← Chapters

အခန်း (၃၁၉၆-၃၂၀၀)

Vol. 139 Ch. 3196-3200

အခန်း (၃၁၉၆-၃၂၀၀)

Vol. 139 Ch. 3196-3200

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၆)

ဘာသာပြန်သူ_တိမ်တိုက်

ရယ်မောသံများ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး မျက်ဝန်းပေါင်းများစွာသည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့သည်။

ရှနင်းချန်က စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်၏။ "ဂျူနီယာမောင်လေး"

"ဟန့်" ရှန်ချင်းလော့သည် နှာခေါင်းရှုံ့လျက် ရှနင်းချန်၏ လက်ကို ပြန်ဆွဲထားကာ ပြန်ထိုင်ချစေလိုက်သည်။ ရှနင်းချန်သည် ရန်ကိုင်အား တောင်းတောင်းပန်ပန်ဖြင့် ကြည့်၍ ကူကယ်ရာမဲ့နေဟန်ဖြင့် လျှာလေး ထုတ်ပြလိုက်သည်။

အလားတူပင် စုယန်နှင့် ရွှယ့်ယွယ်တို့မှာလည်း ရန်ကိုင်ကို ဆက်ကြည့်မနေတော့ဘဲ သူတို့ဘာသာသူတို့ လေသံတိုးတိုးဖြင့် အချင်းချင်း စကားပြန်ပြောနေကြတော့၏။

ရှနင်းချန်မှလွဲ၍ ကျန်သည့် အမျိုးသမီး သုံးဦးစလုံးမှာ ရန်ကိုင်အား မမြင်ချင်ယောင်ဆောင်နေကြလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ [ဘာတွေဖြစ်နေတာလဲ]

ထိုအချိန်အတောအတွင်း စုယန် ဘေးနား၌ ထိုင်နေသည့် လျို့ယန်မှာမူ ရန်ကိုင်အား လှည့်ကြည့်လာပြီး ပါးစပ်ကို ပွစိပွစိလုပ်ပြလိုက်သည်။ ထို့နောက် သူမ လက်ဖြင့် လည်ပင်းအား တိကနဲလုပ်လိုက်သည့် ပုံစံမျိုး လုပ်ပြလိုက်လေသည်။ ထိုသို့လုပ်ပြီးသည့်နောက် လျှာလေးကို ထုတ်ပြ၍ ခေါင်းလေးကို တစ်ခြမ်းစောင်းပြလိုက်သည်။

ထိုအချင်းအရာကို မြင်လိုက်သော် ရန်ကိုင် ချက်ချင်းနားလည်သွားတော့သည်။ အမျိုးသမီးအားလုံးသည် ရန်ကိုင်မှ နှစ်အတန်ကြာအောင် ပျောက်ကွယ်သွားခဲ့သည့်အပေါ် သူ့အား အပြစ်တင်နေခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူမတို့အား မကြောက်ပေ။

[အင်း ဘာဖြစ်လဲ၊ မိန်းမတွေဆိုတော့ စိတ်ကောက်ရင် ချော့ရမှာပေါ့]

ရန်ကိုင်မှ စကားပြောတော့မည်အပြု ကျောက်တုံးစားပွဲခုံအောက်မှ ကလေးမလေးတစ်ဦး တွားသွားထွက်လာခဲ့သည်။ ထို့နောက် ရန်ကိုင်ဆီသို့ လျှောက်လာပြီး ရန်ကိုင် အရှေ့သို့ ရောက်သော် ခါးထောက်၍ သူ့အား မော့ကြည့်လာခဲ့သည်။ ကလေးမလေးမှာ အသက်လေးငါးနှစ်လောက်သာ ရှိပေဦးမည်။ မျက်နှာလေးမှာ ချစ်စဖွယ်ကောင်းလှပြီး ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားခဲ့လေသည်။ ထိုအပြင် သားသားနားနားလည်း ဝတ်စားထားလေ၏။ လည်ပင်းတွင် ရွှေရောင်သော့အိမ်ပါသည့် လည်ဆွဲတစ်ခုကို ချိတ်ဆွဲထားခဲ့ပြီး ငွေရောင်လက်ကောက်များကိုလည်း ဝတ်ဆင်ထားပေသေးသည်။ ထိုလက်ကောက်များကို ကြည့်ရသည်မှာ အတော်လေး အားကောင်းမည့် မှော်ရတနာများ ဖြစ်ကြသည့်ပုံပင်။

အကြည့်ချင်း ဆုံသွားသည့်အခိုက် ရန်ကိုင်မှာ အမှန်တကယ်ကို အံ့အားသင့်သွားတော့လေသည်။ [ဒါ ဘယ်သူ့ကလေးလဲ]

ကလေးမလေးသည် ရန်ကိုင်အား လက်ညှိုးထိုး၍ မေးလိုက်လေသည်။ "ရှင်က ဘယ်သူလဲ၊ ဘာလို့ ကျွန်မ ရှင့်ကို တစ်ခါမှမမြင်ဖူးရတာလဲ"

ရန်ကိုင် ချက်ချင်း စိတ်အားတက်ကြွလာပြီး ဆောင့်ကြောင့်ထိုင်၍ ပြန်မေးလိုက်သည်။ "ငါက ဘယ်လိုလူလို့ နင်ထင်လဲ"

ကောင်မလေးသည် ရန်ကိုင်အား အထက်အောက် စုန်ဆန် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "ရှင့်ကြည့်ရတာ လူကောင်းဟုတ်တဲ့ပုံ မပေါ်ဘူး၊ ကျွန်မ လက်သီးကို မြည်းလိုက်"

ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်မလေးသည် လက်သီးကို တင်းတင်းဆုပ်၍ ရန်ကိုင်၏ မျက်နှာတည့်တည့်သို့ ထိုးချလိုက်သည်။ သို့သော်ငြား ရန်ကိုင်မှာ လက်ညှိုးတစ်ချောင်းဖြင့် သူမ၏ လက်သီးကို ကာကွယ်တားဆီးလိုက်လေသည်။ ကောင်မလေးမှာ မည်သို့ပင် အားစိုက်နေစေကာမူ သူမ၏ လက်သီးကို ရှေ့သို့ တိုး၍မရ။ အားစိုက်ရလွန်းသဖြင့် မျက်နှာများပင် နီရဲလာခဲ့ရသည်။

ရန်ကိုင်မှ သူ့လက်ကို လွှတ်ချလိုက်ချိန်တွင်တော့ ကောင်မလေးမှာ သူမ၏ အရှိန်ကို မထိန်းနိုင်တော့ဘဲ ရန်ကိုင်ဆီသို့ ပစ်လဲကျသွားခဲ့လေသည်။ ရန်ကိုင်သည် ကောင်မလေးအား လှမ်းဖမ်းဆွဲထား၍ သူမ၏ ပါးလေးနှစ်ဖက်ကို ဆွဲညှစ်ကာ ဆော့ကစားတော့သည်။

ရန်ကိုင်၏ လုပ်ပုံကြောင့်‌ ကောင်မလေးမှာ ဒေါသူပုန်ထလာပြီး ရန်ကိုင်အား အဆက်မပြတ်ကို ထိုးကြိတ်ကန်ကျောက်တော့လေသည်။

ရန်ကိုင်က ခေါင်းမော့၍ မေးလိုက်သည်။ "ဒါဘယ်သူ့ကလေးလဲ၊ သူဘာလို့ ဒီကိုရောက်နေရတာလဲ"

ရှန်ချင်းလော့က ရန်ကိုင်ဘက်သို့ လှည့်လာ၍ ပေါင်တစ်ချောင်းအပေါ် ကျန်တစ်ချောင်းကို တင်ရင်းမှ ပြုံးကာ ပြောလိုက်လေသည်။ "ဘယ်သူ့ကလေးဖြစ်ရမှာလဲ၊ ဒီမှာ ရှိနေတယ်ဆိုမှတော့ ငါတို့ မိသားစုဝင်တစ်ယောက် မလို့ပဲပေါ့"

ရန်ကိုင်က အလန့်တကြားဖြင့်... "ငါတို့မိသားစု"

ထိုအခါမှသာလျှင် ရန်ကိုင်သည် ကလေးမလေးကို သေသေချာချာ ပြန်စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် မျက်လုံးအပြူးသားဖြင့်... "ဟေ့၊ နင်က ငါနဲ့ တကယ်တူတာပဲဟ" ရောက်လာစဉ်က ကလေးမလေး၏ ရုပ်ရည်အပေါ် ထိုမျှ ဂရုမစိုက်ခဲ့။ သို့သော်ငြား ရှန်ချင်းလော့ ပြောသည့် စကားကို ကြားပြီးသည့်နောက် ဤကောင်မလေး၏ မျက်လုံးများသည် သူ့မျက်လုံးများနှင့် အတော်လေးကိုမှ ဆင်လှကြောင်း ရန်ကိုင် သတိထားမိသွားခဲ့သည်။

"ငါတို့မှာ ကလေးရှိပြီလား" ရန်ကိုင်မှာ ဝမ်းသာအားရဖြင့် အော်ရယ်မောရင်းမှ ကောင်မလေးကို လေပေါ်သို့ မြှောက်လိုက်သည်။

သို့သော်ငြား ရယ်ရင်းတန်းလန်းမှပင် ဆက်မရယ်နိုင်တော့ဘဲ မျက်မှောင်ကြီးကြုတ်လျက် ကောင်မလေးကို ကြည့်ရင်းမှ မေးလိုက်လေ၏။ "နင်ဘယ်နှနှစ်လဲ"

ကလေးမလေးသည် ရန်ကိုင်၏ အမေးကို ပြန်မ‌ဖြေဘဲ လက်သီးလက်မောင်းတန်းရင်းဖြင့်သာ ပြန်ပြောလိုက်သည်။ "ကျွန်မကို အခုချပေးနော်၊ မဟုတ်ရင် ရှင့်ကို ကျွန်မလက်သီးစာကျွေးလိုက်မှာ‌နော်" ပြောသာပြောနေခြင်း ဖြစ်ပါသော်ငြား သူမ၏ လက်သီးလေးများသည် ရန်ကိုင်၏ ဆံပင်ကိုပင် မထိနိုင်ခဲ့ပေ။

ရန်ကိုင်သည် အခြားသူများဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "သူ့အသက် ဘယ်လောက်လဲ"

[ငါထင်သလို မဟုတ်ဘဲ သူက ဆယ်နှစ်ကျော်များ ဖြစ်နေတာလား၊ ငါတို့မိသားစုက ကလေးဆိုရင်တော့ အဲဒီလောက် ငယ်စရာအကြောင်းမရှိဘူး]

ရှန်ချင်းလော့က ပြန်ပြောလိုက်သည်။ "အခုမှ အသက် ငါးနှစ်ပြည့်တာ"

"ငါးနှစ်" ရန်ကိုင် အံတင်းတင်းကြိတ်လိုက်သည်။ သွေးကြောကြီးများမှာလည်း သူ့နဖူးတစ်လျှောက် ထောင်တက်လာခဲ့လေသည်။ ရန်ကိုင် ဤနေရာမှ ထွက်သွားသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်လေရာ သူ့တွင် မည်ကဲ့သို့များ ငါးနှစ်အရွယ် ကလေးတစ်ဦး ရှိလာရပါမည်နည်း။

အမျိုးသမီးနှင့် အမျိုးသားတစ်ဦး ကာမယှက်စပ်မပြုသရွေ့ကလေးတစ်ဦးမှာ အကြောင်းအရင်းမရှိ ပေါ်လာစရာအကြောင်းမရှိပေ။

ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ ရှန်ချင်းလော့၏ အမူအရာကို သတိထားမိသွားခဲ့သည်။ ရှန်ချင်းလော့ ပုံစံမှာ ပွဲကြီးပွဲကောင်းအား ကြည့်နေရသည့်အပေါ် အလွန်ကိုမှ နှစ်ထောင်းအားရဝမ်းသာ ဖြစ်နေသည့်အလား။ ရွှယ့်ယွယ်သည်ပင်လျှင် ရယ်ချင်စိတ်ကို မနည်း အောင့်အည်းထားနေရသည့်အလား သူမ၏ ပခုံးလေးများမှာ တဆတ်ဆတ် တုန်ယင်နေလေသည်။ စုယန်ကမူ ရန်ကိုင်အား မျက်နှာသေ အမူအရာဖြင့် ကြည့်နေခဲ့လေ၏။ ရှနင်းချန်မှာတော့ ကသိကအောက် ဖြစ်နေသည့်အလား။ ရန်ကိုင်မှာ အခြေအနေကို ချက်ချင်းဆိုသလို နားလည်သွားခဲ့ပြီး ပြုံး၍ ပြန်ပြောလိုက်လေသည်။ "သူက ဘယ်သူ့ကလေးလဲ"

ရှန်ချင်းလော့သည် ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ငါ့ကလေးလို့ပြောရင် နင်ယုံမှာလား"

ရန်ကိုင်က ခေါင်းခါ၍... "မယုံဘူး"

လက်ရှိအခြေအနေကို ကြည့်ရသလောက် သူသွားမေးနေ၍လည်း အပိုသာဖြစ်မည့်ပုံပင်။ ထိုအမျိုးသမီးများသည် သူ့အား ကျိန်းသေမပြောရန် ဆုံးဖြတ်ထားခဲ့သည်။ ဤကလေးမလေးသည်လည်း သူမတို့၏ အစီအစဉ် ဖြစ်မြောက်ရန်အတွက် တစ်နေရာရာမှ ခေါ်လာသည့် ကလေးတစ်ဦးသာ ဖြစ်ရပေလိမ့်မည်။

[စီနီယာမမလေးက ငါ့ကိုပြောချင်ပေမဲ့ ကျန်တဲ့သူတွေက ငါ့ကိုမပြောခိုင်းဘူး၊ ဒါ ရှန်ချင်းလော့ လက်ချက်ပဲ ဖြစ်ရလိမ့်မယ်၊ သူတစ်ယောက်ပဲ အခုလိုမျိုး လုပ်ရဲတာ]

"နင်တို့မပြောလို့ ငါမသိတော့ဘူးလို့များ ထင်နေတာလား" တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ရေရွတ်လိုက်လေ၏။ "ကြည့်ကြည့်ရအောင်၊ အိုင်းယား ငါသိသွားပြီ၊ နင်က ငါ့ညီမလေးမလား"

ရန်ကိုင်သည် အရိပ်ကြယ်၏ ကြယ်သခင်တစ်ဦး ဖြစ်ခဲ့ဖူးပေသည်။ ကြယ်စီရင်စုကို သန့်စင်စဥ်က ထိုဂုဏ်ပုဒ်ကို လက်လွှတ်ခဲ့ရပါသော်ငြား သူသိလိုသည့် အကြောင်းအရာများကို သိဖို့ရာ အလွယ်လေးပင်။ တစ်ခဏလေးအတွင်းမှာပင် ရန်ကိုင်သည် အထက်ကောင်းကင်ဂိုဏ်းထဲတွင် ဖြစ်ပျက်သွားသည့်အကြောင်းအရာများကို သိလိုက်ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤကလေးမလေးသည် သူ့ညီမလေးမှန်း သိသွားခဲ့ခြင်းဖြစ်လေသည်။

[ငါ့မှာ တကယ်ကြီး ညီမလေးတစ်‌ယောက် ရှိလာတာလား]

သူ ယခင်တစ်ကြိမ် ပြန်လာစဉ်က သူ့အမေ ဤအကြောင်းအား ပြောခဲ့လေသလားဟု ရန်ကိုင် ပြန်စဉ်းစားမိသွားခဲ့သည်။ သူ့အမေ ပြောခဲ့သည့်ပုံပင်။ ပြောခဲ့သည့်အတိုင်း တကယ်ကြီး ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် တကယ်ကိုတော့ မထင်ထားခဲ့ပေ။

[အဖေက အသက်ကြီးနေပေမဲ့ အားကောင်းမောင်းသန် ရှိနေတုန်းပါပဲလား] ရန်ကိုင် ကြိတ်၍ အထင်ကြီးသွားခဲ့လေသည်။

[ဒါကြောင့်မလို့ သူ့ကို မြင်ကတည်းက ငါနဲ့ရုပ်ဆင်ပါတယ်လို့ ထင်နေတာ၊ လက်စသတ်တော့ ငါတို့နှစ်ယောက်က မောင်နှမတွေ ဖြစ်နေတာကိုး]

ရန်ကိုင်သည် ကလေးမလေးကို အသာအယာ ပြန်ချလိုက်သည်။ သို့သော်ငြား ကလေးမလေးမှာ အစောပိုင်းကိစ္စနှင့် ပတ်သက်၍ မကျေနပ်သေးသည့်အလား ရန်ကိုင်၏ ခြေထောက်ကို ကောက်ကန်ပြီး ဒေါမာန်တကြီး အော်ပြောလိုက်လေသည်။ "ငါက နင့်ရဲ့အဒေါ်ကြီးပဲဟဲ့"

"လူကောင်ကသာသေးတာ၊ စိတ်က တကယ်ကို ကြီးပါလား"ရန်ကိုင် ရယ်မောလိုက်လေသည်။

ရန်ကိုင်မှာ မလှုပ်ရှားခဲ့ပါသော်ငြား ကောင်မလေး ကန်သည်မှာ ဘာကိုမျှ ထိမသွားခဲ့ပေ။ ဒေါသထွက်ထွက်ဖြင့် ကောင်မလေးမှာ ထပ်ကန်တော့မည်အပြု ရန်ကိုင်မှာ ကောင်မလေး၏ နဖူးကို လက်ညှိုးဖြင့် တောက်ချလိုက်သည်။

ဖတ်ကနဲ မြည်သံနှင့်အတူ ကောင်မလေး နောက်သို့ ဒယီးဒယိုင် ဆုတ်သွားရသည်။ လက်ညှိုးဖြင့် တောက်ခံလိုက်ရသည့် သူမ၏ နဖူးလေးကို လက်ဖြင့် အုပ်ရင်းမှ ရန်ကိုင်အား အလန့်တကြားဖြင့် ကြည့်လိုက်လေသည်။ ရန်ကိုင် သူမအား ယခုကဲ့သို့ လုပ်ရဲလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။

အထက်ကောင်းကင်ဂိုဏ်းထဲတွင် ရှိနေသော လူတိုင်းသည် သူမအပေါ် အလိုလိုက်ကြသည်။ သူမကိုလည်း မည်သူမျှ အနိုင်မကျင့်ရဲကြပေ။ အကြောင်းမှာ သူမသည် ရန်ယင်ဖုန်းနှင့် ဒေါင်စုကျုတို့၏ သမီးဖြစ်သလို ရန်ကိုင်၏ ညီမလေးလည်း ဖြစ်သည့်အတွက်ကြောင့်ပင်။ အရိပ်ကြယ်ပေါ်တွင် ရှိနေသော ထိပ်တန်းဂိုဏ်းများ၏ ဂိုဏ်းချုပ်များသည်ပင်လျှင် သူမအား ဒုတိယသခင်မလေးဟု ခေါ်ဝေါ်ကြရပေသည်။ ထိုအပြင် သူမ၏ ယောင်းမများမှာလည်း သူမအပေါ် အလွန်ကိုမှ အလိုလိုက်ကြပြန်လေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် ကလေးမလေးမှာ သူမ လိုချင်သမျှကို ရနေလေကာ လူတိုင်း၏ ဖူးဖူးမှုတ်ထားခြင်း ခံရတော့လေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ဤကောင်မလေးမှာ အထက်ကောင်းကင်ဂိုဏ်း၏ ဘုရင်မတစ်ပါးဖြစ်ကာ သူမအား ထုရိုက်ဖို့ရာ မဆိုထားနှင့် မည်သူမျှ သူမအား စကားကြမ်းကြမ်းတမ်းတမ်းပင် မပြောရဲကြပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ယခု ရန်ကိုင်၏ လက်ညှိုးဖြင့် အတောက်ခံလိုက်ရသည့်နောက် ကောင်မလေးမှာ အမှန်တကယ်ကို ကြောင်သွားခဲ့ခြင်း ဖြစ်လေသည်။

"ငါက နင့်အစ်ကိုဟဲ့" ရန်ကိုင်သည် ကောင်မလေးကို ပြုံးကြည့်၍... "နင် ဝါစဉ်တွေ ဘာတွေများ မှားနေတာလား"

ကောင်မလေး မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမှ နှုတ်ခမ်းကြီး မဲ့သွားခဲ့သည်။ ကြည့်ရသလောက် ငိုချတော့မည့်ပုံပင်။

"နင်ငိုလို့မရဘူးနော်" ရန်ကိုင်မှာ ကောင်မလေး၏ နဖူးကို နောက်တစ်ကြိမ် ထပ်တောက်တော့မည့်ပုံစံ လုပ်ပြလိုက်လေသည်။

ကလေးမလေး၏ နှုတ်ခမ်းသည် ငိုနေသည့် ပုံစံအဖြစ်သို့ လုံးဝကို ပြောင်းသွားတော့သည်။ သို့သော်ငြား မျက်ရည်များမှာ ကျမလာသေးသလို ငိုလည်းမငိုခဲ့ပေ။ အကူအညီတောင်းနေသည့်အလား သူမ၏ ယောင်းမများဘက်သို့သာ လှမ်း၍ ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် စုယန်မှာ မလှုပ်မယှက် ထိုင်နေလေ၏။ ရွှယ့်ယွယ်မှာလည်း မမြင်ချင်ယောင်ဆောင်နေခဲ့ကာ ရှန်ချင်းလော့မှာတော့ ပွဲကြီးပွဲကောင်း တစ်ခုကို ကြည့်ရတော့မည့်အလား စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ရှနင်းချန် တစ်ဦးတည်းသည်သာ ကသိကအောက် အမူအရာဖြင့် ရှိနေခြင်း ဖြစ်လေသည်။

ရန်မိသားစု၏ ဒုတိယသခင်မလေးသည် အလိုလိုက်ခံထားရသည့်အတွက်ကြောင့် ကဲချင်ကဲလိမ့်မည် ဖြစ်ပါသော်ငြား စရိုက်ဆိုးသည့် ကလေးတစ်ဦးတော့ မဟုတ်ပေ။ ရှနင်းချန်မှာ ထိုကလေးမလေးနှင့် အတန်ကြာအောင် အချိန်ဖြုန်းဖူးသည့်အတွက်ကြောင့် သူမ အကြောင်းကို ကောင်းကောင်းသိပေသည်။

တစ်ခါက ကလေးမလေး တောင်အနောက်ဘက်၌ ဆော့ကစားနေစဉ် မိုးများ သည်းထန်စွာ ရွာသွန်းလာခဲ့သည်။ သို့သော်ငြား ကလေးမလေးမှာ မပြန်ခဲ့ဘဲ သစ်ပင်တစ်ပင်အောက်တွင်‌ ဆောင့်ကြောင့်ထိုင်ကာ ဘာမှန်းမသိသော အရာများကို ထိုင်လုပ်နေခဲ့သည်။ ရှနင်းချန်မှာလည်း စိတ်ဝင်စားမိသွားသည့်အတွက်ကြောင့် သေသေချာချာ ကြည့်လိုက်ရာ ကလေးမလေးမှာ ပုရွက်ဆိတ်အုံ ရေမစိုရလေအောင် အပေါ်မှ ထိုပုရွက်ဆိတ်များအတွက် သစ်ရွက်များဖြင့် အကာအကွယ်တစ်ခု ဆောက်လုပ်ပေးနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုစဉ်က ထိုကလေးမလေးသည် အသက် သုံးနှစ်အရွယ်သာ ရှိပေသေးသည်။

ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ရှနင်းချန်မှာ ကလေးမလေးကို ပို၍ပင် အလိုလိုက်လာတော့သည်။

"ခွန်အားကွာခြားချက်ကို သေချာနားလည်ဖို့ လိုအပ်တယ်ဆိုတာ သိထား" ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။ ကလေးမလေး၏ ခေါင်းကို အသာအယာလေး ပွတ်ပေးလိုက်ရင်းမှ ထပ်ပြောလိုက်သည်။ "ဒါ နင့်အစ်ကို နင့်ကို ပထမဦးဆုံး သင်ပေးတဲ့အချက်ပဲ၊ လူဆိုတာ အရာရာနဲ့ လိုက်လျောညီထွေအောင် နေတတ်ရတယ်၊ ခေါင်းမာလွန်းနေရင်လည်း မကောင်းဘူး၊ ဆန့်ကျင်ဘက် လုပ်လွန်းနေရင်လည်း မကောင်းဘူး၊ သင့်တင့်သလို အထိုက်အလျောက် ပြုမူရတယ်၊ နားလည်လား"

ကလေးမလေး ခေါင်းညိတ်ပြလိုက်သည်။ သို့သော်ငြား ရန်ကိုင် ဘာကို ပြောချင်လို့ ပြောချင်နေမှန်းတော့ နားမလည်။

ရန်ကိုင်က ရယ်မော၍ ထပ်ပြောလိုက်သည်။ "အခုကြည့်၊ နင်ရှုံးတာကို ဝန်မခံသေးဘူး၊ ဒါဆို ဒီလိုလုပ်ကြရအောင်၊ ငါနင့်နာမည်ကို မှန်အောင် ခန့်မှန်းနိုင်မယ်ဆိုရင် နင်ငါ့ကို အစ်ကိုလို့ခေါ်ရမယ်၊ ဟုတ်ပြီလား"

ကောင်မလေးက ဒေါသတကြီး ပြန်ပြောလိုက်လေ၏။ "ရတယ်လေ"

သူမ စိတ်ထဲတွင်တော့ ကြိတ်၍ လှောင်ပြုံးပြုံးနေခဲ့လေသည်။

[အခုမှ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာကို ငါ့နာမည်ကို သိနိုင်မှာလား]

ရန်ကိုင်က ကလေးမလေး အရှေ့တည့်တည့်တွင် သူ့လက်ညှိုးကို ထောင်ပြလျက် ပြုံးကာ ပြန်ပြောလိုက်သည်။ "ရန်ရွှယ့်မလား"

"ရှင်၊ ရှင် ဘယ်လိုသိတာလဲ" ရန်ရွှယ့် မျက်လုံးပြူးသွားခဲ့လေသည်။ ရန်ကိုင်အား ကြည့်နေသည့် သူမ၏ မျက်လုံးထဲ လေးစားရိပ်တို့ပင် ထွက်ပေါ်လာခဲ့သည်။

"ငါမှန်လား မှားလားပဲပြော" ရန်ကိုင်က ပြန်ပြောလိုက်သည်။

ကောင်မလေးက စိတ်ဓာတ်ကျသွားသည့် ပုံစံဖြင့် အမှန်အတိုင်း ဝန်ခံလိုက်လေ၏။ "မှန်တယ်"

ရန်ကိုင်က ထပ်ပြောလိုက်လေသည်။ "ဒီတော့ နင်အခု ဘာလုပ်သင့်လဲ"

ကလေးမလေးသည် အခြားတစ်ဖက်သို့ လှည့်၍ နှုတ်ခမ်းလေးကိုဆူကာ မပြောချင်ပြောချင်ဖြင့် ပြောလိုက်လေသည်။ "အစ်ကို"

ရန်ကိုင်က ပြုံးလျက်... "ဒါ နင့်အစ်ကို နင့်ကို သင်ပေးတဲ့ ဒုတိယသင်ခန်းစာပဲ၊ လူတစ်ဦးက စကားပြောတဲ့နေရာမှာ အာသွက်လျှာသွက်ဖြစ်ရင် ဖြစ်ရလိမ့်မယ်၊ ဒါပေမဲ့ ကတိကိုတော့ ဘယ်တော့မှ ချိုးဖျက်လို့မရဘူး"

"ဟုတ်ကဲ့" ကောင်မလေးက ခေါင်းညိတ်ပြလိုက်သည်။

"ကဲ ဒီနေ့တော့ ဒီလောက်ပဲ၊ နောက်ရက်နည်းနည်းကြာရင် သူတို့ဆီကို လာလည်မယ်လို့ နင့်မိဘတွေကို သွားပြန်ပြောလိုက်" ပြောနေရင်းမှ ရန်ကိုင်သည် လျို့ယန်အား တစ်ချက် လှမ်းကြည့်လိုက်လေသည်။

လျို့ယန်လည်း ထိုင်နေရာမှ ထ၍ ရန်ရွှယ့်ဆီသို့ လမ်းလျှောက်သွားပြီး သူမ၏ လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ ရန်ရွှယ့်သည် လျို့ယန်၏ လက်ကို လှမ်းကိုင်လိုက်လေ၏။ ထို့နောက်တွင် လျို့ယန်သည် သူမ၏ စွမ်းအားကို လှည့်ပတ်လိုက်ရာ ချက်ချင်း တောင်ပေါ်မှ ပျံဆင်းသွားလေ၏။ ထိုအချိန်အတောအတွင်း ရန်ရွှယ့်သည် ရန်ကိုင်အား မကြာမကြာ လှမ်း၍ ကြည့်သွားခဲ့သည်။

"တကယ်ကို ညီအစ်မတွေအတိုင်းပဲ" လျို့ယန်နှင့် ရန်ရွှယ့်တို့ကို ကြည့်ရင်း ရန်ကိုင်က ပြုံးကာ ရေရွတ်လိုက်သည်။

ရန်ရွှယ့်သည် ငါးနှစ်သာ ရှိသေးပြီး လျို့ယန်မှာတော့ ခုနစ်နှစ် ရှစ်နှစ်ခန့်လောက်သာ ရှိပေသေးသည်။ ထိုအတွက်ကြောင့် သူမတို့နှစ်ဦး‌ ဘေးချင်းယှဥ်ရပ်နေသည့်အခါ ညီအစ်မနှစ်ဦးနှင့် တူသည်မှာ အဆန်းတော့ မဟုတ်ပေ။ ထို့နောက်တွင် ရန်ကိုင်သည် သူ့မိန်းမများ ဘက်သို့ ပြန်လှည့်၍ ပြုံးဖြီးကာ ပြောလိုက်လေ၏။ "ရွှယ့်ယွယ်က သူ့ကို မွေးထားတာလို့ ခုနတုန်းက ဘယ်သူပြောလိုက်တာလဲ"

"ငါအရင်သွားတော့မယ်" စုယန်က ထိုင်ရာမှ ထထွက်သွားရန် လုပ်လိုက်သည်။

"ဟာ အခုမှစဉ်းစားမိတယ်၊ ငါ့မှာလည်း လုပ်စရာရှိနေသေးတာပဲ" ရွှယ့်ယွယ်မှာလည်း ပျာယာခတ်လာခဲ့လေသည်။

ရှနင်းချန်က ရှက်သွေးဖြာလျက် အထစ်ထစ်အငေါ့ငေါ့ဖြင့်... "ငါ့ဆေးလုံးတွေ"

ရှန်ချင်းလော့ တစ်ဦးသည်သာ ရန်ကိုင်အား ထီမထင်သည့် အမူအရာမျိုးဖြင့် ပြန်ကြည့်နေခြင်းဖြစ်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၇)

ဘာသာပြန်သူ_တိမ်တိုက်

“အခုမှ ထွက်သွားချင်နေတာလား၊ နောက်ကျသွားပြီ” ရန်ကိုင်က အော်ရယ်မောလျက် လောကနိယာမများကို အသက်သွင်းကာ ပတ်ဝန်းကျင်တစ်ခုလုံးကို မမြင်နိုင်သည့် အကျဉ်းထောင်တစ်ခု အသွင်သို့ ပြောင်းလဲပစ်လိုက်ရာ အမျိုးသမီးလေးဦးစလုံး လှုပ်မရတော့ဘဲ တောင့်တောင့်ကြီး ဖြစ်သွားကုန်ကြလေသည်။

ရန်ကိုင်သည် ရှန်ချင်းလော့ဆီသို့ လျှောက်သွားလိုက်ပြီး သူမ၏ မေးစေ့လေးကိုကိုင်လျက် သူမနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည် “ခုနတုန်းက စကားကို ပြောလိုက်တာ နင်နော်”

“ဟန့်” ရှန်ချင်းလော့က အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်၏ “ပြောတော့ ဘာဖြစ်လဲ”

ရန်ကိုင်က ခေါင်းညိတ်လျက် “ကြည့်ရတာ နင်တကယ်ကို ကလေးလိုချင်နေတယ်နဲ့တူတယ်။ ဒီလိုဆိုမှတော့ နင့်ယောကျာ်းဖြစ်တဲ့ငါက နင့်ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

“နင်လုပ်နိုင်ရင်ပေါ့” ရှန်ချင်းလော့က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။

“အဲ့ဒါကိုတော့ နင်မကြာခင် သိရမှာပေါ့” ထိုသို့ပြောပြီးနောက်တွင် ရန်ကိုင်သည် ရွှယ့်ယွယ်ဆီသို့ လျှောက်သွားလိုက်ပြီး သူမ၏ပါးပြင်လေးကို သူ့လက်ဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့လက်ညိုးကို သူမ၏ လည်တိုင်တစ်လျှောက် ပွတ်ဆွဲလိုက်ရာ ရွှယ့်ယွယ်၏ မျက်နှာတစ်ပြင်လုံး နီတက်လာပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။

“နင်ပေးထားတဲ့ကတိကို မှတ်မိသေးလား”

ရွှယ့်ယွယ်သည် ရန်ကိုင်နှင့် မျက်နှာချင်းမဆိုင်ရဲဘဲ အခြားတစ်ဖက်ကို ကြည့်နေရင်းမှ ပြန်မေးလိုက်သည် “ဘာကတိလဲ”

ရန်ကိုင်က ရယ်မောလျက် “နင်ကိုယ်တိုင် ပြောခဲ့တာလေ၊ နင်းချန်ကိုသာ အပြည့်အဝ ပြန်ကောင်းသွားအောင် လုပ်ပေးမယ်ဆို နင်...”

“မပြောတော့နဲ့၊ နင်ပြောရဲလား” ရွှယ့်ယွယ် ထိတ်လန့်သွားခဲ့သည်။ ထိုစဉ်က ရှနင်းချန်ကို စိတ်ပူသည့်အတွက်ကြောင့် ပြောခဲ့ခြင်းသာ ဖြစ်ပြီး တကယ်တမ်း သေချာ ပြန်စဉ်းစားမိချိန် သူမ မည်မျှ ရူးမိုက်သည့်ကတိကို ပေးမိခဲ့ကြောင်း သိသွားခဲ့သည်။ ကံကောင်းစွာဖြင့် ရှနင်းချန် ပြန်ကောင်းလာပြီးသည့်နောက်တွင် ရန်ကိုင်မှာ တောက်လျှောက်ကို ‌ပျောက်နေခဲ့၏။ ယခု သူပြန်ပေါ်လာသည့်အချိန် သူ့ပါးစပ်မှ ပထမဦးဆုံး ထွက်လာသည့်စကားမှာ ထိုစကား ဖြစ်နေလိမ့်မည်ဟု ရွှယ့်ယွယ် မထင်ထားခဲ့ပေ။

“ဘာကတိလဲ” ရှနင်းချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ရန်ကိုင်က ပြန်ပြောလိုက်၏ “ဘာကတိလဲဆိုတော့ ငါသာ စီနီယာမမလေးကို လုံးဝ ပြန်ကောင်သွားအောင် လုပ်ပေးနိုင်မယ်ဆိုရင် ငါတို့အားလုံးကို အတူတူ ပျော်ခွင့်ပေးမယ်တဲ့...” ရန်ကိုင်သည် သူပြောပြနေသည်ကို ပို၍ သိသာသွားအောင် ခြေဟန်လက်ဟန်များပင် လုပ်ပြလိုက်လေသည်။

“ဘယ်လို” ရှနင်းချန်၏ မျက်နှာလေး ရဲပတောင်းခတ်သွားခဲ့သည်။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ထအော်လေ၏ “အဲ့... အဲ့လို လုပ်လို့မရဘူး”

ရှန်ချင်းလော့သည် ရွှယ့်ယွယ်အား အံ့အားသင့်တကြီးဖြင့် ကြည့်လျက် “အို၊ ညီမလေးရွှယ့်၊ နင်ဒီလောက် စိတ်ထားပွင့်လင်းမယ်လို့ ငါမထင်ထားဘူး။ ဒါပေမယ့် အဲ့အကြံက တကယ်မဆိုးဘူး” ရှန်ချင်းလော့ကို ကြည့်ရသည်မှာ ထိုကဲ့သို့ အမှန်တကယ် လုပ်ချင်နေသည့်ပုံပင်။

“နင်လည်း မဆိုးဘူးလို့ ထင်တယ်မလား” ရန်ကိုင်က ရှန်ချင်းလော့အား လှမ်းကြည့်လိုက်သည်။

“ဒါပေါ့” ရှန်ချင်းလော့ အရည်ရွှန်းလဲ့နေသည့် မျက်ဝန်းများဖြင့် ပြန်၍ ပြောလိုက်၏။

ဖျောက်...

ရန်ကိုင်မှ လက်ဖျောက်တီးလိုက်ရာ ရှန်ချင်းလော့ ချက်ချင်း ပြန်လှုပ်ရှားနိုင်သွား၏။ ထို့နောက်တွင် ရှန်ချင်းလော့သည် ထိုင်ရာမှထ၍ ရွှယ်ဆီသို့ လျှောက်သွားလိုက်ပြီး သူမရှေ့သို့ ရောက်သော် ဆောင့်ကြောင့်ထိုင်၍ ရွှယ့်ယွယ် နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည် “မဆိုးဘူးလို့ ငါလည်းထင်တယ်ပေမယ့် အခုလိုမျိုး ငါတောင်မသိဘဲ ရောင်းစားခံရတာမျိုးကိုတော့ ငါလည်း မကြိုက်ဘူး။ ညီမလေးရွှယ့်၊ ငါနင့်ကို အပြစ်ပေးသင့်တယ်လို့ ထင်လဲ”

ရှန်ချင်းလော့ သူမနားထဲ လေပူလေးများ မှုတ်ထုတ်လိုက်သော် ရွှယ့်ယွယ် နားထဲ ယားကျိကျိ ဖြစ်သွားလေ၏။ ရွှယ့်ယွယ်သည် ချက်ချင်းပဲ မျက်လုံးပိတ်ကာ ပြန်ငြင်းလိုက်၏ “ချင်းလော့၊ နင်အခုလိုမျိုး လုပ်လို့မရဘူးနော်”

ရှန်ချင်းလော့က ရယ်သွမ်းသွေးလျက် “နင်ပဲ ကတိပေးခဲ့တာလေ။ ငါက ဘာလို့ လက်မခံနိုင်ရမှာလဲ”

“ငါလက်မခံဘူး” စုယန်၏ အေးစက်စက် လေသံ ထွက်ပေါ်လာခဲ့လေသည်။

ရှန်ချင်းလော့က ခါးကိုမတ်၍ ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည် “ယောကျာ်း၊ အစ်မကြီးက သဘောမတူဘူးတဲ့”

ရန်ကိုင်က ရယ်မောလျက် “သူသဘောမတူလည်း မရဘူး။ လော့အာ၊ ရွှယ့်ယွယ်ကို ခေါ်လာခဲ့” ပြောပြီးသည့်နောက် ရှနင်းချင်းနှင့် စုယန်တို့ကို လက်တစ်ဖက်စီဖြင့် သိုင်းဖက်၍ အိပ်ခန်းထဲသို့ လျှောက်သွားလေ၏။

ရှန်ချင်းလော့သည် ရွှယ့်ယွယ်၏ ပခုံလေးကို သိုင်းဖက်၍ ရန်ကိုင်နောက်သို့ လိုက်သွားခဲ့သည်။

မကြာမီ အမျိုးသမီးသုံဦးစလုံး ကုတင်ထက် ပက်လက်လှန် လဲနေကြလေသည်။ ရန်ကိုင်နှင့် ရှန်ချင်းလော့မှာမူ ဘေးချင်းယှဉ်ရပ်၍ ထိုမြင်ကွင်းကို ပြုံးဖြီးဖြီးဖြင့် ရပ်ကြည့်နေကြသည်။

ရှန်ချင်းသည် မျက်လုံးကို တင်းတင်း ပိတ်ထားခဲ့သည်။ သူမ၏ နှုတ်ခမ်းလေးများမှာလည်း တဆတ်ဆတ်ကို တုန်ရီနေ၏။ ရွှယ့်ယွယ်မှာကို ခေါင်းကို တစ်ဖက်သို့စောင်းရင်း သူမ၏ နှုတ်ခမ်းလေးများကို ကိုက်ထားခဲ့သည်။ စုယန် တစ်ယောက်သည်သာ ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ “ငါ့ကို အခုချက်ချင်း လွှတ်ပေးနော်။ မဟုတ်ရင် နင့်အပျော်ကို ဖျက်စီးလို့ဆိုပြီး ငါ့ကို လာအပြစ်မတင်နဲ့”

“လော့အာ၊ နင်သူ့ကို တာဝန်ယူလိုက်” ရန်ကိုင်က စုယန်ကို ညွှန်ပြလိုက်သည်။

“စိတ်ချထားလိုက်” ရှန်ချင်းလော့သည် တခစ်ခစ် ရယ်မောရင်း စုယန်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက်တွင် သူမ၏ မျက်ဝန်းလေးများသည် ရစ်မူဖွယ်ရာကောင်းလှသော နွေဦးစမ်းရေးပမာ ကြည်လင်လာတော့၏။ ရှန်ချင်းလော့သည် ညို့ဓါတ်အရာတွင် ကျွမ်းကျင်သော ကောင်းကင်လနတ်ဆိုးပင့်ကူ၏ သွေးမျိုးကို ပိုင်ဆိုင်ထားသည်။ စုယန်သည်သာ သူမ၏ ခွန်အားကို ထုတ်သုံးနိုင်မည် ဆိုလျှင်တော့ ရှန်ချင်းလော့၏ ညို့ဓါတ်အောက်မှ အသာလေး ရုန်းထွက်နိုင်ပေသည်။ သို့သော် ယခုကဲ့သို့ ရန်ကိုင်၏ ဖိနှိပ်ထားခြင်း ခံရချိန် သူမ၏ လက်ညိုး တစ်ချောင်းကို‌ မြှောက်ဖို့ရာပင် အနိုင်နိုင် ဖြစ်နေခဲ့လေရာ ရှန်ချင်းလော့၏ ညို့ဓါတ်ပညာရပ်ကို မည်သို့များ ခုခံနိုင်ပါတော့မည်နည်း။

ရှန်ချင်းလော့နှင့် အကြည့်ချင်း ဆုံသွားသည့်အခိုက် သူမကိုယ်သူမ ဝဲကတော့ကြီး တစ်ခုထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရလေသည်။ အေးစက်လှသော စုယန်၏ ခန္ဓာကိုယ်မှာ စတင်၍ ပူတက်လာခဲ့သည်။ ရစ်မူဖွယ်ရာ ခံစားချက် တစ်ခုသည်လည်း သူမ၏ရင်ထဲ လှိုက်တက်လာခဲ့လေသည်။ တစ်ခဏအကြာ၌ ရေခဲတုံးလေး အရည်ပျော်သွားတော့လေ၏။

မကြာမီ သူတော်စင်တစ်ပါးပင် ဈာန်လျှောရလောက်သော အသံသဲ့သဲ့လေးများ အစီအရင် ထွက်ပေါ်လာတော့လေသည်။

…

ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် စုယန်နှင့် အခြားသူများကို ခေါ်၍ သူ့မိဘများဆီ သွားလည်လေသည်။ နှစ်အတော်ကြာအောင် ပျောက်နေသည့် အတွက်ကြောင့် ရန်ကိုင်မှာ ဒေါင်စုကျု၏ ဆူပူပြစ်တင်ခြင်း ခံခဲ့ရလေသည်။ သို့ပင်ဖြစ်လင့်ကစား အဖော်ပြုပေးမယ့် ရွှယ့်အာလေး ရှိနေသည့် အတွက်ကြောင့် ဒေါင်စုကျုမှာ ယခင်ကလောက် ပျင်းမနေရတော့ချေ။

ယခင်တစ်ကြိမ် အဖြစ်အပျက်ကတည်းက ရန်ရွှယ့်မှာ သူမအစ်ကိုကို ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်း၍ ကြည့်နေခဲ့လေသည်။ မိဘများနှင့် တွေ့ပြီးနောက်တွင် ရန်ကိုင်သည် သူညီမလေးကိုခေါ်၍ ကြယ်တာရာကောင်းကင်အား လျှောက်ပတ်ပြလေသည်။ ထို့အတွက်ကြောင့် ရွှယ့်အာလေး ရင်ထဲရှိ ရန်ကိုင်၏ နေရာမှာ ယခင်ကထက်ကို ပိုမို မြင့်မားလာရတော့သည်။

ရန်ကိုင်မှ သူ့မိဘများနှင့် အချိန်ဖြုန်း ပျော်ပါးနေစဉ်အတောအတွင်း၊ ရန်ကိုင်၏ အမိန့်အတိုင်း ထက်ကောင်းကင်ဂိုဏ်း တစ်ခုလုံးကို ရွှေ့ပြောင်းမည့် အစီအစဉ်ကိုလည်း စတင် အကောင်အထည် ဖော်နေခဲ့လေသည်။ အရိပ်ကြယ်ပေါ်၌ ရှိနေကြသော ဂိုဏ်းများမှာလည်း သတင်းကြာပြီးနောက် လာရောက် စုံစမ်းမေးမြန်းကြလေသည်။ ရီရှီယွင် ပြောပြသည်ကို ကြားပြီးနောက် ထိုလူအားလုံး ဝမ်းသာအားရ ဖြစ်သွာကြပြီး သူတို့လည်း လိုက်ပါလိုကြောင်း ပြောလာခဲ့လေသည်။

ရန်ကိုင်၏ ညွှန်ကြားချက်အတိုင်း ရီရှီယွင်မှာ ထိုလူများ၏ တောင်းဆိုချက်များကို ချက်ချင်း လက်မခံခဲ့ဘဲ ထိုလူအားလုံးကို သက်ဆိုင်ရာ ဂိုဏ်းအသီးသီးဆီသို့ ပြန်သွားစေပြီး အတော်ဆုံး တပည့်များကို စု၍ ထက်ကောင်းကင်ဂိုဏ်းဆီသို့ ပို့ပေးထားရန်သာ ပြောလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၈)

ဘာသာပြန်သူ_တိမ်တိုက်

ရေခဲဝိဉာဉ်ကြယ်ဆိုသည့်အတိုင်း ရန်ကိုင်နှင့် စုယန်တို့ ထိုနေရာသို့ ရောက်လာကြသည့်အခါတွင် ကြယ်တစ်ခုလုံးကို ရေခဲနှင့် နှင်းအလွှာကြီးမှ လွှမ်းခြုံထားကြောင်း တွေ့ရှိလိုက်ရလေသည်။ သစ်ပင်ပန်းမန်များ၊ မြေသားထုများသည်ပင်လျှင် ရေခဲသားဖြင့် ဖွဲ့စည်းထားသည့်အလား သလင်းကျောက်ပမာ ကြည်လင်ကာ တောက်ပြောင်နေခဲ့သည်။ အပြင်လောကကြီးတွင် မတွေ့နိုင်သော အလွန်တရာကိုမှ ရှားပါးလွန်းလှသည့် ရေခဲဓာတ်အမျိုးအစားဆေးပင်များကို ဤကြယ်ပေါ်ရှိ နေရာအနှံ့တွင် မြင်တွေ့နိုင်လေ၏။

သို့သော်ငြား ထိုဆေးပင်များသည် တာအိုသခင်အဆင့်နှင့် ဧကရာဇ်အဆင့်သို့ ရောက်နှင့်နေပြီးဖြစ်သော စုယန်နှင့် ရန်ကိုင်တို့အတွက် အသုံးမဝင်တော့ပေ။

မြေနေရာတစ်ခုလုံး ရေခဲတို့ဖြင့် လွှမ်းခြုံထားရုံသာလျှင်မဟုတ် ပတ်ဝန်းကျင်မှာလည်း အလွန်တရာကိုမှ အေးစက်လှသည်။ သို့သော်ငြား ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ မြင့်မားသလို အားကောင်းလှသည့် ရုပ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ထိုမျှလောက်သောအအေးဓာတ်ကိုတော့ မမှုပေ။ စုယန်ကိုယ်တိုင်မှာလည်း ရေခဲဓာတ်ကို ကျင့်ကြံထားသူတစ်ဦး ဖြစ်သည့်အလျောက် ဤကဲ့သို့သော အေးစက်စက်ပတ်ဝန်းကျင်တွင် နေရသည်မှာ သူမအတွက် အလွန်ကိုမှ သက်သောင့်သက်သာ ဖြစ်လှပေသည်။

ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားကို ခေါ်ထုတ်၍ ရှေ့ဆုံးမှဦးဆောင်သွားစေလိုက်ပြီးသည့်နောက်တွင် သူနှင့် စုယန်သည် ကျောက်တုံးကိုယ်ပွားနောက်မှ လိုက်သွားကြလေသည်။

ကျောက်တုံးဝိဉာဉ်ကလန်သားများသည် မြေလျှိုးရာတွင် အလွန်ကိုမှ ကျွမ်းကျင်ကြသည့်လူများ ဖြစ်ကြသည့်အလျောက် မြေကြီးထဲ၌ လွယ်ကူစွာ ကူးကလန်ခတ် သွားလာနိုင်ကြပေသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့ရှေ့ဘက်ရှိ အမှောင်ထုမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး အလင်းရောင်တို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် မြေအောက်လိုဏ်ခေါင်းတစ်ခုဆီသို့ ရန်ကိုင်နှင့်စုယန်တို့ ရောက်ရှိလာကြသည်။ ပတ်ဝန်းကျင်မှာလည်း ယခင်ကထက်ပို၍ အေးစက်လို့ နေခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်ကမူ ထိုအအေးဓာတ်ကြောင့် ဘာမှမဖြစ်ပါသော်ငြား သာမန်တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာဆိုလျှင်တော့ ရေခဲဓာတ်ကျင့်စဉ်ကို ကျင့်ကြံထားခြင်းမရှိသရွေ့ ဤနေရာတွင် အချိန်အကြာကြီး နေနိုင်လိမ့်မည်မဟုတ်ပေ။

လိုဏ်ဂူထဲတွင် အလွန်တရာကိုမှ အေးစက်လှသည့် အရှိန်အဝါကို ထုတ်လွှတ်နေသော ရေခဲမီးတောက်များ ရှိနေခဲ့သည်။ ထိုအရာများသည် သာမန်မီးတောက်များမဟုတ်ဘဲ သွားထိလိုက်သည်နှင့်တစ်ပြိုင်နက် အေးခဲသွားအောင် လုပ်ပစ်နိုင်သော ရေခဲမီးတောက်များ ဖြစ်ကြပေသည်။ လက်ရှိအချိန်တွင် ထိုမီးတောက်များသည် အသက်ရှိနေသည့်အလား တွန့်လိမ့်ရှုံ့တွနေခဲ့လေသည်။

“ဒါက ကြယ်အမြုတေလား…” စုယန်သည် ရန်ကိုင်ဘက်သို့လှည့် မေးလိုက်၏။

ရန်ကိုင်သည် ရေခဲမီးတောက်ကို တစ်ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ပြုံးဖြီး၍ ပြန်ပြောလိုက်လေသည်။ “မဟုတ်ဘူး… အတုကြီး…”

“အတု…” စုယန် အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်… အတု…” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။ ရန်ကိုင်ကိုယ်တိုင်သည် ကြယ်အမြုတေပေါင်းများစွာကို သန့်စင်ခဲ့သူတစ်ဦး ဖြစ်သလို ဤကြယ်စီရင်စုကြီး၏ ကြယ်စီရင်စုသခင်လည်း ဖြစ်သည့်အလျောက် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ရှေ့တွင်ရှိနေသော ရေခဲမီးတောက်မှာ အတုအယောင်မှန်း ပြောနိုင်သည်မှာ အဆန်းတော့မဟုတ်ပေ။ ထိုအရာကြီးသည် အလွန်တရာကိုမှ အေးစက်လှသည့် မီးတောက်များ စုဝေးရာမှ ဖြစ်ပေါ်လာသည့် ရေခဲမီးတောက်ဖြစ်ပြီး ဤကြယ်၏ ကြယ်အမြုတေတော့ မဟုတ်ပေ။

“ဖျောက်…”

ရန်ကိုင်မှ လက်ဖျောက်တီးလိုက်သည့်အခိုက် မြေအောက်လိုဏ်ဂူတစ်ခုလုံး လင်းထိန်သွားခဲ့သည်။ ထိုအခါ မြေအောက်လိုဏ်ဂူ၏ နေရာအသီးသီးတွင် တင်ပလင်ခွေထိုင်ကာ အေးခဲနေကြသော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကုန်ကြလေ၏။

ယခင်က စုယန်၏ အာရုံသည် ရေခဲမီးတောက်ပေါ်တွင်သာ ရောက်ရှိနေခဲ့သလို လိုဏ်ဂူတစ်ခုလုံးမှာလည်း အတော်လေးကိုမှ မှောင်နေသည့်အတွက်ကြောင့် ထိုရေခဲရုပ်တုများကို သတိပြုမိခဲ့ခြင်း မရှိပေ။

“အဲ့ဒါတွေက…” စုယန် မျက်မှောင်ကျုံ့သွားခဲ့သည်။

“ရေခဲဝိဉာဉ်ကြယ်ရဲ့ အမြုတေကို သန့်စင်ဖို့ ရောက်လာတဲ့လူတွေ ဖြစ်မှာပေါ့…”

စုယန်မှာ သေသေချာချာကို လိုက်ကြည့်လိုက်ရာ ရေခဲရုပ်များမှာ ရာနှင့်ချီနေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်ပြောသည့်အတိုင်းသာ ဖြစ်မည်ဆိုလျှင် ထိုလူအားလုံးသည် ရေခဲဝိဉာဉ်ကြယ်၏ အမြုတေကို သန့်စင်ရန် လာရောက်ခဲ့ကြသူများ ဖြစ်ကြရပေလိမ့်မည်။ ထိုသို့ဆိုပါက ထိုလူများသည် မည်မျှပင် အားကောင်းလိမ့်မည်နည်း။ ဤနေရာသို့ ရောက်လာဖို့ရာအတွက်မူ ထိုလူများသည် အနည်းဆုံး တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားရပေလိမ့်မည်။

သေသွားသည့်တိုင် ထိုလူများ၏အမူအယာမှာ အလွန်ကိုမှ ငြိမ်သက်အေးချမ်းနေခဲ့လေသည်။ မသိလျှင် သေခြင်းတရား သူတို့နောက်သို့ ရောက်နေသည်ကို လုံးဝသတိမမူမိသည့်အလား။

ကျင့်ကြံရေးကြယ်တစ်လုံး၏အမြုတေ ဤမျှ အန္တရာယ်များကြောင်း စုယန်မသိခဲ့ပေ။ ရေခဲဝိဉာဉ်ကြယ်သည် တမူထူးခြားသည့် ကြယ်တစ်လုံး ဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ကြယ်စီရင်စုထဲ ရေခဲဝိဉာဉ်ကြယ်လောက် အန္တရာယ်များသည့်ကြယ်တော့ မရှိလောက်တော့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူများမှာ သိပင်မသိလိုက်ဘဲ သေဆုံးခဲ့ကြရခြင်း ဖြစ်လေသည်။

ထိုလူများ ဝတ်ဆင်ထားသည့် အဝတ်အစားများကို မြင်ပြီးသည့်နောက် ထိုလူများသည် ယခုခေတ်မှမဟုတ်ဘဲ ခေတ်အသီးသီးမှ လာကြသည့် ကျင့်ကြံသူများ ဖြစ်ကြသည်မှန်း စုယန် သဘောပေါက်သွားခဲ့သည်။ ထိုလူများ၏အဖြစ်ကို ကြည့်ရင်းမှ စုယန် ကျောရိုးတစ်လျှောက် စိမ့်တက်မိသွားရသည်။ သူမသည်သာ မစဉ်းစားမဆင်ခြင်ဘဲ ရေခဲမီးတောက်ကို သန့်စင်ရန် ကြိုးစားခဲ့မည်ဆိုပါက အကျိုးဆက်မှာ အတော်လေးကိုမှ ဆိုးရွားပေလိမ့်မည်။

“အမြုတေက ဒီမှာမဟုတ်ဘူး…” ရန်ကိုင် ခေါင်းခါလိုက်သည်။

“အဲ့ဒါဆိုဘယ်မှာလဲ…” စုယန်က ပြန်မေးလိုက်သည်။

ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “အဲ့မှာပဲ…”

လက်ရှိအခိုက်အတန့်တွင် တစ်စုံတစ်ဦးမှ သူ့အား စောင့်ကြည့်နေသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ စောင့်ကြည့်နေသည်ကို မမြင်နိုင်ပါသော်ငြား ထိုအရာကြီးသည် ရန်ကိုင်၏ အာရုံခံစက်ကွင်းအောက်မှ မည်သို့များ လွတ်မြောက်နိုင်ပါမည်နည်း။ သူ့အား စောင့်ကြည့်နေသည့် ခံစားချက် လာနေသည့်နေရာအား လိုက်လံစစ်ဆေးကြည့်လိုက်သော် ရန်ကိုင်သည် သူ့အား စောင့်ကြည့်နေသည့် အရာ၏ဇစ်မြစ်ကို ချက်ချင်း ရှာတွေ့သွားတော့လေသည်။

သာမန်အခြေအနေမျိုးတွင်သာဆိုလျှင်တော့ ကြယ်အမြုတေတစ်ခုသည် သက်ရှိတစ်ကောင် ဖြစ်ပါသော်ငြား သက်ရှိတစ်ကောင်လည်း မဟုတ်သေးပေ။ လောကစိတ်ဆန္ဒ အသွင်ပေါ်လာခြင်းမျိုး ဖြစ်သည့်တိုင် ကြယ်အမြုတေတစ်ခုသည် ကိုယ့်ဘာသာကိုယ် မတွေးတောနိုင်သလို ကိုယ့်ဘာသာကိုယ်လည်း မလှုပ်ရှားနိုင်ကြပေ။ သို့သော်ငြား ရေခဲဝိဉာဉ်ကြယ်၏ အမြုတေမှာတော့ ထိုသို့မဟုတ်သည့်ပုံပင်။

(စိတ်ဝင်စားစရာပဲ…) ရန်ကိုင်သည် ရုတ်တရက် ထုန်းရွှမ်လောကကြီး၏ ကြယ်အမြုတေအကြောင်းကို ပြန်စဉ်းစားမိသွားခဲ့သည်။ ထုန်းရွှမ်လောကကြီးသည် ပျက်စီးရမည့်အခြေအနေနှင့် ကြုံခဲ့ရလေသည်။ ထိုအကြောင်း‌‌ကြောင့် ထုန်းရွှမ်လောကကြီး၏ ကြယ်အမြုတေသည် သေရမည်ကို အေးအေးဆေးဆေး ထိုင်စောင့်မနေခဲ့ပဲ ထုန်းရွှမ်လောကကြီးပေါ်တွင် လှည့်ပတ်သွားလာခဲ့သည်။ မတော်တဆပဲလား တမင်တကာပဲ ဖြစ်သွားလေသလား မသိရ ထုန်းရွှမ်လောကကြီး၏ ကြယ်အမြုတေသည် ရှနင်းချန်နှင့် တွေ့သွားပြီး ရှနင်းချန်၏ သန့်စင်ခြင်း ခံခဲ့ရလေ၏။

ရေခဲဝိဉာဉ်ကြယ်၏ ကြယ်အမြုတေမှာလည်း ထုန်းရွှမ်လောကကြီး၏ ကြယ်အမြုတေနှင့် ဆင်ပေသည်။

ထုန်းရွှမ်လောကကြီးမှာ ပျက်စီးခါနီး ဖြစ်သည့်အတွက်ကြောင့် ကြယ်အမြုတေမှာ ၎င်း၏အဖြစ်ကိုသိကာ ငြိမ်မနေခဲ့ဘဲ အသက်ရှင်သန်ဖို့ရာ အခွင့်အလမ်းများကို လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်ငြား ရေခဲဝိဉာဉ်ကြယ်မှာတော့ ထိုသို့မဟုတ်သည့်ပုံပင်။

(ကြယ်အမြုတေတစ်ခုက တကယ်ပဲ အသိဉာဏ်ရှိလာနိုင်တာလား…) ရန်ကိုင်မှာ ထိုကိစ္စနှင့်ပတ်သက်၍ အတော်လေးကိုမှ သိချင်စိတ် ပြင်းပြနေမိခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားဖန်တီးပေးထားသည့် လမ်းကြောင်းအတိုင်း စုယန်ကိုခေါ်ကာ ကြယ်ပေါ်သို့ ပျံတက်လာခဲ့လေသည်။

မြေအောက်ထဲနှင့် မတူညီသည်မှာ ကြယ်ပေါ်ရှိ ရာသီဥတုမှာ အလွန်ကိုမှ ဆိုးရွားနေခဲ့သည်။ နှင်းမုန်တိုင်းများ တိုက်ခတ်နေခဲ့ပြီး အေးစက်လှသည့် လေအေးများနှင့် ရေခဲစတို့သည် ဓါးသွားအလား ပတ်ဝန်းကျင်တစ်ခွင့် ပြန့်နှံ့နေခဲ့သည်။ ကောင်းကင်ထက်တွင်လည်း တိမ်စိုင်တိမ်တိုက်များ စုဝေးနေခဲ့ပြီး လျှပ်စီးများလက်နေကာ အဆက်မပြတ်ကို မိုးခြိမ်းနေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်လိုက်သော် ရန်ကိုင် ပြုံးဖြီးသွားခဲ့ပြီး သူ့လက်ကိုဝှေ့ယမ်း၍ အော်ပြောလိုက်လေ၏။ “ပျက်ပြယ်လိုက်စမ်း…”

ချက်ချင်းဆိုသလို ကောင်းကင်ယံထက်ရှိ တိမ်စိုင်တိမ်တိုက်များ ပျောက်ကွယ်သွားခဲ့ပြီး မိုးခြိမ်းသံတို့မှာလည်း တိတ်ကျသွားခဲ့သည်။ ထို့နည်းတူစွာပင် နှင်းမုန်တိုင်းသည်လည်း အလားတူ ရပ်တန့်သွားခဲ့လေသည်။ မကြာမီ တိမ်စိုင်တိမ်တိုက်များ ကင်းစင်နေသော ကောင်းကင်ယံကြီး ပြန်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် ရေခဲဝိဉာဉ်ကြယ်၏ ကြယ်သခင် ဖြစ်လိမ့်မည်မဟုတ်ပါသော်ငြား ကြယ်စီရင်စုသခင် ဖြစ်ပေသည်။ ကြယ်စီရင်စုသခင်သည် ကျင့်ကြံရေးကြယ်တစ်လုံး၏ ကြယ်သခင်ထက် ပို၍အဆပေါင်းများစွာ အဆင့်မြင့်မားလေရာ ရန်ကိုင်မှာ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရေခဲဝိဉာဉ်ကြယ်ပေါ်ရှိ ရာသီဥတုကို ထိန်းချုပ်နိုင်သည်မှာတော့ အဆန်းတော့မဟုတ်ပေ။

ပုန်းအောင်းနေသောကြယ်အမြုတေသည်လည်း ရန်ကိုင်သည် ရင်ဆိုင်ရလွယ်ကူသည့် လူစားမျိုးမဟုတ်မှန်း သိလိုက်သော် အကြမ်းနည်းဖြင့် ရန်ကိုင်အား ရင်ဆိုင်ခြင်းမပြုတော့ပေ။ ထို့အစား ဘယ်ဆီဘယ်ဝါမှန်းမသိ သွယ်တန်းနေသော ရေခဲတံတားကြီးတစ်ခုသည် ရန်ကိုင်နှင့်စုယန်တို့ရှေ့မှ အခြေပြု၍ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်က သည်းလှိုက်အူလှိုက် အော်ရယ်မောလျက် ပြောလိုက်လေ၏။ “ကြည့်ရတာ ဒီကောင်က တော်တော်လေးဖော်ရွေတဲ့ပုံပဲ… သွားကြရအောင်…”

ရန်ကိုင်၏ မြင့်မားလှသော ခွန်အားကြောင့်သာ မဟုတ်ပါက ရန်ကိုင်အား မည်သည့်နည်းနှင့်မျှ ယခုကဲ့သို့ ကြိုဆိုလိမ့်မည်မဟုတ်ပေ။ ရန်ကိုင်သည် စုယန်၏လက်ကိုကိုင်၍ ရေခဲတံတားပေါ်သို့ တက်လိုက်လေသည်။

နှင်းဖုံးနေသည့် တောင်တစ်လုံးဆီမှ အေးစက်စက်အသံတစ်သံ ထွက်လာခဲ့သည်။ “ဧည့်သည်တွေရောက်နေတယ်… သွားကြိုလိုက်…”

နှင်းဖုံးတောင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ရေခဲလိုဏ်ဂူများထဲ ပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာကြသည်။ ထိုလူများသည် သာမန်လူသားများနှင့် မတူကြ။ သေသေချာချာကြည့်လိုက်မည်ဆိုလျှင်ပင် လူသားများမဟုတ်မှန်း သိနိုင်ပေလိမ့်မည်။ ထိုလူတစ်ဦးတစ်ယောက်ချင်းစီသည် ရေခဲသားမှ ထွင်းထုထားသည့်အလား ချောမွတ်တောက်ပြောင်သည့် အသားအရေကို ပိုင်ဆိုင်ထားကြပေသည်။ အမျိုးသားများမှာ ရုပ်ရည်ချောမောကြပြီး အမျိုးသမီးများမှာ အလွန်ကိုမှ လှပကြသည်။ အကုန်လုံးသည် နှင်းဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး နားများမှာလည်း ချွန်ထွက်နေကြလေသည်။ ထိုလူများသည် အခြားမဟုတ် အပြင်လောကကြီး၏ မြင်ကွင်းမှ ပျောက်ကွယ်နေသော ရေခဲဝိဉာဉ်ကလန်သာ ဖြစ်လေသည်။

ဤတောင်ပေါ်တွင် နေထိုင်နေကြသော ရေခဲဝိဉာဉ်ပေါင်း သောင်းနှင့်ချီကာ ရှိကြပေသည်။ အခြားသူများသာ ဤအကြောင်းကို ကြားသိလိုက်ရမည်ဆိုပါက ဤကြယ်တစ်ခုလုံးကို စစ်မက်ဆင်နွှဲလာနိုင်ပေသည်။ ရေခဲဝိဉာဉ်တစ်ကောင်သည်ပင်လျှင် အလွန်ကိုမှ မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချရနိုင်ပေသည်။ သောင်းနှင့်ချီသော ရေခဲဝိဉာဉ်များသာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ချေ။

ရေခဲဝိဉာဉ်ကလန်သားများမှာလည်း ထိတ်လန့်နေကြသည့်ပုံပင်။ အကုန်လုံးမှာ သူတို့ ယခုကြားလိုက်ရသည့်စကားအပေါ် မယုံကြည်နိုင် ဖြစ်နေသည့်အလား ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။ အစောပိုင်းက ထွက်ပေါ်လာသော အေးစက်စက်အသံပိုင်ရှင်သည် အခြားမဟုတ် ရေခဲဝိဉာဉ်ကလန်၏ အထွဋ်အထိပ်တည်ရှိမှုတစ်ခု ဖြစ်ပေသည်။ ထိုအသံပိုင်ရှင်သည် ရေခဲဝိဉာဉ်ကလန်ကို မွေးဖွားပေးခဲ့သူ ရေခဲနတ်ဘုရားသာ ဖြစ်လေသည်။

ပုံမှန်အားဖြင့် ရေခဲဝိဉာဉ်ကြယ်ဆီသို့ မည်သည့်ဧည့်သည်မှ ရောက်ရှိလာခြင်း မရှိကြပေ။ ထိုအကြောင်းကြောင့် ဧည့်သည်တစ်ယောက် ရောက်နေပြီဖြစ်သည်ဟု ရေခဲနတ်ဘုရားမှ ပြောလာသည့်အခါတွင် ရေခဲဝိဉာဉ်ကလန်သားများ အံ့အားသင့်သွားကြသည်မှာ အဆန်းတော့မဟုတ်ပေ။

သူတို့စိတ်ထဲ ထိတ်လန့်တုန်လှုပ်နေလင့်ကစား ရေခဲနတ်ဘုရား၏ အမိန့် ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ မလွန်ဆန်ရဲခဲ့ပဲ ဧည့်သည်ကို ကြိုဆိုဖို့ရာအတွက် စတင်ပြင်ဆင်ကြတော့လေသည်။

မကြာမီ အဝေးတစ်နေရာအရပ်ဆီမှ ရေခဲတံတားတစ်စင်း ထွက်ပေါ်လာခဲ့ပြီး နှင်းဖုံးတောင်ဆီသို့ လာဆက်လေ၏။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ရေခဲတံတားအတိုင်း လျှောက်လာပြီးသည့်နောက် မကြာမီမှာပင် ရေခဲတံတား၏ အဆုံးဆီသို့ ရောက်ရှိလာတော့လေသည်။

မြေပြင်ပေါ်သို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်သည်။ ဤသည်မှာ ရန်ကိုင်အဖို့ ရေခဲဝိဉာဉ်များကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက်တွင် ရေခဲဝိဉာဉ်များသည် ရေခဲသားမှ ပြုလုပ်ထားသော သလင်းကျောက်များနှင့် ထူး၍ကွာမနေကြောင်း တွေ့ရှိသွားရသည်။ သူတို့လူသားများ မွန်းစတားမျိုးနွယ်စုများထဲတွင် ခွဲခြားသတ်မှတ်ထားသော ကျင့်ကြံခြင်းအဆင့်များမှာလည်း ရေခဲဝိဉာဉ်ကလန်သားများအတွက် အသုံးမဝင်သည့်ပုံပင်။ မည်သို့ပင်ဖြစ်လင့်ကစား ရေခဲဝိဉာဉ်ကလန်သားများထဲမှ အတော်များများသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအောက် အားမနည်းကြောင်း ရန်ကိုင် သတိထားမိသွားခဲ့သည်။

(အားကောင်းလိုက်တဲ့အင်အားစုပါလား…) ရန်ကိုင် ကြိတ်၍ ထိတ်လန့်နေမိလေသည်။ ဤကြယ်ပေါ်တွင် ဤမျှ အားကောင်းလှသော ပညာရှင်များ ရှိနေကြောင်း ရန်ကိုင် အမှန်တကယ်ကို မသိခဲ့ပေ။

(မရဏဂိုဏ်းသာ ကြယ်စီရင်စုထဲကို ကျူးကျော်လာတုန်းက ဒီကြယ်ကိုလာတိုက်ခိုက်မယ်ဆိုရင် သူတို့လွှတ်လိုက်တဲ့ အင်အားစုတွေအကုန်လုံး အမြစ်ပြတ်ရှင်းပစ်ခံရမှာ အသေအချာပဲ… ငါတောင် ဘာမှလုပ်နေစရာမလိုဘူး…)

ကံကောင်းစွာဖြင့် ရေခဲဝိဉာဉ်ကလန်သည် အပြင်ဘက်လောကကြီးထဲတွင် ပေါ်လာခဲလှပေသည်။ သူတို့၏ မွေးရပ်မြေဖြစ်သော ရေခဲဝိဉာဉ်ကြယ်တွင်သာ ကျင်လည်ကျက်စားလေ့ရှိကြသည်။ ထိုအကြောင်းကြောင့်သာမဟုတ်ပါက သူတို့၏ခွန်အားဖြင့် ကြယ်စီရင်စုကြီးတစ်ခုလုံးကိုပင် လွှမ်းမိုးသွားနိုင်ကောင်း လွှမ်းမိုးသွားနိုင်ပေသည်။

ရုပ်ရည်ချောမောလှသည့် ရေခဲဝိဉာဉ်တစ်ဦး ရှေ့သို့တက်လာပြီး‌ မေးလိုက်လေသည်။ “ခင်ဗျားတို့က ရေခဲနတ်ဘုရားရဲ့ ဧည့်သည်တွေလား…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “အခြား ဘယ်သူမှ မလာသေးဘူးဆိုရင်တော့ ငါတို့ပဲ…”

(ရေခဲနတ်ဘုရား… အဲ့ဒါ ကိုယ့်ကိုယ်ကိုခေါ်တဲ့နာမည်လား… ဒါမှမဟုတ် ရေခဲဝိဉာဉ်ကလန်က ပေးထားတဲ့နာမည်လား… ဒါပေမယ့် သိပ်ပြီးတော့ သင့်တော်တဲ့ နာမည်တစ်ခုတော့ မဟုတ်ဘူး… ကြယ်တစ်လုံးရဲ့ အမြုတေပဲဟာကို ကိုယ့်ကိုယ်ကို နတ်ဘုရားလို့ ခေါ်ရဲသေးတယ်…)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၉၉)

ဘာသာပြန်သူ_တိမ်တိုက်

ရေခဲဝိညာဉ်အထီးသည် ရန်ကိုင်အား သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "မင်းမဟုတ်ဘူး"

ထို့နောက်တွင် စုယန်ကို လက်ညှိုးထိုး၍... "သူကတော့ဟုတ်တယ်"

"ငါတို့ ဒီကို အတူလာခဲ့တာလေ" ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။ "မင်းလည်း မြင်တာပဲ၊ ဒီတော့ ရေခဲနတ်ဘုရားခေါ်လိုက်တာ ငါတို့နှစ်ယောက်စလုံး ဖြစ်လိမ့်မယ်"

ရေခဲဝိညာဉ်အထီးကမူ ခေါင်းခါ၍သာ ပြန်ပြောလိုက်သည်။ "မင်းက ညစ်ပတ်တယ်၊ သူက သန့်စင်တယ်၊ ဒီတော့ သူကပဲ ဧည့်သည်ဖြစ်ရလိမ့်မယ်"

ထိုစကားကို ကြားသော် ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ "ကောင်လေး ငါ့ကို နောက်ဆုံး ဒီလိုစကားမျိုး ပြောသွားတဲ့လူ မြေကြီးထဲရောက်နေပြီနော်"

[ငါ့လို ကြယ်စီရင်စုသခင်တစ်ယောက်ကိုများ ညစ်ပတ်တယ်လေး ဘာလေးနဲ့]

ရေခဲဝိညာဉ်အထီးကမူ မျက်မှောင်ကြုတ်၍ ရန်ကိုင်အား ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။ ရေခဲနတ်ဘုရားသည် ဤကဲ့သို့သော လူတစ်ယောက်အား ဤနေရာသို့ ဘာကြောင့်ဖိတ်ခေါ်ခဲ့သလဲဆိုသည်ကို ရေခဲဝိညာဉ်အထီး လုံးဝ နားမလည်နိုင်ခဲ့ပေ။ ရန်ကိုင်၏ တည်ရှိမှုသည် ဤကဲ့သို့သော သန့်စင်သည့် နေရာမျိုးအတွက် အစွန်းအထင်းပမာ ဖြစ်နေခဲ့လေသည်။

စုယန်သည် ရန်ကိုင်၏ လက်ကို ပုတ်၍ ရေခဲဝိညာဉ်အထီးကို ကြည့်ကာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မကို ရေခဲနတ်ဘုရားဆီ ခေါ်သွားပေးလို့ရမလား"

ရေခဲနတ်ဘုရားသည် သူမမှ ဤရေခဲဝိညာဉ်ကြယ်၏ အမြုတေအား သန့်စင်နိုင်မလား မသန့်စင်နိုင်လားဆိုသည်ကို အဆုံးအဖြတ်ပေးမည့် အဓိကသော့ချက်ဖြစ်မှန်း သိထားသည့်အလျောက် စုယန်မှာ ဤနေရာတွင် ဆက်၍ အချိန်မဖြုန်းလိုတော့ပေ။

ရေခဲဝိညာဉ်အထီးသည် ခေါင်းညိတ်ပြလိုက်လေသည်။ သို့သော်ငြား စုယန်အား ချက်ချင်း ခေါ်မသွားသေးဘဲ သူ့ခါးအထက်တွင် ချိတ်ဆွဲထားသော ရေခဲအိတ်ကို ဖြုတ်၍ စုယန်ဆီသို့ ပေးကာ ပြောလိုက်သည်။ "ဒါကို အရင်သောက်လိုက်"

ရေခဲအိတ်မှာ ပုလင်းလေးတစ်လုံးနှင့် ဆင်ပေသည်။ အထဲတွင် ဘာရှိနေသလဲဆိုသည်ကို မသိရပါသော်ငြား ထိုရေခဲအိတ်ကို ခါကြည့်ရသလောက် အထဲ၌ အရည်တစ်မျိုးမျိုး ရှိနေသည့်ပုံပင်။

ရေခဲအိတ်ကို လှမ်းယူလိုက်ပြီးသည့်နောက် စုယန်က ပြန်မေးလိုက်သည်။ "ဒါကိုသောက်ပြီးရင် ရေခဲနတ်ဘုရားနဲ့ တွေ့ခွင့်ရမှာလား"

"အဲဒါကို သောက်ပြီးသွားရင် ဧည့်သည်တစ်ယောက်ဖြစ်သွားပြီလို့ ပြောလို့ရတယ်"

ကြည့်ရသလောက် ရေခဲနတ်ဘုရားကို တွေ့ဖို့ရာမှာ ထင်သလောက် မရိုးရှင်းသည့်ပုံပင်။ စုယန်အနေဖြင့် ရေခဲနတ်ဘုရားနှင့် တွေ့ရန်အလို့ငှာ စမ်းသပ်ချက်အချို့ကို ဦးစွာ ဖြတ်ကျော်ရနိုင်ပေလိမ့်မည်။

"ကောင်းပြီလေ" စုယန်လည်း ရေခဲအိတ်အဖုံးကို ဖွင့်၍ ပုလင်းဝကို သူမ ပါးစပ်တွင်‌ တေ့ကာ မော့သောက်ချလိုက်လေသည်။

ပုလင်းအဖုံးကို ဖွင့်လိုက်လိုက်ချင်းမှ ထွက်ပေါ်လာသည့် အနံ့ကြောင့် ရန်ကိုင်မှာ အံ့အားသင့်သွားခဲ့ရသည်။ ရေခဲအိတ်ထဲတွင် ရှိနေသည်မှာ အရက်တစ်မျိုးမျိုး ဖြစ်လိမ့်မည်ဟု ရန်ကိုင် ထင်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား အနံ့ကို ကြည့်ရသလောက် ထိုသို့ မဟုတ်သည့်ပုံပင်။ ရေခဲအိတ်ထဲ၌ ရှိနေသည့် အရာသည် ရေခဲကလန်၏ ဒေသထွက်ပစ္စည်းတစ်မျိုးမျိုး ဖြစ်သည့်ပုံပင်။ အထဲ၌ ရှိနေသော အရာမှာ မည်ကဲ့သို့သော အရာမျိုး ဖြစ်သလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား ထိုအရာသည် သာမန်လူများ သောက်နိုင်သည့် အရာတော့ မဟုတ်ပေ။

အစပိုင်းတွင် ရေခဲဝိညာဉ်များမှာ ပွဲကြီးပွဲကောင်းကို ကြည့်ရမည့် ပုံစံမျိုးဖြင့် ကြည့်နေကြလေသည်။ သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ အမူအရာများမှာ တဖြည်းဖြည်း ပြောင်းလဲကုန်ကြ၏။ စုယန်အား ရေခဲအိတ်ကို ပေးလိုက်သော ရေခဲဝိညာဉ်အထီးဆိုလျှင် တဖြည်းဖြည်းနှင့် မျက်လုံးပြူးလာခဲ့ပြီးသည့်နောက် ဆက်၍ သည်းမခံနိုင်တော့သည့်အလား ထိတ်လန့်တကြားဖြင့် အော်ပြောလိုက်လေသည်။ "ရပ်လိုက်တော့ အဲဒီလောက်ဆိုရပြီ"

စုယန်လည်း ရေခဲအိတ်ကို ပြန်ပေးလိုက်လေသည်။ ထို့နောက် သူမ ပါးစပ်ပေါက်ဝတွင် ကပ်ပေနေသော အရည်များကို လက်ဖြင့် သုတ်၍ မေးလိုက်လေ၏။ "ဒီလောက်ဆိုရပြီလား"

ရေခဲဝိညာဉ်အထီးသည် စုယန်ဆီမှ ရေခဲအိတ်ကို ပြန်ယူလိုက်ပြီးသည့်နောက် နာကျင်နေသည့် အမူအရာဖြင့်... "ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း သွားလိုက်ပါနော်"

စုယန်သည် ရန်ကိုင်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် စိတ်မပူရန် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ထို့နောက် လေထန်‌နေသည့် လမ်းကြောင်းအတိုင်း လျှောက်သွားတော့လေ၏။ စုယန်မှာ မီတာတစ်ထောင်ကျော် အကွာသို့ လျှောက်လာပြီးသည့် အချိန်တွင်တော့ ရေခဲဝိညာဉ်အမတစ်ယောက် ပေါ်လာပြီး သူမ လမ်းကို ပိတ်ရပ်လေသည်။ ထိုရေခဲဝိညာဉ်အမသည် ရေခဲသားဖြင့် လုပ်ထားသော လင်ပန်းတစ်ချပ်ကို ကိုင်ထားခဲ့ပြီး လင်ပန်းပေါ်တွင်တော့ နှင်းဖြူရောင်ပစ္စည်းအမျိုးမျိုး ရှိနေကြလေသည်။ ထိုရေခဲဝိညာဉ်အမသည် စုယန်ကိုကြည့်၍ မေးလိုက်လေ၏။ "ဒါကိုရော ကြိုးစားကြည့်ချင်သေးလား"

စုယန်သည် ရေခဲလင်ပန်းပေါ်တွင် ရှိနေသော နှင်းဖြူရောင်လေးများကို လှမ်းယူ၍ သူမ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ချက်ချင်းဆိုသလို သူမ ပါးစပ်လေးတစ်ခုလုံး အေးမြသွားခဲ့ပြီးသည့်နောက် ချဉ်တင်တင် အရသာတစ်မျိုးကို ရလိုက်လေ၏။ တစ်ခဏအကြာတွင် စုယန်သည် ရေခဲလင်ပန်းပေါ်တွင် ရှိနေသည့် အရာမှန်သမျှကို ကုန်စင်အောင် ရှင်းပစ်လို့ ပြီးသွားခဲ့လေပြီ။ ထို့နောက် လေထန်နေသည့် လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားလေ၏။ ရေခဲဝိညာဉ်အမမှာတော့ သူမ လက်ထဲတွင် ရှိနေသော ဗလာကျင်းနေသည့် လင်ဗန်းကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

ရန်ကိုင်သည် တောင်အလယ်ဗဟိုတွင် ရပ်စောင့်နေခဲ့လေသည်။ ရန်ကိုင်မှာ ကြယ်စီရင်စုသခင်ဖြစ်ပါသော်ငြား ယခုတစ်ကြိမ် ဤနေရာသို့ လာရခြင်းမှာ စုယန်မှ ရေခဲဝိညာဥ်ကြယ်၏ ကြယ်အမြုတေကို သန့်စင်နိုင်ရန်ဖြစ်လေသည်။ ထိုအရာသည် စုယန်အနေဖြင့် သူမဘာသာသူမ ကြိုးစား၍ ရယူရမည့်အရာဖြစ်သည်။ သူမဘာသာသူမ ကြိုးစားမှသာလျှင် ကြယ်အမြုတေ၏ အသိအမှတ်ပြုမှုကို ရရှိကာ သူမ၏ အနာဂတ်အလားအလာအတွက်လည်း အထောက်အကူ ဖြစ်လာနိုင်ပေသည်။ ရန်ကိုင်သည် ကြယ်စီရင်စုသခင်တစ်ပါးဖြစ်သည့်အလျောက် ရေခဲဝိညာဉ်ကြယ်၏ ကြယ်အမြုတေကို အပြည့်အဝ ဖိနှိပ်နိုင်စွမ်း ရှိပါသော်ငြား ထိုသို့လုပ်လိုက်ခြင်းသည် စုယန်ဘာသာစုယန် ကြိုးစား၍ ရေခဲဝိညာဉ်ကြယ်အမြုတေ၏ အသိအမှတ်ပြုမှုကို ရရှိလာအောင် လုပ်ခြင်းလောက် အကျိုးမများပေ။

ထိုအပြင် ဤအရာသည် စမ်းသပ်ချက်တစ်မျိုးသာ ဖြစ်သည့်အတွက်ကြောင့် ကိစ္စတော့ မရှိလောက်ပေ။ ရေခဲနတ်ဘုရားပင်ဖြစ်လင့်ကစား သူ၏ စမ်းသပ်ချက်များသည် တာအိုသခင်အဆင့်သို့ ရောက်နေသော စုယန်အတွက်မူ ဘာဆိုဘာမျှ ပြောပလောက်လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်မှာ ရပ်စောင့်နေရသည့်အပေါ် ပျင်းရိငြီးငွေ့လာသည့်အလျောက် ရေခဲဝိညာဉ်အထီး၏ ခါးအထက်တွင် ချိတ်ဆွဲထားသော ရေခဲအိတ်ကို လှမ်းကြည့်ရင်းမှ မေးလိုက်လေသည်။ "ငါ့ကိုလည်း နည်းနည်းလောက် ပေးတိုက်ပါလား"

ရေခဲဝိညာဉ်အထီးသည် ချက်ချင်းကို ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "မရဘူး"

စုယန် အများကြီးသောက်သွားသည့်အတွက်ကြောင့် သူ့ခမျာ ယခုအချိန်ထိတိုင် နှမြောတသ ဖြစ်နေဆဲပင်။

"ကပ်စေးနှဲလိုက်တာ" ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရေခဲဝိညာဉ်အထီးက ပြန်၍ ပြောလိုက်လေ၏။ "မင်းဒါကိုသောက်ရင် သေမှာ"

"ငါ့ကိုသတ်ဖို့ အဲဒီလောက်လွယ်တာမဟုတ်ဘူး၊ ငါ့ကိုနည်းနည်းလောက် ပေးမြည်းကြည့်စမ်းပါ"

"မင်းတကယ်သေလိမ့်မယ်။" ရေခဲဝိညာဉ်အထီးက ပြန်ပြောလိုက်သည်။ "မင်းက ရေခဲနတ်ဘုရားရဲ့ ဧည့်သည်တစ်ယောက်မဟုတ်ပေမဲ့ မင်းက ဧည့်သည်နဲ့ အတူလာတဲ့လူဆိုတော့ ငါ မင်းကို ဒုက္ခအရောက်ခံလို့မဖြစ်သေးဘူး"

"အပိုတွေပြောမနေနဲ့ ငါ့ကိုသာပေးလိုက်" ရန်ကိုင်လည်း ရေခဲဝိညာဉ်အထီး၏ ခါးအထက်တွင် ရှိနေသော ရေခဲအိတ်ကို လှမ်းဆွဲယူလိုက်ပြီးသည့်နောက် ပုလင်းအဖုံးကို ဖွင့်ကာ မော့သောက်ချလိုက်လေသည်။ ချိုမြိန်သည့် အရသာတစ်မျိုးကို သူ့ပါးစပ်ထဲ ရလိုက်သည်။ ထို့နောက်တွင်တော့ အလွန်တရာကိုမှ အေးစက်လှသည့် အရှိန်အဝါတစ်ရပ် သူ့ကိုယ်ထဲ ပေါက်ကွဲထွက်လာတော့လေ၏။ ထိုအေးစက်စက် အရှိန်အဝါကြောင့် ရန်ကိုင်၏ ပါးစပ်တစ်ခုလုံး ထုံကျင်သွားခဲ့ပြီး သူ့ခေါင်းတစ်ခုလုံးလည်း အေးခဲသွားတော့လုမတတ် ခံစားလိုက်ရလေသည်။

တကယ်တမ်း မြည်းစမ်းပြီးသည့် နောက်တွင် ရန်ကိုင်မှာ ရေခဲဝိညာဉ်များ ဤကဲ့သို့သော အရာမျိုးကို မည်ကဲ့သို့ ဖန်တီးခဲ့သလဲဆိုသည်ကို တွေးရင်း ထိတ်လန့်မိသွားရသည်။

ဤသောက်စရာထဲတွင် ရာနှင့်ချီသော အသီးများ၏ အရသာကို ရန်ကိုင် ခံစားမိလိုက်သည်။ ထိုအပြင် ထိုအသီးတစ်မျိုးချင်းစီတိုင်းသည် ရေခဲဓာတ်သဘာဝအသီးများ ဖြစ်ကြပေသည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည်သာ ဤအသီးဖျော်ရည်ကို သောက်လိုက်မည်ဆိုလျှင် ကျိန်းသေဒုက္ခရောက်သွားရပေလိမ့်မည်။ အလွန်အကျွံသောက်မိပါက အသက်ပင် ဆုံးရှုံးသွားရနိုင်ပေသည်။

[ငါဒါကိုသောက်ရင် သေလိမ့်မယ်လို့ ရေခဲဝိညာဉ်ပြောနေတာ အဆန်းတော့မဟုတ်ပါဘူးလေ၊ ငါ့ကျင့်ကြံခြင်းက ဒီကြယ်စီရင်စုကြီးရဲ့ အကန့်အသတ်ကို ကျော်လွန်နေတာကြောင့်သာမဟုတ်ရင် ဒါကိုသောက်လိုက်တာ ငါ့အတွက် တကယ်အန္တရာယ်ရှိနိုင်တယ်]

စုယန်မှ ဤအသီးဖျော်ရည်ကို သောက်ပြီးသည့်နောက် ဘာဆိုဘာမျှ မဖြစ်ရခြင်းမှာ သူမ၏ ရေခဲသလင်းကျောက်စိမ်းခန္ဓာကိုယ်ကြောင့်သာ ဖြစ်လေသည်။

ရေခဲဝိညာဉ်အထီးမှာတော့ ရန်ကိုင်၏ မဆင်မခြင်လုပ်ရပ်ကြောင့် ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင်သည် ရေခဲနတ်ဘုရား၏ ဧည့်သည် မဟုတ်ပါသော်ငြား ဧည့်သည်နှင့် အတူပါလာသည့် လူတစ်ဦး ဖြစ်သည့်အလျောက် သူသည်သာ ဤနေရာ၌ သေသွားခဲ့မည်ဆိုလျှင် ပြဿနာများသွားရနိုင်သည်။

ရေခဲဝိညာဉ်အထီးမှာ အလွန်ကိုမှ စိုးရိမ်ပူပန်နေခဲ့လေသည်။ သို့သော်ငြား ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ရန်ကိုင်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားသည်ကို သတိထားမိလိုက်သည်။

ထို့နောက် ရန်ကိုင် ဝါးလုံးကွဲ အော်ရယ်မောလိုက်ပြီး သူ့မျက်နှာအထက် ကပ်ငြိနေသော ရေခဲစများမှာလည်း ကွာကျကုန်လေသည်။ ပြီးသည့်နောက်တွင် ရန်ကိုင်က အော်ပြောလိုက်သည်။ "လန်းဆန်းသွားတာပဲ"

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရေခဲအိတ်ကို သူ့ပါးစပ်ဝတွင် ထပ်တေ့၍ တစ်ငုံပြီးတစ်ငုံ ထပ်သောက်ချလိုက်သည်။ ရန်ကိုင်သောက်နေသည့် နှုန်းမှာ စုယန်သောက်သည့် နှုန်းထက်ပင် ပိုမြန်နေသေးသည်။ ထိုအချင်းအရာကို ကြည့်ရင်း အနီးအနားတစ်ဝိုက်၌ စုဝေးနေကြသော ရေခဲဝိညာဉ်များမှာတော့ လုံးဝကို မှင်တက်နေကုန်ကြလေသည်။

ရေခဲအိတ်သည် အပြင်ပန်း အရွယ်အစားအရ ကြီးမားလိမ့်မည်မဟုတ်ပါသော်ငြား အတွင်းပိုင်းရှိ လေဟာနယ်မှာတော့ အတော်လေးကိုမှ ကြီးမားလှပေသည်။ အနည်းဆုံး ရေခဲအိတ်သည် အသီးဖျော်ရည် လီတာပေါင်းများစွာ ဝင်ဆံ့ပေသည်။

တစ်ခဏအကြာ၌ ရန်ကိုင် လေချဥ် အကျယ်ကြီး တက်လိုက်လေသည်။ ယခုဆိုလျှင်တော့ ရေခဲအိတ်ထဲရှိ အသီးအရက်အားလုံးမှာ ကုန်သွားခဲ့လေပြီ။ အသီးအရက်အားလုံးကို သောက်ပြီးသည့်နောက် ရန်ကိုင်မှာ သူ့ပါးစပ်တစ်ခုလုံး အနည်းငယ်ချိုမြမြဖြစ်နေသလို ခံစားနေရသည်။ တစ်ချိန်တည်းတွင်လည်း ခေါင်းမှာ အနည်းငယ် ရီဝေဝေဖြစ်လာလေ၏။

[ထူးဆန်းလိုက်တာ၊ ဒီအသီးအရက်ထဲမှာ ဘာအရက်မှ မပါပါဘူး၊ အဲဒါကို ဘယ်လိုလုပ်ပြီး ငါက မူးချင်နေရတာလဲ]

ရန်ကိုင်သည် သူ့လက်ကို‌ ဝှေ့ယမ်းလိုက်ရင်း အော်ပြောလိုက်လေသည်။ "မင်းတို့မှာရှိတဲ့ အရသာရှိတာတွေမှန်သမျှ အကုန်ထုတ်လာခဲ့စမ်း"

ထိုအချိန်အတောအတွင်း ရေခဲဝိညာဉ်အထီးမှာတော့ ရန်ကိုင်အား မွန်းစတားတစ်ကောင်ကို ကြည့်နေသည့် အကြည့်မျိုးဖြင့် လှမ်း၍ ကြည့်နေခဲ့လေသည်။ ထို့နောက် သူ့လက်ထဲတွင် ရှိနေသော ရေခဲအိတ်ကို ခါကြည့်လိုက်သည်။ အထဲ၌ မည်သည့်အရည်မျှ မကျန်ရစ်တော့မှန်း သိလိုက်ပြီးသည့်နောက် အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားခဲ့လေသည်။ တစ်ခဏအကြာမှသာလျှင် အသိ ပြန်ဝင်လာခဲ့ပြီး အခြားသော ရေခဲဝိညာဉ်များကို လှမ်း၍ အချက်ပြလိုက်လေသည်။

တစ်ခဏအကြာ၌ ရန်ကိုင်သည် စားပွဲခုံတစ်လုံး အရှေ့တွင် အခန့်သား ထိုင်နေခဲ့လေသည်။ ထိုစားပွဲခုံမှာတော့ ရေခဲဝိညာဉ်ကြယ်၏ အမျိုးမျိုးသော ဒေသထွက်ပစ္စည်းများ ဖြစ်ကြသည့် ရန်ကိုင် အစောပိုင်းက သောက်ခဲ့သည့် အသီးအရက်အပြင် ရန်ကိုင် တစ်ခါမျှ မမြင်ဖူးခဲ့သော စားစရာများဖြင့် ပြည့်နေခဲ့လေသည်။ စားပွဲပေါ်တွင် မည်သည့်အသားမျှ မရှိနေခဲ့ပေ။ သို့သော်ငြား ရှိနေသည့် အရာအားလုံးမှာ အလွန်ကိုမှ အရသာရှိမည့်ပုံစံမျိုး ပေါက်နေခဲ့သည်။

ရေခဲဝိညာဉ်များမှာတော့ ရန်ကိုင် အနားတွင် စုဝေးနေကြလျက် ရန်ကိုင် စားသောက်နေသည်ကို ရပ်ကြည့်နေကြလေသည်။ ရေခဲဝိညာဉ်အမအချို့ဆိုလျှင် ရန်ကိုင်အား သတိလစ်သွားအောင် လုပ်ချင်နေသည့်အလား ရန်ကိုင်၏ ခွက်ထဲသို့ အသီးအရက်များကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့ပေးနေလေသည်။

ရန်ကိုင်ကမူ တည်ခင်းဧည့်ခံလာသော အရာမှန်သမျှကို ငြင်းဆိုခြင်း မရှိဘဲ သူ့ပါးစပ်ထဲသို့ တောက်လျှောက် ထည့်နေခဲ့လေသည်။ ထိုသို့ဖြင့် အသီးအရက်များမှာ တစ်ခွက်ပြီး တစ်ခွက် စားသောက်စရာများမှာလည်း တစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်ဆုံးလို့နေခဲ့သည်။ အဆုံးတွင်တော့ ရန်ကိုင်မှာ စတင်၍ မူးဝေလာသည့်အလျောက် သူ့စကားများပင် ပီပြင်ခြင်း မရှိတော့ပေ။ သို့တိုင်း ရန်ကိုင်ကမူ ရပ်တန့်လိုက်ခြင်းမရှိသေးဘဲ ဆက်၍ စားသောက်နေပေသေးသည်။

သုံးရက်ကြာပြီးသည့်နောက်တွင် စုယန်သည် ရန်ကိုင် အရှေ့၌ ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။

စုယန် ရောက်လာသည်ကို မြင်ပြီးသည့် နောက်တွင် ရန်ကိုင်သည် အမူးပြေသွားအောင် ဧကရာဇ်ချီကို အနည်းငယ်လှည့်ပတ်လိုက်ပြီးသည့်နောက် မေးလိုက်လေ၏။ "ဘယ်လိုနေလဲ"

ရွှင်။

စုယန်မှ သူမ၏ ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည့်အခိုက် အေးစက်စက်အလင်းတစ်ချက် ဖြတ်သွားခဲ့လေသည်။ "ပြီးသွားပြီ"

"နှင်းခဲဓားလား" ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ စုယန်သည် နှင်းခဲဓားအား လှိုင်းနီကြယ်ပေါ်ရှိ ရေခဲနှလုံးသားတောင်ကြားမှ ထွက်လာစဉ်ကတည်းက သူမနှင့် အတူ ယူလာခဲ့ခြင်းဖြစ်လေသည်။ ထိုဓားသည် ရေခဲနှလုံးသားတောင်ကြား၏ ဘိုးဘေးတည်ထောင်သူ ပင်ယင်းမှ ချန်ရစ်ခဲ့သော ဓားတစ်ချောင်းဖြစ်ပြီး စုယန်သည် ထိုဓားကို တောက်လျှောက် သုံးစွဲနေခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား ယခု တာအိုသခင် ဒုတိယအဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် နှင်းခဲဓားသည် စုယန်၏ ကျင့်ကြံခြင်းအပေါ် အမီလိုက်နိုင်ခြင်း မရှိတော့ချေ။

ရန်ကိုင်မှာ အထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်ပြီးသည့် နောက်တွင် စုယန်အတွက် ဓားတစ်ချောင်း သွန်းလုပ်ပေးရန် ဟုန်းယွီအား သွားတောင်းဆိုရမည်ဟုပင် စဉ်းစားနေခြင်းဖြစ်လေသည်။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ထိုသို့လုပ်ရန် မလိုတော့သည့်ပုံပင်။ နှင်းခဲဓားမှာ ယခင်နှင့်မတူ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့သည်။ စုယန်မှာ သူမ၏ အရင်းအမြစ်ချီကို ဓားထဲသို့ ထည့်သွင်းခြင်း မရှိသည့်တိုင် နှင်းခဲဓားသည် အလွန်တရာကိုမှ အေးစက်လှသည့်အရှိန်အဝါကို ထုတ်လွှတ်နေခဲ့လေသည်။ ထိုအပြင် နှင်းခဲဓားမှ တာအိုအဆင့် မှော်ရတနာတစ်ခု ဖြစ်လာတော့မည့် အရိပ်အယောင်များပင် ပြနေခဲ့သည်။

ထိုမျှသာ မဟုတ်သေး။ ဓားလက်ကိုင်ပေါ်တွင်လည်း ရေခဲဝိညာဉ်ဟူသည့် စကားလုံးများပါ ထပ်မံရှိနေခဲ့လေသည်။

ရန်ကိုင်က မေးလိုက်လေ၏။ "နင်ဒါကို မှော်ရတနာစိတ်ဝိညာဉ်အဖြစ် သန့်စင်ပေးလိုက်တာလား"

စုယန်က ခေါင်းခါလျက်... "သူဘာသာသူ ရွေးလိုက်တာ"

ရေခဲဝိညာဥ်ကြယ်၏ ကြယ်အမြုတေနှင့် စုယန်တို့မှာ သုံးရက်သုံးညတိုင်တိုင် တိုက်ခိုက်ခဲ့ကြသည်။ သေခြင်းရှင်ခြင်းတိုက်ပွဲတော့ မဟုတ်ပေ။ ရေခဲနိယာမများကို မည်သူက ပိုမိုကျွမ်းကျင်သလဲဆိုသည့်အပေါ် ပြိုင်ဆိုင်ကြခြင်းသာ ဖြစ်လေသည်။ စုယန်မှ ရေခဲဝိညာဉ်ကြယ်အမြုတေ၏ အသိအမှတ်ပြုမှုကို ရရှိလိုက်သည့်နောက်တွင် ကြယ်အမြုတေသည် နှင်းခဲဓားထဲသို့ ဝင်ရောက်သွားပြီး လိုလိုလားလားနှင့် မှော်ရတနာစိတ်ဝိညာဉ်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအကြောင်းကြောင့် ဤမှော်ရတနာစိတ်ဝိညာဉ်သည် ရေခဲဝိညာဉ်ကြယ်တစ်ခုလုံး၏ ကြယ်အမြုတေဖြစ်သည်ဟု ပြော၍ရပေသည်။

မည်သူမျှ ကြယ်အမြုတေတစ်ခုအား မှော်ရတနာစိတ်ဝိညာဉ်အဖြစ် အသုံးမပြုဖူးကြပေ။ ထိုအတွက်ကြောင့် စုယန်၏ လုပ်ရပ်မှာ ကောင်းလား ဆိုးသလားဆိုသည်ကိုတော့ ရန်ကိုင် မပြောတတ်ပေ။ သို့တိုင် ရန်ကိုင်သေချာသည့် အချက်တစ်ချက်တော့ရှိပေသည်။ ထိုအချက်မှာ စုယန်သည် ရေခဲဝိညာဥ်ကြယ်၏ ကြယ်သခင် ဖြစ်လာပြီဟူသော အချက်ပင်။ လက်ရှိအချိန်တွင် စုယန်နှင့် ရေခဲဝိညာဉ်ကြယ်သည် လုံးဝကို ချိတ်ဆက်သွားခဲ့ပြီဖြစ်လေရာ တစ်ဦးနှင့် တစ်ဦး ခွဲခြား၍ မရတော့ပေ။

"သူတို့ ဘာဖြစ်သွားတာလဲ" သူမ ပြန်ရောက်လာချိန်တွင် ဝမ်းနည်းနေသော ရေခဲဝိညာဉ်အုပ်လိုက်ကြီးကို တွေ့လိုက်ရလေသည်။ မသိလျှင် ထိုလူများ၏ အဖိုးတန်ပစ္စည်းများ ပျောက်သွားသည့်အလား။

ရန်ကိုင်က ခေါင်းကို ကုတ်ရင်းမှ ပြန်ပြောလိုက်သည်။ "ငါ သူတို့အစားအစာလေးနည်းနည်းကို စားလိုက်လို့၊ ကပ်စေးနှဲလွန်းနေတာ"

စုယန်သည် ရေခဲစားပွဲအား လှမ်း၍ ကြည့်လိုက်သည်။ ထို့နောက် အခြေအနေကို ချက်ချင်းနားလည်သွားတော့လေသည်။ ထိုအခါ ပြုံး၍ ပြန်ပြောလိုက်လေ၏။ "နင်စားလိုက်တာ သူတို့နှစ်ထောင်နဲ့ချီပြီး စုဆောင်းလာတဲ့ ပမာဏဟဲ့"

"အဲဒီလောက်တောင်လား၊ ဟဲဟဲ ကြည့်ရတာ သူတို့အရမ်းဖော်ရွေကြတယ်နဲ့တူတယ်" ရန်ကိုင်သည် သူ့ဝမ်းဗိုက်ကိုပုတ်ရင်းမှ ပြောလိုက်သည်။

ရေခဲဝိညာဉ်များမှာ ယခင်က နှင်းခဲဓားဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ရေခဲဝိညာဉ်ဓားဖြစ်နေပြီ ဖြစ်သော စုယန်၏ လက်ထဲရှိ ဓားအား ကြည့်နေကြလေသည်။ ရုတ်တရက်ဆိုသလို မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပေါက်ကွဲထွက်လာပြီးသည့်နောက် သန့်စင်လှသည့် အမျိုးသမီးတစ်ဦး ရေခဲဝိညာဉ်ဓားဆီမှ ထွက်ပေါ်လာခဲ့သည်။ ထိုအမျိုးသမီးကိုကြည့်ရင်း ရန်ကိုင်မှာ မျက်လုံး ပြူးကျယ်သွားခဲ့လေသည်။ ရေခဲဝိညာဉ်ကြယ်၏ ကြယ်အမြုတေ အသိဉာဏ်ရှိနေပြီဖြစ်မှန်း ရန်ကိုင် သိထားပြီးဖြစ်သည့်တိုင် ရေခဲဝိညာဉ်ကြယ်၏ ကြယ်အမြုတေမှာ လူအသွင်ပင်ယူနိုင်လေပြီဟု ရန်ကိုင် လုံးဝမထင်ထားခဲ့ပေ။ လက်ရှိ ကြယ်အမြုတေ၏ အခြေအနေမှာ လျို့ယန်၏ အခြေအနေနှင့် ဆင်ပေသည်။ ဓာတ်သဘာဝ မတူခြင်းသာ ရှိ၏။

လျို့ယန်သည် မီးဓာတ် မှော်ရတနာစိတ်ဝိညာဉ်ဖြစ်ပြီး ရေခဲဝိညာဥ်မှာတော့ ရေခဲဓာတ် ဖြစ်ပေသည်။

[သူတို့တွေ့တာနဲ့ တိုက်ခိုက်ကြမလား မသိပါဘူး]

"ရေခဲနတ်ဘုရား" ရေခဲဝိညာဉ်များသည် ချက်ချင်း ဒူးထောက်၍ သံပြိုင် အော်ဟစ်လိုက်ကြသည်။ အမျိုးသမီးသည် ရေခဲဝိညာဉ်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးသည့်နောက် အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ "ငါဒီနေရာကနေ ထွက်သွားတော့မယ်"

ထိုစကားကိုကြားသည့်အခါ ရေခဲဝိညာဉ်များ ပိုလို့ကို ဝမ်းနည်းသွားကုန်ကြလေသည်။

ထိုသို့ပြောပြီးသည့်နောက်တွင် ရေခဲဝိညာဉ်သည် ရန်ကိုင်ဘက်သို့ လှည့်၍ တောင်းဆိုလိုက်သည်။ "ငါတို့ ဒီနေရာကနေ ထွက်မသွားခင် ကျေးဇူးပြုပြီး သူတို့ကို အကာအကွယ်လုပ်ပေးခဲ့လို့ ရမလား"

"ကိစ္စမရှိဘူး" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ရေခဲဝိညာဉ် မပြောလျှင်ပင် ရန်ကိုင် ထိုကဲ့သို့လုပ်ပေလိမ့်မည်။ တကယ်တော့ ဤရေခဲဝိညာဉ်ကြယ်သည် စုယန်နှင့် ပတ်သက်နေသည် မဟုတ်ပေလော။ ထိုအတွက်ကြောင့် ယခုကိစ္စနှင့် ပတ်သက်၍ ရန်ကိုင်မှာ အနည်းငယ်မျှပင် သတိလက်လွတ်ဖြစ်၍ မရပေ။ ချက်ချင်းပင် ကြယ်စီရင်စုအမြုတေနှင့် ဆက်သွယ်လိုက်ပြီးသည့်နောက် ကြယ်စီရင်စု၏ စွမ်းအားကို သုံး၍ ရေခဲဝိညာဉ်ကြယ်ကို ဖုံးကွယ်ပေးလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၀)

ဘာသာပြန်သူ_တိမ်တိုက်

မိုးထိမတတ်မြင့်မားလှသော သစ်ပင်များကြားဝယ် လျှပ်စီးများ တဖျတ်ဖျတ်လက်နေခဲ့ပြီး မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့် ဟင်းလင်းပြင်မှာလည်း တစ်စုံတစ်ဦး၏ ဆုတ်ဖြဲခြင်း ခံထားရသည့်အလား ကွဲအက်နေခဲ့လေ၏။ တစ်ချိန်တည်း၌ အန္တရာယ်များသည် အရှိန်အဝါတစ်ရပ်ဟာလည်း ထိုကွဲအက်နေသည့် ဟင်းလင်းပြင်အက်ကြောင်းဆီမှ ဖြာထွက်နေခဲ့လေသည်။

နဖူးထက်တွင် ဦးချိုနှစ်ချောင်းရှိနေသော မွန်းစတားဗိုလ်ချုပ်တစ်ပါးသည် သစ်ပင်တစ်ပင်နောက်တွင် ပုန်းရင်းမှ ထိုမြင်ကွင်းအား တုန်တုန်ရီရီဖြင့် လှမ်းကြည့်နေခဲ့သည်။

“ဂျုန်း…”

မိုးခြိမ်းသံ ကျယ်လောင်စွာ မြည်ဟည်းထွက်လာသည့်အခိုက် မွန်းစတားဗိုလ်ချုပ်မှာ ကြောက်အားလန့်အားဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။ သူ့မျက်နှာတစ်ပြင်လုံးဟာလည်း သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့လေသည်။

ထို့နောက်တွင် တိမ်စိုင်တိမ်တိုက်များ ကင်းစင်သွားခဲ့ပြီး ကောင်းကင်မှာ တစ်ဖန်ပြန်လည်ကြည်လင်လာခဲ့သည်။

မွန်းစတားဗိုလ်ချုပ်မှာတော့ အစောပိုင်းက မုန်တိုင်းဖြစ်နေသည့်နေရာဆီသို့ လှမ်းကြည့်ရင်းမှ ထိုနေရာတွင် ဘယ်အချိန်တည်းကမှန်းမသိ လူသားတစ်ဦး ရောက်နေကြောင်း တွေ့လိုက်ရသည်။

ဤနေရာသည် မွန်းစတားမျိုးနွယ်စုဝင်များ၏ ပိုင်နက် ဖြစ်ပေသည်။ လူသားအချို့သည်သာ ဤနေရာထဲသို့ လာရဲကြသည်။ အကြောင်းမှာ မဆင်မခြင်ဝင်လာရဲသည့် လူအများစုမှာ မွန်းစတားမျိုးနွယ်စုဝင်များ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည့်အတွက်ကြောင့်ပင်။ ထို့အပြင် အစောပိုင်းက ထိုနေရာ၌ မည်သူမျှ ရှိမနေခဲ့သည်ကို မွန်းစတားဗိုလ်ချုပ် သေချာသိခဲ့ပေသည်။ ထို့အတွက်ကြောင့် ဤလူသား ထိုနေရာ၌ မည်ကဲ့သို့ပေါ်လာခဲ့သလဲဆိုသည်ကို မွန်းစတားဗိုလ်ချုပ် သိချင်မိသွားခဲ့သည်။ ထိုလူသားကို ကြည့်နေရင်းမှ ထိုလူသားအား တစ်နေရာရာ၌ မြင်ခဲ့ဖူးသလို မွန်းစတားဗိုလ်ချုပ် ခံစားလိုက်ရလေသည်။

မွန်းစတားဗိုလ်ချုပ် ဘာဆက်လုပ်ရမလဲ မဆုံးဖြတ်နိုင်သေးခင်မှာပင် ထိုနေရာ၌ ရှိနေသည့် လူသား၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထိုလူသားသည် ရုတ်တရက် မျက်လုံးပိတ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။ ထို့နောက် အနီးအနားတစ်ဝိုက်တွင် ရှိနေကြသော မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်လာကုန်ပြီး ထိုလူသားဆီသို့ စီးဝင်သွားကုန်ကြလေသည်။

“ဘုန်း…”

မမြင်နိုင်သည့်စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာခဲ့ပြီး အားကောင်းလှသည့် စွမ်းအင်လှိုင်းတို့မှာ အဖက်ဖက်သို့ ဖြာထွက်လာကုန်ရလေသည်။ ထိုစွမ်းအင်လှိုင်းများအောက်ဝယ် သစ်ပင်များ ယိမ်းထိုးကုန်ပြီး အချို့ဆိုလျှင် အမြစ်ပင်ကျွတ်ထွက်လုမတတ် ဖြစ်ကုန်ကြသည်။

မွန်းစတားဗိုလ်ချုပ်မှာလည်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေ၏။ ယခုမှသာလျှင် ဤလူသားသည် သူ သွားရောက်ရန်စနိုင်သည့် လူသားတစ်ဦးမဟုတ်မှန်း နားလည်သွားတော့သည်။

ထို့အကြောင်းကြောင့် မွန်းစတားဗိုလ်ချုပ်သည် သူ့အရှိန်အဝါကို အလျင်အမြန်ဖုံးကွယ်ရင်းမှ မသိမသာဖြင့် နောက်သို့ ပြန်ဆုတ်တော့လေသည်။

သူသည် လူသားတာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သော မွန်းစတားဗိုလ်ချုပ်တစ်ဦးသာ ဖြစ်ပေသည်။ သို့သော်ငြား ထိုနေရာ၌ရှိနေသော လူသားသည် ကျိန်းသေကို ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ပေသည်။ ထို့အပြင် ယခုလေးတင် နောက်တစ်ဆင့်သို့ ထပ်မံချိုးဖြတ်သွားသည့်ပုံပင်။

ယခုကဲ့သို့ အဆင့်ချိုးဖြတ်သွားပြီးသည့်နောက် ထိုလူသားသည် ဧကရာဇ်ဒုတိယအဆင့်လား တတိယအဆင့်လားဆိုသည်ကို မွန်းစတားဗိုလ်ချုပ် မပြောတတ်တော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ထိုလူသည် သူရင်ဆိုင်နိုင်သည့်လူတစ်ဦးတော့မဟုတ်။

(ဒီကိစ္စကို အထက်အရာရှိတွေဆီ မြန်မြန်သွားပြန်တင်ပြရမယ်… နောက် ဘာဆက်လုပ်ရမလဲဆိုတာကို ဆရာတို့ကပဲ ဆုံးဖြတ်သွားလိမ့်မယ်…)

ထိုလူသားကို ကြောက်နေသည့်တိုင် မွန်းစတားဗိုလ်ချုပ် နားမလည်နိုင်သည့် အချက်တစ်ချက်တော့ရှိပေသည်။ (ဒီလူသားက ဒီနေရာကိုလာပြီး ဘာလို့ အဆင့်ချိုးဖြတ်တာလဲ… အဲ့ကောင် သေချင်နေတာလား… သူကိုယ်တိုင်က ဧကရာဇ်အဆင့်ပညာရှင်တစ်ယောက်ဆိုပေမယ့် ဒီမှာ သူ့ထက်အားကောင်းတဲ့ပညာရှင်တွေမှ အများကြီးပဲ…)

ကောင်းကင်ထက်တွင်ရှိနေသော ရန်ကိုင်မှာမူ အလွန်ကိုမှ လန်းဆန်းနေသလို ခံစားနေခဲ့ရသည်။ အချိန်အတန်ကြာအောင် ချိတ်ပိတ်ထားသော စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်စီးဝင်လာသည်ကို ခံစားမိလိုက်သည့်နောက် ရန်ကိုင်မှာ အလွန်ကိုမှ ဝမ်းသာအားရဖြစ်သွားကာ သူ့စိတ်လှုပ်ရှားမှုကိုပင် မထိန်းနိုင်တော့ဘဲ အကျယ်ကြီး အော်ဟစ်မိလိုက်လေသည်။

ကြယ်စီရင်စုကြီးထဲတွင် နေရသည်မှာ ရန်ကိုင်အတွက်မူ အလွန်ကိုမှ မွန်းကြပ်ဖွယ် ကောင်းလွန်းလှပေသည်။ အစပိုင်းတွင် ကောင်းကင်လမ်းစဉ်၏ ငြင်းဆန်ခြင်း မခံရလေအောင် သူ၏ကျင့်ကြံခြင်းကို ချိတ်ပိတ်ခဲ့ရသည်။ ကြယ်စီရင်စုသခင် ဖြစ်လာပြီးသည့်နောက်ပိုင်းတွင် ကြယ်စီရင်စုအား ထိခိုက်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူ့ခွန်အားကို လက်လွတ်စပယ် မသုံးရဲခဲ့ပေ။ ယခု ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်လာပြီးသည့် အခါမှသာလျှင် ရန်ကိုင်ခမျာ လွတ်လွတ်လပ်လပ် ပြန်နေနိုင်တော့လေသည်။ ထို့အပြင် ရန်ကိုင်ထင်ထားသကဲ့သို့ပင် ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်ဒုတိယအဆင့်သို့ ချက်ချင်း ချိုးဖြတ်ဝင်ရောက်သွားနိုင်ခဲ့လေသည်။ အဆင့်တက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်သည်။ လက်ရှိ သူရောက်နေသည့်နေရာမှာ ကြယ်တာရာအစုအဝေးမှန်း ရန်ကိုင်သေချာပါသော်ငြား ကြယ်တာရာအစုအဝေး၏ မည်သည့်နေရာသို့ ရောက်နေသလဲဆိုသည်ကို သေချာအောင် အရင်စစ်ဆေးကြည့်ရပေဦးမည်။

ရေခဲဝိဉာဉ်ကြယ်မှ စုယန်နှင့်အတူ ပြန်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အရိပ်ကြယ်ပေါ်၌ နှစ်ဝက်ခန့်ကြာအောင် နေခဲ့လေသည်။ အကုန်လုံးပြင်ဆင်ပြီးသွားသည့်နောက်တွင်တော့ လူတိုင်းအား လောကဓာတ်လုံးထဲသို့ ထည့်ကာ ဟင်းလင်းပြင်ကိုဆုတ်ဖြဲ၍ ကြယ်တာရာအစုအဝေးဆီသို့ ပြန်လာခဲ့သည်။ ကြယ်တာရာအစုအဝေးသို့ ပြန်လာရသည်မှာ အမှန်တကယ်ကိုမှ ရိုးရှင်းလွယ်ကူပေသည်။ ရန်ကိုင်အဖို့ ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်သည့်အလျောက် ကြယ်တာရာအစုအဝေးနှင့် သူ့ကြယ်စီရင်စုအား ဆက်သွယ်နေသော လိုဏ်ခေါင်းတစ်ခုကို ဖန်တီးဖို့ရာ မခက်ခဲပေ။ ရန်ကိုင်သည် နောက်ပိုင်း ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ အတန်အသင့် အားကောင်းပြီးသောလူများ ကြယ်တာရာအစုအဝေးဆီသို့ လာနိုင်ရန်အတွက် ဟင်းလင်းပြင်လိုဏ်ခေါင်းကို ဤအတိုင်း ချန်ထားရစ်ခဲ့ပေသည်။

ထိုနည်းဖြင့် ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ တန်ခိုးရှင်ဘုရင်အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေကြသော ကျင့်ကြံသူများအနေဖြင့် ကြယ်တာရာအစုအဝေးထဲသို့လာကာ သူတို့၏သိုင်းလမ်းစဉ်ကို ပိုမိုမြင့်မားသောအဆင့်ထိသို့ ရောက်အောင် ထပ်မံလျှောက်လှမ်းနိုင်ပေလိမ့်မည်။

မိုးထိမတတ် မြင့်မားလှသော သစ်ပင်ကြီးများကိုကြည့်ရင်း ရှေးကျသည့်အရှိန်အဝါတစ်ရပ်ကို ရန်ကိုင်ခံစားမိလိုက်သည်။ ထိုသစ်ပင်များကို သူ့စိတ်ထဲ တစ်ချိန်က မြင်ခဲ့ဖူးသလို ခံစားနေရလေသည်။ ကြည့်ရင်းကြည့်ရင်းနှင့်မှ ရန်ကိုင်မှာ ရုတ်တရက် အံ့အားသင့်သွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “အဲ့လောက်တောင်တိုက်ဆိုင်တာလား… ငါ ဘယ်လိုလုပ်ပြီး ဒီကိုပြန်ရောက်လာတာလဲ…”

ရန်ကိုင်အနေဖြင့် ကြယ်စီရင်စုမှ ကြယ်တာရာအစုအဝေးသို့ ပြန်လာဖို့ရာ လမ်းကြောင်းအတည်တကျကို အသုံးမပြုနိုင်ခဲ့ပေ။ ဟင်းလင်းပြင်ကိုဆုတ်ဖြဲပြီးသည့်နောက်တွင် ရန်ကိုင်မှာ ကြုံရာနေရာတစ်ခုဆီသို့သာ ရောက်လာခဲ့ရသည်။

သူရှိနေရာဆီမှ တစ်မိုင်ခန့်အကွာ၌ ပုန်းလျှိုးကွယ်လျှိုးဖြင့် လုပ်နေသော မွန်းစတားဗိုလ်ချုပ်တစ်ပါးကို ရန်ကိုင် အာရုံခံမိသွားခဲ့သည်။

ရန်ကိုင်၏ပုံရိပ် ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး မွန်းစတားဗိုလ်ချုပ်၏ရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။ ဦးချိုနှစ်ချောင်းနှင့်မွန်းစတားဗိုလ်ချုပ်မှာတော့ သူ့ရှေ့၌ ရုတ်တရက်ပေါ်လာသည့် ရန်ကိုင်ကိုကြည့်ရင်း အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့သည်။

“ဒါ ရှေးဟောင်းတောအုပ်ကြီးလား…” ရန်ကိုင်သည် မွန်းစတားဗိုလ်ချုပ်ကို ကြည့်ရင်းမှ မေးလိုက်သည်။

မွန်းစတားဗိုလ်ချုပ်မှာ ရန်ကိုင်၏ဇစ်မြစ်နှင့် ရည်ရွယ်ချက်ကို မသိရသေးပေ။ ထို့အပြင် ရန်ကိုင်၏ပြိုင်ဘက် မဟုတ်နိုင်မှန်းလည်း သိထားသည့်အ‌လျောက် အောက်ကျို့၍သာ ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်…”

(ထူးဆန်းလိုက်တာ… ဒီကောင်က ဒီနေရာကို ရှေးဟောင်းတောအုပ်မှန်းမသိဘဲနဲ့ ရောက်နေတာပေါ့… လူသားတွေက တကယ်ကို ဉာဏ်ရည်နိမ့်ပါးကြတာပဲ…)

“ကောင်းတယ်…” ရန်ကိုင် ပြုံးဖြီးသွားခဲ့လေသည်။ “မင်း ဘယ်နတ်အရှင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတာလဲ…”

မွန်းစတားဗိုလ်ချုပ် နောက်တစ်ကြိမ် ကြောင်သွားခဲ့လေသည်။ “ဆရာက နတ်အရှင်တွေကိုသိတာလား…”

“အချိန်ဖြုန်းမနေနဲ့… ငါမေးတာကိုပဲဖြေ…” ရန်ကိုင်က မွန်းစတားဗိုလ်ချုပ်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

မွန်းစတားဗိုလ်ချုပ်၏မျက်နှာ တမုဟုတ်ချည်း ဖြူလျော်သွားခဲ့လေသည်။ ရန်ကိုင် မည်ကဲ့သို့ လှုပ်ရှားပြီး သူ့ရှေ့၌ ပေါ်လာသလဲဆိုသည်ကို မွန်းစတားဗိုလ်ချုပ် မမြင်နိုင်ခဲ့။ ထို့အတွက်ကြောင့် ရန်ကိုင်သာ ဆန္ဒရှိမည်ဆိုလျှင် သူ့အသက်အား အလွယ်လေး ချွေယူသွားနိုင်ပေသည်။ ထို့အတွက်ကြောင့် မွန်းစတားဗိုလ်ချုပ်မှာ လေသံကို အတတ်နိုင်ဆုံး ယဉ်ကျေးအောင်ထိန်းရင်းမှ ပြန်ပြောလိုက်သည်။ “ကျုပ်က အနောက်နတ်အရှင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ မွန်းစတားဘုရင်ယင်ဖေးရဲ့ လက်အောက်ငယ်သားတစ်ယောက်ပါ…”

“အို… ဒီတော့ ဒီနေရာက ယင်ဖေးရဲ့ပိုင်နက်ပေါ့…” ရန်ကိုင် ပြုံးမိသွားလေသည်။

မွန်းစတားဗိုလ်ချုပ်မှာ ယခင်ကထက် ပို၍ထူးဆန်းလာသလို ခံစားလိုက်ရလေသည်။ “ဆရာက ဆရာမွန်းစတားဘုရင်နဲ့ သိတာလား…”

သူ့ရှေ့တွင်ရှိနေသော လူသားမှ မွန်းစတားဘုရင်အား နာမည်တပ်ခေါ်လိုက်သည်ကို ကြည့်ရသလောက် ဤလူသားသည် မွန်းစတားဘုရင်ယင်ဖေးနှင့် အသိအကျွမ်းဖြစ်သည့်ပုံပင်။

“ယင်ဖေးက ငါ့လက်အောက်မှာ အလုပ်လုပ်နေတာလေ… ဒီတော့ ငါ သူနဲ့သိမလား မင်းပြောကြည့်ပေါ့…”

“ဟမ်…” ထိုစကားကြောင့် မွန်းစတားဘုရင် ကြောင်သွားခဲ့လေသည်။ သူပထမဦးဆုံး ထင်မိလိုက်သည်မှာ ဤလူသား မဟုတ်တရုတ်စကားများကို လာပြောနေသည်ဟူ၍ပင်။ မွန်းစတားယင်ဖေးသည် အနောက်နတ်အရှင်ချန်ကွော့၏လက်အောက်တွင် ခစားနေသော မွန်းစတားဘုရင်ရှစ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ လူသားတစ်ဦးမှ ထိုကဲ့သို့သောမွန်းစတားဘုရင်တစ်ပါးနှင့် သိကျွမ်းနေသည်ကပင်လျှင် ကံကောင်းနေပြီဖြစ်လေရာ ထိုကဲ့သို့သောမွန်းစတားဘုရင်တစ်ပါးကိုပင် မည်ကဲ့သို့များ လက်အောက်ငယ်သားအဖြစ် ခိုင်းစေနိုင်ပါမည်နည်း။

ရုတ်တရက်ဆိုသလို မွန်းစတားဗိုလ်ချုပ်သည် တစ်ခုခုအား ပြန်သတိရသွားခဲ့ပြီး မျက်လုံးအပြူးသားဖြစ်သွားရင်းမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် လက်ညှိုးထိုးလျက် “ခင်ဗျား… ခင်ဗျားက…”

ယခုမှသာလျှင် ဤလူသားအား ဘာကြောင့် ရင်းနှီးနေသလို ခံစားနေရသလဲ မွန်းစတားဗိုလ်ချုပ် နားလည်သွားတော့သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်ခန့်က လူသားအဖွဲ့တစ်ဖွဲ့သည် ရှေးဟောင်းကုန်းမြေထဲသို့ ကျူးကျော်လာခဲ့ပြီး သွေးတံခါးနှင့် ပတ်သက်သော ထူးဆန်းသည့်အဖြစ်အပျက်တစ်ခုပင် ပါဝင်ခဲ့ကြသေးသည်။

ထိုတိုက်ပွဲအတွင်း မြောက်ဘက်နတ်အရှင်ဖြစ်သော ရှီဟွော့ အသက်ဆုံးရှုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေကြသော နတ်အရှင်လေးပါးမှာ နတ်အရှင်သုံးပါးသို့ ပြောင်းလဲသွားခဲ့ရတော့သည်။ ကောလဟာလများ ရှိကြသည်မှာတော့ ထိုစဉ်က ကောင်းကင်အမိန့်၏မျိုးဆက်သည် သွေးတံခါးထဲသို့ ဝင်သွားခဲ့သည်ဟူ၍ပင်။ ထို့အပြင် ထိုနေရာ၌ ကောင်းကင်အမိန့်တော်၏မျိုးဆက်နှင့် ရင်းနှီးသော လူသားအမျိုးသားတစ်ဦးလည်း ရှိနေခဲ့ပေသည်။ နတ်အရှင်သုံးပါးသည်ပင်လျှင် ထိုလူသားအား တလေးတစားဖြင့် ဆက်ဆံရပြီး ထိုလူသား ရှေးဟောင်းတောအုပ်ကြီးထဲမှ ထွက်သွားချိန် ထိုလူသားနှင့်အတူ မွန်းစတားဘုရင်သုံးပါးကို ထည့်ပေးလိုက်ရလေသည်။ ထိုမွန်းစတားဘုရင်သုံးပါးအနက် ယင်ဖေးမှာ တစ်ပါးအပါအဝင်ဖြစ်လေ၏။

မွန်းစတားဗိုလ်ချုပ်မှာ ထိုစဉ်ကတိုက်ပွဲကို အဝေးမှ လှမ်းကြည့်ခဲ့ရပေသည်။ ဘာတွေဖြစ်သွားခဲ့သလဲဆိုသည်ကို သေသေချာချာမမြင်ခဲ့ရသည့်တိုင် ရန်ကိုင်၏ ရုပ်ရည်၊ ပုံစံနှင့် ဟန်ပန်အမူအယာကိုတော့ ဝိုးတိုးဝါးတား မှတ်မိနေပေသေးသည်။ ယခု ရန်ကိုင်မှ ထိုအကြောင်းကို ပြန်အစဖော်လာသော် မွန်းစတားဗိုလ်ချုပ်မှာ ထိုကိစ္စကို ချက်ချင်းမှတ်မိသွားတော့လေသည်။

(အဲ့လူသားကို ဘယ်လိုခေါ်တာပါလိမ့်… အို… ဟုတ်တယ်…) ဦးချိုနှစ်ချောင်းနှင့် မွန်းစတားဗိုလ်ချုပ်သည် ချက်ချင်းပဲ လက်သီးဆုပ်၍ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်လေသည်။ “စီနီယာရန်…”

“မင်း ငါ့ကိုသိတယ်ပေါ့…” ရန်ကိုင်သည် မွန်းစတားဗိုလ်ချုပ်အား စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။ ရှေးဟောင်းတောအုပ်ကြီးထဲ မရေမတွက်နိုင်သော မွန်းစတားဗိုလ်ချုပ်များ ရှိကြပြီး သူ့အား သိနေသည့် မွန်းစတားဗိုလ်ချုပ်တစ်ပါးနှင့် ဤနေရာ၌ လာတိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင် ရှေးဟောင်းတောအုပ်ကြီးထဲ ဤမျှပင် နာမည်ကျော်နေလေသလော။

“သိပါတယ်… အဲ့တုန်းက စီနီယာရန်ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အတိတ်ဇာတ်ကြောင်းကို ကျုပ် တစ်ပိုင်းတစ်စ ကြည့်ရှုခွင့် ရခဲ့တာပါ…” ဦးချိုနှစ်ချောင်းနှင့် မွန်းစတားဗိုလ်ချုပ်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေသည်။

(မင်းက ငါ့ကိုသိပေမယ့် ငါက မင်းကိုမှမသိတာ…)

သွေးတံခါးထဲသို့ ဝင်ရောက်ပြီး ဘိုးဘေးသွေးမျိုးဆက်ကို လှုံ့ဆော်ကာ နတ်သားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းလဲခြင်းသည် ရှေးဟောင်းတောအုပ်ကြီးထဲ မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော ကောလဟာလတစ်ရပ်ဖြစ်ပေသည်။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသော မွန်းစတားမျိုးနွယ်စုဝင်တိုင်း ထိုကောလဟာလကို သိထားကြသည်။

ယခု သွေးတံခါးပိတ်သွားခဲ့ပြီး ကောင်းကင်အမိန့်တော်၏မျိုးဆက်မှ ထောင်နှင့်ချီသော နတ်သားရဲအမြုတေများကို စီမံခန့်ခွဲနေရချိန် ကောလဟာလအသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့လေသည်။ ထိုကောလဟာလမှာတော့ ကျန်မျိုးနွယ်စုဝင်များသည်သာ ဘိုးဘေး၏ဂုဏ်သရေကို ပြန်လည်ဆောင်ကျဉ်းပေးပြီး နတ်သားရဲတစ်ကောင် ဖြစ်လာလိုလျှင် ရန်ကိုင်ဟုခေါ်သော လူသားမှာ အခရာကျသည်ဟူ၍ပင်။

ထိုအကြောင်းကြောင့်သာ မဟုတ်ပါက မွန်းစတားဘုရင်သုံးပါးဖြစ်သော ရှီလဲ့၊ ယင်ဖေးနှင့် ရှဲ့ဝူဝေတို့မှာ မည်ကဲ့သို့များ လိုလိုလားလားနှင့် လူသားတစ်ဦး၏လက်အောက်တွင် အလုပ်လုပ်နေပါမည်နည်း။ ထိုမွန်းစတားဘုရင်သုံးပါးသည် သူတို့ နှစ်ပေါင်းထောင်နှင့်ချီကြာအောင် နေထိုင်လာခဲ့သော ရှေးဟောင်းတောအုပ်ကြီးကိုပင် စွန့်ခွာပြီး ထိုလူသားနောက်သို့ လိုက်သွားခဲ့ကြသည်။ နောက်ပိုင်း ရန်ကိုင်ဆီမှ အကျိုးအမြတ်ရနိုင်သည့် အတွက်ကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် မည်ကဲ့သို့များ ထိုမျှကျိုးနွံနေခဲ့ပါမည်နည်း။

ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသော မွန်းစတားဘုရင်သုံးဆယ့်နှစ်ပါးအနက် မွန်းစတားဘုရင်သုံးဦးသည်သာ ကံကောင်းထောက်မ၍ ထိုကဲ့သို့သောကောင်းချီးမျိုးကို ရရှိခဲ့ကြသည်။ ထိုအကြောင်းကြောင့် ကျန်ရစ်နေသော မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးမှာ ထိုသုံးပါးကို အလွန်ကိုမှ မနာလိုအားကျနေကြလေ၏။ နတ်အရှင်သုံးပါးမှ တင်းတင်းကြပ်ကြပ် တားမြစ်ထားသည့် အတွက်ကြောင့်သာမဟုတ်လျှင် လက်ကျန်မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးစလုံး ရှေးဟောင်းတောအုပ်ကြီးထဲမှ ထွက်ကာ ရန်ကိုင်နောက်သို့ လိုက်သွားလောက်ပေသည်။

မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးပင် မရောက်နိုင်သော အခွင့်အရေးသည် သူ့ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလိမ့်မည်ဟု ဦးချိုနှစ်ချောင်းနှင့်မွန်းစတားဗိုလ်ချုပ် မထင်ထားခဲ့ပေ။ သူ့ရှေ့တွင်ရပ်နေသည်မှာ သာမန်လူသားမဟုတ်။ အားကောင်းလွန်းလှသော နတ်အရှင်တစ်ပါး ဖြစ်လာအောင် ကူညီပေးနိုင်သော ဖြတ်လမ်းတစ်ခုသာ ဖြစ်လေသည်။

မွန်းစတားဗိုလ်ချုပ်၏ မီးတောက်မတတ်အကြည့်သည် ရန်ကိုင်အား နေရထိုင်ရ မသက်မသာ ဖြစ်သွားစေခဲ့လေသည်။ ရန်ကိုင်က ချက်ချင်းပဲ ပြောလိုက်လေ၏။ “မင်းက ငါ့ကိုသိတယ်ဆိုမှတော့ ဒီကိစ္စက အေးဆေးဖြစ်သွားပြီ… ငါ မင်းကို ခိုင်းစရာတစ်ခုရှိတယ်… မင်းမှာ အချိန်ရှိလား…”

“ရှိပါတယ်… ရှိပါတယ်…” ဦးချိုနှစ်ချောင်းနှင့်မွန်းစတားဗိုလ်ချုပ်က ချက်ချင်းပြန်ပြောလိုက်သည်။ “စီနီယာ ဘာလုပ်ခိုင်းချင်တာလဲ…”

ဤမွန်းစတားဗိုလ်ချုပ် သူ့အား ကြည့်နေသည့်အကြည့်သည် ပိုပို၍ ထူးဆန်းလာနေသည်ဟု ရန်ကိုင်ခံစားလိုက်ရလေသည်။ ထိုအကြောင်းကြောင့် အချိန်မဖြုန်းချင်တော့ဘဲ ရိုးရိုးရှင်းရှင်းသာ ပြောလိုက်လေ၏။ “လွမ်ဖုန်းကို ငါရန်ကိုင် ပြန်လာပြီလို့ သွားပြောလိုက်… သူ ငါ့အပေါ် တင်ထားတဲ့အကြွေးတွေကိုလည်း ငါပြန်လာတောင်းမှာလို့… အဲ့တော့ သေချာပြင်ထားပေတော့လို့…”

“အကြွေး… ဘာအကြွေးလဲ…” ဦးချိုနှစ်ချောင်းနှင့်မွန်းစတားဗိုလ်ချုပ် နားမလည်နိုင်ဖြစ်သွားလေသည်။

“အပိုတွေမေးမနေနဲ့… ငါခိုင်းတဲ့အတိုင်းသာ သွားပြောလိုက်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ဦးချိုနှစ်ချောင်းနှင့်မွန်းစတားဗိုလ်ချုပ်အား ဆောင့်ကန်လိုက်လေ၏။

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့…” ဦးချိုနှစ်ချောင်းနှင့်မွန်းစတားဗိုလ်ချုပ်လည်း ချက်ချင်း လှည့်ထွက်သွားလေသည်။ သို့သော်ငြား ခြေနှစ်လှမ်း လှမ်းပြီးရုံပင်ရှိသေး တစ်ခုခုအား နားလည်သွားခဲ့လေ၏။

(မဟုတ်သေးဘူး… ငါ အခုနေထွက်သွားရင် ဒီလူသားနဲ့နီးကပ်ခွင့် ဘယ်လိုလုပ်ပြီးရတော့မှာလဲ…)

ထို့အတွက်ကြောင့် အလျင်စလို နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သို့သော်ငြား သူ့နောက်၌ မည်သူမျှရှိမနေတော့ပေ။ ရန်ကိုင် ဤနေရာမှ အစောကြီးတည်းက ထွက်သွားခဲ့လေပြီ။ ထိုအခါ မွန်းစတားဗိုလ်ချုပ်မှာ သူ့ကိုယ်သူ ဤမျှ ရူးမိုက်ရလေသလားဟု ကြိတ်ကာ အပြစ်တင်တော့လေသည်။ သို့တိုင် ရန်ကိုင်ပေးသည့်အမိန့်ကို မလွန်ဆန်ရဲခဲ့ပဲ ပြောသည့်အတိုင်း လုပ်ရန်အလို့ငှာ လွမ်ဖုန်းနန်းတော်ဆီသို့ အူလျားဖားလျား ထွက်သွားလေ၏။

ရန်ကိုင်ကမူ မိုးထိမတတ် မြင့်မားလှသော သစ်ပင်ကြီးများကြား ကူးကလန်ခတ် သွားလာနေခဲ့လေသည်။

တစ်နာရီခန့်အကြာ၌ ရန်ကိုင် မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။ လေထုတစ်ခုလုံးမှာ သင်းပျံ့မွှေးကြိုင်သော မွှေးရနံ့တို့ဖြင့် ပြည့်နေခဲ့လေ၏။ ဤနေရာသည် ရှေးဟောင်းတောအုပ်ကြီးထဲတွင် ဖြစ်နေပါသော်ငြား ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသည့် အန္တရာယ်များမှာ ဤနေရာ၌ ရှိမနေကြပေ။ ဤနေရာတစ်ခွင်လုံးသည် အခြားနေရာများနှင့် လုံးဝကို မတူကွဲပြားသည့် ငြိမ်းချမ်းတိတ်ဆိတ်သော ကွန်းခိုရာတစ်ခု ဖြစ်သည့်အလား။

ငှက်များမှာ သစ်ပင်ထိပ်ဖျားတွင် နားနေကြပြီး သားရဲများမှာလည်း မြေပြင်ထက် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အနားယူနေကြသည်။ ရှေးဟောင်းတောအုပ်ကြီးထဲရှိ အခြားသောနေရာများတွင် မြင်ရခဲလှသော မြင်ကွင်းမျိုးကို ဤနေရာ၌ မြင်တွေ့နေရလေသည်။ မသိလျှင် ဤနေရာတစ်ခုလုံးကို ကာကွယ်ပေးထားသော မမြင်နိုင်သည့်စွမ်းအားတစ်ရပ် ရှိနေသည့်အလား။

လေညင်းများ အသာအယာ တိုက်ခတ်နေခဲ့ပြီး သစ်ကိုင်းသစ်ခက်များမှာ လေအဝှေ့နှင့်အတူ ယိမ်းထိုးနေခဲ့သည်။ ရုတ်တရက်ဆိုသလို လက်တစ်ဝါးအရွယ်ခန့် ရှိသော ပုံရိပ်လေးများ သစ်ပင်များဆီမှ ပျံသန်းထွက်လာကြလေသည်။ ထိုအရာလေးများသည် အခြားမဟုတ် သစ်သားဝိဉာဉ်များသာ ဖြစ်ကြ၏။

All Chapters