန်အခါကို ပြောနေခြင်း ဖြစ်လေသည်။ ဝူခွမ်းသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ၏ ဖန်တီးသူတစ်ဦး ဖြစ်ပါသော်ငြား သူ့ကျင့်စဉ်မှာ အကြောင်းအရင်းမရှိ လူကြားထဲ ပြန့်သွားခဲ့လေသည်။ အချို့သော အားကောင်းလှသည့် ဧကရာဇ်အဆင့်ကျင့်ကြံသူများဆိုလျှင် ဤကျင့်စဉ်ကို ကျင့်ကြံနိုင်ဖို့ရာ သူတို့၏ကျင့်ကြံခြင်းကိုပင်လျှင် အစမှ ပြန်စခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံသည့်လူတိုင်း သူတို့ကိုယ်သူတို့ တာအိုသခင်တတိယအဆင့်တွင်သာ တစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ မည်သို့ပင်ကြိုးစားနေစေကာမူ ဧကရာဇ်အဆင့်သို့ မရောက်ခဲ့ပေ။ သူတို့ ထိုသို့အဆင့်မတက်နိုင်ခဲ့ရခြင်းမှာ သူတို့၏အရည်အချင်းကြောင့်လည်း မဟုတ်သလို သူတို့ကျင့်ကြံနည်း မှားယွင်းသွားသည့်အတွက်ကြောင့်လည်း မဟုတ်။ ကျင့်စဉ်ကိုယ်တိုင်ကကို ထိုကဲ့သို့သောကျင့်စဉ်အား ကျင့်ကြံထားသည့် အခြားလူတစ်ဦးကို မဝါးမျိုနိုင်သေးသရွေ့ နောက်တစ်ဆင့်တက်ခွင့်မပေးသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ဝူခွမ်း၏ မျိုးဆက်တစ်ဦးဖြစ်သော ဝူမုန်ချွမ်သည်ပင်လျှင် ထိုကျင့်စဉ်ကို ကျင့်ကြံပြီးသည့်နောက် တာအိုသခင်တတိယအဆင့်တွင် တစ်နေခဲ့လေရာ အခြားသူများဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ပေ။

အဆင့်တက်ဖို့ရာမှာလည်း အလွန်ကိုမှလွယ်ကူလှသည်။ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားသော အခြားလူတစ်ဦးအား ဝါးမျိုလိုက်ရုံပင်။ ထိုသို့သာဝါးမျိုလိုက်မည်ဆိုပါက တာအိုသခင်တတိယအဆင့်ကို ချိုးဖြတ်၍ ဧကရာဇ်အဆင့်သို့ ရောက်သွားပေလိမ့်မည်။ ဝူမုန်ချွမ်မှ ရန်ကိုင်အား ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေကို သင်ပေးခဲ့ရသည့် အကြောင်းအရင်းနှစ်ချက် ရှိပေသည်။ ပထမတစ်ချက်မှာ သူ့အား ကယ်ပေးခဲ့သည်ဟု အကြောင်းပြချက်ပေး၍ ရန်ကိုင်အား ဤကျင့်စဉ်ကို ကျင့်ကြံခိုင်းလိုခြင်း ဖြစ်ပေသည်။ ဒုတိယအချက်မှာတော့ ရန်ကိုင်ကျင့်ကြံပြီးသည့်နောက် ရန်ကိုင် တဖြည်းဖြည်း အားကောင်းလာခဲ့သော် သူ့အား ဝါးမျိုရန်ပင် ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ အဆင့်နိမ့်ကြယ်စီရင်စုမှလာသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ မည်မျှခမ်းနားကြီးကျယ်ကြောင်းကို မသိခဲ့ပေ။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်မှာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံလိုသည့်စိတ်ကို ချုပ်တည်းနိုင်ခဲ့ခြင်းလည်း ဖြစ်၏။

ကြယ်တာရာအစုအဝေးထဲတွင် ရှိနေကြသော ကျင့်ကြံသူများသာဆိုလျှင်တော့ ဝူမုန်ချွမ်မှ သူတို့အား ပေးလာသည့်ကျင့်စဉ်သည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေကျင့်စဉ် ဖြစ်နေကြောင်း သိလိုက်ရမည်ဆိုလျှင် ချက်ချင်းကို တန်းကျင့်ကြံကြပေလိမ့်မည်။ ရန်ကိုင်ကဲ့သို့ သူတို့၏စိတ်ကို သည်းခံချုပ်တည်းနေလိမ့်မည်မဟုတ်။

ဝူခွမ်းအလွန် နောက်ပိုင်းတွင် မည်သူမျှ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံ၍ ဧကရာဇ်အဆင့်သို့ မရောက်နိုင်ကြတော့ပေ။ ထိုအကြောင်းကြောင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် အပြစ်အနာအဆာ ရှိနေလျှင်ရှိနေ ရှိမနေလျှင် ဝူခွမ်း လက်ဆင့်ကမ်းခဲ့သည်မှာ အစစ်အမှန် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ မဟုတ်ဟု လူအများထင်သွားကြတော့လေသည်။

တကယ့်ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် ကြယ်ပျက်ပင်လယ်ကြီးထဲ ပျောက်ကွယ်သွားသည်ဟုလည်း ယုံကြည်လာကြသည်။ အချိန်ကြာလာသည်နှင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသမှာ လူများ၏ မှတ်ဉာဏ်ထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး မည်သူမျှလည်း ထိုကျင့်စဉ်အား ကျင့်ကြံခြင်း မရှိကြတော့ပေ။

ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ အခြားတစ်ခုခုအား ပြန်သတိရသွားခဲ့သည်။ (ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေမှာ ဒီလိုအားနည်းချက်ကြီး ရှိတယ်ဆိုလို့ရှိရင် ဝူခွမ်းက ဒီကျင့်စဉ်ကိုကျင့်ပြီးတော့ ဘယ်လိုလုပ်ပြီး ဧကရာဇ်အဆင့်ကို ရောက်ခဲ့တာလဲ… သူလည်း ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားတဲ့လူတစ်ယောက်ကို ဝါးမျိုပြီးတော့ အဆင့်တက်သွားတာလား…)

ထို့နောက်တွင် ယန်ယန်သည် ဂန်းဂန်းဘက်သို့လှည့်၍ တုံ့ဆိုင်းနေသည့်အမူအယာဖြင့် “ဒါက ဟိုလောကဓာတ်လုံးရဲ့ မှော်ရတနာစိတ်ဝိဉာဉ်လား…” လောကဓာတ်လုံးသည် ယခင်က သူမအပိုင်ဖြစ်ပြီး နောက်မှသာလျှင် ရန်ကိုင်ကို ပေးခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်လက်ထဲသို့ရောက်ပြီး နှစ် ဘယ်လောက်မျှ မကြာသေးခင်အတွင်းမှာပင် လောကဓာတ်လုံးသည် ယခုကဲ့သို့ ပြောင်းလဲသွားပြီး မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုကိုပင် မွေးဖွားလာလိမ့်မည်ဟု ယန်ယန် ထင်ထားခဲ့ခြင်းမရှိပေ။

“ဟုတ်တယ်…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။ လောကဓာတ်လုံးသည် လွန်ခဲ့သည့်နှစ်များအတွင်း ရန်ကိုင်အား အကြီးအကျယ်ကို ကူညီပေးခဲ့သလို သေဘေးအန္တရာယ်များမှလည်း ကာကွယ်ပေးခဲ့ပေသည်။ ထို့အပြင် ရန်ကိုင်အား လေဟာနယ်တာအိုကို ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်လာနိုင်အောင်ပင် ကူညီပေးခဲ့သေးသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ လောကဓာတ်လုံးအား အမှန်တကယ်ကို တန်ဖိုးထားကာ လောကဓာတ်လုံး၌ မှော်ရတနာစိတ်ဝိဉာဉ်တစ်ခု ရှိလာချိန်တွင်တော့ အလွန်ကိုမှ ဝမ်းသာမိခဲ့ရသည်။ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသည့်အလား ရန်ကိုင်သည် ကသိကအောက်အမူအယာဖြင့် ခေါင်းကိုကုပ်၍ မေးလိုက်လေသည်။ “နင် အဲ့ဒါကို ပြန်ယူချင်လို့လား…”

“ငါပြန်ယူမယ်ဆိုရင် နင် ဘာလုပ်မှာလဲ…” ယန်ယန်သည် ရန်ကိုင်အား ကြည့်၍ မေးလိုက်လေသည်။

ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် ပြောလိုက်သည်။ “ယူချင်ရင်လည်း ယူလေ…”

(သူ့ဟာပဲဟာကြီးကို…)

ယန်ယန် ကြောင်သွားခဲ့လေ၏။ ရန်ကိုင် ဤမျှ အလွယ်တကူ သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဒါပေမယ့် သူ့ရဲ့အသိစိတ်ကို သွားဖျက်ဆီးပစ်လို့တော့ မရဘူးနော်… ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ထုတ်ဖော်ဖို့ ငါ သူ့ကို သုံးခဲ့လို့ အခုလိုမျိုး အသိဉာဏ်ရှိလာတာဆိုပေမယ့် သူနဲ့ပတ်သက်ပြီး ဘာမှမှားနေတာမဟုတ်ဘူး… နင် အဲ့ဒါကိုမှ သဘောမတူဘူးဆိုရင်တော့ ငါ နင့်ကို ပြန်မပေးဘူး…”

တစ်စပြင်ကန္တာရကြယ်စီရင်စုထဲတွင် ရှိနေသော ကျင့်ကြံရေးကြယ်ပေါင်းများစွာကို ဝါးမျိုပြီးသည့်နောက်တွင် လောကဓာတ်လုံးထဲရှိ ကမ္ဘာကြီးမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားကျယ်ပြန့်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်မှာလည်း လေဟာနယ်တာအိုကို ပိုမို၍ နက်နက်ရှိုင်းရှိုင်း နားလည်လာရတော့သည်။

ရန်ကိုင်မှာ ယခုဆိုလျှင် သူ့ဘာသာသူ ကမ္ဘာတစ်ခုဖန်တီး၍ ထိုကမ္ဘာကို နောက်ထပ်လောကဓာတ်လုံးတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်မည်ဟုပင် ခံစားနေခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယန်ယန်မှ ဤလောကဓာတ်လုံးကို ပြန်ယူသွားမည်ဆိုလျှင်လည်း ကိစ္စမရှိ။ အဆိုးဆုံးအနေဖြင့် ဤလောကဓာတ်လုံးထဲတွင် ရှိနေသည့် အရာမှန်သမျှကို သူကိုယ်တိုင်ဖန်တီးထားသော လောကဓာတ်လုံးထဲသို့ ပြောင်းထည့်လိုက်ရုံပင်။

ယန်ယန်က ရယ်မောလျက် “ငါ ဒီတိုင်းပဲ မေးကြည့်ရုံပါပဲ… နင် ဒီလောက်ကြီးလည်း အလေးအနက်လုပ်နေစရာမလိုပါဘူး…”

ဤအရာသည် သီးခြားဖြစ်တည်နေသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည့်အတွက်ကြောင့် လေဟာနယ်တာအိုကို ကျွမ်းကျင်မထားသူများအတွက် သိပ်၍ အသုံးမဝင်လှပေ။ သူမသည်သာ ဤအရာကို ပြန်ယူသွားမည်ဆိုလျှင် ဤအရာ၏တန်ဖိုးမှာ သိသိသာသာကို လျော့ကျသွားရပေလိမ့်မည်။

သို့တိုင် ယန်ယန်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “သတိထားပြီးတော့သုံးနော်…”

“ငါသိတယ်…”

“ပြီးတော့ အခြားကြယ်စီရင်စုတွေကို ထပ်ပြီးတော့ မဝါးမျိုတော့နဲ့… ဒီကိစ္စသာ အထက်အရာရှိတွေဆီ ထပ်ပြီးရောက်သွားခဲ့မယ်ဆိုရင် လူတိုင်း ပြဿနာဖြစ်သွားလိမ့်မယ်…” ယန်ယန်သည် အပေါ်သို့ လက်ညှိုးထိုးပြရင်းမှ ပြောလိုက်သည်။

“ငါသိပြီ…”

“နောက်တစ်ချက်ရှိသေးတယ်… ကြယ်တာရာအစုအဝေးကို ပြန်ရောက်သွားရင် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို လုံးဝထုတ်မပြနဲ့နော်… မဟုတ်ရင် နင် ပြဿနာတက်သွားလိမ့်မယ်…” ယန်ယန်သည် ရန်ကိုင်အား အလေးအနက်အမူအယာဖြင့်ကို သတိပေးနေခဲ့လေသည်။ သူမမှာ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့ကို ယုံကြည်ပါသော်ငြား အခြားသူများကတော့ ထိုကဲ့သို့ ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။ သံမဏိသွေးမဟာဧကရာဇ်သည်သာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားသူများ ရှိနေသေးကြောင့် သိသွားခဲ့မည်ဆိုလျှင် ကျိန်းသေ လှုပ်ရှားလာပေလိမ့်မည်။ မဟာဧကရာဇ်တစ်ပါး၏ ဒေါသသည် လက်ရှိ ရန်ကိုင်၏ကျင့်ကြံခြင်းဖြင့် ခုခံနိုင်သည့် အရာမျိုးမဟုတ်ပေ။

“ငါသိတယ်…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ကြိတ်၍ သက်ပြင်းချနေခဲ့လေသည်။

(နောက်ဆုံးတော့ ဒီပြဿနာထုပ်ကြီးထဲကနေ လွတ်နိုင်ခဲ့ပြီ…)

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ရန်ကိုင်က ထပ်မေးလိုက်လေသည်။ “တစ်ခုခုမေးလို့ရမလား…”

“ဘာမေးမလို့လဲ…”

“ခုနတုန်းကကောင်ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ…”

ယန်ယန်သည် ရန်ကိုင်၏အမေးကို ပြန်မဖြေခဲ့ဘဲ ပြန်၍သာ မေးလိုက်လေသည်။ “နင်ဘယ်လိုထင်လဲ…”

“မဟာဧကရာဇ်လား…” ရန်ကိုင်က အမြန်ပြန်ပြောလိုက်သည်။

ဤသည်မှာ ရန်ကိုင် ထင်ရာမြင်ရာ စွတ်ဖြီးနေခြင်းမဟုတ်။ ငှက်မွေးသရဖူနှင့်လူအား ရင်ဆိုင်နေရစဉ် ခံစားရသည့်ခံစားချက်မှာ မဟာဧကရာဇ်တစ်ပါးကို ရင်ဆိုင်နေရစဉ် ခံစားနေရသည့် ခံစားချက်နှင့် တူပေသည်။

ငှက်မွေးသရဖူနှင့်လူ ရန်ကိုင်နှင့်အတွေ့ ယခုကဲ့သို့ ဒုက္ခရောက်သွားရခြင်းမှာ ဤနေရာ၌ သူ့ကျင့်ကြံခြင်းမှာ ဖိနှိပ်ထားခံရသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ထို့အပြင် ရန်ကိုင်အပေါ် အထင်အမြင်သေးခဲ့သည့်အတွက်ကြောင့်လည်း ပါပေသည်။

ရန်ကိုင်သည်သာ ငှက်မေးသရဖူနှင့်လူကို ကြယ်တာရာအစုအဝေးထဲ သွားတွေ့မည်ဆိုလျှင် သူ့အနေဖြင့် မည်သို့မှ ပြန်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။

ယန်ယန်ကပြုံး၍ ခေါင်းခါလိုက်သည်။

“ဘယ်လို…” ရန်ကိုင် ထိတ်လန့်သွားတော့လေသည်။ “မဟာဧကရာဇ်မဟုတ်ဘူးလား… ဧကရာဇ်တတိယအဆင့်လို့တော့ ငါ့ကို လာမပြောနဲ့နော်… ဧကရာဇ်တတိယအဆင့်ကတော့ မဖြစ်နိုင်ဘူး… ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ယောက်က အဲ့လောက်ထိအားကောင်းစရာအကြောင်းမရှိဘူး….”

“သူက ဧကရာဇ်တတိယအဆင့်လည်း မဟုတ်ဘူး…”

ရန်ကိုင် လုံးဝကို မင်သက်သွားတော့သည်။ “ဘာလဲ… ဧကရာဇ်တတိယအဆင့်နဲ့ မဟာဧကရာဇ်အဆင့်ကြားမှာ နောက်ထပ်အဆင့်တစ်ဆင့် ရှိနေသေးတာလား…”

“အဲ့လိုအဆင့်မျိုးလည်း မရှိဘူး… ဘယ်လိုပြောရမလဲ… အဲ့လူက မဟာဧကရာဇ်ဟုတ်ပေမယ့် မဟာဧကရာဇ်လည်း မဟုတ်ပြန်ဘူး…”

ယန်ယန်စကားကြောင့် ရန်ကိုင် ခေါင်းရှုပ်သွားခဲ့လေသည်။ “နင်ဘာပြောချင်နေတာလဲ…”

“ဘယ်လိုပြောရင်ကောင်းမလဲ…” ယန်ယန်သည် ခဏမျှ စဉ်းစားနေခဲ့လေသည်။

အခြားလူတစ်ဦးဦးသာ လာမေးမည်ဆိုလျှင်တော့ ယခုကဲ့သို့သောမေးခွန်းမျိုးကို ယန်ယန်အနေဖြင့် အလုပ်ရှုပ်ခံ၍ ပြန်ဖြေနေလိမ့်မည်မဟုတ်။ သို့သော်ငြား ရန်ကိုင်သည် သာမန်လူတစ်ဦးမဟုတ်။ ရန်ကိုင်ပြသွားသောခွန်အားအရ ရန်ကိုင်သည် ထိုအကြောင်းကို သိဖို့ရာ ထိုက်တန်သည့်လူတစ်ဦး ဖြစ်ပေသည်။

“ဖန်ပုလင်းကြီးတစ်လုံးကို စဉ်းစားလိုက်… ပုလင်းထဲမှာ သဲတွေကျောက်တုံးတွေ ရှိနေလိမ့်မယ်… အဲ့ဒါတွေက ကျင့်ကြံသူတွေကို ကိုယ်စားပြုတယ်… ဒီလောကကြီးရဲ့ ဆန့်ဝင်နိုင်တဲ့ပမာဏက အဲ့ပုလင်းရဲ့ အရွယ်အစားပဲ… ဟုတ်တယ်နော်… ဒီတော့ အကန့်အသတ်ရှိတယ်လို့ ပြောလို့ရတယ်…”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

“ပုလင်းထဲမှာ ရှိနေတဲ့ သက်ရှိတွေအကုန်လုံးက ဘာမှမပြောပလောက်ပေမယ့် အကုန်လုံးပေါင်းလိုက်ပြီဆိုလိုံရှိရင် ကမ္ဘာကြီးတစ်ခုလုံး ပြည့်သွားနိုင်တယ်… ဒီတော့ သဲတွေကျောက်တုံးတွေရဲ့အရွယ်အစား ပိုကြီးလေကြီးလေ သူတို့ထုတ်သုံးနိုင်တဲ့စွမ်းအားက ပိုမြင့်လေပဲ။ ဒီတော့ မဟာဧကရာဇ်တွေက အဲ့ပုလင်းထဲမှာရှိနေတဲ့ အကြီးဆုံးကျောက်တုံးတွေပေါ့…”

“ပြီးတော့ အဲ့ပုလင်းထဲမှာ အဲ့လိုကျောက်တုံးမျိုးအတွက် နေရာဆယ်နေရာပဲရှိတယ်မလား…” ရန်ကိုင်က ပြန်မေးလိုက်သည်။

ယန်ယန်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ပုလင်းကကြီးတယ်ဆိုပေမယ့် ကျောက်တုံးဆယ်တုံးပဲကာတယ်… ဆယ်တုံးထက်ပိုမကာဘူး… အဲ့ဒါကြောင့်ပဲ ရှေးခေတ်အချိန်တွေကစပြီးတော့ အခုချိန်ထိမဟာဧကရာဇ်ဆယ်ပါးပဲရှိတာ… ဒါပေမယ့် ပုလင်းထဲမှာ ကျောက်တုံးဆယ်တုံးပဲ ရှိတယ်လို့တော့ ပြောလို့မရဘူးလေ… ဧကရာဇ်အဆင့်ကိုကျော်ပြီးတော့ လောကကြီးရဲ့အသိအမှတ်ပြုမှုကို မရရှိသေးတဲ့ အားကောင်းတဲ့လူတွေလည်း ရှိနေသေးတာပဲ… အဲ့လူတွေက မဟာဧကရာဇ်တွေဆိုပေမယ့် မဟာဧကရာဇ်လည်း မဟုတ်ပြန်ဘူး.. ကျင့်ကြံခြင်းအမြင်ကနေ ကြည့်မယ်ဆိုလို့ရှိရင်တော့ သူတို့တွေက မဟာဧကရာဇ်အဆင့်မှာပေါ့… ဒါပေမယ့် ပုလင်းအရွယ်အစား အကန့်အသတ်ကြောင့် အစစ်အမှန်မဟာဧကရာဇ်တွေဖြစ်မလာနိုင်ဘူး…”

“အဲ့လူလိုပဲမလား…”

ယန်ယန် ခေါင်းညိတ်ပြလိုက်သည်။

“နင်လည်း တူတူပဲမလား…”

ယန်ယန်သည် ထိုအမေးကို ပြုံးသာပြုံးပြလိုက်ပြီး ပြန်မဖြေခဲ့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၅)

ဘာသာပြန်သူ_တိမ်တိုက်

ယခုမှသာလျှင် သူသိချင်နေသော မေးခွန်း၏ အဖြေကို ရန်ကိုင် သိသွားခဲ့ရတော့သည်။ (ခေတ်အဆက်ဆက်မှာ မဟာဧကရာဇ်ဆယ်ပါးပဲရှိခဲ့တာ ဒါကြောင့်ကိုး… ဒီလောကကြီးက မဟာဧကရာဇ်ဆယ်ပါးထက် ပိုပြီးတော့မှ လက်မခံနိုင်တော့တာ…)

ထုန်းရွှမ်လောကကြီးမှ သူတော်စင်အဆင့်တွင်ရှိနေသော ကျင့်ကြံသူများကိုသာ မွေးထုတ်ပေးနိုင်ပြီး ကြယ်စီရင်စုမှလည်း တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများကိုသာ မွေးထုတ်ပေးနိုင်သည်နှင့် တူပေသည်။ ဤသည်မှာ လောကကြီး၏ အကန့်အသတ်ဖြစ်သည်။ ကျင့်ကြံသူများ ထိန်းချုပ်နိုင်သည့် အရာမျိုးမဟုတ်ပေ။

အလားတူပင် ကြယ်တာရာအစုအဝေးသည်လည်း မဟာဧကရာဇ်ဆယ်ပါးကိုသာ လက်ခံနိုင်ပေသည်။ လူအတော်များများ၏ ကျင့်ကြံခြင်းမှာ မဟာဧကရာဇ်များအောက် နိမ့်ကျခြင်း မရှိပါသော်ငြား လောကကြီး၏ အသိအမှတ်ပြုမှုကို မရရှိသည့်အတွက်ကြောင့် အစစ်အမှန်မဟာဧကရာဇ်များ ဖြစ်မလာနိုင်ကြပေ။ ငှက်မွေးသရဖူနှင့်လူသည် ထိုကဲ့သို့သောလူတစ်ဦး ဖြစ်သလို ယန်ယန်သည်လည်း ထိုကဲ့သို့သောလူတစ်ဦးသာ ဖြစ်လေသည်။ နတ်သားရဲများအတွက်လည်း အတူတူပင် ဖြစ်လေသည်။

ရန်ကိုင်မှာ ထိုကိစ္စနှင့်ပတ်သက်၍ အမြဲတစေ ထူးဆန်းသလို ခံစားရသည်။ နတ်သားရဲများသည် ဧကရာဇ်အဆင့်၌ ရှိနေသော ကျင့်ကြံသူများထက် သိသိသာသာကို ပိုမိုအားကောင်းကြသည်။ သို့သော်ငြား မဟာဧကရာဇ်များနှင့် မယှဉ်ပြိုင်နိုင်ကြပေ။ ယခုမှသာလျှင် ထိုမေးခွန်းနှင့် ပတ်သက်သည့်အဖြေကို ရန်ကိုင်သိသွားရတော့သည်။ မဟာဧကရာဇ်ဆယ်ပါးသည် ကြယ်တာရာအစုအဝေးမှ အသိအမှတ်ပြုထားသော တည်ရှိမှုများဖြစ်ကြသည်။ သူတို့ကိုယ်တိုင်သည် လောကကြီးကိုအုပ်စိုးသော နိယာမများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည့်အလျောက် ကျင့်ကြံခြင်းအဆင့်တူအတွင်း သာမန်နတ်သားရဲတစ်ကောင်သည် သူတို့အား မည်သို့မျှ ယှဉ်မတိုက်နိုင်ကြပေ။

“နင့်လိုလူတွေ အများကြီးရှိသေးနေတာလား…”

“အများကြီးလို့လည်း ပြောလို့ရတယ်… အများကြီးမဟုတ်ဘူးလို့လည်း ပြောလို့ရတယ်…” ယန်ယန်ကပြုံးလျက် “အတော်များများက လူလုံးထွက်ပြလာလေ့မရှိဘူး… ဒီတော့ သူတို့နဲ့ပတ်သက်ပြီး ဘာမှစိတ်ပူနေစရာမလိုဘူး…”

ယန်ယန်ကဲ့သို့သောလူများမှာ ရှားပါးပေသည်။ သို့ပင်ဖြစ်လင့်ကစား အချိန်ကြာလာသည့်နောက် မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ပါသော်ငြား လောကကြီး၏ အသိအမှတ်ပြုခြင်း မခံရသည့်လူများမှာ တဖြည်းဖြည်းနှင့် တိုးပွားလာပေလိမ့်မည်။ ထိုကဲ့သို့သောလူများ၏သက်တမ်းမှာ အလွန်တရာကိုမှ ရှည်လျားလှသည့်အတွက်ကြောင့် ယန်ယန်ကဲ့သို့သောလူများမှာ တစ်စ တစ်စ နှင့် များပြားလာပေလိမ့်မည်။

ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားသည့်‌နောက် မျက်မှောင်ကျုံ့၍ ပြန်မေးလိုက်လေသည်။ “နင်ပြောသလိုဆိုရင် လောကကြီးရဲ့ ကန့်သတ်ချက်တွေကြောင့် ဆယ့်တစ်ယောက်မြောက်မဟာဧကရာဇ်က ပေါ်မလာနိုင်ဘူးပေါ့… ဒါဆို နောက်ပိုင်းကျ ငါ ဘာလုပ်ရမှာလဲ…”

ယန်ယန်က ရန်ကိုင်အား အံ့အားသင့်နေဟန်ဖြင့် “နင်က အနာဂတ်ကိုတောင် ကြိုပြီး စဉ်းစားနေပြီပေါ့…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာမှာပဲဟာကို…”

ယန်ယန်သည် ပြုံး၍ ရန်ကိုင်အားကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “အဲ့ဒါဆိုရင်တော့ မဟာဧကရာဇ်တစ်ပါး သေသွားတဲ့အထိ စောင့်ပြီးတော့ သူ့နေရာကို အခြားသူတွေနဲ့ ယှဉ်လုယူပေါ့…”

ထိုစကားကိုကြားသော် ရန်ကိုင်ကခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “မဟာဧကရာဇ်တစ်ပါး သေဖို့ဆိုတာ အကြာကြီး… သူတို့ ဘယ်အချိန်သေမလဲဆိုတာကို ဘယ်သူမှ ပြောနိုင်တာမဟုတ်ဘူး…”

မဟာဧကရာဇ်တစ်ပါး၏ သက်တမ်းမှာ အလွန်တရာကိုမှ ရှည်လျားလွန်းလှသည်။ မမျှော်လင့်ထားသည့်အဖြစ်အပျက်များသာ ဖြစ်မလာလျှင် မဟာဧကရာဇ်တစ်ပါးသည် နှစ်ပေါင်းသောင်းနှင့်ချီ သို့မဟုတ် ထို့ထက်ပိုမိုကြာညောင်းစွာပင် အသက်ရှင်နိုင်ပေသည်။

“အခြားနည်းလမ်းတစ်ခုတော့ရှိတယ်…” ရန်ကိုင်၏ အတည်ပေါက်အမူအယာကိုမြင်သော် ယန်ယန်လည်း ဆက်၍ပြောလိုက်သည်။

“ဘာနည်းလမ်းလဲ…” ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားလေသည်။

ယန်ယန်သည် လက်သီးလေးဆုပ်ပြလျက် ပြန်ပြောလိုက်သည်။ “ပုလင်းထဲမှာရှိတဲ့ ကျောက်တုံးတစ်တုံးကို ဖျက်ဆီးပြီးတော့ အဲ့ကျောက်တုံးနေရာကို ဝင်ယူလိုက်…”

ထိုစကားကိုကြားသော် ရန်ကိုင် အံ့အားသင့်သွားခဲ့ပါသော်ငြား ခေါင်းတညိတ်ညိတ် ပြန်လုပ်လျက် “အဲ့ဒါလည်း ဟုတ်တာပဲနော်… ကြည့်ရတာ နောက်ပိုင်း မဟာဧကရာဇ်အဆင့်ကိုရောက်ချင်တယ်ဆိုရင် မဟာဧကရာဇ်တစ်ပါးကို ရှာပြီး သတ်ရတော့မယ်နဲ့တူတယ်…”

ယန်ယန်သည် ရန်ကိုင်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လျက် “နင် တကယ်ကြီးပြောနေတာလား…”

ရန်ကိုင်က အော်ရယ်မောလျက် “ဘယ်တကယ်ကြီးပြောနေမလဲဟ… နောက်နေတာပေါ့… မဟာဧကရာဇ်တွေက ဒီလောကကြီးရဲ့ အသိအမှတ်ပြုထားတဲ့လူတွေပဲကို… သူတို့ကိုသတ်ဖို့က ဒီလောက်လွယ်မှာမို့လို့လား… ငါ အဲ့လောက်ထိ မရူးမိုက်သေးဘူး…”

မဟာဧကရာဇ်တစ်ပါးအား သတ်ဖို့ရာ ထိုမျှလွယ်ကူနေမည်ဆိုလျှင် မဟာဧကရာဇ်များ၏ သက်တမ်း ထိုမျှရှည်လျားနေတော့လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ထိုနည်းလမ်းသည် မဟာဧကရာဇ်တစ်ပါးဖြစ်လိုပါက ရွေးချယ်စရာရှိသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပေသည်။ မဟာဧကရာဇ်များသည် သတ်၍မရသည့် တည်ရှိမှုများရော ဟုတ်ကြလေရဲ့လော။ မဟာဧကရာဇ်များကြားစစ်ပွဲတွင် မဟာဧကရာဇ်လေးပါး ကျဆုံးခဲ့လေသည်။ ထို့နောက်တွင် မဟာဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်လာသော လူလေးဦးမှာ မဟာဧကရာဇ်များ ဖြစ်လာခဲ့ကြရသည်။ ထိုလူများ မဟာဧကရာဇ်များ ဖြစ်လာနိုင်ရခြင်းမှာ ဝူခွမ်း၏ ကျေးဇူးကြောင့်လည်း မကင်းပေ။ ဝူခွမ်းမှ သူတို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့သည့်အတွက်ကြောင့်သာလျှင် မဟာဧကရာဇ်များ ဖြစ်လာနိုင်ကြခြင်း ဖြစ်လေသည်။

ရန်ကိုင်၏အမူအယာကိုမြင်သော် ယန်ယန်မှာ ရန်ကိုင်ဘာတွေးနေလို့ တွေးနေမှန်းမသိ။ သို့သော်ငြား ထိုအကြောင်းကို သွားပြောမနေတော့ဘဲ နားထင်ကိုပွတ်ရင်းဖြင့်သာ ဆက်ပြောလိုက်လေသည်။ “ကောင်းပြီလေ… ငါပြောစရာရှိတာတွေအားလုံးကို ပြောပြီးသွားပြီဆိုတော့ အခု ငါသွားတော့မယ်…”

“နင် ဘာတွေ ဒီလောက်တောင် အလျင်လိုနေတာလဲ…” ရန်ကိုင်သည် ယန်ယန်၏လက်ကို လှမ်းဖမ်းဆွဲလိုက်သည်။

ယန်ယန်သည် ရန်ကိုင်အား ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လျက် “ပြောစရာရှိရင်ပြောလိုက်… နင့်ရဲ့ညစ်တီးညစ်ပတ်လက်တွေနဲ့ ငါ့ကိုလာမကိုင်နဲ့…”

ရန်ကိုင်က ပြောလိုက်သည်။ “နင် ဘာဖြစ်လို့ ထက်ကောင်းကင်ဂိုဏ်းဆီ သွားမလည်တာလဲ… အကြီးအကဲချုပ်ရီက နင့်ကို အရမ်းလွမ်းနေတာ…”

ရီရှီယင်သည် ရန်ကိုင်အား ဂိုဏ်းချုပ်အဖြစ် လေးစားချင်မှ လေးစားလိမ့်မည်ဖြစ်ပါသော်ငြား ယန်ယန်ကိုတော့ အလွန်ကိုမှ ရိုကျိုးလေးစားပေသည်။

“မလိုဘူး… နင်က ဒီကြယ်စီရင်စုရဲ့သခင် ဖြစ်နေပြီပဲဟာကို… နောက်ပိုင်း ငါတို့ တွေ့ဖို့ အခွင့်အရေးတွေ အများကြီးရှိဦးမှာ…”

“အိုး… ပြောဖို့မေ့နေတာ အခုမှပဲ သတိရတော့တယ်… ငါ ထက်ကောင်းကင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ကြယ်တာရာအစုအဝေးဆီ ခေါ်သွားမလို့… အဲ့ဒါ အဆင်ပြေလား…”

“တစ်ဂိုဏ်းလုံး…” ယန်ယန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“အဆင်မပြေလို့လား…”

ယန်ယန်က မျက်မှောင်ကျုံ့လျက် “အဲ့ဒါ နည်းနည်းများမနေဘူးလား…”

“မများပါဘူး… လူပေါင်းသောင်းဂဏန်းလောက်ပဲဟာကို…”

“သောင်းဂဏန်းလောက်ပဲ…” ယန်ယန်က ပြန်ပြောလိုက်လေသည်။ “ကြယ်စီရင်စုတစ်ခုမှာ တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့်ကို ရောက်တဲ့လူတွေပဲ ကြယ်တာရာလမ်းကြောင်းကိုဖွင့်ပြီးတော့ ကြယ်တာရာအစုအဝေးဆီ သွားနိုင်ကြတာ… နှစ်တစ်ရာတိုင်းမှာ ကြယ်စီရင်စုတစ်ခုကနေ ကြယ်တာရာအစုအဝေးဆီကို သွားနိုင်တဲ့လူက ငါးယောက်ထက်မပိုဘူး… အဲ့ဒါကို နင်က လူတစ်သောင်းလုံးကို တစ်ပြိုင်တည်း ခေါ်သွားချင်တယ် ဟုတ်လား… နင့်လုပ်ရပ်က လွန်လွန်းတယ်မထင်ဘူးလား… အခြားကြယ်စီရင်စုတွေသာ ဒီအကြောင်းကိုကြားရင် ဘယ်လိုတွေးကြမလဲ…”

“မလွန်ဘူး… သူတို့ဘယ်လိုတွေးတွေး ကိစ္စမရှိဘူးလေ…”

“အပိုတွေပြောမနေတော့နဲ့…”

“အဲ့ဒါ သူတို့မှာ အထက်အရာရှိကောင်းကောင်းမရှိလို့လေ… ငါနဲ့ဘာဆိုင်လို့လဲ…”

“ကြယ်သံတမန်ဖြစ်တဲ့ ငါ့တာဝန်က ကြယ်စီရင်စုတွေရဲ့ ဟန်ချက်ကို ထိန်းပေးဖို့ပဲ… နင့်လုပ်ရပ်ကို ငါခွင့်မပြုနိုင်ဘူး…”

“ငါတို့ခင်မင်တာကိုထောက်ထားပြီးတော့ ဒီတိုင်း မသိချင်ယောင် ဆောင်ပေးလိုက်လို့ မရဘူးလား… ထက်ကောင်းကင်ဂိုဏ်းကို ငါတို့နှစ်ယောက် အတူတူ ဖန်တီးခဲ့တာပဲဟာကို… အခု ငါ ဒီကြယ်စီရင်စုရဲ့ ကြယ်စီရင်စုသခင်ဖြစ်လာပြီး နင်ကလည်း ကြယ်သံတမန်ဖြစ်နေတယ်… ပြီးတော့ ငါ့လုပ်ရပ်က ဟုန်းလော့ကြယ်စီရင်စုကြီးအတွက်ပဲလေ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရန်ကိုင်၏အစီအစဉ်အရ ရန်ကိုင်သည် ထက်ကောင်းကင်ဂိုဏ်းတစ်ဂိုဏ်းလုံးကိုသာ ကြယ်တာရာအစုအဝေးဆီသို့ ရွှေ့သွားလိုခြင်းမဟုတ်။ ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ပါရမီပါသော လူအားလုံးကိုပါ ကြယ်တာရာအစုအဝေးဆီသို့ ခေါ်သွားလိုခြင်း ဖြစ်ပေသည်။

“ဟမ့်… အဲ့ဒါ နင့်ပြဿနာလေ…”

ရန်ကိုင်မှာ ယန်ယန်နှင့် ပြန်၍ ငြင်းခုံလိုက်ချင်ပါသော်ငြား ချက်ချင်းဆိုသလို မျက်ခုံးပင့်သွားခဲ့ပြီး ယန်ယန်ကြည့်နေရာဆီသို့ လိုက်၍ ကြည့်လိုက်လေသည်။ ယခုအချိန်အထိ ယန်ယန်သည် ဂန်းဂန်းကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့လေသည်။

(သူ့ပုံစံက နည်းနည်း ထူးဆန်းမနေဘူးလား…)

ထို့နောက်တွင် ရန်ကိုင်က ပြုံးဖြီး၍ ပြောလိုက်လေသည်။ “ငါ့ဘာသာငါ ကြယ်တာရာအစုအဝေးဆီပြန်သွားတာတော့ ကိစ္စမရှိဘူးမလား…”

“အဲ့ဒါကတော့ မရှိပါဘူး…” ယန်ယန်သည် သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလျက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကောင်လေး… နင် နည်းနည်း ထိန်းထိန်းသိမ်းသိမ်းနဲ့နေနော်… သံမဏိသွေးသာ နင့်ကို သတိထားမိသွားလို့ရှိရင် နင်သေပြီပဲ…”

“ငါသိတယ် ငါသိတယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ကဲ… ဒီကကိစ္စတွေပြီးသွားပြီဆိုတော့ ငါ အခု ပြန်တော့မယ်… နင့်ကို သွားပြီးတော့ စာရင်းသွင်းပေးရဦးမှာ… မဟုတ်လို့ရှိရင် နင်က တရားမဝင်ကြယ်စီရင်စုသခင်ပဲ ဖြစ်နေဦးမှာ… ကြယ်တာရာရုံးတော်က အသိအမှတ်ပြုပေးတော့မှပဲ နင်လည်း တရားဝင်ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်လာနိုင်မှာ…” ထိုသို့ပြောပြီးသည့်နောက် သူမလက်ကိုကိုင်ထားသည့် ရန်ကိုင်၏လက်ကိုကြည့်ရင်းမှ “ဟဲ့… နင့်ခေါင်းကို သေသေချာချာစဉ်းစားသုံးသပ်ဖို့အတွက် သုံးနော်… နောက်ပိုင်းကျရင် ငါက နင့်ရဲ့ အထက်အရာရှိ ဖြစ်လာမှာ… အခုလိုမျိုး ငါ့ကို မလေးမစား လာမလုပ်နဲ့တော့…”

ရန်ကိုင်သည်လည်း ယန်ယန်၏လက်ကို ချက်ချင်းလွှတ်ပေးလိုက်ပြီးသည့်နောက် မျက်နှာကိုတည်၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည်။ “ခရီး ဘေးကင်းပါစေ သခင်မ…”

ထိုအခါမှသာလျှင် ယန်ယန်သည် သေချာသင်ကြားပြသ၍သော အလားအလာရှိသည့် လူငယ်လေးတစ်ဦးကို လက်အောက်ငယ်သားတစ်ဦးအဖြစ် ရလိုက်သည့်ပမာ ဂုဏ်ယူဝံ့ကြွားသည့်ဟန်ဖြင့် ပြုံးလိုက်လေသည်။ ထို့နောက် သူမ၏လက်ထဲ ဓါးတစ်ချောင်း ပေါ်လာခဲ့သည်။ ထိုဓါးမှာ ငှက်မွေးသရဖူနှင့်လူတွင် ရှိနေသော ကြယ်တာရာဓါးနှင့် အတူတူသာ ဖြစ်လေသည်။ ယန်ယန်မှ ဓါးအား ဝှေ့ယမ်းချလိုက်သည့်အခိုက် ဟင်းလင်းပြင်တစ်ခုလုံး ကွဲကြေသွားခဲ့လေသည်။ ထို့နောက်တွင် ယန်ယန်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ထိုအက်ကြောင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။ “ဒါနဲ့ ငါ မြောက်ဘက်နယ်မြေမှာ ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတယ်… နင် အားရင် လာလည်ဦး…”

အလင်းမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ သူပြောလိုက်သည့်စကားကို ယန်ယန် ကြားလား မကြားလားတော့ ရန်ကိုင်လည်းမသိ။ ယန်ယန်ထွက်သွားသည့်ဘက်ဆီသို့ ကြည့်ရင်းမှ ရန်ကိုင်စိတ်ထဲ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရလေသည်။ အတန်ကြာသွားပြီးသည့်နောက် သူ့ပေါင်ကို လက်ဖြင့်ကောက်ရိုက်၍ စိတ်ညစ်နေသည့်ဟန်ဖြင့် “ကြယ်တာရာရုံးတော် ဘယ်မှာရှိလဲ မေးဖို့ မေ့သွားပြန်ပြီ…”

သို့သော်ငြား ထိုကိစ္စမှာ သိပ်၍ ပြဿနာမရှိလှ။ ယန်ယန်ပြောခဲ့သလိုပင် သူတို့နှစ်ဦး ပြန်တွေ့ဖို့ရာ အခွင့်အရေးများစွာ ရှိနေပေသေးသည်။

ရန်ကိုင်သည် နှစ်တစ်ရာအတွင်း ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်လာနိုင်ခဲ့သလို ကြယ်တာရာအစုအဝေးထဲတွင်လည်း အုတ်မြစ်တစ်ခု ချထားနိုင်ခဲ့လေသည်။ ထို့အတွက်ကြောင့် နောက်နှစ်တစ်ရာအတွင်း ရန်ကိုင်ဘာထပ်ဖြစ်မလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပေ။

ထိုအကြောင်းကြောင့် နောက်နှစ်တစ်ရာအတွင်း ရန်ကိုင် မဟာဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်ဟု မည်သူမျှ မပြောနိုင်ကြပေ။ တစ်နေ့နေ့ ရန်ကိုင်၏ကျင့်ကြံခြင်းအဆင့် မဟာဧကရာဇ်အဆင့်သို့ ရောက်လာခဲ့သော် ရန်ကိုင်အနေဖြင့် မဟာဧကရာဇ်နေရာကို ကျိန်းသေ ယှဉ်ပြိုင်ရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင်တော့ ယန်ယန်ပြောသွားသည့်အတိုင်း ပုလင်းထဲ၌ရှိနေသော ကျောက်တုံးတစ်တုံးကို ဖျက်ဆီးပစ်ရပေတော့မည်။

(ဒါပေမယ့် ငါ ဘယ်သူ့ကို ရွေးရမှာလဲ…)

ရန်ကိုင်မှာ ရုတ်တရက် စဉ်းစားရခက်သွားတော့လေသည်။ ရန်ကိုင်ပုံစံသည် ပုရွတ်ဆိတ်တစ်ကောင်မှ သစ်ပင်တစ်ပင်ကို လှုပ်ယမ်းရန် ကြိုးစားနေသည်နှင့်ပင် တူနေပေသေးသည်။ ယန်ယန်သည်သာ လက်ရှိရန်ကိုင်ပုံစံကို မြင်ပါက သူ့အား ကျိန်းသေ လှောင်ပြောင်ပေလိမ့်မည်။

ရန်ကိုင်သည် ခေါင်းကိုပွတ်၍ သူ့အတွေးများကို ရှင်းလင်းလိုက်ပြီးသည့်နောက် ကြယ်စီရင်စုအမြုတေနှင့် ဆက်သွယ်လိုက်လေသည်။ ထို့နောက်တွင် အဆုံးမဲ့အမှောင်ထုထဲ ရန်ကိုင်၏ ကြီးကျယ်ခမ်းနားလှသည့် ပုံရိပ်ကြီး ထွက်ပေါ်လာခဲ့ပြီး အော်၍ ပြောလိုက်လေ၏။ “ခွေးကောင်ဝူဟန်… ငါ ဒီနေ့ မင်းကို လွှတ်ပေးလိုက်မယ်… ဒါပေမယ့် နောက်တစ်ကြိမ် ဟုန်းလော့ကြယ်စီရင်စုကို အခုလိုမျိုး ထပ်လာလုပ်ရဲမယ်ဆိုရင်တော့ ငါ မင်းကို မညှာတာလို့ဆိုပြီး လာအပြစ်မတင်နဲ့…”

တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ၌ ရှိနေသော ဝူဟန်သည် အမှောင်ထုကြီးအား ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ထိုသို့စိုက်ကြည့်နေရင်းမှ ဝူဟန်၏မျက်နှာ ရုတ်တရက်ဆိုသလို သွေးဆုတ်ဖြူလျော်သွားပြီး သွေးတစ်ပွက် ထိုးအန်ချလိုက်လေ၏။

ယခုတစ်ကြိမ်တွင်တော့ ဖွတ်မရ ဓါးမ ဆုံး အဖြစ်နှင့် ကြုံခဲ့ရသည်။ သူ့ကျင့်ကြံခြင်းကို တိုးတက်လိုသည့်အတွက်ကြောင့် ဟုန်းလော့ကြယ်စီရင်စုကြီးကို ဝါးမျိုရန် ကြိုးစားခဲ့ပါသော်ငြား မဝါးမျိုနိုင်ခဲ့သည့်အပြင် သူ့ပိုင်နက်နယ်မြေများနှင့် ကျင့်ကြံရေးကြယ်များကိုပါ ပြန်လည်ဆုံးရှုံးလိုက်ရလေသည်။ ထိုသို့ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ အမြုတေစွမ်းအားမှာလည်း အကြောင်းအရင်းမရှိ ထိခိုက်သွားခဲ့ရကာ ယခုဆိုလျှင် သူ့ကိုပင် အပြစ်တင်နေခဲ့သည်။ ယခင်က သူနှင့် တစ်သားတည်းပေါင်းစပ်နေသော ကြယ်အမြုတေသည် ယခုဆိုလျှင် သူ့အပေါ် ဆန့်ကျင်သည့် အရိပ်အယောင်များပင် ပြနေခဲ့လေရာ ဝူဟန်မှာ ရန်ကိုင်အား မမုန်းတီးဘဲ ဘယ်နေပါတော့မည်နည်း။

ဖြစ်သာဖြစ်နိုင်လျှင် ဝူဟန်စိတ်ထဲ အမှောင်ထု၏ တစ်ဖက်ခြမ်းဆီသို့ ပြေးသွားပြီး ရန်ကိုင်နှင့် အားပါးတရပင် တိုက်ခိုက်ပစ်ချင်မိပေသေးသည်။ သို့သော်ငြား ကြယ်သံတမန်ထွက်မသွားခင် ပြောသွားသည့် စကားများကို ပြန်ကြားယောင်လိုက်သည့်နောက် ဝူဟန် တစ်ဖန်ပြန်လည်ငြိမ်သက်သွားတော့သည်။

(ကြယ်သံတမန်တောင် ငါ့ကိုမကူညီနိုင်တာ ငါ့ဘာသာငါဆို ဘာလုပ်နိုင်တော့မှာလဲ… ငါ့ဘာသာငါ ဘယ်လိုလက်စားပြန်ချေနိုင်တော့မှာလဲ…)

လက်ရှိအချိန်တွင် ဝူဟန်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အထက်တွင် မဟာဧကရာဇ်အဆင့်သာ ရှိတော့ပေသည်။ သူကိုယ်တိုင်သည် ရည်မှန်းချက်ကြီးမားသည့် လူတစ်ဦး ဖြစ်လေရာ ယခုကဲ့သို့သော ရှုံးနိမ့်မှုမျိုးကို မည်ကဲ့သို့များ အလွယ်တကူ လက်ခံနိုင်ပါမည်နည်း။ လက်စားပြန်ချေဖို့ရာမှာ လော၍မလိုသည့်ကိစ္စတစ်ရပ် ဖြစ်ကာ အချိန်တန်လျှင် ပြန်လက်စားချေရန် ကြိုးစားနိုင်ပေသည်။ ထို့အတွက်ကြောင့် ယခုအချိန်တွင်တော့ သည်းခံနေရုံသာ တတ်နိုင်လေ၏။

ဝူဟန်မှာ ရန်ကိုင်၏ ရန်စစကားကို သွားရောက်မတုံ့ပြန်ရဲခဲ့ပေ။ အတန်ကြာသွားပြီးသည့်နောက်တွင် လှိုင်းထန်နေသည့်ပမာ ကသောင်းကနင်းဖြစ်နေသော အမှောင်ထု တစ်ဖန်ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ကြယ်စီရင်စုနှစ်ခုကြားရှိ အကာအရံမှာလည်း ပြန်လည်ဖြစ်ပေါ်လာခဲ့ရသည်။ တစ်ချိန်တည်းတွင် ထိုအရာကြီးမှာ ဝူဟန်၏စိတ်ထဲ အမာရွတ်တစ်ခုပမာ ဖြစ်လာရတော့သည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် ဂန်းဂန်းကိုစီးရင်း အရိပ်ကြယ်သို့ ပြန်နေခဲ့သည်။ ကြယ်စီရင်စုထဲရှိ ပြဿနာများမှာ ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား ထိုပြဿနာများကို ဖြေရှင်းရန်အတွက် ဆယ်နှစ်ကျော်မက အချိန်ယူလိုက်ရသည်။ ဤနေရာသို့မလာခင်က ကြယ်စီရင်စုကြီးထဲ ဤမျှ အချိန်ကြာသွားလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့။ သို့သော်ငြား ထိုမျှကြာသွားသည့်တိုင် တန်သည်ဟု ပြော၍ရပေသည်။ အနည်းဆုံး ရန်ကိုင်သည် ကြယ်စီရင်စုသခင် ဖြစ်လာခဲ့သလို ယန်ယန်သည်လည်း သူ၏အထက်အရာရှိတစ်ဦး ဖြစ်လာခဲ့သည်။ သူ့အား စောင့်ရှောက်ပေးမည့်လူတစ်ဦး ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်နေလေသည်။

တစ်ခဏအကြာ၌ အရိပ်ကြယ်ဆီသို့ ရန်ကိုင်ရောက်လာခဲ့သည်။ ဂန်းဂန်းအား ဝါးမျိုထားသမျှကို ချေဖျက်သန့်စင်ရန်အတွက် ကြယ်တာရာကောင်းကင်ထဲတွင် ထားခဲ့လိုက်ပြီးသည့်နောက်တွင် ထက်ကောင်းကင်ဂိုဏ်းဆီသို့ သူ့ဘာသာ တစ်ယောက်တည်း ပြန်လာခဲ့လေသည်။

ထက်ကောင်းကင်ဂိုဏ်းထဲရှိ အဓိကတောင်ထွဋ်ပေါ်တွင် စုယန်၊ ရှနင်းချန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့ အတူတကွ စုဝေးနေကြသည်။ မိန်းကလေးများမှာ အချင်းချင်း စကားစမြည်ပြောရင်း အော်ရယ်မောနေခဲ့ကြလေ၏။

ရန်ကိုင် ရုတ်တရက်ပေါ်လာပြီး အသာအယာချောင်းဟန့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကိုပွတ်ရင်းမှ ပြောလိုက်လေသည်။ “မိန်းကလေးတို့… ငါ ပြန်လာပြီ… အခုလိုမျိုး စိတ်ရှည်ရှည်နဲ့ စောင့်နေပေးတဲ့အတွက် ကျေးဇူးပါပဲ…”

All Chapters