← Chapters

အခန်း (၃၂၀၁-၃၂၀၅)

Vol. 140 Ch. 3201-3205

အခန်း (၃၂၀၁-၃၂၀၅)

Vol. 140 Ch. 3201-3205

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၁)

ဘာသာပြန်သူ_တိမ်တိုက်

သစ်သားဝိဉာဉ်များသည် မျိုးသုဉ်းပျောက်ကွယ်သွားခါနီးဖြစ်နေသော ထူးခြားသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။ သစ်သားဝိဉာဉ်များမှာ မွေးရာပါအားနည်းကြ၍ အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်း မရှိကြပါသော်ငြား သစ်ပင်ပန်းမန်များကို ပျိုးထောင်ရေးနှင့် ပတ်သက်သော ထူးခြားသည့် ပါရမီတစ်မျိုးကို ပိုင်ဆိုင်ထားကြပေသည်။

ပြောကြသည်မှာတော့ ရှေးခေတ်အချိန်များတွင် အားကောင်းလှသော ကျင့်ကြံသူများသည် သစ်သားဝိဉာဉ်များကို ဖမ်းဆီး၍ သူတို့၏ဆေးဥယျာဉ်များကို စောင့်ရှောက်ခိုင်းသည်ဟူ၍ပင်။ သစ်သားဝိဉာဉ်များမှ စောင့်ရှောက်ပေး‌နေသော ဆေးဥယျာဉ်အတွင်းရှိ ဆေးပင်များ၏ အရည်အသွေးနှင့် အရေအတွက်မှာ သစ်သားဝိဉာဉ်မရှိသော ဆေးဥယျာဉ်များထက် သုံးဆယ်ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားသည်ဟု ပြောကြသည်။

အချိန်စက်ဝန်းကြီး တရွေ့ရွေ့လည်ပတ်နေသည့်အလျောက် ပြောင်းလဲမှုများစွာသည်လည်း အလိုအလျောက် ဖြစ်ပေါ်နေခဲ့ရသည်။ ကြယ်စီရင်စုကြီးထဲရှိ ကြယ်များမှာ သေဆုံးသွားလိုက် အသစ်တဖန်ပြန်လည်ဖြစ်ပေါ်လာလိုက် ဖြစ်နေကြသလို ကြယ်တာရာအစုအဝေးသည်လည်း တဖြည်းဖြည်းနှင့် ဆင့်ကဲပြောင်းလဲလာခဲ့သည်။ အလားတူပင် သက်ရှိမျိုးစိတ်အရေအတွက်မှာလည်း ပြောင်းလဲသွားကုန်ကြလေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ရှေးဟောင်းတောအုပ်ကြီးမှာတော့ ရှေးခေတ်အချိန်တည်းမှ ယခုအချိန်အထိ မပြောင်းမလဲ တည်ရှိနေဆဲပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ပြင်ပလောကကြီး၌ မတွေ့နိုင်သော ရှားပါးလှသည့်သက်ရှိများကို ဤနေရာတွင် တွေ့နိုင်ခြင်းပင်။

သစ်သားဝိဉာဉ်များသည် ထိုကဲ့သို့သော ရှားပါးလှသည့် မျိုးစိတ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် မျိုးစိတ်တစ်ခု ဖြစ်ပေသည်။ ကျောက်တုံးဝိဉာဉ်များမှာလည်း အလားတူပင် ဖြစ်ကြသည်။ ထိုမျိုးနွယ်စုနှစ်ခုသည် တစ်ဦးအပေါ်တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကာ နေထိုင်နေကြလေသည်။ ကျောက်တုံးဝိဉာဉ်များသည် သစ်သားဝိဉာဉ်များအား ကာကွယ်ပေးကြပြီး သစ်သားဝိဉာဉ်များကမူ ကျောက်တုံးဝိဉာဉ်များအား တိုက်ခိုက်ရာတွင် လေပေါ်သို့ ပျံနိုင်အောင် ကူညီပေးကြလေသည်။ သစ်သားဝိဉာဉ်ကလန်၏ အကူအညီသာ မရှိပါက ကျောက်တုံးဝိဉာဉ်များအနေဖြင့် မြေပြင်တွင်နေ၍သာ တိုက်ခိုက်နိုင်ကြပေလိမ့်မည်။

သစ်သားဝိဉာဉ်ဆယ်ကောင်ကျော်သည် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး စူးစမ်းသိလိုစိတ်ပြင်းပြသော လိပ်ပြာလေးများနှယ် ရန်ကိုင်အနားတစ်ဝိုက်တွင် စုဝေးနေကုန်ကြလေသည်။

“မင်္ဂလာပါ…” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

သစ်သားဝိဉာဉ်များနှင့် ကျောက်တုံးဝိဉာဉ်များသည် ပြင်ပမျိုးနွယ်စုများနှင့် အဆက်အသွယ်မရှိကြ‌သော မျိုးနွယ်စုများ ဖြစ်ကြသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရှေးဟောင်းတောအုပ်ကြီးထဲ၌ နေထိုင်နေကြသော မွန်းစတားမျိုးနွယ်စုဝင်အတော်များများမှာ သစ်သားဝိဉာဉ်များနှင့် ကျောက်တုံးဝိဉာဉ်များအကြောင်းကို ကြားသာကြားဖူးကြပြီး တစ်ခါမှ မမြင်ဖူးကြပေ။

ရန်ကိုင်သည် ဤနေရာသို့ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က တစ်ခါရောက်ခဲ့ဖူးသလို ကျောက်တုံးဝိဉာဉ်ကလန်နှင့် သစ်သားဝိဉာဉ်ကလန်တို့၏ ဧည့်သည်တော်လည်း ဖြစ်ခဲ့သည်။

သစ်သားဝိဉာဉ်အမတစ်ကောင်သည် ရန်ကိုင်ပုခုံးပေါ်သို့ ဆင်းလာပြီး သူ့နားနားသို့ကပ်ကာ ပြောလိုက်လေသည်။ “အကြီးအကဲနဲ့ ကျွန်မတို့ရဲ့ကလန်သားတွေ ဧည့်သည်ကိုစောင့်နေပါတယ်… ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း ကြွခဲ့ပါနော်…”

သူမ၏အသံလေးမှာ အလွန်ကိုမှ သာယာပျော့ပျောင်းလှပြီး ပါးလေးနှစ်ဖက်မှာလည်း ပါးနီခြယ်ထားသည့်ပမာ နီမြန်းနေခဲ့လေသည်။ သစ်သားဝိဉာဉ်များသည် အမှန်တကယ်ကို ရှက်တတ်လွန်းကြသည့် မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။

ဤသစ်သားဝိဉာဉ်ကို ရင်းနှီးနေသလို ရန်ကိုင်စိတ်ထဲ ခံစားနေရလေသည်။ မကြာခင်မှာပင် ဤသစ်သားဝိဉာဉ်သည် ယခင်က သူ့အရက်ခွက်ထဲသို့ အရက်ငှဲ့ပေးခဲ့သည့် သစ်သားဝိဉာဉ်ဖြစ်ကြောင်း ပြန်သတိရသွားလေ၏။ သို့သော်ငြား သိပ်တော့ မသေချာသေးပေ။ ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။ “ကောင်းပြီ…”

သစ်သားဝိဉာဉ်များသည် မိုင်တစ်ထောင်အတွင်းတွင် ရှိနေသော သစ်ပင်များနှင့် ဆက်သွယ်နိုင်သည့် မွေးရာပါစွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင် ဤနေရာသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သတိထားမိသွားခဲ့ခြင်းဖြစ်ပြီး ရန်ကိုင်အား ကြိုဆိုရန်အတွက် ဤသစ်သားဝိဉာဉ်များကို စေလွှတ်လိုက်ခြင်းဖြစ်ပေသည်။

သစ်သားဝိဉာဉ်များ၏ အကူအညီဖြင့် လမ်းလျှောက်လာလိုက်ရာ တစ်ခဏအကြာတွင် ရန်ကိုင်သည် ကျောက်တုံးဝိဉာဉ်များ နေထိုင်သည့် နေရာဆီသို့ ရောက်လာခဲ့လေသည်။ ဤနေရာရှိ သစ်ပင်ကြီးများသည် အခြားနေရာတွင်ရှိနေသော သစ်ပင်ကြီးများထက် အရွယ်အစား ပိုမိုကြီးမားလှကာ သစ်ပင်တစ်ပင်ချင်းစီတိုင်းတွင်လည်း သဘာဝအတိုင်း ဖြစ်ပေါ်နေသော သစ်လိုဏ်ဂူတစ်လုံးစီ ရှိနေကြလေသည်။

ကျောက်တုံးဝိဉာဉ်ကိုးကောင်သည် ရန်ကိုင်ရောက်လာမည်ကို စီတန်းကာ ရပ်စောင့်နေကြလေ၏။ အလယ်တွင်ရှိနေသော ကျောက်တုံးဝိဉာဉ်မှာတော့ အတော်လေးကိုမှ အသက်ကြီးနေပုံပေါက်ပေသည်။ လက်ရှိအချိန်တွင် ထိုအသက်ကြီးကြီးကျောက်တုံးဝိဉာဉ်သည် ရန်ကိုင်ရှိရာအရပ်ဆီသို့ ပြုံးကာ ကြည့်နေလေ၏။

ရန်ကိုင်သည် ထိုအကြီးအကဲဆီသို့ လျှောက်သွားလိုက်ပြီး လက်သီးဆုပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။ “အကြီးအကဲ…”

ထို့နောက်တွင် လက်တစ်ဝါးအရွယ်အစားခန့်သာရှိသော အကြီးအကဲ၏ပုခုံးထက်တွင် ထိုင်နေသည့် ပန်းပွင့်သရဖူနှင့်သစ်သားဝိဉာဉ်အမျိုးသမီးကိုကြည့်၍ နှုတ်ဆက်လိုက်လေသည်။ “မိသားစုခေါင်းဆောင်သခင်မ…”

“ဧည့်သည်… ငါတို့ ထပ်တွေ့ကြပြန်ပြီနော်…” ကျောက်တုံးဝိဉာဉ်အကြီးအကဲက ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။

“နင့်လေသံကို တိုးတိုးပြော…” သစ်သားဝိဉာဉ်ခေါင်းဆောင်သခင်မဖြစ်သည့် မူနက သူမနားကို လက်ဖြင့်အုပ်လိုက်ရင်းမှ ပြန်ပြောလိုက်သည်။

“ဧည့်သည်တော်လို့ မခေါ်ပါနဲ့ အကြီးအကဲ… ကျေးဇူးပြုပြီး နာမည်အတိုင်းပဲခေါ်လိုက်ပါ…” ရန်ကိုင်က နှိမ့်ချ၍ ပြန်ပြောလိုက်သည်။ ရန်ကိုင်မှာ ကျောက်တုံးဝိဉာဉ်ကလန်နှင့် အတော်လေးကိုမှ နှီးနွှယ်ပတ်သက်နေသည့်အလျောက် ယခုကဲ့သို့ အခေါ်ခံရသည့်အပေါ် သူ့စိတ်ထဲ တစ်မျိုးတစ်မည် ခံစားရလေသည်။ ရှောင်ရှောင်ဖြစ်စေ ကျောက်တုံးကိုယ်ပွားဖြစ်စေ နှစ်ယောက်စလုံးသည် ကျောက်တုံးဝိဉာဉ်များမှ အရင်းခံလာကြခြင်း ဖြစ်သည်။

“အကြီးအကဲတို့ကို တောင်းဆိုစရာလေးရှိလို့ မဖိတ်ခေါ်ပဲ လာလိုက်မိတယ်…”

ကျောက်တုံးဝိဉာဉ်အကြီးအကဲ ရယ်မောလိုက်လေသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ သူ့ရယ်သံမှာ ယခင်ကထက် ပို၍တိုးနေခဲ့သည်။ မူန နောက်တစ်ကြိမ်ထပ်ပြီး အတွန့်တက်လာမည်ကို မကြုံလိုသည့်အတွက်ကြောင့် ဖြစ်ဟန်တူပေသည်။ “ဗိုက်အရင်ဖြည့်ပြီးတော့မှ ပြောကြတာပေါ့… မင်း အရင်တစ်ကြိမ်လာတာ ဆယ်နှစ်ကျော်သွားပြီ… ဒီလိုမျိုး နောက်တစ်ကြိမ်ထပ်တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး… ဒီတော့ အခွင့်အရေးရတုန်းလေး ပျော်ကြရအောင်…”

“အင်း… အကြီးအကဲပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့…”

ထို့နောက် အကြီးအကဲ၏အမိန့်ဖြင့် စားသောက်ပွဲတစ်ခုကို စတင်ကျင်းပတော့လေသည်။ လူတိုင်းသည် သစ်ပင်အမြစ်ကြီးတစ်ခုကို ဝိုင်း၍ ထိုင်လိုက်ကြသည်။ ထိုသစ်ပင်အမြစ်ကြီးကိုမူ စားပွဲခုံအဖြစ် အသုံးချလေ၏။ သစ်သားဝိဉာဉ်များကမူ စားသောက်ဖွယ်ရာများကို ခေါက်တုံ့ခေါက်ပြန်သွားရင်းမှ သယ်ဆောင်လာနေခဲ့လေရာ မကြာမီ စားပွဲပေါ်တွင် အမျိုးမျိုးသောအသီးများနှင့် အရက်များဖြင့် ပြည့်နှက်သွားတော့သည်။

လက်ရှိအချိန်မှာ ညအချိန်သို့ ရောက်လာနေခဲ့လေပြီ။ လ၏အလင်းရောင်သည် သစ်ရွက်များကြားမှ အောက်ဘက်ဆီသို့ ထိုးကျနေခဲ့သည်။ လအလင်းရောင်ကြောင့်ပင်လျှင် သစ်ပင်များမှ တွဲလောင်းကျနေသော ထူးဆန်းသည့်အသီးများမှာလည်း အရောင်တလက်လက် တောက်ပနေကုန်ကြလေ၏။

ပုံမှန်အားဖြင့် ငြိမ်ငြိမ်သက်သက်သာ ရှိနေလေ့ရှိကြသော ကျောက်တုံးဝိဉာဉ်များသည် လက်ရှိအချိန်တွင်တော့ မီးကုန်ယမ်းကုန် သောင်းကျန်းနေကြလေသည်။ လူတစ်ရပ်စာထက်ပင် ပို၍မြင့်မားသော ဝိုင်ခွက်ကြီးများကိုကိုင်ရင်း အားမာန်တကြီး အော်ဟစ်နေကြသည်။ သစ်သားဝိဉာဉ်များကမူ ကျောက်တုံးဝိဉာဉ်များအနားတွင် ဝိုင်းရင်းမှ ကခုန်နေကြလေ၏။

ဖြိုးဖြိုးဖျဖျ တောက်ပနေသော လရောင်အောက်ဝယ် ကျောက်တုံးဝိဉာဉ်များနှင့် သစ်သားဝိဉာဉ်များမှာ စားသောက်ပွဲကြီးတစ်ခုကို ပျော်ရွှင်စွာ ဆင်နွှဲနေခဲ့ကြလေသည်။

ကျောက်တုံးဝိဉာဉ်များ၏နာမည်များမှာ အလွန်ကိုမှ ရိုးရှင်းပေသည်။ ရှီရီမှစ၍ ရှီပအထိပင်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ မည်သူသည် မည်သူဖြစ်သလဲဆိုသည်ကို မပြောနိုင်ပေ။ အကြောင်းမှာ ကျောက်တုံးဝိဉာဉ်အားလုံး၏ရုပ်မှာ အတူတူလောက်သာ ဖြစ်နေသည့်အတွက်ကြောင့်ပင်။ မူလက ကျောက်တုံးဝိဉာဉ်များထဲ ရှီကျိုဟုခေါ်သည့် ကျောက်တုံးဝိဉာဉ်တစ်ကောင်လည်း ရှိပေသေးသည်။ ထိုကျောက်တုံးဝိဉာဉ်မှာ အခြားမဟုတ် ရှောင်ရှောင်သာဖြစ်၏။ သို့သော်ငြား သွေးတံခါးထဲသို့ ကျန်းရို့ရှီနှင့်အတူ ဝင်သွားပြီးချိန်မှစ၍ ရှောင်ရှောင်ဆီမှ မည်သည့်သတင်းမှ မရတော့ပေ။

ကျောက်တုံးဝိဉာဉ်ကလန်သည် အလွန်ကိုမှ အားကောင်းလှသော မွေးရာပါရုပ်ခွန်အားစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ လူသားများနှင့် မွန်းစတားမျိုးနွယ်စုဝင်အချို့လောက်သာလျှင် ကျောက်တုံးဝိဉာဉ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြသည်။ သို့သော်ငြား ကောင်းကင်သည် အရာရာအပေါ်တွင် မျှတပေသည်။ အလွန်တရာကိုမှ အားကောင်းလှသည့်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည့်အတွက်ကြောင့် ကျောက်တုံးဝိဉာဉ်ကလန်သားများမှာ အဖွဲ့သားဆယ်ဦးထက်ပို၍ မရှိနိုင်ကြပေ။ ဆယ့်တစ်ယောက်မြောက်ကျောက်တုံးဝိဉာဉ်ကလန်သားတစ်ဦး မွေးဖွားလာမည်ဆိုလျှင် ထိုကျောက်တုံးဝိဉာဉ် အသက်ရှင်နိုင်လိမ့်မည်မဟုတ်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျောက်တုံးဝိဉာဉ်ကလန်သားအရေအတွက်မှာ ဆယ်ဦးထက်မပိုနိုင်ခြင်းပင်။

လက်ရှိ ရန်ကိုင်ရှေ့တွင် ကျောက်တုံးဝိဉာဉ်ကိုးဦး ရှိနေခဲ့လေသည်။ ရှောင်ရှောင်ကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ဆယ်ဦးဖြစ်သွားပေလိမ့်မည်။ ရန်ကိုင်၏ကျောက်တုံးကိုယ်ပွားမှာ ကျောက်တုံးဝိဉာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသော်ငြား ကိုယ်ပိုင်အသိဉာဏ်မရှိသည့်အတွက်ကြောင့် ကျောက်တုံးဝိဉာဉ်ဟု ပြော၍မရပေ။

ကျောက်တုံးဝိဉာဉ်ကလန်သား ၈ ဦးသည် ခွက်တစ်ခွက်ချင်းစီကို ကိုင်ရင်းမှ ရန်ကိုင်နှင့် ခွက်ချင်းလာတေ့လေသည်။ သူတို့အသုံးပြုနေသော အရက်ခွက်များသည် သာမန်အရက်အိုးများထက် နှစ်ဆမက ပိုမိုကြီးမားကြလေ၏။ ရန်ကိုင်မှာလည်း မငြင်းသာသဖြင့် ခွက်လာတေ့တိုင်း သောက်ပေးရုံသာ တတ်နိုင်ခဲ့လေသည်။

သစ်သားဝိဉာဉ်ကလန်မှ ချက်လုပ်သောအရက်သည် အားကောင်းလှသောစွမ်းအင်များနှင့် ဆေးအာနိသင်တို့ဖြင့် ပြည့်နေပေသည်။ ထိုအကြောင်းကြောင့် ကျောက်တုံးဝိဉာဉ်ကလန်သားများသည်ပင်လျှင် ထိုအရက်ကို များများစားစား မသောက်နိုင်ကြပေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှာ ထိုရူးကြောင်ကြောင်ကျောက်တုံးဝိဉာဉ်များနှင့် မည်ကဲ့သို့များ ယှဉ်သောက်နိုင်ပါမည်နည်း။

ထိုအကြောင်းကြောင့်ပင်လျှင် သောက်နေရင်းတန်းလန်းနှင့်မှ ရန်ကိုင်သည် စားပွဲခုံပေါ်သို့ မှောက်ကျသွားခဲ့လေ၏။ ထို့နောက် သစ်သားဝိဉာဉ်လေးများသည် ရန်ကိုင်အား အင်္ကျီစမှကိုင်ကာ မ တင်သွားပြီး သစ်လိုဏ်ဂူတစ်လုံးဆီသို့ အနားယူရန် ခေါ်ဆောင်သွားခဲ့လေသည်။

ရန်ကိုင်ပြန်နိုးလာချိန်တွင်တော့ နောက်တစ်နေ့မနက်သို့ ရောက်နေခဲ့လေပြီ။

နိုးလာလာချင်း ရန်ကိုင်မှာ ခေါင်း အတော်လေး မူးဝေနေသေး၏။ ဧကရာဇ်ချီကိုလှည့်ပတ်၍ တင်ပလင်ခွေထိုင်ကာ ကျင့်ကြံလိုက်သည့်အခါမှသာလျှင် အနည်းငယ်သက်သာသွားရသည်။ တစ်ချိန်တည်းတွင်လည်း နောက်နောင် ကျောက်တုံးဝိဉာဉ်များနှင့် မည်သည့်အခါမှ ပြိုင်မသောက်တော့ဟုလည်း ဆုံးဖြတ်ချက်ချလိုက်လေ၏။

ယမန်နေ့က ရန်ကိုင်အား လာရောက်နှုတ်ဆက်သော သစ်သားဝိဉာဉ်အမျိုးသမီးသည် တံခါးပေါက်အပြင်ဘက်မှနေ၍ ရန်ကိုင်အား လှမ်းကြည့်နေခဲ့လေသည်။

ရန်ကိုင်နိုးလာသည်ကိုမြင်သည့်အခါ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်လေ၏။ “ဧည့်သည် နိုးလာပြီလား… အကြီးအကဲနဲ့ ခေါင်းဆောင်သခင်မတို့ စောင့်နေတယ်…”

“အင်း… ကျေးဇူးပဲ… ကျုပ် အခုပဲ လာခဲ့မယ်…” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည်။ ရန်ကိုင်မှပြုံးပြလာသည့်အတွက်ကြောင့် သစ်သားဝိဉာဉ် ထပ်မံရှက်သွေးဖြာသွားပြန်လေ၏။

(တကယ်ကို ထူးဆန်းတဲ့မျိုးနွယ်စုပါလား…)

သစ်သားဝိဉာဉ်ကလန်သည် သစ်ပင်ပန်းမန်များကို ပျိုးထောင်ရာတွင် အထူးကျွမ်းကျင်လှသော မွေးရာပါစွမ်းရည်ကိုသာ ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ သစ်သားဝိဉာဉ်ကိုယ်တိုင်သည်လည်း အလွန်ကိုမှ အဖိုးထိုက်တန်သည့် ရတနာတစ်ပါး ဖြစ်ပေသည်။ ပြောကြသည်မှာတော့ သစ်သားဝိဉာဉ်များ၏ ခန္ဓာကိုယ်ထဲတွင် အလွန်တရာကိုမှ များပြားလှသော အသက်ဓာတ်စွမ်းအင်တို့ ကိန်းအောင်းနေသည်ဟူ၍ပင်။ သေခါနီးဖြစ်နေသော တစ်စုံတစ်ဦးသည်သာ သစ်သားဝိဉာဉ်တစ်ကောင်ကို အရှင်လတ်လတ် ဝါးစားပစ်လိုက်မည်ဆိုပါက ချက်ချင်း သေမင်းတံခါးပေါက်ဝမှ ပြန်ရုန်းထွက်လာနိုင်လိမ့်မည်ဟု ပြောစမှတ်ရှိကြပေသည်။

သစ်သားဝိဉာဉ်များသည် ရှေးဟောင်းတောအုပ်ကြီးထဲတွင် နေထိုင်နေကြပြီး ကျောက်တုံးဝိဉာဉ်ကလန်၏ ကာကွယ်မှုကို ရရှိထားသည်မှာ ကံကောင်းသည်ဟု ပြော၍ရပေသည်။ ထိုသို့သာမဟုတ်ပါက အပြင်လောကကြီးတွင်သာဆိုလျှင်တော့ သစ်သားဝိဉာဉ်ကလန် မျိုးသုဉ်းပျောက်ကွယ်သွားပြီမှာ ကြာလောက်ပေပြီ။ လူသားများ၏လောဘမှာ အတိုင်းအဆမရှိ။ သေခါနီးလူတစ်ဦးအား ချက်ချင်းပြန်ရှင်လာစေနိုင်သော သစ်သားဝိဉာဉ်များသည်သာ အပြင်လောကကြီး၌ လျှောက်သွားနေမည်ဆိုလျှင် လူပေါင်းများစွာ၏ ဖမ်းဆီးအမဲလိုက်ခြင်း ခံရပေလိမ့်မည်။

သူနေထိုင်သည့်လိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက် မကြာမီမှာပင် အကြီးအကဲအား တွေ့သွားခဲ့လေသည်။ ရန်ကိုင်သည် အကြီးအကဲကို ဦးညွှတ်လိုက်ပြီးသည့်နောက် ထိုင်ချ၍ မေးလိုက်လေ၏။ “ရှောင်ရှောင်နဲ့ပတ်သက်ပြီး ဘာသတင်းကြားသေးလဲ အကြီးအကဲ…”

အကြီးအကဲက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “အခုလောလောဆယ်တော့ ဘာသတင်းမှမကြားသေးဘူး… သွေးတံခါးဆီကနေလည်း ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး…”

ရန်ကိုင်က ပြုံး၍ “ရို့ရှီရှိနေတာဆိုတော့ သူ အဆင်ပြေလောက်မှာပါ… အကြီးအကဲ သိပ်ပြီး စိတ်ပူမနေပါနဲ့…”

သွေးတံခါးထဲတွင် မရေမတွက်နိုင်သော နတ်သားရဲအမြုတေများကို သိမ်းဆည်းထားသည့် နန်းတော်ကြီးတစ်ခု ရှိပေသည်။ ထိုနန်းတော်ထဲတွင်ရှိနေသည့် နတ်သားရဲအမြုတေများမှာ ယခင်က ကောင်းကင်အမိန့်တော်မှ နတ်သားရဲများကို အမဲလိုက်ပြီးသည့်နောက် ရရှိလာသည့်အရာများ ဖြစ်ကြသည်။ ရှောင်ရှောင်သည် ထိုက်ယွဲ့၏အမြုတေကို ဆက်ခံရန်အလို့ငှာ ကျန်းရို့ရှီနှင့်အတူ သွေးတံခါးထဲသို့ ဝင်သွားခဲ့ခြင်း ဖြစ်လေသည်။

ရို့ရှီကိုယ်တိုင်မှ စောင့်ကြပ်ပေးနေမည် ဖြစ်သည့်အတွက်ကြောင့် ရှောင်ရှောင်အဆင်ပြေလိမ့်မည်မှာ သေချာသလောက်ရှိပေသည်။

ဟိုးယခင်က မြောက်မြားလှစွာသော နတ်သားရဲများ ဤလောကကြီးထဲတွင် ရှိခဲ့ကြသည်။ သို့သော်ငြား နတ်သားရဲတစ်ကောင်နှင့်တစ်ကောင်၏ ခွန်အားမှာ တူညီခြင်းမရှိကြပေ။ နဂါးနှင့် ဖီးနစ်များသည် နတ်သားရဲများထဲ ထိပ်တန်းအဆင့်နတ်သားရဲများ ဖြစ်ကြသည်ဟုဆိုလျှင် လိပ်နက်၊ ကျားဖြူ၊ ချီလင်နှင့် ချုန်းချီတို့မှာ ထိုထိပ်တန်းနတ်သားရဲများအောက် တစ်ဆင့်သာနိမ့်သည့် နတ်သားရဲများ ဖြစ်ကြပေသည်။ အလားတူပင် ထိုက်ယွဲ့မှာလည်း နတ်သားရဲများကြား အတော်လေးကိုမှ အဆင့်မြင့်ပေသည်။ ထိုက်ယွဲ့မှာ ချီလင်၊ ချုန်းချီတို့အောက် နိမ့်ကျခြင်းမရှိပေ။ ထိုအကြောင်းကြောင့် ထိုက်ယွဲ့၏အမွေအနှစ်ကို ဆက်ခံပြီးသည့်နောက် ရှောင်ရှောင် မည်ကဲ့သို့ဖြစ်လာမလဲဆိုသည်ကို ရန်ကိုင် အတော်လေးသိချင်နေမိသည်။

ရန်ကိုင်၏စကားကိုကြားသော် အကြီးအကဲမှာ တစ်ခုခုကို ပြောချင်နေသည့်အလား။ သို့သော်ငြား တုံ့ဆိုင်းနေခဲ့လေသည်။ နောက်ဆုံးတွင်တော့ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ငါတို့ဆီကနေ အကူအညီတောင်းစရာရှိတယ်လို့ မင်း ပြောခဲ့တယ်နော်… ဘာအကူအညီတောင်းချင်တာလဲ…”

“ဒီလိုပါ… ကျုပ် ဒီမှာ မြောက်ဘက်နယ်မြေက ထက်ကောင်းကင်နန်းတော်နဲ့ ဆက်သွယ်နေတဲ့ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းချင်လို့…”

“မြောက်ဘက်နယ်မြေကိုဆက်သွယ်ဖို့…” အကြီးအကဲ ကြောင်သွားခဲ့လေသည်။

“ကောင်လေး… အဲ့လိုမျိုးလုပ်လို့မရဘူး…” မူနသည် တစ်နေရာရာမှ ပျံသန်းလာပြီး အကြီးအကဲ၏ပုခုံးထက်တွင် ဆင်း၍ ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည်။ “ဒီနေရာက သစ်သားဝိဉာဉ်ကလန်နဲ့ ကျောက်တုံးဝိဉာဉ်ကလန် နေတဲ့နေရာပဲ… နင်ကလွဲပြီးတော့ ဘယ်လူသားမှ ဒီနေရာကို ခြေမချဖူးဘူး… နင်သာ ဒီနေရာမှာ နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းလိုက်မယ်ဆိုရင် ငါတို့ပါ ဒုက္ခရောက်ရမှာ… ဒီတော့ နင်တောင်းဆိုတာကို ငါ ခွင့်ပြုပေးလို့မရဘူး…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ခေါင်းဆောင်သခင်မ… အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့… အဲ့ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုမှာက ကျုပ်တစ်ယောက်တည်းပဲ… အခြား ဘယ်သူမှ အသုံးမပြုစေရဘူးလို့ ကျုပ် ကတိပေးတယ်…”

ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ တောင်းဆိုရခြင်းမှာ လွမ်ဖုန်း၏နန်းတော်ထဲ သူခင်းကျင်းထားခဲ့သော ဟင်းလင်းပြင်အစီအရင် ဖျက်ဆီးခံလိုက်ရသည့် အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့်သာလျှင် မြောက်ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေကို ဆက်သွယ်လိုပါက ဤနည်းလမ်းကို အားကိုးရုံသာ ရှိတော့ပေသည်။

“ဒါဆို နင် ဘယ်လိုအာမခံပေးမှာလဲ…” မူနကမူ လက်မခံချင်သေးပေ။

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ကျုပ်ကိုယ်တိုင် ဒီဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းမှာဆိုတော့ ကျုပ်ကိုယ်တိုင် အာမခံပေးတယ်… ပြီးတော့ အဲ့ဘက်ကနေ တစ်ယောက်ယောက် ဒီဘက်ကိုလာခဲ့မယ်ဆိုရင် အကြီးအကဲနဲ့ ခေါင်းဆောင်သခင်မတို့ စိတ်ကြိုက်သာလုပ်… သူတို့ကို ရှင်းပစ်ချင်လည်းရှင်းပစ်လိုက်… ဘာမှမဖြစ်ဘူး…”

မူနက တစ်ခုခု ပြန်ပြောတော့မည်အပြု အကြီးအကဲက ဝင်ပြောလိုက်လေသည်။ “မင်း အဲ့လိုမျိုး အာမခံပေးနိုင်တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး…”

“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ…”

အကြီးအကဲကိုယ်တိုင်က သဘောတူလိုက်ပြီဖြစ်သည့်အတွက်ကြောင့် မူနလည်း ဘာမှထပ်ပြောမနေတော့ပေ။

“မင်း အစီအရင်ကို ဘယ်မှာခင်းကျင်းဖို့လုပ်ထားလဲ…”

“ရှောင်ရှောင်ရဲ့ သစ်လိုဏ်ဂူထဲမှာ ခင်းကျင်းမလားလို့…” ရန်ကိုင်မှာ ဟင်းလင်းပြင်အစီအရင်အား မည်သည့်နေရာတွင် ခင်းကျင်းမလဲဆိုသည်ကို ရွေးချယ်ပြီးသွားခဲ့လေပြီ။ ထိုနေရာမှာ ရှောင်ရှောင် ယခင်နေခဲ့သော သစ်လိုဏ်ဂူသာ ဖြစ်ပေသည်။ ထိုသစ်လိုဏ်ဂူသည် အတော်လေးကိုမှ အရွယ်အစားကြီးမားလှသလို ကျောက်တုံးဝိဉာဉ်ကလန်သားများ နေသည့်နေရာတွင်လည်း ရှိနေသည့်အတွက်ကြောင့် ကျောက်တုံးဝိဉာဉ်ကလန်သားများ၏ ကာကွယ်မှုကိုလည်း ရရှိပေလိမ့်မည်။

“ကောင်းပြီလေ… မင်း အကူအညီတစ်ခုခုလိုရင် ငါတို့ကိုပြောလိုက်…”

“အင်း… ဒါဆို ကျုပ် ချက်ချင်း အလုပ်သွားစလိုက်တော့မယ်နော်…” ရန်ကိုင်က ထိုင်ရာမှထ၍ ပြောလိုက်သည်။

“နင့်အလုပ်ပြီးသွားရင် ငါ့ဆီကိုလာခဲ့ဦး… ငါ နင်နဲ့ ဆွေးနွေးစရာလေးရှိလို့…” မူနက ရုတ်တရက် ကောက်ပြောလိုက်သည်။

ရန်ကိုင်သည် မူနအား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လိုက်ပါသော်ငြား ခေါင်းတော့ညိတ်ပြလိုက်ပေသေးသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၂)

ဘာသာပြန်သူ_တိမ်တိုက်

လွမ်ဖုန်းသည် တင့်တယ်သားနားလှသော အဝတ်အစားများကို ဆင်မြန်း၍ ဖီးနစ်သရဖူကိုပါ ဆောင်းထားရင်းမှ နန်းတော်ရှေ့နားတွင် ထိုင်နေခဲ့သည်။ သို့သော်ငြား တစ်စုံတစ်ဦးမှာတော့ ငြိမ်မနေနိုင်ခဲ့ပဲ စိုးရိမ်တကြီးအမူအယာဖြင့် သူမရှေ့၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့လေသည်။ ထိုသို့ ခေါက်တုံ့ခေါက်ပြန် သွားနေရင်းမှ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား ပြတင်းပေါက်ဆီသို့ မကြာမကြာ လှမ်း၍ကြည့်နေတတ်သေး၏။

ထိုလူသည် အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပြီး သနပ်ခါးရောင်ဝတ်ရုံကို ဆင်မြန်းထားကာ ဆံပင်ကို ဖြစ်သလို ထုံးနှောင်ထားခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ် ရှေးဟောင်းတောအုပ်ကြီးထဲရှိ နတ်အရှင်သုံးပါးအနက်မှ တစ်ပါးအပါအဝင်ဖြစ်သော အနောက်နတ်အရှင်ချန်ကွော့သာ ဖြစ်လေသည်။ ပုံမှန်အားဖြင့် အန္တရာယ်များလှသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရလျှင်ပင် မတုန်မလှုပ်ရှိတတ်သော အနောက်နတ်အရှင်မှာ လက်ရှိအချိန်တွင်တော့ အကြောင်းအရင်းအချို့ကြောင့် မျက်နှာမသာမယာ ဖြစ်နေခဲ့လေသည်။

သူမရှေ့၌ တဝီဝီမြည်အောင် ပျံသန်းနေသော ယင်ကောင်တစ်ကောင်ပမာ ငြိမ်ငြိမ်မနေဘဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည့် ချန်ကွော့အား ဆက်ကြည့်မနေနိုင်တော့သည့်အဆုံး လွမ်ဖုန်းက နဖူးကိုပွတ်ရင်းမှ ပြောလိုက်လေ၏။ “နင် ငြိမ်ငြိမ်ထိုင်နေလို့မရတော့ဘူးလား… နင့်ကိုကြည့်ရင်း ငါ ခေါင်းမူးလာပြီ…”

ထိုအခါမှ ချန်ကွော့ လမ်းလျှောက်နေရာမှ ရပ်သွားခဲ့ပြီး လွမ်ဖုန်းအား ဝမ်းလည်းဝမ်းနည်း ဒေါသလည်းထွက်နေသည့် အမူအယာမျိုးဖြင့် ကြည့်၍ ပြန်မေးလိုက်လေ၏။ “သူ ဘာဖြစ်လို့ ဒီကိုထပ်ရောက်လာတာလဲ… ငါ့ကို ပြောစမ်းပါ… သူဘာဖြစ်လို့ ထပ်ရောက်နေတာလဲ…”

လွမ်ဖုန်းကလည်း အားနည်းဖျော့တော့နေသည့်လေသံဖြင့် ပြန်၍ပြောလိုက်လေသည်။ “ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ…”

“ကောလဟာလတွေအရဆိုရင် သူ မြောက်ဘက်နယ်မြေကိုသွားပြီးတော့ အဲ့မှာ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ထားတယ်ဆို… သူ့ဂိုဏ်းနာမည်က ဘာပါလိမ့်…”

“ထက်ကောင်းကင်နန်းတော်…”

“ဟုတ်တယ်… ထက်ကောင်းကင်နန်းတော်ပဲ…” ချန်ကွော့က ချက်ချင်းပြန်ပြောလိုက်သည်။ “သူ အဲ့ဘက်မှာ လုံးဝကို အဆင်ပြေနေတယ်လို့ ငါကြားပြီးသား… အဲ့ဒါကို ဘာဖြစ်လို့ အဲ့မှာ အေးအေးဆေးဆေးမနေဘဲနဲ့ ဒီအရှေ့နယ်မြေဆီ ပြန်လာရတာလဲ…” (သူ့လိုကောင်မျိုးကို ငါ တစ်ခါမှ မတွေ့ဖူးဘူး… နယ်မြေကြီးလေးခုကို သွားချင်တိုင်းလျှောက်သွားနေတာ… ရှေးဟောင်းတောအုပ်ကြီးကိုလည်း သူ့အိမ်သူယာလိုပဲ အားနေယားနေ ဝင်ထွက်နေချင်နေတာ…)

လွမ်ဖုန်းက ပြန်ပြောလိုက်သည်။ “သူပြောတာတော့ ငါ့ဆီကနေ အကြွေးတောင်းဖို့ လာတယ်လို့ ပြောတာပဲ…”

“အကြွေး… ဘာအကြွေးလဲ…” ချန်ကွော့ လွမ်ဖုန်းအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်လေသည်။

လွမ်ဖုန်းသည် မျက်လွှာချ၍ ပြန်ပြောလိုက်သည်။ “ငါသိမလား… သူ့ဘာသာသူလျှောက်ပြောတာ ဖြစ်ရင်ဖြစ်မှာပေါ့…”

ချန်ကွော့သည် လွမ်ဖုန်းအား မယုံသင်္ကာဖြင့်ကြည့်လျက် “နင် ငါတို့မသိအောင် တစ်ခုခုကို ဖုံးကွယ်ထားတာလား…”

လွမ်ဖုန်းက ချက်ချင်းပဲ ပြန်ပြောလိုက်၏။ “ငါ နင်တို့ဆီကနေ ဘာကိုမသိအောင် ဖုံးကွယ်ထားရမှာလဲ… ဒါနဲ့ နင် ဒီအကြောင်းကို အခြားလူတွေသိအောင်တော့ လျှောက်မပြောလိုက်ပါဘူးနော်…”

ချန်ကွော့က ပြန်ပြောလိုက်သည်။ “ငါက အရူးမှမဟုတ်တာ… လျှောက်ပြောစရာလား…”

“အဲ့လိုဆိုရင် အကောင်းဆုံးပဲ… ဒီမှာရှိနေတဲ့ မွန်းစတားဘုရင်တွေသာ သူရောက်နေတဲ့အကြောင်း သိသွားရင်…” လွမ်ဖုန်း၏စကားမှာ ထိုနေရာ၌ပင် ရပ်တန့်သွားခဲ့သည်။ သူမစကားကိုပင် ဆုံးအောင်ဆက်မပြောနိုင်တော့ဘဲ နောက်ဖြစ်လာမည့်အကြောင်းများကိုတွေးရင်း လွမ်ဖုန်းမှာ ခေါင်းကိုက်ချင်လာရတော့လေသည်။

လွမ်ဖုန်း ဘာကိုပြောချင်နေသလဲဆိုသည်ကို နားလည်နေသည့်အလား ချန်ကွော့မှာလည်း ဒေါသအလိပ်လိပ်ကို ထွက်နေခဲ့လေသည်။ (ရှေးဟောင်းတောအုပ်ကြီးထဲ ငါတို့လိုကြီးကျယ်မြင့်မြတ်တဲ့ နတ်အရှင်တွေက ဧကရာဇ်ပထမအဆင့်ပဲရှိသေးတဲ့ ခွေးသူခိုးလေးတစ်ကောင်ကို ဒီလောက်တောင် သတိထားနေရတယ်ဆိုတာ ယုံကိုမယုံနိုင်ဘူး… အဲ့ခွေးကောင်လေးကြောင့် ငါတို့ ဒီလောက်တောင် စိတ်ဒုက္ခရောက်နေတဲ့အကြောင်းကို လျှောက်ပြောမယ်ဆိုရင်တောင် ဘယ်သူမှ ငါတို့ကို ယုံမှာမဟုတ်ဘူး… ဘယ်အချိန်တည်းကများ ငါတို့ရှေးဟောင်းတောအုပ်ကြီးထဲမှာ လူသားတစ်ယောက်က ဒီလောက်ထိတောင် လာသောင်းကျန်းနိုင်ရတာလဲ…)

ကံမကောင်းစွာဖြင့် သူတို့ လက်တွေ့ကြုံနေရသည့်ပြဿနာမှာ တကယ့်အစစ်အမှန် ဖြစ်လေသည်။ ထိုလူ ရှေးဟောင်းတောအုပ်ကြီးဆီသို့ လာခဲ့စဉ်က ရှေးဟောင်းတောအုပ်ကြီးထဲ ပြဿနာကို မီးမွှေးကာ ပတ်ရှာခဲ့လေသည်။ နတ်အရှင်သုံးပါးမှ မွန်းစတားဘုရင်များအား အတူတကွပူးပေါင်း၍ ဖိနှိပ်ထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့လက်အောက်၌ရှိနေသော မွန်းစတားဘုရင်များအားလုံး ထိုလူကိုရှာရန်အတွက် ဟိုးအစောကြီးတည်းက ရှေးဟောင်းတောအုပ်ကြီးထဲမှ ထွက်သွားလောက်ပေပြီ။

ထိုသို့လိုက်ရှာရခြင်းမှာ လက်စားချေလိုသည့် အတွက်ကြောင့်တော့မဟုတ်။ သူတို့ဘိုးဘေးများ၏ ဘုန်းကျက်သရေကို ပြန်လည်ဆောင်ကျဉ်းလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သူတို့ဘိုးဘေးများ၏ အမွေအနှစ်ကို ပြန်လည်ဆောင်ကျဉ်းလိုလျှင် သွေးတံခါးထဲသို့ဝင်ကာ ဘိုးဘေးများ၏ အမွေအနှစ်ကို ဆက်ခံရပေလိမ့်မည်။ သွေးတံခါးထဲသို့ ဝင်နိုင်ရန်အတွက် ကောင်းကင်အမိန့်တော်မျိုးဆက်၏ ခွင့်ပြုချက်ကို ရရန် လိုအပ်ပေသည်။ ကောင်းကင်အမိန့်တော်မျိုးဆက်နှင့် ရင်းနှီးသူဆို၍ ထိုလူတစ်ဦးတည်းသာ ရှိလေရာ မွန်းစတားဘုရင်များမှာ ထိုလူ၏လက်အောက်တွင် ခစား၍ ထိုလူ၏မျက်နှာသာပေးချင်ကို ခံလိုသည်။ ထိုအခါမှသာလျှင် ကောင်းကင်အမိန့်တော်၏မျိုးဆက် သွေးတံခါးထဲမှ ပြန်ထွက်လာသည့်တစ်နေ့ သူတို့အား သွေးတံခါးထဲသို့ ဝင်ခွင့်ရအောင် စကား ကူပြောကောင်း ပြောပေးနိုင်ပေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် လွန်ခဲ့သည့်နှစ်များအတွင်း ကျန်ရစ်နေသော မွန်းစတားဘုရင်နှစ်ဆယ့်ကိုးပါးမှာ နတ်အရှင်သုံးပါးမှ သေချာဖိနှိပ်ထားသည့်တိုင် ယင်ဖေး၊ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့နေရာတွင် အစားထိုးကာ ရန်ကိုင်လက်အောက်တွင် ခစားလိုသည်ဟု အဆက်မပြတ်ကို တောင်းဆိုနေခဲ့ကြသည်။ အချို့ဆိုလျှင် ရန်ကိုင်လက်အောက်တွင် အလှည့်ကျ ခစားရမည်ဟူသော စနစ်အသစ်ကိုပင်လျှင် အစီရင်ခံ တင်ပြလာခဲ့သည်။

ယခင်က မည်သူ့ကိုမှ လူမထင်ခဲ့ကြသော မွန်းစတားဘုရင်များသည် ရဖို့ရာ လုံးဝမသေချာလုနီးပါး ဖြစ်နေသော အခွင့်အရေးလေးတစ်ရပ်အတွက်နှင့် လူသားတစ်ဦး၏ လက်အောက်သို့ ဤမျှ ခိုဝင်ချင်နေသည်မှာ အလွန်ကိုမှ အရှက်ရဖွယ် ကောင်းလှပေသည်။ ယခုဆိုလျှင် မွန်းစတားဘုရင်များဖြစ်ကြသည်ဟူသော သူတို့၏ မာန၊ ဂုဏ်သိက္ခာကိုပင်လျှင် ဂရုစိုက်မနေကြတော့။ ထိုမွန်းစတားဘုရင်များကိုကြည့်ရင်း နတ်အရှင်သုံးပါးသည်ပင်လျှင် ရှက်ရွံ့လာမိကြသည်။

သို့သော်ငြား သေချာစဉ်းစားကြည့်မည်ဆိုပါကလည်း မွန်းစတားဘုရင်များ ထိုကဲ့သို့ဖြစ်နေသည်မှာ အဆန်းတော့မဟုတ်မှန်း သိနိုင်ပေလိမ့်မည်။ မွန်းစတားဘုရင်များ၏ ကျင့်ကြံခြင်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားကြလေပြီ။ သူတို့အနေဖြင့် နောက်တစ်ဆင့်သို့ ထပ်မံတက်ရောက်လိုပါက ဘိုးဘေးများ၏ သွေးမျိုးဆက်ကို လိုက်ရှာရုံသာ တတ်နိုင်ကြတော့သည်။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေကြသော မွန်းစတားမျိုးနွယ်စုဝင်အများစုသည် နတ်သားရဲများ၏ သွေးမျိုးဆက်ကို အနည်းအကျဉ်း ပိုင်ဆိုင်ထားကြပေသည်။ ထို့အတွက်ကြောင့် သူတို့သည်သာ ကောင်းကင်အမိန့်တော်မျိုးဆက်၏ အကူအညီကို ရရှလိုက်မည်ဆိုလျှင် နတ်သားရဲတစ်ကောင်ဖြစ်လာနိုင်ချေ အခွင့်အရေး များသွားပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင်လျှင် နတ်အရှင်သုံးပါးမှာ မွန်းစတားဘုရင်များ၏လုပ်ရပ်အပေါ် အလွန်ကိုမှ စိတ်ပျက်နေမိသည့်တိုင် မွန်းစတားဘုရင်များကို အပြစ်မပေးနိုင်ခြင်းပင် ဖြစ်လေသည်။ ကံကောင်းစွာဖြင့် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း မွန်းစတားဘုရင်များမှာ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ဆက်၍ ပြဿနာမရှာကြတော့ပေ။

ထိုစဉ်က ရန်ကိုင်ခင်းကျင်းသွားခဲ့သော နယ်မြေခြားဟင်းလင်းပြင်အစီအရင်အား ဖျက်ဆီးခဲ့သည်မှာ မှန်ကန်သည့်လုပ်ရပ် ဖြစ်သည်ဟု လွမ်ဖုန်းမှာလည်း တစ်ထစ်ချ ယုံကြည်နေမိလေသည်။ သူမသာ ထိုကဲ့သို့မလုပ်လိုက်လျှင် ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးဆီသို့ မကြာခဏ ပြန်လာနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ မွန်းစတားဘုရင်များကို ဤကဲ့သို့ ငြိမ်သက်အောင် ထိန်းထားနိုင်တော့လိမ့်မည်မဟုတ်ဘဲ မွန်းစတားဘုရင်များသည်လည်း သူမတို့ဘက်မှ ဖိနှိပ်ချုပ်ခြယ်ထားသည့်တိုင် ရန်ကိုင်နောက်သို့ တကောက်ကောက် ပါသွားကြပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင်တော့ နတ်အရှင်သုံးပါးသည် မည်သည့်လက်အောက်ငယ်သားကိုမှ ပိုင်ဆိုင်ထားခြင်းမရှိသော ဂုဏ်ပုဒ်သက်သက်သာရှိတော့သည့် နတ်အရှင်များသာ ဖြစ်ကြပေတော့မည်။

“ဒီအကြောင်းကိုသတင်းလာပို့တဲ့ မွန်းစတားဗိုလ်ချုပ်ရော…” ချန်ကွော့သည် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ ရှေးဟောင်းတောအုပ်ကြီးထဲ ရန်ကိုင်ပေါ်လာသည့်သတင်း ပြန့်သွားစေ၍မဖြစ်ပေ။ ထိုသို့သာမဟုတ်ပါက ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။

“အကျဉ်းချထားလိုက်တယ်…” လွမ်ဖုန်းက ပြန်ပြောလိုက်သည်။

ချန်ကွော့စိတ်ပူနေသည်ကို လွမ်ဖုန်း မသိဘဲဘယ်နေပါမည်နည်း။ ထိုအကြောင်းကြောင့်ပင်လျှင် မွန်းစတားဗိုလ်ချုပ် သူမအား သတင်းလာပို့ပြီးပြီးချင်းမှာပင် ထိုမွန်းစတားဗိုလ်ချုပ်ကို အကျယ်ချုပ်ချထားပစ်လိုက်လေသည်။ သို့မှသာလျှင် ရန်ကိုင်ရောက်နေသည့်သတင်း ရှေးဟောင်းတောအုပ်ကြီးအနှံ့ ပြန့်မသွားရပေလိမ့်မည်။

“ကောင်းတယ်…” ထိုအခါမှသာလျှင် ချန်ကွော့ စိတ်သက်သာရာ ရနိုင်တော့သည်။

“ငါပြင်ဆင်ခိုင်းထားတာတွေ ပြင်ဆင်ပြီးသွားပြီလား…” လွမ်ဖုန်းသည် ချန်ကွော့ကိုကြည့်၍ မေးလိုက်သည်။

ချန်ကွော့မှ လက်ဖြန့်ပြလိုက်ရာ သူ့လက်ထဲ သိုလှောင်လက်စွပ်သုံးကွင်း ပေါ်လာခဲ့လေသည်။ “ဒီမှာရှိတယ်… ငါတို့ ဒီပြဿနာကို တကယ်ကြီး ပိုက်ဆံနဲ့ပဲ ဖြေရှင်းတော့မှာလား…”

“အဲ့နည်းလမ်းအပြင် အခြားနည်းလမ်းရှိသေးလို့လား…” လွမ်ဖုန်းက ပြန်မေးလိုက်သည်။ ယခုတစ်ကြိမ် ရန်ကိုင်နှင့်ပတ်သက်၍ လွမ်ဖုန်း အချက်တစ်ချက်ကိုမူ လုံးဝ သေချာပေသည်။ ရန်ကိုင် ခက်ခက်ခဲခဲဖြင့် ခင်းကျင်းထားခဲ့ရသော အစီအရင်ကို သူမဘက်မှ ဖျက်ဆီးပစ်ခဲ့သည့် အတွက်ကြောင့် သူမသည်သာ ရန်ကိုင်အား ရှင်းပြချက်ကောင်းကောင်း ပေးလျှင်ပေး မပေးလျှင် ရန်ကိုင်ကျေနပ်စေလောက်မည့် တန်ရာတန်ကြေးကို ပြန်မပေးပါက အကြီးအကျယ် ပြဿနာများသွားရနိုင်ပေသည်။ ထိုပြဿနာကိုဖြေရှင်းဖို့ရာ အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးသောနည်းလမ်းမှာ ပိုက်ဆံဖြင့် ဖြေရှင်းခြင်းသာ ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် သူမတို့ဘက်မှ ပေးချေရလောက်မည့်ပမာဏကို သူမတစ်ဦးတည်း မတတ်နိုင်ပေ။ ယခုကိစ္စသည် ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးနှင့် ပတ်သက်နေသည့်အတွက်ကြောင့် ကျန်နတ်အရှင်နှစ်ပါးမှာလည်း အေးအေးဆေးဆေးနေ၍မရ။

ချန်ကွော့က နာကျင်နေသည့်အမူအယာဖြင့် “ရှေးဟောင်းတောအုပ်ကြီးက ရတနာတွေပေါကြွယ်ဝတဲ့နေရာဆိုပေမယ့် သူ ဒီတိုင်း တောက်လျှောက် ဓါးပြလာတိုက်နေလို့ရှိရင် ငါတို့ ဘယ်လိုမှ တောင့်ခံထားနိုင်မှာမဟုတ်ဘူးနော်… အရင်တစ်ခေါက်တုန်းကလည်း သူယူသွားတာ နည်းတာမဟုတ်ဘူး…”

“သူယူသွားတာတွေက ငါတို့မွန်းစတားမျိုးနွယ်စုတွေအတွက် အသုံးမဝင်တဲ့ ကျောက်စကျောက်နတွေနဲ့ သစ်ပင်တွေပဲဟာကို… ပေးသာပေးပစ်လိုက်… ဘာမှမဖြစ်ဘူး… ဘာလဲ… ဒါမှမဟုတ်…” လွမ်ဖုန်း၏မျက်လုံးထဲ အေးစက်စက်အလင်းတို့ ဖြတ်ပြေးသွားခဲ့ပြီး “ငါတို့ သူ့ကို အခွင့်အရေးရှာပြီး ရှင်းပစ်ကြမလား…”

ချန်ကွော့က ကြောက်လန့်တကြားဖြင့် ထခုန်လျက် ပြန်ပြောလိုက်သည်။ “အဲ့လိုတော့မရဘူးနော်…”

(ဒီအရူးမ တွေးလည်းတွေးတတ်တယ်… ငါတို့သာ သူ့ကို တကယ်ကြီးသတ်လိုက်ရင် ငါတို့သုံးယောက်စလုံး ဘာဖြစ်သွားမလဲဆိုတာကို သူမသိတာလား…) ရှီဟွော့သေသွားသည့်မြင်ကွင်းကို ချန်ကွော့မှာ မနေ့တစ်နေ့က ဖြစ်သွားသည့် အဖြစ်အပျက်ပမာ ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။ ကောင်းကင်အမိန့်တော်၏မျိုးဆက်သည် ရှီဟွော့၏အမြုတေကို လမ်းဘေးမှ ပန်းလေးတစ်ပွင့်ကို ခူးယူလိုက်သည့်ပမာ လွယ်လင့်တကူ နှုတ်ယူသွားခဲ့ခြင်း ဖြစ်လေသည်။ နတ်အရှင်များကို လမ်းဘေးမှ ဂေါ်ဖီထုပ်များပမာ အလွယ်တကူ ခုတ်ထစ်ပစ်နိုင်သည့် သူမကဲ့သို့သော လူမျိုးကို မည်သည့်နတ်အရှင်ကများ သွားရောက်ရန်စရဲပါမည်နည်း။ သူမသည် နတ်သားရဲအားလုံး၏ သဘာဝရန်သူတစ်ပါး ဖြစ်လေသည်။ ရှင်းရှင်းပြောရသော် ကောင်းကင်အမိန့်တော်နှင့် နတ်အရှင်များကြား ဆက်ဆံရေးသည် ကြောင်နှင့်ကြွက်များရှိ ဆက်ဆံရေးပမာသာ ဖြစ်လေသည်။

ချန်ကွော့မှာ ရန်ကိုင်အား သတ်ဖြတ်ဖို့ရာ တစ်ခါမှ မစဉ်းစားရဲခဲ့ပေ။ သူတို့သည် နတ်အရှင်များ ဖြစ်လေရာ ဧကရာဇ်ပထမအဆင့်သာရှိသေးသော ရန်ကိုင်ကဲ့သို့သောလူအား မည်ကဲ့သို့များ မသတ်နိုင်ပါမည်နည်း။ သူတစ်ဦးတည်းဖြင့် မသတ်နိုင်လျှင်ပင် သူတို့သုံးဦး အတူပူးပေါင်း၍ သတ်မည်ဆိုလျှင် ရန်ကိုင်ပြေးလွတ်နိုင်လိမ့်မည်မဟုတ်။ သို့သော်ငြား တကယ့်ပြဿနာမှာ ရန်ကိုင်အား သတ်ပစ်မိလိုက်ပါက နောက်ဆက်ဖြစ်လာမည့် ပြဿနာများပင် ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ချန်ကွော့မှာ ရန်ကိုင်အား သတ်နိုင်သည့်တိုင် မသတ်ရဲခြင်းပင် ဖြစ်လေသည်။

“ဖန်းဝူရောက်နေပြီ…” လွမ်ဖုန်းက ရုတ်တရက်ခေါင်းမော့၍ အပြင်သို့လှမ်းကြည့်ရင်းမှ ပြောလိုက်သည်။

ထိုလူသည် အရပ်ရှည်ရှည်သွယ်သွယ်ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားခဲ့ပြီး ငှက်မွေးများဖြင့် တန်ဆာဆင်ထားသော သရဖူတစ်ခုကို ဆောင်းထားကာ မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ သို့သော်ငြား ချန်ကွော့နှင့် လွမ်ဖုန်းတို့ကဲ့သို့ပင် သူ့မျက်နှာမှာ မသာမယာ ဖြစ်နေခဲ့လေသည်။

ဖန်းဝူသည် ချန်ကွော့အား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် လွမ်ဖုန်းဘက်သို့လှည့်၍ မေးလိုက်လေ၏။ “သူ ထပ်ရောက်နေပြန်ပြီလား…”

လွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

ဖန်းဝူက သက်ပြင်းအမောကြီးချလျက် “တကယ့်ပြဿနာကောင်ပါလား…”

ဘာမဟုတ်သည့် လူသားလေးတစ်ဦးသည် ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးကို ဤမျှ ပြဿနာတက်အောင် လုပ်နိုင်လိမ့်မည်ဟု ဖန်းဝူ တစ်ခါမှ မျှော်လင့်ထားခဲ့ဖူးခြင်း မရှိပေ။ ရန်ကိုင်သည်သာ သူတို့ပင် လုံးဝမယှဉ်နိုင်သည့် အလွန်တရာကိုမှ အားကောင်းနေသည့်လူတစ်ဦး ဖြစ်နေလျှင်တော့ ကိစ္စမရှိ။ နတ်သားရဲများသည် အားကောင်းသည့် သက်ရှိများ ဖြစ်ကြပါသော်ငြား ပြိုင်ဘက်ကင်းသည့်သက်ရှိများတော့ မဟုတ်ပေ။ သို့သော်ငြား တကယ့်ပြဿနာမှာမူ ရန်ကိုင်သည် ထူးထူးခြားခြားကို အားကောင်းနေခြင်းမရှိသလို သူတို့အပေါ်လည်း ရန်လိုနေခြင်း မရှိခြင်းပင်။ ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏တည်ရှိမှုသည် သူတို့၏ငြိမ်းချမ်းရေးကို အလိုလို ဖျက်ဆီးပစ်နိုင်ပေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် နတ်အရှင်သုံးပါးမှာ ရန်ကိုင်ရောက်နေပြီဆိုသည့်အကြောင်း ကြားပြီးသည့်နောက် ပျာယာကိုခတ်သွားခဲ့ရခြင်း ဖြစ်လေသည်။ သူတို့အနေဖြင့် ထိုပြဿနာကောင်ကို တိုက်လည်းမတိုက်ခိုက်ရဲသလို သတ်လည်း မသတ်ပစ်ရဲပေ။ ဤလောကကြီး၌ မကောင်းသည့်လူများသည် နှစ်ပေါင်းထောင်ချီအောင် နေထိုင်နိုင်ကြပြီး ကောင်းရာကောင်းကြောင်း နေထိုင်နေသည့်လူများမှာတော့ သက်တမ်းတိုကြသည်ဟု ပြောကြသည်မှာ ရန်ကိုင်ဆိုသည့်လူစားမျိုးကို ညွှန်းဆိုနေခြင်းသာ ဖြစ်ရပေလိမ့်မည်။

“သူ အခုဘယ်မှာလဲ…”

လွမ်ဖုန်း ခေါင်းခါလိုက်သည်။ “ငါမသိဘူး… ငါသိတာတော့ ရှေးဟောင်းတောအုပ်ကြီးထဲမှာ သူ မနေ့တုန်းက ရုတ်တရက်ပေါ်လာတယ်ဆိုတာပဲ… ပြီးတော့ မွန်းစတားဗိုလ်ချုပ်တစ်ယောက်နဲ့ သွားတိုးတယ်… အဲ့မွန်းစတားဗိုလ်ချုပ်ကို ငါ့ဆီကနေ အကြွေးလာတောင်းမယ်ဆိုပြီး ပြောခိုင်းလိုက်တာ… အဲ့ဒါကြောင့်ပဲ သူရောက်နေမှန်း ငါသိလိုက်တာ…”

“အခြားမွန်းစတားမျိုးနွယ်စုဝင်တွေရော သူ့ကိုမြင်သွားသေးလား…” ဖန်းဝူမှာ ရင်တဒုန်းဒုန်းကို ခုန်နေခဲ့သည်။

“မမြင်လောက်ဘူး…” လွမ်ဖုန်း မျက်မှောင်ကျုံ့သွားခဲ့သည်။ “မဟုတ်ရင် မွန်းစတားဘုရင်တွေ ဒီလောက်တောင်တိတ်နေကြမှာမဟုတ်ဘူး… အဲ့ကောင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမှန်းလည်း နင်သိတာပဲ… ဒီတော့ သူ လျှောက်သွားနေမယ်ဆိုရင်တောင် သူ့ကိုသတိထားမိဖို့က လွယ်တာမဟုတ်ဘူး… သူသာ သူရောက်နေတဲ့အကြောင်းကို ဖုံးကွယ်ထားချင်ရင် ဘယ်မွန်းစတားဘုရင်မှ သူ့ကိုသတိထားမိမှာမဟုတ်ဘူး…”

ယခင်တည်းက ဖင်တကြွကြွဖြစ်နေသော မွန်းစတားဘုရင်များသည်သာ ရန်ကိုင်ရောက်နေသည့်အကြောင်းကို ကြားသိလိုက်မည်ဆိုပါက ထိုင်ရာမှ ချက်ချင်းကုန်းထလာ၍ အင်ပြည့်အားပြည့်ဖြင့် သူတို့ဆီသို့ ချီတက်လာကြပေလိမ့်မည်။

“အဲ့ဒါဆို အဆင်ပြေတယ်…” ဖန်းဝူ ယခုမှသာလျှင် စိတ်သက်သာရာ ရသွားနိုင်တော့သည်။

“အခု ငါတို့ ဘာဆက်လုပ်ကြမလဲ… သူလာမှာကို ဒီတိုင်းထိုင်စောင့်မှာလား…” ချန်ကွော့သည် လွမ်ဖုန်းကို ကြည့်လိုက်ပြီးသည့်နောက် ဖန်းဝူကိုကြည့်၍ ပြောလိုက်သည်။

“အခုချိန် အရေးအကြီးဆုံးကိစ္စက သူဘယ်ရောက်နေလဲဆိုတာကို သိရအောင်လုပ်ဖို့ပဲ… သူ ငါတို့ဆီမလာခင် ငါတို့ သူ့ဆီ အရင်သွားမှ အဆင်ပြေလိမ့်မယ်… သူ ရှေးဟောင်းတောအုပ်ကြီးထဲမှာ လျှောက်သွားနေလို့ရှိရင် ပြဿနာတက်သွားနိုင်တယ်…”

လွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါဟုတ်တယ်…”

ရန်ကိုင်ကြောင့် ဒေါသထွက်နေခဲ့ရရာ ယခုမှသာလျှင် ထိုအချက်ကို သတိထားမိသွားခဲ့လေသည်။ သို့သော်ငြား မကြာမီ သူမ၏မျက်လုံးလေးများ တဖျတ်ဖျတ်လက်သွားခဲ့ပြီးသည့်နောက် ပြောလိုက်လေ၏။ “သူ အခု ဘယ်မှာရှိလဲဆိုတာကို ငါသိလောက်မယ်ထင်တာပဲ…”

တစ်ချိန်တည်းတွင် လွမ်ဖုန်းနှင့် ဖန်းဝူတို့မှာ တစ်ပြိုင်တည်းပြောလိုက်ကြသည်။ “ကျောက်တုံးဝိဉာဉ်တွေ…”

ရန်ကိုင် မည်သည့်နေရာသို့ရောက်နေသလဲဆိုသည်ကို ခန့်မှန်းဖို့ရာ မခက်လှ။ တကယ်တော့ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရန်ကိုင်နှင့်ရင်းနှီးသူဆို၍ ကျောက်တုံးဝိဉာဉ်ကလန်သာ ရှိသည်မဟုတ်ပေလော။ ရှေးဟောင်းတောအုပ်ထဲသို့ ရောက်လာပြီးသည့်တိုင် ရန်ကိုင်မှ သူတို့အား လာမရှာသေးသည်ကိုကြည့်လျှင် ရန်ကိုင်ရောက်နေမည့်နေရာ တစ်နေရာသာ ရှိပေတော့သည်။ ရန်ကိုင် ကျောက်တုံးဝိဉာဉ်ကလန်ဆီသို့ ရောက်နေသည်ဟူသောအချက်ကို သူတို့အနေဖြင့် အတည်မပြုနိုင်သေးပါသော်ငြား ရန်ကိုင် ထိုနေရာသို့ ရောက်နိုင်ချေမှာ အလွန်ကိုမှ များပေသည်။

ဆုံးဖြတ်ပြီးသည့်နောက်တွင် နတ်အရှင်သုံးပါးလုံး တုံ့ဆိုင်းမနေကြတော့ဘဲ ကျောက်တုံးဝိဉာဉ်ကလန်သားများ နေထိုင်ရာအရပ်ဆီသို့ ချက်ချင်းထွက်လာခဲ့လေသည်။ ရန်ကိုင်ရောက်လာမည်ကို ထိုင်စောင့်မနေနိုင်သည့်အတွက်ကြောင့် ရန်ကိုင်ကိုသာ သွားတွေ့ရပေတော့မည်။

သစ်လိုဏ်ဂူထဲ၌ သူခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ကိုကြည့်ရင်း ရန်ကိုင် ကျေနပ်တကြီးဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။ ယခုတစ်ကြိမ် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းရသည်မှာ ယခင်ကထက် အများကြီး ပိုမိုလွယ်ကူနေခဲ့သည်။ အသိသာဆုံးအချက်မှာတော့ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းဖို့ရာအတွက် ယူရသည့်အချိန်ပင် ဖြစ်လေသည်။ ယခု ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းဖို့ရာ ရန်ကိုင်မှာ ယခင်က ယူခဲ့ရသည့်အချိန်၏ တစ်ဝက်ကိုသာ ယူခဲ့ရသည်။ ရန်ကိုင်ပိုအားကောင်းလာသည့်အတွက်ကြောင့် ထိုသို့ဖြစ်သွားခြင်းမဟုတ်။ ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် ထိုးထွင်းနားလည်မှုများ ပိုမိုနက်ရှိုင်းလာသည့်အတွက်ကြောင့်သာလျှင် ယခုကဲ့သို့ ဟင်းလင်းပြင်အစီအရင်ကို ပိုမိုမြန်ဆန်စွာ ခင်းကျင်းလာနိုင်ခဲ့ခြင်းဖြစ်လေသည်။

ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်လာခဲ့ပြီး ကြယ်စီရင်စုကို အုတ်မြစ်အဖြစ်အသုံးပြုကာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကြယ်တာရာကောင်းကင်အစိတ်အပိုင်းများစွာကို ဝါးမျိုပစ်ပြီးသည့်နောက်တွင် ရန်ကိုင်မှာ အကျိုးကျေးဇူးများစွာကို ရရှိခဲ့ရသည်။ သူ၏ ကြယ်စီရင်စုသာလျှင် ပိုမိုကျယ်ပြန့်လာခဲ့ခြင်းမဟုတ် ရန်ကိုင်ကိုယ်တိုင်သည်လည်း လေဟာနယ်တာအိုအပေါ် ယခင်ကထက် ပိုမိုနက်ရှိုင်းစွာ နားလည်လာနိုင်ခဲ့သည်။

အလားတူပင် လောကဓာတ်လုံး၏ ပြောင်းလဲသွားမှုနှင့် လောကဓာတ်လုံးထဲရှိ ကမ္ဘာငယ်လေး ကျယ်ပြန့်လာခြင်းသည် ရန်ကိုင်နားလည်ထားသော လေဟာနယ်တာအိုအပေါ် သက်ရောက်မှုရှိပေသည်။ ရန်ကိုင်အနေဖြင့် လေဟာနယ်တာအိုအပေါ် ပိုမိုနက်နက်ရှိုင်းရှိုင်းဖြင့် နားလည်လာနိုင်အောင် သေသေချာချာထိုင်ကာ ကျင့်ကြံမနေပါသော်ငြား လောကဓာတ်လုံး၏ ပြောင်းလဲသွားမှုကြောင့် မသိသာသော အကျိုးကျေးဇူးများကို အလိုလိုရရှိခဲ့ရသည်။ လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ ထိုးထွင်းနားလည်မှုမှာ သိသိသာသာကို တိုးတက်လာခဲ့ကာ ယခုဆိုလျှင် ရန်ကိုင်မှာ နက်ရှိုင်းလှသည့် သဘောတရားတစ်မျိုးမျိုးကို ထိတွေ့မိနေပြီဟုပင် အလိုလို ခံစားနေမိလေသည်။ ထို့အတွက်ကြောင့် ပတ်ဝန်းကျင်အပေါ် သူ၏ရှုမြင်ပုံမှာလည်း ယခင်ကနှင့်မတူ အနည်းငယ်ကွဲပြားလာခဲ့သည်။

ဟင်းလင်းပြင်၏ ဝန်းရံထားခြင်း ခံရသည့်တိုင် ထိုဟင်းလင်းပြင်ထဲ သူသွားနိုင်သည့်လမ်းကြောင်းများ ရှိနေသည်ကို ရန်ကိုင်သတိထားမိပေသည်။ ရန်ကိုင်မှာ ဈာန်ဝင်စားနေသည့်အလား ထိုနေရာတွင်သာ မတ်တပ်ရပ်နေခဲ့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်အား ကြည့်ရသည်မှာ ဈာန်ဝင်စားသည့် အခြေအနေထဲသို့ ရောက်နေသည့် ပုံပင်။ မျက်စိကို မှိတ်၍ ရပ်နေရင်းမှ သူ့ဘယ်ဘက်လက်ကို မြှောက်ကာ အရှေ့သို့ အသာအယာ တွန်းထုတ်လိုက်သည်။ တစ်ခါတစ်ရံ လက်သီးဆုပ်၍ တွန်းထုတ်လိုက် တစ်ခါတစ်ရံ လက်ဝါးဖြန့်၍ တွန်းထုတ်လိုက် လုပ်နေခဲ့သည်။ ရန်ကိုင် လုပ်နေသည့် ပုံမှာ ဘာဆိုဘာမျှ မထူးဆန်းလှ။ ဤအတိုင်း လက်ကို ရှေ့သို့ ဆန့်ထုတ်ရုံလေးသာ ဖြစ်ပေသည်။

နတ်အရှင်သုံးပါးသည် မိုးထိမတတ် မြင့်မားလှသော သစ်ပင်ကြီးများနှင့် မိုင်တစ်ရာခန့်အကွာသို့ ရောက်သော် ရပ်တန့်လိုက်လေသည်။

လွမ်ဖုန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "ကျောက်တုံးဝိညာဉ်ကလန်ရဲ့ ပိုင်နက်က ရှေ့မှာပဲ၊ အဲဒီကောင်လေး အဲဒီမှာရှိလား မပြောတတ်ဘူး"

"ရှိပါစေလို့ မျှော်လင့်ရမှာပဲ။" ဖန်းဝူက ပင်ပန်းနွမ်းနယ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။ [အဲဒီကောင်လေးကို လက်ဆောင်တွေပေးဖို့ ငါတို့ နတ်အရှင်သုံးပါး အမောတကောနဲ့ ပြေးထွက်လာတဲ့အကြောင်းသာ သတင်းပြန့်သွားမယ်ဆိုရင် လူရယ်စရာတွေတော့ ဖြစ်ကုန်တော့မှာပဲ]

ရုတ်တရက် ချန်ကွော့သည် နှာခေါင်း တစ်ရှုံ့ရှုံ့လုပ်ရင်းမှ ထူးဆန်းသည့် အမူအရာဖြင့် မေးလိုက်သည်။ "မင်းတို့ တစ်ခုခု ခံစားမိလား"

"ဘာခံစားမိရမှာလဲ" လွမ်ဖုန်းသည် ချန်ကွော့ဘက်သို့ လှည့်၍ ပြောလိုက်သည်။

ချန်ကွော့က မျက်မှောင်ကြုတ်၍ ထပ်ပြောလိုက်သည်။ "ငါလည်း သိပ်တော့မသေချာဘူး၊ တစ်မျိုးမျိုးတော့ တစ်မျိုးမျိုးပဲ၊ သတိထား" ရုတ်တရက် ချန်ကွော့၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး လွမ်ဖုန်း နောက်သို့ လက်ညှိုးထိုးရင်းမှ အလန့်တကြား အော်ပြောလိုက်လေသည်။

လွမ်ဖုန်းသည်လည်း ထိုအခါမှသာလျှင် တစ်ခုခုအား ခံစားမိသွားခဲ့သည်။ အားကောင်းလှသည့် အန္တရာယ်အငွေ့အသက်တို့ သူမအနောက်ဘက်ဆီမှ ဖြာထွက်လာနေခဲ့သည်။ ထိုအန္တရာယ် အငွေ့အသက်နှင့် အတူ အလွန်ကိုမှ အားကောင်းလှသော ဆွဲအားတစ်ရပ်သည် သူမအား စတင် ဆွဲယူတော့လေ၏။ လွမ်ဖုန်းမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် သူမ၏ အတောင်ပံများကို ဖြန့်ရင်းမှ ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတက်သွားရသည်။

အပေါ်သို့ ရောက်ပြီးသည့်နောက် အောက်သို့ ပြန်ငုံ့ကြည့်လိုက်ရာ သူမ အစောပိုင်းက ရပ်နေခဲ့သည့် နေရာတွင် ဧရာမတွင်းနက်ကြီးတစ်ခု ဘယ်အချိန်ကတည်းကမှန်းမသိ ပေါ်လာလို့ ပေါ်လာနေကြောင်းကို တွေ့လိုက်ရသည်။ တွင်းနက်ကြီးမှာ ချောက်ချားဖွယ်ကောင်းစွာ တဝဲလည်လည် လည်ပတ်နေပြီး ထိသမျှအရာ မှန်သမျှကို ဝါးမျိုပစ်နေခဲ့သည်။ တစ်ချိန်တည်းတွင်လည်း တွင်းနက်ကြီးဆီမှ အလွန်ကိုမှ ထူးဆန်းလှသော တုန်ခါလှိုင်းတစ်ရပ် ဖြာထွက်နေခဲ့၏။ အရေးကြီးဆုံး အချက်မှာတော့ ထိုတွင်းနက်ကြီးဆီမှ သေခြင်းတရား အငွေ့အသက်တို့ကို လွမ်ဖုန်း ခံစားမိနေခြင်းသာ ဖြစ်လေသည်။ သူမသည်သာ ထိုတွင်းနက်ကြီးထဲသို့ ဆွဲယူခံလိုက်ရမည်ဆိုလျှင် ကျိန်းသေ ဆိုးရွားသည့် အဆုံးသတ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

"လေဟာနယ်နိယာမလား" ဖန်းဝူ၏ အမူအရာ သုန်မှုန်သွားခဲ့သည်။ ထိုစကားကို ပြောပြီးပြီးချင်းမှာပင် ဖန်းဝူ အရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်မှာ စတင်၍ တွန့်လိမ်လာခဲ့ပြီး အစောပိုင်းက ထွက်ပေါ်လာခဲ့သော ထူးဆန်းသည့် တုန်ခါလှိုင်းမှာ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့သည်။

ဖန်းဝူ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ချက်ချင်း နောက်သို့ လှန်ချလိုက်လေသည်။ ထိုသို့ လုပ်ပြီးပြီးချင်းမှာပင် သူ့မျက်နှာ အထက်ဆီမှ တုန်ခါလှိုင်းတစ်ရပ် ဖြတ်သန်းသွားခဲ့သည်။ ဖန်းဝူမှာ သေရေးရှင်ရေး အခြေအနေမှ ပွတ်ကာသီကာလေး လွတ်မြောက်သွားခဲ့သည့်တိုင် ထိုတုန်ခါလှိုင်းကြောင့် သူ့ဆံပင်အချို့ ပြတ်သွားခဲ့ရလေသည်။ ထို့နောက်တွင် တုန်ခါလှိုင်းသည် ဖန်းဝူအား ဖြတ်ကျော်သွားခဲ့ပြီး လမ်းတစ်လျှောက်တွင် ရှိနေသော သစ်ပင်များကို တဖုန်းဖုန်း ဖြတ်တောက်ပစ်သွားတော့လေ၏။

ထို့နောက်တွင် တွင်းနက်ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြပြီး ထူးဆန်းလှသည့် အဖျက်စွမ်းအင်တို့မှာလည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကုန်ကြလေသည်။ ထိုသို့ဖြင့် မိုင်ပေါင်း ရာနှင့်ချီ ကျယ်ဝန်းသော ဟင်းလင်းပြင်ကြီး တစ်ခုလုံးမှာ သတ်ဖြတ်ရေးဇုန် တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး နတ်အရှင်သုံးပါးမှာတော့ ထိုဇုန်အတွင်း ပိတ်မိသွားကုန်ကြလေသည်။

အကုန်လုံးမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် သူတို့၏ ခွန်အားကို အသည်းအသန် လှည့်ပတ်ရင်းမှ မမြင်နိုင်သည့် အသေသတ်တိုက်ကွက်များကို အလူးအလဲ ရှောင်တိမ်းနေခဲ့ကြရသည်။

နတ်အရှင်သုံးပါးမှာ သာမန်လူများ ဟုတ်မနေသည်မှာ ကံကောင်းသွားခဲ့သည်။ နတ်အရှင်သုံးပါးသည် အလွန်ကိုမှ အားကောင်းလှသော သက်ရှိများ ဖြစ်သည့်အလျောက် ထိုတိုက်ခိုက်မှုများမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သည့်တိုင် အခြားသူများသာဆိုလျှင်တော့ တိုက်ကွက်တစ်သုတ်နှင့်ပင်လျှင် အသက်ပျောက်သွားလောက်ပေပြီ။

ယခုနေ အပေါ်စီးမှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော ဟင်းလင်းပြင်ကြီး တစ်ခုလုံးသည် ပရမ်းပတာကို ဖြစ်နေပြီး နတ်အရှင်သုံးပါးမှာတော့ အရပ်မျက်နှာများကိုပင် မခွဲခြားနိုင်ကြတော့ဘဲ အလူးအလဲကို ရှောင်တိမ်း ထွက်ပြေးနေကြလေရာ မကြာမီ တစ်ဦးနှင့် တစ်ဦး သွားသွားတိုးမိနေကြသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

လောကကြီး တစ်ခုလုံးသည် မမြင်နိုင်သည့် လှောင်အိမ်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး နတ်အရှင်သုံးပါးကို ပိတ်လှောင်ထားသည့်အလား။ နတ်အရှင်သုံးပါး မည်သို့ပင် ကြိုးစားနေစေကာမူ မမြင်နိုင်သည့် အတားအဆီးအား ချိုးဖောက်၍ ထွက်မပြေးနိုင်ခဲ့ပေ။ တဖြည်းဖြည်းနှင့် နတ်အရှင်သုံးပါး၏ မျက်နှာအထက်တွင် ကြောက်ရွံ့မှု။ ထိတ်လန့်တုန်လှုပ်မှုတို့ ထွက်ပေါ်လာကုန်ကြလေ၏။

ဤလောကကြီးတွင် နတ်အရှင်သုံးပါးထက် ပိုမိုအားကောင်းသည့် လူများ မရှိကြသည် မဟုတ်။ သို့သော်ငြား လူလုံးပင် ထွက်မပြဘဲ သူတို့ သုံးဦးစလုံးကို ယခုကဲ့သို့ ဆော့ကစားနိုင်သည့် လူမျိုး ရှိသည်ဟူသော အချက်ကို နတ်အရှင်သုံးပါး စိတ်ပင်မကူးရဲခြင်းပင်။

"သူ လုပ်နေတာလား" ချန်ကွော့သည် သူ့ဆီသို့ တိုးဝင်လာနေသည့် သေကွင်းသေကွက် တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းလိုက်ရင်းမှ အော်မေးလိုက်သည်။ လေဟာနယ်တာအိုသည် လူတိုင်း ကျွမ်းကျင်နိုင်သည့် အရာမျိုး မဟုတ်။ လွန်ခဲ့သည့် တစ်နေ့က ရန်ကိုင်သည် ရှေးဟောင်းကုန်းမြေကြီးထဲ ပေါ်လာခဲ့လေသည်။ ယခု သူတို့အားလုံးမှာ ထူးဆန်းသည့် လေဟာနယ်စွမ်းအင် တစ်မျိုးကြောင့် ဒုက္ခရောက်နေကြရသည်။ ထိုအကြောင်းကြောင့် ယခု သူတို့အား ဤကဲ့သို့ဖြစ်အောင် လုပ်နေသည့်လူမှာ ရန်ကိုင်သာ မဟုတ်ပါက အတော်လေးကိုမှ စဉ်းစားရခက်သွားလေပြီ။

ထိုမေးခွန်းကို မေးပြီးသည့် အခါမှသာလျှင် ချန်ကွော့မှာ ရန်ကိုင်သည် လွန်ခဲ့သော ဆယ်နှစ်ကထက် အဆပေါင်းများစွာ ပိုသန်မာလာကြောင်းကို သဘောပေါက်သွားတော့သည်။

[လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကသာ သူ့မှာ ဒီလိုခွန်အားမျိုး ရှိခဲ့ရင် ရှီဟွော့ကြောင့် အဲဒီလောက် ဒုက္ခရောက်ခဲ့မှာ မဟုတ်ဘူး]

"သူ ဘယ်မှာလဲ" လွမ်ဖုန်းမှာလည်း အတော်လေးကိုမှ စိတ်ညစ်နေလေသည်။ တိုးဝင်လာနေသည့် လေဟာနယ်နိယာမ တိုက်ခိုက်မှုများကို လုံးဝဥဿုံ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိသည့်အတွက်ကြောင့် သူမ၏ အတောင်ပံမှ အမွေးတောင်နှစ်ချောင်းပင် ကျွတ်သွားခဲ့ရလေပြီ။

လက်ရှိအခြေအနေမှာ အန္တရာယ်များသည့်ပုံ ပေါက်ပါသော်ငြား နတ်အရှင်သုံးပါး အသက်အန္တရာယ် ရှိလောက်သည့် အခြေအနေမျိုးတော့ မဟုတ်သေးပေ။ လွမ်ဖုန်း နားမလည်နိုင်သည်မှာ ရန်ကိုင်သည် မပြောမဆိုနှင့် သူတို့အား ဘာကြောင့် ယခုကဲ့သို့ တိုက်ခိုက်လိုက်သလဲ ဆိုသည်ကိုပင်။ [ဒီကောင် ရူးသွားတာလား၊ အရင်နှစ်တွေအတွင်းမှာ သူ ပိုပြီးအားကောင်းလာတယ်ဆိုရင်တောင် နတ်အရှင်သုံးပါးကို သူ့ရန်သူဖြစ်အောင် လုပ်နိုင်တဲ့အဆင့်အထိတော့ ရောက်ဦးမှာမဟုတ်သေးဘူး၊ ပြီးတော့ ငါတို့ သူ့ကို သွားရန်စတာမှလည်း မဟုတ်တာ၊ သူ့ ဟင်းလင်းပြင်အစီအရင်လေးကို ဖျက်ဆီးလို့ အခုလိုမျိုးလုပ်တယ်ဆိုရင်တော့ ဒီကောင် အရမ်းစိတ်ထားသေးသိမ်ရာ ရောက်သွားပြီ]

ထိုအချိန် အတောအတွင်း ဖန်းဝူမှာတော့ ဘာမျှ ပြန်မပြောခဲ့။ အလေးအနက် အမူအရာဖြင့်သာ သူ့မျက်လုံးတစ်လျှောက် လက်ညှိုးနှစ်ချောင်းကို ပွတ်ဆွဲချလိုက်သည်။ ထို့နောက် အော်၍ ပြောလိုက်လေ၏။ "ပွင့်လိုက်စမ်း"

ယခုတစ်ကြိမ်တွင်တော့ ဖန်းဝူ၏ အမြင်အာရုံမှာ ယခင်နှင့်မတူ လုံးဝကို ကွဲပြားနေခဲ့လေသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေပြီးသည့်နောက် ဖန်းဝူ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့လေ၏။ "မကောင်းတော့ဘူး၊ ဒီနေရာတစ်ခုလုံး ပြိုကျတော့မယ်"

ဖန်းဝူတွင် ကောင်းကင်မျက်လုံး စွမ်းအင်တစ်မျိုး ရှိပေသည်။ ထိုကောင်းကင်မျက်လုံးကိုသာ အသက်သွင်းလိုက်မည်ဆိုလျှင် အခြားသူများ မမြင်နိုင်သည့် အရာများကို မြင်လာနိုင်ပေသည်။ ယခု ကောင်းကင်မျက်လုံးကို အသက်သွင်းပြီးသည့် နောက်တွင် သူတို့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ ထိန်းမရအောင် တုန်ခါနေကြောင်းကို တွေ့ရှိသွားရသည်။ လက်ရှိအချိန်တွင် ဟင်းလင်းပြင် တစ်ခုလုံးမှာ အကောင်းအတိုင်း ရှိနေသယောင် ထင်ရပါသော်ငြား ဟင်းလင်းပြင်တစ်ခုလုံးသည် ကောင်းကင်စိတ်အာရုံဖြင့်ပင်လျှင် အာရုံခံ၍ မရလောက်သော မရေမတွက်နိုင်အောင် များပြားလှသည့် အလွန်ကိုမှ သေးငယ်လှသော ဟင်းလင်းပြင် အက်ကွဲကြောင်းလေးများဖြင့် ပြည့်နေလေသည်။ ဟင်းလင်းပြင်တစ်ခုလုံးကို ကွတ်ကီးတစ်ချပ်အဖြစ် မှတ်ယူလိုက်မည်ဆိုလျှင် ဟင်းလင်းပြင်တစ်ခုလုံးမှာ အချိန်မရွေး ကြေမွသွားတော့မည့် ကွတ်ကီးပြားတစ်ချပ် ဖြစ်နေပြီဟု ပြော၍ ရပေသည်။

ချက်ချင်းဆိုသလို ဖီးနစ်ကဲ့သို့သော ငှက်တစ်ကောင် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေသည်။ လွမ်ဖုန်းသည် အနက်ရောင်မီးတောက်များကို မှုတ်ထုတ်ရင်းမှ လမ်းတစ်လျှောက်တွင် ပိတ်ဆို့နေသည့် အတားအဆီးအားလုံးကို ရှင်းကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ချန်ကွော့သည်လည်း မီတာပေါင်းများစွာ မြင့်မားသော မွန်းစတားကြီးတစ်ကောင်အသွင်သို့ ပြောင်း၍ လွမ်ဖုန်း အနောက်မှ အနီးကပ် လိုက်သွားခဲ့လေသည်။ ဖန်းဝူမှာတော့ ကောင်းကင်မျက်လုံး စွမ်းအင်ကို သုံးရင်း အန္တရာယ်များကို ရှောင်ရှားကာ သွားလာနေခဲ့သည်။

တစ်ခဏအကြာ၌ နတ်အရှင်သုံးပါးစလုံး အန္တရာယ်များသည့် နေရာမှ လွတ်မြောက်လာခဲ့ကြသည်။ လွမ်ဖုန်းနှင့် ချန်ကွော့တို့မှာလည်း လူအသွင်သို့ ပြန်ပြောင်းလိုက်ကြလေသည်။ လက်ရှိအချိန်တွင် သုံးဦးစလုံး၏ မျက်နှာများမှာ လေးနက်တည်ကြည်နေကြလေ၏။ သူတို့ ရင်ထဲ၌လည်း အကြောက်မပြေသေးပေ။ ထိုကဲ့သို့သော စွမ်းအားမျိုးသည် သူတို့အား အမှန်တကယ်ကို အန္တရာယ်ပေးနိုင်ပေသည်။ ရန်ကိုင်သည်သာ ဤကဲ့သို့ဖြစ်အောင် လုပ်သူဆိုလျှင်တော့ သူတို့အနေဖြင့် သူတို့နှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရပေတော့မည်။

ကသောင်းကနင်း ဖြစ်နေသော ဟင်းလင်းပြင်သည် ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။ မြောက်မြားလှစွာသော တွင်းနက်ကြီးများမှာလည်း တဖြည်းဖြည်းနှင့် ကျုံ့ဝင်သွားခဲ့ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေ၏။ အားကောင်းလှသည့် တုန်ခါလှိုင်းများမှာလည်း တစ်ဖန် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ ပြိုကျပျက်စီးတော့မည့်နှယ် ဖြစ်နေသော ဟင်းလင်းပြင်တစ်ခုလုံးမှာလည်း အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားတော့၏။

"ဘာလဲဟ" ချန်ကွော့ မျက်မှောင်ကြုတ်သွားခဲ့ပြီး ပုပ်သိုးသိုး အမူအရာဖြင့်... "ဒီကောင် သူ့ခွန်အားကို လာထုတ်ပြနေတာလား"

ချန်ကွော့မှာ ကောင်းကင်အမိန့်တော်၏ မျိုးဆက်ကို ကြောက်ပါသော်ငြား ရန်ကိုင်ကိုတော့ မကြောက်ပေ။ ရန်ကိုင်သည် အမျိုးသမီးတစ်ဦးကို အားကိုးနေသည့် ကောင်လေးတစ်ယောက်သာ ဖြစ်ပေသည်။

[ကောင်းကင်အမိန့်တော်မျိုးဆက်ရဲ့ အကူအညီမပါဘဲနဲ့ ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်က ဘာလုပ်နိုင်မှာမလို့လဲ]

မူလကတည်းက လွမ်ဖုန်း၊ ဖန်းဝူတို့နှင့် အတူ ဤနေရာသို့ လိုက်လာခဲ့ရသည့်အပေါ် ချန်ကွော့မှာ အတော်လေးကိုမှ စိတ်မကြည်ဖြစ်နေခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်နှင့် မတွေ့ရသေးခင်မှာပင် ယခုကဲ့သို့ အဖြစ်မျိုးနှင့် ထပ်ကြုံလိုက်ရသော် သူ့စိတ်အခြေအနေမှာ ပိုမို ဆိုးရွားသွားရတော့သည်။

လွမ်ဖုန်းမှာလည်း မှုန်ကုပ်ကုပ် ဖြစ်နေခဲ့လေသည်။ [ဒီကောင်က တကယ်ကို လွန်တာပဲ၊ ဘယ်လိုပြောပြော ငါတို့တွေက နတ်အရှင်တွေပဲကို၊ ငါ သူ့ရဲ့ ဟင်းလင်းပြင် အစီအရင်လေးကို ဖျက်ဆီးလိုက်တယ်ဆိုရင်တောင် ငါတို့အပေါ် အခုလိုမျိုး မရိုင်းသင့်ဘူး]

ဖန်းဝူကမူ ခေါင်းခါ၍ ပြောလိုက်လေ၏။ "ကြည့်ရတာ တမင်တကာ လုပ်တဲ့ပုံမပေါ်ဘူး"

ဖန်းဝူသည် အစောပိုင်းက အခြေအနေကို သေသေချာချာ သုံးသပ်ကြည့်ခဲ့လေသည်။ သူ သုံးသပ်ကြည့်ရသလောက် သူတို့ဆီသို့ တိုးဝင်လာနေသော တိုက်ခိုက်မှုများမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပစ်မှတ်ထားခြင်းမရှိကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင်သည်သာ သူတို့အား ခြိမ်းခြောက်ရန် ကြိုးစားနေမည်ဆိုလျှင် သူ၏ တိုက်ခိုက်မှုများမှာ ဤမျှ ပရမ်းပတာ ဖြစ်နေလိမ့်မည်မဟုတ်ပေ။

"ဘယ်လိုလုပ်ပြီး တမင်တကာ မဟုတ်ရမှာလဲ" ချန်ကွော့က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။

"ကြည့်ရတာ သူ သိုင်းပညာရပ်တစ်မျိုးမျိုးကို ကျင့်ကြံနေတာနဲ့တူတယ်" ဖန်းဝူက ပြောလိုက်သည်။ သို့သော်ငြား ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် သူ့ရင်ထဲ အတော်လေးကိုမှ ထိတ်လန့်တုန်လှုပ်သွားမိလေ၏။ [ဒီကောင် သိုင်းပညာရပ်တစ်မျိုးမျိုးကို ကျင့်ကြံနေတာဆိုရင် အဲဒီသိုင်းပညာရပ်ကို ကောင်းကောင်းမကျွမ်းကျင်သေးဘူးပေါ့၊ မကျွမ်းကျင်သေးဘဲနဲ့တောင် ဒီလောက်အထိ အားကောင်းနေတယ်ဆိုတော့ ကျွမ်းများကျွမ်းကျင်သွားရင် ဘယ်လောက်တောင် အားကောင်းလာမှာလဲ]

ဖန်းဝူမှာ ဆက်၍ မတွေးရဲတော့ပေ။ [ဒါကြောင့် ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်က သူ့ကို ဒီလောက် ကောင်းကောင်းမွန်မွန်နဲ့ ဆက်ဆံနေတာကိုး၊ ကြည့်ရတာတော့ ဒီကောင်လည်း သွားရန်စလို့ကောင်းတဲ့ ကောင်မျိုး မဟုတ်ဘူးဘဲ]

ထိုစဉ် သူတို့၏ နားထဲ လူတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့လေသည်။ "ခင်ဗျားတို့ သုံးဦးစလုံးကို လာမကြိုမိလို့ တောင်းပန်ပါတယ်ဗျာ၊ ကျေးဇူးပြုပြီး ကျုပ် ရိုင်းသလိုဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးနော်"

ထိုစကားကို ကြားသော် နတ်အရှင်သုံးပါးစလုံး၏ အမူအရာ ပြောင်းလဲသွားကုန်ကြလေသည်။ အသံပိုင်ရှင်မှာ ရန်ကိုင်မှန်း သုံးဦးစလုံး သိကြသည်။ ထိုအတွက်ကြောင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးသည့်နောက်တွင် ဖန်းဝူက ပြန်၍ နှုတ်ဆက်လိုက်လေ၏။ "ရောင်းရင်းရန်၊ အခုလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး၊ မဖိတ်ခေါ်ဘဲနဲ့ လာခဲ့မိတဲ့ ငါတို့ဘက်ကတောင် အားနာသင့်တာ"

ချန်ကွော့နှင့် လွမ်ဖုန်းတို့၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ဖန်းဝူမှ ရန်ကိုင်အပေါ် ခေါ်ဝေါ်ပုံမှာ အနည်းငယ်တော့ စိတ်ဝင်စားစရာ ကောင်းနေလေပြီ။ နတ်သားရဲများတွင် ကိုယ်ပိုင် မာနတရားများ ရှိကြသည်။ ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူတစ်ဦးကို နတ်သားရဲတစ်ပါးမှ မည်ကဲ့သို့များ ရောင်းရင်းဟု ခေါ်ဝေါ်သုံးစွဲနေရသနည်း။

"ရောက်နေပြီဆိုမှတော့ အထဲဝင်လာလိုက်လေ"

ဖန်းဝူက ပြုံး၍... "ဒါဆိုရင် လာခဲ့ပြီနော်"

ထို့နောက် လွမ်ဖုန်းနှင့် ချန်ကွော့အား လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် ဖန်းဝူသည် ရှေ့ဆုံးမှ ဦးဆောင်ထွက်သွားလေသည်။

ဖန်းဝူမှ ရှေ့မှ ဦးဆောင်သွားနေပြီ ဖြစ်သည့်အတွက်ကြောင့် ချန်ကွော့နှင့် လွမ်ဖုန်းတို့မှာလည်း သူတို့၏ ဒေါသကို မျိုသိပ်ထားလိုက်ကြတော့သည်။ နတ်အရှင်သုံးပါးအနက် လွမ်ဖုန်းမှာ အားအကောင်းဆုံး ဖြစ်ချင်ဖြစ်လိမ့်မည် ဖြစ်ပါသော်ငြား ဖန်းဝူသည် သူတို့သုံးဦးထဲတွင် အပါးနပ်ဆုံးသူတစ်ဦး ဖြစ်သည်။

တစ်ခဏအကြာ၌ နတ်အရှင်သုံးပါးသည် ကျောက်တုံးဝိညာဉ်ကလန်သားများ နေထိုင်ရာနေရာဆီသို့ ရောက်လာကြသည်။ ရန်ကိုင်သည် မရေမတွက်နိုင်အောင် များပြားလှသော သစ်ပင်များအလယ်တွင် ရပ်နေရင်းမှ ကောင်းကင်ပေါ်မှ ဆင်းလာနေကြသော နတ်အရှင်သုံးပါးကို ပြုံးကာ ကြည့်နေခဲ့လေသည်။

ကျောက်တုံးဝိညာဉ်များနှင့် သစ်သားဝိညာဉ်များမှာတော့ ဘေးပတ်ဝန်းကျင် နေရာအနှံ့တွင် ရှိနေကြပြီး နတ်အရှင်သုံးပါးကို မကြည်ဖြူသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ ကျောက်တုံးဝိညာဉ်ကလန်နှင့် နတ်အရှင်သုံးပါးမှာ ယခင်ကတည်းက အချင်းချင်း တည့်ကြသည်မှ မဟုတ်လေဘဲ။

ထိုအချိန်အတွင်း အကြီးအကဲသည် ရန်ကိုင် ဘေးတွင် ရပ်နေပြီး သစ်သားဝိညာဉ်ကလန်၏ ခေါင်းဆောင် မူနကမူ အကြီးအကဲ၏ ပခုံးပေါ်တွင် ထိုင်နေခဲ့လေသည်။ အခြားသော သစ်သားဝိညာဉ်များမှာလည်း သစ်ပင်ထိပ်ဖျားများပေါ်တွင် နေနေကြရင်းမှ လှမ်းကြည့်နေကြသည်။ သို့သော် မည်သူမျှ ရှေ့သို့ ထွက်မလာရဲကြပေ။

အောက်သို့ ရောက်လာပြီးသည့်နောက်တွင် ဖန်းဝူသည် ကျောက်တုံးဝိညာဉ်အကြီးအကဲကို သွားရောက် နှုတ်ဆက်လိုက်လေသည်။ "မတွေ့ရတာ ကြာပြီနော် အကြီးအကဲ၊ အရင်လို အဆင်ပြေပြေနဲ့ ရှိနေတုန်းပါပဲလား"

ဖန်းဝူ၏ စကားကြောင့် အကြီးအကဲ အနည်းငယ် အံ့အားသင့်သွားမိခဲ့သည်။ သို့တိုင် ချက်ချင်းပင် ပြန်၍ပြောလိုက်လေ၏။ "ယဉ်ကျေးလွန်းနေပါပြီ နတ်အရှင်ရယ်"

တစ်ဖက်လူမှ သူ့အပေါ် ယခုကဲ့သို့ တယဉ်တကျေး ဆက်ဆံနေသည့်အတွက်ကြောင့် အကြီးအကဲအနေဖြင့်လည်း ရိုင်းရိုင်းစိုင်းစိုင်း သွားဆက်ဆံနေဖို့ရာ မလိုပေ။ ထိုအပြင် ဤမျှ အသက်အရွယ် ကြီးရင့်လာပြီးသည့်နောက် အကြီးအကဲမှာ တိုက်ခိုက်ရသည်ကို မလိုလားတော့ပေ။

"ရောင်းရင်းရန်၊ ရှေးဟောင်းတောအုပ်ကြီးထဲ ရောက်နေတယ်ကြားလို့၊ မဖိတ်ခေါ်ဘဲ လာလိုက်မိတာ သူဒီမှာရှိနေမယ်ထင်လို့လေ၊ ကြည့်ရတာ ထင်တာမှန်နေတဲ့ပုံပဲ"

ရန်ကိုင်ကမူ ပြုံးသာ ပြုံးနေခဲ့လေသည်။ သို့သော်ငြား သူ့စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။ ဖန်းဝူ ဘာကြောင့် သူ့အပေါ် ဤမျှ ရင်းနှီးဖော်ရွေနေရလေသနည်း။ ထိုအပြင် သူကိုယ်တိုင်ကလည်း မွန်းစတားဗိုလ်ချုပ်အား သူကိုယ်တိုင် လွမ်ဖုန်းဆီ၌ အကြွေးလာတောင်းမည်ဟု ပြောခဲ့သည် မဟုတ်ပေလော။ ဘာကြောင့်များ သူလာမည်ကို စောင့်မနေဘဲ သူတို့ဘာသာသူတို့ အရင်ဦးအောင် လာရလေသနည်း။

ရန်ကိုင်မှာ ရှေးဟောင်းတောအုပ်ကြီးထဲရှိ မွန်းစတားဘုရင်များ သူ့ကြောင့် မည်ကဲ့သို့ ဖြစ်သွားရသလဲဆိုသည်ကို မသိပေ။ သို့သော်ငြား နတ်အရှင်သုံးပါးကမူ သူ့အား မည်သည့်နည်းနှင့်မျှ ရှေးဟောင်းတောအုပ်ကြီးထဲ လမ်းပတ်လျှောက်နေမည်ကို ခွင့်ပြုလိမ့်မည်မဟုတ်။ ထိုအကြောင်းကြောင့်သာ မဟုတ်လျှင် ရန်ကိုင်အပေါ်လည်း ဤမျှ ယဉ်ကျေးနေလိမ့်မည်မဟုတ်ပေ။

ဝေ့ပတ်မပြောချင်သည့်အတွက်ကြောင့် ရန်ကိုင်သည် လိုရင်းကိုသာ တန်းပြောလိုက်လေသည်။ "ခင်ဗျားတို့ ဘာလို့ရောက်လာလဲ၊ ကျုပ် သိလို့ရမလား"

"အကြောင်းအရင်းတော့ မရှိပါဘူး၊ ဒီအတိုင်း လာလည်တာ" ဖန်းဝူက ပြုံး၍ ပြန်ပြောလိုက်သည်။

[ခင်ဗျားပြောတာကို ကျုပ်က ယုံရမှာလား] ရန်ကိုင် စိတ်ထဲ သတိချပ်ထားလိုက်လေသည်။ သို့တိုင် ဖော်ဖော်ရွေရွေနှင့် ပြန်၍ ပြောလိုက်၏။ "အဲဒါဆို အရင်ထိုင်လိုက်ကြလေ"

ထို့နောက်တွင် ရန်ကိုင်သည် ယမန်နေ့ညက စားသောက်ပွဲ ကျင်းပခဲ့သည့် သစ်သားစားပွဲဝိုင်းနားတွင် သွားထိုင်လေသည်။ ဖန်းဝူနှင့် အခြားသော နတ်အရှင်များမှာလည်း အလားတူ လိုက်ထိုင်လိုက်ကြသည်။ မူနမှ လက်ခုပ်တီးလိုက်ရာ သစ်ပင်ထိပ်ဖျားဆီမှ သစ်သားဝိညာဉ်များမှာ အသီးများ အရက်များဖြင့်အတူ ဆင်းလာကြလေ၏။

ဖန်းဝူက ပြုံး၍... "သစ်သားဝိညာဉ်ကလန် အပင်တွေကိုစိုက်တဲ့နေရာမှာ တော်တယ်လို့ ကျုပ်ကြားဖူးတာ ကြာနေပြီ၊ တစ်ခါမှတော့ ကိုယ်တိုင် မမြင်ခဲ့ရဖူးဘူး၊ ကြည့်ရတာ ဒီနေ့တော့ စားသောက်ပွဲကြီးတစ်ခုကို ကောင်းကောင်း စားရတော့မယ်နဲ့တူတယ်၊ အခွင့်အရေးရတုန်းလေး ရောင်းရင်းရန်ကိုပါ တစ်ခါတည်း ဂုဏ်ပြုသွားရမှာပေါ့"

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၄)

ဘာသာပြန်သူ_တိမ်တိုက်

ဖန်းဝူမှာ သူ့ကိုယ်သူ နှိမ့်ချနေသည့်အတွက်ကြောင့် ရန်ကိုင်ကလည်း တစ်ဖက်လူအပေါ် တလေးတစားဖြင့် ပြန်လည်ပျူငှာ ဆက်ဆံရပေလိမ့်မည်။ ထိုအကြောင်းကြောင့် စားသောက်နေစဉ် အတောအတွင်း ရန်ကိုင်နှင့် ဖန်းဝူတို့မှာ ရယ်ရယ်မောမောဖြင့် ပြုံးရွှင်နေခဲ့ကြသည်။ လေးငါးခွက်လောက် သောက်ပြီးသည့် နောက်တွင် ဖန်းဝူသည် တမင်တကာပဲလား မရည်ရွယ်ဘဲလားမသိ မေးလိုက်လေ၏။ "ရောင်းရင်းရန်၊ မင်းဘာလို့ ရှေးဟောင်းကုန်းမြေကြီးဆီ ရောက်လာတာလဲ"

"ဒီအတိုင်း ဖြတ်သွားတာ" ရန်ကိုင်က ပြန်ပြောလိုက်သည်။

"ဖြတ်သွားတာ ဟဲဟဲ" ဖန်းဝူ ရယ်သွမ်းသွေးလိုက်လေသည်။ ပြောစရာမလိုအောင်ပင် ရန်ကိုင် စကားကို ဖန်းဝူ မယုံသည်မှာ အသိသာကြီးပင်။ ရန်ကိုင်သည် မြောက်ဘက်နယ်မြေတွင် အထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားခဲ့သည်။ ယခုသူရောက်နေသည့် နေရာမှာ အရှေ့ဘက်နယ်မြေ ဖြစ်လေရာ မည်ကဲ့သို့များ မြောက်ဘက်နယ်မြေမှ အရှေ့ဘက်နယ်မြေသို့ လမ်းကြုံဖြတ်သွားရပါမည်နည်း။

ဖန်းဝူ မသိသည်မှာတော့ ရန်ကိုင် အမှန်ကို ပြောနေခြင်း ဖြစ်သည်ကိုပင်။ ဟုန်းလော့ကြယ်စီရင်စုကြီးမှ ထွက်လာပြီးသည့်နောက် ရှေးဟောင်းကုန်းမြေကြီးထဲသို့ ရောက်လာသည်မှာ အမှန်တကယ်ကို မတော်တဆတစ်ခုသာ ဖြစ်လေသည်။ ဤနေရာသို့ ရောက်တုန်းရောက်ခိုက် ဟင်းလင်းပြင်အစီအရင်ကိုပါ တစ်ခါတည်း ခင်းကျင်းသွားရန် ရန်ကိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် တစ်နည်းဆိုရသော် ရန်ကိုင် ဤနေရာမှ ဖြတ်သွားသည်ဟု ပြောလိုက်ခြင်းမှာ အမှန်ပင်ဖြစ်လေ၏။

ကံမကောင်းစွာဖြင့် ရန်ကိုင် စကားများကို ဖန်းဝူကမူ အလိမ်အညာဟုသာ မှတ်ယူထားခဲ့သည်။ ရန်ကိုင်သည် မကောင်းသည့် ရည်ရွယ်ချက် တစ်ခုခုဖြင့် ဤနေရာသို့ ရောက်နေသည်ဟူသော ထိုအထင်ကိုလည်း ဖန်းဝူ ပိုမိုယုံကြည်လာမိတော့သည်။ ရန်ကိုင်ကိုသာ သူတို့ ရှေးဟောင်းတောအုပ်ကြီးထဲ လျှောက်သွားခွင့် ပြုလိုက်မည်ဆိုပါက သူတို့ လက်အောက်တွင် ရှိနေသော မွန်းစတားဘုရင်အားလုံး ရန်ကိုင် လက်အောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြပေလိမ့်မည်။ နတ်အရှင်များမှာ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို မည်ကဲ့သို့များ ခွင့်ပြုနိုင်ပါမည်နည်း။

"ရောင်းရင်းဖန်း၊ ပြောစရာရှိရင် ပြောလိုက်" ရန်ကိုင်သည် ဖန်းဝူကို ကြည့်ရင်းမှ ပြောလိုက်သည်။ လက်ရှိ ဖန်းဝူ၏ လုပ်ပုံမှာ အတော်လေးကိုမှ သံသယဝင်စရာ ကောင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ ထိုအတွက်ကြောင့် မျက်မှောင်ကြုတ်၍ ပြောလိုက်လေ၏။ "ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေနဲ့”

[မင်းကသာ ဝေ့လည်ကြောင်ပတ် လုပ်နေတာကွ] နတ်အရှင်သုံးပါးစလုံး စိတ်ထဲမှနေ၍ ကြိတ်ကာ ညည်းတွားလိုက်ကြသည်။ လွမ်ဖုန်းဆိုလျှင် ရန်ကိုင်အား မျက်စောင်းပင် ထိုးလာခဲ့သည်။ အခြားလူတစ်ဦးသာ သူတို့အား ယခုကဲ့သို့ လာပြောမည်ဆိုလျှင် တစ်ခါတည်း သေသွားအောင် ရိုက်သတ်ပစ်လိုက်ပေပြီ။ သို့သော်ငြား ရန်ကိုင်မှာ အလားအလာရှိသည့် လူတစ်ဦးဖြစ်သလို ကောင်းကင်အမိန့်တော်မျိုးဆက်၏ ထောက်ခံမှုကို ရရှိထားသည့် လူတစ်ဦးလည်းဖြစ်သည်။ ထိုအတွက်ကြောင့် ရန်ကိုင်အပေါ် ဒေါသထွက်သည့်တိုင် ရန်ကိုင်အား ဘာမျှ သွားမလုပ်ရဲခဲ့ပေ။

ထိုအကြောင်းကြောင့်ပင်လျှင် ဖန်းဝူက ရယ်သွမ်းသွေး၍သာ ပြန်ပြောလိုက်လေသည်။ "ရောင်းရင်းရန်၊ မင်း မြောက်ဘက်နယ်မြေမှာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ထားတယ်ဆို၊ ငါတို့က ရှေးဟောင်းတောအုပ်ကြီးထဲမှာပဲ တစ်ချိန်လုံး ရှိနေတာဆိုတော့ မင်းကို လာပြီးတော့ ဂုဏ်မပြုမိလိုက်ဘူးကွ"

ရန်ကိုင်က လက်ဝှေ့ယမ်းလျက်... "မလိုပါဘူး ရောင်းရင်းဖန်းရယ်၊ အဲဒီဂိုဏ်းက အဲလောက်ကြီး ဟုတ်တာမှမဟုတ်တာ၊ ရောင်းရင်းဖန်းတို့ အခုနေနေရတဲ့ ဘဝမျိုးနဲ့ဆို တခြားစီပဲ၊ ရောင်းရင်းဖန်းတို့မှာဆိုရင် ရတနာတွေကလည်း အပုံလိုက်ကြီး အားကောင်းတဲ့ လက်အောက်ငယ်သားတွေကလည်း အများကြီးပဲ"

ရန်ကိုင် အမှန်ကို ပြောနေခြင်းသာ ဖြစ်လေသည်။ ရှေးဟောင်းတောအုပ်ကြီးမှာ စွမ်းအားများဖြင့် ပြည့်နေသည့် အန္တရာယ်များသည် နေရာတစ်ခု ဖြစ်ပါသော်ငြား ဤနေရာတွင် အဖိုးတန်ရတနာပေါင်းများစွာ ရှိကြပေသည်။ လောကကြီးတွင် မတွေ့ရသော အမျိုးမျိုးသော ဆေးပင်များ ရှားပါးသတ္တုရိုင်းများကို ဤနေရာ၌ ရှာတွေ့နိုင်ကြသည်။ ထိုအပြင် နတ်အရှင်သုံးပါး၏ လက်အောက်၌ အားကောင်းလှသော မွန်းစတားဘုရင်များလည်း ရှိနေကြပေသေးသည်။

ထက်ကောင်းကင်နန်းတော်ကိုသာ ရှေးဟောင်းတောအုပ်ကြီးထဲ၌ တည်ထောင်လိုက်မည်ဆိုလျှင် နှစ်တစ်ရာအတွင်း ကြယ်တာရာအစုအဝေး၏ ထိပ်တန်းဂိုဏ်းများအနက် တစ်ဂိုဏ်းအပါအဝင် ဖြစ်လာနိုင်ပေလိမ့်မည်။

သို့ရာတွင် ရန်ကိုင်၏ စကားများမှာ နတ်အရှင်သုံးပါးအား နိုးနိုးကြားကြား ဖြစ်သွားစေခဲ့လေသည်။ [ဒီကောင် ဘာပြောချင်တာလဲ၊ ငါတို့လက်အောက်က မွန်းစတားဘုရင်တွေကို မျက်စောင်းလာထိုးနေတာတော့ မဟုတ်ပါဘူးနော်၊ ဘာလဲ ဒီကောင် ငါ့ပိုင်နက်ကို လာလုချင်နေတာလား၊ အဲဒါဆိုရင်တော့ လွန်သွားပြီ]

ရန်ကိုင်၏ စကားအတိမ်အနက်ကို သူတို့ဘာသာသူတို့ အဓိပ္ပာယ်ဖော်ထုတ်လိုက်ပြီးသည့်နောက် နတ်အရှင်သုံးပါး၏ မျက်နှာ သုန်မှုန်သွားကုန်ကြလေသည်။ ဆက်ပြောနေ၍လည်း ပြဿနာပိုတက်လာမည့် အရေးသာ ရှိတော့သည့်အတွက်ကြောင့် ဖန်းဝူမှာ အပိုစကားများ ပြောမနေတော့ဘဲ စားပွဲပေါ်၌ သိုလှောင်လက်စွပ် ကိုးကွင်းကို ချ၍ ရန်ကိုင် အရှေ့သို့ တွန်းပို့ပေးလိုက်လေသည်။ သူမ နှုတ်ခမ်း အထက်ရှိ အပြုံးမှာတော့ တစ်ကြိမ်တစ်ခါမျှပင် ပျောက်ကွယ်သွားခဲ့ခြင်း မရှိခဲ့။

ရန်ကိုင်သည် သိုလှောင်လက်စွပ် သုံးကွင်းကို ကြည့်လိုက်ပြီးသည့်နောက် နတ်အရှင်သုံးပါးကို ပြန်ကြည့်၍ အူကြောင်ကြောင်အမူအရာဖြင့် ပြန်မေးလိုက်သည်။ "ဒါတွေက ဘာတွေလဲ"

ဖန်းဝူက ပြုံး၍... "ရောင်းရင်းရန်၊ မင်း အထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတာ မကြာသေးဘူးမလား၊ ဒီတော့ ငွေရေးကြေးရေး လိုအပ်တာတွေ ရှိဦးမှာပေါ့၊ ငါတို့ကလည်း မင်း အဲဒီဂိုဏ်းကို တည်ထောင်တဲ့နေရာမှာ ဘာမှမကူညီပေးနိုင်ဘူးလေ၊ ဒီတော့ ဒါလေးတွေကိုတော့ ဂုဏ်ပြုလက်ဆောင်အဖြစ် လက်ခံထားလိုက်ပေါ့ကွာ၊ ငြင်းမနေပါနဲ့ ဒါ ငါတို့ မင်းကို လေးစားလို့ ပေးတဲ့လက်ဆောင်တွေပဲ၊ မင်းရဲ့ဂိုဏ်းကို ငါတို့ဘက်က နည်းနည်းပါးပါးလေး ဝင်ပြီး ကူညီပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့"

[တကယ်ကြီးလား] ရန်ကိုင် အမှန်တကယ်ကို နားမလည်နိုင် ဖြစ်နေလေပြီ။ ရန်ကိုင် လွမ်ဖုန်းအား သွားပြဿနာရှာရန် စဉ်းစားထားသည်မှာ အမှန်ပင် ဖြစ်လေသည်။ လွမ်ဖုန်းနှင့် တွေ့လျှင် မည်ကဲ့သို့ စကားပြောရမလဲဆိုသည်ကိုပင် ကြိုတင်စဉ်းစားထားပြီးသွားခဲ့လေပြီ။ ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းဖို့ရာ အဖိုးတန်ပစ္စည်းများစွာကိုလည်း အသုံးပြုခဲ့ရသည့်အတွက်ကြောင့် ထိုအဖိုးတန်ပစ္စည်းအားလုံးကို လွမ်ဖုန်းမှ ပြန်ပေးရမည်ဟု ရန်ကိုင်မှ ပြောရန် စဉ်းစားထားခြင်းပင်ဖြစ်လေသည်။ လွမ်ဖုန်းမှသာ သူကျေနပ်လောက်မည့် တန်ကြေးကို ပြန်မပေးလျှင် ရန်ကိုင် ဤနေရာမှ ထွက်သွားလိမ့်မည် မဟုတ်ပေ။

ကြယ်တာရာအစုအဝေးထဲတွင် ရန်ကိုင် ခင်းကျင်းခဲ့သော ဟင်းလင်းပြင်အစီအရင်များအနက် နှစ်ခုမှာ ဖျက်ဆီးခံလိုက်ရသည်။ တစ်ခုကို လွမ်ဖုန်းမှာ ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး ကျန်တစ်ခုကို သံမဏိသွေးမဟာဧကရာဇ်မှ ဖျက်ဆီးလိုက်ခြင်း ဖြစ်လေသည်။ ရန်ကိုင်မှာ သံမဏိသွေးမဟာဧကရာဇ်အား သွား၍ ပြဿနာမရှာရဲသည့်အတွက်ကြောင့် သူ့ဒေါသ အားလုံးကို လွမ်ဖုန်းပေါ်သို့ စုပုံချရုံသာ တတ်နိုင်တော့လေသည်။

သို့သော်ငြား ယခုကိစ္စသည် သူနှင့် လွမ်ဖုန်းအကြားမှ ပြဿနာဖြစ်ပြီး ဖန်းဝူ၊ ချန်ကွော့တို့နှင့် ဘာမျှမဆိုင်ပေ။ ထိုအပြင် သူနှင့် လွမ်ဖုန်းမှာ ရန်သူများ မဟုတ်ကြ။ ယခင်က ရန်ကိုင်မှ လွမ်ဖုန်း၏ အကူအညီကို ငှားရမ်းယူခဲ့ရသည့်အတွက်ကြောင့် လွမ်ဖုန်းအား ပြဿနာရှာမည်ဆိုလျှင်ပင် လွန်လွန်ကျူးကျူးတော့ လုပ်လိမ့်မည်မဟုတ်။ လွမ်ဖုန်းဆီမှ တန်ရာတန်ကြေးအချို့ ပြန်ရသရွေ့ ထိုကိစ္စကို ကြေအေးပေးလိုက်၍ ရပေသည်။ တကယ်တော့ ရန်ကိုင်သည် အကျိုးသင့်အကြောင်းသင့် ပြော၍မရသည့် လူတစ်ဦးမှ မဟုတ်လေဘဲ။

သို့သော်ငြား သူ့ဘက်မှ ဘာမျှမတောင်းဆိုရသေးခင်မှာပင် လွမ်ဖုန်းသည် သူမဘာသာသူမ သူ့ဆီသို့ ရောက်လာပြီး ယခုကဲ့သို့ လက်ဆောင်များကို လာပေးလိမ့်မည်ဟု ရန်ကိုင် အမှန်တကယ်ကို ထင်မထားခဲ့။ ထိုအပြင် သူ့အား လက်ဆောင်လာပေးသည့်လူမှာလည်း လွမ်ဖုန်းတစ်ဦးတည်းပင် မဟုတ်။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသည့် နတ်အရှင်သုံးပါးစလုံး ဖြစ်နေခဲ့သည်။

[ထူးဆန်းလိုက်တာ၊ ဒီလူတွေ အကြောင်းအရင်းမရှိဘဲနဲ့တော့ ငါ့ကို အခုလိုမျိုး လက်ဆောင်တွေ အလကားသက်သက် လာပေးမှာ မဟုတ်ဘူး]

သူ့အရှေ့တွင် ရှိနေသည့် သိုလှောင်လက်စွပ် ကိုးကွင်းမှာ နတ်အရှင်သုံးပါး၏ ပိုင်ဆိုင်မှုများမှန်း ရန်ကိုင် သိထားပေသည်။ တစ်ယောက်ချင်းစီသည် သိုလှောင်လက်စွပ် သုံးကွင်းစီ ပေးလာကြခြင်းဖြစ်လေသည်။

[ဒါ ထောင်ချောက်များလား] ယနေ့အဖြစ်အပျက်များသည် အလွန်ကိုမှ ထူးဆန်းလွန်းလှသည်ဟု ရန်ကိုင် စိတ်ထဲ ခံစားနေရလေသည်။ ဖန်းဝူနှင့် အခြားသူများမှာ သူ့အပေါ် အလွန်ကိုမှ ဖော်ရွေလွန်းနေခဲ့သည်။ ရှင်းရှင်းပြောရလျှင် မျက်စိဆံပင်မွေးစူးလောက်အောင်ပင် ဖော်ရွေပြလွန်းနေခြင်း ဖြစ်ပေသည်။

ယနေ့အဖြစ်အပျက်သည် ထောင်ချောက်တစ်ခု ဖြစ်နေပြီဆိုလျှင်ပင် ရန်ကိုင်မှာတော့ သိုလှောင်လက်စွပ်ထဲ၌ မည်ကဲ့သို့သော ပစ္စည်းများ ရှိနေသလဲဆိုသည်ကို သွားရောက် မစစ်ဆေးဘဲ မနေနိုင်ခဲ့ပေ။ ထိုအတွက်ကြောင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ကောက်ယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းကို မျက်လုံးပြူးသွားတော့လေ၏။ [အရင်းအမြစ်ကျောက်တွေ အများကြီးပဲ]

အထဲ၌ အရင်းအမြစ်ကျောက် မည်မျှများများ ရှိနေသလဲဆိုသည်ကို ရေတွက်ဖို့ရာပင် မဖြစ်နိုင်တော့ပေ။ သိုလှောင်လက်စွပ်တစ်ကွင်းလုံးမှာ အလယ်အလတ်အဆင့်နှင့် အထက် အရင်းအမြစ်ကျောက်များဖြင့် ပြည့်နေခဲ့သည်။ အဆင့်မြင့် အရင်းအမြစ်ကျောက်ဆိုလျှင် သန်းတစ်ရာနီးပါးခန့် ရှိနေလေသည်။

ရန်ကိုင်မှာ အသာအယာ ချောင်းဟန့်ရင်းမှ နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းကို ကောက်ယူ စစ်ဆေးကြည့်လိုက်သည်။ ထိုသိုလှောင်လက်စွပ်ထဲတွင်တော့ မရေမတွက်နိုင်အောင် များပြားလှသော ပန်းများ ဆေးပင်များဖြင့် ပြည့်နေလေ၏။ ထို့အပြင် ဆေးပင်ပန်းပင် တစ်ပင်ချင်းစီ၏ သက်တမ်းမှာလည်း အတော်လေးကိုမှ မြင့်ပေသည်။ တတိယ သိုလှောင်လက်စွပ်ထဲတွင်မူ ရှားပါးသတ္တုများ ရှိနေလေသည်။

အရင်းအမြစ်ကျောက်များ၊ ဆေးပင်များ၊ သတ္တုများနှင့် မွန်းစတားအမြုတေများ ထိုအရာများသည် ရှေးဟောင်းတောအုပ်ကြီးထဲတွင်သာ ပေါပေါသောသော ရနိုင်သည့် အရာများဖြစ်ကြသည်။ ကံမကောင်းစွာဖြင့် ပထမသုံးမျိုးမှာ မွန်းစတားမျိုးနွယ်စုဝင်များအတွက် အသုံးမဝင်ကြပေ။ အရင်းအမြစ်ကျောက်များနှင့် သတ္တုများသည် မွန်းစတားမျိုးနွယ်စုဝင်များအတွက် လုံးဝကို အသုံးမဝင်ပေ။ မွန်းစတားမျိုးနွယ်စုဝင်များသည် မိုးမြေစွမ်းအင်ကိုသာ စုပ်ယူပြီး သူတို့ စုဆောင်းထားသော မိုးမြေစွမ်းအင်အပေါ် မူတည်၍ သူတို့ကိုယ်သူတို့ အားကောင်းအောင် လုပ်ကြခြင်းဖြစ်လေသည်။

ဆေးပင်များမှာ မွန်းစတားမျိုးနွယ်စုဝင်များအတွက် အနည်းအကျဉ်း အသုံးဝင်ပါသော်ငြား ရှေးဟောင်းတောအုပ်ကြီးထဲတွင် ရှိနေသည့် မည်သူမျှ ဆေးပညာအကြောင်းကို မသိကြပေ။ ထိုအကြောင်းကြောင့် မွန်းစတားမျိုးနွယ်စုဝင်များမှာ ဆေးပင်များကို အစိမ်းလိုက်သာ ဝါးစားကြသဖြင့် ဆေးပင်၏ တကယ့် အာနိသင်အပြည့်အဝကို ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိချေ။ သို့သော်ငြား မွန်းစတားအမြုတေများမှာမူ မွန်းစတားမျိုးနွယ်စုဝင်များအတွက် အမှန်တကယ်ကို အသုံးဝင်ပေသည်။ မွန်းစတားအမြုတေများကို စားသုံးလိုက်မည်ဆိုလျှင် သူတို့၏ ခွန်အားကို လျင်မြန်စွာ တိုးတက်လာအောင် လုပ်နိုင်ပေသည်။

သို့ရာတွင် ရန်ကိုင် ရှေးဟောင်းကုန်းမြေကြီးထဲသို့ ယခင်တစ်ကြိမ် လာရောက်စဉ်က မွန်းစတားမျိုးနွယ်စုဝင်များဆီမှ မွန်းစတားအမြုတေပေါင်းများစွာကို တောင်းယူသွားခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် နတ်အရှင်သုံးပါးမှာ ယခုတစ်ကြိမ်၌ မွန်းစတားအမြုတေများစွာကို ထုတ်မပေးနိုင်တော့ဘဲ မွန်းစတားအမြုတေများအစား သတ္တုများဖြင့်သာ အစားထိုးပေးရတော့သည်။

နတ်အရှင်တစ်ပါးချင်းစီတိုင်းသည် ထိုပစ္စည်းများကို သိုလှောင်လက်စွပ် သုံးကွင်းထဲ ခွဲကာ ထည့်ပေးလာခဲ့ကြခြင်းဖြစ်ပေသည်။

ရန်ကိုင် ယခင်တစ်ကြိမ် ရှေးဟောင်းတောအုပ်ကြီးထဲမှ ယူသွားသည့် ပစ္စည်းများမှာ လက်ရှိ သိုလှောင်လက်စွပ် ကိုးကွင်းထဲတွင် ရှိနေသည့် ပစ္စည်းများထက် အဆပေါင်းများစွာ ပိုများပေသည်။ သို့သော်ငြား ထိုစဉ်က ရန်ကိုင်မှာ နတ်အရှင်များနှင့် သူသေကိုယ်သေ တိုက်ပွဲကို ဆင်နွှဲခဲ့ကြခြင်းဖြစ်ပေသည်။ နောက်ဆုံးမှ ကျန်း‌ရို့ရှီ၏ သွေးမျိုးဆက် နိုးထသွားခဲ့ပြီး ကောင်းကင်အမိန့်တော်၏ မျိုးဆက်ဖြစ်လာမှသာလျှင် နတ်အရှင်များ မာန်လျှော့ခဲ့ရခြင်းဖြစ်လေသည်။ ကောင်းကင်အမိန့်တော်၏ မျိုးဆက်ကြောင့်ပင်လျှင် နတ်အရှင်သုံးပါးမှာ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်ပမာ အလွန်ကိုမှ စိုးရိမ်လာခဲ့ကြကာ ရန်ကိုင်ဒေါသ ပြေသွားစေရန်အတွက် ရန်ကိုင်အား မြောက်မြားလှစွာသော လျော်ကြေးများ ပေးတော့၏။

ယနေ့တွင်တော့ နတ်အရှင်သုံးပါးမှာ ရန်ကိုင် ဤနေရာမှ မြန်မြန်ထွက်သွားစေလိုသည့်အတွက်ကြောင့် လက်ဆောင်များ လာပေးခြင်းဖြစ်လေရာ ယူလာသည့် လက်ဆောင်ပမာဏမှာ သူတို့လာရင်းရည်ရွယ်ချက်နှင့် အတော်လေးကိုမှ သင့်လျော်သည်ဟု ပြော၍ ရပေသည်။

[အချိန်ကိုက်ပဲ၊ ငါလည်း ဒါတွေကို လိုနေတာ] လက်ရှိအချိန်တွင် လောကဓာတ်လုံးထဲ၌ အထက်ကောင်းကင်နန်းတော်ထဲ၌ နေဖို့ရာ စောင့်ဆိုင်းနေကြသော လူပေါင်းသိန်းနှင့်ချီကာ ရှိနေကြသည်။ ထိုလူများသည်သာ အထက်ကောင်းကင်နန်းတော်ထဲ၌ အခြေကျသွားမည်ဆိုလျှင် ဂိုဏ်း၏ တစ်နေ့တစ်နေ့ ကုန်ကျစရိတ်မှာ အလွန်ကိုမှ များပြားလာပေလိမ့်မည်။

ရန်ကိုင်မှာ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ရောက်စဉ်က လီကျောက်အား တစ်ရာ့ရှစ်မျိုး ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်ကို ခင်းကျင်းခိုင်းရန်အတွက် သူနှင့် အတူ ပါသွားခဲ့သော အရင်းအမြစ်ကျောက်အားလုံးကို အသုံးပြုခဲ့ရသည်။ ထိုအတွက်ကြောင့် လတ်တလောတွင် ရန်ကိုင်မှာ အရင်းအမြစ်ကျောက်များကို ပြတ်လပ်နေပေသည်။

ပြောစရာမလိုအောင်ပင် ဟွာချင်းစီ၌ ရန်ကိုင် ပေးထားခဲ့သော အရင်းအမြစ်ကျောက်များ ကျန်ရှိနေပေသေးသည်။ ထိုအပြင် အထက်ကောင်းကင်နန်းတော်နှင့် တောင်ဘက်နယ်မြေကြား စီးပွားရေးလမ်းကြောင်းမှာ ပွင့်ဖို့ရာ မကြာတော့ပေ။ ထိုအတွက်ကြောင့် နောက်ပိုင်းတွင် ထက်ကောင်းကင်နန်းတော်အတွက် အရင်းအမြစ်ကျောက်များ ရှားပါးလာတော့လိမ့်မည်မဟုတ်။ သို့ပင်ဖြစ်လင့်ကစား ယခု နတ်အရှင်များ ပေးလာသည့် အရင်းအမြစ်ကျောက်များကြောင့် ရန်ကိုင်မှာ ထက်ကောင်းကင်နန်းတော်၏ တပည့်များ ကျင့်ကြံဖို့ရာအတွက် အရင်းအမြစ်ကျောက်များ မရှိမည်ကို လတ်တလောအတွက်တော့ စိတ်ပူစရာ မလိုတော့ပေ။

"ဒါတွေက ကျုပ်အတွက်လား" ရန်ကိုင် တံတွေးတစ်လုတ် မျိုချလိုက်သည်။

ဖန်းဝူက ရယ်မောလျက်... "ရောင်းရင်းရန်ဆီ ပေးပြီးသွားပြီပဲ ဘယ်လိုလုပ်ပြီး ပြန်တောင်းလို့ ဖြစ်ပါတော့မလဲ"

"ဟုတ်တယ်၊ ရောင်း ရောင်းရင်းရန်၊ ငါတို့ကို ရှက်အောင် မလုပ်စမ်းပါနဲ့ကွာ" ချန်ကွော့လည်း အလိုက်တသင့် ဝင်ပြောလိုက်လေသည်။ [အဟမ်း၊ ဒီကောင့်ကို ရောင်းရင်းရန်လို့ ခေါ်ရတာကွာ တော်တော် စိတ်ကသိကအောက် ဖြစ်စရာ ကောင်းလိုက်တာကွာ]

"မောင်လေးရန်၊ ကျေးဇူးပြုပြီး မငြင်းပါနဲ့လား" လွမ်ဖုန်းကလည်း ယဲ့ယဲ့လေး ပြုံးရင်းမှ ဝင်ပြောလိုက်သည်။

"အဲဒီလိုဆိုမှတော့" ရန်ကိုင်မှာ အပြုံးကြီးကို ပြုံးရင်းမှ သိုလှောင်လက်စွပ် ကိုးကွင်းကို အမြန်ကောက်သိမ်းလျက် ရယ်မောကာ ပြောလိုက်လေသည်။ "ဂျူနီယာကလည်း ငြင်းလို့ ဘယ်ဖြစ်ပါတော့မလဲ ဟဲဟဲဟဲ"

[သူတို့ ဘာကြံကြံ ဘယ်သူ ဂရုစိုက်မှာလဲ၊ အရင်ဆုံး ဒါတွေကို ယူသွားပြီးတော့ပဲ နောက်မှပဲ စိတ်ပူတော့မယ်၊ ဘာပဲဖြစ်ဖြစ် ငါကလည်း ဒါတွေကို လိုနေတာပဲဟာကို၊ ပြီးတော့ ဒါတွေက သူတို့အတွက်လည်း အသုံးဝင်တာ မဟုတ်ဘူး၊ ဒါတွေနဲ့ဆိုရင် ငါလတ်တလော ကြုံနေရတဲ့ ပြဿနာက တော်တော်လေး အေးသွားပြီ၊ ဒီရှေးဟောင်းတောအုပ်ကြီး တစ်ခုလုံးကိုသာ ထက်ကောင်းကင်နန်းတော်ရဲ့ ရတနာဂိုဒေါင်အဖြစ် ပြောင်းပစ်လို့ရမယ်ဆိုရင်ကွာ၊ တကယ်ကို အဆင်ပြေသွားမှာ]

ရန်ကိုင်က အပြုံးကြီးပြုံးရင်းမှ ပြောလိုက်လေသည်။ "အခုလိုမျိုး ကူညီပေးတဲ့အတွက် ခင်ဗျားတို့အားလုံးကို တကယ် ကျေးဇူးတင်တယ်ဗျာ၊ ရှင်းရှင်းပြောရရင် ကျုပ် ခင်ဗျားတို့သုံးယောက်နဲ့ သွေးသောက် ညီအစ်ကိုမောင်နှမတွေတောင် ဖြစ်ချင်သွားပြီ၊ မွေးတဲ့ရက်ကတော့ မတူဘူးပေါ့၊ ဒါပေမဲ့ အခက်အခဲတွေ အခွင့်အလမ်းတွေကို အတူတကွ မျှဝေခံစားလို့ရတယ်လေ၊ ဟုတ်တယ်မလား ခင်ဗျားတို့သုံးယောက်ရော ဘယ်လိုထင်လဲ"

"ဟမ်" ခေါင်းစဉ်မှာ ရုတ်ချည်းဆိုသလို လျင်မြန်စွာ ပြောင်းလဲသွားသည့်အတွက်ကြောင့် လွမ်ဖုန်းမှာ အံ့အားသင့်တကြီး ဖြစ်သွားခဲ့လေသည်။ ဖန်းဝူနှင့် ချန်ကွော့တို့မှာလည်း မျက်မှောင်ကြုတ်နေကြသည်။

"ခစ်ခစ်" အကြီးအကဲ၏ ပခုံးပေါ်တွင် ထိုင်နေသည့် မူနမှာတော့ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ထရယ်တော့လေ၏။

[ဒီကောင် တကယ်ကြီး ပြောနေတာလား၊ ဒါမှမဟုတ် နားမလည်ချင်ယောင်ပဲ ဆောင်နေတာလား၊ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးကို ပြောနိုင်ရတာလဲ]

"အမ်" ဖန်းဝူမှာ အတော်လေးကိုမှ စကားရည်လည်သည့် လူတစ်ဦး ဖြစ်သည့်တိုင် ယခုအချိန်တွင်တော့ ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့လေသည်။ [ဒီကောင် တကယ်ကို အရှက်မရှိတဲ့ကောင်ပဲကွ၊ ဘယ်လိုလုပ်ပြီး ဒီလိုမဟုတ်တရုတ် စကားမျိုးတွေကို ပြောရဲရတာလဲ၊ နတ်သားရဲတွေနဲ့ သွေးသောက်ညီအစ်ကိုမောင်နှမတွေဖြစ်ဖို့ ဒီကောင်မှာ အလားအလာရှိတာတော့ မငြင်းပါဘူး၊ အလားအလာက ငါတို့ထက်တောင် ပိုကောင်းရင်ကောင်းနိုင်သေးတယ်၊ ဒါပေမဲ ဒီကောင်က ငါတို့အဆင့်ရောက်တဲ့အထိ အသက်ရှင်နိုင်မှာမလို့လား၊ သေသွားတဲ့ ပါရမီရှင်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့လို့လည်း ဘာမှအသုံးဝင်တာ မဟုတ်ဘူး]

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၅)

ဘာသာပြန်သူ_တိမ်တိုက်

သူမသည်သာ ရန်ကိုင်၏ကမ်းလှမ်းချက်ကို သဘောတူလိုက်မည်ဆိုလျှင် သူတို့ဘက်မှသာ နစ်နာသွားရပေလိမ့်မည်။ သွေးသောက်ညီအစ်ကိုများ ဖြစ်သည့်အလျောက် သူတို့အနေဖြင့် ထက်ကောင်းကင်နန်းတော်၏ ကိစ္စများကို ဝင်ရောက်ကူညီပေးရပေလိမ့်မည်။ လိုအပ်လာလျှင် ရန်ကိုင်ကို ကူညီပေးရန်အတွက် သူတို့၏ လက်အောက်ငယ်သားများ ဖြစ်ကြသော မွန်းစတားဘုရင်များကိုပင်လျှင် စေလွှတ်ပေးရနိုင်ပေသည်။ ဤသည်မှာ နတ်အရှင်များ စိတ်အပူရဆုံး ကိစ္စတစ်ရပ်ဖြစ်သည်။ သူတို့လက်အောက်ရှိ မွန်းစတားဘုရင်များ ရန်ကိုင်ဆီသို့ ရောက်သွားမည်စိုးသည့်အတွက်ကြောင့် ယခုကဲ့သို့ တကူးတကလာ၍ လက်ဆောင်များ ပေးနေခဲ့ရလေရာ ရန်ကိုင်၏တောင်းဆိုချက်ကို သူတို့အနေဖြင့် မည်သို့များ သဘောတူနိုင်ပါမည်နည်း။

ရယ်မောပျော်ရွှင်ဖွယ်ကောင်းသည့် အခြေအနေမှာ ရုတ်ချည်းဆိုသလို ကသိကအောက်ဖြစ်သွားတော့လေသည်။

ရန်ကိုင်သည် နတ်အရှင်များ၏ တုံ့ပြန်မှုကို သေသေချာချာကို အကဲခတ်လေ့လာကြည့်နေလေရာ ထိုလူများ ဘာတွေးနေသလဲဆိုသည်ကို မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ ထို့အတွက်ကြောင့် စိတ်ထဲမှ ကြိတ်ကာ နှာခေါင်းရှုံ့လိုက်လေသည်။ (နောက်ဆုံးတော့လည်း ငါ့ခွန်အားငါ အားကိုးရုံပဲရှိတော့မယ်… ဒီကောင်တွေ ငါ့ကို အထင်သေးနေသေးတာပဲ… မဟုတ်ရင် အခုလိုပုံစံမျိုး လုပ်ပြနေမှာမဟုတ်ဘူး…)

ရန်ကိုင်မှာ ထိုစကားများကို ဤအတိုင်းပြောလိုက်ခြင်းသာ ဖြစ်ပေသည်။ တကယ်ကြီးပြောလိုခြင်းတော့မဟုတ်။ ရန်ကိုင်အနေဖြင့် ရှေးဟောင်းတောအုပ်ကြီးကို လိုချင်သည်မှာလည်း ဤနေရာတွင်ရှိနေသော မြောက်မြားလှစွာသော အရင်းအမြစ်များကြောင့်သာ ဖြစ်ပေသည်။ သို့သော်ငြား တစ်ဖက်လူက လက်မခံချင်ဘဲနှင့် ရန်ကိုင်ဘက်မှ မည်ကဲ့သို့များ အတင်းသွားတွန်းအားပေးနေ၍ ရပါမည်နည်း။ ရန်ကိုင်ကိုယ်တိုင်ကမူ သူ့ကိုယ်သူ ထိုနတ်အရှင်သုံးပါးအောက် နိမ့်ကျသည်ဟု မယုံကြည်ပေ။ နဂါးကျွန်းထဲသို့ အတင်းတိုးဝင်သွားပြီး ပြန်ထွက်လာနိုင်သည့် သူ့ကဲ့သို့သောလူတစ်ဦးသည် မည်ကဲ့သို့များ အထင်ကြီးစရာမကောင်းဘဲ ရှိပါမည်နည်း။

ရန်ကိုင်က သည်းလှိုက်အူလှိုက်ရယ်မောရင်းမှ ပြန်ပြောလိုက်လေသည်။ “ဒီတိုင်းနောက်လိုက်ရုံပါပဲ… စိတ်ထဲမထားပါနဲ့…”

ဖန်းဝူသည် နဖူးထက်တွင်ဝေ့သီလာသော ချွေးအေးများကိုသုတ်၍ အားတင်းပြုံးကာ “ရောင်းရင်းရန်က တကယ်ကို အရွှန်းဖောက်တတ်တဲ့လူပဲနော်… လာ လာ… နောက်တစ်ခွက်လောက်သောက်ကြရအောင်…” ပြောရင်းနှင့်မှ လွမ်ဖုန်းနှင့် ချန်ကွော့တို့အား မသိမသာလေး မျက်စပစ်ပြလိုက်သည်။

နောက်ထပ် လေးငါးခွက်လောက် သောက်ပြီးသည့်နောက်တွင် ကသိကအောက်ဖြစ်နေသည့် အခြေအနေမှာ သိသိသာသာကို ပြေလျော့သွားခဲ့လေသည်။ နောက်ဆုံး ညနေစောင်းလာသည့် အခါမှသာလျှင် ဖန်းဝူနှင့်အခြားသူများ ထွက်သွားကုန်ကြလေ၏။

ရန်ကိုင်က နွေးထွေးစွာဖြင့် ကမ်းလှမ်းလိုက်လေသည်။ “ကျုပ် လိုက်ပို့ပေးမယ်လေ…”

“မလိုပါဘူး…” ဖန်းဝူက အလျင်စလိုပြန်ပြောလိုက်သည်။ “ငါတို့ဘာသာပဲ သွားလိုက်ပါမယ်… အေးအေးဆေးဆေးနား ရောင်းရင်းရန်…” (ဒီကောင်သာအပြင်ထွက်လာလို့ မွန်းစတားဘုရင်တွေသာမြင်သွားရင် ပြဿနာတက်ကုန်မှာ…)

“ကောင်းပြီလေ…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

“အင်း… ဂရုစိုက်ဦးနော် ရောင်းရင်းရန်…” ဖန်းဝူက ပြုံး၍ ပြန်ပြောလိုက်သည်။ “အကြီးအကဲနှင့် မူနတို့အား နှုတ်ဆက်စကားဆိုပြီးသည့်နောက်တွင် ဖန်းဝူသည် လွမ်ဖုန်း၊ ချန်ကွော့တို့နှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေသည်။

ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်ရင်းမှ အော်ပြောလိုက်သည်။ “ဒီနေ့အတွက်တော့ တကယ်ကို ကျေးဇူးပဲနော်… နောက်ပိုင်းကျ ဒီကျေးဇူးကြွေးကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ပြန်လာခဲ့မယ်… ခင်ဗျားတို့ခရီးလမ်း အဆင်ပြေပါစေဗျာ…”

ကောင်းကင်ပေါ်သိုပျံတက်ကာ ထွက်သွားရန် ကြံနေကြသည့် ဖန်းဝူနှင့် အခြားသူများမှာ ရန်ကိုင်စကားကြောင့် ဒယီးဒယိုင်ဖြစ်ကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။ ဖန်းဝူမှာ သူ့စိတ်ကို တည်ငြိမ်သွားအောင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရပြီး လွမ်ဖုန်းမှာတော့ ရန်ကိုင်အား စူးရဲစွာ တစ်ချက်စိုက်ကြည့်သွားခဲ့သည်။

ထို့နောက်တွင် သုံးဦးစလုံး အလင်းတန်းအသွင်သို့ပြောင်း၍ ရန်ကိုင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။ ရန်ကိုင်သည် လွမ်ဖုန်းတို့ထွက်သွားသည့်အရပ်ကိုကြည့်ရင်း မျက်မှောင်ကြီးကျုံ့ကာ အတွေးနက်နေခဲ့လေသည်။ ထို့နောက် ခေါင်းကိုကုတ်ရင်းမှ မေးလိုက်လေ၏။ “ထူးဆန်းလိုက်တာ… သူတို့ ဘာဖြစ်လို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ…”

“ခစ် ခစ်…” မူန ထရယ်တော့သည်။ အလားတူပင် အကြီးအကဲမှာလည်း ပါးစပ် နားရွက်တက်ချိတ်မတတ်ပြုံးရင်းမှ ရယ်မောလိုက်လေ၏။

ရန်ကိုင်သည် အကြီးအကဲဘက်သို့လှည့်၍ မေးလိုက်လေ၏။ “အကြီးအကဲ… ခေါင်းဆောင်မူန… အဲ့သုံးယောက် ဘာကြံနေကြတာလို့ထင်လဲ… သူတို့ဘာသာသူတို့ ဒီနေရာဆီ တကူးတကကြီးလာပြီးတော့ လက်ဆောင်တွေလာပေးတယ်… ကျုပ်တို့က အဲ့လောက်ရင်းနှီးတာလဲမဟုတ်ဘူး…”

(ငါနဲ့ရင်းနှီးတာဆိုလို့ လွမ်ဖုန်းလောက်ပဲရှိလိမ့်မယ်… ချန်ကွော့နဲ့ ဖန်းဝူတို့က တစ်ကြိမ်လောက်ပဲတွေ့ဖူးတာ… ငါ့နောက်မှာ ကျန်းရို့ရှီရှိနေတယ်ဆိုရင်တောင် သူတို့ အခုလိုမျိုးလုပ်စရာအကြောင်းတော့ မရှိပါဘူး…)

“နင် တကယ်မသိတာလား… ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား…” မူန ဆွံ့အသွားတော့လေသည်။ နတ်အရှင်သုံးပါး၏လုပ်ပုံမှာ ဤမျှ သိသာနေသည်ကို ရန်ကိုင်မှာ ဘာကြောင့်မှန်းမသိ နားမလည်နိုင် ဖြစ်နေလေသည်။ နတ်အရှင်သုံးပါးအား သွေးသောက်ညီအစ်ကိုများလုပ်ရန်ပင် သွားပြောနေပေသေးသည်။ ရန်ကိုင် နတ်အရှင်သုံးပါးအား ချောင်ပိတ်ရိုက်ချင်နေလေသလော။

ရန်ကိုင်က လက်သီးဆုပ်၍ အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ခေါင်းဆောင်မူန… ကျုပ်ကို တစ်ချက်လောက် ပြောပြပေးပါလား…”

“နင် ဒီနေ့အထိ ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်လာနိုင်တာလဲ…” မူနသည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။

အကြီးအကဲက ရယ်မောလျက် “သူမသိတာကိုလည်း သွားအပြစ်ပြောနေလို့တော့မရဘူး… သူက ဒီကအကြောင်းတွေကိုမှ မသိသေးတာ…”

မူနက ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါလည်း ဟုတ်တာပဲနော်… ကောင်းပြီလေ… သူတို့ ဘာလို့ အခုလိုမျိုးလုပ်နေရလဲဆိုတာကို ငါ နင့်ကို ပြောပြရသေးတာပေါ့…”

မူနရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် အကြောင်းအရင်းကို ရန်ကိုင် နားလည်သွားတော့လေသည်။ ထို့နောက် သူ့ကိုယ်သူ လက်ညှိုးထိုး၍ မျက်လုံးအပြူးသားဖြင့် “ကျုပ် သူတို့ရဲ့မွန်းစတားဘုရင်တွေကို ခေါ်သွားမှာကို နတ်အရှင်သုံးပါးစလုံး ကြောက်နေကြတာလား…”

မူနက ပြန်ပြောလိုက်သည်။ “မွန်းစတားဘုရင်အများစုရဲ့ကျင့်ကြံခြင်းက အကန့်အသတ်ကိုရောက်သွားပြီ… သူတို့အနေနဲ့ ထပ်ပြီးတော့ တိုးတက်ချင်တယ်ဆိုရင် သွေးတံခါးကို အားကိုးရုံပဲရှိတော့တယ်… အခု ဒီမှာ ကောင်းကင်အမိန့်တော်မျိုးဆက်နဲ့ ဆက်သွယ်နိုင်တာ နင်တစ်ယောက်ပဲရှိတာ… ပြီးတော့ ရှီကျို သွေးတံခါးထဲကို ဝင်သွားနိုင်တာလည်း နင့်ကြောင့်ပဲလေ… အဲ့ဒါကြောင့်ပဲ နင့်ကိုယ်နင် စဉ်းစားကြည့်လိုက်ပေါ့… မွန်းစတားဘုရင်တွေ နင့်ကို ဘယ်လိုတွေးမလဲဆိုတာကို…”

ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် ရေရွတ်လိုက်လေ၏။ “အခုလိုဖြစ်မယ်မှန်းတော့ သိတယ်… ဒါပေမယ့် ဒီလောက်အထိဖြစ်မယ်လို့ မထင်ခဲ့တာ…”

ယင်ဖေး၊ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့မှာ ရန်ကိုင်၏လက်အောက်တွင် ခစားနေကြသော မွန်းစတားဘုရင်များ ဖြစ်ကြပေသည်။ ရန်ကိုင်သည် ထိုမွန်းစတားဘုရင်သုံးပါးကို အခြေအနေ အရိပ်အကဲကိုကြည့်၍ ရအောင် ခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ လုပ်စရာကိစ္စများကို လုပ်ပြီးသွားသည့်နောက် မွန်းစတားဘုရင်သုံးပါးကို ပြန်လို့ရပြီဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော်ငြား မွန်းစတားဘုရင်သုံးပါးမှာ‌တော့ မပြန်ခဲ့ပေ။ ထို့အပြင် ဟင်းလင်းပြင်အစီအရင်ဖျက်ဆီးခံလိုက်ရကြောင်း သိလိုက်ရပြီးသည့်နောက် မွန်းစတားဘုရင်သုံးပါးမှာ ဝမ်းပန်းတသာဖြင့်ပင် ထက်ကောင်းကင်နန်းတော်၌ ဆက်နေနေခဲ့လေ၏။ မွန်းစတားဘုရင်များ ရှေးဟောင်းတောအုပ်ကြီးဆီသို့ ပြန်မလာချင်သည်တော့မဟုတ်။ ရေသည် အမြင့်မှ အနိမ့်သို့သာ စီးသလို မွန်းစတားဘုရင်များမှာလည်း ပိုမိုအားကောင်းသည့်အဆင့်သို့ တက်လှမ်းချင်ကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်လက်အောက်၌ ဆက်လက်ခစားနေကြခြင်းပင် ဖြစ်လေသည်။

ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “ဒီတော့ ကျုပ်ဘက်က ခေါ်သွားချင်တယ်ဆိုရင်တောင် မွန်းစတားဘုရင်တွေအကုန်လုံးကို ဒီတိုင်းခေါ်သွားလို့တော့ ရမှာမဟုတ်ဘူးပေါ့…”

“မရလောက်ဘူး…”

ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ကျုပ် သူတို့တွေကို ဖန်းဝူနဲ့ အခြားသူတွေကို ရှင်းပစ်ဖို့ပြောမယ်ဆိုရင်ရော…”

“စိတ်ကူးသာယဉ်နေလိုက်…” မူနသည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် “နတ်အရှင်သုံးပါး ရှေးဟောင်းတောအုပ်ကြီးကို အုပ်စိုးလာတာ နှစ်ပေါင်းသောင်းနဲ့ချီနေပြီ… ဘယ်မွန်းစတားဘုရင်ကများ သူတို့ကို သွားပြီး ဆန့်ကျင်ရဲမှာလဲ… သွေးတံခါးထဲကို ဝင်ဖို့အတွက်နဲ့ သူတို့ နင့်နောက်ကို လိုက်ချင်လိုက်လိမ့်မယ်… နင်ပေးတဲ့အမိန့်တွေကိုလည်း နာခံချင်နာခံလိမ့်မယ်… ဒါပေမယ့် နတ်အရှင်သုံးပါးကို ဆန့်ကျင်ဖို့ကတော့ သွားပြောမနေနဲ့… ဘယ်သူမှ အဲ့လိုအမိန့်မျိုးကို နာခံမှာမဟုတ်ဘူး…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျုပ် ဒီတိုင်း စဉ်းစားကြည့်လိုက်ရုံပါပဲ…”

မကြာမီ ရန်ကိုင်၏အမူအယာ လေးနက်သွားတော့လေ၏။ “ဒါဆိုရင်တော့ နောက်ပိုင်း ကျုပ် ရှေးဟောင်းတောအုပ်ကြီးဆီကို မကြာမကြာ လာလည်သင့်တယ်နဲ့တူတယ်…”

(ငါ ဘာမှတောင်လုပ်စရာမလိုဘူး… ဒီတိုင်း ဒီနေရာကိုလာပြီးတော့ လူလုံးထွက်ပြရုံနဲ့တင် ဖန်းဝူ၊ လွမ်ဖုန်းနဲ့ ချန်ကွော့တို့ ငါ့ဆီကို လက်ဆောင်တွေလာပေးမှာ… အဲ့ခါကြရင် ပြန်ထွက်လာလိုက်… အေးဆေးပဲ… ဒါပေမယ့် ဒီလိုမျိုးကလည်း တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ လုပ်လို့ကောင်းမှာ… နတ်သားရဲတွေကလည်း သွားပြဿနာရှာလို့ကောင်းတဲ့ကောင်တွေမဟုတ်ဘူး… တော်ကြာ ဒေါသထွက်ပြီး သူတို့စိတ်မထိန်းနိုင်တော့လို့ရှိရင် ဒုက္ခများသွားနိုင်တယ်…)

မည်သို့ပင်ဖြစ်နေစေကာမူ အခြေအနေကို သေသေချာချာ သိလိုက်ရပြီးသည့်နောက် ရန်ကိုင်မှာ အတော်လေး ဝမ်းသာပျော်ရွှင်သွားခဲ့လေသည်။ ရှေးဟောင်းတောအုပ်ကြီးတစ်ခုလုံးကို ထက်ကောင်းကင်နန်းတော်၏ ရတနာပုံကြီးအဖြစ် သတ်မှတ်၍ မရသေးပါသော်ငြား ရန်ကိုင်အနေဖြင့် တဖြည်းဖြည်းနှင့် နတ်အရှင်သုံးပါးနှင့် ညီတူညီမျှ ပူးပေါင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။ ရန်ကိုင်နှင့် နတ်အရှင်သုံးပါးကြားရှိ ဆက်ဆံရေးကို တည်မြဲအောင် လုပ်လိုပါက နှစ်ဖက်စလုံးအတွက် အကျိုးအမြတ်ရှိမည့်နည်းလမ်းကို ရွေးချယ်မှသာလျှင် အဆင်ပြေပေလိမ့်မည်။

ရှေးဟောင်းတောအုပ်ကြီးသည် အမျိုးမျိုးသော တွင်းထွက်ပစ္စည်းများ၊ ဆေးပင်များကို ထုတ်လုပ်ပေးနိုင်ပြီး ထက်ကောင်းကင်နန်းတော်ကမူ ရလာသမျှပစ္စည်းများအတွက် ဆေးလုံးများဖြင့် တန်ရာတန်ကြေး ပြန်ပေးနိုင်ပေသည်။ မွန်းစတားမျိုးနွယ်စုဝင်များသည် ဆေးပညာအကြောင်းကို မသိကြပါသော်ငြား ဆေးလုံးများသည် သူတို့အတွက် အကျိုးမရှိသည်တော့ မဟုတ်ပေ။

လူသားများမှ သန့်စင်ဖော်စပ်ထားသော ဆေးလုံးများသည် မွန်းစတားမျိုးနွယ်စုဝင်များကြား အလွန်ကိုမှ ရှားပါးလှပေသည်။ ထို့အတွက်ကြောင့် ဆေးလုံးတစ်လုံးကို သာမန်တန်ကြေးထက် ဆယ်ဆ အဆနှစ်ဆယ်ခန့် တင်၍ ရောင်းချမည်ဆိုလျှင်ပင် မွန်းစတားမျိုးနွယ်စုဝင်မှာတော့ ထိုဆေးလုံးများကို အမှန်တကယ် လိုချင်နေပေလိမ့်ဦးမည်။

တစ်နည်းဆိုရသော် ထက်ကောင်းကင်နန်းတော်သည် တောင်ဘက်နယ်မြေတွင် ရှိနေသော ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်း၊ အရှေ့ဘက်နယ်မြေတွင်ရှိနေသော ရှေးဟောင်းတောအုပ်ကြီးတို့နှင့် စီးပွားရေးအရ အတူတကွ ပူးပေါင်းထားမည်ဖြစ်လေရာ ထက်ကောင်းကင်နန်းတော်၏တပည့်များသည် နောက်ပိုင်းတွင် ကျင့်ကြံရေးအရင်းအမြစ်များ မရှိမည်ကို စိတ်ပူစရာလိုတော့လိမ့်မည်မဟုတ်ပေ။ ဤနည်းလမ်းသည် ထက်ကောင်းကင်နန်းတော်အတွက် အလွန်ကိုမှ အကျိုးရှိသည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။ အခြားသူများမှာ ထက်ကောင်းကင်နန်းတော်၏ နည်းလမ်းကို အားကျ၍ ထက်ကောင်းကင်နန်းတော်အတိုင်း လိုက်လုပ်လိုလျှင်ပင် လုပ်နိုင်ကြလိမ့်မည်မဟုတ်ပေ။ တကယ်တော့ သူတို့တွင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်များမှ မရှိလေပဲ။

အကြံဉာဏ်ကို စဉ်းစားပြီးသွားသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်သည့်အခိုက် ဟွာချင်းစီအား ယခုကိစ္စနှင့်ပတ်သက်၍ သေသေချာချာလေး အစီအစဉ်ဆွဲခိုင်းရမည်ဟု စဉ်းစားလိုက်လေသည်။

“ဒါနဲ့… ခေါင်းဆောင်မူန ကျုပ်နဲ့ စကားပြောချင်တယ်လို့ ပြောခဲ့တယ်နော်… ဘာပြောချင်လို့လဲ…” ရန်ကိုင်သည် ယခုမှသာလျှင် ထိုအကြောင်းကို ပြန်စဉ်းစားမိသွားခဲ့ပြီး မေးလိုက်လေ၏။

“ငါ့နောက်လိုက်ခဲ့…” မူနက အလေးအနက်အမူအယာဖြင့် သစ်လိုဏ်ဂူတစ်ခုဆီသို့ ပျံသန်းသွားလေသည်။

ရန်ကိုင်လည်း မူနနောက်မှ လိုက်သွားခဲ့လေသည်။

သစ်လိုဏ်ဂူထဲသို့ရောက်‌သော် မူနသည် ရန်ကိုင်ဘက်သို့ လှည့်လိုက်သည်။ ရန်ကိုင် သစ်လိုဏ်ဂူထဲသို့ ဝင်လာပြီးသည်အထိ စောင့်နေပြီးသည့်နောက် သူမလက်ကို မြှောက်လိုက်လေ၏။ ချက်ချင်းဆိုသလို သစ်လိုဏ်ဂူတံခါးမှာ ပိတ်သွားခဲ့လေသည်။

(ဘာတွေပြောချင်လို့ ဒီလောက်တောင် လျှို့လျှို့ဝှက်ဝှက် လုပ်နေရတာလဲ…) ရန်ကိုင် တွေးလိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား မူန သူ့အား အန္တရာယ်ပြုလိမ့်မည်မဟုတ်မှန်းတော့ ရန်ကိုင်သိနေခဲ့သည်။ သစ်သားဝိဉာဉ်များသည် တိုက်ခိုက်ခြင်းကို မလိုလားကြသည့် မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။

ရန်ကိုင်မှ မေးတော့မည်အပြု မူနသည် ရန်ကိုင်ဆီသို့ ရုတ်တရက်ပျံသန်းလာခဲ့ပြီး သူ့ရှေ့တွင်ရပ်၍ ပြောလိုက်သည်။ “နင့်မျက်လုံးကိုပိတ်လိုက်…”

ရန်ကိုင်လည်း မူနပြောသည့်အတိုင်း သူ့မျက်လုံးကိုပိတ်လိုက်သည်။ ထို့နောက် အလွန်ကိုမှ သင်းပျံ့မွှေးကြိုင်သည့် သဘာဝမွှေးရနံ့တစ်ခုကို ရန်ကိုင် ရလိုက်လေသည်။ ထိုအနံ့လေးမှာ အတော်လေးကိုမှ မွှေးလှသည့်အတွက်ကြောင့် ရန်ကိုင်မှာ ထပ်မံ၍ ရှူရှိုက်ကြည့်မိလိုက်သည်။

မူနမှာ အလွန်ကိုမှ ချောမောလှပသည့် မိန်းမချောတစ်ဦး ဖြစ်ပေသည်။ သို့သော်ငြား သစ်သားဝိဉာဉ်များ၏ ကန့်သတ်ချက်ကြောင့် သူမ၏ခန္ဓာကိုယ်အရွယ်အစားမှာ လက်တစ်ဝါးခန့်စာအထိသာ ကြီးထွားနိုင်သည်။ သူမသည် သာမန်လူသားတစ်ဦး၏ အရွယ်အစားထိသို့ ကြီးထွားနိုင်မည်ဆိုပါက တိုင်းပျက်ပြည်ပျက် မိန်းမချောလေးတစ်ဦး ဖြစ်လာပေလိမ့်မည်။

မူန၏ ကိုယ်သင်းရနံ့လေးမှာလည်း အတော်လေးကိုမှ လန်းဆန်းလှပေသည်။ ရှူရှိုက်မိလိုက်သည့်လူတိုင်း၏ စိတ်ကို အလွန်ကိုမှ လန်းဆန်းတည်ငြိမ်သွားစေနိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏စိတ်မှာ တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့ရသည်။

တစ်ခဏအကြာ၌ ထူးဆန်းသည့်အသံတစ်သံကို ကြားလိုက်ရလေသည်။ ရန်ကိုင်၏မျက်နှာအမူအယာကြီးမှာလည်း ထူးဆန်းသွားတော့သည်။ အကြောင်းမှာ မူနသည် သူ့ခန္ဓာကိုယ်ကြီးကို ဝိုင်းကြီးပတ်ပတ်လှည့်ကာ ပျံသန်းနေရင်းမှ နှာခေါင်းတရှုံ့ရှုံ့လုပ်နေသည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့်ပင်။

“ခေါင်းဆောင်မူန ဘာလုပ်နေတာလဲ…” ထိုသို့မေးလိုက်ရင်းမှ ရန်ကိုင်သည် မျက်လုံးကို မသိမသာလေး ဖွင့်ကြည့်လိုက်သည်။ သာမန်လူသားအမျိုးသမီးတစ်ဦးသာ သူ့အား ယခုကဲ့သို့ လာလုပ်နေလျှင် ထိုအမျိုးသမီးသည် သူ့အား ဆွဲဆောင်ဖျားယောင်းရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ရန်ကိုင် မှတ်ယူသွားပေလိမ့်မည်။ သို့သော်ငြား မူနကမူ ထိုကဲ့သို့လုပ်နေခြင်း မဟုတ်ပေ။ (ငါ့ခန္ဓာကိုယ်အနံ့က ထူးဆန်းလို့လား… မဟုတ်ရင် သူ ဘာဖြစ်လို့ ငါ့ကိုယ်နံ့ကို ဒီလောက်တောင်ရှူနေရတာလဲ…)

မူနသည် ရန်ကိုင်၏အမေးကို ပြန်မဖြေခဲ့ဘဲ ရန်ကိုင်၏ခါးနေရာလောက်သို့ ဆင်းသွားခဲ့ပြီး ရန်ကိုင်၏ ဒန်တျန်နေရာတွင် ရပ်လိုက်လေသည်။ နောက်ထပ် နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်ပြီးသည့်နောက် မူလမှာ ထိတ်လန့်တကြားအမူအယာဖြင့် သူမ၏ပါးစပ်ကလေးကို ပိတ်လိုက်လေ၏။

သစ်လိုဏ်ဂူတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေခဲ့လေသည်။ အတန်ကြာအောင် စောင့်နေပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေသည်။ “အခု မျက်လုံးဖွင့်လို့ရပြီလား…”

“အင်း…”

ရန်ကိုင် မျက်လုံးပြန်ဖွင့်လာသည့်အချိန်တွင် မူနသည် ပြဿနာများနေသည့်အမူအယာဖြင့် မျက်မှောင်ကြီးကျုံ့ထားကြောင်းကို တွေ့လိုက်ရသည်။

(ဒီနေ့တစ်နေ့လုံး ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ချည်းပဲ ပြည့်နေတယ်… နတ်အရှင်သုံးပါးကလည်း သူတို့ဘာသာသူတို့ ငါ့ကို လက်ဆောင်တွေလာပေးတယ်… အခု သစ်သားဝိဉာဉ်ခေါင်းဆောင်မူနကလည်း ငါ့ကို သစ်လိုဏ်ဂူထဲကိုခေါ်လာပြီး ငါ့ကိုယ်နံ့ကို တောက်လျှောက်ရှူနေတယ်… ဘာတွေဖြစ်နေတာလဲ မသိတော့ဘူး…)

“သစ်သားဝိဉာဉ်တွေက ဘယ်နေရာမှာ အတော်ဆုံးလဲဆိုတာကို နင်သိလား…” မူနက ရုတ်တရက် ကောက်ခါငင်ခါဖြင့် မေးလိုက်သည်။

“သစ်ပင်တွေကို စိုက်ပျိုးတဲ့နေရာရယ်… အသီးဝိုင်တွေချက်တဲ့နေရာရယ်မှာလေ… ပြီးတော့ သီချင်းဆိုတာနဲ့ ကတာမှာလည်း တော်တော်လေး ကောင်းပါသေးတယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

မူနသည် နဖူးပေါ်လက်တင်ရင်းမှ ပင်ပန်းနွမ်းနယ်နေသည့် အမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “ဒီတော့ ဒါ ငါတို့သစ်သားဝိဉာဉ်ကလန်ကို နင်မြင်တဲ့ပုံစံပေါ့…”

မူန၏စကား‌ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ပြန်မေးလိုက်သည်။ “အဲ့ဒါက မဟုတ်လို့လား…”

မူနက ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “ဘယ်ဟုတ်မလဲဟ… ငါတို့ အပင်တွေစိုက်ပျိုးတဲ့နေရာမှာ တော်တယ်ဆိုတာ ငါတို့က အပင်တွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားလို့ပဲ… နင်လည်း ကောလဟာလတွေ ကြားဖူးမှာပေါ့… ဟိုးအရင်တုန်းကဆိုရင် အားကောင်းတဲ့ပညာရှင်တွေက ငါတို့သစ်သားဝိဉာဉ်တွေကို ဖမ်းပြီးတော့ သူတို့ရဲ့ ဆေးဥယျာဉ်တွေကို စောင့်ရှောက်ခိုင်းတယ်ဆိုတာမျိုးလေ…”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

“အဲ့ဒါက ငါတို့သစ်သားဝိဉာဉ်ကလန်ရဲ့ မွေးရာပါစွမ်းရည်တစ်မျိုးပဲ… ငါတို့စိုက်ပျိုးလိုက်တဲ့အပင်တွေက ပုံမှန် သူ့ဘာသာသူ ကြီးထွားနေတဲ့အပင်တွေထက် အများကြီးပိုကောင်းတယ်ဆိုတာ ငါတို့က အပင်တွေနဲ့ ဆက်သွယ်နိုင်ပြီးတော့ အပင်တွေ ဘယ်လိုဘယ်ပုံပြုမူလဲ အပင်တွေ ဘာလိုအပ်လဲဆိုတာကို သိနိုင်လို့ပဲ… အခြား ဘယ်ကလန်မှ ငါတို့လိုမျိုးစွမ်းရည်ကို မပိုင်ဆိုင်ထားဘူး…”

ယခုမှသာလျှင် ရန်ကိုင်မှာ သစ်သားဝိဉာဉ်များ သစ်ပင်များအား ပျိုးထောင်ရာ၌ ဘာကြောင့် တော်ရသလဲဆိုသည်ကို နားလည်သွားတော့လေသည်။

“အဲ့လိုစွမ်းရည်မျိုးကြောင့်ပဲ ငါတို့သစ်သားဝိဉာဉ်ကလန်က အရမ်းထူးဆန်းတဲ့အပင်တွေကိုလည်း အာရုံခံနိုင်တယ်…” မူနသည် ရန်ကိုင်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ “နင့်မှာ ထူးဆန်းတဲ့ အပင်တစ်မျိုးမျိုး ရှိလား… ပန်းပွင့်ပဲဖြစ်ဖြစ် ဆေးပင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် သစ်ပင်တစ်မျိုးပဲဖြစ်ဖြစ်ပေါ့…”

ထိုစကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး အလေးအနက်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “ခေါင်းဆောင်မူနက ဘာလို့ အဲ့ဒါကိုမေးတာလဲ…”

ရန်ကိုင်တွင် အမှန်တကယ်ကိုမှ အဖိုးတန်လွန်းသည့် အပင်အချို့ ရှိပေသည်။

(သူ တစ်ခုခု သိထားတာလား…)

မူနက ပြောလိုက်သည်။ “အဲ့လောက်ကြီးလည်း စိုးရိမ်မနေနဲ့… နင့်ကိုယ်ပေါ်ကနေ အနံ့ရလိုက်လို့ သိသွားတာ…”

တစ်ချက်မျှရပ်ပြီးသည့်နောက် မူနက ဆက်ပြောလိုက်သည်။ “နင် ဒီကိုရောက်လာတည်းက ငါသတိထားမိတယ်… ဒါပေမယ့် သိပ်မသေချာလို့…”

“အခု သေချာသွားပြီလား…”

“အင်း…” မူနက ပြောလိုက်သည်။ “သေချာသွားပြီ… အဲ့ဒါ အပင်လဲ ငါ့ကိုပြောပြလို့ရမလား…”

All Chapters