← Chapters

အခန်း (၃၂၀၆-၃၂၁၀)

Vol. 140 Ch. 3206-3210

အခန်း (၃၂၀၆-၃၂၁၀)

Vol. 140 Ch. 3206-3210

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၆)

ဘာသာပြန်သူ_တိမ်တိုက်

“ခေါင်းဆောင်မူနက အနံ့နဲ့တင် မပြောနိုင်ဘူးလား…” ရန်ကိုင်က မူန၏အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်သည်။

မူနသည် ရန်ကိုင်အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ ရန်ကိုင်မဖြေချင်မှန်း သိလိုက်သော် ပြန်၍သာ‌ မေးလိုက်လေ၏။ “ပြောကြတာတော့ ရှေးခေတ်အချိန်တွေတုန်းက ရွှေရောင်နဲ့ငွေရောင် ရောယှက်နေတဲ့ မိုးကောင်းကင်သစ်ပင်ဆိုတဲ့ သစ်ပင်တစ်ပင်ရှိတယ်တဲ့… အဲ့သစ်ပင်က ဒီလောကကြီးမှာ ရှိသမျှအရာအားလုံးကို ချိတ်ပိတ်နိုင်စွမ်း ရှိတယ်ဆိုပဲ… ငါပြောတာမှန်လား…”

ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး မူနအား လက်မထောင်ပြလုမတတ် ဖြစ်သွားခဲ့သည်။ (အနံ့နဲ့တင် ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲဟ… အံ့ဩစရာပါလား… သစ်ပင်တွေနဲ့ ဆက်သွယ်နိုင်တဲ့စွမ်းရည်နဲ့ မွေးဖွားလာတယ်ဆိုတဲ့အတိုင်းပဲ…)

ရန်ကိုင်၏ ဒန်တျန်ထဲတွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးချီများကို မိုးကောင်းကင်သစ်ပင်၏ စွမ်းအားကိုသုံး၍ ချိတ်ပိတ်ထားခြင်းဖြစ်လေရာ သဲလွန်စအချို့ ကျန်ခဲ့သည်မှာ အဆန်းတော့မဟုတ်ပေ။ ယခင်က သစ်သားဝိဉာဉ်ကလန်ကဲ့သို့ သစ်ပင်များနှင့် ဆက်သွယ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်လူ မရှိသည့်အတွက်ကြောင့် ရန်ကိုင်နှင့်ပတ်သက်၍ ဘာကိုမှ သတိမထားမိခဲ့ကြပေ။

ကံမကောင်းစွာဖြင့် သစ်သားဝိဉာဉ်ကလန်သားများအတွက်မူ ထိုမပြောပလောက်သောသဲလွန်စလေးသည် ညအမှောင်ထဲ တလက်လက်တောက်ပနေသည့် ဆီမီးတိုင်ပမာ ဖြစ်နေခဲ့လေသည်။ အထူးသဖြင့် သစ်သားဝိဉာဉ်ကလန်၏ ခေါင်းဆောင်ဖြစ်သူအတွက်ပင်။ ရန်ကိုင်၏တုံ့ပြန်ပုံကို မြင်ပြီးသည့်‌နောက် သူမ၏ခန့်မှန်းချက် မှန်ကန်သွားပြီမှန်း မူနသိလိုက်လေသည်။ ထို့ကြောင့် အံ့အားသင့်နေသည့်လေသံဖြင့် “နင့်မှာ တကယ်ကြီး မိုးကောင်းကင်သစ်ပင်ရှိနေတာလား…”

ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် “ဒီတိုင်း ကံကောင်းပြီးတော့ ရခဲ့တာ…”

မူနက မနာလိုအားကျစွာဖြင့် “နင်က တကယ်ကို ကံကောင်းတာပဲ…” ထို့နောက် မျက်မှောင်ကျုံ့၍ “ဒါပေမယ့် နင့်ကိုယ်ပေါ်မှာ နောက်ထပ်အရှိန်အဝါတစ်ခု ထပ်ရှိနေတဲ့ပုံပဲ… အဲ့အရှိန်အဝါက…”

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ရင်တဒိန်းဒိန်း ခုန်သွားတော့လေသည်။ မူနမှ မိုးကောင်းကင်သစ်ပင်အကြောင်းကို သိနေသည်မှာ ကိစ္စမရှိပေ။ မိုးကောင်းကင်သစ်ပင်သည် ဒဏ္ဍာရီလာသစ်ပင်တစ်ပင် ဖြစ်ပါသော်ငြား ချိတ်ပိတ်နိုင်စွမ်းကိုသာ ပိုင်ဆိုင်ထားသည့် အပင်တစ်ပင်ဖြစ်ပေသည်။ ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင်အား သူ့ဒန်တျန်ထဲတွင်ရှိနေသော နတ်ဆိုးချီများကို ချိတ်ပိတ်ရန်အတွက်သာ အသုံးပြုနေခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် မိုးကောင်းကင်သစ်ပင်နှင့် ပတ်သက်သည့်သတင်း ပြန့်သွားမည်ဆိုလျှင် ကိစ္စမရှိ။ တကယ်တော့ ဤလောကကြီးထဲ တစ်စုံတစ်ခုကို ချိတ်ပိတ်ရန် အသုံးပြုနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိသည်မဟုတ်ပေလော။ ထို့အပြင် ရန်ကိုင်သည် ယခင်ကကဲ့သို့ အားနည်းသည့်ကောင်လေးတစ်ဦး မဟုတ်တော့။ မိုးကောင်းကင်သစ်ပင်ကိုတပ်မက်၍ သူ့အား ပြဿနာလာရှာသည့်လူများ ရှိနေမည်ဆိုလျှင်ပင် ရန်ကိုင်ကတော့ ထိုလူများကိုမကြောက်ပေ။

သို့ရာတွင် အခြားသော သစ်ပင်တစ်ပင်မှာတော့ မတူပေ။ ထိုသစ်ပင်အကြောင်းသာ သတင်းပြန့်သွားမည်ဆိုလျှင် ကြယ်တာရာအစုအဝေးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။ ထိုသစ်ပင်သည် မသေဆုံးနိုင်ခြင်းနှင့် မပျက်စီးနိုင်ခြင်းကို ကိုယ်စားပြုနေသည့် အပင်တစ်ပင်ဖြစ်ပေသည်။ ဤလောကကြီးထဲရှိ မဟာဧကရာဇ်များသည်ပင်လျှင် ထာဝရသက်တမ်းကို ပိုင်ဆိုင်နိုင်ခြင်း မရှိကြပေ။ မဟာဧကရာဇ်များ၏သက်တမ်းမှာ အလွန်ကိုမှ ရှည်ညောင်းသည်ဆိုလျှင်ပင် တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ မဟာဧကရာဇ်များသည်ပင်လျှင် သေကြေကြရသည်။ သို့သော်ငြား ထိုသစ်ပင်ကိုသာ သန့်စင်လိုက်နိုင်မည်ဆိုလျှင်တော့ မည်သူမဆို ထာဝရသက်တမ်းကို ရရှိနိုင်ကြပေလိမ့်မည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့နှလုံး လည်ပင်းမှ ခုန်ထွက်လုမတတ်ပင် ဖြစ်နေတော့လေသည်။

မူနပါးစပ်မှ အင်မော်တယ်သစ်ပင်ဟူသောစကား ထွက်လာမည်ကို ရန်ကိုင် အတော်လေး စိတ်ပူနေခဲ့လေသည်။ မူနသည်သာ ထိုနာမည်ကို ပြောလာမည်ဆိုပါက ရန်ကိုင် မည်ကဲ့သို့ တုံ့ပြန်လို့ တုံ့ပြန်ရမှန်း သိတော့လိမ့်မည်မဟုတ်ပေ။ အခြားသူတစ်ဦးသာဆိုလျှင်တော့ တစ်ခါတည်း နှုတ်ပိတ်ပစ်ရန် ကြိုးစားလိုက်ပေလိမ့်မည်။ သို့သော်ငြား မူနကိုမူ ထိုသို့သွားလုပ်၍မရပေ။ မူနကိုသာ ထိုသို့သာသွားလုပ်လိုက်ပါက သစ်သားဝိဉာဉ်ကလန်နှင့် ရန်သူဖြစ်သွားနိုင်သလို ကျောက်တုံးဝိဉာဉ်ကလန်သည်လည်း သူ့အပေါ် အမြင်မကြည် ဖြစ်လာရနိုင်ပေသည်။

ကံကောင်းစွာဖြင့် မူနမှာ အတန်ကြာအောင် တုံ့ဆိုင်းနေပြီးသည့်နောက် ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “အဲ့အပင်ကတော့ ဘယ်လိုအပင်လဲဆိုတာ ငါ သိပ်မသေချာဘူး…”

ထိုအခါမှသာလျှင် ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့သည်။

မူနက အံ့အားသင့်နေသည့်လေသံဖြင့် “ဒီလောကကြီးထဲမှာ သစ်သားဝိဉာဉ်ကလန် မသိတဲ့အပင်တွေ ရှိနေဦးမယ်လို့ ငါ တကယ်ကို မထင်ထားဘူး… ဒီလောကကြီးက တကယ်ကို ဆန်းကြယ်တာပဲ…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ခေါင်းဆောင်မူန အနံ့ခံမှားသွားတာပဲနေမှာပါ…”

“မဖြစ်နိုင်ဘူး…” မူနက ခေါင်းခါပြလိုက်သည်။ ရန်ကိုင် မည်မျှစိတ်ပူနေသလဲဆိုသည်ကိုတော့ မူနမှာ မသိခဲ့ပဲ ရန်ကိုင်ကိုကြည့်ကာ စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်လေ၏။ “အဲ့ဒါ ငါ့ကိုပေး…”

လက်ရှိအချိန်တွင် သူမ၏မျက်လုံးလေးများမှာ စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ်ကို တောက်ပနေခဲ့လေသည်။

“ဘယ်လို…” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

မူနက ထပ်ပြောလိုက်သည်။ “မိုးကောင်းကင်သစ်ပင်နဲ့ အဲ့အပင်ကို ငါ့ကိုပေးလို့ ပြောတာ…”

“ခေါင်းဆောင်မူန လာနောက်နေတာလား…” ရန်ကိုင်မျက်နှာကြီး မဲ့သွားခဲ့လေသည်။ မူလက ရန်ကိုင်မှာ မူနအပေါ် ကြည့်မရမဖြစ်ခဲ့ပါသော်ငြား မူနပြောလာသည့်စကားများကို ကြားပြီးသည့်နောက် မူနအပေါ် ချက်ချင်းဆိုသလို ကြည့်မရ ဖြစ်သွားတော့လေသည်။ ရန်ကိုင်အနေဖြင့် မိုးကောင်းကင်သစ်ပင်အား မူနဆီသို့ လုံးဝပေးပစ်၍မရပေ။ ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင်၏ စွမ်းအားကိုသုံး၍ သူ့ဒန်တျန်ထဲတွင် ရှိနေသော ရှေးဟောင်းနတ်ဆိုးချီများကို ချိတ်ပိတ်ထားခြင်း ဖြစ်လေသည်။ မိုးကောင်းကင်သစ်ပင်သာ မရှိတော့လျှင် ရှေးဟောင်းနတ်ဆိုးချီ၏ ဝါးမျိုခြင်းကို ခံရကာ ရန်ကိုင်ကိုယ်တိုင်သည် မိစ္ဆာတစ်ကောင်အဖြစ်သို့ လုံးလုံးပြောင်းလဲသွားရနိုင်ပေသည်။ အင်မော်တယ်သစ်ပင်ဆိုလျှင် မိုးကောင်းကင်သစ်ပင်ထက်ပင် ပို၍ အဖိုးတန်ပေသေးသည်။ အင်မော်တယ်သစ်ပင်မှာ သေခါနီးလူများကို ချက်ချင်း အကောင်းပကတိအတိုင်း ပြန်အသက်ရှင်လာအောင် လုပ်ပေးနိုင်သည့်အရာမျိုး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ထိုသစ်ပင်နှစ်ပင်စလုံးကို မူနဆီသို့ မည်သို့များ ပေးပစ်နိုင်ပါမည်နည်း။

မူနက အစောတလျင် ထပ်ပြောလိုက်လေသည်။ “ငါ နင်နဲ့ လဲလှယ်ပေးလို့ရတယ်… နင်သိတဲ့အတိုင်းပဲ ငါတို့သစ်သားဝိဉာဉ်ကလန်က…”

ရန်ကိုင်က လက်မြှောက်၍ ချက်ချင်း ယတိပြတ် ပြန်ပြောလိုက်သည်။ “ဘာမှဆက်ပြောနေစရာမလိုပါဘူး ခေါင်းဆောင်မူန… ဘာမှပြောစရာမရှိတော့ရင် ကျုပ်သွားတော့မယ်…”

ထိုအခါမှသာလျှင် မူနလည်း အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်၏မျက်နှာ ရေခဲတမျှ အေးစက်နေသည်ကို သတိထားမိသွားခဲ့သည်။ (ကြည့်ရတာ ငါ သူ့ကို ဒေါသထွက်အောင် လုပ်မိလိုက်တဲ့ပုံပဲ… ဒီတော့ ဒုတိယသစ်ပင်က ငါထင်ထားတာထက်တောင် ပိုပြီးတော့ အဖိုးတန်နေသေးတာပေါ့… ဒါပေမယ့် ဒီလောကကြီးမှာ ငါမသိတဲ့ မိုးကောင်းကင်သစ်ပင်ထက်တောင် ပိုပြီးတန်ဖိုးကြီးတဲ့သစ်ပင်က ဘယ်လိုသစ်ပင်မျိုး ဖြစ်မှာမို့လို့လဲ…)

မူနမှာ ဒဏ္ဍာရီများထဲတွင်သာ ရှိနေတော့သည့် သစ်ပင်များအကြောင်းကို တစ်ပင်ပြီးတစ်ပင် စဉ်းစားမိသွားခဲ့သည်။ ကံမကောင်းစွာဖြင့် သူမခံစားမိလိုက်သည့် အနံ့နှင့် ဆင်တူသည့် မည်သည့်သစ်ပင်နာမည်ကိုမှ မသိခဲ့ရပေ။

ရန်ကိုင်သည် သစ်လိုဏ်ဂူဝင်ပေါက်ဆီသို့ ရောက်နေခဲ့လေပြီ။ ထို့နောက် မူနဘက်သို့ ပြန်၍ လှည့်ကြည့်လိုက်သည်။

မူနမှာ ရန်ကိုင်အား ထပ်မံ၍ ဖျောင်းဖျချင်သေးပါသော်ငြား ရန်ကိုင်နှင့် မျက်လုံးချင်းဆိုင်လာသည့်အခိုက် သက်ပြင်းသာ ချလိုက်လေသည်။ ထို့နောက် သစ်လိုဏ်ဂူတံခါး ပွင့်သွားခဲ့ပြီး ရန်ကိုင် အပြင်သို့ ထွက်သွားခဲ့လေ၏။ သူမ သစ်သားလိုဏ်ဂူတံခါးကို ဖွင့်ပေးပေး မဖွင့်ပေးပေး သူမဘက်ကသာ ဖွင့်မပေးပါက ရန်ကိုင်သည် သစ်လိုဏ်ဂူတံခါးကို ဖျက်ဆီး၍ ထွက်သွားပေလိမ့်မည်။

မူနသည်လည်း သစ်လိုဏ်ဂူထဲ၌ တစ်ခဏမျှ တွေဝေစဉ်းစားနေပြီးသည့်နောက် သစ်လိုဏ်ဂူအပြင်ဘက်သို့ ပြေးထွက်သွားလေ၏။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ရှောင်ရှောင်၏သစ်လိုဏ်ဂူဆီသို့ ပြန်လာပြီး သူခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်ကို စစ်ဆေးကြည့်လိုက်သည်။ အကုန်လုံး အဆင်ပြေသွားမှန်း အတည်ပြုပြီးသည့်နောက်တွင် အကြီးအကဲ၏ သစ်လိုဏ်ဂူဆီသို့ သွားလေ၏။ သစ်လိုဏ်ဂူထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “အကြီးအကဲ… ကျုပ် ဒီမှာ လုပ်စရာတွေလည်း ပြီးသွားပြီဆိုတော့ သွားတော့မယ်… ရှောင်ရှောင်နဲ့ သွေးတံခါးကိစ္စကိုတော့ တစ်ချက်လောက် စောင့်ကြည့်ထားပေးဦးနော်…”

အကြီးအကဲက ခေါင်းညိတ်၍ “စိတ်မပူနဲ့… ရှီကျိုက ငါတို့လူတစ်ယောက်ပဲ… ဒီတော့ ငါ သေချာစောင့်ကြည့်ထားလိုက်မယ်…”

“အဲ့ဒါဆို နှုတ်ဆက်ပါတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီးသည့်နောက် အကြီးအကဲ၏ပုခုံးပေါ်တွင် ထိုင်နေသည့်မူနကို တစ်ချက်ပင်မကြည့်တော့ဘဲ လှည့်ထွက်သွားလေ၏။

ရန်ကိုင် ထွက်သွားရန် လုပ်နေသည်ကိုမြင်သော် မူနသည် အကြီးအကဲ၏နားကို လှမ်းကိုင်လိုက်လေသည်။ အကြီးအကဲက ပြုံးဖြီး၍ သူ့လက်ကိုမြှောက်ကာ ရန်ကိုင်အား လှမ်းတားလိုက်လေ၏။ “ခဏနေပါဦး…”

ရန်ကိုင်သည် နောက်သို့ပြန်လှည့်၍ ပြောလိုက်လေ၏။ “အကြီးအကဲ ပြောစရာရှိသေးလို့လား…”

အကြီးအကဲက တောင်းတောင်းပန်ပန်ဖြင့် “ငါပြောချင်တာမဟုတ်ဘူး… မူန…”

ရန်ကိုင်က စကားတစ်ဝက်မှာပင် ဖြတ်ပြောလိုက်လေသည်။ “ကျုပ် အကြီးအကဲမူနကို ရှင်းအောင်ပြောထားပြီးသွားပြီ… ဘာမှဆက်ပြောနေစရာမလိုဘူး…”

မူန ဒေါသူပုန်ထသွားခဲ့လေ၏။ “ကောင်လေး… ငါ နင့်အပေါ် အသားယူတယ်လို့ ထင်နေတာလား…”

ရန်ကိုင်က မျက်မှောင်ကျုံ့လျက် “ကျုပ်ပြောချင်တာ အဲ့ဒါမျိုးမဟုတ်ဘူး… ဒါပေမယ့် ဟိုပစ္စည်းနှစ်ခုကိုတော့ အကြီးအကဲမူနဆီ ကျုပ် ဘယ်တော့မှ ပေးမှာမဟုတ်ဘူး… အဲ့ဒါတွေက ကျုပ်အတွက် အရမ်းအသုံးဝင်တယ်…”

“အသုံးမဝင်တဲ့ဟာဆိုရင် ငါ အဲ့အကြောင်းကို ပြောတောင်ပြောပါ့မလားဟဲ့…” မူနက နှာခေါင်းရှုံ့လိုက်လေသည်။

မူန၏မျက်နှာအနေအထားကို မြင်ပြီးသည့်နောက် သူ၏တုံ့ပြန်ပုံမှာ အတော်လေးကိုမှ လွန်လွန်ကျူးကျူးဖြစ်သွားမှန်း ရန်ကိုင်သိလိုက်သည်။ ထို့အတွက်ကြောင့် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “ကျုပ် တောင်းပန်ပါတယ် ခေါင်းဆောင်မူန… ဘာပဲဖြစ်ဖြစ် အဲ့ပစ္စည်းနှစ်ခုကိုတော့ ခေါင်းဆောင်မူနဆီ ပေးမှာမဟုတ်ဘူး…”

မူနက အံကိုတင်းတင်းကြိတ်၍ ဒေါမာန်တကြီးဖြင့် “နင်ကိုယ်တိုင် အဲ့ဒါတွေကို စောင့်ရှောက်နိုင်လို့လား…”

ရန်ကိုင်က ပုခုံးတွန့်လျက် “အဲ့ဒါတွေက သေမှမသေသေးတာ…”

ရန်ကိုင်၏စကား‌ကြောင့် မူနမှာ အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့ပြီး ရန်ကိုင်နှင့် စကားဆက်မပြောချင်တော့သည့်အလား အခြားတစ်ဖက်သို့ အကြည့်လွှဲသွားခဲ့လေသည်။

ထိုစဉ် အကြီးအကဲက ဝင်ပြောလိုက်သည်။ “စိတ်လျှော့ စိတ်လျှော့… မင်းတို့နှစ်ယောက်လုံး စိတ်လျှော့ကြ… အသက်ကို ပြင်းပြင်းလေးရှူပြီးတော့ စိတ်ကို အရင်ငြိမ်အောင်လုပ်လိုက်ကြ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်က တည်တည်ငြိမ်ငြိမ်ပဲ အကြီးအကဲ… သူကသာ လုံးဝအလျှော့မပေးတာ… အကြီးအကဲ သူ့ကို နည်းနည်းပါးပါး အသိပြန်ဝင်လာအောင် ပြောလိုက်ပါဦး…”

အကြီးအကဲက ရယ်သွမ်းသွေးလျက် “ပိုးဖလံတွေ ဘာလို့ မီးထဲပြေးဝင်ကြလဲ မင်းသိလား…”

“ရူးလို့လေ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရန်ကိုင်စကားကြောင့် အကြီးအကဲ ဆွံ့အသွားခဲ့လေ၏။ “အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ သဘာဝကြောင့်ပဲကွ… လူတစ်ဦးတစ်ယောက်ရဲ့ သဘာဝဆိုတာ အရမ်းကိုဆန်းကြယ်တယ်… ငါတို့ကျောက်တုံးဝိဉာဉ်ကလန်ကိုပဲ ဥပမာကြည့်ကြည့်… အရမ်းကိုရှားပါးတဲ့ သတ္တုတစ်မျိုးမျိုးနဲ့ တွေ့ပြီဆိုရင် ငါတို့ အဲ့သတ္တုကို မဝါးမျိုဘဲ မနေနိုင်ဘူး… လူသားတွေဆိုရင်လည်း ကြည့်ပါလား… ယောက်ျားတွေဆိုရင် မိန်းမချောလေးတစ်ယောက်ကိုမြင်တာနဲ့ တစ်ချက်နှစ်ချက်လောက် မကြည့်ဘဲ နေနိုင်ကြလို့လား… အဲ့လိုပဲ ပိုးဖလံဆိုတာလည်း မီးကိုတွေ့တာနဲ့ မီးထဲကို ပြေးဝင်သွားကြတာပဲ… သဘာဝတရားကြီးကကို သူတို့ကို အဲ့လိုမျိုးဖြစ်အောင် လုပ်ပေးထားတာကို…”

“ကျားသစ်ဆိုတဲ့ကောင်မျိုးက သူ့ကိုယ်ပေါ်က အစက်အပျောက်တွေကို ပြောင်းလို့ရတာမှမဟုတ်တာ…”

အကြီးအကဲ၏မျက်နှာ ပိုလို့ပင် မဲ့သွားခဲ့လေသည်။ “အဲ့ဒါကတော့ ဟုတ်ပါတယ်… သစ်သားဝိဉာဉ်ကလန်အတွက်ပဲ ကြည့်လိုက်ကွာ… သစ်ပင်တစ်ပင်က ပိုပြီးတော့ ရှားလေ ရှားလေ သူတို့က အဲ့သစ်ပင်ကို ပိုပြီးတော့ ပြုစုပျိုးထောင်ပေးချင်လေပဲ…”

အတန်ကြာအောင် ဝေ့ပတ်ပြောနေပြီးသည့်နောက်တွင်တော့ မူရင်းနေရာဆီသို့ ပြန်ရောက်လာခဲ့လေသည်။

ရန်ကိုင်က တစ်ခုခုပြောတော့မည်အပြု အကြီးအကဲက ဖြတ်ပြောလိုက်သည်။ “ခေါင်းဆောင်မူန မင်းဆီကနေ ဘာလိုချင်နေလဲတော့ ငါလည်းမပြောတတ်ဘူး… ဒါပေမယ့် အရမ်းအဖိုးတန်မှာတော့ သေချာတယ်… ပြီးတော့ အဲ့ဒါကို မင်း လုံးဝလက်လွှတ်ဖို့မဖြစ်နိုင်ဘူး… လူသိရှင်ကြားထုတ်ပြောလို့လည်း အဆင်မပြေဘူး… ဟုတ်တယ်မလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်… အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ…”

အကြီးအကဲက ပြုံး၍ “အဲ့လိုဆိုမှတော့ မင်း အဲ့ဒါကို ပေးစရာမလိုဘူး… အဲ့အစား ခေါင်းဆောင်မူနက အကြံတစ်ခုပေးထားတယ်… မင်း သူပြောတာကို နားထောင်ကြည့်မလား…”

“ဘယ်လိုအကြံမျိုးလဲ…” ရန်ကိုင်သည် မူနအား လှမ်းကြည့်လိုက်လေသည်။ မူနသည်သာ အစောပိုင်းက သူ့ဆီမှ အပင်နှစ်ပင်ကို တောင်းသည့်ကိစ္စမျိုးကို အစမဖော်လာသရွေ့ ရန်ကိုင်ကလည်း မူနပြောသည်ကို နားထောင်ပေးဖို့ရာ ကိစ္စမရှိပေ။ တကယ်တော့ သစ်သားဝိဉာဉ်ကလန်သည် သစ်ပင်များနှင့် ဆက်သွယ်နိုင်သည် မျိုးနွယ်စုတစ်ခုပင် မဟုတ်လေလော။ ကံကောင်းလျှင် ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင်အား မည်ကဲ့သို့ ပြုစုပျိုးထောင်ရမလဲဆိုသည်ကို သစ်သားဝိဉာဉ်ကလန်မှ အကြံဉာဏ်ကောင်းများပင် ရကောင်းရနိုင်ပေသေးသည်။

မူနကမူ ရန်ကိုင်အား မကြည့်ချင်နေသည့်အလား အခြားတစ်ဖက်သို့ အကြည့်လွှဲနေခဲ့သည်။ သို့တိုင် ပြောတော့ ပြောလိုက်သေး၏။ “အဲ့သစ်ပင်နှစ်ပင်ကို စောင့်ရှောက်လို့ရအောင် ငါ့ကလန်သားနှစ်ယောက်ကို နင့်ဆီ ထည့်ပေးလိုက်မယ်…”

ရန်ကိုင်သည် မူနအား မျက်လုံးအပြူးသားဖြင့် ကြည့်၍ “ခင်ဗျားရဲ့ကလန်သားနှစ်ယောက်ကို ကျုပ်ဆီထည့်ပေးလိုက်မယ်…”

ရန်ကိုင် ချက်ချင်း စိတ်ထဲမှနေ၍ တွက်ကြည့်လိုက်လေသည်။ ကမ္ဘာငယ်လေးထဲတွင် ရန်ကိုင်၏ဆေးဥယျာဉ် ရှိနေခဲ့လေသည်။ ထိုဆေးဥယျာဉ်ထဲတွင် အမျိုးမျိုးသော ရှားပါးဆေးပင်များနှင့်တကွ မိုးကောင်းကင်သစ်ပင်နှင့် အင်မော်တယ်သစ်ပင်တို့ပါ ရှိနေကြသည်။ ရန်ကိုင်သည် သူ့တွင်ရှိနေသော အပင်များကို ထိုဆေးဥယျာဉ်ထဲတွင်သာ သွားစိုက်ပျိုးထားခဲ့ပြီး ဆေးဥယျာဉ်အား တစ်ခါမှ သေသေချာချာ ဂရုစိုက်ပေးခဲ့ခြင်း မရှိပေ။ ကံကောင်းစွာဖြင့် ဆေးဥယျာဉ်၏ အောက်ခြေရှိ မြေထုထဲတွင် မြောက်မြားလှစွာသော မြေလေးများ ရှိနေသလို မြေကမ္ဘာချီကြောမသလင်းကျောက်များလည်း ရှိနေခဲ့သည်။ ထိုသို့သာမဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် အပင်အများစုသည် ညှိုးလျော်ခြောက်သွေ့ကာ သေဆုံးကုန်လောက်ပေပြီ။

သို့သော်ငြား သူ့တွင်သာ သစ်သားဝိဉာဉ်ကလန်မှ ကလန်သားနှစ်ဦး ရှိနေခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် သူ့ဆေးပင်များ ညှိုးလျော်ခြောက်သွေ့ကာ သေဆုံးသွားမည့်ကိစ္စကို စိတ်ပူနေစရာလိုတော့လိမ့်မည်မဟုတ်။ ထို့အပြင် ဆေးပင်များ ကြီးထွားလာနေသည့်နှုန်းသည် ယခင်ကထက် ပိုမိုမြန်ဆန်လာပေလိမ့်မည်။

ထိုအကြောင်းကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ ထိတ်လန့်သွားခဲ့လေသည်။ “ခေါင်းဆောင်မူန တကယ်ပြောနေတာလား…”

“ငါနောက်နေတဲ့ပုံ ပေါက်လို့လား…” မူနက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်သည် လက်နှစ်ဖက်ကိုပွတ်ရင်းမှ အပြုံးကြီးပြုံးလျက် “ဒီလိုဟာမျိုးကို ကျုပ် ဘယ်လိုလုပ်ပြီး လက်ခံလို့ဖြစ်ပါ့မလဲ… ဒါက တကယ်ကြီး… ဟား…”

ရန်ကိုင်မှာ သူ့စကားကိုပင် ကောင်းကောင်းမပြောနိုင်တော့ပေ။

ဤနေရာမှ ထွက်မသွားခင် သစ်သားဝိဉာဉ်တစ်ကောင်လောက်ကို ပြန်ပေးဆွဲသွားလျှင် ကောင်းမလားဟုပင် စဉ်းစားခဲ့ဖူးသည်။ သစ်သားဝိဉာဉ်ကလန်သားတစ်ဦးကိုသာ သူ့ဆေးဥယျာဉ်အား ပြုစုခိုင်းလိုက်မည်ဆိုပါက ရန်ကိုင်အတွက် အလွန်ကိုမှ အကျိုးရှိလိမ့်မည် မဟုတ်ပေလော။ ထို့အပြင် ထက်ကောင်းကင်နန်းတော်တွင်လည်း တစ်ချိန်ချိန်၌ ကိုယ်ပိုင်ဆေးဥယျာဉ်တစ်ခု ရှိလာပေလိမ့်မည်။ လက်ရှိ ထက်ကောင်းကင်နန်းတော်၏ အရွယ်အစားအရ ထက်ကောင်းကင်နန်းတော်၌ ရှိလာမည့် ဆေးဥယျာဉ်မှာ အလွန်ကိုမှ အရွယ်အစားကြီးပေလိမ့်မည်။

မူနကမူ ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်လာခဲ့လေသည်။ (ခုနတုန်းကတော့ ငါ့ကို ရိုင်းလိုက်တာများ… အခုကြတော့ လေသံက ပြောင်းသွားလိုက်တာ မြန်ချက်ပဲ… မုန်းဖို့ကောင်းလိုက်တာ… သူ ဒီလိုလူစားမှန်း ငါ ဘာဖြစ်လို့ တစ်ခါမှ မသိခဲ့ရတာလဲ…)

ရန်ကိုင်က အသာအယာချောင်းဟန့်လျက် အလေးအနက်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “ခေါင်းဆောင်မူနဘက်က ပြန်ပြီးတောင်းဆိုချင်တာတွေဘာတွေရော ရှိသေးလား… ကျုပ် အရင်ပြောထားလိုက်မယ်… အဲ့ပစ္စည်းနှစ်ခုကို တောင်းဖို့တော့ လုံးဝမစဉ်းစားနဲ့နော်...”

“ငါ့ဘက်ကတောင်းဆိုရမယ်… ဘာကိုတောင်းဆိုရမှာလဲ…” မူနက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။ “ခေါင်းဆောင်မူန သစ်သားဝိဉာဉ်နှစ်ကောင်ကို ကျုပ်ဆီ ဒီတိုင်းပေးလိုက်တာတော့ မဟုတ်ပါဘူးနော်…”

အကြီးအကဲက ရယ်သွမ်းသွေးလျက် “သူ အခုပဲ သူတောင်းဆိုချင်တာကို ပြောလိုက်တယ်လေ… သူ့ကလန်သားနှစ်ဦးကို အဲ့ပစ္စည်းနှစ်ခုကို စောင့်ရှောက်ခိုင်းလိုက်…”

“အဲ့ဒါ… အဲ့ဒါက ခေါင်းဆောင်မူန တောင်းဆိုချင်တာလား…” ရန်ကိုင် မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့သည်။

(ဒါ ငါ့အတွက်အကျိုးရှိတာလေ… ဘယ်လိုလုပ်ပြီး‌ ခေါင်းဆောင်မူနက တောင်းဆိုတာမျိုး ဖြစ်ရမှာလဲ…)

အကြီးအကဲက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒါ သစ်သားဝိဉာဉ်ကလန်ရဲ့ သဘာဝပဲ… အဲ့အပင်နှစ်ပင်ကို သူ ဘယ်လောက်တောင် တန်ဖိုးထားနေလဲဆိုတာကိုပဲကြည့်… ဒီတော့ သူ့ကလန်သားနှစ်ဦးကို အဲ့အပင်နှစ်ပင်ကို စောင့်ရှောက်ခိုင်းလိုက်တာက သူ့အတွက်လည်း ကောင်းတဲ့နည်းလမ်းတစ်ခုပဲ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၇)

ဘာသာပြန်သူ_တိမ်တိုက်

မူနသည် သူ့အား မည်သည်ကိုမှ မတောင်းဆိုရုံမက သူ၏ဆေးဥယျာဉ်ကို စောင့်ရှောက်ပေးရန်အတွက် သစ်သားဝိဉာဉ်ကလန်သားနှစ်ဦးကိုပင် ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်ပေဦးမည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သည်ဟူသော အချက်အပေါ် ရန်ကိုင်မှာ လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။

ယခုမှသာလျှင် သစ်သားဝိဉာဉ်ကလန်သည် ရှားပါးသောသစ်ပင်များအပေါ် ပြုစုစောင့်ရှောက်လိုစိတ် မည်မျှပြင်းပြကြောင်းကို ရန်ကိုင် သဘောပေါက်သွားရတော့သည်။ အကြီးအကဲပြောသကဲ့သို့ပင် ဤသည်မှာ သူတို့၏သဘာဝသာ ဖြစ်လေသည်။ သစ်သားဝိဉာဉ်များအား ထိုကဲ့သို့သောအပင်များကို စောင့်ရှောက်ခိုင်းလိုက်ခြင်းသည် သူတို့အား ကူညီရာရောက်ပေသည်။ ထို့အပြင် ဤသည်မှာ ရန်ကိုင်အတွက်လည်း အလွန်ကိုမှ ကောင်းမွန်လှသည့် သဘောတူညီချက်တစ်ခု ဖြစ်သည်။ ထိုသဘောတူညီချက်အရ ရန်ကိုင်အဖို့ ဘာကိုမှ ဆုံးရှုံးစရာမရှိဘဲ သူ့ဆေးဥယျာဉ်ကို အလကားစောင့်ရှောက်ပေးမည့် လူနှစ်ဦးကိုပင်လျှင် ရလိုက်ပေဦးမည်။ ဤထက်ပိုကောင်းသည့် အလဲအလှယ်သဘောတူညီချက်မျိုး မည်ကဲ့သို့များ ရှိပါတော့မည်နည်း။

ထိုမမျှော်လင့်ထားသည့်ကမ်းလှမ်းချက်သည် ရန်ကိုင်အား အလွန်ကိုမှ စိတ်လှုပ်ရှားသွားစေခဲ့လေရာ ရန်ကိုင်မှာ ဝမ်းသာတကြီးဖြင့် သစ်လိုဏ်ဂူထဲ ခေါက်တုံ့ခေါက်ပြန်ကို လမ်းလျှောက်နေတော့လေသည်။

ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည့် ရန်ကိုင်ကိုကြည့်ရင်း မူနမှာတော့ မျက်မှောင်ကြီးကျုံ့လျက် ပြောလိုက်လေသည်။ “အဲ့ဒါတောင် သဘောမတူနိုင်ရင်တော့ ငါလည်း ဘာမှပြောစရာမရှိတော့ဘူး… နောက်ပိုင်း ဒီကိုလည်း လာကိုမလာတော့နဲ့… သစ်သားဝိဉာဉ်ကလန်က နင့်ကိုမကြိုဆိုတော့ဘူး… ကျောက်တုံးဝိဉာဉ်ကလန်လည်း အတူတူပဲ…”

“သဘောတူတာပေါ့ သဘောတူတာပေါ့… ဘာဖြစ်လို့ သဘောမတူရမှာလဲ…” ရန်ကိုင်သည် ချက်ချင်းပဲ မူနဘက်သို့လှည့်၍ အပြုံးကြီးပြုံးကာ ပြောလိုက်လေသည်။ “ခေါင်းဆောင်မူနရဲ့ ကမ်းလှမ်းချက်ကိုမှ သဘောမတူရင် ကျုပ် ရူးရာကျသွားမှာပေါ့…”

မူနက နှာခေါင်းရှုံ့လျက် ရန်ကိုင်အား ‘နင့်မှာ အနည်းဆုံးတော့ အသိဉာဏ်လေးဘာလေး ရှိသေးသားပဲ’ ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်လေသည်။

ရန်ကိုင်၏အမူအယာ နောက်တစ်ဖန် လေးနက်တည်ကြည်သွားပြန်ခဲ့လေသည်။ “ဒါပေမယ့် ကျုပ် ခေါင်းဆောင်မူနကို အသိပေးစရာတစ်ခုတော့ရှိတယ်…”

“ဘာလဲ…”

“ခေါင်းဆောင်မူနရဲ့ ကလန်သားနှစ်ယောက် ကျုပ်လက်ထဲရောက်လာပြီးသွားရင် ပြန်လွတ်ဖို့က လွယ်တော့မှာမဟုတ်ဘူးနော်…” ရန်ကိုင်က ပြောလိုက်လေသည်။ သစ်သားဝိဉာဉ်နှစ်ကောင်ကိုသာ ရလိုက်မည်ဆိုပါက ရန်ကိုင်သည် သစ်သားဝိဉာဉ်နှစ်ကောင်ကို လောကဓာတ်လုံးထဲ၌ ထည့်ထားပေလိမ့်မည်။ အင်မော်တယ်သစ်ပင်အား ကာကွယ်နိုင်သည့်ခွန်အားကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးသရွေ့ ရန်ကိုင်သည် သစ်သားဝိဉာဉ်နှစ်ကောင်ကို အလွယ်တကူ ထွက်ခွာခွင့်ပေးလိမ့်မည်မဟုတ်ပေ။

ထိုစကားကိုကြားသော် မူန မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “ဘာလဲ… နင် သူတို့ကို အကျဉ်းချထားတော့မလို့လား…”

“ရွေးစရာမှမရှိတာ… ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ ခေါင်းဆောင်မူန…”

မူနက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည်။ “ကြည့်ရတာ အဲ့ဒါက အရမ်းကိုထူးခြားတဲ့ပုံပဲ…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “ခေါင်းဆောင်မူန စိတ်ထဲမထားဘူးဆိုလို့ရှိရင် ခေါင်းဆောင်မူနရဲ့ကမ်းလှမ်းချက်ကို ကျုပ်က လက်ခံဖို့အသင့်ပဲ… ကျုပ် သူတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာတော့မဟုတ်ဘူး… ဒီတော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်မပူနဲ့… ပြဿနာတစ်ခုကတော့ သူတို့ကို ထွက်သွားခွင့်ပေးလို့ မရတော့တာပဲ…”

“ငါ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ စိတ်မပူပါဘူး…” သစ်သားဝိဉာဉ်များအတွက်မူ အလွန်ကိုမှ အဖိုးတန်လှသော သစ်ပင်များနှင့် အချိန်ဖြုန်းရခြင်းသည် သူတို့အတွက်တော့ ပျော်ရွှင်ဖွယ်ရာအကောင်းဆုံးအခိုက်အတန့်များပင် ဖြစ်ကြလေသည်။ ရန်ကိုင်တွင် မိုးကောင်းကင်သစ်ပင် ရှိနေရုံသာလျှင်မဟုတ် ထို့ထက်ပင် ပို၍အဖိုးတန်သည့် အပင်တစ်ပင်လည်း ရှိနေပေသေးသည်။ ထို့အတွက်ကြောင့် မည်သည့်သစ်သားဝိဉာဉ်မဆို သူ့နားတွင် လိုလိုလားလားနှင့် နေချင်ကြပေလိမ့်မည်။ ထို့အပြင် သူမဘက်မှ ယခုကဲ့သို့ ကမ်းလှမ်းလိုက်တည်းက ရန်ကိုင် ယခုကဲ့သို့ ပြန်ပြောလာလိမ့်မည်မှန်း မူန ထင်ထားပြီးသားပင်။ ထို့အတွက်ကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကိစ္စမရှိဘူး…”

ရန်ကိုင်က အပြုံးကြီးပြုံးလျက် “ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်မူန…”

ရန်ကိုင်မှာ မူနအပေါ် အစောပိုင်းကကဲ့သို့ ဒေါသထွက်နေခြင်းမရှိတော့။ ထို့အစား ရှက်ကိုးရှက်ကန်းဖြင့် ရုတ်တရက် ကောက်ပြောလိုက်လေသည်။ “ခေါင်းဆောင်မူန… နှစ်ယောက်ဆိုရင် နည်းနည်း နည်းတယ်မထင်ဘူးလား… ဖြစ်နိုင်လို့ရှိရင် ခုနှစ်ယောက် ရှစ်ယောက်လောက် ပေးလို့ရမလား…”

ထိုစကားကိုကြားသော် အကြီးအကဲ၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ မူနကမူ ဒေါသတကြီးဖြင့် ထအော်လိုက်၏။ “နင် ထွက်သွားလိုက်တော့…”

“ဒီတိုင်းပြောကြည့်ရုံပါပဲ ခေါင်းဆောင်မူနကလည်း… အဲ့လောက်ကြီးလည်း ဒေါသမထွက်စမ်းပါနဲ့… ကျုပ်မပြောဘူးလို့ပဲ သဘောထားလိုက်…” ရန်ကိုင်က ခေါင်းလေးငုံ့လျက် ပြန်ပြောလိုက်သည်။

“နင့်ဘက်ကချည်း အမြတ်ရသွားတာကို လာပြီးတော့ နစ်နာချင်ယောင်ဆောင်ပြမနေနဲ့…” မူနက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသော် ရန်ကိုင်သည် ဘာမှမဖြစ်ချင်ယောင်ဆောင်လျက် ခေါင်းပြန်မော့လာကာ ပြောလိုက်လေသည်။ “ခေါင်းဆောင်မူန… အဲ့ဒါဆိုရင်လည်း ကျုပ်နဲ့အတူ ထည့်ပေးလိုက်မယ့် ကလန်သားနှစ်ယောက်ကို ခေါ်လိုက်တော့လေ… ကျုပ်မှာ အခြားလုပ်စရာကိစ္စလေးတွေရှိသေးတော့ ဒီမှာ ကြာကြာနေလို့မရလို့…”

မူန သူမ၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နောင်တမရသေးခင် ရန်ကိုင်မှာ ချက်ချင်းဆိုသလို လှုပ်ရှားရပေတော့မည်။ သူသာ ဆက်၍ အချိန်ဆွဲနေလျှင် မူန သူမ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ နောင်တရသွားခဲ့ပြီး သူမ၏ကလန်သားနှစ်ဦးကိုပင်လျှင် သူ့လက်ထဲသို့ ထည့်ပေးလိုက်တော့လိမ့်မည်မဟုတ်ပေ။

မူနမှာ ရန်ကိုင်အား သိပ်၍ ကြည့်မရပါသော်ငြား သူမလက်ကိုမြှောက်၍ လက်ခုပ်နှစ်ကြိမ် တီးလိုက်လေသည်။ မကြာမီ သစ်သားဝိဉာဉ်ကလန်သားနှစ်ဦး အထဲသို့ ဝင်လာခဲ့လေ၏။ မူနရှေ့သို့ရောက်သော် မူနအား ဦးညွှတ်လိုက်ပြီးသည့်နောက် ရန်ကိုင်အား ကြည့်လိုက်လေသည်။ သူတို့သည်လည်း ရန်ကိုင်နောက်သို့ လိုက်ရမည်နှင့်ပတ်သက်၍ အစောကြီးတည်းက ကြိုသိထားသည့်ပုံပင်။

သစ်သားဝိဉာဉ်နှစ်ဦးကိုမြင်သော် ရန်ကိုင် ချက်ချင်းဝမ်းသာသွားခဲ့လေသည်။ သစ်သားဝိဉာဉ်နှစ်ဦးအနက် တစ်ဦးမှာ ရန်ကိုင်သိနေသူဖြစ်သည်။ ထိုသစ်သားဝိဉာဉ်သည် ယမန်နေ့က ရန်ကိုင်အား လာနှုတ်ဆက်ခဲ့သည့် သစ်သားဝိဉာဉ်ဖြစ်ပေသည်။ ထိုသစ်သားဝိဉာဉ်မှာ အလွန်ကိုမှ ရှက်တတ်ပုံရကာ ယခုဆိုလျှင် ရန်ကိုင်အားကြည့်ရင်းမှ ရှက်သွေးဖြာနေလေ၏။

အခြားသောသစ်သားဝိဉာဉ်မှာလည်း သစ်သားဝိဉာဉ်အမသာ ဖြစ်လေသည်။ သို့သော်ငြား အစောပိုင်းကသစ်သားဝိဉာဉ်နှင့် မတူညီစွာပင် ရန်ကိုင် သူမအား ကြည့်နေသည်ကိုပင်လျှင် အနည်းငယ်မျှပင် ရှက်ရွံ့သွားခြင်းမရှိဘဲ ရန်ကိုင်ကို ပြုံး၍ပင် ပြန်ကြည့်နေသေး၏။

“မူကျုနဲ့မူလု… နင်တို့ အခုကနေစပြီးတော့ ဒီကောင်လေးနောက် လိုက်သွားပေတော့… သူ့ရဲ့ပစ္စည်းတွေကို သေသေချာချာ ဂရုစိုက်နော်…” မူနက ညွှန်ကြားလိုက်သည်။

မူကျုနှင့် မူလုတို့ နှစ်ဦးစလုံး သံပြိုင်ပြန်ဖြေလိုက်ကြ၏။ “ဟုတ်ကဲ့…”

ထို့နောက်တွင် မူနသည် ရန်ကိုင်ဘက်သို့လှည့်၍ “ငါ့လူတွေကို နင့်လက်ထဲ ထည့်ပေးလိုက်မယ်… နင် သူတို့ကို နှိပ်စက်တာတွေ မတူမတန်ဆက်ဆံတာတွေ လုပ်လာမယ်ဆိုရင်တော့ ငါနင့်ကို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးနော်…”

“စိတ်မပူနဲ့ ခေါင်းဆောင်မူန… ကျုပ် သူတို့ရဲ့ ဆံပင်တစ်ချောင်းကိုတောင် မထိခိုက်စေရဘူး…” ရန်ကိုင်က သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်၍ ကတိပေးလိုက်လေသည်။ မူကျုနှင့် မူလုကိုကြည့်ရင်း ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာနေလေ၏။

(အခုကနေစပြီး ဒီသစ်သားဝိဉာဉ်နှစ်ကောင်က ငါ့အပိုင်ဖြစ်သွားပြီ… မိုက်လိုက်တာကွာ…)

“နင်တို့ထဲက ဘယ်တစ်ယောက်က မူကျုလဲ ဘယ်တစ်ယောက်က မူလုလဲ…” ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။

ပို၍ပွင့်ပွင့်လင်းလင်းရှိသည့် သစ်သားဝိဉာဉ်က သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်လေ၏။ “ကျွန်မက မူကျုပါ…”

ထို့နောက် ရှက်သွေးဖြာနေသည့် သူမ၏အပေါင်းအပါကို ညွှန်ပြ၍ ပြောလိုက်သည်။ “သူက မုလုပါ…”

“အင်း…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် နွေးထွေးသည့်လေသံလေးဖြင့် “ငါ အခု နင်တို့ကို အခြားတစ်နေရာဆီ ပို့ပေးမယ်… မကြောက်နဲ့နော်.. ဘာမှမဖြစ်ဘူး…”

ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဆန့်ထုတ်၍ အသာအယာဝှေ့ယမ်းချလိုက်ရာ သစ်သားဝိဉာဉ်နှစ်ကောင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ မူနမှာ ဒေါသထွက်သွားခဲ့ပြီး သူမလက်ကို မြှောက်၍ နွယ်ပင်များစွာကို ဆင့်ခေါ်လိုက်လေသည်။ အရွယ်ရောက်ပြီးသားလူတစ်ဦး၏ လက်တစ်လုံးခန့်စာမျှ ကြီးမားလှသော နွယ်ပင်များမှာ ရုတ်ချည်းဆိုသလို သစ်လိုဏ်ဂူထဲသို့ တိုးဝင်လာပြီး ရန်ကိုင်တစ်ကိုယ်လုံးကို ကောက်ညှင်းထုပ်ပမာ ရစ်ပတ်လိုက်သည်။

သစ်သားဝိဉာဉ်များသည် တိုက်ခိုက်ရသည်ကို မလိုလားကြပါသော်ငြား မတိုက်ခိုက်တတ်ကြသည့်လူများတော့ မဟုတ်ကြပေ။ ၎င်းတို့၏ ခန္ဓာကိုယ်သေးသေးလေးများထဲ ကိန်းအောင်းနေသည့် စွမ်းအားမှာ အခြားသောမျိုးနွယ်စုဝင်များအောက် နိမ့်ကျခြင်းမရှိချေ။ ထို့အပြင် မူနသည် သာမန်ဧကရာဇ်တတိယအဆင့်များထက် ပို၍အားကောင်းပေသည်။ ထို့အတွက်ကြောင့် မူနမှာ နတ်အရှင်တစ်ပါးကဲ့သို့ အားမကောင်းသည့်တိုင် အားနည်းသည့်အစားထဲတော့ မပါပေ။

“နင် သူတို့ကို ဘာလုပ်လိုက်တာလဲ… အခုချက်ချင်း ပြန်ထုတ်ပေးစမ်း…”

“စိတ်လျှော့ စိတ်လျှော့…” ရန်ကိုင်၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ မူန၏စကားကို ကြည့်ရသလောက် မသိလျှင် သူကပင် ထိုသစ်သားဝိဉာဉ်နှစ်ကောင်ကို ဝါးစားပစ်လိုက်သည့်အလား။

“သူတို့ အခုဘယ်မှာလဲ…” သူမ၏ကလန်သားနှစ်ဦး သူမမျက်လုံးရှေ့တည့်တည့်မှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်ကို မြင်ပြီးသည့်နောက် မူနမှာ မည်ကဲ့သို့များ စိတ်ငြိမ်ငြိမ်ထားနိုင်ပါမည်နည်း။ နှစ်ဦးစလုံး၏အရှိန်အဝါမှာ အာရုံခံမရတော့လောက်အောင်ကို အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။

“သူတို့ လုံခြုံတဲ့နေရာမှာ ရှိနေတယ်…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်၏ခန္ဓာကိုယ်ဆီမှ လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ရာ ရန်ကိုင်၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားသော နွယ်ပင်များသည် ထောင်ပေါင်းများစွာသော ဓါးသွားများ၏ ဖြတ်တောက်ခြင်း ခံလိုက်ရသည့်အလား တစ်စစီ ပဲ့ကြွေကုန်ကြလေသည်။

ထိုအချင်းအရာကိုမြင်သော် မူန၏မျက်လုံးများ မှေးစင်းသွားခဲ့သည်။

အလားတူပင် အကြီးအကဲသည်လည်း ရန်ကိုင်အား အလန့်တကြားဖြင့် ကြည့်နေလေသည်။ အကြီးအကဲ မူနကို သိလာသည်မှာ ကြာခဲ့လေပြီ။ ထို့အတွက်ကြောင့် ထိုနွယ်ပင်များ၏ ချုပ်နှောင်နိုင်စွမ်း မည်မျှအားကောင်းသလဲဆိုသည်ကို သိပြီးသားပင်။ အကြီးအကဲကိုယ်တိုင်သည် ထိုနွယ်ပင်များလက်မှ ရုန်းထွက်နိုင်လိမ့်မည်ဖြစ်ပါသော်ငြား ရန်ကိုင်လောက်တော့ အလွယ်တကူရုန်းမထွက်နိုင်ပေ။

ဖန်းဝူနှင့် အခြားသူများ ရောက်မလာခင်က ရန်ကိုင်သည် လေဟာနယ်နိယာမများအပေါ် ထိုးထွင်းနားလည်ရင်း ဈာန်ဝင်သွားခဲ့သည်။ ထိုစဉ်က သူနားလည်ခဲ့သည့်အရာကို ရန်ကိုင်မှာ အပြည့်အဝ အသက်ဝင်လာအောင် လုပ်နိုင်ခြင်းမရှိသေးပေ။ အနည်းအကျဉ်း စမ်းသပ်ကြည့်လိုက်ပြီးသည့်နောက် သူ၏ လေဟာနယ်တာအိုအပေါ် နားလည်မှုမှာ သိသိသာသာကို ပိုမိုနက်ရှိုင်းလာခဲ့ပြီး အနှေးနှင့်အမြန်ဆိုသလို လေဟာနယ်ပညာရပ်အသစ်တစ်ခုကို ထပ်မံဖန်တီးနိုင်လိမ့်မည်ဟု ခံစားနေခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် လက်ရှိအချိန်သည် ထိုအကြောင်းကို စဉ်းစားနေရမည့်အချိန်မဟုတ်။ ရန်ကိုင်သာ မူကျုနှင့် မူလုတို့ကိစ္စကို သေချာမရှင်းပြနိုင်လျှင် မူန သူ့အား လုံးဝ အလွတ်ပေးလိမ့်မည်မဟုတ်ပေ။

“ခေါင်းဆောင်မူန… ခင်ဗျားသိတဲ့အတိုင်းပဲ ကျုပ်က လေဟာနယ်တာအိုမှာ ကျွမ်းကျင်တယ်လေ… ဒီတော့ ကျုပ်မှာ ပုံမှန်နဲ့မတူဘဲ ပိုပြီးတော့ထူးခြားတဲ့ သိုလှောင်ရေးမှော်ရတနာတစ်ခုရှိနေတာ ဘာထူးဆန်းမှာမလို့လဲ…” ပြောပြီးသည့်နောက် ရန်ကိုင်သည် လောကဓာတ်လုံးကို ထုတ်ပြလိုက်လေသည်။

ယခင်က ရန်ကိုင်သည် လောကဓာတ်လုံးကို‌ရော သူ့ကိုယ်သူပါ ကာကွယ်နိုင်သည့်ခွန်အား မရှိသေးသည့်အတွက်ကြောင့် လောကဓာတ်လုံးအား အခြားသူများမမြင်အောင် သေသေချာချာကို ဖုံးကွယ်ထားခဲ့သည်။ တစ်ခါတစ်ရံ လောကဓာတ်လုံး၏ခွန်အားကို ငှားရမ်းအသုံးပြုရသည့် အချိန်မျိုးပင် ရှိခဲ့ဖူးသည်။ သို့သော်ငြား လက်ရှိရန်ကိုင်သည် လောကဓာတ်လုံးကဲ့သို့သော ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးနိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်လေရာ လောကဓာတ်လုံးမှာ ရန်ကိုင်အတွက် ယခင်ကလောက် အရေးပါခြင်းမရှိတော့ပေ။

လောကဓာတ်လုံးဆီမှ အလင်းတစ်ချက် လက်သွားပြီးသည့်နောက် ဇဝေဇဝါဖြစ်နေသည့် မူကျုနှင့် မူလုတို့ ပြန်ပေါ်လာကြလေသည်။

“အဲ့လိုကိုး… ငါသိသွားပြီ…” အကြီးအကဲက ပြောလိုက်၏။

မူနသည်လည်း တစ်ခုခုအား နားလည်သွားသည့်အလား အလန့်တကြားဆိုလိုက်လေ၏။ “မိုးကောင်းကင်သစ်ပင်နဲ့ ဟိုအပင်က အဲ့ထဲမှာရှိနေတာလား…”

“ဟုတ်တယ်…” ရန်ကိုင်က ပြုံးဖြီးလျက် “ခေါင်းဆောင်မူနရော အထဲသွားကြည့်ချင်လား…”

မူနသည် ချက်ချင်းပဲ ရန်ကိုင်အား နိုးနိုးကြားကြားဖြင့် ကြည့်လျက် “အထဲဝင်သွားပြီးရင် ငါပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူးမလား…”

“အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ…” ရန်ကိုင်က သည်းလှိုက်အူလှိုက် အော်ရယ်မောလိုက်လေသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် အခြားသောသစ်သားဝိဉာဉ်များထက်စာလျှင် ခေါင်းဆောင်မူနကိုသာ ခေါ်သွားလိုပေသည်။ ခေါင်းဆောင်မူနသည် သစ်သားဝိဉာဉ်ကလန်သားများအနက် အားအကောင်းဆုံးနှင့် အတော်ဆုံးပင် မဟုတ်လေလော။ ထို့အတွက်ကြောင့် သစ်ပင်ပန်းမန်များကို ပြုစုပျိုးထောင်ရာတွင် အခြားသောသစ်သားဝိဉာဉ်ကလန်သားများထက် ပိုတော်ရပေလိမ့်မည်။ ရန်ကိုင်သည်သာ မူနအား လောကဓာတ်လုံးထဲသို့ ဝင်သွားအောင် လုပ်လိုက်နိုင်မည်ဆိုပါက…။ သို့သော်ငြား ထိုသို့မဖြစ်နိုင်မှန်းတော့ သိနေခဲ့သည်။ ကျောက်တုံးဝိဉာဉ်ကလန်နှင့် သစ်သားဝိဉာဉ်ကလန်သည် တစ်ဦးအပေါ်တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကာ အတူယှဉ်တွဲနေထိုင်ကြသည့် မျိုးနွယ်စုနှစ်ခုဖြစ်သည်။ ရန်ကိုင်သည်သာ မူနအား ပြန်ပေးဆွဲသွားလိုက်မည်ဆိုပါက ကျောက်တုံးကလန်၏အကြီးအကဲသည် သူ့အပေါ် ပထမဦးဆုံးသော အမြင်မကြည်ဖြစ်လာမည့်လူ ဖြစ်သွားပေလိမ့်မည်။

ယခု လောကဓာတ်လုံးကို မြင်သွားပြီးသည့်နောက် သူမ၏ကလန်သားနှစ်ဦးကို အလွယ်တကူ ဘာကြောင့် ပြန်မတွေ့နိုင်တော့မလဲဆိုသည်ကို မူနနားလည်သွားတော့လေသည်။ ထူးဆန်းသောမှော်ရတနာထဲတွင် ကိုယ်ပိုင်လောကကြီးတစ်ခု ရှိနေပေသည်။ ထို့အတွက်ကြောင့် ထိုထဲသို့ ဝင်သွားပြီးပြီဆိုပါက ပြန်ထွက်လာနိုင်ရန်အတွက် ရန်ကိုင်၏ခွင့်ပြုချက်ကို လိုအပ်ပေလိမ့်မည်။

မူကျုနှင့် မူလုတို့မှာတော့ ဇဝေဇဝါဖြစ်နေဆဲ။ အစောပိုင်းက သူတို့ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်ထွက်သွားခဲ့ပြီးသည့်နောက် သူတို့နှစ်ဦးစလုံး သူတို့ကိုယ်သူတို့ ကမ္ဘာသစ်တစ်ခုသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုကမ္ဘာသစ်ကြီးအား သေချာမကြည့်ရသေးခင်မှာပင် သစ်လိုဏ်ဂူထဲ၌ နောက်တစ်ကြိမ် ပြန်ပေါ်လာလေ၏။

“ကောင်လေး… နင့်မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတာပဲ…” မူနက အံ့ဩတကြီးဖြင့် သက်ပြင်းချလိုက်သည်။ ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခုကို ပိုင်ဆိုင်ထားသော သိုလှောင်ရေးမှော်ရတနာတစ်ခုမှာ အလွန်ကိုမှ ရှားပါးလှပေသည်။ ထို့အပြင် ဤကဲ့သို့သောမှော်ရတနာမျိုးသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူများ၏ လက်ထဲတွင်သာ အသုံးအဝင်ဆုံး ဖြစ်ပေလိမ့်မည်။

“ခေါင်းဆောင်မူန အခြားမေးချင်တာရှိသေးလား…”

“မရှိတော့ဘူး… သူတို့ကိုသာ သေသေချာချာ ဂရုစိုက်…”

“စိတ်မပူနဲ့… ကျုပ် သူတို့ကို လုံးဝ မမျှမတဆက်ဆံမှာမဟုတ်ဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ထို့နောက် မူကျုနှင့် မူလုတို့အား လောကဓာတ်လုံးထဲသို့ ပြန်ထည့်လိုက်လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “အခုလိုမျိုးကူညီပေးတဲ့အတွက် ခေါင်းဆောင်မူနကို ကျေးဇူးအများကြီးတင်ပါတယ်… နောက်ပိုင်း ကျုပ် အခုထက်ပိုမြင့်တဲ့ အဆင့်တစ်ခုခုကို ရောက်ခဲ့မယ်ဆိုရင် ခေါင်းဆောင်မူနရဲ့ကျေးဇူးကို လုံးဝမေ့မှာမဟုတ်ပါဘူး… အခုတော့ နောက်ကျနေပြီဆိုတော့ ကျုပ်ကို သွားခွင့်ပြုပါဦး… အခွင့်အရေးရရင် ပြန်တွေ့ကြတာပေါ့…”

အကြီးအကဲက ပြောလိုက်သည်။ “သတိထားဦးနော်… နောက်ပိုင်း ကျောက်တုံးဝိဉာဉ်ကလန်ရဲ့ အကူအညီကိုလိုရင် လာပြီးတော့သာပြောလိုက်…”

ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် သစ်လိုဏ်ဂူထဲမှ ထွက်ကာ ဟင်းလင်းပြင်အစီအရင် ရှိနေသည့်နေရာဆီသို့ လမ်းလျှောက်လာခဲ့လိုက်သည်။ မကြာမီ ဟင်းလင်းပြင်အစီအရင် အလင်းတဖျတ်ဖျတ် လက်လာခဲ့ပြီး ရန်ကိုင်၏ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။

မြောက်ဘက်နယ်မြေ၌ ရှိနေသော ထက်ကောင်းကင်နန်းတော်ထဲရှိ ဟင်းလင်းပြင်အစီအရင်အနီးတစ်ဝိုက်တွင် နန်းတော်တစ်လုံးကို ဆောက်လုပ်ထားလေသည်။ ဟင်းလင်းပြင်အစီအရင်မှာ နန်းတော်အလည်တည့်တည့်တွင် ရှိနေခြင်းဖြစ်ပြီး တပည့်များမှာတော့ ဟင်းလင်းပြင်အစီအရင်နား၌ တင်ပလင်ခွေ ထိုင်နေကြလေ၏။

ဤနေရာသည် ထက်ကောင်းကင်နန်းတော်နှင့် ပြင်ပလောကကြီးကို ဆက်သွယ်ပေးထားသည့်လမ်းကြောင်း ရှိရာနေရာဖြစ်ပေသည်။ ထို့အတွက်ကြောင့် အလွန်ကိုမှ အရေးကြီးသည့်နေရာတစ်ခု ဖြစ်သည့်အလျောက် ဤနေရာကို စောင့်ကြပ်ရန်အတွက် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကို တစ်နှစ်ပတ်လုံး ခန့်အပ်ထားလေသည်။ ထို့အပြင် ဤနေရာကို နန်မန်တကျွင်းမှ ခင်းကျင်းထားသော အစီအရင်အထပ်ထပ်မှလည်း လွှမ်းခြုံထားသေး၏။ တစ်စုံတစ်ဦးသည်သာ ဤနေရာထဲသို့ ကျူးကျော်လာဝံ့မည်ဆိုပါက ဤနန်းတော်တစ်ခုလုံးသည် ထိုကျင့်ကြံသူအတွက် သေခြင်းနယ်မြေအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားပေလိမ့်မည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်နိုင်တော့လိမ့်မည်မဟုတ်။

ယနေ့ ဤနေရာ၌ တာဝန်ကျနေသည့် ဧကရာဇ်အဆင့်ပညာရှင်မှာတော့ ပိရန်ယုချင်းမှလွဲ၍ အခြားမဟုတ်ပေ။ ပိရန်ယုချင်းသည် ရန်ကိုင်၏အကူအညီဖြင့် စိတ်ဝိဉာဉ်ရေကန်နန်းတော်၌ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်ခဲ့ခြင်း ဖြစ်လေသည်။ ငှက်မွေးပြာဂိုဏ်းအား စီမံခန့်ခွဲရာတွင် အတွေ့အကြုံများစွာ ရှိခဲ့သည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်ထဲသို့ ဝင်လာပြီးသည့်နောက် မန်နေဂျာမှူးဟွာချင်းစီအား တောက်လျှောက်ကို ကူညီပေးခဲ့လေ၏။ ယခုဆိုလျှင် ပိရန်ယုချင်းသည် ထက်ကောင်းကင်နန်းတော်၏ ဒုတိယမန်နေဂျာတစ်ဦး ဖြစ်နေပြီဟုပင် ပြော၍ရပေသည်။

ထက်ကောင်းကင်နန်းတော်အကြောင်းပြောရသော် လတ်တလောတွင် ထက်ကောင်းကင်နန်းတော်၌ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိနေလေ၏။ ထိုဧကရာဇ်အဆင့်ပညာရှင်များအနက် အဆင့်အတန်းအမြင့်ဆုံးမှာတော့ မွန်းစတားဘုရင်သုံးပါး၊ ဧကရာဇ်အဆင့်ဆေးပညာရှင်ကျိယင်၊ ဧကရာဇ်အဆင့်အစီအရင်ပညာရှင်နန်မန်တကျွင်းနှင့် ဧကရာဇ်အဆင့်ပန်းပဲပညာရှင်ဟို့ယုတို့ ဖြစ်ကြသည်။ သူတို့၏နောက်တွင်တော့ ဟွာချင်းစီ၊ ပိရန်ယုချင်းနှင့် လွန်ခဲ့သောသုံးနှစ်ခန့်က တံခါးပိတ်ကျင့်စဉ်ဝင်ရာမှ ထွက်လာပြီးသည့်နောက် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သော ရွက်တစ်ထောင်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်ရီဟန်တို့ ရှိနေကြလေသည်။ လတ်တလောတွင် ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းသားအရေအတွက်မှာ မများလှပါသော်ငြား ဂိုဏ်းထဲတွင်ရှိနေသည့် ဧကရာဇ်အဆင့်အရေအတွက်မှာတော့ အတော်လေးကိုမှ များပြားလှပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၈)

ဘာသာပြန်သူ_တိမ်တိုက်

ဤကဲ့သို့သောလူအင်အားကြောင့် ထက်ကောင်းကင်နန်းတော်သည် ကြယ်တာရာအစုအဝေးထဲရှိ ထိပ်တန်းဂိုဏ်းအတော်များများထက်ပင် ပိုမိုအားကောင်းနေပြီဟု ပြော၍ရသွားလေပြီ။ မီးနဂါးနန်းတော်၊ ရေခဲနှလုံးသားတောင်ကြားနှင့် နေမင်းပြာကျောင်းတော်ကဲ့သို့သော အင်အားစုများတွင်ပင် ဧကရာဇ်တတိယအဆင့်ပညာရှင် တစ်ဦးသာ ရှိကြသည်။

ဟင်းလင်းပြင်အစီအရင် အရောင်တလက်လက် တောက်ပလာသည့်နောက် အစီအရင်အနီးတစ်ဝိုက်တွင် တင်ပလင်ခွေထိုင်နေသော ပိရန်ယုချင်း မျက်လုံးပွင့်လာခဲ့လေသည်။ တောင်ဘက်နယ်မြေသို့သွားသော ဟွာချင်းစီ ပြန်လာပြီဟုအထင်ရောက်လျက် ထိုင်ရာမှထ၍ အလျင်စလို သွားနှုတ်ဆက်လေ၏။

သို့သော်ငြား အလင်းရောင်တို့ပျောက်ကွယ်သွားချိန် ပေါ်လာသည့်လူကို မြင်ပြီးသည့်နောက် ဟွာချင်းစီမဟုတ်ဘဲ ရန်ကိုင်ဖြစ်နေမှန်း သိလိုက်သော် ပိရန်ယုချင်း အံ့အားသင့်သွားခဲ့ပြီး အလျင်စလိုလက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ “နန်းတော်သခင် ပြန်လာပြီလား…”

အနီးအနားတွင်ရပ်စောင့်နေကြသော တပည့်များမှာလည်း ရန်ကိုင်အား တလေးတစားဖြင့် လာရောက်နှုတ်ဆက်ကြလေသည်။ ယခုဆိုလျှင် ရန်ကိုင် မြောက်ဘက်နယ်မြေမှ ထွက်၍ နဂါးကျွန်းသို့ သွားခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း ရန်ကိုင်နှင့်ပတ်သက်၍ မည်သည့်သတင်းမှ မကြားခဲ့ရ။ ကျုချင်းရောက်လာပြီး အကုန်လုံးအား ရန်ကိုင်နှင့်ပတ်သက်၍ အသိပေးသွားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင် တစ်ခုခုဖြစ်သွားပြီဟုပင် အတော်များများ ထင်မိသွားကြပေလိမ့်မည်။ သို့သော်ငြား ကျုချင်းမှာ ရန်ကိုင် အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုဆီသို့ ဆင်းသွားသည်ဟု မပြောခဲ့ပဲ ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေသည့်အတွက်ကြောင့် ဤနေရာသို့ ပြန်ရောက်လာရန်အတွက် လ မဟုတ်လျှင် နှစ်နှင့်ချီကြာနိုင်သည်ဟုသာ ပြောခဲ့သည်။

ယခု ရန်ကိုင်၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ပိရန်ယုချင်းလည်း ရန်ကိုင်၏ကျင့်ကြံခြင်းကို စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ (ဆယ်နှစ်ကျော်လေးနဲ့ ဧကရာဇ်ဒုတိယအဆင့်ကို ရောက်သွားတာလား…. မယုံနိုင်စရာပဲ…)

ပိရန်ယုချင်းမှာ ရန်ကိုင်အား စတွေ့စဉ်က ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သာ ရှိပေသေးသည်။ ထိုစဉ်က သူမသည် တာအိုသခင်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ ယခု သူမနှင့် ရန်ကိုင်ကို ယှဉ်ကြည့်လိုက်သော် ပိရန်ယုချင်းမှာ သူမကိုယ်သူမ ရှက်ပင် ရှက်ချင်မိသွားခဲ့သည်။

“မန်နေဂျာပိရန်…” ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။ မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်တွေ့ရသည့်အပေါ် ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ နေသာထိုင်သာရှိနေလေ၏။ ဟုန်းလော့ကြယ်စီရင်စုကြီးသည် ရန်ကိုင်၏ဇစ်မြစ် အရင်းခံရာနေရာ ဖြစ်ပါသော်ငြား ထက်ကောင်းကင်နန်းတော်သည် ရန်ကိုင် လက်ရှိနေနေသည့် နေရာဖြစ်ပေသည်။ ဆယ်နှစ်ကြော်ကြာအောင် အပြင်ဘက်၌ ခြေဆန့်နေပြီးသည့်နောက် ယခု ဤနေရာသို့ ပြန်ရောက်လာခဲ့သော် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်ပျော်နေခဲ့သည်။

“ဒီနေ့တာဝန်ကျနေတာ ခင်ဗျားလား…”

“ဟုတ်ပါတယ်…” ပိရန်ယုချင်းက ပြန်ပြောလိုက်သည်။

“အင်း… လွန်ခဲ့တဲ့နှစ်တွေအတွင်း ဘာတွေဖြစ်သွားသေးလဲ…”

“အကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းပါပဲ… စိတ်ပူစရာမလိုပါဘူး နန်းတော်သခင်…”

ထက်ကောင်းကင်နန်းတော်အား မွန်းစတားဘုရင်သုံးပါးမှ ကာကွယ်စောင့်ကြပ်နေသည့်အကြောင်းကို မြောက်ဘက်နယ်မြေတွင် မသိသူမရှိပေ။ ထို့အကြောင်းကြောင့် မြောက်ဘက်နယ်မြေ၌ မဟာဆေးဧကရာဇ်နေထိုင်သော ဆေးလုံးတောင်ကြားမှလွဲ၍ မည်သည့်အင်အားစုကများ ထက်ကောင်းကင်နန်းတော်ကို ယှဉ်ပြိုင်နိုင်ဦးပါမည်နည်း။ ထိုအကြောင်းကြောင့် မည်သူမျှ ထက်ကောင်းကင်နန်းတော်အား ပြဿနာလာမရှာရဲကြခြင်းပင်။

“မီးနဂါးနန်းတော်ကလူတွေကတော့ လီကျောက်နဲ့ပတ်သက်ပြီး ခဏခဏ သတင်းလာမေးပါတယ်…”

“သူတို့လား… သူတို့ကိုတော့ ဂရုစိုက်မနေနဲ့…” ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။ “အစ်မဟွာကို ငါနဲ့လာတွေ့ဖို့ ပြောလိုက်ဦး…”

ပိရန်ယုချင်းက ပြန်ပြောလိုက်သည်။ “မန်နေဂျာဟွာက အခုလောလောဆယ် နန်းတော်ထဲမှာမရှိပါဘူး…”

“အစ်မဟွာ ဘယ်ကိုသွားတာလဲ…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။

“အခုလောလောဆယ် မန်နေဂျာဟွာက ဆယ်နှစ်စာစာရင်းဇယားတွေကို ရှင်းနေတာပါ… လွန်ခဲ့တဲ့လဝက်လောက်တုန်းက ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ လုပ်ထားတဲ့ အရောင်းအဝယ်တွေကို စာရင်းသွားရှင်းဖို့ဆိုပြီးတော့ ထွက်သွားပါတယ်… သူ့အချိန်ဇယားအရဆိုရင်တော့ နောက်နှစ်ရက်လောက်ဆို ပြန်ရောက်လောက်မှာပါ…”

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရန်ကိုင်သည် ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အရောင်းအဝယ်တစ်ခုဖြစ်ခဲ့သည်။ နယ်မြေနှစ်ခုမှာ အလွန်ကိုမှ ဝေးကွာလှသည့်အတွက်ကြောင့် နယ်မြေထွက်ပစ္စည်းများမှာလည်း မတူညီကြပေ။ ထို့အတွက်ကြောင့် နယ်မြေတစ်ခုတွင်ရနိုင်သည့်ပစ္စည်းများမှာ အခြားနယ်မြေတွင် ရှားပါးနေတတ်ပေ၏။ ဟွာချင်းစီသည် လွန်ခဲ့သည့်နှစ်များအတွင်း ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အရောင်းအဝယ်လုပ်နေခဲ့ခြင်းဖြစ်ကာ ထိုအရောင်းအဝယ်မှတစ်ဆင့် ထက်ကောင်းကင်နန်းတော်အတွက် အကျိုးအမြတ်များစွာကို ရှာပေးနိုင်ခဲ့လေသည်။

“အဲ့လိုကိုး… အဲ့ဒါဆို နန်မန်တကျွင်းနဲ့ချီယွဲ့ကို လာတွေ့ဖို့ပြောလိုက်…”

“ဟုတ်ကဲ့…”

ထို့နောက်တွင် ရန်ကိုင်သည် ခြေတစ်လှမ်းလှမ်းလိုက်ရာ ဟင်းလင်းပြင်နှင့်ပေါင်းစပ်ကာ ပျောက်ကွယ်သွားခဲ့လေ၏။ ရန်ကိုင်ပြန်ပေါ်လာသည့်အချိန်တွင်တော့ ကောင်းကင်ယံထက်ဆီသို့ ရောက်နေခဲ့လေသည်။ ကောင်းကင်ယံထက်မှဝဲ၍ ထက်ကောင်းကင်နန်းတော်အား ငုံ့ကြည့်လိုက်သည့်အခိုက် ဖားတစ်ကောင်လှဲလျောင်းနေသည့်ပမာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော တောင်စဉ်တောင်တန်းများကို မြင်တွေ့လိုက်ရသည်။ စိမ်းလန်းစိုပြေလှသော တောတောင်ရှုခင်းများနှင့်တကွ သာယာလှပလှသည့် စမ်းချောင်းလေးများမှာ အလွန်ကိုမှ နေချင်စဖွယ် ကောင်းနေလေသည်။ လတ်တလော၌ ရာသီဥတုမှာလည်း သာယာနေလေ၏။ ထက်ကောင်းကင်နန်းတော်အတွင်း ပြန့်ကျဲကာ တည်ရှိနေကြသော တောင်များ၊ မြောက်မြားလှစွာသော အဆောက်အဦးများ ရှိနေကြလေသည်။ သို့သော်ငြား အဆောက်အဦးအများစုမှ နေထိုင်သူမရှိကြပေ။ ယခင်က ထိုအရာများသည် ရမ္မက်ရှာဂိုဏ်း၏အပိုင် ဖြစ်ခဲ့ပါသော်ငြား ဤနေရာ၌ ထက်ကောင်းကင်နန်းတော်ကို တည်ထောင်လိုက်ပြီးသည့်နောက် ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းသားအရေအတွက်မှာ နည်းပါးနေသည့်အတွက်ကြောင့် ထိုနေရာတွင် နေထိုင်သည့် မည်သူမှ ရှိမနေကြပေ။

ရန်ကိုင်သည် ထက်ကောင်းကင်နန်းတော်တစ်ဝိုက် ပတ်ကာ ပျံသန်းနေရင်းမှ မြေပြင်အနေအထားကို စစ်ဆေးရင်း အစီအစဉ်တစ်ခုကို စတင်ရေးဆွဲနေခဲ့လေသည်။ ပြန်ရောက်လာပြီဖြစ်သည့်အတွက်‌ကြောင့် ရန်ကိုင် ပထမဦးဆုံးလုပ်ရမည့်အရာသည် သူနှင့်အတူခေါ်လာသော လူများကို လောကဓာတ်လုံးထဲမှ ထုတ်ပေးရန် ဖြစ်ပေသည်။

ယနေ့ပြီးသွားသည့်နောက်တွင် ထက်ကောင်းကင်နန်းတော်၏ လူဦးရေသည် တစ်သိန်းကျော်သွားပေလိမ့်မည်။

သိမ်းငှက်အော်သံနှင့်အတူ ပုံရိပ်တစ်ခု ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့လေသည်။ ထိုပုံရိပ် ရန်ကိုင်နားသို့ ရောက်လာချိန်တွင်တော့ ကောင်းမွန်စွာ ဝတ်စားထားသော နှာခေါင်းကောက်ကောက်နှင့်လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုလူသည် ရန်ကိုင်အား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ “သခင်လေးရန်…”

“ယင်ဖေး… မတွေ့ရတာတောင် ကြာပြီနော်… ခင်ဗျား အဆင်ပြေတယ်မလား…” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

ယင်ဖေးက ပြန်ပြောလိုက်သည်။ “အခုလိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန်… ကျုပ် အဆင်ပြေပါတယ်…”

ပြောနေရင်းမှ ရှီလဲ့နှင့် ရှဲ့ဝူဝေတို့လည်း‌ ရောက်လာကြလေသည်။ သုံးဦးစလုံးမှာ ရန်ကိုင်၏အရှိန်အဝါကို တစ်ချိန်တည်း၌ သတိထားမိခဲ့ကြပါသော်ငြား ယင်ဖေးမှာ ကျန်နှစ်ဦးထက် ပိုမြန်သည့်အတွက်ကြောင့် စောကာ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီးသည့်နောက် ရှီလဲ့က မေးလိုက်လေသည်။ “သခင်လေးရန် ဘာကိုကြည့်နေတာလဲ…”

“ဒီထက်ကောင်းကင်နန်းတော်ထဲမှာ လူဘယ်လောက်ကာမလဲဆိုတာကို နည်းနည်းစစ်ဆေးကြည့်နေတာ…”

ရှီလဲ့က ရယ်သွမ်းသွေးလျက် “ဒီနေရာက တော်တော်လေးကို ကျယ်တာဆိုတော့ လူတစ်သိန်းနှစ်သိန်းလောက်ကတော့ အသာလေးကာတယ်… ဘာလို့လဲ… သခင်လေးရန် လူသစ်တွေ စပြီးတော့ စုဆောင်းတော့မလို့လား…”

“အဲ့လိုတော့မဟုတ်သေးဘူး…” ရန်ကိုင် ခေါင်းခါလိုက်သည်။ ထို့နောက် ထပ်ပြောလိုက်လေသည်။ “ဒါနဲ့ ကျုပ် အခုလေးတင် ရှေးဟောင်းတောအုပ်ကြီးကနေ ပြန်လာတာ သိလား…”

ထိုစကားကိုကြားလိုက်သည့်အခိုက် မွန်းစတားဘုရင်သုံးပါး၏မျက်နှာ ဖြူလျော်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးသည့်နောက် ယင်ဖေးက မေးလိုက်လေ၏။ “နတ်အရှင်တွေ ဘာပြောသေးလဲ သခင်လေးရန်…”

“ဘာမှတော့မပြောဖြစ်ပါဘူး… ကျုပ်တို့ ခဏလေးပဲ တွေ့တာ… တွေ့ပြီးတာနဲ့ ကျုပ်ကို မောင်းထုတ်တော့တာပဲ… ကြည့်ရတာ သူတို့ ကျုပ်ကို သိပ်ပြီးတော့အမြင်မကြည်ကြဘူးနဲ့တူတယ်…” ရန်ကိုင်က ပြုံးဖြီး၍ ပြန်ပြောလိုက်သည်။

“အဲ့လိုလား…” ယင်ဖေး ဆွံ့အသွားတော့လေသည်။ နတ်အရှင်သုံးပါး ရန်ကိုင်အား ဘာကြောင့်မကြိုဆိုရသလဲဆိုသည်ကို သူတို့သိပါသော်ငြား လက်ရှိအချိန်မျိုးတွင် ထိုအကြောင်းကို သွားရှင်းပြဖို့ရာ မလွယ်ကူပေ။

ရှီလဲ့မှာမူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် “နတ်အရှင်တွေ ကျုပ်တို့အကြောင်းကိုရော ပြောကြသေးလား…”

ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ယင်ဖေးနှင့် ရှဲ့ဝူဝေတို့နှစ်ဦးစလုံး ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြလေသည်။ ရှင်းရှင်းပြောရလျှင် သူတို့သုံးဦးမှာ ရှေးဟောင်းတောအုပ်ကြီး၏ မွန်းစတားဘုရင်များ ဖြစ်နေကြဆဲ။ တစ်နည်းဆိုရသော် သူတို့သုံးဦးသည် နတ်အရှင်သုံးပါးများ ဖြစ်နေကြပေသည်။ နတ်အရှင်သုံးပါးသည်သာ သူတို့အား ပြန်လာရန် အမိန့်ပေးမည်ဆိုပါက သူတို့အနေဖြင် ငြင်း၍ ရလိမ့်မည်မဟုတ်။ ထိုသို့သာမဟုတ်ပါက နတ်အရှင်သုံးပါးကို သစ္စာဖောက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ဤအတိုင်းပြန်သွားရမည်ဆိုလျှင်လည်း သုံးဦးစလုံးအတွက် မချိမခံသာစရာ ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်ဘေးနားတွင် နှစ်အတန်ကြာအောင် နေခဲ့လင့်ကစား သူတို့မျှော်လင့်နေသည့်အခွင့်အရေးအား ယခုအချိန်ထိတိုင် မရသေးပေ။ ထို့အတွက်ကြောင့် ယခုနေ ပြန်ထွက်သွားရလျှင် ရန်ကိုင်ဘေးနားတွင် နေခဲ့ရသည်မှာ အလဟာသ ဖြစ်သွားရပေလိမ့်မည်။

“မပြောပါဘူး…” ရန်ကိုင်က ခေါင်းခါလျက် “ကြည့်ရတာ အခုကနေစပြီးတော့ ခင်ဗျားတို့သုံးယောက်က ကျုပ်ရဲ့လူတွေ တရားဝင်ဖြစ်သွားပြီနဲ့တူတယ်…”

မွန်းစတားဘုရင်သုံးပါးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် ပြိုင်တူလက်သီးဆုပ်၍ ပြောလိုက်ကြလေသည်။ “ကျုပ်တို့ သခင်လေးရန်ရဲ့လက်အောက်မှာ ဝမ်းပန်းတသာနဲ့ ခစားမှာပါ…”

သုံးဦးစလုံး၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့လေသည်။ နတ်အရှင်သုံးပါး သူတို့အား ပြန်မလာရန် အမိန့်ပေးပါက အကောင်းဆုံးပင်။ ရန်ကိုင်နားတွင် ဆက်နေ၍သာ ရန်ကိုင်လက်အောက်၌ ခစားပေလိမ့်မည်။ ထက်ကောင်းကင်နန်းတော်မှာ ငြိမ်းချမ်းနေသည့်အတွက်ကြောင့် သူတို့အဖို့ လုပ်စရာ ဘာမှမရှိပါသော်ငြား ရန်ကိုင်နားတွင် နေနေခြင်းသည် ကောင်းကင်အမိန့်တော်၏မျိုးဆက်နှင့် ဆက်သွယ်နိုင်မည့် အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

“ကြိုးစားထား… နောက်ပိုင်းကျရင် ခင်ဗျားတို့အချိန်တွေအတွက် တန်အောင်လို့ ကျုပ် ပြန်လုပ်ပေးမယ်…” ရန်ကိုင်က ပြောလိုက်သည်။ ဒီတိုင်း သာမန်ကာလျှံကာ ပြောလိုက်ခြင်းသာ ဖြစ်ပါသော်ငြား မွန်းစတားဘုရင်သုံးပါးမှာတော့ ရန်ကိုင်၏စကားကို ကြာပြီးသည့်နောက် အလွန်ကိုမှ စိတ်လှုပ်ရှားလာကြတော့လေသည်။

“အင်း… ကျုပ်နောက်လိုက်ခဲ့ဦး…” ထိုသို့အမိန့်ပေးသည့်နောက် ရန်ကိုင်သည် အောက်ဘက်သို့ ဆင်းသွားလေ၏။ မကြာမီတွင် နန်မန်တကျွင်းနှင့် ပိရန်ယုချင်းတို့မှ စောင့်နေသော မြေကွက်လပ်ကြီးတစ်ခုဆိသို့ ရန်ကိုင်ရောက်လာခဲ့လေသည်။

ရန်ကိုင်ရောက်လာသည်ကို သတိထားမိသော် နန်မန်တကျွင်းက အလျင်စလို လာနှုတ်ဆက်လေ၏။ “မင်္ဂလာပါ နန်းတော်သခင်…”

“ကောင်လေး… နင် နောက်ဆုံးတော့ ပြန်လာပြီပေါ့…” ချီယွဲ့၊ ကွေ့ဇူ၊ ကုချန်းယွင်နှင့် အိုင်းအောင်တို့မှာလည်း ရန်ကိုင်အား နှုတ်ဆက်လိုက်ကြသည်။

ရန်ကိုင်က လက်သီးဆုပ်၍ တလေးတစားဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ ရန်ကိုင်၏ကျင့်ကြံခြင်း မည်မျှ မြင့်မားနေစေကာမူ ထိုလူများသည် အမြဲတစေ သူ၏စီနီယာများသာ ဖြစ်နေကြပေလိမ့်မည်။ အထူးသဖြင့် ချီယွဲ့နှင့် အိုင်းအောင်တို့ပင်။ ချီယွဲ့မှာ ရန်ကိုင်၏ ယောက္ခမဖြစ်ကာ အိုင်းအောင်မှာတော့ ရန်ကိုင်၏ ယောက္ခထီဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ထိုနှစ်ဦးအပေါ် ရန်ကိုင်အနေဖြင့် မည်ကဲ့သို့များ မလေးမစား လုပ်ဝံ့ပါမည်နည်း။

“ကောင်လေး.. မင်း ဒီတစ်လော ဘာတွေလျှောက်လုပ်နေတာလဲ… ငါကြားတာတော့ မင်း နဂါးမလေးတစ်ကောင်ကို အိမ်ခေါ်လာတယ်ဆို…” အိုင်းအောင်သည် ရန်ကိုင်အား သုန်သုန်မှုန်မှုန်အမူအယာဖြင့် ကြည့်ရင်းမှ ပြောလိုက်လေသည်။

(ဒီကောင်က တကယ်ကို မတော်မတရားလွန်လွန်းတာပဲကွ… သူ့မှာ မိန်းမလေးယောက်တောင်ရှိနေပြီကို နောက်ထပ်မိန်းမတွေ ထပ်ရှာနေရဲသေးတယ်… ဘာတဲ့… နောက်ထပ် ထပ်ယူတဲ့မိန်းမကလည်း နဂါးကလန်သားတဲ့…) အိုင်းအောင်မှာ နဂါးကလန်ရှေ့တွင် မာနတစ်ခွဲသားဖြင့် ပြုမူရဲလိမ့်မည်မဟုတ်ပါသော်ငြား ရန်ကိုင်ရှေ့တွင်တော့ ထိုသို့မဟုတ်ပေ။ (ဒီကောင့်ကျင့်ကြံခြင်း ဘယ်လောက်မြင့်မြင့် ဘယ်သူကဂရုစိုက်မှာလဲ… ငါ့သမီးကို ကောင်းကောင်းမွန်မွန် မဆက်ဆံလို့ကတော့ ငါ ဒီကောင့်ကို လုံးဝခွင့်မလွှတ်ဘူး…)

ထို့အပြင် ထိုနဂါးမလေးသည်သာ တစ်ဦးတည်းသောသူမဟုတ်။ ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးတစ်ဦးသည်လည်း ရန်ကိုင်နှင့် မရှင်းမလင်းဆက်ဆံရေး ရှိနေသည်ဟူသော ကောလဟာလများလည်း ရှိနေပေသေးသည်။ သူ့ခွန်အား ရန်ကိုင်ထက် နိမ့်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် အိုင်းအောင်မှာ ရန်ကိုင်အား သင်ခန်းစာကောင်းကောင်း ပေးပစ်လိုက်ပေပြီ။

“မတော်တဆဖြစ်သွားတာ… အဲ့ဒါ တကယ်ကို မတော်တဆဖြစ်သွားတာ…” ရန်ကိုင် ဇောချွေးပြန်သွားခဲ့လေသည်။ ရန်ကိုင်မှာ ကျုချင်းအကြောင်းကို စုယန်ကိုသာ ပြောပြခဲ့ပြီး စုယန်မှ ထိုအကြောင်းအား လော့အာနှင့် ရွှယ့်ယွယ်တို့အား ပြန်ပြောခဲ့သလားဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။ သို့သော်ငြား လော့အာနှင့် ရွှယ့်ယွယ်တို့နှစ်ဦးစလုံး ကျုချင်းနှင့်ပတ်သက်၍ ရန်ကိုင်အား တစ်ခါမှ လာမမေးခဲ့ဖူးပေ။

“မတော်တဆ ဟုတ်လား…” အိုင်းအောင်က ဒေါသတကြီးဖြင့် ပြန်ပြောလေသည်။ “မင်း ဟိုကောင်မလေးတွေကို ဘယ်လိုတောင် လုပ်ရက်တာလဲကွာ… သူတို့ ကြယ်စီရင်စုထဲမှာ ဘယ်လိုတွေ နေနေရလဲဆိုတာကိုတောင် သိသေးတာမဟုတ်ဘူး… အဲ့ဒါကိုတောင် ဒီမှာ အခြားမိန်းမတွေနဲ့ လျှောက်ပျော်ပါးနေတယ်… မင်းမှာ အဲ့လောက် အချိန်တွေ ရှိနေတယ်ဆိုရင် မိန်းမတွေ လိုက်ရှာမနေပဲနဲ့ ဟိုကိုသာ ဘယ်လိုပြန်ရမလဲ စဉ်းစားကွ… အခု မင်းစွမ်းရည်နဲ့ဆို အဲ့လိုလုပ်နိုင်လောက်ပြီမဟုတ်ဘူးလား…”

“ကျုပ်လည်း အခုပဲ အဲ့အကြောင်းကို ပြောတော့မလို့..” ရန်ကိုင်သည် အခွင့်အရေးရှာ၍ စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်လေသည်။

“အဲ့အကြောင်းကိုပြောဖို့…” ချီယွဲ့သည် ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။

“ဘယ်သူရောက်နေလဲ ကြည့်ကြည့်လိုက်…” ရန်ကိုင်က ပြုံး၍ သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ လူပေါင်းများစွာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြလေသည်။

စုယန်၊ ရှနင်းချန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့အားလုံး တစ်ပြိုင်တည်းပေါ်လာကြလေသည်။ ဗြုန်းစားကြီး ဆင့်ခေါ်ခံလိုက်ရသည့်အတွက်ကြောင့် မိန်းကလေးလေးဦးစလုံးမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိဘဲ ဇဝေဇဝါဖြစ်နေကြလေသည်။

ထိုမိန်းကလေးလေးဦးကိုကြည့်ရင်း နန်မန်တကျွင်းနှင့် ပိရန်ယုချင်းတို့နှစ်ဦးစလုံး အံ့ဩသွားခဲ့ကြလေသည်။ စုယန်နှင့် အခြားသူများ၏ ကျင့်ကြံခြင်းမှာ နန်မန်တကျွင်းတို့အတွက်မူ ဘာမျှမပြောပလောက်ပါသော်ငြား အမျိုးသမီးတစ်ဦးချင်းစီတိုင်းသည် အလွန်ကိုမှ ချောမောလှပကြသည်။ သာမန်လူများအဖို့ ဤကဲ့သို့သောအမျိုးသမီးတစ်ဦးကို ရလိုက်မည်ဆိုလျှင် အလွန်ကိုမှ ကံကောင်းနေပြီဖြစ်ပါသော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့သောအမျိုးသမီး လေးဦးစလုံးကို တစ်ပြိုင်တည်း သိမ်းပိုက်ထားနိုင်ခဲ့သည်။ ကြည့်ရသလောက် သူတို့၏နန်းတော်သခင်မှာ အချစ်ရေးနှင့်ပတ်သက်လာသော် အလွန်ကိုမှ ကံကောင်းသည့်ပုံပင်။

(ရန်ကိုင်ပဲဟာကို… ဒီလောက်တော့ရှိမှာပေါ့…)

ထိုအချိန်အတောအတွင်း မွန်းစတားဘုရင်သုံးပါး၏ အာရုံမှာတော့ အမျိုးသမီးနှစ်ဦးဆီသို့ ရောက်နေကြလေသည်။ စုယန်နှင့် ကျန်လူများမှာ အတော်လေးကိုမှ ချောမောလှပကြပါသော်ငြား မွန်းစတားမျိုးနွယ်စုဝင်များ၏ အမြင်တွင်တော့ ထိုသို့မဟုတ်ကြပေ။ လက်ရှိအချိန်တွင် မွန်းစတားမျိုးနွယ်စုဝင်များမှာ အမျိုးသမီးနှစ်ဦးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို အထူးတလည် ခံစားမိနေကြလေသည်။

အထူးသဖြင့် အေးစက်စက်မျက်နှာထားနှင့် အမျိုးသမီးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သူတို့ကိုပင်လျှင် ရိုကျိုးလေးစားလာအောင် လုပ်နေသလို မွန်းစတားဘုရင်သုံးပါးစလုံး ခံစားနေရလေသည်။ သူမ၏အရှိန်အဝါမှာ လွမ်ဖုန်းနှင့်တူပါသော်ငြား လွမ်ဖုန်းထက် ပို၍ကြီးကျယ်ခမ်းနားကာ အားကောင်းပေသည်။ ထိုနေရာတွင် ဤအတိုင်းရပ်နေသည့်တိုင် ထိုအမျိုးသမီးသည် သာမန်အမျိုးသမီးတစ်ဦးသာလျှင် မဟုတ်တော့ဘဲ သူတို့ပင်လျှင် မော်ကြည့်နေရသည့် တိမ်စိုက်တိမ်တိုက်များကို ထိုးဖောက်နေသော မိုးထိမတတ် မြင့်မားလွန်းလှသည့် တာဝါတိုင်ကြီးတစ်ခုပမာ။ ထိုအမျိုးသမီးနှင့် မတူညီစွာပင် အခြားသောစွဲမက်ဖွယ်ကောင်းလှသည့် အမျိုးသမီးမှာတော့ ထိုကဲ့သို့သော ခမ်းနားကြီးကျယ်လှသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားခြင်းမရှိ။ သို့ပင်ဖြစ်လင့်ကစား သူမ၏အရှိန်အဝါသည် သာမန်လူများ ပိုင်ဆိုင်နိုင်သည့် အရှိန်အဝါမျိုး မဟုတ်ပေ။

(နတ်သားရဲတွေလား…) မွန်းစတားဘုရင်သုံးပါးစလုံး တစ်ဦးကိုတစ်ဦး ထိတ်လန့်တကြားအမူအယာများဖြင့် ကြည့်လိုက်ကြလေသည်။ မွန်းစတားမျိုးနွယ်စုဝင်များ ဖြစ်ကြသည့်အလျောက် မွန်းစတားဘုရင်သုံးပါးသည် နတ်သားရဲများ၏ အရှိန်အဝါအပေါ် အလွန်ကိုမှ အာရုံခံစားလွယ်ပေသည်။ ထို့အတွက်ကြောင့် စုယန်နှင့် ရှန်ချင်းလော့တို့မှာ နတ်သားရဲများ၏ အမြုတေကို သယ်ဆောင်ထားကြသည့်လူများမှန်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြောနိုင်ခဲ့လေသည်။ လက်ရှိအချိန်တွင် ထိုအမျိုးသမီးနှစ်ဦးစလုံးမှာ အားနည်းနေကြပါသော်ငြား တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ ထိုအမျိုးသမီးနှစ်ဦးစလုံးသည် သူတို့အား ခွန်အားအရာတွင် ကျော်တက်သွားလိမ့်မည်မှန်း မွန်းစတားဘုရင်သုံးပါးစလုံး သိနေကြသည်။

“လော့အာလား…” ချီယွဲ့မှာ ရှန်ချင်းလော့ကိုကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေခဲ့လေသည်။ သူမရှေ့တွင် ရုတ်တရက်ပေါ်လာသည့် ရှန်ချင်းလော့ကိုကြည့်ရင်း ချီယွဲ့မှာ သူမမျက်လုံးသူမ မယုံနိုင်ဖြစ်နေခဲ့လေသည်။

အိုင်းအောင်မှာ ယခုလေးတင် ရန်ကိုင်အား ကြယ်စီရင်စုကြီးဆီသို့ မည်ကဲ့သို့ ပြန်သွားရမလဲဆိုသည်နှင့်ပတ်သက်၍ နည်းလမ်းရှာရန် ပြောနေခြင်း ဖြစ်လေသည်။ သို့သော်ငြား ရုတ်တရက်ဆိုသလို ရှန်ချင်းလော့သည် မျက်တောင်တစ်ခတ်အတွင်း သူမရှေ့၌ ဗြုန်းစားကြီး ပေါ်လာခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၀၉)

ဘာသာပြန်သူ_တိမ်တိုက်

သူမ နာမည် အော်ခေါ်သံကို ကြားလိုက်ရသည့်အခိုက် ရှန်ချင်း‌လော့ အံ့အားသင့်သွားခဲ့သည်။ အကြည့်ချင်း ဆုံသွားသည့်အခိုက် ရှန်ချင်း‌လော့ စိတ်လှုပ်ရှားစွာဖြင့် လှမ်းအော်လိုက်လေ၏။ "အမေ"

သူမနှင့် ပီလော့တို့ အလွန်ကိုမှ ထူးဆန်းသည့် ယဇ်ပလ္လင်တစ်ခုကို သုံး၍ ဟန်မင်းဆက်မှ ထွက်လာခဲ့စဉ်က မွန်းစတားဧကရာဇ်ကြယ်ဆီသို့ ရောက်ရှိသွားခဲ့ရသည်။ ထိုစဉ်က ချီယွဲ့ သူမတို့အား ရှာတွေ့ပြီး သူမအား မွေးစားသမီးအဖြစ် ခေါ်ယူ‌မွေးစားကာ စောင့်ရှောက်ပေးခဲ့သည့်အတွက်‌ကြောင့်သာ မဟုတ်ပါက သူမနှင့် ပီလော့တို့၏ ခွန်အားအရ ထိုစဉ်က ဒုက္ခလှလှ တွေ့ခဲ့ရပေမည်။

ထို့ကြောင့် ချီယွဲ့သည် သူမ၏ ကျေးဇူးရှင်သာလျှင် မဟုတ်။ သူမ၏ မွေးစားအမေလည်း ဖြစ်ပေသည်။

အိုင်းအောင် သည်လည်း ရွှယ့်ယွယ်အား စိုက်ကြည့်နေခဲ့လေ၏။ ရွှယ့်ယွယ်၏ မျက်လုံးလေးများမှာတော့ သူမ အဖေကို မြင်ပြီးသည့်နောက် တဖြည်းဖြည်း ရဲတက်လာခဲ့ပြီး လှမ်း၍ အော်ခေါ်လိုက်လေသည်။ "အဖေ"

အိုင်းအောင် သည် ကသောင်းကနင်း ဖြစ်နေသော စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ထားရင်းမှ ခေါင်းညိတ်၍..."ကောင်းတယ်၊ ကောင်းတယ်၊ နင်အဆင်ပြေနေတာ တကယ်ကောင်းတယ်" ထို့နောက် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင်အပေါ် မကျေနပ်ချက်များမှာလည်း နေလာ နှင်းပျောက်သည့်ပမာ အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့လေပြီ။ ရန်ကိုင်သည် ကြယ်စီရင်စုကြီးဆီသို့ ပြန်သွားပြီး သူ့သမီးအား ဤနေရာသို့ ခေါ်လာပေးခဲ့ပြီဖြစ်ရာ အိုင်းအောင် အနေဖြင့် ဘာများ ထပ်ပြောစရာ ရှိပါဦးမည်နည်း။

စုယန်နှင့် ရှနင်းချန်တို့မှာ ပြန်ဆုံစရာ မိသားစုဝင်များ မရှိကြပါသော်ငြား ကွေ့ဇူကို နှစ်ပေါင်းများစွာ မတွေ့ရသည့်အတွက်ကြောင့် ပြန်တွေ့သည့်အခိုက် သွားရောက် နှုတ်ဆက်လိုက်ကြလေသည်။ ကုချန်းယွင်မှာတော့ ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်ရင်းမှ ထိတ်လန့်အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။ "နန်းတော်သခင် အရင်ကြယ်စီရင်စုကြီးဆီ ပြန်သွားတာလား"

ချီယွဲ့နှင့် အိုင်းအောင် တို့မှာ ရန်ကိုင်အား 'ကောင်လေး' 'ကောင်စုတ်လေး'ဟု ခေါ်၍ရသလို နာမည်တပ်ခေါ်၍လည်း ရပါသော်ငြား ကုချန်းယွင်ကမူ ထိုကဲ့သို့ သွားမခေါ်ရဲပေ။ ထိုအတွက်ကြောင့် သတိထားပြီး ရန်ကိုင်အား နန်းတော်သခင်ဟုသာ ခေါ်ဝေါ်လိုက်လေသည်။

"အင်း၊ ကျုပ်အခုလေးတင် ပြန်ရောက်တာ" ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

"ဒါ ဒါဆို ဓားအဖွဲ့အစည်းကရော" ကုချန်းယွင်သည် ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။

"စိတ်မပူပါနဲ့ စီနီယာကု၊ ကျုပ် ရောင်းရင်းကုနဲ့ ဓားအဖွဲ့အစည်းက အခြားလူတွေကိုပါ တစ်ခါတည်း ခေါ်လာခဲ့လိုက်တယ်"

"ဒါဆို သူတို့ဘယ်မှာလဲ" ကုချန်းယွင်၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။

"လောမနေစမ်းပါနဲ့၊ မကြာခင် တွေ့ရမှာပေါ့" လောကဓာတ်လုံးထဲရှိ တစ်ခုသော နေရာတွင် လူပေါင်းသိန်းနှင့်ချီမက စုဝေးနေကြလေသည်။ ထိုအတွက်ကြောင့် ထိုလူအုပ်ကြီးထဲ ကုကျန်းရှင်နှင့် သူ၏ လူများကို ရှာဖို့ရာ ရန်ကိုင်အဖို့ အနည်းငယ် အခက်တွေ့ရပေသည်။ စုယန်နှင့် အခြားသူများကို အလွယ်တကူ ခေါ်ထုတ်နိုင်ခဲ့ခြင်းမှာ စုယန်နှင့် အခြားလူများမှာ ထိုလူအုပ်ကြီးရှိနေသည့် နေရာတွင် ရှိမနေသည့်အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။

"တကျွင်း တောင်နှင်းပင်ပုံရိပ်ကို ယူလာပေးစမ်း" ရန်ကိုင်က သူ့လက်ကို မြှောက်၍ ပြောလိုက်သည်။

ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်‌နေမှန်း တကျွင်း မသိပေ။ သို့သော် ဘာမျှ ပြန်မမေးနေခဲ့ဘဲ တောင်းနှင်ပင်ပုံရိပ်အား ထိန်းချုပ်သည့် ပစ္စည်းကို အလျင်စလို ထုတ်ယူ၍ ဖွင့်ပေးလိုက်လေသည်။ ချက်ချင်းဆိုသလို အထက်ကောင်းကင်နန်းတော်၏ မြေနေရာအနေအထား တစ်ခုလုံးကို အသေးစိတ် ပုံဖော်ထားသည့် ပုံရိပ်တစ်ခု ရန်ကိုင်ရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။ အမျိုးမျိုးသော တောင်များ၊ စမ်းချောင်းများ၊ မြစ်ချောင်းများ အကုန်လုံးကို ထိုပုံရိပ်ပေါ်တွင် အသေးစိတ် ဖော်ပြထားပေသည်။ ထိုအရာသည် နန်မန်တကျွင်းနှင့် ဟို့ယုတို့ အတူတကွ ပူးပေါင်းဖန်တီးထားသည့် အရာတစ်ခု ဖြစ်လေရာ ဤကဲ့သို့ အသေးစိတ်ကျကာ သေသပ်နေသည်မှာတော့ အဆန်းမဟုတ်ပေ။

ရန်ကိုင်သည် တောင်အချို့ကို ညွှန်ပြရင်းမှ မေးလိုက်လေသည်။ "အဲဒီမှာ လူတွေနေတယ်မလား"

ပိယန်ယုချင်းသည် ရန်ကိုင် ညွှန်ပြသည့် နေရာကို ကြည့်၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ အဲဒီမှာ ရွက်တစ်ထောင်ဂိုဏ်းက လူတွေနေနေကြတာ၊ သူတော်စင်ငါးပါးတောင်မှာတော့ ချီယွဲ့ နေနေတာ" ပိယန်ယုချင်း အထက်ကောင်းကင်နန်းတော်တွင် နေလာသည်မှာ ဆယ်နှစ်ကျော်မက ရှိနေပြီဖြစ်ရာ မည်သည့်နေရာတွင် မည်သူများ ရှိနေကြသလဲဆိုသည်ကို သိနေသည်မှာ အဆန်းတော့မဟုတ်ပေ။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "မကြာခင် လူတွေထပ်လာဦးမှာ၊ ဒီတော့ သူတို့ရောက်လာရင် သူတို့ကို ကူပြီးတော့ နေရာချပေးလိုက်ဦး"

"ဘယ်လောက်လာမှာလဲ" ပိယန်ယုချင်းက ပြန်မေးလိုက်သည်။

"တစ်သိန်းကျော်"

ရန်ကိုင် ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း သက်ပြင်းရှိုက်သွားကြလေသည်။ အထက်ကောင်းကင်နန်းတော်သည် အမြဲတမ်းဆိုသလို လူအရေအတွက် နည်းပါးသည့် အင်အားစုတစ်ခု ဖြစ်ပေသည်။ ထိုအပြင် အထက်ကောင်းကင်နန်းတော်အား စတင်တည်ထောင်ပြီးချိန်မှ စ၍ ရန်ကိုင်သည် မည်သည့် တပည့်သစ်ကိုမျှ စုဆောင်းမည့် အရိပ်အယောင် မပြခဲ့ပေ။ ယခု ရန်ကိုင်မှ နောက်ထပ် လူတစ်သိန်းကျော် ရောက်လာမည်ဟု ပြောလာသည့်အခါ အကုန်လုံး အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်လေသည်။

"အဲဒီလောက်များနေမယ်ဆိုရင်တော့ အကူအညီလိုလိမ့်မယ်" ပိယန်ယုချင်းက ပြောလိုက်သည်။

"ရတယ်၊ ရွက်တစ်ထောင်ဂိုဏ်းက လူတွေကို သွားအကူအညီတောင်းလိုက်" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "ငါ အခုပဲ အဲဒီလူတွေကို ခေါ်ထုတ်လိုက်တော့မယ်"

ပိယန်ယုချင်းလည်း သူမ၏ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူ၍ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းကာ လှမ်းအကူအညီ တောင်းတော့လေသည်။

ရန်ကိုင်သည် လောကဓာတ်လုံးကို အပြင်သို့ ထုတ်ယူလိုက်သည်။ အနက်ရောင် ဝဲကတော့ကြီးတစ်ခု ပေါ်လာခဲ့ပြီး ဖားလောင်းကဲ့သို့သော အရာကြီးတစ်ခု အားလုံး၏ မြင်ကွင်းထဲ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုအရာမှာ ဂန်းဂန်းသာ ဖြစ်လေ၏။

ဂန်းဂန်းဆီမှ ဖြာထွက်နေသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါသည် မွန်းစတားဘုရင်သုံးပါးကိုပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားစေခဲ့သည်။ ထိုအရာကြီး ဘာမှန်း သုံးဦးစလုံး မပြောနိုင်ကြ။ သုံးဦးစလုံး အံ့အားသင့်သွားရခြင်းမှာ ဂန်းဂန်း၏ ကြီးမားလှသော အရွယ်အစားကြောင့် မဟုတ်ဘဲ ၎င်းဆီမှ ဖြာထွက်နေသော အန္တရာယ်များလွန်းလှသည့် အရှိန်အဝါကြောင့်သာ ဖြစ်လေသည်။

မကြာမီ ဂန်းဂန်း၏ ဟထားသည့် ပါးစပ်ထဲမှ လူတစ်ဦး ပြေးထွက်လာခဲ့သည်။ ထိုလူသည် အပြင်သို့ ရောက်လာပြီးသည့်နောက် ဘေးပတ်ဝန်းကျင်အား ထိတ်လန့်တကြား အမူအရာဖြင့် ကြည့်လိုက်လေ၏။ ယခုပေါ်လာသည့် လူမှာတော့ မန်ဝူရမှလွဲ၍ အခြားမဟုတ်ပေ။ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်တို့သည် မန်ဟူရအား သူ့ကိုယ်သူ အိပ်မက်မက်နေသလားဟုပင် ထင်မှတ်နေစေခဲ့လေသည်။ အရိပ်ကြယ်ပေါ်ရှိ အထက်ကောင်းကင်ဂိုဏ်း ရှိနေသည့် နေရာသည် မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်းကြွယ်ဝသည့် နေရာတစ်ခုဖြစ်သည်။ သို့သော်ငြား ထိုနေရာသည်ပင်လျှင် လက်ရှိ သူရောက်နေသည့် နေရာနှင့် ယှဉ်လိုက်သော် အလွန်ကို ကွာခြားသွားတော့သည်။ ဤနေရာတွင်ဆိုလျှင် သူ ကျင့်စဉ်ကိုပင်လျှင် လှည့်ပတ်နေစရာမလိုဘဲ မိုးမြေစွမ်းအင်များသည် သူ့ကိုယ်ထဲသို့ အလိုလို စီးဝင်နေခဲ့လေသည်။

ထို့နောက်တွင် အခြားတစ်ဦး ဂန်းဂန်း၏ ပါးစပ်ထဲမှ ထပ်မံပြေးထွက်လာပြန်လေသည်။ ထို့နောက် တတိယမြောက်တစ်ယောက်၊ ထို့နောက် စတုတ္ထမြောက်တစ်ယောက် စသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတော့သည်။

အကုန်လုံး ငေးကြောင်ကြောင်ဖြင့် ရပ်နေကြသည်ကို မြင်သော် ရန်ကိုင်က လှမ်းအော်ပြောလိုက်လေ၏။ "ထွက်လာပြီးသွားရင် အဲဒီမှာပဲ ကြောင်ရပ်မနေကြနဲ့နော်၊ တော်ကြာ အနောက်ကလူတွေ ဆက်ထွက်လာလို့မရ ဖြစ်နေဦးမယ်"

ရန်ကိုင်၏ အသံကို ကြားသည့်အခါမှသာလျှင် ထိုလူများ ငေးကြောင်ကြောင်ဖြစ်နေရာမှ အသိပြန်ဝင်လာကြပြီး စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရန်ကိုင်သည် သူတို့အား ကြယ်တာရာအစုအဝေးဟု ခေါ်သော ပိုမိုအဆင့်မြင့်သည့် ကမ္ဘာတစ်ခုဆီသို့ ခေါ်သွားပေးမည်မှန်း အကုန်လုံး သိထားပြီးကြသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် ကြယ်တာရာအစုအဝေးဟုခေါ်သည့် နေရာဆီသို့ သူတို့အားလုံး လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနှင့် ရောက်ရှိလာသည့်ပုံပင်။ သို့သော်ငြား ကြယ်တာရာအစုအဝေးသည် ဤမျှ ကောင်းမွန်သည့် ကျင့်ကြံရေးပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ တကယ် မထင်ထားခဲ့ကြပေ။

ပုံမှန်အားဖြင့် ကြယ်တာရာအစုအဝေးထဲရှိ နေရာများသည် ယခု အထက်ကောင်းကင်နန်းတော်ကဲ့သို့ မဟုတ်ကြပေ။ ကြယ်တာရာအစုအဝေးသည် ကြယ်စီရင်စုများထက် ပိုမိုအဆင့်မြင့်သည့် နေရာတစ်ခု ဖြစ်နေမည်ဆိုလျှင်ပင် ကျင့်ကြံရေးပတ်ဝန်းကျင် ကွာခြားချက်မှာတော့ ထိုမျှ ကြီးမားမနေသင့်ပေ။ သို့သော် လက်ရှိ အထက်ကောင်းကင်နန်းတော် ရှိနေသည့် နေရာသည် ယခင်က ရမ္မက်လျှာဂိုဏ်း တည်ရှိခဲ့သည့် နေရာ ဖြစ်ပေသည်။ ရမ္မက်လျှာဂိုဏ်းသည် မြောက်ပိုင်းနယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်သည့်အလျောက် ၎င်းမှ ခြေကုပ်ယူထားသော ပိုင်နက်နယ်မြေသည် မည်ကဲ့သို့များ မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝခြင်း မရှိသည့် နေရာတစ်ခု ဖြစ်ရပါမည်နည်း။

ထိုသို့ဖြင့် ဂန်းဂန်း၏ ပါးစပ်ထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာခဲ့ကြရာ မကြာမီ မြေကွက်လပ်တစ်ခုလုံး လူများဖြင့် ပြည့်နှက်သွားတော့လေသည်။

မကြာမီ ရွက်တစ်ထောင်ဂိုဏ်းမှ လူများသည် ရီဟန်၏ ဦးဆောင်မှုနှင့် အတူ ရောက်ရှိလာကြသည်။ လူတော့ သိပ်မများလှ။ ရာဂဏန်းလောက်သာ ရှိကြလေ၏။ မြေကွက်လပ်ဆီသို့ ရောက်လာပြီးနောက် စုဝေးနေသည့် လူအုပ်ကြီးကို မြင်လိုက်သော် ရွက်တစ်ထောင်ဂိုဏ်းသားများ အံ့အားသင့်သွားကုန်ကြလေသည်။ အနည်းငယ် မေးစမ်းကြည့်ပြီးသည့်နောက် ထိုလူများသည် အဆင့်နိမ့်ကြယ်စီရင်စု တစ်ခုမှ ရန်ကိုင်ခေါ်လာသည့် လူများမှန်း သိသွားကြတော့လေ၏။

ကြယ်တာရာအစုအဝေး၏ ဒေသခံများ အမြင်တွင် အဆင့်နိမ့် ကြယ်စီရင်စုမှ ရောက်လာကြသူများသည် လက်ရွေးစင်များ ဖြစ်ကြပေသည်။ ထိုလူများသည်သာ စောစော မသေသွားသရွေ့ သူတို့အဖို့ ဧကရာဇ်အဆင့်သို့ ရောက်နိုင်ခြေ အလွန်ကိုမှ များပေသည်။ အဆင့်နိမ့်ကြယ်စီရင်စု၏ ပတ်ဝန်းကျင်သည် ကြယ်တာရာအစုအဝေးထက် နိမ့်ကျနေသည့်အတွက် ထိုလူများ၏ အလားအလာမှာ အကန့်အသတ်နှင့်သာ ရှိခဲ့ရခြင်း ဖြစ်လေရာ ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် သူတို့၏ ပုန်းကွယ်နေသော အလားအလာများ ပွင့်ထွက်လာသည်မှာ အဆန်းတော့ မဟုတ်ပေ။

ထိုအပြင် ကြယ်တာရာအစုအဝေး၌ အဆင့်နိမ့် ကြယ်စီရင်စုမှ တက်လာသော ကျင့်ကြံသူများ မရှိကြခြင်း မဟုတ်။ ရှိကြပေသည်။ သို့သော်ငြား ထိုလူများသည် ဟိုတစ်နေရာ ဒီတစ်နေရာ ပြန့်ကျဲနေကြခြင်း ဖြစ်လေရာ သူတို့ကဲ့သို့သော လူများအား တစ်နေရာတည်းတွင် အတူတကွတွေ့ရန်မှာ အလွန်ခဲယဉ်းလှပေသည်။

လက်ရှိအချိန်တွင်တော့ မြေကွက်လပ်ထဲ၌ ထောင်နှင့်ချီသော ကျင့်ကြံသူများ စုဝေးနေကုန်ကြလေသည်။ ထိုလူများသည် အဆုံးသတ် မဟုတ်သေးဘဲ ဂန်းဂန်း၏ ပါးစပ်ထဲမှ ပိုမိုများပြားသော လူများ ထပ်မံ ထွက်လာနေကြသေးသည်။ ထိုအပြင် လက်ရှိအချိန်၌ ထိုလူများသည် အားကောင်းကြသေးလိမ့်မည် မဟုတ်ပါသော်ငြား အချိန်အတန်အသင့်သာ ရသွားခဲ့မည်ဆိုလျှင် အထက်ကောင်းကင်နန်းတော်၏ အခြေခံအုတ်မြစ်များ ကျိန်းသေ ဖြစ်လာပေလိမ့်မည်။

ရန်ကိုင်မှာတော့ မည်သူနှင့်မျှ စကားပြောခြင်းမရှိ။ ပိယန်ယုချင်းနှင့်အတူ ဆွေးနွေးနေရင်း အသစ်ရောက်လာသည့် လူများအတွက် နေစရာထိုင်စရာ ရှာဖွေပေးနေရလေသည်။

ထိုသို့ဖြင့် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များသည် တစ်ဦးလျှင် လူတစ်ထောင်ကျ နှစ်ထောင်ကျ ဦးဆောင်လျက် နေရမည့် နေရာဆီသို့ အသီးသီး ခေါ်ဆောင်ပေးသွားကြလေသည်။

အသစ်ရောက်လာသည့် လူများအား နေစရာပြင်ဆင်ပေးဖို့ရာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့လေသည်။ ထိုအချိန်အတောအတွင်း ဟွာချင်းစီ တောင်ပိုင်းနယ်မြေမှ ပြန်ရောက်လာခဲ့လေ၏။ သူမ၏ အကူအညီကြောင့် အသစ်ရောက်လာသည့် လူများအား နေရာချပေးရသည်မှာ ယခင်ကထက် ပိုမို အဆင်ပြေ ချောမွေ့သွားခဲ့လေသည်။ လက်ရှိအခြေအနေအပေါ် ဟွာချင်းစီမှာ ဝမ်းလည်းဝမ်းသာမိသလို စိတ်လည်းညစ်မိလေသည်။ ရန်ကိုင်ကိုလည်း မကျေနပ်သည့် အကြည့်မျိုးဖြင့် မကြာမကြာ လှမ်းလှမ်းကြည့်လေ၏။

အထက်ကောင်းကင်နန်းတော်ကို စတင်တည်ထောင်ပြီးနောက်တွင် ရန်ကိုင်သည် ဟွာချင်းစီအား မန်နေဂျာမှူး ရာထူးကိုပေးခဲ့ပါသော်ငြား ဟွာချင်းစီမှာတော့ ဘာမျှလုပ်စရာ သိပ်မရှိခဲ့ပေ။ ထိုစဉ်က အထက်ကောင်းကင်နန်းတော်ထဲ၌ တပည့်များများစားစားမှ မရှိလေဘဲ။ အထက်ကောင်းကင်နန်းတော်၌ ရှိသည့် လူအများစုဆို၍ ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များသာ ရှိကြပေသည်။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်းတွင် ဦးဆောင်မည့် ရီယန် ရှိနေသည့်အတွက် ဟွာချင်းစီအဖို့ ဘာမျှ ဝင်ရှုပ်နေစရာ မလိုပေ။

ထိုအကြောင်းကြောင့်ပင်လျှင် လွန်ခဲ့သည့် နှစ်များအတွင်း ဟွာချင်းစီသည် အထက်ကောင်းကင်နန်းတော်၏ စီမံခန့်ခွဲရေးရာများနှင့် ပတ်သက်၍ ဘာမျှ သိပ်မလုပ်ရဘဲ ကျင့်ကြံရေးအရင်းအမြစ်များ ရအောင် မည်ကဲ့သို့ လုပ်ရမလဲဆိုသည်ကိုသာ စဉ်းစားနေခဲ့ရသည်။ ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ရာမှ အကျိုးအမြတ်များစွာ ရရှိနေခဲ့လေသည်။ သို့သော်ငြား တပည့်မရှိသည့် ဂိုဏ်းတစ်ခုအဖို့ ထိုမျှများပြားလှသော အကျိုးအမြတ်များကို ရှာဖွေနိုင်၍လည်း ဘာများ အကျိုးထူးပါမည်နည်း။ ထိုအကြောင်းကြောင့် ဟွာချင်းစီမှာ မန်နေဂျာမှူးတစ်ဦး ဖြစ်သည်ဟု ပြော၍ ရပါသော်ငြား အမည်ခံသက်သက်သာ ဖြစ်လေသည်။

သို့ရာတွင် ယခုမူ မတူတော့ချေ။ အထက်ကောင်းကင်နန်းတော်ထဲသို့ တပည့်ပေါင်း တစ်သိန်းကျော် ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ တစ်နည်းဆိုရသော် သူမအနေဖြင့် ထိုတပည့်များအတွက် နေစရာထိုင်စရာများနှင့် ကျင့်ကြံရေးအရင်းအမြစ်များကို စတင် ပြင်ဆင်ပေးရပေတော့မည်။ ဤလူထုကြီးတစ်ခုလုံးကို စီမံခန့်ခွဲရမည် ဖြစ်လေရာ ဟွာချင်းစီအနေဖြင့် အနည်းဆုံး နှစ်ဝက်ခန့်တော့ နားရလိမ့်မည် မဟုတ်ပေ။

ယခုမှသာ ဟွာချင်းစီ၏ မန်နေဂျာမှူးဟူသည့် ရာထူးဂုဏ်ပုဒ်မှာ အမှန်တကယ်ကို ထိုက်တန်သွားပြီဟု ပြော၍ ရလေသည်။ သို့သော် လက်ရှိ အလုပ်ဝန်သည် သူမအတွက်တော့ အတော်လေးကိုမှ ဝန်ပိစရာကောင်းနေခဲ့လေသည်။

ကံကောင်းစွာဖြင့် သူမ၏ ပြဿနာများကို ကူညီဖြေရှင်းပေးမည့် ပိယန်ယုချင်း ရှိနေခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက ဤဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံးကို သူမတစ်ဦးတည်းသာ ခါးစည်းခံရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား တစ်သိန်းကျော်သော လူအုပ်ကြီး၏ ဝေယျာဝစ္စအဝဝကို သူမနှင့် ပိယန်ယုချင်းတို့ နှစ်ဦးတည်းဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ရာမှာ အတော်လေး ဝန်ပိနေသေးပေသည်။ ထိုအကြောင်းကြောင့် ဟွာချင်းစီအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်သော အစီအစဉ်တစ်ခုကို စတင်စဉ်းစားရန် လိုအပ်လာလေပြီ။

လောကဓာတ်လုံးထဲမှ နောက်ဆုံးထွက်လာသည့် အသုတ်မှာတော့ မွန်းစတားဧကရာဇ်ကြယ်မှ မွန်းစတားမျိုးနွယ်စုဝင်များသာ ဖြစ်ကြလေသည်။ ထိုလူများသည် မွန်းစတားဧကရာဇ်ကြယ်၏ လက်ရွေးစင်များဖြစ်ကြပြီး စုစုပေါင်း အယောက် သုံးထောင်နီးပါးခန့် ရှိပေသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသည့်လူမှာတော့ ယူရှုန်းသာ ဖြစ်လေသည်။

ရန်ကိုင်သည် မွန်းစတားဘုရင်သုံးပါးကို လှမ်းအချက်ပြလိုက်လေသည်။ "ဒီလူတွေကိုတော့ ခင်ဗျားတို့သုံးယောက်ပဲ စီစဉ်ပေးလိုက်ကြပေတော့"

မွန်းစတားမျိုးနွယ်စုဝင်များ၏ ကျင့်ကြံပုံသည် လူသားများ၏ ကျင့်ကြံပုံနှင့် ကွာခြားပေသည်။ ထိုအကြောင်းကြောင့် မွန်းစတားမျိုးနွယ်စုဝင်များကို မွန်းစတားဘုရင်သုံးပါးမှ သင်ကြားပြသပေးလျှင် ပိုအဆင်ပြေပေလိမ့်မည်။ ရန်ကိုင်၏ စကားကို ကြားသော် ယင်ဖေး၊ ရှီလဲ့နှင့် ရှဲ့ဝေတို့ အပြုံးကြီး ပြုံးသွားကြသည်။ သုံးဦးသား၏ အကြည့်သည် ထောင်နှင့်ချီသော မွန်းစတားမျိုးနွယ်စုဝင်များကို စီမံတွက်ချက်နေသည့် အကြည့်မျိုးဖြင့် ဝေ့ကြည့်သွားခဲ့ရာ မွန်းစတားမျိုးနွယ်စုဝင်များ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြလေသည်။

ဤနေရာသို့ ရောက်နေသော မွန်းစတားမျိုးနွယ်စုဝင်များမှာ မွန်းစတားဧကရာဇ်၏ လက်ရွေးစင်များဖြစ်ကြကာ အဆုံးမဲ့သားရဲတောင်တန်းနှင့် တိုက်ပွဲတွင် အသက်ရှင်ကျန်ရစ်ခဲ့ကြသည့် ပါရမီရှင်များ ဖြစ်ကြပေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုလူများသည် မွန်းစတားဘုရင်သုံးပါးဆီမှ ဖြာထွက်လာနေသည့် အရှိန်အဝါနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ကလေးသူငယ်များပမာ ဖြစ်ကုန်ကြလေသည်။ မွန်းစတားဘုရင်များ မည်မျှအားကောင်းကြသလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ကြ။ သို့သော်ငြား ထိုမွန်းစတားဘုရင် သုံးပါးစလုံးသည် သူတို့အား လက်ဖျောက်တစ်ချက်နှင့် သတ်ပစ်နိုင်သည်ကိုတော့ အကုန်လုံး သိနေကြပေသည်။

"နောက်ဆုံးတော့ ငါတို့မှာလည်း လုပ်စရာတစ်ခုခု ရှိလာပြီ" ရှီလဲ့က အကျယ်ကြီး အော်ရယ်မောလိုက်သည်။

ဟွာချင်းစီကဲ့သို့ပင် မွန်းစတားဘုရင်သုံးပါးမှာ အထက်ကောင်းကင်နန်းတော်ထဲသို့ ရောက်လာပြီးနောက် လုပ်စရာကိုင်စရာမရှိ ဖြစ်နေခြင်း ဖြစ်လေသည်။ သူတို့အဖို့ လုပ်စရာရှိသည်ဆို၍ ဟို့ယုနှင့် တူတူပုန်းတမ်းကစားရုံသာ ရှိပေသည်။ သို့သော်ငြား ထွက်ပြေးရန် ကြိုးစားလိုက်တိုင်း အမြဲတမ်း ပြန်လည်ဖမ်းဆီးခံရပြီးနောက်တွင်တော့ ဟို့ယုမှာလည်း ထွက်ပြေးချင်စိတ် မရှိတော့ဘဲ အထက်ကောင်းကင်နန်းတော်အတွက်သာ မှော်ရတနာများကို တစိုက်မတ်မတ် သွန်းလုပ်ပေးတော့လေသည်။

အခြားတစ်နည်းဖြင့် ပြောရသော် ဟို့ယုမှာ အထက်ကောင်းကင်နန်းတော်ထဲရှိ အရင်းအမြစ်များကို ဖြုန်းတီးခြင်းဖြင့် ရန်ကိုင် စိတ်ဓာတ်ကျအောင်လုပ်ကာ သူမအား ပြန်လွှတ်ပေးလာအောင် လုပ်လိုခြင်း ဖြစ်ပေသည်။ သို့သော် ဧကရာဇ်အဆင့် ပန်းပဲပညာရှင်ဟူသော ဂုဏ်ပုဒ်ကိုလည်း မထိခိုက်စေလိုသည့်အတွက် ဟို့ယုမှာ သွန်းလုပ်သည့် မှော်ရတနာတိုင်းကို သေသေချာချာ အာရုံအပြည့်စိုက်ထားခဲ့လေရာ သူမ သွန်းလုပ်လိုက်သည့် မှော်ရတနာတိုင်းမှာ ထိပ်တန်းအဆင့်ချည်း ဖြစ်နေခဲ့ကြလေသည်။ လက်ရှိအချိန်တွင် အထက်ကောင်းကင်နန်းတော်၏ ရတနာဂိုဒေါင်ထဲ၌ မရေမတွက်နိုင်သော အဆင့်အမျိုးမျိုး ရှိကြသည့် မှော်ရတနာများ ပုံထပ်နေကြလေသည်။ ရန်ကိုင်သည် ထိုမှော်ရတနာများကို ကောင်းကောင်းအသုံးချရန် ဤမျှ များပြားလှသော လူများအား ခေါ်လာလိမ့်မည်မှန်း ကြိုသိခဲ့ပါလျှင် ဟို့ယုအနေဖြင့် ထိုမျှကောင်းမွန်လှသော မှော်ရတနာများကို မဖန်တီးခဲ့ပေ။

လိုက်ဖမ်းစရာ ဟို့ယု မရှိတော့သည့်အတွက် မွန်းစတားဘုရင်သုံးပါးအဖို့ အတော်လေး ပျင်းရိစရာ ကောင်းလာတော့လေသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ ရန်ကိုင်သည် သူတို့အား ထောင်နှင့်ချီသော မွန်းစတားမျိုးနွယ်စုဝင်များကို လေ့ကျင့်သင်ကြားပေးရန်ဟူသည့် တာဝန်ကို ပေးအပ်လာခဲ့လေသည်။ ယခုကဲ့သို့ လုပ်စရာတစ်ခုခု ရှိလိုက်ခြင်းသည် ဘာဆိုဘာမျှလုပ်စရာမရှိဘဲ ဤအတိုင်း နေနေရသည်နှင့်စာလျှင် အများကြီး ပိုကောင်းပေသေးသည်။

"ကောင်လေးတွေ၊ ငါ့နောက်လိုက်ခဲ့" ရှီလဲ့သည် သူ့လက်ကိုဝှေ့ယမ်း၍ အော်ပြောလိုက်ပြီးသည့်နောက် အရှေ့မှ ဦးဆောင်ကာ အထက်ကောင်းကင်နန်းတော်ထဲ၌ ရှိနေသော တောင်တစ်လုံးဆီသို့ ဦးတည်ပျံသန်းသွားလေ၏။

ထောင်နှင့်ချီသော မွန်းစတားမျိုးနွယ်စုဝင်များမှာ ငေးကြောင်ကြောင် အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေကြလေသည်။ ထိုအချင်းအရာကို မြင်လိုက်သော ချီယွဲ့လည်း စိတ်မရှည်နိုင်တော့ဘဲ လှမ်းအော်ပြောလိုက်လေ၏။ "နင်တို့ ဘာတွေ ကြောင်ကြည့်နေကြတာလဲ၊ မြန်မြန် လိုက်သွားကြလေ"

ထိုအခါမှသာ မွန်းစတားမျိုးနွယ်စုဝင်များမှာ ချီယွဲ့အား သတိထားမိသွားခဲ့ကြလေသည်။ ချီယွဲ့အား ဤနေရာတွင် ပြန်တွေ့လိုက်ရသည့်အပေါ် သူတို့စိတ်ထဲ ဝမ်းသာမိသလို အံ့လည်း အံ့အားသင့်မိရသည်။ ကြယ်စီရင်စုကြီးထဲမှ ထွက်လာသည့် လူငါးရာအနက် ချီယွဲ့သည်သာ တစ်ဦးတည်းသော မွန်းစတားမျိုးနွယ်စုဝင် ဖြစ်နေခြင်း ဖြစ်လေသည်။ လက်ရှိ ချီယွဲ့၏ ခွန်အားမှာ ရှီလဲ့နှင့် အခြားသော မွန်းစတားဘုရင်နှစ်ပါးကို မယှဉ်နိုင်ပါသော်ငြား သူမ၏ အမိန့်သည် မွန်းစတားမျိုးနွယ်စုဝင်များအပေါ် အတန်အသင့် သက်ရောက်မှု ရှိပေသေးသည်။ ထို့ကြောင့် ချီယွဲ့မှ ထအော်လိုက်သည်နှင့်တစ်ပြိုင်နက် မွန်းစတားမျိုးနွယ်စုဝင်များ အားလုံး ရှီလဲ့နောက်သို့ နာခံစွာဖြင့် လိုက်သွားကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၂၁၀)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်အဖို့ ဤသိန်းနှင့်ချီသော လူအုပ်ကြီးအတွက် နေစရာ ထိုင်စရာများ ပြင်ဆင်ပေးရန် လဝက်ခန့် အချိန်ယူလိုက်ရလေသည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်မှာ ဟိုမှသည်သို့ ကူးကလန်ခတ် ပြေးလွှားနေခဲ့ရလေရာ ဟွာချင်းစီနှင့် ပိယန်ယုချင်းတို့၏ အကူအညီသာမပါလျှင် အလုပ်ဝန်ပိကာ အသက်ထွက်နေလောက်ပေပြီ။

မူလက ဗလာကျင်းနေသော ထက်ကောင်းကင်နန်းတော်၏ ရာနှင့်ချီသော တောင်များမှာတော့ ယခုအချိန်ဆိုလျှင် လူပေါင်းများစွာဖြင့် ပြည့်နေကုန်ကြလေသည်။ တောင်လေးများမှာ လူပေါင်းရာနှင့်ချီခန့် ဝင်ဆံ့ပြီး တောင်အကြီးများမှာတော့ လူပေါင်းသုံးထောင်လောက်အထိ ဆံ့ပေသည်။ လူတစ်သိန်းကျော်မက ထိုတောင်များတွင် ဖြန့်ကျက်ကာ နေရာယူထားကြသည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်သည် အလွန်ကိုမှ သက်ဝင်စည်ကားလာသည့် နေရာတစ်ခုအသွင်သို့ ရုတ်ချည်း ပြောင်းလဲသွားလေ၏။

လူပေါင်းများစွာ ရောက်ရှိလာသည့်အတွက်ကြောင့် ထိုလူအုပ်ကြီးအား လူတစ်ဦးတည်းမှ ကိုင်တွယ်ဖို့ရာ ခက်ခဲလှပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တောင်တစ်လုံးစီလျှင် တောင်သခင်တစ်ပါးကို ရွေးချယ်သင့်သည်ဟု ဟွာချင်းစီမှ အကြံပေးခဲ့သည်။ ထိုရာနှင့်ချီသော တောင်သခင်များသည် သူမ၏ အမိန့်ကို တိုက်ရိုက်နာခံရပြီး ထိုတောင်အသီးသီးတွင် နေထိုင်နေကြသည့် တပည့်များမှာတော့ သက်ဆိုင်ရာ တောင်သခင်၏ အမိန့်ကို နာခံကြရပေလိမ့်မည်။ ထိုနည်းနှင့်သာဆိုလျှင် အသစ်ရောက်ရှိလာသော သိန်းနှင့်ချီသော တပည့်များကို ကြီးကြပ်ကွပ်ကဲဖို့ရာ ပိုမိုလွယ်ကူသွားခဲ့ပေပြီ။ ဟွာချင်းစီအဖို့လည်း ယခင်ကလောက် အလုပ်ရှုပ်ရတော့လိမ့်မည် မဟုတ်။

ချီယွဲ့၊ အိုင်းအောင်၊ ကုချန်းယွင်နှင့် ကွေ့ဇူတို့မှာ တောင်တစ်လုံးချင်းစီကို ကြီးကြပ်ကွပ်ကဲနိုင်ကြပေသည်။ ထိုအပြင် သူတို့ ကြီးကြပ်ကွပ်ကဲကြသည့် တောင်များမှာလည်း အဓိကတောင်များသာ ဖြစ်ကြသည်။ လက်ရှိအချိန်တွင် ချီယွဲ့တို့၏ ကျင့်ကြံခြင်းမှာ ဧကရာဇ်အဆင့်သို့ မရောက်သေးပါသော်ငြား လေးဦးစလုံးသည် တာအိုသခင် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြလေပြီ။ သူတို့ လေးဦးစလုံးသည် ကြယ်စီရင်စုမှ ရောက်လာသော ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းကြလေရာ သူတို့အဖို့ ထိုလူများကို ကြီးကြပ်ကွပ်ကဲဖို့ရာ မည်သည့် ပြဿနာမျှ မရှိကြပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ချီယွဲ့တို့ လေးဦးစလုံးသည် သူတို့ အတန်ကြာအောင် နေထိုင်လာခဲ့သော သူတော်စင်ငါးပါးတောင်ကို စွန့်ခွာ၍ သက်ဆိုင်ရာ တောင်အသီးသီးဆီသို့ ပြောင်းသွားကုန်ကြလေသည်။

ကုချန်းယွင်သည် ယခင်က ဓားအဖွဲ့အစည်း၏ အဖွဲ့အစည်းခေါင်းဆောင် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ဓားအဖွဲ့အစည်းမှ ခေါ်လာသည့် လက်ရွေးစင်အားလုံးကို ကုချန်းယွင် လက်အောက်ထဲသို့ ထည့်ပေးလိုက်လေသည်။ လက်ရှိအချိန်တွင် ဓားအဖွဲ့အစည်းမှ တပည့်အားလုံးမှာ ကုချန်းယွင်၏ စီမံကွပ်ကဲမှုအောက်သို့ ရောက်သွားခဲ့လေပြီ။ ထိုတပည့်များသည် သူတို့အား စီမံအုပ်ချုပ်မည့်လူမှာ ကုချန်းယွင်ဖြစ်သည့်အပေါ် စိတ်ကွက်ကြလိမ့်မည် မဟုတ်ဟု ရန်ကိုင် ထင်ပေသည်။ ဓားအဖွဲ့အစည်းမှ လူများ နည်းပါးနေမည်ဆိုလျှင်တော့ အခြားသောလူများဖြင့် အစားထိုး၍ ထပ်ဖြည့်ရပေလိမ့်မည်။

အိုင်းအောင်ကိုမူ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့စည်းမှ ကျင့်ကြံသူများအား စီမံကွပ်ကဲခိုင်းပြီး ကွေ့ဇူနှင့် ချီယွဲ့တို့ကိုမူ မူလက ထက်ကောင်းကင်ဂိုဏ်း၏ လူအချို့ကို စီမံခိုင်းခဲ့လေသည်။ မွန်းစတားဧကရာဇ်ကြယ်မှ ခေါ်လာသော မွန်းစတားမျိုးနွယ်စုဝင် သုံးထောင်စလုံးမှာ မွန်းစတားဘုရင်သုံးပါး လက်အောက်သို့ ရောက်သွားသည့်အတွက်ကြောင့် ချီယွဲ့မှာတော့ ဘာမျှလုပ်စရာမရှိ ဖြစ်နေသည့်အတွက်ကြောင့်ပင်လျှင် သူမအား ယခုကဲ့သို့ တာဝန်မျိုးကို ပေးလိုက်ခြင်းဖြစ်လေသည်။

ရီရှီယွင်၊ ကြယ်ဧကရာဇ်ဂိုဏ်း၏ အကြီးအကဲများ၊ ချူယွိမန်နှင့် နတ်ဆိုးအိုကြီးတို့ကိုမူ သူတို့ နေထိုင်ရာ သက်ဆိုင်ရာ တောင်အသီးသီး၏ တောင်သခင်များအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုနည်းလမ်းအားဖြင့် ထက်ကောင်းကင်နန်းတော် တစ်ခုလုံးမှာ ချက်ချင်းဆိုသလို အစီအစဉ်တကျ ဖြစ်သွားခဲ့ကာ စီမံကွပ်ကဲဖို့ရာလည်း ယခင်ကထက် ပိုမိုလွယ်ကူသွားတော့သည်။

ရန်ကိုင်သည် တောင်အသီးသီး၏ အခြေအနေကို မန်နေဂျာမှူးနှစ်ဦးဖြစ်သော ဟွာချင်းစီ ပိယန်ယုချင်းတို့နှင့် အတူ လိုက်လံစစ်ဆေးကြည့်ခဲ့လေသည်။ အကုန်လုံး အစီအစဉ်တကျဖြစ်ပြီမှန်း အတည်ပြုပြီးသည့်နောက်မှသာလျှင် ရန်ကိုင်လည်း အနားယူနိုင်တော့သည်။ သို့ပင်လျှင် ရန်ကိုင်မှာ နားရက်များအတွင်း ဘာမျှမလုပ်ဘဲ မနေနိုင်ခဲ့ပေ။ ထိုနားရက်များဆိုသည်မှာ ယခင်ကလောက် အလုပ်မများတော့သည့် ရက်များသာ ဖြစ်ကြခြင်းဖြစ်လေသည်။

လူပေါင်းများစွာ ရုတ်တရက် ရောက်ရှိလာသည့်အတွက်ကြောင့် မြောက်များလှစွာသော ကျင့်ကြံရေးအရင်းအမြစ်များနှင့် ကျင့်ကြံဖို့ရာအတွက် ကျင့်စဉ်များ သိုင်းပညာရပ်များကို လိုအပ်လာလေပြီ။

ကြယ်တာရာအစုအဝေးသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် ကြယ်စီရင်စုမှ သူတို့သင်ယူလာခဲ့ကြသော သိုင်းပညာရပ်များ ကျင့်စဉ်များမှာ အသုံးမဝင်ကြတော့ပေ။ ထိုအတွက်ကြောင့် ပိုမိုအားကောင်းသည့် ကျင့်စဉ်များ သိုင်းပညာရပ်များကို အစားထိုး ကျင့်ကြံကြရတော့ပေမည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့် နောက်ပိုင်း မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ဖြတ်ပစ်ခဲ့သလို ရမ္မက်ရှာဂိုဏ်းကဲ့သို့သော ထိပ်တန်းဂိုဏ်းကြီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင် လက်ဝယ်၌ အမျိုးမျိုးသော သိုင်းပညာရပ်များ ကျင့်စဉ်များ ရှိနေကြလေသည်။

ထိုအပြင် ဟွာချင်းစီသည် ယခုကဲ့သို့ ဖြစ်လာမည်ဟု ကြိုတင်ခန့်မှန်း၍ အဓိကတောင်တစ်လုံးပေါ်၌ မရေမတွက်နိုင်သော ကျင့်စဉ်များ သိုင်းပညာရပ်များကို သိုလှောင်သိမ်းဆည်းထားသည့် သိုင်းကျမ်းစာ တစ်ခုကိုလည်း ဆောက်လုပ်ထားခဲ့လေသည်။ ထိုသိုင်းကျမ်းစာအတွင်းတွင် ရှိနေသည့် သိုင်းပညာရပ်များကို တောင်သခင်များအားလုံး လွတ်လွတ်လပ်လပ် လေ့လာခွင့်ရကြပေသည်။ ထိုအကြောင်းကြောင့် သိုင်းပညာရပ်များ ကျင့်စဉ်များနှင့် ပတ်သက်သည့် ကိစ္စမှာ ယာယီပြေလည်သွားပြီဟု ပြော၍ ရကာ ယခုဆိုလျှင် ကျင့်ကြံရေးအရင်းအမြစ်များနှင့် ပတ်သက်သည့် ပြဿနာတစ်ရပ်သာ ကျန်ရစ်တော့ပေသည်။

အဆင့်နိမ့်ကြယ်စီရင်စုများတွင် ရှိစဉ်က ကျင့်ကြံသူများသည် သူတော်စင်သလင်းကျောက်များကိုသာ အဓိကအားကိုး၍ ကျင့်ကြံခဲ့ကြသည်။ ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသော ကျင့်ကြံသူများမှာမူ အရင်းအမြစ်ကျောက်များကို အဓိကအားကိုးကာ ကျင့်ကြံကြလေသည်။ ထိုသလင်းကျောက်နှစ်မျိုးသည် လုံးဝကို မတူကွဲပြားသည့် သလင်းကျောက်နှစ်မျိုး ဖြစ်ကြသည်။ ကံကောင်းစွာဖြင့် ထက်ကောင်းကင်နန်းတော်ထဲ၌ အရင်းအမြစ်ကျောက်များစွာ ရှိနေကြလေသည်။ မကြာသေးခင်ကမှ ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးထဲရှိ နတ်အရှင်သုံးပါးဆီမှ မြောက်များလှစွာသော အရင်းအမြစ်ကျောက်များကို ရရှိခဲ့သလို ဟွာချင်းစီသည်လည်း ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့်အတူ ပူးပေါင်းရောင်းဝယ်ရာမှ အရင်းအမြစ်ကျောက်များစွာကို ရရှိခဲ့လေသည်။ အရောင်းအဝယ်လုပ်ရာမှ ရရှိလာသော အရင်းအမြစ်ကျောက်များနှင့် နတ်အရှင်သုံးပါးဆီမှ ရရှိလာခဲ့ကြသော အရင်းအမြစ်ကျောက်များကို ပေါင်းလိုက်သော် ရန်ကိုင်တို့အဖို့ နောက်နှစ် ငါးဆယ်အတွင်း တပည့်များအတွက် ကျင့်ကြံဖို့ရာ အရင်းအမြစ်ကျောက်များ မရှိမည်ကို စိတ်ပူစရာလိုတော့လိမ့်မည် မဟုတ်ပေ။

ထိုအပြင် ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် အရောင်းအဝယ်မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်နေမည်ဖြစ်လေရာ နှစ်ငါးဆယ် ကြာသွားပြီးသည့် နောက်တွင်ပင်လျှင် ထက်ကောင်းကင်နန်းတော်၌ ပိုလျှံသည့် အရင်းအမြစ်ကျောက်များ ရှိနေပေလိမ့်မည်။ ထိုအတွက်ကြောင့် အရင်းအမြစ်ကျောက်များနှင့် ပတ်သက်သည့် ကိစ္စကို စိတ်ပူစရာမလိုတော့။ စိတ်ပူစရာကိစ္စမှာ ဆေးလုံးအထောက်အပံ့သာ ဖြစ်လေသည်။

ရန်ကိုင် ခေါ်လာသည့် ကျင့်ကြံသူများထဲ တန်ခိုးရှင်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူပေါင်းများစွာ ရှိကြသည်။ ထိုအပြင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်လာမည့် ကျင့်ကြံသူများမှာ အချိန်နှင့်အမျှ ပိုမိုများပြားလာပေလိမ့်မည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအရေအတွက် တိုးလာသည့်ကိစ္စမှာတော့ ပြဿနာမရှိ။ ကြယ်တာရာအစုအဝေးထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် သာမန်ကျင့်ကြံသူများသာလျှင် မဟုတ်ကြပေလော။ သို့သော်ငြား တာအိုသခင်အဆင့်သို့ ချိုးဖျက်ဖို့ရာဆိုလျှင်တော့ အလွန်ကိုမှ များပြားလှသော ဆေးလုံးများကို လိုအပ်ပေလိမ့်မည်။ အကြောင်းမှာ ကျင့်ကြံသူတစ်ဦးအဖို့ တာအိုသခင်အဆင့်သို့ ချိုးဖျက်ရန်အတွက် သူတို့၏ သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲရန် လိုအပ်ပေသည်။ ထိုသို့ပြောင်းလဲနိုင်ရန်အတွက် များစွာသော အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးများကို လိုအပ်သည်။

ရန်ကိုင် ကိုယ်တိုင်သည်လည်း သူ၏ သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲရန်အတွက် အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးများစွာကို အသုံးပြုခဲ့ရသည်။ ချီယွဲ့ ကွေ့ဇူနှင့် အခြားသောသူများအတွက်လည်း အတူတူပင်။ အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးများ၏ အကူအညီသာ မရှိလျှင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအဖို့ သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ အပြည့်အဝပြောင်းလဲရန်အတွက် အနည်းဆုံး ဆယ်နှစ် နှစ်နှစ်ဆယ်ခန့် အချိန်ယူရနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ လုပ်နိုင်သည့် လူများသည် အတော်လေးမြန်နေပြီဟု ပြော၍ ရပေသည်။ နှေးသည့် လူများဆိုလျှင်တော့ နှစ်ပေါင်းရာနှင့်ချီကာ အချိန်ယူကြရသည်။

အကျိုးဆက်အနေဖြင့် ထက်ကောင်းကင်နန်းတော်သည် နောက်နှစ်ရာဂဏန်းအတွင်း မြောက်များလှစွာသော အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးများကို လိုအပ်ပေလိမ့်မည်။ ဂိုဏ်းထဲတွင် ရှိနေသော ဆေးပညာရှင်များကို အားကိုးရုံဖြင့် လိုအပ်နေသည့် ပမာဏကို အလျင်မီအောင် ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ပေ။ ရန်ကိုင်အနေဖြင့် ထက်ကောင်းကင်နန်းတော်ထဲရှိ တပည့်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုသော် ပြင်ပမှလည်း ထပ်ဝယ်ယူရန် လိုအပ်ပေသည်။

ထိုအကြောင်းကြောင့် ရန်ကိုင်မှာ တောင်ဘက်နယ်မြေမှ ပြန်လာသည်မှာ မကြာသေးသော ဟွာချင်းစီအား တောင်ဘက်နယ်မြေသို့ နောက်တစ်ကြိမ် ထပ်သွားရန် ပြောရတော့လေသည်။ ဟွာချင်းစီသည်လည်း ရန်ကိုင်နှင့် အတူပါလာသော မွန်းစတားသားရဲအမြုတေများစွာကို ရယူ၍ အရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံးများနှင့် လဲလှယ်ရန်အလို့ငှာ ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းဆီသို့ နောက်တစ်ကြိမ် ထပ်မံထွက်ခွာလာခဲ့သည်။

လက်ရှိလိုအပ်နေသည့် ပမာဏကို အလျင်မီအောင် ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ ရန်ကိုင်သည် သူ့တွင် ရှိနေသော မွန်းစတားအမြုတေများအနက် သောင်းဂဏန်းကျော်လောက်ကို တစ်ချီတည်း ထုတ်ပေးလိုက်လေသည်။

တစ်လလုံးလုံး မရပ်မနား အလုပ်လုပ်နေပြီးသည့်နောက်မှသာလျှင် ရန်ကိုင် သက်ပြင်းချနိုင်တော့သည်။ ယနေ့တွင်တော့ ရန်ကိုင်သည် ရှနင်းချန်ကို ခေါ်၍ တောင်တစ်လုံးဆီသို့ ထွက်လာခဲ့လေသည်။ ထိုတောင်သည် ထက်ကောင်းကင်နန်းတော်၏ အဓိကတောင်များအနက် တစ်လုံးအပါအဝင် ဖြစ်လေသည်။ ဤနေရာရှိ ရှုခင်းများမှာ အခြားသောတောင်များထက် ပို၍ လှပပေ၏။ ထိုအပြင် တောင်ပေါ်ရှိ မိုးမြေစွမ်းအင်မှာလည်း အလွန်ကိုမှ သိပ်သည်းကြွယ်ဝလှပေသည်။

အခြားသော သက်ဝင်စည်ကားလှသည့် တောင်များနှင့် ယှဉ်လိုက်သော် ဤတောင်မှာ အတော်လေးကိုမှ ကွဲပြားသည်ဟု ပြော၍ရသည်။ တောင်၏ အရွယ်အစားမှာ အလွန်ကိုမှ ကြီးမားနေသည့်တိုင် အခြားသောတောင်များကဲ့သို့ ဆူညံပွက်လောရိုက်နေခြင်းမရှိဘဲ အလွန်ကိုမှ ငြိမ်းချမ်းတိတ်ဆိတ်နေခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာတော့ အခြားကြောင့် မဟုတ်။ ဤတောင်သည် ထက်ကောင်းကင်နန်းတော်၏ ဆေးလုံးတောင်ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ဆေးလုံးတောင်ကဲ့သို့သော တောင်မျိုး ထက်ကောင်းကင်နန်းတော်ထဲ နောက်ထပ်နှစ်တောင် ရှိနေပေသေးသည်။ ထိုတောင်များမှာတော့ စိတ်ဝိညာဉ်အစီအရင်တောင်နှင့် ပန်းပဲတောင်တို့သာ ဖြစ်ကြသည်။ ထိုတောင်များ၏ သက်ဆိုင်ရာတောင်သခင်များမှာမူ နန်မင်တာ့ကျွင်းနှင့် ဟိုယုတို့ ဖြစ်ကြပေသည်။ တကယ့်တကယ်ပြောရသော် နန်မင်တာ့ကျွင်းနှင့် ဟိုယုတို့မှာ တောင်သခင်များ မဖြစ်လိုကြပေ။ ရန်ကိုင်မှ အတင်းအကျပ် ခန့်ထားခြင်းသာ ဖြစ်လေသည်။

ဆေးလုံးတောင်တွင်မူ ပန်းပဲတောင်နှင့် စိတ်ဝိညာဉ်အစီအရင်တောင်ကဲ့သို့ တောင်သခင် ရှိမနေသေးပေ။ ဤနေရာသည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်သော ကျိယင် နေနေသည့် နေရာ ဖြစ်ပါသော်ငြား ကျိယင်သည် ထက်ကောင်းကင်နန်းတော်၏ အစိတ်အပိုင်းတစ်ခု မဟုတ်။ ကျိယင်မှာ မဟာဆေးဧကရာဇ်၏ ငါးယောက်မြောက် တပည့်ဖြစ်သည်။ ရန်ကိုင်နှင့် ဆေးပညာပြိုင်ပွဲတွင် အလောင်းအစား ရှုံးသွားသည့်အတွက်ကြောင့်သာလျှင် ထက်ကောင်းကင်နန်းတော်၌ နေ၍ ရန်ကိုင်အတွက် ဆေးလုံးများ ဖော်စပ်ပေးနေခြင်းဖြစ်လေသည်။ တစ်နည်းဆိုရသော် ကျိယင်သည် ထက်ကောင်းကင်နန်းတော်၏ အကြီးအကဲတစ်ဦးဖြစ်သည်ဟု ပြော၍ ရ၏။

သို့ပင်ဖြစ်လင့်ကစား ပြောရဆိုရ လက်ပေါက်ကပ်သည့် လူစားမျိုးတော့ မဟုတ်။ ကျိာင်မှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသာလျှင် မဟုတ်။ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ပါးလည်းဖြစ်သည်။ ထိုအပြင် မဟာဆေးဧကရာဇ်၏ အမွေခံတပည့်တစ်ဦးလည်း ဖြစ်သည်။ ထိုဂုဏ်ပုဒ် သုံးပုဒ်စလုံးသည် ပိုင်ဆိုင်ထားသည့် မည်သူ့ကိုမဆို ကြယ်တာရာအစုအဝေးထဲ ခေါင်းမော့ရင်ကော့ကာ သွားအောင် လုပ်ပေးနိုင်သည့် ဂုဏ်ပုဒ်များ ဖြစ်ကြသည်။ သို့သော်ငြား ထိုဂုဏ်ပုဒ်သုံးခုစလုံးကို လူတစ်ဦးတည်းမှ ပိုင်ဆိုင်ထားသည့်အခါတွင်တော့ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသွားတော့လေ၏။

ကျိယင်သည်သာ ပြောထားသည့်အတိုင်း မလုပ်ပေးခဲ့လျှင် ရန်ကိုင်အနေဖြင့် ကျိယင်အား ဘာမျှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအပြင် ကျိယင်အား သွားသတ်၍လည်း မရ။ ကျိယင်ကိုသာ သတ်လိုက်မည်ဆိုလျှင် မဟာဆေးဧကရာဇ်ကို ရန်စမိသလို ဖြစ်သွားပေလိမ့်မည်။ မဟာဧကရာဇ်တစ်ပါး၏ အမျက်ဒေါသသည် လက်ရှိ ရန်ကိုင်၏ စွမ်းအားဖြင့် ခုခံနိုင်သည့် အရာမျိုးမဟုတ်ပေ။ သို့ပင်ဖြစ်လင့်ကစား ကျိယင်မှာတော့ ကတိမဖျက်ခဲ့ဘဲ ပြောထားသည့်အတိုင်း ထက်ကောင်းကင်နန်းတော်၌ နေ၍ ရန်ကိုင်အတွက် ဆေးလုံးများကို ဖော်စပ်ပေးနေခဲ့သည်။ ကျိယင် ဖော်စပ်ပေးခဲ့သည့် ဆေးလုံးများမှာ အဆင့်မြင့်ရုံသာလျှင် မဟုတ်ဘဲ အရည်အသွေးမှာလည်း အပြစ်ပြောစရာ မရှိပေ။

ကျိယင်တွင် သူ့အားကူညီပေးရန်အတွက် ခေါ်လာခဲ့သော တပည့်များလည်း ရှိနေကြပေသည်။ ထိုအကြောင်းကြောင့် ဆေးလုံးတောင်ထွတ်တွင် ကျိယင်နှင့် သူ့တပည့်များ၏ ဝေယျာဝစ္စကိစ္စများကို လုပ်ပေးရန်အတွက် တာဝန်ကျထားသည့် လူအချို့မှလွဲ၍ ကျိယင်နှင့် သူ့တပည့်များသာ နေနေကြသည်ဟု ပြော၍ ရသည်။

ရန်ကိုင်နှင့် ရှနင်းချန်မှာ တောင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်လာခဲ့ပြီး မကြာမီ တောင်ထိပ်ဆီသို့ ရောက်လာခဲ့လေသည်။ တောင်ပေါ်ရှိ ခန်းမပေါက်ဝတွင်တော့ အသက်နှစ်ဆယ် အရွယ်လောက်ရှိမည့် လူတစ်ဦး ရပ်စောင့်နေခဲ့လေသည်။ ရန်ကိုင် ရောက်လာသည်ကို မြင်သည့်အခါ ထိုလူက ဦးညွှတ်၍ ပြောလိုက်လေသည်။ "နန်းတော်သခင်ရန်၊ ဆရာက နန်းတော်သခင်ရန် ရောက်လာမှာကို စောင့်နေပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပေးပါ"

ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူ ဤနေရာသို့ ရောက်လာကတည်းက ကျိယင် သူရောက်နေသည်ကို သတိထားမိလိုက်ပြီမှန်း ရန်ကိုင် သိပေသည်။

ထိုတပည့်နောက်သို့ လိုက်လာ၍ ခန်းမထဲသို့ ဝင်လာပြီးသည့်နောက်တွင် ကျိယင် ပေါ်လာခဲ့ပြီး ရန်ကိုင်အား လာရောက်နှုတ်ဆက်လေ၏။ "ရောင်းရင်းရန်၊ မတွေ့ရတာတောင် ကြာသွားပြီနော်"

ရန်ကိုင်နှင့် ကျိယင်တို့ မတွေ့ရသည်မှာ ဆယ်နှစ်မက ရှိသွားခဲ့လေပြီ။ ထိုအပြင် ကျိယင်မှ ရန်ကိုင်အပေါ် ဤမျှ ဖော်ရွေနေရခြင်းမှာ ရန်ကိုင်နှင့် ဆေးပြိုင်ပွဲတွင် ရှုံးနိမ့်သွားခဲ့ရသည့်အတွက်ကြောင့်သာလျှင် မဟုတ်ဘဲ ကုန်းစွန်းမူကြောင့်လည်း ပါပေသည်။ ရန်ကိုင်ကြောင့်သာလျှင် မဟာဆေးဧကရာဇ်၏ တတိယတပည့်ဖြစ်သော ကုန်းစွန်းမူမှာ ဆေးလုံးတောင်ကြားဆီသို့ ပြန်သွားနိုင်ခဲ့ခြင်းဖြစ်လေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ကျိယင်မှ ရန်ကိုင်အပေါ် အမှန်တကယ်ကို ကျေးဇူးတင်မိပေသည်။

"ရောင်းရင်းကျိ" ရန်ကိုင်က ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။

ကျိယငိသည် ရန်ကိုင်၏ လက်ကို ဆွဲ၍ ပြောလိုက်လေသည်။ "ရောင်းရင်းရန်၊ မင်းလာတာအချိန်ကိုက်ပဲကွ၊ ငါ ဆေးပညာရပ်တစ်ခုကို စမ်းနေတာ၊ အဆင်တော့ပြေနေပြီဆိုပေမဲ့ မင်းအထင်လေးကိုလည်း မေးချင်သေးလို့"

ကျိယင်သည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်သည့်အလျောက် ဤလောကကြီးတွင် သူနှင့် ဆေးပညာအကြောင်းကို ဆွေးနွေးပြောဆိုနိုင်သည့် လူအနည်းငယ်သာ ရှိကြပေသည်။ ကျိယင်၌ စီနီယာအစ်ကိုများနှင့် စီနီယာအစ်မတစ်ယောက် ရှိပါသော်ငြား သူတို့အားလုံးကို ဆရာတစ်ပါးတည်းမှ သင်ကြားပြသပေးထားသည့်အတွက်ကြောင့် သူ့စီနီယာအစ်ကို စီနီယာအစ်မနှင့် အတူတကွဆွေးနွေးမည်ဆိုလျှင် ကျိယင် ရရှိနိုင်သည့် အကျိုးအမြတ်မှာ အကန့်အသတ်နှင့် ရှိပေလိမ့်မည်။

သို့ရာတွင် ရန်ကိုင်ကမူ ထိုကဲ့သို့ မဟုတ်ပေ။ ရန်ကိုင်အား မည်သူမှ ဆေးပညာကို သင်ပေးခဲ့သလဲဆိုသည်ကို ကျိယင် မသိပါသော်ငြား ရန်ကိုင်၏ ဆေးစွမ်းရည်မှာ သူ့အောက် နိမ့်ကျခြင်းမရှိမှန်းတော့ ကျိယင် သိပေသည်။ ထိုအပြင် ရန်ကိုင်သည် ကိုယ်ပိုင်နည်းလမ်းကို ပိုင်ဆိုင်ထားသော ဆေးပညာရှင်တစ်ဦးလည်း ဖြစ်၏။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့်သာ အတူတကွ ဆွေးနွေးတိုင်ပင်မည်ဆိုလျှင် ကျိယင်အတွက် အကျိုးရစရာ အများကြီးပင်။

"ဟင်" ရန်ကိုင် ဆွံ့အသွားတော့လေသည်။ [ဆေးပညာရှင်တွေက တကယ်ကို ဆေးအကြောင်းပဲ စိတ်ဝင်စားကြတာပါလား၊ ငါကတော့ အခြားရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာတာ၊ သူကတော့ ငါ့ကိုမြင်တာနဲ့ ဆေးအကြောင်းပြောဖို့ချည်းပဲ]

သူ တောင်းဆိုမည့် အကြောင်းအရာကို စဉ်းစားမိလိုက်သော် ကြည့်ရင် သူ့အပေါ် အကြွေးနည်းနည်းတင်သွားအောင် လုပ်နိုင်လျှင် ပိုကောင်းလိမ့်မည်ဟု ရန်ကိုင် တွေးမိလိုက်လေသည်။ ထိုအကြောင်းကြောင့် သူ့ကိုယ်သူ နှိမ့်ချ၍ ပြန်ပြောလိုက်လေသည်။ "ငါ့အထင်ကိုပဲ မေးချင်တာဆိုရင်တော့ ကိစ္စမရှိပါဘူး ရောင်းရင်းကျိ"

ဆေးပြိုင်ပွဲတွင် ရန်ကိုင်မှ ကျိယင်အား အနိုင်ယူနိုင်ခဲ့ခြင်းမှာ ကံကောင်းသွားသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူ့ဆေးစွမ်းရည်သည် ကျိယင်ထက် ပိုကောင်းသည်ဟု ရန်ကိုင် မထင်။ ရှင်းရှင်းပြောရလျှင် ဆေးစွမ်းရည်နှင့် ပတ်သက်လာသော် ကျိယင်မှာ သူ့ထက်ပင် ပိုသာသည်ဟု ရန်ကိုင် ခံစားနေရဆဲပင်။

ကျိယင်သည် သည်းလှိုက်အူလှို ရယ်မောလျက်... "ရောင်းရင်းရန်၊ နှိမ့်ချလွန်းနေပြီ၊ ဆရာတောင် မင်းကို ချီးကျူးထားတာ၊ ဒါပေမဲ့ ဆိုးတာက"

"ဘာဆိုးတာလဲ" ရန်ကိုင် ကြောင်သွားခဲ့လေသည်။ [မဟာဆေးဧကရာဇ်က ငါနဲ့ပတ်သက်ပြီး မကောင်းတဲ့ဟာတစ်ခုခုကို ပြောထားတာလား]

"ဆိုးတာက မင်း ဆေးတာအိုတစ်ခုတည်းကို တစိုက်မတ်မတ် မလေ့လာနိုင်တာပဲ"

ထိုစကားကိုကြားသော် ရန်ကိုင်က ပြုံးဖြီးလျက်... "ဒီလောကကြီးမှာ တာအိုဆိုတာ ထောင်နဲ့ချီပြီးတော့ ရှိတာလေ၊ ငါက အဲဒီတာအိုတွေထဲက တစ်ခုကို ရွေးလိုက်ရုံပဲ၊ ဒီတော့ ရွေးထားတဲ့တာအိုကိုပဲ ဆုံးအောင်ဆက်လျှောက်ရမှာပေါ့"

ကျိယင်က ခေါင်းတညိတ်ညိတ်လုပ်လျက် ပြန်ပြောလိုက်သည်။ "အဲဒါလည်း ဟုတ်တာပဲ"

ထို့နောက် ကျိယင်မှာ ဆက်၍ အချိန်မဖြုန်းတော့ဘဲ ရန်ကိုင်အား သူ့ဆေးဖော်စပ်သည့် အခန်းဆီသို့ ခေါ်သွားလေသည်။ ထို့နောက် အမျိုးမျိုးသော ဆေးပင်များကို ထုတ်၍ စတင်ဖော်စပ်တော့သည်။ ရှနင်းချန်သည်လည်း ရန်ကိုင်တို့ အနောက်သို့ လိုက်လာခဲ့သည်။

ဤအမျိုးသမီး မည်သူဖြစ်သလဲဆိုသည်ကို သူ မသိပါသော်ငြား လက်ရှိအခြေအနေကို ကြည့်ကြည့်ရသလောက် ဤအမျိုးသမီးမှာ ရန်ကိုင်နှင့် နီးစပ်သည့် လူတစ်ဦးဖြစ်မည်မှန်း ခန့်မှန်းမိထားသည့်အလျောက် ကျိယင်မှာ ထိုအမျိုးသမီးအား မတားခဲ့ပေ။ ထို့အပြင် သူ၏ဆေးစွမ်းရည်အသစ်မှာ ဤအတိုင်းကြည့်ရုံဖြင့် တတ်နိုင်သည့် ပညာရပ်မျိုးလည်း မဟုတ်။

All Chapters